၁၇။ ဗိုလ်နေဝင်းက အပြီးအပိုင် အာဏာသိမ်းပိုက်လိုက်ပြီ
တရုတ်ကပွဲက ရှည်လှသည်။ ဗိုလ်နေဝင်းသည် ဇာတ်ခုံကို ငေးကြည့်နေစေကာမူ စိတ်က အာဏာသိမ်းပွဲ စစ်မျက်နှာသို့ ရောက်နေ၏။ အရေးထဲ၌ မိမိအတွက် အထူးလာရောက် ဧည့်ခံသော တရုတ်သံအမတ်ကြီးက တေးဂီတတို့၏ အဖွဲ့ အနွဲ့ နှင့် ကကွက်တို့အကြောင်းကို ဘာသာပြန်မှတဆင့် အသေးစိတ် ရှင်းပြသည်ကို စိတ်ဝင်စားနေဟန်နှင့် “ဟုတ်ကဲ့” လိုက်နေရသဖြင့် စိတ်တိုမိသေးသည်။ စောစောထပြန်မည် စိတ်ကူးသေး၏။ ပွဲသိမ်းလျှင် ကချေသည် အနုပညာရှင်တို့အား ပန်းခြင်းပေးရမည့်တာဝန်က ရှိသေးသဖြင့် မပြန်နိုင်သောကြောင့် သက်ပြင်းချမိသည်။
သံအမတ်ကြီး မသိစေရန် ကပွဲကို စိတ်ဝင်စားဟန် ကြည့်ရသေးသည်။ အိမ်ထောင်ပြုအံ့ဆဲဆဲ သတို့သားကဲ့သို့ ရင်တလျှပ်လျှပ် ဖြစ်နေမိသည်။ နိုင်ငံရေးနယ်သို့ ရောက်ချိန်မှစတင်၍ မိမိ၏လက်ခုပ်ထဲသို့ ဆုပ်ကိုင်ရရှိ ပိုင်ဆိုင်လိုသော နိုင်ငံရေးအာဏာမှာ ရရှိရန် သေချာနေပြီ။ မဝေးတော့ပြီ။ တက္ကသိုလ်ကျောင်းဝင်စဉ် ထိုခေတ်က ဝင်ငွေ အကောင်းဆုံးဖြစ်သော ဆရာဝန်ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချခဲ့သော်လည်း စာမေးပွဲကျရှုံးသဖြင့် ကျောင်းမှ ထွက်ခဲ့ရသည်။ နိုင်ငံရေးအာဏာသည် ဆရာဝန်တို့ထက် အဆ အထောင်အသောင်း ဝင်ငွေကောင်းသည်။ ဤတချီတွင် မုချ အနိုင်ရရှိရန် လိုအပ်သည်။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ရာထူး ယူထားစဉ်က လူယုံတော်ကြီး စစ်စုံထောက်ဌာန ညွှန်ကြားရေးဝန် ဗိုလ်မှူးလွင်က နိုင်ငံတော်ကောက်ပဲသီးနှံအဖွဲ့မှ နိုင်ငံခြားဆန်ရောင်းချရာတွင် အလျှင်းသင့်က ချက်ခြင်းပင် အမေရိကန်ဒေါ်လာ တသောင်းထုပ်ကို လာဘ်လက်ဆောင်အဖြစ် ရရှိနိုင်ပုံကို အစီရင်ခံခဲ့သဖြင့် နိုင်ငံရေးအာဏာ၏ဝင်ငွေကို ပိုမို၍ အာသီသဖြစ်ခဲ့သည်။ အလုံးအခဲလိုက် ထင်သလို ဝင်ငွေရရှိနိုင်သည့် နိုင်ငံရေးအာဏာကို တမ်းတနေစဉ် ဇနီးခင်မေသန်းက ငွေရပေါက်ကလေးတခုကို တီထွင်သဖြင့် စိတ်ဆိုးရသေးသည်။ ဆင်းဒွစ်လမ်းထိပ်မှ အောတိုကားကုမ္ပဏီနှင့် စကားပြောလာခဲ့သည်။ တပ်မတော်မှ စစ်ဗိုလ်များကို အီးလ်မင်းမှန်ကားများ လဆိုင်းနှင့် အကြွေးရောင်းမည်။ လစာထဲမှ လစဉ်ငွေထုတ်ပေးရန် တပ်၏စာရင်းဌာနက ဆောင်ရွက်ပေးရမည်။ လွယ်လွယ်ကလေးနှင့် ကားတစင်းလျှင် ကျပ် ၅၀ဝိ/နှုန်းဖြင့် ခင်မေသန်းအား လျှို့ဝှက်ကော်မရှင်ပေးမည်ဟု ဆိုသည်။ ရွှေအိုးကြီးကို ရရှိရန် ပြင်ဆင်နေစဉ် တမူးတပဲ ကော်မရှင်ကလေးကို မက်ပါက သတင်းထောက်များ သိသွားလျှင် ရွှေအိုးကြီးရရှိရန် လမ်းပိတ်သွားမည်ဖြစ်သဖြင့် ခင်မေသန်းအား ပါးကို ရိုက်ကာ ဆုံးမလိုက်ရသေးသည်။
မိန်းမများ အလွန်ခက်သည်။ ခင်မေသန်းသည် အရှည်ကို မမြင်၊ မျက်စိတဆုံးသာ မြင်သည်။ တပ်မတော်သေနာပတိ နေထိုင်ရန် အိမ်အဖြစ် အင်းယားကန်စောင်းတွင် အိမ်ကြီးဆောက်စဉ်က “တို့ တသက်လုံးနေဖို့ဆောက်တာ၊ မင်းကြိုက်သလိုဆောက်”ဟုဆိုခဲ့သဖြင့် ဟိုင်ဖိုင်အသံဖွင့်စက်မှ အိမ်အမိုးနှင့် ဝက်အူ၊ မူလီအထိ ဟောင်ကောင်သို့ ခင်မေသန်းကိုယ်တိုင် သွားရောက်ဝယ်ယူစေခဲ့သည်။ လိုသမျှ နိုင်ငံခြားသုံးငွေကို တပ်မှထုတ်ပေးသည်။ ရန်ကုန်မြို့တွင် ဤအိမ်ထက်ကောင်းသောအိမ် မရှိခဲ့ပေ။ အိမ်ပြီးသောအခါတွင် ခင်မေသန်းက “ဒီအိမ်ကို စိတ်တိုင်းကျပါတယ်၊ ဒါပေမယ့် ကျွန်မတို့ ရာထူးက အနားယူတဲ့အခါ ဖယ်ပေးရမှာ မဟုတ်လား၊ ဒီတော့ ကိုယ်ပိုင်အိမ်စစ်စစ် ဆောက်ကြရအောင်ပါ”ဟု ပူစာပြန်သည်။ “ငါ့မှာ ရာထူးရှိရှိ မရှိရှိ ငါတသက်လုံး ဒီအိမ်က မဆင်းဘူး”ဟုပြောလျှင် လူကြားမည် စိုးသဖြင့် မပြောဘဲနေခဲ့သည်။ ဇနီးသည် ကျေနပ်အောင် သားသမီးအားလုံးအတွက် တယောက်လျှင် မြေကွက်တကွက်စီ ဂရန် ထုတ်ပေးစေခဲ့သည်။ ဂရန်ကို အင်းဝဘဏ်သို့ပေါင်ကာ တိုက်များ ဆောက်ပေးခဲ့သည်။ တိုက်များပြီးသောအခါ သံရုံးများသို့ အငှားချထားသဖြင့် အလိုလို ဝင်ငွေရနေကြမှ ခင်မေသန်းက နှုတ်ဆိတ်သွားသည်။
“ဗိုလ်ချုပ်ကြီးခင်ဗျား... ကချေသည်တွေကို ပန်းခြင်းလက်ဆောင်ပေးရန် ကြွပါ”ဟု ခေါ်မှ အတွေးမျှင် ရပ်သွားသည်။ ကပျာကယာ ဇာတ်စင်ပေါ်တက်ပြီး ပန်းခြင်းများ၊ ပန်းစည်းများ ပေးပြီး အိမ်သို့ ပြန်ခဲ့သည်။ ၁၁ နာရီ ၄၅ မိနစ် ပြန်ရောက်၏။ တိတိကျကျ ည ၁၂ နာရီတိတိတွင် မှော်ဘီစခန်းရှိ ဒုဗိုလ်မှူးကြီး လှမြင့်က အစစ အသင့်ရှိကြောင်း အစီရင်ခံသည်။
ဘဇူကာစိန်ပြောင်း သေနတ်တင်ဂျစ်ကား ၂ဝ၊ ရိုးရိုးဂျစ် ၃၀၊ အပေါ့စား သံချပ်ကာကား ၁၅ စင်းတို့သည် မင်္ဂလာဒုံ လေယာဉ်ပျံကွင်းထဲသို့ ရောက်နေကြပြီ။ ပြည်လမ်းရန်ကုန်တက္ကသိုလ် မြန်မာစာဌာနနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ဦးဘရီစစ်သုံးကား ကန်ထရိုက်၏ဝင်းထဲ၌ ကားမျိုးစုံ ၃ဝ အသင့်ရှိနေကြပြီ။ ကားအားလုံးတို့ကို ဝိုင်ယာလက်ဆက်သွယ်ရေး တယ်လီဖုန်းများ တပ်ဆင်ထားသည်။
ဗိုလ်လှမြင့်နှင့် တာဝန်ကျစစ်ဗိုလ်များသည် စစ်ဆင်ရေးသေနင်္ဂကို ညနေ ၃ နာရီက လေ့လာခဲ့ကြပြီး ဖြစ်နေသည်။ စစ်ဆင်ရေးအစီအစဉ်မှာ ၁၉၅၈ ခုနှစ်က ဗိုလ်ကြည်ဝင်းနှင့် ဗိုလ်အောင်တို့ ရေးသည့် အစီအစဉ်ကို အနည်းငယ်သာ ပြင်ဆင်ထားသည်။ ထိုစဉ်က မန္တလေးမှတပ်များ ရန်ကုန်သို့ချီတက်၍ နံနက်စောစောတွင် ဝင်ရောက်ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ဖမ်းဆီးရန် လိပ်စာမြေပုံနှင့်တကွ ရေးသားထားသည့် စစ်ဆင်ရေးအတိုင်းပင် ချီတက်ကြသည်။
မတ်လ ၂ ရက်နေ့သို့ အဝင် နံနက် ၉ မိနစ်တိတိတွင် တပ်အားလုံး ချီတက်ပြီး မြို့တွင်းသို့ ဝင်ရောက်ကြရန် ဗိုလ်နေဝင်းက အမိန့်ပေးလိုက်သည်။ ဗေဒင်ယတြာအရ ၉ မိနစ်စွန်းတွင် စတင်ချီတက်ကြရမည်။ အသင့်စောင့်နေသော ယာဉ်များက ချက်ခြင်းပင် မင်္ဂလာဒုံမှ ရန်ကုန်ဘက်သို့ ချီတက်ကြသည်။ လေယာဉ်ကွင်းတွင်ရှိသည့် ဆက်သွယ်ရေးစခန်းကို ပထမ သိမ်းသည်။ ဆက်လက်၍ အသံလွှင့်ရုံ၊ ကြေးနန်းရုံးချုပ်၊ အတွင်းဝန်များနှင့် ပါလီမန်အဆောက်အဦး၊ ရဲမင်းကြီးရုံးနှင့် ရဲဌာနများ၊ စစ်ရဲ့ဌာနချုပ်၊ ပြည်ထောင်စုဘဏ်၊ ရန်ကုန်ဘူတာရုံ၊ ဝန်ကြီးများ နေထိုင်သော ဝင်ဒါမီယာဝင်းအနီးရှိ ရှမ်းဂေဟာ၊ ဖရေဇာလမ်းရှိ ကယားဂေဟာ စသည့်နေရာများကို စစ်သားများက စောင့်သိမ်းလိုက်သည်။
ည ၂ နာရီ ၉ မိနစ်တိတိအချိန်တွင် ဝန်ကြီးချုပ်အား ဖမ်းမိပြီဟု တာဝန်ကျဗိုလ်မှူးက ကြိုးမဲ့စကားပြောစက်နှင့် ဗိုလ်နေဝင်း၏အိမ်သို့ အကြောင်းကြားလိုက်သည်။
ဦးနုသည် ထိုညက အိပ်ရာဝင် နောက်ကျနေသည်။ အခြေခံဥပဒေပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲမှ ပြန်လာပြီးနောက် အကြံပေးအရာရှိ ဦးအုန်းတို့ နှုတ်ဆက်ကာ ပြန်သွားသည်နှင့် ရှည်လျားသော မိန့်ခွန်းတခုကို ပြန်လည်ဖတ်ရှု၍ တည်းဖြတ်နေမိသည်။
ပြည်နယ်ပြည်မ ခေါင်းဆောင်အများတို့ တညီတညွတ်တည်း အခြေခံဥပဒေကို ပြင်ဆင်ပြီးစီးချိန်တွင် ပြည်ထောင်စုကြီးတခုလုံးတွင် ဒီမိုကရေစီခိုင်မာရေးအတွက် မျိုးစေ့ချရန် အဖွဲ့အစည်းကြီးတခု လိုအပ်သည်။ ၁၉၅၈ ခုနှစ်တွင် ဦးနုက အကြံရသဖြင့် ပြန်ကြားရေးဌာန အတွင်းဝန်အား ပြောပြသည်ကို ဦးသန့်က လက်ခံပြီး ဒီမိုကရေစီ ပြန့်ပွားရေးအသင်းအမည်နှင့် အဖွဲ့အစည်းတခုကို တည်ထောင်ခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေဝန်ကြီးဌာနတို့မှ အရာရှိများက ပါဝင်အားထုတ်သည်။ အဖွဲ့အစည်းမဖြစ်မြောက်နိုင်ဘဲ ဦးသန့်နှင့် စာရေးဆရာ အောင်စိုးတို့ ပူးပေါင်းကာ ဒီမိုကရေစီဂျာနယ်ကို ထုတ်ဝေနိုင်ခဲ့သည်။ အင်အား နှစ်ဦးသာရှိသဖြင့် အလုပ်တွင်ကျယ်သည်။ ဂျာနယ်ကို လစဉ် မှန်ကန်စွာ ထုတ်ဝေနိုင်ခဲ့သည်။
ထိုအဖွဲ့ကလေးကို တိုးချဲ့ရန် သို့မဟုတ် အင်အားကြီးအဖွဲ့ အသစ်ကို အစိုးရက ဦးစီး၍ ဖွဲ့စည်းရန် စဉ်းစားပြီး အစိုးရဌာနများနှင့် ပြင်ပလောကမှ ဒီမိုကရေစီယုံကြည်သူများကို ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။ အသင်းကို အချိန်ပြည့် လုပ်ကိုင်နိုင်သူများ ပေါ်ပေါက်စေရန် ခိုင်မာသော ရန်ပုံငွေရှိရန် လိုအပ်သဖြင့် အစိုးရက ငွေကျပ် တကုဋေကို မတည်ပေးမည်။ ထိုငွေနှင့် အသင်းကို တည်ဆောက်မည်။ နောင်ကာလတွင် မည်ကဲ့သို့သော အစိုးရတက်လာသည်ဖြစ်စေ ထိုအသင်းကြီးက ဒီမိုကရေစီပညာရေးကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် စည်းမျဉ်းရေးဆွဲမည်။ အသင်းကို ပါလီမန်မှ ဥပဒေနှင့် အကာအကွယ်ပေးပြီး တည်ဆောက်စေမည် စသည်ဖြင့် အသေးစိတ် သဘောတူထားကြသည်။
ထိုဒီမိုကရေစီပြန့်ပွားရေး အသင်းကြီးအတွက် စတင်ဆွေးနွေးရန် ညစာ စားပွဲတစ်ခုကို မတ်လ (၂)ရက်နေ့ညတွင် ဝင်ဒါမီယာရှိ ဝန်ကြီးချုပ်အိမ်၌ ကျင်းပရန် အစိုးရအဖွဲ့ဝင်များ၊ ပါလီမန်အမတ်များနှင့် ပြင်ပမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားထားသည်။
ဦးနုသည် မနက်ဖြန်ညတွင် ပြောရန် ရေးသားထားသော ဒီမိုကရေစီမိန့်ခွန်းကို ပြန်လည်ဖတ်ရှု တည်းဖြတ်နေသဖြင့် အိပ်ရာဝင် နောက်ကျခဲ့၏။
ည ၂ နာရီခန့်တွင် အိမ်ဝင်းထဲမှ ရုတ်ရုတ်သဲသဲ အသံကြားရသဖြင့် အိပ်ရာမှနိုးလာသောအခါ ခြောက်လုံးပြူးသေနတ်ကို ကိုင်ဆောင်ထားသော တပ်မတော်အရာရှိငယ်တဦးကို အိပ်ရာဘေးတွင် တွေ့ရသည်။
“မင်း ဘာလိုချင်လို့လဲ”
“ကျွန်တော်တို့တပ်မတော်က အာဏာသိမ်းလိုက်ပါပြီ”
“ဟုတ်လား၊ ဒါဆိုရင် ငါဘာလုပ်ရမလဲ”
“ကျွန်တော်နဲ့လိုက်ခဲ့ပါ”
ဦးနုက အိပ်ရာမှထပြီး အပေါ်အင်္ကျီဝတ်ကာ ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။
“ဦးလေး ဘာလုပ်မလို့လဲ”
“သေးပေါက်မလို့ကွ"
" စစ်ဗိုလ်က ရေချိုးခန်းသို့ ဝင်ခွင့်မပေးဘဲ အိမ်ရှေ့ဝရန်တာ၌ပင် ကိစ္စပြီးစေသည်။ ဦးနုအား ကားပေါ်တင်လိုက်သောအခါ ဂျစ်ကားပေါ်မှ ကြိုးမဲ့စက်ဖြင့် စကားပြောနေသော စစ်သားက “လောက်ကောင် မိထားပြီ”ဟု အကြောင်းကြားသံ ကြားရသောအခါ ဝန်ကြီးချုပ်ဘဝမှ လောက်ကောင်ဘဝသို့ ကြီးမားစွာ ရာထူးလျှော့ကျလေပြီဟု တွေးမိသောကြောင့် ပြုံးမိ၏။
စစ်ဗိုလ်ခေါ်ရာသို့ လိုက်ပါသွားခဲ့စဉ်တွင် ယခုအရေးအခင်းမှာ စစ်ဗိုလ်များ၏ သူပုန်ထမှုသာ ဖြစ်သည်။ ဗိုလ်နေဝင်း ပါမည်မဟုတ်ဟု ဦးနုက ယူဆခဲ့သည်။ ကိစ္စပြီးစီးက ဗိုလ်နေဝင်းသည် သူထံ လာရောက်တွေ့လေမည်ဟု ယူဆသဖြင့် မင်္ဂလာဒုံရှိ အိမ်တအိမ်မှ အခန်းတခုတွင်းသို့ ပို့လိုက်သောအခါ စိတ်အေးချမ်းစွာနှင့် အိပ်ပျော်နေမိခဲ့လေသည်။
နောက်တနေ့ ညနေ ၅ နာရီတွင်မှ သမ္မတကြီးမန်းဝင်းမောင်က တွေ့ လိုပါသည်ဟု အစောင့်စစ်ဗိုလ်တဦးက ပြောသဖြင့် အိမ်အောက်သို့ ဆင်းခဲ့သည်။
“ဝန်ကြီးချုပ်ခင်ဗျား... ဒီမနက် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အသံလွှင့်ကြေညာချက်ကို ကြားပြီးပြီလား”
“မကြားလိုက်ဘူး။ ဘာတွေများ ပြောသွားသလဲ”
“ တိုတိုပဲ ပြောပါတယ်၊ နိုင်ငံပျက်စီးယိုယွင်းလာတဲ့အတွက် စစ်တပ်က အာဏာသိမ်းလိုက်ရတယ်လို့ ပြောပါတယ်”
“ဪ လက်စသတ်တော့ ဒီလိုကိုး”ဟု နှုတ်မထိန်းနိုင်ဘဲ ပြောမိကာ တမိနစ်တိတိ စကားမပြောနိုင် ဖြစ်ခဲ့ရသည်ဟု ဦးနုက သူ၏မှတ်တမ်းတွင် ရေးသားခဲ့လေသည်။
ဗိုလ်နေဝင်းသည် ဦးနု၏လူယုံတော် ဖြစ်သည်။ ဝန်ကြီးချုပ် သက်တမ်းတလျှောက်လုံးတွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ကို ထိပါးရန် ကြံစည်မှုမှန်သမျှကို စစ်စုံထောက်များ ရရှိသည့် သတင်းများအဖြစ် နှစ်ကိုယ်ကြား အစီရင်ခံလေ့ရှိသည်။ လူကွယ်ရာတွင် ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ ပြောသမျှ ကြံစည်သမျှကိုလည်း ဗိုလ်နေဝင်းက ဦးနုအား ပြောပြလေ့ရှိသဖြင့် ဒီမိုကရေစီဘက်သား အပြည့်အဝမဟုတ်စေကာမူ အစိုးရအဖွဲ့ကို သစ္စာရှိသူဟု ဦးနုက ယုံကြည်မိသဖြင့် ဦးနုသည် စကားမဆက်နိုင်တော့ဘဲ ငြိမ်သက်နေမိတော့၏။
ဦးနုအား ဖမ်းဆီးနေချိန်တွင် အာဏာသိမ်း စစ်ဆင်ရေးတပ်တို့သည် အခြားခေါင်းဆောင်များကိုလည်း ဖမ်းနိုင်ခဲ့ကြသည်။ ဦးနုနှင့်တကွ သမ္မတဦးဝင်းမောင်၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ သခင်တင်၊ စပ်ခွန်ချို၊ စပ်ဝဏ္ဏနှင့် ဦးရာရှစ်တို့ကို အထူးအရေးကြီးသူများအဖြစ် ထူထပ်စွာ အစောင့်ချ၍ မင်္ဂလာဒုံမှတဆင့် ရေကြည်အိုင်စစ်တပ်၏ အချုပ်စခန်းသို့ တိုက်ရိုက်ပို့ခဲ့၏။
ကမ္ဘာအေးဘုရားလမ်းရှိ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းအား ဖမ်းစဉ်တွင် ဦးမြင့်သိန်းက ဖမ်းဆီးရန်လာသူအား တရားဥပဒေအရ ဝရမ်းပြရမည်ဟု တောင်းဆိုသဖြင့် နှောင့်နှေးခဲ့ရသည်။ တာဝန်ကျ စစ်ဗိုလ်က အကြောင်းကြားသဖြင့် အရာရှိကြီးတဦး သွားရောက်၍ စစ်တပ်က အာဏာသိမ်းကြောင်း ရှင်းပြမှ ဦးမြင့်သိန်းမှာ အဖမ်းခံလေသည်။ ဂွတ်တလစ်လမ်းရှိ သမ္မတဟောင်း စပ်ရွှေသိုက်၏အိမ်ကို စစ်သားများဝိုင်းစဉ်က အိမ်ရှိ တာဝန်ကျအစောင့်များက ခုခံပစ်ခတ်သဖြင့် စစ်သားများ ပစ်သောကြောင့် အသက် ၁၇ နှစ်ရှိ သားဖြစ်သူ စပ်မီမီသိုက် သေဆုံးခဲ့ရသည်။ ထိုသွေးမြေကျမှုမှတပါး အခြားသွေးထွက်သံယိုမှု မရှိခဲ့ပေ။
ထိုနေ့က ဖမ်းဆီးလိုက်သူတို့မှာ ဝန်ကြီးချုပ် ဦးနု၊ ဝန်ကြီး သခင်တင်၊ ဒေါက်တာအေးမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စပ်ခွန်ချို၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျှံ၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူမျိုးစုလွှတ်တော်ဥက္ကဋ္ဌ စပ်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်၊ မိုးနဲစော်ဘွား၊ စစ်ပြည်လဲချားစော်ဘွား စပ်နွံ၊ သာမိုင်းစော်ဘွား စပ်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စပ်ဆိုင်းလုံ၊ မိုင်းလွန်းစော်ဘွား စပ်ခွန်ကိုး၊ မိုင်းခွန်စော်ဘွား စပ်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စပ်ရွှေမှုံ၊ ဗော်စော်ဘွား စပ်ခွန်အောင်၊ လွိုင်လင်စော်ဘွား စပ်မိုးကျော်၊ ပင်းဒယစော်ဘွား စပ်၀င်းကြည်၊ ရွာငံစော်ဘွား စပ်ခဧန်ရီ၊ မိုင်းပန်စော်ဘွား စပ်ရွှေကြည်၊ စကားစော်ဘွား စပ်ကခွန်ညွှန့်၊ မိုင်းလုံစော်ဘွား စပ်မန်လစ်၊ စပ်ခွန်ထီး၊ အမတ် စပ်မန်ဖ၊ စပ်အောင်ဖူး၊ ဦးစံမြတ်၊ စပ်ကျော်ခေါင်၊ ဦးချစ်၊ ဦးရီရောင်း၊ ဦးခွန်နော်၊ ဦးဖြူ။ ဦးကျော်စိန်၊ ဦးလွန်း၊ ဦးအန်ဇော်လှ၊ ဦးစိန်၊ ဦးထွန်းမြင့်၊ ဦးကြာပု၊ ဦးမြတ်၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်နှင့် ဦးတင်အောင်တို့ ဖြစ်ကြသည်။
ဗိုလ်မှူးအောင်နှင့် ဆမားဒူးဝါးဆင်ဝါးနောင်တို့မှာ ဖမ်းဆီးရန်စာရင်း၌ ပါသော်လည်း နယ်များသို့ ရောက်နေသဖြင့် ထိုနေ့က အဖမ်းမခံရပေ။
ဖမ်းထားသူများကို အသံလွှင့်ရုံ၌ ယာယီချုပ်နှောင်သောအခါ ယမန်နေ့က ကျင်းပသော အခြေခံဥပဒေ ပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲခန်းမတွင်ပင် ထားရှိခဲ့လေသည်။ ဆိုင်းဘုတ်ကြီးပင် ရှိသေးသည်။ မိုးလင်းမှ မင်္ဂလာဒုံသို့သယ်၍ တပ်မတော်၏ ရန်ကြီးအောင်ရုပ်ရှင်ရုံတွင် ခေတ္တ ထားသည်။ ထိန်းသိမ်းခံတို့မှာ ဆာလောင်ကြပြီ ဖြစ်သဖြင့် နံနက်စာ လက်ဖက်ရည်၊ နံပြားများနှင့် ပြုစုသည်။
ထိုဖမ်းထားသူများအနက် မန်းဘဆိုင်၊ စပ်ခွန်ကြည်၊ ဒေါက်တာ စောလှထွန်းဦး၊ ဦးဇာရဲလျှံ၊ ဦးဘမြိုင်၊ စပ်မန်ဖနှင့် ဦးဘစောတို့အား ရန်ကုန်သို့ ပြန်ခေါ်ကာ ဒဂုံရိပ်သာ၌ ဗိုလ်နေဝင်းက တွေ့ဆုံပြီး လူမှား၍ ဖမ်းခဲ့ပါသည်ဟု ပြောကာ ပြန်လွှတ်ခဲ့သည်။ ဦးဘစောမှာ ဗိုလ်နေဝင်းက လင်ရှိသူ ဒေါ်ခင်မေသန်းနှင့် လက်ထပ်သဖြင့် ရာထူးမှဖယ်ရှားရန် ဦးနုက ဝန်ကြီးအဖွဲ့သို့ အဆိုတင်သွင်း ဆုံးဖြတ်စဉ်က အစည်းအဝေးပြီးလျှင်ပြီးချင်း ဗိုလ်နေဝင်းအား သွားရောက်တွေ့ကာ ပြောပြသတိပေးသူဖြစ်၏။
ဖမ်းထားသူ အားလုံးတို့အား အမည်ဝှက်များ ပေးထားကြသည်။ တာဝန်ကျစစ်ဗိုလ်တို့က ဖမ်းမိသည်နှင့် နာမည်ဝှက်ကို ရွတ်ဆိုဖော်ညွန်း၍ ဖမ်းမိကြောင်း ဗိုလ်နေဝင်းကိုယ်တိုင် ထိုင်သည့်ကွပ်ကဲရေးရုံးသို့ အကြောင်းကြားရသည်။ “ပုစွန်တုပ်” အမည်ပေးထားသည့် ဝန်ကြီးကို ဖမ်းဆီးရာတွင် ပြဿနာပေါ်သဖြင့် အနည်းငယ် နှောင့်နှေးခဲ့ရသည်။
တာဝန်ကျစစ်ဗိုလ်သည် ပုစွန်တုပ်ကြီး၏အိမ်သို့ သွားရောက်ကြပြီး တံခါးခေါက်သောအခါ ပုစွန်တုပ်ကြီးမှာ အိမ်တွင်မရှိဘဲ ဝန်ကြီးကတော်ကိုသာ တွေ့ ရသဖြင့် အကျိုးအကြောင်း ရှင်းပြရသည်။
“မောင်ရင်တို့ အင်မ်အိုင်က ညံ့လှချည်းလား”
“ခင်ဗျာ...”
“အဘိုးကြီးက အိမ်မှာ မအိပ်တာ ၄ လနဲ့ ၁၃ ရက်ရှိပြီ”ဟု တိတိကျကျ ပြောပြပြီး ပုစွန်တုပ်ကြီးအိပ်သော မယားငယ်ကလေး၏အိမ်ကို လမ်းနံပါတ်၊ အိမ်နံပါတ်ကိုပါ ပြောပြသဖြင့် တပ်ခေါက်ရသည်။ ကားဦး လှည့်နေစဉ် ဝန်ကြီးကတော်က “နေပါဦး၊ နေပါဦး မောင်ရင်ရယ်”ဟု ခေါ်သဖြင့် ပြန်၍ နားထောင်ရပြန်သည်။
“အသေမိသလား၊ အရှင်မိသလားဆိုတာတော့ ဒေါ်ဒေါ်ကို ပြန်ပြောပြပါကွယ်”ဟု မှာကြားသဖြင့် ပြန်ပြောရသေးလေသည်။
ဤသို့ဖြင့် ဇာတ်ကွက်အမျိုးမျိုး အဖုံဖုံဖြစ်ပေါ်ခဲ့သည်တို့ကို ပြည်ဖုံးကားချလိုက်ပြီး နောက်တနေ့နံနက်တွင် ဗမာ့အသံမှ ဗမာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ကြေညာချက်နှင့် ဗိုလ်နေဝင်းက သမိုင်းဇာတ်ကွက်သစ်ကို ခင်းကျင်းပြသလေတော့သည်။
နိုင်ငံသူ နိုင်ငံသားများခင်ဗျား
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း အစီရင်ခံပါသည်။ အရပ်ရပ်ရှိ တိုင်းသူပြည်သား ရဟန်းရှင်လူအများသည် ကြောင့်ကြ စိုးရိမ်ပူပန်ခြင်း မဖြစ်ကြဘဲ ခါတိုင်း သာမန်အချိန်ကဲ့သို့ စိတ်အေးလက်အေး ငြိမ်းချမ်းစွာ မိမိတို့လုပ်ငန်း ဆောင်တာများကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်ကြရန် မေတ္တာရပ်ခံပါသည်။
အစိုးရအမှုထမ်းများသည်လည်း မိမိတို့တာဝန်ဝတ္တရားများကို မပျက်မကွက် ဆက်လက်ဆောင်ရွက်ကြစေလိုပါသည်။ အထူးသဖြင့် ပညာရေးဆိုင်ရာ တာဝန်ခံများနှင့် ကျောင်းသူကျောင်းသားများသည် မိမိတို့ စစ်ဆေး ဖြေဆိုနေဆဲကိစ္စများကို မပျက်မကွက် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါသည်။
တိုင်းသူပြည်သားအများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးအတွက် ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပါမည်။
၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်တွင် ဗိုလ်နေဝင်းက ညက်ညာပြေပြစ်သော အသံဖြင့် မြန်မာ့အသံမှ လွှင့်ကြားလိုက်လေသည်။
ဦးနုသည် အငိုက်မိသွားခဲ့သည်။ ဗိုလ်နေဝင်းအား ရိုးသားစွာ ယုံကြည်သဖြင့် အငိုက်မိရသည်မှာ အဆန်းမဟုတ်။ ပန်ကာထိပ်သီး ငမွတ်ကြီး သတင်းစာများ အငိုက်မိရသည်မှာ ဆန်းနေသည်။
၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲ ဖြစ်ပွားစဉ်က သတင်းစာဆရာတို့သည် တပတ်ခန့် ကြိုတင်သိကြသည်။ အာဏာလုမည့် စစ်ဗိုလ်ကြီးနှစ်ဦးက “ဦးနုအိမ်ကို သွားပြီး အာဏာတောင်းမယ်”ဟု အချိန်နာရီနှင့် တိကျစွာပေးသဖြင့် သတင်းထောက်များက ဓာတ်ပုံသတင်းထောက်နှင့်အတူ သွားရောက်စောင့်ကာ သတင်းကို ဓာတ်ပုံနှင့် ဖော်ပြနိုင်ခဲ့သည်။
သတင်းကို ရေးနိုင်သည်ဖြစ်စေ မရေးနိုင်သည်ဖြစ်စေ သတင်းမှန်သမျှကို ကြိုတင်သိနှင့်လေ့ရှိသော သို့မဟုတ် ဤအမှုကြီးဖြစ်ပွားမည်ဟု ကြိုတင်ဟောနိုင်လေ့ရှိသော သတင်းထောက်များ၊ သတင်းစာဆရာကြီးများသည် အငိုက်မိခဲ့ကြသည်။ နံနက် ၂ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီးခြင်းခံရသော လူမျိုးစုခေါင်းဆောင်တဦး၏အပါးတော်မြဲက “ဦးနုက လူမျိုးစုတွေကို ဖမ်းနေပါတယ်”ဟု သတင်းမှားကိုပေးမှ စတင်သိကြရရှာ၏။
* * *
၁၈။ ဆိုရှယ်လစ်လမ်းစဉ်ကို ဖုတ်ပူမီးတိုက် ရှာတော်ပုံ
အာဏာသိမ်း စစ်ဆင်ရေးမှာ မတ်လ ၂ ရက်နေ့ နံနက် ၄ နာရီ တွင် အောင်မြင်စွာ ပြီးဆုံးလေပြီဟု စိတ်ချလက်ချ ဆုံးဖြတ်နိုင်သောအခါ ဗိုလ်နေဝင်းက ရန်ကုန်ရှိ စစ်ဗိုလ်ကြီးများကို ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ဆင့်ခေါ်လိုက်သည်။
နံနက် ၇ နာရီ ၁၅ မိနစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်များဖြစ်သော (ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၊ (ရေ)ဗိုလ်မှူးချုပ်သန်းဖေ၊ (လေ) ဗိုလ်မှူးချုပ်တီကလစ်၊ စစ်ထောက်ချုပ် ဗိုလ်မှူးချုပ်တင်ဖေ၊ စစ်ဦးစီး ဗိုလ်မှူးကြီးသန်းစိန်၊ စစ်ရာထူးခန့် အတွင်းဝန် ဗိုလ်မှူးကြီးကျော်စိုး၊ နယ်ခြားဒေသ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီးစောမြင့်၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးဘနီတို့နှင့် စစ်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူး ဦးသီဟန်တို့ ရောက်ရှိလာကြသည်။
စစ်တပ်၏ ထိပ်သီးအရာရှိကြီး ၉ ဦးတို့ ရောက်ရှိသည်နှင့် တပ်မတော်က တိုင်းပြည်ကို ထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ဗိုလ်နေဝင်းက ပြောပြကာ တိုင်းပြည်သို့ အလျင်အမြန် ကြေညာရန်ကိစ္စကို ပထမ ဆွေးနွေးကြရန် အမိန့်ပေးသည်။ ထိုအခါ ဗိုလ်သန်းစိန်က အသင့် ရေးယူလာသည့်စာတမ်းကို တင်ပြသည်။ ဗိုလ်နေဝင်းက ကြိုက်ပုံမပေါ်သဖြင့် အားလုံး အကြံပြုကာ ပြင်ဆင်ရေးသားကြသည်။ ပြင်ဆင်ကြသည့် စာမူကို မိမိကြိုက်ပြီ ဆိုကာ ဗိုလ်နေဝင်းက ချက်ချင်း အသံသွင်း၍ အသံလွှင့်ရုံသို့ ပို့စေသည်။
“တို့အဖွဲ့ တို့အစိုးရအမည်ကို ဘယ်လိုခေါ်မည်လဲ စဉ်းစားကြရအောင်”ဟု ဗိုလ်နေဝင်းက ပြောသောအခါ
ဗိုလ်တင်ဖေက “တပ်မတော်အဖွဲ့၊ တပ်မတော်အစိုးရပေါ့" ဟု လျင်မြန်စွာ အကြံပြုသည်။
ဗိုလ်တင်ဖေသည် အရပ်သားများ၏ ပါလီမန်အစိုးရကို များစွာ ရွံ့ရှာမုန်းတီးနေသူ ဖြစ်သည်။ သန့်ရှင်းအစိုးရလက်ထက်က သူပုန်အင်အား ကျဆင်းနေချိန်တွင် အနာဂတ်တပ်မတော်၏ ဖွဲ့စည်းပုံကို နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေနှင့် ဖွဲ့စည်းရန် ဆွေးနွေးကြသည်။ ထိုကိစ္စကို အခြားစစ်ဦးစီးများက လုပ်ဆောင်သင့်သော ဥပဒေဖြစ်သည်ဟု သဘောတူကြပါလျက် တပ်မတော်ကို နိုင်ငံရေးသမားများက ဖျက်ဆီးနေပါပြီဟု ဟောပြောတိုက်ခိုက်သူ ဖြစ်သည်။
ဗိုလ်တင်ဖေ၏အဆိုကို လက်မခံသေးခင်တွင် ဗိုလ်သန်းစိန်က အဆိုသစ်တင်သည်။ ထိုအချိန်က ဗိုလ်နေဝင်း၏ အတွင်းလူတဦး ဖြစ်နေသူ ဗိုလ်သန်းစိန်က “ကျွန်တော်တို့ တပ်မတော်က နိုင်ငံရေးအစိုးရကို တော်လှန်ခဲ့ပြီ မဟုတ်လား၊ တော်လှန်ရေး အစိုးရပေါ့”ဟု တင်ပြသည်ကို ဗိုလ်နေဝင်းက လက်ခံလိုက်သဖြင့် အတည်ဖြစ်သွားသည်။
တော်လှန်ရေးကောင်စီကို ဗိုလ်မှူးကြီးအဆင့်၏ အထက်တွင် ရှိသော စစ်အရာရှိများကို ပါဝင်စေ၍ ဖွဲ့ရမည်ဟု ဗိုလ်နေဝင်းက အမိန့်ပေးသည်။ ထိုအခါ ဗိုလ်နေဝင်းက ဦးသီဟန်အား လှမ်း၍ပြောသည်။
“ခင်ဗျား ထွက်မသွားပါနဲ့။ လက်ရှိ အရာရှိတွေနဲ့ ဖွဲ့ရပေမယ့် ကျုပ်တို့မှာ ခင်ဗျားက အတွင်းမှာရှိမှ ဖြစ်မှာ”ဟု ဦးသီဟန်အား အမည်မဖော်သော ကောင်စီဝင်သဘောမျိုး သတ်မှတ်ခဲ့သည်။
(၁) ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်နေဝင်း ဦးစီးသော တော်လှန်ရေးကောင်စီတွင် အဖွဲ့ဝင်များအဖြစ် (၂) ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး (၃) ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်မှူးချုပ်သန်းဖေ (၄) ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်မှူးချုပ် တီကလစ် (၅) စစ်ထောက်ချုပ် ဗိုလ်မှူးချုပ်တင်ဖေ (၆) အနောက်မြောက်ပိုင်း စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ်စန်းယု (၇) အလယ်ပိုင်းတိုင်း ဗိုလ်မှူးချုပ်စိန်ဝင်း (၈) အရှေ့တောင်တိုင်း ဗိုလ်မှူးကြီးသောင်းကြည် (၉) အနောက်တောင်ပိုင်း ဗိုလ်မှူးကြီးကြည်မောင် (၁၁) အရှေ့တောင်ပိုင်း ဗိုလ်မှူးကြီးမောင်ရွှေ (၁၁) စစ်ဦးစီးဗိုလ်မှူးကြီး သန်းစိန် (၁၂) စစ်ရာထူးခန့် အတွင်းဝန် ဗိုလ်မှူးကြီးကျော်စိုး (၁၃) နယ်ခြားဒေသ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီးစောမြင့် (၁၄) တွဲဘက်စစ်ထောက်ချုပ် ဗိုလ်မှူးကြီးချစ်မြိုင် (၁၅) လေ့ကျင့်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်ညို (၁၆) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးလှဟန်နှင့် (၁၇) ပြည်စောင့် ရဲတပ်ဌာနချုပ် ဒုတိယရဲတပ်ချုပ် ဗိုလ်မှူးကြီးတန်ယုဆိုင်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။
တော်လှန်ရေးကောင်စီဖွဲ့စဉ်က အဖွဲ့ဝင် ၁ဝ ဦးကို အစည်းအဝေးမှ ဖွဲ့စည်းခဲ့သည်။ ကျန်အဖွဲ့ဝင် ၇ ဦးတို့မှာ အစည်းအဝေးတွင် မရှိသဖြင့် ကာယကံရှင်တို့က လက်ခံ၏။ လက်မခံ၏ဆိုသည့် သူတို့၏သဘောထားကို မေးမြန်းမှုမပြုဘဲ ဗိုလ်ချုပ်ကြီးနေဝင်းက ကာကွယ်ရေးဦးစီးချုပ် အာဏာအရ ခန့်ထားသည်သာ ဖြစ်သည်။
ယင်းသို့ ခန့်ထားစဉ်က ရောက်ရှိနေသူ ဗိုလ်မှူးချုပ် တီကလစ်သည် မိမိအား ကောင်စီအဖွဲ့ ဝင် ခန့်ထားမှုကို လက်မခံလိုပါဟု ငြင်းဆိုရန် စကားပြောမည်အပြုတွင် သူနှင့်ရင်းနှီးသူ ဗိုလ်မှူးချုပ်အောင်ကြီးက မျက်ရိပ်ပြသဖြင့် နှုတ်ပိတ်နေလိုက်ရသည်။ ဗိုလ်မှူးချုပ် တီကလစ်သည် မြန်မာနိုင်ငံသားဖြစ်သော်လည်း စစ်အတွင်းက အင်္ဂလန်ပြည် ဘုရင့်တပ်မတော်မှ အရာရှိတဦးဖြစ်ခဲ့သည်။ စစ်ပြီးခေတ်တွင် အင်္ဂလိပ်အစိုးရ၏ စစ်တပ်မှာ အမှုထမ်းနေစဉ် ဗမာ့တပ်မတော်ကို သိမ်းသွင်းဖွဲ့ စည်းချိန်၌ ဆက်လက်ပါဝင်ခဲ့သူဖြစ်သည်။ သူသည် ဒီမိုကရေစီကို ယုံကြည်သူဖြစ်သဖြင့် ၁၉၅၈ ခုနှစ် စစ်တပ်အာဏာသိမ်းလှုပ်ရှားမှုကို ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ စစ်မှုထမ်းဘဝကိုပင် ညည်းငွေ့နေသည်။ ယခုမူ ဗိုလ်နေဝင်းက လက်လွန်ခြေလွန် လုပ်ဆောင်မိနေပြီကို သတိပြုမိသဖြင့် နှုတ်ဆိတ်နေရှာ၏။
“ကျွန်တော်တို့လူစု တပ်မတော်မှာ ရှိနေသရွေ့ စစ်တပ်က အာဏာသိမ်းတာမျိုး မဖြစ်စေရပါ”ဟု သတင်းစာဆရာများအား ကတိပေးလေ့ရှိသူ ဗိုလ်မှူးချုပ်အောင်ကြီးသည်လည်း ယခုအာဏာသိမ်းပွဲကို ထောက်ခံသူ မဟုတ်ခဲ့ပေ။ ဗိုလ်နေဝင်းကလည်း သူ့ကို မယုံကြည်သဖြင့် အာဏာသိမ်း စစ်ဆင်ရေးကို အသိမပေးဘဲ ထားခဲ့သည်။ ထိုနေ့မတိုင်မီကပင် စစ်ရုံးအရာရှိရိပ်သာတွင် တည်းခိုနေခဲ့သောကြောင့် အာဏာသိမ်းသည်ကို မြင်သိရသောအခါ ဝမ်းနည်းလာသဖြင့် ဗိုလ်မှူးဘသန်း၏မျက်မှောက်၌ ငိုကြွေးမိသည်ဟုပင် ထုတ်ဖော်ခဲ့သည်။
ဗိုလ်အောင်ကြီးက စစ်တပ်အာဏာသိမ်းပွဲကို မမြင်လိုသည်မှာ သူရည်မှန်းသော ပန်းတိုင်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဖြစ်၏။ အစိုးရငွေကို ရင်းနှီး၍ အစိုးရသို့ အခွန်အတုပ်မပေးရဘဲ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတည်ထောင်ခွင့်ကို အိမ်စောင့်အစိုးရပါလီမန်က ဥပဒေနှင့် ခွင့်ပြုချက်ကို ရရှိခဲ့ပြီဖြစ်သဖြင့် ကုဋေများစွာတန်သော စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်လည်ပတ်နေပြီဖြစ်သည်။ အလုပ်ပျက်မခံလိုဘဲ ရသောအခိုက်တွင် စီးပွားရေးကို အားသွန်လိုသဖြင့် အာဏာသိမ်းမှုကို မလိုလား။
သို့သော် စစ်တပ်တွင်း စတင်ဝင်ရောက်ချိန်မှစကာ ဗိုလ်နေဝင်း၏ ကိုယ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သောကြောင့် ဗိုလ်နေဝင်း၏အကြောင်းကို ကောင်းစွာ သိသည်။ မည်သည့်ကာလတွင်မှ ဗိုလ်နေဝင်းအား ထိပ်တိုက် ဆန့်ကျင်မှု မပြုရဲသူဖြစ်သည်။ ထို့ကြောင့် နံနက်စောစောက စစ်တပ်အာဏာသိမ်းမှုအတွက် ဝမ်းနည်းသဖြင့် ငိုပွဲဆင်ခဲ့သည်ဆိုစေကာမူ ယခု အစည်းအဝေးတွင် ဗိုလ်နေဝင်း၏အာဏာလုပွဲ အောင်မြင်ရေးအတွက် အဖက်ဖက်မှ ကြိုးစားပြခဲ့လေသည်။
"ပထမဆုံး အရေးကြီးတာက နိုင်ငံခြားတိုင်းပြည်များက တော်လှန်ရေးအစိုးရကို လက်ခံကြဖို့၊ အသိအမှတ် ပြုကြဖို့ပဲ။ နိုင်ငံခြားရေးဝါဒကို ကြေညာဖို့ လိုပါတယ်”ဟု ဗိုလ်အောင်ကြီးက တင်ပြသောအခါ ဗိုလ်နေဝင်းက စကားဖြတ်၍ “ကြားနေနိုင်ငံခြားရေးဝါဒပဲပေါ့ကွ” ဟု တမုဟုတ်ချင်း ပြောသဖြင့် တိကျသော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးမည်ဟု အချက် ၄ ချက်ကို ရေးဆွဲ အတည်ပြုကြလေသည်။
ထိုအခါ ဗိုလ်နေဝင်းက ဦးသီဟန်အား
“တော်လှန်ရေး ကောင်စီဝင် မဟုတ်ပေမဲ့ ဝန်ကြီးအဖွဲ့မှာ ကိုသီဟန် တာဝန်ယူပါ။ ခင်ဗျား နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုင်ဗျာ”ဟု ရာထူးပေးသည်။
ထိုနောက် အစိုးရအဖွဲ့ကို ဖွဲ့သောအခါ ဗိုလ်နေဝင်းကပင် တဦး တဦး အမည်များကိုခေါ်၍ ရာထူးများ ခန့်ထားလေသည်။
(၁) ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် တရားရေးဝန်ကြီးဌာန ဗိုလ်နေဝင်း
(၂) ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီးဌာန ဗိုလ်အောင်ကြီး
(၃) လယ်ယာ၊ သစ်တော၊ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ဗိုလ်တင်ဖေ
(၄) ပညာရေးနှင့် ကျန်းမာရေး ဗိုလ်မှူးချုပ်သန်းဖေ
(၅) နိုင်ငံခြား၊ အလုပ်သမား၊ ဆောက်လုပ်ရေးနှင့် သတ္တုတွင်း ဦးသီဟန်
(၆) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဗိုလ်ကျော်စိုး
(၇) ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဗိုလ်စောမြင့်
(၈) လမ်းပန်းဆက်သွယ်ရေး ဒုတိယဗိုလ်မှူးကြီးဘနီ
ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာချက်ကို ရေးသောအခါ ဝန်ကြီးဟု မသုံးဘဲ တာဝန်ခံများဟု သုံးစွဲကြရန် ဆုံးဖြတ်ကြသော်လည်း လအနည်းငယ်အတွင်း ဝန်ကြီးဟုပင် ခေါ်ဝေါ်ကြသည်။
"အရေးကြီးတာက သတင်းစာတွေနဲ့ နိုင်ငံရေးသမားတွေက ပွစိ ပွစိ မဖြစ်အောင် အာဏာသိမ်းရတဲ့ နိုင်ငံရေးအကြောင်းပြချက်တွေကို ရေးဖို့ လိုပါတယ်" ဟု ဗိုလ်အောင်ကြီးက တင်ပြပြီး “ဗိုလ်စောမြင့် ဒီနေ့လက်ငင်း သတင်းစာ ဆရာအသင်းက လူတွေကိုခေါ်ပြီး လွတ်လပ်စွာ ရေးသားခွင့်ပေးမယ်လို့ ကတိပေးပါ”ဟု ဗိုလ်အောင်ကြီးကပင် အမိန့်ပေးသည်။
“ဗိုလ်ချုပ်ရယ် ကျွန်တော်တို့ရယ်က နိုင်ငံရေးသမားတွေကို ဖိတ်ပြီး ရှင်းပြကြတာပေါ့”ဟု ဗိုလ်အောင်ကြီးက ပြောသောအခါ “ဘယ်လိုင်းကို အခြေခံမလဲ”ဟု ဗိုလ်နေဝင်းက မေးသည်။
“ရှမ်းစော်ဘွားတွေက ဖက်ဒရယ်မူကိုတောင်းပြီး ပြည်ထောင်စုကြီးက ခွဲထွက်ဖို့ ကြံစည်နေတာကြောင့် အာဏာကို တပ်မတော်က ထိန်းသိမ်းရတယ်လို့ အကြောင်းပြရမှာပဲ”ဟု ဗိုလ်အောင်ကြီးက ပြောသည်ကို ဗိုလ်နေဝင်းက သဘောကျသဖြင့် “မင်းပဲ စာတမ်းတစောင်ရေးကွာ၊ တိုတိုရေးပေါ့”ဟု တာဝန်ပေးပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။
စစ်စုံထောက်ရုံးမှ အရာရှိကိုခေါ်ပြီး စာတမ်းကို ချက်ချင်း ရေးသည်။ တပ်မတော် ထောက်လှမ်းရေးမှူး၏ တာဝန်ပေးချက်အရ အမှတ် (၂)ထောက်လှမ်းရေးမှူးက ရေးသားပြုစုထားသည့် “ရှမ်းပြည်နယ် နိုင်ငံရေးလှုပ်ရှားမှုများနှင့် ဖက်ဒရယ်မူ စတင်ဖြစ်ပေါ်လာပုံ”ဟု ခေါင်းစဉ်တပ်ထားသည်။ ၁၉၅၉ ခုနှစ်မှ စတင်ကာ မိုင်းရယ်မြို့တွင် စော်ဘွားတစု လျှို့ဝှက်စည်းဝေး၍ ရှမ်းပြည်နယ်က ပြည်ထောင်စုမှခွဲကာ ရှမ်းသမ္မတနိုင်ငံ တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သမ္မတဟောင်း ညောင်ရွှေစော်ဘွားကတော် ပါဝင်ကြောင်း၊ ထိုဖက်ဒရယ်လှုပ်ရှားမှုအတွက် ရှမ်းသောင်းကျန်းသူ ၄ဝဝဝ ရှိနေပြီဖြစ်ကြောင်း ရေးသားထားသည်။
ထိုသို့ ရေးစေကာမူ ဗိုလ်အောင်ကြီး ကောင်းစွာသိသည်။ ရှမ်းပြည်က စော်ဘွားများ ခွဲထွက်ရန် ကြံစည်ကြသည် ဆိုခြင်းသည် လုံးဝမဟုတ်။ တည်မြဲဖဆပလခေါင်းဆောင်များ၏ နိုင်ငံရေးခြေထိုးမှုသာ ဖြစ်သည်။ ယမန်နေ့က ကျင်းပခဲ့သော အခြေခံဥပဒေပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲတွင် အစိုးရပါတီဖြစ်သော ပထစအဖွဲ့ နှင့် လက်ဝဲလက်ျာ နိုင်ငံရေးအဖွဲ့များနှင့်အတူ လူမျိုးစုခေါင်းဆောင်များ၊ ရှမ်းစော်ဘွားများ၊ အားလုံးညီညွတ်စွာ ဥပဒေပြင်ဆင်ရေးကိုသာ စိတ်ဝင်စားနေကြသည်။ ဥပဒေကြီး ပြင်ဆင်ရေးမှာ ဒီတိုင်းပြည်ကို ကွန်မြူနစ်နိုင်ငံမဖြစ်၊ ဖက်ဆစ်နိုင်ငံမဖြစ်၊ အာဏာရှင်နိုင်ငံ မဖြစ်လျှင် တော်ပြီ ကြိုက်သလိုသာ ပြင်ကြပါ။ နိဒါန်းက နိဂုံးအထိ ပြင်ကြပါ”ဟု တရားရေးဝန်ကြီး ဒေါက်တာအေးမောင်က လွတ်လပ်စွာ ပြင်ဆင်ခွင့်ကို ကြေညာထားသဖြင့် မိမိတို့နယ်မြေ၌ ဗမာစစ်တပ်များ လာရောက် စခန်းမချရေးကို ဦးတည်သည့် စော်ဘွားများက အထူးကျေနပ် အားတက်နေကြသည်။ ခွဲထွက်ရေးပြဿနာ လုံးဝမရှိတော့သည်ကို ဗိုလ်အောင်ကြီး ကောင်းစွာ သိရှိသည်။ သို့သော် အရေးကြုံပြီဖြစ်သဖြင့် စစ်တပ်ဖက်မှ နေရမည့်တာဝန်ရှိသည်။ ဗိုလ်နေဝင်းကိုလည်း ကြောက်သည်။ ထိုကြောင့် ရှမ်းပြည်နယ် ခွဲထွက်မည်ဟူသည့် မုသားကို ပြဿနာပြုကာ ပုံကြီးချဲ့၍ ရှင်းလင်းပွဲများကို ဟောပြောခဲ့သည်။
နောက်တနေ့ မတ်လ ၃ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကို ရယူရာတွင် အဓိကငြမ်းလက်နက်ဖြစ်သော အခြေခံဖွဲ့စည်းပုံဥပဒေကြီး ဖျက်သိမ်းရေးကို စတင်ဆွေးနွေး လုပ်ဆောင်ကြသည်။ ဥပဒေကြီး၏ အခက်အလက်များဖြစ်သော အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းကြောင်း ကြေညာချက်ကို မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။ ပါလီမန် လွှတ်တော် နှစ်ရပ်နှင့် ပါလီမန်က ခန့်ထားသော အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။ ပြည်နယ်ကောင်စီများနှင့် တရားလွှတ်တော် နှစ်ရပ်တို့ကို ဖျက်သိမ်းလိုက်သည်။ ပြည်နယ်ကောင်စီများကိုမူ အသစ်ဖွဲ့သည်။ စစ်တပ်နှင့်နီးစပ်သည့် လူမျိုးစုခေါင်းဆောင်သစ်များကို ခန့်ထားဖွဲ့စည်းခဲ့သည်။
၁၉၅၈ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှ အခြေခံဥပဒေအရ ဆုံးဖြတ်ချက် ချမှတ်သဖြင့် ဗိုလ်နေဝင်းအား အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်ရာထူးကို ခန့်ထားခဲ့သည်။ ထိုအခါ ဗိုလ်နေဝင်းက သူ့အား ရာထူးရရှိရေးကို ထောက်ပံ့သည့် ဥပဒေကြီးကို ကျေးဇူးတင်၍မဆုံးဖြစ်ခဲ့ကာ “မိမိသည် ပြည်ထောင်စုသားတယောက်အနေနှင့်လည်းကောင်း၊ စစ်သားတယောက်အနေနှင့်လည်းကောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဒီမိုကရေစီကို အသက်ပေးပြီး ကာကွယ်ရန် တာဝန်ယူပါသည်”ဟု လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့၏။
နိုင်ငံ၏အာဏာပိုင် လွှတ်တော်ထက်၌ ခိုင်မာစွာ ပြုခဲ့သော သစ္စာကတိကို ၃ နှစ် ၄ လနှင့် ၂ ရက်အကြာတွင် မိမိကိုယ်တိုင် ချိုးဖျက်လိုက်၏။ လူထုက ရွေးကောက်တင်မြှောက်သော လွှတ်တော်အမတ်များတွင် တည်သောအာဏာသုံးရပ်ကို ဗိုလ်နေဝင်းက သူတဦးတည်း၏ လက်တွင်းသို့ အပ်နှင်းကြောင်း ဆုံးဖြတ်ကြေညာသည်။ တော်လှန်ရေးကောင်စီသည် တော်လှန်ရေးကောင်စီဥက္ကဋ္ဌအား ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်မှုအာဏာနှင့် တရားစီရင်မှုအာဏာဟူသော အာဏာသုံးရပ်ကို အပ်နှင်းကြောင်းနှင့် ၁၉၆၂ ခု မတ်လ ၉ ရက်နေ့စွဲဖြင့် ကြေညာချက်အမှတ် (၂၀)ကို ထုတ်ပြန်လိုက်သဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် သူ၏လက်တွင်းသို့ ရောက်ရှိသွားလေတော့သည်။
မတ်လ ၄ ရက်နေ့တွင် ဝန်ကြီးရှစ်ဦးအဖွဲ့ကို ပြင်ဆင်သည်။ ဌာနများ အပြောင်းအလဲပြုကြသောအခါ ရေတပ်ဗိုလ်မှူးချုပ်သန်းဖေအား ဖယ်ထုတ်ခဲ့သည်။ အကြောင်းမပြပေ။
ဗိုလ်နေဝင်းက မတ်လ ၄ ရက်နေ့မှ စတင်ကာ ဖဆပလ၊ ပထစနှင့် ပမညတအဖွဲ့အား ဖိတ်ခေါ်ရှင်းလင်းရာတွင် တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်မည်ဖြစ်ရာ လက်ရှိ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းလုပ်ဆောင်လိုပါသည်ဟု ဖိတ်ကြားသောအခါ နိုင်ငံ ပါတီများ ကွဲပျက်သွားတော့သည်။ ပထစခေါင်းဆောင်များက မိမိတို့၏ခေါင်းဆောင်များကို ဖမ်းထားသဖြင့် ဆုံးဖြတ်မှုမပြုနိုင်ပါဟု ဖြေကြားသည်။ ပမညတအဖွဲ့က တော်လှန်ရေးကောင်စီ၏ သဘောထားနှင့် အနာဂါတ်လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ကြေညာတော့သည်။ ဖဆပလ တည်မြဲ တို့တွင် ဦးဗဆွေက ထောက်ခံစေကာမူ ဦးကျော်ငြိမ်းက ပါလီမန် ဒီမိုကရေစီကိုသာ ယုံကြည်သဖြင့် ထောက်ခံမှုမပြုသောကြောင့် တော်လှန်ရေးကောင်စီကို ပူးပေါင်းမည်ဟုသာ တိုတိုထုတ်ဖော်၏။
တောတွင်းမှ လက်နက်ကိုင်ပုန်ကန်နေသော အလံနီကွန်မြူနစ်တို့က တော်လှန်ရေးကောင်စီသည် စစ်အစိုးရသာဖြစ်သည်ဟု ပယ်ချသည်။ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း စစ်အစိုးရကို ဆန့်ကျင်လှုပ်ရှားကြရမည်ဟု တပ်လှန့်သည်။ ထိုအခါ ဗိုလ်နေဝင်းက မြေပေါ်ရှိ ဗကပများကို ဖိတ်ခေါ်သည်။ တပ်နီဗိုလ်ချုပ်အောင်မင်း၊ ဗိုလ်အောင်သူခေါ် သံမဏိကိုမောင်မောင်နှင့် ဗိုလ်သိန်းတန်တို့ကို ဖိတ်ခေါ်တွေ့ဆုံပြီး ဆိုရှယ်လစ်နိုင်ငံ ထူထောင်မည် ဖြစ်သဖြင့် ပူးပေါင်းကူညီပါဟု တင်ပြသောအခါ သူတို့က တော်လှန်ရေးကောင်စီ၏ လက်ကမ်းချက်ကို လက်ခံကြသည်။
ရွှေတိဂုံရင်ပြင်တွင် ညပိုင်းလူခြေတိတ်ချိန်၌ ကျင်းပလေ့ရှိသော လက်နက်ချဗကပများ အစည်းအဝေးမှ စစ်တပ်နှင့်ပေါင်းရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့ရင်တွင်း၌ မုချဧကန်သိကြသည်။ ဗိုလ်နေဝင်းနှင့် သူ၏လက်နက်ကိုင်စစ်တပ်သည် ဆင်းရဲသားလူထု အကျိုးစီးပွားရေးအတွက် မှန်ကန်သော ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်ရန် စေတနာရှိသူများမဟုတ်။ လူထုအတွက် ကောင်းကျိုးပြုနိုင်သော အစိုးရအဖွဲ့ မဟုတ်သည်ကို ကောင်းစွာ သိရှိသည်။ သူတို့သည် စစ်တပ်နှင့်ပေါင်းခြင်းဖြင့် ရာထူးရနိုင်သည်ကို မက်မောမိကြသည်။ ထိုကြောင့် စစ်တပ်နှင့်ပေါင်းပြီး ရနိုင်သမျှ အခွင့်အရေးကို ယူကြမည်။ အခွင့်သာချိန်တွင် စစ်ဗိုလ်များကို ကန်ထုတ်နိုင်မည်ဟု အတွင်း စကားဖြင့် နားလည်မှုယူကြသည်။
တဖက်မှလည်း ဗိုလ်နေဝင်းက သူ၏စစ်ဗိုလ်များကို ချော့ရသည်။ ၁၉၅၈ ခု၊ အာဏာသိမ်းရန် ခလောက်ဆန်စဉ်က “ကွန်မြူနစ်သူပုန်တွေ အစိုးရစည်းဝိုင်းတွင် ဝင်လာမည်ကို တပ်မတော်က လက်မခံနိုင်သဖြင့် အာဏာလုရသည်”ဟု တပ်တွင်း၌ ဒဖြန့်ခဲ့ကြရသည်။ ယခု ဗိုလ်နေဝင်းက လက်နက်ချဗကပများကို အစိုးရစည်းဝိုင်းအတွင်းသို့ ဖိတ်ခေါ်နေလေပြီ။ ထိုကြောင့် မတ်လ ၁၆-၁၇ တော်လှန်ရေးကောင်စီ အစည်းအဝေး ကျင်းပစဉ်တွင် စစ်ဗိုလ်များက မေးမြန်းကြသဖြင့် “အပြင်ကလူတွေ လက်ခံတာကို မင်းတို့က နည်းနည်းဟိုဒင်းဖြစ်တယ် ဆိုပါတော့ကွာ၊ စိုးရိမ်တယ်ဆိုပါတော့ ဟုတ်လား၊ လုပ်ငန်းတွေကို ဒို့ချည်းလည်းဘဲ လုပ်လို့မရဘူး၊ တတိုင်းပြည်လုံး ဝိုင်းလုပ်ရမယ်၊ အဲဒါကြောင့်မို့လို့ဟာ ဘယ်သူဖြင့် လက်မခံဘူး၊ ဘယ်သူ့ကို ဘယ်အထိ လက်ခံမယ်ဆိုတာ မဖြစ်စေချင်ဘူး” စသည်ဖြင့် ရှည်လျားစွာ ဟောပြော၍ ချွေးသိပ်ခဲ့ရသည်။
ထိုအစည်းအဝေးတွင် ဗိုလ်နေဝင်းက ဆိုရှယ်လစ်နိုင်ငံ တည်ထောင်ရေးအတွက် တပ်မတော်ဦးစီးများ ရိုးသားကြရန် အထူးလိုအပ်ကြောင်း အကျယ်တဝင့် သတိပေးသည်။ ထိုအစည်းအဝေး မတိုင်မီကပင် စစ်ဗိုလ်များက ဆိုရှယ်လစ်စနစ်သည် ကွန်မြူနစ်စနစ်နှင့် ထူးမခြားနားသာ ဖြစ်သည်ဟု နားလည်ကြသဖြင့် မေးခွန်းများ ထွက်လာသောကြောင့် “စစ်မှုထမ်းတိုင်း ဆိုရှယ်လစ်စနစ်ကို နားလည်အောင် တော်လှန်ရေးကောင်စီက ဦးဆောင်၍ ဆောင်ရွက်မည်”ဟု ကတိပေးခဲ့လေသည်။
အမှန်အားဖြင့် ဆိုရှယ်လစ်လမ်းစဉ်နှင့် ချီတက်မည်ဟု ပြောစဉ်က ထိုအချိန်တွင် ဆိုရှယ်လစ်လမ်းစဉ်နှင့် ချီတက်သော အစိုးရများ ကြာမြင့်စွာ ရာထူးတည်မြဲနိုင်ခြင်းနှင့် ကမ္ဘာနိုင်ငံများတွင် ဆိုရှယ်လစ်ဝါဒ ရေပန်းစားနေခြင်းတို့ကြောင့် ရွေးချယ်ခဲ့သည်။ နားလည်သိရှိသော ခံယူချက်နှင့် ရွေးခြင်းမဟုတ်ခဲ့သောကြောင့် တော်လှန်ရေးကောင်စီမှ ချီတက်မည့် ဆိုရှယ်လစ်လမ်းစဉ်အကြောင်းကို ဗိုလ်နေဝင်းကပင် မသိနိုင်ဖြစ်ခဲ့သည်။ ပြောမိသည့် လမ်းစဉ်ကိုဖော်ထုတ်ရန် လိုအပ်သဖြင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်စောမြင့်အားခေါ်၍ တိုင်ပင်ပြီး စစ်တပ်က မွေးထားသော “ကွန်မြူနစ်ပျက် နှစ်ဦး"တို့အား ဆင့်ခေါ်၍ ဆိုရှယ်လစ်လမ်းစဉ်ကို ရေးသားပေးရန် တာဝန်လွှဲလိုက်၏။ ကပျာကယာ အလျင်အမြန် မတ်လ ၆ ရက်နေ့တွင်ပင် ခေါ်ဆောင်ပြီး “ဒီလိုရှိတယ်ကွာ၊ ဆိုရှယ်လစ်ဇင်းပေါ့ကွာ”ဟု ဗိုလ်နေဝင်းက သူ၏ဆန္ဒကို တိုတိုပြော၍ ထိုဆန္ဒကို စာတမ်းရေးပေးပါဟု တာဝန်ပေးအပ်ခဲ့သည်။
ကြံခင်းသားစောဦးသည် စစ်မဖြစ်မီက မြန်မာအလင်းသတင်းစာတွင် အယ်ဒီတာအဖွဲ့ဝင် တဦးအဖြစ် စာနယ်ဇင်းလောကသို့ ဝင်လာသည်။ ဦးချစ်မောင်က ဂျာနယ်ကျော် စာစောင်ထုတ်သောအခါတွင် အယ်ဒီတာတဦး ဖြစ်လာခဲ့သည်။ ဝတ္ထုတိုများ ရေးခဲ့သည်။ စစ်ပြီးခေတ်တွင် ဦးချစ်မောင် ကွယ်လွန်သောအခါ ပြည်သူ့ဟစ်တိုင် သတင်းစာအဖြစ် တိုးချဲ့ ထုတ်ဝေသည်ကို အယ်ဒီတာချုပ်အဖြစ် ခေါင်းဆောင်ခဲ့၏။ သခင်သန်းထွန်းနှင့်တကွ ဗကပခေါင်းဆောင်များနှင့် များစွာနီးစပ်သည်။ စာပေလောကကို လက်ဝဲဝါဒီများ သိမ်းသွင်းရေးလုပ်ငန်းများအတွက် ဗကပ၏ကိုယ်စားလှယ်အဖြစ် ဦးဆောင်သည်။ ဆိုရှယ်လစ်များက သတင်းစာတိုက်များကို ဖျက်ဆီးစဉ်တွင် ပါတီက ဦးစောဦးအတွက် လက်နက်ကိုင်ဗကပ သက်တော်စောင့်များကိုပင် ပေးထားသည့် ပါတီ၏အရေးပါသော ခေါင်းဆောင်တဦး ဖြစ်ခဲ့သည်။
၁၉၄၈ ခု မတ်လ ၂၇ ရက်ညတွင် ဗကပများ တောခိုသောအခါ တောတွင်းသို့ လိုက်ပါသွားခဲ့သည်။ ၁၅ ရက်ခန့်ကြာသောအခါ တောထဲမှပြန်ထွက်လာခဲ့သော်လည်း အစိုးရက သူ့ကို အရေးယူခြင်းမပြုဘဲ မကြာမီတွင် စစ်တပ် စိတ်ဓာတ်စစ်ဆင်ရေး ရုံးအရာရှိတဦးအဖြစ် ရာထူးပေးသည်။ ကွန်မြူနစ်ဆန့်ကျင်ရေး စာပေများ ရေးပြန်သည်။ တည်မြဲ သန့်ရှင်းကွဲကြစဉ်၌ တည်မြဲတို့၏ မဏ္ဍိုင်သတင်းစာ အယ်ဒီတာချုပ်တာဝန်ကို ယူသည်။ အိမ်စောင့်အစိုးရခေတ်၌ ဗိုလ်နေဝင်းက ဝဏ္ဏကျော်ထင်ဘွဲ့ ပေးသည်အထိ မြှောက်စားခဲ့သည်။ တော်လှန်ရေးအစိုးရခေတ်တွင် ဆိုရှယ်လစ်စာတမ်း ပြုစုနိုင်သဖြင့် ဝါဒရေး စာပေရေး အကြီးအကဲအဖြစ် တင်မြှောက်ထားခဲ့ပြီး ၁၉၇၅ ခုနှစ် မဆလ ပြည်သူ့လွှတ်တော်၌ စစ်ကိုင်းခရိုင်၊ ဒီပဲရင်းမြို့နယ် အမတ်အထိ အဆင့်တက်လာခဲ့၏။
မိုးကုတ်မြို့သားကိုချစ်လှိုင်သည် အလံနီခေါင်းဆောင်တဦး ဖြစ်ခဲ့သော်လည်း စောစောကာလကပင် နောက်ပြန်ဆုတ်နေသည့် ကွန်မြူနစ်ပျက်ဖြစ်သည်။ ၁၉၄၈ ခုနှစ်က မော်စကိုမြို့တွင် ကျင်းပသော လူငယ်ပွဲသဘင်သို့ ကျောင်းသားကိုကြည်ညွန့်နှင့်အတူ မြန်မာအစိုးရ၏စရိတ်နှင့် တက်ရောက်ခဲ့သည်။ ထိုညီလာခံသို့ ဖိတ်ကြားသော မြန်မာလက်ဝဲလူငယ်များအား နိုင်ငံကူးလက်မှတ် ထုတ်မပေးဘဲ သူတို့နှစ်ဦးကိုသာ အစိုးရပါတီဖြစ်သည့် ဆိုရှယ်လစ်ပါတီ၏ကိုယ်စား စေလွှတ်ပုံကို ရုရှားတို့က မကျေနပ်သဖြင့် သူတို့နှစ်ဦးအား မော်စကိုမြို့ လူငယ်ပွဲတော်ကိုသာ တက်ခွင့်ပြုသည်။ အခြားနိုင်ငံမှ လူငယ်များကဲ့သို့ ရုရှားပြည်အနှံ့ ခရီးထွက်ခွင့်မပြုဘဲ နှင်ထုတ်သဖြင့် ပြင်သစ်ပြည်ပဲရစ်မြို့သို့သွားကာ မြန်မာသံရုံး၌ပင် လအတန်ကြာ သောင်တင်နေသည်။ ဤတွင် ရုရှားကွန်မြူနစ် ဆန့်ကျင်သူတဦး ဖြစ်လာခဲ့သည်။ မြန်မာပြည်သို့ ပြန်ရောက်သောအခါ ပဲရစ်မြို့တော်၏ လှိုဏ်ဘုံမြနန်းစာပေများကို ပြုစုခဲ့သည့် ကလောင်အမည် ကိုကိုမောင် ဖြစ်သည်။ သူသည် အလံနီပါတီတွင် သခင်စိုး၏ မာ့က်စ်သင်တန်းများကို မှန်ကန်စွာ တက်ခဲ့သောကြောင့် သဘောတရား ကြေညက်ခဲ့သူ ဖြစ်သည့်အလျောက် ဆိုရှယ်လစ် သဘောတရား၏ အနှစ်၊ အညမညစာတမ်းကိုပါ တင်ပြသဖြင့် ဗိုလ်နေဝင်းက အထူးနှစ်ခြိုက်သောကြောင့် ပါတီ၏ သဘောတရား ပါရဂူအဖြစ် နိုင်ငံရေးသင်တန်းကျောင်းအုပ်ကြီးရာထူး ခန့်ထားခဲ့သည်။
ဗိုလ်စောမြင့်၊ ဦးစောဦးနှင့် ကိုချစ်လှိုင်တို့ သဘောတရား ရေးသားရေး သုံးဦးကော်မတီတွင် ဗိုလ်စောမြင့်နှင့် ဦးစောဦးတို့က အလုပ်တာဝန်များ ပိနေသဖြင့် ကိုချစ်လှိုင်တဦးတည်းက ရေးသားရသည်။ နှစ်ပတ်အကြာ မတ်လ ၂၁ ရက်နေ့တွင် “ဗမာ့နည်းကျသော ဆိုရှယ်လစ်ဝါဒ” ခေါင်းစဉ်နှင့်စာတမ်းကို ဝန်ကြီးဗိုလ်စောမြင့်လက်သို့ အပ်နိုင်ခဲ့သည်။
ဖဆပလနှင့် ဗမာကွန်မြူနစ်တို့ အားထုတ်ခဲ့ကြသည့် ဆိုရှယ်လစ်လမ်းစဉ်တို့သည် လက်ဝဲလက်ျာသွေဖီကြသဖြင့် မြန်မာနိုင်ငံနှင့် လျော်ညီသော ဆိုရှယ်လစ်လမ်းစဉ်ကို ရွေးကြရမည်ဟု ဖွဲ့ဆိုထားသော စာတမ်းကို ဗိုလ်နေဝင်းက “ကြိုက်ပြီဟေ့"ဟုဆိုပြီး လက်ခံသည်။ ပြင်သင့်သည်ထင်သော စကားလုံးများကို ပြင်ဆင်ရန် ဧပြီ ၈ ရက်နေ့တွင် ကော်မတီဝင် သုံးဦးနှင့် ထပ်မံတွေ့ဆုံ၍ ညွှန်ကြားသည်။ တဖန် ဗကပဟောင်း ဗိုလ်
အောင်မင်း၊ ဗိုလ်အောင်သူ၊ သံမဏိမောင်မောင်နှင့် ဗိုလ်သိန်းတန်တို့ကိုပါ ဖိတ်ခေါ်၍ ဧပြီ ၁၁ မှ ၁၃ ရက်အထိ ထပ်မံပြင်ဆင်ကြသည်။
တဖန် ယင်းစာတမ်းကို ဧပြီ ၃ဝ ရတနာပုံ ရေတပ်စခန်း တပ်မှူးများ ညီလာခံသို့ တင်ပြသောအခါ ဒုတိယဗိုလ်မှူးကြီးသန်းညွန့်၏ အကြံပြုချက်ကို မူတည်ကာ “ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”ဟု အမည်အတည် ဖြစ်သွားခဲ့လေသည်။
အာဏာသိမ်းစဉ်က မည်သို့သောလမ်းစဉ်နှင့် ချီတက်မည်ဟု ဦးတည်ချက်မရှိသူ ဗိုလ်နေဝင်းအဖို့ မတ်လ ၇ ရက်နေ့မှစတင်၍ လမ်းစဉ် စာတမ်းရေးစေခဲ့ရာ ဧပြီလ ၃၀ ရက်နေ့တွင် ခိုင်မာသော သဘောတရားဝါဒရေးရာ စာတမ်းကြီးကို လက်ကိုင်ရရှိသွားလေတော့သည်။ တပ်မှူးများက စာတမ်းကြီးကို လက်ခံလိုက်ပြီဖြစ်သဖြင့် နာရီမဆိုင်းတော့ဘဲ ထိုည ၈ နာရီတွင် ဗမာ့အသံမှ နိုင်ငံသို့ ကြေညာခဲ့သည်။
ရက်သတ္တ ၇ ပတ်အတွင်း သဘောတရား စာတမ်းကြီးတခုကို ပြီးမြောက်အောင် ပြုစုနိုင်မှုအတွက် ဦးစောဦး၊ ကိုချစ်လှိုင်တို့နှင့်ရင်းနှီးသူ တည်မြဲပြန်ကြားရေး ဝန်ကြီးဟောင်း မြန်အောင် သခင်ချစ်မောင်က “မင်းတို့ နှစ်ယောက်ကတော့ လူတော်တွေပေါ့ကွ၊ စကော့ဈေးက ဈေးအိမ်သာမှာ ယောက်ျားသွားရန် မိန်းမသွားရန် ရေးတဲ့ ဆိုင်းဘုတ်ရေးဆရာတွေထက် သာပါပေတယ်”ဟု သရော်လေ့ရှိလေသည်။ သခင်ချစ်မောင်သည် ကာကွယ်ရေးဌာန ပါလီမန်အတွင်းဝန်က ထွက်လာသည်ဖြစ်သဖြင့် သူတို့ ၂ ဦး၏ အထက်အရာရှိ ဖြစ်ခဲ့သောကြောင့် ပြောရဲဆိုရဲသည်။ စာပေလောကတွင်မူ မည်သည့်စာရေးဆရာကမှ ပျက်ရယ် မပြုဝံ့ကြ။ သူတို့၏ အာဏာပါဝါသည် အစွမ်းထက်သည်။ ဆိုရှယ်လစ် ဒီမိုကရေစီခေတ်ကြီးတွင် အာဏာပါဝါရှိသူများကို ပါးစပ်ကိုဖြဲကာ ပြုံး၍ နှုတ်ဆက်မှသာ ဘေးကင်း ရန်ကင်းနေနိုင်သည်။
ကိုကိုမောင် (ကိုချစ်လှိုင်) သည် စာပေလောကသို့ ဝင်ကာစသာ ရှိသေးသဖြင့် ပြဿနာမကြီးခဲ့ပေ။ ဦးစောဦးသည် ဝါရင့်သက်ရင့် စာရေးဆရာကြီးဖြစ်နေသဖြင့် ပြဿနာကြီးကြရသည်။ ဦးစောဦးသည် သတင်းစာလောက၊ စာပေလောက၌ရှိစဉ်က အရေးပါသော လက်ဝဲခေါင်းဆောင်ကြီး ဖြစ်ခဲ့သောကြောင့် လက်ဝဲစာပေလောကသားများနှင့် သိခဲ့ကြသည်။ ရင်းနှီးခဲ့ကြသည်။ အချို့သော တိုက်ပွဲတို့ကို အတူဆင်နွှဲခဲ့ကြသည့် ရဲဘော်ရဲဘက်များ ဖြစ်သည်။ ယခု တပ်မတော် လက်ဝဲဆန့်ကျင်ရေးအင်အားစုတွင် အရေးပါသည့်နေရာမှ ရပ်တည်သောအခါ သူ၏မိတ်ဆွေဟောင်းများ ရဲဘော်ဟောင်းများသည် သူနှင့် ဆက်ဆံရန် ခက်ခဲနေကြသည်။ ဦးစောဦးကလည်း တဖက်စွန်းသို့ ရောက်သွားသဖြင့် လက်ဝဲစာပေသမားများကို ဖြစ်စေ၊ ဒီမိုကရေစီ စာပေသမားများကိုဖြစ်စေ ဆက်ဆံမှုမပြုလိုဘဲ ရှောင်လေ့ရှိသည်။
* * *
၁၉။ တကသဖျက်မှု၌ ဗိုလ်နေဝင်း သူရဲဘောကြောင်ပုံ
တော်လှန်ရေးကောင်စီ ဖွဲ့စည်းကြောင်း၊ လူထုအကျိုးစီးပွားအတွက် တပ်မတော်က တာဝန်ယူကြောင်း ကြေညာချက်များနှင့်အတူ အများပြည်သူတို့အား စီတန်းလမ်းလျှောက်၍ ဆန္ဒပြပွဲများ မပြုကြရန် မေတ္တာရပ်ခံချက် စာတိုကလေးများကို သတင်းစာတိုက်များတွင် ဖော်ပြပါရှိခဲ့လေသည်။ ဆန္ဒပြလျှင် အရေးယူမည်ဟုလည်း နောက်ဆက်တွဲ သတိပေးထားခဲ့၏။ စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက်လာလေမည်ကို ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်ကြီးများ ကြောက်ရွံ့ကြသည်မှာ သိသာထင်ရှားသည်။
အိမ်စောင့်အစိုးရခေတ်တွင် ကိုကိုးကျွန်းအကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီဝါဒီများနှင့် ကွန်မြူနစ်ဟု ယူဆသူများအား ဒလကြမ်း ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခန်းစာရှိသဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ စစ်အစိုးရ အလိုမရှိကြောင်း ကန့်ကွက်သောစာတမ်းများသည် မတ်လ ၂ ရက်နေ့မှစတင်၍ မြောက်များစွာ ပေါ်ထွက်လာခဲ့သည်။ လူငယ်တဦးနှင့် မဟာမိတ်အဖွဲ့ ၁ဝ ဖွဲ့၊ ရခိုင်သံဃာတပ်ဦး၊ ရခိုင် သောတုဇနအဖွဲ့ချုပ်စသော အဖွဲ့အများက ဆန့်ကျင်ကန့်ကွက်စာများ ထုတ်ပြန်ကြသဖြင့် အစိုးရသစ်၏ ပြည်ထဲရေးဝန်ကြီးဌာနအဖို့ ပထမလုပ်ငန်းအဖြစ် ဆန့်ကျင်စာတမ်းများကို လိုက်လံသိမ်းဆည်းနေကြရသည်။ လက်ဝဲနိုင်ငံရေးပါတီကြီးဖြစ်သော ဗမာပြည်အလုပ်သမားပါတီက စစ်တပ်၏အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ လက်မခံနိုင်ကြောင်း ကြေညာသည်။
ရဲဝံ့ပြတ်သားစွာ ကြေညာသော အဖွဲ့အစည်းများမှာ ကျောင်းသားအဖွဲ့အစည်းများ ဖြစ်ကြသည်။ တက္ကသိုလ်တပ်ဦးသစ်၊ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က စစ်တပ်က အာဏာသိမ်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေညာကြသည်။ ကြေညာချက်နှင့်အညီ စစ်တပ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် တော်လှန်ရေးအစိုးရနှင့် ထိပ်တိုက်တွေ့ကြရလေသည်။ တပြည်လုံးရှိ တက္ကသိုလ်ကျောင်းသားများသည် စစ်အစိုးရဆန့်ကျင်ရေး အစည်းအဝေးများကို မတ်လဆန်းကပင် ကျင်းပ၍ ဆန္ဒပြကြသဖြင့် ရန်ကုန်တက္ကသိုလ် အာဏာပိုင်များက ကျောင်းဆောင်များအတွက် စည်းကမ်းသစ် အမိန့်များကို ထုတ်ပြန်သောအခါ လှုပ်ရှားမှုများမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။
ဇူလိုင် ၃ ရက်နေ့မှ စတင်ကာ “စည်းကမ်းသစ်ကို အလိုမရှိ”ဟု ကြွေးကြော်သံများကို အော်ဟစ်သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည် တက္ကသိုလ်ပရိဝုဏ် ပတ်ဝန်းကျင်ဒေသများသို့ လှည့်လည်ဆန္ဒပြကြသည်။
ဇူလိုင် ၅ ရက်နေ့တွင် ကမာရွတ်ရဲဌာနရှေ့တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြုကြသည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့် ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသားတဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှု ပြင်းထန်လာခဲ့တော့၏။ ဇူလိုင် ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျောင်းသားများသည် တက္ကသိုလ်ပရိဝုဏ်တခုလုံးမှ တံခါးများကို သော့ခတ်ပိတ်ဆို့ပြီး “ဒီမိုကရေစီခံတပ်ကြီး”ဟု ဆိုင်ဘုတ်များတင်ကာ ဒီမိုကရေစီတရားပွဲများကို အသံချဲ့စက်နှင့် ဟောပြောကြသည်။
မကျေမနပ် ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုး ဟောပြောနေကြရာ "တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးများသည် ၃ ယောက်ပေါင်းမှ ၇ တန်းသာ အောင်သူများ ဖြစ်ကြသည်”စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြလေသည်။ ထိုအချိန်တွင် တက္ကသိုလ်တခုတွင် တာဝန်ချထားသည့် ရဲအဖွဲ့ကို ရုတ်သိမ်းကာ စစ်သားများကို တပ်စွဲထားလေပြီ။ စစ်ကားတစင်းတွင် အသံဖမ်းစက်တခု တပ်ဆင်ထားသည်။ ထိုအသံဖမ်းစက်က ကျောင်းသားတို့၏အသံချဲ့စက်မှ ဟောပြောသမျှကို ဗိုလ်နေဝင်း၏အိမ်တော်သို့ တိုက်ရိုက်အသံလွှင့်ပေးရသည်။
ဇူလိုင်လ ၇ ရက်နေ့တွင်မူ ပြင်းထန်စွာ ဟောပြောသော ကျောင်းသားများ၏ ဟောပြောချက်များကို နားမခံနိုင်သဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရန် ဗိုလ်နေဝင်းက ကြိုးမဲ့အသံလွှင့်စကားဖြင့် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။
တက္ကသိုလ်တဝိုက် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲသူ ဒုတိယဗိုလ်မှူးကြီးစိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါဘဲ မိမိတို့အဆောင်တွင်း၌ စုရုံးဆန္ဒပြကြသည့် ကျောင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိသည့် အဆောင်နေကျောင်းသားများတို့ကိုပါ တွေ့ရာသင်္ချိုင်း၊ ဓားမဆိုင်း ပစ်ခတ်သတ်ဖြတ်ကြသည်။
စစ်သားတို့သည် ဂျီသရီးသေနတ်သစ်များကို ပထမ စတင်အသုံးပြုကာ လက်တည့်စမ်း သတ်ဖြတ်ကြသည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမနီမှ ပစ္စည်းကိရိယာများကို ရန်ကုန်စက်ရုံတွင် တပ်ဆင်ထားခြင်းဖြစ်သည်။ ဂျီသရီးသေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသပ်ရန် လက်ယားနေသူ ဗိုလ်နေဝင်းအဖို့ အခွင့်အရေး ရရှိသွားတော့သည်။ ကျောင်းသား ၁၅ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာ ရရှိသည်ဟု အစိုးရက ကြေညာ၏။ သေစာရင်းအမှန်မှာ ကျောင်းသား တရာကျော်ရှိသည်။
ကျောင်းဝင်းတွင်းသို့ ပစ်ခတ်သတ်ဖြတ်ပွဲ ပြီးသောအခါ တကသအဆောက်အဦးကို စစ်တပ်က ဝိုင်းထားပြန်၏။ တက္ကသိုလ်သမဂ္ဂ အဆောက်အဦးကြီးသည် ရန်ကုန်တက္ကသိုလ်၏ဂုဏ်ထူးဆောင် အဆောက်အဦးကြီး ဖြစ်သည်သာမက မြန်မာ့နိုင်ငံရေးသမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေး ခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအမှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။
၁၉၂၂ ခုနှစ် တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသားခေါင်းဆောင်များက နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲများဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၁၉၂၇ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ သမဂ္ဂရုံး အဆောက်အဦးကို မျိုးချစ်မြန်မာသူဌေး ဦးညိုက တည်ဆောက်လှူဒါန်းခဲ့သည်။ အဆောက်အဦးကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးကိစ္စများတွင် အသုံးပြုရန် ဦးတည်သဖြင့် အင်္ဂလိပ်တက္ကသိုလ် အာဏာပိုင်များကပင် အားပေးခဲ့ကြသည်။
ကျောင်းသားများက စကားရည်လုပွဲများ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေးတွဲရေး ပြဿနာ ပေါ်လာသောအခါ သမဂ္ဂခန်းမဆောင်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ စကားစပ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့သည်။ ဦးဘဘေ၊ ဒေါက်တာ ဗမော် စသောခေါင်းဆောင်များသည် တကသခန်းမမှာ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။ နောက်ပိုင်း တကသအသင်းကို ကျောင်းသားခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှ စတင်ပြီး နယ်ချဲ့တိုက်ပွဲစစ်မြေပြင်၏ ခံတပ်အဆောက်အဦးကြီး ဖြစ်လာခဲ့သည်။ ၁၃ဝဝ ပြည့်အရေးတော်ပုံမှ စတင်ပြီး အင်္ဂလိပ်တို့အား လက်နက်နှင့် တိုက်ခိုက်နှင်ထုတ်မှုအထိ အရှိန်အဟုန် ပြင်းထန်ခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်ဗိမာန်ကြီးအဖြစ် မြန်မာတမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။
ဗိုလ်နေဝင်း တက္ကသိုလ်ရောက်ရှိချိန်တွင် တကသလှုပ်ရှားမှုများ ကြီးစွာ ဖြစ်ပေါ်ခဲ့သော်လည်း ကျောင်းသားများ၏လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုဘဲ ကျောခိုင်းနေခဲ့သည်။
“ပြောကြဟောကြတာတွေ လေကုန်သည်။ နားထောင်ရတာ နားညီး၍ အချိန်ကုန်သည်။ သူ့အဖို့ လည်ပတ်ရန်၊ ဘောလုံးကစားရန်ပင် အချိန်မလောက်။ သူ့လမ်းနှင့်သူ မှန်မှန်ချီတက်လျက် ရှိခဲ့ပေသည်”ဟု ဒေါက်တာမောင်မောင်ရေးသည့် ဗိုလ်နေဝင်းအတ္ထုပ္ပတ္တိ စာအုပ်ကြီးတွင် သူက ပြောခဲ့သည်။ ဤတကသ အဆောက်အဦးကြီးမှ ကိုနုနှင့် ကိုအောင်ဆန်းတို့လူငယ်တစုမှာ နိုင်ငံက ကိုးစားသော ခေါင်းဆောင်များ ဖြစ်ခဲ့သည်ကို သူက အမြဲမနာလိုဖြစ်နေသည်။ နယ်ချဲ့တော်လှန်ရေး အရေးတော်ပုံကြီး၌ သူမပါခဲ့သဖြင့် ခေါင်းဆောင်တဦးအဖြစ်သာမဟုတ် ငယ်သားတဦးအဖြစ်လည်း မပါခဲ့သောကြောင့် မကျေမနပ် ဖြစ်နေသည်။ ထိုကြောင့် လွတ်လပ်ရေးတိုက်ပွဲဝင် တကသ အဆောက်အဦးကြီးကို သူက မကြည့်လို။
ထို့ပြင် ဇူလိုင်လ ၇ ရက်နေ့က ကျောင်းသားများကို ပစ်ခတ် သတ်ဖြတ်စဉ်တွင် ကျောင်းသားခေါင်းဆောင်များ သေဆုံးခြင်း မရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးဘဲ တကသအဆောက်အဦး မျက်နှာကြက်တွင် ပုန်းအောင်းနေသည်ဆိုသည့် သတင်းကို ဗိုလ်နေဝင်း သိရှိသောအခါ တကသ ခေါင်းဆောင်မှန်သမျှကို သတ်ဖြတ်ရန်ရည်ရွယ်ချက်နှင့် တကသ အဆောက်အဦးကြီးကိုပါ အပြီးအပြတ် ဖျက်စီးရန် အမိန့်ပေးခဲ့ပြန်သည်။ သမဂ္ဂရုံးကို ဖြိုပြီးနောက် ဗိုလ်နေဝင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တော်လှန်ရေးကောင်စီက “စည်းမဲ့ကမ်းမဲ့ဘဝကို ပြင်ရမည့် တာဝန်သည် မိမိတို့အပေါ် ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ရခြင်းဖြစ်သည်”ဟု ကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကိုအံတုကြလျှင် ယခုထက်ကြီးမားသော လက်နက်အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံပေးသည့်သဘော အသက်ဝင်၏။ ထိုမျှမကသေး တကသအဆောက်အဦးကို ဖျက်ပြီးနောက် လူထု အား အသံလွှင့်မိန့်ခွန်းပြောရာတွင် သူကသတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေးများသည် လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမျှ မရှိကြသည်ကို သူသိပါလျက်နှင့် လက်နက်ကိုင်သူပုန်အဖွဲ့ကြီးများကို ရင်ဆိုင်နေသည့် သဖွယ် ပုံကြီးချဲ့၍ “ဓားကို ဓားချင်း၊ လှံကိုလှံချင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်”ဟု ဒေါသဟုန် ဒေါသသံနှင့် အသံလွှင့်၍ ပြောခဲ့ပြန်သည်။
ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်ကြီးတစုသည် ဇူလိုင်လ ၇ ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့် နိုင်ငံက အမွန်အမြတ်ထားသည့် တကသအဆောက်အဦးကြီးကို ဗုံးခွဲဖျက်စီးမှုကြီးတို့ကို ဒေါသဖြစ်သဖြင့် စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူတို့၏စစ်တပ်အဖို့ မတရားကြီးမားသော ရာဇဝတ်မှုကြီး ဖြစ်နေသည်ကို စဉ်းစားမိကြသည်။ နူးညံ့သိမ်မွေ့သော လိပ်ပြာကလေးကို အမြောက်နှင့် ပစ်ခတ် သတ်ဖြတ်သကဲ့သို့ “ရာဇဝင်ရိုင်း”နေသည်ကို တစိမ့်စိမ့်တွေးတော၍ မြင်တွေ့ကြသောအခါ တနေ့တွင် လူထုက ဒဏ်ခတ်လေမည်ကို ကြောက်သွေးဖြာလာကြသည်။ မတရားကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူးတုန်လာကြသောအခါတွင် တရားခံသည် မိမိမဟုတ်ပါဟု တဦးကိုတဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိအပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ်ပြုကြသည်။
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီးတို့သည် တဦးကိုတဦး တရားခံဖြစ်လေဟန် ဖော်ကောင်လုပ်ကြသည်။ ဗမာ့တပ်မတော်ကြီး၏ ထိပ်သီးကြီးများသည် သာမန်သူခိုးလူဆိုး အဖွဲ့ကလေးမျှပင် ညီညွတ်မှုမရှိ၊ အမှားကို ဝန်ခံရန် သတ္တိတစက်မှမရှိ၊ သူရဲဘောကြောင်သူများဖြစ်ကြောင်း ပေါ်လွင်လာတော့သည်။
ထိုစဉ်က ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ်အမိန့်ပေးတဲ့စာယူလာပြီး မရမ်းကုန်းကိုပေးလာသူမှာ ဗိုလ်သန်းစိန် ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေ(ဂျီအီးဖိုး) အင်ဂျင်နီယာတပ်ခွဲကို မှာ၊ အဲဒီမှာ မလုံလောက်လို့(စီအိုဒီ) ပင်မစစ်ပစ္စည်း သိုလှောင်ရေး သွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီတပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး အင်းတိုင်ကို သွားရောက်ယူရတာပါ။ ခွဲဖို့အမိန့်ပေးသူတွေဟာ ပြည်ထဲရေးဝန်ကြီး၊ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့တပ်က အင်ဂျင်နီယာတပ် ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။"
"အားလုံး ဒိုင်းနမိုက်တွေ ဆင်ရတာဟာ နံနက်လင်းအားကြီးမှ ဖြစ်ပါတယ်။ လက်မှတ်ထိုးမည့် အရာရှိကြီးကြီးမားမား မရှိလို့ ဒုက္ခရောက်နေတုန်း လမ်းလျှောက်ရင်း ရောက်လာတာက ဗိုလ်မှူးကြီးမင်းသိန်း ဖြစ်ပါတယ်။ သူကဝင်ပြီး ခွဲတဲ့အမိန့် လက်မှတ်ထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူက လက်မှတ်ဝင်ထိုးပြီး ဒိုင်းနမိုက်ခွဲတာ ဖြစ်ပါတယ်။"
“တရားခံဖြစ်ရှာတဲ့ ဗိုလ်အောင်ကြီးဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နှင့် ဗိုလ်ချုပ်အိမ်လိုက်အသွား ပါမောက္ခချုပ် ဆရာကြီးဦးကာကို ဗိုလ်လှဟန်က သမဂ္ဂပြိုဖို့ အမိန့်ရတယ်လို့ ပြောတာထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါမယ်ဆိုပြီး၊ ဟိုရောက်တော့လည်း ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူဖြစ်ပါတယ်”ဟု သူ၏စာတမ်းတွင် ဝေ့လည်ကြောင်ပတ် ရေးသားကာ ဖြေရှင်းသည်။
ဗိုလ်နေဝင်းကလည်း အကြိမ်ကြိမ် ဖြေရှင်းသည်။ သူ၏နောက်ဆုံးနေ့ လူထုက လက်မခံတော့သဖြင့် မဆလဥက္ကဋ္ဌကြီး ရာထူးမှ ထွက်ပေးရသောနေ့တွင်ပင် “လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာ နောက်ဆုံးအကြိမ် ဖြစ်နိုင်တာမို့ ကျောင်းသားများက ကျွန်တော်နှင့် တော်လှန်ရေးကောင်စီတဖွဲ့လုံးအပေါ် အထင်လွဲနေသည့်အဖြစ်အပျက်တခု တင်ပြပါရစေ”ဟု ပါတီညီလာခံမှ ထပ်မံရှင်းပြန်၏။
“တက္ကသိုလ်သမဂ္ဂ အဆောက်အဦးကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်တွင် ဖောက်ခွဲဖျက်စီးခဲ့သည်ကို အများသိပြီး ဖြစ်ပါသည်။ ပထမဇူလိုင်လ ၇ ရက်နေ့ ညနေတွင် ကျွန်တော် ဆောင်ရွက်ခဲ့သည့်အပိုင်းကို ဖော်ပြမှ ပြည့်စုံမည်ဖြစ်၍ ဖော်ပြပါမည်။"
“ထိုနေ့ ညနေ ၅ နာရီခန့်တွင် သေနတ်ပစ်သံကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေမေးရာ ဆရာကြီးဦးကာတို့မိသားစုအား ဘေးကင်းသည့်နေရာသို့ ပို့ထားပြီးဖြစ်ပါကြောင်း၊ ကျောင်းသားအချို့နှင့် ရဲ ၈ ဦး ၉ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ပြောပါသည်။ ဆူပူသူ ကျောင်းသားများကို ဖမ်းမိပြီလားဟု မေးရာ မမိသေးကြောင်း သမဂ္ဂအဆောက်အအုံတွင်း အချို့ ရှိကြောင်းပြောသဖြင့် ကျွန်တော်က ရဲများ၊ တပ်မတော်သားများ နောက်ထပ် အနာတရမရှိရအောင် အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပေးညွှန်ကြားပါသည်။"
“(က) သမဂ္ဂအဆောက်အဦးအတွင်းရှိ သူများကို အဆောက်အဦးတွင်းမှထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြောရန်၊ ထွက်မလာပါက လက်နက်ကြီးများ သုံးမည်ဆိုသည့်အချက် ထည့်ပြောရန်
(ခ)အသာတကြည် ထွက်၍ အဖမ်းမခံပါက ရီကွိုင်လက်နက်ဖြင့် ပစ်ဖမ်းရန် လိုအပ်ပါက ရီကွိုင်လက်နက်သုံးရန် အထက်ပါအချက်တို့ကို မမှောင်ခင်ပြီးအောင် ဆောင်ရွက်ရန်... "
“ဒီနေရာမှာ အရေးကြီးတာ ကျွန်တော် ပြောပါမယ်။ ဖောက်ခွဲ ဖျက်စီးရန်အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတို့တွင် ကျွန်တော်နှင့်တကွ တော်လှန်ရေးကောင်စီဝင်အချို့တို့ မပါခဲ့ပါ။ ဇူလိုင်လ ၈ ရက်နေ့ နံနက်တွင် ဗုံးကြီးကြီးတလုံး ပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟီးသံကြီး ကြားရသဖြင့် စုံစမ်းတော့မှ သမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်တို့နှင့် ဖျက်စီးလိုက်ကြောင်း ကျွန်တော် သိရပါသည်။ အခြားတော်လှန်ရေးကောင်စီဝင် အတော်များများလည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါသည်။"
“သို့သော် အသံလွှင့်ရုံတွင် တော်လှန်ရေးကောင်စီအချို့ တို့ဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးဘနီ၊ ထောက်လှမ်းရေး ဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီးဦးဘအေးတို့ ရောက်နေကြပါသည်။ ထိုဇူလိုင်လ ၈ ရက်နေ့ သမဂ္ဂအဆောက်အဦးကို ဖြိုလိုက်ကြောင်း သိပြီးနောက် ဗိုလ်ကျော်စိုးကို ခေါ်၍မေးရာ ၇ ရက်နေ့ ညနေက ကျွန်တော်က သမဂ္ဂအတွင်းဝင်ရောက်နေသည့် ဆူပူသူခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် ရီကွိုင်းလက်နက်ကို သုံးနိုင်သည်ဆိုသည့်အချက်ကို သမဂ္ဂအဆောက်အဦးကို ဖျက်ခိုင်းသည်ဟု ယူဆသဖြင့် ဖျက်လိုက်သည်ဟု ဖြေသည်။
“ဒီလိုဆိုရင်လည်း ဓား ဓားချင်း၊ လှံ လှံချင်းဆိုသည့် စကားလုံးများ ပါသည့် ကြေညာချက်ကို အသံလွှင့်လိုက်ပါသည်။ နောက် သုံးလေးလကြာပြီးနောက် ကျွန်တော် အရက်မူးမူးနှင့် သမဂ္ဂအဆောက်အဦးကိုဖျက်ဖို့ အမိန့်ပေးသည်ဟု နိုင်ငံခြားသတင်းစာဆရာများ အသိုင်းအဝိုင်းတွင် ပြောဆိုနေသည်ကို ကြားရ၍ ဗိုလ်ကျော်စိုးကို ကျွန်တော် အရက်မူးပြီး ဖျက်ဖို့ အမိန့်ပေးတယ်လို့ ကျွန်တော်တယောက်တည်းကို တရားခံလုပ်ထားတယ်။ အဲဒါကြောင့် ဇူလိုင်လ ၇ ရက်နေ့က အဖြစ်အပျက်ကို ပြောပြခိုင်းပါတယ်။ အဲဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက်ကို ပြောပြပါတော့သည်။ အရင်က တော်လှန်ရေးကောင်စီတက်ခါစတွင် စိတ်ဝမ်းကွဲကြတာတွေ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်း ဖြစ်ပါသည်။"
“အဖြစ်အပျက်အမှန်မှာ ထို ၇ ရက်နေ့က အသံလွှင်ရုံရှိ လူစုထဲမှ တဦးတယောက်က ဒီသမဂ္ဂအဆောက်အဦးကြီးဟာ သူပုန်ဌာနချုပ်ကြီး ဖြစ်နေတယ်၊ ဖျက်ပစ်လျှင် ကောင်းမည်ဟု ပြောရာမှ ဖျက်သင့် မဖျက်သင့်ကို ဆွေးနွေးကြပါသည်။ နောက်ဆုံး ဗိုလ်ချုပ်ကို အသိပေးပြီး ဗိုလ်ချုပ် သဘောတူလျှင် ဖျက်မည်ဟု ဆုံးဖြတ်ကြပါသည်။"
: “ဗိုလ်အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီး တင်ပြမည်။ သဘောတူ မတူ အဖြေကို သူယူခဲ့မည်ပြောပြီး ကိုလှဟန်ကိုခေါ်၍ ကားနှင့်ထွက်သွားပါသည်။ ထို့နောက် ဗိုလ်အောင်ကြီးသည် အသံလွှင့်ရုံသို့ ပြန်လာပြီး ဗိုလ်ချုပ်က သဘောတူလိုက်ပြီဟု ပြောသဖြင့် အသံလွှင့်ရုံရှိ လူသိုက်တို့က သမဂ္ဂအဆောက်အဦးကို ဖျက်ဖို့ပစ္စည်းများစုပြီး ဖျက်ပစ်လိုက်ပါသည်။"
“ထိုအဖြေကို ရပြီးနောက် ဗိုလ်အောင်ကြီးမပါဘဲ ကျန်တော်လှန်ရေးကောင်စီဝင်များကို ခေါ်၍ ဗိုလ်အောင်ကြီးက ကျွန်တော့်ကို မတင်ပြဘဲနှင့် ကျွန်တော်၏သဘောကို မမေးဘဲနှင့် အသံလွှင့်ရုံရှိလူသိုက်ကို ကျွန်တော်သဘောတူလိုက်သည်ဟု ပြောသည့်အကြောင်း တင်ပြခဲ့ပါသည်။” ဟု ဗိုလ်နေဝင်းက တိုင်းပြည်သို့ ရှင်းပြသည်။
ဗိုလ်နေဝင်း၏ နောက်ဆုံးနေ့ မျက်ဖြေလင်္ကာစာတန်းကြီးမှာ ကာရန်မပါ စာသားမချောပါ။ အဖြစ်မှန်ကို ကိုယ်တွေ့မျက်မြင် သိရှိခဲ့သော သတင်းထောက်များအဖို့ စာရှည်ကြီးကို လုံးစေ့ပတ်စေ့ဖတ်ပြီး ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးနှင့် တော်လှန်ရေးကောင်စီဝင် စစ်ဗိုလ်ကြီးများသည် လမ်းကြိုလမ်းကြားမှ ခါးပိုက်နှိုက်အဖွဲ့၏အဆင့်ပင်မရှိ၊ အရေးကြုံက မိမိကိုယ်လွတ်ရုန်းကာ လွယ်ကူစွာ လုပ်ဖော်ကိုင်ဖက်ကို တရားခံဟု လက်ညှိုးထိုး၍ ဖော်ကောင်လုပ်ကြသည်ကို သိသာထင်ရှားစွာ မြင်တွေ့ကြရပေသည်။
ဇူလိုင် ၇ ရက် သွေးချောင်းစီး လူသတ်ပွဲကြီးနှင့် ပတ်သက်၍
(က) ဗိုလ်နေဝင်းက စောစောက မသိ၊ သေနတ်သံကြားမှ သိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသောမုသားဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့အသံလွှင့်စက်နှင့် လွှင့်ကြားပေးသောကြောင့်ကျောင်းသားများ၏အသံကို စိတ်ဆိုးကာ သတ်ဖြတ်မိန့်ထုတ်သည်မှာ ဗိုလ်နေဝင်းကိုယ်တိုင်ဖြစ်သည်။
(ခ)ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင်က မိမိသည် ဗိုလ်နေဝင်း၏အမိန့်အရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်းထုတ်ဖော်ခဲ့သည်။
(ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ ၇ ဦး ၈ ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေဝင်းက ပြောသည်မှာလည်း လိမ်ညာသောမုသားဖြစ်သည်။ အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိစစ်တပ်က ပစ်ခတ် သတ်ဖြတ်ချိန်တွင် တက္ကသိုလ်ပတ်ဝန်းကျင်တွင် ရဲတယောက်မှ မရှိ၊ ကျောင်းသားတို့က ရဲတို့အား ရန်ပြုရန် မဖြစ်နိုင်။
(ဃ) တကသအဆောက်အဦး မျက်နှာကြက်တွင် ကျောင်းသားခေါင်းဆောင်များကို သတ်ဖြတ်ရန် ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေ အမိန့်ပေးသူမှာ ဗိုလ်နေဝင်း ဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယစစ်ဦးစီးချုပ် ဗိုလ်အောင်ကြီးလည်း တာဝန်ရှိသည်။
(င) တကသကို ဖျက်ဆီးပြီးနောက် တနေ့နံနက်မှာ ဘာကြောင့် ဖျက်ရသည်ဆိုပြီး တော်လှန်ရေးကောင်စီ၏ကြေညာချက်တွင် "တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ဘဝကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းဖြစ်သည်”ဟု သတင်းစာတို့မှာ ထုတ်ပြန်ခဲ့ပါလျက် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက မိမိ မသိပါ၊ မိမိပါဝင်ခြင်း မရှိပါဟု ပြောသည်မှာလည်း မဟုက်မမှန်သော မုသားဟု ထင်ရှားသည်။
(စ) “ယခုဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသားကိစ္စတခုတည်းမဟုတ်ဘဲ နိုင်ငံရေးအမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ကျွန်တော်တို့ ရိပ်စားမိပါတယ်”ဟု ဗိုလ်နေဝင်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့်ချက်၌ ကျောင်းသားတို့နောက်မှာ ဗကပများ ပါလေဟန် ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ဖြစ်သည်။ ထိုအချိန်က ဗိုလ်နေဝင်းမှာ မြို့ပေါ်ရှိ လက်နက်ချ ဗကပများကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပများ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန် ဖြစ်သည်။ ကျောင်းသားများလှုပ်ရှားမှုသည် ပြင်ပပယောဂမပါသည်ကို သိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုကလက်ခံအောင် လီဆယ်ပြောဆိုချက်သာ ဖြစ်သည်။
(ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက် “ကျွန်တော်တို့ကို အပြောဘဝမှာ နစ်မွန်းစေခြင်းအားဖြင့် အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုရင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြောလိုတော့ပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်”ဟု ပြောသည်မှာ ဒေါသသံဖြင့် တုန်နေသည်ကို ကြားရသူလူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေဝင်း ရာထူးမှဆင်းပေးရသော ၈၈ ခုနှစ်က “စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ဖောက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူလုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့”ဟုပြောသော မိန့်ခွန်းနှင့် အသံတမျိုးတည်း ရှိသည်ကို လူထုက သတိရကြသည်။
(ည) ထိုစဉ်က လက်တွေ့ သတ်ဖြတ်ရုံမျှမက နှုတ်မှလည်း စစ်ကြေညာခဲ့ပါလျက် နောက်ပိုင်းမှ သူသတ်သည် ငါသတ်သည် သူဖျက်သည် ငါဖျက်သည်ဟု တဦးကို တဦးက လက်ညှိုးထိုး၍ ဖော်ကောင်လုပ်ကြစေကာမူ ခေါင်းရှောင်ကြစေကာ ဗိုလ်နေဝင်းသည် အဓိကတရားခံဖြစ်သည်ကို လူထုက မေ့မရနိုင်ပေ။
ဤအချက်များကို ထောက်ရှု၍ တပ်မတော်ကြီးကို ဦးစီးကြသော ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်ကြီးများသည် ဘိန်းစားခါးပိုက်နှိုက်အဖွဲ့ဝင်တို့မျှပင် သတ္တိမရှိ လွန်စွာသူရဲဘောကြောင်ကြသည်ကို သိသာထင်ရှားစွာ မြင်သိနိုင်ကြပေသည်။
ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်တစုသည် အင်္ဂလိပ်နယ်ချဲ့ကို တိုက်ခဲ့သော ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုများတွင် သူတို့ပါဝင်ခဲ့ခြင်းမရှိသဖြင့် ကျောင်းသားများ၏ လွတ်လပ်ရေးတိုက်ပွဲကဏ္ဍကို သမိုင်းမှာ ဖျောက်လိုကြသည်။ သမဂ္ဂအဆောက်အဦးကို အယူသီးဘာသာခြားတဦးက အခြားဘာသာအဆောက်အဦးကို မမြင်လိုသကဲ့သို့ ဖျက်ဆီးခဲ့သည်။ ကျောင်းသားခေါင်းဆောင်များသည် သမဂ္ဂ၌ ပုန်းနေကြသည်ဟု သတင်းရသဖြင့် သတ်ဖြတ်ရန် သွေးဆာနေသောကြောင့် ဖျက်ဆီးကြသည်။
နိုင်ငံတည်စမှ စတင်ပြီး တပ်မတော်သည် သူတို့ကဲ့သို့ သူရဲဘောကြောင်ပြီး ဗိုလ်နေဝင်းနှယ် လောဘရမ္မက်လွန်ကဲသူတို့၏ လက်တွင်းသို့ ကျရောက်ရသည်မှာ နိုင်ငံ၏ကံကြမ္မာသာ ဖြစ်ချေတော့၏။
ဗိုလ်နေဝင်းသည် လူသတ်ပွဲကြီးအပြီးတွင် ခေါင်းရှုပ်သဖြင့် အပန်းဖြေဦးမည်ဟုဆိုကာ ဥရောပသို့ ဇူလိုင် ၉ ရက်နေ့က အပန်းဖြေခရီးထွက်သောအခါ ဗိုလ်အောင်ကြီးအား တိုင်းပြည်ကိုအပ်၍ “မင်းပဲ ကြည့်လုပ်တော့ကွာ”ဟု တာဝန်ပေးခဲ့သည်။
ဥရောပသွား ဗိုလ်နေဝင်းသည် အမှန်တကယ် အပန်းဖြေသွားခြင်းဖြစ်၏။ မြန်မာနိုင်ငံတွင် မြင်းပွဲများကျင်းပခြင်း မပြုရဟု တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအာဏာဖြင့် သူကိုယ်တိုင် အမိန့်ထုတ်ခဲ့သည်။ သို့သော် ငယ်စဉ်ကပင် လောင်းကစားဝါသနာထုံခဲ့သောကြောင့် လောင်းကစားပွဲ မသွားရသဖြင့် ပျင်းရိငြီးငွေ့နေသည်။ အပန်းဖြေခရီးကို အင်္ဂလန်ပြည် လန်ဒန်မြို့သို့သွားကာ မြင်းပြိုင်ပွဲ၊ ခွေးပြိုင်ပွဲများသို့ သွားရောက် လောင်းကစားခြင်းဖြင့် အပန်းဖြေခဲ့သည်။ ထိုခရီးပြီးနောက် နောက်နှစ်များတွင်လည်း တနှစ်လျှင် ငါးကြိမ်နှုန်းခန့် ဥရောပသို့သွားကာ လောင်းကစားပွဲများတွင် အပန်းဖြေလေ့ရှိခဲ့သည်။
ကျောင်းသားများကို သတ်ဖြတ်၍ သမဂ္ဂကို ဖျက်ဆီးပြီး ဥရောပသို့ အပန်းဖြေခရီးမထွက်မီကလေးတွင် ဗိုလ်နေဝင်းက ကျောင်းသားများအား မအေနှမ ရိုင်းစိုင်းစွာ ဆဲဆိုကာ အမိန့်ပေးခဲ့သေးသည်။ “မအေxx xတွေ၊
ကျောင်းမတက်ကြစေနဲ့၊ တက္ကသိုလ်အားလုံး ပိတ်ထား...”ဟု သားသမီးချင်း မစာမနာ အမိန့်ထုတ်သည်။ သူ၏ခေတ်တလျှောက်လုံး ကျောင်းသားလှုပ်ရှားမှုပေါ်တိုင်း တက္ကသိုလ်များကို နှစ်ရှည်လများပိတ်ရန် အမိန့်ထုတ်လေ့ရှိရာ သူ၏တပည့်စစ်အစိုးရများကလည်း ယင်းလမ်းစဉ်ကို ဆက်လက်ကျင့်သုံးကြသဖြင့် စစ်အစိုးရများခေတ်၌ ပေါက်ဖွားသည့် မြန်မာလူငယ်များ အထက်တန်းပညာမတတ်ကြဘဲ လူညွန့်တုံးကြရရှာလေသည်။
အပိုင်း(၇)ဆက်ရန်
ကြေးမုံ ဦးသောင်း
No comments:
Post a Comment