Friday, August 12, 2022

စာဆိုတော် (အပိုင်း - ၂)

မောရဂီဝိန် ဖလ်စက်အိမ်သည် အရှိန်ယုတ်လျှော့ ပျော့တော့ညံ့ပြောင်း တနေ့သောညနေစောင်းအချိန်တွင် ရွှေအိမ်ရွှေနန်း အခန်းခန်းအဆောင်ဆောင်တို့၌ ရာထောင်မကများလှသော နန်းတွင်းသူ နန်းတွင်းသားတို့မှာ ဆိုင်ရာဆိုင်ရာ အဆောင်တော်များစွာ၌ ပျော်ရွှင်ချမ်းသာစွာ ခစားနေထိုင်လျက်ရှိကြစဉ် ရွှေနန်းတော်ကြီးအနောက်ပိုင်း စလင်းစုဖုရား သုသီရိမြတ်စွာ ရတနာဒေဝီ စံမြန်းတော်မူသော ကြိုင်ထုံသင်းပျံ့၊ ၀င်းဖန့်ဝါရွှေ၊ အထွေထွေသော ပန်းမျိုးစုံတို့ဖြင့် မွမ်းမံခြယ်လှယ်အပ်သော ပန်းခုံတော်၀ယ် စွယ်တော်ပန်းများကို ပန်းထီးသဖွယ် လှပစွာ ပြုပြင်စီရင်လျက်ရှိကြသော အပျိုတော် သာစည်ရွာ ခင်ထားနှင့် ကျောက်ကာရွာစား ခင်နှစ်တို့မှာ နှစ်ယောက်ချင်းရှိကြသဖြင့် လွတ်လပ်ခွင့်ရှိသည့်အားလျော်စွာ ပြောလိုသောစကားများကို အပြန်အလှန် ပြောဆိုနေကြရာမှ_


ခင်ထား။   ။ဒါနဲ့ စကားမစပ် အရှင်နန်းမတော်ဖုရားကြီး ကံတော်ကုန်မှ အနောက်ပိုင်းက မိဖုရားတွေ တော်တော်ပဲ စိတ်အလုပ်များတော်မူနေကြပါကလား မမရဲ့။


ခင်နှစ်။   ။ဘယ်လိုစိတ်အလုပ်များပုံပါလိမ့် မမရယ်၊ ခင်နှစ်ကတော့ အမှတ်တမဲ့မို့ သတိမထားမိပေဘူး။


ခင်ထား။    ။တခြားဟုတ်ပါရိုးလား၊ မိဖုရားခေါင်ကြီးအဖြစ်သို့ အဆောင်ရ၊ နန်းရမိဖုရားထဲက တပါးပါးဖြစ်ရတော့မယ်ဆိုတဲ့ အာရုံကလေးဟာ ကိုယ်စီကိုယ်စီ မျှော်လင့်တော်မူမိကြပြီး  ဘုန်းတော်ကြီးလှသော ဘုရားအမိန့်တော်က ဘယ်သူ့အပေါ် ကျမယ်ဆိုတာ စောင့်စားနေရှာကြတယ်၊ မမက ဒါကိုရည်ရွယ်ပြောတာပါ။


ခင်နှစ်။    ။အထူးမျှော်လင့်ကြလို့ အပိုဖြစ်နေမှာပေါ့ မမရယ်၊ နန်းရမိဖုရားတွေထဲမှာ အလယ်နန်းမတော်ဖုရားဟာ အရာလည်း အကြီးဆုံးဖြစ်တယ်၊ နှမတော်ကြီးလည်းဖြစ်တယ်၊ ဒီတော့ အခြားမိဖုရားတွေ မျှော်လင့်ဖွယ်မရှိဘူးလို့ ထင်မိတာပဲ မမရဲ့။


ခင်ထား။    ။ဒီလိုလည်း အတပ်မစွပ်စွဲနဲ့ဦး၊ ကံက ရှိပေသေးတယ်၊ ဘ၀ကုသိုလ်ကံကို ဘယ်သူမှ အတပ်အထင် မဟောနိုင်ပေဘူး၊ ယခုမျက်မြင်အတိုင်း သေချာသလောက် ဖြစ်နေသော်လည်း အလယ်နန်းတော်ဖုရားထက် ထူးကဲပြီး ချစ်မြတ်နိုးတော်မူတဲ့ မိဖုရားတဦးဦး အထူးသဒ္ဓါတော်မူမယ်ဆိုရင် ဘယ်သူက ၀င်ပြီး ကန့်ကွက်နိုင်ပါ့မလဲ၊ သားတော်ကြီးတွေရဲ့မျက်နှာနဲ့လည်း သဒ္ဓါမူမယ်ဆိုရင် မဖြစ်နိုင်ပေဘူးလား။


ခင်နှစ်။    ။မဖြစ်နိုင်ပါဘူး မမရယ်၊ ဒီကိစ္စမှာတော့ ဘယ်နည်းနဲ့မဆို အလယ်နန်းမတော်ဖုရားသာ ဖြစ်နိုင်စရာလမ်းရှိပါတယ်၊ ဘုန်းတော်ကြီးလှသော ဘုရားကလည်း ဒီနှမတော်ကြီးကလွဲပြီး အခြားမိဖုရားတွေကို ရွေးချယ်တော်မူမယ် မထင်ပါဘူး မမရဲ့။


ခင်ထား။    ။မမကလည်း ဇွတ်အတင်းသာ အတပ်စွဲနေတော့တာပဲ၊ ကံတရားကိုလည်း စဉ်းစားစမ်းပါဦး၊ တခြားဟာကို ဥပမာမပေးဘဲ အလယ်နန်းမတော်ဖုရားရဲ့ မယ်တော်ကို ဥပမာပေးစမ်းပါရစေ၊ သေသေချာချာ နားထောင်တော်မူစမ်းပါဦ။


ခင်နှစ်။   ။ကဲ...ကဲ၊ အားလပ်ခွင့်ရတဲ့အခါ ကိုယ်ထင်ရာကိုယ်ပြောရအောင်၊ ဟောတော်မူစမ်းပါဦး မမရယ်။


ခင်ထား။    ။ယခု အရှင်နန်းမတော် မိဖုရားခေါင်ကြီးဖုရား ကံတော်ကုန်တာ လ,ရက် အတော်ကြာသွားပြီနော်၊ အဲ...ကြာတာထားပါဦး၊ အရှင်နန်းမတော်ဖုရားကြီး စံမြန်းတော်မူတဲ့ နန်းမတော်ဆောင်ကြီးကို ရှိတော်မူစဉ်ကလို ခင်းကျင်းပြင်ဆင်ပြီး အရှင် မိဖုရားခေါင်ကြီးဖုရားကိုယ်စား ရွှေသားရုပ်ပုံသွန်းလျက် ရွှေပြာသာဒ်ထက်မှာထားလို့ မှန်နန်း အပျိုတော်ကြီးများ ရှေ့က ခစားမြဲအတိုင်း ခစားစေတဲ့သဘောဟာ သာမာန်တွေးမယ်ဆိုရင်ဖြင့် ဘုန်းတော်ကြီးလှသောဘုရားသည် အရှင်နန်းမတော်ကြီးအား ရွှေရုပ်သွန်းလို့ အလွမ်းပြေရှုစားတော်မူဖို့ သို့မဟုတ် မောင်းမမိဿံ အခြွေအရံများကို အလကား အသက်ကင်းမဲ့သည့်ရွှေရုပ်ကို အလုပ်တခုလုပ်၍ ရှိခိုးခစားကြသည့်အတွက် အကျိုးမရှိ၊ သက်သက် စေခိုင်းတော်မူထားသကဲ့သို့ ထင်ရပေတယ်။ သို့သော် ဘ၀အရှင်မင်းတရားကြီးဘုရားမှာ ငယ်ရွယ်တော်မူသေးသဖြင့် သင်္ခါရဓမ္မကို မတွေးထင် မသိမ်းဆည်နိုင်၍ စိတ်ထင်တော်မူရာ လုပ်တော်မူသည်ဟု ဆိုဖွယ်မရှိပါကလား မမရယ်၊ သတိသမ္ပဇဉ်နှင့် ဆင်ခြင်နှိုင်းစာတော်မူတတ်တဲ့ အရွယ်ကြီးရင့်ပြီး ထောက်ချင့်စဉ်းစား ပညာရှိတဲ့မင်းတပါး မို့ အလကားလို့ မဆိုနိုင်ဘူး၊ ဘယ်အရေး၊ ဘယ်အချင်းကြောင့် သည်ကဲ့သို့ ပြုကြသည်ဆိုတာ စဉ်းစားစရာ မဟုတ်ပါလား။


ခင်နှစ်။    ။ဟုတ်ကဲ့...နှစ်နှစ်တော့ မစဉ်းစားတတ်ပါဘူး၊ မမ စဉ်းစားပြီးရင်လည်း မိန့်တော်မူပါ။


ခင်ထား။   ။ဒါကြောင့် မမက(ကံ)လို့ပြောတာပေါ့။ (ကံ)ထူးရင်ရမယ်၊ မိဖုရားတွေထဲက တယောက်မှ ရဖို့ (ကံ)မပါရင် တပါးမှမရဘူးသာ မှတ်ပေတော့။


ခင်နှစ်။    ။အဲဒီကံက ဘယ်နှယ့်လဲ မမရဲ့၊ အလယ်နန်းမတော်ဖုရား မိဖုရားခေါင်ကြီး ဖြစ်နိုင်တဲ့ကံ မပါဘူးလို့ ထင်ပါသလား။


ခင်ထား။    ။မထင်ဝံ့ပါဘူး မမရယ်၊ မမနှယ် ပြောရတာ ဝေ့လယ်လယ်ရှိပါဘိတော့နော်၊ အရှင် ထိပ်စုမြတ်ဖုရား အပါးတော်မှာ လောကုတ္တရာကျမ်းဂန်များအပြင် လောကီဗေဒင်ကျမ်းကို တဖက်ကမ်းရောက်မလောက် တတ်မြောက်နေတဲ့ တပင်တိုင်အပျိုကြီးတပါး ဖြစ်ရက်သားနှင့် ကံတရားလှည့်စားတဲ့အကြောင်းကလေးများ စဉ်းစားတော်မူလိုက်စမ်းပါ။ အိမ်ရှေ့မင်းဖြစ်နေပကောလို့၊ တနေ့ ရှင်ဘုရင်ဖြစ်ချင်မှဖြစ်မယ်၊ ဘုရင်ဖြစ်ထိုက်တဲ့ ကံမပါရင် မဖြစ်နိုင်ဘူး။ အရည်အချင်းမပြည့်စုံသူကလည်း ကံရှိရင် မမျှော်လင့်ဘဲနဲ့ ရတတ်တာမျိုး၊ အလယ်နန်းမတော်ဖုရားရဲ့မယ်တော်ဟာ မဟာမျိုးမဟာနွယ် မဟုတ်ဘဲနဲ့ ကံထူးတော့ မိဖုရားခေါင်ကြီးဖြစ်ရတယ်မဟုတ်လား၊ မမပြောတာ တွေးမိရဲ့နော်။


ခင်နှစ်။    ။ဟုတ်ပါလေရဲ့၊ နည်းနည်းနားပွင့်လာပါပြီ၊ သည်အကြောင်းကလေး ထပ်ပြီး အကျယ်အမိန့်ရှိပါဦး မမ။


ခင်ထား။    ။ဟင်... နားပွင့်လာပြီလဲဆိုသေးရဲ့၊ ထပ်ပြီးတော့လည်း အကျယ်ချဲ့ ပြောစမ်းပါဦးတဲ့။ ဒီလို... ဒီလို မမရဲ့၊ ဘကြီးတော်ဘုရားဟာ သက်တော်နုနယ် အရွယ်တော်ငယ်ငယ်မှာ ပထမ အိမ်ရှေ့မင်းမိဖုရားဟာ ဆင်ဖြူရှင်မယ် ကွယ်လွန်ပြီးတဲ့နောက် သူ့ဘိုးတော်ဘုရားက (၇)နှစ်သမီးသာရှိတော်မူသေးတဲ့ ပန်းတောင်း မင်းသမီးလေးနဲ့ ကြိုကြိုတင်တင် ရေသွန်းနှင်းအပ် လက်ထပ်တော်မူပြီး မဟာဥပရာဇာ အိမ်ရှေ့မိဖုရားကြီး အစီး၊ အနင်း၊ အဆောင်အရွက် ခန့်အပ် ပေးသနားတော်မူထားတဲ့အတွက် ပန်းတောင်းမင်းသမီးကလေးဟာ ဘကြီးတော်ဘုရားရဲ့ ငယ်ကြင်ဖော်အစစ်၊ လက်ထပ်မိဖုရားကြီးဖြစ်နေပြီး အထွတ်အထိပ်ရောက်လို့ နန်းတက်တော်မူတဲ့အခါ အချိန်အရွယ်ရောက်လာတဲ့ ပန်းတောင်းမင်းသမီးကိုသာ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး မြှောက်သင့်ပါလျက် အချစ်လက်သစ်ဖြစ်တဲ့ မယ်နုနဲ့ ရွှေလက်ဆွဲပြီး နန်းတက်ပွဲ ၀င်တော်မူတယ်၊ မယ်နုဟာ နန်းတက်ဖွားမဟုတ်ဘဲ ထူးကဲတဲ့ကံပါလို့ မဆိုင်ရာက၀င်ပြီး မိဖုရားခေါင်ကြီးဖြစ်သွားတယ်၊ မိဖုရားခေါင်ကြီးဖြစ်ထိုက်တဲ့ ကံမပါတဲ့ ပန်းတောင်း မင်းသမီးကလေးမှာတော့ ဘိုးတော်ကိုယ်တိုင် အိမ်ရှေ့မိဖုရားအဖြစ် ရေသွန်းနှင်းအပ် လက်ထပ်ပေးစားတော်မူလျက် ရက်စက်စိမ်းကား အနိမ့်အကျ ပစ်ပယ်တော်မူထားတာ ခံရရှာတယ် မဟုတ်ပါလား။


အဲဒါ ကံတရားပေါ့၊ သူဟာ ဖြစ်ထိုက်တယ်၊ သူပဲဖြစ်မှာပါလို့ ဘယ်အခါမှ ကိန်းသေတွက်မထားကောင်းဘူး၊ တလောက မြင်ကွန်းကိုယ်တော်အရေးမှာ ကံတော်ကုန်သွားတဲ့ မင်းထပ်ကိုယ်တော် အိမ်ရှေ့ဘုရားကိုကြည့်၊ ဘုန်းတော်ကြီးလှသောဘုရား မရှိတော်မူတဲ့နောက် ရာဇပလ္လင်ပေါ် ရောက်လိမ့်မယ်ဆိုတာ လူတိုင်းသိကြတယ် မဟုတ်လား၊ ဒါပေမဲ့ ကံတရားက ဘုရင်မဖြစ်ရဘူးလို့ စီရင်ချက်ချထားတော့ မြင်ကွန်းကိုယ်တော်ဓားနဲ့ နတ်ရွာလားရရှာပြီ။


အခု ဒီနေရာကို ဘယ်သူတက်ဦးမလဲ ဘယ်သူမှ မပြောနိုင်သေးဘူးနော်၊ သားတော်ကြီးတွေက တပါးလည်းမက နှစ်ပါးလည်းမက များလှတော့ ဒီအထဲက ကံထူးကဲတဲ့ သားတော်တပါးပါး ခမည်းတော်အရိုက်အရာကို ရတော်မူမှာပဲ၊ ဒါကြောင့် မိဖုရားခေါင်ကြီးဖြစ်ဖို့လဲ ခုရှိတဲ့မိဖုရားတွေထဲက တပါးပါးဟာ ကံထူးလာလိမ့်မယ်၊ တကယ်လို့ ဘုန်းတော်ကြီးလှသောဘုရားက ဂတိလိုက်စားတော်မမူဘဲ ဘယ်သူ့ကိုမှ မမြှောက်စားရင်ဖြင့် ဘယ်မိဖုရားမှ ကံမပါဘူးလို့ ပြောရမယ်၊ သမီးတော်ကြီးတွေ အများထဲမှာလည်း ထူးကဲတဲ့ ကံဇာတာပါလို့ မမတို့အရှင် စလင်းထိပ်စုဖုရားတပါးသာ ပင်တိုင်တော်နဲ့ထားပြီး ခမည်းတော်ဘုရား အချစ်ဆုံး မြှောက်စားသူကောင်းပြုတော်မူတဲ့ သမီးတော်တပါး ဖြစ်ရတယ်မဟုတ်လား။


ခင်နှစ်။    ။ဟုတ်ပါ့ မမ၊ ကံပင့်မြှောက်သလောက် မြောက်ကြရတာပါကလား၊ နှစ်နှစ်ဖြင့် ခုမှ အရေလည်ပါတယ်။


ယင်းသို့ ပြောဆိုနေကြစဉ် ပင်တိုင်ဆောင်မှ သာယာကြည်ညိုဖွယ်ကောင်းလှသော ကြေးစည်သံများကြားရသဖြင့် 


"ဟော... မမ အရှင်ထိပ်စုမြတ်ဖုရား သမ္ဗုဒ္ဓေပန်း ကပ်လှူတော့မလို့ အချိန်နီးနေပါကလား၊ ကြည့်စမ်းပါဦး၊ စကားတွေမဆုံးနိုင်အောင် ပြောပြီး လေကြောရှည်နေလိုက်ကြတာ၊ ထိပ်စုမြတ်ဖုရား သိတော်မူရင် သမ္ဖပ္ပလာပ အကျိုးမရှိတဲ့စကားတွေ ပြောနေရမလားလို့ များများကြီး အပြစ်တင်တော်မူလိမ့်မယ်၊ လာလာ ပန်းထီးတော်ကို မြန်မြန်ယူပြီး သွားကြစို့ ဟု ပြောကာ လှပဆန်းကျယ်စွာ ပြုပြင်စီမံထားသော ပန်းထီးကိုယူလျက် ကသုတ်ကရက် ပင်တိုင်အဆောင်တော်ဘက်သို့ ထွက်သွားကြလေသတည်း။


* * * 


သက္ကရာဇ် (၁၂၃၉) ခုနှစ် နယုန်လ သုဓမ္မာ စာပြန်ပွဲတော်ကြီးကား နီးကပ်၍လာပြန်လေ၏။ ရွှေနန်းတော်သူ၊ ရွှေနန်းတော်သားတို့နှင့်တကွ တိုင်းနေပြည်သူ ရှင်လူရဟန်းတို့လည်း စာတော်ပြန်ပွဲကြီးအတွက် နှစ်စဉ်နှစ်တိုင်းကဲ့သို့ စည်ကား ကြီးကျယ်စွာ ဆိုင်ရာဆိုင်ရာ ပြုပြင်စီမံလျက်ရှိကြလေရာ ထိုနှစ်အဖို့ကား ဘ၀အရှင်မင်းတရားကြီးဘုရားမှာ တိုင်းပြည်တည်ဖက်၊ နန်းစံဖက်၊ ကုသိုလ်ကောင်းမှုတော်ပြုဖက် ဖြစ်တော်မူသော စကြာဒေဝီ မဟေသီဖုရားခေါင်ကြီးဘုရား နတ်ပြည်စံတော်မူပြီဖြစ်သောကြောင့် ထိုနှစ်အတွက် သုဓမ္မာစာပြန်ပွဲသဘင်သို့ တပါးတည်းပင် ထွက်တော်မူရတော့မည် ဖြစ်လေ၏။


သားတော်သီပေါမင်းသားလည်း လာလတ္တံ့သော စာတော်ပြန်ပွဲတွင် နောက်ဆုံးအကြိမ် ပထမကြီးအဖြစ်နှင့် ပြန်ဆိုတော်မူမည်ဖြစ်ရာ ခမည်းတော်မင်းတရားကြီးဘုရားလည်း အထက်အကြိမ်များက ချီးမြှင့်တော်မူသော အခမ်းအနားအတိုင်း ခမ်းနားကြီးကျယ်စွာ ချီးမြှင့်တော်မူရန် အမိန့်တော်ထုတ်ပြန်တော်မူလေ၏။


သီပေါမင်းသား၏မယ်တော် လောင်းရှည်မိဖုရားလည်း သားတော်အတွက် အားတက် ၀မ်းမြောက်တော်မူကာ သားတော် စံနေတော်မူရာ နန်းဦးမှန်စီကျောင်းတော်သို့ ထူးခြားသော ရသာချိုချဉ် ဆွမ်းကွမ်း ပြင်လျက် နေ့စဉ်၀တ်မပျက် စေလွှတ်ပို့သခြင်း၊ သုဓမ္မာစာတော်ပြန်ပွဲသို့ ဆင်နွှဲတော်မူကြမည့် သမုတိသံဃာတော်မြတ်တို့အား သဒ္ဒါတတ်အားတော်မူသလောက် သက္ကစ္စမြောက် လှူဒါန်းရန် သင်္ကန်းများ ကိုယ်တော်တိုင် ချုပ်လုပ်လျက် ရှိတော်မူလေ၏။


အလယ်နန်းမတော်ဖုရားနှင့် သမီးတော် ထိပ်စုဖုရားကြီးမှာလည်း နှစ်စဉ်လှူဒါန်းခဲ့သည့်နည်းအတိုင်း ယခုနှစ်အဖို့လည်း အသီးသီးသော ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းအုပ်ရေမြောက်မြားစွာ ဆက်ကပ်လှူဒါန်းရန် ရည်သန်တော်မူလျက် သက္ကစ္စဒါနမြောက်ရန် စံဆောင်တော်အတွင်းတွင် ခြွေရံသင်းပင်း ကျွန်တော်မျိုးမရင်းချာတို့ဖြင့် စီမံစိုင်းပြင်း လှူစာရင်းကောက်လျက် ရှိကြသည့်အခါတွင် အရှင်စုဖုရားလတ်သည် အပါးတော်တွင် နီးကပ်စွာ အမှုတော်ထမ်းရသော လက်ရင်းအပျိုတော်ကလေးတဦးနှင့် မှန်ဆောင်တော်တွင်း စံတော်မူကာ ရွှေကလပ်နှင့်ဆက်လာသော မြတ်လေးပန်းများကို နှစ်သက်စွာ ပန်ဆင်တော်မူရင်း ယမန်နှစ် နယုန်လအတွင်းမှာ ဟဒယနှလုံးသားကို အနည်းငယ် ထိခိုက်လှုပ်ရှားစေသော အကြောင်းထူးတခုသည် တနှစ်အတွင်း မေ့မေ့လျော့လျော့၊ ပေါ့ပေါ့ဆဆ နေတော်မူမိရာမှ မြတ်လေးပန်းရနံ့က နှိုးဆွသတိပေးလိုက်ခြင်းဖြင့် အလင်းဥာဏ်ပေါ်ထွက်၍ ရုတ်တရက် သတိတော်ရမိသဖြင့် ဘုန်းတော်ကြီးလှသော ခမည်းတော်ဘုရား၏ ကန်တော့ခံ ညီလာခံသဘင်တွင် တိမ်စင်သောလ၀န်းကဲ့သို့ တင့်ရွှန်းကြည်သာ မင်္ဂလာကျက်သရေအပေါင်း စုဝေးရာဖြစ်သော မောင်တော် သီပေါမင်းသား၏မျက်နှာတော်နှင့် ရှုစားတော်မူမိခြင်း ဆုံ၍ ရွှေရင်တော်ခုန်မိသည်များ ထင်ရှားစွာ တွေးတောသတိရတော်မူလာပြီးလျှင် ယခုပင် ဖြစ်ပျက်တွေ့ဆုံနေဘိအလား များစွာလှုပ်ရှား ထိခိုက်တော်မူသွားလေတော့၏။


ထိုအခိုက်တွင် အထိန်းတော်သုမန၀တီ ခင်ဘွားသစ် အဆောင်တော်ထဲသို့ ၀င်လာပြီး စုဖုရား အပါးတော်အနီးတွင် ထိုင်ကာ

"သစ်သစ်ရဲ့ စုထားဖုရားကလေးဟာ ဘာများတွေးပြီး ငေးငေးကလေး စံတော်မူနေပါလိမ့်မယ်"


ရုတ်တရက် ကျီစယ်လျှောက်တင်လိုက်ရာ ဘ၀င်ခိုက်မျှ တွေးတော်စဉ်းစားတော်မူနေသော စုဖုရားလည်း ရုတ်တရက် အံ့အားသင့်တော်မူသွားပြီးမှ အထိန်းတော် ခင်ဘွားသစ်ကို မြင်တော်မူလျှင် ပြုံးရွှင်စွာ ရှုစားတော်မူလျက် ပခုံးကို ဆီး၍ဖက်တော်မူပြီး


"အို... သစ်သစ် ဘယ်ဆီများသွားနေလဲ၊ စုထားတယောက်တည်း ပျင်းတော်မူလွန်းလို့ ပုံတော်ဆက်စမ်းပါ ပြောမလို့၊ သစ်သစ်ရောက်လာတာနဲ့ အတော်ပဲ" မိန့်တော်မူလျှင်


သစ်။   ။သစ်သစ် ဘယ်မှမသွားပါဘူး၊ စုထားသာ လည်တော်မူနေလို့ သစ်သစ်ကို တွေ့တော်မမူတာပါ၊ အလို...စုထားလေး ဘာများ စိတ်ကူးရတော်မူလို့ လွန်းများပုဆိုးကြီးကိုချွတ်ပြီး ဟောဒီစစ်ကိုင်းချိတ်ထဘီကို ဆင်တော်မူထားပါသလဲ၊ သစ်သစ်တို့ စုထားလည်း ခုတလော ရွှေစိတ်တော်များ ဂဏှာမငြိမ်တော်မူဘူးထင်ပါရဲ့၊ အစကတော့ ပုဆိုးမှတမျိုးလှတယ်ထင်လို့ ဆင်တော်မူမယ်ဆိုပြီး ယခုတော့ ပုဆိုးချွတ်ပြီး ထဘီ၀တ်တော်မူတာ ဘာအဓိပ္ပာယ်ပါတုံး စုထားဖုရား။


စုထား။   ။သြော်... ဒီမိန်းမကြီးဟာ စစ်စစ်ပေါက်ပေါက် မေးတတ်လေတယ်၊ စုစု ကောင်းတယ်ထင်လို့ ဆင်တော်မူတာပေါ့ သစ်သစ်ရဲ့၊ မယ်မယ်ဖျားကလည်း စုထားကို လုံကလေး မငယ်တော့ဘူး၊ မိန်းမပီပီ ၀တ်ဆင်တော်မူဖို့တော်ပြီလို့ မိန့်တော်မူတာနဲ့ အကျင့်ရအောင် ဆင်တော်မူကြည့်ပါတယ်။


သစ်။   ။အမယ်လေး...ဒီအတိုင်းမှန်ရင် သစ်သစ်လည်း အင်မတန်၀မ်းသာပါတယ် စုထားဖုရား၊ စုထားဖုရားကို ရွှေနား၀င်အောင် တင်လို့မရတဲ့အတွက် စိတ်ပျက်ပျက်နဲ့ လက်လျှော့ပြီး ဒီပုဆိုးရှည်ကြီး  ဆင်တော်မူတာကို ကြည့်နေရပါတယ်၊ ယခုလို မယ်တော်မြတ်ဖျား အမိန့်တော်နား၀င်တော်မူပြီး မင်းသမီးပီပီ ဆင်တော်မူထားတဲ့အတွက် သစ်သစ်တို့စုထိပ်ဖျားမှာ ဘယ်လောက်များ အလှကျက်သရေ တိုးတော်မူနေတယ်ဆိုတာ မတင်တတ်သလောက်ပါဘဲ။


စုထား။   ။အလိုလေး... တယ်လည်းဆိုလိုက်တဲ့ စာပါကလား သစ်သစ်ရဲ့၊ ဒါနဲ့ စကားမစပ် နယုန်လ သုဓမ္မာစာတော်ပြန်ပွဲကြီး နီးကပ်လာပြီနော်၊ မယ်တော်ဖျားဖြင့် လှူဖွယ်တန်းဖွယ်များ ပြင်ဆင်တော်မူလှပြီ၊ စုထားလဲ ဒီတခါ စာတော်ပြန်ပွဲမှာ စာအောင်တဲ့ကိုယ်တော်များအတွက် တစုံတခု လှူတော်မူချင်တယ် သစ်သစ်ရဲ့၊ ဘယ့်နှယ်သဘောရပါသလဲ။


သစ်။   ။ကောင်းသားပဲ စုထားဘုရား၊ စာအောင်တဲ့ကိုယ်တော်များကို တိစီ၀ရိတ် သင်္ကန်းများ လှူတော်မူပါလား၊ အဲဒီစာအောင်တဲ့ ကိုယ်တော်များအထဲမှာ မောင်တော် သီပေါကိုယ်တော်လဲ ပါတဲ့အတွက် တခြားကိုယ်တော်များထက် မောင်တော်သီပေါကိုယ်တော်ကို ပိုပြီး လှူတော်မူထိုက်ပါသေးတယ်။


စုထား။    ။ဟင်... သစ်သစ်ကလဲ၊ သီပေါမောင်တော်ဘုရားကို လှူ​တော်မူလို့ဖြစ်တော်မူပါ့မလား၊ ​မောင်​တော်က စာတော်ပြန်ပွဲအတွက် လူထွက်ပြီးမှ ​ဖြေဆို​တော်မူရတာ စုထားက တိစီ၀ရိတ် သင်္ကန်းသွားလှူလို့ နေရာမကျဘူးထင်တာပဲ။


သစ်။   ။ဒါဖြင့်လည်း တခြားကိုယ်တော်များကို သင်္ကန်းလှူတော်မူပြီး မောင်တော် သီပေါမင်းသားအတွက်လည်း သီးခြားသင့်လျော်မယ်ထင်တဲ့ လက်ဆောင်တော်တခုခု ဆက်ရရင် အင်မတန် နေရာကျတော်မူပါလိမ့်မယ်။


စုထား။   ။ဟာ...ရှာရှာဖွေဖွေ သစ်သစ်ရယ်။


သစ်။   ။ရှာရှာဖွေဖွေတင်တာမဟုတ်ပါဘူး စုထားဖုရားရဲ့၊ အရှင်စုထားဖုရားက စာအောင်တဲ့ကိုယ်တော်များကို တစုံတခုလှူချင်တယ်ဆိုလို့ လှူတော်မူဖို့အကြံပေးရာမှာ သီပေါကိုယ်တော်ကလေးမပါရင် ကောင်းနိုင်ပါ့မလားဘုရား၊ တရံဆံ ပြည်သူ ဆင်းရဲသားများကတောင် အောင်ဆု ဆက်ကြပါလျက် စုထားဖုရားက ဝကွက်ပြီး ချန်တော်မူထားရင် မတရားတော်မူဘူးပေါ့။


ထိပ်စုထားလတ်လည်း အနည်းငယ် ငေးစိုက် စဉ်းစားတော်မူနေရာမှ ပြုံးရွှင်တော်မူကာ


"အင်း... သစ်သစ်ပြောတာလည်း ဟုတ်ပေသားပဲ၊ နို့ ဒါဖြင့် ဘယ်လိုလက်ဆောင်တော်များ ဆက်ရမလဲ၊ သစ်သစ်လဲ စဉ်းစားစမ်းပါဦး"


ခင်ဘွားသစ်လည်း အနည်းငယ်စဉ်းစားနေပြီးမှ


"သည့်ပြင်လက်ဆောင်တော် ဆက်ရတာထက် ကိုယ်တော်လေး သုဓမ္မာဇရပ်သို့ ထွက်တော်မူတဲ့အခါ ဆင်တော်မူစရာ ၀တ်လဲတော် ပုဆိုးကောင်းတထည် ဆက်ထားနှင့်ရင် မသင့်တော်ပေဘူးလား စုထားဖုရား"


စုထား။   ။အို...ဟုတ်ပါလေရဲ့၊ သစ်သစ်အကြံပေးတဲ့အတိုင်း ၀တ်လဲတော်ပုဆိုး ဆက်ရင် လူထွက်တော်မူတဲ့အခါ အဆင်သင့် ဆင်တော်မူရမယ်။


သစ်။   ။၀တ်လဲတော်ဆက်တာက ဟုတ်ပါပြီ၊ စုထားဖုရားမှာ ၀တ်လဲတော်ပုဆိုး အဆင်သင့် ရှိတော်မူပါသေးရဲ့လား။


စုထား။   ။အို...ရှိပါသော်ကော၊ ဟောဟို ရွှေရေးအစ်ကြီးထဲမှာ စုစု ဆင်တော်မမူရသေးတဲ့ ပုဆိုးအသစ်တွေရှိပါတယ်၊ ဟဲ့...ခါနွေ ယူခဲ့စမ်း"


မိန့်တော်မူလျှင် အပျိုတော် ခါနွေလည်း ရွှေရေးယွမ်းအစ်ကြီးကို အပါးတော်သို့ လာဆက်လေ၏။ စုဖုရားလတ်လည်း ယွမ်းအစ်ကို ဖွင့်စေပြီး အထဲက လွန်းပုဆိုးများကို ကိုယ်တော်တိုင် ထုတ်ယူတော်မူပြီးလျှင် "သစ်သစ်ရဲ့၊ ဟောဒီ၀တ်လဲတော် အသစ်တွေထဲက အကောင်းဆုံးတထည် ရွေးစမ်းပါ" မိန့်တော်မူ၍ ခင်ဘွားသစ်လည်း လွန်းပုဆိုးများကို ရွေးချယ်လျက်ရှိလေ၏။


သစ်။   ။စုထားဖုရား၊ ဟောဒီ နွယ်သာကီကြိုးကလေး မကောင်းပါလား။


စုထား။    ။ဟင်...နွယ်သာကီကြိုးက နီစပ်စပ်နဲ့ သစ်သစ်ရယ်၊ စုစု ကြိုက်တော်မမူပါဘူး။


သစ်။    ။ဒီစစ်ကိုင်းချိတ် အဝါနုကလေးကော ဘုရာ့။


စုထား။   ။ဟာ...ဒါကြီးလဲ ရိုးလှပါတယ်။


သစ်။    ။နို့ဖြင့် ဟောဒီ ဖက်ဖူးသွေး လွန်းခြောက်ဆယ်ကော ဘုရာ့။


စုထား။    ။မကြိုက်တော်မူသေးဘူး၊ ဟောဟိုအောက်ဆုံးက ကရဝိတ်နှုတ်သီး ဂမုန်းပန်းချီတဲ့ ပန်းစုံကြိုးပုဆိုးကို ယူလိုက်စမ်းပါ၊ အဲဒါကမှ လှလည်းလှ မြိုင်လည်းမြိုင်တယ်၊ ပုဆိုးအမြိတ်မှာလည်း ဒေါင်းတံဆိပ်ပါတဲ့အတွက် မောင်တော်ဆင်တော်မူလိုက်ရင် အင်မတန်ကျက်သရေရှိတော်မူမှာပဲ သစ်သစ်ရဲ့။


သစ်။   ။သြော်...ဟုတ်ပါရဲ့၊ စုထားဖုရား သီပေါကိုယ်တော်နဲ့ လိုက်တော်မူအောင် ရွေးတော်မူတတ်ပေရဲ့၊ ကိုင်း...ဒီ၀တ်လဲတော်ကို စောစောကသွားပြီး ဆက်ထားရအောင် သီးခြားထားရမှာပ။


ပြောကာ ခင်ဘွားသစ်လည်း ပုသိမ်ဆာပါပဝါနှင့် ၀တ်လဲတော်ပုဆိုးကို ယုယစွာ ထုတ်လျက်၊ အီစတန်နှင်းရေမွှေးနှင့် ပက်ဖျန်းပြီး မြတ်လေးပန်းကုံးကြီးများနှင့် ရစ်ပတ်ခါ ရွှေကလပ်တစ်ခုတွင် တင်၍ထားလေ၏။


စုဖုရားလည်း ခင်ဘွားသစ် လုပ်ကိုင်နေသည်ကို ပြုံးရယ်ရှုစားတော်မူကာ


"ပြင်ဆင်လှချည်လား သစ်သစ်ရဲ့၊ ဘယ်တော့ သွားဆက်မလို့လဲ"


သစ်။    ။အရှင်ထိပ်စုမြတ်ဖျား ခိုင်းစေတော်မူတဲ့နေ့ သွားမှာပါ ဘုရား၊ စာတော်ပွဲ မ၀င်ခင် အရင်တင်ကူးပြီး ဆက်ထားမှဘုရာ့၊ မတော်တဆ တခြားမင်းသမီးတွေက ဦးသွားရင်...။


စုထား။   ။ရက်လည်း လိုပါသေးတယ် သစ်သစ်ရယ်၊ သည်ကလောက်လည်း အရင်မလိုပါနှင့်၊ တခြားမင်းသမီးတွေက ဦးပေတဲ့ စုစုဆက်တဲ့လက်ဆောင်တော်မှ သီပေါကိုယ်တော်က နှစ်သက်တော်မူမှာပါ။


သစ်။   ။အလို...စုထားဖုရား၊ ဘယ်လိုအကြောင်းကြောင့် သီပေါကိုယ်တော်ရဲ့ စိတ်တော်ကို သိတော်မူရပါသလဲ"


စုထား။   ။စုထားလေ ရှေ့တော် ကန်တော့၀င်တော်မူတုန်းက မင်းသမီးတွေ အများကြီးရှိလျက်သားနဲ့ မောင်တော်သီပေါမင်းသားဟာ စုထားကိုမှ တမင်ရွေးပြီး ငေးငေးကြီး ရှုစားတော်မူတာ နှစ်ခါတောင်မှပဲ။ ဟိုပထမနှစ်တုန်းက တခါ သစ်သစ်ရဲ့၊ မနှစ်က တခါ၊ ဒါကြောင့် ယခုလည်း စုစုဆက်တဲ့ လက်ဆောင်တော်ကို အများထဲက တမင်ရွေးပြီး အရေးတကြီး ၀တ်ဆင်တော်မူပါလိမ့်မယ်လို့ အင်္ဂဝိဇာနဲ့ ဟောတော်မူလိုက်တာကလား။


သစ်။   ။အမယ်လေးဟဲ့လေး သစ်သစ်တို့စုထားဖုရားလည်း စကားတတ်တော်မူလှပါပကော၊ ဒါထက် အဲဒီတုန်းက သီပေါကိုယ်တော်က စုထားဘုရားကို ရှုစားတော်မူကြောင်း ဘယ့်နှယ် သိတော်မူပါသလဲ။


စုထား။   ။စုစုကိုယ်တော်တိုင် မြင်တော်မူရတဲ့အတွက် သိတော်မူတာပေါ့ သစ်သစ်ရဲ့။


သစ်။   ။စုထားကိုယ်တော်တိုင်ကော ဘောက်မဲ့ကြောင့် မြင်တော်မူရသတုံးဘုရား။


စုထား။   ။အို...ဒီမိန်းမကြီးဟာ ပခန်း ချီပါ တရွာရွာက ဇာတိလားမသိဘူး၊ အင်မတန် စကားကပ် တင်တယ်၊ စုစုက ကြည့်လို့မြင်ပါတယ်တဲ့၊ ကဲ သိပလား။


သစ်။    ။စုစုကကော မင်းသားတွေအများကြီးထဲက သီပေါကိုယ်တော်တပါးတည်းမှ ဘောက်မဲ့ရွေးပြီး မြင်တော်မူတတ်ရသတုံး။


ပြုံးစိစိနှင့် မထိတထိ လျှောက်တင်လျှင် စုထားဖုရားသည် ချစ်တော်မူသော အထိန်းတော်ကြီးဖြစ်သည့်အားလျှော်စွာ ခင်ဘွားသစ်၏ကျောကို မနာ့တနာ ထုတော်မူပြီး


"​တော်ပါ ဒီမိန်းမကြီး စကား​ကြော အင်မတန်ရှည်တတ်တယ် " ဟု မိန့်​တော်မူရာက ရုတ်တရက် စကားဖြတ်ကာ 


"ဒါနဲ့ စုစု ပျင်းတော်မူလိုက်တာ သစ်သစ်ရယ်၊ ပုံတော်များ ဆက်စမ်းပါ"


သစ်။   ။ရာမဇာတ်တော်ကြီးလား၊ အီနောင်ဇာတ်တော်ကြီးလား၊ စုထားဖုရား ရွှေနားဆင်တော်မူလိုတာ မိန့်တော်မူပါ။


စုထား။   ။ဟင်...ဒါတွေ ပွဲကြည့်ဆောင်တော်ထဲမှာ ငြီးစော်နံအောင် မြင်တွေ့နေရတာ နားထောင်တော်မမူချင်ပါဘူး။


သစ်။   ။ဒါဖြင့် ဆရာကြီး ဦးကြင်ဥရေးတဲ့ ၀င်္ကန္တဇာတ်ကို နားဆင်တော်မူမလား။


စုထား။   ။ဒီဇာတ်သွားလည်း နားမထောင်ချင်ဘူး သစ်သစ်ရဲ့။


သစ်။    ။ဆရာကြီးဦးပုညရေးတဲ့ ပဒုမဇာတ်လည်းအကောင်းသားပါ။


စုထား။    ။ဒါလည်းမကြိုက်သေးပါဘူး။


သစ်။    ။ကေသာသီရိ နန်းတွင်းဇာတ်တော်ကြီး။


စုထား။    ။ဒါလည်းရိုးလှပါပြီ။


သစ်။    ။ဒီလိုဖြင့် လှိုင်ထိပ်ခေါင်တင်ဖုရား ရေးသားတော်မူတဲ့ ဣန္ဒာဝံသဇာတ်ကြီးနှင့် ဝိဇယကာရိ ဇာတ်တော်ကြီးများ ရွှေနားဆင်တော်မူပါ။


စုထား။    ။ဒီမင်းသားတွေ မယားပေါက်ပန်းစျေး လျှောက်ယူတာ မကြားချင်ပါဘူး။


သစ်။     ။သည့်နှယ်ဖြင့် ဘိုးတော်ရွှေဘိုမင်းရဲ့မိဖုရား အနောက်နန်းမတော်ဖုရား စီရင်ရေးသားတော်မူသွားတဲ့ သိင်္ဂီပြဇာတ်၀တ္တုကို နှစ်သက်တော်မမူပါလား။


စုထား။    ။သဘောကျတော်မမူသေးပါဘူး သစ်သစ်ရယ်။


သစ်။    ။ဒါဖြင့် ဘယ်လိုပုံတော်များ ဆက်ရမလဲဘုရား၊ ရွှေယုန်နဲ့ရွှေကျား သက်ကယ်ရိတ်သွားတဲ့ ပုံတော်ကိုကော သဘောကျတော်မမူဘူးလား။


စုထား။    ။အို ကလေးကလားနဲ့။


သစ်။    ။ဒါဖြင့် စုထားဖုရား နှစ်သက်တော်မူရာကို မိန့်တော်မူပါလား။


စုထား။   ။စုစုအကြိုက်ကို ပြောရရင်ဖြင့် မယားတယောက်တည်းကို စွဲစွဲမြဲမြဲချစ်တဲ့စိတ်နဲ့ သိပ်ဒုက္ခခံရတဲ့ မင်းသားတပါးရဲ့ဇာတ်ကို နားထောင်တော်မူချင်တယ်။


သစ်။    ။ဘယ်ဇာတ်များပါလိမ့်နော်၊ ကဲ စုထားဖုရားရယ်၊ အမည်နာမကိုဖော်ပြီး အတိအလင်း မိန့်တော်မူပါတော့။


စုထား။   ။ဒါမှ အတွေးမပေါ်သေးဘူးလား၊ စုစုပြောမယ်လေ သေသေချာချာ နားထောင်၊ ငွေတောင်သူနဲ့ညားတဲ့ သုဓနုမင်းသားဇာတ်ကို ပြောတာ သစ်သစ်ရဲ့။


သစ်။   ။သြော်...ဖြစ်မှဖြစ်ရပလေ စုထားဖုရားနှယ်၊ အစကတည်းက စုစုဖြင့် သုဓနု ဇာတ်တော်ကို နားဆင်တော်မူချင်တယ်လို့ တခါတည်း မိန့်တော်မူလိုက်ရောပေါ့၊ ကဲ... ကဲ ရွှေနားဆင်တော်မူပါ။


လျှောက်ကာ သလွန်တော်နံဘေး၌ ကြုံ့ကြုံ့ကလေးထိုင်ပြီး အထိန်းတော်ကြီး ခင်ဘွားသစ်က သုဓနုမင်းသား ဇာတ်ကြောင်းကို အာ၀ဇ္ဇာန်းကောင်းကောင်းနှင့် နားထောင်ကောင်းအောင် ရွှေဒေါင်းတောင်နှင့် ယပ်လေသွေးရင်း တဖြည်းဖြည်း လျှောက်တင်၍ နေလေသတည်း။


* * * 


အထိန်းတော်ကြီး ခင်ဘွားသစ်သည် များမကြာမီ နေ့ရက်အတွင်းမှာပင် ၀တ်လဲတော်ပုဆိုးကို ယူဆောင်ကာ သီပေါမင်းသား စံတော်မူရာဖြစ်သော နန်းဦးမှန်စီရွှေကျောင်းသို့ ရောက်လာပြီး တပါးတည်း စာကျက်နေတော်မူသည့် မင်းသားအပါးသို့ ခစားမိလေ၏။ မင်းသားလည်း စာထဲတွင် စိတ်တော်စူး၀င်နေသည်နှင့် ရုတ်တရက်အားဖြင့် အပါးသို့ ခင်ဘွားသစ်ရောက်လာသည်ကိုပင် သိတော်မမူသောကြောင့် မင်းသမီးအထိန်းတော်ဟူသော မာနကလေးနှင့် မင်းသားများ၏အရေးပေးခြင်းခံရမည်ကို တင်ကြိုသိမြင်ထားသော ပါးနပ်လှသည့် ခင်ဘွားသစ်မှာ မင်းသားအပါးသို့ ဒူးပုဆစ်ဖြင့် အနည်းငယ် ထပ်မံ၍သွားပြီး ၀တ်လဲတော်ပုဆိုးတင်သည့် ရွှေကလပ်ကို လှမ်းတင်လျက်


"အရှင်ကိုယ်တော်ဖျား၊ စာကြိုးစားတော်မူပါပေရဲ့ဘုရား" 


ဟု စကားစ,သော အသံ ပြုလိုက်သည်တွင် ရှင်သာမဏေ သီပေါမင်းသားလည်း ရုတ်တရက် လှည့်၍ ရှုစားတော်မူကာ


"အလို... အထိန်းတော် ခင်ဘွားသစ်ကြီးပါကလား၊ ကိုယ်တော့်ထံ မလာစဖူး အကြောင်းထူးများ ရှိသလား" ဟု မျက်နှာ ချိုသာစွာနှင့် မိန့်တော်မူလျှင်


သစ်။   ။မှန်လှပါ၊ အကြောင်းထူးတယ် မဟုတ်လှပါဘုရား၊ ဘုရာ့ကျွန်မတို့ရဲ့ အရှင် ထိပ်စုမြတ်ဖုရားလတ်က ယခုလာမည့်စာတော်ပြန်ပွဲမှာ စာဖြေမည့်ရဟန်းသာမဏေများကို တိစီ၀ရိတ် သင်္ကန်းတော်များ ဆက်ကပ်လှူတော်မူမည်ဟု ရည်ရွယ်တော်မူတဲ့အခါ အရှင်ရွှေကိုယ်တော်မှာ သင်္ကန်း၀တ်တော်နှင့်မဖြေဘဲ လူ၀တ်လဲ၍ ဖြေဆိုတော်မူမြဲဖြစ်တဲ့အတွက် သင်္ကန်းလှူရမည့် ရဟန်းသာမဏေစာရင်းတွင် မပါဖြစ်၍ စာတော်ပွဲအ၀င်တွင် လူ၀တ်လဲဆင်တော်မူစရာ ယခုကကြိုတင်၍ ၀တ်လဲတော် ဆက်ထားသင့်ကြောင်း လျှောက်တင်သဖြင့် အခြားသော ရဟန်းသာမဏေများကို လှူဒါန်းလျက်သားမှ ရွှေကိုယ်တော်တပါးတည်း ခြွင်းချန်မထားကောင်းဘူးအထင်နှင့် အသုံး၀င်မည့် ဆင်တော်မူရန် ၀တ်လဲတော် ဆက်သလာရကြောင်းပါဘုရား။


ဟု လျှောက်ထားကာ ရွှေကလပ်ပေါ်တွင် ဖုံးလွှမ်း တင်ထားသော ပိုးဆာပဝါကို ဖွင့်လှစ်ပြရာ မြတ်လေးကုံးကြီးများဖြင့် ရစ်ပတ်ထားသော လွန်းတရာကျ ၀တ်လဲတော်အုပ်ကို တွေ့မြင်ရလျှင် အရှင်သီပေါမင်းသားလည်း အားတက် ရွှင်လန်းတော်မူသော မျက်နှာတော်ဖြင့် အထိန်းတော် ခင်ဘွားသစ်ကို ရှုစားတော်မူကာ


"သြော်... နှမတော် စုလတ်က ဆက်တော်မူလိုက်တဲ့ ၀တ်လဲတော်ပုဆိုးလား ခင်ဘွားသစ်ရဲ့"


ဟု ထပ်မံ မိန့်တော်မူကာ ပုဆိုးခေါက်ကို မြတ်နိုးစွာ ကိုင်ယူ ရှုစားတော်မူပြီး


"နှမတော်စုလတ်က သတိတရ ဆက်သတော်မူတဲ့အတွက် အင်မတန်မှ အားတက် ၀မ်းမြောက်တော်မူပါတယ်၊ သုဓမ္မာစာပြန်ပွဲ ၀င်နွှဲတော်မူတဲ့အခါ နှမတော်စုလတ် ဆက်သတော်မူတဲ့ ၀တ်လဲတော်ကိုသာ နေ့စဉ် ၀တ်ဆင်တော်မူပါမယ်လို့ ခင်ဘွားသစ်တို့ စုဖုရားကို လျှောက်ထားလိုက်ပါ" 


ဟု မိန့်တော်မူလျှင် ခင်ဘွားသစ်လည်း


"မှန်ပါ၊ တင်ပါမည်ဘုရား၊ အရှင်စုဖုရားကလည်း သူဆက်တဲ့ ၀တ်လဲတော်ကို မောင်တော်ဘုရားက အမြတ်တနိုး ဆင်တော်မူတယ်ကြားရလျှင် များစွာ၀မ်းမြောက်တော်မူလိမ့်မယ်လို့ ဘုရားကျွန်မ ထင်ပါရဲ့ ဘုရား"


ဟု အဓိပ္ပာယ်တာသွားသည့် ခပ်ပြုံးပြုံး မျက်နှာထားနှင့် လျှောက်တင်လိုက်ရာ


သီပေါမင်းသားမှာ ခင်ဘွားသစ်ကို စိတ်အားထက်သန်စွာ ရှုစားတော်မူပြီး


"နေပါ...ခင်ဘွားသစ်ရဲ့၊ အထိန်းတော်ကြီး ခင်ဘွားသစ်ကို ကျုပ် လူရင်း အနေထားလို့ နားမလည်တာတခု နားရှင်းအောင် အတိအလင်း ထုတ်ဖော်မေးတော်မူပါရစေ၊ အထိန်းတော်မအေက ရေလည်ကွဲပြား ရွှေနားရှင်းအောင် ဖြေစမ်းပါလား"


သစ်။   ။အရှင်ကိုယ်တော်မြတ်ဖျား သိလိုတော်မူတာ မေးမြန်းတော်မူပါ၊ မခြွင်းမကျန် မှန်ကန်ရာကို အစစ်ခံမယ့် ကျွန်တော်မျိုးမ ဖြစ်ကြောင်းပါဘုရား။


မင်းသား။    ။အခြားဟုတ်ပါရိုးလား ခင်ဘွားသစ်ရဲ့၊ စုစုက ယခုဆက်သတော်မူတဲ့ ၀တ်လဲတော်ပုဆိုးမှာ ကျုပ်ကို သက်သက် သဒ္ဓါတော်မူတဲ့စေတနာကြောင့်လား၊ အများကို ပေးလှူတဲ့အခါ ကျုပ်တဦးတည်း ခြွင်းချန်ထားရမှာ မတော်လှလို့ ၀တ်ကြေ၀တ်ကုန် အပေါ်ယံရွှေမှုန်ကြဲအထဲက သစ္စာခံဆိုတဲ့ အနှစ်မပါ အကာသက်သက် စေတနာမျိုးများ ဖြစ်နေသလားဆိုတာ သိချင်ပါတယ်၊ ဒီစကားဟာ အထိန်းတော်ကြီးကို ကိုယ်တော့်လူရင်းထားပြီး မှန်ရာကြားရအောင် မေးတာနော်။


သစ်။   ။အစကတော့ ဘုရာ့ကျွန်မကိုယ်တိုင်ကပင် ၀တ်ကြေ၀တ်ကုန်စေတနာလို့ ထင်မိပါတယ်၊ သို့ရာတွင် ကိုယ်တော်ဖျားကို ဆက်စရာ၀တ်လဲတော်များကို ရွေးချယ်ရာ၌ အလွန်အကျူး အထူးဂရုစိုက်တော်မူပုံကို တွေ့မြင်ရသဖြင့် အသင့်အတင့်မျှသော စေတနာမျိုးမဟုတ်ကြောင်း ရိပ်မိခဲ့သည့်အပြင် ယမန်နှစ်များက ဘ၀ရှင်မင်းတရားကြီး ဘုရားပွဲတက်ကန်တော့ခံ အခမ်းအနားတွင် ကိုယ်တော် အရှင်ဖျားနှင့် စက္ခုတော်နှစ်ပါး ဆုံမိခဲ့ကြောင်း အပုံကြီး ရှက်ရွံ့ဟန်နှင့် မိန့်တော်မူဖူးတဲ့အတွက် ကပြက်ကချော်စေတနာ မဟုတ်ကြောင်း ရဲရဲကြီး ၀န်ခံဝံ့ပါသည်ဘုရား။


မင်းသား။   ။အင်း...အထိန်းတော်ကြီးခင်ဘွားသစ်ရဲ့စကား ကြားရတာ ကိုယ်တော်ဖြင့် အများကြီး စိတ်အားထက်တော်မူမိတယ်၊ သည်ကိစ္စမှာ ခင်ဘွားသစ်ကို အရာရာအားထားပြီး စကားကုန် မိန့်တော်မူတော့မယ်၊ သစ္စာရှိရှိနှင့် ပိရိလုံခြုံပါစေ။


သစ်။    ။စေသောကျွန် ထွန်သောနွားကဲ့သို့ သစ္စာတရားစောင့်စည်းမည့် အထိန်းတော်ကြီးဖြစ်ကြောင်းပါ ဘုရား။


မင်းသား။   ။ကိုယ်တော့်အကြောင်းကိုလည်း အထိန်းတော်ကြီးများ သိပါလိမ့်မယ်၊ ယခု သာမဏေဘောင်၀င်လို့ စာတော်များ သင်ကြားတော်မူခဲ့ရာမှာ ကျုပ်ဝါသနာကလည်း နဂိုကပင် ရှုပ်ရှုပ်ထွေးထွေး လောကီရေးရာတွေ မတွယ်တာတော်မူချင်ဘဲ အေးအေးစံတော်မူချင်တဲ့ စိတ်တော်ရှိသူဖြစ်လို့ သာမဏေဘောင်တွင်မက ရဟန်းဘဝရောက်သည်အထိ သာသနာ့ဘောင်မှာ အေးချမ်းစွာ တသက်လုံးနေလိုတဲ့စိတ်ရှိပြီး ခမည်းတော်ဘ၀ရှင်မင်းတရားကြီးက ခွင့်ပေးသနားတော်မူမယ်ဆိုလျှင် ရဟန်းဘ၀နှင့်ပင် အရိုးထုတ်တော့မည် စိတ်ပိုင်းဖြတ်ထားခဲ့တယ် ခင်ဘွားသစ်ရဲ့။


သစ်။    ။မှန်လှပါဘုရား။


မင်းသား။    ။အဲ...သည်လို စိတ်ပိုင်းဖြတ်တော်မူထားသော်လဲ ပထမတကြိမ် စာပြန်ပွဲတော်အပြီး ခမည်းတော်ဘုရားထံ ကန်တော့၀င်တဲ့အခါ နှမတော်စုလတ်ရဲ့ ရွှေမျက်နှာတော်ကို ပထမအကြိမ် ရှုမြင်တော်မူရလျှင်ပဲ ခဲထားတဲ့ ယခင်ရည်ရွယ်ချက်များ ပျက်ပြားတော့မလောက် ဖြစ်တော်မူမိတယ်၊ သို့သော်လည်း သုံးနှစ်သုံးကြိမ် စာတော်ပြန်ပွဲတွင် ၀င်နွှဲဖြေဆိုတော်မူရန် သန္နိဋ္ဌာန်ချတော်မူပြီး ဖြစ်တာတကြောင်း၊ စုစုသက်တော်လည်း ငယ်ရွယ်တော်မူသေးတာတကြောင်းမို့ ရွှေစိတ်တော် ဖျောင်းဖျပြီး မနည်းမေ့ပျောက်တော်မူရန် အတန်တန် ဖြေဖျောက်တော်မူခဲ့ရတယ်။


ဘယ်လိုပင်ဖျောက်သော်လည်း စွဲလမ်းတဲ့အာရုံဆိုတာ တခါတခါ ပေါ်ပေါက်လာသေးတာလား ခင်ဘွားသစ်ရဲ့၊ ဒီလိုနဲ့ မနှစ်ကတကြိမ် ကန်တော့၀င်ပြန်ရာမှာ စုစုရဲ့ရွှေမျက်နှာကို ဒုတိယအကြိမ် တွေ့မြင်တော်မူပြန်တော့ အရင်က စွဲလမ်းတော်မူခဲ့တဲ့အာရုံကို အစွမ်းကုန်မြှောက်ပင့်ပေးလိုက်တဲ့အလား ကိုယ်တော့်စိတ်တွေ အမှောက်မှောက်အမှားမှားဖြစ်ပြီး သင်္ကန်းကြီးကို ပြန်မ၀တ်ချင်သလို ဖြစ်သွားတော်မူလိုက်မိတယ်၊ နောက်မှ သည်တနှစ်နောက်ဆုံး ပထမကြီးဖြေတော်မူရန် ကျန်သေးကလားလို့ ကိုယ့်ကိုယ်ကိုယ် တရားချပြီး စွဲလမ်းတဲ့အာရုံကြီးကို တားဆီးဖြေဆည်တော်မူခဲ့ရပေတယ် ခင်ဘွားသစ်ရဲ့။


ဒီတနှစ်လုံးမှာဖြင့် စာတော်များ ကြိုးစားရပေတဲ့ စုစုရဲ့ရွှေမျက်နှာကို ကိုယ်တော့်စိတ်မှာ အနှောင့်အယှက်ဖြစ်လာအောင် မကြာမကြာ မြင်ယောင်နေတဲ့အတွက် စာတော်သင်ပျက်ရတဲ့ရက်တွေလဲ အတော်များခဲ့ပြီ၊ တခါတရံတော့လဲ စုစုတို့မှာ ရွှေနန်းတော်ထက်က မျက်နှာကြီးတဲ့မင်းသမီးမို့ ဒီက မောင်တော်ကို အရေးလုပ်တော်မူတော်မှ ရပါ့မလားလို့ တအားငယ်တော်မူမိခဲ့တာ စုစုစေတနာတော်နှင့် ယခုလို အထိန်းတော်ကြီး ခင်ဘွားသစ်ကို စေလွှတ်ပြီး ၀တ်လဲတော်ပုဆိုးများ ပို့ဆက်စေတဲ့အတွက် အတိုင်းထက်အလွန် အားတက်၀မ်းသာတော်မူမိတယ်၊ အထိန်းတော်ကြီးကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ လက်ရင်း လူယုံကြီးအရာထားပြီး အစစ အားကိုးတော်မူပါရစေ....။


သစ်။    ။အလိုတော်ပြည့်ဝအောင် အစစ ဆောင်ရွက်၍ အမှုတော်ထမ်းဆက်ပါမည်၊ ယုံကြည်စွာ စေစားတော်မူပါဘုရား၊ အရှင်ထိပ်စုဖုရားကလည်း ကိုယ်တော်ဖျားကို စိမ်းကားတော်မူမည် မဟုတ်တဲ့အတွက် ရွှေမေတ္တာတော်ကူးယှက်ရန် အခက်အခဲတွေ့ကြဖို့ မရှိပါဘုရား။


မင်းသား။    ။အထိန်းတော်ကြီးမို့ မိန့်တော်မူရဦးမယ်၊ စုစုနဲ့ဖြင့် ဘ၀သံသရာကပင် သင်းကျစ်အက္ခရာ ရေစက်တော်ပါလို့များ ထင်ရဲ့။ မြင်လျှင်မြင်ချင်း ကိုယ်တော်ရဲ့ ခိုင်မာတဲ့ရွှေစိတ်တော်များ တမျိုးတဖုံ ပြုပြင် ပြောင်းလွဲသွားတော်မူရတဲ့အပြင် အင်မတန် ဆန်းကြယ်တဲ့ အိပ်မက်တော်များကိုလည်း မြင်မက်တော်မူထားတယ် ခင်ဘွားသစ်ရဲ့။


သစ်။     ။မိန့်တော်မူပါဘုရား။


မင်းသား။    ။အိပ်မက်တော်အလိုကဖြင့် နောင်အနာဂတ်ကာလတွင် ကိုယ်တော်နှင့်စုစုတို့ အထွတ်အထိပ်ရောက်နိုင်ဖို့ နိမိတ်များနှင့်ပင် တူပါတယ်၊ ဘယ်လိုအိပ်မက်ဆိုတာ အထိန်းတော်ကြီးကို မိန့်တော်မူပါမယ်၊ ကိုယ်တော့်မယ်မယ်ဖျားကိုပင် မလျှောက်တင်ရသေးဘူး ခင်ဘွားသစ်ရဲ့၊ အိပ်မက်ကတော့ ကိုယ်တော်သည် ညီတော် ၀န်းသိုမင်းသား၏အသားကို သန်လျက်ဓားနှင့်လှီး၍ ပွဲတော်တည်ပြီး နှမတော်စုလတ်နှင့်အတူ ဆင်ဖြူတော်စီး၍ ကောင်းကင်သို့ ပျံတက်ရသည်လို့ တကြိမ် အိပ်မက်တော် မြင်ပြီး၊ နောက်တကြိမ်လည်း နှမတော်စုလတ်နှင့် မြင့်မြတ်သောနေရာထက်၌ နှစ်ပါးယှဉ်ပြိုင် ထိုင်တော်မူနေကြစဉ် ကောင်းကင်က နေနှင့်လတို့ ကျလာ၍ ကိုယ်တော်၏ခြေဖဝါးတော်နှစ်ပြင်၀ယ် ကပ်လျက် တည်နေကြတယ်လို့ မြင်မက်တော်မူတယ်။


သစ်။   ။အံ့ဖွယ်သရဲ ထူးကဲတဲ့ အိပ်မက်တော်များ ဖြစ်ပါသည် အရှင်မြတ်ဘုရား၊ ဒီအိပ်မက်တော်များဟာ အထူးသဖြင့် အရှင်ကိုယ်တော်မြတ်ဖျား မင်းဖြစ်အံ့သော ပုဗ္ဗနိမိတ်၊ မြတ်ဖုရားလတ်ပါ အိပ်မက်တော်မြင်လာသည်မှာလည်း နောင်သံသရာက ပါရမီဖြည့်ဖက်၊ ကုသိုလ်ပြုဖက်ဖြစ်တော်မူခဲ့သည့်အားလျော်စွာ အရှင့်သားတော် ရွှေဘုန်းပွင့်လန်းမည့်အချိန်အခါ အရှင်ထိပ်စုထားနှစ်ပါး အတူစံလျား ပြိုင်တော်မူရမည့် နိမိတ်ပင်ဖြစ်ပါသဖြင့် စုဖျားအတွက်မှာ အရှင့်သားတော်၏အလိုဆန္ဒတော်အတိုင်း မဆုတ်မဆိုင်း ပြည့်ဝတော်မူရန်ရှိပါသည်။ သို့အတွက် အရှင်ထိပ်စုမြတ်ဖုရား၏ မေတ္တာတော် ပန်းမဉ္ဖူကို လှမ်းယူတော်မူစရာ ဘုရားကျွန်မက ရွှေတံချုဆက်ရပါမည့်အကြောင်းပါ ဘုရား။


မင်းသား။   ။နှစ်သက်အားရတော်မူလိုက်တာ ခင်ဘွားသစ်၊ ချစ်မြတ်နိုးတော်မူတဲ့ စေတနာက အခါခါ နှိုးဆွတော်မူလှတဲ့အတွက်တကြောင်း၊ အားတက်ဖွယ်နိမိတ်ကောင်းတွေပြရာမှာ နှမတော်စုလတ် ပါ၀င်တော်မူနေတာတကြောင်း၊ ခင်ဘွားသစ်ဆိုတဲ့ အမှီသဟဲကောင်းကြီးနဲ့ တွေ့ရပြီး စုစုရဲ့စေတနာတော် မနုကြောင်းလည်း သိရတဲ့အတွက် တအားတက်တော်မူတဲ့အတိုင်း စုစုရဲ့မေတ္တာတော် ပန်းမဉ္ဇူကို လှမ်းချူတော်မူတော့မယ်။ ရွှေတံချူနဲ့ကူတဲ့ ခင်ဘွားသစ်က အစစတာ၀န်ယူပြီး လျှို့ဝှက်သိပ်သည်းစွာ ဆောင်ရွက်ရမယ်နော်။


သစ်။    ။စိတ်ချတော်မူပါဘုရား၊ စုဖျားကို ဘုရားကျွန်မ အချော့နိုင်ဆုံးပါ။


မင်းသား။    ။ဒါထက် စုလတ်က ရွှေစိတ်တော်ခပ်ဆတ်ဆတ်မို့ ဆတ်ဆတ်ကြဲဖြစ်ပြီး ချစ်တော်မမူနိုင်ပါဘူး ဆိုလိုက်ရင် နဂိုကမှ မရဲချင်နေတဲ့ကိုယ်တော်မှာ စိတ်ပျက်တော်မူစရာကြီးများ ဖြစ်နေမလား ခင်ဘွားသစ်ရယ်။


သစ်။    ။စိုးရိမ်တော်မမူပါနှင့်ဘုရား၊ စုဖျား ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ပေပေ ဘုရားကျွန်မက အမေတပိုင်း၊ အထိန်းတော်တပိုင်းမို့ ကိုယ့်လက်ပေါ်မှာ ကြီးလာရသူကလေးဖြစ်တဲ့အတွက် စုဖျားနှုတ်တော်က တချက်ဟလိုက်ရင် သဘောတော် ရှိသမျှ အလုံးစုံသိခဲ့ရတဲ့ အထိန်းတော်တဦး ဖြစ်ကြောင်းပါ၊ စစ်ရေးမသာဘူးထင်လျှင် တိုက်ခိုက်ရန် မြှားမပြင်ပေါင်ပါ ဘုရား။

 

သီပေါမင်းသားလည်း အားရနှစ်သက်စွာ ပြုံးတော်မူပြီး


"ကောင်းလှပြီ၊ ကောင်းလှပြီ၊ ဒီယနေ့ပင် ခင်ဘွားသစ်ကို စုဖုရားထံ အချစ်တမန် စေစားတော်မူတော့မယ်၊ ခင်ဘွားသစ်အဖို့လည်း ခမည်းတော်ဘုရားက ကျုပ်ကို ခမဲပေးတော်မူထားတဲ့ လက်၀တ်တော်များထဲမှ ပတ္တမြားလက်စွပ်တချည် ဆုတော်သနားတော်မူလိုက်ဦးမယ်"


မိန့်တော်မူကာ ရွှေသေတ္တာမှ ပတ္တမြားလက်စွပ်တချည်ကို ကိုယ်တော်တိုင် ထုတ်ယူ ပေးသနားတော်မူလိုက်လျှင် ခင်ဘွားသစ်လည်း ၀မ်းမြောက်၀မ်းသာ ဆုတော်ခံယူလေ၏။ ထို့နောက် သီပေါမင်းသားလည်း ရွှေပြားတွင် ပတ္တမြားစစီချယ်ထားသော ကညစ်တော်နှင့် နှမတော် စုလတ်ထံ ဆက်သရန် တေးထပ်တပုဒ်ကို ကိုယ်တော်တိုင် စီကုံးရေးသားတော်မူနေရာ ခင်ဘွားသစ်မှာလည်း မင်းသားအနီးတွင် ငြိမ်၀ပ်စွာ စောင့်စားခစားလျက် ရှိလေ၏။


"သီပေါမင်းသားသည် မြတောင်မြိုးစား စုဖုရားလတ်ထံတော်သို့ ရှေးဦးစွာ ကိုယ်တော်တိုင် စီကုံးရေးသားပေးတော်မူသော'တေးထပ်' "

သီဟာပျံဆောင်ကြာသိုက်၊ နောင်ရာရိုက်စိုးတင့်စေ၊ တောင်ညာတိုက် ကိုးလင့်နေရယ်၊ ရိုးနှင့်မြေ ပြာကျ။

ဇေယျတုသာပန်းဆင်သည်၊ ညာနန်းခင် တောင်းဆုပန်။

မင်းသားအတွက် အစစ်မှန်တယ် ဆယ့်ရှစ်တန်ဘာဂ၊ သက္ကစ္စံဂါရ၀ငယ်နှင့် အာစာရတောင်တော်။

သူ့ထံ ခုအံကျက်ပါလို့ စုပြန်ဆက်ရွက် ပထမအကျော်။

ရွှေနန်းက ဗဟိုရပ်ဆော်လျှင်၊ တစ်ကိုယ်တော်ပွေခင်းနှင့်၊ ဖြေရင်းပ မသက်သာ စုစုမျက်နှာ။

တစိမ့်စိမ့်မြင်ချေပါလျှင် တအိန့်အိန့်ကြင်စေတနာငယ်၊ သင်ရွှေစာပျက်လွန်းလို့လေး။


သီပေါမင်းသားသည် အထက်ပါတေးထပ်ကို ရွှေပြားတွင် ရေးသားတော်မူပြီး အထိန်းတော်ကြီး ခင်ဘွားသစ်လက်သို့ ပေးအပ်သနားတော်မူကာ


"ကိုင်း...သည်တေးထပ်ကို နှမတော်စုလတ် လက်တော်ရောက်အောင် ဆက်သလိုက်ပါ၊ ခင်ဘွားသစ်ကလည်း စုဖျား ရွှေနားတော်၀င်အောင် ကိုယ်တော့်အကြောင်းများ များများသံတော်ဦးတင်လိုက်ပါ၊ စုစု ဘယ်ကဲ့သို့ မိန့်တော်မူတယ်ဆိုတာလည်း ကိုယ်တော်အမြန်သိလိုတယ်၊ ခင်ဘွားသစ် အားလပ်ခွင့်ရှိတဲ့အခါ ကိုယ်တော့်ထံသို့ မကြာမကြာ ရောက်လာနိုင်ပါစေ"


သစ်။    ။စိတ်ချတော်မူပါဘုရား၊ အကယ်၍ ထိပ်စုမြတ်ဖျားက တင်းမာတော်မူနေသည့်တိုင်အောင် ဘုရားကျွန်မက စုဖုရားရွှေစိတ်တော် ညွှတ်နူးယိမ်းယိုင်လာသည့်တိုင်အောင် ကြိုးကိုင်လျှောက်တင်ပေးပါမယ်၊ သည်အတွက်ဖြင့် စိတ်ရတက်ဖြောင့်၍ ကြောင့်ကြတော်မမူဘဲ စာတော်ပြန်ပွဲအတွက်သာ စာတော်များ ကြိုးစားတော်မူပါ။ အချိန်အခါကလည်း နီး၊ နောက်ဆုံးအောင်ပွဲကြီးလည်း ဆွတ်နိုင်ပါစေ ဘုရား။ အခွင့်အခါရတိုင်း ကိုယ်တော်မြတ်ဖျားထံတော်ပါးသို့ ဘုရားကျွန်မ အခစားရောက်ပါမည်ဘုရား။


မင်းသား။    ။ကောင်းလှပါပြီ၊ အလို...ကိုယ်တော်မေ့နေတော်မူလိုက်တာ၊ တခုမှာတော်မူစရာ ကျန်သေးတယ် ခင်ဘွားသစ်ရဲ့။


သစ်။    ။မိန့်တော်သံ နာခံလျက်ရှိပါတယ် ဘုရား။


မင်းသား။    ။စုဖျားအတွက်တော့ အထိန်းတော်ကြီး ခင်ဘွားသစ်လက်က လူမို့ စိတ်တော်ဆတ်သော်လည်း ပူပန်စိုးရိမ်တော်မမူပါဘူး၊ အထူးတခု မှာတော်မူလိုတာက စုစုရဲ့မယ်တော်ဖြစ်တော်မူတဲ့ အလယ်နန်းမတော်ဖုရားကို များများကြီး ရွံ့တော်မူမိတယ်၊ စုစုနဲ့ကိုယ်တော်နဲ့ ရွှေမေတ္တာတော် ဆက်သွယ်တော်မူတာများ ရိပ်မိတော်မူသွားပါက လိုလားတော်မူလျှင် သင့်တော်ပါရဲ့၊ လိုလားနှစ်သက်တော်မမူဘဲ အနှောင့်အယှက်ပေးတော်မူမယ်ဆိုက ကိုယ်တော်နဲ့စုစုတို့ရဲ့ အချစ်ခန်းဟာ စခန်းမဆုံးခင် အတိုရုန်းလို့ နိဂုံးချုပ်တော်မူလိုက်ရမှာ များစွာ စိုးရိမ်တော်မူမိတယ်၊ အလယ်နန်းမတော်ဖုရား စိတ်တော်ကလည်း အထက်သားပဲ၊ ဘယ်နည်းနဲ့မဆို သူ့မယ်တော်သွေး နည်းနည်းပါတော့ မလိုလျှင် မလိုတဲ့အလျောက် တဘက်သား ဒုက္ခရောက်လောက်အောင် နှိပ်စက်တဲ့သတ္တိရှိလို့ ဒီကိစ္စကိုမသိအောင် ဖုံးဖိနိုင်မှ တော်မယ်။


သစ်။    ။မှန်လှပါ၊ လုံခြုံပါစေမည်ဘုရား... ။ တလောက ဘုရားကျွန်မတို့ ကြားသိရသလောက်ဖြင့် အလယ်နန်းမတော်ဖုရားကလည်း ပထမပြန်အောင်ပွဲနွှဲတော်မူပြီး ခမည်းတော်ဘုရားက အထူးချီးမြှင့် မြှောက်စားတော်မူတယ် ကြားကတည်းက ကိုယ်တော်အရှင်မြတ်ဖျား အကြောင်းတော်ကို ခဏခဏ ချီးမွမ်းစကား မိန့်ကြားတော်မူနေတယ်လို့ သတင်းကြားရတဲ့အတွက် အကယ်၍ ဒီအကြောင်း ရိပ်မိတော်မူစေကာမူ စိုးရိမ်ပူပန်တော်မူစရာအကြောင်း မမြင်ဘူးထင်ကြောင်းပါ၊ သို့ရာတွင် အရေးဆိုတာ ပြေး၍မြင်နိုင်သည် မဟုတ်တဲ့အတွက် အရှင်မြတ်ဖျား အမိန့်တော်အတိုင်း လျှို့ဝှက်ဖုံးဖိနိုင်သလောက် လျှို့ဝှက်ဖုံးဖိထားပါ့မည်ဘုရား။


မင်းသား။    ။ကြံသာလျှင် အစဉ်ချိုတယ်၊ လူဆိုတာ အစဉ်မချိုနိုင်ဘူး ဆိုတဲ့စကားပုံကို ထောက်ထားပြီး မသိစေဘဲ လျှို့ဝှက်ထားတာဟာ ကောင်းပါတယ် ခင်ဘွားသစ်ရယ်၊ ကဲ...ပြန်ပေတော့။ စုစုလက်တော်သို့ ရွှေလွှာတော် ဆက်ပြီးတဲ့နောက် အကျိုးအကြောင်း သိတော်မူရအောင် ကိုယ်တော်စံတဲ့ မှန်ကျောင်းဆောင်ကို လာခဲ့ပါဦး အထိန်းတော်ကြီးရဲ့ " ဟု မှာကြားတော်မူရာ "တင်ပါ့ဘုရား"ဟု လျှောက်တင်ကာ သီပေါမင်းသားအပါးမှ အထိန်းတော်ကြီး ခင်ဘွားသစ် ထွက်ခွာသွားလေသတည်း။


* * *


အထိန်းတော်ကြီး ခင်ဘွားသစ်သည် သီပေါမင်းသားထံတော်မှ ၀တ်လဲတော်ပုဆိုး ဆက်သ ပြန်လာပြီးနောက် ထိပ်စုဖုရားလတ် စံတော်မူသော အတွင်းစံဆောင်တော်သို့ ၀င်ရောက်ခစားမိလေရာ စုဖုရားလည်း မျက်နှာထား ခပ်ရွှင်ရွှင်နှင့်၀င်လာသော အထိန်းတော်ကြီး ခင်ဘွားသစ်ကို ခပ်ပြုံးပြုံး ရှုစားတော်မူကာ


"ပြန်လာပလား သစ်သစ်ရဲ့၊ သီပေါကိုယ်တော်က စုစုဆက်သတော်မူလိုက်တဲ့ ၀တ်လဲတော်ပုဆိုးကို နှစ်သက်တော်မူပါရဲ့လား"


ဆီးကြို မိန့်တော်မူလျှင် အူရွှင်နေသော ခင်ဘွားသစ်မှာ လက်ဆောင်တော်ကောင်း ပါလာသဖြင့်လည်း တနည်းအားဖြင့် စုဖုရားကို မျက်နှာချိုသွေးဖြင့် သလွန်တော်ဘေးမှ ထိုင်ပြီးလျှင်


"သီပေါကိုယ်တော်ဘုရား နှစ်သက်တော်မူပုံများတော့ ဘုရာ့ကျွန်မ သံတော်ဦး မတင်တတ်သလောက်ပါပဲ စုဖုရားရဲ့၊ ဖျာ့ကျွန်မ အစက အဆုံးထိအောင် လုံးစေ့ပတ်စေ့ လျှောက်ပါရစေ"


၀မ်းသာအားရ တင်လျှင် ထိပ်စုဖုရားလတ်တွင်လည်း ခင်ဘွားသစ် အူရွှင်သည်ကို မြင်တော်မူရသည်ပင် အလိုလို စိတ်နှလုံးကြည်လင်တော်မူလာလျက်


"အမယ်လေး...ဘယ်လိုအားရစရာအကြောင်းများ တွေ့လာလို့ သည်လောက် ၀မ်းမြောက်တဲ့သဘောနဲ့ မောကြီးပန်းကြီးဖြစ်နေရတာလဲ သစ်သစ်ရယ်၊ ခမည်းတော်ဘုရားက ကျောက်တစ်လုံးရွာကို ရွာစားပေးတော်မူပြီး ရွှေထီးနဲ့ရွှေလှည်းများ သနားတော်မူတုန်းကမှ သစ်သစ် ဒါလောက်၀မ်းမြောက်တာ မမြင်ရဖူးပါဘူး၊ ယခု ဘယ်လိုများအကြောင်းထူးလို့ အမောဆို့အောင် ရွှင်မြူးနေရတာလဲ သစ်သစ်ရဲ့" ဟု မိန့်တော်မူလေ၏။


"ဒီအကြောင်း နောက်များတော့ လျှောက်ထားပါ့မည်ဘုရား၊ သီပေါကိုယ်တော်ထံ ရှေးဦးစွာ ရောက်သွားတဲ့အခါကစပြီး လျှောက်တင်ပါရစေ၊ ဘုရာ့ကျွန်မ အရှင်ထိပ်စုဖုရားအပါးတော်က ၀တ်လဲတော်ရွှေကလပ် ယူဆောင်ပြီး မှန်စီရွှေကျောင်းဆောင်ကို သွားပါရောဘုရား"


စု။   ။အင်း...ဆိုစမ်းပါဦး။


သစ်။    ။သွားတော့...သီပေါကိုယ်တော်စံတော်မူတဲ့ နန်းဦးမှန်စီရွှေကျောင်းတော်ကို ရောက်သွားပါတယ်ဘုရား၊ ရောက်သွားတော့ စကားအပေါက်အရှ များမှာစိုးရိမ်လို့ မည်သူမှ မရှိပါစေနဲ့လို့ ဆုတောင်းပြီး ဘုရားကျွန်မ ကုပ်ချောင်း ကုပ်ချောင်းနဲ့ သာသနာကျောင်းတော်ပေါ် တက်သွားတော့ ကံအားလျော်စွာ နန်းဦးကျောင်းဆရာတော်ဘုရားလဲ သာသနာပိုင်ဆရာတော်ဘုရားကျောင်းတော်ကို ကြွသွားတာနဲ့ အခြားကျောင်းသား ကိုရင်နှင့် စာသင်သားများ ဆရာတော်ဘုရားနောက် ပါသွားလို့ အစောင့်ကျောင်းသားငယ်ကလေးများနှင့် ကျောင်းဆောင်ထဲတွင် တပါးချင်း စာကြိုးစားတော်မူနေတဲ့ သီပေါကိုယ်တော် တပါးတည်း တွေ့ရပါတယ်၊ သီပေါကိုယ်တော်ဖျားဟာ စာတော်များ ဘယ်လောက်ကြိုးစားတော်မူနေတယ်ဆိုတာ စဉ်းစားတော်မူပါတော့၊ ဖျာ့ကျွန်မ ရှေ့တော်ရောက်နေတာ သိတော်မမူဘူး စုဘုရား၊ ဒါနဲ့ ဖျာ့ကျွန်မက အပါးတိုး ခစားပြီး ၀တ်လဲတော်တင်ထားတဲ့ရွှေကလပ် ရှေ့တင်ပြီး 'အရှင်ကိုယ်တော်ဖျား စာကြိုးစားတော်မူပါပေရဲ့ဘုရား' လို့ လျှောက်တင်လိုက်တဲ့အခါကျမှ စာတော်ရှုစားတော်မူရာက မျက်နှာတော်လှည့်မူပြီး 'အလို...အထိန်းတော်ကြီးပါကလား၊ မလာစဖူး ဘာအကြောင်းထူးပါသလဲ'လို့ ရွှေမျက်နှာတော်ချိုချိုနှင့် မိန့်ခွန်းဆိုတော်မူပါတယ်။


စု။    ။သည်တော့ သစ်သစ်က ဘယ့်နှယ်လျှောက်တင်လိုက်သလဲ။


သစ်။    ။ဖျာ့ကျွန်မက အကြောင်းထူးလှတယ်တော့ မဟုတ်ပေါင်ပါဘုရား၊ ဖျာ့ကျွန်မသခင် အရှင်ထိပ်စုမြတ်ဖုရားက စာတော်ပြန်ပွဲ ၀င်နွှဲဖြေဆိုတော်မူကြမယ့် ရဟန်းသာမဏေများကို သင်္ကန်းတော်များ ကပ်လှူတော်မူရန် စီမံကြံရွယ်တော်မူတဲ့အခါ အရှင်ကိုယ်တော်မြတ်ဘုရားမှာ လူ၀တ်လဲတော်မူပြီးမှ စာတော်ဖြေဆိုတော်မူမှာဖြစ်တဲ့အတွက် သင်္ကန်းတော်လှူမည့်အစား ၀တ်လဲတော်ပုဆိုးများ ဆက်သရန် စေလွှတ်တော်မူလိုက်ပါတယ်၊ စာတော်ပြန်အခမ်းအနား ထွက်တော်မူတဲ့အခါ အရှင်စုဖုရား ဆက်သတော်မူတဲ့ ၀တ်လဲတော်ကို ဆင်မြန်းတော်မူပါလျှင် သင်္ကန်းတော်လှူသည်နှင့်မခြား ကုသိုလ်ပွားများလိမ့်မယ်လို့ ယုံကြည်ပါတယ်ဘုရားလို့ လျှောက်တင်ပြီး ၀တ်လဲတော်ရွှေကလပ်ကို ရှေ့တော်တိုးပြီး ဆက်လိုက်တဲ့အခါ အို... အရှင်ထိပ်စုဖုရား ... သီပေါကိုယ်တော်ရဲ့ ရွှေမျက်နှာတော်ဟာ အာကာဝေဟင် ကောင်းကင်ဘုံဖျားက ယုန်ရထား သီတာလလို ရွှင်ပျကြည်လင် အင်မတန် ပြောင်းလွှဲတော်မူသွားတာ မြင်ရပါတယ်၊ အဲဒီအခါတုန်းက ဖူးမြင်ရတဲ့ ရွှေကိုယ်တော်ရဲ့မျက်နှာကို အဓိပ္ပာယ်ပေါ်အောင် ဖျာ့ကျွန်မ မလျှောက်တင်တတ်တော့ဘူးဖျာ့။


စု။     ။(ပြုံးတော်မူလျက်)ကဲလေ လျှာရှည်လိုက်တာ၊ သီပေါကိုယ်တော်က စုစုဆက်တဲ့ ၀တ်လဲတော်အတွက် အင်မတန် နှစ်သက်၀မ်းသာဖြစ်တော်မူတယ်လို့ ခပ်တိုတို လိုရင်းကို ဘွင်းဘွင်းကြီး လျှောက်တင်လိုက်စမ်းပါ၊ စုစုကလဲ မြန်မြန်မှကြိုက်တာနဲ့ သစ်သစ်ကလဲ ထစ်ငေါ့ငေါ့ စကားအမျှင်တန်းပြီး လေငန်းကြီး ဆွဲနေတတ်တာနဲ့ နည်းနည်းမှ ပဏာမကပ်အောင်ဖြစ်နေပြီ၊ ကဲ...ကဲ လေရှည်ကြီး မဆွဲနဲ့၊ နောက် ဘာဖြစ်သေးလဲ ပြော...။


မိန့်တော်မူလျှင် အထိန်းတော်ခင်ဘွားသစ်လည်း မင်းသမီးကို မျက်လုံးပြူးကြီးနှင့် ငေးကြည့်ကာ နှုတ်ခမ်းကို မစူချင့်စူလျက် တဖက်သို့ လှည့်သွားပြီး


"သူများကတော့ ကိုယ့်ထိပ်စုဖျားကလေး အစအဆုံး ကိုယ်တိုင်ပြေးမြင်သလို သိတော်မူပါစေလို့ စေတနာနဲ့ ရေရေလည်လည် အမောခံပြီး လျှောက်တင်ရတာကို လျှာရှည်သလေး ဘာ​လေးနဲ့ ဆို​တော်မူ​သေးတယ်။ ဒီလို ??​တော်မူရင်လည်း ​လျှောက်တင်စရာမလိုပါဘူး၊ သီပေါကိုယ်တော်ကို ၀တ်လဲတော် ဆက်ပြီး ပြန်ခဲ့တာပါပဲဘုရား"


ခပ်ငေါ့ငေါ့လျှောက်တင်လိုက်မှ ထိပ်ဖုရားက ပြုံးတော်မူလာပြီး


"အို...ဒီမိန်းမကြီး စိတ်ကောက်သွားပြန်ပြီ၊ ကဲ...ကဲ၊ လျှာရှည်တယ်လို့ ပြောမိတာ မှားပါပြီတဲ့ သစ်သစ်ရယ်၊ ဆက်ပြီး လျှောက်စမ်းပါဦး၊ စုစုက ရှေ့ဆက်မဲ့စကားကို ဗြုန်းခနဲ ကြားချင်အားကြီးနဲ့ အမှတ်တမဲ့ ပြောလိုက်တာပါ"


ပြုံးရယ်တော်မူရင်း မိန့်တော်မူရာ ခင်ဘွားသစ်လည်း စိတ်ပြေသလို ပြုံးရွှင်လာပြီး


"အရေးကြီးတဲ့စကားတွေ လျှောက်တင်စရာ အများကြီးကျန်သေးတယ်နော် စုထားဖျား၊ နောက်တော့သာ လျှာရှည်တယ် မကြားချင်ဘူးလို့ မိန့်တော်မမူနဲ့ဦးဘုရာ့"


စု။   ။စိတ်ချ စိတ်ချ၊ ဒီတခါ သစ်သစ်လျှောက်တင်တဲ့စကား မဆုံးမချင်း စုစု တလုံးမှ ၀င်မပြောဘဲ ငြိမ်ငြိမ်ကလေး နားထောင်တော်မူမယ်။


သစ်။    ။တကယ်နော် စုထားဖုရား၊ သစ်သစ်လျှောက်တင်နေသမျှ စကားကို အစအဆုံး နားထောင်တော်မူရမယ်နော်၊ တကယ်လို့ ဒီစကားထဲက နှစ်သက်တော်မမူတဲ့ စကားလုံးများ ပါလာပါလျှင်လဲ တားမြစ်တော်မမူဘဲ လျှောက်ချက်မဆုံးမချင်း နားဆင်တော်မူနေရမယ် ဖျား၊ 'မင်းမှာသစ္စာ- လူမှာ ကတိ'တဲ့၊ ကတိသစ္စာတော် သွေယွင်းမှဖြင့် စေတီယမင်းလို မြေခွင်းလို့ မျိုတတ်ပါသတဲ့၊ ထားတော်မူတဲ့ ကတိတော်ကို ဖျက်ပြီး စကားတ၀က်တပျက်နဲ့များ အမျက်တော်မပွားလိုက်ပါနဲ့ ထိပ်စုဖျား။


စု။    ။ကဲပါ...သစ်သစ်ရယ်၊ စုစုစကားနဲ့ စုစုမိနေမှ ရှိပါစေတော့၊ ပြောသာပြောပါ၊ ကတိမဖျက်ပါဘူး။


သစ်။    ။ဒါဖြင့် လျှောက်တင်ပါတော့မယ်၊ သြော်...ဒါနဲ့ စကားအစပျောက်ပြီး ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းတောင် မသိတော့ဘူး၊ စကားတပိုင်းတစနဲ့ ထိပ်စုဖျား သူပုန်၀င်ထတော်မူလိုက်တာ ပြောရမှာတောင် မေ့ကုန်ပြီ။ ကဆုန်ချပြီး သီပေါကိုယ်တော်ထံ ပြေးလိုက်ချင်သလိုတောင် ဖြစ်လာပြီ၊ သြော်...ဘယ်ဆီ စကားရောက်သွားပါလိမ့်၊ အဲ့ ...အဲ့ ခုမှ သတိရတယ်၊ ထိပ်စုဖုရားက ဝတ်လဲ​တော်ပုဆိုး ဆက်သရန် ​ပေး​တော်မူလိုက်ပါတယ်လို့ လျှောက်ထားလိုက်တော့ ရွှေကိုယ်တော်ဖျားကလည်း အားရနှစ်သက်တော်မူလှတဲ့ မျက်နှာတော်နှင့် ရွှေကလပ်ပေါ်က ၀တ်လဲတော်ကို လက်တော်နှင့် လှမ်းယူပြီး စိမ်းစိမ်းလဲ့လဲ့ကြီး ရှုစားတော်မူရာက ယခုလို နှမတော်စုစု သတိတရ ဆက်သတော်မူတာများ ကိုယ်တော်ဖြင့် ၀မ်းသာလို့မဆုံးနိုင်အောင် ရှိတော့တယ် အထိန်းတော်ကြီးရဲ့တဲ့၊ စုစုလို ရွှေနန်းတော်ကြီးပေါ်တွင် မျက်နှာတော်ကြီးတဲ့ သမီးတော်က ဒီကမောင်တော်ကို အရေးတယူပြုတော်မမူဘူးရယ်လို့ တအားငယ်တော်မူမိတာ ခုလို သတိရတော်မူတယ်ဆိုတာ သိတော်မူရတော့  ကိုယ်တော်ဖြင့် အများကြီး အားတက်တော်မူမိတယ်လို့ မိန့်တော်မူပြီး....


အထိန်းတော်ကြီးရယ် ကျုပ်ဝါသနာ နဂိုကပင် လောကီရေးရာ မတွယ်တာတော်မူချင်တဲ့အတွက် ခမည်းတော်ဘုရားကို သံတော်ဦးတင်ပြီး သာသနာဘောင်မှာပဲ အရိုးထုတ်တော်မူမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့မိတယ်။ သို့ပေမဲ့ ကိုယ်တော်ရဲ့စိတ်တော်ကို ပုံသေမကျအောင် သွေးဆောင်ဖျက်ဆီးပြီး လောကီဇာတ်ခုံကြီးပေါ် ရောက်တော်မူရမယ့် အနှောင့်အယှက်ကြီးတခု တွေ့တော်မူနေပြန်ပြီတဲ့ဘုရား၊ အဲသည်အနှောင့်အယှက်ကြီးဟာ ဘာလဲဆိုတော့ (စုထားဖုရား ကတိတော်မမေ့နဲ့ ဖျားနော်၊ ဆုံးအောင် နားဆင်တော်မူပါ၊ စုစုမေ့တော်မူမှာစိုးလို့ သတိတော် ဆက်ရတယ်ဘုရား)အဲသည်အနှောင့်အယှက်ကြီးဆိုတာ တခြားဟုတ်ပါရိုးလား။ အထိန်းတော်ကြီးတို့ သခင် အရှင်ထိပ်စုလတ်တပါး၏ သော်တာလ၀န်းကဲ့သို့ တင့်ရွှန်းထိန်ဝေ ကျက်သရေရှိတော်မူလှတဲ့ ရွှေမျက်နှာတော်ကလေးပါပဲတဲ့"


"ဟိုတနှစ်က တကြိမ်၊ မနှစ်က တကြိမ်၊ ဘုန်းတော်ကြီးလှသောဘုရား၏ ပွဲတက်ကန်တော့ခံအခမ်းအနားမှာ ရွှေဖူးစာနတ် တမန်တို့က ကြံကြံဖန်ဖန် ရှုစားတော်မူမိအောင် သွေးဆောင် နှိုးဆော်ကြတဲ့အတွက် စုစုရဲ့ရွှေမျက်နှာတော်ကို ရှုမြင်တော်မူရပြီးကတည်းက ကိုယ်တော်ရဲ့အဓိဌာန်စည်းရိုးကြီး ပျက်ကျိုးတော်မူရတယ်"


"တကြိမ်ထက်တကြိမ် နှလုံးအိမ်လှုပ်ရှားပြီး စွဲလမ်းတော်မူခဲ့တဲ့ အာရုံကြီးကို တားဆီးတော်မမူနိုင်တဲ့အတွက် စာတော်သင်ပျက်ခဲ့ရတဲ့ ရက်တွေလဲ မနည်းပါဘူး အထိန်းတော်ကြီးရဲ့တဲ့၊ (မဆုံးသေးဘူး ဘုရာ့နော်၊ ကတိတော်ကို မေ့တော်မမူနဲ့) ကိုယ်တော်က စုစုအတွက် အနေ့နေ့ အရက်ရက် တပါးတည်း ကြိတ်ပြီး စိတ်ဒုက္ခခံတော်မူနေရသော်လဲ နှမတော်စုထားကဖြင့် သီပေါမင်းသားတပါး ရှိတယ်လို့မှ စိတ်တော်မှာ အသိအမှတ်ပြုတော်မူပါ့မလား"


"တဦးမေတ္တာ တဦးမှာ၊ မေတ္တာနွယ်ညွှန့်၊ တဘက်လွန့်က၊ တညွန့်မာလာ၊ ယိမ်းနွဲ့ပါ"ဆိုတဲ့စကား ရှိပါငြားလည်း ကိုယ်တော်ရဲ့ရွှေမေတ္တာတော်ဟာ မေယုတောင်တော်လို ကြီးမားကြံ့ခိုင်တော်မူသလောက် စုထိပ်ဖျားက မေတ္တာတော်ခေါင်းပါး၍ သနား ကြင်နာတော်မမူလျှင် ရွှေစိတ်တော်ငြိုငြင်၍ အင်မတန်ဆင်းရဲပင်ပန်းတော်မူရတော့မှာပဲလို့ မိန့်တော်မူပါတယ်၊ မဆုံးသေးဘူးဘုရား"


"နို့ပြီးတော့ ယခုနှစ်အတောအတွင်းမှာလဲ အရှင်ထိပ်စုဖုရားနှင့်ပတ်သက်လို့ ကြီးကျယ်တဲ့ အိမ်မက်တော်ကြီးများလဲ မကြာခဏ မြင်မက်တော်မူရပြီး အိပ်မက်တော်မြင်တိုင်းမှာလဲ စုထားဖုရားနဲ့ နှစ်ပါးအတူ စံတော်မူရတယ်လို့သာ မြင်မက်တော်မူပါသတဲ့"


"မြင်တော်မူသမျှ အိပ်မက်တော်ထဲမှာ အင်မတန့် အင်မတန်၊ သာမန်လူတို့ မြင်မက်တော်ရခဲ့တဲ့ အိပ်မက်တော်ကြီးတရပ်မှာတော့ အရှင်သီပေါကိုယ်တော်ဖျားသည် ညီတော်၀န်းသိုမင်းသား၏အသားကို ထက်လှစွာသောသန်လျက်တော်နှင့် လှီး၍ ပွဲတော်တည်ပြီး အရှင်စုထားဖုရားနှင့်အတူ ဆင်ဖြူတော်ရတနာစီး၍ ကောင်းကင်ခရီးဖြင့် လှည့်လည်တော်မူရတဲ့အခါ နေစကြာနှင့်လစကြာ ရထားနှစ်သွယ်သည် သီပေါကိုယ်တော်၏ဖဝါးတော်အလယ်တွင် ကပ်တွယ်လာသည်ဟု မြင်မက်တော်မူပါသတဲ့"


"တကယ့်အထိကရ အိပ်မက်တော်ကြီးပါပေပဲ"


"အဲဒီလို ပုဗ္ဗနိမိတ်ကောင်းဟိတ်ညွှန်ပြတဲ့ အိပ်မက်တော်ကြီးများကလဲ မကြာခဏ မြင်တော်မူရတဲ့အတွက် မေတ္တာတော်အချစ်ပန္နက်နှင့် နှစ်သက်တော်မူအားများလဲ တနေ့တခြား တိုးပွားတော်မူရပါတော့တယ်၊ မသွေမဖီ ဒေဝီလောင်းလျာ ကောင်းငါးဖြာနှင့် ပြည့်စုံသော နိတုံသိင်္ဂါ၊ ရွှေကြာမြင့်ပျော်၊ နှမတော်စုထားက သနားကြင်နာသဖြင့် မေတ္တာတော်ယှက်ကူးခွင့်အရေးကို ကြေအေးစွာ ခွင့်ပန်လို့ မပေးနိုင်ဘူးလား အထိန်းတော်ကြီးရဲ့လို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ မိန့်တော်မူလိုက်တာတွေလည်း အများအပြားမို့ စကားရှိသ၍ပင် အကုန်မလျှောက်တင်တတ်တော့ပါ"


"အဲဒီလို မိန့်မှာတော်မူနေတဲ့အခါ ရွှေကိုယ်တော်ဖျားရဲ့ မျက်နှာထားတော်ကလေးဟာလည်း အင်မတန်မှ ညိုးလျော်နွမ်းလျပြီး ရွှေရင်တော်ထဲမှာ မီးတမျှ တောက်လောင်ပူပန်နေတော်မူဟန် လက္ခဏာရှိပါတယ်၊ စုထားဖုရားမှာသာ ဘာမသိ ညာမသိ အစဉ်ထာ၀ရ ပျော်ပါးတော်မူနေ၍ချည်း စံတော်မူနေတယ်၊ ဟိုခမျာ တဖက်သားမှာဖြင့် စုထားဖုရားအတွက် နှလုံးသွေးပွက်ပွက်ဆူပြီး အသက်ရှူတော်တွေမှားလို့ နေ့လားညလား နတ်ရွာကြွသွားတော်မူမလောက် ဖြစ်တော်မူနေပါတယ်၊ လျှောက်တင်တဲ့စကား မဆုံးသေးဘူး ဘုရာ့၊ ရွှေမျက်နှာတော် ညှိုးတော်မူပါနဲ့ဦး၊ ဆုံးခါနီးပါပြီ၊ ဟဲ...ဟဲ...ဟဲ မေ့တော်မူသွားမှာစိုးလို့ သတိတော်ဆက်လိုက်ရတာကလဲ ဖတ်ဖတ်မောနေပါပြီ"


"သီပေါကိုယ်တော်ဖျားဟာ စိတ်ထားတော်ကလည်း သိမ်မွေ့၊ မင်းသားတို့ဓလေ့နဲ့ မာနငွေ့တထောင်းထောင်း နဂါးမျက်စောင်း အကြောင်းမရွေးဆိုတဲ့ ခက်ထန်တဲ့စိတ်မာန်မျိုးတွေ ရှိတော်မမူတဲ့ သူတော်ကောင်းမင်းသားကလေးတပါး ဖြစ်တော်မူတဲ့အတွက် ချစ်ဖက်ချစ်ဖော် ကြင်ယာတော်များကို အားကြီးအလိုတော်လိုက်မယ့် မင်းသားပါ၊ သီပေါကိုယ်တော်ဖျားရဲ့ ကြင်ယာတော်ဖြစ်မဲ့ မင်းသမီးများဟာ ဘ၀ပါရမီ အတော်ထူးခြားသူများလို့သာ အတပ်ဆိုချင်ပါတယ်၊ စာပေပိဋကတ် တတ်သိကျွမ်းကျင်တော်မူတဲ့အရာလည်း ပြည်သူပြည်သားအပေါင်းပါ သိပြီးဖြစ်၍ အထူးကွန့်ပြီး အညွန့်တက် လျှောက်တင်စရာမလိုတော့ပါ"


"အတွင်းအဇ္စုတ္တသန္တာန်က အဖိုးတန်တော်မူသလောက် အပြင်ဗဟိဒ္ဓသန္တာန်မှာလဲ သာမန်မင်းသားတို့ထက် ထူးကဲတင့်တယ် ရှုဖွယ်သောအဆင်းနှင့် ရွှေလို၀င်းတဲ့အသားတော်မှာ မြရည်လိမ်းသလို ဦးရေတော် စိမ်းစိမ်းလဲ့လဲ့ကလေးနှင့် အဝေးကမြင်ရသည်ထက် နီးနီးကပ်ကပ်တွေ့ရတော့ ကေသာသီရိမင်းသမီးပြဇာတ်ထဲက သု၀ဏ္ဏဟသကုမ္မာမင်းသားကလေးရဲ့ ရုပ်ဆင်းသဏ္ဍာန်တော်ကို ဖွဲ့နွဲ့ပြီး ရေးထားတဲ့စာများ ရုတ်တရက် သွားပြီးသတိရမိပါတယ်"


"ရွှေရောင်အဆင်းကဲ့သို့သော အသားအရေတော်ရှိသည်ကို အကြောင်းပြုပြီး သု၀ဏ္ဏဟံ သကုမ္မာ မင်းသားရယ်လို့ အမည်ကြေညာ ရွှေဘွဲ့တော်သာခဲ့တယ်ဆိုတာ စာတွေ့နဲ့သာ လွမ်းခဲ့ရတယ်၊ ဟုတ်နိုင်ပါ့မလား၊ လူစင်စစ်က ဇမ္ဗူရာဇ်ရွှေရောင်လို ၀င်းပြောင်တောက်ပ သို့ကလောက် အသွေးအသား လှနိုင်ပါ့မလား"


"စာရေးဆရာများက ဥာဏ်ကစားပြီး အားရပါးရ အမွှမ်းတင်လို့ မလွမ်းချင်-လွမ်းချင်အောင် ရေးပစ်ခဲ့တာကို နောက်လူများက တကယ်တင်စားနေကြတာထင်ပါရဲ့ဟု တယောက်တည်း စောဒက ၀င်ခဲ့မိသည်များလဲ သီပေါကိုယ်တော်ရဲ့အပါး နီးနီးနားနား တိုးခစားမိမှ သြော်... ဟုတ်ပေလိမ့်မယ်၊ ဟိုဟာက စာတွေ့မို့ ရေးထားသလောက် လွမ်းမယ်မလွမ်းဘူး၊ ဟုတ်တယ် မဟုတ်ဘူးဆိုတာ လိုက်ပြီး မမြင်နိုင်ပေမဲ့ ယခုကိုယ်တွေ့ဖြစ်တဲ့ သီပေါကိုယ်တော်မှာတော့ ဇမ္ဗူရာဇ်ရွှေစင်ကို လှော်ဦးစ, မြင်ရသလို တင့်တယ်လှပတဲ့အသား၊ ပတ္တမြားလိုနီတဲ့ နှုတ်ခမ်း၊ စိမ်းလဲ့နက်မှောင် ၀င်းပြောင်ကြည်လင်တဲ့မျက်လုံး..?"


စု (ပြုံးတော်မူပြီး)။     ။သစ်သစ်...။


သစ်။     ။ဘုရား...။


စု။      ။သစ်သစ်ရဲ့စကားဟာ ဒီကနေ့ ဆုံးပါဦးမလား။


သစ်(ပြုံး၍)။    ။မှန်လှပါ၊ ဆုံးပါပြီဘုရား၊ စုထားဖုရား ကတိတော်မဖျက်တမ်းနော်၊ ဆုံးအောင် နားဆင်တော်မူရမယ်၊ သြော်... ဘယ်ရောက်သွားပြန်ပါလိမ့်မတုံး။ အဲ...အဲ ၀င်းပြောင်ကြည်လင်တဲ့မျက်လုံးနဲ့ အတိုရုန်းကြပါစို့ဘုရား၊ သို့ကလို ထူးထူးခြားခြား တင့်တယ်ပြီး ကျက်သရေရှိတော်မူတဲ့ ကိုယ်တော်တပါးကို မနှစ်သက် မကြည်ဖြူနိုင်ပါဘူးလို့ ငြင်းရှောင်ဖယ်ခွာ မျက်နှာလွှဲချင်တဲ့ မင်းသမီးများဟာ ဖူးစာနှစ်ခိုင် ယှဉ်ပြိုင်တော်မူစရာ ဘ၀ကုသိုလ်ကံမပါရှာကြလို့သာဟု ယူဆစရာရှိတော့တယ်၊ အဲ...သို့ကလောက် စွယ်စုံမြောက်နေတဲ့ မင်းသားတပါးက စုထားကို ချစ်သနားတော်မူပါလို့ တောင်းပန်တာကို ငြင်းဆန်တော်မူမယ် မထင်တာနဲ့ ဘုရားကျွန်မကလည်း သီပေါကိုယ်တော်ဖျား အလိုတော်အတိုင်း ဘုရားကျွန်မတို့သခင် အရှင်ထိပ်စုဖျားကို အသနားတော်ခံပေးပါမယ် ဆိုတာ အာမခံခဲ့မိပါတယ်၊ အရှင်စုထားဖုရားနှင့်ဖြင့် ရွှေနဲ့မြေ နေနဲ့လကဲ့သို့ အလွန်တရာမှ ရှေ့သွား နောက်လိုက်ညီလှတဲ့ မင်းညီမင်းသားပါပေပဲဘုရား၊ နေဦး ဘုရား၊ မဆုံးသေးဘူး"


"အဲဒါနဲ့ ကိုယ်တော်ဖျားကလဲ ဘုရားကျွန်မက အာမခံစကား လျှောက်တင်လိုက်လျှင်ပဲ တကတည်း ၀မ်းသာအားရဖြစ်တော်မူပြီး နေဦး...နေဦး အထိန်းတော်ကြီး၊ နှမတော်စုထားက မောင်တော်အတွက် အဖိုးထိုက်တန်လှတဲ့ ၀တ်လဲတော်များ ဆက်တော်မူတာ အလွန်တရာမှ ၀မ်းသာအားရဖြစ်တော်မူလွန်းလို့ အတုန့်အလှည့် လက်ဆောင်တော်တခု ပြန်လိုက်ပါရစေ၊ ကျုပ်တို့မှာ ရဟန်းသာမဏေဘောင်မှာ စံတော်မူနေရတဲ့အခါမို့ အဖိုးထိုက်၊ အဖိုးတန်ဖြစ်တဲ့ ပဏ္ဏာလက်ဆောင်တော်များဖြင့် ပြန်နိုင်ပေဘူး။ စုစု ကျက်မှတ်ရွတ်ဆိုရန် အန္တရာယ်ကင်းဂါထာတပုဒ်ရေးပြီး ပေးလိုက်ပါရစေ၊ ရတနာရွှေငွေမဟုတ်ပေကလဲ အဖိုးထိုက်တယ်ထင်ရင်လဲ အဖိုးအတိုင်းမသိ တန်ချင်တန်တာမျိုးပါ၊ စိတ်သာ ပဓာနပဲ အထိန်းတော်ကြီးရဲ့လို့ မိန့်တော်မူပြီး ဟောသည် ရွှေပြားထဲတွင် ရတနာကညစ်နှင့် ဂါထာတဆစ်ရေးပြီး လက်ဆောင်တော်ပေးလိုက်ပါတယ် စုထားဖုရား၊ ရှုစားတော်မူစမ်းပါ၊ ဘုရားကျွန်မရဲ့ လျှောက်တင်ချက် စကားများ နိဋ္ဌိတံလို့ ဆုံးခန်းတိုင်ပါပေါ့ဘုရား"


ဟု လျှောက်တင်လျက် သီပေါမင်းသားကိုယ်တိုင် ရေးပေးတော်မူလိုက်သော တေးထပ်ပါရှိသည့်ရွှေပြားကို ရွှေကလပ်တွင်တင်၍ ဆက်လေရာ ထိပ်စုဖျားလတ်လည်း  ကလပ်ပေါ်က ရွှေပြားကို လက်တော်နှင့် ကိုင်ယူ ရှုစားတော်မူလေ၏။


အထိန်းတော်ကြီး ခင်ဘွားသစ်မှာ စွန့်စား၍လျှောက်တင်ရသော်လည်း တချက်တချက်တွင် ခပ်ကြောက်ကြောက်ရှိနေသေးသဖြင့် ထိပ်စုဖျား၏မျက်နှာထားတော်ကို မော်၍ခစားရင်း အကဲခတ်ကြည့်နေလေရာ ထိပ်စုဖျားလည် ဦးစွာပထမ ရွှေပြားကို ခပ်ပြုံးပြုံး ရှုစားတော်မူရာက ဒုတိယ ဣနြေ္ဒတော် ရင့်ရင့်ဖြစ်လာပြီး၊ တတိယ မျက်နှာထား တင်းတော်မူလာကာ စာလည်းအဆုံးတွင် လုံးလုံးမျက်မာန်တော်ရှလျက် ရုတ်တရက် ရွှေပြားကို ကလပ်ပေါ် ပေါက်ချတော်မူလိုက်ကာ ခင်ဘွားသစ်မျက်နှာကို တင်းမာခက်ထန်စွာ ရှုစားတော်မူပြီး


"အထိန်းတော်ကြီး ကိုယ့်လူ သူ့ဘက်သားလုပ်ပြီး အရှုပ်ဇာတ်ခင်းလာတယ်ဆိုပါတော့၊ ငယ်စဉ်တောင်ကျေးက ပိုက်ထွေးယုယစေပြီး မယ်မယ်ဖျားကိုယ်တော်တိုင်က ယုံစားလွှဲအပ်ထားခဲ့တဲ့ အထိန်းတော်ကြီးဖြစ်ပါလျက် မြို့စားကြီး၊ ရွာစားကြီး ပေးသနားတော်မူထားတဲ့အပြင် ရွှေလှည်းနဲ့ ရွှေထီးတော်များနှင့် မြှောက်စားသူကောင်းပြုတော်မူတဲ့ မျက်နှာမှ မထောက်ထားဘဲ သီပေါမင်းသား စေစားတိုင်း ရွှေပြားကို ယူလာတဲ့အကြောင်းကို ခမည်းတော်ဘုရားနဲ့ မယ်မယ်ဖျားကို ခုသွားပြီး သံတော်ဦးတင်လိုက်မယ်၊ စုဖျား ဘယ်လောက်စိတ်မြန်တော်မူတယ်ဆိုတာ အသိသားမဟုတ်လား..."


မိန့်တော်မူကာ သလွန်တော်ပေါ်က ရုတ်တရက် ထတော်မူလိုက်သောအခါ ဘေးမရှိဘူး ထင်၍ အလျင်စလိုလျှောက်မိသော ခင်ဘွားသစ်တွင် လိပ်ပြာစင်တော့မလောက် ကြောက်ရွံ့တုန်လှုပ်သွားပြီး မျက်နှာတွင်လည်း သွေးများ ဆုတ်ယုတ်ကာ ရုတ်တရက် ဖြူရော်လာလျက် ရှိခိုးထားသောလက်နှစ်ဖက်လည်း သွက်သွက်ခါ တုန်လှုပ်နေရှာရင်း ရင်တွင်းမှာ တထိတ်ထိတ် ကြောက်ရွံ့စိတ်အဖုံဖုံကြောင့် နှလုံးသွေး ပုဇွန်ဆိတ်ခုန်ဖြစ်ကာ ကိုးကွယ်ရာမရသော မျက်နှာထားနှင့် ထိပ်စုဘုရားကို အသနားခံတောင်းပန်ရန် ကြံမိရှာလေ၏။


စုဖုရားလည်း တင်းမာခက်ထန်စွာသောမျက်နှာထားဖြင့် သလွန်တော်ပေါ်မှ ရုတ်တရက် ထတော်မူပြီး ရွှေထဘီ??ကို လက်တော်နှင့်အသာပင့်လျက် သွက်လက်စွာ စွန်တောင်ဆွဲ၍ ခပ်ကျဲကျဲခြေလှမ်းပြင်ပြီး မယ်တော်မိဖုရားကြီးထံ ထွက်တော်မူရန် ဟန်ဆင်လိုက်သောအခါတွင် အထိန်းတော်ကြီး ခင်ဘွားသစ်မှာ သွေးဆုတ်သည့်လူမမာကဲ့သို့ ဖြူရော်သောမျက်နှာတွင် ဗျာပါဒ ဆင့်နှောက်၊ ရင်ပွင့်မလောက်၊ ကြောက်လန့်စိုးရိမ်ပြီး "တခါဖြင့် မိုးမီးလောင်တော့မှာပါကလား၊ မိဘွားသစ်... မိဘွားသစ် အရှင့်အချစ်တော်ယုံစားမိလို့ နင့်ကုပ်ပေါ်ဓားဝဲပြီး သေပွဲ၀င်ချိန်နီးနေပြီ၊ တခါဖြင့် ခက်ပေါ့"ဟု လက်လျှော့အားငယ်၊ မျက်ရည်တွေ အသွယ်သွယ်ကျရာက လက်နှစ်ဖက်မြှောက်ချီပြီး တအားတိုး ထိပ်စုဖုရား၏ခြေကိုဖက်၍ အားငယ်ကြောက်ရွံ့သော မျက်နှာဖြင့် တောင်းပန်ခယစွာ မော်ကြည့်ရင်း


"ချမ်းသာပေးတော်မူပါ စုထားဖုရား၊ သစ်သစ်မှာ စုထားဖုရားရဲ့ အထိန်းတော်ရင်းဖြစ်လို့ အချစ်ကိုယုံပြီး စကားကုန်လျှောက်တင်မိပါတယ်၊ စုထားဖုရား နှစ်သက်တော်မမူရင် ဖျားကျွန်မကို စုထားဖုရားကိုယ်တိုင် ရာဇ၀တ်အပြစ်တော်ပေးပါ၊ အနှေးအမြန် စီရင်တော်မူရာ ခံပါ့မယ်၊ မယ်တော်ဘုရားကိုဖြင့် သံတော်ဦးတင်တော်မမူပါနှင့်ဘုရား..."


မျက်ရည်တွေအရွှဲသားနှင့် စွန့်စား၍လျှောက်တင်လေရာ ထိပ်စုဖုရားလတ်လည်း ခြေတော်ကိုဖက်ပြီး ရှိုက်ကြီးတငင် ပူပင်သောဖြစ်နေရှာသော အထိန်းတော်ကြီး ခင်ဘွားသစ်ကို မျက်နှာတော်တင်းတင်းနှင့် ခပ်ပြင်းပြင်းစိုက်ကာ ရှုစားတော်မူနေရာက ဗျာပါသောကပိုပြီး တငိုငိုတမောမော တောင်းပန်အသနားခံနေသည်ကို တွေ့မြင် ရှုစားတော်မူနေသောအခါ စိတ်တော်တွင်းက မပါသဖြင့် ကြာကြာဟန်လုပ်တော်မမူနိုင်တော့ဘဲ မသိမသာပြုံး၍ နေတော်မူမိရာ ငိုရှိုက်ရာက နောက်တခါမော့ကြည့်လိုက်သော အထိန်းတော်ကြီးမျက်နှာနှင့် ပက်ပင်းပါတွေ့သွားလျှင် ခင်ဘွားသစ်တွင် အံ့အားသင့်နေသလောက် ထိပ်စုဖုရားက ၀မ်းသာအားရ ရယ်မောတော်မူလိုက်ကာ


"သစ်သစ်...ဒီတခါ သိပ်ကြောက်သွား​တယ် ထင်ပါရဲ့"ဟု ခနဲ့တဲ့တဲ့ မိန့်တော်မူလိုက်လျှင် 


ခင်ဘွားသစ်မှာ သေရာက ရှင်လာရသလို ၀မ်းမြောက်သည့်ဇောနှင့် အလောတကြီး ရင်?ကာ


"ဟာ...အို...ဘုရား... အရှင်ထိပ်စုဖုရား ကျီစားတော်မူလိုက်တာကလဲ ရင်ခွဲ အသည်းနေလှန်းခံရမယ့် ရာဇ၀တ်ကြောင်းကြီးဆိုတော့ သစ်သစ် သိပ်ကြောက်သွားတာပေါ့ ဘုရား၊ ဒီလိုများဖြင့် ကျီစားတော်မူပါနဲ့ဘုရား၊ သစ်သစ်လက်ဖျားတွေ အေးသွားလိုက်တာ ခုမှ နွေးလာတော့တယ်ဖျာ့"


ရယ်ရမလို၊ ငိုရမလို၊ တဖိုဖိုလျှောက်လိုက်ရာ ထိပ်စုဖုရားမှာ ဣနြေ္ဒပျက်လောက်အောင် ကြောက်ရွံ့တုန်လှုပ်သွားသော ခင်ဘွားသစ်ကို တစိမ့်စိမ့်ကြည့်၍ တခိခိရယ်တော်မူရင်းပင်


 "ကဲ...မှတ်ကရော့၊ စုစုကို မရုန်းသာ၊ မလှုပ်သာအောင် စကားနဲ့ သေသေချာချာ ကြိုးတုပ်နှောင်ပြီးမှ သူပြောချင်ရာတွေ အရှည်ကြီးလျှောက်ပြောနေရတာ သစ်သစ်မှာ သိပ်ပြီးအရသာရှိမှာပဲနော်၊ စုစုလည်း အဲဒါကို အားကျပြီး သစ်သစ်ကြီးတယောက် ကောက်ခါငင်ခါ ဖြုန်းခနဲ ငိုသယောင်၊ ရယ်သယောင် ဖြစ်လာအောင် အတုံ့အလှည့် ပြန်လိုက်တာပဲ။ စင်တော်ကြီးထဲက မဒီကိုင် ဦးသာပြောတို့ ဦးသာဇံတို့ အလွမ်းကောင်းတယ်ဆိုတာ ခုနင်က သစ်သစ်လွမ်းပြတာကို မမီသေးဘူးလို့ ထင်တာပဲ၊ အဲဒီလို စိတ်ပါကိုယ်ရောက် နှစ်နှစ်ကာကာလွမ်းပြတဲ့အလွမ်းမျိုး ရှုစားတော်မူရတာ အင်မတန်မှ အရသာရှိပါကလားနော်"


သရော်ပြောင်လှောင်ကာ မိန့်တော်မူလေရာ ခင်ဘွားသစ်လည်း အပြုံးကြီး ပြုံးလာရတော့လျက် ရှက်သည်ထက် ၀မ်းမြောက်အားတက်ခြင်းက ဖုံးလွှမ်းနေသည့်အားလျော်စွာ


"နှိပ်စက်တော်မူပါ၊ ဒီက သစ်သစ်ကတော့ ကိုယ်ချစ်ခင်တဲ့ အရှင်ထိပ်စုဖုရားအတွက် အကျိုးတော်ဆောင်ရွက်လိုက်ရတာ ဖတ်ဖတ်ကိုမောလို့၊ တကယ်သာ ခုနကလို အမျက်တော်ရှရင် ဒီကအကျိုးဆောင်သူ ဒုက္ခသည်မှာ လွယ်လွယ်နဲ့ သေပန်းပွင့်ရမှာပါကလား၊ နောက်များဖြင့် တန်ပါပြီ၊ သီပေါကိုယ်တော်သော သန္ဒီကိုယ်တော်သော သိကြားမင်းပင် ဆင်းလာပြီး ပြောဦး၊ ဒီလိုကိစ္စမျိုးထဲ၀င်ပြီး ဆံချည်မျှင်လောက်ကလေးမှ မပါချင်တော့ပါဘူး"


စိတ်ပျက်လေးလံစွာ ပြောပြီး သက်မကြီးချပစ်လိုက်ရာ ထိပ်စုဖုရားကလည်း ပြုံးရယ်ရှုစားတော်မူပြီး


"အင်း...ဒီမိန်းမကြီး အတော်တရားရသွားဟန်တူရဲ့"ဟု မိန့်တော်မူလျှင် 


ခင်ဘွားသစ်လည်း အကြောက်စိတ်မပြေ စိုးရိမ်လေဟန်နှင့်


"အမှန်ပါပဲ စုထားဖုရား၊ သစ်သစ်တော့ သိပ်ကြောက်ပြီး နောင်ကျဉ်သွားတာပဲဘုရား၊ နောင်ဘယ်တော့မှ ဒီလိုကိစ္စမျိုးမှာ အကျိုးမဆောင်ဝံ့တော့ပါဘူး၊ အရှင်ထိပ်စုဖုရားက အမျက်တော်မရှဘူး ထားပါဦး၊ သည်လိုအမှုမျိုးဆိုတာ ကြာရှည်ဖုံးလို့ လုံနိုင်တဲ့ဟာမျိုး မဟုတ်လေတော့ တနေ့မသိ တနေ့သိဆိုတာလို မယ်တော်ဘုရား ရွှေနားတော်ပေါက်ကြားသွားရင် ကားစင်နဲ့ သစ်သစ်နဲ့ မိတ်ဆက်ရတော့မှာအမှန်မို့ အကျိုးဆောင်ဖို့ မကြံစည်ဝံ့တော့ပါဘူးဘုရား" 


စုထားဖုရားက အလျှော့ပေးတော်မမူဘဲ


"သြော်... သစ်သစ် အတော်ပဲ ကြောက်သွားပြီ ထင်ပါရဲ့​နော်။ ဟုတ်​ပေရဲ့ ဟုတ်​ပေရဲ့၊ အမှတ်မဲ့ မယ်​တော်ဘုရား သိ​တော်မူသွားရင် စုစုက အမျက်​တော်မရှိ​ပေတဲ့ မယ်မယ်ဖျားရဲ့ စိတ်​တော်ကို မသိနိုင်​ပေဘူး"


"မှန်လှပါ၊ ???? အသည်းခိုက်​အောင် ​ကြောက်လှပါသဖြင့် နောက်တခါ မဝံ့တော့ကြောင်းပါ၊ ယခု စုစု ရွှေလက်တော်ရောက်နေတဲ့ ရွှေလွှာကလေးကိုလည်း ဖျာ့ကျွန်မလက်သို့ ပြန်သနားတော်မူပါ၊ ကိစ္စတုံး ခြေရာပျောက်သွားအောင်ဟာ သီပေါကိုယ်တော်ရဲ့လက်တော်သို့ တခါတည်း ပြန်ပို့လိုက်ပါရစေတော့ ဘုရား"


ထိပ်စုဘုရားလတ်၏ မျက်နှာတော်ကို အကဲခတ်ရင်း လျှောက်တင်လိုက်သောအခါ ခင်ဘွားသစ်၏မာယာကို ရိပ်မိတော်မူပြီးသားဖြစ်သောကြောင့် စုဖုရားကလည်း တနည်းလှည့်၍ ကပ်ဖဲ့မိန့်တော်မူသည်ကား


"အို...ဟုတ်ပါပေတယ်၊ သီပေါမောင်တော်ရဲ့ ရွှေလွှာကို စုစုအဆောင်တော်မှာ လက်ခံထားတယ်ဆိုရင် မသင့်လျော်ပေဘူး၊ မောင်တော်ရဲ့ လက်တော်ရောက်အောင် ပြန်ဆက်လိုက်ပါဘိ သစ်သစ်ရယ်၊ သြော်... သို့ပေမဲ့ ဒီနေ့ သစ်သစ်သွားလို့ မတော်ဘူး၊ အကူးအသန်းများရင် ရွှေနန်းတော်သူ ရွှေနန်းတော်သားတွေ တွေ့မြင်ပြီး တလွဲထင်နေဦးမယ်၊ နက်ဖြန် နံနက်စောစောမှ သစ်သစ်သွားပေတော့၊ ရွှေလွှာတော်လည်း မှန်ဆောင်တော်က ပန်းကလပ်ထဲမှာ လူသူမမြင်နိုင်အောင် ပုသိန်ပဝါနဲ့ရစ်ပြီး ကျစ်ကျစ်ပါအောင်ထုပ်လို့ ထည့်ထားတော်မူလိုက်မယ် သစ်သစ်ရဲ့၊ ဟော...ပြောရင်းဆိုရင်း ပဟိုရ်ညောင်းလို့ ညနေတောင်စောင်းပါပေ့ါလား၊ ချိုးရေတော်သုံးရအောင် မှန်ဆောင်တော်ထဲ ၀င်တော်မူတော့မယ်"


မိန့်တော်မူကာ မှန်ဆောင်တော်ရှိရာသို့ ထွက်တော်မူသွားရာ အထိန်းတော်ကြီး ခင်ဘွားသစ်လည်း ငေးငေးကြီး ကျန်ရစ်ကာ အသိခက်လှသော စုဖုရား၏စိတ်ထားတော်ကို မျှော်ခေါ်စဉ်းစားမရနိုင်အောင် ရှိရတော့သည့်အပြင် နောက်ထပ် လျှောက်တင်လိုက်သာ မိမိစကားများမှာလည်း "ကိုယ့်အတက်နှင့်ကိုယ်စူး နုတ်လို့မရနိုင်ဘူး"ဟူသော စကားကဲ့သို့ ရှေ့သို့တလှမ်းကွန့်၍ အညွှန့်တက်ရန် မမြင်သောကြောင့် အောင့်သက်သက်ကြီးဖြစ်နေရာက သီပေါမင်းသားထံတွင်လည်း လေလုံးအထွားကြီး ထွားခဲ့မိသည်များကို စဉ်းစားလိုက်သောအခါ ရွှေလွှာတော်ကို ဘယ်နည်းဘယ်ပုံ ပြန်ဆက်၍ မင်းသား၏မျက်နှာတော်ကိုလည်း ဘယ်ကဲ့သို့ ဖူးရတော့မည်ကို တွေးမိတိုင်း ရင်လေးလျက်ရှိလေတော့၏။


အပိုင်း(၃)ဆက်ရန်


ဒဂုန်ခင်ခင်လေး



crd 👉 Shwezinu (http://shwezinu.blogspot.com/2009/12/blog-post_3139.html) & Aung Kyaw Htun (ပညာ့ဗိမာန် စာကြည့်တိုက် အ.ထ.က (၁) (လမ်းမ​တော်)(ကိုယ်ထူကိုယ်ထ))

No comments:

Post a Comment