Monday, August 8, 2022

ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ(အပိုင်း-၄)

 ၁၁။ အိမ်စောင့်စစ်အစိုးရ၏ ဖက်ဆစ်ခေတ်


ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့်အစိုးရသည် အောက်တိုဘာလ ၃၁ ရက်တွင် ဖွဲ့စည်းပြီးနောက် ပထမဆုံးလုပ်ငန်းစဉ်အဖြစ် ငြိမ်ဝပ်ပိပြားရေးကို အားသွန်လုပ်ဆောင်မည်ဟု စီစဉ်သည်။ နိုဝင်ဘာ ၃ ရက်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ညီလာခံကို သုံးရက်ကြာ ကျင်းပရာ အစိုးရဝန်ကြီးများက အတွင်းဝန်များ၊ ရဲအရာရှိကြီးများနှင့် ခရိုင်ဝန်များကိုပါ ဖိတ်ကြား၍ ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲမှ တဆက်တည်း တရားဥပဒေစိုးမိုးရေးအပြင် အမြတ်ကြီးစားများကို နှိမ်နင်း၍ ကုန်ဈေးနှုန်းများ ချပေးရေး၊ မြို့တော်သန့်ရှင်းရေး စသည့်လုပ်ငန်းများကို တစ်ပြိုင်နက် လုပ်ဆောင်အားထုတ်မည်ဟု ဆုံးဖြတ်သည်။


ကုန်ဈေးနှုန်းချပေးရေးလုပ်ငန်းအဖြစ် စီးပွားရေးလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးပြီး တဖက်မှ စီးပွားရေးလုပ်ငန်းများကို တပ်မတော်သက်သာချောင်ချိရေးအဖွဲ့က သိမ်းယူသည်။ စစ်သားများ သက်သာချောင်ချိရေးကို အကြောင်းပြုပြီး စစ်ဗိုလ်ကြီးများသာ ကွပ်ကဲသည့် စစ်တပ်ပိုင် စီးပွားရေးစနစ်သစ်ကို စတင်တီထွင်သည်။


“ ရွေးကောက်ပွဲကျင်းပရန်အတွက် ငြိမ်ဝပ်ပိပြားရေး လိုအပ်သည်ဟု လမ်းစဉ်ချကာ တောခိုနေကြသော ကွန်မြူနစ်သူပုန်များ နှိမ်နင်းမှုစစ်ဆင်ရေးများ ဆင်နွှဲ၍ ခြေမှုန်းသည်။ ထိုစဉ်က အစိုးရစာရင်းအရ သူပုန်အမျိုးမျိုး ၁၅ဝဝဝ ရှိသည်ကို ကျေးရွာများမှ နှင်ထုတ်နိုင်ခဲ့သည်။ သို့သော် ရှမ်းသူပုန်ဆိုသည့် သူပုန်အသစ် ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၉ ခု၊ ဧပြီလတွင် ရှမ်းစော်ဘွားများ အာဏာစွန့်ပြီးနောက် ပေါ်ပေါက်လာသည့်ဂယက်ဖြစ်၏။

စစ်ဆင်ရေးအပြင် မြေပေါ်ရှိ ကွန်မြူနစ်ဝါဒီများ နှိမ်နင်းရေးကိုလည်း ပြင်းထန်စွာ ဆောင်ရွက်ခဲ့သည်။ ကွန်မြူနစ်ဝါဒီဟု မသင်္ကာသူများကို စစ်စုံထောက်တို့၏စာရင်းအရ ဒလကြမ်း ဖမ်းဆီးသည်။ သတင်းစာဆရာများ၊ စာရေးဆရာများကိုလည်း ဖမ်းဆီးသည်။ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၄ဝဝ ကို ဖမ်းဆီးခဲ့သည်ဟု အစိုးရစာရင်းက ဆိုသော်လည်း ထိုထက် အဆများစွာ အဖမ်းခံကြရသည်ဟု အဖွဲ့အစည်းများက ယူဆ၏။


ငြိမ်ဝပ်ပိပြားရေး ဥပဒေပုဒ်မ (၅)အရ ကွန်မြူနစ်ဟု ယိုးစွပ်၍ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၄၀၀ အနက် ၁၅၃ ဦးကို ရန်ကုန်မြို့နှင့် ပင်လယ်ခရီးမိုင် ၂၆ဝ ကွာဝေးသော ကိုကိုးကျွန်း အကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ခဲ့သည်။ စာရေးဆရာ မြသန်းတင့်၊ သခင် မြသန်း၊ သတင်းစာဆရာ ရန်ကျော်၊ ဦးအုံးမြင့်၊ ကိုစောလွင်၊ ဗိုလ်အောင်ဆန်း၏ အစ်ကို ဦးအောင်သန်း၊ ပါလီမန်တွင် စစ်တပ်ကို ပြင်းထန်စွာ ဝေဖန်လေ့ရှိသူ အမတ် ဗိုလ်မြသွေး၊ သခင် ခင်ဇော်၊ သခင်မောင်၊ ဗိုလ်မျိုးမြင့်၊ ကိုကိုလေး၊ ကိုတင်စော၊ ရဲဘော်လှဝင်း၊ ကျောင်းသားခေါင်းဆောင် ကိုတင့်ဇော် စသည်တို့မှာ ပင်ပန်းကြီးစွာ ခံကြရရှာသည်။ 


အလျား ၇ မိုင် အနံ ၇ မိုင်သာရှိသော ကိုကိုးကျွန်းသို့ တနှစ်လျှင် ၆ လသာ သင်္ဘောဆိုက်ကပ်နိုင်သဖြင့် အစားအသောက် ရှားပါးပြီး ပင်ပန်းလှသည်။ အစိုးရက ခန့်ထားပို့ဆောင်ထားသည့် ကိုကိုးကျွန်း ထောင်ဆရာဝန် ဒေါက်တာဟာဘန်းဆင်မှာ အကျဉ်းသားတို့ကို ကုသပေးရင်း သူတို့ဘဝအတွက် ရင်နာသဖြင့် စိတ်ဖောက်ပြန်ကာ ရူးသွပ်သွားသည်အထိ ထိုထောင်စခန်းသည် ကြမ်းတမ်းလှသည်။


ပုသိမ်ဖက် လိပ်ကျွန်းတွင်လည်း အလားတူ အကျဉ်းထောင်တခု ဆောက်လုပ်၍ ကွန်မြူနစ်ဟု မသင်္ကာသူများကို ပို့ဆောင်ချုပ်နှောင်သေးသည်။ ဗိုလ်နေဝင်းနှင့် ဗိုလ်မောင်မောင်တို့က လက်ဝဲဝါဒီမှန်သမျှကို ပြင်းထန်စွာ ညှဉ်းဆဲသော်လည်း မိမိတို့ယုံကြည်ချက်ကို စွန့်လွှတ်သူ မရှိခဲ့ပေ။ မည်သို့ ဖိနှိပ်စေကာမူ ခံရဲကြသည်။ နှိပ်စက်သူကို အရှုံးမပေးဘဲ အနိုင်ယူကြသည်။ ဥပမာ မစွမ်းမသန်ဖြစ်နေသူ ကိုအုန်းမောင်အား ကိုကိုးကျွန်းသို့ပို့၍ နှိပ်စက်ခဲ့သည်။ စစ်အတွင်းက ဂျပန်တော်လှန်ရေးအတွက် လေထီးနှင့် ခုန်ဆင်းစဉ်တွင် ခြေကျိုးခဲ့သည်။ ထိုမှတဆင့် ဖဆပလကို တော်လှန်စဉ်က စစ်တပ်က ဖမ်းမိစဉ်တွင် ရရှိသည့် ခြေထောက်မှဒဏ်ရာကို ကုခွင့်မပြုသဖြင့် ထပ်မံခြေကျိုးရပြန်သည်။ သူ့အား ဗိုလ်နေဝင်းနှင့် ဗိုလ်မောင်မောင်တို့က ရန်ငြိုးသိုကာ ကိုကိုးကျွန်းသို့ပို့၍ ညှဉ်းဆဲသည်။ ကိုကိုးကျွန်း စခန်းသိမ်းရသောအခါ လိပ်ကျွန်းထောင်သို့ ထပ်ဆင့်ပို့ကြသည်။ အလားတူပင် ငယ်စဉ်က မြင်းပေါ်မှလိမ့်ကျသဖြင့် လမ်းလျှောက်ခြင်းမပြုနိုင်သည်သာမက တည့်မတ်စွာပင် မထိုင်နိုင်သော သခင်ဖေဌေးကိုလည်း တကျွန်းထောင်များသို့ ပို့ကာ ညှဉ်းဆဲသည်။ သူတို့နှစ်ဦးက ဦးမကျိုးဘဲ ညှဉ်းသမျှကို ရဲဝံ့စွာခံကြသည်။ 


အင်္ဂလိပ်အစိုးရလက်အောက်ခေတ်မှ မြန်မာစစ်အာဏာရှင်ခေတ်အထိ ထောင်သက် စုစုပေါင်း ၁၄ နှစ် ခံခဲ့ရသည့် သခင်ဖေဌေးသည် ထောင်အတွင်းတွင် ခေါင်းငုံ့နေလေ့မရှိဘဲ ရသင့်ရထိုက်သော အခွင့်အရေးကို အစာငတ်ခံ တိုက်ပွဲဆင်ကာ အနိုင်ရယူလေ့ရှိသည်။ အချို့တိုက်ပွဲတို့တွင် အသက်သေအံ့မူးမူး အခြေအနေရောက်မှ အာဏာပိုင်များက ​လျှော့ပေးခဲ့သည်။ ထောင်သက် ၁၄ နှစ်ကျခံရစဉ်တွင် အစာငတ်ခံသော တိုက်ပွဲဝင်ရက် ၁၅၁ ရက်ရှိခဲ့သည်။


နောက်ဆုံးတိုက်ပွဲအဖြစ် ထောင်မှလွှတ်မပေးရင် သေသည်အထိ အစာငတ်ခံမည်ဟု ကြေညာကာ ၁၉၆၁ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့က စတင်၍ အစာမစားဘဲ ဆန္ဒပြခဲ့သည်။ ၂၆ ရက်အကြာတွင် သေအံ့မူးမူးဖြစ်မှ စစ်တပ်က လွှတ်ပေးရသည်။


"အင်အားကြီးမားသော လက်နက်ကိုင်စစ်တပ်ကြီးကို ပိုင်ဆိုင်သော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ကွန်မြူနစ်မှန်သမျှ အပြတ်ရှင်းလိုသော ဗိုလ်မှူးချုပ်မောင်မောင်တို့နှင့် သူတို့၏တပ်မတော်ကြီးကို ငုတ်တုပ်ထိုင်၍ မရ၊ မတ်တတ်လည်း မရပ်နိုင်သော ဒုက္ခိတတဦးက သတ္တိ၊ စိတ်ဓာတ်နှင့် အစာငတ်ခံ တိုက်ပွဲနှင့် အနိုင်တိုက်ယူသည်မှာ မော်ကွန်းထိုးရမည့် အောင်ပွဲပါပေ။


ရာသီဥတု ဆိုးဝါးကြမ်းတမ်းသော တကျွန်းဒေသများတွင် အကျဉ်းထောင်ဆောက်လုပ်၍ ညှဉ်းဆဲရန် စီမံကိန်းကို ရေးဆွဲပြီး ကိုယ်တိုင် ကွပ်ကဲသူမှာ ဗိုလ်မှူးကြီးမောင်မောင် ဖြစ်သည်။ သူသည် ကွန်မြူနစ်တို့ကို လွန်ကျူးစွာ မုန်းတီးသူဖြစ်သည်။ သူစီစဉ်သည့် ကွန်မြူနစ်တို့အား ညှဉ်းဆဲရေးစီမံကိန်းကို ဗိုလ်ချုပ်ကြီးနေဝင်းက များစွာနှစ်သက်သဖြပ် ဗိုလ်မှူးကြီးရာထူးမှ ဗိုလ်မှူးချုပ်အဖြစ် တဆင့်တက်ပေးခဲ့သည်။


ဗိုလ်မှူးချုပ်မောင်မောင်သည် ပြည်ထဲရေးဝန်ကြီးမဟုတ်၊ အထူးအရာရှိသာဖြစ်သော်လည်း ဝန်ကြီးထက် အာဏာပြင်းသည်။ လက်စောင်း ထက်သည်။ အိမ်စောင့်အစိုးရခေတ်တွင် အာဏာအပြင်းဆုံးနှင့် ပိုင်ဆိုင်သည့်အာဏာကို ရက်ရောစွာ အသုံးပြုဆုံးသော စစ်ဗိုလ်ဖြစ်သည်။ ပုံနှိပ်တိုက်များ အုပ်ချုပ်ရေးကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းယူသည်။ ပုံနှိပ်ထုတ်ဝေသူများ ထုတ်ဝေခွင့်လိုင်စင် တကြိမ်ရရှိလျှင် အဆက်မပြတ် ထုတ်ဝေခွင့်ရှိခဲ့ကြသည်ကို ပုံနှိပ်ထုတ်ဝေခွင့်အတွက် တနှစ်တကြိမ် နှစ်စဉ်လျှောက်ရမည်ဟု ဥပဒေကို ပြင်သည်။ အယ်ဒီတာများ ထုတ်​ဝေသူများအဖို့ နောက်တနှစ်တာကာလတွင် ထုတ်ဝေခွင့် ရမှရပါမည်လောဟု အမြဲကြောက်ရွံ့နေစေရန် သူ့က ဖန်တီးသည်။ ပုံနှိပ်မှုဥပဒေပြစ်မှုကျူးလွန်သူများအား ဒဏ်ရိုက်သည့် နှုန်းထားကိုလည်း အဆများစွာ တိုးမြှင့်ခဲ့သည်။ လွတ်လပ်စွာ ရေးသားခွင့်ကို သူက ကြီးမားပြင်းထန်စွာ ဆန့်ကျင်၍ ဖိနှိပ်ခဲ့သည်။ ထိုစဉ်က စောင်ရေအများဆုံးဖြစ်သော ကြေးမုံသတင်းစာနှင့် ရန်ကုန်သတင်းစာအပြင် နိုင်ငံရေးသြဇာရှိသည့် ဗိုလ်တထောင်သတင်းစာတို့က စစ်အစိုးရကို တာဝန်ကျေအောင် ထောက်ခံခြင်းမပြုဘဲ ဝေဖန်ရေးသားကြသောကြောင့် ထိုသတင်းစာသုံးစောင်ကို ပိတ်စေ၍ အယ်ဒီတာများကို ထောင်ချခဲ့သည်။


အိမ်စောင့်အစိုးရသည် ၁၉၄၇ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာရယူထားသည်နှင့်အညီ အရပ်သားအစိုးရဌာနများသို့ ဝင်ရောက်ရာထူးယူသော စစ်ဗိုလ် ၁ဝဝ တို့သည် သူတို့ပြုသမျှကို ဥပဒေကြီးနှင့် အညီညှိကာ လုပ်ဆောင်လေ့ရှိသည်။ ဗိုလ်မှူးချုပ်မောင်မောင်သည် အခြေခံဥပဒေကြီးကို ရိုကျိုး ကိုးကွယ်မှုအပြုဆုံးအရာရှိ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပုံနှိပ်လေသမျှ သတင်းစာ၊ ဂျာနယ်၊ စာအုပ်စာတမ်းများ၊ ဘာသာရေးကျမ်းများအားလုံးတို့သည် မျက်နှာဖုံးတွင် “ယခုထုတ်ဝေသူသည် ၁၉၄၇ ခု၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို သစ္စာခံယူပါသည်၊ စောင့်ထိန်းပါမည်”ဟု ကတိသစ္စာပြုကြောင်းကို ပုံနှိပ်ဖော်ပြရသည်။ ဥပဒေကို သစ္စာခံကြောင်း ဖော်ပြခြင်းမပြုမိသော စာအုပ်များကို ဘုရားဟောကျမ်းစာဖြစ်စေကာမူ သိမ်းဆည်း ပိတ်ပင် အရေးယူခဲ့သည်။


အိမ်စောင့်အစိုးရ၏ ရွေးကောက်ပွဲ ကတိရှိစေကာမူ စစ်အစိုးရအသွင်နှင့် ရာသက်ပန် အာဏာယူထားနိုင်ရန်အတွက် ဗိုလ်မှူးချုပ်မောင်မောင်က အားထုတ်ကြိုးစားသေးသည်။ အစိုးရအဖို့ ကျောထောက်နောက်ခံ လူထုလူတန်းစား အဖွဲ့အစည်းရှိရသည်ဟု လမ်းစဉ်ချကာ “ကြံ့ခိုင်​​ရေးအဖွဲ့”အမည်နှင့် အဖွဲ့ကြီးတရပ် ဖွဲ့စည်းသည်။ အစိုးရ၏ အမိန့်အရ အစိုးရဝန်ထမ်းများက ကြံ့ခိုင်ရေးအဖွဲ့သို့ ဝင်ကြရသဖြင့် အဖွဲ့ဝင်အင်အား ကြီးမားလာသည်။ သို့သော်လည်း လူထုက လက်မခံသောကြောင့် အိမ်စောင့်အစိုးရ ဖယ်ရှားပေးရချိန်တွင် အဖွဲ့ဝင်တဦးမှ ရှာမရတော့ဘဲ အဖွဲ့ ပျက်သွားခဲ့၏။


ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရ သက်တမ်း နှစ်လမျှကြာပြီဖြစ်သော်လည်း ငြိမ်ဝပ်ပိပြားမှု စစ်ဆင်ရေးကို ဆက်တိုက်ဆောင်ရွက်ခဲ့ဓသာကြောင့် ၁၉၅၉ ခု၊ ဧပြီလတွင် ရွေးကောက်ပွဲကျင်းပရန် အခြေအ​​နေ မရှိသည်ကို တွေ့ကြရသောအခါ ပမညတနှင့် သန့်ရှင်းဆပလတို့က ဝေဖန်မှု ပြုလုပ်ကြသည်။ တည်မြဲဖဆပလတို့ကမူ ဗိုလ်ချုပ်အစိုးရက ဆက်လက်အုပ်ချုပ်၍ ကွန်မြူနစ်သူပုန်များကို အပြတ်ရှင်းပေးစေလိုကြသည်။ ဗိုလ်ချုပ်အစိုးရ နောက်ထပ် ၆ လဆက်လက် အုပ်ချုပ်ရန်လိုအပ်၍ ပါလီမန်သို့ တောင်းဆိုလျှင် မိမိတို့က လုံးဝကန့်ကွက်မည်မဟုတ်ကြောင်း တည်မြဲဥက္ကဋ္ဌ ဦးဗဆွေက ၁၉၅၉ ခု၊ ဇန်နဝါရီလတွင် ကြေညာသည်။


ပမညတတို့က ဦးဗဆွေ၏ထုတ်ဖော်ချက်အရ ဗိုလ်ချုပ်အစိုးရက ရွေးကောက်ပွဲကျင်းပရန် ရက်ချိန်းရွှေ့ဆိုင်းမည်ဟု သံသယရှိကြောင်း ထုတ်ဖော်၍ ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုသည်။ ၁၉၅၈ ခု၊ ဒီဇင်ဘာလ သန့်ရှင်းညီလာခံတွင် ဥက္ကဋ္ဌ သခင်တင်က မိန့်ခွန်းပေးရာတွင် ပြည်သူတို့မှာ “ဖက်ဆစ်ဝါဒကို ယခု မျက်မှောက် ရင်ဆိုင်နေရပါကြောင်း၊ လူထုအား ဒီမိုကရေစီအခွင့်အရေးမပေးဘဲ သေနတ်နှင့်ပစ် ခြိမ်းခြောက် အာဏာနှင့်ညှဉ်းဆဲပြီး နိုင်ငံရေးအာဏာလုသည့် လမ်းစဉ်ပေါ်နေကြောင်း၊ ထိုလမ်းစဉ်ကို အပြင်းအထန် ချေမှုန်းပြီး ဒီမိုကရေစီကျောက်တိုင်ထူရန် လိုအပ်ကြောင်း” စစ်တပ်အစိုးရကို ဦးတည်ဝေဖန် ပြစ်တင်သည်။ 


ဝန်ကြီးချုပ်ဟောင်း ဦးနုကလည်း မန္တလေးမြို့ ဟောပြောပွဲတွင် “ပြည်ထောင်စုမြန်မာနိုင်ငံသည် ယခုအခါ လမ်းသုံးခွ ရောက်နေကြောင်း၊ ဒီမိုကရေစီလမ်း, ကွန်မြူနစ်လမ်းနှင့် ဖက်ဆစ်လမ်း ဖြစ်ကြောင်း၊ နိုင်ငံကို ကွန်မြူနစ်နှင့် ဖက်ဆစ်မဖြစ်ရန် ရွေးကောက်ပွဲကို ကျင်းပရန်လိုအပ်ကြောင်း" ဟောပြောသည်။


အိမ်စောင့်အစိုးရခေတ်တွင် ဒုတိယ ​ခြေအသွက်ဆုံး စစ်ဗိုလ်မှာ အမျိုးသားစီမံကိန်းဝန်ကြီးဌာနတွင် အထူးအရာရှိအဖြစ် ရာထူးပြပြီး ဘဏ္ဍတော်ခွဲဝေသုံးစွဲမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူ ဗိုလ်မှူးကြီး အောင်ကြီးဖြစ်သည်။ သူက စစ်တပ်၏လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို စစ်တပ်အာဏာရခိုက်တွင် စွမ်းအားရှိသမျှ တိုးချဲ့ခဲ့လေသည်။


မြန်မာနိုင်ငံ တပ်မတော်သက်သာချောင်ချိရေးအဖွဲ့ကို ပြည်တွင်းစစ်ဦးကာလကပင် ဖွဲ့စည်းခဲ့သည်။ အင်းစိန်ကို ကရင်သူပုန်များ တိုက်ခိုက်စဉ်က ဝန်ကြီးချုပ်ကတော် ဒေါ်မြရီ ဦးစီး၍ တပ်ဦးရှိ တပ်သားများထံ ထမင်းထုပ်၊ မုန့်သရေစာ၊ ငှက်ပျောသီး စသည့် လက်ဆောင်များ ပေးခဲ့သည်။ ထို့ပြင် စစ်တပ်ပိုင်သော ဆိုင်များတွင် အရာရှိများအတွက် ဖိနပ်၊ ဆေးဘူး၊ သွားတိုက်ဆေး စသည့် နိုင်ငံခြားလုပ်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချခဲ့သည်။ ထိုဆိုင်များကို တိုးချဲ့၍ စစ်သားများ စားသုံးသည့် ငါးပိ၊ ငံပြာရည် စသည်တို့ကို လျှော့ဈေးနှင့် ရောင်းချခဲ့သည်။


၁၉၅၁ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်ထောက်ပံ့ရေးအဖွဲ့ အမည်နှင့် ဖွဲ့စည်းကာ အစိုးရကချေးသော ငွေကျပ် ၆၀၀,၀၀၀ ကို အရင်းပြု၍ စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့သည်။ ပြည်တွင်း ပြည်ပ ကုန်စည်များကို ဝယ်ယူပြီး တပ်မတော်သားတို့အား ဖြန့်ချီခဲ့သည်။ ထိုမှတဆင့် တိုးချဲ့ကာ စာအုပ်တိုက်တခု (ပညာလက်ရုံးစာပေတိုက်)ကို တည်ထောင်သည်။ ထိုနောက် စစ်ဖိနပ်ချုပ်လုပ်ငန်း၊ မြဝတီမဂ္ဂဇင်း ထုတ်ဝေမှု လုပ်ငန်း စသည်တို့ကို တိုးချဲ့ခဲ့သည်။


၁၉၅၈ ခုနှစ်၌ အိမ်စောင့်အစိုးရတက်လာချိန်တွင် တပ်မတော်ထောက်ပံ့ရေးအဖွဲ့က ဟီးဘတ်စ်ကား အသစ်စက်စက် ၂၄ စီးကို ဝယ်ယူ၍ ရန်ကုန်မြို့တွင်း၌ ခရီးသည် ပြေးဆွဲခဲ့သည်။ ခရီးတိုများ ပြေးဆွဲရန် သုံးဘီးကားများကို တင်သွင်းပြီး စစ်ဗိုလ်များနှင့် စစ်ဗိုလ်လူထွက်များကို လျှော့ဈေးနှင့် ဖြန့်ချီခဲ့သည်။ ထိုလုပ်ငန်းတို့အတွက် အစိုးရက သွင်းကုန်လိုင်စင်များ ထုတ်ပေးရစေကာမူ အကောက်တော်ခွန် စသော အခွန်အတုတ်များ မပေးရသဖြင့် အဖွဲ့တွင် အမြတ်ကြီးစွာ ရရှိကာ ငွေပင်ငွေရင်းများစွာ တိုးပွားလာခဲ့သည်။ ဘတ်စ်ကားကြီးများကို မှောင်ခိုရောင်းစားသည်။


အစိုးရဌာနများအတွက် နိုင်ငံခြားမှ တင်သွင်းသော ကုန်စည်များကိုလည်း တပ်မတော်ထောက်ပံ့ရေးအဖွဲ့ မှသာတဆင့် တင်သွင်းရမည်ဟု အမိန့်ထုတ်ကာ ကန်ထရိုက်လုပ်ငန်းများကို သိမ်းယူသည်။ ဥပမာ မီးရထားဌာနနှင့် လျှပ်စစ်ဓာတ်အားပေးဌာနအတွက် မီးသွေးတန်ချိန် သုံးသန်းခန့်ကို အိန္ဒိယမှဝယ်ယူတင်သွင်းရာ ဟဲလဂါးစ်အမည်ရှိ ဂျူးကုမ္ပဏီတခုက ကန်ထရိုက်ရထားသည်ကို အဖွဲ့ သို့ လွှဲပြောင်းပေးစေသည်။ တပ်မတော်ထောက်ပံ့ရေးအဖွဲ့က တိုက်ရိုက်လုပ်ကိုင်နိုင်ရန် ကျွမ်းကျင်သူ မရှိသဖြင့် မူလကုမ္ပဏီကိုပင် တဆင့်ခံအဖြစ် ဆက်လက်တင်သွင်းစေခဲ့သည်။ “မူလကုမ္ပဏီကို ပေးရတဲ့ အမြတ်အပြင်၊ တပ်ထောက်ပံ့ရေးအဖွဲ့အတွက်ပါ အမြတ် နှစ်ထပ်ကွမ်း ပေါင်းစပ်ပေးရတော့ အစိုးရဌာနတွေအဖို့ မီးသွေးစရိတ် ပိုပေးပြီး ဝယ်ကြရတယ်”ဟု မီးရထားဌာနမှ အရာရှိကြီးတဦးက ထုတ်ဖော်ပြောရှာသည်။


ယင်းလုပ်ငန်းများမှ အမြတ်ကြီးစွာ ရလာသောအခါ ဘဏ်လုပ်ငန်း၊ ပင်လယ်ကူးသင်္ဘောလုပ်ငန်းများအထိ တိုးချဲ့ခဲ့သည်။ အဖွဲ့ ကိုလည်း မြန်မာပြည်စီးပွားရေး ကော်ပိုရေးရှင်းဟု ဖွဲ့စည်း၍ စီးပွားရေးလုပ်ငန်း ၄၀ ကို လက်ဝါးကြီးအုပ် လုပ်ကိုင်လေတော့သည်။


ဘီပီအိုင် ဆေးထုတ်လုပ်ရေးလုပ်ငန်း၊ မန္တလေး ဗျစ်စက်ရုံ၊ အင်းယားလိတ်ဟိုတယ်၊ ပြည်တွင်းဖြစ် အရက်ဖြန့်ချီရေး၊ ဆောက်လုပ်ရေးလုပ်ငန်း စသည်ဖြင့် အလွယ်မြတ်သော လုပ်ငန်းမှန်သမျှကို လွှဲပြောင်း သိမ်းယူ၍ လုပ်ကိုင်သည်။ အပေါင်ဆိုင်လုပ်ငန်းကိုလည်း အဖွဲ့က တာဝန်ယူ လုပ်ဆောင်ရာတွင် အပေါင်ဆိုင်များကို မူလတရုတ်များက အဖွဲ့ ၏ကိုယ်စားလှယ်အဖြစ် ဆက်လက်လုပ်ကိုင်ပြီး လုပ်ငန်းအမြတ်ခွဲဝေယူသည်သာ ဖြစ်၏။ လူထုအဖို့ အမြတ်နှစ်ဆ ပေးကြရပေသည်။


တဖက်မှာလည်း အစိုးရက နိုင်ငံခြားမှ ကုန်ဝယ်ခွင့် သွင်းကုန်လိုင်စင် ကျပ် သုံးသန်းဖိုး (၃,ဝဝဝ,ဝဝဝ) နှစ်စဉ် ထုတ်ပေးရသေးသည်။ ထိုအချိန်က နိုင်ငံခြား သွင်းကုန်လိုင်စင်တန်ဖိုးမှာ ၁ဝဝိ/တန်လျှင် ၃ဝဝဝိ/ မြတ်သည်။ ရာခိုင်နှုန်းအားဖြင့် သုံးဆယ်ရာခိုင်နှုန်းအထိ အမြတ်ရှိပြီး အဖွဲ့ အဖို့ အခွန်တော်မှန်သမျှ ကင်းလွတ်ခွင့်ကလည်း ရရှိသေးသောကြောင့် စစ်ဗိုလ်ကြီးများအဖို့ ငွေများကို သဲ့ယူနေခဲ့ကြသည်။ ယင်းကဲ့သို့ လုပ်ငန်းကြီးများ စတင်ခြင်းမပြုမီ စစ်စုံထောက်များက စုံစမ်းပြီး အမြတ်ကြီးစားသည်ဟု တွေ့ ရှိသည်ဆိုသော ကုန်သည်ကြီးများကိုလည်း ဖမ်းဆီးကာ ကုန်စည်များကို သိမ်းယူခဲ့သေးသည်။


အိမ်စောင့်အစိုးရခေတ်တွင် လူထု၏ငြိုငြင်မှုကို ခံရဆုံး စစ်ဗိုလ်မှာ ဗိုလ်မှူးကြီးထွန်းစိန်ဖြစ်သည်။ သူသည် ရန်ကုန်မြို့ပေါ်ရှိ ကျူးကျော်တဲအိမ်များကို အပြတ်ရှင်းအောင် ဖျက်ပစ်ရမည်ဟု ဗိုလ်ချုပ်ကြီးနေဝင်း၏အမိန့်အတိုင်း တဲများကို ဆွဲဖျက်ပေးခဲ့သူဖြစ်သဖြင့် လူထုက မုန်းတီးခြင်း ခံရသည်။ ရန်ကုန်မြို့တော်မှ တဲအိမ်ပေါင်း ၁၆၇,၀၀၀ ကို ဖျက်ကာ ရေမရှိ၊ လမ်းမရှိ၊ မီးမရှိသော ဒေသတို့တွင် မြို့သစ်တည်စေသည်။ လွင်တီးခေါင် ရှိနေခဲ့သည့် သာကေတ၊ ဥက္ကလာပ တောင်နှင့်မြောက်တို့မှာ သူ တည်ဆောက်သည့်မြို့များ ဖြစ်လာသည်။


မြို့တော်မှ နှင်ထုတ်လိုက်သဖြင့် ဟင်လင်းပြင်ဖြစ်သွားသော မြေကွက်များကို ဗိုလ်မှူးကြီးထွန်းစိန်ကပင် စစ်ဗိုလ်များအား စနစ်တကျ နေရာချထားပေးရလေသဖြင့် လူထုက ထပ်ဆင့်ငြိုငြင်သည်ကို ခံရပြန်သည်။


စစ်ဗိုလ်တို့သည် တရားဝင်ပိုင်ဆိုင်ခွင့် မြေကွက်ဂရန်ရသည်နှင့်တစ်ပြိုင်နက် ဗိုလ်မှူးကြီးအောင်ကြီးတို့ ဖွင့်ထားသည့် အင်းဝဘဏ်သို့ မြေကွက်ကို အပေါင်ပစ္စည်းအဖြစ် အပ်နှံကာ ငွေချေးနိုင်ကြသည်။ ဘဏ်က ရသောချေးငွေနှင့် အိမ်ဆောက်၍ တိုက်အိမ်ပိုင်ဆိုင်သူများ ဖြစ်လာကြသည်။ စစ်ဗိုလ်ကြီးများသည် မိဘဆွေမျိုး သားမယားအမည်နှင့် မြေကွက်များ လျှောက်ထားရယူကာ ဘဏ်မှငွေချေး၍ အိမ်များ ဆောက်လုပ်ကြသည်။ မြေကွက်ကောင်းရသူက အိမ်ကောင်းဆောက်ကာ နိုင်ငံခြားသားများကို ငှားကြသည်။ မြေလွတ်မြေကွက်ရှာ၍ လျှောက်လွှာတင်ပြီး လျှောက်လွှာကျသည်နှင့် ငွေမလိုဘဲ အင်းဝဘဏ်ချေးငွေနှင့် အိမ်ပိုင်ဖြစ်နိုင်လေရာ စစ်ဗိုလ် ကြီးငယ်တို့သည် စုပြီးဆောင်းပြီး ငွေမရှိဘဲနှင့် အိုးအိမ် လေးငါးလုံး ပိုင်ဆိုင်သူများ ဖြစ်လာကြသည်။


ဗိုလ်ချုပ်ကြီးနေဝင်း၏ဇနီး ဒေါ်ခင်မေသန်းကိုယ်တိုင် ဝေစု ဝင်ယူသည်။ သားသမီးရှိသမျှအတွက် သားသမီးများအမည်နှင့် တဦးလျှင် မြေတကွက်စီ လျှောက်ထားခဲ့သည်။ ထိုမြေကွက်များကို အင်းဝဘဏ်သို့ ပေါင်ကာ အိတ်ထဲမှ ငွေတပြားမှ မသုံးဘဲ အိမ်ဆောက်သည်။ နိုင်ငံခြားသံရုံးများသို့ ငှားထားကာ ကလေးများအဖို့ အရင်းမရှိသော ဝင်ငွေကို ငယ်စဉ်ကပင် ခံစားစေခဲ့သည်။


ဗိုလ်ချုပ်ကြီးစန်းယု ဦးစီး၍ စစ်ဗိုလ်ကြီးများ နေထိုင်ရန်လျာထားသော ချင်းချောင်းခြံကွက်သစ်ကို ဖျက်စဉ်က ကြေးမုံသတင်းထောက် ကိုရွှေမောင်က သတင်းဓာတ်ပုံတစုံကို ရိုက်ကူးနိုင်ခဲ့သည်။ တဲကလေးတခုတွင် ဆင်းရဲသားမိသားစု လေးဦး ထမင်းစားနေကြပုံ၊ စစ်တပ်မှ စစ်ကားကြီးများ ရောက်လာပုံ၊ စစ်သားများက မြေညှိစက်ကြီးများနှင့်ထိုး၍ တဲကို ဖျက်ကြသဖြင့် ထမင်းပွဲ ပျက်သွားပုံ၊ ထမင်းအိုး ဟင်းအိုးများ မြေကြီးထဲ ပါသွားပုံတို့ကို အဆင့်ဆင့် ပေါ်လွင်အောင် ရိုက်ကူးဖော်ပြနိုင်ခဲ့သည်။


ထိုသတင်းဓာတ်ပုံကို မြင်ရသော သန့်ရှင်းခေါင်းဆောင် ဦးနုက “ပြည်သူတို့မှာ ဘာမှ ပြန်မပြောဘဲ ဒူးနှင့် မျက်ရည်သုတ်နေရပါပြီ”ဟု ရာဇဝင်တင်ရမည့် ဟောပြောချက်ကို ပြောဆိုပြီး စစ်တပ်က ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပပေးပါတော့ဟု ကျယ်လောင်ပြင်းထန်စွာ တောင်းဆိုတော့သည်။


တိုတောင်းသည့်အချိန်ကာလအတွင်း၌ပင် ဗိုလ်ချုပ်နေဝင်း၊ အိမ်စောင့်အစိုးရသည် ဖက်ဆစ်လမ်းစဉ်ကျင့်သုံးသည်ဟု လူထုက သိလာသဖြင့် စစ်တပ် လက်ဝါးကြီးအုပ် အာဏာရှင်စနစ်ကို နိုင်ငံရေးရပ်ကွက်က အတိအလင်း ဝေဖန်ကြကာ သူတို့လက်အောက်မှ လွတ်မြောက်ရန် အားထုတ်ကြလေတော့သည်။


* * *


၁၂။ ရွေးကောက်ပွဲ ကျင်းပပေးရန် ဆုံးဖြတ်ရခြင်း


ဗိုလ်နေဝင်းသည် အိမ်စောင့်အစိုးရအဖြစ်မှ ပြန်မဆင်းတော့ဘဲ ရာသက်ပန် စစ်အစိုးရ တည်ဆောက်ရန် ကြီးစွာ အားထုတ်ခဲ့သည်။ ရွေးကောက်ပွဲကို တဖြည်းဖြည်း ရွှေ့ဆိုင်းကာ ကျင်းပခြင်း မပြုတော့ရန် အမျိုးမျိုးကြံစည်ခဲ့သည်။ ကြံ့ခိုင်ရေးအဖွဲ့ကို လူထုလူတန်းစားအဖွဲ့အဖြစ် အမာခံထား၍ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ရန် စီစဉ်သော်လည်း ကြံ့ခိုင်ရေးအဖွဲ့သည် သင်္ကြန်အမြောက်သာ ဖြစ်နေသည်။ စစ်ဗိုလ်ကြီးများက ဖွဲ့စည်းသဖြင့် အစိုးရအလိုကျ ပါဝင်ကြသောကြောင့် အဖွဲ့ဝင်ဦးရေ များပြားသော်လည်း ဟန်ပြအဖွဲ့ဝင်များသာ ဖြစ်နေသည်။


လူထုကလည်း အိမ်စောင့်စစ်အစိုးရကို မုန်းတီးလှလေပြီ။ သန့်ရှင်းနှင့် ပမညတတို့ကလည်း စစ်အစိုးရဆန့်ကျင်ရေးကို အမျိုးမျိုး ဝေဖန်၍ ပွင့်ပွင့်လင်းလင်း ရဲရင့်စွာ ဟောပြောနေကြသည်။ တနေ့တွင် ပမညတအမတ် သခင်ချစ်မောင်က ရာဇဝင်တွင်မည့် မိန့်ခွန်းကြီးတခုကို လွှတ်တော်၌ ပြောကြားသည်။ သူက ဝိဓူရဇာတ် ဥပမာပြုသည်။ ကောရဗျမင်းနှင့် ပမာတူသော ဦးနုနှင့် ပုဏ္ဏကဘီလူးနှင့် တူသော ဗိုလ်နေဝင်းတို့နှစ်ဦး ကြွေအံကစားသောအခါ ဘုရင်က ရှုံးသဖြင့် ပညာရှိဝိဓူရအမတ်ကို ဘီလူးလက်သို့ အပ်ခဲ့သည်။ ဝိဓူရအမတ်ကို ပုဏ္ဏကဘီလူးက မြင်းတွင် ချီတုတ်ကာ တောင်စဉ်ခုနစ်ထပ်ကို စိုင်း၍ တောင်စွယ် တောင်ထွဋ်များနှင့်တိုက်ကာ နှိပ်စက်သည်။ မိမိတို့ ပမညတများနှင့် လူထုမှာ ဝိမုရအမတ်ကဲ့သို့ သွေးအလူးလူးနှင့် ခံစားကြရကြောင်း၊ ဘီလူးက ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းဆဲကြောင်းကို ဇာတ်ကြီးဆယ်ဘွဲ့မှ ဆရာတော် မင်းဘူးဦးသြဘာသ၏ ဘာသာရေးရသစာပေမှ အဖွဲ့အနွဲ့ကို ထပ်ကွန့်၍ ပြောင်မြောက်စွာ တင်စားပြောကြားလေသည်။ စကားပြောကောင်းလှသဖြင့် သခင်ချစ်မောင်အား “ဝိဓူရ သခင်ချစ်မောင်”ဟု ဘွဲ့ သစ်ရသွားသည်။


ထိုမိန့်ခွန်းကို ဗမာ့အသံမှ လွှင့်သဖြင့် ကြားရသူ တနိုင်ငံလုံးမှ လူထုကြီးက မိမိတို့ခံစားနေရသော ဖက်ဆစ်စစ်တပ် နှိပ်စက်မှုများအတွက် မျက်ရည်မဆည်နိုင်ဘဲ နားထောင်ပြီး မိန့်ခွန်းကို ထောက်ခံကြသည်။ လွှတ်တော်အစည်းအဝေးတခုလုံးမှာလည်း ငြိမ်သက်သွားခဲ့တော့သည်။ မူလက ရွေးကောက်ပွဲ ကျင်းပခြင်းမပြုဘဲ ရာသက်ပန် စစ်အစိုးရတည်ဆောက်ရန် လုပ်ဆောင်နေသည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည်ပင် သခင်ချစ်မောင်၏ မိန့်ခွန်းကိုနားထောင်ရင်း သတိတရားရကာ ရွေးကောက်ပွဲ ကျင်းပပေးရန် ဆုံးဖြတ်လိုက်သည်ဟု အတွင်းသတင်းများ ထွက်လာသည်။ သို့သော် မြန်မာလူထုအား အတိအလင်း အသိမပေးဘဲ နှုတ်ပိတ်ထားခဲ့သည်။ 


၁၉၅၉ ခု၊ ဇွန်လ ၇ ရက်နေ့တွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဗိုလ်နေဝင်း အိန္ဒိယသို့ ခရီးထွက်ရာ ကုလားသတင်းစာဆရာများက ရွေးကောက်ပွဲကို ကျင်းပပေးပါမည်လောဟု ဖိ၍မေးကြသဖြင့် ဗိုလ်နေဝင်းက “ရွေးကောက်ပွဲ ကျင်းပပေးမည်မှာ အမှန်ဖြစ်ပါသည်။ ဧပြီလထဲ၌ ကျင်းပပါမည်”ဟု ဖြေခဲ့သည်။ ထိုဖြေကြားချက်ကို အကြောင်းပြုကာ မြန်မာ့လွှတ်တော် အစည်းအဝေးတွင် အမတ်များက မေးခွန်းထုတ်ကြသဖြင့် နိုင်ငံခြားဌာနနှင့် တရား​ဌာနဝန်ကြီး ဦးချန်ထွန်းအောင်က “အထွေထွေရွေးကောက်ပွဲကြီးကို ၁၉၆၀ ဇန်နဝါရီလ နောက်ဆုံးပတ် သို့မဟုတ် ဖေဖော်ဝါရီလ ပထမအပတ်တွင် ကျင်းပပေးပါမည်”ဟု တရားဝင်ထုတ်ဖော်သည်။ ကျင်းပမည့် ရွေးကောက်ပွဲကြီးအတွက် မဲဆန္ဒပေးခြင်းကို တနေ့တည်းနှင့် ပြီးပြတ်အောင် ကျင်းပမည်ဟုလည်း ရှင်းပြ၏။


ရွေးကောက်ပွဲ ကျင်းပရန် ခိုင်မာသောကတိကို ရရှိသောအခါ အမတ်မင်းများက တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရန် လိုအပ်ကြောင်း၊ ဗိုလ်နေဝင်း၏ အိမ်စောင့်အစိုးရက ဘက်မလိုက်ဘဲ သမာသမတ် မျှတသော ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးကြပြီး အကြံပေးကြလေသည်။ နောက်ဆုံးတွင် ပြည်သူ့လွှတ်တော်အမတ် အထွေထွေရွေးကောက်ပွဲကြီးကို ၁၉၆၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ စနေနေ့တွင် တနိုင်ငံလုံး တချိန်တည်း ကျင်းပပါမည်ဟု ကြေညာပြင်ဆင်ရတော့သည်။


ရွေးကောက်ပွဲ ကျင်းပပေးရန် ဆုံးဖြတ်ရသည့် အကြောင်းတခု ရှိသေးသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုက အနုနည်းရော အကြမ်းနည်းပါး အသုံးပြု၍ ဗိုလ်နေဝင်း၏အိမ်စောင့်အစိုးရကို အပြီးအပြတ်တိုက်ရန် စီစဉ်သည့်သတင်းကိုဗိုလ်နေဝင်း သိရှိသောကြောင့် နောက်ဆုတ်ပေးခြင်းလည်း ဖြစ်သည်။ အကယ်၍ ဦးနုက စစ်တပ်အစိုးရကို အပြတ်တိုက်ပါလျှင် ထိုစဉ်က လူထု၏စိတ်ဓာတ်မှာ အုံကြွနေပြီဖြစ်သဖြင့် စစ်တပ်ရှုံးမှာ သေချာသည်ကို ဗိုလ်နေဝင်းက ကောင်းစွာ သိရှိသည်။ မိမိ၏နောက်တွင်ရှိသော စစ်တပ်ကြီး၏အရည်အသွေးနှင့် သတ္တိကိုလည်း ဗိုလ်နေဝင်း ကောင်းစွာ သိရှိသည်။ ပြည်တွင်းစစ်တလျှောက်လုံး စစ်တပ်မှ စစ်ဗိုလ်အများစုသည် ရန်သူမလာမီက တပ်ဆုတ်၍ ပြေးလေ့ရှိကြသည်။


ဦးနုကလည်း တပ်မတော်ဟု သိဒ္ဓိတင်ထားသော စစ်တပ်အကြောင်းကို ကောင်းစွာ သိရှိသည်။ ပြည်တွင်းစစ်ခေတ်က ဦးနုသည် တပ်ဦးသို့ ကိုယ်တိုင်သွားခဲ့သဖြင့် စစ်ဗိုလ်များ၏သတ္တိကြောင်ပုံများကို ကိုယ်တွေ့မျက်မြင် မြင်တွေ့ခဲ့ရသည်။ နယ်မြို့များတွင်ရှိသော စစ်တို့သည် ကရင်သူပုန်၊ ကွန်မြူနစ်သူပုန်နှင့် ရဲဘော်ဖြူသူပုန် ဟူသော လက်နက်ကိုင် သူပုန်သုံးမျိုးတို့မှ တမျိုးမျိုးချီလာသည်ဟု သတင်းရသည်နှင့် မိမိတို့ တပ်စွဲထားသည့်မြို့မှ လျှင်မြန်စွာ ထွက်ပြေးလေ့ရှိကြသည်။ စစ်ဗိုလ်တို့သည် နယ်မြို့များမှ ထွက်ပြေးရသည့်အခါများတွင် သူပုန်တို့ ဖောက်ဖျက်ယူမည်ကို တားဆီးရမည်ဟု အကြောင်းပြကာ ငွေတိုက်များကိုဖွင့်၍ ငွေများကိုယူဆောင်ကာ ပြေးလေ့ရှိသည်။ စစ်ဗိုလ်များ ဖွင့်ယူသွားသည့် ငွေများသည်လည်း ပျောက်ပျက်သွားကြသည်။ သူပုန် ဖောက်သည်ဟုပင် ပြောကြသေးသည်။ မြို့ကြီးတမြို့မှ ဆုတ်ခွာလာသော စစ်ဗိုလ်ကြီးက ရန်ကုန်တွင် ရာတန် အထပ်လိုက်ကိုင်ပြီး မဂ္ဂဇင်းတိုက် တည်ထောင်သဖြင့် စာရေးဆရာများပင် ရာတန်များ ဝေစုရသူတို့ ရရှိကြသေးသည်။


ဗမာ့တပ်မတော်သည် ဘီအိုင်အေခေတ်က အကျင့်များကို ကျင့်သုံးကြဆဲပင် ရှိနေသည်။ စိတ်ဓာတ် ဖောက်ပြန်နေကြသည်။ ထိုအထဲတွင် စစ်ဗိုလ်များသည် နိုင်ငံခြားသို့ သွားရောက်ကာ စစ်သင်တန်းတက်ခွင့်ကိုသာ ရှေးရှုနေကြသည်။ 


ဦးနုကလည်း ကောင်းစွာသိသည်။ မန်းကို ကရင်များ သိမ်းစဉ်က ဝန်ကြီးချုပ်ကိုယ်တိုင် စစ်ကိုင်းမြို့၌ ရုံးထိုင်၍ သူပုန်များကို ပြန်တိုက်ရန် ကွပ်ကဲခဲ့သည်။ မုံရွာဘက်တွင် စစ်တပ်က ပြေးသဖြင့် ရဲတပ်နှင့် အရပ်သားအရာရှိများ စုရုံးကာ ခုခံခဲ့ရသည်။ စစ်တပ်မှစစ်ဗိုလ်အများစုမှာ တိုက်သူများ မဟုတ်ကြဘဲ အပြေးသန်သူများသာ ဖြစ်ခဲ့သည်ကို ဦးနုသိသည်။ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် လူထုက ပိုသိကြသည်။ လက်နက်မရှိသူကိုသာ ညှဉ်းဆဲ သတ်ဖြတ်ခဲ့သည့် စစ်တပ်၏သတ္တိကို သိကြသဖြင့် လူထုက စစ်တပ်ကို ရွံ့ရှာနေကြသည်။ ထိုစဉ်က လူထုက ဒင်းတို့အား မကြောက်။ 


သို့သော် ဦးနုက အိမ်စောင့်အစိုးရကို ပထမနည်းအဖြစ် အနုနည်းနှင့်တိုက်ရန် လမ်းစဉ်ချခဲ့သည်။ လက်ရွေးစင် သန့်ရှင်းခေါင်းဆောင်များနှင့် ညှိကာ ငြိမ်းချမ်းစွာ အာဏာဖီဆန်သောနည်းနှင့် တိုက်ပွဲဆင်ရန် စီစဉ်ကြသည်။ 


အာဏာဖီဆန်ရေးတိုက်ပွဲတွင် 

(၁) အကြမ်းမဖက်ဖြစ်စေရန် 

(၂) စည်းကမ်း​သေဝပ်ရန်နှင့် 

(၃) တဗိုလ်ကျလျှင် တဗိုလ်တက်ရန် ဗိုလ်လောင်းများ စုဆောင်းပြီး သင်တန်းများဖွင့်၍ ဒီမိုကရေစီတိုက်ပွဲ နိုင်ငံရေးလမ်းစဉ်ကို လျှို့ဝှက်လေ့ကျင့်ပေးခဲ့သည်။


ထိုအခါ အိမ်စောင့်အစိုးရကို လက်နက်ကိုင်ပြီး တော်လှန်ပါရစေဟု အဖွဲ့ဝင်အချို့တို့က ဦးနုအား တင်ပြကြသည်။ “ဗြိတိသျှအစိုးရကို အာဏာဖီဆန်ရတာ လွယ်သည်။ ဗြိတိသျှအစိုးရက လူထုဆန္ဒကို လေးစားသည်။ ဥပဒေကို စောင့်သိရိုသေသည်။ အာဏာဖီဆန်သော လူထုကို ကြီးစွာ အန္တရာယ်ပြုမည်မဟုတ်။ ဗမာစစ်တပ်သည် ဥပဒေကို ရိုသေသူများမဟုတ်၊ လက်နက်မပါသော လူထုကို သတ်ဖြတ်မည်မှာ သေချာသည်။ သူတို့ကို လက်နက်နှင့် ပြန်တိုက်မှ ကြောက်မည်ဖြစ်သည်၊ လက်နက်နှင့်သာ ပြန်တိုက်ပါက သူတို့ ပြေးကြမည်မှာ သေချာပါသည်”ဟု တင်ပြကြသည်။


ဦးနုက လက်ခံပြီး အနုနည်းတိုက်ပွဲအပြင် လက်နက်ကိုင်တော်လှန်ရေးကိုပါ ပြင်ဆင်သည်။ အင်အားစုသည်။ ဤသို့ ဝန်ကြီးချုပ်ဟောင်း ဦးနုက စီစဉ်နေသည်ကို ဗိုလ်နေဝင်းသိသောအခါ လူထုက စစ်တပ်ကို မုန်းတီးမှု ပြင်းထန်နေချိန်ဖြစ်သဖြင့် စစ်တပ်ရှုံးလေမည်ကို သိသောကြောင့် လူထုလိုလားသော ရွေးကောက်ပွဲကို ကျင်းပပေးပါမည်ဟု ရက်ချိန်းပေးကာ ခြေလှမ်းတလှမ်း နောက်သို့ ဆုတ်ပေးခဲ့သည်။


ဗိုလ်နေဝင်းက နောက်ဆုတ်ပေးခဲ့သည်မှာ မှန်၏။ အားမတန် မာန်မလျှော့ဘဲ စစ်တပ်က ရွေးကောက်ပွဲကျင်းပခြင်း မပြုပါက လူထုအင်အားနှင့် စစ်တပ်ပျက်ရပေမည်မှာ မုချဖြစ်သည်။ ထိုစဉ်က စစ်တပ်ပြုတ်လျှင် စစ်ဝါဒ နာလံထူနိုင်မည် မဟုတ်ပေ။ ယခု ရွေးကောက်ပွဲကျင်းပပေးရန် မကြညာ၍ ပြင်ဆင်ရစေကာမူ ဗိုလ်နေဝင်းက “နေသေးသပ ချုံထဲက၊ ချိုသွေးတမြမြ”ဟူသော စကားပုံကဲ့သို့ ချိုသွေးနေခဲ့သည်။ စစ်တပ်သည် ရွေးကောက်ပွဲ ကျင်းပပေးရစေကာမူ စစ်တပ်က မကြိုက်သူများ လက်မခံနိုင်သူများကို လူထုက မဲဆန္ဒနှင့် ရွေးကောက်တင်မြှောက်လျှင် စစ်တပ်က တမျိုးတဖုံ တုံ့ပြန်မည်ဟု လျှို့ဝှက်အမိန့်ထုတ်ခဲ့သည်။


၁၉၅၉ ခု၊ နိုဝင်ဘာလ ၁ ရက်နေ့စွဲနှင့် စာအမှတ် ၁၆၅ မျဉ်းစောင်း အစရ မျဉ်းစောင်း၊ စဆရကို တပ်မတော် ကြည်း၊ ရေ၊ လေ အရာရှိအားလုံးတို့ထံ ပေးပို့ခဲ့သည်။ ဤအမိန့်ကို ရရှိကြောင်း အရာရှိအားလုံးက စာပြန်ရမည်ဟု ညွှန်ကြားချက်နှင့် ဒုကာကွယ်ရေးဦးစီးချုပ် (ထိုစဉ်က ဗိုလ်မှူးကြီးအောင်ကြီး)ကိုယ်စား ဗိုလ်မှူးကြီးတဦးက လက်မှတ်ရေးထိုး၍ အောက်ပါအတိုင်း ထုတ်ပြန်ခဲ့လေသည်။


လျှို့ဝှက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ

ကာကွယ်ရေး ဝန်ကြီးဌာန

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) 

အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သတိကြီးစွာဖြင့် လုပ်ဆောင်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ထုတ်ဖော်ညွှန်ပြသည့် အမိန့်


ရည်ရွယ်ချက် 

၁။ ဤအမိန့် ထုတ်ဆင့်ရခြင်း၏ ရည်ရွယ်ချက်မှာ... 

(က) အဖြစ်နိုင်ဆုံး တရားမျှတသော အထွေထွေရွေးကောက်ပွဲဖြစ်စေရန်နှင့်

(ခ) တပ်မတော်က ရရှိနေသော ပြည်သူလူထု၏ ယုံကြည်လေးစားမှုကို ဆက်လက်ရရှိနေရန် ဖြစ်သည်။

ဆင်ခြင်သုံးသပ်ရန် အရေးကြီးသည့်အချက်များ


၂။ ပြည်သူလူထုအများစုသည် ဒီမိုကရေစီတွင် ခေတ်နောက်ကျလျက်ပင် ရှိသေးသည်။ အရှည်အဝေးကို ဝေဖန်နိုင်စွမ်းရှိသောလူထု မဟုတ်သေးချေ။ ပြောတတ်လျှင် ယုံလွယ်သည်။ မေ့မေ့ပျောက်ပျောက်လည်း နေတတ်ကြသည်။ မုန်းလွယ်ချစ်လွယ်တတ်တယ်။ အတိတ်တွင် အဘယ်မျှပင် အပြစ်တွေ အမှားတွေ တွေ့ရှိခဲ့စေ၊ ကျူးလွန်ခဲ့စေကာမူ မျက်စိရှေ့တွင် အဖိနှိပ်ခံလာရသည်ကို မြင်လာလျှင်ဖြစ်စေ၊ မတရားမှု အပြုခံရသည်ဟု ထင်လာကြလျှင် ဖြစ်စေ၊ ထိုခံရသူများဘက်သို့ ကရုဏာသက်၍ တိမ်းညွတ်တတ်သည်။ ရံဖန်ရံခါတွင်လည်း အာဏာပြလွန်းသော အာဏာပိုင်များအား အရွဲ့တိုက်လေ့ရှိသည်။


၃။ ပြီးခဲ့သော တပ်မတော်ညီလာခံ၌ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြောကြားချက်များကို နောက်ဆက်တွဲအဖြစ် ပူးတွဲဖော်ပြထားသည်။ 


လုပ်ဆောင်ရမည့်အချက်များ 

၄။ တပ်မတော်အရာရှိ အရာခံ အကြပ်တပ်သားတိုင်းသည် အောက်ပါအတိုင်း လုပ်ဆောင်ကြရမည်။


(၁) တစ်ဦးချင်းစီအနေဖြင့် မိမိ၏မဲဆန္ဒကို မိမိကြိုက်သောအမတ်လောင်းကို မဲပေးပါ။ 

(၂) မိမိ၏နိုင်ငံရေး အယူအဆကို မိတ်ဆွေအချင်းချင်း ပြောဆို ဆွေးနွေးနိုင်သော်လည်း၊ ဓမ္မဓိဌာန်ကျကျ တင်ပြဆွေးနွေးခြင်းပြုပါ၊ တဖက်သတ်ဖိနှိပ်၍ ခြိမ်းခြောက်ပြောဆိုခြင်းမျိုးကို မလုပ်မိရန် သတိထားရမည်။ 

(၃) ပြောဆိုဆွေးနွေးသင့်မှသာလျှင် ပြောဆိုဆွေးနွေးရမည်။ မှန်မှန်ကန်ကန် နည်းလမ်းပြပါ၊ ပြောဖန်များလျှင်လည်း နားခါးတတ်သည်၊ နားငြီးတတ်သည်ကို သတိပြုရမည်။ 

(၄) ပြည်သူလူထု ထောက်ခံမှုနှင့် ယုံကြည်လေးစားမှုကို ထာဝစဉ် ရရှိနေအောင်၊ အမြဲသဖြင့် တရားသဖြင့် ဆောင်ရွက်နေကြောင်း လူထုယုံကြည်မှုရအောင် ကျင့်ကြံနေထိုင်ရမည်။ 

(၅) တပ်မတော်၏ ဂုဏ်သိက္ခာနှင့်အညီ စည်းလုံးညီညွတ်စွာ နေကြရမည်။

(၆) အရာရာတွင် တပ်မတော်၏ ရေရှည်အကျိုးစီးပွားကိုသာ အဓိကထားကြရမည်။ 

(၇) ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ လုပ်စရာကို မလုပ်မီနှင့် လုပ်ပြီးနောက် “ပါတီအတွက် တဖက်သတ်ကြီး မတရားသဖြင့် လုပ်ပေးနေမိသလား”ဟူသော မေးခွန်းကို ကိုယ်ကိုယ်ကို မေးပါ။ 

(၈) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို မိမိမျက်ဆန်ကဲ့သို့ စောင့်ထိန်းပါ၊ ဖျက်ဆီးသူများ ပေါ်လာလျှင် မညှာမတာ ချေမှုန်းပစ်ကြရမည်။ 


ရှောင်ကြဉ်ရမည့် အချက်များ

၅။ အောက်ပါတို့ကို လုံးဝရှောင်ကြည်ရမည်


(၁) ဒီမိုကရေစီကို ပျက်စီးစေမည့် အပြောအဆို အပြုအမူများကို ရှောင်ရှားရမည်။  

(၂) မည်သည့်နိုင်ငံရေး လှုပ်ရှားမှုတွင်မှ မပါပါနှင့်။

(၃) နိုင်ငံရေးပါတီများ၏ ခုတုံးဘဝသို့ မကျရောက်စေနှင့်။ 

(၄) မည်သည့်နိုင်ငံရေးပါတီဘက်ကိုမှ မပင်းပါနှင့်။ 

(၅) အတင်းအဓမ္မ မဲဆွယ်သော အပြောအဆိုနှင့် အပြုအမူကို ရှောင်ကြဉ်ရမည်။ 

(၆) တပ်မတော်၏စေတနာနှင့် အမြင်များသည် မည်မျှပင် မှန်ကန်နေပေစေ၊ ထိုစေတနာနှင့် ထိုအမြင်များအတိုင်း ပြုလုပ်ဆောင်ရွက်ရာတွင် ပြည်သူတို့အမြင်နှင့် ဆန့်ကျင်သော လုပ်ဟန်များ မဖြစ်စေရ။ 

(၇) လက်နက်နှင့်ငြိမ်းချမ်းမှုမျိုးကိုလည်းကောင်း၊ သွယ်ဝိုက်သော ခြိမ်းခြောက်မှုမျိုးကိုလည်းကောင်း လုံးဝမရှိစေရန် တိကျစွာ ရှောင်ကြဉ်ကြရမည်။ 

(၈) နားငြီးအောင် ပြောဆိုခြင်းကို ရှောင်ကြဉ်ကြရမည်။ 

(၉) အမတ်လောင်းများအား တရားဥပဒေကို ချိုးဖောက်ခြင်းမရှိလျှင် မည်သည့် အနှောင့်အယှက်မျိုးမှ မပေးရ၊ ရွေးကောက်ပွဲ မဝင်ရဟူ၍ မပြောဆိုရ။ 


ပျက်ကွက်လျှင် ကျရောက်မည့် အရာယ်များ

၆။ အဆိုပါလုပ်ဆောင်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များတွင် ပျက်ကွက်လျှင် ကျရောက်မည့် ဘေးအန္တရာယ်များသည် အောက်ပါအတိုင်း တထစ်ချဖြစ်လိမ့်မည်ကို တပ်မှူးတိုင်း သိမြင်ထားကြရမည်။


(က) တပ်မတော်လည်း ဤပုတ်ထဲမှ ဤပဲဟု ထင်မြင်လာပြီး နီးရာဓားကို အားကိုးလိုစိတ် ပေါ်လာလိမ့်မည်။ ဤသို့ဖြစ်လျှင် တရားဥပဒေစိုးမိုးရေး ပျက်စီးမည်။ 

(ခ) တပ်မတော်သည် ဒီမိုကရေစီကို ဖျက်ဆီးသူတရားခံ ဖြစ်မည်။ ရာဇဝင်တွင် ချေဖျက်၍မရသော အမဲစက်ကြီး ထင်ရစ်မည်။ နောင် အဖတ်ဆည်၍ ရနိုင်မည်မဟုတ်။ ပြည်သူတို့ ယုံကြည်ခြင်းမှ ကင်းဝေးမည်။ ပြည်သူတို့က တပ်မတော်ကို မည်သည့်အခါမှ ယုံကြည်တော့မည် မဟုတ်ပေ။ 

(ဂ) တပ်မတော်အတွင်းတွင်လည်း လူကြီးများအပေါ် လူငယ်များက အရိုအသေ တန်လာမည်၊ နိုင်ငံရေးပါတီတခုခု၏ ခုတုံးလုပ်ခံရခြင်းထက် ဤအတိုင်းပင် ဆက်လက် အုပ်ချုပ်သွားခြင်းသည် ပို၍ကောင်းသေးသည်ဟု အချင်းချင်း သဘောကွဲလွဲလာလိမ့်မည်။ နောက်ဆုံးတွင် တပ်သားက အကြပ်ကို မရိုသေ၊ အကြပ်က အရာရှိကို မရိုသေဖြစ်ပြီး တပ်မတော်သည် ရစရာမရှိအောင် ပျက်စီး ပြိုကွဲသွားလေမည်။

(ဃ) ဤခေတ် ဤအခါမျိုး၌ပင် ခြိမ်းခြောက်မှု ရှိနေသေးလျှင် နောင် ဘယ်သောအခါမျှ ခြိမ်းခြောက်မှုကင်းသော ရွေးကောက်ပွဲသည် ဖြစ်နိုင်တော့အံ့နည်း ဟူ၍ ပြည်သူအများ၌ အရှုံးပေးလိုက်သောစိတ်မျိုး ဖြစ်ပေါ်၍ နိုင်ငံတော်၏အနာဂတ် ဒီမိုကရေစီကို မရှုမလှကြီး ဖုတ်သွင်းသဂြိုဟ်ပြီးဖြစ်လိမ့်မည်။ မစိုးရိမ်လင့်။ 


၇။ အကယ်၍ ဖွဲ့စည်းပုံဥပဒေကို ထိပါးဖျက်ဆီးပစ်မည့်သူများကို တိုင်းပြည်က အကြောင်းကြောင်းကြောင့် ရွေးကောက်တင်မြှောက်မိလေသော် တပ်မတော်သည် စိုးစိမျှ မစိုးရိမ် မတုန်လှုပ်သင့်ချေ။ ထိုအခါမျိုးတွင် အခြေအနေကို ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်းသွားကြရန်သာရှိသည်။ တိုက်ပွဲပေါင်းမျိုးစုံ အမြောက်အများကြားထဲမှ ပေါက်ဖွားကြီးရလာသော တပ်မတော်သည် အတိတ်ကလည်း အောင်ခဲ့ပြီး အနာဂတ်တွင်လည်း အောင်လိမ့်မည်သာ ဖြစ်သည်ကို တထစ်ချ ယုံကြည်စိတ်ချထားရမည်။


အမိန့်တရပ်လုံးသည် သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်စေရန် အချက်အများကို ရေးသားသည်ဆိုစေကာမူ တပ်မတော်ခေါင်းဆောင်များက သန့်ရှင်းများ၊ ပမညတများကိုသာမက တည်မြဲတို့ကိုပါ မလိုလားသည့်လေသံများ တွေ့မြင်ကြရသည်။ နောက်ဆုံးအပိုဒ်သည် ဗိုလ်နေဝင်းနှင့် စစ်ခေါင်းဆောင်များ၏ခံယူချက်ဖြစ်လေသည်။


ဤနောက်ဆုံးအပိုဒ်တွင် ပါရှိသော တပ်မတော်က လက်မခံသူများကို လူထုက ရွေးကောက်တင်မြှောက်လျှင် တပ်မတော်က ဖြေရှင်းမည်ဆိုသည့် စကားပိုဒ်တွင် တပ်မတော်သည် လူထုတင်မြှောက်သူများကို နှစ်သက်မှုမရှိက ဖယ်ရှားမည်ဆိုပြီး လျှို့ဝှက်ဆုံးဖြတ်ထားသည်ကို သိသာထင်ရှားစွာ မြင်တွေ့ရပေ၏။


မည်သို့ဆိုစေ ရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်ပြီး ဗိုလ်နေဝင်းအဖို့ ဝန်ကြီးချုပ်ရာထူးမှ ထွက်ပေးရန် သေချာသောအခါ သမိုင်းတွင် နာမည်ကောင်းတင်သည်ကို လိုချင်သောကြောင့် တရုတ်ပြည်သို့ အ​ဆောတလျှင်သွားကာ တရုတ်ဗမာနယ်နိမိတ် သဘောတူချက်စာချုပ်ကို မြန်မာနိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် လက်မှတ်ထိုးခဲ့လေသည်။ 


တရုတ်ဗမာနယ်ခြားပြဿနာမှာ ရာဇဝင်တလျှောက် ဖြစ်ပေါ်ခဲ့သည့် အမှုဖြစ်သည်။ ချန်ကေရှိတ် ကူမင်တန်ခေတ်ကရော၊ ကွန်မြူနစ်တရုတ်အစိုးရခေတ်တွင်ပါ အကြောင်းကိစ္စရှိသဖြင့် မြေပုံကို ကိုးကားရန် ကိစ္စကြုံသောအခါ တရုတ်ဖက်ကတင်ပြသည့် မြေပုံနှင့် မြန်မာက လက်ခံထားသည့် မြေပုံတို့မှာ တူညီခြင်းမရှိသည်ကို တွေ့ကြရလေသည်။ တရုတ်မြေပုံတွင် မြစ်ကြီးနားနယ်တဝက်ကို တရုတ်ပိုင်မြေဟု ဖော်ပြထားသည်။ အိန္ဒိယတရုတ် နယ်ခြားမျဉ်းကြောင်းမှာလည်း အလားတူဖြစ်ခဲ့သည်။ ၁၈ ရာစုခေတ်က အင်္ဂလိပ်များ သိမ်းပိုက်စဉ်တွင် အင်္ဂလိပ်တို့က တရုတ်မြေများကို ဖဲ့ယူသည်ဟု တရုတ်တို့က စွပ်စွဲခဲ့သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံ လွတ်လပ်သောအခါ တရုတ်တို့က ရှေးခေတ်မြေပုံအတိုင်း ပုံသေခံယူသဖြင့် ပြဿနာပေါ်လေ့ရှိသည်။


ဥပမာ ၁၉၅၆ ခုနှစ် ဝန်ကြီးချုပ် ဦးဗဆွေလက်ထက်က တရုတ် စစ်သား ၁၅ဝဝ ခန့် မြန်မာ့နယ်မြေ (ဝ)ပြည်နယ်တွင်းသို့ ဝင်ရောက်တပ်စွဲခဲ့သည်။ တရုတ်ပြည်ဗဟိုအစိုးရက မိမိတို့ မသိပါဟု ဆိုသည်။ မြန်မာနယ်စပ်ရှိ တရုတ်နယ်မြေမှ တရုတ်အာဏာပိုင်တို့က ထိုဒေသကို သူတို့၏နယ်မြေအဖြစ် ယူဆခဲ့၍ ပြဿနာပေါ်ခဲ့ရသည်။ 


ထိုသို့ ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အတွင်း နယ်စပ်ကိစ္စ ဆွေးနွေးရန် တရုတ်ခေါင်းဆောင်များက ဖိတ်သဖြင့် ဝန်ကြီးချုပ်ဟောင်းဦးနုလည်း ဖဆပလအဖွဲ့ဥက္ကဋ္ဌအဖြစ် တရုတ်ပြည်သို့ သွားခဲ့သည်။ ဝန်ကြီးချုပ်ချောင်နှင့် ဆွေးနွေးကြသောအခါ ချောင်က ရှည်လျားစွာ မပြောဘဲ တိုတိုနှင့်ရှင်းရှင်း တင်ပြသည်။ မြောက်ပိုင်း မြန်မာတရုတ်နယ်စပ်ကို မက်မဟွန်မျဉ်းကြောင်းအတိုင်း တရုတ်အစိုးရက လက်ခံပါမည်ဟု စကားကတိခံပြီးနောက် တရုတ်တို့က လိုလားချက်နှစ်ရပ်ကို ​ပြောပြသည်။ 


မြန်မာနယ်စပ်မျဉ်းကို ယခု တရုတ်ပြည်က လက်ခံစေကာမူ ၁၉၁၃ ခုနှစ်က တရုတ်နယ်မြေဖြစ်သော ဖီမော်၊ ဂေါ်လံနှင့် ကန်ဖန်အမည်ရှိ ရွာသုံးရွာကို အင်္ဂလိပ်တို့က ဖဲ့ယူ၍ ကချင်ပြည်နယ်မြေထဲ ထည့်ခဲ့ပါသည်။ ထိုစဉ်က နယ်ချဲ့အင်္ဂလိပ်ကို ဆန္ဒပြပွဲများနှင့် တရုတ်လူထုက ကန့်ကွက်သည်။ မိမိကိုယ်တိုင် ကျောင်းသားတဦးအဖြစ် ကန့်ကွက် ဆန္ဒပြပွဲ ပါဝင်ခဲ့ပါသေးသည်။ ထိုရွာသုံးရွာကို ပြန်ပေးစေလိုပါသည်။ ထို့ပြင် အင်္ဂလိပ်တို့က နမ်ဝမ်လမ်းကြောင်းနယ်မြေကို သိမ်းယူပါသေးသည်။ အပိုင်သိမ်းခြင်း မဟုတ်။ အမြဲတမ်း ငှားသည် ဆိုပါသည်။ အင်္ဂလိပ်တို့က တနှစ် ကျပ်တထောင်ပေးမည်ဟု ငှားသော်လည်း တရုတ်တို့က ငွေလက်မခံသဖြင့် တရုတ်မြေဖြစ်ပါသည်။ ယခုအခါ ထိုမြေပေါ်တွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည် ဆက်သွယ်သောလမ်းကြီး ဖောက်ထားသဖြင့် မြန်မာအစိုးရက ပြန်ပေးလိုမည် မဟုတ်ပါ။ ထိုကြောင့် အငှားဆိုသော မြေကို မြန်မာပြည်သို့ အပိုင်ပေးပါမည်။ ထိုမြေအစား ဝ,နယ်မြေတွင်းမှ ပန်းဟန်နှင့် ပန်းလောမြေကို လဲလှယ်ရယူပါရစေဟု ချောင်က တင်ပြလေသည်။


မက်မဟွန်နယ်နိမိတ်မျဉ်းမှာ ၁၉၁၃ ခုနှစ်က အင်္ဂလိပ်အစိုးရနှင့် တိဘက်ပြည်တို့ ဆွေးနွေး၍ သဘောတူကြသော မျဉ်းကြောင်းဖြစ်သည်။ အင်္ဂလိပ်တမန် ဆာဟင်နရီမက်မဟွန်ကို အမှီပြု၍ မက်မဟွန်မျဉ်းကြောင်းဟု ခေါ်ဝေါ်ကြသည်။ ထိုစဉ်က တိဘက်ပြည်သည် မန်ချူးမင်းဆက် ကျဆုံးချိန်တွင် သီးခြားပြည်နယ် တည်ထောင်ထားစေကာမူ တရုတ်ပြည်နယ်မြေသာဖြစ်သည်။ တိဘက်တို့တွင် နယ်နိမိတ်စာချုပ် ချုပ်ခွင့်မရှိဟု နယ်စပ်ဆွေးနွေးပွဲတက်သော တရုတ်ပြည်မအစိုးရက ကန့်ကွက်ပြီး ငြင်းဆိုခဲ့သည်။ (ဤရပ်တည်ချက်ကို စွဲကိုင်ထားသဖြင့် ၁၉၆၂ ခုနှစ်က တရုတ်အိန္ဒိယ နယ်စပ်ပဋိပက္ခဖြစ်ခဲ့သေးသည်။)


တရုတ်ပြည်က လက်မခံဟု အစဉ်တစိုက် ငြင်းခဲ့သော နယ်နိမိတ်ကို သဘောတူလက်ခံသည်မှာ ကောင်းသောလိုက်လျောမှုဖြစ်သည်။ ကျန်နယ်မြေကိစ္စမှာ ရွာနှင့်လမ်း လဲလှယ်သည့်သဘောဖြစ်သဖြင့် တရားမျှတသော အဆိုပြုချက်ဖြစ်သည်ဟု ယူဆကာ ဦးနုက သဘောတူခဲ့လေသည်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးဗဆွေ၏ ဝန်ကြီးအဖွဲ့ကလည်း သဘောတူခဲ့၏။ သို့သော် ဖဆပလဥက္ကဋ္ဌဦးနုနှင့် ဖဆပလဝန်ကြီးချုပ် ဦးဗ​ဆွေတို့မှာ နယ်နိမိတ်စာချုပ်ကို လက်မှတ်ရေးထိုးခြင်း မပြုနိုင်ခဲ့ပေ။ ကချင်ပြည်နယ် ခေါင်းဆောင် ဦးဇန်ထားဆင်က ပြည်နယ်အတွင်းရှိ ရွာသုံးရွာကို ပြန်မပေးနိုင်၊ သဘောမတူနိုင်ဟု ကန့်ကွက်သဖြင့် ဆိုင်းထားခဲ့ရလေသည်။


ထိုသို့ သဘောတူညီထားသည်ကို သိရှိသော ဗိုလ်နေဝင်းက ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းမပေးရမီတွင် မိမိအား ဖိတ်ပါဟု တရုတ်အစိုးရထံ တောင်းဆိုကာ သွားရောက်ခဲ့လေသည်။ ဖဆပလဥက္ကဋ္ဌ ဦးနုနှင့် ဝန်ကြီးချုပ် ဦးဗဆွေ သဘောတူထား​သော စာချုပ်မူကြမ်းကို စာတလုံးမှမပြင်ဘဲ လက်မှတ်ထိုးပြီး တရုတ်မြန်မာစာချုပ်ကို ချုပ်ဆိုသည်။ တရုတ်နယ်စပ်ကိစ္စသည် သူ၏လက်ရာဖြစ်သည်ဟု အမှတ်ယူခဲ့သည်။ (မူလဒီမိုကရေစီအစိုးရ၏ခေတ်က ကန့်ကွက်သည် ဆိုသော ကချင်ပြည်နယ်ခေါင်းဆောင်ကိုလည်း ညှိနှိုင်းခြင်း မပြုခဲ့ပေ)။


ထို့ပြင် မပြီးမပြတ်ဖြစ်နေသော ရှမ်းစော်ဘွားများ အာဏာစွန့်ရေးကိုလည်း မိမိ၏လက်ထက်၌ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဗိုလ်နေဝင်းက အမှတ်ယူခဲ့သေးသည်။


မြန်မာပြည်ထောင်စုကြီး လွတ်လပ်သောကာလသို့ ရောက်သောအခါတွင် ရှမ်းစော်ဘွားတို့မှာ မူလရှိပြီးသော ပြည်နယ်ကို အုပ်ချုပ်ခွင့်အာဏာ၊ အခွန်ကောက်ခွင့်အာဏာနှင့် တရားစီရင်ခွင့်အာဏာအပြင် လူထုက ရွေးကောက်တင်မြှောက်သူများ မဟုတ်ပါဘဲနှင့် လွှတ်တော်အမတ်များအဖြစ် ဥပဒေပြုပိုင်ခွင့်အာဏာကိုပါ ယှဉ်ပြိုင်ရရှိနေခဲ့သည်။ ထိုနှစ်ထပ်ကွမ်းအာဏာကို စွန့်လွှတ်ရမည်ဟု ရှမ်းလူထုက ပြင်းထန်စွာ လှုပ်ရှား တောင်းဆိုခဲ့ကြသည်။

ရှမ်းစော်ဘွားများကလည်း အာဏာစွန့်ရန်အတွက် လျှော်ကြေးပေးရမည်ဟု တောင်းဆိုသဖြင့် လျှော်ကြေး ကျပ် သိန်း ၅၀ ပေးရန် ၁၉၅၆ မှ လွှတ်တော်တွင် ဆုံးဖြတ်ခဲ့သည်။ တဖန်နောက်ထပ် ကျပ်သိန်း ၅၀

ထပ်လောင်း ဆုံးဖြတ်သည်။ ဖဆပလဒီမိုကရေစီအစိုးရက စုစုပေါင်း ကျပ် ၁ ကုဋေပေးရန် ဆုံးဖြတ်စီစဉ်ခဲ့လေသည်။ သို့သော် စော်ဘွားများ ငွေပို၍တောင်းပြန်ခြင်းနှင့် ပြည်တွင်းစစ်မီးကြောင့် ရှမ်းပြည်နယ်မှာ စစ်အုပ်ချုပ်ရေး အောက်သို့ ရောက်ရှိနေခြင်းတို့ကြောင့် ဖဆပလအစိုးရအဖို့ အပြီးအပြတ် မလုပ်နိုင်ဘဲ ဆိုင်းငံ့နေခဲ့ရ သည်။


အိမ်စောင့်အစိုးရခေတ်တွင် ဝန်ကြီးချုပ်ဗိုလ်ချုပ်နေဝင်းက စေ့စပ်ရာမှ လျော်ကြေး စုစုပေါင်း ကျပ်နှစ်ကုဋေနှင့် ကျပ်လေးသန်း (၂၄,ဝဝဝ,ဝ၀၀) နှင့် ဈေးတည့်ကြလေသည်။ ထိုအချိန်က ကော်ဖီတခွက် ၅ ပြားနှုန်းသာရှိသဖြင့် စော်ဘွားကြီးများက ဗိုလ်ချုပ်နေဝင်း ပေးသောဈေးသည် အရတော်သောကြောင့် လျှင်မြန်စွာ လက်ခံကြသည်။ လွှတ်တော်တွင် လိုအပ်သောဥပဒေများ ပြုလုပ်၍ ၁၉၅၉ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် စော်ဘွား ၃၃ ဦးတို့က လက်မှတ်ရေးထိုး၍ အာဏာစွန့်ခဲ့ကြလေသည်။ ကျိုင်းတုံစော်ဘွားတဦးတည်း ကျပ် ၅ သန်းခန့်ရှိသည်။ ရန်ကုန်မြို့ရှိ မြေကောင်း၊ အိမ်ကောင်းများ ဈေးနှုန်း နှစ်ဆတက်သွားခဲ့သည်။ 


ဗိုလ်နေဝင်းသည် ဖဆပလ ဒီမိုကရေစီလွှတ်တော်က ဆုံးဖြတ်ထားသည်ထက် လျော်ကြေးငွေ နှစ်ဆခွဲခန့် တိုးတက်သည်မှာ ရက်ရောလွန်းသည်ဟု သတင်းစာများက ဝေဖန်ခဲ့ကြသည်။ ဗိုလ်နေဝင်းသည် သူ၏လက်ထက်၌ ပြဿနာပြေလည်သည်ဟု သမိုင်း၌ အသားယူလိုသဖြင့် တိုင်းပြည်ငွေကို ဖြုန်းတီးခြင်းသာဖြစ်၏။


* * * 


၁၃။ မဲပေးသူကို သေနတ်နှင့်ချိန်ရွယ်သော ရွေးကောက်ပွဲ


ပြည်သူတို့အာဏာဟု ဆိုအပ်သော လူထုက ဆန္ဒမဲပေးရသည့် ရွေးကောက်ပွဲစနစ်ကို ၁၈၈၉ ခုနှစ်က မြန်မာများရရှိ၍ ဒီမိုကရေစီအရသာကို စတင်ခံစားခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရက မြန်မာပြည် မြူနီစီပယ်အက်ဥပဒေကို အတည်ပြုသဖြင့် မြို့  ၄၂ မြို့တို့တွင် မြို့ပြစည်ပင်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့်လူကြီးများကို မြို့ရွာလူထုက ရွေးကောက်တင်မြှောက်ခွင့်ရရှိခဲ့သည်မှ စတင်ခဲ့သည်။


၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်အရ အမတ် ၁၃ဝ ပါဝင်သော ဥပဒေပြုလွှတ်တော်ကို ဖွဲ့စည်းရာ အမတ် ၇၉ ဦးကို လူထုက ရွေးကောက်တင်မြှောက်ခွင့် ရရှိခဲ့သည်။ ထိုသို့ စတင်စဉ်က မဲပေးခွင့်ရှိသူ ၁၇ သိန်းခန့် (၁,၇၆၇, ၂ ၂၇) ရှိခဲ့သော်လည်း လူထုက စိတ်ဝင်စားမှု နည်းပါးသဖြင့် မဲပေးသူ နှစ်သိန်းခွဲခန့်သာ မဲရုံသို့ လာကြလေသည်။ မဲပေးခွင့်ရှိသူ မဲစာရင်း၏ ၂ ဒဿမ ၆၈ ရာခိုင်နှုန်းသာ မဲပေးကြ၏။ နောက်ပိုင်းတွင်မူ လူထုကနိုးကြားလာကြသဖြင့် ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ များပြားတိုးတက်လာခဲ့သည်။ ၁၉၆၀ ခုနှစ် ​ဖေဖော်ဝါရီလ ရွေးကောက်ပွဲသည် လူထုက စိတ်ဝင်စားမှုအကြီးဆုံး ​ရွေးကောက်ပွဲဖြစ်ခဲ့သည်။ ၁၉၅၈ ခုမှ ၁၉၆၀ ခုနှစ်အထိ လပေါင်း ၂၇လခန့် စစ်အာဏာရှင်အစိုးရလက်အောက်၌ ခေါင်းငုံ့ကာ “ခံ”နေကြရသော လူထုကြီးက စစ်ဗိုလ်တို့၏ စစ်ဖိနပ်အောက်မှ လွတ်မြောက်ရေးအတွက် အားတက်သရော စိတ်ဝင်စားစွာ ပါဝင်လှုပ်ရှားကြသည်။ (လူထုက မိမိတို့၏ မဲပေးပိုင်ခွင့်အာဏာကို ရဲဝံ့စွာ အသုံးပြုခဲ့သည့် ရွေးကောက်ပွဲမှာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲဖြစ်ပြီး ၇ဝ ရာခိုင်နှုန်းကျော် မဲပေးခဲ့သည်။)


ရွေးကောက်ပွဲကျင်းပမည့် ရက်စွဲ သတ်မှတ်ချိန်မှစပြီး နိုင်ငံရေးပါတီများနှင့် အမတ်လောင်းများက အကြိတ်အနယ် မဲဆွယ်ကြသည်။ လူထုအစည်းအဝေးများ၊ ဟောပြောပွဲများကို နေ့ရောညပါ ဆက်တိုက် ကျင်းပကြသည်။

သတင်းစာကြီး တစောင်နှစ်စောင်မှအပ၊ သတင်းစာများသည် ငွေရေးကြေးရေးအရလည်းကောင်း၊ ဝါဒရေးရာအရလည်းကောင်း၊ မိမိတို့ထောက်ခံလိုသော အမတ်လောင်း၏ဘက်သို့ ဘက်လိုက်ကာ ရေးသားကြသည်။ အထူးသဖြင့် တည်မြဲနှင့်သန့်ရှင်းအဖွဲ့ကြီးနှစ်ခုတို့ကို ထောက်ခံ ရေးသားကြသည်။ တည်မြဲတို့ပါတီပိုင် မဏ္ဍိုင်သတင်းစာနှင့် သန့်ရှင်းတို့ ပိုင်သည့် ပြည်ထောင်စုသတင်းစာတို့သည် ပါတီအာဘော်များအဖြစ် ပြတ်သားစွာ တဖက်ကိုနှိမ်၍ ရေးသားကြသည်။ တည်မြဲတို့ဘက်မှ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများရှိသောကြောင့် ငွေပုံကာ လှူကြသဖြင့် ခါတော်မီထွက်လာသည့် သတင်းစာအသစ်များလည်း ရှိသည်။ ပမညတတို့အဖို့ ဦးသိန်းဖေမြင့်ပိုင်သော ဗိုလ်တထောင်သတင်းစာသာ ရှိသော်လည်း လက်ဝဲနိုင်ငံရေးစာပေဂျာနယ်များ ရှိခဲ့သည်။


နိုင်ငံရေးလမ်းစဉ်ကို ဝါဒဖြန့်ကြရင်း ပုဂ္ဂိုလ်ရေးနာမည်ဖျက်မှုများကိုလည်း ရေးသားဟောပြောမိကြသည်။ စာနယ်ဇင်းတို့အပြင် ရဟန်းသံဃာတော်များကလည်း ဝင်ရောက်ဆွေးနွေးမှု ပြုကြပြန်သည်။


ရွေးကောက်ပွဲအတွက် တာစူချိန်မှ စတင်ကာ သန့်ရှင်းတို့ဘက်က ခြေသာနေသည်။ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလက မြူနီစီပယ်ရွေးကောက်ပွဲများ ကျင်းပစဉ်ကပင် သန့်ရှင်းများ အရွေးခံရပြီး တည်မြဲတို့ အရေးနိမ့်ခဲ့သည်။

မြူရွေးပွဲကျင်းပစဉ်က မန္တလေးမြို့တွင် ရဟန်းတော်များက ဝင်ရောက်ဟောပြောကာ နိုင်ငံရေးနယ်တွင်းသို့ ဝင်ရောက်လာကြသည်။ ထို့ကြောင့် ဒုတိယဝန်ကြီးချုပ် ဦးလွန်းဘော်သည် မန္တလေးမြို့သို့ သွားရောက်၍ ဆရာတော်များအား လျှောက်ထားတောင်းပန်သဖြင့် ဆရာတော်ကြီးများက ထိန်းချုပ်ပေးခဲ့ကြသည်။ 


ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် မန္တလေးမှ အင်အားကြီးမားသော ရဟန်းပျိုအဖွဲ့က တည်မြဲတို့ဖက်သို့ အားပေးနေကြောင်း ဗမာ့ခေတ်သတင်းစာက စွပ်စွဲရေးသားသည်။ ဦးနုက လူထုဆန္ဒအရ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာပြုလုပ်မည်ဟု ဟောပြော မဲဆွယ်သည်။ ဝန်ကြီး ဦးလွန်းဘော်က ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂၁(၄)အရ နိုင်ငံရေးအတွက် ကိုးကွယ်ရာဘာသာကို အလွဲသုံးစား မပြုရန် တိုက်တွန်းပြီး “နိုင်ငံရေးအရ မဲရရှိရန်သော်လည်းကောင်း၊ မဲမပေးဘဲ နေစေရန်လည်းကောင်း စတဲ့ ဖျားယောင်းသွေးဆောင်မှုများသည် ရွေးကောက်ပွဲဥပဒေများနှင့် ဆန့်ကျင်သဖြင့် ရွေးကောက်ပွဲကို ပျက်ပြယ်​​စေနိုင်သည်”ဟု သွယ်ဝိုက်၍ သတိပေးလေသည်။


ရွေးကောက်ပွဲအတွက် မဲဆွယ်တရားများ ဟောကြရာတွင် တည်မြဲ ဦးဗဆွေက “ခင်ဗျားတို့ မဲပေးမှားကြလျှင် မမျှော်လင့်တဲ့ အခြေအနေဆိုးတွေ တွေ့ရမည်”ဟု လည်းကောင်း၊ “ရှုံးရင်လည်း နိုင်ရမည်၊ နိုင်ရင်လည်း နိုင်ရမည်”ဟုလည်းကောင်း စသည်ဖြင့် တည်မြဲ ရှုံးလျှင် စစ်တပ်ဝင်မည် ဆိုသည့် အဓိပ္ပာယ်နှင့် ဟောပြောသောကြောင့် စစ်တပ်ကို ကြီးစွာမုန်းတီး​နေသော လူထုက မကျေမနပ်ဖြစ်ကာ သန့်ရှင်းတို့အား မဲပေးကြသည်။


ကျင်းပမည့် ရွေးကောက်ပွဲကို လူထုက အထူးစိတ်ဝင်စားကြသည်။ မဲပေးခွင့်ရှိသူများ၏ မဲစာရင်းကို မြို့တော်ခန်းမ၌ ချိတ်ဆွဲထားရာ ရန်ကုန်သားတို့ သည် မိမိအမည် မဲစာရင်း၌ ပါ၏။ မပါ၏ကို သွားရောက်၍ ဖတ်ရှုကြသည်။ မဲစာရင်း မပါသူတို့က မဲပေးချင်လွန်းသဖြင့် ရွေးကောက်ပွဲမင်းကြီးရုံးသို့ အပြေးအလွှား သွားရောက်ကာ စာရင်းသွင်းကြသည်။ စာရင်းပျောက်နေသည့် မဲဆန္ဒရှင် ၁၂ဝဝဝ ကျော်က တဦးလျှင် ငွေငါးကျပ် ပေးဆောင်ကာ စာရင်းသွင်းကြရသည်။


တပြည်လုံးမှ မဲဆန္ဒရှင် ၉,၉၅၈,၆၇၅ အတွက် မဲရုံ ၇,ဝဝဝ ကျော်တွင် အစိုးရဝန်ထမ်း ၄၂,ဝဝဝ ကို တာဝန်ချထားရာ ၄င်းနေရာများတွင် စစ်တပ်နှင့် ရဲတပ်က တာဝန်ယူသည်။ သူတို့က မဲဆန္ဒရှင်တို့အား တည်မြဲအမတ်လောင်းများကို မဲပေးကြရန် ဘက်လိုက်ကြသည်။


ဘက်မလိုက်ရဟု အမိန့်ထုတ်ထားသည် ဆိုပါလျက် စစ်တပ်က ကြီးစွာ ဘက်လိုက်သည်။ တည်မြဲတို့ အနိုင်ရရှိရေးကို အနုနည်းရော အကြမ်းနည်းနှင့်ပါ လုပ်ဆောင်ကြသည်။ သန့်ရှင်းမဲပုံးကို ဖောက်ပြီး မဲများကို ထုတ်ယူကာ တည်မြဲဘက် ပုံတွင်းသို့ ပြောင်းလဲ၍ထည့်သည့် စစ်ဗိုလ်များ ရှိသည်။ သူတို့က သူတို့စွက်ဖက်မှုဖြင့် တည်မြဲနိုင်ရမည်ဟု ယုံကြည်ကာ ဗြောင်လုပ်ကြသည်။ မဲပုံးဖောက်ရာတွင် ဝက်အူလှဲ့ စသည်တို့ကို မသုံးဘဲ လှံစွပ်နှင့် ဖောက်ကြသည်။ စစ်တပ်၏လက်ရာကို လူထု သိစေသည်။ 


စစ်တပ်က ပင်းလေလေ လူထုက ဒေါသူပုန်ထကာ စစ်တပ်ဆန့်ကျင်သော သန့်ရှင်းတို့အား ပိုမိုအားပေးကြလေလေ ဖြစ်ရသည်။ ကျောက်ဆည်နယ်တွင် ရွာငယ်ကလေးတခု၏မဲရုံသို့ ရောက်လာသော စစ်တပ်မှ စစ်ဗိုလ်က လျှို့ဝှက်မဲစနစ်အရ မဲပုံးများကို လုံခြုံစွာကာထားသော အကာအရံများကိုဖွင့်၍ မဲပုံးများကို လူမြင်ကွင်း၌ တန်းစီကာ ချထားပြီး မဲပေးစေသည်။ ထိုမျှမကသေး မဲဆန္ဒရှင်များ မဲပေးသည်ကို စစ်သားတို့က တန်းစီ၍ လှံစွပ်သေနတ်များနှင့် ချိန်ရွယ်ထားလျက် မဲပေးစေသည်။ စစ်ဗိုလ်၏ယုတ်ကမ်းပုံကို မြင်ရသဖြင့် မခံမရပ်ဖြစ်နေကြသော ကျေးရွာသားတို့က လှံစွပ်များ ချိန်ရွယ်ထားသည်ကိုပင် မကြောက်ကြတော့ဘဲ တရွာလုံးလို သန့်ရှင်းနှင့် ပမညတကို မဲပေးကြလေသည်။ အသဲကြားက မဲတပြား ဟူသော ဝေါဟာရအသစ် ပေါ်လာခဲ့သည်။


နောက်ပိုင်းတွင် သတင်းစာဆရာများက သုံးသပ်ရာတွင် ဗိုလ်နေဝင်းသည် မကြာမီ လအနည်းငယ်အတွင်း အာဏာကို လုံးဝသိမ်းယူရန် အစီအစဉ်ရှိသည်။ အကယ်၍ တည်မြဲနိုင်ပါက စစ်တပ်၏မဟာမိတ်များထံမှ သိမ်းယူရန် မသင့်သဖြင့် သန့်ရှင်းတို့ နိုင်စေလိုသည်။ စစ်တပ်ကို လူထုက ခါးသီးစွာ မုန်းတီးနေကြသဖြင့် စစ်တပ်က တည်မြဲဘက်သို့ ပင်းသည်နှင့်အမျှ သန့်ရှင်းအနိုင်ရနိုင်သည်ဟု မြင်းသမားတွက်ကိန်းနှင့် စစ်တပ်က စွက်ဖက်သည်ကို ထိရောက်စွာ တားမြစ်ခြင်းမပြုဟု ယူဆကြသည်။


သို့သော် ရွေးကောက်ပွဲအပြီးတွင် တည်မြဲတို့ မဲရရှိရန် လူသိထင်ရှား ဘက်လိုက်ကြသည်ဟု အကြောင်းပြကာ မိမိ မလိုလားသူ စစ်ဗိုလ်ကြီးအချို့ကို လျှို့ဝှက်အစည်းအဝေးသို့ ဗိုလ်နေဝင်းကိုယ်တိုင် တင်သွင်း၍ ရာထူးမှ ထုတ်ခဲ့သည်။ ဗိုလ်မှူးချုပ်အောင်ရွှေ (ကြည်း ၃၅ဝ၅)၊ ဗိုလ်မှူးကြီး အေးမောင် (ကြည်း ၃၅၁၂)၊ ဗိုလ်မှူးကြီးတင်မောင် (ကြည်း ၃၅၁၇)၊ ဗိုလ်မှူးကြီးလှမော် (ကြည်း ၃၅၇ဝ)၊ ဗိုလ်မှူးကြီးကြည်ဝင်း (ကြည်း ၃၅၇၂)၊ ဗိုလ်မှူးကြီးသိန်းဒုတ် (ကြည်း ၃၆၄၇)၊ ဗိုလ်မှူးကြီးချစ်ခိုင် (ကြည်း၊ ၃၆၄၉)တို့အား ပင်စင်လစာပေး၍ တပ်မှ အနားယူကြစေသည်။ 


စစ်ဗိုလ်ချုပ်ကြီးများသည် ကြံ့ခိုင်ရေးအဖွဲ့ကို အင်အားပြုကာ စစ်ဝတ်စုံချွတ်၍ ရွေးကောက်ပွဲဝင်ရန် လေးနက်စွာ စဉ်းစားခဲ့ကြသေးသည်။ သို့သော် ကြံ့ခိုင်ရေးအဖွဲ့ကြီးမှာ အာဏာနှင့် စည်းရုံးထားသည်ဖြစ်သောကြောင့် မဲပေးသည်မှာ မသေချာဟု ဆုံးဖြတ်ကာ နောက်ဆုတ်ကြလေသည်။ သူတို့တွက်ချက်သည်မှာ မှန်၏။ အင်အားကြီးသော ကြံ့ခိုင်ရေးအဖွဲ့ကြီးသည် စစ်အစိုးရ ဆင်းပေးသည်နှင့်တစ်ပြိုင်နက် တကောင်တမြီးမှ မမြင်ကြရတော့ပေ။ စစ်တပ်ကထုတ်ထားသော ဗိုလ်မှူးချုပ်ကျော်ဇော တဦးတည်းသာ ဝင်ရောက် အရွေးခံခဲ့သည်။


ရွေးကောက်ပွဲ မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူ ၉,၉၅၈,၆၇၅ ရှိသည့် အနက် ၆,၆၃၃,၈၀၂ မဲပေးကြသည်။ မဲပေးခွင့်ရှိသူ စာရင်း၏ ၆၆ ဒဿမ ၆ ရာခိုင်နှုန်း မဲပေးခဲ့ကြသည်။ သန့်ရှင်းက မဲ ၃,၄၈ဝ,၅၈၈ ရသည်။ မဲပေးသူ အားလုံး၏ ၅၂.၇ ရာခိုင်နှုန်းက သန့်ရှင်းအမတ်လောင်းတို့ကို မဲပေးကြသည်။ တည်မြဲတို့က မဲ ၁,၉၇၄,၄၆၉ ရသည်။ ၂၉.၈ ရာခိုင်နှုန်းက တည်မြဲကို ပေးကြသည်။ ပမညတတို့က မဲ ၃၆၂,၄၉၅ ရရှိပြီး မဲ ၅.၄ ရာခိုင်နှုန်း ရရှိလေသည်။ ဤသို့ဖြင့် ၁၉၆၀ ပြည့်၊ ဧပြီလ ၄ ရက်နေ့တွင် ဦးနုအား ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှ ရွေးကောက်တင်မြှောက်နိုင်ကြပြန်သည်။


ဗိုလ်နေဝင်းသည် ရာထူးမှ ထွက်ပေးပြီးနောက် ဝန်ကြီးချုပ်ဦးနု၏ ရုံးခန်းကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့သည်။ မိမိယုံကြည်ချက်ကို လျင်မြန်စွာ ဆုံးဖြတ်လုပ်ကိုင်လေ့ရှိသော ဦးနုသည် နိုင်ငံရေးအမှားကို ပြုမိမှာ သေချာသည်ဟု ယူဆ၍ စောင့်ကြည့်နေခဲ့သည်။ အမှားတခု တွေ့သည်နှင့်တစ်ပြိုင်နက် ထိုအမှားကို အကြောင်းပြ၍ အာဏာလုရန် အသင့်ပြင်ထားသည်။ ထာဝရ စစ်အာဏာရှင်စနစ်ကို တည်ဆောက်ရန် အသင့်ပြင်ဆင်မှုများပြုသည်။ စစ်အာဏာရှင်စနစ် တည်ထောင်ရေးအတွက် နိုင်ငံရေးအင်အားစုကို သတ်ဖြတ်ခြေမှုန်းနိုင်ရန် တပ်မတော်ကိုလည်း ပြုပြင်ဖွဲ့စည်းရန် လိုသည်။ တပ်မတော်တွင်း၌ သူက တင်သွင်းပြောဆိုချက်ကို ကန့်ကွက်သူ စစ်ဗိုလ်ကြီးများ ရှိနေသည်။ ထိုစစ်ဗိုလ်ကြီးများသည် ဗိုလ်နေဝင်း၏ မျက်နှာကို ပြန်ကြည့်ရဲပြီး ငြင်းခုံသမှု ပြုဝံ့ကြသည်။ ဗိုလ်နေဝင်းက သူ့အား အန်တုနိုင်ကြသည့် ထိုစစ်ဗိုလ်ကြီးများကို မကြိုက်သဖြင့် တပ်မှဖယ်ရှားရန် ဆုံးဖြတ်ထားသည်။


မြင်းသမားတို့၏ အရည်အသွေးမှာ နှုတ်လုံမှုဖြစ်သည်။ ထိပ်သီး မြင်းသမားကြီးဖြစ်သူ ဗိုလ်နေဝင်းက သာမန်မြင်းသမားတို့ထက်ပင် နှုတ်လုံ၏။ သူ၏ပစ်မှတ်ဖြစ်သော ရာထူးမှဖယ်ရှားခံရမည့် စစ်ဗိုလ်ကြီးများကို ဆက်လက်၍ ရင်းနှီးစွာ ဆက်ဆံသဖြင့် သူ၏သားကောင်တို့ပင် သူ၏အကြံကို ကြိုတင် မသိခဲ့ကြပေ။ သူက စစ်စုံထောက်ရုံးကိုသာ စစ်ဗိုလ်ကြီးများကို စောင့်ကြည့်ရန် အထူးတာဝန်ပေးထားသည်။ စစ်စုံထောက်တို့က သတင်းကောင်းရော သတင်းဆိုးပါ အသေးစိတ်တင်ပြကြရသည်။ စစ်တပ်နှင့် စစ်စုံထောက်ရုံးတို့၏ လုပ်နည်းလုပ်ဟန် အစဉ်အလာမှာ အရာရှိတိုင်းအတွက် အမှုတွဲနှစ်ခု ဖွင့်ထားရလေ့ရှိသည်။ အရာရှိတဦးအား အထက်လူကြီးက အရေးယူအပြစ်ပေးလိုပါက ထိုအရာရှိ ကျူးလွန်ထားသည့် မကောင်းမှုများကို စုဆောင်းမှတ်သားထားသော “ခွေးရေပရပိုက်” ဖိုင်တွဲကို တင်ပြသည်။ ရာထူးမြှင့်ပေးလိုပါက ကောင်းမှုများကို တန်းစီ၍ မှတ်သားထားသည့် “ရွှေပေပရပိုက်”ကို တင်ပြကြရလေ့ရှိသည်။


ဗိုလ်နေဝင်းသည် ဗိုလ်မှူးကြီးများ၏ မှတ်တမ်းနှစ်ခုလုံးကို သေချာစွာ လေ့လာဖတ်ရှုရင်း အချိန်ကို စောင့်နေသည်။ ၁၉၆၁ ခု၊ ဖေဖော်ဝါရီလ တပ်မှူးများ ညီလာခံတွင် ဗိုလ်နေဝင်းက လျှို့ဝှက်စွာ သူထောင်ထားသည့် မိုင်းဗုံးကိုခွဲလိုက်သည်ဟု ထိုစဉ်က စစ်ဗိုလ်လောကတွင် ပြောစမှတ်ဖြစ် ကျန်ရစ်ခဲ့လေသည်။ 


မင်္ဂလာဒုံစစ်ရုံးချုပ်တွင် ကျင်းပသော သုံးရက်တာ တပ်မှူးညီလာခံ ပထမနေ့အစီအစဉ်၌ ထူးထူးခြားခြား အမှုကိစ္စမရှိသဖြင့် ဤညီလာခံသည် ပြုရိုးပြုစဉ် တပ်ကိစ္စများနှင့်သာ ပြီးဆုံးလေမည်ဟု စစ်ဗိုလ်ကြီးများက ယူဆခဲ့ကြသည်။ ဒုတိယနေ့တွင် စစ်ဗိုလ်အားလုံး စုံညီချိန်တွင် ဝင်မလာဘဲ အားလုံး နေရာယူပြီးမှ ဗိုလ်နေဝင်းသည် ထူထဲသော စာတွဲဖိုင်ကြီးများ တပွေ့တပိုက်ကို ကိုယ်တိုင်သယ်ယူ၍ ခန်းမတွင်းသို့ ဝင်လာပြီး သဘာပတိနေရာ၌ ဝင်ထိုင်လိုက်သည်။ အားလုံးက အလေးပြုသည်ကို ခံယူပြီးနောက် မည်သူကိုမှ မကြည့်ဘဲ “ဒီနေ့တော့ ရာထူးခန့်ထားရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ဒီအစည်းအဝေးက အတည်ပြုဖို့ တင်ပြရပါမယ်”ဟု ပြောဆိုကာ ထိပ်သီး စစ်ဗိုလ်ကြီး ၁၃ ဦးတို့ အား တဦးစီအမည်ကို ခေါ်လိုက်သည်။


အခေါ်ခံရသူ စစ်ဗိုလ်ကြီးက သတိအနေအထားနှင့် မတ်တတ်ရပ်၍ နာခံမှ ဗိုလ်နေဝင်းက “မင်းက စစ်ဆင်ရေး ရန်ပုံငွေကို စာရင်းဖျောက်ပြီး ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်” ဟုဆို၍ အမှုများကို အသေးစိတ် ဖတ်ပြသည်။ အခြားတဦးကိုမူ တပ်၏ရန်ပုံငွေနှင့် ကိုယ်ပိုင်အိမ်ဆောက်လုပ်​သော တိကျသည့်အမှုကို ဖတ်ပြသည်။ ငွေရေးကြေးရေး လာဘ်စားမှုနှင့် အရေးယူသူ ၅ ဦးတို့အပြင် ဗိုလ်မှူးကြီး ၆ ဦးနှင့် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ်အောင်ရွှေတို့အား “ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် မည်သည့်နိုင်ငံရေးပါတီဘက်ကိုမှ ဘက်လိုက်ခြင်း မပြုရဟု တပ်မတော်က အမိန့်ထုတ်ထားသည်ကို မနာခံဘဲ ဘက်လိုက်သည်ကို တွေ့ရှိရသည်"ဟု စွဲချက်တင်ပြီး အားလုံးကို တပ်မှ ထုတ်ပယ်လိုက်ကြောင်း မကြညာလေသည်။


သတိအနေအထားနှင့် မတ်တတ်ရပ်၍ နာခံကြရသည့် ဗိုလ်မှူးကြီးတို့မှာ တဦးမှ ပြန်လှန်ခြေပခြင်း မပြုနိုင်ဘဲ ချမှတ်သော ပြစ်ဒဏ်ကို ခံကြရသည်။ “အရင်က မင်းတို့ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့တာတွေ ထောက်ထားပြီး ပင်စင်လစာနဲ့ ရသင့်ရထိုက်တဲ့ ငွေကြေးအခွင့်အရေးတွေ ပေးမယ်၊ ကိုယ့်တပ် ကိုယ်ပြန်ပြီး မင်းတို့နေရာမှာ ဆက်ခံမယ့်သူကို အလုပ်လွှဲပေးလိုက်ကြပေတော့။ မင်းတို့အလုပ်လွှဲပေးတဲ့အစီအစဉ် မပြီးမခြင်း အခုလို အရေးယူတာကို လျှို့ဝှက်အဖြစ် ထားရှိကြရမယ်”ဟု ပြောဆိုကာ အစည်းအဝေးခန်းမှ ထွက်သွားသည်။


ထိုအချိန်တွင်မှ ရာထူးဖယ်ရှားခံရသူ စစ်ဗိုလ်တို့နေရာတွင် ဗိုလ်နေဝင်း၏စိတ်ကြိုက် စစ်ဗိုလ်တို့အား ကြိုတင်၍ အစားထိုးခန့်ထားပြီး ဖြစ်နေသည်ကို သိကြရသည်။ အစားထိုးခန့်ထားခံရသူများလည်း ကြိုတင် မသိခဲ့ကြရပေ။

ဗိုလ်နေဝင်းက လျှို့ဝှက်ထားရမည်ဟု ညွှန်ကြားလျက် ရာထူးမှ ဖယ်ရှားခံရသူ စစ်ဗိုလ်ကြီးများ၏အမည်ဓာတ်ပုံနှင့်တကွ သတင်းအပြည့်အစုံကို ကြေးမုံသတင်းစာ၌ အသေးစိတ် ပုံနှိပ်ဖော်ပြလိုက်သဖြင့် ဗိုလ်နေဝင်းက ကြီးစွာ ဒေါသူပုန်ထရသည်။ ယခုကဲ့သို့ အရေးယူသည့်ကိစ္စကို ထိုအချိန်က ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဝန်ကြီးချုပ်ဦးနုအား ကြိုတင်တင်ပြမှု မပြုရသေးချိန်တွင် သတင်းစာမှ သတင်းပါလာသဖြင့် ဗိုလ်နေဝင်းအဖို့ ဦးနုအပေါ် မျက်နှာပျက်ရသည်။


ဝန်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်း စစ်တပ်သည် အစိုးရအဖွဲ့၏လက်အောက်ခံ ဌာနတခုသာဖြစ်သဖြင့် အကြီးအကဲက သူတဦးတည်းသဘောနှင့် အရေးယူပုံကို မကျေနပ်ကြောင်း၊ ယင်းကိစ္စကို အစိုးရအဖွဲ့က ကြိုတင်မသိရဘဲ သတင်းစာက ဖော်ပြမှ သိရသည်မှာ အစိုးရအဖွဲ့ရဲ့မျက်နှာကို အိုးမည်းသုတ်သည်နှင့် တူကြောင်း ဝန်ကြီးများအစည်းအဝေးက ဝေဖန်ဆွေးနွေးကာ ဗိုလ်နေဝင်းအား ပြစ်တင်ကြသည်။ ထိုသတင်းကို သိရှိသောအခါ ဗိုလ်နေဝင်းက အစိုးရစည်းကမ်းဘောင်ကို ကျူးကျော်၍ မိမိပြုသောအမှုကို အပြစ်မပြုနိုင်ဘဲ သတင်းစာကိုသာ “မဲ”ကာ လျှို့ဝှက်သတင်းကို မည်သူ့ထံမှ ပေါက်ကြားသနည်းဟု စစ်စုံထောက်များကို မီးခိုးကြွက်လျှောက် စုံစမ်းစေသည်။ သို့သော် သတင်းပေါက်ကြားသူကို သူ မသိနိုင်ရှာပေ။


ငါးလခန့်ကြာသောအခါ ၁၉၆၁ ခု၊ ဇူလိုင်လ ၂၂ ရက်နေ့ မိုးကြိုးသတင်းစာတွင် “ကြည်းတပ် ဒုတပ်မှူး ၆၀ ကျော်လျော့မည်”ဟု သတင်းဖော်ပြသဖြင့် အယ်ဒီတာ ဦးအုန်းခင်အား ဖမ်းဆီး၍ အစိုးရလျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ)အရ တရားစွဲခဲ့သည်။


ရာထူးမှ ဖယ်ရှားသော စစ်ဗိုလ်ချုပ်ကြီးများအနက် ဗိုလ်မှူးချုပ် မောင်မောင်နှင့် ဗိုလ်မှူးကြီးအောင်ရွှေတို့အား သံအမတ်ရာထူးများပေးရန် အစိုးရအဖွဲ့သို့ ဗိုလ်နေဝင်းက မေတ္တာရပ်သဖြင့် ဗိုလ်မှူးချုပ်မောင်မောင်အား အစ္စရေးနိုင်ငံသို့လည်းကောင်း၊ ဗိုလ်မှူးချုပ်အောင်ရွှေအား သြစတြေးလျသို့လည်းကောင်း မြန်မာသံအမတ်ကြီးများအဖြစ် အစိုးရက ခန့်ထား ပို့ဆောင်ခဲ့လေသည်။


အပိုင်း(၅) ဆက်ရန်


​ကြေးမုံ ဦး​သောင်း



No comments:

Post a Comment