Friday, August 12, 2022

စာဆိုတော် (အပိုင်း - ၃)

အထိန်းတော်ကြီးခင်ဘွားသစ်မှာ ထိပ်စုဖုရားလတ်၏စိတ်ထားတော်ကို အတွေးအမျှော် ခက်၍ တညလုံး အိပ်စက်မရအောင် စဉ်းစားလျက်ရှိလေ၏။


ထိပ်စုဖုရား၏သဘောတော်အယူအဆကို သိလို၍ မထိတထိနှင့် ငိတိတိနှင့် လျှောက်တင်မိသောစကားမှာ ကိုယ့်အတက်နှင့်ကိုယ်စူးပြီး စကားဦးတစ်ဖုံ မလှည့်သာရှိခဲ့သောကြောင့် နောက်ထပ်စကားဆက်၍ လျှောက်တင်ချက် မသွင်းနိုင်ဘဲ ထိပ်စုဖုရား၏ အရိပ်အကဲတော်ကို စောင့်စားလျက်ရှိရသော်လည်း အရှင်ထိပ်စုဖုရားက စကားပြတ် မိန့်တော်မူဘိအလား သီပေါမင်းသား၏ရွှေလွှာတော်ကိုပင် လက်ခံတော် မမူလိုသောအသွင်ဖြင့် နက်ဖြန် ပြန်လည်ပို့ဆက်သစေဟု မိန့်ခွန်းတော်ခြွေထားပြီး ဖြစ်လေရာ သီပေါမင်းသားထံတော်၌ စကားကျွံလာသော ခင်ဘွားသစ်ကြီးတွင် ဘယ်နည်းဘယ်ပုံ ကြံရမည်မသိ၊ တညဉ့်လုံး မျက်စိအကြောင်သားနှင့် စဉ်းစားခန်းထုတ်လျက်ရှိရာ စုထားစက်တော်ခေါ်သည့်အနီးတွင် နေရသူဖြစ်၍လည်း တခါတခါ ထိပ်စုဖုရား စက်တော်မူရာ သလွန်တော်ဘက်သို့ မျက်နှာလှည့်၍ မချိတင်ကဲနှင့် ကြည့်ရှုကာ


"သြော်...ထိပ်စုဖုရား... ထိပ်စုဖုရား၊ သီပေါကိုယ်တော်ကလေး သနားတော်မူသင့်ပါတယ်၊ ဘယ်နည်း ဘယ်ပုံကြောင့် ယခုလို မတုန်မလှုပ် ရွှေရုပ်လိုငြိမ်ပြီး ဣနြေ္ဒကောင်းတော်မူနေရပါသလဲ၊ မူလကတည်းက ရွှေစိတ်တော် ညွှတ်ယိုင်ချင်သလိုလို အထင်ကြောင့် ပါ၀င်မိခဲ့တာ ယခုမှပဲ အကဲခတ်လွှဲအောင် အနည်းနည်း အကွက်ဆင်တော်မူမှန်း သိရပေပေါ့ စုဖုရားရဲ့"


တယောက်တည်း ညီးညီးတွဲ့တွဲ့ ပြောဆိုနေမိစဉ် သလွန်ပေါ်တွင် စက်ပျော်တော်မူနေသော ထိပ်စုဖုရားမှာလည်း အခါတိုင်းနည်းတူ ငြိမ်သက်စွာ စက်တော်ခေါ်ခြင်းမရှိဘဲ ဝဲယာနှစ်ဖက်သို့ မကြာခဏ လူးလွန့်ပြောင်းရွှေ့တော်မူလျက်ရှိလေရာ လွှာခြုံတော်မှာ မကြာမကြာလစ်သဖြင့် ခင်ဘွားသစ်ကိုယ်တိုင်ပင် ဖဲလွှာညွှန့် ညဉ့်ရုံတော်ကို ထိပ်စုဖုရားကိုယ်တော်သို့ မကြာခဏ ပြုပြင်လွှမ်းခြုံပေးရလျက်ရှိလေ၏။


သို့နှင့်လည်း အထိန်းတော်ကြီးခင်ဘွားသစ်မှာ နံနက်လင်းလျှင် ရွှေလွှာတော်ကို သီပေါမင်းသားထံတော်သို့ ပြန်လည်ပို့ဆက်ရမည့်အတွက် အခက်ကြီးကြုံနေရသူဖြစ်သောကြောင့် တကြိတ်ကြိတ်နှင့် စိတ်ပူကာ နံနက်မိုးမလင်းပါစေနှင့်ဟုပင် မဖြစ်နိုင်သည်ကို ဆုတောင်းနေမိရှာလေ၏။


သို့ရာတွင် ဓမ္မတာသဘောထား လွန်ဆန်နိုင်သည်မဟုတ်သဖြင့် မကြာမီပင် လင်းကြက်ဆော်ညောင်း၊ ပဟိုရ်ပြောင်း၍ ရွှေမောင်းနာရီ ဓာတ်စည်ရိုက်တီး ရှေ့ပြုပ္ပာဝိဒေစွန်းမဟာ သူရိယာဖလ်နေ၀န်းကြီး ပေါ်ထွက်ကြွချီ လင်းရောင်ခြည်ဝေငှလျက် ရှိလေတော့သတည်း။


မီးလောင်တိုက်အသွင်းခံရမည့် ရာဇ၀တ်သားပမာ အထိန်းတော်ကြီးခင်ဘွားသစ်မှာ နံနက်လင်းချိန်ရောက်ကတည်းက ထိပ်စုဖုရား၏အဆောင်တော်ထဲသို့ ပေါ်မလာဘဲ အပြင်တွင်သာ ရမယ်ရှာလျက် လက်အောက်အပျိုတော်ကလေးများကိုသာ ထိပ်စုဖုရား မေးတော်မူလျှင် အပြင်တွင် တစုံတရာသောကိစ္စတာ၀န်ကို လုပ်ကိုင်စီမံနေသယောင်ယောင်၊ တောင်တောင်မြောက်မြောက် လှည့်ပတ်လျှောက်တင်စေပြီး ရှောင်ရှားခိုကပ်၍နေလေရာ စက်တော်မှ ထတော်မူပြီး မှန်ဆောင်တော်ထဲသို့ ရေမိုးသန့်စင်ကာ အတန်ကြာမျှ ၀တ်လဲတော်များ လဲလှယ်ဆင်မြန်းတော်မူနေသော ထိပ်စုဖုရားလည်း နံနက်ကတည်းက အထိန်းတော်ကြီးကို တွေ့မြင်တော်မမူသောကြောင့် အခြားသောလက်ပါးစေ အပျိုတော်ကလေးများအား


"သစ်သစ် ဘယ်သွားလဲ၊ သစ်သစ်ရှိရာကို လိုက်ခေါ်ချေပါ"


မိန့်မှာတော်မူနေရာ လက်ပါးစေ အပျိုတော်များလည်း


"ခင်ဘွားသစ် အပြင်အဆောင်တော်တွင် တစုံတရာ လုပ်ကိုင်နေကြောင်း"


လျှောက်တင်ရာ 


တခါမှနှစ်ခါ သုံးခါမျှရှိလျှင်ပင် အရှင်ထိပ်စုဖုရားလည်း အထိန်းတော်ကြီး၏ဥာဏ်ကို ရိပ်မိတော်မူလာသောကြောင့် မှန်ခုံတော်အနီး ရွှေကလပ်ကြီးတွင် ရွှေကြင်ခပ်၊ ပုသိမ်ပဝါနှင့် ရစ်လိမ်ထုတ်ပတ်ကာ ကိုယ်တော်တိုင်တင်ထားသော ရွှေပြားကို တချက်မျှ ခပ်ပြုံးပြုံးလှမ်း၍ ရှုစားတော်မူလိုက်ပြီးလျှင် အနီးတွင်ခစားနေသော လက်ပါးစေ အပျိုတော်ကလေးတဦးအား


"ဟဲ့ ခါနွေ၊ သစ်သစ်ကို ငါခေါ်တော်မူတယ်လို့ ပြောချေ၊ အပြင်မှာ သစ်သစ်ကိုယ်တိုင်ဆောင်ရွက်စရာ ဘာအလုပ်မှမရှိဘူး၊ ရှိတဲ့၀တ္တရားကို နောက်ထားပြီး စုဖျားအပါးတော်ကို ယခုအမြန်၀င်ရမယ်ဆိုတာ သေသေချာချာပြောခဲ့"


မိန့်တော်မူလျှင် အပျိုတော်ကလေးလည်း


"တင်ပါ့ဘုရား"


ဟု လျှောက်ကာ ကြောက်ရွံ့စွာနှင့်ပင် ခင်ဘွားသစ်ရှိရာသို့ ရောက်လာပြီး 


"သခင်ကြီးဘုရား၊ အရှင်ထိပ်စုမြတ်ဖျားက ယခုချက်ချင်း ခစားစေပါတဲ့ဘုရား"


ပြောသည်တွင် ခင်ဘွားသစ်လည်း ခိုကပ်၍မနေသာတော့ဘဲ ထိပ်စုဖုရားစံတော်မူရာ မှန်ဆောင်တော်ထဲသို့ ရောက်လာကာ မျက်နှာခပ်ပျက်ပျက်နှင့် လက်ယှက်ခစားနေလေ၏။


ထိပ်ဖုရားလည်း အထိန်းတော်ကြီး၏မျက်နှာကဲကို အမှတ်မဲ့ ရှုစားတော်မူပြီး ပကတိ မျက်နှာထားတော်နှင့်ပင်


''သစ်သစ်ရဲ့၊ ဒီနေ့မှ ဘယ်လိုကိစ္စများ အရေးတကြီး သွားလုပ်နေရသလဲ၊ စုစု မိန့်တော်မူထားတဲ့စကားများ သတိမရတော့ဘူးလား''


မိန့်တော်မူလျှင် 


ခင်ဘွားသစ်လည်း


"စုထားဖုရား အပြစ်သနားတော်မူရင်လည်း ခံရပါတော့မယ်၊ သစ်သစ်ဖြင့် တကယ်ပဲ သတိမရပါဘူးဘုရား"


စု။

(ပြုံးတော်မူလျှက်)

"သြော်......သြော် သစ်သစ်က တယ်မေ့တတ်နေပြန်တာကိုး၊ ဒါဖြင့် စုစုက ထပ်မိန့်တော်မူရဦးမှာပေါ့၊ ဟောဟို ရွှေကလပ်ပေါ်မှာ ရွှေကြင်ခပ်ပဝါနှင့် ရစ်ပတ်ပြီး တင်ထားတဲ့ သီပေါမောင်တော်ဘုရားရဲ့ ရွှေလွှာတော်ကို သူ့လက်တော်ရောက် ပြန်ပြီးဆက်ချေရမယ်လို့ မိန့်တော်မူထားတဲ့အတိုင်း ယနေ့ အချိန်မဆိုင်းဘဲ မောင်တော်ဘုရားလက်တော်ထဲရောက်အောင် ပြန်ပြီးဆက်ချေပါ။ စုစုက လက်ခံတော်မမူဝံ့ဘူးဆိုတာလည်း လျှောက်တင်ခဲ့ပေတော့၊ ဒီရွှေပြားကို စုစုအဆောင်တော်ထဲ ကြာရှည် လက်ခံထားရင် မတော်တဆ မယ်တော်ဖျား တွေ့မြင်တော်မူသွားမှာ စိုးရိမ်စရာပဲ သစ်သစ်ရဲ့၊ ကဲ.....ကဲ မတော်တဆ မယ်တော်ဘုရား ထွက်တော်မူလာလို့ တွေ့မြင်တော်မူသွားမှဖြင့် သစ်သစ်ကို ရာဇ၀တ်သင့်နေပါဦးမယ်၊ မြန်မြန်ဆက်ချေပါ"


အရေးတကြီး မိန့်တော်မူလေရာ မသွားချင်သဖြင့် ကပ်ပေနေသော ခင်ဘွားသစ်မှာ မလွှဲသာတော့ဘဲ ရွှေကလပ်ပေါ်က ရွှေပြားကို ဆွဲယူလိုက်ရကာ မျက်နှာမသာမယာနှင့် "တင်ပါ့ဘုရား"ဟု လိုက် လိုက်ရသောကြောင့် 


စုဖုရားက စိုးရိမ်စိတ်မချဟန်နှင့်ပင်


"သစ်သစ်ရဲ့ ဒီရွှေပြားကို တော်ရာမှာ ဖျောက်ဖျက်မထားရဘူးနော်၊ မောင်တော် သီပေါမင်းသားလက်တော်ကို ရောက်အောင် ပြန်ဆက်ခဲ့ရမယ်။ သစ်သစ် မဆက်ဘူး၊ ဆက်တယ် ဆိုတာ စုစုသိအောင် စုံစမ်းခိုင်းတော်မူရမယ်၊ လိမ်မယ်တော့မကြံနဲ့၊ မှန်မှန်ကန်ကန် သူ့လက်တော်ရောက်အောင် ပြန်ဆက်ခဲ့ပါဘိ"


မျက်နှာထိမျက်နှာထားနှင့် ခပ်တင်းတင်း မှာထား မိန့်ကြားတော်မူသောအခါ ခင်ဘွားသစ်လည်း


"မှန်လှပါ မဖျောက်မဖျက် သီပေါကိုယ်တော်လက်တော်ရောက် ပြန်၍ဆက်ခဲ့ပါမည် စုထားဖုရား၊ ဒါပေတဲ့ မျှော်လင့်ဇောနှင့် အမောကြီးမောနေရှာသော သီပေါကိုယ်တော်ဘုရားမှာတော့ မျှော်လင့် အားထားတော်မူသလောက် အားထားရာမရောက်တဲ့အတွက် အင်မတန်မှ စိတ်ပျက်အားငယ်တော်မူရှာတော့မှာပဲ။ ဘုရာ့ကျွန်မလည်း ရွှေမျက်နှာကလေးတငယ်ငယ်နဲ့ သနားစဖွယ်ဖြစ်နေတဲ့ သီပေါကိုယ်တော်ကလေးရဲ့ ရွှေမျက်နှာတော်ကို မဖူးမြော်ဝံ့အောင်ဖြစ်နေတော့တာပဲ ဘုရား၊ သနားစရာကောင်းတဲ့ တဘက်သားကို အားတက်ဖွယ်သတင်းပေးရမဲ့အစား ၀မ်းနည်း စိတ်ပျက်စရာအကြောင်းကို ပြန်ကြားရတော့မှာမို့ စိတ်ထဲကမပါအောင် ရှိပါတော့တယ်၊ သို့သော်လည်း အရှင်စုဖုရားကမှ သနားကြင်နာတော်မမူတော့လည်း အခက်သားမို့ စွန့်စားပြီး ဒီရွှေပြားကို ပြန်ဆက်ရတော့မှာပ ဘုရား"


အရှိုက်အချွဲနှင့် လျှောက်တင်လျှင်


"ဟင်....သစ်သစ်ကလည်း ဒီကိစ္စမျိုးထဲ နောက်တခါ မပါ၀င်ချင်ဘူး ပြောတယ်မဟုတ်လား၊ စုစုလည်း မယ်မယ်ဘုရား သိတော်မူသွားမှာ စိုးရိမ်တော်မူတာပဲ၊ အဲဒီတော့ ဘာပဲဖြစ်ဖြစ် သစ်သစ်ရယ်၊ ဒီရွှေပြားကို လက်ခံမထားတာဘဲ ကောင်းပါတယ်၊ သီပေါ မောင်တော်ဆီကိုသာ ဆက်ဆက်ပြန်ဆက်ချေပါ၊ သူ့ဟာနဲ့သူ စိတ်မချမ်းသာတော်မူရင်လည်း မတတ်နိုင်တော်မူပါဘူး၊ ကိုင်းကိုင်း ကြာရင်မကောင်းပါဘူး သစ်သစ်ရဲ့၊ မြန်မြန်သွားပေတော့"


မိန့်တော်မူကာ အထိန်းတော်ကြီး ခင်ဘွားသစ်အား မသွားမနေရအောင် အမိန့်တော်စကားဖြင့် တွန်းထိုးထုတ်လိုက်သလိုရှိသောကြောင့်် အထိန်းတော်ကြီး ခင်ဘွားသစ်လည်း ရွှေပြားကို ခြုံပဝါကြားတွင် လျှို့ဝှက်ယူဆောင်ကာ မျက်နှာမသာမယာနှင့် သီပေါမင်းသား စံတော်မူနေရာ နန်းဦးမှန်စီရွှေကျောင်းတော်ရှိရာသို့ ထွက်လာခဲ့ရှာလေသတည်း။


သီပေါမင်းသားမှာ ထိုအချိန် ထိုအခါတွင် လိုအင်ဆန္ဒရှိတော်မူရာ အာသာစွဲငြိတော်မူခဲ့သည့် ထိပ်စုဖုရားအတွက် အားတက်ရွှင်လန်းဖွယ်ဖြစ်သော သတင်းစကားတို့ကို ကြားတော်မူလိုလှသော အခိုက်အတန့်ဖြစ်သောကြောင့် အထိန်းတော်ကြီး ခင်ဘွားသစ်ကိုသာ မျှော်မှန်းတမ်းတတော်မူနေဆဲ ဖြစ်သည့်အတိုင်း စာတော်များကိုပင် ကောင်းစွာ ကျက်မှတ်တော်မမူနိုင်ဘဲ အမျှော်ကြီး မျှော်တော်မူနေစဉ် မျက်နှာမသာမယာနှင့် ၀င်လာသော အထိန်းတော်ကြီး ခင်ဘွားသစ်ကို မြင်တော်မူလေရာ သီပေါမင်းသားမှာ ရုတ်တရက်အားဖြင့် စိတ်အားပျက်တော်မူသွားပြီး သက်ပြင်းကြီးတချက်မျှ ရှူချတော်မူလိုက်ကာ မသာမယာသောမျက်နှာနှင့် တွေတွေကြီး ခေါင်းငုံ့ခစားနေသော အထိန်းတော်ကြီးမျက်နှာကို စိတ်ပျက်စွာ ရှုစားတော်မူလိုက်လျက်


"မျက်နှာမကောင်းပါလား အထိန်းတော်ကြီးရဲ့၊ ဘယ့်နှယ်အကြောင်းကိစ္စများ ဖြစ်ပေါ်လာပြန်သလဲ၊ စုစုထံတော်ကို ဆက်သလိုက်တဲ့ ကိုယ်တော်ရဲ့စာလွှာအတွက် အရေးမရ အမျက်တော်အရှခံရပြီ ဆိုပါတော့၊ ကိုယ်တော်လည်း အစကတော့ ချီတုံချတုံနှင့် အရေးမသာပုံ ပေါ်မယ်ထင်ပြီး အစဉ်းစားကြီး စဉ်းစားတော်မူနေတာပါပဲ၊ အထိန်းတော်ကြီးကလည်း စုစုအတွက် ဘာမှအခက်အခဲမရှိလေဟန်နှင့် အတန်တန် အားပေးလွန်းလို့ စွန့်စွန့်စားစားနဲ့ ရွှေပြားကို ဆက်လိုက်မိတာပဲ အထိန်တော်ကြီးရဲ့၊ ဘယ့်နှယ်လဲ ကြောင်းရာကုန်စင် သံတော်ဦးတင်စမ်းပါ၊ ရွှေလွှာအတွက် စုစုက ဘယ်လိုမိန့်တော်မူသလဲ အထိန်းတော်ကြီးရဲ့"


မေးတော်မူရာ ခင်ဘွားသစ်လည်း သက်ပြင်းကြီးချလျက် ရွှေပြားကို မင်းသားလက်သို့ ပြန်ဆက်ကာ


"အထူးအထွေတော့ မိန့်တော်မူလိုက်ခြင်းမရှိပါ၊ ရွှေပြားကိုဆက်တဲ့အတွက်လည်း အမျက်တော်မူခြင်း မရှိပါ၊ သို့ရာတွင် မယ်တော်ဘုရား သိတော်မူမည်ကို ကြောက်ရွံ့စိုးရိမ်တော်မူတဲ့အတွက် ကိုယ်တော်မြတ်ဖျားရဲ့ ရွှေလွှာတော်ကို လက်မခံဝံ့သဖြင့် လက်တော်ရောက် ပြန်ဆက်ချေလို့ ပေးခိုင်းလိုက်သောကြောင့် သခင့်အမိန့်အတိုင်း မဆိုင်းဝံ့၍ ကိုယ်တော်ဖျားကို ကြောက်ရွံ့လျက်နဲ့ ရောက်လာရကြောင်းပါဘုရား"


လျှောက်တင်လေရာ သီပေါမင်းသားမှာ အနည်းငယ် သက်သာရာရသကဲ့သို့


"သြော်.... ထွေထွေထူးထူး အမျက်တော်မထားဘူးဆိုရင်လဲ တော်သေးရဲ့လို့ဖြေရမှာပဲ အထိန်တော်ကြီးရဲ့၊ နို့ ကိုယ်တော် ရေးပေးတော်မူလိုက်တဲ့ ရွှေလွှာကိုတော့ စုစု ရှုစားတော်မူသေးရဲ့လား"


"အရှင်ကိုယ်တော်ဖျား ရေးသားတော်မူလိုက်တဲ့ လေးထပ်ကို အစအဆုံး ရှုစားတော်မူပါတယ်ဘုရား၊ မေတ္တာတုံ့ပြန်တော်မူမယ် မမူဘူးဆိုတာကိုလည်း သဲသဲကွဲကွဲ မိန့်တော်မူခြင်းမရှိသေးပါ၊ ဒီရွှေလွှာကိုသာ မယ်တော်ဖျား မတော်မဆ တွေ့မြင်တော်မူသွားမှာ စိုးရိမ်တဲ့အတွက် အလျှင်အမြန် ပြန်ပြီး အဆက်ခိုင်းလိုက်ပါသည် ဘုရား"


တင်လျှင် သီပေါမင်းသားလည်း မိမိကိုယ်တော်တိုင် ရေးပေးတော်မူလိုက်သော ရွှေလွှာကို ပဝါမှ ဖြေတော်မူရင်း


"အရေးမသာတော့ ရှက်စရာလည်း ခပ်ကောင်းကောင်းပဲ အထိန်းတော်ကြီးရဲ့၊ အင်း.... အစက ကျုပ်ဟာကျုပ်နေတာ အကောင်းသား၊ အထိန်းတော်ကြီးတို့ လာကြတာနဲ့ ခုလိုဒုက္ခမျိုး တွေ့ရတာပဲနော်"


မိန့်တော်မူရင်း ပဝါတွင်းမှပေါ်လာသော ရွှေပြားကလေးကို ပြန်လည်ရှုစားတော်မူလိုက်ရာ ညိုးငယ် နွမ်းလျနေသော ပန်းအသွင်၊ မလန်းမရွှင်ဖြစ်နေသော သီပေါမင်းသား၏မျက်နှာတော်မှာ ရာဟုခံတွင်းမှ လွတ်ကင်းသော လ၀န်းကဲ့သို့ ပရွှင်းသာသာ ရုတ်တရက် ရွှင်လန်းတော်မူလာလျက် မျက်လုံးတော်နှစ်ဖက်မှာလည်း အရောင်တွေလျှမ်းတက်၍ ၀င်းလက်ထိန်ကြည် ပြုံးရီတော်မူလိုက်လာ၏။


အနီးအပါးမှ ၀မ်းနည်းစွာ ခစားနေသော အထိန်းတော်ကြီးခင်ဘွားသစ်လည်း သီပေါမင်းသား၏ ထူးခြားရွှင်လန်းတော်မူချက်ကို အံ့အားသင့်လျက် ထူးခြားချက်ကို စောင့်စား ကြည့်ရှုနေမိ၏။


သီပေါမင်းသားသည် လက်တော်ထဲကရွှေပြားကို စိတ်အားထက်သန်စွာ ရှုစားတော်မူနေသည်ကို တွေ့မြင်ရသောကြောင့် အနီးအပါးမှ မျက်နှာထားခပ်ပျက်ပျက်နှင့် လက်ယှက်ခစားနေသော အထိန်းတော်ကြီး ခင်ဘွားသစ်လည် ပိုမို၍ အံ့အားအသင့်ကြီးသင့်ကာ မူလရွှေလွှာတော်မှ သီပေါမင်းသားကိုယ်တော်တိုင် ရေးတော်မူထားသော တေးထပ်ဖြစ်၍ ယခုကဲ့သို့ ထူးခြားရန်အကြောင်းများ မရှိသောကြောင့် တစောင်းတစိက တိတ်တခိုးမျက်လုံးဖြင့် ချောင်းကြည့်လိုက်သောအခါလည်း ရွှေပြားတွင် သေးငယ်စွာရေးထားသော စာလုံးများကို ကွဲပြားစွာမမြင်သဖြင့် မင်းသား၏ထူးခြားခြင်းကို သိခွင့်မရနိုင်အောင် ရှိနေ၏။


ရွှေပြားပေါ်က စာများကို အစအဆုံး တပြုံးပြုံးနှင့် ရှုစား၍ အားမရနိုင်၊ ကိုင်ရာက မချရက်၊ ဆက်ကာဆက်ကာ အကြိမ်ကြိမ်အဖန်ဖန် အပြန်ပြန်အထပ်ထပ် ရှုစား၍မငြီးအောင် ဖြစ်တော်မူနေရာ ခင်ဘွားသစ်မှာလည်း ၀မ်းမြောက်ဖွယ်သတင်းဟု ရိပ်မိသည်နှင့်တစ်ပြိုင်တည်း အောင့်အီးချုပ်တီး၍ မထားနိုင်တော့ဘဲ


"အရှင်ကိုယ်တော်ဖျား၊ မျက်နှာတော်တပြုံးပြုံးနှင့် နှလုံးကြည်တော်မူချက်ကို ထက်အောက်ဖြစ်တဲ့ ကျွန်တော်မျိုးမလည်း နည်းနည်းပါးပါး၀မ်းသာရမည့်အကြောင်းပါလားဘုရား"


လျှောက်ထားလိုက်သည်တွင် သီပေါမင်သားလည်း လက်ထဲက ရွှေလွှာတော်ကို ယုယစွာ ကိုင်တော်မူလျက်က


"သြော်...ဟုတ်ပါရဲ့၊ မျှော်လင့်ချက်အကွက်မလည်သဖြင့် အားငယ်နေတော်မူရဆဲ မထင်ဘဲနဲ့ ဘွားခနဲ ၀မ်းမြောက်အားတက်စရာ တွေ့နေရသလို အထိန်းတော်ကြီးကို မေ့နေတော်မူလိုက်တာ၊ ဒီမှာကြည့်ပါဦး အထိန်းတော်ကြီးရဲ့"


"ကျုပ်က စုစုကို ဆက်လိုက်တဲ့ရွှေပြားကို မယ်တော်ဖျား မြင်တော်မူသွားမှာ စိုးရိမ်တဲ့အတွက် စုစုက လက်မခံဝံ့လို့ ကျုပ်လက်ကို ပြန်ဆက်လိုက်တယ်ဆိုတဲ့ မူလရွှေလွှာတော် မဟုတ်ပါကလား၊ စုထားနဲ့သစ်သစ်က ကိုယ်တော့်အချစ်ကို စမ်းချင်လို့ တပေါက်တလမ်း ဥာဏ်ဆင်ပြီး လုပ်လိုက်ကြတာလား၊ ကြည့်စမ်း အထိန်းတော်ကြီး၊ ရွှေနန်းပေါ်မှာကြီးရတဲ့ အထက်တန်းမင်းသမီးရယ်လို့ မပြောရဘူး၊ အစီအကုံးအနှုန်းအဖွဲ့ တကယ့်ကို ချီးမွမ်းလောက်ပါပေတယ်"


မိန့်တော်မူကာ လက်တော်တွင် မြတ်နိုးစွာ ကိုင်တော်မူထားသော ရွှေလွှာတော်ကို ခင်ဘွားသစ်လက်သို့ လှမ်း၍ သနားတော်မူလိုက်သောအခါ အကြောင်းကို ရေလည်စွာ မသိရသေးသော အထိန်းတော်ကြီး ခင်ဘွားသစ်လည်း မိမိလက်ထဲသို့ ရောက်လာသော ရွှေလွှာတော်ကို စိတ်အားထက်သန်စွာ ဖတ်ကြည့်လိုက်သောအခါ


"မြတောင်မြို့စား ထိပ်စုဖုရားလတ်က သီပေါမင်းသားထံတော်သို့ ပထမဦးစွာ ရေးသားပေးပို့တော်မူသော တေးထပ်"

    

မြကေသာ ထွာခန့်က

ခါဝံ့လို့ကြင်ဟန်

ကြာတနန့်ပင်စံမှာ

ဘုရင်ခံထက်​ရွေ့။


နန်းမွေရ အပြီးယူတယ်

ငွေထီးဖြူပွင့်လိမ့်ဘအေ့။


ရွှေသစ္စာ ယခုမူလျှင်

ကမ္ဘူ့သူယနေ့

စုတဆူ ကလေ့က၊

မမေ့ပေါင်နော်နော်။


နတ်ဆိုတာအနန္တကိုလ၊

တင်ပင့် ဆွေနှင့်ပျော်ပျော်။


မြင်သမျှအရေးကိုဖော်မယ်၊

လေးတင်တော်မူတတ်ကဲ့၊

လောင်းသိဒ္ဓတ် ပွင့်လျာနှယ်၊

အောက်မေ့လို့ရွယ်။


ရှိခိုးချ ပူဇော်လှယ်တယ်၊

ယသော်မယ်လိုပဲ ဖျလေး။      


ဟူသော တေးထပ်ကို ထိပ်စုဖုရား လက်ရေးတော်ဖြင့် ရွှေလွှာပေါ်တွင် တွေ့မြင်ရသောအခါ ခင်ဘွားသစ်မှာလည်း သီပေါမင်းသားကဲ့သို့ပင် ပြုံးရွှင်၀မ်းမြောက်လာပြီးလျှင် တဖန်လည်း ထိပ်စုဖုရားက မိမိအား ဥပါယ်တံမျဉ်ဖြင့် ဟုတ်တိပတ်တိ လှည့်စားတော်မူချက်ကို အမိခံရသည့်အတွက်လည်း မခံချည့်မခံသာကြီးဖြစ်ရကား


"အို... ကြည့်စမ်းပါဘုရား၊ အရှင်ထိပ်စုမြတ်ဖျား အတော်ဥာဏ်များတော်မူပါပေတယ်၊ ဘုရားကျွန်မမှာဖြင့် အရှင်ကိုယ်တော်မြတ်ဖျားထံတော်က ရွှေလွှာတော်ရယ်လို့ ပြန်ဆက်ရမှာ စိတ်အားငယ်ငယ်နဲ့ ယူခဲ့ရပါတယ်၊ ယခု ကိုယ်တော်ဖျား လက်တော်မှတဆင့် သနားတော်မူလို့ မြင်မှပဲ ထိပ်စုမြတ်ဖျားက မေတ္တာတော်ပြန်ကြားလိုက်တဲ့ ရွှေလွှာတော်ဖြစ်ကြောင်း သိရပါတော့တယ်၊ ဒီအတိုင်းဆိုလျှင် ဘုရား ကျွန်တော်မျိုးမ အကျိုးတော်ဆောင်ရွက်ရကျိုးနပ်ပါပြီဘုရား၊ ယခုမှ ရင်ထဲကဆို့နေတဲ့ အလုံးကြီးလည်း ကျသွားပါတော့တယ်"


အားရရွှင်လန်း မျက်နှာခပ်ရွှမ်းရွမ်းနှင့် လျှောက်တင်လိုက်ရာ သီပေါမင်းသားမှာလည်း စုဖျားထံတော်မှ မေတ္တာတော်နွယ်ညွန့် မြူးကွန့်ယိမ်းညွတ်တော်မူကြောင်း ရွှေလွှာတော် တေးထပ်များကို အားရရွှင်လန်း ပီတိတော်တဖြန်းဖြန်းနှင့် မနားတမ်းအပြန်ပြန် ရှုစားတော်မူ၍နေပြန်ရာ အထိန်းတော်ကြီးမှာ ပိပိရိရိနှင့် မိမိကို တပတ်ရိုက်လွှတ်တော်မူလိုက်သော ထိပ်စုဖျားအား မကျေမချမ်း မရိုးမရွကြီးဖြစ်နေကာ


"ရွှေကိုယ်တော်ဖျား နားခွင့်မရအောင် ရှုစားတော်မူလှပါတကား၊ ဖျားကျွန်တော်မျိုးမကိုလည်း လျှောက်တင်ခွင့်ပေးတော်မူပါဦး၊ မုန်းဖို့ကောင်းတဲ့ အရှင်ထိပ်စုမြတ်ဖျားကဖြင့် ဖျာ့ကျွန်မကို အားကြီး နှိပ်စက်တော်မူနေတာပဲ ဘုရား"


လျှောက်တင်လျှင် မင်းသားလည်း ပြုံးတော်မူလျက်က


"ဪ.. ဒီစုစုက အထိန်းတော်ကြီးကို ဘယ်နည်းဘယ်ပုံ စိတ်ဆင်းရဲအောင် ညှဉ်းဆဲတော်မူသတုံး"


"ကိုယ်တော်ဖျားထံတော်က ရွှေလွှာတော်ကို စုစုလက်တော်ဆက်တုန်းကလည်း သဲသဲမဲမဲရွာတော့မဲ့ မိုးခဲကြီးလိုပဲ တကတည်း စကားလည်းဆုံးရော ဗြုန်းခနဲ အမျက်တော်ရှပြီး မယ်တော်ဖျား သွားတိုင်မယ်ဆိုတဲ့ဟန်မျိုးလုပ်ပြီး ဘုရားကျွန်မ အသည်းနှလုံးကို ပြုတ်တော့မလောက် တုန်လှုပ်ချောက်ချားသွားအောင် ကျီစားတော်မူပါတယ်၊ ယခုလည်း မောင်တော်ဖျားကို ဟောဒီရွှေလွှာကလေးသွားပြီး ဆက်ချေပါလို့ သိသိသာသာ ခိုင်းစေတော်မူလိုက်ရင် ဖျာ့ကျွန်မကပါ ၀မ်းသာပြီး ကိုယ်တော်ထံ မြန်မြန်ကြီး ပြေးမလာရပါလားဘုရား၊ အစက ဒီလိုမှန်းမသိလို့ ကိုယ်တော်ဖျားထံ သံတော်ဦးတင်စရာသတင်းကောင်း မပါတဲ့အတွက် ရုတ်တရက် အခစားမလာဝံ့ဘဲ တရွံ့ရွံ့နဲ့ ကျောတွန့်နေမိလို့ အချိန်အပုံကြီး နောက်ကျသွားရပါတယ်ဖျား၊ ဒီစုဖျားကို များများကြီး ဆုံးမပေးတော်မူပါဘုရား"


ရယ်လား မောလားနှင့် လျှောက်ထားလေရာ သီပေါမင်းသားမှာလည်း များစွာ ရွှင်လန်းတော်မူလျက်က


"မလုပ်ပါနဲ့ဗျား၊ စုစုက ခပ်ဆိုးဆိုးခပ်နွဲ့နွဲ့ နေတော်မူတတ်ရှာလို့ ဇွဲမျိုးခံစရာရှိရင် ကျုပ်ကသာ ခံရမှာပါ၊ အထိန်းတော်ကြီးတို့သားအမိစပ်ကြားက ကျုပ် ဗျာများမနေပါရစေနဲ့၊ လိုရင်းမှာတော့ ကျုပ်ကို စုစုက မေတ္တာတော်တုံ့ပြန်တာသာ ပဓာနပါ၊ ရွှေသစ္စာနှစ်ကုံးပြိုင်ပြီး ဘုန်းနှစ်ခိုင်အတူပွင့်ကာမှ ကူပင့်စောင့်မတဲ့ ဂုဏ်ကျေးဇူးကြီးကိုထောက်လို့ ကျုပ်တို့အထိန်းတော်ကြီးတယောက်ကိုဖြင့် စိတ်ရှိသလောက် ချီးမြှင့် သူကောင်းပြုတော်မူဖို့ စိတ်တော်ထဲမှာ အမြဲရည်ရွယ်တော်မူထားလျှက်ပါ၊ ဒါထက် စုစုရေးပေးတော်မူတဲ့ တေးထပ်က အနက်အဓိပ္ပာယ် တယ်ပြီးလေးနက်ပါကလား အထိန်းတော်ကြီးရဲ့၊ ထပ်ပြီး ဖတ်ကြည့်စမ်းပါဦး၊ ကိုယ့်သခင် ကိုယ်တော်တိုင်ရေးတော်မူတဲ့ စာဖြစ်တဲ့အတွက် အထိန်းတော်ကြီးက ကျုပ်ထက်ပိုပြီး အဓိပ္ပာယ်ပေါ်အောင် ကောက်ပေးနိုင်လိမ့်မယ် ထင်တော်မူမိတယ်၊ စုစုက ဘယ်လိုရည်ရွယ် ရေးသားတော်မူတယ်ဆိုတာ ပိဏ္ဍတ္ထ အဓိပ္ပာယ်ကောက်ပြီး ရေရေလည်လည် လျှောက်တင်တော်မူစမ်းပါ အထိန်းတော်ကြီး"


မိန့်တော်မူကာ ရွှေလွှာတော်ကို ထိုး၍ပေးတော်မူလိုက်ပြန်သောကြောင့် ခင်ဘွားသစ်လည်း ရွှေလွှာတော်ကို ဒုတိယအကြိမ်မြောက် ဖတ်ရှုပြီးလျှင်


"ဖျာ့ကျွန်မ မှန်သည်ဟု ထင်သလောက်၊ အဓိပ္ပာယ်ကောက်၍ သံတော်ဦးတင်ပါမည်၊ ရွှေနား ဆင်တော်မူပါဘုရား၊ အစပထမ ရွှေကိုယ်တော်ဖျားထံမှ ပေးသနားတော်မူလိုက်တဲ့ တေးထပ်ရွှေလွှာတော်မှာ အရှင်ထိပ်စုမြတ်ဘုရား စန္ဒာရွှေ၀န်းကဲ့သို့ တင့်ရွှန်းသောမျက်နှာတော်ကို ကိုယ်တော်အရှင်ဖျားက တစိမ့်စိမ့်မြင်တော်မူလျက် ရွှေနန်းတော်ကြီးထက်မှ ရွှေပဟိုရ်သံနှက်လိုက်သည့်အခါတိုင်း တသက်သက် လွမ်းစ ပေါ်တော်မူကာ ကြင်နာတော်မူသော မေတ္တာစေတနာတော်တွေကလည်း တအိမ့်အိမ့် တလိမ့်လိမ့်၊ တငြိမ့်ငြိမ့် တလေးလေး၊ တဖြည်းဖြည်း ပွားများတော်မူနေရသည့်အတွက် ပထမကျော် အထက်စခန်းကို တက်လှမ်းတော်မူစရာ သင်အံ ကျက်မှတ်တော်မူနေရတဲ့ ရွှေစာတော်များလည်း အရှင်စုဖျားကို စွဲလမ်းတမ်းတ လွမ်းအားတော်ပိုရတဲ့အတွက် အမေ့မေ့အလျော့လျော့ အပေါ့ပေါ့အပျက်ပျက် ဖြစ်နေတော်မူရကြောင်းများကို အရှင်ထိပ်စုဖျား သိရှိတော်မူရတဲ့အခါ "တဦးမေတ္တာ တဦးမှာ၊ မေတ္တာရစ်ဆင့် ချစ်ပန်းပွင့်" ဆိုဘိသကဲ့သို့ ရွှေမေတ္တာညီမျှ၍ ပီယဓာတ်ခံချင်း အရည်တူနေသည့်အတွက် ယခုရွှေလွှာတော်ကို ပြန်၍ပေးဆက်ခြင်း ပြုတော်မူတာပဲလို့ ဘုရာ့ကျွန်တော်မျိုးမ အကဲခတ်ပြီး အတပ်ဟောဝံ့တဲ့အပြင် ရွှေလွှာတွင် ရေးသားပါရှိသည့် အဓိပ္ပာယ်များမှာလည်း ကိုယ်တော်မြတ်ဖျားက စွဲလမ်းချစ်ခင်တော်မူသကဲ့သို့ပင် ဖျားကျွန်မတို့ရဲ့ အရှင်ထိပ်စုမြတ်ဖုရားကလည်း နုဂေါရီကညာအရွယ်၊ ခပ်ငယ်ငယ်ကပင် ချစ်ခင်တော်မူနေသယောင်ယောင် စကားကို အနိုင်လုပြီး သူ့အချစ်တုံ့ပြန်ကြောင်း၊ သိစေတော်မူလိုက်တဲ့အပြင် အရှင်ကိုယ်တော်ဖျားကိုလည်း ရာထူးရာခံကြီး ဘွဲ့မည်ရည်ကြီးရှိတဲ့ တကယ့်ဘုရင်ခံ မင်းသားကြီးများကဲ့သို့ ထင်မှတ်တော်မူကြောင်း အရှင်ထိပ်စုဖျား ထင်တော်မူသလိုပင် အရှင်ကိုယ်တော်မြတ်ဖျားရဲ့ ဘုန်းကံပါရမီတော်များကလည်း နန်းမွေထီးမွေကို အပြီးယူနိုင်အောင် ထီးဖြူတော်ဖွင့်ပေးရပါလိမ့်မည်ဖြစ်ကြောင်း၊ အရှင်စုဖျားကို ကိုယ်တော်မြတ်ဖျားက မလွဲမသွေ မေတ္တာရေမခြောက်တမ်းဟု သစ္စာပန်းဆင်တော်မူပါလျှင် ကမ္ဗူ့ထီးတော်အုပ်မိုး၍ ကြီးပွားတော်မူရသော အရှင်ထိပ်စုဖျားကလည်း ကိုယ်တော်အား နေ့စဉ်နှင့်အမျှ မေ့တော်မူမည်မဟုတ်ဘဲ အထက်သိကြား၊ အောက်နတ်များကို ပူဇော် ပသပြီး အရှင့်အတွက် အစစအရာရာ အောင်စေရာ အောင်စေကြောင်းကို ဆုတော်တောင်းလျက် နေတော်မူပါမည်ဟု ဆိုလိုရင်းပါဘုရား"


အားရစွာ လျှောက်တင်လျှင် သီပေါမင်းသားလည်း များစွာ ၀မ်းမြောက်တော်မူလှသည်နှင့်


"ချစ်သူမို့ မြှောက်စားတယ်လည်း မထင်လိုက်နဲ့ အထိန်းတော်ကြီးရယ်၊ စုစု တယ်လိမ္မာတော်မူပါတကား၊ ကိုယ်တော်ဖျားမှာ အရွယ်တော်ကလည်း ငယ်ငယ်မို့ ထည်ထည်ဝါ၀ါ သားသားနားနား မင်းသားဆိုတဲ့အရှိန်နှင့် တထိန်ထိန်တန်ခိုးဖြာနေတဲ့ နောင်တော့် နောင်တော်ကြီးများအကြားမှာ မထင်မရှား သာမန်မင်းသားကလေးတပါးအဖြစ်နှင့် နေတော်မူလာခဲ့ရတာ လွန်ခဲ့တဲ့တနှစ်နှစ်နှစ်ကမှ ပထမပြန်ပွဲ ၀င်နွှဲတော်မူလိုက်တဲ့အတွက် သားတော်ကလေးတပါးရယ်လို့ ထင်ရှားလာတော်မူကာမျှနှင့်ပင် အထိန်းတော်ကြီးတို့ အရှင်ထိပ်စုဖျားက ကျုပ်ကို တကယ့်ဘုရင်ခံမင်းသားကြီး ထင်မှတ်ပြီး အထပ်ထပ် ကြည်ဖြူတော်မူပါတယ်လို့ ရွှေဥာဏ်တော်ကလေးကွန့်ပြီး အညွှန့်နှင့် အားပေးတော်မူလိုက်တာများ အလွန်တရာမှ အားတက်တော်မူပါတယ်၊ ဒီက ကိုယ်တော်မှာလည်း တကယ်ဆိုတော့ အစစအရာရာ စုစုတို့မယ်တော်ဖျားကိုသာ အားကိုးတော်မူရမှာမို့ စုစုတို့မယ်တော်ဖျားက ကျုပ်ကို ကြည်သာတော်မူဖို့ တခုကိုပဲ ခဲယဉ်းပါတယ်၊ တကယ့် တကယ်ဆိုတော့လဲ ကြည်ဖြူတော်မူလိမ့်မယ်လို့ ထင်တာပဲလေ"


"မှန်လှပါ၊ ယခုအခါ တောင်နန်းမဒေဝီ မဟေသီမိဖုရားခေါင်ကြီးဖုရား၊ နတ်ရွာကြွသွားတော်မူပြီးဖြစ်တဲ့အတွက် အထွတ်အထိပ်သို့တက်ရမည့် မိဖုရားကြီးမှာ စုစုတို့မယ်တော်ဖြစ်တဲ့ အလယ်နန်းမတော်ဖုရားသာလျှင် ဖြစ်တော်မူပါသောကြောင့် မဟေသီအခေါင် တောင်ညာဥက္ကဠ်၊ နန်းလုံးနယ်မြတ်ဖြစ်တော်မူသော အလယ်နန်းမတော်ဖုရားကြီးသမီးတော်များမှာလည်း ယခုထက် ထူးကဲထင်ပေါ် မျက်နှာတော်ပွင့်လန်း ဘုန်းပန်းပျံ့လှိုင်တော်မူကြပါလိမ့်မည်ဘုရား"


"မှန်ပေရဲ့ အထိန်းတော်ကြီး၊ မိကြီးတော် စကြာဒေဝီ မဟေသီမိဖုရားခေါင်ကြီး နတ်ရွာစံသဖြင့် အရိုက်အရာခံ၍ တောင်နန်းစံစား မိဖုရားဖြစ်သင့်၊ ဂုဏ်ကြီးမြင့်သူမှာ စုစုတို့မယ်တော် အလယ်နန်းမတော်မိဖုရားကြီးတပါးသာ ရှိပေတယ်၊ သားတော်ကြီးများ၏မိခင်ဖြစ်ကြတဲ့ အချို့မိဖုရားကြီးများ ရှိကြတယ်ဆိုပေတဲ့ စုစုရဲ့မယ်တော်ဖျားကို ကျော်လွှားလို့ မမြှောက်စားသာဘူးလို့ ကျုပ်ထင်တော်မူတယ်၊ ထီးဖြူတော်အောက်မှာ သစ်နက်ရေခံပြီး ရွှေလင်ပန်းနှင့် အချင်းသန့်စင် မီးရှူးတော်မြင်ခဲ့ရတဲ့ ဘိုးတော်မှန်နန်းရှင်ဘုရား၏ မိဖုရားခေါင်ကြီးမှ ဖွားတော်မူခဲ့တဲ့ သမီးတော်ကြီးတပါးပါပေကလား။ မိကြီးတော် စကြာဒေဝီမိဖုရားကြီးကို မလွန်ဆန်နိုင်ရှာလို့သာ မိဖုရားခေါင်ကြီး မဖြစ်ရရှာဘဲ ရှိတော်မူရတယ်"


"မှန်ပါဘုရား၊ နောင်အနာဂတ်အရေး တွေးတောစဉ်းစားလိုက်မယ်ဆိုပါလျှင် ဖျာ့ကျွန်မတို့ အရှင်သခင်များ တနေ့တခြား ဘုန်းပန်းပွင့်၍ ပျော်ခွင့်မော်ခွင့် ကြုံတော်မူကြတဲ့ အရိပ်အယောင်များသန်းပြီး ရွှေနန်းတော်ကြီးတစ်လျှောက်မှာ တေဇောတော် တောက်လင်းကြတော့မည်ထင်ပါသည်၊ ကိုယ်တော်အရှင်မြတ်ဖျားလည်း စာတော်ထဲမှာ စိတ်တော်ထားလို့ ဒီတနှစ် ကြိုးစားတော်မူပြီးတဲ့နောက်..."


ခင်ဘွားသစ်မှာ စကားမဆက်ဝံ့သဖြင့် ခပ်ရွံ့ရွံ့ဖြစ်နေရာ သီပေါမင်းသားလည်း ပြုံးရီ ရှုစားတော်ရာက


"ဘယ့်နှယ်လဲ၊ ဆက်ပြောပါဦးဗျာ၊ အထိန်းတော်ကြီးစကားက တပိုင်းတစနဲ့"


"မဝံ့သဖြင့် ရွံ့နေမိကြောင်းဘုရား"


"ဪ... ကိုယ်တော်သိပါပြီလေ၊ ဒီနှစ် ပထမကြီး ပြန်ဆိုတော်မူပြီးတဲ့နောက် လူ၀တ်မလဲသေးဘူးလားလို့ မေးချင်တယ်မဟုတ်လား၊ လဲမှာပေါ့ဗျာ၊ စုစုကို သံယောဇဉ်မတွယ်မိရင် ဘယ်အရွယ်အထိ သင်္ကန်း၀တ်နေမိမယ်ဆိုတာ အပိုင်းအခြားမပြောနိုင်ပေတဲ့ ခုတော့ ချစ်ခင်တော်မူစရာ စုစုဆိုတဲ့ သံယောဇဉ်ကလေးက ငြိလာတော့ ဘယ်ကြာကြာ နေနိုင်လိမ့်မတုံး၊ ဗြုန်းခနဲ လူ၀တ်လဲပြီး တခါတည်းသာ စုစုအဆောင်တော် ပြေး၀င်လိုက်ချင်မိသပေါ့၊ သို့ပေမဲ့ မဖြစ်နိုင်သေးတဲ့ အခိုက်မို့ စာပြန်ပွဲကြီးမပြီးမီအတွင်း ပျင်းပျင်းနဲ့ စာကျက်နေရဦးမှာပဲ အထိန်းတော်ကြီးရဲ့"


"မှန်ပါ၊ 'ဆင်ပြောင်ကြီး အမြီးကျမှတစ်' ဆိုသလို မဖြစ်ရအောင် ကြိုးစားတော်မူပါဘုရား၊ စုစုတို့ မယ်တော်ဖျားကလည်း အရှင်ကိုယ်တော်မြတ်ဖျား ပထမပြန်ဆိုပွဲ ၀င်နွှဲတော်မူပြီး ဘုန်းတော်ကြီးလှတဲ့ မင်းတရားကြီးဘုရား၏ ချီးမွမ်း မြှောက်စားတော်မူခြင်းခံရပြီးကတည်းက ဒါမှသား၊ ဒီလိုသားမှသား၊ ဒီမင်းသားကလေးဟာ ငါ့သားပဲ ဖြစ်ပါစေတော့ဆိုတာ အခါခါ ချီးမွမ်းနေတော်မူတယ်လို့ ကြားရပါတယ်ဘုရား"


"ဒီတော့ မယ်တော်ကြီးဘုရား မချစ်ခင် မကြည်ဖြူမှာကို အတွေးတော်ပိုပြီး ပူပန်စိုးရိမ်တော်မူဖို့ မလိုဘူးလို့တောင် ထင်ပါတယ်၊ သို့သော်လည်း မင်း၏ အရိပ်အခြေဆိုတာ စိတ်ရှည်ရှည်နဲ့ စောင့်စား အကဲခတ်ရမြဲဖြစ်တဲ့အတွက်သာ အရာရာမှာ 'သိသာသိစေ မမြင်စေနဲ့၊ မြင်သာမြင်စေ မသိစေနဲ့' ဆိုသလို သိုသိုသိပ်သိပ်နှင့် ခပ်ကြိတ်ကြိတ် ကြံစည်တာ အကောင်းဆုံးမို့ ဖုံးတန်သလောက်ဖုံး၊ ကွယ်တန်သလောက် ကွယ်ပြီး အလွယ်တကူ လူမရိပ်မိစေရန် ဟန်မပျက်စေခြင်းသာလျှင် ကောင်းမွန် သင့်မြတ်လှပါသည် ဘုရား"


"အင်း... အလိမ္မာဓာတ်ခံ ရင့်သန်တော်မူတဲ့ စုထားရဲ့အထိန်းတော်ကြီးရယ်လို့ မပြောရဘူး၊ အထူးသဖြင့် အမြော်အမြင်ကြီးပါပေတယ်၊ ကိုယ်တော်လည်း ဘယ်နည်းနှင့်မဆို ယခုရက်နီးကပ်လာတဲ့ စာတော်ပြန်ပွဲမှာ နောက်ဆုံးအကြိမ်အခါဖြစ်တဲ့အတွက် ဆက်လက်အောင်မြင်သွားရအောင် စုထားစိတ်ကို အသာဖြေပြီး စာတော်တွေ ကြိုးစားကျက်တော်မူလိုက်ဦးမှပဲ၊ ဒီတကွေ့အောင်ခဲ့ရင် နောင်အတွက် စိတ်အေးတော်မူရပြီ အထိန်းတော်ကြီးရဲ့"


"မှန်လှပါ၊ ရွှေဥာဏ်ရှင် ဆင်ခြင်တော်မူနိုင်တဲ့အတိုင်း ကြိုးစားတော်မူပါဘုရား"


"ကဲ...ကဲ...ကောင်းလှပြီ အထိန်းတော်ကြီး၊ ပြန်လိုက ပြန်နိုင်ပြီ၊ သို့သော် စုစုဆီကို ရွှေလွှာတော်တစောင် နောက်ထပ်ဆက်ချင်သေးတဲ့အတွက် အထိန်းတော်ကြီး အပြင်က ခေတ္တစောင့်ပေဦး၊ ကျုပ် အတွင်းဆောင်တော်မှာ ရွှေလွှာကို စဉ်းစားစိတ်ကူးပြီး ရေးတော်မူလိုက်ပါရစေ"


"မှန်လှပါ၊ အမိန့်တော်အတိုင်း စောင့်ပါမည်ဘုရား၊ ရွှေလွှာတော်ကိုသာ ရေးသားတော်မူပါ"


"ကောင်းပြီ...ကောင်းပြီ၊ ဪ... မင်းသားဆိုပေတဲ့ လူပျိုတော်တွေ၊ ကိုယ်ရံတော်တွေနဲ့ ခမ်းခမ်းနားနား ခံစားနေတဲ့ အခိုက်အတန့်မဟုတ်ဘဲ သာသနာ့ဘောင်မှာ ရဟန်းသာမဏေအဖြစ်နဲ့ ကျစ်ကျစ်လျစ်လျစ် နေတော်မူတဲ့အချိန်ဆိုတော့ တဆင့်ခိုင်းစရာ စာရေးတော်တို့၊ စာတော်ဖတ်တို့ မရှိတဲ့အတွက် ကိုယ်တော်တိုင်ပဲ ရေးရပေမယ်၊ အနို့ပြီး ကိုယ်တော့်စိတ်တော်ကလည်း ချစ်ခင်ကြင်နာတော်မူတဲ့ စုစုအတွက်မို့ ကိုယ့်လက်တော်နဲ့မှ စိတ်တိုင်းကျကျ ရေးပေးတော်မူချင်တဲ့ဆန္ဒရှိတယ် အထိန်းတော်ကြီးရဲ့၊ ကိုင်း... ဒီမှာနေရစ်ပေဦးတော့"


မိန့်တော်မူကာ ကျောင်းခန်းထဲသို့ ၀င်တော်မူသွားပြီးလျှင် အလွှာတော်ရွှေပြား၌ တေးထပ်နှင့် သံထောက်များကို ရွှေဥာဏ်တော်ကစားပြီး စိတ်အားထက်သန်စွာ ရေးသားတော်မူလျက်ရှိလေ၏။ 


အပြင်တွင် တကိုယ်တည်း စောင့်စားနေထိုင်ခဲ့သော အထိန်းတော်ကြီး ခင်ဘွားသစ်လည်း သီပေါမင်းသား အတွင်းတော်၀င်သွားဆဲတွင် ၄င်း၏စိတ်ထဲ၌ ထိပ်စုဖုရားလတ် မိမိကို မလိမ့်မပတ် ပြုလိုက်တော်မူပုံကို အပြန်ပြန်စဉ်းစား၍ ပြုံးအားသန်မိသော်လည်း ဣနြေ္ဒကြီးကြီးနှင့် ဟုတ်တိပတ်တိ မိန့်တော် မူခြင်းတို့ကြောင့် မိမိတွင် အထိတ်ထိတ် အလန့်လန့် စိတ်လှုပ်ရှားခဲ့ရသည်မှာ နှစ်ခါရှိပြီဖြစ်သောကြောင့် အောင့်အီးသည်းခံ၍ မနေနိုင်တော့ဘဲ စုဘုရားအား ပြန်လှန်ကျီစယ်ရန် အမျိုးမျိုး အကြံထုတ်လျက်ရှိလေ၏။ 'စုထားဘုရားတော့ ဒီတခါ ဥာဏ်ထုတ်ကလဲ့စားချေဦးမှပဲ'ဟု ကြိတ်ခဲ၍နေစဉ်မှာပင် သီပေါမင်းသားလည်း ကိုယ်တော်တိုင် ရေးသားတော်မူခဲ့သော ရွှေလွှာတော်ကို လက်တဖက်က ကိုင်လျက် ကျောင်းဆောင်တွင်းမှ ထွက်တော်မူလာပြီး


"ကဲ... အထိန်းတော်ကြီး၊ ကျုပ်ကိုယ်တိုင်ပဲ ရေးတော်မူပြီးပြီ၊ ကျုပ်ရေးတဲ့ စာတော်ကို အထိန်းတော်ကြီးက တဆင့်ဖတ်ပြီး လျှောက်ထားစမ်းပါဦး"


မိန့်တော်မူကာ ရွှေလွှာတော်ကို သနားတော်မူသောကြောင့် ခင်ဘွားသစ်လည်း ရိုသေစွာ လက်ဖြင့် လှမ်းယူ၍ ရွှေပြားပေါ်တွင်တွေ့ရသော တေးထပ်နှင့် သံထောက်ကို အသံနေ ပြတ်ပြတ်သားသားနှင့် ဖတ်ကြား လျှောက်ထားလေ၏။


သီပေါမင်းသား ဒုတိယအကြိမ် ပေးတော်မူသော တေးထပ်နှင့်သံထောက်။

        

"တေးထပ်"  

ဘုံတစ်ပင် နန်းမြင့်မှ၊ စန်းတစ်ပွင့်သင်္ခါ၊

နွမ်းသဖြင့် တင်ပါမယ်၊ မင်္ဂလာရှိန်ကြွေ့။

ဥကင်သကျက်သရေကို

သက်သေစေဘုန်းဖြင့်မမေ့။

ထီးဖြူဖွင့် သစ္စာကိုမူမယ်၊

ချစ်ရှာသူယနေ့။

မေတ္တာတူပူလေ့က

ကူဖြည့်လို့ကြံပါ။

စောသီတာ ဆင်းကြာကြွငယ်နှင့်၊

မင်းရာမထုံးသို့မကွာ။

ခင်းဇာလှ အုံးညာမှာ၊

ဘုန်းနှစ်ဖြာတူနီးဖို့၊

ဖြူထီးတော်ဖွင့်ပါစေ၊

လောင်းပညောင်ရေ။

အောင်ရင်ဖြင့် ရဝိဆွေငယ်၊

တဘိသေ ခံပွဲပလေး။

        

"၄င်းသံထောက်"        

သစ်မကွာ ပွေပွေဆွေးသူမို့၊

ချစ်စရာရွှေရေမွှေးကဲ့သို့၊

ပြေပြေကလေး ကြူလိုက်မယ်။

မကြံတတ်ပြီဟု၊

စံရပ်ကယ် နွယ်လာက၊

ကယ်စရာ အမှုနီးပါပေါ့၊

ချီးမြှင့်မဲ့ရွယ်။

ဆွေးဘ၀င် အနန္တဟာမို့၊

အရေးရှင် ကြံသမျှငယ်လို့၊

ယမံကခ,ပါတယ်၊

စ,လယ်ထိတိုင် သနား။

မြေဆိုမြေ လက်ခုပ်တွင် ပမာရေသို့၊

သေလိုသေ သွေမမုန်းပါဘူးရယ်၊

ဘုန်းဘုန်းသနား။


သစ်။   

"ဆုံးပါပြီ ဘုရား"


မင်းသား။   

"ဘယ့်နှယ်လဲ သင့်မြတ်ကဲ့လား အထိန်းတော်ကြီးရဲ့၊ ကိုယ်တော်ရဲ့ စိတ်တော်ထဲမှာရှိသမျှကို တိတိကျကျ အဓိပ္ပာယ်ပေါ်လို့ စုစုဥာဏ်တော်နဲ့ တွေးမယူဘဲ အကဲဖြတ်နိုင်လိမ့်မယ် ထင်ရဲ့လား"


သစ်။   

"မှန်လှပါ၊ ပိဋကတ်တော်ကိုပင် မွှေနောက်ချောက်ချားတော်မူနိုင်တဲ့ ပညာတော်ရှင်မို့ ပြုပြင်တဲ့စာသားများမှာလဲ အဓိပ္ပါယ်လေးနက် တာသွားလှပြီဖြစ်ကြောင်းပါဘုရား"


မင်းသား။ 

"'ဒီစာတော်ထဲမှာပဲ စုစုအလိုတော်၊ ကျုပ်အလိုတော်များကို အကြိုက်ညီအောင် ရိပ်ချည်ပြပြီးသားဖြစ်တယ်၊ သို့အတွက် ဒီရွှေလွှာတော် စုစုလက်တော်ဆက်တဲ့အခါ လိုရင်းအဓိပ္ပာယ်ကို ဘယ်လိုမိန့်တော်မူတယ်ဆိုတာ အထိန်းတော်ကြီးက အကြောင်းပြန်ပေတော့"


သစ်။ 

"မှန်လှပါ၊ စိတ်ချလက်ချ စံတော်မူပါဘုရား"


မင်းသား။ 

"ကိုင်း...ကိုင်း...အထိန်းတော်ကြီး သွားလိုက သွားနိုင်ပြီ၊ ဒီရွှေလွှာတော်ကိုသာ လုံခြုံစွာ ဆောင်ကြည်းပြီး စုစုလက်တော်တွင်း ရောက်အောင် ဆက်လိုက်ပါ အထိန်းတော်ကြီး"


သစ်။

(ပြုံးလျက်)"မှန်ပါ၊ အရှင့်ထိပ်စုမြတ်ဖျားကပေမဲ့ ပရိယာယ်တွေက များတော်မူလိုက်တာ၊ သဘောတော်အတိမ်အနက် အသိခက်အောင် ဖက်တော်မူထားတဲ့အတွက် ရွှေလွှာတော်ကို အထင်ခံ ဆက်ရမှာပင် ခပ်ခက်ခက်ဖြစ်နေသေးသဖြင့် အတွေးနှင့်စဉ်းစား၍ အခင်းသွားလှအောင် ဥာဏ်ကစားပြီး စုထိပ်ဖျားကို ဆက်သရပါလိမ့်မည် ကိုယ်တော်ဖျားရဲ့"


မင်းသား။ 

"အေးလေ...ဒီကိစ္စမှာ အထိန်းတော်ကြီး သစ်သစ်က ကမကထ အနှေးနှင့်အမြန် လျော်ကန်သလိုသာ ကြည့်စီမံပါလေ၊ ကိုယ်တော်က အထူးနည်းပေး လမ်းပြပြုနေစရာ မလိုပါဘူး၊ ကဲ...ကဲ ကြာရင် ဆရာတော်ဘုရား ပြန်ကြွလာတာနှင့် တွေ့နေမယ်။ ပြန်ပေတော့ အထိန်းတော်ကြီး"


သစ်။ 

"မှန်လှပါ၊ သွားချေပါဦးမည်ဘုရား"


လျှောက်တင်ကာ မင်းသားထံမှ အထိန်းတော်ကြီး ခင်ဘွားသစ် ထွက်ခွာလာလေ၏။


* * * 


ထိပ်စုဖုရားလတ်သည် ယခင်က ရွှေစိတ်တော် လွတ်လွတ်လပ်လပ်နှင့် ရွှေနန်းတော် အနောက်ပိုင်တခွင်တွင် ပျော်ရွှင်စွာ စိတ်ထင်ရာ အဆောင်ဆောင်အခန်းခန်းတို့သို့ ဖြန့်မြန်းထွက်ချီ လှည့်လည် သွားလာနေတော်မူပြီး တခါတရံလည်း မယ်တော်ဆောင်၊ အစ်မတော်ဆောင်များသို့ ၀င်တော်မူကာ ဆိုးတလှည့် နွှဲ့တခါ ပျော်တော်မူသလို စံခဲ့ရာတွင် ယခုတလောကား သီပေါမင်းသားနှင့် အချစ်တော်စုလျား ဖွဲ့ချည်မိသည်တွင် ငယ်စဉ်ကကဲ့သို့ အကလေးပမာ၊ ပေပေတေတေ ဆိုးနွဲ့နေတော်မူသည်တို့ကို မေ့လျော့တော်မူလျက် ရုတ်တရက် ပြုပြင်ပြောင်းလွဲ၊ အမူတော်ထူးကဲ၍ ဆင်ကွဲဖန်တော်မူဘိအလား နူးညံ့ပျော့နွဲ့၊ တကယ့်အစ်မတော်မင်းသမီးကြီးများ အမူအရာအတိုင်း အဆောင်တော်ထဲမှာ ငြိမ်သက် ပိပြားစွာ စံတော်မူပြီးလျှင် ယခင်က အလှအပအပြင်အဆင်ကို တော်ရုံတန်ရုံနှင့် တင်းတိမ်တော်မူခဲ့သလောက် ယခုအခါမှာ နံ့သာပန်းမန်တို့ကို အထူးနှစ်လိုတော်မူလျက် ၀တ်လဲတော်အမျိုးမျိုး၊ ကြိုးထဘီအလဲလဲနှင့် မှန်ဆောင်တော်ထဲက ထွက်သည်မရှိအောင် အဆောင်တော်တွင်းပုန်းသည်နှင့်မခြား ဖြစ်တော်မူနေရကား မယ်တော် အလယ်နန်းမတော်မိဖုရားပင် သမီးတော်အတွက် ထိပ်စုဖုရားလတ် အဆောင်တော်သို့ အခြွေအရံအနည်းငယ်နှင့် ရုတ်တရက်ထွက်တော်မူလာကာ သလွန်တော်ပေါ်တွင် ထိုင်မိပြီး သမီးတော်ကို ရှုစားတော်မူလျက် လက်တော်ဖြင့် ထိပ်စုဖုရားလတ်၏ ဆံစတော်များကို သပ်ကာ


"လုံကလေး.... မယ်မယ်ဖျားအဆောင်တော်ကို အခစားမရောက်တာနဲ့ ငါ့သမီးတော်ကလေး နေထိုင်မကောင်းဖြစ်တော်မူသည်အောက်မေ့ပြီး စိုးရိမ်တကြီး ထွက်တော်မူလာခဲ့တယ်၊ လုံကလေးကို ကြည်ကြည်ရွှင်ရွှင် ဖြီးလိမ်းပြင်ဆင်နေတာတွေ့ရမှ မယ်ဖျား  စိုးရိမ်မကင်းတော်မူခဲ့တဲ့ အလုံးကြီး ကျသွားတော့တာပဲ။ ဟဲ့...ခါနွေတို့၊ ဘွားသစ်ကြီးတယောက်မှ မမြင်ပါကလား၊ ကောင်မကြီးဟာ ကဘောက်တိ ကဘောက်ချာနဲ့ ဘယ်အဆောင်များ သွားလည်နေပါလိမ့်မလဲ"


မေးတော်မူလိုက်သောအခါ ထိပ်စုဖုရားလတ်လည်း အထိန်းတော်ကြီး သီပေါကိုယ်တော်ရှိရာ မှန်ကျောင်းတော်ရှိရာ သွားနေခိုက်ဖြစ်သောကြောင့်  အကြောင်းကြောင်း ရိပ်မိတော်မမူစေရန်  လှည့်ပတ်ကြံဖန်တော်မူပြီး


"အထိန်းတော်ကြီး ရှိပါတယ် မယ်မယ်ဖျား။ ခုပဲ အပါးတော်က ထသွားပါတယ်၊ ကျော်မိုးတံခါးနားက သူ့အစ်မဆင်၀န်ကတော်ရဲ့သားကလေး မမာနေတာ သွားမေးချင်လို့ ခွင့်ပေးပါပြောထားတဲ့အတွက် စုထားကလည်း ထွက်ချင်တဲ့အချိန်ထွက်ဖို့ ခွင့်ပြုထားသဖြင့် သည်ဆီကိုများ  သွားလေသလားဆိုတာ စုထား သံတော်ဦးမတင်တတ်ပါ မယ်မယ်ဖျား"


မယ်။    ။"အဲ...အဲ ရှိပါစေလေ၊ သူ့ခမျာလည်း ဆွေနဲ့မျိုးနဲ့ သံယောဇဉ်ကလေးများနဲ့ ရှိရှာသေးတာကလား၊ သွားပါစေ၊  တခါတလေ သွားတာကပဲ" 


မိန့်တော်မူကာ တဖန် သမီးတော်ကို ပြုံး၍ ရှုစားတော်မူကာ


"အင်း... ငါ့သမီးတော်ကလေးဟာ အရင်က ပုဆိုးကြီးဒီးလွှားနဲ့ မင်းယောက်ျားကလေးသဖွယ်သာ ရှုစားတော်မူနေခဲ့ရတဲ့အတွက် အလှကျက်သရေရှိတော်မူသလောက် မျက်စိမပေါက်ခဲ့ဘူး၊ ခုလို သိမ်သိမ်မွေ့မွေ့ မင်းသမီးပီပီ ၀တ်စားဆင်ယင်ပြီး  နံ့သာပန်းမန်တို့နဲ့ ဖြီးလိမ်း ပြင်ဆင်တော်မူထားတာတွေ့ရမှ  ထက်အာကာဘုံဖျားက ယုန်ရထားကြူလွှာကို မြူကာဆိုင်းတဲ့အတွင်းက ၀င်းကနဲ မြင်ရသလို နဂိုအလှဓာတ်ကို ပုဆိုးကြီးရစ်ပတ်ထားရာက ခွာလိုက်တဲ့အတွက် ကျက်သရေရှိသမျှ တိတိကျကျ ပေါ်လာတော်မူတယ်၊ အဲ....သည်လိုသိမ်သိမ်မွေ့မွေ့ ဣနြေ္ဒရှင်သမီးတော်တပါးပီပီ တည်ကြည်ငြိမ်သက်စွာ စံတော်မူတာတွေ့ရတဲ့အတွက်လည်း မယ်မယ်ဖျား ရွှေရင်တော်ထဲမှာ အေးခနဲ ၀မ်းမြောက်၀မ်းသာ ဖြစ်တော်မူသွားရပေပြီ၊ ဒီလိုသာ အမြဲရှုစားတော်မူပရစေ လုံကလေးရယ်၊ သက်တော်လည်း မငယ်တော့ဘူးနော်"


သမီးတော်ကို ဆုံးမ မိန့်ကြားတော်မူလျှင် ထိပ်စုမြတ်ဖုရားလတ်လည်း မယ်တော်အနီးတွင် လက်ယှက်ခစားရင်း


"စုထား အရင်ကတော့ ယောက်ျားစိတ် ယောက်ျားမာန်နှင့် ခုန်လိုခုန်၊ ပျံလိုပျံ၊ ရွှေနန်းတော်ကြီးပေါ်မှာ စိတ်ပျော်သလို စံခဲ့ပေမဲ့ အရွယ်လေးကထောက်ပြီး စိတ်နောက်ကိုယ်ပါ မပြုတော့ပါဘူး၊ လူသူမြင်လို့လည်း အပိုးမသေ၊ ဣနြေ္ဒမဲ့တယ်လို့ ကဲ့ရဲ့လွယ်ကြမှာ တွေးမိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲ မိန်းမပီပီပဲ နေပါတော့မယ်လို့ စိတ်ကိုဆုံးမပြီး အဆောင်တော်ထဲမှာ ဖြီးလိမ်းပြုပြင် ၀တ်စားတန်ဆာ ဆင်ယင်ခြင်းအလုပ်များနှင့် စိတ်မအား၊ ကိုယ်မအား ပျော်ပျော်ကြီး ခံစားနေပါတယ် မယ်မယ်ဖျား"


ယဉ်ကျေးသိမ်မွေ့စွာ လျှောက်တင်လေလျှင် မယ်တော်ရှင်မိဖုရားကြီးလည်း သမီးတော် နူးညံ့သိမ်မွေ့တော်မူလာပုံကို စုံမက်နှစ်သက်တော်မူလှသဖြင့်


"အင်း...ဒီလိုလျှောက်တင်တဲ့စကားမျိုး ကြားရတာလည်း မယ်မယ်ဖျား အများကြီး ၀မ်းသာတော်မူမိတယ်၊ လိမ်မာဖို့အချိန်အရွယ်ရောက်လို့ အသက်ကလေးကလည်း ထောက်လာတော့ အလိုလို အသိဥာဏ်ပေါ်ပေါက်လာရမြဲပေပဲ၊ ကဲ...ကဲ ယခုလို သမီးတော် မိန်းမပီပီ ၀တ်စားဆင်ယင်၊ အလှပြင်တော်မူတတ်ပြီးဖြစ်တဲ့အတွက် မယ်မယ်ဖျား သမီးတော်ကို ဆင်တော်မူရန် ရည်သန်ပြီး ပန်းတိမ်တော်စံသူကို လုပ်စေတော်မူထားတဲ့ မြခယားသီး လည်ကပ်တော်ကြီးကို ပို့တော်မူလိုက်မယ်၊ လုံကလေးက ယောက်ျားလို၀တ်ပြီး ကလေးဆိုးကြီးလို ဟိုဟိုဒီဒီလှည့်လည်တော်မူနေတဲ့အတွက် ပြုတ်ပျက်ကျမှာစိုးလို့ ဆင်တော်မူဖို့ ထုတ်မပေးဘဲ ထားခဲ့တယ်၊ စုလတ် မြတ်မြတ်နိုးနိုး ဆင်ယင်တော်မူတော့မယ်မဟုတ်လား"


စု။ 

"တင်ပါဘုရား"


မယ်။ 

"ဒါဖြင့် ကောင်းပြီ၊ ဘွားသစ်ကြီးပြန်လာလျှင် မယ်မယ်ဖျားအဆောင်တော်ကို လွှတ်ပေတော့၊ စုလတ်အတွက် မြခယားသီး လည်ကပ်တော်ကြီးအပြင် အခြား၀တ်ဆင်တော်မူစရာ ရတနာမျိုးစုံနှင့်တကွ စိန်သွယ်ချ ပုတီးကြီးငါးသွယ်နဲ့ စိန်နားဋ္ဋောင်းတော်များကို အလဲလဲဆင်တော်မူရအောင် အလုံးစုံ သနားတော်မူလိုက်မယ်၊ ၀တ်လဲတော်ထဘီနှင့် အင်္ကျီလက်ရှည်များကော လိုတော်မူသေးသလား"


စု။

"မှန်လှပါဘုရား စုထားဆီမှာ ပုဆိုးရှည်တွေသာ များလိမ့်မယ်ထင်ပါတယ်"


မယ်။ 

"ကောင်းပြီ...ကောင်းပြီ၊ သမီးတော်အတွက် ရွှေတိုက်တော်က ငွေတော်ထုတ်ပြီး ထည်မျိုးအုပ်စုံ တပုံတခေါင်းကြီး ချုပ်စေရမှာပ"


မိန့်တော်မူရင်း အဆောင်တော်အတွင်းရှိ အပျိုတော်ကလေးများ စုရုံးချုပ်လုပ် အလုပ်ရှုပ်နေသည်ကို တွေ့မြင်တော်မူရလျှင်


"စုလတ်ကဲ့ ဟိုမှာ အပျိုတော်ကလေးတွေ စုရုံးထိုင်လို့ ခေါင်းဆိုင်ပြီး ချုပ်လုပ်နေစေတာက ဘာအတွက်လဲ"


စု။    

"စုထား ရှေ့လာမည့် စာတော်ပြန်ပွဲမှာ စာတော်ဖြေမည့် ရဟန်းသာမဏေများကို တပါးလျှင် သင်္ကန်းတော်တစုံစီ လှူဒါန်းတော်မူမယ်လို့ စပ်သင်္ကန်းတော်များကို ခါတော်မီ အမြန်ချုပ်ထားခြင်းပါဘုရား"


မယ်။    

"သာဓုတော်...သာဓု...သာဓု၊ ငါ့သမီးတော်ဟာ နေ့ချင်းညချင်းဆိုသလို လောကုတ္တရာဘက်ကလည်း လက်လွှတ်တော်မမူဘဲ ကုသိုလ်ဒါနရေးကို မဆုတ်မနစ် အားပေးတော်မူတာ ၀မ်းသာပါဘိတော့ လုံကလေးရယ်၊ မယ်မယ်ဖျားလည်း ပရိယယတ္တိကို ဖြည့်ဆည်းတော်မူကြမဲ့ သာသနာတော်ထမ်း ရဟန်းသာမဏေများကို ကြိုးပမ်းအားရှိအောင် စိတ်အားထက်သန်စွာ အားပေးတော်မူလိုတဲ့ စေတနာတော်များ ပေါ်ပေါက်နေတော်မူတဲ့အတွက် နှစ်စဉ်မပျက် သဒ္ဓါတရား ထက်ထက်နှင့် ဆွမ်းအုပ်တော်များ ပို့ဆက် လှူဒါန်းနေခဲ့တာကလား၊ စုလတ်ကလည်း မယ်မယ်ဖျား သမီးတော်ပီပီ သည်စာတော်ပြန်ပွဲအတွက် သင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းတယ်ဆိုတော့ အတိုင်းထက်အလွန် တံခွန်နဲ့ဘုရားမို့ ခမည်းတော် ရွှေနန်းရှင်ဘုရား ရွှေနားတော်ကြားလျှင်လည်း များများကြီး ၀မ်းမြောက်သာဓု ခေါ်တော်မူလိမ့်မယ် စုလတ်ရဲ့"


စု။    

"မှန်လှပါ စုထားကိုယ်တော်တိုင် သက္ကစ္စမြောက်အောင် တတ်နိုင်သလောက် ၀င်ချုပ်ပါသေးတယ် ဘုရား"


ယင်းသို့ သားမယ်တော်နှစ်ပါး ကြည်သာစွာ စကားပြောဆိုနေတော်မူစဉ် အထိန်းတော် ခင်ဘွားသစ်လည်း အဆောင်တော်ထဲသို့ ၀င်ရောက်လာခဲ့ရာ သလွန်တော်ပေါ်တွင် သားမယ်နှစ်ပါး စံနေတော်မူသည်ကို မြင်ရသောအခါ မိမိကိုယ်ရေးကိုတွေး၍ မလုံသဖြင့် အပုံကြီး ထိတ်လန့်တုန်လှုပ်သွားမိသဖြင့် ရုတ်တရက် အတွင်းတော်သို့မ၀င်ဝံ့သေးဘဲ ကပျာကယာ အဆောင်တော်ဘေးသို့ ကွယ်နေလိုက်လျက် တဖက်ခန်းမှ သင်္ကန်းချုပ်နေသူ အပျိုတော်ကလေးတဦးကို မျက်ရိပ်ပြ၍ ခေါ်လိုက်ကာ


"ဟဲ့... မိလ္လာရဲ့၊ လာစမ်းပါဦး၊ စုဖျားအဆောင်တော်ကို အလယ်နန်းမတော်ရှင်ဖုရား ထွက်တော်မူလာတာ ဘယ်လောက်ကြာပလဲ၊ ဘယ်လိုအရေးများကြောင့် ထူးထူးခြားခြား ထွက်တော်မူလာတာတဲ့လဲ၊ ငါ့ကိုကော မမေးဘူးလားဟဲ့" 


တီးတိုးမေးရာ တဆယ့်လေးနှစ်အရွယ် ချစ်စဖွယ် လက်ပါးစေအပျိုတော်ကလေး မင်းမိလ္လာလည်း အထိန်းတော်ကြီးအား


"ဖျားကျွန်မတို့တော့ ဘယ်အရေးကြောင့် အရှင်နန်းမတော်ဘုရား ထွက်တော်မူလာတယ်ဆိုတာ မသိရသေးပါ။ သို့သော်လည်း သားမယ်တော် မိန့်ဆိုလျှောက်တင်တော်မူနေတဲ့ စကားများကြားရတော့ဖြင့် သမီးတော် အခစားမရောက်တာကြာတာနှင့် အညောင်းပြေ ထွက်တော်မူလာတယ်ဆိုတာ ကြားရကြောင်းပါ၊ ၎င်းပြင်လည်း အရှင်ထိပ်စုမြတ်ဖျား မိန်းမပီပီ ဆင်တော်မူပြီဆိုတာ ရှုစားတော်မူရတဲ့အတွက် နှစ်သက်တော်မူလွန်းလို့ အခွန်းပေါင်း မြောက်မြားစွာ ချီးမွမ်းတော်မူနေရှာတဲ့အတွက် ရတနာ လက်၀တ်တော်များ၊ လည်ကပ်တော်များ၊ အလုံအလောက် ပေးသနားတော်မူမယ်၊ အထိန်းတော်သခင်ကြီး လာရင် အဆောင်တော်ကို လွှတ်လိုက်ရမယ်လို့ မိန့်တော်မူရာ ကြားရကြောင်းပါဘုရား"


"နို့ အရှင်ထိပ်စုမြတ်ဖျားက ငါ့ကို ဘယ်သွားတယ်လို့ သံတော်ဦးတင်သလဲ၊ ငါလာရင် လွှတ်လိုက်ဆိုတော့ အဆောင်တော်ထဲမှာ ငါမရှိကြောင်း သိတော်မူနေလို့ပေါ့" 


"ထွက်တော်မူလာစက အထိန်းတော်သခင်ကြီးကို မြင်တော်မမူတာနှင့် မေးတော်မူပါတယ်ဘုရား။ ဒီတော့ အရှင်ထိပ်စုမြတ်ဖျားက ကျော်မိုးတံတားအနီးက အထိန်းတော်သခင်ကြီးရဲ့အစ်မ ဆင်၀န်ကတော် ခင်ဘွားချစ်၏သားကလေး မကျန်းမမာ ဖြစ်နေတာကို သွားမေးချင်ပါသည် ခွင့်တောင်းထားလို့ သွားချင်နေတဲ့အချိန်သွားဖို့ အခွင့်ပေးတော်မူထားတဲ့အတွက် အဲသည်ဆီများ ထွက်သွားတတ်ကြောင်း မပြောတတ်ကြောင်းပါ ဘုရားလို့ အရှင်အလယ်နန်းမတော်ဖုရားကို သံတော်ဦးတင်သံ ကြားရကြောင်းပါ သခင်ကြီးဘုရား"


ဆိုမှ ခင်ဘွားသစ်လည်း ရင်ထဲကအလုံးကြီး ဗြုန်းခနဲကျသွားကာ စုဖုရားလတ်၏လျန်မြန်ဖျတ်လတ်သော တင်္ခဏုပ္ပတ္တိဉာဏ်နှင့် အကယ်၍ အတိုင်အဖောက်မညီလျှင်လည်း အရေးမကြီးစေရန် ခင်ဘွားချစ်အိမ်သို့ သွားပါသည်ဟု တပ်အပ်မဆိုဘဲ ဖြူလိုက ဖြူနိုင်၍ မည်းလိုကမည်းနိုင်ရန် မတင်မကျ သံတော်ဦး တင်ထားရှာသည်များကိုလည်း အနည်းနည်းကြိတ်၍ ချီးမွမ်းမိပြီးလျှင်


"ဟင်...ဒါဖြင့်လည်း ကိစ္စမရှိဘူး၊ ငါ့ကို သမီးတော်တပါးအတွက် မျက်စိအောက်က မပျောက်ရအောင် အမြဲထိန်းသိမ်းစောင့်ရှောက်ဖို့ ငယ်စဉ်တောင်ကျေးကတည်းက သူကောင်းပြုတော်မူထားပါလျက် အရှင်အလယ်နန်းမတော်ဘုရား ထွက်တော်မူလာတဲ့ အခိုက်အတန့်ကလေးမှာ ငါမရှိခိုက်နှင့် ကြုံကြိုက်နေတဲ့အတွက် မျက်တော်မူများသွားမလားလို့ဟဲ့"


"စိုးရိမ်တော်မူပါနှင့် သခင်ကြီးဘုရား၊ အရှင်အလယ်နန်းမတော်ဖုရားကလည်း စုထားဖျားက သံတော်ဦးတင်လိုက်တဲ့အခါ မျက်တော်မမူတဲ့အပြင် ရှိပါစေ၊ သွားပါစေ၊ သူ့ခမျာမလည်း ဆွေနဲ့မျိုးနဲ့ သံယောဇဉ်နဲ့ဆိုတော့ သွားချင်ပေသေးတာပေါ့၊ သွားပါစေ၊ သွားပါစေလို့ မိန့်တော်မူပါသေးတယ်ဘုရား"


"အို...ဒီလိုတောင် မိန့်တော်မူသေးလား၊ အင်း...အင်း၊ ဒါဖြင့် စိုးရိမ်တာတွေ အလကားပေါ့၊ ကဲ...ကဲ သွားတော့၊ ငါလည်း အပါးတော်၀င်ပြီး ခစားချေဦးမယ်"


ပြောပြီးလျှင် အထိန်းတော်ကြီးခင်ဘွားသစ်လည်း သီပေါမင်းသားထံမှ လျှို့ဝှက်စွာယူဆောင်လာသော ရွှေလွှာတော်ကို လုံခြုံမြင့်မြတ်သော နေရာတခုတွင် လူမမြင်အောင် ဖုံးဝှက်ထားခဲ့ပြီးမှ ထိပ်စုဖုရားလတ်တို့ သားမယ်တော်နှစ်ပါးနှင့် စံတော်မူရာ အဆောင်တွင်းသို့ ခပ်ရို့ရို့လက်ယှက်ကာ ခစားရန်၀င်လာ၏။


ထိပ်စုဖုရားလတ်လည်း အထိန်းတော်ကြီးအား မျက်ရိပ်နှင့် ရှုစားတော်မူလိုက်ပြီး


"သြော်... အထိန်းတော်ကြီး သစ်သစ်၊ ဆင်၀န်ကတော် ချစ်ချစ်တို့အိမ်သွားတာ ပြန်လာပလား၊ ချစ်ချစ်ကဲ့ သားကလေး မမာဘူးဆိုတာကော အတော်သက်သာလာပြီလား၊ မယ်မယ်ဖျားကတောင် သစ်သစ်ကို မမြင်လို့ မေးတော်မူနေသေးတယ်"


ရေလာမြောင်းပေး၊ နှုတ်သွက်ချက်ချာစွာ မိန့်တော်မူနေရာ နဂိုကပင် ချက်ဆိုလျှင် နားခွက်က မီးတောက်နေကျဖြစ်သော အထိန်းတော်ကြီးဖြစ်သောကြောင့် အခြေမပျက်ပင် အလယ်နန်းမတော်ဖုရားအပါးသို့ ဦးချကာ ထိုင်လိုက်ပြီး


"ပြန်ခဲ့ပါပြီ စုထားဖုရား၊ ကလေးလည်း တနေ့ဆီကဖြင့် သူငယ်နာ ထောင့်တန်း တက်တက်နေတာ သမားတော် ဆရာတူဆေးနှင့်ကျမှ အတက်ကျပြီး အတော်ကြီးလန်းလာပါပြီဘုရား"


မျက်နှာထိ မျက်နှာထားနှင့် ပိပိရိရိလျှောက်တင်လိုက်သောအခါ ထိပ်စုဖုရားလတ်မှာ မိမိအထိန်းတော်ကြီး အကင်းပါးပုံကို တပါးတည်း ကြိတ်၍ချီးမွမ်းမိလေ၏။


အလယ်နန်းမတော်ဘုရားလည်း အထိန်းတော်ကြီးဘက်သို့လှည့်၍ ရှုစားတော်မူပြီး 


"ဘွားသစ်ကဲ့ နင့်သမီး အတော်လိမ္မာနေပါပကောဟဲ့၊ အဲဒီလိုမှ ငါက နှစ်ခြိုက်တော်မူတာ၊ ကြိုးစားပြီး သင်ပါ ကြားပါဟယ်။ ငါက မယ်တော်အရင်းဆိုပေမဲ့ နင်နဲ့ လက်ပွန်းတတီး ကြီးပြင်းတော်မူရတာကများလို့ စုထားကလည်း အမေအရင်းတမျှ ချစ်ခင်နေတဲ့အတွက် သွန်သင်ဖို့မခက်ပါဘူး" 


မိန့်တော်မူရာ ခင်ဘွားသစ်လည်း ရှိခိုးလက်ယှက်ကာ "တင်ပါဘုရား" ဟု လိုက်ရလေ၏။


သို့နှင့် အလယ်နန်းမတော်ဘုရားလည်း သမီးတော်အဆောင်တော်တွင် အလျဉ်းသင့်ရာ မေးမြန်းပြောဆိုတော်မူလျက် အတန်နေစောင်းသွားသည့်အချိန်တွင်မှ အဆောင်တော်သို့ ပြန်လည်ထွက်ကြွသွားတော်မူလေ၏။ 


အထိန်းတော်ကြီး ခင်ဘွားသစ်လည်း အလယ်နန်းမတော်ဘုရားကြီး ပြန်လည်ကြွသွားပြီးသည့်နောက် ထိပ်စုဖုရားထံတော်မှောက်သို့ အခစားမရောက်လာသေးဘဲ ခပ်လွှဲလွှဲ ခပ်ရှောင်ရှောင် တောင်ယောင်ယောင် မြောက်လိုလိုနှင့်  ချောင်ခို၍နေပြီးလျှင် တစေ့တစောင်းမှလည်း ထိပ်စုဖုရား၏မျက်နှာတော်အကဲကို ချောင်းမြောင်းကြည့်ရှုနေလေ၏။ ထိပ်စုဖုရားလတ်လည်း မယ်တော်ဘုရားကြီး ပြန်ကြွသွားသည့်အချိန်ကစ၍ မည်သည့်သတင်းများ  ကြားရမည်လဲဟု အမြဲမျှော်လင့်တော်မူရကာ အထိန်းတော်ကြီးကိုသာ မျက်လုံးတော်က ရှာ၍နေသည်ကို တွေ့နေရလေ၏။


ခင်ဘွားသစ်လည်း တိတ်တိတ်ပုန်း ကြိတ်ပြုံးကာ "စုထားဖုရားတော့ ဒီတခါများ သိကြရောပေါ့၊ စိတ်တော်ထဲက ရှိသမျှကို ဒီကသစ်သစ်အပေါ်မှာတောင် ဖုံးတော်မူချင်တာ၊ ဒီတခါ ဘွားဘွားပေါ်အောင် စစ်ပြီး သစ်သစ်ကြီးကို ဒုက္ခပေးဦးမလားဆိုတာ မေးရင်း ကလေးကိုခြောက်သလို ခပ်ငေါက်ငေါက်ကလေး မေးရကောင်းမလား၊ အင်းလေ ကြည့်လုပ်မယ်၊ ဒီတစ်ခါတော့ သစ်သစ်ရဲ့နဲ့ ချော့မှ" ဟု တစ်ယောက်တည်း ကြိမ်းဝါးလျက်ရှိစဉ်


"ဟဲ့...ခင်ဟေ လာစမ်း။ သစ်သစ် ဘယ်မလဲ၊ ဒီမိန်းမကြီးဟာ တနေ့လုံး လည်ချင်ရာလည်ပြီး ယခု ဘယ်ချောင်၀င်ပုန်းနေမှန်းမသိဘူး၊ ရအောင်ရှာလိုက်ပြီး ငါ့ရှေ့တော် ခေါ်ခဲ့" 


မိန့်တော်မူသံကို ကြားလိုက်ရပြီးနောက် မိမိအပါးသို့ ခင်ဟေရောက်လာပြီးလျှင် 


"သခင်ကြီးဘုရား၊ အရှင်ထိပ်စုဖျား ခေါ်တော်မူနေပါတယ်" ပြောသည်တွင်မှ အထိန်းတော်ကြီးလည်း စုဘုရားအနီးသို့ ရောက်လာလေ၏။


စုဖျားကလည်း အထိန်းတော်ကြီးနှင့် နှစ်ယောက်ချင်း မျက်နှာဆုံမိသောအခါ အပါးကခစားနေရှာသော အပျိုတော်ကလေးများကို အပြင်ထွက်သွားစေလျက် သလွန်တော်က ရှေ့သို့ အနည်းငယ်တိုးရွှေ့လာကာ


" သစ်သစ်ရဲ့ အကျိုးအကြောင်းများလည်း သိတော်မူစမ်းပါရစေဦး၊ ဒီမှာဖြင့် မယ်မယ်ဖျားများ ရိပ်မိတော်မူသွားလေမလားလို့ ဖုံးလိုက်ဖိလိုက်ရတာ မောနေပါပြီ၊ လမ်းမှာကော ချောချော မောမောရှိရဲ့လား၊ မောင်တော်သီပေါကိုယ်တော်လေးရဲ့ ရွှေလွှာတော်ကိုကော သူ့လက်တော်အရောက် မှတ်မှတ်ရရ ပြန်လို့ ဆက်သခဲ့ရဲ့သလား၊ စုစုကတော့ အခြားလူသူတွေ မြင်သွားမှာစိုးရိမ်တော်မူတဲ့အတွက် မောင်တော်လက်ကိုပဲ ပြန်ဆက်လိုက်တာ ကိစ္စအေးပါတယ်ဆိုပြီး ဆက်ခိုင်းတာပဲ။ အဲဒါ အစပျောက်အောင် ထိထိရောက်ရောက် ဆက်ခဲ့ရဲ့လား"


မေးတော်မူလျှင် ခင်ဘွားသစ်လည်း မျက်နှာ ခပ်ညှိုးညှိုးနှင့်


"သစ်သစ်က စုထားဖုရား စေခိုင်းတော်မူသမျှ အစစ တာ၀န်ကုန်အောင် ဆောင်ရွက်တဲ့အပြင် အရာရာမှာ လိုတာထက်ပိုလို့ပင် အကျိုးတော်ဆောင်ပါတယ်ဘုရား၊ ယခု ရွှေလွှာတော်ကလေးကိုလည်း သီပေါကိုယ်ကလေးကို သနားနားနဲ့ပဲ မလွှဲသာတဲ့အတွက် စုထားဘုရား အမိန့်တော်အတိုင်း ပြန်ဆက်ခဲ့ပါတယ်" 


"အင်း.. ဒီတော့ သီပေါမောင်မောင်က ဘာများမိန့်တော်မူသေးသလဲ" 


"၀မ်းနည်းစရာကြီးပါ စုထားရယ်၊ စုထားဘုရားမှ မေတ္တာတော်မပြန်လို့ ရွှေလွှာတော်ကိုလက်မခံတဲ့ဟာ လျှောက်တင်အကျယ်ချဲ့နေလို့လည်း အကျိုးထူးတော်မူမှာ မဟုတ်ပါဘူး၊ ဒီတော့ တိုတိုတုတ်တုတ်နဲ့ လိုရင်းချုပ် လျှောက်ရမယ်ဆိုလျှင် စုထားဖုရား လက်ခံတော်မမူလိုက်တဲ့ ရွှေလွှာတော်ကလေးကို နှေးနှေးကန်ကန် လှမ်းယူတော်မူပြီး ကိုယ်တော်အထင်ကြီးလို့ ဒီအထိ ခရီးလွန်တော်မူလိုက်ရတာ ၀မ်းနည်းပါရဲ့ အထိန်းတော်ကြီးရယ်၊ ကဲ..ကဲ စုထားဖုရားက လက်ခံတော်မမူတဲ့ မျက်နှာမဲ့ရွှေလွှာတော်ကလေးကို တခါတည်း အရည်ကျိုလို့ ဖျောက်ဖျက်ပစ်တော်မူလိုက်မယ်၊ အစအဆုံး ကြည့်သွားပါလေ၊ စုထားကိုလည်း ကျေနပ်လောက်အောင် ဒီရွှေလွှာပေါ်က စာများကို ကမ္ဘာပေါ်မှာ မထားတော့ဘူးဆိုတာ လျှောက်တင်လိုက်ပါတော့လို့ ရွှေမျက်နှာမကြည်မသာနှင့် မိန့်တော်မူကာ ရွှေလွှာကလေးကို ပြန်လည် ရှုစားတော်မူရမှာ စိတ်နာလို့ထင်ပါ့ဘုရား၊ တခါတည်း ကပ်ကြေးနဲ့ အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ကိုက်ညှပ်တော်မူပြီး ကပ္ပိယဖိုးသူတော်ကြီး အဂ္ဂိရပ်ဖိုးထိုးတဲ့ လုံတခုထဲ ထည့်ပြီး တခါတည်း ဖားဖိုပေါ် တင်ထိုးတော်မူလိုက်တာ ရွှေပြားအလေးဘ၀မှ တစတစ ရွှေရည်တွေပျော်ကျပြီး ရွှေထည်သွန်းချလိုက်သည်နှင့်တပြိုင်နက် ရွှေခဲကလေး ဖြစ်လျက်ရှိပါတော့သည်ဘုရား" 


လျှောက်ထားပြီး စုဖုရားမျက်နှာကို အမှတ်မဲ့ ကြည့်လိုက်သောအခါ  ထိပ်စုဖုရားလတ်မှာ ရုတ်တရက် မျက်နှာတော်ပျက်သွားလျက် "အို..."ဟု စပြီးမှ စကားအဆက်ရ ခက်သောကြောင့် ရပ်တန့် စဉ်းစားတော်မူနေစဉ် ခင်ဘွားသစ်လည်း ထိပ်စုဖုရားလတ်၏မျက်နှာကဲ ဖျတ်ခနဲ မသိမသာလှမ်းကြည့်လိုက်ကာ ကပျာကယာ မျက်လုံးလွှဲပြီး ၀မ်းထဲက ကြိတ်ပြုံးကာ ဆက်လက်လျှောက်တင်မည်ဟု ပါးစပ်ပြင်နေစဉ်မှာပင် ထိပ်စုဖုရားလတ်က မျက်နှာတော်အိုအိုနှင့် 


"သြော်... စုစု ပြန်ပေးလိုက်တဲ့ ရွှေလွှာတော်ကလေးဟာ တခါတည်း အက္ခရာတွေပျောက်လို့ ရွှေရည်ဘ၀သို့ ရောက်သွားပြီ ဆိုပါတော့"


မိန့်တော်မူလျှင်


သစ်။    

"တင်ပါဘုရား၊ သီပေါကိုယ်တော်လေး လက်တော်နှင့် ရေးသားတော်မူထားတဲ့ အက္ခရာစာလုံးကလေးများဟာ ရွှေပြားကလေးနှင့်အတူ အရည်ပျော်ပြီး လုံထဲမှာ ဘဝပြောင်းသွားရှာပါသည်ဘုရား၊ နို့ အရှင်ထိပ်စုဖျားက သူများတကာမမြင်စေချင်ဘူးဆိုလို့ ကိုယ်တော်လေးက စုစုအလိုတော်ပြည့်အောင် မချိရက်နှင့် ဖျောက်ဖျက်တော်မူရရှာခြင်းပါဘုရား၊ စိတ်တော်တော့ ဘယ်ကောင်းနိုင်ရှာတော်မူပါ့မလဲ စုဖျားရဲ့"


စု။ 

"သူရေးတဲ့ရွှေလွှာကို နောက်တခါပြန်လို့ ရှုစားတော်မမူဘဲ တခါတည်း အရည်ကျိုလိုက်ရောလား သစ်သစ်ရဲ့"


သစ်။    

"တင်ပါဘုရား"


စု။ 

"သစ်သစ်ကလည်း ပြန်ပြုရှုစားတော်မူပါဦးလို့မှ သတိတော် မဆက်လိုက်ဘူးလား၊ တယ်ခက်တဲ့သစ်သစ်ကိုး"


သစ်။ 

"အလို ဘုရားဆွမ်းခံရင်း ငှက်သင့်နေပြန်ပါပြီ၊ ရွှေလွှာကို အရှင်ထိပ်စုဘုရားက လက်သင့်တော် မခံချင်လို့ တမင်ပြန်ဆက်ချေပါ ခိုင်းတော်မူထားမှ ဘုရားကျွန်မက ကိုယ့်လူ သူ့ဘက်သားလုပ်ပြီး အလုပ်ပိုတခုဖြစ်အောင် မဆီမဆိုင်တာ လျှောက်တင်ဖို့ လိုပါသေးသလားဘုရား၊ တကယ်ဆို စုထိပ်ဖျားက မောင်တော့်ရွှေမေတ္တာ လက်ခံတော်မူတဲ့သဘောနဲ့ ရွှေလွှာတော်ပြန်ကမ်းရင်လည်း ၀မ်းသာအားရနဲ့ ရှုစားတော်မူပါဘုရားလို့ သံတော်ဦးတင်လေရ အကောင်းသား။ ခုတော့ သူ့အလွှာ သူ့ပြန်ဆက်ရတာမှာ ရှုစားတော်မူပါလို့ လျှောက်တင်ခဲ့ပါလို့ အရှင်ထိပ်စုဖုရားကမှ မှာတော်မမူလိုက်ဘဲနဲ့ ဖျာ့ကျွန်မ နှုတ်မရဲ စကားတတ် မလုပ်ဝံ့ပေါင်ပါဘုရား"


မျက်နှာထိမျက်နှာထားဖြင့် လျှောက်ထားနေရာ ထိပ်စုဖုရားလတ်မှာ ခင်ဘွားသစ်သိမည်ကို ရှက်စနိုးဖြစ်တော်မူမိသဖြင့် သူမသိအောင် မောင်တော်ထံသို့ မလှိမ့်တပတ်ဥာဏ်ဆင်ပြီး ပြန်လည်ရေးသား ပေးပို့တော်မူလိုက်သော ရွှေလွှာတော်ကို မောင်တော်သီပေါမင်းသား တွေ့မြင်ရှုစားတော်မမူရဘဲ အထင်လွှဲပြီး အကယ်ပင် အဂ္ဂိရပ်လုံထဲ ထည့်ကျိုတော်မူလိုက်လေပြီဟု ယုံကြည်တော်မူသွားသဖြင့် မျက်နှာတော်ပျက်ပျက် ဣနြေ္ဒတော် ချို့ယွင်းလျက် ပင့်သက်ရှူတော်မူလိုက်ကာ စိတ်ရှုပ်စွာနှင့် အတန်ကြာငေးစိုက် စဉ်းစားတော်မူနေရာမှ


"သစ်သစ် တကယ်ပဲ မောင်တော့်လက်ထဲကို ဆက်ခဲ့ရဲ့လား"


"တကယ်ကို ဆက်ခဲ့ပါသည်ဘုရား၊ အရှင်ထိပ်စုဖုရားကို လိမ်၍လျှောက်တင်ဝံ့သူ မဟုတ်ကြောင်းပါ၊ ရွှေလွှာတော်ကို သီပေါကိုယ်တော်ရဲ့လက်တော်တွင်းသို့ ထိထိမိမိ ရောက်အောင်ဆက်ခဲ့ရိုးမှန်ပါသည်၊ ဤအတိုင်း မမှန်ပါက ဖျာ့ကျွန်မ အဝီစိငရဲက မတက်ရဘဲ ရှိပါစေဘုရား"


ခင်ဘွားသစ်က ၀မ်းတွင်းက ရယ်သလောက် မျက်နှာပန်းတည်တည်နှင့် လျှောက်တင်လေ၏။ ထိပ်စုဖုရားလည်း တစုံတရာမိန့်တော်မမူဘဲ ခပ်ငေးငေး စံတော်မူလျက် တခဏကြာသော် နှုတ်တော်မှ လှစ်ခနဲ"တယ်ခက်တာကိုး"ဟု ယောင်ယမ်း ညည်းညူတော်မူလိုက်လျှင် ခင်ဘွားသစ်လည်း အင်မတန်ရယ်ချင်လာသောကြောင့် အနိုင်နိုင်အောင့်လျက်က


"အကျိုးကြောင်း မိန့်တော်မူမှသိရမဲ့ ကျွန်တော်မျိုးမ ဖြစ်ပါတယ် အရှင်ထိပ်စုမြတ်ဖျား၊ ဘယ်ပုံ ခက်တော်မူတာတုံးဘုရား"


မချိုမချဉ်မျက်နှာနှင့် လျှောက်တင်စုံစမ်းသောအခါ ခင်ဘွားသစ်၏လှည့်စားချက်ကို မရိပ်မိ၍ ခင်ဘွားသစ် မသိလက်စနှင့် တခါတည်း မသိပါစေနှင့်တော့ဟူသော အကြံတော်ကြောင့်


"သြော်...ဘာမှမဟုတ်ပါဘူး သစ်သစ်ရယ်၊ ဒီနှစ်စာတော်ပြန်ပွဲမှာ ကုသိုလ်ရေးရည်မှန်းပြီး သင်္ကန်းများလှူတော်မူမဲ့အရေးနှင့် ပတ်သက်ပြီး 'အကျိုးလိုလို့ ညောင်ရေလောင်း၊ ပတ်ထမ်းတွေ့' ဆိုတာလို သီပေါကိုယ်တော်က စုစုကို အလွှာတော်သခြင်းခံရတဲ့အတွက် စိတ်ပျက်ပျက်နဲ့ ညည်းတော်မူလိုက်မိတာပါ၊ သီပေါမောင်တော်အတွက် ၀တ်လဲတော် ပုဆိုးဆက်မိရာကစပြီး အမှုကြီးလာတာပဲ သစ်သစ်ရဲ့"


 သစ်။ 

"နို့ဖြင့် ဘုရား စုထားဖုရားကမှ ရွှေမေတ္တာပန်းခိုင် ယိမ်းယိုင်တုံ့ပြန်တော်မမူဘဲဟာ စဉ်းစားတော်မူနေလို့လည်း အလုပ်ပိုတခုဖြစ်နေတော့မှာပါဘုရား၊ ရွှေမေတ္တာခေါင်းပါးတဲ့ စုထားဖုရားပင် သည်မျှလောက် ရွှေစိတ်တော်နောက်တော်မူနေလျှင် အင်မတန်မှမျှော်လင့်တောင့်တ မေတ္တာတော်ကြီးလှတဲ့ သီပေါကိုယ်တော်ကလေးမှာဖြင့် ထင်တိုင်းမပေါက်၊ ရွယ်တော်မူတိုင်း ခရီးမရောက်လို့ မီးတော်နှင့်မြိုက်တဲ့ပမာ အသည်းနှလုံး ညိုးချုံးနာကျင်တော်မူနေရှာပြီတဲ့ဘုရား"


"စုစုက မကြင်နာမှန်းသိတော်မူရတော့ အင်မတန်လည်း ၀မ်းနည်းရှက်ကြောက် ဖြစ်တော်မူနေရပြီ၊ ဒီဘ၀မှာ ကျုပ်ကို ကြင်နာမဲ့သူများမှ ရှိပါဦးတော့မလား အထိန်းတော်ကြီးရဲ့တဲ့၊ စုစုကိုစပြီး မေတ္တာတော်ပန္နက်ချမိတဲ့အတွက် စိတ်ကယောက်ကယက်လည်း ဖြစ်နေပြီ၊ ဒီတော့ ကျုပ်ကို စုစုအပြင် ကြင်နာမဲ့ အခြားမင်းသမီးများ ရှိသေးတယ်ထင်လျှင်လည်း အထိန်းတော်ကြီးကလဲ သင့်တော်မယ်ထင်သူကို ညွှန်ပြစမ်းပါ။ ကိုယ်တော့်မေတ္တာကို ခံယူမယ်အထင်ရှိလျှင် ဟောဒီရွှေလွှာတော်ကို ဆက်လိုက်ပါဆိုပြီး ရွှေလွှာတော်အသစ်တခုရေးပြီး ပေးတော်မူလိုက်ရှာသေးတယ် စုထားဖုရားရဲ့"


"သနားပါတယ်ဘုရား၊ စုထားဖုရားက လက်ခံတော်မမူတာနဲ့ ဘုရားကျွန်မ သဘောတူရာ၊ သင့်လျော်မယ်ထင်တဲ့ မင်းသမီးတပါးကို ရှာပါတော့လို့ဆိုတဲ့သဘောပါဘုရား၊ ဘုရားကျွန်မဖြင့် ထိတ်လှပါပေါ့။ ဘယ်သူ့ကိုများ ဆက်ပေးရမယ်လို့ မစဉ်းစားတတ်အောင် ရှိတာ့တာပဲဘုရား"


ဣနြေ္ဒကြီးနှင့် တင်လျှောက်ရာ ထိပ်စုဖုရားမှာ ပိုမိုမျက်နှာညိုးနွမ်းတော်မူသွားပြီး


"သြော်... သစ်သစ်လည်း စုစုအဆောင်တော်မှာ ခစားပြီး အတော် အလုပ်ပိုတွေ များနေပြီ ထင်တယ်၊ ကဲ...ကဲ၊ သီပေါကိုယ်တော်ကို ဘယ်မင်းသမီးနဲ့များ ဖူးစာတော်နှစ်ထွေ ဂဟေဆော်ပေးမည် ကြံစည်သလဲ ပန်းထိမ်တော်ကြီးရဲ့"


မချိပြုံးပြုံး၍ မိန့်တော်မူလေ၏။


သစ်။ 

"အမယ်လေး... ဘယ်မင်းသမီးကိုမှ သွားမပေးဝံ့ပါဘူး စုထားဖုရားရယ်၊ ခင်ဘွားသစ်တယောက် ရှုပ်ရှုပ်ရှက်ရှက်လုပ်နေတယ်လို့ ရွှေနားတော်ကြားမှဖြင့် အလကား သေတော်ခေါ်နေရပါဦးမယ်၊ သီပေါကိုယ်တော်ကို သနားလွန်းလို့သာ စိတ်ကျေနပ်ပါစေလို့ သူ့ရွှေလွှာကလေး အသာယူခဲ့ရပါတယ်၊ တကယ် မပေးဝံ့ပါဘူး ဘုရား "


စု။ 

"ဘယ်သူ့ကိုပေးဖို့လို့ မရည်ရွယ်ဘဲနှင့် ရေချမ်းစင်တည်တဲ့ သဘောထားနှင့် ရေးသားတော်မူတဲ့စာမို့ ဖတ်လို့ကောင်းမှာလည်း ဟုတ်မယ်မထင်ပါဘူး"


သစ်။ 

"ဘာတွေရေးထားတယ်ဆိုတာ ဘုရားကျွန်မလည်း ဖတ်မကြည့်မိလို့ မသိပါဘူးဘုရား၊ စုထားဖုရား သိတော်မူလိုလျှင် ရှုစားတော်မူပါလားဘုရား"


ပြောကာ ခြုံပဝါကြားက ပိုးဆာပါ ပဝါနှင့်ထုပ်ထားသော ရွှေလွှာတော်ကို လှမ်းဆက်လိုက်လျှင် နဂိုက မချင့်မရဲနှင့် ရင်ထဲတွင်ဗလောင်ဆူလျက် ကြည့်ချင်ရက်ဖြစ်တော်မူနေသော စုဖုရားလည်း တစုံတရာ မိန့်ကြားတော်မမူဘဲ ပိုးဆာပါပဝါအတွင်းမှ ရွှေလွှာတော်ကို ထုတ်ယူရှုစားတော်မူလျက် ရှိလေ၏။


ခင်ဘွားသစ်လည်း ခစားရင်း ပြုံးပြုံးကြီးလုပ်နေလေရာ အလွှာတော်ရှုစားတော်မူနေသည့် ထိပ်စုဖုရားမှာလည်း စာတော်မဆုံးခင် တဖြည်းဖြည်း ပြုံးသည်ထက် ပြုံးရွှင်တော်မူလာပြီး စာလည်းဆုံး အပြုံးကြီးလည်း ပြုံးတော်မူလျက် ခင်ဘွားသစ်ဘက်သို့ လှည့်တော်မူလိုက်လျှင် အိုးမလုံအုံပွင့်နေသည့် မျက်နှာထားနှင့် ပြုံးပြုံးကြီးခစားနေသော ခင်ဘွားသစ်ကို မြင်တော်မူရကား


"ကြည့်စမ်းပါ၊ သစ်သစ်ကြီးဟာ ပလီစိချောက်ချက် တယ်တတ်နေပါကလား၊ ပြော...ပြော၊ ဒီအလွှာတော်ဟာ ဘယ်သူ့ကို ပေးလိုက်တာလဲ၊ မှန်တဲ့အတိုင်းပြောပါ၊ ဒီမျက်နှာကြီးကကော ဘာပြုမဲ့ အလကားနေရင်း ပြုံးကြည့်နေရတာလဲ"


မချင့်မရဲနှင့် ဆွဲထုတော့မယောင်ယောင် ဖြစ်နေရာ ခင်ဘွားသစ်မှာ တခစ်ခစ် ရယ်ရာက

"ခုနင်က ဖျာ့ကျွန်မ လျှောက်တင်ပြီးပါပကော၊ ဘယ်သူရယ်လို့ မရည်မှန်းပါဘူး၊ စခန်းသင့်သလို လက်ခံမဲ့မင်းသမီးတပါးပါး"(စကားမဆုံးမီ)


စု။ 

"အို...တော်ပါ၊ ဝေ့လည်ကြောင်ပတ်လုပ်နေမှန်း စုစုသိပါပြီ၊ မှန်မှန်သာပြော၊ ဒီရွှေလွှာဟာ စုစုကို သေသေချာချာ ပေးလိုက်တာပဲမဟုတ်လား"


သစ်။ 

"အရှင်ထိပ်စုမြတ်ဖျား လက်ခံတော်မူမယ်ဆိုလျှင်လည်း အရှင့်ဖို့ပါပဲ"


စု။ 

"ဒီလို တောင်မရောက်မြောက်မကျ ဇက ပြောမနေစမ်းပါနဲ့၊ ဒီရွှေလွှာမှာပါတဲ့ တေးထပ်နဲ့ သဖြန့်များဟာ စုစုကို သေသေချာချာရေးထားတဲ့ အဓိပ္ပာယ်များပါ၀င်နေတယ်၊ စုစုကရေးလိုက်တဲ့ တေးထပ်စာနှင့် ယှဉ်ကြည့်လျှင် ဘယ်အထိ အဓိပ္ပာယ်တိုက်ဆိုင်နေကြောင်း သိရတာပေါ့"


အမှတ်မဲ့ လွှတ်ခနဲ မိန့်တော်မူလိုက်ရာ ခင်ဘွားသစ်က အံ့အားသင့်သောမျက်နှာနှင့်


"ဟော...ဟော...ပေါ်ပြီ၊ ဘယ်ဆီတုန်းက စုထားဖုရား တေးထပ်လွှာ ဆက်လိုက်ပါသလဲ၊ ဖျာ့ကျွန်မလည်း မသိရပါကလား"


အမှားစောင့်၍ ပြောလိုက်သောအခါ ထိပ်စုဖုရားမှာလည်း အမှတ်မဲ့ စကားကျွံသွားမိသဖြင့် ခင်ဘွားသစ်ကို ရှုစားတော်မူနေရုံမှတစ်ပါး စကားတခွန်းမျှ မိန့်တော်မမူသေးမီ


သစ်။ 

"ပေါ်ပြီ၊ စုထား လိမ်တော်မူလို့မရတော့ဘူး၊ ဘယ်တုန်းက အလွှာတော် ပြန်ဆက်လိုက်ပါသလဲ၊ ငယ်ကတည်းကချစ်ရတဲ့ သစ်သစ်ကိုတော့ စေတော်မမူဘဲနှင့် ဘယ်သူတွေကိုများ စေစားတော်မူလိုက်ပါသတုံး၊ အင်မတန်မုန်းစရာကောင်းတဲ့ စုထားဖုရားပါကလား၊ မသင့်ပါဘူးလေနဲ့ မေတ္တာတော်ကင်းဝေးတဲ့သဘောနှင့် လှည့်စားပြောတော်မူထားတယ်၊ တကယ်ဆို သစ်သစ်ရယ် သီပေါကိုယ်တော်ကို စုစုကလည်း ချစ်တော်မူပါတယ်လို့ ဖွင့်ပြောတော်မူရင် ဒီမိခင်ကြီးက စောစောစီးစီး မကရပါကလား၊ ခုတော့ စုထားဟာ 'အတွင်းထရံ အပြင်ကာ'ဆိုတာလို သစ်သစ်ကို အသိမပေးဘဲနှင့် သူတထူးနှင့် အလွှာတော် ပြန်ပို့တာများ လားလားမှမတော်ပါဘူး "


ဆူတခါ ဆောင့်တခါ ငိုတလှည် မဲ့တဖုံံ အမျိုးမျိုး ခနိုးခနဲ့ လျှောက်တင်နေလျှင် ပြုံးပြုံးရွှင်ရွှင်နှင့် ရှုစားတော်မူနေသော စုဖုရားကလည်း


"အို...သစ်သစ်က စုစုကို အမှုရှာပြန်ပြီ၊ စုစုက သစ်သစ်အပြင် ဘယ်သူ့ကိုများ စေစားတော်မူတယ်ထင်လို့လဲ၊ စုစုရေးတော်မူတဲ့ အလွှာတော်ကို သစ်သစ်ပင် ယူဆောင်သွားပြီး မောင်တော်ဘုရားကို ဆက်ခဲ့တယ် မဟုတ်လား"


မိန့်တော်မူရာ ခင်ဘွားသစ်က မသိချင်ပြုလျက်-

"ဟောတော့ ခက်ရပြန်ချေပြီ၊ သစ်သစ်ကို ဘယ်တုန်းက စေတော်မူလို့ပါလဲ၊ သတိတော်များလည်း ထားပါဦး စုထားဖုရားရဲ့"


"သစ်သစ်ကလည်းနော် သိရက်သားနှင့် ညာနေတော့တာပဲ၊ သစ်သစ်ယခုပို့ဆက်ခဲ့တဲ့ ရွှေလွှာတော်ဟာ စုစုရေးတဲ့ အလွှာတော်ပေါ့၊ ဒီအလွှာတော်အရ သီပေါမောင်တော်က ယခုအလွှာတော်ကို ပြန်ပေးတော်မူလိုက်တာပဲ မဟုတ်လား၊ ဒါနဲ့များ ရွှေပြားကို လုံထဲ ထည့်ပြီး အရည်ကျိုလိုက်သလေး ဘာလေးနှင့် လူများစိတ်မအေးအောင်၊ ကလီကမာစကားတွေ ပြောနေရသေးတယ်၊ အင်မတန်ဥာဏ်များတဲ့ သစ်သစ်"


ပြောကာ ခင်ဘွားသစ်၏ ပေါင်ပေါ် တအားဖိထိုင်လိုက်မှ ခင်ဘွားသစ်ကြီးက အသံထွက်လာသည့်တိုင်အောင် ရယ်မောလျက် စုစုကို ပိုက်ဖက်ရင်း


"အနို့ စုထားက အမေ့ကို ဘာဖြစ်လို့ တပတ်ရိုက်ပြီး ခိုင်းတော်မူရတာလဲ၊ သစ်သစ်ဖြင့် တကယ်မှတ်လို့ သီပေါကိုယ်တော်လေး သနားလိုက်တာလေ၊ ကိုယ်တော်လေးကလည်း အစက သစ်သစ်အထင်လွှဲသလိုပဲ လွှဲနေရှာလို့ မျက်နှာတော်မသာဘူး၊ နောက်တော့ အလွှာတော်ကို စိတ်ပျက်ပျက်နဲ့ တချက်ပစ်ပြီး ရှုစားတော်မူလိုက်မှ စုထားဖုရား ပြန်လည်ရေးသားပေးတော်မူလိုက်တဲ့ အလွှာတော်မှန်းသိလို့ ညို့နေတဲ့မျက်နှာတော်ဟာ သော်တာလနန်း ရေတွေ့တဲ့ပဒုမ္မာပန်းလို ဗြုန်းခနဲ ရွှင်လန်း လာတော်မူရှာတယ် စုထားဖုရားရဲ့၊ အစက ဘာဖြစ်လို့ သစ်သစ်ကို ပွင့်ပွင့်လင်းလင်း မိန့်တော်မမူရတာလဲ၊ မတော်လို့ အလွှဲလွှဲ အမှားမှားဖြစ်သွားရင် မခက်တန်ဘဲနှင့် ခက်မနေပါလား စုထားဖုရား"


အပြစ်တင်သံကလေးနှင့် လျှောက်ထားလေ၏။


"အို...သစ်သစ်ကလဲ၊ ရှက်တော်မူသေးတာကိုး"


ပြောလျက် မျက်နှာကို လက်နှင့်အုပ်ကာ အထိန်းတော်ကြီးရင်ခွင်သို့ ခေါင်းနှင့်၀င်ခွေ့နေရှာ၏။


ခင်ဘွားသစ်မှာ ရင်သွေးပမာ ချစ်ခင်လာသော စုဖုရားအား ရှက်အားတော်ပိုမည်စိုးသဖြင့် အခြားစကားများကို ကြားဖြတ်တင်လျှောက်ကာ ရယ်စရာ ပုံတိုပတ်စများနှင့် တဟားဟား ရယ်သွမ်းသွေး၍ ကလေးကိုချော့သည့်အလား ယုယပိုက်ထွေးလျက် နံ့သာပန်းမန်များကို ဆက်ရန် မှန်ဆောင်တော်ရှိရာသို့ တွဲခေါ်ယူသွားလေ၏။


မှန်ခုံတော်ရှေ့တွင် စံတော်မူမိသောအခါ ခါနွေနှင့်ခင်ဘုန်းတို့ အဆင်သင့်ကုံးထားသော မြတ်လေးကုံးကြီးကို ရွှေကလပ်ပေါ်မှယူ၍ ပန်ဆင်ပေးလျက်


"မွေးလိုက်တာ စုဖုရား၊ ပန်းတကာ့ပန်းမှာ မြတ်လေးပန်းလောက် ဘယ်ပန်းမှ ရနံ့မထူးပါဘူး၊ စန္ဒကူးနံ့သာတွေ မွှေးတယ်ဆိုတာလည်း သူ့ဟာနှင့်သူတော့ မွှေးပါလိမ့်မယ်၊ သို့ပေမဲ့ ရွှေမြတ်လေး ရနံ့ကိုဖြင့် မလွှမ်းမိုးနိုင်ပေဘူး၊ အဲ...ဒါကြောင့် ပန်းတကာ့ပန်းမှာ ဘယ်ပန်းဟာ အမြတ်ဆုံးပါလဲလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လျှောက်တင်တဲ့အခါ မြတ်လေးပန်းသာလျှင် မြတ်တယ်လို့ မိန့်တော်မူတဲ့အတွက် မြတ်စွာဘုရားကို အထွတ်အမြတ်ထား၍ ပူဇော်ရာတွင် မြတ်လေးပန်းသာလျှင် တမြတ်တနိုးထား၍ လှူဒါန်းကြတယ်"


"မြတ်လေးပန်းမပွင့်တဲ့ရာသီမှာ မြတ်လေးပန်းကိုယ်စား မြတ်လေးပွါးမုလေးပွါးနှင့် တံခွန်ကုက္ကားများကိုပင် အမြတ်တနိုးအသုံးပြုကြရတဲ့ အစဉ်အလာကို ထောက်ထားပြီး သည်ပန်းကိုမှ မြတ်လေးပန်းတော်ပါကလားလို့ အားရနှစ်သက်စွာ ပန်ဆင်တော်မူလိုက်ပါ ဘုရား"


အရိပ်အယောင်နှင့် မြတ်လေးပန်းကို ဥပမာဆောင်၍ လျှောက်တင်ပြီး တဖန်လည်း လက်၀တ်တော် ရွှေကြုတ်ကိုဖွင့်ကာ ရတနာခုနှစ်ပါးဖြင့် စီချက်ထားသော မြသားဘယက်ကြီးကို စုဖုရားလည်တွင် ဆွဲဆင်ပေးလျက် ရွှေကသယ်မှုန့်တို့ဖြင့် ပြုပြင်ထားသည့် နံ့သာမှုန်များကို တို့ဆစ်နေလေ၏။


"ဟင်...စုထားဖုရား၊ ဒါနှင့် စကားမစပ် ဘယက်တော်မြင်မှ သတိရပါတော့ကလား၊ မယ်တော်ကြီးဖျားအဆောင်တော် ခစား၀င်ရဦးမယ်ဆို"


စု။

"အို ဟုတ်​ပေသားပဲ။ စုထားဖုရား ၀တ်စားပြင်ဆင်တော်မူဖို့အတွက် စိန်ကောင်း၊ ကျောက်ကောင်း၊ ရတနာကောင်းတွေ သနားတော်မူမယ်၊ မိဘွားသစ် လာယူပေစေလို့ မှာတော်မူသွားပါတယ်" 


သစ်။

"ဒီလိုဖြင့် သစ်သစ် အခစား၀င်ချေဦးမည် ဘုရား" 


တင်လျှောက်ကာ အဆောင်တော်အပြင်သို့ ထွက်လာလျှင် အဆောင်တော်အတွင်း တပါးတည်း စံတော်မူရစ်သော စုဖုရားလတ်သည် မောင်တော်သီပေါမင်းသားထံတော်မှ ဒုတိယအကြိမ် ပေးပို့တော်မူလိုက်သော တေးထပ်သံထောက်များကို အထပ်ထပ်အကြိမ်ကြိမ် ရှုစားတော်မူလျက် နက်နက်နဲနဲ စဉ်းစားတော်မူပြီး ပီတိသောမနဿတည်းဟူသော လေပြည်လေညှင်းအလယ်တွင် ဘယ်ယိမ်းညာနွဲ့ တသွဲ့သွဲ့လှုပ်ရှားနေသော သဇင်ခက်ကလေးပမာ နှစ်သက်ကြည်နူး အထူးပျော်ရွှင်၍ နေတော်မူရှာလေသတည်း။


အပိုင်း(၄)ဆက်ရန်


ဒဂုန်ခင်ခင်လေး


crd 👉 ShweZinU & Aung Kyaw Htun (ပညာ့ဗိမာန်စာကြည့်တိုက်၊ အ.ထ.က(၁)(လမ်းမ​တော်)(ကိုယ်ထူကိုယ်ထ)


No comments:

Post a Comment