Friday, August 12, 2022

ထွက်ပြေးသူတဦး

ဖုံသောသောတည့်

မျောစီးဝေ့ကျန်၊ မြင်းခွာသံနောက်

ဖျောက်၍ ပျောက်၍


သစ်တောအုပ်လည်း

မြုတ်ချီပေါ်ချီ၊ မှုံရီရေးရေး

ဝေး၍ သေး၍


တိုက်တာတွေ

တဲပုတ်တွေ

လူနေအိမ်ခြေတွေ

သွေဖီခွာပစ်၊ နေရစ်ကြကုန်

မှုံ၍ တုံ၍


ဆိုင်းဘုတ်များ

ရုပ်ပုံကားများ

လွှားကျော်ချန်ထား

မွှား၍ ဝါး၍


မြေပြင်မထိ

လမ်းမအိတွဲ၊ တိမ်စိုင်ထဲတိုး

မိုးသို့အတက်၊ မြင်းဇက်တွယ်ဖက်

လက်ချင်းဆက်ခို၊ ရင်ဖိုရာမှ

တုံ့ကနဲရပ်သွား ...


ကျန်ရစ်ခဲ့ပြီ

ထားရစ်ခဲ့ပြီ

ဝေးရစ်ခဲ့ပြီ၊ ထင်မိခဲ့သော

ထွက်ပြေးခဲ့ရာ

အကာများ

အလွှာများ

နေရာများ၊ ဘွားဆိုပြန်တွေ့

တဖဝါးတောင် မရွေ့


ပွဲဈေးတန်းက

မြင်းစီးသမား၊ ခြားရဟတ်ပေါ်မှာ

မူးချာပတ်ချာ၊ ရီဝေစွာလေ .....။

သိုက်ထွန်းသက်(မန္တလေး)

မိုးဝေ စာပေမဂ္ဂဇင်း၊ အမှတ် ၁၂၅၊ ဇွန် ၁၉၇၈။

စာမျက်နှာ ၄ နှင့် ၅ မှ။


(စာလုံးပေါင်းသတ်ပုံတွေကို မူလဖော်ပြထားတဲ့အတိုင်း ထားပါတယ်၊ မမသ )


👉 https://m.facebook.com/story.php?story_fbid=3836185079818763&id=100002819277047

No comments:

Post a Comment