မေ ၃၀
ဘ၀မှာ အလွဲများနှင့် မကြာခဏကြုံလေ့ရှိသောကျွန်တော်သည် စာရေးစားပွဲရှေ့ထိုင်ပြီး စာရေးတော့မည်ဆိုပါမှ နောက်ထပ်အလွဲတစ်ခုနှင့် ကြုံရပြန်ပါသည်။
“ဇေယျတုသာသနာတော်၂၄၉၆၊ ကလိယုတ် ၅၀၅ခု၊ သက္ကရာဇ် ၁၃၁၄ ဒီယျ ၁၄ နှစ်ကြွင်း ဝေါဟာရမာသ နယုန်လ္ဆန်း ၇ရက်၊ ခရစ်တော် ၁၉၅၂ ခု၊ ဇွန်လ ၃၀၊ သောကြာနေ့ ညနေ မန္တလေး ဥဒယ စံတော်ချိန်စက် ၅နာရီ ၃၀မိနစ် မြန်မာဗဟိုရ် ၃ချက်တီးကျော်အချိန် ၅နာရီ၊ ၂၉ဗီဇနာ၊ ၅၀ခရာ ..... တွင် သားရတနာ မောင်သိန်းဇော် ဖွားသည်။ အာယု ၁၂၀ ရှည်စေသော်” ဟူသည့် ဇာတာတော်ပုံအလွဲတော်ကြီးကြောင်း နှစ်၁၀၀ ပြက္ဒဒိန် ပြေးလှန်ရ ဘာရ အလုပ်ရှုပ်သွားသည်။
သည်ဇာတာကို ကိုယ်တိုင်ဖွဲ့ပေးခဲ့သူက ကျွန်တော်၏ချစ်စွာသော ယောက္ခမဟောင်းကြီးဖြစ်သည်။ သူ့ကိုယ်သူ အလွန်စေ့စပ်သေချာသူဟု အမြဲထင်နေတတ်သော အငြိမ်းစားတပ်မတော်အရာရှိကြီး၏အလွဲကို ထောက်ပြခွင့် မကြုံလိုက်ရလေခြင်းဟု တွေးကာ ပြုံးမိသေး၏။ ထိုသမိုင်း၀င်ဇာတာလေးကတော့ အ၀တ်ဗီရိုတစ်လုံး၏အံဆွဲထဲမှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့သည်။ ကျွန်တော်တို့မိသားစုက ဗေဒင် ယတြာ ကိစ္စမျိုး ယုံကြည်သူများမဟုတ်သဖြင့် ဘယ်ဗေဒင်ဆရာပြဖို့မျှ အံဆွဲထဲကနေ မထုတ်ခဲ့ချေ။ သည်နေ့မှ ကျွန်တော်ရေးမည့် စာတစ်ပုဒ်ထဲ ထည့်ရေးစရာ ပါလိုပါငြား ထုတ်ကြည့်ရင်း ကျွန်တော့်မွေးလ အမှားကြီး ရေးထားသည်ကို တွေ့ရလေသည်။
ကျွန်တော် မောင်သိန်းဇော်၏မွေးနှစ်၊ မွေးလ၊ မွေးရက် အမှန်က ၁၉၅၂၊ မေ ၃၀ ဖြစ်သည်။ ဇာတာထဲမှာတော့ ၁၉၅၂၊ ဇွန် ၃၀ ဖြစ်နေသည်။ မြန်မာသက္ကရာဇ် ၁၃၁၄၊ နယုန်လဆန်း ၇ရက်၊ သောကြာနေ့က ၁၉၅၂၊ မေ ၃၀ နှင့်သာထပ်တူကျသည်။
ထိုအ၀တ်ဗီရိုထဲမှာပင် လက်ကိုင်အိတ်တစ်လုံးထဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အရေးကြီး စာရွက်စာတမ်းများရှိသည်။ မီးရေးထင်းရေး အရေးပေါ်အခြေအနေမှာ တစ်ပါးတည်း ယူဆောင်သွားနိုင်ရမည့် အိတ်တစ်လုံးဖြစ်သည်။ ထိုအိတ်ထဲရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုနှင့် စာရွက်စာတမ်းများတွင်လည်း တလွဲကြီး ရေးသွင်းထားမှုများရှိသည်။ နိုင်ငံသားစိစစ်ရေးကတ်၊ ကျွန်တော့်ကျောင်းထွက်လက်မှတ်၊ မင်္ဂလာဆောင်ဖိတ်စာ၊ ကွာရှင်းစာချုပ်၊ တိုက်ခန်း၀ယ်စာချုပ်၊ မိဘနှစ်ပါး၏ နာရေးကြော်ငြာ စသည်တို့မှာ အဘအမည်ကို ဦးသိန်းတန်ဟုလည်းကောင်း၊ မိဘနှစ်ပါးအမည်ကို ဦးသိန်းတန်+ဒေါ်တင်တင်ငြိမ်းဟုလည်းကောင်း ဖော်ပြထားသည်။ တကယ်တော့ ဦးသိန်းတန်+ဒေါ်တင်တင်ငြိမ်းမှာ ကျွန်တော်၏ ဘဘကြီးနှင့် ကြီးကြီးသာ ဖြစ်သည်။ ကျွန်တော့်မိဘနှစ်ပါးအမည်မှန်က ဦးအေးမောင်+ဒေါ်တင်မေ ဖြစ်သည်။
ကျွန်တော့်အမေ ဒေါ်တင်မေက ကျွန်တော့်ကို ၁၉၅၂၊ မေ ၃၀ ရက်တွင် မန္တလေးမြို့၊ စိန်ပန်းဥပုသ်တော်ရပ်၌ မွေးဖွားခဲ့သည်။ ကျွန်တော့်ကို အမေ မွေးသည့်အချိန်မှာ အမေ၏အစ်မ တစ်ဝမ်းကွဲဖြစ်သူ ကျွန်တော့်ကို မွေးစားမည့် ဒေါ်တင်တင်ငြိမ်းလည်း အနားမှာရှိသည်ဟု သိရပါသည်။
ထိုနေ့က မိုးလေ၀သအခြေအနေမှာ သည်သို့ဖြစ်သည်။
“မေလ ၃၀ ရက်နေ့ ည ၇နာရီ ၁၅ မိနစ် အချိန် တိုင်းထွာချက်အရ မေလ ၃၁ ရက်နေ့ ညနေအထိ တိုင်းထွာချက်မှာ တနသာင်္ရီတိုင်းနှင့် ဆက်လျက်ရှိသော မြစ်၀ကျွန်းပေါ် မြေလတ်ပိုင်းတို့တွင် မိုးစိပ်စိပ်ရွာမည်။ ကျန်ဒေသများတွင် နေရာအနှံ့အပြား၌ ဆက်လက်ရွာဦးမည်။ တခါတရံ မိုးကြီးမည်။ တောင်ဘက်မှလည်းကောင်း၊ အနောက်ဘက်မှလည်းကောင်း ၁နာရီလျှင် ၂၅ မိုင်နှုန်းဖြင့် အတော်ပြင်းသော လေ ကျရောက်နိုင်သည် ဆိုကြောင်း”
ဖော်ပြပါသတင်းကတော့ ကျွန်တော်တို့၏မိတ်ဆွေကြီး ဒေါက်တာထွန်းလွင်နှင့် သက်ဆိုင်ခြင်း မရှိနိုင်သေးပေ။
ကျွန်တော် မွေးဖွားသည့်နေ့က မိုးဖွဲဖွဲကျနေလေမလား၊ သို့မဟုတ် မိုးရွာခါနီး ပူအိုက်မွန်းကျပ်မှုများကြောင့် အမေ အနေရခက်နေလေမလား။ ကျွန်တော်သည် အသက် ၇၀ နား နီးလာပါမှ မွေးမိခင်အပေါ် စာနာသနားစိတ်များ ဖြစ်ပေါ်လာရသည်။ အမေက သမီးဦးလေးကို မွေးပြီးကာမှ ပထမဆုံးရသည့်သား။ သားယောက်ျားလေးဟု သိရချိန်မှာ အမေ ဘယ်လောက်၀မ်းသာလေမလဲ။ မီးနေခန်း၀မှာ ရှိကောင်းရှိနိုင်သည့် အဖေကရော မြန်မာရုပ်ရှင်ကားထဲက ဖခင်များနှယ် အိုဗာတွေ လုပ်ပြခဲ့သေးလေသလား။
သည်သမီးလေးကို စောင့်ရှောက်ခဲ့ပါလို့ မှာခဲ့သည့် ညီမလေးဖြစ်သူ၏စကားကြောင့် အမေ၏ကြီးတော်လည်း အမေ့အနီးမှာ ရှိလိမ့်မည်ထင်သည်။
အခုနေ ပြန်တွေးတော့ ၀မ်းနည်းကြေကွဲရတာတွေ များလွန်းလှတာပါကလား။ အမေ့ရင်ခွင်မှာ နေခဲ့ရသည့်ရက်က အတော်လေး ပါးလျားလှပါဘိ။ အမေ၏အစ်မ၀မ်းကွဲဖြစ်သူက ကျွန်တော်အခါလည်သားလောက်မှာပင် အမေ့ရင်ခွင်ထဲကနေ ဆွဲထုတ်သွားခဲ့သည်။ ကိုယ့်၀မ်းနှင့် လွယ်မွေးခဲ့ရသော သားဖြစ်သူကို နေ့စဉ်မြင်တွေ့နေရသည့်တိုင်အောင် ချီပိုးပွေ့ဖက်ကာ သားလို့ ခေါ်ခွင့်မပေးခဲသော မွေးစားမိဘနှစ်ပါး၏ တလွဲမေတ္တာအောက်မှာ အမေနှင့်သား ဘဝခြားခဲ့ရသည်။
ထိုအချိန်ကတော့ မိဘနှစ်ပါးက သားရတနာလေးအပေါ် အတိဇာသသားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြပါလိမ့်မည်။ ဘ၀ကန္တာရကြီးကို ဖြတ်သန်းလာခဲ့အပြီး ကိုယ့်ကိုယ်ကိုယ် ကုလားအုတ်လည်ပြန်ကြည့်မိသောအခါ ဘယ်လိုမှ မိဘထက် ဂုဏ်ကျေးဇူးအလွန်မြတ်သည့် သားတစ်ယောက် ဖြစ်မလာခဲ့။ မွေးစားမိခင်နှင့်အတူတကွ ရှာဖွေပေါများခဲ့သော တိုက်၊ ခြံ၊ အိမ်မြေ အားလုံး နောက်အိမ်ထောင်ကို ပုံပေးခဲ့သည့် မွေးစားဖခင် ပြောဆိုသကဲ့သို့ “ရတာနာ” သည့် “သား”တစ်ယောက်သာဖြစ်ခဲ့ပါလိမ့်မည်။
သည်သို့ဖြင့်ပင် ကုလားအုတ်ကြီးက ၁၉၅၂၊ မေ ၃၀ ရက်ဆီ လည်ပြန်ကြည့်သည်။ အချိန်ရထားက နောက်ပြန်ပြေးလွှားနေသည်။
မန္တလေးမြူနီစီပယ်ရုံးတွင် ကော်မတီလူကြီးများ အစည်းအဝေးတစ်ရပ်ပြုလုပ်နေသည်။ သဘာပတိအဖြစ် ဥက္ကဋ္ဌ ဦးကြင်က ဆောင်ရွက်ပြီး၊ ဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုရာ မြူနီစီပယ်လမ်းပေါ်ရှိ ရွှေ့ပြောင်းနိုင်သောပစ္စည်းများထားရှိခြင်းအတွက် အခွန်တော်ငွေစည်းကြပ်ရန် ရာပြတ်၀န် ဦးဘဇင်အား မော်တော်ကားစရိတ်ငွေ တစ်လလျှင် ၁၀၀ိ ချပေးလိုက်သည်။ ရာပြတ်စာရေးအလုပ်မှ နုတ်ဖယ်၍ ပစ်လိုက်သော ကိုညီပုနေရာတွင် ခန့်ထားခဲ့သည့် မောင်လှမောင်မှာ ငွေ ၅ိ လာဘ်စားမှု အရေးယူခံရသူဖြစ်သည်ဟု သိရှိရလျှင် သိရှိရခြင်း ရာထူးမှ ထုံးစံအရ ခေတ္တချထားရန်၊ ရံပုံငွေစာရင်းစစ်၏ ကန့်ကွက်ဖြေကြားချက်ကို လက်ခံအတည်ပြုရန်နှင့် ကံထရိုက်မစ္စတာရှရာဇီအား တပ်ရိုက်ထားသည့် ဒဏ်ငွေ ၆၅၃ိ၊ ၆ ပဲကို ပြန်၍ထုတ်ပေးရန် ဆုံးဖြတ်ကြကြောင်း သိရသည်။
မေ ၃၀ ရက် နံနက် ကျွန်တော်မမွေးဖွားမီအချိန် အတောအတွင်း မန္တလေးဘူတာမှ မေမြို့သို့ ထွက်ခွာသွားသော အဆန် ၁၀၅ လူစီးရထားမှာ မြို့ဟောင်းဘူတာနှင့် ထုံးဘိုဘူတာအကြား မိုင်တိုင်နံပတ် ၃၉၁-၁၆-၁၇ ရှိ တံတားနံပတ် ၃၁ တွင် သူပုန်များက ဗုံးမြှုပ်ထားသည်ကို သိရှိသဖြင့် မန္တလေးသို့လှည့်ပြန်ရလျက် အစုန်နံပတ် ၁၀၆ ရထားသည်လည်း ဆည်တော်ဘူတာမှ မေမြို့သို့ ပြန်လှည့်သွားရသည်။ အထူးမီးရထား စေလွှတ်လျက် ဘီအီးတပ်မှသွားဖော်၍ယူပစ်ရသည်။ မန္တလေးအနီးတဝိုက်မှာပင် လုံခြုံရေး စိတ်မချရသည့်ကာလ။
သီပေါအပိုင် ပြောင်ခေါင်းဒိုင်နယ် မိုင်းတင်ရွာရှိ အသက်(၇၀) အရွယ် အိုမင်းမစွမ်းရှိပြီဖြစ်သော နိုင်းမောင်ရီခေါ် အဘွားကြီးတစ်ယောက်ကတော့ မိမိ နှစ်ပေါင်း(၄၀)တိတိ လုပ်ကိုင်လာခဲ့သော လယ်ကို နယ်ပိုင်က သိမ်းပိုက်ပြီး အခြားသူတစ်ဦးကို လွှဲပြောင်းပေးသည့်အတွက် ဆိုင်ရာသို့ တိုင်တန်းရန် သီပေါကွန်ဂရက်အဖွဲ့ရုံးသို့ ရောက်ရှိလာသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၅နှစ်က လယ်သိမ်းယာသိမ်းသတင်းက သည်နေ့အထိ ခေတ်မီဆဲ။
မေ ၃၀ ရက် နေ့ ၁၂နာရီ အချိန်က မန္တလေးမြို့လုံခြုံရေးကောင်စီ ကော်မတီလူကြီးများ အစည်းအဝေးတစ်ရပ်ကို အရေးပိုင်ရုံးခန်းတွင် ပြုလုပ်ကျင်းပရာ မြို့နယ် စစ်နယ်တပ်ရေးမှ အရာရှိတစ်ဦး၊ စစ်ရဲတပ်မှ ဗိုလ်မှုးခင်ဦး၊ ပါလီမန်အမတ် ဦးလှဖေ၊ ဖဆပလအတွင်းရေးမှူး ဦးမောင်ကို၊ ရဲဗိုလ်မှူး ဦးသန်းစိန်တို့ တက်ရောက်လျက် အရေးပိုင် ဦးစိန်းမောင်က သဘာပတိပြုလုပ်၍ လွှတ်သင့်လွှတ်ထိုက်သော ပုဒ်မ ၅ လျှောက်လွှာများကို စစ်ဆေးကြည့်ရှုကြပြီးလျှင် ကံကောင်းသူ ၁၆ ဦး လွှတ်ရန် ဆုံးဖြတ်ပေးခဲ့သည်။ ပြည်သူအပေါင်း ပုဒ်မ ၅ နှင့် ဒုက္ခများနေခဲ့ကြရသောကာလ။
ကျွန်တော် မွေးသည့်နေ့က တိုက်တံဆိပ် ရွှေဒင်္ဂါး ၁၂၅ိ။ ၄င်းမတ်စေ့ ၆၀ိ။ မိတ်ထုံး ၁၀၂ိ။ ၄င်းမတ်စေ့ ၅၅ိ။ ခေါင်းမြီးခြုံ ၁၀၁ိ၊ ၄င်း မတ်စေ့ ၅၃ိ။ အမေရိကန် ၂ပြားစီး ၂၂၅ိ။ ၄င်း၄ပြားစီး ၄၄၅ိ။ တရုတ်ရွှေ ၁၁ိ၄ဲ။ ယိုးဒယားရွှေ ၁၆၅ိ။ မန္တလေးလုပ် အေဘီတံဆိပ်မီးလင်းရွှေ ၁၇၆ိ။ ငွေဒင်္ဂါးအဟောင်း ၅၀ိ ရှိသည်ဟူ၏။ သည်နေ့ ရမည့် စာမူခနှင့် ရွှေဒင်္ဂါးအပြား တစ်ရာကျပ် ၀ယ်နိုင်လိမ့်မည်။
ချစ်ဇနီးအေး၏ဆန်အိုးကိုလည်း ဆန်တွေဖြည့်ပေးလိုက်ချင်သည်။ သုံးတင်း၀င်အိတ်စျေးဆိုတော့ ဆန်အိုးပြည့်ရုံမျှမက အိတ်ပိုင်းတောင် ထောင်ထားရပေလိမ့်ဦးမည်။ ကျီထောင်ဆန် ၄၇ိ၊ သိပ္ပံ ၃၄ိ။ မုယင်း၂၈ိ၊ ဒေလီ ၃၈ိ၊ ရန်ကုန်ဧည့်မထ ၃၇ိ၈’၊ ရွှေဘိုခွန်နီအသစ် ၃၈ိ၈’၊ ရန်ကုန်မီးထုံး ၄၀ိ၊ စီးကရက်စျေးတွေက ၆၀ိ၊ ၃၂ိ၊ ၆၆ိ စသည်။ ဘယ်နှကာတွန်းစျေးနှုန်းမှန်း မသိ။ ကာစတန်၊ ဂိုးဖလိပ်၊ ပလေးယား၊ ကြောင်၊ သရီးကာဆယ်၊ မြင်းဖြူ၊ မြင်းကော့၊ ရွှေနင်္ဂါး၊ လေပါတီ၊ ဘားမားစတိတ်၊ သုံးသုံးလုံး၊ ငါးသုံးလုံး ... သည်တံဆိပ်တွေပါ စီးကရက်ဘူးခွံတွေနှင့် ပိုလိုကားထပ် ကစားခဲ့ရသည့် ငယ်ဘ၀ကိုပင် သတိရမိသေးတော့။
မေ ၃၀ ရက် ညက နောင်မှာ အဖေဦးအေးမောင် ရုံးအုပ်ကြီးအဖြစ် တာ၀န်ထမ်းဆောင်မည့် မီးခြစ်စက်ရုံရှိ ဓမ္မာရုံမှာ ဗုဒ္ဓဘာသာအထက်တန်းကျောင်းဆရာကြီး ဆရာချစ်က (ဗုဒ္ဒါရမ္မာဏာပီတိ) တရားဟောကြားခဲ့သည်။
မြန်မာနိုင်ငံအပြင်ဘက်ထွက်ကြည့်တော့ ကိုရီးယားပြည်တောင်ပိုင်း ပြည်ထဲရေး၀န်ကြီး ကလီဗန်ဆင်းနှင့် အခြားအမတ် ၁၁ ဦးတို့ကို မြောက်ပိုင်းမှ ကွန်မြူနစ်တို့နှင့် ပူးပေါင်းပြီး ညွှန့်ပေါင်းအစိုးရအဖွဲ့ ထူထောင်ရန် ကြံစည်ပြီး သမ္မတ ဆင်ဂမန့်ရီးအား လုပ်ကြံရန်လည်း ပါ၀င်သည်ဆိုကာ ဖမ်းဆီးလိုက်သည်။ ပူဆန်မှာ နေ၀င်မီးငြိမ်းအမိန့် ရုတ်သိမ်းမပေး၍ ကုလသမဂ္ဂအကြံပေးကောင်စီက ပြစ်တင်ရှုံ့ချလိုက်သည်။ စပိန်မှာ မဲဒရစ်မြို့တော် ဆင်ခြေဖုံးအရပ်တွင် ဓာတ်ရထားတစ်စင်း လမ်းချော်ကာ မြစ်အတွင်းသို့ ထိုးဆင်းသွားသဖြင့် ခရီးသည် ၁၈ ယောက် သေဆုံးပြီး၊ ၆၀ မှာ ဒဏ်ရာအပြင်းအထန် ရသွားသည်။ ပြင်သစ်မှာတော့ ပြင်သစ်ကွန်မြူနစ် အလုပ်သမားခေါင်းဆောင်များကို အစိုးရက ဖမ်းဆီးထားသဖြင့် အလုပ်သမား ၄၀,၀၀၀ ကျော် သပိတ်မှောက်ကြရန် စိုင်းပြင်းလျက်ရှိသည်။
အိန္ဒိယလွှတ်တော်မှာတော့ မီးရထား ရသုံးဘတ်ဂျက် အခြေအတင်ဆွေးနွေးကြရာ မီးရထားဌာန၀န်ကြီးက အများနားလည်မည့် ဘာသာစကားဖြင့် ဖြေကြားသင့်ပါလျက် ဟိန္ဒီဘာသာဖြင့် ဖြေကြားသဖြင့် ကွန်မြူနစ်နှင့် အတိုက်အခံအမတ်များ လွှတ်တော်ခန်းမမှ ထွက်ခွာသွားကြသည်။ ဂျာမဏီ အရှေ့ပိုင်းမှ ကွန်မြူနစ်များခေါင်းဆောင်သော ဆန္ဒပြသူ ၆,၀၀၀ ခန့် တို့သည် အမေရိကန်ပိုင် အနောက်ပိုင်း ဂျာမဏီပြည်ဘက်သို့ အမေရိကန်ဆန့်ကျင်ရေးများ ကြွေးကြော်လျက် ၀င်ရောက်လာကြသည်။ မေ ၃၀ ရက်မှာ ရရှိသော သတင်းအရ ကိုးရီးယားစစ်ပွဲမှာ အမေရိကန်စစ်သားများ အကျဆုံး ၁၀၈,၉၇၇ ယောက်ရှိခဲ့ပြီဟု သိရသည်။
ကျွန်တော်သည် မေ ၃၀ ရက်တည်းဟူသော ဇယားကွက်လေးပေါ်မှာ လက်ထောက်ပြီး ပြက္ဒဒိန်နှစ်များကို ကစားကြည့်နေသည်။ အချိန်ကာလ လွန်းပျံယာဉ်က ၁၉၅၂ ခုနှစ် ဟိုမှာဘက်ဆီအထိ ကျူးကျော်သွားသည်။ သည်လိုနေ့မှာပင် ၁၄၃၁၌ ပြင်သစ်အမျိုးသမီး သူရဲကောင်း ဂျုံးအောဖ့်အာက်သည် အင်္ဂလိပ်တို့ကို ရှုံးနိမ့်ပြီးနောက် စုန်းကဝေမဟု သမှတ်ပြီး လက်ဝါးကပ်တိုင်တွင် မီးရှို့ခံရသည်။ သူမကို သူတော်စင် Saint Joon of Are ဟုလည်းခေါ်ကြသည်။ ၁၄၉၈ ခုနှစ် သည်လိုနေ့မှာ ခရစ်စ္စတိုဖာကိုလမ်ဘတ်သည် ၄င်း၏ တတိယမြောက်ပင်လယ်ခရီးကို စတင်သည်။ ၁၉၃၀ ခုနှစ် သည်လိုနေ့မှာ တို့ဗမာအစည်းအရုံး စတင်ဖွဲ့စည်းသည်။
ထို့နောက် ပြက္ခဒိန်ဇယားကို ကုန်းဘောင်ရက်စွဲများဆီ ရွှေ့ကြည့်သည်။ ၁၇၅၅ ခုနှစ် မေ ၃၀ရက်မှာ အလောင်းမင်းတရားတပ်များ ဟံသာ၀တီသို့ ချီစဉ် သံလျင်မြို့အနီး တိုက်ပွဲ၌ စည်သာမင်းကြီးဦးစည်းစိမ် ကျဆုံးသည်။ ၁၈၃၇ ခုနှစ် မေ ၃၀ ရက်မှာ သာယာ၀တီမင်းလက်ထက် သဲအင်းဆရာတော်အား သာသနာပိုင်အဖြစ် ခန့်အပ်သည်။ ၁၈၄၁ ခုနှစ် မေ ၃၀ ရက်မှာ သာယာ၀တီမင်း၏သားတော် ပုခန်းမင်းသား ကြီးကြပ်ဖောက်သည့် မြစ်ငယ်မြစ်နှင့် တောင်သမန်အင်းဆက်သွယ်သော တူးမြောင်းကို သာယာ၀တီမင်း ကြည့်ရှုစစ်ဆေးသည်။
၁၈၅၁ခုနှစ် မေ ၃၀ ရက်မှာ ပုဂံမင်းအား ညီပခန်းမင်းသား၏သားတော် သရက်မင်းသားက မသင့်မတင့်အကြံ ကြံစည်သောကြောင့် စားကျေးမြို့ရွာကို ရုတ်သိမ်းလိုက်သည်။ ၁၈၆၀ ခုနှစ် မေ ၃၀ ရက်မှာ ရတနာပုံ မန္တလေးရွှေမြို့တော်တွင် ဗဟိုရ်ခေါင်းလောင်း စတင်သွန်းလုပ်သည်။ ၁၈၆၉ ခုနှစ် မေ ၃၀ရက်မှာ စာတော်ဖတ် အောင်မြေသာစည်မြို့ စာရေးနေမျိူးမင်းလှ သိင်္ခသူ (ဦးလတ်)ကို ဗြဲတိုက်သံတော်ဆင်းရာထူး ပေးအပ်သည်။
ကျွန်တော်သည် ကျွန်တော်၏အသက် ၆၅ နှစ်တင်းတင်းပြည့်သည့်နေ့ ၊(၂၀၁၇၊ မေ ၃၀) ညတွင် အတိတ်သမိုင်းထဲမှာ ညဉ့်အတော်နက်သည်အထိ တဝဲဝဲလည်နေမိပြီးမှ အိပ်ရာ၀င်ခဲ့သည်။
ကျွန်တော် ရုတ်တရက် အသက်ရှုကျပ်ပြီး လန့်နိုးသည့်အချိန်မှာ လျှပ်စစ်မီးပျက်ပြီး ပိန်းပိတ်အောင် မှောင်နေသည်။ ထိုအခိုက် ဝုန်းခနဲ အသံကြီး ထွက်ပေါ်လာသဖြင့် လက်နှိပ်ဓာတ်မီးထိုးကာ အခန်းအပြင် ထွက်လိုက်ရသည်။
ကျွန်တော် ညက ဖွထားသည့် စာအုပ်ပုံကြီး ပြိုကျခြင်းဖြစ်သည်။ ကျွန်တော် စာအုပ်တွေ ပြန်ထပ်တော့ သမိုင်းဆိုင်ရာစာအုပ်တွေကြားက စာအုပ်ပါးပါးလေးတစ်အုပ် ထွက်ကျလာသည်။
“မျက်ဝါးထင်ထင် ဒီပဲယင်းဖြစ်စဉ်" တဲ့။ ကျွန်တော့်အသက် ၅၁ နှစ် တင်းတင်းပြည့်သည့် ၂၀၀၃ မေ၃၀ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲရင်းမြို့နယ်မှာ ဖြစ်ပွားခဲ့သည့် လူသတ်ပွဲမှတ်တမ်း တစိတ်တပိုင်း။
ထိုညက ကျွန်တော် အိပ်မပျော်တော့ဘဲ စိတ်ချောက်ချားစွာဖြင့် ဘုရားစင်ရှေ့ ရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် ဖယောင်းတိုင်ကို မီးထွန်းညှိပူဇော်ကာ ဗုဒ္ဒရှင်ထံတော်ရှေ့မှာ ကျဆုံးသူအပေါင်းအတွက် ဆုတောင်းမေတ္တာပို့ သခဲ့ပါသည်။
----------------------
#သိုက်ထွန်းသက်
ပညာ့ကြေးမုံမဂ္ဂဇင်း၊ အမှတ်၁၃၊ ၂၀၁၈ခုနှစ်။
👉 https://m.facebook.com/story.php?story_fbid=804010787167169&id=100026747641618
==============
#မန်ဒါလီဂေါဝိန်
(က)
စက်ဘီးလက်ကိုင်မှာ ချိတ်ထားတဲ့ ကြွပ်ကြွပ်အိတ်ထုပ်ကြီးကို ဌေးအောင် ဖြုတ်ကြည့်နေတယ်။ တက်ထရွန်စတွေ မြင်သွားတော့…. "တယ်ဟုတ်ပါလား၊ အရောင်တွေစုံလို့ပဲ၊ ဘာစိတ်ကူးနဲ့ Plain တွေချည်း ဝယ်ချလာတာလဲ" မေးတယ်။
ကျွန်တော်က …."အရောင်တွေ စိတ်ဝင်စားလို့ပါကွာ" ဆိုပြီး အူတူတူဖြေမိရဲ့ ။
လေးတောင်တစ်ထွာ တစ်ဝတ်စာမှ ( ၁၂၄ ) ကျပ်ပဲကျလို့ ဆိုတာကိုတော့ ထည့်မပြောလိုက်တော့ပါဘူး။
သမီးကြီး ဝတ်ဖို့ ဝယ်လာတယ်ဆိုတာလည်း ဌေးအောင် သိပြီးသားရယ်။ ဌေးအောင်နဲ့ ကျွန်တော်ဆိုတာက နှစ်ကိုယ်ကြား တိုင်ပင်နေကျ။ သမီးကြီးဝတ်တဲ့ စကပ်လေးတွေ တိုလိုက်တာ၊ သမီးကြီးအရပ်က ထန်းပင်လို ရှည်ထွက်လာသလို ခန္ဓာကိုယ်ကလည်း ဝါခေါင်မြစ်ပြင်လို ပြည့်ဖြိုးလာတာ ထမီဝတ်သင့်တဲ့အရွယ်မှာ ကျောင်းထမီ သုံးလေးထည်ကလွဲပြီး ထမီမရှိတာ။ အဲဒါမျိုးတွေ ရင်ဖွင့်နေကျကိုး။
"မင်း ဒီအရောင်တွေကို အနီးစပ်ဆုံးအရောင် မှန်အောင် ခေါ်နိုင်ပါ့မလား။ ကဗျာလည်း ဆန်ရမယ်၊ အရောင်လည်း မှန်ရမယ်"
ဌေးအောင်က စိန်ခေါ်တော့ ကျွန်တော် ပြုံးကြည့်နေမိတယ်။
" ဖရဲ ရင်ကွဲ " တဲ့။
" ပိတောက် ပွင့်သစ် " တဲ့။
" ဗဒေါ " တဲ့။
" စပါးနှံပြာ " တဲ့။
" မီးပွိုင့်စိမ်း " တဲ့။
" မှိုင်းပြာမှုန်ဝေ " တဲ့။
သူပေးတဲ့နာမည်တွေ သူဘာသာ သဘောကျပြီး ဟက်ဟက်ပက်ပက် ရယ်လို့။
" ဒါဆို သမီးကြီးအတွက် အတော်လေး ဖူလုံသွားပြီပဲ။ သမီးကြီးတော့ ပြောပြကွာ၊ ဒီလိုပဲ တစ်ထည်ပြီး တစ်ထည် နည်းနည်းချင်း ဝယ်စုရမှာပဲလို့။ ဒါပေမယ့် သိပ်တော့ မဆင်နဲ့ဦးနော်"
ဌေးအောင်က ကျွန်တော့်ကို စပ်ဖြဲဖြဲကြည့်ရင်း စကားကို ရပ်ထားတယ်။ ကျွန်တော့်ရင်တွေ တဒိတ်ဒိတ် တုန်လွန်းလာပေါ့။ အရာရာပြီးဆုံးသွားပြီဆို၊ ငါ့နှယ် ခံနိုင်ရည်မရှိသေးဘူးလား၊ ကိုယ့်ကိုကိုယ် မကျေမနပ်နဲ့။
"ဒီတစ်ခါ သမီးပါသွားမှာ စိုးရတယ်နော့" ဆိုတဲ့ စကားမျိုးတော့ ကျွန်တော့်သူငယ်ချင်းပါးစပ်က မဦးမချွတ် မဆိုပါဘူး။ ဒါပေမယ့် ကျွန်တော် နားလည်လွန်ခဲ့တယ်။
ထက်အောင်ဆင်တူ ဒီဇိုင်းဆန်းဆန်းတွေနဲ့ ကျော့ရှင်းခဲ့သလောက် သိက္ခာနွမ်းသူရယ်၊ မှားယွင်းခဲ့တာထက် အဲဒီမှားယွင်းမှုကို အမှန်လို့ အယူမှားနေတာကိုကပဲ ပိုပြီး မှားပြီးရင်း မှားချင်စရာဖြစ်လာတယ်။ အဲဒါတွေ ကျွန်တော် မသိချင်ဘူး။
"သမီးတွေ အပျိုပေါက်ဖြစ်လာရင် မိဘက အသစ်ဝယ်ပေးတဲ့ထမီ ဝတ်ရတာထက် အမေ့ထမီဟောင်းကို အမေဆူတဲ့ ဆဲတဲ့ ကြားထဲက ခိုးဝတ်ရတာက ပိုအရသာရှိတယ်တဲ့ … သမီးသူငယ်ချင်းက သမီးကိုပြောပြတယ် ဖေဖေရဲ့ " ဆိုတဲ့စကားကို မြစ်ကိုရှာတဲ့ မင်္ဟသာ ပြန်ကြားစရာလည်း မလိုအပ်တော့ပါဘူး။
ဌေးအောင်က ကျွန်တော့်ပုခုံးကို ပုတ်လိုက်တယ်။
"မတ်တပ်ကြီး ကျောက်ရုပ်ဖြစ်သွားသလားလို့ပါကွာ " ဆိုပြီး ရယ်စရာပြောတယ်။
" သိပ်လုပ်မနေနဲ့ သူငယ်ချင်း၊ လူဖြစ်လာတာ ဒီကိစ္စတစ်ခုတည်းအတွက် မဟုတ်ဘူး။ တော်ကြ ဦးချစ်ခဲကြီးလို ဖြစ်သွားဦးမယ်"
အဲဒီစကားနဲ့ ကျွန်တော့်ပုခုံးကို ဖက်ခေါ်သွားတယ်။
"ဦးချစ်ခဲကြီး" တဲ့။
"ဦးချစ်ခဲ"
ဌေးအောင်ကတော့ တစ်ထောင့်တစ်ညပုံပြင်တွေ ပြောပြဦးတော့မယ်။ ကျွန်တော် စက်ဘီးတွန်းရင်း လိုက်လာခဲ့တယ်။ ကျွန်တော်တို့ အောင်မင်္ဂလာလက်ဖက်ရည်ဆိုင်ကို သွားနေကြတာ။ ဒါပေမယ့် ကျွန်တော်တို့ရောက်ရှိသွားတာက လေတဖြူးဖြူးနဲ့ " ဂေါဝိန် "။
(ခ)
စက်ချုပ်ဆိုင်က ဦးစုနဲ့ ဖိနပ်ဆိုင်က ဦးသိန်းတန်တို့ကတော့ ဦးချစ်ခဲကို " . . . . . " လို့ ခေါ်တတ်တယ် ။ ပထမတော့ " . . . . . " ဆိုတဲ့ စကားကို နားမလည်ခဲ့ကြဘူး။
ဌေးအောင်ဆို ဦးချစ်ခဲကြီးက မုံရွာသားမို့ " မုံရွာက " လို့ ဆိုချင်သလား မသိဘူးလို့ ရမ်းတုတ်ခဲ့သေးတယ်။
ဦးချစ်ခဲကြီးက သူ့ကို " . . . . . " လို့ခေါ်ရင် မှားလိမ့်မယ်တဲ့။ " . . . . . " လို့ပဲ ခေါ်ပါဆိုပဲ။ သူက မယားကြောက်တဲ့လူ မဟုတ်ဘူး။ မယားကို ချစ်တဲ့သူလို့ ဆိုပြီး သူ့ကိုယ်သူ မွှန်းပြတတ်တယ်။
ဦးချစ်ခဲ မယားချစ်တယ် ဆိုတာကလည်း မှန်ပါလိမ့်မယ်။ တစ်နေ့တစ်နေ့ မယားကို အရိပ်တကြည့်ကြည့် နေလွန်းလို့များ အရပ်ကြီး ပိုရှည်လာပြီး ခါးကြီး ပိုကိုင်းလာသလားပဲ။
ကြိမ်ခြင်းတောင်းအစုတ်ကြီးနဲ့ ဟင်းချက်စရာ လိုက်ဝယ်တော့လည်း သူ။ ဝါးဖောင်ပေါ် အကျအနထိုင်ပြီး စောင်တွေ၊ ခြင်ထောင်တွေ တဗွမ်းဗွမ်း ဖွပ်လျှော်တော့လည်း သူ။ သူ့မယား မနီလာကို အချစ်ကြီး ချစ်ရှာတယ်။
ဦးချစ်ခဲတို့က ဈေးမြောက်ဘက်က ဆောက်ချင်သလိုဆောက်ထားတဲ့ ဈေးဆိုင်တန်းမှာ ဓါတ်ပုံဆိုင်လေး တစ်ဆိုင် ဖွင့်ထားတယ်။ ဓါတ်ပုံဆိုင်ရှေ့ ကွပ်ပစ်လေးတစ်ခုပေါ် ခုံပြင်လေး ဆင်ပြီး ငါးခြောက်ငါးခြမ်းဆိုင်လေး ခင်းလို့ ဈေးရုံကြီးအပြင်ဘက်တန်းနဲ့ တစ်ဆက်တည်း မနီလာ ဈေးရောင်းထွက်တယ်။
မနီလာနဲ့ ဦးချစ်ခဲက ငယ်လင်ငယ်မယား မဟုတ်ဘူးတဲ့၊ ဦးချစ်ခဲက တောမှာ မယားကြီးရှိတယ်၊ သားကြီး သမီးကြီးတွေလည်း ရှိတယ်တဲ့။ မနီလာကတော့ အပျိုပဲ ထင်ပါရဲ့ ။ အသက်ကတော့ ဆယ်နှစ်လောက်ကွာတယ်။
ဦးချစ်ခဲက ရွာတကာလှည့်ပြီး ဓါတ်ပုံရိုက်တာဆိုတော့ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် အပျိုချောချောတွေနဲ့ တွေ့နိုင်တာပေါ့။ မနီလာက မျက်ခမ်းလေး နည်းနည်းစပ်ချင်တယ်။ ပါးစပ်လေး နည်းနည်းပြဲချင်တယ်။ ဒါပေမယ့် အသားလေးဖြူတယ်၊ ကိုယ်နေဟန်ထား ခပ်ပါးပါးရယ်၊ ကြည့်ကောင်းတယ် ဆိုပါစို့။
ဦးချစ်ခဲ ဓါတ်ပုံဆိုင်က ရိုက်ရတယ် မရှိလှဘူး။ မနီလာရဲ့ကုန်ခြောက်ဆိုင်လေးကတော့ မဆိုးလှဘူး ပြောရင် ဖြစ်ရဲ့။ မနီလာမှာ ဖောက်သည်တွေလည်း ရှိတယ်။ အဆစ်တောင်းလေ့ ဈေးဆစ်လေ့ မရှိတဲ့ ယောင်္ကျားသား ဖေါက်သည်တွေ ….အစိုးရ သင်္ဘောသားတွေ …ပုဂ္ဂလိက မော်တော်တွေက သင်္ဘောသား၊ မော်တော်သားတွေ ... မနီလာ ဆိုင်ရှေ့မှာ တဝုန်းဝုန်းရှိတတ်တယ်။
ဦးချစ်ခဲ ဓါတ်ပုံ သိပ်မရိုက်ရလို့လား … အရင်ကတည်းက ဓါတ်ပုံလုပ်ငန်းနဲ့ တွဲလုပ်တာလားလို့ ကျွန်တော်တို့ ပြောမပြနိုင်တဲ့ အလုပ်အကိုင်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ ကျန်းမာရေးမှုးလိုလို၊ မြန်မာဆေးဆရာလိုလို၊ အကြောပြင် အနှိပ်သည်လိုလို နဲ့ အင်္ဂလိပ်ဆေးတွေပေးရင်း တရားမဝင် ဆေးထိုးအပ်ကိုင်လို့ " ဒေါက်တာရမ်းကု " လုပ်တဲ့ အလုပ်ပဲ။
တစ်နေ့တော့ ကျွန်တော်ဖျားတယ်။ အမေက ဆေးခန်းသွားလိုက်ရရင် ကောင်းမလားလို့ ပြောတယ်။ ကျွန်တော်က အကြောက်အကန် ငြင်းတယ်။ ကမ်းနားဈေးက အရှေ့ဘက်ဆင်းပြီး နှစ်ပြလောက် သွားလိုက်ရင် ဒေါက်တာကြည်ခင်ရဲ့ ဆေးခန်းရှိတယ်။ ဒီနေ့ အဆိုတော် ဇော်ဝင်းထွဋ် ရဲ့ ဖေဖေပေါ့၊ ကျွန်တော် နေမကောင်းရင် ဒေါက်တာ ဦးကြည်ခင်ဆီပဲ ပို့လေ့ရှိတယ်။ ဒါပေမယ့် အသာတကြည်တော့ ဘယ်ရလိမ့်မလဲ၊ ကျွန်တော့်ကို လာဘ်ပေး လာဘ်ယူ မလုပ်ရပဲ ဆေးထိုးခိုင်းလို့ မရဘူး။ မော်ဒန်ကာတွန်း တစ်အုပ်လောက်ဖြစ်ဖြစ် ….ဘိလပ်ရည် တစ်ပုလင်းလောက်ဖြစ်ဖြစ် …ဝယ်ပေးမှ ထလိုက်တတ်တာ။
ဒီနေ့တော့ ဘယ်လိုလာဘ်ထိုးလို့မှ မရပဲ ဂျစ်နေမိတယ်။ ကိုယ်ပူကလည်း မကျဘူး။
ခဏနေတော့ ဌေးအောင် ရောက်လာတယ်။ ဘောင်းဘီ နီရဲ၊ အင်္ကျီရဲ အသစ်နဲ့၊ ဖော့သေနတ်တစ်လက်လည်း လက်ထဲမှာ ကိုင်ထားသေး။ အဖေက …
"မင်း အိုက်တင်ကတော့ တကယ့်ကောင်းဘွိုင်မင်းသားပဲ၊ ဓါတ်ပုံရိုက်ထားဖို့ ကောင်းတယ်" လို့ မျက်စိမှိတ်ပြပြီး ပြောလိုက်တယ်။
ဌေးအောင်ကို "ဓါတ်ပုံရိုက်မလား" လို့လည်း မေးတယ်။ ပြီးတော့ "သားတို့သူငယ်ချင်းနှစ်ယောက် ဓါတ်ပုံရိုက်ကြပါလား" လို့ပြောတယ်။ ကျွန်တော်နဲ့ ဌေးအောင် ပုဆိုးတစ်ထည် ခေါင်းမြီးခြုံပြီး ဓါတ်ပုံရိုက်ချင်တဲ့အကြောင်း ပူဆာဖူးတယ်။
ချက်ချင်းပဲ ဆိုင်မှာ ခင်းထားတဲ့ ဘောင်းဘီအစိမ်းတစ်ထည် ဖြုတ်ပြီး ဝတ်ပေးတယ်။ စွပ်ကျယ်အသစ်တစ်ထည်လည်း ခေါင်းက စွပ်ပေးတယ်၊ အသားတွေကတော့ ပူကျက်နေတာပေါ့။
ဦးချစ်ခဲကြီးဆီရောက်တော့ အမေနဲ့ ဦးချစ်ခဲ စကားတိုးတိုးပြောကြတယ်။ ကျွန်တော်နဲ့ ဌေးအောင် ပန်းခြံပုံ ပန်းချီကားကြီးတွေရှေ့မှာ ရပ်တဲ့အခါ မီးမောင်းကြီးတွေ ဖွင့်ပြီး အဝတ်နက်ကြီးခေါင်းမီးခြုံရင်း ကင်မရာပေါက်က ချောင်းလို့ ဓါတ်ပုံရိုက်ပေးမယ့် ဦးချစ်ခဲကြီးကို စောင့်နေကြတယ်။
ဦးချစ်ခဲကြီးက ဓါတ်ပုံရိုက်တဲ့ကင်မရာရှေ့ ခေါ်မသွားပါဘူး၊ အခန်းထဲကနေ ဆေးထိုးအပ်ကြီးတစ်ချောင်း ကိုင်ပြီး ကျွန်တော့်ဆီပဲ လျှောက်လာတယ်။ အပ်ကြီးကလည်း ကြီးလည်းကြီး တုံးလည်း တုံးတော့ နာလိုက်တာ အရမ်းပဲ။ ကျွန်တော်က အော်ငိုခဲ့တာပဲ မှတ်မိတယ်။ အမေကတော့ .. ငိုရုံမကဘူး၊ ဆဲတောင် ဆဲခဲ့သေးတယ်လို့ ပြောပြတယ်။ အဲသလောက်ထိတော့ မမှတ်မိတော့ပါဘူး။
(ဂ)
ဦးချစ်ခဲကြီး အနောက်ဘက်ကမ်းက ရွာတွေဆီ ဓါတ်ပုံရိုက်သွားရင်း ဆေးကုသွားပြီဆို မနီလာက ဈေးထွက် မမှန်ချင်တော့ဘူး။ နေ့တစ်ဝက်နဲ့ပဲ ဆိုင်သိမ်းပြီး ရုပ်ရှင်သွားချင် သွားတတ်တယ်။ ကားကောင်းလွန်းလို့ဆို နှစ်ပွဲဆက် ကြည့်ချင်လည်း ကြည့်တာပဲတဲ့။ ထမင်းဟင်းလည်း ချက်စားလေ့စားထမရှိပဲ မုန့်တီနဲ့ ပြီးချင်ပြီးတယ်။ အနှောင်အဖွဲ့ သားသမီးလည်းမရှိ လွတ်လပ်တော့ မနီလာ ကိုယ့်မြင်းကိုယ်စိုင်းတော့တာပေါ့။
ဈေးအနောက်ဘက် တာရိုးဘေးမှာတော့ ဦးချစ်ခဲရဲ့ နှမဝမ်းကွဲတွေရှိရဲ့။ သူတို့နဲ့ကျတော့လည်း စကားမပြောကြဘူး။
ဒီလိုနဲ့ မနီလာ အိပ်ရာပြောင်းအိပ်ခဲ့တာကို ဦးချစ်ခဲ သိခွင့်ရခဲ့တယ်။ မနီလာဘက်ကလည်း ဦးချစ်ခဲ ပြန်ရောက်သင့်တဲ့ရက်ထက် စောရောက်နေတာ သိဖြစ်အောင် သိလိုက်တယ်။
ရုပ်ရှင်သွားကြည့်တဲ့ မိန်းမက ပြန်မလာတော့ဘူး။ အဲဒါ တစ်သက်လုံး လက်နဲ့တောင် ရိုက်ဖို့မရွယ်ဘူးတဲ့ ဦးချစ်ခဲကို ကြောက်လို့တော့လည်း ဟုတ်ဟန်မတူဘူး။
ဦးချစ်ခဲ ရုပ်ရှင်ရုံတွေဘက် လိုက်ရှာသေးသတဲ့။ သူ့မိန်းမ သိက္ခာငဲ့လို့ ဆိုပြီး ရုံးတွေ၊ ဂါတ်တွေလည်း အကြောင်းမကြားဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ပါသွားတာ၊ ပြန်လာမှာလို့ ယုံကြည်နေပုံလည်း ရတယ်။ မနီလာ ကိုယ်ပေါ်မှာ ရွှေတဆင်စာ ပါသွားတာကိုလည်း ထည့်တွက်မိဟန် မတူဘူး။
နောက်တစ်နေ့ မနက်အစောကြီး စုန်ဆင်းသွားတဲ့ ပြည်ကူးတို့ သင်္ဘောနဲ့ပဲ မနီလာ ပါသွားသလိုလို၊ အဲဒီသင်္ဘောက ဆလင်နဲ့ ဆိုလား၊ စူကာနီနဲ့ ဆိုလား ကျွန်တော်တို့ မသိတဲ့ ဇာတ်လမ်းတွေရှိသတဲ့။
(ဃ)
ဦးချစ်ခဲကြီး ဓါတ်ပုံရိုက်တဲ့ ကင်မရာကြီးရော၊ မီးမောင်းတွေရော၊ ဆိုင်ခန်းဖွင့်တဲ့ အိမ်ရော ရောင်းပစ်လိုက်တယ်။ သူ့နှမတစ်ယောက်က မနီလာရဲ့ ငါးခြောက်ငါးခြမ်း လက်ကျန်ကုန်လေးတွေ ဈေးလာရောင်းပေးသေးတယ်။
နောက်ဆုံးတော့ ချိန်ခွင်ရော၊ ဇလားရော၊ ဆီပုံးခွံတွေပါ အရည်ဖျော်ပစ်လိုက်တာပါပဲ။ တာရိုးဘေးက သူ့နှမတစ်ယောက်ရဲ့တဲနဲ့ ကပ်လျက် တဲတစ်လုံး ပြန်ဝယ်လိုက်တယ်။
တစ်ခါတစ်ရံတော့ …..
ကျောက်လှေခါးထစ်ပေါ်ထိုင်ရင်း ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို တမေ့တမော ကြည့်နေတတ်တယ်။ အရက်မသောက်တတ်တဲ့ ဦးချစ်ခဲကြီးဟာ ဆေးပေါ့လိပ်ကြီး တွင်တွင်ဖွာရင်း ရေကသိုင်းရှုလို့ စိတ်လေလွင့်တော့တယ်။
ကျွန်တော်တို့ ထမင်းစားနေတာနဲ့ ကြုံရင် အဖေက …." လာဗျာ ကိုချစ်ခဲ၊ တစ်ခါတည်း ဝင်စားဗျာ " ဆိုပြီး အတင်းဆွဲကျွေးတတ်တယ်။
သူက ထမင်းစားရင်း …." မနီလာက ငပိတစ်ချက်နဲ့ ချည်ရည်ဟင်းချက်လို့ကတော့ အတော် အဆင်ပြေသဗျ " ဆိုတာမျိုး ပြောတတ်တယ်။
အဖေက …." ခင်ဗျားကသာ မနီလာ ဟင်းချက်ကောင်းတယ် ဆိုတယ်၊ ကျုပ်တို့ကတော့ … ခင်ဗျားချည်း ချက်နေတာပဲ မြင်တယ်။ မနီလာ ချက်တာဖြင့် တစ်ခါမှ မတွေ့ဖူးပေါင်ဗျာ " လို့ ဆိုတော့ ….
" ရွာမှာတုန်းကတော့ …. ချက်ပါတယ်ဗျာ " ဆိုပြီး ခပ်တိုးတိုး ဖြေတတ်ရဲ့။
လေး ငါးလနေတော့ ဖိနပ်ဆိုင်က ဦးသိန်းတန်ကြီးနဲ့ စက်ချုပ်ဆိုင်က ဦးစုတို့က ဦးချစ်ခဲကို နာမည်ပြောင် တစ်ခု ပေးပြန်တယ်။
". . . . . ချစ်ခဲ " တဲ့။
အဲဒါကိုတော့ ဌေးအောင်က အမှန်အကန် ဖြေနိုင်တယ်။
"မယားက ပစ်သွားတဲ့ ဦးချစ်ခဲကြီးပေါ့ကွာ" တဲ့။
ဦးချစ်ခဲရဲ့ ခြေတံရှည်တဲကြီးအောက်မှာ လက်တောက်ခုံရှိတယ်။ သူ့ယောက်ဖက အကောက် ကောက်တယ်။ တဲကြီးအောက်က ဟာလာဟင်းလင်းမို့ လေတဖြူးဖြူးနဲ့၊ တစ်ဘက်က သူ့နှမတစ်ယောက်ရဲ့ တဲအောက်မှာတော့ ဝါးကပ်ယက်တဲ့ လုပ်ငန်းရှိတယ်။ ကျွန်တော်တို့က လစ်ရင် လက်တောက်ခုံ သွားမော့ချင်မော့နေကြတာ။
ဦးချစ်ခဲရဲ့ တဲပတ်ပတ်လည် ဝါးလုံးတန်းတွေမှာ ထမီတွေ လှမ်းလှမ်းထားတာ တွေ့ရတတ်တယ်။ မနီလာရဲ့ ထမီတွေတဲ့။ ပိုးထိုးမှာ စိုးလို့ တစ်လ တစ်ခါ ထုတ်ထုတ်လှမ်းတာလို့ သိရတယ်။ အဲသလို နေထုတ်ပြလိုက်၊ ပရုပ်လုံးထည့်သိမ်းလိုက် လုပ်နေတာကို နှမတွေက အမြင်ကတ်ကြတယ်။ လက်တောက်ခုံက လူစုံဆိုတော့ ရှက်တာလည်း ပါမှာပေါ့။ နှမတွေက မနီလာရဲ့ထမီတွေကို အမွေဆက်ခံခွင့် တောင်းကြတယ်။
ဦးချစ်ခဲက စကားစပ်မခံဘူး။ နေပူလှမ်းပြီးရင်၊ တဖြန်းဖြန်းနဲ့ ခါ၊ ခေါက်ရိုးကျအတိုင်း ပြန်ခေါက်၊ လက်ပူထိုးပြီး ထင်းရှူးသေတ္တာထဲထည့်၊ သော့ပြန်ခတ်လိုက်တာပဲ တဲ့။
စကားမစပ် ကြံဖန်စကားစပ်ပြီး …."မနီလာက အပေါင်းအသင်းမကောင်းလို့ အကျင့်တန်သွားတာကလွဲပြီး ဝတ်တာစားတာတော့ တကယ့်ကို မိန်းမပီသတယ် " လို့ ချီးမွမ်းခန်း ထုတ်တတ်တယ်။ နှမတွေက အဲဒါကိုလည်း မကျေနပ်ဘူး။ အဲဒါထက် ပိုအရေးကြီးတာကို အဲသလောက် အရေးမကြီးပဲ အသေးအမွှားအပေါ် ကြံဖန်ဂုဏ်ယူနေတာကို အမြင်ကတ်ကြပုံပါ။
သူ့နှမတွေကိုတော့…"နင်တို့က လူလို မဝတ်တတ် မစားတတ်ကြဘူး၊ အနေအထိုင် ပက်စက်တယ်" လို့ ဆိုတယ်၊ ပြောတယ်။ နှမတွေကလည်း ကြက်ခေါင်းဆိတ်မခံ ပြန်ရန်တွေ့တတ်တယ်။
"ကျွန်မတို့က ယောင်္ကျားကို ထမင်းအသိုး ဟင်းအသိုး ကျွေးပြီး ရွှေဝတ်တာ မဟုတ်ဘူး" တဲ့။
အဲဒီကြားထဲက …လက်တောက်ခုံ သွားမော့ကြတဲ့ ကျွန်တော်နဲ့ဌေးအောင် ခြေတံရှည်အိမ်ကြီးပေါ်က တအိအိငိုသံနဲ့ ဗျစ်တောက် ဗျစ်တောက် ဆဲရေးသံတွေကို ကြားလိုက်ရတယ်။ ဦးချစ်ခဲကြီး ငိုနေတာ။
သူ့မိန်းမ ထမီတွေကို တဘုန်းဘုန်းထုတ်လှမ်းတုန်း တိုဘရာကိုး ထမီသုံးထည် ပျောက်သွားလို့တဲ့။ ကျိန်စာတွေတိုက်လို့၊ မေတ္တာတွေ ပို့လို့။
သူ့နှမများကတော့ ပြုံးစိစိနဲ့ပေါ့။ ယောက်ဖ တစ်ယောက်ကတော့ …."နင်တို့ ယူထားရင် ပြန်ပေးလိုက်ပါဟာ၊ အစ်ကိုကြီးမှာ ဒါလေးပဲ ဖြေစရာရှိတာ" လို့ ပြောဖော်ရပါတယ်။
"မယပ ဦးချစ်ခဲကြီး " ရဲ့ ထမီသုံးထည် ပျောက်ဆုံးမှုကြီးကိုတော့ ဌေးအောင်နဲ့ ကျွန်တော် ဖေါ်ထုတ်မပေးနိုင်ခဲ့ပါဘူး။
( င )
နေမှုန်မှုန် တစ်ညနေ။ ကျွန်တော်တို့ ကျောင်းကပြန်လာလာချင်း ဦးချစ်ခဲရဲ့ တဲလေးရှေ့မှာ ရုံးစုရုံးစုဖြစ်နေတာ တွေ့လိုက်တယ်။ ကျွန်တော်လည်း လွယ်အိတ်ကလေး ပစ်ချပြီး ကျောက်လှေခါးထစ်များကနေ ထုံးစံအတိုင်း ပြေးဆင်းသွားမိတယ်။ ခြေတံရှည်တဲကြီးရဲ့အောက်ဘက်မှာ လူတွေ အပြည့်ပဲ။ မြစ်ဆိပ်ကို ရေချိုးဆင်းတဲ့လူတွေလည်း ဝင်လာကြည့်ကြတယ်။ တဲအောက်က ကွပ်ပစ်ပေါ်မှာ ယောင်္ကျားကြီးတွေ ဝိုင်းလို့။
ဦးချစ်ခဲကြီးကိုလည်း ရေချိုးပေးထားကြပုံရတယ်။ သူ့နှမတစ်ယောက်က အော်ဟစ်ငိုတယ်။
ဦးချစ်ခဲကြီး သေပါပေါ့လား။
မသေမှီ ချောင်းတဟွတ်ဟွတ်ဆိုးပြီး ပိန်ကပ်ကပ်လိုက်လာတာကို ကျွန်တော်တို့ သတိထားမိတယ်။
လူအုပ်ကြားထဲက ဌေးအောင် တိုးထွက်လာတယ်။ ကျွန်တော့်လက်ကို ကိုင်ပြီး "ဦးချစ်ခဲကြီး သူ့ဟာသူ ဆေးထိုးပြီး ကုရောပေါ့ " လို့ တိုးတိုးပြောလိုက်သေးတယ်။
"အလောင်းလွှမ်းဖို့ လုံချည်တစ်ထည်ယူခဲ့" လို့ တောင်းတဲ့လူက အရက်တော်တော်မူးနေတယ်။ သူ့နှမတစ်ယောက် ယူလာတဲ့ လုံချည်တစ်ထည်ကို ဟိုဖြန့် သည်ဖြန့် လုပ်ပြီး လွှင့်ပစ်လိုက်တယ်။
"ဒီပုဆိုးက အစုတ်ကြီးဗျ၊ ဒီထက်ကောင်းတာ မရှိဘူးလား" လို့အော်တယ်။
သူ့ယောက်ဖတစ်ယောက် တဲလေးပေါ် ပြေးတက်သွားတယ်။ ကောင်းကောင်းကန်းကန်း တွေ့ခဲ့ပုံ မရဘူး။ လက်ချည်းပဲ ပြန်ဆင်းလာတယ်။
"ဒီလောက်တောင် ရှိလှတာ သူ့မိန်းမထမီပဲ လွှမ်းကွာ" လို့ နောက်အမူးသမားတစ်ယောက်က ဆဲပြော ပြောတယ်။
"အဲဒီလိုတော့ မလုပ်ကြပါနဲ့ရှင်၊ ကျွန်မတို့ ရှာပါဦးမယ်" လို့ နှမတစ်ယောက်က တောင်းပန်ရှာတယ်။
အဒီအချိန်မှာပဲ ဂေါဝိန်ဆိပ်ကို ဆိုက်ကပ်လာတဲ့ အညာဆန် ပြည်ကူးတို့သင်္ဘောကြီးရဲ့ ဥဩသံစူးစူးကို ကြားလိုက်ရတယ်။
ဈေးခွေးတွေဆိုတာ ....
တစ်ကောင်နဲ့ တစ်ကောင်
တွန်းထိုးထွက်ပြေး
လာကြပြီး ...
ဧရာဝတီ မြစ်ပြင်ကျယ်ကြီးကို
မျက်နှာမူကြကာ ....
သံရှည်ကြီး ဆွဲလို့
အပြိုင်အဆိုင်
အူကြပါရောလား ..... ။ ။
သိုက်ထွန်းသက်
လက်ရွေးစင်ဝတ္ထုတိုများမှ (၂၀၀၂)
👉 https://m.facebook.com/story.php?story_fbid=1161369504383929&id=100015326717291
No comments:
Post a Comment