Monday, August 8, 2022

ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ (အပိုင်း - ၅)

၁၄။ ကောက်ကျစ်သော ဝံပုလွေက ချောင်း၍ စောင့်ခြင်း


လူထုက ရွေးကောက်တင်မြှောက်သော သန့်ရှင်းအစိုးရ၏ဝန်ကြီးချုပ် ဦးနု ရာထူးလက်ခံသောနေ့မှ စတင်၍ ဗိုလ်နေဝင်းက ရန်ငြိုးရှိခဲ့လေသည်။၊


ဝန်ကြီးချုပ်အဖြစ် ဦးနုပြန်တက်သည်နှင့် အမိန့်တခုကို ထုတ်ပြန်လိုက်​လေသည်။ ထိုအမိန့်မှာ နွားသတ်ခွင့်ကို ပိတ်ပင်သောအမိန့် ဖြစ်၏။ ဦးနုသည် ငါးပါးသီလ လုံခြုံအောင် ကြိုးစားထိန်းသိမ်းနေသူဖြစ်သဖြင့် “ ပါဏာတိပါတ”သူ့အသက်သတ်ခြင်းကို ရှောင်သည်။ ထိုမျှမက အခြား မြန်မာဗုဒ္ဓဘာသာဝင် အများစုတို့နည်းတူ အမဲသားကို ရှောင်သည်။ ထိုမျှမက နွားသတ်ခြင်းကိုလည်း ပိတ်ပင်လိုသည်။ အင်္ဂလိပ်အစိုးရက ထားရှိခဲ့သော အမဲသတ်လိုင်စင်ကို လေ့လာသောအခါ “နွားပျိုများကို မသတ်ရ၊ အရွယ်လွန်သော နွားအိုများကိုသာ သတ်နိုင်သည်”ဟု ပါရှိသည်ကို သူက မကျေနပ်။ နွားများကို လူတို့က ခိုင်းစားကြပြီး အိုမင်းချိန်တွင် နွားသတ်ရုံသို့ ပို့သည်ကို သူက လက်မခံ။ ထို့ကြောင့် ၁၉၄၇ ခုနှစ်က ဝန်ကြီးချုပ်ရာထူးကို လက်ခံချိန်မှ စတင်ကာ ရာထူးသက်တမ်းတလျှောက်လုံး လယ်ယာလုပ်ငန်း၏အကျိုးကို အကြောင်းပြ၍ နွားမသတ်ရဟု အမိန့်ထုတ်ပြန်ထားခဲ့သည်။


အစိုးရက ထုတ်ပြန်သည့် နွားမသတ်ရအမိန့်ကို လက်မခံနိုင် မကျေနပ်နိုင်သူတဦး ရှိသည်။ ထိုသူမှာ ဗိုလ်နေဝင်း ဖြစ်သည်။ ဖဆပလ အစိုးရခေတ်တခေတ်လုံး နွားမသတ်ရအမိန့်ရှိနေသည်ကို ဗိုလ်နေဝင်းက မကြည်မသာ ဖြစ်နေခဲ့သည်။ ၁၉၅၈ ခုနှစ် အာဏာသိမ်းစဉ်က ဝန်ကြီးချုပ်ရာထူးကို လက်ခံသောနေ့တွင်ပင် ဗိုလ်နေဝင်း ပထမဆုံး လက်မှတ်ထိုး၍ ထုတ်ပြန်သောအမိန့်မှာ နွားများကို သတ်ကြစေဟုဆိုသည့် အမဲပေါ်ခွင့်အမိန့် ဖြစ်လေသည်။ ဗိုလ်နေဝင်းနှင့် သူ၏စစ်တပ်က အာဏာလုသဖြင့် အာဏာလွှဲပေးရစေကာမူ ဦးနုက ဗိုလ်နေဝင်းတယောက် ငရဲကြီးရှာလေမည်ကို သနားသည်။ ဦးနုက မရှုရက်နိုင်သဖြင့် ဝန်ကြီးချုပ်သစ် ဗိုလ်နေဝင်းထံ စာတစောင် ရေးပြီး ငရဲကြီးနိုင်သဖြင့် ယင်းအမိန့်ကို ပြင်ပေးပါဟု မေတ္တာရပ်စာ ပေးပို့သည်။ ဗိုလ်နေဝင်းက ဦးနုပေးပို့သော ထိုစာကို ဆုတ်ပစ်လိုက်သည်ဟု သတင်းထောက်များ သိရှိကြရ၏။


ယခု နန်းကျဝန်ကြီးချုပ် ဦးနု ရာထူးပြန်ရသောအခါ ဦးနုသည် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု မပြုရစဉ် ဝန်ကြီးချုပ် မဖြစ်မီ ၃ ရက်အလိုကပင် အတွင်းဝန် ဦးဝင်းဖေအား ခေါ်ယူ၍ နွားမသတ်ရအမိန့်စာ ဥပဒေကို ကြိုတင်ရေးသားထားစေပြီး အသင့်ထားရှိစေခဲ့သည်။ ဦးနု တရားဝင်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် အတွင်းဝန် ဦးဝင်းဖေက ထိုအမိန့်ကို ရန်ကုန်တွင် အမိန့်ထုတ်ပြီး နယ်များ၌လည်း တချိန်တည်း အာဏာတည်စေရန် ကြိုးမဲ့ကြေးနန်းနှင့် ထပ်ဆင့် အမိန့်ထုတ်ခဲ့စေသည်။ 


ရာထူးမှ ဆင်းပေးရသူ ဗိုလ်နေဝင်းက ဦးနုပြန်အတက်တွင် အမဲ မသတ်ရ အမိန့်ပြန်၍လာမည်လောဟု စောင့်ကြည့်ခဲ့သည်။ သူမျှော်လင့်သည့်အတိုင်း ဦးနုက နွားမသတ်ရအမိန့်ကို မဆိုင်းမတွ ထုတ်ပြန်ရန် ကြိုတင်စီစဉ်သည်ကို သိရသောအခါ လွန်စွာ မခံချိမခံသာ ဖြစ်ရလေသည်။ သူ့အား ကလဲ့စားချေသည်ဟု ယူဆ၏။ “ငါ့အလှည့် လာဦးမှာပါ”ဟု အံကြိတ်ကာ စောင့်ဆိုင်းနေခဲ့ရသည်။ ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့က အာဏာသိမ်းသောအခါတော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး အာဏာဖြင့် ဗိုလ်နေဝင်း ပထမဆုံးထုတ်ပြန်သောအမိန့်မှာ နွားသတ်ခွင့်အမိန့်ပင် ဖြစ်ရပြန်သည်။


ထိုအမိန့်ကို နားကလောစေကာမူ ဦးနု၏ခေါင်းမာမှုနှင့် နိုင်ငံရေးလမ်းစဉ်သည် သူ့အတွက် အခွင့်အလမ်းပေါ်လေမည်ဟု ကျေနပ်ခဲ့ပြန်သည်။ ဝန်ကြီးချုပ်ဦးနုသည် ၁၉၆၀ ပြည့်နှစ်၊ မတ်လထဲတွင် အစိုးရသစ် ဖွဲ့စည်းသောအခါ ထူးခြားသော ပြောင်းလဲမှုနှစ်ခုကို ပြုလုပ်ခဲ့သည်။


ပြောင်းလဲပုံမှာ အစိုးရအဖွဲ့ ဝင်ဝန်ကြီးအဖွဲ့ ဦးရေကို လျှော့လိုက်သည်။ ဖဆပလ မကွဲမီက ဝန်ကြီး ၂၆ ဦးနှင့် ပါလီမန်အတွင်းဝန် ၃၂ ဦးရှိခဲ့သည်။ ယခုအစိုးရအဖွဲ့၌ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၉ ဦးသာ ခန့်ထားပြီး ပါလီမန် အတွင်းဝန် ၁၃ ဦးခန့်ထား ဖွဲ့စည်းခဲ့သည်။ ဦးနုက အရေးကြီးသော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် ပြန်ကြားရေးဌာနတို့အပြင် အခြားဌာန နှစ်ခုကိုပါ တာဝန်ယူသေးသည်။


ယင်းသို့ ဝန်ကြီးနှင့် အတွင်းဝန်ဦးရေကို လျှော့လိုက်သောအခါ မူလက ဝန်ကြီးနှင့်အတွင်းဝန် ဖြစ်ခဲ့သူတို့မှာ ရာထူးပြန်မရသဖြင့် လွန်စွာ ရင်အောင့်သွားကြသည်။ ထိုအထဲတွင် ပါလီမန်အတွင်းဝန် ၁၃ ဦးအနက် ရာထူးမှထွက်၍ နိုင်ငံရေးလောကသို့ ဝင်လာသူ အစိုးရအရာရှိ နောက်ပေါက် အမတ်ဦးချစ်ဖေ၊ ဦးချမ်းသာနှင့် ဦးလှကျော်တို့သုံးဦး ပါဝင်လာသဖြင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ ကျောထောက်နောက်ခံရှိသူများအဖို့ ရာထူးအတွက် စိတ်ကွက်မှုများ ဝင်လာကြသည်။ ထို့ပြင် နိုင်ငံရေးအဖွဲ့ကြီး၏ ဖွဲ့စည်းပုံကိုလည်း ပြောင်းလိုက်ပြန်သဖြင့် မူသစ်နှင့်လူဟောင်းများတို့ အံဝင်ဂွင်ကျ ဖြစ်မလာခဲ့ပြန်ပေ။


ရွေးကောက်ပွဲ ကျင်းပစဉ်က တည်မြဲဖဆပလနှင့် သန့်ရှင်းဖဆပလ ဟူ အဖွဲ့ အမည်များနှင့် မူလ ဖဆပလအဖွဲ့ ချုပ်ကြီး၏အမည်ကို အစွဲပြု၍ ရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲ ပြီးစေကာမူ တည်မြဲတို့က အမည်မပြောင်းသော်လည်း ဦးနုက သန့်ရှင်းဖဆပလ၏ အရေကိုခွာ၍ အမည်သစ်သို့ ပြောင်းသည်။ 


“ဒီမိုကရေစီဘဝ ထူထောင်ရေးမှာ ကျွန်တော်တို့အတွက် ညီညွတ်ရေးကို အဓိက အရေးထားတယ်ဆိုတာ ထင်ရှားစေချင်တဲ့အတွက် ဖဆပလအဖွဲ့ဟောင်းကို ဖျက်ပြီး၊ ပြည်ထောင်စုအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ပါသည်”ဟု ဦးနုက ထုတ်ဖော်၍ ၁၉၆ဝ ခု၊ မတ်လ ၁၇ ရက်နေ့ သန့်ရှင်းဖဆပလညီလာခံတွင် အဖွဲ့သစ်ကို ဖွဲ့လိုက်လေသည်။ သတင်းစာတို့က အတိုကောက် ပထစဟု ကင်ပွန်းတပ်ကြ၏။


အဖွဲ့သစ်ဖွဲ့သည်နှင့် တစ်ပြိုင်နက် နိုင်ငံရေးပြဿနာသည်လည်း ပူးတွဲပေါက်ဖွားလာခဲ့သည်။ အဖွဲ့ သစ်သည် ဖဆပလအဖွဲ့ ချုပ်ကဲ့သို့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ လူငယ်ဟူ၍ လူထုလူတန်းစား အဖွဲ့ခွဲများ မရှိဘဲ အားလုံးသည် ပထစအဖွဲ့ဝင်များအဖြစ် ပါဝင်ကြရမည် ဖြစ်လေသည်။ ထို့ကြောင့် ဖဆပလခေတ်က ဗတလစ လယ်သမား ခေါင်းဆောင်၊ တီယူစီဘီ အလုပ်သမား သမဂ္ဂခေါင်းဆောင်၊ ပြည်ထောင်စု လူငယ်ခေါင်းဆောင် ဟူသော အဖွဲ့ခွဲတို့မှ ခေါင်းဆောင်များသည် ကျောထောက်နောက်ခံ အင်အားကင်းမဲ့သွားကြရသည်။


ထိုအခါ မူလက ဗတလစခေါင်းဆောင်အဖြစ် အမတ်အရွေးခံရသူအမတ်များက သီးခြားအစည်းအဝေးတရပ် ကျင်းပကြပြီး ပထစအဖွဲ့သစ်၏စည်းမျဉ်းကို ဆွေးနွေးကြရာမှ စတင်ကာ မူလအဖွဲ့အစည်းများကို ဖျက်သင့်၏၊ မဖျက်သင့်၏ ပြဿနာပေါ်လာသည်။  ပထစအဖွဲ့ကို အဖွဲ့ဝင်အဖြစ် ပါဝင်သူတို့သည် မူလမိမိတို့ပါတီများတွင် ပါဝင်ရပ်တည်နိုင်စေကာမူ ပထစတွင် အမှုဆောင်အဖြစ် တာဝန်ယူရလျှင် မူလအဖွဲ့၏ အမူဆောင်ရာထူးမှ ထွက်ပေးရမည်ဟု ဆို၏။ ထိုအခါ မူလမိမိတို့၏ အဖွဲ့ကို အားကိုးပြုထားသူတို့က ပိုမို၍ မကျေမလည်ဖြစ်ကြရပြန်သည်။ 


ဤတွင် မည်သူသည် မည်သည့်အဖွဲ့မှ ဖြစ်သနည်းဟု နိုင်ငံရေး​နောက်ခံအဖွဲ့ကို ဆန်းစစ်မှုများ ပြုကြလေတော့သည်။ မူလဖဆပလအဖွဲ့ ချုပ်တွင် အများစုသော ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ဗမာ့လွတ်မြောက်ရေး တပ်မတော်မှ ပေါက်ဖွားလာသည့် ပြည်သူ့ရဲဘော်စစ်ဗိုလ်ဟောင်းများနှင့် အလုပ်သမား လယ်သမားအဖွဲ့များကို ခေါင်းဆောင်သော တို့ဗမာအစည်းအရုံးဝင် သခင်များ ဖြစ်ခဲ့ကြသည်။ သူတို့နှစ်စုကို သခင်အစုနှင့် ဗိုလ်အစုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဗိုလ်အစုတွင် ဗိုလ်မှူးအောင်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်မှူးဗလ၊ ဗိုလ်မှူးတာရာ၊ ဗိုလ်မှူးမြင့်ဆွေ၊ ဗိုလ်မှူးဇင်ယော်၊ ဗိုလ်ဘတင်၊ ဗိုလ်သောင်းထိုက်နှင့် ဗိုလ်မှူးထင်ပေါ်တို့ ပါဝင်ကြသည်။ သခင်အစု၌ သခင်တင်၊ သခင်ကျော်ဒွန်း၊ သခင်ပန်းမြိုင်၊ သခင်သိန်းမောင်၊ ဗိုလ်တင်မောင်ကြီး၊ သခင်ချန်ထွန်း၊ ဦးအုန်းညွန့်၊ သခင်ထွန်းအံ့၊ သခင်ထွန်းစိန်နှင့် ကျိုက်မရော ဦးသွင် စသည်တို့ ဦးစီးကြလေသည်။


အစိုးရအုပ်ချုပ်ရေး စက်ယန္တရားကြီးတွင် အထက်တန်းရာထူးများ ထမ်းရွက်ခဲ့ပြီးနောက် အငြိမ်းစားကာ တည်မြဲသန့်ရှင်းအတွင်းမှ နိုင်ငံရေးလောကသို့ ဝင်ရောက်လာသူတို့ကလည်း အင်အားတစု ဖြစ်လာပြန်သည်။ အိန္ဒိယအစိုးရ ပဋိညာဉ်ခံအတွင်းဝန်ရာထူးမှ အနားယူလာသူ ဦးချမ်းသာ၊ အငြိမ်းစားတရားသူကြီး ဦးလှကျော်၊ သံအမတ်ဟောင်း ဦးဝင်း၊ ဦးချစ် စသည့် နိုင်ငံခြားတက္ကသိုလ်ပြန် ပညာတတ်များသည်လည်း အမတ် အ​ရွေးခံခဲ့ကြရသည်။ 


“ပထစ အဖွဲ့ချုပ်တွင် လူထုလူတန်းစား အဖွဲ့အစည်းများကို ဆက်လက်ထားရှိလိုသော အုပ်စုနှင့် ထိုအဖွဲ့အစည်းများကို ဖျက်သိမ်း၍ ပထစအဖွဲ့ တဖွဲ့တည်းသာ ထားရှိလိုသော အုပ်စုဟူ၍ အုပ်စုနှစ်ခု ကွဲခဲ့သည်။ ဤသို့ ကွဲခဲ့ကြရာမှ အစပြု၍ အုပ်စုများပေါ်လာပြီး ပုဂ္ဂိုလ်အရ တိုက်ခိုက်မှုများ ပေါ်လာလေသည်”ဟု ထိုစဉ်က နိုင်ငံရေးအခြေအနေကို မြန်မာ့အလင်းသတင်းစာ အယ်ဒီတာခေါင်းကြီးပိုင်းမှ သုံးသပ်သည်။


ပထစအဖွဲ့ကြီး ဖွဲ့လိုက်ပြီးနောက်တွင် ဦး၊ ဗိုလ်နှင့် သခင်အုပ်စုတို့သည် အဖွဲ့သစ်၌ အထိုင်မကျနိုင်ဘဲ ဣန္ဒြေမရ ဖြစ်နေခဲ့ရာမှ လအနည်းငယ်အတွင်း အဖွဲ့ကြီး ကွဲအက်ရလေသည်။


သခင်အုပ်စုဝင်တို့က မကျေနပ်သည်မှာ မိမိတို့သည်သာ နယ်ချဲ့အင်္ဂလိပ်တို့အား တိုက်ခဲ့သူများဖြစ်သည်ဟု ယူဆခြင်းနှင့် ဖဆပလခေတ်တလျှောက်လုံး ဝန်ကြီးနှင့် အတွင်းဝန်ရာထူးများကို ထမ်းရွက်ခဲ့သူများ ဖြစ်ခဲ့ရာမှ အကျဉ်းရုံးသော ဝန်ကြီး ၁၁ ဦးအစိုးရတွင် နေရာမရကြခြင်းတို့ကြောင့်ဖြစ်သည်ဟု အချို့က ယူဆကြသည်။


သခင်တို့က ဦးအုပ်စုအပေါ် မကြည်နိုင်သည်မှာ ဦးအုပ်စုဝင်များသည် နယ်ချဲ့ခေတ်က အင်္ဂလိပ်လက်ပါးစေ ပညာတတ်များ ဖြစ်ကြသည်။ သခင်တို့သည် အမျိုးနှင့်တိုင်းပြည်အတွက် ရုန်းကန်လှုပ်ရှားနေသူများ ဖြစ်သဖြင့် အထက်တန်းပညာ တက်မြောက်သူ ရှားပါးသောကြောင့် ဖြစ်ရသည်။ နိုင်ငံခြားပြန် ဘွဲ့ကြီးရှင်များကလည်း ဘွဲ့မရှိသူတို့ကို အထင်သေးသည်။ နှစ်ဖက်စလုံးတွင် လူတန်းစားညဉ်ရှိသဖြင့် အစေးမကပ်နိုင်ဟုလည်း ယူဆနိုင်သည်။ ဗိုလ်အစုသည် ဦး သခင် နှစ်စုလုံးနှင့် လိုက်လျောညီထွေ နေနိုင်ကြသော်လည်း အရာရှိလောကမှလာသော ဗြူရိုကရက်ဟောင်းများကို ကြည့်မရခဲ့သည်လည်း ရှိ၏။


ဇာတ်စင်၏အပြင်ဖက်မှ စောင့်ကြည့်နေသူ ဗိုလ်နေဝင်းသည် မိမိ၏ အိမ်စောင့်အစိုးရခေတ်က စတင်၍ သွေးခွဲခဲ့သည့် ဤအသီးအပွင့်ကို မြင်တွေ့ရသဖြင့် ပြုံးမိသည်။ စစ်တပ်က အာဏာလုရန် အားထုတ်စဉ်က စတင်၍ သွေးခွဲခဲ့သည်။ ဖဆပလတွင် အတွင်းရေးမှူးနေရာအထိ အဆင့်တက်လာသူ သခင်ကျော်ဒွန်းအား ဓားပြတဦးသာဖြစ်သည်ဟု စစ်ဗိုလ်ကြီးများက မလိုလားနိုင်သဖြင့် စွပ်စွဲပြောဆိုခဲ့သည်။ အာဏာသိမ်းရန် ဖဆပလအစိုးရကို တိုက်စဉ်က သခင်ကျော်ဒွန်း၏နယ်မြေမှ လယ်သမားခေါင်းဆောင်များအား ဖမ်းဆီးပြီး ထိုနိုင်ငံရေးအစုကို စတင်ဖြိုခွဲခဲ့ကြသည်။ အိမ်စောင့်အစိုးရခေတ်တွင်မူ ဆပ်ပြာစက်သူဌေး မူဆာမဒါးအား ပြန်ပေးဆွဲမှုတွင် ခေါင်းဆောင်ခဲ့သည်ဟု ယိုးစွပ်၍ သခင်ကျော်ဒွန်းအား ရာဇသတ်ပုဒ်မ ၃၆၅၊ ၁၂၀(ခ)အရ ၁၉၅၉ ခု၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးရန် ဗိုလ်နေဝင်းက အမိန့်ပေးခဲ့သည်။ 


သခင်ကျော်ဒွန်း အဖမ်းခံရခိုက်တွင် သံအမတ်ဟောင်း ဦးဝင်းအား သန့်ရှင်းဖဆပလအဖွဲ့၏ အတွင်းရေးမှူးအဖြစ် အစားထိုးခန့်ထားရန် ဥက္ကဋ္ဌ ဦးနုက စီစဉ်ခဲ့သည်ကို သခင်များက ကန့်ကွက်ကြသည်။ စစ်တပ်က မတရားဖမ်းထားခိုက် ဦးဝင်းအား အစားထိုးလျှင် စစ်တပ်အစိုးရ၏စွပ်စွဲချက်ကို သန့်ရှင်းအဖွဲ့က လက်ခံသည်ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။ သခင်ကျော်ဒွန်းသည် အပြစ်မရှိပါဟု အကြောင်းပြကြသည်။ ထိုကြောင့် ယာယီအတွင်းရေးမှူးအဖြစ် ဗိုလ်မင်းခေါင်အား ခန့်ထားခဲ့ရသည်။


ဗိုလ်မင်းခေါင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခိုက်တွင် အမတ်လောင်းများ ရွေးချယ်စဉ်က လယ်သမားခေါင်းဆောင်များအား ဖယ်ချခဲ့သည်ဟု ဆိုကာ သဘောကွဲလွဲမှု စတင်ခဲ့၏။


ရွေးကောက်ပွဲ၌ သန့်ရှင်းတို့ အနိုင်ရသောအခါ သခင်ကျော်ဒွန်း၏အမှုမှာ အလိုအလျောက် ပေါ့သွားခဲ့သည်။ သက်သေခိုင်လုံမှုမရှိဘဲ စစ်ဗိုလ်ကြီးများ ယူဆချက်သာ ဖြစ်နေသည်။ ထိုကြောင့် ၁၉၆ဝ ခု၊ မတ်လ ၈ ရက်နေ့တွင် သခင်ကျော်ဒွန်းသည် မအူပင်ထောင်မှ အာမခံနှင့် လွတ်မြောက်လာသောအခါ အတွင်းရေးမှူးရာထူးကို ပြန်လည်ရယူသည်။ မိမိ အဖမ်းခံရချိန်တွင် မိမိ၏ရာထူးကို လုယူကြပြီး လွတ်လာသောအခါ ရာထူးကို ပြန်မပေးလိုကြသဖြင့် သန့်ရှင်းအဖွဲ့တွင် အုပ်စုကွဲနေပါသည်ဟု အစည်းအဝေး၌ ပြောကြားသည်အထိ အက်သံထွက်ခဲ့၏။


အင်းစိန်ခရိုင်၊ ထန်းတပင်မြို့သား သခင်ကျော်ဒွန်းသည် သာယာဝတီမြို့ အထက်တန်းကျောင်းတွင် ပညာသင်ချိန်မှစတင်၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အင်းစိန်ခရိုင် တောင်သူလယ်သမားအစည်းရုံး၏ အတွင်းရေးမှူးအဖြစ် ခေါင်းဆောင်ခဲ့စဉ်က အသက် ၂၃ နှစ်သာရှိသေးသည်။ ဂျပန်ခေတ်တွင် အင်းစိန်ခရိုင် တို့ဗမာဆင်းရဲသားအစည်းအရုံးတွင် စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ရင်း ဖက်ဆစ်တော်လှန်ရေးကာလတွင် တောင်သူလယ်သမား ပြောက်ကျားများနှင့်အတူ လှုပ်ရှားခဲ့သည်။ စစ်ပြီးခေတ် ဆိုရှယ်လစ်ပါတီ တည်ထောင်သောအခါ တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့၏။ ၁၉၄၇ ခု တိုင်းပြည်လွှတ်တော်ရွေးကောက်ပွဲ၌ အင်းစိန်မြောက်ပိုင်း အမတ်အဖြစ် အရွေးခံခဲ့ရပြီး ၁၉၅၀ ခုနှစ်မှစကာ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးအဆင့်သို့ တက်ခဲ့သည်။ ထိုမှ ဖဆပလအစိုးရ၏ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးအဖြစ် ဆက်တိုက် ခန့်ထားခံခဲ့ရသည်။


သခင်ကျော်ဒွန်းအား စစ်ဗိုလ်ကြီးအများစုက တိုက်ခိုက် ရန်ပြုခဲ့ကြသော်လည်း သူသည် ဗိုလ်နေဝင်းနှင့် လျှို့ဝှက်ဆက်သွယ်မှု ရှိခဲ့သည်။ သူသည် ဦးနုက ယုံကြည်သူဟု အများက သိကြသည်။ ဗိုလ်နေဝင်းနှင့် ဆက်သွယ်မှုကိုမူ သတင်းထောက်များပင် မသိခဲ့ကြ။ ဗိုလ်နေဝင်း၏ စစ်အစိုးရခေတ်တွင် ဗိုလ်နေဝင်းက သခင်ကျော်ဒွန်းအား မြှောက်စားသည်။ မဆလ အစိုးရခေတ်တွင် ဖဆပလခေါင်းဆောင်များကို ရာထူးပေးလေ့မရှိသော်လည်း သခင်ကျော်ဒွန်းနှင့် ဦးဘစောတို့ နှစ်ဦးကို သံအမတ်ရာထူးများ ပေးခဲ့၏။ ဗိုလ်နေဝင်းက လင်ရှိမယားဖြစ်သူ ဒေါ်ခင်မေသန်းအား လက်ထပ်သဖြင့် စစ်သေနာပတိရာထူးမှ ဖြုတ်ချရန် ဝန်ကြီးချုပ်ဦးနုက အစိုးရဝန်ကြီးအဖွဲ့တွင် အဆိုတင်၍ ဆုံးဖြတ်စဉ်က ဝန်ကြီးများ၏အစည်းအဝေး ပြီးသည်နှင့် ဝန်ကြီးဦးဘစောက ဗိုလ်နေဝင်းထံသို့ သွားရောက် သတင်းပေးသည်။ ဗိုလ်နေဝင်းက မိမိရာထူးတည်မြဲရန် ဦးကျော်ငြိမ်း၊ ဦးဗဆွေနှင့် သခင်ချစ်မောင်တို့အား “ကပ်”နိုင်ရန် အချိန်ရခဲ့သောကြောင့် ကျေးဇူးရှိသဖြင့် ကျေးဇူးဆပ်သည်ဟု ဆိုကြသည်။ သခင်ကျော်ဒွန်းကိုမူ ဗိုလ်နေဝင်း၏ အိမ်စောင့်အစိုးရခေတ်က ဓားပြဗိုလ်အဖြစ် ဖမ်းဆီးခဲ့ပါလျက် မဆလအစိုးရခေတ်တွင် မြှောက်စားခံရခြင်းကို သတင်းစာတို့က လိုက်လံ စုံစမ်းကြသော်လည်း အဖြေမရကြပေ။


မည်သို့ဆိုစေကာမူ သခင်ကျော်ဒွန်းက သခင်အုပ်စုကို ခေါင်းဆောင်၍ ဦးအုပ်စုများကို တိုက်ကြသဖြင့် ပထစအဖွဲ့ကြီးသည် စလယ်ဝင် ဖင်မမည်းမီ ကွဲခဲ့ကြလေသည်။ ပထစအကွဲသည် နယ်များသို့ပါ ကူးစက်သဖြင့် အကွဲတန့်သွားစေရန် အငြင်းပွားမှုရှိသော ခရိုင်နှင့်မြို့နယ် ညီလာခံအချို့ ကို ကျင်းပခြင်းမပြုဘဲ ရပ်ဆိုင်းထားခဲ့ရသည်။ 


ပထစညီလာခံကြီး ကျင်းပရမည့်အချိန်တွင် အုပ်စုကွဲသောရောဂါ ပိုမိုပြင်းထန်လာသဖြင့် ဥက္ကဋ္ဌဦးနုက မိမိသည် ဥက္ကဋ္ဌရာထူးမှ ထွက်တော့မည်ဟု ထုတ်ဖော်လိုက်သည်။ ထိုအခါ ဥက္ကဋ္ဌရာထူးကို ဝင်ရောက် အရွေးခံရန် သခင်တင်က ပတလစအဖွဲ့ ဥက္ကဋ္ဌရာထူးမှ ထွက်လိုက်သဖြင့် ပထစအဖို့ သခင်အုပ်စု၏လက်အောက်သို့ ရောက်ရလေတော့မည်ဟု ဦးအုပ်စုက ဗိုလ်အစုနှင့် ပူးပေါင်း၍ ဟန့်တားရန် အားထုတ်ကြလေသည်။ ဤတွင် ဗဟိုအဖွဲ့ မှစတင်၍ နယ်ဘက်သို့ ပြင်းထန်စွာ ကူးစက်လာလေတော့၏။


သို့သော် ပထစအဖွဲ့ကြီးကို ဦးဆောင်ရန် ဦးနုကဲ့သို့ လူထုက လက်ခံသည့် ခေါင်းဆောင်မရှိသောကြောင့် မည်သူကမှ သူ၏နေရာကို ယူရန် မရဲသဖြင့် ပထစအမှုဆောင် ၂၄ ဦးစလုံးက နုတ်ထွက်စာတင်ကြသည်။ “ဥက္ကဋ္ဌကြီးသည် ပထစကို စတင်ပျိုးထောင်ခဲ့ပါသည်။ ပါတီတွင်းသန့်ရှင်းရေး၊ ဒီမိုကရေစီ အုတ်မြစ်ချရေးကို ဆောင်ရွက်ရဦးမည်ဖြစ်သဖြင့် ဥက္ကဋ္ဌကြီးက ဆက်လက် အကောင်အထည်ဖော်ရန်အတွက် အလုပ်အမှုဆောင်တဖွဲ့လုံး နုတ်ထွက်ပါသည်”ဟု စာတင်ကြသော်လည်း ဦးနုက လက်မခံဘဲ သာမန်အဖွဲ့ဝင်အဖြစ်နေမည်ဟု ကြေညာခဲ့သည်။


၁၉၆၂ ခု၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကိုယ်စားလှယ် ၇၂၂ ဦး တက်သော ပထစညီလာခံ ကျင်းပသောအခါ သခင်တင်အား ပထစအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြပြီး နှစ်ဖက်အုပ်စုများ ညီမျှသည့် ဌာနချုပ်အမှုဆောင် ၁၆ ဦးနှင့် အရံ ၁၅ ဦးကို ရွေးကောက်နိုင်ကြသဖြင့် အဖွဲ့ကြီးမှာ အစိတ်စိတ် မကွဲတော့ဘဲ ညီညွတ်ရေးကို ထိန်းသိမ်းနိုင်ခဲ့သေးသည်။ 


သို့သော် တဖက်နှင့်တဖက် ရန်စောင်မှုများ ဆက်လက်ကျန်ရစ်ခဲ့သေး၏။ အစိုးရစက်ယန္တရားကြီးကမူ ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သော ဝန်ကြီး ၉ ဦးနှင့် ဆက်လက်စခန်းသွားကာ နိုင်ငံကို အုပ်ချုပ်နိုင်ခဲ့လေသည်။


ပထစကြီး အပိုင်းပိုင်း ကွဲပါက ထိုအကွဲကိုအကြောင်းပြ၍ အာဏာသိမ်းရန် စောင့်ဆိုင်းနေသူ ဗိုလ်နေဝင်းအဖို့ မချင့်မရဲ ဖြစ်နေရရှာသည်။


* * * 


၁၅။ ဝံပုလွေကြီး အားတက်လာလေပြီ


ပထစအစိုးရတက်လာပြီး လအနည်းငယ်အတွင်း ဗုဒ္ဓဘာသာကို နိုင်ငံတော်၏ဘာသာအဖြစ် အသိအမှတ်ပြုရန် ဝန်ကြီးချုပ်ဦးနုက စီစဉ်သောအခါ ဘာသာရေးကိစ္စသည် ပြဿနာအကြီးဆုံးအမှုဖြစ်သောကြောင့် ပဋိပက္ခလာတော့မည်ဖြစ်ပြီး မိမိအခွင့်အရေးလည်း လာလေပြီဟု ယူဆကာ ဗိုလ်နေဝင်း လက်ခမောင်းခတ်လေတော့သည်။


မြန်မာဗုဒ္ဓဘာသာခေါင်းဆောင်တို့သည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးအတွက် အရေးဆိုစဉ်ကပင် လွတ်လပ်သောမြန်မာနိုင်ငံ တည်ထောင်ချိန်၌ နိုင်ငံတော်၏ဘာသာကို ဗုဒ္ဓဘာသာအဖြစ် သတ်မှတ်ရန် စိတ်ကူးယဉ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ မေလက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရန်၊ ဖဆပလအဖွဲ့ချုပ်၏ ပဏာမညီလာခံ ကျင်းပရန် စီစဉ်စ ကာလကပင် ရဟန်းတော်အချို့နှင့် နိုင်ငံရေးခေါင်းဆောင်များက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ်စေရန် ရေးသားဟောပြော လှုံ့ဆော်ခဲ့ကြသည်။


အဖွဲ့ချုပ်၏ခေါင်းဆောင် ဥက္ကဋ္ဌဦးအောင်ဆန်းကမူ “သမ္မတဟာ ပုဒ္ဓဘာသာဖြစ်ရမယ်ဆိုလျှင် မှားတယ်၊ ဒီလိုလုပ်ကြရင် နိုင်ငံတော် ကံဆိုးမိုးမှောင်ကျတာပဲ”ဟု ပြတ်သားစွာ ပြောဆိုဆန့်ကျင်ခဲ့သည်။ ဘာသာကိုင်းရှိုင်းသူ ဦးဘချိုက နိုင်ငံတော်ဘာသာအဖြစ် ဗုဒ္ဓဘာသာဖြစ်ရမည်ဟု ညီလာခံတွင် တရားဝင် အဆိုတင်သောအခါတွင်လည်း ဦးအောင်ဆန်းက ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ပြန်၏။


“သည်လိုမဟုတ်မဟတ် လျှောက်လုပ်နေကြရင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သဘောက် ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရားလက်ထက်ကတည်းက မွတ်ဆလင်တွေ ရှိတယ်၊ ဘရင်ဂျီတွေ ရှိတယ်၊ အစတုန်းက ရှိခဲ့တဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေ ရှိတယ်၊ အဲဒီတောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက အချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာရှိတယ်။ သူတို့တတွေဟာ အားလုံး နိုင်ငံသားတွေပဲ၊ တိုင်းပြည်ကို ကျွန်တွင်းကလွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်း မဟုတ်ဘူး။ သူတို့တတွေ ပါကြပါတယ်။ အခု ကျွန်တွင်းက လွတ်မယ်မကြံသေးဘူး၊ သူတို့အပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမယ်လို့ လုပ်လိုက်လျှင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် အသုံးမကျတဲ့အကောင်တွေ ဖြစ်သွားမှာပေါ့ဆရာ၊ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ၊ တိုင်းပြည်တခုလုံး စည်းရုံးကြဖို့လိုတယ်။ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလုပ်ချင်လျှင်... ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ဆရာကြေညာ၊ ကျွန်တော် မပါဘူး”ဟု ဦးအောင်ဆန်းက ကန့်ကွက်ခဲ့သဖြင့် ဆရာတော်ကြီးတို့ပါ ဝင်ရောက်ဆွေးနွေး ဟောပြောရေးသား လှုံဆော်ကြပြန်သည်။


နိုင်ငံရေးလောကကို ခေါင်းဆောင်သူအများတို့က ကန့်ကွက်သည်။ ဖဆပလအဖွဲ့ချုပ်အတွင်းရှိ ဖဆပလခေါင်းဆောင်အချို့ကလည်း သဘောမတူကြောင်း ဆန္ဒပြုကြသည်။ ဘာသာခြားတို့သာမက ဗုဒ္ဓဘာသာဝင်များကလည်း ကန့်ကွက်ကြသည်။ ကန့်ကွက်သူများတွင် ခေါင်းဆောင်ဖြစ်သူ ဦးအောင်ဆန်းက သူများထက်ပြင်းထန်စွာ ကန့်ကွက်သည်။ စကားပြောလေတိုင်း လိုရင်းကို ထိခိုက်အောင် ရှင်းရှင်းပြောလေ့ရှိသဖြင့် မကျေနပ်သူများ ပေါ်လာသည်။


တချီတွင် ဦးအောင်ဆန်းက ဆူညံစွာ ရေးသားဝေဖန်ကြသော သတင်းစာတို့အား “ခွေးဟောင်တိုင်း ထကြည့်မနေနိုင်ဘူး” ပြောမိသဖြင့် သာသနာရေးရပ်ကွက်တွင် ပြင်းစွာ ဂယက်ရိုက်ခဲ့သည်။ ထိုအခါ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က ဒုတိယဥက္ကဋ္ဌ သခင်နုအား တိုးတိုးတိတ်တိတ် ဖိတ်ခေါ်၍ ဘာသာရေးကိစ္စကို ကိုင်တွယ်လျှင် သတိကြီးစွာထား၍ ပြောဆိုသင့်ကြောင်း ထောက်ပြပြီး သတိပေးကာ အကြံပြုသည်။ 


ဘုရင်ခံက အခြေခံဥပဒေတွင် ဘာသာရေးကိစ္စကို ခြွင်းချန်ထားလျှင် ဗုဒ္ဓဘာသာဝင်များ မကျေမနပ် ဖြစ်နိုင်သဖြင့် အိုင်ယာလန်ဥပဒေကဲ့သို့ ရေးဆွဲသင့်သည်ဟု တိုက်တွန်းပြီး အိုင်ယာလန်ပြည်၏ အခြေခံဥပဒေစာအုပ်ကို ပေး၍ အကြံပြုသည်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်၌ လူအများစုတို့က ကိုးကွယ်သောဘာသာ ဖြစ်သည်။ သို့သော် အခြားဘာသာများလည်း ရှိပေသည်ဟူ၍ ဥပဒေပြုသင့်ကြောင်း အကြံပေး၏။


ဦးနုက ထိုစာအုပ်ကို ဦးအောင်ဆန်းအား ပေး၍ ရှင်းပြသည်ကို ဦးအောင်ဆန်းက လက်ခံသဘောတူသဖြင့် ဘာသာကိစ္စကို ဆက်လက်ဆွေးနွေးမှုမပြုဘဲ ဥပဒေမူကြမ်းမှာ ချောမောစွာ ရေးနိုင်ခဲ့ကြလေသည်။ ၁၉၄၇ ခု မြန်မာနိုင်ငံ၏အခြေခံဥပဒေ၌ ဘာသာရေးနှင့်ပတ်သက်၍ ပုဒ်မ ၂၁(၁)တွင် ပြေလည်စွာ ရေးသားချက်ကို အဆင့်ဆင့် သဘောတူခဲ့ကြလေသည်။ 


(၁) ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော် နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီးဟု ပြည်ထောင်စု မြန်မာနိုင်ငံတော်က အသိအမှတ်ပြုသည်။ 

(၂) နိုင်ငံတော်သည် အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်သောဘာသာ စသည့် ဘာသာတို့ကို ဤနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ပြုသောအချိန်၌ နိုင်ငံတော်တွင်း ရှိနေကြသော ဘာသာအချို့ဟူ၍ အသိအမှတ်ပြုသည်။


ဥပဒေမှ ဤစာပိုဒ်ကို မှီငြမ်းပြု၍ ဖဆပလအစိုးရက ဗုဒ္ဓဘာသာ သာသနာရေးကိစ္စရပ်များကို စွမ်းဆောင်နိုင်ခဲ့ကြသည်။ အစိုးရအဖွဲ့၌ပင် သာသနာရေးဝန်ကြီးဌာနကို ဖွဲ့စည်း၍ ဝန်ကြီးတဦးက တာဝန်ယူ လုပ်ဆောင်နိုင်ခဲ့သည်။ သံဃာ့ဝိနိစယအက်ဥပဒေ၊ ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယ အက်ဥပဒေများကို လွှတ်တော်မှ ပြဋ္ဌာန်းနိုင်ခဲ့သည်။ ဗုဒ္ဓသာသနာကောင်စီကိုလည်း အစိုးရက တာဝန်ယူ၍ ဖွဲ့စည်းပေးနိုင်သည်။ 


ဗုဒ္ဓဘာသာဝင်တို့အတွက်သာမက အခြားဘာသာဝင် နိုင်ငံခြားသားများအတွက်လည်း အစိုးရက လိုအပ်သလို ကူညီထောက်ပံ့ လုပ်ဆောင်ပေးခဲ့သည်။ သက်ဆိုင်ရာဘာသာများသို့ ဘာသာဝင်ဦးရေအလိုက် ​ငွေကြေးလှူဒါန်းခဲ့သည်။ ထိရောက်သော လုပ်ငန်းတခုမှာ အစ္စလာမ်ဘာသာ၏ အရေးပါသော ကိုရန်ကျမ်းကို မူရင်းအာရေဗျဘာသာမှ မြန်မာဘာသာဖြင့် ပြန်ဆိုရေးအတွက် ရန်ပုံ​ငွေကို အစိုးရက မတည်ပေးခဲ့သည်။ ရန်ကုန်မြို့၌ ပရိုတက်စတင့်ဂိုဏ်းပေါင်းစုံ ညီလာခံကျင်းပစဉ်က သမ္မာကျမ်းစာ စာအုပ်များကို အစိုးရက ဝယ်ယူဝေငှခဲ့သည်။


အီတလီပြည် ဗာတီကန်မြို့တော်ရှိ ပုပ်ရဟန်းမင်းကြီးအား ဂါဝရပြုရန်အတွက် မြန်မာကက်သလစ်ဘာသာ ခေါင်းဆောင်များ၏ အဖွဲ့တဖွဲ့ ကို အစိုးရစရိတ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး အလားတူ မွတ်ဆလင်ဘာသာဝင်များအတွက် အာရေဗျနိုင်ငံ၊ မက္ကာသို့ ဝတ်ပြုရန် အဖွဲ့တခုကို အစိုးရက စေလွှတ်ပေးခဲ့သည်။


ဝန်ကြီးချုပ်ဦးနုက နိုင်ငံခြားခရီးထွက်စဉ်တွင် ဗာတီကန်မြို့တော်သို့ သွားရောက်၍ ပုပ်ရဟန်းမင်းကြီးအား ဂါဝရပြုပြီးအပြန်တွင် ခရစ်ဝင် ပုံတော်ကားများ၊ ပုပ်ရဟန်းမင်းကြီး၏ပုံတော်များ၊ စာအုပ်များ သယ်ဆောင်၍ မြန်မာ-ခရစ်ယာန်များသို့ ဝေငှသည်။ ဂျော်ဒန်သို့ သွားရောက်ကာ ဂျော်ဒန်မြစ်ရေနှင့် လက်ဝါးကပ်တိုင်ပုံများ သယ်ယူဝေငှခဲ့၏။ ဖဆပလအစိုးရက ဘာသာရေးကို အားပေးစေကာမူ ဘာသာရေးကို အခြေပြု၍ နိုင်ငံရေးလုပ်ဆောင်မှုကိုမူ အားမပေးခဲ့ပေ။


ဖဆပလအဖွဲ့ကြီး တည်ဆောက်စဉ် နေသူရိန်ညီလာခံခေတ်က အဖွဲ့ချုပ်အတွင်းရှိ လူထုလူတန်းစားအဖွဲ့များတွင် “ဗမာမွတ်ဆလင် ကွန်ဂရက် (ဗမက)”အမည်နှင့် တက်ကြွသော နိုင်ငံရေးအဖွဲ့တခု ပါဝင်ခဲ့သည်။ လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်က ဗမကတို့သည် အခြားအဖွဲ့အစည်းများထက်ပင် ပိုမိုတက်ကြွစွာ လှုပ်ရှားခဲ့သည်။ လွတ်လပ်ရေးရရှိပြီး ဖဆပလအစိုးရ တက်လာသောအခါ နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်ခြင်းမပြုဘဲ တသီးတခြားစီ တည်နေကြရန် မူချမှတ်ထားခဲ့သော်လည်း ဗမကအဖွဲ့ ကို သတိမမူမိကြဘဲ ပူးတွဲလက်ခံထားခဲ့သည်။ နောက်ပိုင်းတွင် ဖဆပလအဖွဲ့ကြီး၏ အဖွဲ့တခုသည် ဘာသာရေးအဖွဲ့တခု ဖြစ်နေသည်ကို သတိပြုမိသောကြောင့် အဆိုပါ ဗမာမွတ်ဆလင်အဖွဲ့ (ဗမက)ကို ဖျက်သိမ်းရန် ၁၉၅၅ ခု၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ညွှန်ကြားခဲ့သည်။


ဝန်ကြီးချုပ်ဦးနုက “ဗမကတွေက ဗမာတွေပါ၊ မွတ်ဆလင်ဘာသာ ယူထားတဲ့ ဗမာတွေပါ၊ မွတ်ဆလင်ဘာသာယူထားတာမို့ သီးခြား ဖွဲ့သင့်တယ်လို့ ခင်ဗျားတို့က ပြောလာရင် ဗမာခရစ်ယာန်တွေလည်းဖွဲ့၊ ဗမာဟိန္ဒူတွေကလည်း ဖွဲ့ လာလိမ့်မယ်၊ ဗမာဗုဒ္ဓဘာသာတွေကလည်း ဖွဲ့ လာလိမ့်မယ်။ ပြည်တော်သာလုပ်ငန်းတွေ ပြပြီး စည်းရုံးတာနဲ့ ဘာသာကိုပြပြီး စည်းရုံးတာက ပိုပြီးလွယ်ကူပါတယ်။ ဘာသာကိုပြပြီး စည်းရုံးတဲ့အဖွဲ့ အစည်းတွေ ပေါ်လာရင် တိုင်းပြည်အတွက် မကောင်းပါ။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်နိုင်ပေမဲ့ ဘာသာရေး မျှတမှုမရှိလျှင် အဓိကရုဏ်းတွေဖြစ်ပြီး တိုင်းပြည်အတွင်း သွေးချောင်းစီးပါလိမ့်မယ်။ အခြားဘာသာရေးအဖွဲ့အစည်းတွေ မှိုလိုပေါက်လာပြီး လွတ်လပ်ရေးကို ထိခိုက်နိုင်ပါတယ်။ ၁၉၄၈ ခု၊ လွတ်လပ်ရေးရပြီးကတည်းက ဗမက မရှိသင့်ကြောင်း ကျွန်တော် ပြောခဲ့ပါတယ်” ဟု ရှင်းပြသည်ကို ဗမကအဖွဲ့က လက်ခံကာ အဖွဲ့ကို ဖျက်သိမ်းပေးခဲ့သည်။ 


ယင်းသို့ ဘာသာပေါင်းစုံ လွတ်လပ်စွာ ထွန်းပနေသော်လည်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ရန်ကိစ္စမှာ ရပ်တန့်မသွားဘဲ ဆက်လက် အားထုတ်ခဲ့ကြပြန်သည်။


၁၉၅၁ ခု ဒီဇင်ဘာ ၂၆ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ “ပြည်ထောင်စုမြန်မာနိုင်ငံကို ဗုဒ္ဓနိုင်ငံတော်အဖြစ် အတိအလင်း ကြေညာပါရန် အစိုးရအား ပါလီမန်က အကြံပေး ထောက်ခံကြောင်း” အဆိုကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်အမတ် ဒေါ်ခင်လှက တင်သွင်းသည်။ သွားလေသူ ဒီးဒုတ်ဦးဘချို၏သမီးက ဖခင်၏ဆန္ဒ လက်စကို ထပ်မံ အားထုတ်ပြန်သည်။ ထိုအဆိုကို ပဲခူးကျေးလက်မြောက်ပိုင်း အမတ် ဗိုလ်ခင်မောင်က ထောက်ခံခဲ့၏။

ထိုအဆိုကို သာသနာရေးဝန်ကြီးဦးဝင်းက ခေါင်းဆောင်ကန့်ကွက်ခဲ့သဖြင့် ပျက်ပြယ်သွား၏။ ဦးဝင်းက “ဗမာတွေ လွတ်လပ်ရေးရလျှင် ဘာသာရေး ချုပ်ချယ်မှုပြုကြလေမည်ဟု အင်္ဂလိပ်တွေက ခြေထိုးခဲ့ပါတယ်။ ကျွန်တော်တို့ လူအများစုက ဘာသာကိစ္စကို အတိုင်းအရှည် မညီအောင် လုပ်ရန်မသင့်ပါ”ဟု အကြောင်းပြခဲ့သည်။ 


သို့သော် ၁၉၆၁ ခု၊ သြဂုတ်လတွင်မူ အခြေခံဥပဒေပုဒ်မ ၂၁(၁) ကို “ဗုဒ္ဓဘာသာ သာသနာသည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဘာသာကြီးဖြစ်သည့် အားလျော်စွာ နိုင်ငံတော်ဘာသာ သာသနာ ဖြစ်စေရမည်”ဟု ပြင်ဆင်ချက်ဥပဒေကို တင်သွင်း အတည်ပြုခဲ့သည်။


ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှင့် သာသနာ ၂၅၀၀ ပြည့်ပွဲကို ၁၉၅၆ ခုနှစ်က ကမ္ဘာအေး မဟာပါသဏလှိုဏ်ဂူတွင် ကျင်းပစဉ် ဆရာတော်ကြီးများက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုရန် တိုက်တွန်းကြစဉ်က အခြားဘာသာဝင် နိုင်ငံသားများ အထင်အမြင်မှားလျှင် အမျိုးသားစည်းလုံးရေးကို ပျက်ပြားနိုင်သဖြင့် မပြုသင့်သေးကြောင်းနှင့် ဝန်ကြီးချုပ် ဦးနုက ငြင်းဆို အလျှောက်ထားခဲ့သည်။


သုံးနှစ်ခန့်ကြာသော ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ တွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် သန့်ရှင်းဖဆပလ၏ ရွေးကောက်ပွဲလမ်းစဉ်ကို ကြေညာသောအခါတွင်မူ ဦးနုက “ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရန် ဘာသာခြားခေါင်းဆောင်များနှင့် ညှိနှိုင်း၍ လုပ်ဆောင်မည်”ဟု ရွေးကောက်ပွဲ ကတိတခုအဖြစ် ဆုံးဖြတ်ထုတ်ဖော်ခဲ့လေသည်။


ဝန်ကြီးချုပ်ဦးနုသည် သူအာဏာပြန်ရသောအခါတွင် ရွေးကောက်ပွဲ ကတိအတိုင်း အားထုတ်လုပ်ဆောင်ခဲ့လေသည်။ သံဃာတော် ၂၃ ပါးနှင့် လူပုဂ္ဂိုလ် ၂၁ ဦး ပါဝင်သည့် “ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်ဘာသာ သာသနာအဖြစ် ပြဋ္ဌာန်းသတ်မှတ်ရေးဆိုင်ရာ အကြံပေးအဖွဲ့”ကို ၁၉၆၀ ခု၊ ဧပြီလ ၄ ရက်နေ့တွင် ဖွဲ့စည်းလိုက်လေသည်။


ဥက္ကဋ္ဌရိက္ခာတော်ရ နိုင်ငံတော်တရားဝန်ကြီးချုပ် ဦးသိန်းမောင် ဦးစီးသောအဖွဲ့သည် ဗုဒ္ဓဘာသာဝင်များထံမှ အကြံပေးချက်များနှင့် အခြားဘာသာဝင်များ၏ စိုးရိမ်ကြောင့်ကြမှုများကိုပါ စုံစမ်း၍ ၄င်းတို့၏ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးကို စိုးစဉ်းမှ မထိခိုက်အောင် လုပ်ဆောင်မှုအတွက် အကြံပေးကြရန်တာဝန်ကို လုပ်ဆောင်ကြရသည်။


တိုင်းပြည်မှာ အကြံပေးအဖွဲ့ကို ဖွဲ့စည်းချိန်မှ စတင်ကာ တုန်လှုပ် ဆူပွက်သွားတော့သည်။ ဘာသာခြားများသာမက ဗုဒ္ဓဘာသာဝင် မြန်မာများကလည်း ကန့်ကွက်သူများ ရှိသည်။


၁၉၆ဝ ခု၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က မြစ်ကြီးနားမြို့သို့ သွားရောက်သော အကြံပေးအဖွဲ့ကို အင်အား ၅၀၀၀ ခန့် ရှိလူထုက ဆန္ဓပြ ကန့်ကွက်ကြသည်။ မီးရထားနှင့် သံတဲကို ခဲများနှင့် ပေါက်ကြသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။


ဝန်ကြီးချုပ်ဦးနုက အခြားဘာသာဝင်များနှင့် တွေ့ဆုံရှင်းလင်း ပြောဆိုရာတွင်လည်း အများစုတို့က ကန့်ကွက်ငြင်းဆိုကြသည်ကို တွေ့ ရသည်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုရေး အစီအစဉ်ကို ဗုဒ္ဓဘာသာဝင်ဖြစ်သော သမ္မတဟောင်း စပ်ရွှေသိုက်၊ ဝန်ကြီးဟောင်း ဦးထွန်းဖေ စသော ပုဂ္ဂိုလ်များကလည်း အစည်းအဝေးအမျိုးမျိုး ကျင်းပ၍ ကန့်ကွက်ကြ၏။


” သန့်ရှင်း (သို့မဟုတ်) ပထစအစိုးရကို နိုင်ငံရေးကိစ္စအထွေထွေတို့၌ ထောက်ခံခဲ့သော ပမညတအဖွဲ့ကြီးကလည်း နိုင်ငံတော်ဘာသာပြုသဖြင့် မုန်းတီးခြင်း၊ ရန်ပြုခြင်း၊ စိတ်ဝမ်းကွဲပြားခြင်း စသည့် မလိုလားအပ်သော ပြဿနာများပေါ်လာနိုင်သည်ဟု အကြောင်းပြ၍ ကန့်ကွက်လေသည်။ တည်မြဲဖဆပလကမူ ယင်းကိစ္စကို သဘောမတူနိုင်ကြောင်း၊ ပြင်းထန်စွာ ကန့်ကွက်သည်။ 


အဆိုကို လွှတ်တော်သို့ တင်သွင်းသောအခါ နိုင်ငံတွင်းရှိ ဘာသာသာသနာအားလုံး ညှိုးနွမ်းရပါမည်၊ ပြည်ထောင်စုကြီး ပြိုကွဲပါမည်ဟု အကြောင်းပြ၍ တည်မြဲခေါင်းဆောင် သခင်သာခင်က ကန့်ကွက်သွား၏။ ပထစအစိုးရအဖွဲ့ဝင် ဦးရာရှစ်နှင့် ဝန်ကြီး ဦးဇာရဲလျှံတို့ကလည်း လွှတ်တော်တွင် ဆန့်ကျင်တင်ပြ ကန့်ကွက်ကြသည်။ 


ယင်းသို့ ကန့်ကွက်ကြသော်လည်း လွှတ်တော်၌ အဆိုကို မဲခွဲဆုံးဖြတ်သောအခါ ဥပဒေကြမ်းကို ထောက်ခံမဲ ၃၂၄ မဲရရှိ၍ ကန့်ကွက်မဲက ၂၈ မဲသာရှိသဖြင့် တတိယမြောက် အခြေခံဥပဒေ ပြင်ဆင်ချက်ဥပဒေမှာ ငြိမ်းချမ်းစွာ အတည်ဖြစ်သွားခဲ့လေသည်။


နိုင်ငံတခုလုံး အယူအဆ ကွဲပြားကြသဖြင့် တဖက်နှင့်တဖက် ဝေဖန်ဆွေးနွေးကြရင်း သွေးပူလာကြသော်လည်း မြစ်ကြီးနားမြို့ ဆန္ဒပြပွဲမှတပါး ပဋိပက္ခကြီးစွာ မဖြစ်ခဲ့ဘဲ ငြိမ်းချမ်းစွာ ပြီးမြောက်ခဲ့သည်။


တဖန် နိုင်ငံတော်ဘာသာကို အတည်ပြုပြီးသည့်နောက် ဗုဒ္ဓဘာသာ မဟုတ်သော အခြားဘာသာများ၏ အခွင့်အရေးကို တိုးမြှင့်ခြင်း၊ ဘာသာတိုင်း ဘာသာရေးရာသင်ကြားမှု အားပေးရေး၊ ပြည်သူ့ဘဏ္ဍာမှ ငွေကြေးထောက်ပံ့ရေးစသည့် အချက်များကို အစိုးရက လုပ်ဆောင်ရန်အတွက် စတုတ္ထမြောက် အခြေခံဥပဒေကို ရေးဆွဲ၍ လွှတ်တော်သို့ တင်သွင်းသောအခါ၌ တမျိုးဆူပွက်ကြပြန်သည်။ ဤတချီတွင် သံဃာအသင်းအဖွဲ့များတို့က ဆန့်ကျင်ကန့်ကွက်ကြသည်။ 


စတုတ္ထပြင်ဆင်ချက်၌ “လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ သင်ကြားနိုင်သော အခွင့်အရေး ရရှိစေရမည်”ဟု ပါရှိသည်မှာ ဘာသာတိုင်း၏ အခွင့်အရေးဖြစ်သဖြင့် “ဘာသာတိုင်းသည် နိုင်ငံတော်ဘာသာ ဖြစ်သွားလေပြီ”ဟုဆိုကာ ရဟန်းအဖွဲ့အစည်းများက ပြင်းထန်စွာ လှုပ်ရှားကန့်ကွက်ကြပြန်သည်။ 


တနေ့တွင် ရာပေါင်းများစွာသော သံဃာထုကြီးက အတွင်းဝန်ရုံးဝင်းအတွင်း ဝင်ကာ ဆန္ဒပြကြသည်။ ရုံးတဝိုက်တွင် စုရုံးကြသည့် သံဃာတော်များသည် ပြင်းထန်စွာ ဒေါသထွက်နေကြသည်။ သတင်းထောက်များကို “မင်း ဘယ်သတင်းစာကလဲ”ဟုမေး၍ ပြင်ဆင်ချက်ကို ထောက်ခံသည့်သတင်းစာမှ ဖြစ်ပါက ဆဲဆို၍ရိုက်မောင်း ပုတ်မောင်း ပြုသဖြင့် သတင်းထောက်တို့မှာ သံဃာထုအနီး မကပ်ဝံ့ဖြစ်နေ၏။


ထိုဆူပွက်နေသော သံဃာထုကြီးနှင့် မိမိဆွေးနွေးမည်ဆိုကာ ဝန်ကြီးချုပ် ဦးနုသည် ဗိုလ်အောင်ကျော်လမ်းမှ အတွင်းဝန်ရုံးသို့ တဦးတည်း ချီတက်သောအခါ လမ်းအပြည့်ရှိသော သံဃာတို့အား လက်အုပ်ချီ၍ ပြုံးရွှင်စွာ ဝင်ရောက်ခဲ့၏။ သူ၏ဘေးတွင် အကြံပေးအရာရှိတဦးမှတပါး လက်နက်ကိုင် အစောင့်မပါဘဲ ရဲရင့်စွာ ဝင်လာသောအခါ အကြောက်လွန်နေသည့် သတင်းထောက်များပါ ဝန်ကြီးချုပ်၏နောက်မှ စုရုံးလိုက်ပါမိကြသည်။ ဆူပူနေသည့် သံဃာများသည် လက်အုပ်ချီထားသော ဝန်ကြီးချုပ်အား ရှဲခနဲ လမ်းပေးမိကြသည်။


သံဃာကိုယ်စားလှယ်များနှင့် တွေ့သောအခါ ဦးနုက ဘာသာတိုင်း မျှတညီညွတ်သော အခွင့်အရေးရရှိရန် ဆောင်ရွက်ရကြောင်း အချိန်ကြာမြင့်စွာ လျှောက်ထား၍ တောင်းပန်သည်။ ဆရာတော်များက လက်မခံ။


“အရှင်ဘုရားတို့ ရာဇဝင်ကို ပြန်ကြည့်ပါ၊ မင်းတုန်းမင်းလက်ထက်က ခရစ်ယာန်ဘာသာ၊ မွတ်ဆလင်ဘာသာတွေကို ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်”ဟု လျှောက်ထားသောအခါ 


ဆရာတော်ဘုရားက 

“အဲဒီ​ခေတ်တုန်းက ငါတို့ မရှိလို့ပေါ့ကွ၊ ငါတို့ရှိလျှင် မင်းတုန်းကိုလည်း ကန့်ကွက်မှာပဲဟေ့”ဟု ဖြေဆိုသည်အထိ တင်းမာခဲ့သော်လည်း နေထိုင်၍ မိုးချုပ်သောအခါ သံဃာတော်များသည် တပ်ရုတ်သွားကြသည်။ 


ဤသို့ဖြင့် စတုတ္ထအကြိမ် ဥပဒေပြင်ဆင်ချက်မှာလည်း အတည် ဖြစ်သဖြင့် မြန်မာနိုင်ငံသည် ဘာသာမှန်သမျှကို အားပေးသော နိုင်ငံဖြစ်လာခဲ့၏။ တနည်းအားဖြင့် ငြိမ်းချမ်းစွာ ပြီးပြတ်သွားသဖြင့် စစ်တပ်က အကြောင်းပြကာ အာဏာလုခြင်း မပြုနိုင်ပြန်။ ဗိုလ်နေဝင်းက အားမလျှော့ ဆက်ရန်ရှိသေးသည်ကို စောင့်ကြည့်နေခဲ့သည်။


ပထစအစိုးရသည် တိုတောင်းသောကာလကိုသာ အုပ်ချုပ်ခွင့်ရခိုက်တွင် ပြဿနာအများဆုံးကို ရင်ဆိုင်ဖြေရှင်းရသည့် အစိုးရဖြစ်၏။ နိုင်ငံတော်ဘာသာအတည်ပြုပြီး အချိန်အနည်းငယ်အတွင်း ပြည်နယ်တောင်းဆိုမှုများ အရေးကို ဖြေရှင်းရပြန်သည်။


“လွတ်လပ်သော ဗမာပြည်သစ်ကို ထူထောင်ရာမှာ တိုင်းရင်းသား လူနည်းစု၊ လူများစု အားလုံး သဘောတူတဲ့နည်းနဲ့ လွတ်လပ်စွာ တည်ထောင်ရန် ကတိပေးပါသည်”ဟု ၁၉၄၆ ခု၊ ဇန်နဝါရီ ၁၇ ရက် ရွှေတိဂုံစေတီ အလယ်ပစ္စယံ ဖဆပလ ပထမညီလာခံတွင် တိုင်းရင်းသားလူမျိုးစုများအရေး အဆိုကို ဒီးဒုတ်ဦးဘချို တင်သွင်းခဲ့၏။ ရှေးခေါင်းဆောင်များသည် အမြင်ကျယ်စွာ စီစဉ်ခဲ့ကြသည်။ 


ထိုမူအရ ၁၉၄၇ ခု ပဏာမညီလာခံမှ အခြေခံဥပဒေ ရေးဆွဲစဉ်က လူမျိုးစုများအတွက် (က) ပြည်ထောင်စုပြည်နယ် (ခ) ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ်နှင့် (ဂ) လူမျိုးစုပြည်နယ်ဟု သတ်မှတ်ခဲ့သည်။


(၁) ပထဝီနယ်နိမိတ် ထင်ရှားရှိခြင်း 

(၂) မြန်မာစကား မဟုတ်သည့် ဘာသာစကားရှိခြင်း 

(၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း 

(၄) ရာဇဝင်စဉ်လာတမျိုးတည်း လူစုရှိခြင်း 

(၅) စီးပွားရေးလုံလောက်ခြင်း 

(၆) လူဦးရေ အတော်အတန်ရှိခြင်း 

(၇) ပြည်ထောင်စုအဖွဲ့ဝင် သီးခြားနေလိုသည့် ဆန္ဒရှိခြင်းတို့ကို “စံ”ပြု၍ သတ်မှတ်ခဲ့ရာ ရှမ်းပြည်နယ်ကို ပြည်ထောင်စုပြည်နယ်၊ ကချင်နှင့် ကရင်နီမျိုးစုတို့ကို ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်နှင့် ချင်းအမျိုးသားတို့အား လူမျိုးစုပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။


ထိုစဉ်က ရခိုင်နှင့်မွန်တို့အား မြန်မာများဟု ယူဆခဲ့၏။ သို့သော် ရခိုင်ခေါင်းဆောင်အချို့က ရခိုင်ပြည်ကို သီးခြားပြည်နယ်ပေးရန် ၁၉၃၀ ခုနှစ် အင်္ဂလိပ်အစိုးရခေတ်ကပင် တောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်တို့က ရခိုင်ဒေသကို မြန်မာပြည်မနှင့် တစပ်တည်းထားသည်ကို သူတို့က လက်မခံလို၊ အခြေခံဥပဒေဆွဲကြစဉ်ကလည်း ရခိုင်ခေါင်းဆောင်များက တောင်းဆိုခဲ့သေးသည်။ ရခိုင်ကိစ္စကို ဆွေးနွေးပါက ဥပဒေကြီး နှောင့်နှေးပြီး လွတ်လပ်ချိန် စောင့်ဆိုင်းရမည်စိုးသဖြင့် ရခိုင်တို့က ​လျှော့ပေးခဲ့၏။ အခြေခံဥပဒေတွင် ပြည်နယ်သစ်များ သတ်မှတ်ခွင့်ကို ခွင့်ပြုထားသည်နှင့် ကျေနပ်ခဲ့ရသည်။ အခြေခံဥပဒေတွင် ပြည်နယ်သစ်များ သတ်မှတ်ခွင့်ကို ဖော်ပြပေးအပ်ထားချက်အရ တနေ့တွင်မှ တောင်းဆိုကြမည်ဟု အားသွန်ထားခဲ့သည်။


လွတ်လပ်ချိန်တွင် ရခိုင်ပြည်နယ်ရရှိရေး လှုပ်ရှားမှုများပြုသဖြင့် ရခိုင်တိုင်းဒေသအလိုက် အုပ်ချုပ်မှုစုံစမ်းရေးကော်မရှင်ကို ဝန်ကြီး ဦးညိုထွန်းအား ဥက္ကဋ္ဌပြု၍ ဖွဲ့ခဲ့သည်။ ကြားဖြတ်အစီရင်ခံစာတွင် ရခိုင်တိုင်းအုပ်ချုပ်မှု ပြုပြင်ရေးကိစ္စများကိုသာ ထောက်ခံထားခဲ့သဖြင့် ပြည်နယ်ကိစ္စ ပျောက်သွားပြန်သည်။ ပြည်နယ်ပေးရန် တောင်းဆိုမှုသည် ရပ်တန့်မသွားဘဲ လွှတ်တော်သို့ မကြာခဏတက်လာခဲ့သဖြင့် “ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေးကော်မရှင်”ကို ၁၉၄၈ ခု၊ အောက်တိုဘာတွင် ဖွဲ့ ခဲ့သည်။ လေးနှစ်ကြာမှ ထွက်လာသည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်ကိစ္စ နောက်ထပ် စုံစမ်းသင့်သည်ဟု ဖော်ပြထားခဲ့သဖြင့် ဆိုင်းရပြန်သည်။


ပထစခေတ်တွင် တဖန် ပြည်နယ်ရရှိရေး တောင်းဆိုမှုများ ထွက်လာသဖြင့် မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ် အကောင်အထည်ဖော်ရေးကို အကြံပေးရန် သမ္မတဟောင်း ဒေါက်တာဘဦး ခေါင်းဆောင်သည့်အဖွဲ့ကို ပထစအစိုးရက ၁၉၆၀ ခု၊ ဧပြီလတွင် ဖွဲ့ခဲ့ပြီး စုံစမ်းစေခဲ့သည်။


ရခိုင်ပြည်နယ်ဟု သတ်မှတ်သင့်၏။ မသင့်၏ကို ရခိုင်လူထု၏စိတ်ဆန္ဒနှင့် ဆုံးဖြတ်ရန် လူထု၏ဆန္ဒခံယူပွဲ ကျင်းပသင့်ကြောင်းနှင့် အကြံပေးလွှာကို ၁၉၆၁ ခု၊ ဇန်နဝါရီလတွင် အစိုးရထံ တင်သွင်းသောအခါ ရခိုင်ခေါင်းဆောင်အချို့က မဲပုံးထောင်၍ ဆုံးဖြတ်ခြင်းမပြုပါနှင့်ဟု ကန့်ကွက်ကြပြန်သည်။ အလားတူပင် မွန်ခေါင်းဆောင်တို့ကလည်း မွန်ပြည်နယ် ​ပေးသင့် မပေးသင့် ဆိုတာကို လူထုထံ မဲဆန္ဒနှင့် မေးမြန်းခြင်းမပြုပါနှင့်ဟု ကန့်ကွက်ကြပြန် သည်။ 


ဒေါက်တာဘဦးကမူ မဲပုံးထောင်၍ လူထုအား ဆုံးဖြတ်စေသည်မှာ ပါလီမန်ဒီမိုကရေစီဖြစ်ကြောင်း၊ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဆွေးနွေးပွဲ၌ ရှင်းပြခဲ့သည်။


ထိုအခါ ပမညတအဖွဲ့က ပြီးခဲ့သော ရွေးကောက်ပွဲတွင် ပြည်နယ်ရအောင် လုပ်ဆောင်မည်ဟု ကတိပေးခဲ့သော အမတ်လောင်းများ အရွေးခံခဲ့ရသဖြင့် လူထုဆန္ဒခံယူမှု ပြီးခဲ့ပြီဖြစ်သောကြောင့် ဆန္ဒခံယူပွဲ နောက်ထပ်ကျင်းပရန် မလိုဟု အကြံပေးပြန်သည်။


စင်စစ်အားဖြင့် ရခိုင်နှင့်မွန်လူထုအဖို့ ပြည်နယ်ရရှိရေးထက် စားဝတ်နေမှု ဖွံ့ဖြိုးတိုးတက်ရေးသာ အဓိကဖြစ်သည်။ သူတို့၏စိတ်တွင် ပြည်မကြီးနှင့် အတူနေမှ တိုးတက်မည်ဟု ယူဆလျှင် ပြည်နယ်ရရှိရေးကို ကန့်ကွက်ကြမည်သာ ဖြစ်သည်။ ပြည်နယ်ရရှိပါလျှင် ဦးစွာပထမ အခွင့်အရေးရကြမည့်သူတို့မှာ ခေါင်းဆောင်များသာ ဖြစ်သည်။ ထိုခေါင်းဆောင်များက မိမိတို့အကျိုးစီးပွားအတွက် လူထုဆန္ဒကို မယူရဲပဲ ကြောက်ရွံ့နေကြသည်ဟု တုံ့ပြန်ဟောပြောသူများက ဝေဖန်ကြသည်။


" ဆန္ဒခံယူပွဲကို ကြောက်ရွံ့သူများနှင့် လူထုဆန္ဒအမှန်ကို မဲပုံးနှင့် ဆုံးဖြတ်ပါဟူသော အင်အားစုနှစ်ခုတို့ ငြင်းခုန်နေကြပြန်သဖြင့် မူရင်းကိစ္စ လျင်မြန်စွာ ပြီးပြတ်ရေးအတွက် တနည်းစီစဉ်ရပြန်၏။ မွန်ရေးရာဝန်ကြီးတဦးနှင့် ရခိုင်ရေးရာဝန်ကြီးတဦး ခန့်ထားမည်။ ပြည်နယ်ပြင်ဆင်ရေးကော်မတီကိုပါ ဖွဲ့စည်း၍ အချိန်ယူပြင်ဆင်ကြစေမည်ဟု အစိုးရက ဆုံးဖြတ်ခဲ့သည်။


ထိုဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ် တိုင်းရင်းသားညီညွတ်ရေးအဖွဲ့နှင့် ညှိကာ ရွေးချယ်ရာတွင် ရာထူးအဝေမညီသဖြင့် ဝန်ကြီးတဦးအစား နှစ်ဦး ခန့်ထားရလေသည်။ ပထမရှစ်လတွင် ဦးဘမြိုင်က ဝန်ကြီးအဖြစ်

ဆောင်ရွက်ပြီး ဒုတိယနှစ်လတွင် ဦးကျော်မင်းက ဝန်ကြီးရာထူးကို ပြောင်းလဲထမ်းရွက်ရန် ခန့်ထားခဲ့လေသည်။ ရှစ်လကြာသောအခါ၌ ပထမကာလ ဝန်ကြီးက ရာထူးမှ နုတ်ထွက်မပေးသဖြင့် ဒုတိယကာလဝန်ကြီး ရာထူးဆက်ခံမှု မပြုနိုင်သည့်ပြဿနာ ပေါ်သေးသဖြင့် ဆူညံဆူညံနှင့် ညှိနှိုင်း ရှင်းကြရပြန်လေသည်။


ရခိုင်ရေးရာဝန်ကြီးနှင့်အဖွဲ့က ပြည်နယ်ပြင်ဆင်ရေး အစီအစဉ်များနှင့် ရခိုင်ပြည်နယ်အတွက် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ဆက်လက် ဆောင်ရွက်နေကြလေသည်။ မွန်ပြည်နယ်အတွက် မွန်ရေးရာဝန်ကြီးအဖြစ် နိုင်အောင်ထွန်းအား ခန့်ထား၍ ပြည်နယ်ဖွဲ့ရေးကို ဆောင်ရွက်ကြသောအခါ နယ်မြေကိစ္စမှာ ကြီးမားသောအခက်အခဲ ဖြစ်နေလေသည်။ အချို့ ခေါင်းဆောင်များက ပဲခူးမြို့ကို မွန်ပြည်နယ်၏နယ်မြေဟု သတ်မှတ်လိုကြသည်။ မော်လမြိုင် မြို့နယ်ကိုလည်း မွန်ပြည်နယ်၏မြို့နယ်အဖြစ် သတ်မှတ်ရန် တောင်းဆိုသောအခါ မြို့သူမြို့သား ၂ဝဝဝဝ ကျော် တက်ရောက်သော လူထုအစည်းအဝေးက မိမိတို့မြို့ကို မွန်ပြည်နယ်တွင်းသို့ မထည့်ရန် ကန့်ကွက်ကြသည်။ မြိတ်နှင့်ထားဝယ်မြို့နယ်များကို မွန်ပြည်နယ်တွင်း ထားရှိရန် တောင်းဆိုချက်ကို မြိတ်မြို့လူထုနှင့် ထားဝယ်လူထုက လက်မခံသဖြင့် ခက်ခဲသွားသည်။ တဖန် မွန်ပြည်နယ်၏မြို့တော်အဖြစ် သထုံမြို့ကို ရွေးချယ်၍ သထုံခရိုင်နှင့် ကျိုက္ခမီခရိုင်ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်သည်ကိုပင် လူထုက ကန့်ကွက်ကြပြန်၏။


၁၉၆၁ ခု၊ အောက်တိုဘာလ ၂၉ ရက်နေ့က သထုံမြို့ ရွှေစာရံစေတီတော် ပရဝုဏ်တွင် လူထုအစည်းအဝေး ကျင်းပရာ မြို့သူမြို့သား ၅ဝဝဝ ကျော် တက်ရောက်သည်။ အစည်းအဝေး၌ သထုံမြို့ကို မွန်ပြည်နယ်တွင်းသို့ မထည့်ရန် ကန့်ကွက်ကြရာတွင် သထုံမြို့တွင် လူဦးရေ ၃၁၈,၇၅၆ ဦး ရှိသည့်အနက် မွန်အမျိုးသားမှာ ၃၆,၈၆၄ သာရှိသဖြင့် လူနည်းစုသာ ဖြစ်ပါသည်ဟု အကြောင်းပြကြလေသည်။ မွန်ပြည်နယ်အရေးတွင် သထုံဒေသရှိ ပအို့လူမျိုးစုက ဝင်ရောက်စွက်ဖက်ပြန်သည်။ အနော်ရထာက ပုဂံသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မနူဟာဘုရင်သည် ပအို့လူမျိုး ဘုရင်သာဖြစ်ကြောင်းနှင့် ရှေးသမိုင်းကပင် သွေးကွဲမှုများ ဖြစ်ခဲ့ကြကြောင်း ​ဟောပြောကြသည်။


ထို့ကြောင့် မွန်ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ပြင်ဆင်ရေးအဖွဲ့မှာ တိကျသောနယ်မြေသတ်မှတ်မှု မရှိနိုင်သေးသဖြင့် နှောင့်နှေးနေပြန်လေသည်။ တဖန် ချင်းအမျိုးသားခေါင်းဆောင်များကလည်း ချင်းပြည်နယ် ဖွဲ့စည်းပေးရန် တောင်းဆိုကြပြန်သဖြင့် အစိုးရမှာ ဆက်လက်ညှိနှိုင်းနေရသည်။


ပြည်နယ်ကိစ္စသည် ကျယ်ပြန့်လာသည်။ ကိစ္စအဝဝကို မွန်၊ ရခိုင်နှင့် ချင်းတို့သာမက ရှမ်းပြည်ခေါင်းဆောင်များပါ စုပေါင်းဖြေရှင်းကြရန် ဝန်ကြီးချုပ် ဦးနုနှင့် လူမျိုးစုခေါင်းဆောင်များ ညှိနှိုင်းအားထုတ်ကြရန် ဆုံးဖြတ်သောအခါ ဗိုလ်နေဝင်းက အားတက်သွားသည်။ ပြည်နယ်များကိစ္စကို ဝန်ကြီးချုပ်ဦးနု ပြေလည်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ဟု သူက ယူဆသဖြင့် အကြောင်းပြ၍ အာဏာလုရန် အခွင့်ပေါ်ပြီဟု ဗိုလ်နေဝင်း အားတက်မိခဲ့လေသည်။ သို့သော် သူ၏တွက်ချက် လွဲမှားသွားခဲ့ပြန်သေး၏။


* * * 


၁၆။ ခေါင်းဆောင်များ၏ နောက်ဆုံးညစာစားပွဲ


ပြည်နယ်တောင်းဆိုမှု ပြဿနာများကို ဖော်ခဲ့သူမှာ ဗိုလ်နေဝင်းနှင့် သူ၏စစ်တပ်ဖြစ်၏။ ဗိုလ်နေဝင်း ကာကွယ်ရေးဝန်ကြီးဖြစ်စဉ်က ကွန်မြူနစ်နှင့် ကရင်သူပုန်များ၏ လက်နက်ကိုင်ပုန်ကန်ထကြွမှုကို တိုက်ခိုက်နှိမ်နင်းရန်အတွက် တိုင်းပြည်နယ်မြေများကို အစိုးရ၏လက်နက်ကိုင် စစ်တပ်များ၏လက်အောက်သို့ အပ်နှင်းရသည်မှ စတင်ခဲ့သည်။


“လူမသမာများ ပါဝင်သည့် အဖွဲ့အစည်းများ၏ ထကြွသောင်းကျန်းမှုကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လုံခြုံရေးကိုလည်းကောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အာဏာလွှမ်းမိုးမှုကိုလည်းကောင်း ထိခိုက်မည့် အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေသည် တကြောင်း၊ ဤသို့ ထကြွသောင်းကျန်းမှုကြောင့် များလှစွာသော တိုင်းသူပြည်သားတို့သည် သတ်ဖြတ်ခြင်းခံရသည့်ပြင် ဥစ္စာပစ္စည်းလည်း အမြောက်အမြား ဖျက်ဆီးခြင်းခံရသည်ဖြစ်သောကြောင့်လည်း တကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လုံခြုံမှုအတွက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတည်မြဲရေးအတွက် စစ်ဥပဒေထုတ်ပြန်ကြေညာရန် လိုအပ်သည်ကလည်း တကြောင်း၊ ထိုအကြောင်းများကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ကျွန်ုပ်စပ်ရွှေသိုက်က ကျွန်ုပ်အား အပ်နှင်းထားသည့် အာဏာများအရ အမိန့်ထုတ်ပြန်သည်”ဟု ကြေညာ၍ ၁၉၄၈ ခုနှစ်၊ အမှတ် ၁ စစ်ဥပဒေ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ 


“စစ်ဥပဒေနဲ့ အုပ်ချုပ်တယ်ဆိုတာ စစ်ဗိုလ်ကြီးရဲ့သဘောအတိုင်း ထင်သလို အုပ်ချုပ်တာ”ဟု နဝတခေါင်းဆောင် ဗိုလ်စောမောင် ဖွင့်ဆိုသကဲ့သို့ စစ်တပ်မှစစ်ဗိုလ်များက မိမိတို့ထင်သလို အုပ်ချုပ်သောစနစ်ဖြစ်သည်။ စစ်ဥပဒေထုတ်ထားချိန်တွင် နိုင်ငံသားတို့အား ပေးအပ်ထားသည့် အခြေခံဥပဒေ၌ပါရှိသော လူ့အခွင့်အရေးကို ရုတ်သိမ်းထားသဖြင့် ပြည်ထောင်စုနယ်မြေတခုလုံး စစ်ဗိုလ်များပြုသမျှ ခံခဲ့ကြရသည်။ မြန်မာစစ်သားများ စခန်းချထားသည့် ပြည်မနယ်မြေများတွင် ဘာသာစကား ကွဲပြားမှု မရှိသဖြင့် ပြဿနာများစွာ ကြီးမားမှုမရှိဟု ဆိုနိုင်စေကာမူ ဘာသာခြားစကား ပြောဆိုသော ပြည်နယ်ဒေသများတွင် လာရောက်စခန်းချကြသည့် စစ်တပ်များမှာ ဒေသခံများနှင့် ကြီးမားသောပြဿနာများ ပေါ်ပေါက်ခဲ့သည်။


လူမျိုးစုများ မှီတင်းနေထိုင်သော ပြည်နယ်ဒေသတွင် မြန်မာစစ်တပ်များ တပ်စွဲကာ စခန်းချကြသောအခါ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ၊ ကြက်၊ ဝက်မှ သမီးကညာများအထိ စစ်သားတို့၏ သိမ်းပိုက်မှုများကို ခံနေကြရသည်။ ရှမ်းပြည်နယ်မြို့များတွင် မြန်မာစစ်ဗိုလ်များက အာဏာပိုင် စော်ဘွားများ၏ အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်သည်လည်း ရှိသည်။ ရုံးခန်းများ သိမ်းယူခြင်း၊ ကားများကို ချောဆွဲခြင်းတို့ကိုလည်း ပြုကြသည်။ အချို့စစ်ဗိုလ်များက ဘုရားပွဲများတွင် စော်ဘွားများ ကစားဝိုင်းဖွင့်လေ့ရှိသည်နှင့်နည်းတူ အကြောင်းရှာကာ ပျော်ပွဲကျင်းပ၍ လောင်းကစားဝိုင်းများ ဖွင့်ပြီး ငွေရှာသည်လည်း ရှိသည်။ 


" ရှမ်းပြည်နယ် စစ်အုပ်ချုပ်ရေးသည် နိုင်ငံရေးစွက်ဖက်မှုကြီးပင် ဖြစ်ပေသည်။ စစ်အုပ်ချုပ်ရေးကာလ၏ ဆောင်ရွက်ချက်များသည် တဖက်သတ်ကျပြီး တာဝန်ခံစစ်ဗိုလ်များ၏ မကျွမ်းကျင် မလိမ္မာမှုများကြောင့် ရှမ်းပြည်ကောင်းကျိုးအတွက် ဘာတကွက်မှ အရာမထင်၊ လူထုကလည်းမုန်း၊ စော်ဘွားကလည်းမုန်း၊ နောက်ဆုံးတွင် အရှုံးနှင့် ရုတ်သိမ်းခဲ့ရပေသည်။ စစ်အုပ်ချုပ်ရေးကာလအတွင်း စစ်စုံထောက်လှမ်းရေးဌာန တာဝန်ခံများ၏ ခြေရှုပ်မှု၊ ခလောက်ဆန်မှုကို ပြည်သူလူထုက အော့နှလုံးနာမဆုံး ဖြစ်ခဲ့သည်။ “ဗမာတပ်”၊ “ဗမာစစ်သား”ဟူသော အသုံးအနှုန်းသည် မေး​ငေါ့မုန်းတီးသော အသုံးအနှုန်း ဖြစ်လာသည်” စသည်ဖြင့် လူထုခေါင်းဆောင် ဦးထွန်းမြင့်က ရှမ်းပြည်ဘယ်လဲ စာအုပ်တွင် ပြတ်သားစွာ ရေးခဲ့ရသည့်တိုင် စစ်တပ်က လူမျိုးစုများကို ပြင်းထန်စွာ ညှဉ်းဆဲခဲ့ကြပေသည်။


မြန်မာစစ်သား စစ်ဗိုလ်များ၏ရမ်းကားမှုကို ခံနေရသည့် လူမျိုးစု ခေါင်းဆောင်များက ဝန်ကြီးချုပ်ဦးနုနှင့် ဖဆပလအစိုးရ ခေါင်းဆောင်များအား အရေးယူပါရန် တိုင်ကြားညည်းညူနေကြသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ သူပုန်ခေတ်တွင် လက်နက်ကိုင်သူများ ဈေးကောင်းနေသည့်ခေတ်ဖြစ်သဖြင့် ဦးနုနှင့်တကွ အားလုံးသော ခေါင်းဆောင်တို့သည် စိတ်မချမ်းမသာနှင့် လက်ပိုက်၍ ကြည့်နေခဲ့ကြရသည်။


စစ်တပ်မှ စစ်ဗိုလ်များ၏ရမ်းကားမှုကို မခံလိုလျှင် အရပ်သားအားလုံးတို့ ညီညွတ်မှဖြစ်မည်။ လူမျိုးစုခေါင်းဆောင်များနှင့် ပြည်မခေါင်းဆောင်များ ညီညွတ်ကြရန် အထူးလိုအပ်သည်။ ထိုလိုအပ်ချက်ကို အကောင်အထည်ဖော်ရန်နှင့် လူမျိုးစုများ အရေးကိစ္စအရပ်ရပ်ကို ဖြေရှင်းပေးရန်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် အဖြေကို တွေ့ကြသည်။


ထိုကြောင့် ကွန်မြူနစ်သူပုန်များ အားပျော့သွားချိန်တွင် ပေါ်ပေါက်လာနေသည့်ပြဿနာများ ပြေလည်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးကို အားသွန်ခဲ့ကြသည်။ ဥပဒေကြီး ပြင်ဆင်ရေးအတွက် လုပ်ဆောင်ကြရန် အစိုးရ၏ကြိုးပမ်းချက်အရ ၁၉၆၀ ခု၊ စက်တင်ဘာ ၂၂ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးသို့ အဆိုတရပ်တင်သွင်းပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။ အဖွဲ့ဝင် ၂၉ ဦးပါသော အဖွဲ့ကို အစိုးရက ဖွဲ့စည်းပေးခဲ့သည်။ ထိုအဖွဲ့၌ အတိုက်အခံပါတီဖြစ်သော တည်မြဲဖဆပလကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးအင်အားစုအားလုံးတို့ကို စုစည်းထားသည်။ ဥပဒေပြင်ဆင်ရေးကို လျှို့ဝှက်လုပ်ဆောင်ကြသည်မဟုတ်၊ လူမျိုးစုများသာ လှုပ်ရှားသော လုပ်ငန်း မဟုတ်၊ ပြည်သူအားလုံး၏ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်က ဦးစီး၍ လူသိရှင်ကြား အားထုတ်ကြသောလုပ်ငန်းကြီး ဖြစ်သည်။


ထိုအဖွဲ့သည် အကြိမ်ကြိမ် ဆွေးနွေးဆန်းစစ်ကြပြီးနောက် မူကြမ်းတခုကို အများသဘောတူ ရေးသားအတည်ပြုနိုင်ခဲ့သည်။ 


၁၉၆၁ ခု၊ ဇန်နဝါရီလ ၂၄ ရက်နေ့က အတည်ပြုကြသည့် မူကြမ်းမှာ 


ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးကိုင်ကော်မတီ (ရှမ်းပြည်)၏ ဆုံးဖြတ်ချက်။

လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပြည်နယ်နှင့် လူမျိုးစုတိုင်း တန်းတူညီမျှမှုအတွက် လုံလောက်စွာ ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ ထိုကြောင့် ပြည်နယ်နှင့်လူမျိုးစုတိုင်း တန်းတူညီမျှစေရန်အတွက် အခြေခံဥပဒေအား ပြည်ထောင်စုစစ်စစ် မူကြမ်း ပြန်လည်ရေးဆွဲရန် ဤ ကြိုးကိုင်ကော်မတီက သဘောတူကြောင်း၊ ယင်းသို့ အခြေခံဥပဒေအား ပြည်ထောင်စုစစ်စစ်မူကြမ်းနှင့် ပြုပြင်ရေးဆွဲသည့်အခါ အောက်ပါတန်းတူညီမျှမှု၏ အခြေခံအကြောင်းရင်းများကို ထည့်သွင်းရေးဆွဲ ဆုံးဖြတ်ကြောင်း


(၁) ဗမာပြည်နယ်ဖွဲ့စည်းရေး။ 

(၂) ပြည်ထောင်စု ပါလီမန်လွှတ်တော်နှစ်ရပ်အား အာဏာတူ ပေးရေး။ 

(၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းညီမျှသော ကိုယ်စားလှယ် စေလွှတ်ရေး။ 

(၄) ဗဟိုပြည်ထောင်စုအား အောက်ပါဌာနများ လွှဲအပ်ပြီး ကျန်ရှိသော ဌာနများနှင့် အခွင့်အရေးများကို ပြည်နယ်များသို့ လွှဲအပ်ရန်။


(က) နိုင်ငံခြားဆက်သွယ်ရေး 

(ခ) ပြည်ထောင်စုကာကွယ်ရေး 

(ဂ) ပြည်ထောင်စုဘဏ္ဍာရေး 

(ဃ) ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်လုပ်ရေး 

(င) စာတိုက်နှင့်ကြေးနန်း ဆက်သွယ်ရေး 

(စ) မီးရထား၊ လေကြောင်း၊ ရေကြောင်းဆက်သွယ်ရေး 

(ဆ) ပြည်ထောင်စု တရားစီရင်ရေး 

(ဇ) ပင်လယ်ဆိပ်ကမ်းခွန် ကောက်ယူရေး

(ဈ) ပြည်ထောင်စုဘဏ္ဍာတော်များ မျှတစွာ ခွဲဝေရေး။


ဤမူကြမ်းပါ အချက်အလက်များကို ဆွေးနွေးကြရန်အတွက် ပြည်နယ်များနှင့်ပတ်သက်သော နှီးနှောဖလှယ်ပွဲကို အစိုးရက ဦးစီး၍ ရန်ကုန်မြို့ အသံလွှင့်ခန်းမတွင် ၁၉၆၂ ခု၊ ဖေဖော်ဝါရီလ ၂၄ ရက် စနေနေ့က စတင်ကျင်းပကြသည်။ ပြည်မလူထုရော လူမျိုးစုလူထုပါ အများသဘောတူ လက်ခံမည့်မူကို ရရှိရန် စစ်မှန်သောဒီမိုကရေစီနည်းနှင့် အားထုတ်ကြမည်ဟု ဝန်ကြီးချုပ်ဦးနုက အသေးစိတ်အစီအစဉ်ကို တင်ပြခဲ့သည်။


“ဒီနေ့ အစည်းအဝေးဖွင့်ပွဲ မိန့်ခွန်းကို ပြောပြီးတဲ့နောက် ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး စပ်ခွန်ချိုက ဖက်ဒရယ်မူကို တင်သွင်းပါလိမ့်မယ်။ ဒီ ဖက်ဒရယ်မူကို (၁) ဒူးဝါးဇော်လွန်း (၂) ကပ္ပတိန်မန်တုံးနုံး (၃) ဦးစိန် (ကယားပြည်နယ်ကိုယ်စားလှယ်) (၄) ဦးထွန်းမြင့် (တောင်ကြီး) ရှမ်းပြည်နယ်ကိုယ်စားလှယ်တို့က ထောက်ခံကြလိမ့်မယ်။ ဒီမိန့်ခွန်းနှစ်ရပ်ကို ပြောကြားပြီးတဲ့နောက် ဆွေးနွေးပွဲကို မတ်လ ၈ ရက် ကြာသပတေးနေ့ ညနေ ၆ နာရီအထိ ရွှေ့ဆိုင်းထားမယ်။ ဒီလို ရွှေ့ဆိုင်းရတာက အခြားမဟုတ်ပါဘူး၊ ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး ပြည်နယ်ဥက္ကဋ္ဌကြီး စပ်ခွန်ချို၊ (၁) ဒူးဝါးဇော်လွန်း၊ (၂) ကပ္ပတိန်မန်တုံးဒုံး၊ (၃) ဦးစိန်၊ (၄) ဦးထွန်းမြင့်တို့ တင်ပြပြောကြားသွားတဲ့ အချက်ကို ပမညတ၊ ဖဆပလ၊ ပထစခေါင်းဆောင်များနဲ့ နိုင်ငံတော်အစိုးရ အတိုင်ပင်ခံ အဖွဲ့ဝင်များတို့က သေသေချာချာ လေ့လာနိုင်ဖို့အတွက် အချိန်ပေးချင်တာကြောင့် ဖြစ်ပါတယ်။


မတ်လ ၁ ရက်၊ ကြာသပတေးနေ့ ညနေ (၆)နာရီ ဒီနေရာမှာပဲ ဒီအစည်းအဝေးကို ပြန်စတဲ့အခါမှာ (၁) ပမညတ (၂) ဖဆပလ (၃) ရပလစ (၄) ပထစ အဖွဲ့တွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တဦးက ယခုဖော်ပြထားတဲ့ အစီအစဉ်အတိုင်း ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး ထားရှိတဲ့ အဖွဲ့ရဲ့သဘောများကို တင်ပြုကြပါမယ်။ ဒီနိုင်ငံရေးအဖွဲ့များ၊ ကိုယ်စားလှယ်များ ပြောကြားပြီးတဲ့နောက် အစိုးရအတိုင်ပင်ခံ အဖွဲ့ရဲ့ ကိုယ်စား အဂ္ဂမဟာ သီရိသုဓမ္မ ဒေါက်တာဘဦးက အတိုင်ပင်ခံအဖွဲ့၏သဘောထားကို တင်ပြပါလိမ့်မယ်။


ဒီကိုယ်စားလှယ်ကြီးများ ပြောလို့ပြီးတဲ့အခါ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ် ၆ ဦး၊ ပမညတကိုယ်စားလှယ် ၃ ဦး၊ ဖဆပလ ကိုယ်စားလှယ် ၃ ဦး၊ ပထစကိုယ်စားလှယ် ၃ ဦးစတဲ့ အတိုင်ပင်ခံ အဖွဲ့ဝင်လူကြီးများပါတဲ့ ကော်မတီတခုကို ဖွဲ့ပေးပါမယ်၊ ဒီကော်မတီမှာ ကျွန်တော်က နာယက လုပ်ပါမယ်။


အဲဒီကော်မတီက ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ ဆွေးနွေးစရာရှိတဲ့ အချက်တွေကို ဆွေးနွေးပြီးတဲ့အခါ ရရှိတဲ့ သဘောတူညီချက်တွေကို ဆွေးနွေးပွဲမှာ အစီရင်ခံပါလိမ့်မယ်။ ​စေ့စပ်လို့မရနိုင်တဲ့ သဘောကွဲလွဲချက်များ ရှိလျှင်လည်း ဒီဆွေးနွေးပွဲမှာပဲ အစီရင်ခံပါလိမ့်မယ်။ ဒီအစီရင်ခံစာများကို ကြည့်ပြီးမှပဲ နောက်ထပ်ဘာတွေများ ဆက်လုပ်ကြရဦးမယ်ဆိုတာတွေကို ဒီဆွေးနွေးပွဲမှာ ဆက်လက်ပြီး တိုင်ပင်ဆွေးနွေးပါမယ်” 


ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ရေပက်မဝင်အောင် အသေးစိတ် စီစဉ်ထားသည်။ မြန်မာနိုင်ငံတွင် ရှိသမျှသော လူမျိုးစုကိုယ်စားလှယ်များနှင့် နိုင်ငံရေးအဖွဲ့အစည်းအားလုံးတို့၏ ကိုယ်စားလှယ်များတို့ မျက်နှာစုံညီ ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ်သောကြောင့် ချွတ်ယွင်းမှုမရှိသလောက် နည်းပါးသော ဥပဒေ ပေါ်ပေါက်လာတော့မည်ဟု ယုံကြည်အားတက်ခဲ့ကြသည်။


ရန်ကုန်အသံလွှင့်ရုံ၌ တည်မြဲဖဆပလနှင့် ပမညတတို့ပါ ညီညွတ်စွာ အတိုင်းအဖောက်ညီ ဆွေးနွေးနေကြသည်ကို အင်ယားကန်စောင်းနေအိမ်မှ နားထောင်နေသူ ဗိုလ်နေဝင်း ကြားသိရသောအခါ တုန်လှုပ်ချောက်ချားသွားသည်။ အကယ်၍သာ ပြည်နယ်ခေါင်းဆောင်များနှင့် ပြည်မဝန်ကြီးချုပ်တို့အပြင် လက်ဝဲလက်ျာ နိုင်ငံရေးပါတီများ ညီညွတ်စွာ စည်းရုံးဖြေရှင်း၍ အောင်မြင်ပါက ပြည်ထောင်စုကြီး ခိုင်မြဲသွားမည်။ လူမျိုးစုသူပုန်များ ပေါ်ပေါက်တော့မည် မဟုတ်။ ကွန်မြူနစ်သူပုန်များလည်း အားပျော့နေလေပြီ။ ထိုအခါ စစ်တပ်ကို မလိုအပ်တော့သဖြင့် သာမန်လက်နက်ကိုင်တပ်အဖြစ် ပြည်ပအရေးပေါ်မှသာ အသုံးဝင်တော့မည့် နိုင်ငံတခုက အခြားတနိုင်ငံကို တိုက်ခိုက်သိမ်းယူသောခေတ်မှာလည်း ကုန်ဆုံးနေပြီ။ ထို့ကြောင့် စစ်တပ်၏ဩဇာ ကျဆင်းသွားမည်။ စစ်တပ်အဖို့ လက်နက်နှင့် အာဏာလုရန် အကြောင်းပြချက် မရှိတော့ပြီ။ 


ထို့ကြောင့် အိမ်စောင့်အစိုးရဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးရသူ ဗိုလ်နေဝင်းက သူ၏လက်ကိုင်တုတ် စစ်တပ်ကို အသုံးပြု၍ တကြော့ပြန် လက်နက်နှင့် အာဏာသိမ်းပွဲဆင်နွှဲရန် ဆုံးဖြတ်တော့သည်။ နှီးနှောပွဲကိုဖျက်ရန် အရေးတကြီး လိုအပ်ပြီဖြစ်သဖြင့် မတ်လ ၂ ရက်နေ့တွင် အာဏာလုရန် ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်ချက်ကို မည်သည့်စစ်ဗိုလ်ကြီးများကိုမှ ဖွင့်ခြင်းမပြုဘဲ မှော်ဘီတွင် စခန်းချထားသည့် သံချပ်ကာယန္တယားတပ်မှ ဒုတိယဗိုလ်မှူးကြီးလှမြင့်ကိုသာ စစ်ဆင်ရေးတခုအတွက် အသင့်ပြင်ထားရန် တပ်ကို နှိုးစေခဲ့၏။ ထိုမှတဆင့် ရန်ကုန်ပတ်ဝန်းကျင်ဒေသများရှိ တပ်များကိုလည်း လိုအပ်က အသုံးပြုရန် အသင့်ရှိရမည်ဟု ဗိုလ်နေဝင်းကိုယ်တိုင် လျှို့ဝှက်စွာ ညွှန်ကြားခဲ့သည်။


ဝန်ကြီးချုပ်ဦးနုနှင့်တကွ လူမျိုးစုခေါင်းဆောင်များ၊ ပမညတခေါင်းဆောင်များတို့သည် စစ်တပ်ကို ကြောက်လန့်နေရသည်။ ပြည်ထောင်စုစနစ်အစား ဒီမိုကရေစီအခွင့်အရေး ပြည့်ဝစွာရကြမည့် ပြည်ထောင်စုစစ်စစ် နိုင်ငံတော်အတွက် အားတက်နေကြသည်။ ပထစကို ရန်ပြုနေကြသည့် ဖဆပလခေါင်းဆောင်များပါ အားတက်နေကာ နှီးနှောပွဲကို ပူးပေါင်းပါဝင်ခဲ့ကြ၏။


မတ်လ ၁ ရက်နေ့ ညနေ ၆ နာရီက ဆွေးနွေးပွဲကို ပြန်လည်ကျင်းပသောအခါ ပမညတကိုယ်စားလှယ် သခင်ချစ်မောင်က ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းနိုင်ရေးကို တနာရီကြာ တင်ပြဆွေးနွေးရာ၌ “ပြည်နယ် ပြည်မအားလုံး တန်းတူညီမျှ အပြည့်အဝ အကောင်အထည်ဖော်ရေးအတွက် ဆိုရှယ်လစ်သမ္မတနိုင်ငံတော်ကို တည်ဆောက်ရန် လိုအပ်ပါသည်”ဟု အရင်းရှင်စနစ်ကို ဖယ်ရှားရန် တိုက်တွန်းထုတ်ဖော်ခဲ့၏။


ဒုတိယတင်ပြသူ တည်မြဲဖဆပလခေါင်းဆောင် ဦးဗဆွေကမူ “မိသားစုနည်းနဲ့ ရင်းရင်းနှီးနှီး ချစ်ချစ်ကြည်ကြည်နဲ့ တွေ့ဆုံဆွေးနွေးရန် လိုအပ်ပါတယ်။ မိသားစုနည်းနှင့်သာ ဖြေရှင်းလျှင် ကျွန်တော်တို့ ပြည်ထောင်စုဗမာနိုင်ငံအတွင်းမှာ မဖြေရှင်းနိုင်တဲ့ပြဿနာ မရှိဘူးလို့ စွဲစွဲမြဲမြဲ ယုံကြည်ပါတယ်”ဟု ညီညွတ်ရေးကို ရှေ့တန်းတင်ကာ ဖဆပလ၏သဘောထားကို တင်ပြလေသည်။


ဆွေးနွေးပွဲကို မတ်လ ၇ ရက်နေ့သို့ ရွှေ့ဆိုင်းကြောင်း ကြေညာ၍ အခမ်းအနားပြီးသည်နှင့် သဘာပတိဝန်ကြီးချုပ် ဦးနုက ဦးဗဆွေထံသွားကာ လက်ဆွဲပြီး ဦးဗဆွေ၏မိန့်ခွန်းကို များစွာကျေနပ်ကြောင်း ပြောပြ၍ ပြုံးရွှင်စွာ နှုတ်ဆက်သည်။


ဝန်ကြီးဒေါက်တာအေးမောင်၊ ရှေ့နေချုပ်ဦးဘဆွေ၊ ဖဆပလ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်သာခင်၊ ဗိုလ်ခင်မောင်ကလေးတို့ကလည်း ပမညတ သခင်ချစ်မောင်အား တင်ပြပုံကောင်းကြောင်း ချီးကျူးစကား ပြောကြသည်။


ဦးကျော်ငြိမ်းက “ခင်ဗျားတို့ ကွန်မြူနစ်တွေမှာလည်း လူမျိုးကြီးဝါဒရှိသကိုး”ဟု ရယ်သွမ်းသွေးသည်။ 


“သခင်ချစ်မောင်ရဲ့ မိန့်ခွန်းကတော့ ကောင်းပါတယ်၊ ဒါပေမယ့် ထုံးစံအတိုင်း ကျွန်တော်တို့ကို ဆော်တာ နှက်တာတော့ ပါသေးတာပဲနော်”ဟု ဗိုလ်ခင်မောင်ကလေးက ခနဲ့၏။


“ဪ ဒါက ဖြစ်ရတာပါ။ ကျွန်တော်တို့ ပြည်မဘက်ကချည်းပဲ ခြောက်ပြစ်ကင်းလုပ်လို့ ဘယ်ဖြစ်မလဲ၊ အမှားရှိလျှင် ဝန်ခံလိုက်တာ အကောင်းဆုံးပေါ့ဗျာ”ဟု သခင်ချစ်မောင်က ဖြေကြားသည်ကို ဦးဗဆွေက “ဟုတ်တယ် ဟုတ်တယ်”ဟု သခင်ချစ်မောင်၏ဘက်မှ ထောက်ခံ၏။


ညီလာခံပရိသတ်အား အသံလွှင့်ရုံမှ ခေါက်ဆွဲ၊ ကော်ဖီနှင့် ဧည့်ခံရာ သူတို့ခေါင်းဆောင်တစုသည် စားသောက်ခန်းသို့ စုရုံးသွားကြကာ ပျော်ရွှင်စွာ စကားပြောရင်း စားသောက်ကြလေသည်။


ထိုညစာစားပွဲသည် သူတို့အဖို့ နောက်ဆုံးလွတ်လပ်သော ညစာစားပွဲဖြစ်သည်ဟု မည်သူမှ အိပ်မက်မက်မိကြမည် မဟုတ်ပေ။ ရာထူးမရှိခဲ့သူ သခင်ချစ်မောင်မှတပါး အခြားသူတို့သည် နာရီအနည်းငယ်အတွင်း အကျဉ်းသားများအဖြစ် တိုက်တိုက်ဆိုင်ဆိုင် ဤအသံလွှင့်ခန်းဆောင်သို့ပင် ရောက်ရှိလာကြရမည်ဟူသော နိုင်ငံရေးကံကြမ္မာကို သူတို့ မမြင်နိုင်ကြရှာ။ စကားကောင်းနေသဖြင့် ည ၈ နာရီ ၄၅ မိနစ်တွင်မှ လူစုခွဲကြသည်။ သာယာသော အနာဂတ်ပြည်ထောင်စုကို စိတ်ကူးယဉ်ရင်း မိမိတို့အိမ်များသို့ ပြုံးရွှင်စွာ ပြန်သွားကြလေသည်။


ဦးဝိစာရလမ်းမှ ပြန်သူတို့ကားများအဖို့ ရွှေတိဂုံစေတီ အနောက်မုခ်ကို ဖြတ်သန်းစဉ်တွင် လေဟာပြင်ရုံတော်ကြီးမှ ပျံ့လွင့်လာသည့် တရုတ်ဘဲလေးကပွဲမှ တေးတူရိယာသံများကို သာယာစွာ ကြားမိကြသည်။ မူလထက်တိုး၍ ကြည်နူးမိကြသည်။


ထိုညက ဝင်ဒါမီယာရှိ ဝန်ကြီးချုပ်၏နေအိမ်၌ အိပ်စက်ခြင်းမပြုဘဲ ပြည်ထောင်စုလမ်းသွယ်ရှိ ကိုယ်ပိုင်အိမ်တွင် အိပ်ရန်စီစဉ်ထားသဖြင့် ဦးနုသည်လည်း ဦးဝိစာရလမ်းမှ ပြန်ခဲ့သောကြောင့် တရုတ်ကပွဲမှ တေးဂီတသံကို ကြားလိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင် ကြံကြံဖန်ဖန် ဦးနုအား လိုက်ပို့သူ ဦးအုန်းက စကားမစပ် ပြောရှာသည်။ 


“ကိုကြီးက နောက်လာမည့် အထွေထွေရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးက အနားယူတော့မယ်ဆိုပေမဲ့ စစ်တပ်က ကိုကြီးနုကို လက်လွှတ်ပါ့မလားဆိုတာ ကျွန်တော် သံသယဝင်မိတယ်။ သူတို့က ကိုကြီးနုဆက်နေဖို့ ပြောမှာသေချာတယ်”ဟု ပြောသည်ကို ကားပေါ်တွင် ပါလာသော သက်တော်စောင့် ဗိုလ်ကြီးလှမြင့်က “ကျွန်တော်လည်း ဒီအတိုင်းပဲ ထင်မိတယ်”ဟု ထောက်ခံသေးသည်။


ဦးနုက မည်သို့မှ အဖြေမပေးမိဘဲ တရုတ်ကပွဲမှ ဂီတသံကိုသာ နားထောင်နေမိသည်။


ထိုစဉ် ဗိုလ်နေဝင်းတယောက်သည် ထိုကပွဲကြီး ထိုင်ခုံများ၏ ရှေ့ဆုံးတန်းသို့ ရောက်နေသည်။ ထိုညတွင် ကပွဲကြည့်ရှုရန် တရုတ်သံရုံး၏ဖိတ်စာကို လက်ခံထားမိသဖြင့် ရွှေပွဲလာတဦးအဖြစ် နိုင်ငံခြားအဖွဲ့ကို ချီးမြှင့်နေရသည်။

စင်စစ်အားဖြင့် တရုတ်နီကပွဲသို့ သွားရောက်ကြည့်ရှုနေသည်မှာလည်း သူ၏သေနင်္ဂဗျူဟာ ဖြစ်သည်။ ပွဲကြည့်နေသူ ဗိုလ်ချုပ်ကြီးအား စစ်လက်နက်နှင့် အာဏာသိမ်းလုဆဲဆဲ ကြံစည်နေထိုင်သူဟု မည်သူကမှ သင်္ကာမကင်းမဖြစ်နိုင်။


လူကသာ ပွဲခင်း၌ ထိုင်နေသော်လည်း သူအဖို့ တေးဂီတသံများကို မကြားနိုင်၊ အရသာ မခံနိုင်၊ ငေးနေခဲ့၏။ ကချေသည်များ ကပြနေသည်ကိုလည်း သူ မမြင်မိ။ သူသည် နိုင်ငံတော်တခုလုံးကို မိမိလက်ခုပ်တွင်းမှ ရေကဲ့သို့ ထင်သလို ချေမှုန်းနိုင်တော့မည့် အာဏာစက်ကို စိတ်ကူးဖက်ကာ မိန်းမေ့နေမိ၏။


အပိုင်း(၆)ဆက်ရန်

ကြေးမုံ ဦး​သောင်း


No comments:

Post a Comment