Monday, August 8, 2022

ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ(အပိုင်း - ၇)

၂၀။ ပြည်သူပိုင်ပြုရင်း ဗိုလ်နေဝင်းက ငါပိုင်ပြုပုံ


မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်ပြီးသည်နှင့် တစ်ပြိုင်နက် မဆလအစိုးရက ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဆောလျင်စွာ တည်ဆောက်လေတော့သည်။


ပွဲဦးထွက်အဖြစ် ဘီအိုစီရေနံလုပ်ငန်းကို ၁၉၆၃ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်သူပိုင်ပြုသည်။ စင်စစ်အားဖြင့် ဘီအိုစီနံလုပ်ငန်းမှာ ဒီမိုကရေစီအစိုးရခေတ် ၁၅၄ ခုနှစ်က မြန်မာအစိုးရနှင့် အင်္ဂလိပ်အရင်းရှင်များ စပ်တူ တည်ထောင်ထားသည့် ဖက်စပ်လုပ်ငန်းဖြစ်သည်။ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း ငွေပင်ငွေရင်း ထည့်သွင်းမြှုပ်နှံပြီး ဖြစ်သည်။ အင်္ဂလိပ် အရင်းရှင်များပိုင်သည့် ၄၉ ရာခိုင်နှုန်းတစုအတွက် မြန်မာငွေစုစုပေါင်း ကျပ် ၆၂၅ သိန်းကို နိုင်ငံခြားငွေနှင့် ပေးချေကာ ဝယ်ယူသည် ဖြစ်၏။


မူလက မြန်မာကျပ်ငွေဈေးနှုန်းမှာ အမေရိကန် တဒေါ်လာကို ၄ ကျပ် ၇၆ ပြားနှုန်းရှိခဲ့သော်လည်း စစ်အစိုးရသက်တမ်း တနှစ်ရှိသောအခါတွင် မြန်မာကျပ်ငွေဈေးနှုန်းသည် ကျဆင်းစပြုလာခဲ့သည်။ အစိုးရ၏ နိုင်ငံခြားသုံး လက်ကျန်ငွေစာရင်းမှာလည်း လျော့ပါးစပြုနေသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်တော့မည်ဟုလည်း ဆိုနေသည်။ ဤအခြေအနေအရ ကြာလျှင် ဖက်စပ်လုပ်ငန်း၏အစုငွေများကို သိမ်းယူလေမည်ကို ရိပ်စားမိသောကြောင့် ပြည်သူပိုင်သိမ်းပါတော့ဟု မျက်နှာဖြူဘီအိုစီ မန်နေဂျာက သူ၏အိမ်သို့ ညနေတိုင်းလာရောက်၍ တင်းနစ်ရိုက်လေ့ရှိသူ ဗိုလ်နေဝင်းအား အပူကပ်သဖြင့် သိမ်းပေးသည်ဟု သတင်းဖြစ်ခဲ့သည်။ ထိုငွေများမှ အချို့အဝက်ကို ဗိုလ်နေဝင်းက ပွဲခရရှိသည်ဟုလည်း ယူဆကြသည်။


စောစီးစွာ ပြည်သူပိုင်အသိမ်းခံရသဖြင့် ငွေထုပ်ကြီးကိုပိုက်၍ ပြည်တော်ပြန်နိုင်သောကြောင့် ဘီအိုစီမန်နေဂျာကြီးအား လန်ဒန်ရုံးက ရာထူးတိုးပေးသည်ဟု သတင်းရသည်။ ထိုမန်နေဂျာကြီးနှင့် ဗိုလ်နေဝင်းတို့၏ သံယောဇဉ်ကြိုးသည် ခိုင်မာသည်။ နောက်ပိုင်းတွင် ဗိုလ်နေဝင်းက လန်ဒန်မြို့၌ တိုက်အိမ်ကြီးတလုံး ဝယ်သောအခါ မဆလဥက္ကဋ္ဌကြီးအဖြစ် လူသိသူသိ ဝယ်ရန်မသင့်သဖြင့် ပင်စင်စားမန်နေဂျာကြီးက အမည်ခံစေ၍ ဝယ်ခဲ့သည်။ 


သို့သော် ကံအကြောင်းမလှသဖြင့် ထိုမန်နေဂျာကြီး ရုတ်တရက် ကွယ်လွန်သွားရှာသောအခါ မန်နေဂျာကတော်က မိမိခင်ပွန်းပိုင်အိမ်ဖြစ်သည်ဟု စာချုပ်စာတမ်းများကို တရားရုံးသို့ တင်ပြ၍ အမွေဆက်ခံသဖြင့် ဗိုလ်နေဝင်းမှာ အိမ်လက်လွတ်ဖြစ်ရရှာသည်။ သူ့ခမျာ ခံရခက်၊ လွန်စွာ နာရှာသည်။ မိမိအိတ်ထဲမှ မိမိပိုင်ငွေနှင့် ဝယ်သည်မဟုတ်ဘဲ မြန်မာအစိုးရပိုင် ငွေကို ခိုးဝှက်၍ အိမ်ကြီးကို ဝယ်သည်။ သူခိုးလက်မှ သူဝှက်လုသွားလေပြီ။


အိမ်နီးချင်း၏ကြက်ကို ခိုးသတ် ချက်ထားသည့် ကြက်သားဟင်းအိုးကို လူခိုးခံရသူကဲ့သို့ “ဟဝါကို ဟဝါပြုမလို့ ဟိုဒင်းပြုထားတာ၊ ဟဝါဖြစ်နေပြီ” ဟုသာ ငြီးတွားနိုင်သည်။ မြန်မာလူထုကြီးတရပ်လုံးအပေါ်  ဗိုလ်ကျနေနိုင်ပါလျက် လန်ဒန်မှာ လူလုခံရသည်။ ပြည်တွင်းစစ်ဦးကာလတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် လန်ဒန်သို့ လက်နက်ဝယ်ရန် လာစဉ်က အသံလွှင့်ဌာနတွင် အလုပ်လုပ်နေသော မြန်မာမိတ်ဆွေ ကိုပန်ကာက သူ့အား ပြည့်တန်ဆာများနှင့် လွှတ်ပေးထားပြီး ပါသမျှ နိုင်ငံခြားငွေများကို လိမ်ယူသွားသည်ကိုလည်း ခံခဲ့ရဖူးသည်။


ခံပြင်းလှသော်လည်း မည်သို့ မှမတတ်နိုင်သဖြင့် ကြီးမားသောမာန်ကို လျှော့ခဲ့ရသည်။ ယခုအခါ ဆိုရှယ်လစ်စီးပွားရေးစနစ်သည် အောင်မြင်မည်မှာ မုချဖြစ်သဖြင့် ငွေအတွက် ပူရန်မလို၊ နောက်ထပ် အိမ်တလုံး ဝယ်သည်။

ဤတချီတွင် တခါသေဖူးသဖြင့် ပျဉ်ဖိုးနားလည်နေပြီ။ လန်ဒန်တွင် တတုံးမက နှစ်တုံးစားရဖူးသောကြောင့် အနံ့ကို မသိသေးစေကာမူ အရသာကို သိနေပြီ။ လန်ဒန်ကို စိတ်ချ၍ မဖြစ်။ နောက်ထပ် ဝယ်ယူသော အိမ်တော်ကို တပ်မတော်မှ တပ်သားများကို အစောင့်ချထားလိုက်သည်။ ရဲဘော်များကို တပ်မတော်စရိတ်နှင့် လန်ဒန်သို့ အလှည့်ကျပို့ကာ အိမ်တော်ကို စောင့်စေ၏။ သတင်းထောက်တဦးက ရဲဘော်ကလေးများအား တွေ့ စဉ်က “ဘိလပ်ရွှေမြို့တော်မှာ မင်းတို့ကတော့ ဇိမ်ပေါ့ကွ”ဟု မှတ်ချက်ပြုသောအခါ “ဆရာရယ် ဇိမ်မကျပါဘူး၊ အင်္ဂလိပ်လိုမတတ်၊ ဟိုဟိုဒီဒီလည်း မသွားတတ်တော့ ချမ်းကလည်း အလွန်ချမ်းတာမို့ ငရဲမှာ တာဝန်ကျနေတာပါ”ဟုဖြေရှာသည်။ ဗိုလ်နေဝင်းက ဂျာမနီပြည်တွင်လည်း ရဲတိုက်ကြီးတခုကို ဝယ်ထားသေးသည်။


ဘီအိုစီကို သိမ်းပြီးနောက် နောက်တဆင့်အဖြစ် ဘဏ်များကို သိမ်းသည်။ ဒီမိုကရေစီခေတ်က စီးပွားရေးလုပ်ငန်းများ၏ သော့ချက်ဖြစ်သော ဘဏ်များသည် ဆိုရှယ်လစ်ခေတ်နှင့် လျော်ညီခြင်းမရှိဆိုကာ ၁၉၆၃ ခုနှစ် တချက်လွှတ်ဥပဒေအမှတ် ၁ အရ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မြန်မာပြည်တွင် ဖွင့်လှစ်ထားသော ဘဏ်တိုက် ၃၁ ခုကို ပြည်သူပိုင် ပြုလုပ်သည်။ 


ဘဏ်လုပ်ငန်းကြီး ၃၁ ခုကို သိမ်းရာတွင် လျော်ကြေးပေးချေမည်ဟု ကြေညာသော်လည်း မြန်မာတိုင်းသားများပိုင်သည့် ဘဏ်တိုက် ၁၇ ခုတို့ကို လျော်ကြေးငွေ တပြားတချပ်မှမပေးဘဲ စာရင်းပျောက် သိမ်းယူခဲ့သည်။ နိုင်ငံခြားပိုင်ဘဏ်တိုက်ကြီး ၁၄ ခုတို့ကိုမူ နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးများ ထုတ်ပေးခဲ့သည်။ “ငါက အင်္ဂလန်နဲ့ ဥရောပကို မကြာခဏသွားရတာ၊ ဒီတော့ ငါရဲ့ ခရီးစဉ်များတလျှောက် အိမ်ရှင်နိုင်ငံများနဲ့ မျက်နှာမပျက်သင့်ဘူး”ဟု အကြောင်းပြကာ လျော်ကြေးငွေကို မူလတန်ဖိုးအတိုင်း နိုင်ငံခြားသုံးငွေများနှင့် တိကျစွာ လျင်မြန်စွာ ထုတ်ပေးရမည်ဟု သူက အမိန့်ပေးခဲ့၏။


သိမ်းပိုက်သော ဘဏ်များတွင် မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှု ကော်ပိုရေးရှင်း (ဘီအီးဒီစီ)ပိုင် အင်းဝဘဏ်လည်း ပါဝင်၏။ ဘဏ်ကိုသိမ်းပြီးနောက် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးများကို စီစစ်သောအခါ မြစ်ဝကျွန်းပေါ်ချောင်းငယ်မြောင်းငယ်များမှ အင်းလုပ်ငန်းများကို မိရိုးဖလာ အင်းသူကြီးများထံမှ လုယူထားခြင်းမှစတင်ကာ နိုင်ငံခြားသွား ပင်လယ်ကူးသင်္ဘောလုပ်ငန်းကြီးများအထိ လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်သော စစ်တပ်ပိုင်အဖွဲ့ကြီးသည်လည်း ပြည်သူတို့အတွက် ကုန်ဈေးနှုန်းတိုးမြှင့်စေမှုကို ဖြစ်စေသည့် အမြတ်ကြီးစားလုပ်ငန်းသာဖြစ်သည်ဟု တွေ့ရှိရသည်ဆိုကာ ထိုစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးများကို အောက်တိုဘာလ ၂၃ ရက်နေ့ တွင် ပြည်သူပိုင် သိမ်းပြန်သည်။


တပ်မတော်သက်သာချောင်ချိရေး အဖွဲ့ငယ်ကလေးမှ နိုင်ငံ၏အကြီးဆုံးစီးပွားရေး ကော်ပိုရေးရှင်း ဖြစ်လာစေရန် လုပ်ပိုင်ခွင့်များကို မတရားရယူ၍ တိုးချဲ့ခဲ့သူ တပ်မတော်ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ကြီးအား ဖေဖော်ဝါရီလကပင် နုတ်ထွက်စေခဲ့ပြီ ဖြစ်သည်။ စစ်တပ်၏နံပါတ်နှစ် ဗိုလ်ချုပ်၏စာရင်းများကို နံပါတ်တစ်က အပြတ်ရှင်းလိုက်သည်။


ထို့နောက်ပိုင်းတွင် ပြည်သူပိုင်ပြုသည့် လုပ်ငန်းများ အရှိန်အဟုန် ပြင်းလာ၏။ 


စီးကရက်ကုမ္ပဏီများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ဆပ်ပြာချက် လုပ်ငန်း၊ ထီးစက်လုပ်ငန်းစသည့် စက်မှုလုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်သားပိုင်ကျောင်း ၈၁၄ ကျောင်း၊ သာသနာပြုဆေးရုံ ၉ ရုံ၊ ရုပ်ရှင်ရုံ ၁၈၂ ရုံ စသည်ဖြင့် အားလုံးကို ပြည်သူပိုင် ပြုလုပ်သည်။ 


အကြီးဆုံး ပြည်သူပိုင်သိမ်းပွဲကြီးကို ရန်ကုန်မြို့နှင့်တကွ နယ်များတွင်ပါ ၁၉၆၄ ခု၊ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပသည်။ အသိမ်းခံရမည့်သူများ မသိကြစေရန် လျှို့ဝှက်စီစဉ်သည်။ ထောင်သောင်းချီသော ပါတီမိတ်​ဆွေဆိုသူများနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်တိတိတွင် အောင်ဆန်းအားကစားကွင်းကြီး၌ စုထားသည်။ မိုးမလင်းမီ လူစုခွဲကြပြီး၊ ရန်ကုန်မြို့အနှံ့အပြား သွားရောက်ကြကာ ပွဲရုံများ၊ လက်လီလက်ကားဆိုင်များ၊ သမဝါယမဆိုင်များပါမကျန် စီးပွားရေးလုပ်ငန်းမှန်သမျှကို ပြည်သူပိုင် သိမ်းယူသည်။


ပြည်သူပိုင်သိမ်းရာတွင် လုပ်ငန်းကြီးပါက ဗိုလ်မှူးက ကွက်ကဲသည်။ အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊ အငယ်စားလုပ်ငန်းကို တပ်ကြပ်ကြီးတို့က ကွပ်ကဲပြီး သိမ်းယူသည်။ လက်နက်ကိုင်စစ်သားများက စောင့်ကြပ်ပေးရသည်။ ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏နေရာတွင် အရောင်းစာရေးအဖြစ် အစားထိုးပြီး အရောင်းအဝယ်လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြရသည်။ 


ဆိုင်ကြီးများနှင့် လက်လီဆိုင်ကလေးများ၏ ပိုင်ရှင်များမှာ နံနက်စောစော ဆိုင်ဖွင့်ရန် သွားကြသောအခါတွင်မှ မိမိတို့ဆိုင်ရှေ့များတွင် စစ်အရာရှိနှင့် ပါတီမိတ်ဆွေဆိုသူများကို တွေ့ကြရသည်။ ပြည်သူပိုင်အမိန့်ကို ဖတ်ပြပြီး လုပ်ငန်းကို သိမ်းယူသောအခါတွင် ဆိုင် သို့မဟုတ် လုပ်ငန်း၏သော့နှင့် ငွေများကို အပ်ကြရသည်။ အရေးတကြီး တောင်းကြသည်မှာ လုပ်ငန်းပိုင် မော်တော်ယာဉ်များနှင့် ကားသော့များ ဖြစ်၏။ ထိုနေ့နံနက်က စတင်ပြီး ထိုဆိုင် ထိုလုပ်ငန်းမှ မော်တော်ယာဉ်သည် ဗိုလ်ကြီး သို့မဟုတ် တပ်ကြပ်ကြီးပိုင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။


ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား ကား,မအပ်သူများကို ကြီးလေးသောအပြစ်များ ပေးလေ့ရှိသည်။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အိုဝဲလ်၏ မြန်မာပြည်မှနေ့များ ဝတ္ထု၌ပါရှိခဲ့သည့် စမတ်နှင့်မှကာရမ်ဒမ်စာအုပ်ဆိုင်သည် ဆူးလေဘုရားလမ်းတွင် ရှိသည်။ စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာရောက်သိမ်းစဉ် ပိုင်ရှင်အဘိုးကြီးတွင် ကားပျက်ကြီးတစီး ရှိပါလျက် ကားမအပ်သော အမှုအတွက် ထောင်လေးနှစ် အပြစ်ပေးခဲ့သည်။ အဘိုးကြီးမှာ အသက် ၇၂ နှစ်ရှိရှာပြီ။


လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ လုယူထားသည့် ကားကို ကိုယ်ရေးကိုယ်တာကိစ္စများအတွက် သုံးကြသည်။ ကုန်စည်များကိုလည်း ခိုးဝှက်ကြသည်။ အဖိုးတန်သော ကုန်ဆိုင်များကို သိမ်းရန် တာဝန်ကျသူ စစ်ဗိုလ်များသည် ချက်ချင်း ချမ်းသာလာကြတော့သည်။


ကားများ၊ ကုန်များကိုသာမက ဆိုင်ခန်းများကိုပါ စစ်ဗိုလ်များက ခိုးကြသည်။ ရန်ကုန်တွင်ရော နယ်တို့တွင်ပါ လက်လီလက်ကားဆိုင် ၁၂၇၆၄ ဆိုင်ကို သိမ်းပြီးသည့်နောက်တွင် အမျိုးတူကုန်များ ပူးပေါင်းရောင်းချမည်ဟု မူချမှတ်ကာ ကုန်များကို ဆိုင်ကြီးများရှိရာသို့ ပြောင်းသောအခါတွင် ရန်ကုန်၌ ဆိုင်နေရာ တသောင်းခန့် လစ်လပ်သွားသည်။ အောက်ထပ် လမ်းဘေးများမှ ဆိုင်ခန်းများအပြင်၊ အိန္ဒိယသို့ အပြီးပြန်သွားသူ ကုလားများ၏အိမ်ခန်းများအပါအဝင် စုစုပေါင်း အိမ်ခန်း တသိန်းခန့်ကို စစ်ဗိုလ်များနှင့် ပါတီဝင်လက်နက်ချ ကွန်မြူနစ်များကို နေရာချထားသည်။


စစ်ဗိုလ်များရော ကွန်မြူနစ်ပျက်များပါ မိမိတို့ရရှိသည့် အိမ်ခန်းများကို ပြန်ရောင်းစားကြသည်။ အချို့စစ်ဗိုလ်များက အိမ်ခန်းရော ဆိုင်ခန်းပါ လေး ငါးလုံး ရယူပြီး တဆင့်ရောင်းစားသည်။ တရုတ်ကုလား စီးပွားရေးဈေးကွက်ကို ဖျက်သိမ်းရန် ရည်ရွယ်ချက်နှင့် ဆိုင်များကို သိမ်းခဲ့စေကာမူ စစ်ဗိုလ်များက ပြန်လည်ရောင်းစားကြသောကြောင့် တရုတ်ကုလားတို့၏လက်ထဲသို့ပင် ပြန်ရောက်သွားပြန်လေသည်။


ဘဏ်တိုက်များ၊ ဆိုင်များနှင့် လုပ်ငန်းများကို သိမ်းရာတွင် စာရင်းမရှိ အင်းမရှိ ခိုးယူကြသည်။ အများစုဖြစ်သော မြန်မာပိုင်လုပ်ငန်းမှန်သမျှကို လျော်ကြေးမပေးတော့ပေ။ 


ဗိုလ်ချုပ်ကြီးနေဝင်းကတော် ဒေါ်ခင်မေသန်း၏ ဆွေမျိုးများပိုင်သော လုပ်ငန်းများကို တိတ်တိတ်ပုန်း လျော်ကြေးပေးသည်။ အထပ်သားစက်လုပ်ငန်းကို သိမ်းစဉ်က လုပ်ငန်းတန်ဖိုးအားလုံးကို နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးသည်သာမက မိသားစုတခုလုံး အင်္ဂလန်သို့ သွားရောက်နေထိုင်နိုင်ရန် ခဏတာမျှ မြန်မာသံရုံးသို့ တွဲဖက်ရာထူး ခန့်ထားပြီး စေလွှတ်သည်။ 


ပြည်သူပိုင် အသိမ်းခံရသော သတင်းစာတိုက်များမှာ ပြောရဲဆိုရဲ နားပူနားဆာ တောင်းရဲလာသောကြောင့် မူလတန်ဖိုး၏ ၄ ရာခိုင်နှုန်းခန့် လျော်ကြေးရကြသည်။ နှစ် ၂၀ ငွေစုစာချုပ်နှင့် လျော်ကြေးပေးပြီး နောက်ပိုင်းအစိုးရကို ဝေဖန်ရေးသားသည့် သတင်းစာဆရာများကိုမူ ငွေစု လက်မှတ်များကို လက်ခံ၍ ငွေလဲပေးခြင်းမပြု၊ ငွေမပေးဘဲ ဒဏ်ခတ်သည်။


ယင်းကဲ့သို့ ပြည်သူပိုင်ပြုခြင်းမှာ အရပ်သားများပိုင်သော ပစ္စည်းများကို မတရားလုယက်ကြသည်သာ ဖြစ်ပါလျက် ပစ္စည်းသိမ်းခြင်းခံရသူများက ဆန့်ကျင်ကြသည်ဟုဆိုကာ အရေးယူအပြစ်ပေးရန် ဥပဒေပြုသေးသည်။ ၁၉၆၈ ခုနှစ် ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသော ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် “လုပ်သားပြည်သူတို့အား တော်လှန်ရေးကောင်စီက စာနာထောက်ထား၍ ယင်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် ပညာပေးခြင်းအပိုင်းနှင့် ပစ္စည်းသိမ်းခြင်းအပိုင်းသာ ပြုလုပ်ခဲ့ပါသည်။ သို့ရာတွင် လုပ်သားပြည်သူအချို့တို့သည် ဝိသမလောဘကို အတောမသတ်နိုင်ခဲ့ပါ။ တော်လှန်ရေးကောင်စီ၏ သက်ညှာမှုကို ပျော့ကွက်အနေဖြင့် ယူဆကာ ပိုမိုဆိုးရွားလာခြင်းကြောင့် ဤဥပဒေအရ ပြစ်မှုကျူးလွန်သူများအား ဟန့်တားစေမှု ဖြစ်စေရန်အတွက် အနည်းဆုံး ထောင်ဒဏ် ၆ လ ကျခံစေရန်အတွက် သတ်မှတ်ခဲ့ပါသည်”ဟု စစ်တပ်က လုယက်ခြင်းကို ခံရသူတို့အား ခေါင်းငုံ့၍ မခံပါက အလုပ်ကြမ်းနှင့် ထောင်ချရန် ဥပဒေပြုသေး၏။


ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းများကို သိမ်းယူခဲ့သည့် ဂယက်အဖြစ် ကုန်စည်များ ရှားပါးသည်ကို ရင်ဆိုင်ကြရသည်။ ရှားပါးသဖြင့် ကုန်ဈေးနှုန်းများတက်နေချိန် ၁၉၆၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် အစိုးရက ထုတ်ဝေ သုံးစွဲထားသဖြင့် လူထု၏လက်ထဲတွင် လှည့်လည်သုံးစွဲနေသော ကျပ် တရာတန်နှင့် ငါးဆယ်တန်ငွေစက္ကူများကို တရားမဝင်ဟု ကြေညာလိုက်သဖြင့် လူထုကြီးတရပ်လုံး မွဲသွားရှာသည်။ လူထုလက်၌ လှည့်လည်နေသည့် ငွေ၏ ၂၂ ရာခိုင်နှုန်းကို သုံးစွဲခွင့် ပယ်ဖျက်သောကြောင့် အစိုးရမှာ ကျပ် ၉၁၅.၈ သန်း အမြတ်ရသွားသည်။ လူထုအဖို့ ကျပ် ၉၁၅.၈ သန်း မွဲကြရရှာသည်။


ဗိုလ်နေဝင်းသည် အစိုးရက ပုံနှိပ်ပြီး အသုံးစရိတ်များအဖြစ် ထုတ်ဝေထားသည့် တရားဝင် စက္ကူများကို တရားမဝင်တော့ဟု ကြေညာသဖြင့် ငွေထုပ်ကြီး အစုလိုက် အပြုံလိုက် ရရှိသည်ကို အရသာတွေ့သွားသည်။ ကျပ် ၁၀ဝ ငွေစက္ကူများကို တရားမဝင်ဟု ၁၉၈၅ ခု နိုဝင်ဘာ ၃ ရက်နေ့တွင် အမိန့်ထုတ်ပြန်သည်။ တဖန် ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို တရားမဝင်ဟု ၁၉၈၇ ခု၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ကြေညာပြန်သည်။ ကမ္ဘာပေါ်တွင် အစိုးရက မိမိတို့ ထုတ်ဝေထားသည့် ငွေစက္ကူများကို ပြန်လည်၍ ငွေထုတ်ပေးရန် တာဝန်မယူတော့ဘဲ သုံးကြိမ်သုံးလီ ဖျက်သိမ်းသည့်အစိုးရဟူ၍ မရှိခဲ့ဘူးပေ။


လူထု မည်သို့ခံရစေကာမူ အစိုးရက အနည်းငယ်မှ လျှော့မပေးဘဲ ၁၉၆၆ ခု၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကုန်သွယ်ရေး အမိန့်သစ်ထုတ်ကာ ချုပ်ကိုင်ပြန်သည်။ ကုန်စည်အမျိုးအစား ၄၆၀ ကို အရပ်သားများ မထိရဘဲ အစိုးရကသာ ရောင်းဝယ်ခွင့်ရှိသည်ဟု ကန့်သတ်ပြန်သည်။ ဖွဲနုဆန်ကွဲမှ စတင်ပြီး နနွင်းတက်အထိ တော်လှန်ရေးအစိုးရကသာ သိုလှောင်ခွင့် ရောင်းဝယ်ခွင့်ရှိတော့သည်။


ထိုကဲ့သို့ ပုဂ္ဂလိက အရပ်သားပိုင်လုပ်ငန်းများကို စစ်ဗိုလ်များက လုယက်သည့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ထူထောင်သောကြောင့် နိုင်ငံ၏စီးပွားရေးလုပ်ငန်းကြီးများ ကျဆင်းပျက်ပြားသွားသည်။ ၁၉၆၄-၆၅ ခုနှစ်က လယ်ယာကုန်ထုတ်လုပ်မှု တန်ဖိုး ၂၅၂ ကုဋေရှိခဲ့ရာမှ ၁၉၆၅-၆၆ ခုနှစ်မှာ ၂၄၁ ကုဋေအထိ ကျဆင်းသွားသည်။ အထူးသဖြင့် ဆန်ရှားသွားသည်။ 


၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် စပါးခင်းများအကြားတွင်ရှိသော ရန်ကုန်မြို့ကြီး၌ ဆန်ပျောက်သွားသောကြောင့် လူထုကြီး မျက်သလဲဆန်ပြာ ဖြစ်ကြရသည်။ ရန်ကုန်မြို့တမြို့လုံးမှ လူအများသည် ဆန်ထွက်ရှာနေကြရသဖြင့် ရုံးများ၊ ဆိုင်များ ပိတ်သွားသည်။


ထိုအခါ စစ်စုံထောက်များက တရုတ်အမျိုးသားများကို လိုက်လံ ရိုက်နှက်ကြပြီး တရုတ်ဗမာ အဓိကရုဏ်းကို ဖန်တီး၍ လူထုကြီး၏သွေးနှင့် ဆန်ပြဿနာကို ဖြေရှင်းသည်။ တရုတ်အမျိုးသား ၁၃၂၈ ဦးကို ဖမ်းသည်။ ရာပေါင်းများစွာသော တရုတ်များကို သတ်ဖြတ်သည်။ များစွာရက်စက်ယုတ်မာလှသည်။ လူထုကြီးမှာ ကျောကော့ပြီး ခံကြရသည်။ 


ဗိုလ်နေဝင်း အာဏာလုသည့် အကြောင်းတရားမှာ နိုင်ငံပိုင် လူထုပိုင်ငွေများကို ခိုးဝှက်လုယက်ရရှိမှုအကျိုးတရားအတွက် ဖြစ်သည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ရွေးသည်မှာ ရာသက်ပန်အာဏာရရှိ သိမ်းပိုက်ထားလိုသဖြင့် ဖြစ်သည်။ သူ၏ထီးနန်းသက်တလျှောက်လုံး နည်းအမျိုးမျိုးနှင့် ခိုးခဲ့သည်။ သူ့အတွက်သာမဟုတ် သားသမီးများအတွက်လည်း ခိုးပေးသည်။ သားသမီးတို့ကလည်း ခိုးရာပါပစ္စည်းများဖြစ်သည်ကို သိနိုင်လျက် မြိန်ရှက်စွာ စားသုံးကြသည်။


ပြည်သူပိုင် အင်းယားလိတ်ဟိုတယ်မှာ နိုင်ငံခြားခရီးသည် မရှိသဖြင့် အရှုံးများစွာ ပေါ်နေစဉ်တွင် ဟိုတယ်အဝင်ပေါက် တနေရာတွင် အထူးကော်ဖီဆိုင်တခု ဖွင့်စေသည်။ ကိတ်မုန့်အကောင်းစား၊ အသားညှပ်ပေါင်မုန့် အကောင်းစား၊ အခါး၊ အပူ၊ အအေး၊ ကော်ဖီအကောင်းစားများ ရောင်းချသည်။ ဈေးကြီးမြင့်သဖြင့် တကြောင်း၊ မြို့နှင့်ဝေးသဖြင့် တကြောင်း၊ မြန်မာများ သွားရောက် မစားနိုင်ပေ။ ထိုဆိုင်မှာ တက္ကသိုလ်ရောက်နေသော သူ၏သမီးများ မုန့်စားဆင်းရန် အထူးအစီအစဉ်နှင့် ဖွင့်ထားသည့်ဆိုင်သာဖြစ်၏။ သူ၏သမီး စန္ဒာဝင်း ကျောင်းသူဘဝက သူတို့ညီအစ်မသာမက သူငယ်ချင်းများကိုပါ အစိုးရကားနှင့် တပြုံကြီးတင်လာပြီး နေ့စဉ် စားသောက်သည်။ ကျသင့်ငွေကို တကြိမ်တခါမှ ပေးခြင်းမပြုပေ။ စားသောက်ပြီး လက်မှတ်ပင် မထိုးဘဲ ထသွားကြသည်။ သူ၏သားသမီးများသည် ငယ်စဉ်ကပင် ပြည်သူပိုင် ဆိုင်မှန်သမျှ၊ ပြည်သူ့ပစ္စည်းမှန်သမျှ သူတို့ဘိုးဘွားပိုင်ပစ္စည်းများအဖြစ် သုံးစွဲခဲ့ကြသည်။ ကြီးပြင်းလာသောအခါ လုပ်ငန်းရှင်ကြီးများအဖြစ် ခိုးဝှက်ကြပြန်သည်မှာ မဆန်း။


စစ်ဗိုလ်များသာ ပိုင်ဆိုင်ခွင့်ရှိသည့် ဦးပိုင်စီးပွားရေးကော်ပိုရေးရှင်းကြီးတွင် ဗိုလ်နေဝင်းနှင့် မိသားစုက အစုအများဆုံး ပိုင်ဆိုင်သည်။ နောက်ပိုင်းတွင် စန္ဒာဝင်းက ခွဲထွက်ကာ စင်ပြိုင်ထောင်သည်။ 


ဗိုလ်နေဝင်း၏မိသားစုသည် မကောင်းသော အသက်မွေးမှုများ၌ မွေ့လျော်ကြသည်။ အစ်ကို သခင်လှထွန်းနှင့် ညီ ကိုသိန်းညွန့်တို့က ဖဲဒိုင်ခံလုပ်ငန်းနှင့် အသက်မွေးကြသည်။ ညီ ကိုသိန်းညွန့်ကို လန်ဒန်သံရုံးသို့ စီးပွားရေးသံတမန်အဖြစ် ရာထူးပေးသည်။ ဆွစ်ဇာလန်မှ နာရီများကို လန်ဒန်သို့ ခိုးသွင်းသဖြင့် မှောင်ခိုလုပ်ငန်း လုပ်ကိုင်မှုနှင့် ဖမ်းဆီးမည်ဟု အင်္ဂလိပ်အစိုးရက ဆုံးဖြတ်သဖြင့် ပြန်ခေါ်ရသည်။ ပထမ မယားကြီး ဒေါ်တင်တင်ကလည်း ကြီးမားသည့် ဖဲဝိုင်းကြီးထောင်ပြီး ဖဲဒိုင်ခံသည်။ စန္ဒာဝင်းကလည်း သူပိုင်ဟိုတယ်ကြီးတွင် လောင်းကစားဒိုင်တည်ထောင်ရန် စီစဉ်သေး၏။ တဆွေလုံးတမျိုးလုံး မကောင်းမှုတွင် မွေ့လျော်ကြသည်။


ဒေါ်ခင်မေသန်းရှိစဉ်ကလည်း ရဲဝံ့စွာ လာဘ်စားလေ့ရှိသည်။ နိုင်ငံခြားသို့ သိန်းသန်းတန်သော ကျောက်များ ခိုးထုတ်သည်သာမက အပြန်တွင် ကျပ်တရာ နှစ်ရာတန် ကက်စက်များ၊ ရေဒီယိုများကိုပင် ဝယ်ယူ သယ်ဆောင်ကာ မြန်မာမှောင်ခိုဈေးတွင် တင်၍ ရောင်းချသည်။ ဒေါ်ခင်မေသန်း ပထမဦးစွာ မျက်မျက်ကလေး စားလိုက်ရသောလုပ်ငန်းမှာ ပုလိပ်မြို့တွင် တည်ဆောက်သော ချည်စက်ကြီးဖြစ်သည်။ စက်ရောင်းသူ ဂျာမနီကုမ္ပဏီက ကော်မရှင် ၂၅ ရာခိုင်နှုန်း ပေးရသည်ဟု သတင်းတရပ်က ဆိုသည်။ 


နိုင်ငံခြားမှ ဝယ်ယူသော စက်ကိရိယာများ၊ ကုန်စည်များမှ ကော်မရှင်ပွဲခရရှိသည့် လုပ်ငန်းကို ဗိုလ်နေဝင်းကိုယ်တိုင် အရသာတွေ့သွားသည်။ မဆလခေတ်တွင် နိုင်ငံခြားမှ ဝယ်ယူတည်ဆောက်သမျှ စက်ရုံအလုပ်ရုံ ပစ္စည်းများအပေါ်မှ ကော်မရှင်ကို ကိုယ်တိုင်ယူသည်။ မည်သည့်ဝန်ကြီး မည်သည့်စစ်ဗိုလ်မှ နိုင်ငံခြားမှ စက်ရုံနှင့်ကုန်ကြမ်း ဝယ်ခွင့်မပြု။ တချီတွင် စက်မှုလက်မှုဌာနက ပျဉ်းမနားဘက်တွင် စက္ကူစက်တည်ရန် စီမံကိန်းကို သဘောတူသဖြင့် ပြည်တွင်းသုံးငွေ သိန်းနှင့်ချီကာ အသုံးပြုပြီးမှ ဂျပန်ကုမ္ပဏီကို ကော်မရှင်ပေးနည်းသဖြင့် စီမံကိန်းကို ဖျက်လိုက်သည်။


စစ်အတွင်းက စစ်တပ်၏သူလျှိုများအဖြစ် မြန်မာပြည်တွင် အမှုထမ်းခဲ့သူ ဂျပန်စစ်ဗိုလ်ဟောင်းများသည် သူတို့၏သတင်းပေးဖြစ်သူ ဗိုလ်နေဝင်းနှင် ဆက်သွယ်ကြသည်။ သူတို့က ဂျပန်တွင် နေရာကောင်းများကို ရရှိနေကြသဖြင့် ဗိုလ်နေဝင်းအတွက် အောင်သွယ်ပေးကြသည်။ ဂျပန်အစိုးရက မြန်မာနိုင်ငံသို့ အကူပိုမိုပေးရေးကို ကုလားဖန်ထိုးပေးကြသည်။ ဂျပန်အစိုးရက စီးပွားရေးအကူ ငွေ ၁ဝဝ ဖိုးပေးပါလျှင် သူတို့က ၂၅ ကျပ်ဖြစ်သည်။ ဗိုလ်နေဝင်းက ၂၅ ယူပြီး အခြားဝေစုများပါ ပေးရလေ့ရှိသဖြင့် မြန်မာနိုင်ငံမှာ ကျပ် ၃ဝ တန်ပစ္စည်းအတွက် ကျပ် ၁ဝဝ ကြွေးတင်ကြရသည်။ ဂျပန်အခွန်ထမ်းတို့၏ အခွန်တော်များမှ ကျပ် ၁၀၀ ထွက်ရသည်။ ဤသို့သောနည်းနှင့် ဂျပန်အစိုးရ၏ အကူအညီကို ရရှိသဖြင့် အကူများများရလေ နိုင်ငံမှာတိုးတက်မှုမရှိဘဲ ကြွေးများများတင်လေ ဖြစ်ခဲ့ရသည်။


၁၉၈၆ ခုနှစ်တွင် ဂျပန်အစိုးရက နိုင်ငံခြားသို့ ကူညီသမျှငွေ၏ ၆.၃ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ကူညီလေရာ အမေရိကန်ဒေါ်လာ ၂၄၄ သန်းဖိုး ကူခဲ့ပါလျက် ၁၉၈၇ ခု ဒီဇင်ဘာလထဲတွင် မြန်မာနိုင်ငံသည် ကမ္ဘာ၏အမွဲဆုံးနိုင်ငံများစာရင်းသို့ ဆင်းသက်ရသည်မှာ မဆန်းပါပေ။


ဗိုလ်နေဝင်းသည် ရွှေတိဂုံစေတီတော်ကြီးထံတော်မှ ကျောက်သံပတ္တမြားကို ခိုးခဲ့သည်ဟု အမေရိကန်တက္ကသိုလ်တခုမှ စာအုပ်တအုပ်တွင် ရေးခဲ့သည်။ ပုဂံမြို့မှ နှင်ထုတ်ခြင်းခံရသူ ပုဂံသားတို့ကမူ ပုဂံဘုရားများမှ ဌာပနာရတနာများကို ဗိုလ်နေဝင်းတို့က လွတ်လပ်စွာ ခိုးလိုသဖြင့် ဖယ်ရှားခံရသည်ဟု ပြောကြသည်။ ဗိုလ်နေဝင်းနှင့်သမီးတို့ ပုဂံသို့လာလျှင် စစ်သားများက အဝေးမှ စောင့်ကြရသည်။ စေတီဘုရားများပေါ်၌ သူတို့နှစ်ဦးသာ ရှိသဖြင့် ထင်သလို ခိုးနိုင်သည်ဟု ထောက်ပြကြသည်။ 


ဗိုလ်နေဝင်းဆင်းရချိန် မတိုင်မီကလေးတွင် ကျောက်လုပ်ငန်းကို ကြီးစွာလုပ်ကိုင်သည်။ ဥရောပတွင် ကျောက်ဆိုင်များ ဖွင့်ထားသည်။ စိတ်အချရဆုံးသော လူယုံတော်စစ်ဗိုလ်ကြီးကို မသိမသာ ရာထူးမှ ထွက်​စေကာ ဥရောပ ကျောက်ဆိုင်များကို ကွပ်ကဲရန် တာဝန်ပေးထားသည်။  ထိုဆိုင်များတွင် တင်ရန်အတွက် ကျောက်များကို ဝယ်သည်ဟု မကြားရဖူးပေ။ ကျောက်ပြပွဲမှ မိုက်ကြေးခွဲပြီး လုယူရောင်းချသည်။ ကျောက်ပြပွဲများတွင် ပထမဦးစွာ ဦးနေဝင်းနှင့် ဒေါ်ခင်​မေသန်းတို့က လာရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ညွှန်ကြားခဲ့ကြောင်း သတင်းထုတ်လေ့ရှိသည်။ ဦးနေဝင်းကရော ဒေါ်ခင်မေသန်းတို့ကပါ သူတို့ အထူးမျက်စိကျသော ကျောက်များကို လေ့လာဟန်ကြည့်ပြီး ထပ်မံ၍ ဆက်လက်ကြည့်လိုဟန်နှင့် အိမ်တော်သို့ ယူသွားလေ့ရှိသည်။ ထိုကျောက်များကို မည်သည့်အခါမှ ပြန်မပေးတော့ပေ။


တချီတွင် ပြင်သစ်ပြည် ပဲရစ်မြို့လေဆိပ်တွင် ဒေါ်ခင်မေသန်း ကိုယ်ကို အကောက်အရာရှိများက ရှာဖွေရာမှ ကျောက်များမိသွားသဖြင့် ကျောက်မှောင်ခိုမှုနှင့် အရေးယူခံခဲ့ရသည်။ ထိုသတင်းကို ဖော်ပြသော နိုင်ငံခြားသတင်းစာဂျာနယ်များကို မြန်မာအစိုးရ ပြန်ကြားရေးဌာနက ပိတ်ထားရသည်။


ရွှေတိဂုံထီးတော်မှ စိန်ကျောက်များ၊ ပုဂံဘုရားများမှ ရတနာများကို ခိုးသည်မှာ ရှေးဟောင်းရတနာကို မက်မောသောဝါသနာရှိသဖြင့် ခိုးယူသည်မဟုတ်။ ရှေးဟောင်းရတနာကို မက်မောသော နိုင်ငံခြားသူကြွယ်များထံသို့ ဈေးကောင်းနှင့် ရောင်းချရန် ခိုးသည်ဖြစ်၏။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့ရာဇဝင်တွင်ပါ ဤရွေ့ဤမျှ ခိုးဝှက် ဆိုးယုတ်သော အစိုးရအကြီးအကဲ မကြုံဖူးခဲ့ပေ။


* * * 


#ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ


၂၁။ တပါတီအာဏာရှင်စနစ်နှင့် မဟာမိတ်ရှာတော်ပုံ


မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်ပြီး ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ပီပြင်စွာလုပ်ဆောင်ပါလျက် သန့်ရှင်းဖဆပလ အမည်ပြောင်း ပထစ၊ တည်မြဲ ဖဆပလ၊ ပမညတ စသော မြေပေါ်၌ တရားဝင် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီကြီးများက ပူးပေါင်းခြင်း မပြုသည်သာမက လူကပါ အားပေးမှုမပြုသည်ကို သတိပြုမိသောအခါ ဗိုလ်ချုပ်ကြီးနေဝင်းက တပါတီအာဏာရှင်စနစ်ကို ပြတ်သားစွာ တည်ထောင်လေသည်။


၁၉၆၄ ခု မတ်လ ၂၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ပထစမှ သခင်တင်၊ သခင်ပန်းမြိုင်၊ သခင်တင်မောင်၊ တည်မြဲဖဆပလမှ ဦးထွန်းဝင်း၊ ဦးတင်ညွန့်၊ ဦးမောင်မောင်၊ အလုပ်သမား ညီညွတ်ရေးပါတီမှ သခင်ချစ်မောင်၊ သခင်လွင်နှင့် ဗိုလ်ညွန့်မောင်တို့အား စစ်ရုံးတည်ရှိရာ ဒဂုံရိပ်သာသို့ ဖိတ်ခေါ်တွေ့ဆုံသည်။


စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်များအရ အစိုးရလုပ်ငန်းများအဖြစ် လည်ပတ်စပြုချိန်ဖြစ်သဖြင့် နိုင်ငံရေးပါတီများအား ညီညွတ်ရေးခေါ်ရန် ဖိတ်ကြားသည်ဟု ခေါင်းဆောင်များက ယူဆမိကြသည်။ ပထစနှင့် တည်မြဲဖဆပလ ခေါင်းဆောင်များကမူ တော်လှန်ရေးကောင်စီက ထိန်းသိမ်းထားသည်ဟု ကြေညာထားသည့် ထောင်ကျခံနေရသူ ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့်တကွ လူမျိုးစုခေါင်းဆောင်များကို လွှတ်ပေးတော့မည်ဟု ယူဆခဲ့သည်။


သူတို့ခန့်မှန်းသကဲ့သို့ မဟုတ်ဘဲ ပိုမိုတင်းကြပ်မည့် အနာဂတ်ကို သူတို့တွေ့ရသည်။ ဗိုလ်နေဝင်းက ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးဥပဒေကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၏အမိန့်နှင့် အတည်ပြု ထုတ်ပြန်လိုက်ပြီဟုပြောကာ ဥပဒေစာတမ်းနှင့် ကျိုးကြောင်းဖော်ပြချက်ကို ထုတ်ပေးလိုက်သည်။


တော်လှန်ရေးကောင်စီသည် “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ဆောက်ကာ ဆိုရှယ်လစ်စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးစနစ်များကို ထူထောင်ရန် ကြိုးပမ်းခဲ့ပါသည်။ ယင်းသို့ ကြိုးပမ်းရာ၌ ပြည်ထောင်စုမြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေ အရပ်ရပ်က ဆိုရှယ်လစ်စနစ်မှအပ အခြားစနစ်ကို တည်ဆောက်ရန် မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ ဆိုရှယ်လစ်စနစ်သည်သာလျှင် တောင်သူလယ်သမား၊ အလုပ်သမား၊ တိုင်းပြည်အတွက် အလုပ်လုပ်သော အတတ်ပညာရှင် အသိပညာရှင် စသည်တို့ ပါဝင်သည့် လုပ်သားပြည်သူတရပ်လုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု သမိုင်းကလည်း သက်သေပြုခဲ့သည်နှင့်အမျှ ယုံကြည်ပါသည်။ 


ယင်းသို့ဆိုရှယ်လစ်စနစ် တည်ဆောက်ရာတွင် လုပ်သားပြည်သူတရပ်လုံး စည်းလုံးညီညွတ်စွာ လုပ်ကိုင်မှသာ အချိန်တိုတိုနှင့် အကောင်းဆုံးသော အောင်မြင်မှုရရှိနိုင်မည်ဟုလည်း ယုံကြည်ပါသည်။ 


“နောက်ကြောင်းနှင့် မျက်မှောက်အခြေအနေကို ကြည့်ပါက နိုင်ငံရေးပါတီ ဦးရေရှိသည်နှင့်အမျှ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အဖွဲ့အစည်းများ အစိတ်စိတ် အမြွှာမြွှာကွဲ၍ တောင်သူလယ်သမား အလုပ်သမားတို့သည် အချင်းချင်း ညီညွတ်မှု မရကြဘဲ ပြည်ထောင်စုအကျိုးကို ထိရောက်စွာ မဆောင်ရွက်နိုင်ရုံသာမက ပဋိပက္ခကြောင့် ငွေရှင် ကြေးရှင် မြေရှင်များလက်သို့ ကျရောက်ခြင်း ခံခဲ့ရပါသည်။ ထို့ပြင် နိုင်ငံရေးအဖွဲ့အစည်းများ မဟုတ်သော အခြားအဖွဲ့ အစည်းများကလည်း ပြည်ထောင်စု မြန်မာနိုင်ငံ၏အကျိုးကိုလည်းကောင်း၊ စည်းလုံးညီညွတ်ရေးကို လည်းကောင်း ထိပါးလာခြင်းတို့ကြောင့် ဤဥပဒေကို အချိန်မီပြဌာန်းခဲ့ရခြင်းဖြစ်ပါသည်”ဟု ကျိုးကြောင်းဖော်ပြသော ဥပဒေကို ဖတ်ရှုနေကြစဉ် ထိုခေါင်းဆောင်များ၏ အသင်းအဖွဲ့ ပါတီမှန်သမျှ ဖျက်ပေးရမည်ဆိုသည့် အမိန့်ကို ပြောပြသည်။


“ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းလိုက်ပါပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တပါတီစနစ်နှင့် အကောင်အထည်ဖော်ပါမည်။ ယခုဖျက်သိမ်းလိုက်သော ပါတီအဖွဲ့အစည်းများက လမ်းစဉ်ပါတီနှင့် လက်တွဲစေလိုပါသည်”ဟု ချိုသာစွာ ဖိတ်ခေါ်ပြန်ပြီး “အဲ... အဲ... အနှောင့်အယှက် မပေးကြဖို့ မေတ္တာရပ်ခံပါတယ်”ဟုလည်း ရာဇသံပေးလိုက်သည်။


နိုင်ငံရေးအဖွဲ့အစည်းများ ပိုင်ဆိုင်သော ပစ္စည်းများ၊ ရန်ပုံငွေများနှင့် စာရွက်စာတမ်းများကို ၇ ရက်အတွင်း ဧပြီလ ၅ ရက်နေ့ နောက်ဆုံးထား၍ ဒေသ၏အနီးဆုံးမှ လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီများသို့ ပေးအပ်ကြရမည်ဟုလည်း စစ်ဗိုလ်ကြီးများက ရှင်းပြကြသည်။ (မှတ်ချက်- န၀တအစိုးရက မဆလပါတီဖျက်သိမ်းစေသောအခါတွင် ရန်ပုံငွေ သိန်းပေါင်းများစွာနှင့် မော်တော်ယာဉ်များ ရုံးသုံးပစ္စည်းများကို တစညပါတီဟု နာမည်ပြောင်း၍ ဖွဲ့စည်းသည့် နိုင်ငံရေးပါတီမှ စစ်ဗိုလ်လူထွက်များကို လွှဲပြောင်း​ပေး၏။)


နိုင်ငံတွင် မဆလပါတီ တခုတည်းရှိသောအခါတွင် လူထု လူတန်းစားအဖွဲ့များကို ဆက်လက်ဖွဲ့စည်းရေးလုပ်ငန်းများကို ပိုမိုအားစိုက်သည်။ ၁၉၆၂ ခု၊ ဒီဇင်ဘာလက စစ်ကိုင်းခရိုင် အုန်းတောရွာ၌ ပထမနှီးနှောဖလှယ်ပွဲ ကျင်းပသည်။ ၁၉၆၃ ခုနှစ် ဇန်နဝါရီလတွင် ဟင်္သာတခရိုင် ဒူးယားရွာ၊ ၁၉၆၄ ခု မတ်လတွင် မြင်းခြံခရိုင် ပုပ္ပါးတောင်ခြေ၊ ၁၉၆၄ ခု မတ်လတွင် ကောင်ငူခရိုင် ခပေါင်းရွာတို့တွင် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများ ကျင်းပသည်။ နောက်ပိုင်းတွင် တောင်သူလယ်သမားကောင်စီ ဖွဲ့စည်းပြီးသောအခါ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် မတ်လ ၂ ရက်နေ့တိုင်း တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်၍ လယ်သမားနှီးနှောပွဲများကို ကျင်းပသည်။


နှီးနှောပွဲကြီးများမှ တဆင့်တက်ပြီး ပြည်သူ့လယ်သမားကောင်စီများကို ၁၉၆၇ ခု မတ်လ ၂ ရက်နေ့မှ စတင်ဖွဲ့စည်းသည်။ တောင်သူလယ်သမားများက လယ်သမား ၁၂ဝဝ ပါဝင်သော အဖွဲ့ခွဲတွင် အဖွဲ့ဝင်ဆန္ဒမဲနှင့် ရွေးကောက်တင်မြှောက်ရသည့် အမှုဆောင်နေရာ ၂၂ နေရာ ရရှိစေကာမူ အစိုးရ သို့မဟုတ် ပါတီက စေလွှတ်ခဲ့သူ ၁၁ ဦးတို့က ပူးပေါင်းဆောင်ရွက်မည်ဟု စည်းကမ်းသတ်မှတ်ထားသဖြင့် အမှုဆောင်သုံးဦးကို စစ်ဗိုလ် သို့မဟုတ် တပ်ကြပ်ကြီး သို့မဟုတ် ကွန်မြူနစ်ပျက်တဦးက အမြဲထိန်းသိမ်းထားလေသည်။ ထွက်သမျှ လယ်ယာထွက်ကုန်ပစ္စည်းများကို ဒီမိုကရေစီခေတ်ကလို လွတ်လပ်စွာ ရောင်းချခွင့်မရှိဘဲ အစိုးရသို့သာ ရောင်းချရန် စစ်တပ်က ထိန်းကျောင်းပေးသည့် အဖွဲ့ သာဖြစ်နေသည်။ 


ဗဟိုပြည်သူ့ တောင်သူလယ်သမားကောင်စီတွင် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သောင်းကြည်၊ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ကျော်ဇောနှင့် အမှုဆောင် ၃၁ ဦးတို့မှာ စစ်ဗိုလ်များ၊ စစ်ဗိုလ်လူထွက်များနှင့် လက်နက်ချကွန်မြူနစ်ပျက်များသာ ဖြစ်ကြပြီး လယ်သမားတဦးမှ မပါပေ။


အလားတူပင် ကျိုက္ကဆံကွင်း အလုပ်သမားနှီးနှောပွဲ၌ ပြည်သူ့ အလုပ်သမားကောင်စီကို ၁၉၆၈ ခု မေလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့၏။ အဖွဲ့ဝင် ၃၅ ဦးပါဝင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ခန့်ထား ဖွဲ့စည်းခဲ့သည်။ အလုပ်သမားများ ပါဝင်ခြင်းမရှိဘဲ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးမောင်ရွှေ၊ အတွင်းရေးမှူး ဗိုလ်မှူးကိုကြီးနှင့် စစ်ဗိုလ်များ၊ စစ်ဗိုလ်လူထွက်များနှင့် ကွန်မြူနစ်ပျက်များသာ ပါဝင်လေသည်။ 


ဆက်လက်၍ လမ်းစဉ်လူငယ်အဖွဲ့၊ စာပေလုပ်သား၊ ဂီတကောင်စီ၊ သဘင်ကောင်စီ၊ ရုပ်ရှင်ကောင်စီ၊ ပန်းချီပန်းပုကောင်စီတို့ကိုလည်း ဖွဲ့စည်းခဲ့သည်။


နိုင်ငံရေးအခြေအနေနှင့် အင်အားကို စာရွက်ပေါ်တွင် ကြည့်ပါက ဗိုလ်နေဝင်းအဖို့ တော်လှန်ရေးကောင်စီနှင့် မဆလပါတီကြီးရော၊ လူထုလူတန်းစားအဖွဲ့များပါ စည်းရုံးဖွဲ့စည်း တည်ထောင်ထားနိုင်သဖြင့် အင်အားကြီးမားသည်။ သို့သော် လက်တွေ့ အမှန်အားဖြင့် ဗိုလ်နေဝင်း၏ ခေါင်းဆောင်မှုကို လူထုက ထောက်ခံအားပေးမှုမပြု။ နိုင်ငံရေးအဖွဲ့ကြီးများကလည်း တပါတီအမိန့်ဥပဒေအရ သူတို့၏အဖွဲ့များကို ဖျက်သိမ်းပေးစေကာမူ မဆလပါတီအတွင်းသို့ မဝင်ကြဘဲ ငုတ်တုတ်ထိုင်နေကြသည်။


ဗိုလ်နေဝင်း၏ ခေါင်းဆောင်မှုအောက်တွင် စစ်ဗိုလ်များနှင့် ကွန်မြူနစ်ပျက်များသာ ရှိသည်။ အားလုံးတို့သည် လခစားနိုင်ငံရေးသမားများသာဖြစ်သည်။


ဗိုလ်နေဝင်းသည် ဖြစ်ရပ်များကို စဉ်းစားရင်း ဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ သူသည် ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ပီပြင်အောင် လုပ်ဆောင်နေပြီဖြစ်သောကြောင့် တောတွင်းမှ လက်နက်နှင့် ပုန်ကန်ခြားနားနေကြသော အလံနီ၊ အလံဖြူ၊ ရဲဘော်ဖြူ စသော သူပုန်သူကန်များကို လက်ကမ်းလျှင် သူနှင့်မဟာမိတ်ပြုကြပေမည်ဟု ယုံကြည်မိသဖြင့် သူတို့အား ဖိတ်ခေါ်ရန် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ၁၉၆၃ ခု၊ ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။ 


“ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖက်ဖက်မှ ယိုယွင်းနေသော အခြေအနေအရပ်ရပ်ကို တော်လှန်ရေးကောင်စီက ထိန်းသိမ်းပေးခဲ့ပြီးနောက် ဆိုရှယ်လစ်လမ်းစဉ်ဖြင့် နိုင်ငံတော်ကို တည်ဆောက်နေချိန်တွင် ပြည်ထောင်စုကြီးတခုလုံး၏ စည်းလုံးညီညွတ်မှုရရှိရေးမှာ မလွဲမသွေ လိုအပ်လှသော အချက်ကြီးတရပ်ဖြစ်ပါသည်”ဟု ပဏာမပျိုးကာ အမိန့်ကို ကြေညာခဲ့၏။


အမိန့်အရ နိုင်ငံတခုလုံးတွင်ရှိသော အကျဉ်းထောင်များမှ ရာဇဝတ်မှုနှင့် အပြစ်ပေးထားသည့် အကျဉ်းသားအားလုံး လွတ်မြောက်ကြသည်။ လူသတ်မှုနှင့် မုဒိမ်းမှု ကျူးလွန်ခဲ့သူများ မပါစေကာမူ ကြိုးဒဏ်စီရင်ထားသူများကို ထောင်ဒဏ် ၁၀ နှစ်သို့ လျော့ပေါ့အပြစ်​ပေးသဖြင့် အားလုံးသော အကျဉ်းသားများ စုစုပေါင်း ၁၂ဝဝဝ လွတ်ငြိမ်းခွင့်ကို ခံစားရကာ ထောင်မှ လွတ်ကြသည်။


လက်နက်ကိုင်၍ အစိုးရအား ပုန်ကန်တိုက်ခိုက်မှုအတွက် ဖမ်းဆီးထားသူများ၊ သူပုန်မှုနှင့် ပြစ်ဒဏ်စီရင်ပြီးသူများကိုလည်း လွှတ်ပေးသည်။ သို့သော် အာဏာသိမ်းစဉ်က ထိန်းသိမ်းထားသော ဝန်ကြီးချုပ်ဦးနုနှင့် အစိုးရဝန်ကြီးများ၊ ပထစနှင့် လူမျိုးစုခေါင်းဆောင်များကိုမူ “ထိန်းသိမ်းထားသူများသာဖြစ်သည်”ဟု ဆိုကာ လွှတ်မပေးဘဲ ဆက်လက်ဖမ်းဆီးထားခဲ့သည်။


ဗိုလ်နေဝင်းသည် သူထုတ်ပြန်သော လွတ်ငြိမ်းခွင့်ကို များစွာပီတိဖြစ်ခဲ့သည်။ ရန်ကုန်ထောင်ကြီးမှ အကျဉ်းသားအားလုံး လွတ်ကြလေရာ သူကိုယ်တိုင် ထောင်တွင်းဝင်၍ ထောင်လွှတ်ပွဲကို ကျင်းပသည်။ အကျဉ်းသားတို့အား ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေးတွင် တတပ်တအား ပါဝင်ကြပါဟု မိန့်ခွန်းပေးကာ လွှတ်ပေးသည်။ ထောင်တွင်း၌ မိန့်ခွန်းပေးနေသည့် အခိုက်အတန့်ကလေး၌တွင်ပင် ဗိုလ်နေဝင်းသည် စိတ်ကူးယဉ်အိပ်မက်ကြီးတခု မြင်မက်မိရှာသည်။ သူတည်ဆောက်နေသော ဆိုရှယ်လစ်လောကနိဗ္ဗာန်ကြီးတွင် လူတိုင်း လူတိုင်း တတ်နိုင်သမျှ အလုပ်လုပ်ကြကာ လိုသမျှ ခွဲဝေရယူ သုံးစွဲနေကြတော့မည်။ “ဘုံ”ခေတ်သစ်သို့ ရောက်တော့မည် မုချဟု ယုံကြည်မိရှာသည်။ ထိုခေတ်ကြီးတွင် လူတိုင်း သူတော်ကောင်းများဖြစ်နေကြတော့မည်ဖြစ်သဖြင့် ထောင်ဟူသည်မှာ အရုပ်ရေး၍ ကြည့်ရမည့်အရာ ဖြစ်နေလေတော့မည်ဟု သူက တွေးမိရှာသည်။ 


ထို့ကြောင့် “ထောင်မှူး၊ ထောင်ကြပ်၊ ထောင်ဝန်ထမ်းများကို ကျွန်တော်ပြောပြပါရစေ။ အကျဉ်းသားများ မရှိတော့တာကြောင့် အလုပ်ပြုတ်ကြလေမလားလို့ တွေးတောပြီး ပူပန်မှု မရှိကြပါနှင့်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုတာ အလုပ်ပေါပါတယ်။ ခင်ဗျားတို့ကို တခြားလိုအပ်တဲ့နေရာတွေမှာ အလုပ်အစား ပေးပါ့မယ်”ဟု မိန့်ခွန်းပေးလေသည်။


လွတ်ပွဲပြီးလျှင်ပြီးချင်း နယ်ချဲ့အင်္ဂလိပ်တို့ ဆောက်လုပ်ခဲ့သော ရန်ကုန်ထောင်ကြီးမှာ အပိုဖြစ်နေသောကြောင့် ချက်ချင်းဖျက်ရမည်ဟု အမိန့်ထုတ်ခဲ့သေးသဖြင့် နောက်တနေ့မှစတင်၍ ထောင်ကြီးကို ဖျက်ကြရသည်။ ထိုထောင်နေရာကွက်လပ်ကြီးကို ထောင်ခြံကွက်သစ် လေဟာပြင်ဈေးအဖြစ် ရက်အနည်းငယ်အတွင်း ပြောင်းလဲခဲ့သည်။


ဗိုလ်နေဝင်း၏ စိတ်ကူးယဉ်အိပ်မက်မှာ လွန်စွာတိုတောင်းသည်။ ဧပြီလတွင် ရန်ကုန်ထောင်ကြီး ဖျက်ပြီးနောက် ၇ လကြာသောအခါတွင် နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားသည်ဆိုကာ ထောင်ပေါင်းများစွာသော နိုင်ငံရေးခေါင်းဆောင်များ၊ စာရေးဆရာများ၊ သတင်းစာဆရာများကို ဖမ်းရသဖြင့် လူ ၆၀၀၀ ဆန့်သော အင်းစိန်ထောင်တွင် လူနှစ်သောင်းခန့် ချုပ်နှောင်ရသည်အထိ ထောင်လျှံသွားခဲ့၏။


လွတ်ငြိမ်းချမ်းသာခွင့်အမိန့်၏ နောက်ဆက်တွဲအဖြစ် “တော်လှန်ရေးကောင်စီသည် ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ခြင်းကို လှိုက်လှဲစွာ လိုလားတောင့်တလျက်ရှိသည့်အလျောက် တောတွင်းလက်နက်ကိုင် အဖွဲ့ အစည်းများအား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြဿနာအဝဝကို ကူညီဖြေရှင်းလိုကြောင်း လက်ကမ်းလိုက်ပါသည်”ဟု စာပိုဒ် ၆ ပိုဒ်ပါသည့် ကြေညာချက်ကို ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့စွဲနှင့် ထုတ်ပြန်လိုက်သည်။


“တော်လှန်ရေးကောင်စီ၏ လက်ကမ်းချက်တွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြဿနာအဝဝကို ကူညီဖြေရှင်းလိုကြောင်း ပါရှိသည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီက အကြိမ်ကြိမ် တင်ပြခဲ့ပြီး(လမ်းစဉ်)ဖြစ်သည်”ဟု သခင်သန်းထွန်းက ရေးသားကာ ပါတီ၏ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်သည်။


သခင်စိုးကြီးကမူ ကွန်မြူနစ်ပါတီ(ဗမာပြည်)၏ ငြိမ်းချမ်းရေးအဖွဲ့ ကို သူကိုယ်တိုင်ခေါင်းဆောင်ပြီး ရန်ကုန်သို့ ချီတက်လာခဲ့၏။


(၁) ကွန်မြူနစ်ပါတီဗမာပြည် (အလံနီ) 

(၂) ဗမာပြည်ကွန်မြူနစ် ပါတီ (အလံဖြူ) 

(၃) ရှမ်းအမျိုးသားတပ်ပေါင်းစု 

(၄) ကချင်လွတ်လပ်ရေးကောင်စီ 

(၅) ရခိုင်ပြည်ကွန်မြူနစ်ပါတီ 

(၆) ကရင်သုံးပါတီကိုယ်စားလှယ်အဖွဲ့ (မန်းဘဇံ ခေါင်းဆောင်) 

(၇) အမျိုးသားဒီမိုကရေစီ တပ်ပေါင်း (မဒညတ)နှင့် 

(၈) ကရင်တော်လှန်ရေးကောင်စီ (မုဆိုးကောကဆန်​စောဟန်သာတာမွေး ခေါင်းဆောင်)တို့ ရန်ကုန်သို့ လာရောက်၍ ဆွေးနွေးကြသည်။


“အလံနီပါတီက ခံယူထားတဲ့ လီနင်သွန်သင်ချက်တရားလေးရပ်မှာ 

(၁) လူထုတွေမပါဘဲ ခေတ်သစ်အဖွဲ့အစည်းတခု ပြုပြင်ပြောင်းလဲ၍မရ။ 

(၂) လူထုတွေရဲ့ ရွေးကောက်ပွဲမပါဘဲ ဘာမှမလုပ်နိုင် 

(၃) လူထုတွေရဲ့ အခြေခံအကျိုးစီးပွားရေးကို ဆောင်ရွက်ပေးမယ့် လူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ပါတီတပ်ပေါင်းစုကြီး ဖွဲ့စည်းခွင့်ရှိရမယ် 

(၄) အဲဒီလိုရွေးချယ်ခွင့်နဲ့ တည်ထောင်ခွင့်ကို မပေးလျှင် လူထုဆန္ဒနဲ့ ကင်းလွတ်သွားမယ်”ဟု အခြေခံပြီး ဒီမိုကရေစီရွေးကောက်ပွဲနှင့် လွတ်လပ်စွာ စည်းရုံးခွင့်ကို ငြိမ်းချမ်းရေးလမ်းစဉ်အဖြစ် တောင်းဆိုသည်။ 


ဒီမိုကရေစီဟူသော ဝေါဟာရကို တစ္ဆေတို့က ဣတိပိသော ကြောက်သကဲ့သို့ ကြောက်လန့်သော ဦးနေဝင်းမှာ နားခါးသွားသည်။ 


၃ ရက်မျှသာ ဆွေးနွေးပြီး ဆက်လက်ဆွေးနွေးခြင်း မပြုနိုင်ဟုဆိုပြီး အစိုးရက ရပ်ဆိုင်းလိုက်သည်။ အလံနီတို့သည် ငြိမ်းချမ်းရန် ရိုးသားမှုမရှိဟု ကြေညာသည်။ အလံနီတို့က အစိုးရနှင့် ဆက်လက်ညှိလိုပါသေးသည်။ ရန်ကုန်တွင် ဆက်လက်စခန်းချပြီး အားထုတ်လိုပါသည်ဟု တောင်းဆိုသည်ကို လက်မခံဘဲ ချက်ချင်း နှင်ထုတ်၏။


ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်ကလည်း ဒီမိုကရေစီအခွင့်အရေးများ ပြည်သူတို့အား ပေးအပ်ပါဟု တောင်းဆိုပြန်သည်ကို မဆလအစိုးရက လောလောဆယ်အားဖြင့် ဒီမိုကရေစီအခွင့်အရေးများ ပေးထားပြီးဖြစ်သဖြင့် နောက်ထပ်ပေးရန်မလိုဟု အစိုးရဘက်မှ ငြင်းရသည်။ “ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ရတာဟာ စစ်အစိုးရက အကြပ်ကိုင်ပြီးတော့ အတင်းအဓမ္မ အညံ့ခံခိုင်းလို့ ဖြစ်တယ်”ဟု သခင်သန်းထွန်းက ကြေညာ၏။ အလားတူပင် အခြားတောတွင်း အဖွဲ့များနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ပါဝင်သော အစိုးရကိုယ်စားလှယ်များတို့ ဆွေးနွေးကြသည့် အစည်းအဝေးများမှာလည်း ဒီမိုကရေစီသာ တောင်းကြသောကြောင့် အောင်မြင်မှုမရသဖြင့် တောမှလာရောက်သူများသည် မိမိတို့ခိုလှုံရာ တောရပ်ဒေသသို့ ပြန်ကြရသည်။


အဖွဲ့ ၈ ဖွဲ့ လာရောက်ဆွေးနွေးရာတွင် စောဟန်သာတာမွှေး ခေါင်းဆောင်သော ကရင်တော်လှန်ရေးကောင်စီက ကရင်ပြည်နယ်ကို ကရင်ဘာသာနှင့် “ကော်သူလေး”ဟု ပြောင်းလဲခေါ်ဝေါ်ရေးကို အဓိက တောင်းဆိုသောကြောင့် အစိုးရဖက်မှ လိုက်လျောသဖြင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့၏။ (ကရင်ပြည်နယ်ကို ကော်သူလေးပြည်နယ်ဟု ခေါ်ဝေါ် ရန် အစိုးရက ၁၉၆၄ ခု ဧပြီလ ၃ ရက်နေ့တွင် ကြေညာလိုက်လျော၏။)


ငြိမ်းချမ်းရေးဆွေးနွေးရန် လာရောက်တဲ့အဖွဲ့များ ပြန်သွားသည်နှင့် လူပေါင်းများစွာကို တစ်စုံထောက်များက ဒလကြမ်း ဖမ်းဆီးသည်။ တောမှ တက်လာသည့် သူပုန်ကိုယ်စားလှယ်များသည် မြို့သို့ရောက်ခိုက် ဆွေမျိုးညာတိများ၏ အိမ်များသို့ ဝင်ထွက်နှုတ်ဆက်ကြသည်။ စစ်ထောက်များ ရှေ့တွင် ဆက်ဆံကြကာ နိုင်ငံရေးစကားမပြောဘဲ လူမှုရေးနှင့် ဆွေမျိုးကိစ္စကိုသာ ပြောကြသော်လည်း ဖမ်းသည်။ သူပုန်နှင့် ရင်းနှီးသူမှန်သမျှကို ဖမ်းသည်။ သခင်စိုးက သူနှင့် ကွာရှင်းပြီး အိမ်ထောင်သစ်ထူသူ ဇနီးဟောင်း၏အိမ်သို့ သွားရောက်နှုတ်ဆက်သည်။ သခင်စိုး၏ဇနီးဟောင်းကို လက်ထပ်မိသူလည်း အဖမ်းခံရသည်။ သူပုန်၏အစ်ကို၊ သူပုန်၏ညီ၊ သူပုန်၏မိတ်ဆွေများကိုလည်း ဖမ်းသည်။ 


စာရေးဆရာ မြသန်းတင့်၊ ဒေါင်းနွယ်ဆွေ၊ စိန်ခင်မောင်ရီတို့ စသော စာရေးဆရာများကိုလည်း ထိန်းသိမ်းသည်။ ဆွေးနွေးပွဲ သတင်းယူရင်း တောသူပုန်တို့နှင့် စကားပြောမိသော သတင်းထောက်များ အယ်ဒီတာများကိုလည်း ဖမ်းသည်။ သူပုန်တို့ကို ဟိုတယ်ထမင်းပွဲနှင့် ဧည့်ခံမိသည့် အယ်ဒီတာ အထောက်တော်လှအောင်လည်း ထောင်သို့ သွားရသည်။ နေရှင်းသတင်းစာ အယ်ဒီတာ ဦးလောရုံ၏ ရေးသားမှုတို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ရသည်ဟု ငြိမ်းချမ်းရေးပျက်ရသည့် တရားခံအဖြစ် ယိုးစွတ်ကာ ဖမ်းသဖြင့် “ဦးလောရုံ၏ ရေးသားမှုကြောင့် ဆွေးနွေးပျက်ရသည်ဟုဆိုလျှင် ယင်းရေးသားချက်ကို သက်သေပြလျက် တရားရုံးသို့ တင်ကာ စစ်ဆေးပြီး အပြစ်ပေးပါ”ဟု သတင်းစာဆရာအသင်းက ပန်ကြားသည်ကို အကြောင်းပြန်ကြားမှုမပြု။ 


ဆွေးနွေးပွဲနှင့် သက်ဆိုင်ခြင်းမရှိသော တည်မြဲဖဆပလ ခေါင်းဆောင် ဦးကျော်ငြိမ်း၊ ဦးဗဆွေနှင့်အဖွဲ့ကိုလည်း ဖမ်းသည်။ ပထစမှ ဦးဝင်း၊ ဗိုလ်မင်းခေါင်၊ ဦးချမ်းသာ၊ ရှေ့နေချုပ်ကြီး ဦးချန်ထွန်း စသော မားမားမတ်မတ်ရှိသူများကိုလည်း ဖမ်းဆီးသည်။ 


မကြာမီကမှ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ထားစ ဖြစ်သဖြင့် နောက်ထပ်ဖမ်းသူများကို တရားရုံးသို့ မတင်ဘဲ ပုဒ်မ ၅ နှင့် ထိန်းသိမ်းသည်ဟု အစိုးရက ကြေညာသည်။ တရားရုံးသို့ တင်၍ အမှုစစ်ဆေးခြင်း မပြုစေကာမူ အဖမ်းခံရသူတို့မှာ ၅ နှစ်မှ ၈ နှစ်အထိ ခံကြရသည်။ 


အဖမ်းခံထိသူများတွင် အစိုးရအမှုထမ်းများလည်း ပါဝင်ရာ ထိုအမှုထမ်း အရာထမ်းတို့ကို အစိုးရဝန်ထမ်းအဖြစ်မှ ရာသက်ပန်ထုတ်ပယ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်နေ့က ကြေညာသည်။


ဗိုလ်နေဝင်းသည် ဆင်းရဲသားများ အကျိုးရှိစေရန် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အားထုတ်လုပ်ဆောင်နေပါလျက် လူထုက လက်မခံ။ မြို့ပေါ်နိုင်ငံရေးအဖွဲ့များက ကျောခိုင်းသဖြင့် တောတွင်းမှ သူပုန်များကို ဖိတ်ခေါ်သောအခါတွင် ဒီမိုကရေစီစနစ်ကိုသာ တောင်းဆိုနေကြသောကြောင့် ဒေါသူပုန်ထကာ မဲမဲမြင်သမျှ ဖမ်း၍ ထောင်သွင်း ညှဉ်းဆဲပွဲကြီးသည် ခံရသူတို့အဖို့ နစ်နာလှတော့၏။


* * * 


၂၂။ ဗိုလ်နေဝင်း၏ နိုင်ငံရေး ကလိန်ခြုံဇာတ်ပွဲကြီး


မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဦးချစ်လှိုင်၊ ဦးဘဘေ၊ ဒေါက်တာ ဗမော်၊ ဦးစော စသည်ဖြင့် နိုင်ငံရေးခေါင်းဆောင်အများရှိသည်တွင် ဦးနေဝင်းကဲ့သို့ နိုင်ငံရေး ကလိန်ကျနိုင်သူ မရှိပေ။ သူသည် နိုင်ငံရေးကလိန်ခြုံကြီး ဖြစ်သည်ကို သူအာဏာရချိန်တွင် အာဏာကို ကာလရှည်ကြာစွာ ဆွဲကိုင်ထားနိုင်ခြင်းဖြင့် သက်သေပြနေသည်။


“သူက မြင်းသမား၊ နိုင်ငံရေးကို မြင်းလောင်းသလို ပိုင်အောင် လုပ်ပြီး တကယ်စိတ်ချလက်ချ နိုင်ခြေရှိမှသာ လောင်းတာမို့ အမြဲအနိုင်ရတာ”ဟု သတင်းစာဆရာတဦးက ပြောသည်။ မှန်၏။ တက္ကသိုလ်ကျောင်းသားဘဝက စတင်ပြီး မြင်းပွဲတွင် ကျက်စားခဲ့သည်။ လောင်းကစား ဝါသနာထုံသောကြောင့် စာမေးပွဲကျရသဖြင့် ဆရာဝန်မဖြစ်ဘဲ စစ်ဗိုလ် ဖြစ်လာသည်။ သူ၏ဝသီနှင့် ကိုက်ညီစွာ “ဘဇူကာ”ဟု အမြောက်လက်နက်ဖြင့် အမည်ကို ပေးထားသည့် သူပိုင်မြင်းသည် ရန်ကုန်မြင်းပွဲတွင် မကြာခဏ အနိုင်ရသောမြင်းဖြစ်သည်။ သို့သော် ထိုမြင်းကို ရန်ကုန်သားတို့က စိတ်ချလက်ချ မထိုးဝံ့ကြဘဲ ရှောင်ကွင်းလေ့ရှိကြသည်။ 


သူက ညစ်သည်။ ဘဇူကာ ဖေးဘရိတ်ဖြစ်နေပြီး လောင်းသူများနေလျှင် အနိုင်မစီးဘဲ ချိုးထားကာ တခြားပြိုင်ဘက်မြင်းကို သူက ပုံအော၍ အနိုင်ယူလေ့ရှိသည်။ ဘကာကို အထင်သေးကာ လောင်းသူနည်းချိန်တွင်မှ လျော်ငွေများများ ရနိုင်ချိန်တွင် သူက များစွာပုံလောင်း၍ အနိုင်စီးသည်။ အနိုင်ယူသည်။ ဘဇူကာသည် သူ တဦးတည်းကိုသာ အကျိုးပြုစေသည်။ 


စစ်တုရင်ကစားသောအခါ သူ၏အကွက်တို့သည် ပိုင်နိုင်သည်။ သူ၏အဓိက အားထုတ်ချက်မှာ ဘုရင်ကို လုံခြုံအောင် ထိန်းသိမ်းမှုဖြစ်သည်။ “ပွဲစတင်ရွေ့သည်နှင့် နယ်များ၊ စစ်ကဲများကို တဖက်ရန်သူသို့ ရက်ရောစွာ ကျွေးပြီး ဘုရင်ကိုရန်မရှာနိုင်အောင် လုံခြုံသော အကာအကွယ်နှင့် ထားသည်။ ဘုရင်၏လုံခြုံရေးကို စိတ်ချရမှသာ တဖက်ကိုပြန်၍ တိုက်စစ်ဆင်သည်။ ရှေ့နောက်ဝဲယာ ခုံပေါက် ကျော်လွှားနိုင်သော မြင်းကွက်ကို သူက ပိုင်၏။ မြင်းကို သူက အားကိုးပြု၍ အစားမခံရအောင် ဂရုစိုက်လေ့ရှိသည်။ မြင်းကွက်နှင့်ပင် တဖက်ရန်သူ၏ဘုရင်ကို သတ်ဖြတ်၍ အနိုင်ယူလေ့ရှိသည်။


မြင်းပွဲသွားတိုင်း ဗိုလ်နေဝင်းသည် နောက်ဆုံးတန်းတွင် ထိုင်လေ့ရှိသည်။ ရှေ့တန်းများကို ရှောင်သည်။ သူ၏နောက်တွင် အုတ်နံရံသာ ရှိစေသည်။ စိတ်ချရသည့် အုတ်နံရံကိုသာ ကျောခိုင်းသည်။ စစ်တုရင်ကစားရာ၌ ဘုရင့်လုံခြုံရေးကို အဓိကထားသကဲ့သို့ သူ၏လုံခြုံရေးကို အရေးထားသည်။


ဗိုလ်နေဝင်းသည် သူပိုင်သည့် စစ်တုရင်ကွက်နှင့် မြင်းသမားနည်းကို အသုံးပြု၍ နိုင်ငံရေး၌ အနိုင်ရရှိစေရန် ကစားလေ့ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်များနှင့် မြန်မာလူထုက သူ့အပေါ်တွင် အကောင်းမြင် ထင်မြင်ချက်ကို ရရှိစေရန် ဖန်တီးနိုင်သည်။ ထို့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကိုလည်း အကောင်းမြင်စေရန် ဖန်တီးမှုများ အောင်မြင်ခဲ့၏။


ဗိုလ်နေဝင်း၏ တော်လှန်ရေးအစိုးရသည် တက်လာချိန်မှ စတင်ကာ ကွန်မြူနစ်နိုင်ငံများသို့ လက်ကမ်းပြီး အနောက်နိုင်ငံများ၏ သြဇာဖယ်ရှားရေးကို လုပ်ဆောင်ခဲ့သည်။ မြန်မာကျောင်းများတွင် အစဉ်တစိုက် အင်္ဂလိပ်ဘာသာကို ဒုတိယအဓိကဘာသာအဖြစ် သင်ကြားနေရာမှ ရပ်ဆိုင်းခဲ့သည်။ (မှတ်ချက်။ ။ သမီး စန္ဒာဝင်း အဆင့်မြင့်ဆေးပညာ သင်ကြားရေးအတွက် ဘိလပ်သို့လွှတ်ရန် အားထုတ်သောအခါတွင် အင်္ဂလိပ်ဘာသာ ညံ့ဖျင်းသဖြင့် အင်္ဂလန်က လက်မခံမှ မြန်မာကျောင်းများ၌ အင်္ဂလိပ်စာ သင်ခွင့်ပေးရန် အမိန့်ပေး၏။) အမေရိကန်မှ အကူအညီ အမျိုးမျိုး ပေးနေသော ဖူးလ်ဘရိုက်အဖွဲ့၊ အေးရှဖောင်ဒေးရှင်းအဖွဲ့ ၊ ဖို့ဒ်ဖောင်ဒေးရှင်းအဖွဲ့တို့ကို မြန်မာနိုင်ငံမှ နှင်ထုတ်သည်။ အ​မေရိကန်သံရုံးက ဖွင့်လှစ်ထားသည့် ပြန်ကြားရေးစာကြည့်တိုက်ကိုပင် ဖွင့်ခွင့်မပြုဘဲ ပိတ်ခဲ့သည်။ 


ရန်ကုန် - မန္တလေး လမ်းမကြီးကို ဖောက်လုပ်ပေးရန်အတွက် အမေရိကန်အကူကိုလည်း သူက ပယ်သည်။ အမေရိကန်ဒေါ်လာ ၂၈ သန်းတန် အကူအညီကို ဒီမိုကရေစီအစိုးရခေတ်က လက်ခံ၍ မြေတိုင်းခြင်း၊ လမ်းအတွက် ဗိသုကာပုံများ ရေးဆွဲခြင်းတို့ လုပ်ခဲ့သည်။ စီမံကိန်းကို အပြီး အကောင်အထည်ဖော်ရန် ပြင်ဆင်နေစဉ် အစည်းအဝေး၌ “ဟ ဒီလမ်းကြီး ခင်းလို့ ရှိလျှင် အရေးကြုံတော့ အမေရိကန်စစ်လေယာဉ်ပျံတွေ ဆင်းနိုင်မှာပေါ့။ ဒါကြောင့် တရုတ်အစိုးရက ကြိုက်မှာ မဟုတ်ဘူး၊ ဖျက်လိုက်၊ ဖျက်လိုက်၊ ဒီအကူကို လက်မခံနဲ့”ဟု ဗိုလ်နေဝင်းက နှုတ်မိန့်ပေးကာ ဖျက်ခဲ့၏။ 


ရန်ကုန်တက္ကသိုလ်ကျောင်းဆောင်သစ်များ ဆောက်လုပ်ရန် အကူငွေဒေါ်လာ ၂ သန်းကိုလည်း အဆောက်အဦးပုံစံကို သူ မကြိုက်ဟုဆိုကာ ပယ်၏။ အသိဉာဏ်နည်းပြီး သူရဲဘောကြောင်သူ အာဏာရနေသဖြင့် နိုင်ငံမှာ နစ်နာခဲ့ရသည်။


ထိုသို့ အမေရိကန် အထောက်အကူများ ဖျက်စေကာမူ အမေရိကန်ထံမှ မြန်မာကျပ်ငွေစက္ကူနှင့် စစ်လက်နက်ကိရိယာများ ဝယ်ယူခွင့်အကူ၊ မြန်မာနိုင်ငံရှိ အမေရိကန်အစိုးရပိုင် ဒေါ်လာ ၁၇ သန်းတန် ကျပ်ငွေ စက္ကူများကို စီးပွားရေးဖွံ့ဖြိုးမှု၌ အသုံးပြုရန်အကူနှင့် ဘိန်းလုပ်ငန်း နှိမ်နင်းရန်အတွက် ရဟတ်ယာဉ် ၁၈ စီးနှင့် မြန်မာလေသူရဲများကို ရဟတ်ယာဉ်မောင်း လေ့ကျင့်ပေးရေး စီမံကိန်းအကူများကို ရယူနိုင်ခဲ့၏။


၁၉၆၆ ခုနှစ်တွင် အမေရိကန်သို့သွားကာ သမ္မတဂျွန်ဆင်နှင့် မိမိနိုင်ငံတွင် မိမိကြိုက်ရာ အစိုးရတည်ထောင်ခွင့် သဘောတူညီချက် စာတမ်းကိုပင် လက်မှတ်ထိုးနိုင်ခဲ့သည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို လုပ်

ဆောင်နေသူဖြစ်ပါလျက် ကွန်မြူနစ်ဆန့်ကျင်ရေးခေါင်းဆောင်ဟု ထင်မြင်စေရန် သရုပ်ဖော်နိုင်သူ ဖြစ်သည်။ 


ပြည်တွင်းတွင်လည်း မျက်လှည့်ပြနိုင်သည်။


“တော်လှန်ရေးကောင်စီသည် မလွဲမရှောင်သာ၍ နိုင်ငံတော်၏အခြေအနေကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသော်လည်း အမှန်စစ်စစ်အားဖြင့် အာဏာပိုင်သည့် မူလပိုင်ရှင်အစစ်သည် ပြည်သူလူထုပင်ဖြစ်ရာ လူထုထံ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှံရန် တော်လှန်ရေးကောင်စီက ရည်ရွယ်ကြောင်း”စသည်ဖြင့် ၁၉၆၆ ခုနှစ် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ကျင်းပသော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတွင် ဗိုလ်နေဝင်းက စတင် ဟောပြောသည်။ နိုင်ငံရေးကွက်တကွက် တီထွင်ပြန်ပြီ။


ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် စစ်တပ်အစိုးရကို လူထုက ရွံ့ရှာစပြုစဉ်တွင် အာဏာကို လူထုလက်သို့ ပြန်အပ်ပါမည်ဟု လေသံပစ်သည်။ လူထုအဖို့ စားဝတ်နေရေး တစတစ ကြပ်တည်းလာသည်ကို သူသိသည်။ လူထုပစ္စည်းကို ခိုးဝှက်ရန် အာဏာသိမ်းထားသူ ဖြစ်သဖြင့် လူထုကြီး စီးပွားဖြစ်အောင် သူမလုပ်နိုင်သည်ကိုလည်း သူသိသည်။ ထို့ပြင် သူ၏အစိုးရသည် လူထုက ရွေးကောက် တင်မြှောက်ထားသည်မဟုတ်၊ လက်နက်နှင့် အာဏာသိမ်းထားသည့် အစိုးရသာဖြစ်သဖြင့် တော်လှန်ရေးအစိုးရအသွင်နှင့် ကြာမြင့်စွာ ရပ်တည်လျှင် ကမ္ဘာက လက်မခံတော့မည်ကိုလည်း သူသိသဖြင့် အာဏာပြန်အပ်ရေး လေသံပစ်သည်။


ထိုမိန့်ခွန်းကို လူထုက သာယာမိကြသည်။ ဓားစာခံအဖြစ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တဦးပြီးတဦး ဖြူတ်ပယ်စဉ်က စစ်အစိုးရ၏ ဖိနှိပ်မှုကို ခံရပြီး စားဝတ်နေရေး ခက်ခဲလာသော လူထုက “ဗိုလ်ချုပ်ကြီးက

ကောင်းပါတယ်၊ သူ့လူတွေက သူညွှန်သလို မလုပ်ကြတာကြောင့် တို့တတွေ ခံကြရတာ”ဟု ညည်းညူစေရန် သူက ဖန်တီးခဲ့သည်။ ယခု တဖန် “ဗိုလ်ချုပ်ကြီးက နိုင်ငံရေးရာထူးကို မက်ရှာတာမဟုတ်ပါဘူး”ဟု လူထုက ယူဆရန် ဖန်တီးပြန်သည်။


အာဏာကို လူထုလက်သို့ လွှဲပြောင်းပေးပါမည်ဟူသော ကတိကို ပေးပြီးနောက် စစ်တပ်အုပ်ချုပ်ရေးကို ၃ နှစ်ခန့် ဆွဲထားသည်။ လူထုက မျှော်တလင့်လင့် စောင့်ကြည့်နေသော ထိုကတိကို ၁၉၆၉ ခုနှစ်တွင်မှ အစပြန်ဖော်သည်။ ၁၉၆၆ ခုနှစ် စတုတ္ထအကြိမ် မဆလပါတီ နှီးနှောဖလှယ်ပွဲတွင်မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီမှ ပြည်သူ့ပါတီအဖြစ်သို့ ကူးပြောင်းဖွဲ့စည်းရန်နှင့် ပြည်သူလူထုလက်သို့ နိုင်ငံတော်အာဏာ ပြန်အပ်ရေးအတွက် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ် ရေးဆွဲရန် ဆုံးဖြတ်ခဲ့သည်။ 


ထိုဆုံးဖြတ်ချက်ကို ချမှတ်ခြင်းမပြုမီ ထောင်မှလွှတ်ပေးလိုက်သော ဝန်ကြီးချုပ် ဦးနု၊ ဖဆပလ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ပမညတ သခင် ချစ်မောင် စသော နိုင်ငံ၏ခေါင်းဆောင် ၃၃ ဦးကို ဖိတ်ခေါ်ကာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းသည်။


“တိုင်းပြည် တကယ် အကျိုးပြုမယ့် အလုပ်တွေကို လုပ်နေတဲ့အခါ တတ်နိုင်သမျှ ညီညွတ်ရေးရအောင် ဘယ်လိုများ ဆောင်ရွက်ရမယ်။ ဆောင်ရွက်ရင် ကောင်းမယ်ဆိုတာကို အကြံဉာဏ်ပေးဖို့ ကျွန်တော်က မေတ္တာရပ်ခံပါတယ်”ဟု အစချီ၍ သူက ပြောပြီး “ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူနည်းအစုအရေး အကုန်ခြုံပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတခု ပေါ်ထွန်းလာတဲ့အထိပဲ”ဟု သူလိုချင်သည်ကို ဆိုသည်။


နိုင်ငံ၏ခေါင်းဆောင်များသည် ဗိုလ်နေဝင်းမှ အာဏာသက် လေးနှစ်တာအတွင်း စီးပွားရေး ကသောင်းကနင်း ကျဆင်းနေသဖြင့် စစ်မှန်သောစေတနာနှင့် အကြံတောင်းသည်ဟု ယူဆကြကာ အားတက်သရော ဆွေးနွေးကြံဆကြလေသည်။ ဗိုလ်နေဝင်းက စေတနာရိုးနှင့် ခေါ်သည်ဟု ထင်မှားကြသဖြင့် ကြိုးစားအားထုတ်ကြသည်။


၁၉၆၈ ခု ဒီဇင်ဘာလမှ ၆ လအတွင်း အစည်းအဝေး ၉၃ ကြိမ် ဆွေးနွေးကြသည်။ ပါတီစုံ ဝါဒစုံ ဖြစ်နေသဖြင့် အများသဘောတူ အကြံပြုချက်တခုတည်း ထွက်မလာနိုင်ပေ။ အများစုဖြစ်သော အဖွဲ့ဝင် ၁၈ ဦးတို့က 

(၁) ဒီမိုကရေစီစနစ်ကို ထူထောင်ပါ။ 

(၂) ပါတီစုံစနစ် ကျင့်သုံးပါ။ 

(၃) ခြေလေးချောင်းထောက် စီးပွားရေးစနစ်ကို လုပ်ဆောင်ပါဟု အကြံပြုသည်။ 


အဖွဲ့ဝင် ၁၁ ဦးတို့ကလည်း ဆိုရှယ်လစ် ဒီမိုကရေစီစနစ် ထူထောင်ရန်အတွက် အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုဖွဲ့ပါဟု အကြံပြုသည်ကို ဦးကျော်ငြိမ်းနှင့် ၃ ဦးတို့က ထိုမူကိုပင် ယေဘုယျ သဘောတူကြောင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တည်ထောင်ရန်၊ ထို့ပြင် မည်သည့်ပြည်နယ်မှ ခွဲထွက်ခွင့်မပေးရန် ဖော်ပြထားသည်။ 


ဦးနုကမူ ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ဗိုလ်နေဝင်းဎအိမ်စောင့်အစိုးရကို ခန့်ထားခဲ့သည့်နည်းတူ တော်လှန်ရေးအစိုးရကို တရားဝင်အစိုးရ ဖြစ်စေရန်၊ အာဏာကို မိမိအား ပြန်အပ်ရန်၊ လွှတ်တော်အစည်းအဝေး ချက်ချင်းခေါ်ယူပြီး အစည်းအဝေးမှ ဗိုလ်နေဝင်းအား ခန့်ထားပြီး အာဏာပေးအပ်ရန်၊ သို့မှသာ ဗိုလ်နေဝင်းအစိုးရအဖို့ ဥပဒေနှင့် ညီညွတ်သည့် အစိုးရဖြစ်စေမည်ဟု အကြံပြု၏။


၃၃ ဦးကော်မတီဝင်များသည် နိုင်ငံတည်ဆောက်ရေးအတွက် အသေးစိတ် ကျယ်ပြန့်စွာ ရေးသားကြသည်ကို ဗိုလ်နေဝင်းက တလုံးတပါဒကိုမှ လက်မခံပေ။ အားလုံးက ဒီမိုကရေစီ စကားပြောကြသည်ကို သူက နားခါးသည်။ မည်သည့်အချက် မည့်သည့်လမ်းစဉ်ကိုမှ သူကသဘောမတူဘဲ အားလုံးကို ပယ်ချသည်။


“ခြုံကြည့်လိုက်တဲ့အခါ အရေးကြီးဆုံးက ဘယ်လူတန်းစားကို အခြေပြုမလဲ။ အဲဒီလူတန်းစားကို အကျိုးပြုမဲ့ ကိစ္စကတော့ ကျွန်တော်တို့နဲ့ ဖီလာပဲ”ဟု ပါတီနှီးနှောဖလှယ်ပွဲတွင် ပြောသည်။ ၃၃ ဦးတို့သည် မြေရှင်ငွေရှင်တို့၏ လက်ပါးစေများ ဖြစ်ဟန် သရုပ်ဖော်၍ သူ့ကိုယ်သူ အလုပ်သမား လယ်သမားထုကြီး၏အကျိုးကိုသာ အားထုတ်ပြုလုပ် ဆောင်ရွက်နေသော ဆင်းရဲသားတို့၏ ခေါင်းဆောင်ကြီးအဖြစ် ဖန်တီးသည်။


၁၉၇၁ ခုနှစ်၊ ဇွန် ၁ ပထမပါတီညီလာခံတွင် “ပြည်တွင်းညီညွတ်ရေးအဖွဲ့သည် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့နှင့် ပတ်သက်၍ ထိရောက်သည့် အကြံဉာဏ်များကို ပေးနိုင်ခြင်းမရှိခဲ့ပေ”ဟု ဗဟိုကော်မတီက အစီရင်ခံကာ ဆွေးနွေးချက်များ အကြံပြုချက်များကို အပြီးအပြတ် ပယ်လိုက်၏။


ပထမပါတီညီလာခံ၏ အဓိကဦးတည်ချက်မှာ နိုင်ငံတော်အာဏာကို ပိုင်ရှင်အစစ်ဖြစ်သည့် လူထုလက်သို့ ပြန်အပ်ရန်ဖြစ်သည့်အတိုင်း ဗိုလ်နေဝင်းက အာဏာအပ်ပွဲ ကျင်းပသည်။ သို့သော် ရွေးကောက်တင်မြှောက်ထားသော လူထုကိုယ်စားလှယ်မရှိသဖြင့် ပါတီကိုပင် လူထုကိုယ်စားလှယ်အဖြစ် ပြန်အပ်ရ၏။


“တကယ့်တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာပိုင်ဖြစ်တဲ့ လူထုလက်ထဲကိုတော့ ရောက်အောင် ပြန်အပ်မှာပါပဲ။ ဒါ ကျွန်တော်တို့ အစကတည်းက ယုံကြည်ခဲ့တယ်။ အဲဒီယုံကြည်တဲ့အတိုင်းလည်းပဲ ကျွန်တော်တို့ အစဉ်တစိုက် လုပ်ခဲ့တယ်။ လုပ်ခဲ့လို့လည်းပဲ ကနေ့ အစပျိုးပြီးတော့ တပြည်လုံးရဲ့ ကိုယ်စားလှယ်တွေရဲ့ လက်ထဲတော့ ကျွန်တော်တို့ မအပ်နိုင်သေးဘူးပေါ့ ခင်ဗျာ၊ သို့သော်လည်းပဲ တပြည်လုံးလူထုရဲ့ တစိတ်တဒေသဖြစ်တဲ့ ကျွန်တော်တို့ပါတီကိုတော့ဖြင့် ကျွန်တော်က ပြန်အပ်ပါပြီ”ဟု ဗိုလ်နေဝင်းက မိန့်ခွန်းပေး၍ အာဏာကို ပြန်လည်အပ်နှင်းပါကြောင်းဖြင့် ထုတ်ဖော်ကြေညာလိုက်သည်။


ထိုအခါ နိုင်ငံတော်၏စစ်သေနာပတိ၊ စစ်ဗိုလ်ချုပ်ကြီးက တော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် သူ လုယူရရှိထားသည့် အာဏာကို ပါတီသို့ ပြန်အပ်သည်ဆိုသည့် ဗိုလ်နေဝင်းရေးသားသော ဇာတ်ညွှန်းကို နားမလည်နိုင်ကြသည့် ပါတီဝင်အတော်များများမှာ မျက်စိလည်သွားကြရှာသည်။


ပါတီ၏လက်တွင်းသို့ ဗိုလ်ချုပ်ကြီးက အာဏာကိုပြန်အပ်လိုက်ပြီဆိုသဖြင့် ထိုအာဏာကို ပါတီက မည်သို့လက်ခံပြီး မည်သည့်နှယ် လည်ပတ် ခုတ်မောင်းမည်နည်း ဟူသော ကိစ္စအတွက် ပါတီဗဟိုကော်မတီ အစည်းအဝေးကို တံခါးပိတ်ကျင်းပနေသောအခါတွင်လည်း ညီလာခံကိုယ်စားလှယ်များ နားမလည်နိုင်သေးသဖြင့် အပြင်ဖက်မှ ခေါင်းရှုပ်စွာ စဉ်စား စောင့်ဆိုင်းခဲ့ကြရသည်။ လွှဲအပ်သည့် အာဏာဆိုသောအရာကြီးကို အထုပ်အထည်နှင့် မမြင်ကြရစေကာမူ နိုင်ငံရေးအာဏာဟူသည်မှာ တန်ခိုးအကြီးဆုံးပစ္စည်း ဖြစ်သည်ကို သိရှိနားလည်ကြသဖြင့် ရင်ဖိုစွာ စောင့်ကြည့်ကြသည်။


ဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း ဦးစီးသော ဗဟိုကော်မတီအစည်းအဝေးမှ စဉ်းစားပြီးနောက် ပါတီညီလာခံအစည်းအဝေးကို ဆက်လက် ကျင်းပတော့မှ ဇာတ်ကွက်လည်ကြရသည်။ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်မှာ လက်ငင်းအားဖြင့် ပြည်သူတို့က ရွေးကောက်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များ၏ ပြည်သူ့လွှတ်တော် မရှိသေးပါ။ ထိုကြောင့် တော်လှန်ရေးကောင်စီ၏ဥက္ကဋ္ဌ (ဗိုလ်နေဝင်း)က လွှဲအပ်ပေးလေသော အာဏာကို ပါတီဥက္ကဋ္ဌကြီး (ဗိုလ်နေဝင်း)က လက်ခံ၍ ပြန်ယူပြီး ပြည်သူ့ လွှတ်တော် ပေါ်ပေါက်သည်အထိ တာဝန်ယူပါဟု (ဗိုလ်နေဝင်းမှ ဗိုလ်နေဝင်းသို့) လွှဲအပ်ရန် ဆုံးဖြတ်ကြလေသည်။ ယင်းတာဝန်အတွက် တော်လှန်ရေးကောင်စီကို ပြင်ဆင်ဖွဲ့ စည်းပါဟုလည်း တာဝန်ပေးသည်။ 


ဤသို့ဖြင့် တော်လှန်ရေးကောင်စီအစိုးရသည် မြန်မာ့လမ်းစဉ် ဆိုရှယ်လစ်ပါတီက လွှဲအပ်ထားသော တော်လှန်ရေးကောင်စီအသစ် အစိုးရဖြစ်လာသည်နှင့်အညီ တော်လှန်ရေးကောင်စီ (အသစ်)အစိုးရအား အကြံပေးရန်အတွက် တော်လှန်ရေးကောင်စီ အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းရန် ညီလာခံတွင် ဆုံးဖြတ်ပြီး ဥက္ကဋ္ဌ ဦးကြည်မြ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဖေမြင့်တို့ ဦးစီးသော အဖွဲ့ဝင် ၃၀ ပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းတင်မြှောက်ကြရသည်။


ဤတွင် နိုင်ငံရေးပါရဂူတဦးဖြစ်သော ဦးသိန်းဖေမြင့်က တော်လှန်ရေးကောင်စီ တင်ပြသော အစိုးရ၏ ရသုံးခန့်မှန်းခြေငွေစာရင်းကိစ္စ၊ စီးပွားရေး စီမံကိန်းကိစ္စနှင့် နိုင်ငံခြားဆက်သွယ်ရေးကိစ္စတို့ကို အကြံပေးနိုင်ရန် လိုအပ်ပါက အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီး သို့မဟုတ် အရာရှိများနှင့် ဆွေးနွေးပြီး အကြံပေးစာတင်ရန်ဆိုသည့် အဆိုကို တင်သွင်းလေ၏။ တော်လှန်ရေးကောင်စီက အတိုင်ပင်ခံအဖွဲ့သည် တင်ပြသော အချက်အလက်များကို လေ့လာ၍ အကြံပေးရန်သာ တာဝန်ရှိသည်။ အကြံပေးအဖွဲ့က ဒုဝန်ကြီးများ၊ အတွင်းဝန်ကြီးများကိုခေါ်၍ မေးမြန်းမည်ဆိုပါက မလိုလားအပ်သော ပြဿနာပေါ်လာနိုင်သည်ဟုဆိုကာ တော်လှန်ရေးကောင်စီအသစ်က ပယ်ချသည်။


ဦးသိန်းဖေမြင့်က အသက်ရှိပြီး အဆိပ်ပါသော အကြံပေးအဖွဲ့ကို ဖွဲ့စည်းရန် အားထုတ်သည်ကို သူ့ထက် နိုင်ငံရေးပညာရင့်သူ ဗိုလ်နေဝင်းက လွယ်ကူစွာ ရှောင်ရှားလိုက်သည်။ ဗိုလ်နေဝင်းသည် သူတဦးတည်းသာ အာဏာရှင်ဖြစ်စေပြီး သူပိုင်စစ်တပ်က သူ၏လက်နက်သာဖြစ်စေလိုသည်။ အခြားအဆိပ်အတောက်ရှိသည့် အဖွဲ့ အစည်းများကို လက်မခံနိုင်။


အာဏာကို ပြည်သူ့လက်သို့ လွှဲအပ်ရေးအစီအစဉ်ကို ဆက်လက် လုပ်ဆောင်သည်။ တော်လှန်ရေးကောင်စီဝင် စစ်ဗိုလ်များက ဝန်ကြီးအဖွဲ့ အား တာဝန်ယူခြင်းကို ပြင်ဆင်သည်။ ပြင်ဆင်ပုံမှာ ထိုစစ်ဗိုလ်ကြီးများ စစ်ဗိုလ်ဝန်ကြီးအဖြစ် အမှုထမ်းခြင်းမပြုဘဲ အရပ်သားများအဖြစ် အစိုးရအဖွဲ့ ဝန်ကြီးရာထူးများကို အမှုထမ်းကြရန် စီစဉ်သည်။


ဗိုလ်နေဝင်းပြသော မျက်လှည့်မှာ ရှင်းသည်။ ၁၉၇၂ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့တွင် 


(၁) ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးတာဝန်ကို ထမ်းရွက်နေကြသော 

(၂) ဗိုလ်မှူးချုပ်စိန်ဝင်း 

(၃) ဗိုလ်မှူးကြီးသောင်းကြည် 

(၄) ဗိုလ်မှူးကြီးမောင်ရွှေ 

(၅)ဗိုလ်မှူးကြီးကျော်စိုး 

(၆) ဗိုလ်မှူးကြီးသန်းစိန် 

(၇) ဗိုလ်မှူးကြီးလှဟန် 

(၈) ဗိုလ်မှူးကြီးမောင်လွင် 

(၉) ဗိုလ်မှူးကြီး ကိုတိုး 

(၁ဝ) ဗိုလ်မှူးကြီးမောင်လွင်

(၁၁) ဗိုလ်မှူးကြီးအောင်ဖေ 

(၁၂) ဗိုလ်မှူးကြီး စိန်မြ 

(၁၃) ဗိုလ်မှူးကြီးလှဘုန်း 

(၁၄) ဗိုလ်မှူးကြီးမောင်မောင် 

(၁၅) ဗိုလ်မှူးကြီး ထင်ကျော် 

(၁၆) ဗိုလ်မှူးကြီး ချစ်ခင် 

(၁၇) ဗိုလ်မှူးကြီး ဗန်ကူးလ် 

(၁၈) ဗိုလ်မှူးကြီးထွန်းတင် 

(၁၉) ဒုတိယ ဗိုလ်မှူးကြီး သိန်းအောင် 

(၂၀) ဒုတိယဗိုလ်မှူးကြီးစန်ဝင်းနှင့် 

(၂၁) ဒုတိယ  ဗိုလ်မှူးကြီးရဲခေါင်တို့သည် တပ်မတော်မှထွက်ကာ အငြိမ်းစားယူကြသည်။


ဗိုလ်နေဝင်းက မီးသေသည်။ သူ၏လက်ကိုင်တုတ် စစ်ဗိုလ်ကြီးများအား “ဟေ့ကောင်တွေ ရာထူးက ထွက်ကြဟေ့”ဟု အမိန့်ပေးသည်ကို နှုတ်မှ အမိန့်ကိုရွတ်ဆို၍ မဆုံးသေးမီ လူဝတ်လဲပြီး ဖြစ်နေကြသည်။ အစုလိုက် အပြုံလိုက် ထွက်ပြီးသား ဖြစ်နေကြသည်။ စစ်ဝတ်စုံကို ချွတ်ကြသည်သာမက မြန်မာပီသစေရန် စစ်ဗိုလ်လူထွက်အားလုံးတို့သည် အခမ်းအနားများတွင် တောင်ရှည်ပုဆိုးကြီးများ ဝတ်ကြရသည်။


တပ်မှ အားလုံးထွက်ကြချိန်၌ နောက်ပေါက်စစ်ဗိုလ်များနှင့် တပ်ကို စိတ်မချသဖြင့် “စန်းယု မင်းကတော့ မထွက်နဲ့၊ တပ်ကို ထိန်းပေါ့ကွာ”ဟု အမိန့်ပေးသည်ကိုလည်း တပ်မတော်သေနာပတိ ဗိုလ်ချုပ်ကြီးဖြစ်လာသူက ပင်စင်စားကြီး ဦးနေဝင်းအား အလေးပြုကာ စစ်ဗိုလ်လူထွက် အရပ်သားကြီး၏ နှုတ်မိန့်ကို တိကျစွာ နာယူသည်။


ပင်စင်စားကြီး ဦးနေဝင်းက ဝန်ကြီးချုပ်အဖြစ် ဦးစီးသော အရပ်သား တော်လှန်ရေးကောင်စီ အစိုးရအဖွဲ့ကို သူတို့ ပင်စင်ယူသောနေ့တွင်ပင် ဖွဲ့စည်းကြောင်း ကြေညာသည်။ စစ်တပ်မှ ဗိုလ်ချုပ်ကြီးစန်းယုက ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ယူသည်။ စစ်ဗိုလ်တဦး ပါဝင်နေစေကာမူ အသွင်ပြောင်းတော်လှန်ရေးကောင်စီကို စစ်အစိုးရဟု ခေါ်ဆိုခြင်းမပြုနိုင်။ အရပ်သားအစိုးရအဖွဲ့အဖြစ် ခေါ်ဆိုနိုင်ကြပြီဖြစ်သော်လည်း နိုင်ငံရေးအာဏာမှာ မူလပိုင်ရှင်အရပ်သားလူထု၏လက်သို့ ရောက်ရှိပြီဟု မဆိုနိုင်သေးပေ။ ထို့ကြောင့် လူထုကိုယ်စား ပြည်သူလူထုက ရွေးချယ်သည့် ကိုယ်စားလှယ်များ၏ ပြည်သူ့လွှတ်တော် ဖွဲ့စည်းရန် ဆက်လက် ကြိုးပမ်းရပြန်သည်။ 


လူထုပိုင်သော အာဏာကို လူထုလက်ကို အပ်ရန်အတွက် အခြေခံဥပဒေကို လူထုနည်းနှင့် ရေးသားကြရပြန်သည်။


“ကျွန်တော်တို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ မပါမဖြစ်တဲ့ အချက်နှစ်ရပ်ကတော့ လူနဲ့ လူချင်း ခေါင်းပုံမဖြတ်ရေး၊ အညွန့် မခူးရေး၊ လူတမျိုးနဲ့တမျိုး ခေါင်းပုံမဖြတ်ရေး၊ အညွန့်မခူးရေးပါပဲ။ နောက်တချက်ကတော့ လူတိုင်း မွေးရာပါ ပဋိသန္ဓေက ပါလာတဲ့ လူ့အခွင့်အရေးကို အပြည့်အဝရရေးကတော့ ဥပဒေမှာ မိမိရရ သေသေချာချာ ထည့်ဖို့ လိုပါတယ်”ဟု လမ်းညွှန်မှုမိန့်ခွန်းကို ဦးနေဝင်းက ပြောသည်။ ၁၉၆၂ ခုနှစ် သူတက်လာချိန်မှ စတင်ကာ နိုင်ငံသားတို့၏ လူ့အခွင့်အရေးများကို သူကိုယ်တိုင်က ချေမွဖျက်စီးခဲ့သည်ကို သူ၏ရင်တွင်းမှ သိသည်။ သူကိုယ်တိုင် နိုင်ငံသားတို့၏ပစ္စည်းများနှင့် နိုင်ငံပိုင်သယံဇာတများကို ခိုးပြီး နိုင်ငံခြားသို့ ပို့ခဲ့သည်။ သူ့စိတ်တိုင်းကျ ခိုးဝှက်နိုင်ရန်အတွက် သူ၏လက်ကိုင်တုတ် စစ်တပ်ကို အရပ်သားတို့အပေါ် လူပေါ်လူညွန့် ခူးစေခဲ့သည်။ ယင်းသို့ သူကျူးလွန်သမျှ ရာဇဝတ်မှုများကို ဆန့်ကျင်သည့် ဥပဒေကို ရေးဆွဲစေပြီး ခိုးဝှက် ခေါင်းပုံဖြတ်မှုများကို ဆက်လက်၍ ကျူးလွန်ကြမည်ဖြစ်ပါလျက် စကားလုံးလှပသော ဥပဒေကို ရေးသားရန် ညွှန်ကြားနိုင်သည်မှာ သူ၏ကလိန်ကျ နိုင်ငံရေးလုပ်ရပ်ဖြစ်၏။


၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဥပဒေ ပထမမူကြမ်းကို စတင်ရေးသည်။ တတိယမူကြမ်းအထိ ရေးသားရာတွင် လူထုကို အဆင့်ဆင့် တင်ပြကာ အကြံပေးစေသည်။ စစ်ဗိုလ်လူထွက်နှင့် ကွန်မြူနစ်ပျက်ပါတီခေါင်းဆောင်များ ရေးသမျှကို လူထုက ဆန့်ကျင်မှု မပြု၊ လုပ်ချင်ရာလုပ်ကြပေစေဟု မျက်စိမှိတ်၍ ထောက်ခံကြသည်။ နိုင်ငံတော်၏ အလံတော်တွင် ကြယ် ၅ လုံးမှ ၁၄ လုံးအထိ တိုးစေသည်ကိုလည်း ဝင်မပြော၊ အလုပ်သမားလောကကို ကိုယ်စားပြုရန် စက်ဘီးသွားပုံ ထည့်သည်ကိုလည်း ကန့်ကွက်မှု မပြုကြ၊ ထိုစက်ဘီးသွားကို “ခွေးသွားစိတ်”ဟု ခေါ်ကြောင်း ထောက်ပြသူမရှိ ကြည့်နေကြသည်။


“တပ်မတော် တပ်မတော် တပ်မတော် ဒို့တပ်မတော်ကြီး ချီတက်လာပါပြီ” ဟူသောတေးနှင့် နိုင်ငံတော်သီချင်းကို ပြောင်းလဲရန် အဆိုပြုသည်ကိုမူ ပြင်းထန်စွာ ကန့်ကွက်ကြလေသည်။ လူထုကြီးက တပ်မတော် ဟူသော အသံကိုပင် မကြားလိုကြ။ လူထုက “တကောင်းအဘိရာဇာတို့ ဗမာသာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ”အစချီသော ဝဏ္ဏကျော်ထင် ဆရာတင်နှင့် သခင်ဘသောင်းတို့ရေးသည့် တို့ဗမာသီချင်းကို လွတ်လပ်ရေး၏တိုက်ပွဲသံဟု မှတ်ယူထားကြသည်။ ကမ္ဘာမကြေ ဗမာတွေဟု ထန်နှင့်မာန်နှင့် သီဆိုရသော ရသကို နှစ်သက်ကြသည်။ ၁၉၄၇ ခုနှစ် ဒီမိုက​ရေစီလွှတ်တော်မှ ပြုပြင်ရေးသားထားသည် တရားမျှတလွတ်လပ်ခြင်း အဦးပြုသောတေးကိုသာ ဆက်လက်သုံးစွဲပါဟု တညီတည်း တောင်းဆိုကြသည်။


ဆိုရှယ်လစ်နိုင်ငံတော် တေးရေးကော်မတီသည် လူထု၏ ကန့်ကွက်မှုကို ဦးနေဝင်းထံ တင်ပြခြင်းမပြုဝံ့သဖြင့် အချိန်ဆွဲနေကြရသည်။ ဥပဒေကြီး ပြီးစီးရမည့်အချိန် နီးကပ်မှ ဦးနေဝင်းထံ တင်ပြကြသည်။ သူက စိတ်ဆိုးသည်။ နိုင်ငံတော်တေးသည် တပ်မတော်တေး ဖြစ်ရမည်ဟု သူက ဆိုသော်လည်း အချိန်မရှိတော့ပြီမို့ “အေးကွာ၊ နောက်မှ ပြင်တာပေါ့” ဟု သူက လက်ခံရသည်။ သူအဖို့ နိုင်ငံတော်တေးကိစ္စကို အလျှော့ပေးရသည်မှာ လူထုအား ပထမဆုံး ဦးညွှတ်ရသည့် လူထုအောင်ပွဲကြီး ဖြစ်တော့သည်။


ရေးသားပြီးစီးသော အခြေခံဥပဒေကို ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လူထုဆန္ဒခံယူပွဲ ကျင်းပသည်။ ယင်းဥပဒေကြမ်းကို လက်ခံမှုပြု၏ မပြု၏ကို မဲပုံး ၂ လုံး(အနက်နှင့်အဖြူ) ထောင်၍ လူထုအား မဲပေးစေသည်။ ဆန္ဒမဲပေးသူ ၁၃,၄၆၁,၄၄၈ ရှိသည်။ မဲပေးပိုင်ခွင့်ရှိသူ မဲစာရင်း၏ ၉၅ ရာခိုင်နှုန်းက မဲပေးကြသဖြင့် ကမ္ဘာပေါ်တွင် နိုင်ငံရေး တက်ကြွမှုအရှိဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အမေရိကန်မှ မဲပေးသော ဆန္ဒရှင်စာရင်းထက် အဆများစွာသာ၏၊ မဲဆန္ဒရှင် ၁,၂,၇၀၉,၁၉၁ တို့က ထောက်ခံကြသဖြင့် ကမ္ဘာပေါ်တွင် ထောက်ခံသူ အချိုးအစား ၉၀.၁၉ ရာခိုင်နှုန်း ရရှိသည်။ ထောက်ခံသူအများဆုံး အခြေခံဥပဒေကြီးအဖြစ် အတည်ဖြစ်သွားသည်။


ဥပဒေအရ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများကို ၁၉၇၄ ခု၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပသည်။ လူထုအဖို့ ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ရသည်မှာ လွယ်ကူသည်။ ပါတီက ရွေးချယ်သူအား ကြိုက်၏ မကြိုက်၏ မဲပေးရုံသာ။


လူထုက ဆန္ဒမဲနှင့် တင်မြှောက်လိုက်သော အမတ်မင်း ၄၅၀ တို့သည် တဦးတလေမှ ပျက်ကွက်ခြင်းမရှိဘဲ ၁၉၇၄ ခု၊ မတ်လ ၂ ရက် နေ့တွင် ကျင်းပသည့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ စုံညီစွာ တက်ရောက်ကြသည်။


အစည်းအဝေးဖွင့်သည်နှင့်တစ်ပြိုင်နက် မရမ်းကုန်းမဲဆန္ဒနယ် အမှတ် (၁)မှ ပြည်သူ့ကိုယ်စားလှယ် အမတ်မင်း ဦးနေဝင်းက “ယနေ့ ယခုအချိန်မှစ၍ နိုင်ငံတော်အချုပ်အခြာအာဏာကို မူလပိုင်ရှင်အစစ်ဖြစ်သူ တိုင်းရင်းသားပြည်သူများက ကိုယ်စားပြုသည့် ဤပြည်သူ့လွှတ်တော်ကို တော်လှန်ရေးကောင်စီမှ ပြန်လည်အပ်နှင်းကြောင်း တော်လှန်ရေးကောင်စီ၏ကိုယ်စား ကြေညာအပ်ပါသည်”ဟု အာဏာထုပ်ကြီးကို အပ်နှင်းသည်။


ဆက်လက်၍ “ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာပြီ ဖြစ်သဖြင့် တော်လှန်ရေးကောင်စီမှာ ဆက်လက်တည်ရှိရန် မလိုအပ်သောကြောင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ပြောင်းလဲအပ်နှံပြီးသည့်အချိန်မှစ၍ တော်လှန်ရေးကောင်စီအား ဖျက်သိမ်းကြောင်း ကြေညာအပ်ပါသည်”ဟုလည်း ကြေညာရသေးသည်။ 


အခြေခံဥပဒေ (သစ်)နှင့်အညီ အဖွဲ့ဝင် ၂၈ ဦးပါဝင်သော နိုင်ငံတော်၏ နိုင်ငံတော်ကောင်စီကို လွှတ်တော်မှ ရွေးချယ်တင်မြှောက်ရသည်။ နိုင်ငံတော်ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ဦးနေဝင်းကိုလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစန်းယုကိုလည်းကောင်း၊ အခြားအဖွဲ့ဝင် ၂၆ ဦးတို့ကိုလည်းကောင်း လျှို့ဝှက်ဆန္ဒမဲနှင့် ရွေးချယ်တင်မြှောက်ကြရသည်။ ထို နိုင်ငံတော်ကောင်စီဝင် ၂၈ ဦးတို့က အစိုးရအဖွဲ့(သစ်)ကို ဖွဲ့စည်းကြသည်။


ဤသို့ဖြင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၆ အရ ဦးနေဝင်းသည် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတနိုင်ငံတော်၏ ပထမ သမ္မတ ဖြစ်လာခဲ့တော့လေသတည်း။


အခမ်းအနားမှာ ပြောင်လက်လှပသည်။ လွှတ်တော်ခန်းဆောင်ကြီးတခုလုံး ပိုးဖဲရောင်အမျိုးမျိုးနှင့် ဝင်းလက်နေကြသည်။ လွှတ်တော်တွင်းတွင် စစ်ဝတ်စုံဝတ်ဆင်ထားသူတဦးမှ မတွေ့ရ၊ ဝန်ထမ်းများပါ တိုက်ပုံအင်္ကျီ ဝတ်ပြီး ခေါင်းပေါင်းများ ဆောင်းထားကြရသည်။ အမတ်မင်းအားလုံးက ဘန်ကောက်ပိုးလုံချည် အရောင်မျိုးစုံ ဝတ်လာကြသည်။ မန္တလေး ကျစ်ပိုး အပေါ် အင်္ကျီကို အဝတ်များသည်။ အချို့က သက္ကလတ်၊ ပင်နီလည်း များ၏။ ခေါင်းပေါင်းမှန်သမျှ မောင့်ကျက်သရေခေါင်းပေါင်းများနှင့် တူသည်။ အားလုံးတို့သည် ခေါင်းပေါင်းစကို တညီတညာတည်း ညာဘက်သို့ ချထားကြသည်၊ ထောင်ထားကြသည်။


နိုင်ငံတော်ကောင်စီ အရွေးခံရမည်ဟု သေချာသူ ၂၈ ဦးသော စစ်ဗိုလ်လူထွက် ပင်စင်စားကြီးများက အချိန်တလခန့် ကျင့်သားယူထားရသည့် တောင်ရှည်ပုဆိုးကြီးများ တဖားဖားနှင့်...။


ဦးနေဝင်းကမူ ပန်းရောင်အဝါစင်း ကြိုးကြီးချိတ် တောင်ရှည်ပုဆိုးကြီးဝတ်ဆင်ထားပြီး တိုက်ပုံမှာ သာမန်တိုက်ပုံအင်္ကျီကို မဝတ်ဘဲ ပန်းရောင် ရင်ဖုံးတိုက်ပုံအင်္ကျီကြီး ခပ်ဖားဖားကို ဝတ်ဆင်ထားသည်။ ဗိုလ်ချုပ်ကြီးနေဝင်းအဖြစ် ၁၉၆၂ ခုနှစ်က အာဏာသိမ်းစဉ်မှ စတင်ကာ သူထိုင်ရန်အတွက် အထူးကုလားထိုင်ကြီးတလုံး ဆောက်လုပ်ထားသည်။ ထိုကုလားထိုင်သည် အခြားကုလားထိုင်များထက် ၉ လက်မ မြင့်သည်။ ရန်ကုန်မြို့မှ နယ်သို့ ခရီးထွက်လျှင်လည်း ထိုကုလားထိုင်ကို သယ်ဆောင်သွားကာ ထို ၉ လက်မမြင့်သော ကုလားထိုင်နှင့်သာ ထိုင်သည်။ မကြာခဏသွားသော နယ်တို့တွင် ၉ လက်မမြင့် အထူးကုလားထိုင်တလုံး ဆောက်လုပ်ထားရန် စီစဉ်သောအခါ မလုပ်ရဟု သူက တားသည်။ သူ မရှိခိုက် တခြားသူများ ဝင်ရောက်ထိုင်လေမည်ကို သူက လက်မခံ။ ယခု လွှတ်တော်ခန်းမဆောင်ကြီးတွင် တင်းကျေ နဝင်း​ကျေ ကုလားထိုင် ၉ဝဝ ရှိသည်။ ဆိုရှယ်လစ်အစိုးရဖြစ်သဖြင့် တပြေးညီ တရွယ်တည်း ဆောက်ထားသည်။ သို့သော် ရှေ့တန်းတွင် သူထိုင်မည့် ကုလားထိုင်မှာမူ ၉ လက်မမြင့်သည်ကို သိသာထင်ရှားစွာ မြင်ကြရသည်။


ကုလားထိုင်မြင့်ကြီးပေါ်တွင် ပန်းရောင်ဝတ်စုံနှင့် ထိုင်နေသူ ဦးနေဝင်း၏ ခေါင်းပေါင်းမှာ (မောင့်ကျက်သရေတံဆိပ် မဟုတ်)၊ ကိုယ်တိုင် ပေါင်းဟန် အထူးပြုလုပ်ထားသည်။ ခေါင်းပေါင်းကြီးမှ ညာဘက်ချ ခေါင်း၊ ပေါင်းစကြီးသည် အခြားခေါင်းပေါင်းများထက် ပို၍ရှည်သဖြင့် တလူးလွင့်။


ပြည်သူ့ကိုယ်စားလှယ် ဆိုရှယ်လစ်အမတ်မင်းများသည် ရိုးလက်နာရီများမှ စိန်လက်စွပ်များအထိ ဝတ်ဆင်ကြသောကြောင့် လွှတ်တော်ခန်းမကြီးတခုလုံး ဝင်းလက်နေသည်။ ရှေ့တန်းကုလားထိုင်မြင့်ကြီးမှ ထိုင်နေသူ သမ္မတကြီးသည် ကျက်သရေအရှိဆုံး ဖြစ်သည်။


သတင်းထောက်တို့ကို နောက်ဆုံးတန်းတွင် ထိုင်ကြစေသည်။ သူတို့လည်း ခေါင်းပေါင်းတလူလူနှင့် ဖြစ်သည်။ သတင်းထောက် တဦး နှစ်ဦးက ဘယ်ဘက်ချသည့် ခေါင်းပေါင်းစကို တမင်ဝယ်ယူ၍ ဆောင်းလာကြသည်။ သူတို့မှတပါး ပရိသတ်အားလုံး၏ ခေါင်းပေါင်းများသည် ခေါင်းပေါင်းစ ညာချများသာ ဖြစ်ကြသည်။


နှုတ်မစောင့်ထိန်းနိုင်သူ သတင်းထောက်တဦးက လူရွှင်တော်ဆရာ ဇာဂနာ၏ ပျက်လုံးတခုကို တီးတိုးပြောသည်။ “ဟေ့ တို့ခေါင်းဆောင်ကြီးက ညာချနေတာပဲ၊ တို့လည်း ညာချမှာပေါ့ကွ”ဟု ပြောသည်ကို အသံတိတ် ရယ်ကြသည်။


သတင်းထောက်များအဖို့ သူတို့မျက်မှောက်၌ တခုတည်းသော ဇာတ်လမ်းကို ဇာတ်ကွက်အမျိုးမျိုး ခင်းကျင်းပြသထားတဲ့ နိုင်ငံရေးဇာတ်တော်ကြီးကို ဇာတ်ကွက်လည်အောင် ကြည့်မြင်ကြရသည်။


၁၉၅၈ ခုနှစ်က ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ဒီမိုကရေစီလွှတ်တော်မှ ဝန်ကြီးချုပ်ခန့်စဉ်က အခြေခံဥပဒေကြီးကို စစ်သားတယောက် အနေနှင့် အသက်ပေးကာကွယ်မည်ဟု သစ္စာခံခဲ့ပြီး မကြာမီတွင် ထိုအခြေခံဥပဒေကို ဖျက်သိမ်း၍ အာဏာသိမ်းခဲ့သည်။


တော်လှန်ရေးကောင်စီအနေနှင့် အာဏာကိုကြာမြင့်စွာ ဆုပ်ကိုင်မထားလိုသဖြင့် လူထုလက်သို့ အာဏာပြန်အပ်ရန် ပင်ပန်းတကြီး အားထုတ်ကြိုးပမ်းခဲ့သည်။ ပထမအကြိမ် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ပါတီဥက္ကဋ္ဌစစ်ဗိုလ် လူထွက်ဦးနေဝင်းလက်သို့ အာဏာကို ပြန်အပ်ခဲ့သည်။ ယခုမှ စစ်ဗိုလ်လူထွက် ဦးနေဝင်းက ပြည်သူ့ကိုယ်စားလှယ် အမတ်မင်း ဦးနေဝင်း၏လက်သို့ အာဏာလွှဲအပ်ခြင်းဖြင့် အာဏာသည် မူလပိုင်ရှင်အစစ် လူထု၏လက်သို့ ပြန်ရောက်သွားခဲ့လေပြီ။ အာဏာပိုင်အစစ် ဖြစ်သော လူထုကိုယ်စားလှယ်ကြီးသည် အာဏာထုပ်ကြီးကို ထာဝစဉ် ရာသက်ပိုင် ရရှိသွားတော့သည်။


သတင်းထောက်များအဖို့ ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့မှ ယနေ့ ၁၉၇၄ ခု၊ မတ်လ ၂ ရက်နေ့အထိ ၁၂ နှစ်တာ ကာလအတွင်း ဗိုလ်ချုပ်နေဝင်းမှ ဦးနေဝင်းသို့၊ တဖန် ဦးနေဝင်းမှ ဦးနေဝင်းသို့ အာဏာထုပ်ကြီး လက်ဆင့်ကမ်းပုံကို ဇာတ်ကွက်ပေါ်အောင် ရှင်းလင်းစွာ ရေးသားရမည့်တာဝန်မှာ မသေးလှရှာပေ။


* * * 


၂၃။ ဗိုလ်နေဝင်း၏ ဖြုတ်ထုတ်သတ်လမ်းစဉ်


တော်လှန်ရေးအစိုးရနှင့် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းပြီးသည် နှင့်တပြိုင်နက် နိုင်ငံတော်၏အာဏာမှန်သမျှကို မိမိလက်ဝယ်သို့ ရောက်ရှိလာသော အချိန်မှစတင်၍ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး၊ တော်လှန်

ရေးအစိုးရနှင့် မဆလဝန်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဦးနေဝင်းသည် မိမိသဘောမတွေ့သူမှန်သမျှကို ကောင်စီဝင်အဖြစ်မှလည်းကောင်း၊ ဝန်ကြီးအဖြစ်လည်းကောင်း ဖြုတ်ထုတ်သောလုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်ခဲ့လေသည်။


၁၉၆၂ ခုနှစ်က စစ်ဗိုလ်ကြီး ၁၇ ဦးဖြင့် ဖွဲ့စည်းသော တော်လှန်ရေးကောင်စီကို ကောင်စီဝင် ၂၄ ဦးအထိ တိုးချဲ့ခန့်ထားခဲ့သော်လည်း ကောင်စီဝင်စစ်ဗိုလ်ကြီး ၁၆ ဦးကို ရာထူးမှဖြုတ်ချခဲ့သည်။ ဂျပန်ခေတ် ဘီအိုင်အေခေတ်တွင် သူ၏ကိုယ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သဖြင့် တော်လှန်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် တပ်မတော်ဒုတိယကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယအမြင့်ဆုံးရာထူးကို အပ်နှင်းထားသော ဗိုလ်မှူးချုပ်အောင်ကြီးအား ကောင်စီသက်တမ်း တနှစ်ကြာ ၁၉၆၃ ခု၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရာထူးမှဖြုတ်ချလိုက်သည်။


ဗိုလ်အောင်ကြီးကို ဖယ်ပြီးနောက် တပ်ရင်း (၄) တည်ထောင်ချိန်မှ စတင်ပြီး ဗိုလ်နေဝင်းနှင့်အတူ ရှိခဲ့သည့် လူယုံတော် ဗိုလ်တင်ဖေကိုလည်း သူကောင်းပြုပြီးမှ ဖယ်ရှားသည်။ ဗိုလ်တင်ဖေနှင့် ဗိုလ်ချစ်မြိုင်တို့သည် ကုန်သွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ပေးခံရသည်။ ကနဦးက ဗိုလ်နေဝင်း ချမှတ်သော မြန်မာ့လမ်းစဉ် ဆိုရှယ်လစ်စီးပွားရေးစနစ်က မှန်ကန်သော မူလမ်းစဉ်မဟုတ်သဖြင့် လက်တွေ့ အောင်မြင်မှု မရသောကြောင့် စီးပွားရေး ကြပ်တည်းခက်ခဲမှုကို ပြည်သူတို့က ညည်းညူးကြသည်ကို ဖြေသိမ့်ရန်အတွက် ကုန်သွယ်ရေးဝန်ကြီးနှစ်ဦးတို့အား အငှားတရားခံအဖြစ် စတေးသည်သာ ဖြစ်၏။ စီးပွားရေးပြဿနာပေါ်သည့်အတွက် ရာထူးချရမည် ဆိုလျှင် ဗိုလ်နေဝင်းကို ဖြုတ်ချရမည်သာ ဖြစ်သည်။


ဗိုလ်နေဝင်း အစိုးရများ၏ ခေတ်တလျှောက်လုံး “ဗိုလ်နေဝင်းက တော်ပါတယ်၊ သူ့ရဲ့ လက်အောက်က ဝန်ကြီးတွေရမ်းလို့ လူထုနစ်နာရသည်”ဟူသော အတွေးအခေါ်မျိုး ပေါ်ပေါက်ရန် သူက ဖန်တီးသည်။ သူ နာမည်ကောင်းရရှိရန် ရဲဘော်ရဲဘက်များကို စတေးသည်သာဖြစ်သည်။ စတေးခံရသူ စစ်ဗိုလ်ကြီးများမှာ အထက်ပါသုံးဦးအပြင် ဗိုလ်မှူးကြီးမောင်ရွှေ၊ ဗိုလ်မှူးကြီးသန်းစိန်၊ ဗိုလ်မှူးကြီးကြည်မောင်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီးခင်ညို၊ ဗိုလ်မှူးကြီးတန်ယုဆိုင်၊ ဗိုလ်မှူးကြီးတင်ဦး တို့ကိုလည်း ဖယ်ရှားခဲ့သည်။ ရေတပ်မှ ဗိုလ်ချုပ်သန်းဖေမှာ ကွယ်လွန်သည်။ ဗိုလ်မှူးကြီးဘနီက ကျန်းမာရေးအခြေအနေကြောင့် အနားယူခွင့် တင်သည်။ လေတပ်မှ ဗိုလ်မှူးချုပ်တီကလစ်ဖ်က ရဲရင့်ပြတ်သားစွာ ရာထူးမှ ထွက်စာတင်သည်။ နိုင်ငံခြားရေးဝန်ကြီး ဦးသီဟန်ကိုလည်း ချမ်းသာမပေး။ 


ကောင်စီဝင်နှင့် ဝန်ကြီးရာထူးမှ ဖယ်ရှားခံရသူအချို့မှာ အဖမ်းခံကြရသည်။ မြန်မာ့ဆိုရှယ်လမ်းစဉ်လစ်ပါတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောမြင့်သည် ခိုးယူသောအစိုးရငွေနှင့် မိမိပိုင် တရားမဝင် ရာတန်ငွေစက္ကူများကို ပြည်သူတို့ထံ လိမ်လည်သုံးစွဲမှုနှင့် ထောင်ဒဏ် အပြစ်ပေးခံရသည်။ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တခုနှင့် လွတ်လာသောအခါ ဗိုလ်နေဝင်းထံ စာရေးအသနားခံသဖြင့် အစိုးရအိမ်၊ အစိုးရကားနှင့် မဂ္ဂဇင်းထုတ်ဝေခွင့်လိုင်စင်ကို ပေးသည်။ ဗိုလ်ချစ်မြိုင်သည်လည်း ဗိုလ်နေဝင်းထံ အသနားခံ သဖြင့် သံအမတ်ရာထူးအထိ ပေးသည်။ စစ်ဗိုလ်ကြီးမှန်သမျှတို့အဖို့ မည်သို့သောရာဇဝတ်မှုကို ကျူးလွန်သည်ဖြစ်စေ အရပ်သားတို့အလယ်တွင် မျက်နှာမငယ်စေရဟူသော မူကို ဗိုလ်နေဝင်းက လက်ကိုင်ထားသည်။ ရာထူးကျ စစ်ဗိုလ်မှန်သမျှကို ဝင်ငွေကောင်းသော စီးပွားရေးအခွင့်အရေးများကို ပေးလေ့ရှိသည်။ ဖယ်ထုတ်လိုက်သော အရပ်သားအရာရှိများမှာမူ ဗိုလ်နေဝင်းက မျက်နှာတော်လွဲလျှင် စစ်အစိုးရစဉ်ဆက်အထိ ဝိုင်းပယ် ရန်ပြုခံကြရလေ့ရှိ၏။ 


ဦးနေဝင်းက မလိုလားသဖြင့် ဖမ်းဆီးညှဉ်းဆဲမှုများအပြင် ဦးနေဝင်း လိုလားဟန် မတူဟု ယူဆသူများကို “ဗောင်းတော်ငြိမ့် စိတ်တော်သိ” ဖမ်းရသူများလည်း အများအပြားရှိသည်။ ဂျုံစက်ပိုင်ရှင်ဦးကြင်သည် ပြည်လမ်းပေါ်တွင် အိမ်ကောင်းကောင်းနှင့် နေထိုင်သည်။ ရေကူးကန်လည်း ရှိသည်။ သူတပါးကို မနာလိုစိတ်ကြီးမားသူ ဦးနေဝင်းသည် အေဒီလမ်း နေအိမ်မှ ရန်ကုန်မြို့သို့ ထွက်လေတိုင်း ဦးကြင်၏အိမ်ကိုကြည့်ကာ “လမ်းပေါ်မှာ နန်းတော်ဆောက်နေတဲ့ အကောင်တွေ”ဟု လက်ညှိုးထိုး၍ အမြဲ မအေနှင့် နှမကို မဖွယ်မရာ ဆဲရေးကြိမ်းမောင်းလေ့ရှိသည်။ သူနှင့်အတူ လိုက်ပါစောင့်ကြပ်ရသော စစ်စုံထောက်အရာရှိများက နားအေးစေရန် ဦးကြင်အပေါ်  အပြစ်ရှာကြသည်။ မည်သည့်အမှုမှ မတွေ့ကြချေ။ ထို့နောက် ဦးကြင်သည် ဆီစက်ပိုင်ရှင် ဆီကုန်သည်တဦးဖြစ်သည်ကို သိသောအခါ ဆီဈေးတက်ချိန်တွင် အကြောင်းရှာ၍ဖမ်းမှ ဦးနေဝင်း၏ ဆဲဆိုကြိမ်းမောင်းမှု ရပ်တန့်သွားသည်။ ဦးကြင်သည် အင်းစိန်တွင် ၈ နှစ် ခံလိုက်ရရှာ၏။


တချီတွင် မြေနီကုန်းဖက်၌ ကားနှင့်လိုက်ပါလာရင်း ဦးနေဝင်းက အပေါင်းအသင်းဟောင်းတယောက်ကို မြင်သဖြင့် အမှတ်တမဲ့ “ဒီကောင် ရှိသေးသကိုး”ဟု မှတ်ချက်ချသည်။ စစ်စုံထောက်များက ထိုမှတ်ချက်ကို အဓိပ္ပာယ်ကောက်ကာ ထိုသူကို အင်းစိန်ထောင်သို့ ပို့လိုက်သည်။ လအတန်ကြာသောအခါ ဦးနေဝင်းက “ဟိုကောင်ကွာ တလောက မြေနီကုန်းမှာ တွေ့လိုက်လို့ မင်းတို့ကိုတောင် ပြောမိသေးတယ်လေ။ အဲဒီကောင်ကို တွေ့ချင်တယ်၊ ခေါ်ခဲ့စမ်း”ဟု အမိန့်ပေးသည်။ စစ်စုံထောက်ကြီးများ ခေါင်းကြီးသွားကြရှာသည်။ အကြံရကြပ်သွားကြသည်။ နောက်ဆုံး အမိန့်ကို နာခံရမည်ဖြစ်သောကြောင့် ထောင်တွင်း၌ ချုပ်ထားသူကို သွားရောက်ထုတ်ယူပြီး ရှိခိုး၍ တောင်းပန်ကြရသည်။ 


“ကျွန်တော်တို့ လူမှားပြီး ဖမ်းမိတာပါ။ ဗိုလ်ချုပ်ကြီး မသိပါစေနဲ့၊ ထောင်ထဲရောက်နေတယ် မပြောလိုက်ပါနှင့်။ တောင်ကြီးဘက် ရောက်နေတယ်ပြောပါ”ဟု စည်းဝါး ရိုက်ပြီးမှ ရှေ့တော်သို့ သွင်းကြရသည်။


ဦးနေဝင်းထံ နီးကပ်စွာ အမှုထမ်းကြရသည့် စစ်စုံထောက်ကြီးများလည်း သက်သာသည်မဟုတ်၊ ခြေလှမ်းတချက်မှားရုံမျှနှင့် ထောင်တွင်းသို့ ရောက်သွားနိုင်သည်။ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် တင်ဦးကို ဖြုတ်သည်မှာ ခွာရာခြင်းတိုင်းသဖြင့် အမှုရှာကာ ထောင်တွင်းသို့ သွင်းသည်ဖြစ်၏။ ဗိုလ်နေဝင်းအဖို့ ရန်သူများနေစဉ်က ရန်သူများကို ဖယ်ရှားရန် ဗိုလ်တင်ဦးက ကြိုးစားခဲ့ရင်း အာဏာစောင်းထက်လာခဲ့သည်။ ဦးနေဝင်းအား နံပါတ်တစ်ကြီးဟု အရပ်က ခေါ်ကြသည်။ ဗိုလ်တင်ဦးကို နံပါတ်တစ်ခွဲဟု ခေါ်ကြသည့်တိုင် တန်ခိုးကြီးလာသဖြင့် ဗိုလ်တင်ဦးနှင့် စစ်ထောက်လှမ်းရေး ထိပ်ပိုင်းအရာရှိများကို တသီတတန်းကြီး ဖြိုသည်။ ဗိုလ်ဘနီပါ ဗိုလ်တင်ဦးနှင့်အတူ ထောင်ထဲသို့ ရောက်သွားသည်။


တော်လှန်ရေးကောင်စီ လူဟောင်းများသာမက မဆလပါတီတွင်လည်း ဗိုလ်နေဝင်း၏ ဖြုတ်ထုတ်သတ်လမ်းစဉ်က ပါတီခေါင်းဆောင်များအား ကန်ထုတ်ဖယ်ရှားသေးသည်။


၁၉၆၂ ခုနှစ်၊ ဇူလိုင် ၄ ရက်က တော်လှန်ရေးကောင်စီဝင်များသာ ပါဝင်သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမြူတေပါတီအဖြစ် တည်ထောင်ခဲ့ရာမှ တိုးချဲ့ရန်အတွက် အရန်ပါတီဝင်များ လက်ခံတော့မည်။ ၁၉၆၃ ခု၊ မတ်လ ၃ ရက်နေ့တွင် မိမိတို့ဒေသရှိ ရဲဌာနများသို့ လာရောက်ကာ လျှောက်လွှာပုံစံများ တောင်းယူနိုင်သည်ဟု ကြေညာလိုက်သည်။ ပြည်သူလူထုကြီးက ပါတီဝင်ရန် အထူးစိတ်ဝင်စားနေကြသဖြင့် ပါတီဝင်လိုသူများ အစုလိုက်အပြုံလိုက် ထောင်သောင်းချီကာ လာကြပါက ထိန်းသိမ်းရန် ခက်ခဲပြီး အဓိကရုဏ်းများပင် ဖြစ်နိုင်သည်ဟု ပါတီခေါင်းဆောင်များက စိုးရိမ်ကြသဖြင့် ရဲဌာနတို့တွင် လူစုခွဲရန် ရေပိုက်ပါသော မီးသတ်ကားများပင် အသင့်ထားရှိခဲ့သည်။ သို့သော် ထိုနေ့က လျှောက်လွှာတောင်းရန်လာသူ အနည်းငယ်သာရှိသဖြင့် ရဲဌာနတို့မှာ ကျီးနှင့်ဖုတ်ဖုတ် ချောက်သွေ့နေသည်ကို သတင်းထောက်များ တွေ့မြင်ကြရလေသည်။ 


၁၉၆၃ ခု၊ ဖေဖော်ဝါရီလတွင် ကုန်ရောင်းကုန်ဝယ်လုပ်ငန်းကို ပြည်သူပိုင်ပြုချိန်တွင် အရန်ပါတီဝင်များ အလွယ်တကူ အလုပ်ရနိုင်သည်ဟု သိရှိကြသဖြင့် နိုင်ငံသားအမြောက်အမြား လျှောက်ထားကြလေသည်။ အလုပ်လက်ရှိ အစိုးရမှုထမ်းရာထမ်းများနှင့် တပ်မတော်သားများတို့ပါ အင်တိုက်အားတိုက် ပါတီဝင်ကြသဖြင့် ၁၉၆၅ ခု၊ စက်တင်ဘာ ၃ ရက်နေ့တွင် ပါတီဝင်ရန် လျှောက်ထားသူ ၆၈၁,၉ဝ၆ ဦးရှိခဲ့သည်။ နောက် တနှစ်အကြာ ၁၉၆၆ ခု၊ စက်တင်ဘာလတွင် အရန်ပါတီလျှောက်ထားသူ ၈၁၂,၆၁၁ အထိ တိုးတက်ခဲ့၏။


ပါတီဝင်လျှောက်သူများကို ပထမ ပါတီ၏မိတ်ဆွေအဆင့်ပေးပြီး ထိုမှ အရည်အသွေးအရ အရန်ပါတီဝင်အဖြစ် တိုးမြှင့်ပေးသည်။ ထိုမှတဖန် တင်းပြည့်ပါတီဝင်အဖြစ် ရွေးချယ်ခန့်ထားသည်။ လျှောက်ထားသူများကို အဆင့်ဆင့် စီစစ်ရွေးချယ်ရန် တာဝန်ကို ပါတီကလပ်စည်းနှင့် ပါတီယူနစ်များကို တာဝန်လွှဲထားသော်လည်း တာဝန်ကျေပွန်မှု မရှိသဖြင့် ပြုပြင်ရန် နှိုးဆော်ခဲ့ကြရလေသည်။


“လမ်းစဉ်ပါတီ၏ စည်းရုံးမှုခိုင်မာရေးသည် ပါတီယူနစ်များ၏ စည်ရုံးရေးစွမ်းအားအပေါ်တွင် များစွာတည်ပေသည်။ သို့သော် ပါတီယူနစ် အတော်များများတို့သည် မိမိတို့ဒေသတွင်းရှိ ပါတီဝင်များကို ပါတီကလပ်စည်းများအတွင်း ဖွဲ့စည်းထားနိုင်ခြင်း မရှိပေ”ဟု ၁၉၆၆ ခု၊ ပါတီနှီးနှော ဖလှယ်ပွဲသို့ တင်သွင်းသော အတွင်းရေးမှူး အစီရင်ခံစာ၌ ဖော်ပြထားသည်။


၁၉၆၈ ခုနှစ် အတွင်းရေးမှူး၏ အစီရင်ခံစာတွင်မူ “ပါတီယူနစ် အမှုဆောင်ကော်မတီများသည် အစည်းအဝေးများ မှန်ကန်စွာ ကျင်းပရန် ညွန်ကြားခဲ့သော်လည်း ၁၉၆၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၉၆၈ ခု၊ ဇွန်လ ၃၀ ရက်နေ့အထိ ၁၈ လတာ ကာလအတွင်း ပါတီယူနစ်အမှုဆောင်ကော်မတီ အစည်းအဝေးများကို ၂၇ ရာခိုင်နှုန်းသာ ကျင်းပနိုင်ခဲ့သည်။ ပါတီတွင်း စုပေါင်းဦးဆောင်မှုစနစ် အားနည်းနေသည့်အတွက် တဦးကောင်း တယောက်ကောင်းဆန္ဒအလျောက် ခေါင်းဆောင်မှု လွှမ်းမိုးနေသည်။ အချို့က မလိုလားအပ်သော အမိန့်ပေးစနစ်ကို ဆက်လက် ကျင့်သုံးနေပေသည်”ဟု ဖော်ပြထားသည်။


“အမိန့်ပေးစနစ်က အားကောင်းနေသည်။ ပါတီယူနစ်ဥက္ကဋ္ဌ တဦးတည်း၏ သြဇာအာဏာသက်သက်ဖြင့် စီမံဆောင်ရွက်နေမှုများသည် ပါတီအတွက် မလိုလားအပ်သဖြင့် ထိုလုပ်နည်းလုပ်ဟန်များကို ဖယ်ရှားရန် လိုသည်။ ပါတီတွင်း၌ စုပေါင်းခေါင်းဆောင်မှု အားနည်းပြီး တဦးချင်းခေါင်းဆောင်မှု ဖြစ်ပေါ်နေသည်။ သို့ဖြစ်ရသည့်အကြောင်းရင်းမှာ ပါတီစည်းရုံးရေးလုပ်ငန်းတွင် တာဝန်ယူကြသော ကေဒါအများစုမှာ တပ်မတော်သားများ ဖြစ်နေကြသဖြင့် တပ်မတော်၏ အဆင့်ဆင့် အမိန့်ပေး အလေ့အထကို ပါတီစည်းရုံးရေးတွင် မှားယွင်းစွာ ကျင့်သုံးမိခြင်း၊ ပါတီဝင်များအတွင်း စုပေါင်းခေါင်းဆောင်မှုကို ကောင်းစွာမကျင့်သုံးတတ်ခြင်း၊ နိုင်ငံရေးနှင့် စည်းရုံးရေးအမြင် မရင့်ကျက်သေးခြင်းတို့ ဖြစ်ပေါ်သည်။ 


“ပါတီတွင်း စုပေါင်းခေါင်းဆောင်မှု မထူထောင်နိုင်ပါက တဦးချင်းအမိန့်ပေးစနစ် လွှမ်းမိုးလာပြီး အမှားနှင့်အမှန်ကို လွတ်လပ်စွာ ခွဲခြားတင်ပြရဲသည့်စိတ်များ ခေါင်းပါးလာလေမည်။ အမှားနှင့်အမှန်ကို ခွဲခြားတင်ပြဆွေးနွေးဝံ့သော စိတ်ဓာတ်ဖွံ့ဖြိုးလာရန် လိုအပ်သည်”ဟု ၁၉၆၈ ခုနှစ် အတွင်းရေးမှူး၏ အစီရင်ခံစာတွင် ဝေဖန်ထားခဲ့သည်။


မည်သို့သော အမှားများရှိသည်ဟု ဆိုစေကာမူ ၁၉၇၁ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြူတေပါတီမှ ပြည်သူ့ပါတီအဖြစ် ပြောင်းလဲသောအခါတွင် ပါတီအင်အား ငါးသိန်းရှိသည်ဟု ကြေညာနိုင်ခဲ့သည်။


ပါတီဝင်တို့ကို ပါတီဝင်ဖြစ်ကြောင်း လက်မှတ်ကတ်ပြား ထုတ်ပေးရာတွင် အရေးကြီးဆုံးမှာ ပါတီဝင်အမှတ်စဉ် နံပါတ်ဖြစ်သည်။ အမှတ်စဉ် ငယ်သူက စောစီးစွာ ဝင်သူဖြစ်သဖြင့် ပို၍ တန်ခိုးကြီးသည်။ အမှတ်စဉ် ငယ်သူက ကြီးသူထက် ဝါရင့်သူအဖြစ် သတ်မှတ်သည်။ အမှတ်စဉ်နံပါတ် ကြီးသူသည် ပါတီတွင်းသို့ နောက်မှ ဝင်လာသူဖြစ်သည်ဟု အဆင့်ခွဲသည်။ အလုပ်လျှောက်ထားလျှင် အရည်အချင်းထက် ပါတီနံပါတ်ငယ်သူကို ဦးစားပေးကာ ခန့်ထားလေ့ရှိသည်။


အမှတ်စဉ်နံပါတ်ကို ၁ဝဝဝဝဝ၁ က စတင်သည်။ ပါတီဝင်အမှတ် ၁ဝဝဝဝဝ၁ ကို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ယူထားပြီး ထိုမှ တဆင့်ပြီးတဆင့် အမှတ်စဉ်ပေးသည်။ အမှတ်စဉ် ၁ဝဝဝ၂ဝဝ အထိကို လူကြီးများအတွက် ကန့်သတ်၍ ဖယ်ထားသည်။ ပါတီတိုးချဲ့ မှဝင်လာသူမှန်သမျှကို ၁၀ဝ၀၂၀၁ မှစတင်၍ နံပါတ်ပေး၏။ လူကြီးများ၏ ပါတီဝင်အမှတ်စဉ် နံပါတ်များကို သုတေသနပြုသောအခါ... 


ဦးနေဝင်း ၁ဝဝဝဝဝ၁ 

ဦးစန်းယု  ၁၁ဝဝဝဝ၃ 

ဦးသောင်းကြည်  ၁ဝဝဝဝဝ၅ 

ဦးမြင့်မောင်  ၁ဝဝဝဝ၂၅ 

ဦးရဲခေါင်  ၁ဝဝဝဝ၃၇ 

ဦးမောင်မောင်ခ  ၁ဝဝဝဝ၄၂ 

ဦးသာကျော်   ၁ဝဝဝဝ၄၇ 

ဒေါက်တာမောင်မောင် ၁၁ဝဝဝ၆ဝ 

ဗိုလ်ချုပ်မင်းခေါင်  ၁ဝဝဝဝ၈၆

ဦးကျော်ငြိမ်း  ၁ဝဝဝ၁၂၈ 

ဦးစိန်လွင်  ၁ဝဝဝ၁၃၇ စသည်ဖြင့် ကနဦးပါတီကို စတင်ဖွဲ့စည်းချိန်က ရာထူး၏အဆင့်အလိုက် နံပါတ်စဉ်အမှတ် ပေးထားသည်ကို တွေ့မြင်ရသည်။


ထိုစာရင်းတွင် ဦးနေဝင်း ၁ဝဝဝဝဝ၁ နှင့် ဦးစန်းယု ၁ဝဝဝဝဝ၃ အကြားတွင် အမှတ် ၁ဝဝဝဝဝ၂ ပျောက်နေသဖြင့် စုံစမ်းရာ စာရင်း အစအနကိုပင် မတွေ့နိုင်တော့ပေ။ သမိုင်းကို ပြန်၍လှန်မှ ၁၉၆၃ ခု၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးအား ရာထူးမှ ထုတ်ပယ်သဖြင့် ထိုရာထူးရှင်အတွက် ရည်ရွယ်လျာထားသော အမှတ် ၁ဝဝဝဝဝ၂ မရှိဘဲ ပါတီတွင် အုတ်တချပ် လပ်နေသည်ဟု တွက်ဆရ​ပေသည်။ 


အလားတူပင် ရာထူးမှ နုတ်ထွက်သူ ဗိုလ်မှူးချုပ် တီကလစ်၏ ပါတီဝင် နံပါတ် ၁၀ဝ၀ဝ၄ နှင့် ရာထူးမှ ဖယ်ရှားခံရသော စစ်ဗိုလ်များ၏ ယာယီအမှတ်များမှာလည်း ပျောက်ကွယ်နေသည်။ မော်ကွန်းတိုက်တွင် ထိုနံပါတ်ရှင်များ မည်သူမည်ဝါ ဖြစ်သည်ဟုပင် မှတ်တမ်းများ မထားတော့ဘဲ လက်စဖျောက်ထားသည်။ တပ်မတော်နှင့် ပါတီက ဖယ်ရှားသူများကို လူလောက၌ ရှိခဲ့သူများမဟုတ်ဟုဆိုပြီး သမိုင်းပါ ဖျောက်ဖျက်လေ့ရှိသည်။


ပြည်သူ့ပါတီကြီးဟု ကြေညာခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီသည် စစ်တပ်ပါတီသာ ဖြစ်သည်မှာ သိသာထင်ရှားပေ၏။ ပါတီတွင် တာဝန်ပေးချက်အရ ပါတီဌာနချုပ်၌ တာဝန်ထမ်းဆောင်ကြရင်း အလုပ်သဘောအရ ပါတီဝင်အများနှင့် ရင်းနှီးချစ်ခင်သဖြင့် ပြုတ်ရသည်လည်း ရှိသည်။ ပါတီညီလာခံတခုတွင် ကော်မတီရွေးပွဲ ကျင်းပရာ ဗိုလ်ချုပ်ကြီးစန်းယုက မဲအများဆုံးရရှိပြီး ဦးနေဝင်းက စတုတ္ထမဲအများဆုံး ရသူဖြစ်နေသည်။ ဒုတိယ မဲအများဆုံးရသူ ဗိုလ်ထွန်းလင်းနှင့် ဗိုလ်သန်းစိန်တို့အား သူ့ထက် မဲပိုမိုရရှိရပါမည်လောဟု ဦးနေဝင်းက လွန်စွာစိတ်ဆိုးကာ လူစုမွေးသည်၊ မဲဆွယ်သည်ဟု အကြောင်းပြကာ ပါတီမှ ထုတ်သည်။ ထုတ်ရုံနှင့်အားမရ၊ သမီးဖြစ်သူ၏ မင်္ဂလာဆောင်တွင် ဧည့်ခံရန် ပြည်သူ့ဆိုင်မှ နို့ဘူး ခိုးဝယ်သည်ဟူသောအမှုနှင့် ထောင်ချသေးသည်။ နောင်ကာလ ပါတီတွင်း ရွေးကောက်ပွဲများတွင် ပါတီခေါင်းဆောင်ငယ်များမှာ မဲများများမရအောင် ကြံဖန်ကြရရှာကြသည်။


မဆလပါတီတွင်း အရေးယူမှုကလည်း များပြားလှသည်။ “ချီလီနိုင်ငံတွင် ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ထောင်နေသည်။ ထိုကြောင့် ဒီမိုကရေစီနည်းနှင့် ဆိုရှယ်လစ်နိုင်ငံ တည်ထောင်နိုင်သည်”ဟု ပြောမိသူလည်း အရေးယူခံရသည်။ စစ်ဖက်နှင့်အရပ်သားဘက် သွေးခွဲသူဟု စွပ်စွဲ၍ ဖြုတ်ချသူလည်း အများရှိ၏။ ၁၉၆၈ ခုနှစ်က ပါတီဝင် ၂၃၁, ၉၅၁ ရှိရာတွင် ၅၂၁ ဦးကို ပါတီမှ ထုတ်ပယ်ခဲ့သည်။


၁၉၇၁ ခုနှစ်က ပါတီညီလာခံသို့ တင်သွင်းသော စည်းရုံးရေး ဗဟိုကော်မတီ အစီရင်ခံစာတွင် ပါတီကေဒါပေါင်း ၃၇၅ ဦးတို့ကို တာဝန်မှ ရုပ်သိမ်းခဲ့ကြောင်း၊ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရသူ ၁,၆၂၉ ဦး ရှိကြောင်း ဖော်ပြထား၏။


“ပါတီဗဟိုကော်မတီဝင် ၄ ဦးနှင့် ပါတီယူနစ်အမှုဆောင် ကော်မတီဝင် ၇ ဦးတို့သည် ပါတီစည်းကမ်းကို ချိုးဖောက်သည့်ပြင် နိုင်ငံတော်လုံခြုံရေးအတွက် ထိန်းသိမ်းထားခြင်း ခံနေရသည်ဖြစ်သဖြင့် ပါတီတာဝန်များ ရပ်ဆိုင်းထားကာ ပါတီစည်းကမ်းအရ အရေးယူနေပါသည်”ဟု ၁၉၇၃ ခု၊ ဧပြီလ အရေးပေါ် ပါတီညီလာခံ အစီရင်ခံစာတွင် ဖော်ပြထားသည်။


၁၉၄၈ ခု၊ ပြည်တွင်းစစ် စတင်စဉ်က ဗိုလ်နေဝင်း အတည်ပြုခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု ဥပဒေ (ပုဒ်မ ၅) သည် သူ၏ရာထူးသက် တသက်လုံး အသုံးဝင်သောဥပဒေ ဖြစ်ခဲ့သည်။


ဦးနေဝင်းသည် ပြည်သူလူထုများ၊ ရဲဘော်ရဲဘက် တပ်မတော်ခေါင်းဆောင်များနှင့် ပါတီခေါင်းဆောင်များကိုပါ ခြင်ကောင် ယင်ကောင်ကလေးများသဖွယ် ဖျတ်ကနဲ ဖျတ်ကနဲ သတ်ဖြတ်နေသည်ကို အင်အားကြီးလှသော ဗမာ့တပ်မတော်ကြီးတခုလုံး တုတ်တုတ်မှ မလှုပ်ရဲဘဲ သတိအနေအထားနှင့် ပါးရိုက်ခံနေခဲ့ကြသည်။


တပ်မတော်သည် ပြည်သူတို့၏သားသမီးများ ဖြစ်ကြသဖြင့် အမှန်တရားကို သိကြမည်ဖြစ်သည်။ သို့သော်လည်း အခွင့်အရေးမက်မောသဖြင့်လည်းကောင်း၊ တင်းကြပ်သည့် ဖက်ဆစ်တပ်အုပ်ချူပ်ရေးစနစ်ကို ကြောက်ရွံ့သဖြင့်လည်းကောင်း၊ လက်ရှိဖက်ဆစ်စနစ်ကို တော်လှန်ရဲသူ တပ်မတော်အတွင်း၌ တယောက်မှမရှိ။ သူတို့သည် ဦးနေဝင်းက နိုင်ငံတခုလုံးကို ဓားပြတိုက်နေခြင်းကို သိရှိပါလျက် ကြောက်ရွံ့ခြင်း၊ သူရဲဘောကြောင်ခြင်း၊ စားကြွင်းစားကျန် ဝေစုရနိုင်ခြင်းတို့ကြောင့် မည်သူတဦးတယောက်မှ ဦးနေဝင်းကို ပြန်မလှန်ပေ။


တပ်မတော်တွင် အမှန်ကိုလုပ်ရဲသူ တဦးသာရှိသည်။ သူကား သူရဲကောင်း ဗိုလ်ကြီးအုန်းကျော်မြင့် ဖြစ်ပါသည်။ ဗိုလ်ကြီး အုန်းကျော်မြင့်သည် တော်လှန်ရေးအစိုးရနှင့် မဆလအစိုးရခေတ်တွင် တပ်မတော်တာဝန်ကို ထမ်းဆောင်ရင်း တပ်မတော်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းသည် တပ်မတော်နှင့် နိုင်ငံ၏အကျိုးစီးပွားကို လျစ်လျူရှုကာ သူနှင့်သူ၏မိသားစု ကိုယ်ကျိုးအတွက် နိုင်ငံပိုင်ပစ္စည်းများကို ခိုးဝှက်နေသည့် သူခိုးကြီးသာ ဖြစ်သည်ကို လေ့လာသိရှိမိရှာသည်။


တပ်မတော်ကြီး လမ်းစဉ်မှားနေပြီဟု သိလျှင်သိခြင်း သူခိုး ဗိုလ်ချုပ်ကို လုပ်ကြံမှသာ တပ်မတော်ကို အမှန်လမ်းကြောင်းသို့ ပြင်ဆင် ပို့ဆောင်နိုင်မည်ဟု ယူဆကာ နိုင်ငံပိုင်ပစ္စည်းများကို မတရားခိုးဝှက်ပြီး တပ်မတော်၏သိက္ခာကိုဖျက်သူ ဗိုလ်ချုပ်ကြီးအား လုပ်ကြံရန် အားထုတ်ခဲ့သည်။


သူ၏အကြံကို ထိပ်ပိုင်းရှိ တပ်မတော်ခေါင်းဆောင်များကို လျှို့ဝှက်တင်ပြသည်။ ထိုစစ်ဗိုလ်ခေါင်းဆောင်ကြီးများက ဗိုလ်ကြီးအုန်းကျော်မြင့်အား တားဆီးခြင်း မပြုကြပေ။ ထို့ပြင် ကြံစည်မှုရှိနေကြောင်းကိုလည်း ဗိုလ်နေဝင်းအား အသိပေးရန် တာဝန်ရှိပါလျက် တင်ပြခြင်း မပြုကြ၊ ဗိုလ်နေဝင်း လုပ်ကြံခံရလျှင် သူတို့လည်း အသက်ရှူချောင်မည်ဟု ယူဆကြသည်။


သို့သော် စစ်စုံထောက်ကြီး ဗိုလ်တင်ဦး သိသွားသဖြင့် ဗိုလ်ကြီးအုန်းကျော်မြင့်မှာ အောင်မြင်မှုမရခဲ့ရှာပေ။ သူနှင့်တကွ စစ်ဗိုလ် ၁၄ ဦး တို့ကို ၁၉၇၄ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့သည်။ ထိုစဉ်က တပ်မတော် စစ်ဦးစီးချုပ်သေနာပတိ ဗိုလ်ချုပ်ကြီးတင်ဦးကိုပါ ဦးနေဝင်းက ဖမ်းဆီးခဲ့သည်။ 


သူရဲကောင်း ဗိုလ်ကြီးအုန်းကျော်မြင့်အား သေဒဏ်ပေးကာ ကွပ်မျက်ခဲ့သည့် ဦးနေဝင်း၏ ဖြုတ်ထုတ်သတ်လမ်းစဉ်အောက်မှ တပ်မတော်တွင် ယောက်ျားပီသသူဟူ၍ ဗိုလ်ကြီးအုန်းကျော်မြင့်တဦးသာ ရှိသည်ဟုဆိုရပေ

မည်။


အပိုင်း(၈)(ဇာတ်သိမ်းပိုင်း)ဆက်ရန်

ကြေးမုံ ဦ​သောင်း


No comments:

Post a Comment