နောင်ဒိုင်းဟု နှစ်ချက် ဆင့်နှက်လိုက်သော ပဟိုရ်စည်တော်သံကြီးမှာ ရတနာပုံနေပြည်တော်ကြီးတခုလုံး တုန်ဟီးလျက် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေရန် အသံသြဇာဖြင့် ဖြန့်ချီပေးဝေဘိသကဲ့သို့ ရှိလေ၏။
အချိန်ကား လင်းအားကြီးပြီဖြစ်၍ နေမင်း၏ရှေ့တော်ပြေးဖြစ်သော ရောင်နီတန်းမှာ အရှေ့ဘက် ရှမ်းရိုးမတောင်တန်းကြီးပေါ်မှ ပေါ်လွင်ထင်ရှား အလင်းအားကို ဆောင်စေတော့၏။
ရတနာပုံရွှေမြို့တော်ကြီးမှာ ကြည်လင်ငြိမ်သက် ကြာမျိုးငါးပါးနှင့် ပြည့်နှက်သည့် ကျုံးတော်ကြီးလေးဘက် အလယ်တွင် မြင့်မတ်သောမြို့ရိုးနှင့် ပြအိုး ပစ္စင်တို့ ဒုပိကာထိပ်ဖျားမှ တချွင်ချွင်မြည်သော ဆည်းလည်းသံကလေးများဖြင့် သာယာကြည်နူးဖွယ်ဖြစ်နေစဉ်၊ မင်းတုန်းမင်းဘုရင်မင်းတရားကြီးဘုရား၏ အမိန့်တော်မြတ်အရ ပြအိုးတခုလျှင် ၀တ်ဖြူစင်ကြယ်၊ ကြေးစည်ငယ်၊ စိပ်ပုတီးတို့ဖြင့် ပရိတ်ကြီးကအစ ဓမ္မစကြ်ာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ပဋ္ဌာန်းပါဠိတော်များကို ဘုရားရှိခိုးအပြီးက လင်းအားကြီးအထိ ရွတ်ဆိုရသော ရိက္ခာတော်စား လူသူတော်များမှာ နေရောင်ခြည်လာသည်နှင့်တပြိုင်တည်း အသီးသီး ပြအိုးထိပ်တို့မှ ကြေးစည်သံအချက်ပေးကာ ဥပဒေတယံ အစချီသော မောရသုတ်ပရိတ်တော်ကြီးကို သံပြိုင်ညီညာ ရွတ်ဆိုကာဖြင့် အရုဏ်တက်အချိန်၏ သာယာခြင်းကို ဆောင်လျက်ရှိလေသည်။
များမကြာမီ သူရိယာဖလ်နေ၀န်းသည် အရှေ့ဥဒည်းစွန်းမှ ပေါ်ထွန်းပြူထွက်၍ ကြက်ပျံမကျ စည်ကားလှသော ရွှေမြို့တော်ကြီးတခုလုံးမှာလည်း ဆူညံလှုပ်ရှားလျက် အသက်၀င်၍လာဘိသကဲ့သို့ရှိကာ မြို့တွင်းမြို့ပြင်များတွင် ဝါ၀ါထိန်ထိန် သာမက ရဟန်းတို့၏ သင်္ကန်းရောင်ရှိန်သည် နိစ္စဘတ် ဝိဏ္ဍပါတ် ဆွမ်းလောင်းသော အိမ်တိုင်းစေ့ ရှေ့မျက်နှာစာတွင် ရှုပ်ရှက်ခတ်သွားလာ ကူးသန်းလျက်ရှိခြင်းဖြင့် သာသနာတော်၏အရောင်အဝါသည် အရှေ့လောကဓာတ်မှ တက်သစ်စနေ၀န်းနှင့်အပြိုင်အဆိုင် အနိုင်လုလျက်ရှိကြောင်း ထင်ရှားလေတော့သတည်း။
ထိုအချိန်တွင် ခြောက်စထောင် ရွှေပိန်းချ စာဥရောင် နွားလား ဥဿဘတစုံကသော လှည်းယာဉ်တစီးမှာ တံခါးနီအပြင်လမ်းမှ ရွှေနန်းတော်ကြီးကို ပမ်း၍ နန်းဦးမှန်စီကျောင်းတော်ရှိရာသို့ ရှေ့ရှုမောင်းနှင်လာသည်ကို တွေ့မြင်နိုင်ပြီး လှည်းပေါ်တွင် အသက်သုံးဆယ်ကျော် လေးဆယ်နီးပါး အသားဖြူဖြူ အထက်တန်းကျသော နန်းတော်သူတပါးသည် နှစ်ပတ်ရစ်ထိပ်ဆံချ ဆံထုံးနှင့် ပုလဲစစ်တကုံးကိုဆွဲကာ ပုသိန်ပဝါ စမ္ပယ်ကြဲကို လောဘက်တင် ဒေဝီခြုံခြုံလျက် စစ်ကိုင်းချိတ်ကြိုးထဘီကို၀တ်ကာ ငြိမ်သက်တည်ကြည်စွာ လိုက်ပါလာပြီးလျှင် လှည့်းရှေ့ပိုင်းတွင် ဆွမ်းအုပ်တခုကို တင်လျက် လှည်းနောက်မြီးတွင် နောက်လိုက်အပျိုတော်ငယ်နှစ်ဦး ဒူးပုဆစ်တုပ် ရိုသေစွာထိုင်လျက်ပါရှိ၍ လှည်းအောက်တွင် ခြေကျင်ခရီးဖြင့် ရွှေထီးတလက်မိုး၍လည်း လူငယ်တယောက်က လိုက်လာခြင်းအားဖြင့်လည်း မင်းမိဖုရားတပါးဖြစ်သည်ကို သိသာနိုင်လေ၏။
ထို့နောက် အဆိုပါလှည်းယာဉ်သည် နန်းဦးစံကျောင်းအနီးတွင် ရပ်လျက် အပျိုတော်ငယ်တို့က ဆွမ်းအုပ်ကိုပိုက်ကာ သခင်မနောက်ပါးမှ ကျောင်းပေါ်ရောက် လိုက်ပါသွားကြလျှင် စံကျောင်းဆရာတော်ဘုရားကား နန်းတော်တွင်းသို့ ကြွသွားတော်မူခိုက် ဖြစ်၍ ကျောင်းပေါ်ရှိ ကပ္ပိယနှင့် ကျောင်းသားတစုတို့လည်း
"လောင်းရှည်မိဖုရား ထွက်တော်မူလာတယ်၊ ဆရာတော်ဘုရားလဲ မရှိဘူး"
ဟု အချင်းချင်း တီးတိုးပြောလျက် ဖျာသင်ဖြူးတို့ကို ထွက်၍ခင်းသူကခင်း၊ ကျောင်းတွင်းသို့၀င်ပြီး ရှင်သာမဏေ ဖြစ်သော သားတော်သီပေါမင်းသားကို မယ်တော်ကြွလာကြောင်း သံတော်ဦးတင်သူက တင်သဖြင့် မိခင် လောင်းရှည်မြို့စားမိဖုရားနှင့် သားတော် ရှင်သာမဏေ သီပေါမင်းသားတို့ ကျောင်းရှေ့ဆောင်တွင် တွေ့ဆုံတော်မူကြလေ၏။
မယ်တော်မှာ သားတော် အနည်းငယ်ပိန်ချုံးနေသည်ကိုကြည့်၍ မျက်နှာတော်ပျက်လျက်၊ သားတော်ကလည်း အခြွေအရံအနည်းငယ်နှင့် ညှိုးညှိုးငယ်ငယ် ထွက်တော်မူလာသော မယ်တော်ကိုကြည့်ကာ မျက်နှာတော် မသာမယာရှိလေ၏။
သားမယ်တော်နှစ်ပါးလုံးပင် တဦး၏အတွင်းစိတ်ကို တဦးက အတပ်သိဘိအလား သက်ပြင်းများ တချက်စီ ချလိုက်ကာ...
"မောင်ရင်လည်း အင်မတန် အညောင်းမခံတော်မူနဲ့၊ ဣရိယာပုတ် မမျှတော့လည်း ဝေဒနာရတော်မူဦးမယ်၊ အခုတောင် မျက်နှာနည်းနည်းချောင်နေပြီ"
"သားတော်အတွက် စိုးရိမ်တော်မမူပါနှင့် မယ်မယ်ဖျား၊ အခြွေအရံအနည်းအပါးနှင့် ထွက်တော်မူလာတာလည်း သားတော် စိတ်မကောင်းပါ၊ အစစအရာရာ သားတော်မောင်အတွက် စိတ်ချတော်မူပါ၊ ဆရာတော်ဘုရားကလည်း နောင်တော်သာမဏေများနှင့်အတူ များစွာ အရေးယူတော်မူပါတယ်"
"သြော်... မယ်မယ်ထွက်တော်မူလာတာ သိမ်သိမ်ငယ်ငယ်ရှိတယ် ထင်တော်မူလို့လား၊ လောကဓံတရား အရှိသားပဲမောင်ရင်။ ယသော၊ အယသောတဲ့၊ အခြွေအရံနည်းသည်ဖြစ်စေ များသည်ဖြစ်စေ မယ်မယ်ဘုရားမှာ မိဖုရား မိဖုရားပါပဲ။ ရွှေနန်းရှင်ဘုရားမှာလည်း မြှောက်စားရမယ့်သူတွေကများတော့ ပညာရှိ သတိဖြစ်ခဲဆိုသလို မေ့တော်မူတဲ့အလှည့်လဲ ရှိဦးမပေါ့။ ဒါနှင့် ခု မယ်မယ်ဖျား ထွက်တော်မူလာတဲ့အကြောင်းကတော့ မောင်ရင့်ကို တွေ့မြင်ချင်တာတကြောင်း၊ မယ်မယ်ကိုယ်တိုင်လုပ်တဲ့ ဓနုထုပ် ခနုံပွင့်နှင့် ၀က်သားကြာလိပ်ကြော်ကလေးကို ဆရာတော်ဘုရားလည်း ဘုန်းပေးဖို့ ကပ်ချင်၊ မောင်ရင်ကိုလဲ ကျွေးချင်တာတကြောင်း၊ တခြား သတင်းကောင်းကလေးတခုကို မောင်ရင်သိအောင် ပြောချင်တာလည်းတကြောင်းကြောင့် မယ်မယ်ကိုယ်တိုင် ထွက်တော်မူခဲ့တယ်"
"ဘယ်လိုသတင်းကောင်းများ မိန့်တော်မူပါရန် ပါပါသလဲ မယ်မယ်ဖျား"
"မောင်ရင်၊ ရှေ့လာမဲ့ နယုန်လစာပြန်ပွဲမှာ ၀င်နွှဲဖြေဆိုတော်မူမယ်ဆိုလို့ မောင့်ခမည်းတော်ဘုရားက အင်မတန်မှ အားရတော်မူနေတယ်။ ငါ့သားတော်ဟာ ဘုန်းကံပါရမီရင့်သန်တဲ့ သားတော်ဖြစ်တဲ့အတွက် သာမဏေပြု၍ တနှစ်မျှအကြာမှာ ယခုလို ပထမပြန်၀င်နွှဲနိုင်ပေတယ်လို့ ဘုန်းတော်ကြီးလှသော ဘုရားကိုယ်တော်တိုင် ညီလာခံမှာ မိန့်တော်မူတဲ့အပြင် ငါ၏သားတော်ကို ဘုန်းကံပါရမီနှင့်ပြည့်စုံသော သားမြတ်ရတနာဖြစ်ကြောင်း ထင်ရှားအောင် ရဟန်းရှင်လူပြည်သူတို့ရှေ့ သုဓမ္မာဇရပ်တော်မှာ ပထမပြန်ဆိုစေရမယ်လို့ အမိန့်တော်ရှိတယ်။ အဲဒီအခါမှာ မောင်ရင့်ကို ခေတ္တ လူ၀တ်လဲလှယ်ပြီး အခမ်းအနားကြီးကျယ်စွာ စီစဉ်ခင်းကျင်း ချီးမြှင့်တော်မူလိမ့်မယ်တဲ့၊ မယ်မယ်ဖြင့် မောင်ရင့်အတွက် နှစ်သက်၀မ်းမြောက်တော်မူမိတယ်၊ မောင့်ခမည်းတော်ဟာ သာသနာတော်ရေးနှင့် စပ်ဆိုင်သမျှမှာ များစွာလိုလားနှစ်သက်တော်မူတဲ့ စိတ်တော်ရင်းရှိတော်မူရာမှာ သားတော်တပါးက ထွန်းထွန်းကားကား ယခုလို ပထမပြန်ဆိုတော်မူနိုင်တဲ့အတွက် တမျိုးအားတက်ပြီး နှစ်သက်၀မ်းမြောက်တော်မူလို့ မဆုံးနိုင်အောင် ဖြစ်တော်မူနေတယ်။ သားတော်ကြီးတွေအသီးသီး ချီးမြှင့်မြောက်စားတော်မူထားတဲ့အနက်က မြင်ကွန်းစားတို့ညီအစ်ကို ဖောက်ပြန် ပစ်မှားသွားကြတဲ့အတွက် ကျန်တဲ့သားတော်ကြီးများကို စိတ်လက်ချတော်မမူ၊ မည်သူ့ကိုမှ ထူးထူးချွန်ချွန် မမြှောက်စားဘဲနေခဲ့တော့ မောင့်ရင်မှာလည်း သက်တော်တဆယ့်ခြောက်နှစ်မျှရှိသေးတဲ့အတွက် အထက်နောင်တော်ကြီးများလို ရုတ်တရက် မမြှောက်မစား 'ပိုနေမြဲ၊ ကျားနေမြဲ' ဆိုသလို အမှတ်မထင် ထားတော်မူခဲ့ရာမှ ယခုတော့ မောင်ရင့်ဘုန်းပါရမီက နိုးကြားထကြွ၊ ဘုရားရွှေစိတ်တော်အကြိုက်နှင့် အလိုက်သင့်တွေ့ရတဲ့အတွက် ရှေ့အဖို့ မယ်မယ့်သားတော်မှာ မျက်နှာတော်ပွင့်လန်း၊ ဘုန်းပန်းညွှန့်တလူလူနှင့် ခမည်းတော်ဘုရား၏ ကြည်ဖြူမြှောက်စားခြင်းခံရချိန် ရောက်လာပြီ၊ ကြိုးစားတော်မူရင် မယ်မယ့်သား တနေ့မှာ မုချထွန်းကားရမယ်။ ယခုလည်း ဘုန်းစွမ်းနဲ့ လူစပြဖို့အချိန်အခါ နီးလာပြီ မောင်ရင်၊ မယ်မယ်ဘုရား ဒီအကြောင်းတွေ မိန့်တော်မူချင်လွန်းလို့ ကိုယ်တော်တိုင် ထွက်တော်မူလာတာကလား"
"ခမည်းတော်ဘုရားက မြှောက်စားတော်မူမယ်ဆိုတဲ့ သတင်းကို ကြားရတဲ့အတွက် နှစ်သက်၀မ်းမြောက်လှပါတယ်၊ သားတော်လည်း သာသနာ့ဘောင်မှာ စိတ်ပါလက်ပါ ပျော်မွေ့စွာနေနိုင်တဲ့အတွက် ရုတ်တရက် လူ၀တ်လဲရမှာကိုပင် ခပ်ခက်ခက်ဖြစ်နေပါတယ်။ ခမည်းတော်ဘုရားမှာ သားတော်ကြီးတွေကလည်း အများအပြား၊ ခြားနားတဲ့ တူတော်များကလဲ တဖုံမို့၊ ရွှေဘုံရွှေနန်းပေါ် ခေါ်ယူမြှောက်စားစေဦး၊ တသက်လုံး စိတ်အေးရမယ်လို့မထင်ပါ။ ယခုလို အေးမြသာယာတဲ့ သာသနာတော်အရိပ်အောက်မှာဆိုတော့ အနှောင့်အယှက်မရှိလို့ တသက်နဲ့တကိုယ် ခို၀င်တော့မယ်လို့ပင် ရည်ရွယ်မိပါတော့တယ်"
"မင်းညီမင်းသားတန်မဲ့ မဟန်တဲ့အတွေးမျိုးကို မတွေးပါလေနဲ့မောင်ရင်၊ မောင် နေချင်ပေမဲ့ ခမည်းတော်ဘုရားကလည်း တသက်လုံး ရဟန်းဘောင်မှာ ထားချင်မှထားတော်မူမှာပါ"
"သာသနာပြုမင်းတပါးပဲ မယ်မယ်၊ သီရိဓမ္မသောကမင်းကြီးက သားတော်မဟိန္ဒနှင့် သမီးတော်သင်္ကမိတ္တာတို့တောင် ရဟန်းဘောင်ခွင့်ပြုတော်မူပါသေးတယ်"
သားတော်က လျှောက်လျှင် မယ်တော်လောင်းရှည်ဘုရားလည်း ငယ်စဉ်ကပင် နားအေးအေးနေတတ်သော သားတော်သီပေါမင်းသားအကြောင်းကို သိတော်မူသဖြင့် နောက်ဆုံး၌ သားတော်အလိုသို့လိုက်ကာ
"ကိုင်းလေ... မောင်ရင် စိတ်ချမ်းသာသလို နေပေတော့၊ သို့သော် မယ်မယ် တခုသတိပေးချင်တာက တကယ်လို့ မောင်ရင့်ခမည်းတော်က ချီးမြှင့်တော်မူတဲ့အရာမှန်လျှင် ဘာမှမငြင်းဆန်နဲ့နော်၊ မယ်မယ်က မောင်ရင်ကောင်းစားစေချင်လွန်းလို့ မိန့်တော်မူတာ၊ မတော်တဆ အမိန့်တော်ကို ဖီဆန်လိုက်ရင် သူလည်း အာဂသားပါကလားလို့ အထင်မှားတော်မူသွားမယ်၊ ဘုန်းတော်ကြီးလှသောဘုရားမှာ သားတော်ကြီးတွေ သားတော်ငယ်တွေ အမြောက်အမြားမို့ ဘယ်သား မိုက်တယ်၊ ဘယ်သားလိမ္မာတယ်ဆိုတာ ရွှေကဲကျောက်ကဲခတ်သလို အကဲခတ်နေတော်မူတုန်း ရှိသေးတယ်"
မိန့်တော်မူနေစဉ် ဆရာတော်ဘုရား ကြွတော်မူလာသဖြင့် ၀တ်ပြုကန်တော့နေလေသတည်း။
* * *
ဝေဇယံ ပြဿာဒ်ကဲ့သို့ မတ်မတ်မားမား ကြွားကြွားစွင့်စွင့် ၀င့်၀င့်မောက်မောက် ရွှေသားရောင်တပြောင်ပြောင် တောက်ပသော သီဟာသန နန်းမအဆောင်တော်ကြီး၏ အနောက်ပိုင်း တစိတ်တဒေသဖြစ်သော အလယ်နန်းမတော်မိဖုရား အဆောင်တော်တွင် မင်းတုန်းမင်းတရားကြီး၏ အလယ်နန်းမတော်မိဖုရားသည် ရံရွှေတော်များနှင့် စံနေတော်မူစဉ် ကြိုးကြီးချိတ်ပုဆိုးကို ၀တ်ကာ လက်ယာဘက်ကို တွဲတွဲအိအိကျနေစေသော ရောင်တွဲကြီးဖြင့် လက်ထဲတွင် ကြိမ်ငယ်တချောင်းကိုကိုင်ကာ ကတိုက်ကရိုက် ၀င်လာသော ဆယ်လေး ငါးနှစ်ရွယ် မင်းသားငယ်တပါးကို ရုတ်တရက် တွေ့မြင်ရလျှင် သလွန်ပေါ်တွင် လဲလျောင်းနေတော်မူသော အလယ်နန်းမတော်ဖုရားမှာ ရုတ်တရက် ရင်ကို မ,ပြီး
"အလိုလေး သမီးတော်ပါလား၊ မောကြီးပန်းကြီးနဲ့ ဘာများဖြစ်လာသလဲ၊ ဘယ်သူမှ မပါပါကလား"
ဟု မိန့်တော်မူလျှင် အပျိုတော်များမှာလည်း ရင်တီးလက်သပ်ဖြင့်....
"အလို...အရှင် ထိပ်စုမြတ်ဖုရားလတ် တပါးတည်း ထွက်တော်မူလာပါလား၊ ကြွတော်မူပါဘုရား"
လို့ ခရီးဦးကြို ပြုကြသည်ကိုပင် မကြား။ အရှင် ထိပ်စုမြတ်ဖုရားလတ်သည် လက်တွင်း ကြိမ်ငယ်ကို ကိုင်ရင်း....
"မေမေဖျား ကြောင်ကလေးဟာ နည်းနည်းမှမကောင်းပါဘူး။ စုစုမွေးထားတဲ့ ရွှေခဲကလေးကို ခုတ်သတ်သွားတယ်ဘုရား၊ စုစု စိတ်ဆိုးလွန်းလို့ ကြိမ်နဲ့ လိုက်ရိုက်တာ မမီဘူး။ မေမေဖျားအဆောင်တော်အောက် ၀င်သွားတယ်၊ ဖမ်းခိုင်းပေးတော်မူပါ၊ စုစု ဒီကြောင်ကို ရာဇ၀တ်အပြစ်ဒဏ်ပေးရမှ ကျေနပ်တော်မူမယ်၊ စုစုအင်မတန်ချစ်တဲ့ ကြက်တူရွေးကို ကိုက်သတ်တာ၊ သင်းကိုမကျေဘူး မေဖျား"
ဟု စိတ်လိုက်မာန်ပါ ပြောလေရာ မယ်တော်က ပြုံးပြီး ...
"ထိုင်ပါဦး စုလတ်ရယ်၊ တယ်လည်း စိတ်မြန်တော်မူတာကိုး"
ဟု ပြောကာ သမီးတော်၏ပုခုံးကို ကိုင်၍ အထိုင်ခိုင်းသဖြင့် စိတ်မကျေသေးသောမျက်နှာဖြင့်ပင် ထိုင်ကာ ...
"ဘယ်မှာလဲ မေဖျား၊ မြန်မြန် ဖမ်းခိုင်းတော်မူပါ"
"ဟဲ့ကောင်မတွေ သွားဖမ်းလေ"ဟု တချက်ငေါက်လိုက်သဖြင့် အချို့လက်ပါးစေတို့ ကြောက်ကြောက်ရွံ့ရွံ့နှင့် နောက်ဆုတ် ထွက်သွားကြလေ၏။
မယ်တော်မိဖုရားလည်း သမီးတော်ကိုကြည့်၍ ပြုံးတော်မူပြီး ..
"နေစမ်းပါဦး စုလတ်ရဲ့၊ ဒီကြောင်ကို မိရင် ဘယ်လိုများ စီရင်တော်မူမလို့လဲ"ဟု မေးတော်မူလျှင် ...
"အို... စုစုကြက်တူရွေးကို ကိုက်သတ်တဲ့ကြောင်ပဲ၊ ရင်ခွဲ အသည်း နေလှန်းမှာပါ မေမေဖျား"
ဟု ဒေါသအရှိန် မပြေသေးသဖြင့် စိတ်ရှိသလောက် တင်လျှောက်လိုက်လျှင် မယ်တော်တွင် ရင်ဘတ်လက်တီးနှင့် ..
"အလိုလေး... မြတ်စွာဘုရား၊ တယ်လို့ စိတ်ကြမ်းတော်မူလိုက်ပါကလား စုထားရယ်၊ မင်းသမီးဆိုပြီး ဒီလို စိတ်ကြမ်းတော်မူလို့ ဖြစ်နိုင်ပါ့မလား။ အခြားညီမတော်တွေ၊ အစ်မတော်တွေဟာ ထီးသွေးနန်းသွေးပီပီ ယဉ်ကျေးသိမ်မွေ့ကြတယ် မဟုတ်လား၊ စုထားလည်း သူတို့လို နေတော်မူမှပေါ့၊ ခုတော့ ကြည့်စမ်းပါဦး၊ ဆံမြိတ်ကွင်းရောင်တွဲကြီး တစောင်းထုံးတော်မူပြီး ကြိုးချိတ်ပုဆိုးကြီး ဒီလွှားနဲ့ ယောက်ျားလို ဆင်တော်မူထားသေးတယ်။ အခြွေရံလည်း မပါဘဲနဲ့ ဟိုအဆောင်လည်၊ ဒီအဆောင် ကူး၊ ထူးထူးခြားခြား အတင့်ရဲတော်မူလှတယ်"
"အို...မေမေဖျားကလဲ၊ မပူတန်ရာမှ ပူတော်မူလှတယ်။ စုစု ဒီလိုထင်ရာ တပါးတည်းလည်ချင်လို့ ယောက်ျားအသွင်နဲ့ ဒီပုဆိုးတွေကို ဆင်တော်မူထားတာပေါ့။ ခမည်းတော်ဘုရား ရွှေနန်းတော်ပေါ်မှာ စုစုကို ဘယ်သူလာစော်ကားဝံ့မှာလဲ ဘုရား"
"မစော်ကားဝံ့ပေမယ့် ကိုယ့်သိက္ခာနဲ့ ကိုယ့်အဆောင်တော်မှာ ကိုယ့်အပျိုတော်၊ အခြွေအရံများနဲ့ မင်းသမီးပီပီ ယဉ်ယဉ်နုနု စံနေမှပေါ့။ စုစုသက်တော်လဲ ငယ်တော်မူတော့တာ မဟုတ်ဘူး၊ အပျိုတော်စာရင်း၀င်နေပြီ။ တည်တည်ကြည်ကြည် နေတော်မူစမ်းပါ။ စုစု ခမည်းတော်ဘုရားကလည်း ငါ့သမီးတော်တွေထဲမှာ အားလုံးကို စိတ်ချပေမယ့် လုံကလေးအတွက် ငါစိတ်ချတော်မမူဘူးလို့ မကြာခဏ မိန့်တော်မူနေတယ်၊ တဆိတ် အနေအထိုင်လည်း ပြင်တော်မူဦးမှပေါ့"
"အို... စုစု ကလေးပဲ၊ ကလေးလို နေမှာပေါ့ မေမေဖျား၊ ဧရာမအပျိုကြီးတွေလို ဟန်တွေပန်တွေ လုပ်ပြီး မှုန်ကုတ်ကုတ်ကြီး နေတော်မူရမှာ ပျင်းတော်မူပါဘိတယ်၊ အဆောင်တော်ထဲမှာ အသာကုပ်ပြီး စာတွေ ပေတွေ လုပ်လို့ ကျဉ်းကျဉ်းကြုတ်ကြုတ် နေရမှာများတော့ စုထား မနှစ်သက်တော်မူပါဘူး"
"ဒါဖြင့် စုလတ်တော့ ဘယ်တော့မှ ပင်တိုင်စံလုပ်ရမှာ မဟုတ်ပါဘူး၊ ခမည်းတော်ဘုရားကလဲ သိမ်သိမ်မွေ့မွေ့ လိမ္မာပိရိတာမှ နှစ်သက်တော်မူတယ်။ စလင်းစုစုကို ကြည့်စမ်း၊ စာပေကျမ်းဂန် တတ်သိလိမ္မာတယ်။ ဣနြေ္ဒသိက္ခာနဲ့ အနေအထိုင်လည်း ကျစ်လစ်တော်မူတယ်။ ဒါကြောင့်လည်း သမီးတော်တွေ ငါးဆယ်ကျော်တွေထဲမှာ သူတပါးတည်း ထူးထူးချွန်ချွန် တပင်တိုင်နန်းနဲ့ မြှောက်စားချီးမြှင့်တာ ခံရပေတယ်"
"ဒါကြောင့်ချည်းလည်း မဟုတ်သေးပါဘူး မယ်မယ်ဖျား၊ ခမည်းတော်ဘုရားက သူ့မယ်တော် ၀င်စားတယ်လို့ အယူရှိတော်မူပြီး တခြားမင်းသမီးတော်တွေထက် ပိုပြီးချစ်တော်မူလို့ မြှောက်စားတော်မူတာပေါ့။ တကယ့်တကယ် လမ်းအတိုင်းဆိုတော့ မိကြီးတော် နန်းမတော် စကြာဒေဝီဖုရားကြီးကလွဲရင် မယ်မယ်ဖျားပဲ အကြီးဆုံးဖြစ်ရုံမက မောင်နှမ၀မ်းကွဲလည်း တော်နေတဲ့အတွက် အသက်ငယ်ပေမဲ့ စုစုတို့သာ ပင်တိုင်စံ ထိုက်တာပါ။ နန်းမတော်ဖုရားကြီးကလည်း သားတော် သမီးတော် ထွန်းကားတော်မူတာမှ မဟုတ်ပဲလား ဘုရား"
"ဒါကြောင့် မယ်မယ်မိန့်တော်မူပြီ မဟုတ်လား။ ကလေးစိတ် ဖျောက်၊ လူကြီးစိတ်ရောက်အောင် နေပါလို့ မကြာမကြာ မိန့်တော်မူရတာပေါ့"
"ခုမှတော့ ထူးမှာလည်းမဟုတ်ပါဘူး မေမေဖျား၊ ကိုင်း... တကယ်ဆိုရင် စုစုက ကလေးစိတ်မကုန်လို့ အနေအထိုင်နဲ့ အလိမ္မာလိုသေးလို့ မပေးဘူးထားပါဦး၊ အစ်မတော် မိုင်းနောင်စုစုကိုတော့ ဘာဖြစ်လို့ မပေးသတုံး"
"အို... ဒီလုံကလေးက စကားလေးတခွန်းပြောမှဖြင့် ဆင်ခြေဆင်လက်တွေ ပေါပါသဘိနဲ့၊ ဟဲ့... မယ်ဘွားတို့ လာကြစမ်း၊ သဇင်ပန်းကလပ်နဲ့ မြတ်လေးဆီ ရွှေခွက် ယူခဲ့။ ဘယ့်နှယ်လဲတော်၊ ငါ့သမီး ဒီနေ့ ဘယ်သူမှ ဆံတော်ရှင်းမပေးကြသေးဘူး ထင်ပါရဲ့"
"ရှင်းပေးပါတယ်၊ စုစုက ခံရမှာပျင်းလို့ ဆံတော်မရှင်းဖြစ်ဘဲ နေပါတယ် မယ်မယ်"
ကျေအေးစွာ ခံ၍နေတော်မူစဉ် အစ်မတော် မိုင်းနောင်မြို့စား စုဖုရားကြီး ၀င်လာပြီး ရှေ့လာမည့် နယုန်လ သုဓမ္မာစာပြန်ပွဲတော်ကြီးတွင် အသီးသီးသော မိဖုရား၊ သားတော်၊ သမီးတော်များက ဆရာတော်၊ သံဃာတော်တို့အတွက် ဆွမ်းအုပ်ပို့ကြရမည်ဟု မင်းတရားကြီးဘုရားက အမိန့်တော်ထားရှိသည့်အတိုင်း ဆွမ်းအုပ်ရေ မည်ရွေ့မည်မျှ ပို့ရန် စီမံမည့်အကြောင်း မယ်တော်ထံတွင် အမိန့်တော်တောင်းပြီးလျှင် ပြင်ဆင်လုပ်ကိုင်ဖွယ်ရှိသည်တို့ကို သာဟတ္ထိကဒါနမြောက်အောင် ကိုယ်တော်တိုင် ပြင်ဆင်လုပ်ကိုင်မည့်အကြောင်း သားမယ်တော်တို့ တိုင်ပင်ဆွေးနွေးလျက် ရှိကြလေသတည်း။
* * *
ရွှေသားငယ်မှ သိင်္ဂီလေး၊ အဒြကြယ်ပါဒ်သုံးသွယ်နှင့်၊ နေစွယ်ရထား၊ ယှဉ်ပြိုင်ငယ် သွားကြသည်။ စက်နား မေထုန်၊ လွမ်းဘို့ငယ်ဆုံးသည့်၊ နယုန်ဆီကိုတဲ့လေး။ နဒီမှစိမ်းမှည့်၊ ရေမှာကြည့်လည်း၊ ရေ၏ထုံးတမ်း၊ တောင်ကမ်းဖွယ်ရာ၊ မြေမျက်နှာမှာ၊ မသာစတောင်း၊ ရှုမညောင်းအောင်၊ နွေနှောင်းလမို့၊ ကမ္ဘာ့ကျက်သရေ၊ ရရုံနက်ကျယ်၊ တောမြိုင်လယ်မှာ၊ စံပယ်မလေး၊ ပျံ့ပျံ့မွှေးနှင့်၊ စာမေးသဘင်၊ ငှက်ပေါင်း ရွှင်လို့၊ မင်းလွင်ငယ်ဝေသည်၊ တောင်လေပြည်မှိုင်းမှုန်နှင့်၊ ကြုံရလေခြင်း။
မလင်းမှ ကောင်းကင်၊ တိမ်ခိုးကမှောင်၊ ရာဟုထောင့်က၊ မြရောင်ပမာ၊ လက္ခဏာကို၊ လာယွန်ဆင်သို့၊ သဘင်မှမွေ့သိမ်၊ တဆယ့်ခုနှစ်၊ ပြင်နာရီလစ်တုံးမို့၊ ဇေဋ္ဌစန္ဒာ၊ ရွှေလရောင်သာဘဲနှင့် တံငါကြယ်မှိန်သည်၊ ပြည်ကလိန် ကရာဇ်နေလို့နေတို့၊ စန်းရွှေတိုင်ညှိုး။ လရာသီစု၊ ဆိတ်စာမှ ရှုနိုင်ဘု၊ ရွှေဥမင်းမိ၊ ဝေးခိုက်မှ ရှိတယ်လို့၊ ကလိမျက်ညို ဘယ်ငြိုးတော်သိုလေသိ၊ ငိုတတ်တဲ့သူငယ်ကို၊ အသွယ်သွယ် မကျီစားပါနှင့်၊ တအားကိုးလေး။ ပြောင်ပြောင်၀င်း၍၊ လမင်းနှင့် ယှဉ်ပြိုင်လျက်၊ သူနိုင်-ငါနိုင် ထွန်းခဲ့လေပြီ။
နယုန်လတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရာသီတော်ပွဲတို့အနက် စာမေး၊ စာပြန်ပွဲတော်ကြီးမှာ ပြည်သားပြည်သူတို့ ကြွက်ကြွက်ညံဆူမျှ စည်ကားပြည့်နှက်၍ နိုင်ငံတော်လေးရပ်တွင် သာသနာရောင် ထွန်းပြောင်ပွင့်လင်း စည်ပင်ခြင်းရှိသလောက် သုဓမ္မာ စာပြန်ပွဲကြီးမှာ ကြက်ပျံမကျစည်ကားပြီး ဘုရင်မင်းတရားကြီး အမှူးပြုကာ သုဓမ္မာဇရပ်ကြီးအတွင်း သင်္ကန်းရောင်ချင်းယှက်သန်းလျက် စာပြန်ပွဲတော်ကြီး၏အခမ်းအနားကို ခင်းကျင်းခဲ့မြဲဖြစ်လေရာ ယခုနှစ်အဖို့ သားတော်သီပေါမင်းသားကိုယ်တော်တိုင် သုဓမ္မာစာပြန်တော်ကြီးသို့ ၀င်နွှဲဖြေဆိုတော်မူသည့်အတွက် နှစ်တိုင်းထက်တိုး၍ စည်ကားလေတော့၏။
နိုင်ငံတော်လေးရပ်မှ ရောက်လာကြသော လူပရိသတ် ရဟန်းပရိသတ်တို့မှာ ရတနာပုံရွှေမြို့တော်ကြီးအတွင်းတွင်ပင် ပခုံးချင်းတိုက် လှူဒါန်း၊ ပျားပန်းခတ်မျှ စည်ကားလှပြီး အယုတ်၊ အလတ်၊ အမြတ်မရွှေး မြို့ခံမြို့နေဖြစ်သူတို့မှာ မိမိတို့ဆိုင်ရာဆိုင်ရာ ရောက်လာသမျှ လူပရိသတ်၊ ရဟန်းပရိသတ်တို့အား တတ်အားသလောက် သဒ္ဓါတရားပေါက်ကာ လှူဒါန်းကျွေးမွေး ဧည့်ခံရေးကို ဂရုပြု၍ သူ့ထက်ငါ စေတနာပြိုင်လျက် ရှိကြလေသတည်း။
ရွှေနန်းတော်ကြီးအတွင်းတွင်လည်း မင်းမိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေမျိုးတော်၊ မှူးတော်၊ မတ်တော်အပေါင်းနှင့်တကွ မင်းခစားမှန်သမျှတို့မှာလည်း သုဓမ္မာဇရပ်သို့ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အပေါင်းတို့အား တဦး တဦးလျှင် ဆွမ်းအုပ်ပြိုင်ပွဲကျင်းပသည့်အလား ဝါ၀င်းသောသင်္ကန်းရောင်တွေ များပြားသလောက် နီထွေးသောဆွမ်းအုပ်များက အရှုံးမပေးဘဲ တရဲရဲ တောက်ပြောင်၍နေလေသတည်း။
တိပိဋကဓရ၊ တိပိဋကဆေက၊ ဗျတ္တိဗလ၊ သတ္တိဗလ ရှိတော်မူသော လဇ္ဇိပေသလသိက္ခာကာမဖြစ်တော်မူသော တံဆိပ်တော်ရဆရာတော်၊ သံဃာတော် စသော ရဟန်းတော်ပရိသတ်နှင့် နေရာတော်နေ မင်းသားကြီး၊ မင်းသားလတ်၊ မြင်းမှူးမင်းသား စသော အဆွေတော် မျိုးတော်၊ မှူးတော်မတ်တော်၊ ပရိသတ်မှစ၍ အများပြည်သူ ပရိသတ်ပေါင်းတို့မှာ စာတော်ပြန်ပွဲအတွက် ပြည့်နှက်စည်ကားစွာ သားတော်သီပေါမင်း ထွက်တော်မူအလာကို ငံ့မျှော်ကာ နေလင့်ကြလေ၏။
သားတော် သီပေါမင်းသားကား ခမည်းတော် မင်းတရားကြီးဘုရား၏အမိန့်တော်မြတ်အရ ခေတ္တ လူ၀တ်လဲလှယ်တော်မူကာ မိမိအဆောင်တော်အတွင်းတွင် လူပျိုတော် လက်သုံးတော်များ ခြံရံလျက် ၀တ်လဲတော်များ ဆင်ယင်ကာ ထွက်တော်မူရန် အချိန်အခါကို ငံ့ဆိုင်း၍နေတော်မူရာမှ အချိန်နာရီကျတော်မူလျှင် ခမည်းတော်ဘုရား ချီးမြှင့်တော်မူသည့်အတိုင်း ရထားဆင်မြင်း၊ တပ်၀င်းအခင်းအကျင်း၊ ကြီးကျယ်စွာသော အဆောင်အရွက်တို့ဖြင့် မင်းညီမင်းသား၊ မှူးတော်မတ်တော်များ ခြံရံစေလျက် စည်တော်စုံ တီးရွှမ်း၍ သုဓမ္မာဇရပ်သို့ ထွက်တော်မူလေရာ လူပရိသတ်၊ ရဟန်းပရိသတ်တို့ ပြည့်ညှပ်စည်ကားစွာသော သုဓမ္မာဇရပ်ဦးသို့ ရောက်တော်မူ၍ ဇရပ်ပေါ်သို့ တက်၀င်တော်မူသောအခါ ပျဉ်စည်မင်းသား၏သားတော် မင်းရဲသင်္ခယာ၊ ကောလင်းမင်းသား၏ သားတော် မင်းရဲသီဟကျော်၊ ပြည်မင်းသား မင်းရဲသီရိ ရာဇာကျော်၊ ပခမ်းမင်းသား မင်းရဲမင်းတင်တို့ကိုယ်တော်တိုင် ဗောင်းနားဍောင်း ၀တ်လုံ ဆင်ယင်၍ အလှည့်ကျ ရှေ့တော်က ပန်းကလပ်ကို ကိုင်ခင်းတော်မူကြရပြီးလျှင် လှိုင်းတက်မြို့စား မင်းသား သီရိသုဓမ္မရာဇာ၊ စိန်တုံးလှေအုပ်မင်းသား သီရိမဟာ ဓမ္မရာဇာ၊ ပွဲတိုင်းကျော် လှေအုပ်မင်းသား သုသီရိဓမ္မာရာဇာ၊ ဆွေတော် အုပ်မင်းသား သီရိသုဓမ္မရာဇာ၊ ကောလင်းမင်းသား သီရိမဟာဓမ္မရာဇာ၊ ယက္ကန်းတော်အုပ်မင်းသား သုသီရိမဟာ ဓမ္မရာဇာတို့ကလည်း ဗောင်းနားဋောင်း၀တ်လုံ ဆင်ယင်တော်မူ၍ သုသီရိမဟာဓမ္မရာဇာဘွဲ့တော်ခံ သီပေါမင်းသားအား ပထမပြန် ဆိုတော်မူရမည့်နေရာသို့ တွဲမ,လိုက်ပို့တော်မူကြရလေရာ မယ်တော်လောင်းရှည်မိဖုရား သီရိမဟာသုပဘာဒေဝီတွင် ရင်သွေးတော်ဖြစ်သော သီပေါမင်းသားအတွက် မင်းတရားကြီးဘုရား မြှောက်စားတော်မူချက်ကို နှစ်သက် ၀မ်းမြောက်တော်မူ မဆုံးသဖြင့် နေရာတော်တွင် တပြုံးပြုံး စံတော်မူ ရှိလေသနည်း။
ဘ၀ရှင်မင်းတရားကြီးဘုရားလည်း ကိုယ်တော်တိုင် ထွက်တော်မူကာ သားတော် ပထမပြန်ဆိုတော်မူသည်ကို နှစ်ခြိုက်စွာ စာနာတော်မူ၍နေလေရာ သားတော်သီပေါမင်းသားမှာ 'ပညာရဲရင့် ပွဲလယ်တင့်' ဟူသော စကားနှင့်အညီ ခမည်းတော် ဘ၀ရှင်မင်းတရားကြီးဘုရားနှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော်နှင့်တကွ များစွာသော ရဟန်းရှင်လူ ပြည်သူတို့အလယ်တွင် ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရင့်တည်ကြည်ခြင်း ဣနြေ္ဒတော်ဖြင့် သဒ္ဒါရှစ်စောင် ပါဠိအနက်၊ သင်္ဂြိုလ်ကိုးပိုင်းသရုပ်၊ ဆန်း၊ အလင်္ကာ၊ အဘိဓာတ်ပါဌ်အနက်၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်ငါးကျမ်းပါဌ်အနက် အရကောက်များမှာအစ၊ တိပိဋကဆိုင်ရာ ပြန်ဆိုရန်ရှိသမျှတို့ကို အလုံးစုံ အာဂုံပြန်ဆိုတော်မူသည်။
ပိဋကတ္တယကောသလ္လ ညာဏခုံမြောက် တဖက်ကမ်းရောက်ဖြစ်တော်မူသော တံဆိပ်တော်ရ ဆရာတော်မထေရ်မြတ်တို့ မေးမြန်းအပ်သော သရုပ်ဖော်အဓိပ္ပါယ် ခက်ဆစ်ပုစ္ဆာအမျိုးမျိုးတို့ကိုလည်း ကောင်းမွန်ချောစွာ ဖြေစွမ်းတော်မူနိုင်သည်ဖြစ်၍ စာနာလာရောက်သူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့မှာ အံ့သြသရဲ ချီးကျူးမကုန်၊ မြေ၀သုန် ရိုက်ဟည်း၊ ကောင်းချီးမင်္ဂလာ၊ သြဘာငြိမ်းလေးအောင် ဆုပေးကြသောအသံတို့သည် ပဲ့တင်ထပ်မျှ ရှိတော့၏။
သာသနာ့ဒါယကာအစစ်ကြီးဖြစ်တော်မူသော ခမည်းတော်မင်းတရားကြီးဘုရားမှာ ရက်ပေါင်း သုံးဆယ်လုံးလုံး တနေ့လျှင်နှစ်ကြိမ် မှန်မှန် စာပြန်ဆိုတော်မူသော သားတော်အတွက် နှစ်သက်အားရတော်မူကာ ငါ၏နည်းတူ သာသနာတော်ကို ပရိယတ် ပရိပတ်ဖြင့် ဖြည့်အပ်ချီးမြှင့်နိုင်မည့် သားတော်ပေတကားဟု များစွာသောပရိသတ် ဗိုလ်ပုံအလယ်တွင် အသွယ်သွယ် ချီးမွမ်းတော်မူလေသတည်း။
ယင်းသို့လျှင် နယုန်လပွဲကြီး ပြီးစီးအောင်မြင်သွားခဲ့ပြီးနောက် သီပေါမင်းသား၏ဂုဏ်သတင်း ထုံသင်းကြေညာသော သြဘာသံကြီးမှာ နိုင်ငံတော်အလုံးတွင် လွှမ်းဖုံးပြန့်နှံ့လျက်ရှိခဲ့ရာ ရွှေနန်းတော်အတွင်းမှာလည်း အသံချင်းမစဲအောင်၊ အဆောင်ဆောင် အခန်းခန်းတို့တွင် တအံ့တသြ ပြောမဆုံးနိုင်ရှိကြလေ၏။
သီပေါမင်းသားကား ခမည်းတော်ဘုရားအမိန့်တော်အရ ခေတ္တ လူ၀တ်လဲလှယ်တော်မူထားရရာမှ ပထမပြန်ဆိုခြင်းကိစ္စ ပြီးမြောက်တော်မူ၍ များမကြာမီပင် ရဟန်းသာမဏေဘောင်သို့ ပြန်လည်၀င်ရောက်တော်မူရန် အမိန့်တော်ခံပြီးလျှင် သာမဏေ၀တ် မလဲမီ နောက်ဆုံးနေ့တနေ့တွင် မင်းသားတို့အဆောင်အရွက်ဖြင့် ခမည်းတော်ဘုရား၏ညီလာခံသဘင်သို့ အကန်တော့ ၀င်တော်မူရလေ၏။
သို့ မိဖုရား၊ သားတော်၊ ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော် အစရှိသော မင်းယောက်ျား မင်းမိန်းမ ပရိသတ်စုံလင်လှသည့် ညီလာသဘင်သို့ ၀င်တော်မူလာသောနေ့တွင်လည်း ပရိသတ်ဗိုလ်ပုံကြီးရှေ့တွင် ခမည်းတော် ဘ၀ရှင် မင်းတရားကြီးက ချီးမွမ်းစကား မိန့်ကြားတော်မူလေရာ သားတော် သီပေါမင်းသားမှာ မျက်နှာတော်ပွင့်လန်းလျက် ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော မျက်နှာတော်ဖြင့် ရှေ့တော်တွင် ခစားတော်မူနေစဉ် ယာဘက်တွင်ရှိသော မင်းမိန်းမပရိသတ်တို့ အတွင်းမှ ပြည့်၀င်းသောအသရေနှင့် ကပိုကရိုစံနေတော်မူသော နှမတပါးကို သတ္တဘောဂနတ်တို့ သွေးဆောင်၍ မြင်အောင်ညွှန်ပြဘိအလား ကြယ်တာရာအပေါင်းခြံရံသော လ,ရထားတို့ အထင်အရှား မြင်နိုင်သကဲ့သို့ မင်းမိန်းမပရိသတ်များ အလယ်တွင် သီရိသုပဘာ ရတနာဒေဝီအား ထင်ထင်ရှားရှား တွေ့မြင်ရှုစားတော်မူမိလေ၏။
ယခင်ရှေးအခါသံသရာက ပါလာသောရေစက်အဟုန်ကြောင့် ရုတ်တရက် ရှောင်တခင် တပါးနှင့်တပါးကို စက္ခုတော် တမန်နတ်သားက ဖြားယောင်းညွှန်ပြလျက် ရုတ်တရက် တိုက်ဆိုင်ပေးရကား လောကီဘုံသားမှန်သမျှ အယုတ်အမြတ်မရွေး စကြ၀တေးမန္ဓာတ်မင်းအထိ ငြိအပ်သော ပီယဓာတ် စက်ခလုတ်က တလှုပ်လှုပ် နှိုးဆွ၍ပေးလိုက်သဖြင့် မင်းသား၏စိတ်တော်တွင် ကြင်နာဆပွား မေတ္တာတော်ထားမိသလောက် စုဖုရားကလည်း ရွှေစိတ်တော် လှုပ်ရှားလျက် အထက်အခါများက မင်းယောက်ျားသဖွယ် စိတ်တော်ကျယ်ကျယ်နှင့် မယ်တော်ကို နွဲ့ဆိုးဆိုးတော်မူနေသောကြောင့် လောကီမှုဆိုင်ရာတွင် ဘာကိုမျှ စိတ်မ၀င်စားခဲ့သူပင်ဖြစ်လင့်ကစား ရှေ့သွားသောမေတ္တာတော်က လှုံ့ဆော်အားပေး၍ ရှေးရှေးကကဲ့သို့ ရဲစိတ်ရဲမာန်နှင့် ခပ်ထန်ထန်နေတော်မမူနိုင်ဘဲ စိတ်တော်ထဲတွင် တလျှပ်လျှပ်နှင့် အနေအထိုင် ကျဉ်းကြပ်သွားသကဲ့သို့ ထင်တော်မူကာ တဖက်သို့ မျက်နှာတော်လွှဲ၍ စံတော်မူလိုက်လေသတည်း။
ညီလာခံသဘင်တွင် မင်းယောက်ျား၊ မင်းမိန်းမ၊ ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော်တို့သည်ကား ရွှေနန်းရှင်ဘုရားရှေ့တော်၀ယ် နေရာအသွယ်သွယ်ဖြင့် သူကောင်းပြုတော်မူထားသည့်အတိုင်း ဒူးနေရာ တော်နေရာ အဆင့်အတန်းခွဲကာ ဝဲယာမှ ခစားလျက်ရှိကြရာမှ သားတော် သီပေါမင်းသား၏ပညာစွမ်းရည်ကို အလီလီချီးမွှမ်း ထောပနာလျက် မကြာမီ ဘုန်းသမ္ဘာ လျှမ်းတက်လာဦးတော့မည်ဟု အချင်းချင်း တီးတိုး ထင်မြင်ချက်ပေးနေကြလေ၏။
သို့နှင့်လည်း သီပေါမင်းသားနှင့် ထိပ်စုဖုရားလတ်တို့မှာ အသက်အရွယ် နုနယ်တော်မူသေးသော သားတော်၊ သမီးတော်များဖြစ်သည့်အားလျော်စွာ လောကီရေးရာကို များစွာလိုက်စားတော်မမူတတ်ကြသေးသဖြင့် ခပ်အေးအေးပင် နေတော်မူလိုက်ပြီး သီပေါမင်းသားလည်း ခမည်းတော်ဘုရားကို ကန်တော့လျက် နောက်တရက်တွင် ရှင်သာမဏေဘောင်သို့တက်၍ အထက်က စံတော်မူရင်းဖြစ်သော နန်းဦးမှန်ကျောင်းဆရာတော်ထံတွင် စာပေသင်အံ ကျက်မှတ်တော်မူခြင်းဖြင့် ပျော်ပိုက်တော်မူမြဲ ပျော်ပိုက်တော်မူကာ ထိပ်စုဖုရားလတ်မှာ အဆောင်ထဲတွင် ယခင်အတိုင်း စိတ်တော်အကြိုက် အလိုက်သင့် စံနေတော်မူကာ အချိန်ကာလ အတန်ကြာသွားပြန်လေသတည်း။
* * *
ရွှေပဟိုရ်စည်သံဖြင့် တရံမစဲ အမြဲသာယာ၍ သတ္တဝါ ဗိုလ်လူ ပြည်သူအပေါင်းတို့ ကိုယ်စိတ်နှစ်ပါး အေးချမ်းလျက် ဘေးဘယာကင်းကွာ သီတာရေတမျှရှိကြသဖြင့် ရွှေနန်းမအဆောင်တော်တွင် စည်းစိမ်ရှင်ဖြစ်တော်မူကြသော မင်းမိဖုရား၊ သားတော်၊ သမီးတော်များမှာလည်း အေးမြချမ်းသာ ပျော်ရွှင်စွာ စံစားလျှက် ဘ၀ရှင်မင်းတရားကြီးဘုရား၏ဘုန်းတော်ရိပ်ကို ခိုလှုံ၍နေကြရသည်မှာ ကုဏ္ဍလကြာအိုင်တွင် အဖြိုင်ဖြိုင်ပွင့်လန်းသော ပဒုမ္မာကြာပန်းများ၏အလား အဆောင်ဆောင် အခန်းခန်းတို့တွင် ခြွေရံသင်းပင်းဖြင့် ပျော်ပွဲကျင်းပ၍သာ အချိန်ကုန်ကြလေသတည်း။
အလယ်နန်းမတော်ဖုရား၏အဆောင်တွင်သာ မယ်တော်လေးပါးဖြစ်ကုန်သော မယ်တော် ဆင်ဖြူမရှင် (ထိုစဉ်အခါက ဆင်ဖြူမကို သနားတော်မြတ်မခံရသေး) အလယ်နန်းမတော်ဖုရားနှင့် သမီးတော်ကြီး မိုင်းနောင်မြို့စား ထိပ်စုဖုရားကြီး၊ သမီးတော်လတ် မြတောင်မြို့စား ထိပ်စုဖုရားလတ်၊ သမီးတော်ငယ် ရမည်းသင်းမြို့စား ထိပ်စုဖုရားကလေးတို့မှာ လွန်ခဲ့သောလက ပြီးစီးခဲ့သည့် သုဓမ္မာစာပြန်တော်ပွဲကြီး၏ စည်ကားပုံနှင့်တကွ ထိုစာတော်ပြန်ပွဲကြီးကို ဆွမ်းဘောဇဉ်နှင့် ချိုချဉ်ရသာတို့ကို မည်သူ့ထက် မည်သူကသာအောင် မည်သို့လှူဒါန်းကြောင်း၊ မည်သည့်ရဟန်းတော်မှာ မည်မျှအဖိုးတန်သော စာရေးတံ ဆွမ်းအုပ်ကို ရရှိကြောင်း၊ သုဓမ္မာရွှေဇရပ်တွင် ရက်ပေါင်း သုံးဆယ်လုံးလုံး နိုင်ငံတော်လေးရပ်မှာ ကြွရောက်ကုန်သော သံဃာတော်များနှင့် မြို့ခံဖြစ်သော သံဃာတော်တို့အား နံနက်ဆွမ်းစားရန်အတွက် ကိုယ့်အတွက်နှင့်ကိုယ် တာ၀န်အသီးသီးပို့ရောက်သော ဆွမ်းအုပ်များအပြင် အလယ်နန်းမတော်ဖုရားနှင့် သမီးတော်သုံးပါးတို့က ဆွမ်းအုပ်ရေ မည်ရွေ့မည်မျှဟု မပိုင်းမခြား လိုသလောက် တာ၀န်ယူ၍ လှူဒါန်းခဲ့သည့်အကြောင်းများနှင့်တကွ သုဓမ္မာစာပြန်ပွဲတော်ကြီးနှင့် စပ်လျဉ်းသမျှတို့ကို အမျိုးတော်များက မျက်နှာလိုအားရ လျှောက်တင်သမျှများကိုသာ မယ်တော်လေးပါး အားရနှစ်သက်စွာ ရွှေနားဆင်၍ နေတော်မူကြစဉ် မယ်တော်မိဖုရားကြီးမှာ စာတော်ပြန်ပွဲတွင် ရဲရင့်စွာ ပထမပြန်ဆိုတော်မူသွားသော သားတော် သီပေါမင်းသားကို ရုတ်တရက် သတိရတော်မူသဖြင့်...
"အို... ဒါထက် စကားမစပ် သုဓမ္မာစာသဘင်မှာ မကြာခင်က ၀င်ရောက်ပြီး ပထမပြန်ဆိုတော်မူသွားတဲ့ သီပေါမင်းသားကလေးဟာ အင်မတန်မှ ချီးမွမ်းစရာကောင်းပါလား၊ ရွှေနန်းရှင်ဘုရင်ရဲ့သားတော်တွေထဲမှာဖြင့် ဗိုလ်ဆွဲခဲ့တဲ့ သားတော်တပါးပေပဲ၊ သက်တော်ကလေး ငယ်ငယ်နုနုနဲ့ ယခုလို တကယ့် စာတော်ပြန်ပွဲကြီးမှာ ဆရာတော်၊ သံဃာတော် အကျော်အမော်တွေရှေ့တွင် ရဲရဲဝံ့ဝံ့ စွန်းစွန်းစားစား ပြန်ကြား ဖြေဆိုတော်မူနိုင်တဲ့အတွက် အဖိုးအနဂ္ဂထိုက်တန်တဲ့ သားကောင်းတပါးမို့ မယ်မယ်ဖျားဖြင့် ယခုလိုအဖိုးတန်တဲ့ သားတော်ရဲ့မိခင်ဖြစ်တော်မူရလျှင် အင်မတန်ကောင်းမှာပဲ၊ သူ့မယ်တော် လောင်းရှည်မြို့စားဖြင့် ဘယ်လောက်များ အားရတော်မူရှာမလဲ၊ ရွှေနန်းရှင်ဘုရားလဲ သားတော်တွေ ငါးဆယ်ကျော်ထဲက ထူးထူးကဲကဲ ရဲရဲတောက်ပေါ်ထွက်လာတဲ့ သားတော်တပါးအတွက် အင်မတန်မှ အားရနှစ်သက်တော်မူပြီး အမြှောက်စားကြီး မြှောက်စားတော်မူလိုက်ပေတယ်။ အသက်ပင်ငယ်သော်လည်း အကြီးအကဲဖြစ်တဲ့သားတော်ကြီးများထက် ပညာဘက်က အစွမ်းထက်တော် မူပါပေတယ်"
ဟု ချီးမွမ်းစကား မိန်းကြားတော်မူလျှင် သမီးတော်သုံးပါးအနက်မှ တပါးကမျှ နှုတ်ပြန်မမြွက်ဘဲ မယ်တော်၏အရိပ်အကဲကိုသာ ကြည့်ကြလျက် ဣနြေ္ဒမပျက် ခစား၍နေကြလေရာ မယ်တော်မိဖုရားလည်း စကားကို ဆက်လက်ကာ ....
"သားတော်ထဲမှာဖြင့် မြင်ကွန်းစားနဲ့ မြင်းခုံတိုင်စားတို့ဟာ အကဲဆုံးပါပဲ၊ တော်တော်လည်းမွှေလိုက်ပါပေရဲ့၊ မတ်တော်မောင် အိမ်ရှေ့မင်းလည်း တခါတည်း ကံတော်ကုန်ရှာတယ်၊ မယ်မယ်ဖြင့် မတ်တော်မောင်အကြောင်းကို တွေးမိတိုင်း ရွှေရင်တော် တခုန်ခုန်နဲ့ နှလုံးတုန်လွန်းလို့ သတိမရအောင် လုပ်တော်မူရတယ်"
ဟု မိန့်တော်မူလျှင် မိုင်းနောင် ထိပ်စုဖုရားကြီးက၀င်၍-
"ဘထွေးတော် နတ်ရွာစံပြီးကတည်းက အိမ်ရှေ့မိဖုရား အရီးတော်လှိုင်ထိပ်ထားမှာ စိတ်အားတော်တငယ်ငယ်၊ ရွှေမျက်ရည် အသွယ်သွယ်နဲ့ နွမ်းလျညှိုးငယ်စွာ စံတော်မူနေရှာပါသတဲ့ မယ်မယ်ဖျား၊ ဘထွေးတော်ဘုရား ဥပစ္ဆေဒကကံနဲ့ ရုတ်တရက် နတ်ရွာလားရလို့ လွမ်းဆွတ် တသတဲ့ ပရိဒေ၀မီးအပူကလည်း အူကျွမ်းလောက်အောင် ခတဲ့အတွက် အသက်အန္တရာယ်တော်ကိုပင် ထိခိုက်မှာစိုးရိမ်ရတဲ့ အခြေအနေရောက်နေလို့ ခမည်းတော် စိတ်အားမငယ်ရန် အတန်တန်တရားချပြီး မိကြီးတော် စကြာဒေဝီမဟေသီ မိဖုရားခေါင်ကြီးဖုရားကလဲ အပါးတော်ကို မကြာမကြာခေါ်တော်မူပြီး တရားဓမ္မ ဟောပြမိန့်ကြားရင်း အိမ်ရှေ့ထိပ်ထားကို သနားသဖြင့် အရေးတယူ ရှေးကထက် မြှောက်စားတော်မူသတဲ့။ သို့ပေမဲ့ အရီးတော်ဘုရားမှာ သွားလေသူ မောင်တော်အတွက် တရက်မှစိတ်မအေးဘဲ တဆွေးတည်း ဆွေးတော်မူရှာလို့ အင်မတန်မှ သနားစရာကောင်းနေပါတယ် မယ်မယ်ဖျား"
ဟု သနား ကရုဏာသံနှင့် တင်လျှောက်လျှင်
စိတ်တော်မြန်မြန်နှင့် မဟုတ်မခံချင်တတ်သည့်ဝါသနာ ရှိတော်မူသည့် ထိပ်စုဘုရားလတ်က ရုတ်တရက် ၀င်တဲ့ကာ-
"မယ်တော်ဖျား၊ စုထားဖြင့် ဘထွေးတော်ဘုရားအကြောင်း တွေးမိတိုင်း မောင်တော်မြင်ကွန်းစားကို လက်ရသွားဖမ်းပြီး ခမည်းတော်ရွှေနန်းရှင်ဘုရားလက်ကို အရောက် ဆက်ချင်တော့တာပဲ။ တကယ့် တကယ်ဆိုရင် ရှင်ဘုရင်များ လုပ်ချင်ဦးတော့ ကိုယ့်ခမည်းတော်နဲ့ ဘထွေးတော်ကို ရက်ရက်စက်စက် ကြံတော်မူဖို့ မသင့်ပါဘူး။ ဘထွေးတော် အိမ်ရှေ့ဘုရားဟာ ဘထွေးတော်ဖြစ်ရုံမက မြင်ကွန်းကိုယ်တော်ကို အင်မတန် မြတ်နိုးနေတဲ့အတွက် တတုံ့ မကြင်၊ တတုံ့ ကြင်ထိုက်ပါသေးတယ်။ ခုတော့ ကိုယ့်အကြံအစည်လည်း ခရီးမရောက်ဘဲနဲ့ မြင်ကွန်းကိုယ်တော်ကြီး တယ်ဆိုးတယ်ဆိုတဲ့ သတင်းဆိုးကြီးသာ အဖက်တင်ရတော့တာပဲ"
ဟု ဆတ်ဆတ်ကြဲ ရဲရဲတောက် တင်လျှောက်တော်မူလိုက်လျှင်
မယ်တော်က ပြုံးလျှက်-
"ငါ့သမီးတော် တင်လျှောက်လိုက်မှဖြင့် ဒိုးဒိုးဒေါက်ဒေါက် ရှိလှတယ်၊ မြင်ကွန်းစားများ ကြားလျှင် သီလ၀င်ဓားထမ်းပြီး ငါ့သမီးတော် ဖမ်းသွားမှာ စိုးလှပါဘိ"ဟု ကျီစယ်တော်မူလိုက်ရာ..
"စုစုက ဘယ်သူ့မှ မကြောက်ဘူး မယ်မယ်ဖျား၊ သီလ၀င်ဓား မကလို့ ယိမ်းနွဲ့ပါးဖြစ်ဖြစ် အပြစ်ရှိရင်ရှိသလို သံတော်ဦးတင်မှာပဲ။ ဟုတ်တာပြောတာ မယ်မယ်ဖျား၊ မြင်ကွန်းကိုယ်တော်ကြီး တေတော်မူပုံများတော့ အရေးတော်မပေါ်မီ ခမည်းတော် ရွှေနန်းရှင်ဘုရားက သားတော်ကြီးတွေဖြစ်တဲ့ သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ကျပင်းမင်းသား၊ မြင်ကွန်းမင်းသားစတဲ့ မင်းသားကြီးများကို အပါးတော်မှာ ခစားကြတဲ့အခါ သားတော်များကို ရောနှော ချစ်ခင်တော်မူတဲ့သဘောနဲ့ ငါ့သားတော်များ ကိုယ်တိုင်ချက်တဲ့ဟင်းများကို ခမည်းတော်ဘုရား ပွဲတော်တည်ချင်တယ်။ ဘယ်ဟင်း ဘယ်ဟင်းများကို ကောင်းကောင်း ချက်တတ်ကြသလဲ လို့ သားတော်တွေကို တလှည့်စီမေးတော်မူတဲ့အခါ မက္ခရာတို့ သုံးဆယ်တို့က အသီးသီး ကောင်းရာနိုးနိုး ကြိုက်တတ်ရာ ဟင်းများကို အမည်တပ်လျက် ချက်တတ်ကြောင်း၊ ကောင်းအောင် လျှောက်တင်ကြပေတဲ့ မြင်ကွန်းကိုယ်တော်အလှည့်ရောက်လို့ မေးတော်မူတဲ့အခါ- "မှန်လှပါဘုရား၊ သားတော် အမဲသားဟင်းကို ကောင်းကောင်း ချက်တတ်ပါတယ်"လို့ လျှောက်တင်လိုက်လို့ ခမည်းတော်ဘုရား ရွှေရင်တော်ထဲမှာ မသက်မသာ ဖြစ်တော်မူရရှာတယ်။ နိုင်ငံလေးရပ်မှာ အမဲကျွဲသား မစားရ၊ မသတ်ရလို့ အတင်းအကြပ်တားမြစ်နေတဲ့ ဘုရင်တဆူကို သူမို့ အရွဲ့တိုက်ပြီး လျှောက်တင်ဝံ့တယ် မယ်မယ်ဖျား၊ စုစုလို ခမည်းတော်မျိုးဖြင့် ဒီနေရာတွင် ဓားတော်နဲ့ပိုင်းပြီး သင်္ချိုင်းပို့လိုက်ပါရဲ့၊ ခုတော့ သူတော်ကောင်းဘုရင်မို့ ထင်သလို အမျက်မထားတော်မူတာကလား မယ်မယ်ဖျား ရဲ့"ဟု နောက်တကြိမ် ဆင့်၍ လျှောက်တင်လေရာ
မယ်တော်ဖုရားက စိုးရိမ်ထိတ်လန့်တော်မူသော မျက်နှာတော်ဖြင့် -
"အို... တယ်ခက်တဲ့ လုံကလေးပါလား၊ မယ်ဖျား မိန့်တော်မူတာ နားထောင်တော်မူစမ်းပါဦး။ ဘုန်းတော်ကြီးလှသောဘုရား စုထားပြောတဲ့စကားတွေကို ရွှေနားတော်ကြားမှဖြင့် တယ် ထက်မြက်လှတော်မူတဲ့ သမီးတော်တပါးရယ်လို့ လက်သုံးတော်ဓားကို အပ်လို့ စစ်တပ်မှူးကြီးခန့်တော်မူပြီး မောင်တော် မြင်ကွန်းစားကြီးကို အဖမ်းခိုင်းတော်မူတော့မှာပဲ"ဟု ရယ်ပွဲဖွဲ့သကဲ့သို့ ခနဲ့၍ မိန့်တော်မူလျှင်
ထိပ်စုဖုရားလတ်က ပြုံးတော်မူကာ-
"သားမယ်တော်အချင်းချင်းတွေ စံနေတော်မူတုန်းမို့ ပွင့်ပွင့်လင်းလင်း လျှောက်တင်မိတာပါ မယ်မယ်ဖျား၊ သူများကိုတော့ ဘယ်မှာပြောတော်မူပါမတုံး၊ လျှောက်တင်လက်စနဲ့ စကားစပ်မိလို့ ဆက်လက် သံတော်ဦးတင်ပါရစေ၊ ခမည်းတော် ရွှေနန်းရှင်ဘုရားကြီးမှာ သားတော်ကြီးတွေကလည်း အဆိုင်းအဆိုင်း၊ သားတော်လတ် သားတော်ငယ်တွေကလည်း အသွယ်သွယ်၊ သမီးတော်အကြီးအငယ်တွေကလည်း အများအပြားမို့ အထိုက် အထိုက် သင့်ရာသင့်ရာ မြှောက်စား ချီးမြှင့်တော်မူရတာလည်း ရွှေစိတ်တော် အားရရှာမယ် မဟုတ်ဘူး၊ ဘထွေးတော်ကို တိုင်းပြည်တည်ထောင်တော်မူဖက် ဖြစ်တော်မူတဲ့အတွက် နိုင်ငံတော်တ၀က်နှင်းပြီး အိမ်ရှေ့မင်းစည်းစိမ်ကို ပေးတော်မူထားတာ တရားနည်းလမ်းမှန်အတိုင်း ပြုတော်မူခြင်းဖြစ်သော်လည်း ခမည်းတော် ထီးနန်းစံလျှင် သားတော်များသာ နန်းရံဖြစ်သင့်တယ်ဆိုတဲ့ စနစ်ကို လိုက်တော်မူချင်ကြတဲ့ သားတော်ကြီးများကဖြင့် ကျေနပ်တော်မူကြပုံမရဘူးလို့ ခမည်းတော်ဘုရားက ရွှေဥာဏ်ရှင်မို့ ဆင်ခြင် အကဲခတ်မိပြီဖြစ်လို့ သားတော်ကြီးတို့ကို စိတ်၀မ်းမနည်းရအောင် အသီးအသီး ချီးမြှင့်မြှောက်စားတော်မူရာက သားတော်ကြီးတွေ အဆိုင်းဆိုင်း ရှိတော်မူကြတဲ့အထဲက မြင်ကွန်း၊ မြင်းခုံတိုင် မောင်တော်ကြီးများက ထူးထူးချွန်ချွန် ဆိုးတော်မူလိုက်ကြတာ ဘထွေးတော်ဘုရားကလည်း ကံတော်ကုန်သွားရရှာပြီ။ မောင်တော်ကြီးများမှာလည်း အကြံအစည်မအောင်ရုံမက အောက်ပြည် ရန်ကုန်ကို စုန်ဆင်းထွက်ပြေးတော်မူကြရတယ်၊ 'သူများမနာလို ကိုယ်အကျိုးမရှိ'ဆိုတဲ့ စကားအတိုင်း ဘထွေးတော် အိမ်ရှေ့မင်း ကံတော်ကုန်ရတာ အဖတ်တင်ပြီး မြင်ကွန်းမောင်တော်ကြီးများလဲ စံစားခွင့် စံစားထိုက်ရှိသလောက်က ဝေးသထက်ဝေးတဲ့အပြင် ရှေ့ရေးအတွက်ဆိုတော့ ကျန်ရစ်တဲ့သားတော်ကြီးတွေထဲက ခမည်းတော်ဘုရား နှစ်သက်တော်မူရာ ရွေးပြီး အိမ်ရှေ့ပေးတော်မူဖို့ပဲရှိတဲ့အတွက် သားတော်ကြီးများမိခင်ဖြစ်ကြတဲ့ မိဖုရားများကဖြင့် စိတ်အားတကိုးကိုးနဲ့ အမျိုးမျိုးမျှော်လင့်တော်မူနေကြမှာပဲ မယ်မယ်ဖျား"
"အင်း... ငါ့သမီးတော် လျှောက်တင်တဲ့အတိုင်း သားတော်ကြီးကြီးမားမားရှိကြတဲ့ မိဖုရားတွေကဖြင့် မျှော်လင့်ချက်ပေါ်လာတဲ့အတွက် စိတ်လက်မအားအောင် ရှိကြလိမ့်မယ်၊ မယ်မယ်ဖျားတောင် ကြီးကြီးမားမား သားတော်ယောက်ျား ထွန်းကားတော်မမူလို့ ဒီအပူမျိုး အေးရတာ၊ သူ့ခမျာများမှာတော့ သူ့သားရနိုးနိုး၊ ငါ့သားရနိုးနိုး အမျှော်ကြီး မျှော်ကိုးနေရှာကြမယ်"
ထိပ်စုဖုရားကြီး။ ။ကိုယ်နဲ့မဆိုင်တဲ့စကားမျိုးလိုဖြစ်သော်လည်း စကားစပ်မိတဲ့အတွက် ညီမတော် စုလတ် လျှောက်တင်တဲ့စကားကို ၀င်လျှောက်ရပါဦးမယ်၊ ဒီအရေးနဲ့ပတ်သက်ပြီး ထိပ်စုကြီး ထင်မြင်ချက်ကဖြင့် ခုရှိတဲ့သားတော်ကြီးတွေဟာ မဟေသီမိဖုရားခေါင်ကြီးဖုရားက ဖွားတော်မူတာမဟုတ်ဘဲ သူလိုကိုယ်လို မိဖုရားငယ်အချင်းချင်းတွေက ဖွားတော်မူထားတာဖြစ်ကြတဲ့အတွက် ခမည်းတော်ရွှေနန်းရှင်ဘုရားက အဂတိကို လိုက်စားပြီး ဘယ်သားတော်ကိုမှ ထူးထူးချွန်ချွန် သဒ္ဓါတော်မူဦးမယ် မဟုတ်ဘူးလို့ ထင်ပါတယ်၊ ပြည်သူအများကို ရင်၀ယ်သားကဲ့သို့ သနားတော်မူပြီး မြတ်စွာဘုရား၏ သာသနာတော်ကြီးလည်း နက်နက်နဲနဲ ခိုင်မြဲကြီးပွားအောင် အကျိုးဆောင်တော်မူချင်တဲ့အတွက် မိမိကဲ့သို့ သာသနာအကျိုး၊ တိုင်းပြည်အကျိုးကို ငဲ့ညှာထောက်ထားပြီး တရားနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ့် သားတော်မျိုးကိုမှ ထီးညွှန့်နန်းလျာ ထားတော်မူချင်တဲ့လက္ခဏာပါ၊ ဒါကြောင့်သာ ခုထက်ထိ အတပ်မပြောနိုင်သေးပေတဲ့ ခမည်းတော်ဘုရားရဲ့ ရွှေစိတ်တော်ထဲမှာတော့ ဘယ်သားတော်နဲ့ သင့်လျှော်မယ် ဆိုတာ အတွင်းကြိတ် အကဲခတ်တော်မူတုန်း ရှိတော်မူမှာပဲ။
ထိပ်စုထားလတ်။ ။အစ်မတော်မိန့်တော်မူတာ မှန်ပါတယ်၊ စုဖျားဖြင့်လေ ခမည်းတော်ဘုရား ရွှေစိတ်တော်ထဲ ၀င်ကြည့်တော်မူချင်စမ်းလှတယ်၊ ငယ်ရွယ်တဲ့သားတော်တွေကို မထည့်ဘဲ သားတော်ကြီးကြီးမားမားတွေ ရှိတော်မူတဲ့အထဲက ဘယ်သူ့ကိုပိုပြီး ရွှေမေတ္တာ စူးရှတော်မူပါလိမ့်မလဲနော်။
ထိပ်စုဖုရားကြီး။ ။အစ်မတော်တို့ တဆင့်စကားနဲ့ မယ်ဖျားမိန့်တော်မူထားတာ ကြားရတော့ဖြင့် သားတော်ကျပင်းကိုယ်တော်ကြီးဟာ သဘောနှလုံးတော်ကလည်း အချိုတော်မူဆုံးမို့ သမီးတော်ထဲမှာလည်း မယ်တော်၀င်စားတယ်ထင်တော်မူထားတဲ့ စလင်းစုဖုရားခေါ်တဲ့ တစ်ပင်တိုင်နဲ့ထားတဲ့ သုသီရိမြတ်စွာ ရတနာဒေဝီကို ချစ်တော်အမူဆုံးမို့ 'သားကျပင်း၊ သမီးစလင်း' လို့တောင် ကွယ်ရာမှာ အတိုကောက် မှတ်ဆစ်ကလေးလုပ်ပြီး ပြောနေကြပါသေးတယ်၊ သို့ပေမဲ အရည်တူသမီးတော်တွေအများထဲက တပါးကို တပင်တိုင်နန်း စံမြန်းစေတာက မိန်းမသားများဖြစ်ကြတဲ့အတွက် မဆူမပွက်ကြပေမဲ့ အရည်တူသားတော်တွေ အများအပြားထဲက သားတော်တပါးပါးကို အိမ်ရှေ့နန်းလျာ ထားတော်မူလိုက်ရင် သည့်ပြင်သားတော်များက ခံကြမှာမဟုတ်လို့ မြင်ကွန်းကိုယ်တော်ကြီး အရေးတုန်းကလို ဗရုတ်သုတ်ခဖြစ်လာမှာကို ဘုန်းတော်ကြီးလှသောပညာရှိမင်းဖြစ်တော်မူတဲ့အတိုင်း ခမည်းတော် ဆင်ခြင်စဉ်းစားတော်မူနေဟန် တူနေတယ်။ တကယ်လို့ ကျပင်းကိုယ်တော်ကြီးကို အိမ်ရှေ့နှင်းတော်မူလိုက်ရင်လဲ မက္ခရာကိုယ်တော်ကြီးတို့၊ သုံးဆယ်မင်းသားကြီး၊ ပင်လယ်မင်းသားကြီးခေါ် သန္တိမင်းသား၊ သာဂရမင်းများက ဓားထက်တဲ့မင်းသားတွေဖြစ်တဲ့အတွက် မငြိမ်မသက် ဖြစ်ကြရဦးမှာပဲ။
စုလတ်။ ။အို...ဒီမင်းသားကြီးတွေထဲမှာ သာဂရမောင်တော်ကို ဆွဲမထည့်တော်မူပါနဲ့ အစ်မတော်ဘုရား၊ သူ့ခမျာ တခြားမင်းသားတွေလို မဟုတ်ရှာပါဘူး၊ အေးအေး နေတော်မူတတ်ရှာပါတယ်။ ရုပ်ဆင်းလက္ခဏာကလည်း လှ၊ နူးညံ့သိမ်မွေ့တဲ့ဘက်ကလည်း မိန်းကလေး ရှုံးလောက်ပြီး ရှက်တတ်ကြောက်တတ်တာကလည်း အလွန်မို့ ဟို... အချွန်စားမင်းသားတွေထဲ ဆွဲသွင်းတော်မမူပါနဲ့၊ သူက လူအေးပါ၊ ဘယ်သူ ဘာလုပ်လုပ် ဆူဖို့ရှုပ်ဖို့ စိတ်ကူးထည့်တော်မူမှာ မဟုတ်ပါဘူး၊ တကယ်ထက်မဲ့သားကတော့ မက္ခရာကိုယ်တော်ကြီးပါပဲဖျာ့၊ စုစုသိတော်မူရသလောက်ဖြင့် ခမည်းတော်ဘုရားကတောင် သူ့ကို အလိုက်သင့် လုပ်တော်မူရတဲ့အခါ လုပ်တော်မူရပါသေးတယ်။
စုကြီး။ ။ခမည်းတော်ဘုရားက ဘယ်လိုများ အလိုက်သင့် လုပ်တော်မူရတာလဲ စုရယ်၊ စု ဒီအကြောင်းတွေ ဘယ်ကကြားတော်မူသလဲ။
စုလတ်။ ။စုစုကိုခစားတဲ့ ခင်ကြီးအမေ ကျောက်တလုံးရွာသားဟာ ဘုန်းတော်ကြီးလှသော ခမည်းတော်ဘုရားအတွင်းဆောင်တော်မှာ အမြဲထမ်းရွက် ခံစားနေရတဲ့သူမို့ အတွင်းတော်က အရေးအကြောင်းမှန်လျှင် သူ အကုန်ဒိုင်ခံသိပြီး သူ့သမီးခင်ကြီးကို တဆင့်ပြောရာက ခင်ကြီးကလဲ စုစုအပျင်းပြေလျှောက်တာနဲ့ စုစုသိရတာပေါ့။
စုကြီး။ ။သြော်...ငါ့ညီမတော်ဟာ အမှတ်မဲ့ နေတော်မမူဘူး၊ တော်ပါသေးတယ်၊ ကဲ...ကဲ ဘယ်လိုအလိုက်သင့် လုပ်တော်မူရတာလဲ ညီမတော်စုစုရဲ့။
စုလတ်။ ။စုစုကြားရတာကတော့ ဒီလိုတဲ့ဖျာ့၊ မောင်တော်မက္ခရာကိုယ်တော်ကြီးဟာ ပြင်အိမ်တော်မှာ ကိုယ်လုပ်တော်တွေနဲ့ ပျော်တော်မူနေတဲ့အတွက် ခမည်းတော်ဘုရားက သမီးတော် ပင်းမြို့စားသီရိသုကေသာဒေဝီနဲ့ ရေသွန်းနှင်းအပ် လက်ထပ်ပေးစားတော်မူထားတယ် မဟုတ်ပါလား။
ထိပ်စုကြီး။ ။ဟုတ်ပေတယ်၊ ဒီအကြောင်းတွေ အားလုံး သိကြပြီးပဲ၊ အဲဒါ ယခု ဘာဖြစ်တော်မူပြန်သတဲ့တုံး စုစုရဲ့၊ မက္ခရာကိုယ်တော်ကြီးက နှစ်သက်တော်မမူဘူးတဲ့လား။
စုလတ်။ ။မှန်လှပါတယ်၊ ခမည်းတော်ဘုရားအမိန့်တော်နဲ့မို့သာ ခေါင်းခါလို့ ငြင်းတော်မမူဝံ့ဘဲ ရွံ့ရွံ့နဲ့ လက်ထပ်ပေးတော်မူတာ ခံလိုက်ရပေမဲ့ မောင်တော်ကြီးက ပင်းမင်းသမီး ရဲ့ အဆောင်တော်ကို လုံးလုံးကူးတော်မမူလာဘဲ ပြင်အိမ်တော်က ကိုယ်လုပ်တော်များနဲ့သာ ပျော်ပါးတော်မူနေတဲ့အတွက် အစ်မတော် ပင်းမင်းသမီးမှာ လက်ထပ်တော်မူတဲ့နာမည်နဲ့ အအိုရယ်လို့ အထင်ခံရရုံသာ ရှိတော်မူတဲ့အတွက် ရှက်ရှက်နဲ့ အဆောင်တော်ထဲမှာသာ ကြိတ်ပြီး ငိုတော်မူနေရှာပါတယ်၊ စိတ်တော်ထဲ ဘယ်မှာ ချမ်းသာတော်မူနိုင်ပါ့မလဲ။
အဲဒီလို ဖြစ်နေတာတွေကို ခမည်းတော်ဘုရား ရွှေနားတော်ကြားလို့ သားတော်ကို နှစ်ခါ သုံးခါ 'အရိပ်ပြ အကောင်ထင်' ဆိုတာကို သတိပေးတော်မူတဲ့အခါ မက္ခရာကိုယ်တော်ကြီးက 'မှန်လှပါဘုရား၊ နှမတော်အဆောင်ကို သွားပါမယ်'လို့ ရှေ့တော်မှာ ၀န်ခံသွားပြီး သမီးတော်အဆောင်ကိုတော့ တခေါက်မှ ပေါ်တော်မူမလာဘူးတဲ့ အစ်မတော်ဖျာ့။ ပင်းမင်းသမီးမှာပဲ တငိုတည်း ငိုတော်မူရလွန်းလို့ စိတ်ထောင်းကိုယ်ကျေ အရိုးနဲ့အရေ ဖြစ်တော်မူရှာတယ်။ ခမည်းတော်ဘုရားကလည်း သားတော်နဲ့ သမီးတော်စပ်ကြားမှာ အတော်ဗျာများတော်မူလိုက်ရသေးတယ် အစ်မတော်ဖျာ့။
အတွင်းဆောင် စံတော်မူတဲ့အခါတိုင်း သမီးတော်ပင်းမင်းသမီး စိတ်မချမ်းမသာဖြစ်ရှာတော်မူတဲ့အကြောင်းတွေ ရွှေနားတော်ကြားရတဲ့အတွက် အပါးတော်မှာ ခစားတဲ့လူများကို 'ဟဲ့ မောင်ရင်က ဘာဖြစ်လို့ ငါ့သမီးတော်ရဲ့အဆောင်ကို မကူးရတာတုံး ဟရို့'လို့မေးတော်မူတဲ့အခါ အပါးမှာ ခစားရရှာသူတွေကတော့ သားတော်ကြီးအကြောင်းသိတွေမို့ သံတော်ဦး မတင်လို့ မဖြစ်ချေဘူးဆိုပြီး ကိုယ်တော်ကြီး အဆောင်တော်မကူးတဲ့အကြောင်းရင်းတွေ၊ ပြင်အိမ်တော်က ကိုယ်လုပ်တော်များနဲ့သာ ချစ်ခင်ကြင်နာစွာ ပျော်ပါးတော်မူပြီး သမီးတော်ကို မေတ္တာယိမ်းတော်မမူလို့ပါ ဘုရားလို့ မှန်ရာလျှောက်ထား သံတော်ဦးတင်ကြရတဲ့အခါ ခမည်းတော်ဘုရားက 'ငါပေးစားတာ သင်းမကြည်ဖြူ နေရိုးလား'ဟု မိန့်တော်မူပြီး သမီးတော်အဆောင် သားတော် ကူးအောင်လို့ သားတော်မက္ခရာကိုယ်တော်ကြီးအား ရွှေနန်းတော်အတွင်း အိမ်တော်မှာ တပါးတည်း လာရောက်စံနေတော်မူရမယ်လို့ အမိန့်တော် ထုတ်တော်မူထားပါသတဲ့။
မက္ခရာကိုယ်တော်ကြီးလည်း မလွန်ဆန်သာတော်မူဘဲ အတွင်းအိမ်တော်မှာ ပြောင်းရွှေ့စံနေတော်မူရတဲ့ အတောအတွင်းမှာ ပြင်အိမ်တော်မှ ကျန်ရစ်တဲ့ ကိုယ်လုပ်တော်များကို ခမည်းတော်မင်းတရားကြီးဘုရား အမိန့်တော်နဲ့ 'မယ်မင်းတို့ ကိုယ့်မိဘအိမ် အသီးသီး ခေတ္တပြန်နေချေရမယ်'လို့ အမိန့် ထုတ်ဆင့်တော်မူတဲ့အခါ ကိုယ်လုပ်တော်များမှာလည်း ခမည်းတော်ဘုရား အမိန့်တော်ကို ကြောက်ရွံ့ရှာတဲ့အတွက် အထုပ်အပိုးများ ပြင်ဆင်ပြီး မြို့ပြင်ထွက်ရာ မက္ခရာကိုယ်တော်ကြီးကို ကန်တော့နှုတ်ဆက်ဖို့ စောင့်နေရှာကြတုန်း ကိုယ်တော်ကြီးကလည်း လွှတ်တော်တက်ရာက လှည့်ပြီး ချစ်မငြီးတဲ့ ကိုယ်လုပ်တော်ကြီးများထံ ၀င်လာတော်မူတဲ့အခိုက် ငိုကာ, ရယ်ကာနဲ့ 'ဘုရား ကျွန်မများ မိဘအိမ် ခေတ္တပြန်နေရမယ်လို့ အရှင့်ခမည်းတော်ဘုရားက အမိန့်တော်ထားလို့ သွားရပါမယ့်အကြောင်းပါ ဘုရား'လို့ လျှောက်ကြတဲ့အခါ မက္ခရာကိုယ်တော်ကြီး ပြုံးတော်မူပြီး 'အေး...အေး...ခေတ္တခဏ သွားနေကြချေဦး၊ မသွားရင် အမိန့်တော် လွန်ဆန်တယ် ဆိုပြီး နင်တို့ကို သတ်လိမ့်မယ်၊ ကြွက်မနိုင် ကျီမီးရှို့နေတုန်း နင်တို့ ခဏရှောင်နေကြတာ ကောင်းတယ်' လို့ မိန့်တော်မူပြီး သူ့ကိုယ်လုပ်တော်ထဲက အချစ်ဆုံးကလေးတယောက်ကိုတော့ မခွဲနိုင်လို့ထင်ရဲ့။ 'နင်မလိုက်နဲ့၊ ဟောဒီ မီးဖိုအုတ်တိုက်ထဲ ပုန်းနေရစ်ခဲ့၊ ငါ သော့နဲ့ အပြင်က ခတ်သွားပြီး ရွှေလွှတ်တော်ကြီးက လာတိုင်း ငါ၀င်လာမယ်'လို့ မိန့်တော်မူတယ်။
ကိုယ်တော်ကြီး လာတော့ ခမည်းတော်အာဏာအတိုင်း အတွင်းအိမ်တော်မှာပဲ ဟန်မပျက် စံတော်မူတယ်ဘုရား၊ ခမည်းတော်ကတော့ အတွင်းတော်ရောက်ရင် ပင်းမင်းသမီးအဆောင်တော် ကူးမှာပဲလို့ ထင်တော်မူတယ်၊ ကိုယ်တော်ကြီးကတော့ ဘယ်ကူးတော်မူလိမ့်မလဲ၊ အတော်ဇွဲကြီးတော်မူတာ၊ ခမည်းတော်အကြံကိုပဲ သိတော်မူသားမို့ သာပြီးမသွားမိအောင် ရှောင်တော်မူတဲ့လက္ခဏာပဲ၊ ခမည်းတော်က မယ်တော်ဖြစ်သူကိုလည်း သားတော် ပင်းမင်းသမီးရဲ့အဆောင်တော်ကို ကူးရဲ့လားဆိုတာ အခါမပြတ် မေးတော်မူသတဲ့။
မယ်တော်ကလည်း မကူးကြောင်း သံတော်ဦးတင်ရရှာတယ်၊ သမီးတော်ပင်းမြို့စားမှာ ရှက်အားကြီးတာနဲ့ နောက်ဆုံး စိတ်တော် နောက်ပျက်ပျက်ဖြစ်လာပြီး တပါးတည်း ဟိုထွက်သွား၊ ဒီထွက်သွား သွားနေတဲ့အတွက် ခမည်းတော်ကိုယ်တိုင် သက်သာရာမယ့်နည်းလမ်း မေးတော်မူမှ 'ဖျာ့ကျွန်မဖြင့် ရှက်လှချည်ရဲ့၊ ဒီမင်းသားနဲ့ မြန်မြန်ကွာရှင်းလို့သာ ပေးတော်မူပါ'လို့ ငိုယိုပူဆာတာနဲ့ သားတော်ကို လက်လျှော့မှန်းမသိ လက်လျှော့ပြီး ကွာရှင်းပေးတော်မူလိုက်ရတယ်တဲ့ အစ်မတော်ဘုရား။ ဒီအကြောင်းတွေ စုဖျာ့ အပျိုတော်ခင်ကြီးအမေက အားလုံးသိလို့ စုစုတို့ တဆင့်သိရတာပါ။
ဟုပြောတော်မူလျှင်
သလွန်တော်တွင် သမီးတော်များ စကားပြောကြသည်ကို နားဆင်တော်မူနေသော မယ်တော်က ပြုံးလျက်
"အေး ငါ့သမီးကတော့ ရွှေနန်းတော်ကြီးပေါ်မှာ လွတ်လွတ်လပ်လပ်ကြီး ပျော်တော်မူနေတဲ့အတိုင်း အဆောင်တော်အသီးသီးက သတင်းအမျိုးမျိုးတွေ ခရေစေ့တွင်းကျ သိတော်မူရတာပဲ ထင်ရဲ့။ ဟဲ့... ခင်ကြီးရဲ့၊ နင့်အမေကပြောတာတွေ နင်မို့ စိတ်ရှည်လက်ရှည် ငါ့သမီးကို လျှောက်နိုင်လေတယ်ကွယ်၊ ဒီမက္ခရာကလဲ တယ်ဇွဲကောင်းတဲ့ သားတော်ပါကလား၊ ပင်းမင်းသမီးကလေးဟာလည်း လှက လှတော်မူရှာပါဘိသနဲ့၊ သူမို့ မသနားမညှာ စိတ်ထားတတ်ရှာလေတယ်၊ သူ့ကိုယ်လုပ်များကို တယ်ပြီးငဲ့ညှာထောက်ထားလိုက်ပါကလား၊ ဘယ်နှယောက်များ လှလှပပရှိသလဲ ခင်ကြီးရဲ့"
ခင်ကြီး။ ။ဘုရားကျွန်မ မမ ပြောတော့ ဆောင်ရကိုယ်လုပ်တော်ကြီး သားတော်၊ သမီးတော်တွေနဲ့ ခုနှစ်ယောက်ရှိပါသတဲ့ဘုရား။ ခင်နန်းရင်ဆိုတာ တယောက်ပါဘုရား၊ ခင်မျိုးနွယ်၊ မရှင်လေး၊ ခင်သစ်၊ ခင်မိမိဆိုတဲ့ ခုနှစ်ယောက်ဟာ လှလည်း အင်မတန်လှပြီး အဆောင်ရကိုယ်လုပ်တော်ကြီးတွေ ဖြစ်ပါတယ်၊ ဒီအထဲမှာ ခင်ခင်ကို သူများတကာထက်ပိုပြီး မြတ်နိုးတော်မူပါသတဲ့ ဘုရား။
မယ်တော်။ ။အေး...အေး၊ သန်တုန်း, မြန်တုန်း, ထက်တုန်းအရွယ် လူငယ်တွေဆိုတော့ ကိုယ်ထင်ရာကိုယ် အကောင်းမှတ်ကြတာပေါ့၊ သူ့ခမျာကတော့ ခမည်းတော်ဘုရားကို ချစ်ခင်ကြည်ညိုတဲ့သားတော်ပါ၊ မဟုတ်မခံဘူးဆိုတဲ့ မာနကလေးလည်း ရှိတယ်၊ ခမည်းတော်ကလည်း သားတော်ရဲ့သဘောကို သိတော်မူပြီး အချစ်ကြီး ချစ်တော်မူပါပေတယ်၊ ဘယ်သားတော်ကိုမှ မေတ္တာပြယ်တော်မူတယ်လို့ မရှိပါဘူး၊ မြင်ကွန်း မြင်ခုံတိုင်တို့အပေါ်မှာတောင် မေတ္တာတော်မပျက်ရုံမက တခါက ငါ့သားတော်များ ဆင်းဆင်းရဲရဲများ ဖြစ်နေရှာကြမလားလို့ ဂရုဏာစကား မိန့်ကြားတော်မူတာ ကြားရပါသေးတယ်။
မေတ္တာရေဆိုတာ နိမ့်ရာ စီးမြဲပဲလေ၊ ခုရှိကြတဲ့ သားတော်ကြီးတွေ အပထားပြီး ငယ်ရွယ်တဲ့သားတော်တွေထဲကလည်း ဘယ်သူက ဘယ်လိုလာဦးမယ် မသိနိုင်ဘူး၊ အခါတိုင်း အမှတ်မဲ့နေလာကြတဲ့ သီပေါမင်းသားကလေးဟာ သုဓမ္မာစာပြန်ပွဲမှာ ၀င်နွှဲတော်မူနိုင်တာထောက်ရင် နောက်ပေါက်တွေကလည်း အနည်းနှင့်အများ ထူးထူးခြားခြား အားကိုးအားထား ပြုလောက်မဲ့ အရာရောက်တဲ့သားတော်တွေ ဖြစ်ဦးမှာပဲ၊ အရည်တူသားတော်ထဲက 'တောက်မဲ့မီး အရှိန်နဲ့ ရဲရဲ' ဆိုသလို စိန်ကဲကျောက်ကဲခတ်သလို ဘယ်သူ ဘယ်လိုထူးချွန်လာမယ် ဆိုတာ စောင့်ကြည့်ကြဖို့ လိုတာပဲ"
ဟု အဆောင်တော်ထဲတွင် သားမယ်တော်များ ပြောဆို စံနေတော်မူကြစဉ် မန်ကျည်းကန်ရွာစား အပျိုတော်ခင်နှစ် ၀င်လာပြီး မြတ်လေးကုံးကြီးများ ရွှေကလပ်တွင်တင်၍ ဆက်လာသဖြင့် မယ်တော်ဖျားက
"ဟဲ့ မယ်နှစ်ကဲ့၊ ဘယ့်နှယ် ဒီရာသီက မြတ်လေးပန်းပေါ်တဲ့ရာသီ မဟုတ်ပါကလား"
ခင်နှစ်။ ။မှန်လှပါ၊ အရှင်ထိပ်စုမြတ်ဖုရားလတ် နှစ်သက်တော်မူတယ်လို့ မိန့်တော်မူတာနဲ့ ဖျာ့ကျွန်မတို့အဖေ အထူးရေလောင်းစိုက်ပျိုးပြီး အရေးတကြီး ပြုပြင်လာတဲ့အတွက် အခါရာသီမဟုတ်ဘဲ ရွက်နုတွေပေါက်ရာက ဖူးညှောက်တွေပေါ်လာပြီး တခါတည်း ပွင့်လာတဲ့အတွက် ရွှေလက်တော်ရောက် ဆက်ပါဆိုပြီး အမေ လာပို့ပါသည်ဘုရား"
ထိပ်စုဖုရားလတ်လည်း မြတ်လေးပန်းတခိုင်ကို လက်တော်နှင့်ကိုင်ယူ ရှုစားတော်မူပြီး မကြာမီက ရွှေစိတ်တော်တွင် စွဲငြိစွန်းထင်လာသော အမှတ်အသားကလေးတခုသည် မြတ်လေးပန်းရနံ့ကြောင့် ရုတ်တရက် ပေါ်ပေါက်တော်မူလာပြီး
"အင်း... ဒီပန်းရနံ့ကလေး ရှုစားမူမိတော့ နယုန်လဆီမှာ သုဓမ္မာစာတော်ပြန်ပွဲကြီးကို တွေးမြင်တော်မူမိတယ်၊ နှစ်တိုင်းထက် စည်ကားလို့ အားရစရာလဲ အတော်ကောင်းတာပဲ၊ သုဓမ္မာစာတော်ပြန်ပွဲမှာ မောင်တော်သီပေါမင်းသား ပါ၀င်ဖြေဆိုတော်မူလို့လည်း အခါတိုင်းထက် ကြီးကျယ်ခမ်းနားပါပေတယ်၊ နောက်လာမဲ့ပွဲများမှာ ဒါလောက်မှ စည်ကားပါဦးမလား။
ခင်နှစ်။ ။မှန်လှပါ၊ စည်ကားကြီးကျယ်ဦးမယ်လို့ ဘုရားကျွန်မ ထင်ပါတယ်၊ သီပေါကိုယ်တော်ကလေးကလည်း သုဓမ္မာစာမေးပွဲတော်အတွက် ပထမလတ်ဖြေဆိုတော်မူရန် စာများ အင်မတန်ကြိုးစားနေတော်မူတယ်လို့ လက်ဖက်ရည်တော် မောင်မောင်တုတ်တို့လူစုက ပြောနေကြပါတယ်၊ ဘုရားကျွန်မတို့က အနောက်ပိုင်းကမို့ ရွှေနန်းတော်အရှေ့ပိုင်းက သတင်းများ အကြားအမြင်နည်းတော့ ဘကြီးအိမ်သွားတုန်းက အိမ်ဦးခန်းမှာ ဘဘတို့ပြောနေကြတာ ကြားခဲ့ရပါတယ်ဘုရား။
စု။ ။အို...နောင်နှစ်လည်း မောင်တော်သီပေါမင်းသား သုဓမ္မာစာပြန်ဆိုပွဲမှာ ၀င်နွှဲဖြေဆိုတော်မူဦးမယ်လို့လား။
ခင်နှစ်။ ။မှန်လှပါဘုရား၊ ဘုန်းတော်ကြီးလှသော အရှင့်သားတော် သီပေါကိုယ်တော်ကလေးဟာ ပထမငယ်၊ ပထမလတ်၊ ပထမကြီးအထိ အာဂုံပြန်ဆိုတော်မူရန် စိတ်ဇွဲတော်သန်လွန်းလို့ မှန်စီရွှေကျောင်းတော်မှာ ဦးခေါင်းတော်မျှ မဖော်နိုင်အောင် စာဝါကြိုးစားတော်မူနေတယ်၊ မယ်တော်လောင်းရှည်ဘုရားလည်း သားတော်အတွက် အလွန်အားတက်တော်မူနေကြောင်းပါ ဘုရား။
စု။ ။အင်း...သည်လိုဖြင့် လာမဲ့နယုန်လ သုဓမ္မာစာပြန်ပွဲကြီးမှာ ပြီးခဲ့တဲ့နှစ်ကလို ကြီးကျယ် စည်ကားဦးတော့မှာပနော်၊ မယ်မယ်ဖျားဖြင့် ဆွမ်းအုပ်တွေ များများလှူဖို့ စိတ်ကူးတော်မူနေမှာပဲ"
အလယ်မနန်းတော်ဖုရားလည်း သမီးတော်များ ပြောနေကြသည်စကားများကို သလွန်တော်ပေါ်မှ ပုတီးစိပ်တော်မူရင်း ကြားသိတော်မူရလျှင်_
"ဟဲ့...ခုနက မိနှစ် စုလတ်ကို လျှောက်တင်တာ ဘာတဲ့၊ သီပေါမင်းသားကလေး ဘာဖြစ်သလဲ " ဟု မေးတော်မူလျှင်
ခင်နှစ်မှာ ထိတ်ထိတ်ပျာပျာနှင့်
"သီပေါကိုယ်တော် ဘာမှမဖြစ်ပါဘုရား၊ အရှင် ထိပ်စုမြတ်ဖုရားက မြတ်လေးပန်းနှင့် ပတ်သက်ပြီး စကားဆက်တော်မူမိတဲ့အတွက် နယုန်လ စာတော်ပြန်ပွဲအကြောင်း ရောက်သွားရာက နောက်နှစ်ကလောက် စည်ကားမှ စည်ကားတော့မယ်လို့ မိန့်တော်မူတဲ့အတွက် လာမဲ့နှစ်မှာလည်း သီပေါကိုယ်တော် ပထမလတ် ဖြေဆိုတော်မူဦးမယ်လို့ သတင်းအမှန် ကြားရသဖြင့် ပြီးခဲ့တဲ့နှစ်များကလို စည်ကားကြီးကျယ်လိမ့်မယ် ထင်ကြောင်း လျှောက်တင်နေပါသည်ဘုရား"
ဟု တင်လျှင် အလယ်နန်းမတော်ဖုရားလည်း မျက်ထားတော်ရွှင်ရွှင်နှင့်-
"သြော်...သီပေါမောင်ရင်က အင်မတန် ကြိုးစားတော်မူလိုက်ပါကလား၊ ဘုန်းတော်ကြီးမားလှသော ဘုရားကဖြင့် ဒီလိုထူးခြားတဲ့သားတော်မျိုးကို အတော်အားကိုးရလိမ့်မယ်၊ ညီမတော် လောင်းရှည်မိမိမှာလဲ ခုလိုထူးကဲတဲ့ သားတော်အတွက် ရှေးကလို ဆက်လက်ပြီး မျက်နှာပွင့်လန်းတော်မူစရာရှိပါရဲ့"
မိန့်တော်မူကာ အတန်ကြာလျှင် ညောင်းညာတော်မူသည်နှင့် သလွန်တော်ထက်တွင် လျောင်းစက်တော်မူလိုက်လျှင် အပျိုတော် ခင်ဖော့လည်း အနီးတွင် ဒူးပုဆစ်တုပ် ၀ပ်ကာ ဒေါင်းယပ်တောင်ဖြင့် ဖြည်းညှင်းစွာ ယပ်လေသွေး ဆက်နေလေလျှင် သမီးတော် ထိပ်စုဖုရားကြီးလည်း မိမိအဆောင်တော်ထဲသို့ ထွက်တော်မူလာကာ တောင်ငူခရိုင်မှ ဆက်ရောက်လာသည့် များစွာသော ဂမုန်းအင်နှင့်သဇင်ပန်းများကို ကိုယ်တော်တိုင် ရွေးချယ်လျက် ပန်းထီးသဏ္ဍာန် လှပစွာ စီမံပြုလုပ်ကာ စွယ်တော်စင်ဘုရားနှင့် မဟာမြတ်မုနိရုပ်ပွားတော်များအား ဆက်ကပ်လှူဒါန်း ပူဇော်လျက်နေတော်မူလေ၏။
ထိပ်စုဖုရားလတ်မှာလည်း မိမိ၏အဆောင်တော်တွင် အပျိုတော်များနှင့် ညီမတော် ရမည်းသင်း စုဖုရားကလေးပါ ငယ်ရွယ်သူဖြစ်သည့်အလျောက် ရွှေခဲ၊ ငွေခဲ၊ ပုလဲ၊ ပတ္တမြား စသော ရတနာများနှင့် ပျော်ရွှင်စွာ ဇယ်ထောက်ကစားတော်မူလျက်ရှိကြလေသတည်း။
* * *
၀ိုက်လို့သာ၀န်းတော့တယ်၊ သိုက်ညွှန်း ရွှေဗျာနှင့် ကေလာဂီငွေငါးက၊ ထွေပြား ရည်ညွှန်လို့၊ စည်ပုစွန် ဂုဏ်ပြပေ့၊ စုန္နမောင်။
၀ိဇ္ဖုံလတာ၊ အလျှံငယ်ဖြာသည်၊ မဏ္ဍဂီစစ်၊ နက်သုံးမြစ်က ကွန်ရက်ကယ် နတ်ပြွန်၊ ငြိုးလို့ပင် သွန်သထင့်၊ ဖြိုးဝှန်ဆုံ့အနေတွင်၊ တိမ်ထုငယ် မှင်ဆိုင် လှိုင်းပါဘိ၊ မှိုင်းလဲ့မှောင်မှောင်။
ခုနစ်ခွေငယ်၊ တောင်ရေလည်ပတ်၊ ပြည်သုဒသ်လိုရ ဟတ်ကယ်ယဉ်ဖြာ၊ မြသဉ္ဖာနှင့် ဧရာထူးဆန်း၊ ဒေး၀န်းနန်းက လွမ်းငန်းငယ် ကုဋေ၊ ထပ်ပစေအောင် ရွှေထွန်တော်ယက် နယုန်လက်မှာ၊ စုံချက်ကယ်ခန်းဝါ၊ သာ့ထက်သာပင်၊ မလ္လာကျိကျူ၊ ပန်းအစုတွင်၊ နန်းသူ့ချစ်ရန်၊ တော်ကြီးခံလို့၊ ဓမ္မာစမ္ဗီ၊ ထုံ၀က်ကယ်ချီကြတဲ့၊ ရာသီခေါင်ကို ငွေဆောင် ယုန်းနန်းလနာဝိန်နှင့်။
ရာတာငယ်ကေး၀ဋ် ထွန်းလျှံလွှတ်လို့၊ မွန်းထွက်ကယ်စဉ်လာ သည်သို့ခါကို ရွှေစာတော်ပြန် သဘာယံနှင့် ညာမန္တလ၊ ရေကြည်းစုံလှချိန်မို့ အဆငယ်ပြန်ဆယ် ကြံဘွယ်ဘွယ်ကို ဘန်ချယ်လေလေ စောမပြေအောင် ကြင်ဆွေမစပ် ကင်းတဲ့နတ်မှာ မတတ်ကယ်ဆည်ယူ အလွမ်းသာကူလိမ့်မည်၊ ကျွန်းဘူမိနက်သန်တွင် ဗိမာန်တည် ရွှေဘုံသစ်မှာမှ ဘုန်းလှစ်ချိန်သင့်။
ရာသီမာသ နယုန်လသို့ တကွမကွာ ဆိုက်ရောက်လာပြန်လေ၏။ ရွှေမြို့တော် လေးပြင်လေးရပ်လုံး အုံးအုံးဆူညံ သုဓမ္မာစာတော်ပြန်ပွဲအတွက် အမိန့်တော်ကြီးကို ဦးထိပ်ရွက်လျက် သူ့ထက်ငါသာ မျက်နှာရစေရန် ကိုယ်၏တာ၀န် ကျရောက်လာသည်တို့ကို စိတ်ရောကိုယ်ပါ မခိုမကပ် ကြိုးပမ်းစွာ လုပ်ကိုင်စီမံလျက်ရှိကြလေရာ မန္တလေးတောင်ခြေရင်းရှိ သုဓမ္မာဇရပ်တော်ကြီးတွင် ယခင်နှစ်ကထက် ကြီးကျယ်စည်ကားလျက်ရှိလေ၏။
အဝေးရောက် သံဃာတော်များမှာလည်း ယမန်နှစ်ကထက် မြောက်မြားစွာ သုဓမ္မာစာတော်ပွဲကို အားခဲ ကြွရောက်လာကြကုန်သည်ဖြစ်ရာ သာသနာ့ဒါယကာ မဟာဧကရာဇ်မင်းမြတ် အမှူးထားလျက် မိဖုရား၊ သားတော်၊ သမီးတော် ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော်များနှင့် နန်းတော်သူ နန်းတော်သား၊ သူဌေးသူကြွယ်၊ ကုန်သည်၊ ဆင်းရဲသားမကျန် မြို့ခံဖြစ်သည့်အလျောက် သဒ္ဒါတရားပေါက်၍ စွမ်းအားရှိသလောက် လှူဒါန်းကျွေးမွေး ကုသိုလ်ရေးကို လေးစားသမှု အာရုံပြုကြပြီးလျှင် စာပြန်ပွဲကို ၀င်နွှဲဖြေဆိုကြကုန်သော ရဟန်းရှင်လူ ဘိုးသူတော် မယ်သီလမကျန် ထိုက်တန်သည်ထက် ပိုကဲစွာ အောင်ဆုပေးလှူ ပညာဥာဏ်ပူဇော်ကြကုန်ရာ စာတော်ပြန်ရောက်လာသော ရဟန်းသာမဏေမှန်သမျှမှာလည်း ပျော်ပျော်ပါးပါးနှင့် စိတ်အားတက်ကြွ ၀မ်းမြောက်၀မ်းသာ ရှိကြရလေ၏။
သားတော် သုသီရိမဟာဓမ္မရာဇာ သီပေါမင်းသားမှာလည်း ခမည်းတော် မင်းတရားကြီးဘုရား၏ အားရစွာ မြှောက်စားချီးမြှင့်တော်မူခြင်းကြောင့် ယမန်နှစ်ကဲ့သို့ပင် ခေတ္တလူ၀တ်လဲကာ အတွဲအမများနှင့်တကွ ခမ်းနားကြီးကျယ်လှစွာသော မင်းခမ်း မင်းနားဖြင့် သုဓမ္မာဇရပ်သို့ ထွက်တော်မူပြီးလျှင် ခမည်းတော်ဘုရားနှင့်တကွ များစွာသော ဆရာတော် သံဃာတော် မဟာထေရ်မြတ်ကြီးတို့ရှေ့တွင် ပထမလတ်အဖြစ် သဒ္ဒါရှစ်စောင် ပါဌ်အနက်၊ ရုပ်ဆန်းပါဌ်အနက်၊ အလင်္ကာ ပါဌ်အနက်၊ အဘိဓာန် ပါဌ်အနက်၊ သဂြိုလ်ကိုးပိုင်းပါဌ်အနက်၊ မာတိကာပါဌ်အနက်၊ အရကောက် ဓာတုကထာပါဌ်အနက် အရကောက်များနှင့် ဖြေဆိုဖွယ်ဆိုင်ရာများကို ပေါ့ပါးလျှင်မြန်စွာ အာဂုံပြန်ဆိုတော်မူလျှင် ရဟန်းရှင်လူပြည်သူပြည်သားအပေါင်းတို့ သောင်းသောင်းဖြဖြ ကောင်းချီးသြဘာများ ပေးကြကုန်လေသည်။
ဘ၀ရှင်မင်းတရားကြီးဘုရားက သားတော်ကို နှုတ်တော်ဖြင့် ချီးမွမ်းတော်မူလျက် များစွာအားရ နှစ်သက်တော်မူသော လက္ခဏာကို ပြတော်မူလေသတည်း။
သို့နှင့်လည်း ယခင်နှစ်၏ အစဉ်အလာအတိုင်း ရက်ပေါင်းသုံးဆယ်ပတ်လုံး စာတော်ပြန်ပွဲကြီး ဆင်နွှဲပြီးစီး အောင်မြင်ခဲ့ပြီးနောက် ဝါ၀င်ကန်တော့ခံပွဲအတွက် ဘ၀ရှင်မင်းတရားကြီးဘုရားနှင့် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဘုရားနှစ်ပါးစုံ အရှေ့မုခ်တွင် ရှိခိုးကန်တော့ခံတော်မူရာ မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော်၊ ကတော်မယားအစုံနှင့် ရွှေဘုံဦးခိုက် ရောက်လာကြရုံမက နန်းတော်သူ နန်းတော်သား၊ စော်ဘွား၊ မြို့စား စသော အဝေးရောက် ကျွန်တော်မျိုးများနှင့် သူဌေး၊ သူကြွယ်၊ ကုန်သည်၊ ဆင်းရဲသားတို့ပါ ရှိခိုးလက်ဆောင်တော်ဆက်ရောက်လာကြသဖြင့် အရှေ့မုခ် ဦးကင်းနန်းရင်ပြင်တွင် သားတော်၊ သမီးတော်၊ မှူးတော်၊ မတ်တော်ကအစ ဆင်းရဲသားအဆုံး အလုံးစုံသောပရိသတ်တို့ ပြည့်ကျပ်စွာ ခစားလျက် နေကြစဉ် သုသီရိဓမ္မရာဇာ သီပေါမင်းသားလည်း သာမဏေဘောင်သို့ ပြန်လည် ၀င်ရောက်ရန်၊ လူ၀တ်နှင့် ခမည်းတော်ထံမှောက်သို့ ရှိခိုးကန်တော့ ၀င်ရောက်လာရတော့သည်ဖြစ်ရာ ယမန်နှစ်ကကဲ့သို့ပင် ယာဘက်မှ ခစားလျက်ရှိကြသော သမီးတော်များအနက်မှ သံသရာရေစက်ရှင်ဖြစ်တော်မူသော နှမတော် သီရိသုပဘာ ရတနာဒေဝီ မြတောင်မြို့စား အရှင်ထိပ်စုဖုရားလတ်နှင့် နတ်တို့ညွှန်ကြားအပ်သည့်အလား ဤမျှမြောက်မြားသော ပရိသတ်ဗိုလ်ပုံတွင် နှစ်ပါးအစုံ စက္ခုတော် ဆုံမိကြပြန်လေရာ တပါးနှင့်တပါး ဒုတိယအကြိမ်မြောက် ရှုစားတော်မူမိကြပြီးလျှင် ယခင်နှစ်က တွေ့မြင်တော်မူလိုက်ကြရသည်ထက် မေတ္တာတော် တဆင့်တက်၍ ရင့်သည်ထက်ရင့်ကာ ပွင့်အာလုနီးသော ရွှေကြာငုံသည် နေအရုဏ်ကို မျှော်လင့်သည်၏အလား စုဖုရားနှင့်မင်းသားမှာ လင်းရောင်ခြည်တည်းဟူသော အခွင့်အရေးကို စိတ်တော်တွင် ကိုယ်စီ တွေးတော်မူလိုက်မိကြပြန်လေသတည်း။
ယင်းသို့ မင်းနှစ်ပါးမှာ အလားတူညီစွာ စိတ်အယူအဆ တူမျှတော်မူကြသည့်တိုင်အောင် တပါးနှင့်တပါး စက္ခုအကြည့်ဓာတ်အားဖြင့်သာ ထိခိုက်သိသာစေလျက် ဆက်သွယ်ကမ်းလှမ်းရန် အချင်းချင်း စခန်းဝေးနေရုံမက သီပေါမင်းသားမှာလည်း မူလရည်ရွယ်ချက်ကြီးအတိုင်းပင် ရှင်သာမေဏဘ၀သို့ ပြန်လည်ကူးပြောင်းတော်မူရလျှင် နောင်နှစ်ခါ စာပြန်ပွဲတော်တွင် ပထမကြီးအဖြစ် နောက်ဆုံးဖြေဆိုပွဲ ၀င်တော်မူရမည့်အတွက် စာဝါကို ကြိုးစားကျက်မှတ်တော်မူနေရပြန်လေရာ နဂိုဝါသနာတော်ကလည်း စာပေထဲတွင်သာ ပျော်ပါး၀င်ဆန့်လိုသောကြောင့် အပိုအမိုမလုပ် လောကီမှုအရှုပ်အထွေးကို စဉ်းစားခွင့်မပေးဘဲ ခပ်အေးအေးပင် နေတော်မူခဲ့လေ၏။
ရွှေနန်းတော်အနောက်ပိုင်းတွင် ပျော်ရွှင်စွာ စံတော်မူနေသော ထိပ်စုဖုရားမှာလည်း ထိုအရေးကို စိတ်တော်တွင်ထည့်၍ မတွေးတတ်သေးဘဲ မယ်တော် အစ်မတော်များနှင့်တလှည့်၊ မိမိအပျိုတော်များနှင့်တသွယ်၊ အဆောင်ဆောင် အခန်းခန်းသော ရွှေနန်းတော်ကြီးအနောက်ပိုင်း၀ယ် လွန်းပုဆိုးဒီးလွှားနှင့် မင်းယောက်ျားကလေးသဖွယ် လှည့်လည်သွားလာ၍ လွတ်လပ်စွာ စံနေတော်မူလျက်ရှိလေ၏။
ထို့သို့အားဖြင့် ဘ၀ရှင် သာသနာ့ဒါယကာ ပဉ္ဇမသင်္ဂါယနာတင် မင်းတုန်းဘုရင်မင်းမြတ်ကြီးလက်ထက်တော်တွင် နန်းတွင်းနန်းပြင်မှအစ မြို့နယ်အပိုင်း နိုင်ငံတော်တလွှားတွင် တရားနဲ့ညီသော မင်းကောင်းမင်းမြတ် စိုးမိုးအုပ်ချုပ်တော်မူသည့် အားလျော်စွာ ချမ်းမြေ့သာယာစွာရှိကြစဉ် ဘုရင်မင်းတရားကြီးဘုရားနှင့် စီးပွားဖက် တိုင်းပြည်တည်ထောင်ဖက်ဖြစ်တော်မူကြသော စကြာဒေဝီ မဟေသီမိဖုရားခေါင်ကြီးဖုရားသည် စံစားတော်မူသော နန်းမတော်ဆောင်တွင် မကျန်းမမာ ဝေဒနာ အသည်းအသန်ဖြစ်တော်မူလာသဖြင့် သမားတော်၊ သမားကျော်ကြီးများနှင့် ဘ၀ရှင်မင်းတရာကြီးဘုရားကိုယ်တော်တိုင် ကြပ်မတ်ကုစားနေတော်မူရသည်ဖြစ်ရာ ရွှေနန်းတော်သူ၊ ရွှေနန်းတော်သားများနှင့်တကွ တိုင်းနေပြည်သူတို့မှာ တရားဓမ္မ ပြည့်စုံတော်မူလှသည့် အရှင်မိဖုရားခေါင်ကြီးဘုရားအတွက် ပူဆာညှိုးနွမ်း မချမ်းမမြေ့ ဖြစ်၍နေကြရပြီးလျှင် ဘ၀ရှင်မင်းတရားကြီးဘုရားမှာလည်း မိခင်နှင့်တူသည်က တဖြာ၊ ဆရာနှင့်တူသော တိုင်းပြည်တည်ဖက်၊ စီးပွားဖက်ဖြစ်တော်မူသော မိဖုရားခေါင်ကြီး မမာတော်မူသည့်အတွက် စိတ်၀မ်းမကြည် ရှိတော်မူသည်ဖြစ်ရကား နန်းတော်သူ၊ နန်းတော်သားများမှာ အိမ်ရှေ့ပူလျှင် အိမ်နောက်မချမ်းသာ'ဆိုသော စကားပမာ ကိုယ့်အဆောင်မှာပင် ကိုယ့်စကားကျယ်ကျယ် မပြောဝံ့ကြဘဲ တိတ်ဆိတ်ငြိမ်သက်စွာနှင့် နန်းမတော်ဆောင်ကြီးက သတင်းစကားကို နားစွင့်၍ နေကြကုန်၏။
သို့ ရွှေနန်းတော်တခွင်တွင် အပ်ကျသည်ပင် ကြားရမတတ် တိတ်ဆိတ် ခြောက်ကပ်စွာရှိကြစဉ် နောက်ဆုံးတွင် ဘိဇ္ဇနသဘေအ ပျက်စီးပြိုကွဲ မခိုင်မြဲသော အနိစ္စသဘောတို့မည်သည် ရေမြေ့ရှင် ဘုရင်ဧကရာဇ်တို့ကို မဆိုထားဘိ၊ သုံးလူ့ထွဋ်ထား၊ မြတ်ဘုရားနှင့် ရဟန္တာအရှင်မြတ်များကိုစဉ်လျက် ချမ်းသာခွင့်မပေး၊ မျက်နှာကြီးငယ်မရွေး မျိုဝါးစားသောက်တတ်သော သေမင်းပါးစပ်ဖြင့် ဟပ်ယူဆောင်ကြဉ်း ရုပ်နှင့်နာမ်ကို ခွင်းတတ်သည့်အားလျော်စွာ စကြာဒေဝီမဟေသီခေါင်ဖျား အရှင်မိဖုရားကြီးအားလည်း ငဲ့ကွက်မညှာ ရက်စက်စွာဖြင့် မရဏသေမင်း ဆောင်ကြဉ်းခေါ်ယူရာ လိုက်ပါတော်မူရလေတည်း။
ဘုရင်မင်းကြီးဘုရားလည်း အဆွေခင်ပွန်းစစ်ပမာ မာတာမိခင်နှင့်မခြား စီးပွားဖက် ပြည်တည်ဖက် ဘိသိက်ခံဖက်ဖြစ်တော်မူသော နန်းမတော်ဖုရားကြီး နတ်ပြည်စံတော်မူသည်ကို အထူးသဖြင့် ကြေကွဲ၀မ်းနည်းတော်မူသောကြောင့် စကြာဝတေးမန္ဓာတ်မင်းတို့၏ မိဖုရားခေါင်ကြီးကို သင်္ဂြိုဟ်သည့်အစီအရင်ဖြစ်သော စာတမ်းနည်းလမ်းအတိုင်း အခမ်းအနား ကြီးကျယ်စွာ ခင်းကျင်း ကျင်းပတော်မူပြီးလျှင် ဘ၀ရှင်မင်းတရားကြီးဘုရားကိုယ်တော်တိုင် ကြပ်မတ်တော်မူ၍ ဆွေတော်၊ မျိုးတော်၊ မင်းညီ၊ မင်းသား၊ မှူးတော်၊ မတ်တော်၊ ကတော်မယား၊ အပျိုတော်၊ အထိန်းတော်များနှင့်တကွ ရွှေနန်းတော်၏ အရှေ့မြောက်ရှိ ဥယျာဉ်တော်အတွင်းတွင် အုတ်ဂူပြာသာဒ်ထားတော်မူရာဖြစ်သော မြောက်ဥယျာဉ်တော်တွင်းမှာ ဘ၀ရှင်မင်းတရားကြီးဘုရား သုံးလပတ်လုံး ဗိုလ်ရှုညီလာသဘင်ခံ၍ စံတော်မူပြီးလျှင် အရှင်နန်းမတော် မိဖုရားကြီး၏ရုပ်ပုံတော်ကို ရွှေသားဖြင့် သွန်းလုပ်၍ မိဖုရားကြီး စံနေတော်မူသော နန်းမတော်ဆောင်တည်းမှာပင် ရွှေပြာသာဒ်နှင့် ထားလျက် မိဖုရားကြီး ရှိတော်မူစဉ်က ခံစားထမ်းရွက်မြဲဖြစ်သော မှန်နန်းအပျိုတော်ကြီးများအားလည်း အခြားမိဖုရားများကို မခံစားစေရ၊ သက်တော်ရှိစဉ်က ခစားကြဘိသကဲ့သို့ပင် အရှင်နန်းမတော်မိဖုရားကြီး၏ ရွှေရုပ်တော်ကို ခစားကြစေပြီး မြို့စား၊ ရွာစား၊ လခရိက္ခာတော်များကိုလည်း ရှေ့ကနည်းအတိုင်း မနိမ့်မကျ ချီးမြှင့်သူကောင်းပြုတော်မူလေ၏။
ဘ၀ရှင်မင်းတရားကြီးဘုရားသည် မိမိ၏ဥသျှောင်တော်ကို ဆံတော်ရှင်များအား မထိ မကိုင်စေရ။ နေ့စဉ်နှင့်အမျှ အရှင်နန်းမတော်မိဖုရားကြီး၏ ဆံတော်ရှင်းပေးခြင်းကိုသာ ခံတော်မူခဲ့မြဲဖြစ်လေရာ မိဖုရားခေါင်ကြီး နတ်ရွာစံသောနေ့မှစ၍ မည်သည့်မိဖုရား၊ မည်သည့်ဆံတော်ရှင်းတို့ကိုမျှ ခိုင်းစေတော်မမူရုံမက ဆံတော်ကိုမျှ လုံးလုံးရှင်းတော်မမူတော့ဘဲ ဘွဲ့ဖြူ (ပိတ်ဖြူကိုဆိုလိုသည်)ဖြင့် ဥသျှောင်တော်ကို တစ်ခါတည်း အငြိမ်းရစ်ပတ်ထားတော်မူလိုက်၍ မကိုဋ်သရဖူ ဆောင်းတော်မူရန်ရှိသည့်အခါ ဘွဲ့ဖြူ ဦးခေါင်းပေါ်တော်မှပင် အလိုက်သင့်တင်၍ ဆောင်းဆင်တော်မူလေသတည်း။
(စကြာဒေဝီမိဖုရားခေါင်ကြီး နတ်ရွာစံပြီးနောက် ကျန်ရှိသော 'ဆောင်ရ' 'နန်းရ' မိဖုရားကြီးများက ဆံတော်ရှင်းပေးလိုကြသည်။ ဆံတော်ရှင်းခွင့်ရသောမိဖုရားမှာ မိဖုရားခေါင်ကြီးနေရာကို ရရှိလိမ့်မည်ဟု ထင်ကြသည်။ သို့ရာတွင် မင်းတုန်းမင်းတရားကြီးသည် ပညာရှိမင်းပီပီ နောင်ရေးကို ဆင်ခြင်တော်မူသည့်အလျှောက် မိမိဆံတော်ကို မည်သည့်မိဖုရားကိုမျှ မကိုင်စေလို၍ ဥပါယ်တံမျဉ်ဖြင့် ကိစ္စငြိမ်းအောင် ပြုမူခြင်းဖြစ်သည်။ အချို့သော အင်္ဂလိပ်လူမျိုးတို့၏မှတ်တမ်းတွင် မင်းတုန်းဘုရင်မှာ ခေါင်းတွင် အ၀တ်ဖြူတစ်ခုနှင့် အမြဲရစ်ပတ်ထားသည်ကို တွေ့ရသည်ဟု ရေးကြသည်မှာ အကြောင်းရင်းဇစ်မြစ်ကို မသိရှာ၍ ရေးကြခြင်းဖြစ်ပါသည်။)
ရတနာပုံမြို့တည်၊ နန်းတည် ပဉ္ဇမသင်္ဂါနာတင်၊ ဘ၀ရှင်မင်းတုန်းမင်းတရားကြီးဘုရားသည် ဆောင်ရ၊ နန်းရ၊ မိဖုရားကြီးငယ်ပေါင်း ငါးဆယ်ကျော်ရှိတော်မူသည့်အနက် ဤစကြာဒေဝီ မိဖုရားခေါင်ကြီးအား အထွတ်အထိပ်ထား၍ များစွာမြတ်နိုး ကြည်ဖြူတော်မူလေ၏။
စကြာဒေဝီ မိဖုရားခေါင်ကြီးမှာ အမရပူရ ဒုတိယမြို့တည် နန်းတည်(သာယာ၀တီ) သို့မဟုတ် ရွှေဘိုမင်းတရားကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးမှ ဖွားမြင်တော်မူလျက် သီရိပ၀ရ ဟိလောကရတနာ မင်္ဂလာဒေဝီဟူသော ဘွဲ့အမည်ဖြင့် ပင်တိုင်စံ သမီးတော်ကြီးဖြစ်တော်မူပြီးလျှင် ပိဋကတ်ဗေဒင်၊ ရာဇ၀င်နိပါတ် တတ်ကျွမ်းလိမ္မာ၊ ပညာရှိလက္ခဏာ အရာရာပြည့်စုံတော်မူသည့်အပြင် သုဓမ္မစာရီမင်းသမီးကဲ့သို့ အကျင့်သိက္ခာ ပြည်စုံတော်မူပေသော သမီးတော်မြတ်ဖြစ်သည့်အားလျော်စွာ ခမည်းတော် ရွှေဘိုမင်းတရားကြီးကပင်လျှင် တိုင်းရေးပြည်ရာနှင့်ပတ်သက်ရာတို့တွင် တခါတရံ သမီးတော်မြတ်ထံသို့ အကြံညဏ်တောင်းတော်မူရသော ပညာရှိမင်းသမီးကြီးတစ်ပါး ဖြစ်တော်မူလေ၏။
ခမည်းတော် ရွှေဘိုမင်းတရားကြီးဘုရား နတ်ပြည်စံတော်မူပြီးနောက် မောင်တော်၊ မင်းတော်ဖြစ်သော (အမရပူရ စတုတ္ထနန်းစံ ပုဂံမင်း) ခမည်းတော်အရိုက်အရာ စိုးစံတော်မူခဲ့ရာမှ မောင်တော်မင်းတရားမှာ တိုင်းရေးပြည်မှုကို ဂရုပြုတော်မမူဘဲ မျက်နှာတော်လွှဲလျက် နှစ်သက်တော်မူရာစရိုက်ဖြင့် လိုက်စားပျော်ရွှင်တော်မူသဖြင့် မတရားသောမြို့၀န် ဘိုင်ဆပ် စသူတို့ ကြီးစိုးလွှမ်းမိုးနေဆဲတွင် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားများအား မလိုမုန်းထားသူများ လျှောက်တင်စကားဖြင့် ပုဂံမင်း အမျက်တော်ရှိလျှင် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသား ညီနောင်နှစ်ပါးတို့မှာ အရေးဆိုက်ရောက်လာသဖြင့် နောင်တော်ကို မလွှဲသာ၊ မရှောင်သာ ခြားနားပုန်ကန်ခြင်း ပြုကြရသောအခါလည်း ပညာရှိမင်းသမီးကြီး (စကြာဒေဝီ)ပေးသောအခါတော်ဖြင့် ကြံစည် အောင်မြင်တော်မူရခြင်း၊ မင်းတုန်းမင်းသား ဘုရင်အဖြစ် ရောက်တော်မူသောအခါ ကောင်းမြတ်သောမိန်းမမြတ်တို့လက္ခဏာ အကျင့်သိက္ခာ သီလသမာဓိနှင့် ပြည့်စုံတော်မူသော (စကြာဒေဝီ) မင်းသမီးကြီးကိုပင် အဂ္ဂမဟေသီ မြှောက်တင်တော်မူခဲ့ခြင်း ဖြစ်လေသတည်း။
မင်းတုန်းမင်းတရားကြီးကား ရွှေဘိုမင်းတရားကြီးဘုရား၏ သားတော်ဖြစ်၍ ကျောက်ဆောက်မိဖုရားမှ ဖွားတော်မူသဖြင့် စကြာဒေဝီရှင်မိဖုရားကြီးနှင့် ခမည်းတော်တပါးတည်းမှ ဖွားမြင်တော်မူသော သားတော်၊ သမီးတော်များ ဖြစ်တော်မူကြသည့်အနက် မင်းတုန်းမင်းတရားကြီး၏ အလယ်နန်းမတော်မိဖုရား (ဆင်ဖြူရှင်)မှာ မင်းတုန်းမင်းတရားကြီး၏ ခမည်းတော်ရွှေဘိုမင်း၏နောင်တော်ရင်းဖြစ်သော ဘကြီးတော်ဘုရားနှင့် နန်းမတော်မယ်နုခေါ် သီရိပ၀ရတိလောက မဟာရာဇိန္ဒာ ရတနာဒေဝီ မိဖုရားမှ ဖွားမြင်တော်မူသော သမီးတော်ဖြစ်၍ မောင်နှမ၀မ်းကွဲပင် တော်စပ်တော်မူကြကြောင်း၊ သို့ဖြစ်၍ စကြာဒေဝီမိဖုရားကြီးမှလွဲ၍ အလယ်နန်းမတော်ဖုရားသာ အကြီးအကဲဖြစ်သောကြောင့် မိဖုရားခေါင်ကြီး ဖြစ်ထိုက်၍ ဘိသိက်ခံတော်မူထိုက်သော်လည်း မင်းတုန်းမင်းတရားကြီးမှာ ကြီးစွာသောသတိပညာနှင့် ရှေ့နောက်နှိုင်းဆ တွေးတော ဆင်ခြင်တော်မူတတ်လှသော နတ်ရွာစံမိဖုရားခေါင်ကြီးအားလည်း လွမ်းအားတော်မပြယ်သေးဘိအလား များစွာ စိတ်လက်ကြည်သာတော်မမူသေးသဖြင့် ထိုအရေး၊ ထိုကိစ္စများကို အရေးတကြီး စဉ်းစားတော်မမူနိုင်ရှိလေ၏။
ထိုအချိန် ထိုအခါတွင် ဘ၀ရှင်မင်းတုန်းမင်း ဘုရင်မင်းတရားကြီးမှာ ညီတော် မဟာဥပရာဇာ အိမ်ရှေ့မင်း ကံကုန်တော်မူသဖြင့် များစွာသော သားတော်များအနက်မှ တဦးတယောက်ကို အိမ်ရှေ့အပ်နှင်းတော်မူရမည့်တာ၀န်မှာ ဖယ်လွှဲတော်မမူနိုင်အောင် ကြုံကြိုက်တော်မူရပြီဖြစ်သောကြောင့် အသီးသီးသော သားတော်များမိခင်ဖြစ်သည့် မိဖုရားများမှာ မိမိတို့သားတော်များအတွက် မျှော်လင့်ချက်ရှိကြရသည့်အပြင် ၎င်းတို့အထဲမှ နန်းရ၊ ဆောင်ရမိဖုရားများသည်ကား အဂ္ဂမဟေသီဘွဲ့ထူးကိုပင် ရအံ့နိုးနိုး မျှော်ကိုးနိုင်သောအခြေများ ဆိုက်ရောက်ခဲ့ပြန်သည်။
ဆောင်ရ မိဖုရားကလေးများတွင်ကား မိမိသားတော်များ ထွန်ကားမည့်အရေးတစ်ခုကိုသာ အားကိုးပြုရရှာတော့လျက် အချို့ယောက်ျားမထွန်းကားသည့် မိဖုရားငယ်များမှာမူ အဂ္ဂမဟေသီမိဖုရားခေါင်ကြီးဖြစ်ရမည့်မိဖုရားသည် စကြာဒေဝီမိဖုရားကြီးကဲ့သို့ တရားနှလုံးပြည့်၀သူ မောင်းမမိဿံ ခြွေရံသင်းပင်းနှင့် ကျေးတော်မျိုး၊ ကျွန်တော်မျိုးများအား သနားညှာတာ ကရုဏာကြီးမားသူဖြစ်ပါစေသားဟုသာ ဆုတောင်းလျက် နေရရှာကြလေသတည်း။
ယင်းသို့သောအရေးတော်ကြောင့် ရှေ့ပိုင်းတွင် မင်းတရားကြီးဘုရား အေးဆေးစွာ စံတော်မူနေသလောက် အနောက်ဆောင်တဝိုက်တွင် တကြိတ်ကြိတ်နှင့် စိတ်ရောနှုတ်ပါ များစွာအလုပ်ရှုပ်နေကြသည့်အချိန်အခါဖြစ်၍ အသီးသီးကိစ္စများလျက် ရှိကြစဉ် မြတောင်မြို့စား ထိပ်စုဖုရားလတ်မှာမူကား အနောက်ပိုင်းရှိ အဆောင်ဆောင်သို့ လွတ်လပ်စွာ သွားလာစံနေတော်မူသူဖြစ်သည့်အတိုင်း အဆောင်ဆောင်မှ ပြောကြဆိုကြ တိုင်ပင်ကြသော အရပ်ရပ်သတင်းစကားများကို မကြားချင်အဆုံး ရှိလေ၏။
နတ်ရွာစံ စကြာဒေဝီမိဖုရားကြီးမှလွဲလျှင် မိမိမယ်တော် အလယ်နန်းမတော်ဖုရားမှာ အိမ်တော်ပါ ခမည်းတော်၏ နှမတော်၀မ်းကွဲဖြစ်သည်သာမက ဘိုးတော်ဖြစ်သော ဘကြီးတော် ဖလ်နန်းရှင် မင်းတရားကြီးဘုရား၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီးမှာ မနောဟရထီးဖြူတော်အောက်တွင် သစ်နက်ရေခံလျက် ရွှေနန်းတော်ထက်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သူလည်းဖြစ်သောကြောင့် ခမည်းတော် မင်းတုန်းမင်းတရားကြီး၏ တောင်ညာစံထား အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး မြှောက်စား ချီးမြှင့်တော် မူရန် များစွာထိုက်တန်လျက် လက်ရှိမိဖုရားများအနက်မှလည်း မယ်တော်ထက် အရည်အစားသာသောသူ မရှိဟူ၍ ယူဆတော်မူပြီးဖြစ်ရာ အခြားမိဖုရားများ အထင်အမြင်ကြီးကာ မျှော်လင့်ရှာကြသည်တို့ကိုပင် ပြုံးရယ်တော်မူချင်မိလေ၏။
အပိုင်း(၂) ဆက်ရန်
ဒဂုန်ခင်ခင်လေး
crd 👉 Shwezinu (http://shwezinu.blogspot.com/2009/12/blog-post_3139.html) & Aung Kyaw Htun (ပညာ့ဗိမာန် စာကြည့်တိုက် အ.ထ.က (၁) (လမ်းမတော်)(ကိုယ်ထူကိုယ်ထ))
No comments:
Post a Comment