Monday, August 8, 2022

ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ(အပိုင်း - ၈)(ဇာတ်သိမ်းပိုင်း)

၂၄။ ဗိုလ်နေဝင်း၏ အကြီးဆုံးသော ရာဇဝတ်မှု


ဗိုလ်နေဝင်းသည် နိုင်ငံသားများကို ထောင်သွင်းခြင်း၊ ကိုကိုးကျွန်း အကျဉ်းထောင်ဆောက်၍ ညှဉ်းဆဲခြင်း၊ ဝင်ငွေကောင်းသော အသက်မွေးမှု လုပ်ငန်းမှန်သမျှကို စစ်သားများကိုသာ လုပ်ပိုင်ခွင့်ပေးခြင်းတို့ဖြင့် လူထုအား အမျိုးမျိုး ညှဉ်းဆဲခဲ့သည်။


ဇူလိုင် ၇ တွင် ကျောင်းသားများကို သတ်ခဲ့သည်နှင့် အားမရသေးသဖြင့် “စစ်တပ်ဆိုတာ ပစ်လျှင် မှန်အောင်ပစ်တယ်”ဟု ပြည်သူလူထုကြီးအား တီဗီမှန်သားပြင်မှ မျက်မှောင်ကြုတ်၍ မာန်မဲပြောဆိုပြီး စစ်တပ်လက်သို့ လွှဲအပ်ခဲ့သဖြင့် စစ်တပ်က ထောင်နှင့်ချီသော ဒီမိုကရေစီ ဆန္ဒပြသူများအား ပစ်သတ်ခဲ့သည်။


ရွှေတိဂုံစိန်ဖူးတော်မှ ရတနာများမှ စတင်ကာ တိုင်းပြည်ချမ်းသာသမျှ သယံဇာတနှင့် ရတနာများကို ခိုးဝှက်ကာ နိုင်ငံခြားသို့ သွားရောက် သုံးဖြုန်းသည်သာမက နိုင်ငံတခုလုံး မွဲပြာကျစေသည်အထိ ခိုးဝှက်၍ သားစဉ် မြေးဆက် စားနိုင်အောင် နိုင်ငံခြားသို့ ပို့ခဲ့သည်။


သူကျူးလွန်သော ရာဇဝတ်မှုများသည် ကြီးမားများပြားလှသည်။ သူ၏ရာဇဝတ်မှုများတွင် အကြီးဆုံးသောအမှုမှာ သူ၏လက်ထက်မှ သူလွန်သောခေတ်အထိ စစ်တပ်မင်းဆက် တလျှောက်လုံးတွင် နောက်ပေါက် လူငယ်မှန်သမျှ ပညာမတတ်အောင် တက္ကသိုလ်အထက်တန်း ပညာသင်ကျောင်းများကို ပိတ်ထားခဲ့မှုဖြစ်သည်။ ထို့ပြင် မြန်မာစာကို ဖျက်စီးခဲ့သည့် ရာဇဝတ်မှုကလည်း ကြီးမားလှသည်။


“ထိုမင်း၏ ပါယ်မယားတယောက်သော်ကား တြိလောကဝဋ် သကာဒေဝီမည်၏။ ထိုပါယ်မယားသားတမူလည်း ရာဇကုမာရ်မည်၏”ဟု သက္ကရာဇ် ၄၇၄ ခုက ပုဂံမြို့တွင် ထွင်းထု၍ မှတ်တမ်းတင်ခဲ့သော မြစေတီကျောက်စာခေတ်မှ စတင်၍ မြန်မာစာ ပေါ်ပေါက်ထွန်းကားခဲ့သည်။ ထိုမှတဆင့် “သိုးကလေ၊ ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား ပန်းစကား” စသော ကြည်နူးသာယာ ရသဖြာစေသည့် ကဗျာလင်္ကာများ ပေါ်ထွန်းလာခဲ့သည်။ မြန်မာနိုင်ငံသည် စာပေဖွံ့ဖြိုးသဖြင့် ယဉ်ကျေးမှုတိုးတက်ကာ စီးပွားရေးပါ တောင့်တင်းခိုင်မာသော နိုင်ငံတခုအဖြစ် ရပ်တည်ကြီးပွား ထွန်းကားလာခဲ့သည်။ ယင်းသို့ နိုင်ငံတိုးတက်ကြီးပွားမှု၏ အဓိကအင်အားဖြစ်သော မြန်မာစာပေအင်အားသည် မျိုးခြားသူအင်္ဂလိပ်တို့၏ ကျွန်ဘဝသို့ ရောက်ရှိကြသောအခါ နိမ့်ကျယိုယွင်းသွားခဲ့သည်။


မြန်မာမင်းများခေတ်က အစဉ်အဆက် ထွန်းကားခဲ့သော ပျို့၊ ကဗျာ၊ ရတု၊ ရကန် စသည်တို့မှ စကားပြေအထိသော မြန်မာစာပေသည် ပေစာ၊ ပရပိုက်များပေါ်တွင်သာ တည်ရှိလေသဖြင့် အင်္ဂလိပ်တို့၏ ကျွန်ဘဝသို့ အရောက်တွင် တိမ်ကောပပျောက်ရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ အညွန့်တလူလူ ဝေဆာပွင့်လင်းခဲ့သော မြန်မာစာပေ နိမ့်ကျပျက်ပြားပါလျှင် မြန်မာတို့အဖို့ ချစ်မြတ်နိုးရန် စာပေယဉ်ကျေးမှုရှိတော့မည် မဟုတ်သဖြင့် နိုင်ငံရေး မျိုးချစ်စိတ်ဓာတ်သည်လည်း အားလျော့ ပျော့ပြောင်း​နေ​ချေမည်၊ လွတ်လပ်ရေးတိုက်ပွဲ အားမာန်မှာလည်း တင်းမာမှုရှိမည် မဟုတ်ပေ။


လူမျိုးတမျိုးအဖို့ စာပေမြင့်မှသာ လူမျိုးတင့်ပေသည်ဟူသော သဘောတရားကို ဆင်ခြင်မိသူတဦးသည် မြန်မာစာပေ ပြန်လည်ဖော်ထုတ်၍ မြင့်တင်ရေးကို အားထုတ်ကြိုးပမ်းခဲ့လေသည်။ ထိုသူမှာ မြန်မာ မဟုတ် အင်္ဂလိပ်အစိုးရ၏ ဝန်ထမ်းအရာရှိကြီးတဦးဖြစ်သည်။


ဒေါက်တာဂျေအက်စ်ဖာနီဗယ် {၁၈၇၈-၁၉၆၀)သည် ၁၉၀၂ ခုနှစ်တွင် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်) အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် ကြေးတိုင်မင်းကြီးအဖြစ် အမှုထမ်းခဲ့ရာမှ မြန်မာနိုင်ငံကို ချစ်ခင်မြတ်နိုးသူ မျိုးချစ်တဦး ဖြစ်လာခဲ့သည်။ မြန်မာရှမ်းအမျိုးသမီးတဦးနှင့် အိမ်ထောင်ပြုကာ မြန်မာတဦးအသွင် နေထိုင်ခဲ့သည်။


မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့စီးပွားရေးအခြေအနေ ကျဆင်းနေသဖြင့် မြန်မာအမျိုးသားတို့အဖို့ မြန်မာစာပေထွန်းကားမှု မရှိပါက လက်ရှိတဝထက် အောက်ကျနောက်ကျဖြစ်ကာ နစ်မြုပ်နေသော ကျွန်တွင်းမှ ထွက်နိုင်မည် မဟုတ်သဖြင့် စာပေဖွံ့ဖြိုးရေးကို ကူညီပါဟု မစ္စတာ ဖာနီဗယ်က ပြည်ထဲရေးဝန်ကြီး ဦးမေအောင်အား ချဉ်းကပ်ခဲ့ရာမှ မြန်မာနိုင်ငံ သုတေသနအသင်းကြီးကို ၁၉၁၀ ခုတွင် တည်ထောင်နိုင်ခဲ့သည်။


အသင်းကြီးဖြစ်ပေါ်လာသောအခါ ပညာကျော်ဆရာကြီး ဦးဖေမောင်တင်နှင့် ပူးပေါင်းကာ ဂန္တလောကဂျာနယ်ကို တည်ထောင်ထုတ်ဝေခဲ့သည်။ “မြေအုတ်များပြိုလေသော် ကျောက်အုတ်များနှင့် တည်ဆောက်အံ့”ဟူသော ဆောင်ပုဒ်ကိုချမှတ်ကာ မြန်မာစာပေဟောင်းများ တည်းဖြတ် ပုံနှိပ်ရေးကို စတင်အားထုတ်ခဲ့သည်။


ဂျီစီဘီအေအဖွဲ့ကြီးက မြန်မာများ ကိုယ်ပိုင်အုပ်ချုပ်ရေးမှတဆင့် လွတ်လပ်ရေးကိုပေးရန် တောင်းဆိုသောအခါ အင်္ဂလိပ်အစိုးရနှင့် အရာရှိကြီးများက မြန်မာများ အရည်အသွေးမပြည့်သေးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မတန်သေးဟု ခေါင်းခါခဲ့ကြသည်။ ထိုစဉ်ခိုက်တွင် အင်္ဂလိပ်အမျိုးသား အင်္ဂလိပ်အစိုးရအရာရှိတဦးဖြစ်သူ ဖာနီဗယ်က မိမိလူမျိုးနှင့် မိမိ၏အစိုးရကို ဆန့်ကျင်ကာ “မြန်မာတို့သည် ရှင်သန်ကြီးထွားသော စာပေယဉ်ကျေးမှုအရ လွတ်လပ်ရေးနှင့် ထိုက်တန်နေပေပြီ”ဟု ဝိုက်ကော်မတီ စုံစမ်းရေးအဖွဲ့၌ ထုတ်ဖော်ထွက်ဆိုကာ “မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးသင့်ပါပြီ”ဟု အကြံပေးခဲ့သည်။


မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန် အင်္ဂလိပ်အစိုးရက နှောင့်နှေးနေသည်ကို မကျေနပ်သဖြင့် အမှုထမ်းသက် ၂ဝ တွင် ရာထူးမှထွက်ခဲ့သည့်အထိ စေတနာကြီးခဲ့ပေသည်။ မြန်မာနိုင်ငံတွင်ပင် ဆက်လက်နေထိုင်ကာ  လွတ်လပ်ရေးတိုက်ပွဲတွင် မြန်မာလူငယ်များ ပညာဗဟုသုတ ဖွံ့ဖြိုးရေးအတွက် စာအုပ်ဆိုင်ဖွင့်ကာ အားထုတ်ခဲ့သည်။ မြန်မာလူငယ်များ ကွန်မြူနစ်ဝါဒ၊ ဖေဘီယံဝါဒ၊ ဆိုရှယ်လစ်ဝါဒ စသည်တို့မှ အနောက်တိုင်းစာပေ ယဉ်ကျေးမှုများ နိုင်ငံရေးလမ်းစဉ်များကို လေ့လာဆည်းပူးနိုင်ကြရန် အားထုတ်ခဲ့သည်။


ဂျာနယ်အယ်ဒီတာ မောင်ဘသောင်းသည် သခင်ပါတီ၏ဗိသုကာ သခင်ဘသောင်း ဖြစ်လာခဲ့သည်။ သင်္ချာဘွဲ့ရ ကိုသိန်းမောင်အား စာအုပ်ရောင်းဝယ်မှုပညာ သင်ကြားရန် ဘိလပ်သို့စေလွှတ်ရာမှ အပြန်တွင် သခင်ပါတီကို အစဉ်တစိုက် ဦးစီးသော သခင်သိန်းမောင် ဖြစ်လာသည်။ ဖာနီဗယ် မရှိလျှင် တို့ဗမာအစည်းအရုံးပင် ပေါ်ပေါက်လာကောင်းမှ ပေါ်ပေါက်ပေမည်။


၁၉၃၀ ခုနှစ်တွင်မူ ဖာနီဗယ်သည် အင်ဒိုနီးရှားသို့ ဆယ်နှစ်တိုင်သွားရောက်ကာ ကိုလိုနီလက်အောက်နိုင်ငံများ၏ စီးပွားရေးစနစ်ကို လေ့လာနေခဲ့စဉ် မြန်မာနိုင်ငံလွတ်လပ်သောခေတ်သို့ ရောက်သောအခါ ကြီးမားသော သူ့ကျေးဇူးကိုသိရှိသူ ဝန်ကြီးချုပ်သခင်နုက ပင့်ခေါ်၍ အစိုးရစီမံကိန်း ပါရဂူအဖြစ် ရာထူးပေးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် သတိုးသီရိသုဓမ္မဘွဲ့ ကို ပေးအပ်သည်။ ရန်ကုန်တက္ကသိုလ်က ဒေါက်တာဘွဲ့ ချီးမြင့်သည်။ “၁၈၆၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်ခေတ်သစ်မြန်မာပြည်၏လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု”ကျမ်းကြီးကို ပြုစုခဲ့သည်။


“ဒေါက်တာဖာနီဗယ်သည် အင်္ဂလိပ်လူမျိုးတို့၏ ရုပ်အဆင်းသဏ္ဌာန်ရှိသော်လည်း သူ၏စိတ်ဓာတ်မှာ မြန်မာတယောက်အသွင် ထင်ဟပ်ကာ မြန်မာစကားကိုသာ ပီသစွာပြောသည်။ ပညာမာန၊ လူမျိုးမာန၊ ရာထူးမာနမရှိဘဲ သူ၏အတွေးအခေါ်တို့သည် သင်တုံးနှင့် ဖြတ်သကဲ့သို့ တိတိပိုင်းပိုင်း ရှိသည်။ သူသည် မထောက်မညှာ ပြောတတ်သော်လည်း အကြင်နာတရားအရှိဆုံး ဖြစ်သည်။ အစိုးရလောက၌ဖြစ်စေ၊ သတင်းစာလောက၌ဖြစ်စေ၊ ကုန်သည်လောက၌ဖြစ်စေ၊ နိုင်ငံရေးလောက၌ဖြစ်စေ အယုတ်တရားကို တွေ့အံ့။ သူသည် ပြစ်တင်ရှုံ့ချရန် ဝန်မလေးပေ”ဟု ပညာရှင်တဦးက ချီးကျူးသည်။


အယုတ်တရားအမှားကို မြင်လျှင် ပြစ်တင်ရန် ဝန်မလေးသူတို့တွင် ရန်ငြိုးသိုခြင်း ခံရမြဲမှာ ဓမ္မတာဖြစ်သည်။ အဘယ်အကြောင်းကြောင့်ဟူ၍ မသိရ။ ဗိုလ်ချုပ်ကြီးနေဝင်းက ဖာနီဗယ်ကို ကြီးမားစွာ မုန်းတီးခဲ့သည်။ ၁၉၅၈ ခု၊ အိမ်စောင့်အစိုးရတက်သည်နှင့် ဗိုလ်နေဝင်းက အကြံပေးအရာရှိကြီး ဖာနီဗယ်အား ရာထူးမှ ဖြုတ်ချခဲ့သည်။ ဗိုလ်နေဝင်းတဦးမှတပါး မြန်မာခေါင်းဆောင်များ၊ စာပေပညာရှင်များက ဖာနီဗယ်ကို ချစ်မြတ်နိုးကြသည်။ မြန်မာ့စွယ်စုံကျမ်းကြီးတွင် မြန်မာနှင့် ကမ္ဘာ့ခေါင်းဆောင်အရာအထောင်တို့၏သမိုင်းကို ဖော်ပြရာတွင် ဖာနီဗယ့်အား ချီးကျူးသကဲ့သို့ ထောမနာသော အောက်ပါစာပိုဒ်မျိုးကို မတွေ့ခဲ့ရသည့်တိုင် ထူးကဲစွာ ထောမနာထား၏။ 


“မြန်မာနိုင်ငံသားတို့အတွက် သူ၏အကျိုးဆောင်မှုလုပ်ငန်းတို့ကား အံ့ချီးဖွယ်ရာ ဖြစ်ပေသည်။ မြန်မာနိုင်ငံသုတေသနအသင်း၏ ကျေးဇူးကြောင့် မြန်မာပညာရပ်များ တိမ်ကောပပျောက်နေရာမှ မိုးဦးမြက်ခင်းပမာ ပြန်လည် လန်းဆန်းစိုပြည်လာခဲ့သည်။ မြန်မာပြည်စာအုပ်အသင်း၏ ကျေးဇူးကြောင့် မြန်မာတို့၏စာဖတ်ဝါသနာသည် ရေထဦး ဒီရေပမာ တိုးတက်လာခဲ့ပေသည်။ ဂန္တလောကစာစောင်၏ကျေးဇူးကြောင့် မြန်မာစာပေသည် နွေဦးပေါက်တောအုပ်ပမာ ပန်းမျိုးစုံ​ဝေဆာလာသည်။ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း၏ကျေးဇူးကြောင့် မြန်မာဘာသာပြန် ကမ္ဘာ့စာပေနှင့် သိပ္ပံပညာရပ်များသည် ဆန်းသစ်စ လပမာ တိုးတက် ပြည့်ဝလာခဲ့ပေသည်။ မြန်မာနိုင်ငံသည်လည်း အရှေ့တောင်အာရှတိုက်တွင် အိမ်တဆောင် မီးတပြောင်နှင့် လူတလုံးသူတလုံး နေနိုင်ခဲ့လေသည်။ ဒေါက်တာဖာနီဗယ်၏ကျေးဇူးကား မြန်မာနိုင်ငံအပေါ် ကြီးမားလှပေသည်။ မြန်မာနိုင်ငံ၏အကျိုးကို ဤမျှဆောင်ရွက်ခဲ့သဖြင့် ဗြိတိသျှနိုင်ငံသားတို့အတွက်လည်း လူမျိုးဂုဏ်မကြွားရအောင် ဆောင်ရွက်ခဲ့သူ ဖြစ်သဖြင့် ဂုဏ်ယူဖွယ်ရာကောင်းသော ယောက်ျားထူး ယောက်ျားမြတ်တယောက်ဖြစ်ပေသတည်း”


ဒေါက်တာဖာနီဗယ်နှင့် ဆရာကြီးဦးဖေမောင်တင်တို့ အားထုတ်ကြသည့် မြန်မာနိုင်ငံ သုတေသနအသင်းကြီး၏ စာတမ်းဖတ်ပွဲများသို့ မြန်မာမှုကို စိတ်ဝင်စားသော အင်္ဂလိပ်များနှင့် ဦးကောင်း၊ ဦးကျော်ထွန်း၊ ဦးခင်ဇော်၊ ဦးချစ်သောင်း၊ ဦးစံရွှေဘု၊ တော်စိန်ခို၊ ဦးဖေ၊ ဦးဘကျား၊ ဦးဘသိန်း၊ ဒေါက်တာဘဟန်၊ ဦးဘိုးကျား၊ ဦးဘိုးဖြူ၊ ဦးမေအောင်၊ ဦးမြ၊ ဦးရွှေဇံအောင်၊ ဦးလင်း၊ ဆရာလွန်း၊ ဒေါက်တာလှဖေ၊ ဦးအောင်သိန်း၊ ဦးစောမောင်၊ ဦးစောကြွယ်၊ ဦးဝန်၊ ဦးသိန်းဟန် စသော ပညာရှင်ကြီးများ၏စာတမ်းများ တင်ကြသည်ကို စာစောင် ၄၅ စောင် ထုတ်ဝေကာ မှတ်တမ်းတင်နိုင်ခဲ့သည်။


ထို့ပြင် မြန်မာမင်းများလက်ထက်က သီကုံးခဲ့သော မြန်မာစာပေများ ပျောက်ကွယ်မသွားစေရန် ပေစာ၊ ပုရပိုက်စာများမှ ကူးယူတည်းဖြတ် ပုံနှိပ်သောလုပ်ငန်းကိုလည်း လုပ်ဆောင်ကြသည်။


ဩဝါဒထူးပျို့မှ စတင်ပုံနှိပ်ခဲ့သည်။ ဆက်လက်၍ ဒေဝကုမ္ဘာန် ပြဇာတ်၊ ဥတိနပျို့၊ မဟာသီလပျို့၊ မင်္ဂလသုတ်ပျို့၊ ရာဇောဝါဒကျမ်း၊ အင်းဝမြို့ဘွဲ့ ၁၂ ရာသီလူးတား၊ ဂဝံပတိ၊ ရေစကြို၊ ခုံတော်ဖြတ်ထုံး၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ ဦးကုလား မဟာရာဇဝင်ကြီး၊ လောကသာရပျို့၊ ကန်တော်မင်ကျောင်း မေတ္တာစာ၊ မဟာပညာကျော် လျှောက်ထုံး၊ ကျပင်းတရားစာပေ၊ ပဒေသာသီချင်းများ၊ ပါပဟိန်ပြဇာတ်၊ ရွှေပြည်စိုးဝတ္ထု၊ စံပယ်ပင်ဝတ္ထု၊ ဥမ္မာဒန္တီပျို့၊ သုတသောမပျို့၊ ဂါမဏိစန္ဒာပျို့၊ ကင်းဝန်မင်းကြီးသမိုင်း၊ ကျည်ကန်ရှင်ကြီး မေတ္တာစာ၊ နတ်ရှင်နောင်ဆိုရတု၊ တရုတ်သံရောက်မော်ကွန်း၊ ရဲတင်းမော်ကွန်း၊ အာသံနိုင်မော်ကွန်း၊ ဦးပုည မေတ္တာစာ၊ ဦးပုညသာသနာလျောက်နှင့် ဆွမ်းတော်ကြီးစာတမ်း အထူးကောက်နုတ်ချက်ဇာတ်ဝတ္ထု၊ ပြည်မြို့ဘွဲ့လင်္ကာညွန့်ပေါင်း၊ မာတောဝါဒဆုံးမစာ၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ စိန္တကျော်သူဆိုရတုများ၊ ဘိုးတော် ရှင်ဧချင်းနှင့် မင်္ဂလာလူးတား၊ မွေ့နွန်းရကန်၊ ရာမရကန်၊ အသျှင်ဥက္ကံသ မာလာ မေတ္တာစာ စသည်တို့ကို ပုံနှိပ်နိုင်ခဲ့သည်။


ထိုမြန်မာစာပေ အဆီအနှစ်များမှာ ကျောင်းကြိုကျောင်းကြား၊ ဇရပ်ကြိုဇရပ်ကြားတို့တွင် အမှိုက်သရိုက်များအဖြစ် လေလွင့်ပျောက်ကွယ်လုဆဲဆဲတွင် အသင်းကြီးနှင့် ရှေးပညာရှိကြီးများက ရှာဖွေသုတ်သင် ပုံနှိပ်ကြသဖြင့် နောင်လာနောက်သားတို့ ဖတ်ရှုနိုင်ကြရသည်။


အသင်းကြီး၏ကျေးဇူးကား အတိုင်းအဆမရှိ ကြီးမားလှသည်။ ဆရာတော်ရှင်ဥတ္တမကျော်သည် တောလားများကို ဖွဲ့ဆိုတော်မူခဲ့သည်။ သက္ကရာဇ် ၈၄၅ ခုကာလ အင်းဝဘုရင်ဒုတိယမင်းခေါင် သားတော် ရွှေနန်းကြော့ရှင်က ကျောင်းဆောက်လုပ် လှူဒါန်းသည်ကိုပင် လက်မခံဘဲ တောတွင်သာ ပျော်ခဲ့သည်။ တောကိုသာ စာဖွဲ့ခဲ့ရာ တောလားများ ဖွဲ့ခဲ့ပေမည်ဟု ယူဆရသည်။ စာများပျောက်နေသည်။ အသင်းကြီးက အချိန်မီ ကြိုးစားရှာဖွေပါသော်လည်း တောလား ၉ ပုဒ်ကိုသာ တွေ့ရတော့သည်။ 


“သဘင်ဂိမာန်၊ တာသင်္ကြန်ဟု လေပြန်လွှင့်ကူ၊ ဘုံသစ်ထူ၍၊ ဥဏှဂူနတ်၊ ဖန်ရဟတ်လည်း၊ သဟဿရောင်၊ ခြည်တထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာကာနှိမ်လျက်၊ ပြင်းရှိန်အန္တ၊ ကုန်စွမ်းပြသော်၊ လေခမြေသက်၊ ဈာန်ဝိဘက်သို့၊ သစ်ရွက်ရောရီ၊ ဣန္ဒနီဝယ်၊ သိဂီတဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့...”။


“တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရန်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အဝါဘောင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေး ရန်ချင်းတွေ့သော်၊ ခိုးငွေ့ လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့ ..." ။


စာလုံးများကို ဖွဲ့သီထားပါလျက် ဆေးရောင်စုံပန်းချီကားကို ရှုစားရသကဲ့သို့ ဖွဲ့ဆိုထားသည်။ ဤစာများပါ ပျောက်ကွယ်ခဲ့ပါလျှင် မြန်မာတမျိုးသားလုံး အကျိုးနည်းရချေမည်။


ယင်းကဲ့သို့ မြန်မာစာပေကို ဖော်ထုတ်ကာ စာပေချစ်ကြစေရန် မျိုးချစ်စိတ်ကိုနှိုး၍ မြန်မာ့လွတ်လပ်ရေးကို တိုက်ခိုက်ခဲ့သော အသင်းကြီးမှာ ၁၉၈၀ ခုနှစ်တွင် ရုတ်တရက် သတ်ဖြတ်ဖျက်ဆီးခြင်းခဲ့ရသည်။


မဆလအဖွဲ့ကြီး၏ ဥက္ကဋ္ဌကြီး၊ အာဏာရှင်ဗိုလ်နေဝင်းက ပညာရေးဝန်ကြီး ဒေါက်တာညီညီအား အိမ်တော်သို့ ဆင့်ခေါ်ပြီး “ဒီအသင်းကို ဖျက်လိုက်"ဟု တချက်လွှတ် အမိန့်ပြန်သည်။


ဒေါက်တာဖာနီဗယ်၊ ဆရာကြီးဦးဖေမောင်တင်နှင့် မြန်မာပညာရှင်ကြီးများ နှစ်ပေါင်း ၇၀ တိုင် ပြန်လည်ဖော်ထုတ်ခဲ့သော မြန်မာစာပေ အထောင်အသောင်းမှာ ဗိုလ်နေဝင်း၏ “ဒီအသင်းကို ဖျက်လိုက်”ဟူသော စကားလုံး ၆ လုံးနှင့် ကျေပြုန်းရရှာတော့သည်။


အဘယ်ကြောင့် အသင်းကြီးကို ဖျက်စေအမိန့် ချမှတ်သည်ကို ဒေါက်တာညီညီအဖို့ မမေးဝံ့ရှာပေ။ သုတေသီများ အကြောင်းရှာကြသော်လည်း မရကြ။ သတင်းထောက်တဦးကမူ သုတေသနအသင်းကြီးကို ဗိုလ်နေဝင်းက ဖျက်မိန့်ထုတ်ခဲ့သည်နှင့် ပတ်သက်၍ “ဗိုလ်ချုပ်ကြီးကတော် ဒေါ်ခင်မေသန်းက ဖင်တုံးကြီးကြီးနဲ့ ဟိုတိုက်သည်တိုက် တိုက်လေ့ရှိတာကိုး”ဟု ပြောသည်။ သူ့တွင် မှတ်တမ်းရှိ၏။


၁၉၆၆ ခု မတ်လနှောင်းက ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းကြီး၏ စာတမ်းဖတ်ပွဲမှာ ထူးခြားစွာ အောင်မြင်ခဲ့သည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေဝင်းက သုတေသီများကို ဖိတ်ကြားကာ ညစာစားပွဲနှင့် ဧည့်ခံပြုစုသောအခါ အဖျော်ယမကာများ တိုက်ကျွေးသည်။ သုတေသီများမှာ တက္ကသိုလ်ဆရာများ ဖြစ်ကြသော်လည်း ထိုအချိန်တွင် အရပ်ထဲ၌ နိုင်ငံခြားဖြစ်အရက်များ ရှားပါးနေသည်ဖြစ်သဖြင့် ဧည့်သည်တော်တို့ အဖို့ ရေငတ်ခိုက် ရေတွင်းထဲသို့ ဆင်းမိကြသဖြင့် မူးယစ်သူများပြားသည်။


အိမ်ရှင်ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း ကြီးစွာထွေနေသည်။ ထိုစဉ်ခိုက်တွင် နိုင်ငံတော်၏အကြီးအကဲကတော် ထိပ်သီးအမျိုးသမီးကြီး ဒေါ်ခင်မေသန်းသည် ဧည့်သည်တော်တဦးနှင့် တင်ပါးချင်း ပွတ်ထိမိကြသည်ဟု မှတ်တမ်းက ဆိုသည်။ ထိုအဖြစ်ကို ကွက်ခနဲမြင်လိုက်သော ဗိုလ်နေဝင်းက မိမိ၏ဇနီးကို အသားယူသည်ဟု ယူဆပြီး ဒေါသအိုး ပေါက်ကွဲခဲ့သည်။


ချက်ချင်းပင် အိမ်တော်တံခါးကို ပိတ်လိုက်ပြီး ဇနီးသည်အား စော်ကားသူဟု သူက ထင်မြင်သူမှန်သမျှကို လိုက်လံရှာဖွေ၍ ကိုယ်တိုင် လက်ဝါးစောင်းနှင့် ရိုက်နှက်သည်။ ကန်ကျောက်သည်။ လက်ပါးစေ စစ်စုံထောက်များကလည်း ကျောင်းဆရာများကို ရိုက်နှက်ကြသည်။ ရိုက်သူများရော ခံရသူများပါ မူးယစ်နေကြသည်။ ဒေါ်ခင်မေသန်းနှင့် တင်ပါးချင်း ထိလိုက်သူဆိုသူ မည်သူဟူ၍လည်း သိသူ မရှိ၊ ဗိုလ်ချုပ်ကြီး၏မျက်စိမှာလည်း ရီဝေနေသဖြင့် သဲကွဲစွာ မမြင်လိုက်ဟု ဆိုသည်။ ဧည့်ခံပွဲ ရုတ်သိမ်းသောအခါ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ ဆရာ ၃ ဦးမှာ ဒဏ်ရာပြင်းသဖြင့် သတိလစ်နေကြရှာသည်။ အိမ်တော်မှကားနှင့် လိုက်ပို့ရသည်။ မျိုးချစ်ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင် မန်းတက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင်မှာ ရက်အနည်းငယ်အတွင်း ကွယ်လွန်ရရှာသည်။


ကြာမြင့်ပြီဖြစ်သော ဖြစ်ရပ်ကို သတိရကာ စိတ်ဆိုးပြန်သဖြင့် အသင်းကြီးကို ဖျက်အမိန့်ထုတ်သည်ဟု ယူဆသူများရှိသည်။ ဤအတိုင်း မှန်ပါက ဗိုလ်နေဝင်းသည် သိမ်ဖျင်းလှတော့သည်။


ဗိုလ်နေဝင်းက သုတေသနအသင်းကြီးကို ဖျက်သည်မှာ သူ့ကိုယ်သူ မြန်မာစာပေပညာကျော်ကြီးဟု စိတ်ကြီးဝင်သောကြောင့်လည်း ဖြစ်နိုင်သည်။ ၁၉၆၅ ခုနှစ်က သူ၏အမိန့်နှင့် ဖွဲ့စည်းသော စစ်တက္ကသိုလ် မြန်မာစာဌာနမှူး ဗိုလ်မှူးဘသောင်းအား အတွင်းရေးမှူးခန့်ထားသည့် မြန်မာစာကော်မရှင်ကို ရှေ့တန်းတင်လိုသဖြင့် သုတေသနအသင်းကို ဖျက်သည်လည်း ဖြစ်နိုင်သည်။


သူသည် မည်သည့်စာအုပ်ကိုမှ အစမှအဆုံးအထိ ဖတ်လေ့မရှိဘဲ အစအနည်းငယ်၊ အလယ်အချို့နှင့် အဆုံးကို လှန်ကာမျှနှင့် စာပေကြောင်း ပြောလေ့ရှိသည်။ မဆီမဆိုင် နိုင်ငံရေးညီလာခံမှ ရန်ကုန်တက္ကသိုလ်မှ မြန်မာစာ မဟာပညာကျော်ဆရာကြီး မင်းသုဝဏ်အား “မကျက်တကျက် ပေါင်မုန့် ”ဟုဆိုပြီး ပုတ်ခတ်သည့်အထိ ပါးစပ်သရမ်းသူ ဖြစ်သည်။


စာပေကိစ္စမှန်သမျှ ဆရာကြီးလုပ်ချင်သည်။ အသေးအဖွဲ့က စပြီး ဝင်စွက်ဖက်လေ့ရှိသည်။ ၁၉၆၅ ခုက နိုင်ငံတော်အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီ လူကြီးတနေရာ လစ်လပ်သည်ကို စာအုပ်ဝေဖန်ရေး၌ အားသန်သူ ဆရာငွေဥဒေါင်းအား ခန့်ထားရန် စီစဉ်ထားသည်ကို တင်ပြသောအခါ “သူဝေဖန်တဲ့စာအုပ်ကို ငါ ဝယ်ဖတ်တယ်၊ မကြိုက်ဘူး။ သူ့ကို မခန့်နဲ့”ဟု ပယ်သဖြင့် ထိုနေရာကို သူနှင့် မျက်နှာကျောတည့်နေသူ စာရေးသူအား ခန့်ထားခြင်းခံခဲ့ရသည်။


ခက်သည်မှာ သူက မြန်မာစာပေကို မြှင့်တင်လိုသည်ဟု ပြောကာ ဖျက်ဆီးနေမှုဖြစ်သည်။ ဒေါက်တာမောင်မောင်က ရေးပေးရသည့် သူ့အကြောင်းစာအုပ်တွင် “ဗိုလ်ချုပ်သည် မြန်မာစာပေ စကားသုံးနှုန်း ရေးသားခြင်းကို ညီညွတ်စေချင်သည်။ သတ်ပုံကလည်း ကိုးရိုးကားရား၊ အကြောင်းအရာကလည်း ကိုးရိုးကားရားဖြစ်ကာ ပျက်နေပြီဖြစ်သဖြင့် စာပေကော်မရှင်ကို ဖွဲ့ပေးခဲ့သည်”ဟု ရေးသားထားသည်။


လက်တွေ့အားဖြင့် ကိုးရိုးကားရား သတ်ပုံများကို တီထွင်၍ အာဏာနှင့် အမိန့်ပေးသူမှာ ဗိုလ်နေဝင်းဖြစ်ပြီး အမှားကို အမှန်ပြုနေသူတို့မှာ သူ၏စစ်တပ်ဖြစ်၏။ ၁၉၇၈ ခုနှစ်က နေ့တနေ့တွင် ဗိုလ်နေဝင်းသည် စစ်ရေး၊ နိုင်ငံရေး ပြုဖွယ်ကိစ္စ တစုံတရာမှ မရှိသဖြင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့က ပုံနှိပ်ထုတ်ဝေသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို လှန်လောကြည့်ရှုရာမှ ထောင်းခနဲ ဒေါသထွက်ပြီး တာဝန်ရှိသူ ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းအား ဆင့်ခေါ်၍ ဆူပူသည်။ ထိုကျမ်းတွင် တဝမ်းပူနှင့် စာလုံးပေါင်းရသည့် ဝေါဟာရ ၂၀၉ ခုကို ဖော်ပြထားသည်။ တဇောက်ကန်းဟူသော စာလုံးမှ စတင်ပြီး တမတ်၊ တကျိတ်၊ တကြံ၊ တစုတအုပ် စသောစာများကို မှန်ကန်မှုမရှိဟု သူက ယူဆသည်။


သူ၏ရွှေဉာဏ်တော်ကွန့်မြူးချက်အရ မြန်မာစာတွင် တစ်ဟူသော ဂဏန်းအရေအတွက် စာလုံး၏ စာလုံးပေါင်းအမှန်မှာ တဝမ်းပူစသတ် တစ်ဖြစ်သည်ဟု ယူဆသဖြင့် “တစ်”ဟူသော စာလုံးမှန်သမျှ တဝမ်းပူ တလုံးတည်း မရေးရ၊ တဝမ်းပူကို စသတ်ရမည် ဟု အမိန့်ထုတ်သည်။ ဝန်ကြီးအဖို့ မဆလပါတီ စတင်တည်ထောင်သော ကြေညာချက်၌ “နိုင်ငံရေးပါတီကြီးတရပ်”ဟု ရေးသားစဉ်က တဝမ်းပူက စသတ်ခြင်း မပြုပါဟု ပြန်လည်တင်ပြလိုသော်လည်း မဝံ့ရဲသဖြင့် ခေါင်းငုံ့၍ ခံခဲ့ကာ တဝမ်းပူကို စသတ်၍ ရေးကြရမည်ဟု ထပ်ဆင့်အမိန့်ထုတ်ပြန်ရသည်။ ထိုအချိန်မှ စတင်ပြီး မှားသည် မှန်သည်ကို စဉ်းစားရန်မလို၊ ဗိုလ်ချုပ်ကြီး၏အမိန့်ကိုသာ ဦးခေါင်းထက်၌တင်၍ လုပ်ဆောင်သည့် စစ်အစိုးရမင်းဆက်တလျှောက်လုံး အစိုးရထုတ်စာမှန်သမျှတို့တွင် တဝမ်းပူမှန်သမျှ စသတ်၍ ရေးသား ပုံနှိပ်ကြရသည်။


မြန်မာစာပေလောကတွင် မြန်မာစာညွန့်ပေါင်းကျမ်းအမည်နှင့် အဓိကရကျမ်းကြီးတဆူ ရှိသည်။ ကျက်သရေဆောင် ရွှေစလွယ်ရပညာရှိ ဦးကျော်ထွန်းက တာဝန်ယူ၍ စုဆောင်းပြီး မြန်မာပညာကျော်များက ဝိုင်းဝန်းပြုစုသည့် ကျမ်းဖြစ်သည်။ ရှေးမြန်မာမင်းများခေတ်က ပြုစုရေးသားခဲ့သော ရတုရကန်၊ လင်္ကာ၊ စကားပြေ၊ ဇာတ်စကား၊ ဆုံးမစာ စသည်ဖြင့် မြန်မာစာမျိုးစုံတို့ကို တည်းဖြတ်ပုံနှိပ်ထားသည်။ မြန်မာမှုကို အားပေးရန် အင်္ဂလိပ်အစိုးရ၏ အစိုးရပုံနှိပ်တိုက်က ၁၉ဝ၇ ခုနှစ်တွင် ပုံနှိပ်ခဲ့သည်။


ထိုကျမ်းကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တာဝန်ပေးချက်အရ ၁၉၉၁ ခုနှစ်တွင် နအဖအစိုးရက ထပ်မံပုံနှိပ်သည်။ ဗိုလ်ချုပ်မှူးကြီးထက် သြဇာကြီးသူ ဗိုလ်ချုပ်ကြီးနေဝင်း၏ အမိန့်အာဏာအရ ကျမ်းတခုလုံးတွင် ရှိသော တဝမ်းပူများကို စသတ်ကာ ပုံနှိပ်သဖြင့် ပျို့၊ ကဗျာ၊ စကားပြေ၊ ရတု ရကန်၊ တေးများအထိ မူလဆရာကြီးများက တဝမ်းပူ တလုံးတည်း ရေးခဲ့သမျှကို စသတ်သဖြင့် မြန်မာစာမှန်သမျှ ပျက်စီးသွားသည်။ 


ဥပမာ ဂန္ဓမာတောင်သီချင်းကြီးတွင် မြ၀တီဦးစက “တမျှော်မျှော် ညှိုးလှော်ခွေပျောင်းညွှတ်မျှလေး”ဟု ဖွဲ့ခဲ့သည်ကို တဝမ်းပူကို စသတ်၍ “တစ်မျှော်မျှော်”ဟု ရေးထားသဖြင့် ကာရန်ထောင့်နေကာ သီဆို၍ မရအောင် ပျက်စီးသွားသည်။ 


အရပ်သားပုဂ္ဂလိက စာပေလောကမှ တဝမ်းပူကို စသတ်ရမည့် အမိန့်အာဏာတည်စေရန်အတွက် မြန်မာစာလုံးပေါင်းကို မလေးမစား ပေါင်း၍ ဖော်ပြလျှင် စာပေစီစစ်ရုံးက စာတလုံးကို ဆယ်ပြားဒဏ်ရိုက်နေသည်။ ယနေ့ ရန်ကုန်မြန်မာစာပေတွင် တဝမ်းပူတလုံးတည်း မည်သူမှ ပုံနှိပ်ခြင်း မပြုဝံ့ကြဘဲ တဝမ်းပူမှန်သမျှကို စသတ်၍ တစ်နေကြရသည်။ အချို့က တရုတ်ပြည်ကိုပင် တစ်ရုတ်ပြည်ဟု ပုံနှိပ်နေကြရရှာသည်။ ကြီးမားသောအမှားပါပေ။


ရူးပေါပေါခေတ်ထဲ 

“တစ်” ဆွဲတဲ့ မှိုင်းနော်။ 

ခေတ်မဆွဲ စစ်ကိုင်းပေါ်မှာ၊

သမိုင်းနော် ထင်ရှား


ဆရာမှိုင်း စာဖွဲ့သကဲ့သို့ တစ်ဟူသော ဂဏန်းအရေအတွက်ကို အထူးပြု၍ ရေးလျှင်သာ တဝမ်းပူကို စသတ်၍ ရေးသားရပါသည်။ သို့မဟုတ်ပါက တဝမ်းပူကို စသတ်၍ ရေးသားသမှု မပြုရပေ။ စသတ်ကို ချေ၍ ရေးရသည်။


အမွန်အစ မြန်မာစာပေဦးဖြစ်သည့် မြစေတီကျောက်စာတွင် “ထိုမင်း၏ ပါယ်မယားတယောက်သော်ကား” ဟု စမသတ်သော တဝမ်းပူနှင့် ရေးသည်။ ပထမမြန်မာကဗျာဖြစ်သော အနန္ဒသူရိယအမတ်ကြီး၏ ကဗျာတွင် “သူတည်းတယောက် ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ”ဟု တဝမ်းပူကို စ မသတ်ဘဲ ရေးခဲ့သည်။


ခရစ်နှစ် ၁၀၄၄ ခု အနော်ရထာ၏ သားတော်ရာဇကုမာ၏ခေတ်မှ ၁၉၆၅ ခု၊ ဗိုလ်နေဝင်း၏ မြန်မာစာကော်မရှင်ခေတ်အထိ နှစ်ပေါင်း ၉၂ နှစ်တိုင် မင်းစဉ်မင်းဆက် စာပေခေတ်တလျှောက်လုံး တစ်ကို တဝမ်းပူ စ မသတ်ဘဲ ရေးခဲ့သည်။ သူ၏ခေတ်တွင်မှ စသတ်ရမည်ဟု အမိန့်ထုတ်သည်ကို ဆရာမှိုင်းကြီးသာ ရှိသေးပါက “နေဝင်း ဉာဏ်တမိုက်တထွာလောက်ကယ်နှင့်”ဟု စာချိုးပေမည်။ 


မြန်မာစာပေတွင် တစ်ဟူသော စကားလုံးကို “စသတ်”ကို “ချေ”ပြီး စ မသတ်ပဲရေးသားကြသည့် သာဓက အထောက်အထား အထောင်အသောင်းရှိသည်။


“လမင်းဖြူစင်၊ ထွန်းတင်ပြုပြု၊ တဆယ့်နှစ်ရက်၊ စနေနေ့ဝယ်” 

(ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့)


“ချုံနွယ်ညွန့်၌၊ အတွန့်ရှောက်ရောက်၊ ငြိလေမြောက်အံ့၊ မျှလောက်၊ မွေးသက်၊ တမျှင်ရွက်ကို” 

(ရှင်မဟာသီလဝံသ၏ ပါရမီတော် ခန်းပျို့မှ စာမရီငှက်အမြီးတပင်အတွက် အသက်စွန့်ကြောင်းကဗျာ)


“အဝါဘောင်ဝယ်၊ မှောင်ဆာခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုန်ခဲ့တချက်၊ ယုဂန်ထက်က”

(ရှင်ဥတ္တမကျော်တောလားမှ တိမ်မိလ္လာဘွဲ့ )


“လျှာပြတ်အောင်ဟောသော်လည်း၊ ​ဟောရင်းသာ ပြန်တော်မူရမည်၊ ဆန်ဖြူဖြူတခွက်မျှ ထွက်နိုင်ပုံမရ” 

(ဦးပုည)


“စက္ကနကီ တပါဒေါ၊ တရာ့ရှစ်ကွက်သော စက်လက္ခဏာတို့ဖြင့် ကောင်းစွာ မှတ်အပ်သော ဘဝါးတော်ရှိသည်။ အဟောသိဖြစ်၏” 

(ကျည်းကန်ရှင်ကြီးမေး၊ ကျီးသဲလေးထပ် ကျောင်းဆရာတော်ဘုရားဖြေ စွယ်စုံ ကျော်ထင်ကျမ်း)


“တကျော့ကျေးကျွန်၊ ကာမဝန်ကား၊ ဆုံကျည်ပွေ့ကြိုက်၊ တကျိတ်ကျိတ်သို့” 

(မန်လည်ဆရာတော်ဘုရား၏ မာဃဒေဝလင်္ကာသစ်။)


“ထိုမြိုင်တဝန်း၊ စုံတသွန်းတွင်၊ ချစ်ပန်းတညှိုး ချစ်ညွန့်ပေါ့သား” 

(တွင်းသင်းမင်းကြီး၏ ဘလ္လာတိယပျို့)


မြောက်များစွာသော စာကဗျာများ၊ စကားပြေများတွင် တဝမ်းပူကို စ မသတ်ဘဲ ရေးခဲ့ကြသည်။ ယနေ့ စစ်အစိုးရများခေတ်တွင် တစ်ကို စ မသတ်သူ စာနယ်ဇင်းများကို ပြစ်ဒဏ်ခတ်သည့်အမိန့် ဥပဒေပြု၍ တင်းကြပ်စွာ အရေးယူနေသည်မှာ ကြီးစွာမှား၏။


ဗိုလ်နေဝင်းသည် တလုံးကို ပြင်သည်သာမက သဒ္ဒါကိုလည်း ပြင်ရဲသူ ဖြစ်သည်၊ သဒ္ဒါကိုလည်း ဖျက်ဆီးသည်။


“သဘာပတိကြီးမှ မိန့်ခွန်းပေးသည်လို့ ပြောရမယ်၊ ရေးရမယ်၊ ဒါမှ သဒ္ဒါမှန်တယ်”ဟု ဗိုလ်နေဝင်းက ညွှန်သဖြင့် မဆလအစိုးရခေတ်တလျှောက်လုံး “သဘာပတိကြီးမှ မိန့်ခွန်းပေးပါမည်” “ကျောင်းအုပ်ကြီးမှ ဆုချီးမြှင့်သည်” စသည့် သဒ္ဒါအသုံးအနှုန်းအမှားများကို နားကလောအောင် ကြားကြရသည်။ မဆလလုပ်ငန်းများသာမက ဒီမိုကရေစီအင်အားစုများ၏ အစည်းဝေးအကြီးများ၊ ညီလာခံကြီးများတွင်ပါ “ဥက္ကဋ္ဌကြီးမှ မိန့်ခွန်းပေးသည်”ဟူသည့် အသုံးအနှုန်းကို သုံးစွဲနေကြသည်။ သဒ္ဒါစည်းအရ မှားယွင်းသည်။ 


အမှန်မှာ ဥက္ကဋ္ဌကြီးက မိန့်ခွန်းပေးသည်ဟု “က”ကို အသုံးပြုရမည်။ မှ၊ က၊ ကို၊ အား၊ များ၊ တို့တွေ စသည်တို့သည် သဒ္ဒါစကားလုံးများ ဖြစ်ကြသည်။ ပြုသူ၊ ဖြစ်သူ၊ ရှိသူကို ရည်ညွှန်းလိုသော် နှုတ်ပြောနှင့် အရေးပါ မှ ကို မသုံးရ၊ ကကို သုံးရသည်။


တောင်တောရယ်သာ၊ မာလာကငုံဖူး။ တောမြောက်က ကြိုးခွေ၊ ဒေါင်းကအိုးဝေ။


သဘာပတိကြီးက မိန့်ခွန်းပေးသည်ဟု စာရေးရာတွင်ရော နှုတ်မှ ပြောရာတွင်ပါ ကကို အသုံးပြုရသည်။


ထွက်ခွာရာကို ရည်ညွန်းလိုလျှင် မှ ဟု ရေးသားနိုင်စေကာမူ နှုတ်မှ ဖတ်လျှင် ကဟု အသံထွက်ရသည်။ “ရွှေမန်းမှ လာခဲ့သည်”ဟု ရေးရုံသာရေးပြီး ဖတ်သောအခါ၌ “ရွှေမန်းက လာခဲ့သည်”ဟု ငါစကားနှင့် က အသံထွက်ရသည်။


ယင်းသို့ တိကျသော သဒ္ဒါစည်းရှိပါလျက် မဆလအစည်းအဝေးများက သဘာပတိကြီးမှ မိန့်ခွန်းပေးပါသည်ဟု အစဉ်သုံးစွဲသဖြင့် မြန်မာသဒ္ဒါပျက်ရသည်။


ဖြစ်ရပုံမှာ ဘိုးတော်ဘုရားခေတ်က နန်းမတော်မယ်နုမိဖုရားဖြစ်လာချိန်၌ မာန်မာနကြီးလှသဖြင့် “နု ဟူသော အမည်ကို အရပ်သားတို့ ရွတ်ဖတ်ပြောဆိုခြင်းမပြုရ၊ မန်ကျည်းရွက်နုသည်ဟု ပြောဆိုခြင်း မပြုရ၊ မန်ကျည်းရွက် ထွတ်သည်ဟု ပြောဆိုရမည်”ဟု အမိန့်ထုတ်သည်နှင့် တူနေ၏။


ဗိုလ်နေဝင်းသည် မြန်မာလူထုကြီး၏ စားဝတ်နေမှုစနစ်မှ လူ့အဖွဲ့ အစည်းကြီးတရပ်လုံးကို ဖျက်ဆီးသည်ထက် လူငယ်များ အထက်တန်းပညာသင်ခွင့်ကို ပိတ်ဆို့ခြင်းနှင့် မြန်မာစာကို ဖျက်ဆီးခြင်းတို့သည် အနာဂတ်မြန်မာနိုင်ငံကို ထိခိုက်စေသဖြင့် ပိုမိုကြီးမားသော ရာဇဝတ်မှုကြီးဖြစ်တော့ပေသည်။


* * * 


၂၅။ ဦးနေဝင်း၏ နောက်ဆုံးနေ့မှ ဆက်ရန်ရှိသေးသည်


ဦးနေဝင်းပြုသမျှကို တပ်မတော်က ခေါင်းငုံ့ဝပ်တွားနေသဖြင့် လူထုမှာ ခေါင်းမဖော်နိုင်သောကြောင့် သူ၏ နန်းစံသက် ၂၅ နှစ်ကျော်လာသောအခါ တိုင်းပြည်မှာ ချွတ်ခြုံကျနေလေပြီ။ ပြည်သူတို့စားဝတ်နေရေး ကြပ်တည်း ငတ်မွတ်စပြုလာလေပြီ။


အစိုးရက ဖြန့်ချိသုံးစွဲနေသော ငွေစက္ကူများမှ ၇၅ ကျပ်တန်၊ | ၃၅ ကျပ်တန်နှင့် ၂၅ ကျပ်တန်ငွေစက္ကူများကို တရားမဝင်ဟု ၁၉၈၇ ခု၊ စက်တင်ဘာ ၅ ရက်နေ့တွင် ကြေညာပြန်သည်။ ဒီမိုကရေစီ အစိုးရခေတ်က ပြည်တွင်းသုံးစွဲရန် အစိုးရက ပုံနှိပ်ဖြန့်ချီသော ကျပ်ငွေ စက္ကူများအတွက် ကျောခံ ရန်ပုံငွေအဖြစ် နိုင်ငံခြားသုံးငွေ သို့မဟုတ် ရွှေများကို အာမခံထားရှိကြသည်။ ဗိုလ်နေဝင်းတက်လာချိန်မှ စတင်ကာ ရွှေတုံးများ​ရော နိုင်ငံခြားသုံးငွေများကိုပါ ခိုးဝှက်ဖြုန်းတီးသဖြင့် ရွှေတိုက်တော်မှာ ဗလာဖြစ်နေသည်။ ကျောခံ နိုင်ငံခြားသုံးငွေနှင့် ရွှေအာမခံမရှိဘဲ ကျပ်ငွေစက္ကူကို ရိုက်နှိပ်၍ သုံးစွဲပြီး ပြည်သူတို့လက်တွင် လှည့်လည်သုံးစွဲငွေ များပြားလာသည့်အခါတိုင်း အစိုးရကထုတ်သည့် ငွေစက္ကူကိုပင် တရားမဝင်၊ တန်ဖိုးမရှိတော့ဟု သူက ကြေညာလေ့ရှိသည်။ ယခင်က နှစ်ကြိမ် ဤသို့ ကြေညာသည်ကို ခံခဲ့ရသဖြင့် မွဲကျရသည်။ ဤတကြိမ် ကြေညာချက်ကြောင့် ပြည်သူတို့အဖို့ မိမိတို့လက်တွင်းရှိ ငွေစက္ကူများ၏ ၇၅ ရာခိုင်နှုန်း ဆုံးရှုံးကြရသည်။ 


လူထုက မလှုပ်နိုင်သော်လည်း ကျောင်းသားများက ဆူပွက်ကန့်ကွက်ကြသဖြင့် တက္ကသိုလ်များကို ပိတ်ထားသည်။ တလကြာမှ ဖွင့်ပေး၏။


ဦးနေဝင်းကမူ နိုင်ငံခြားအပန်းဖြေခရီးများ အကြိမ်ကြိမ်ထွက်ဆဲ ရှိသေးသည်။ ဧပြီလ ၁၁ ရက်နေ့တွင် အနောက်ဂျာမနီသို့ ခရီးထွက်သေးသည်။ ဥရောပဘဏ်များတွင် အပ်နှံထားသော နိုင်ငံခြားငွေ လျှို့ဝှက်ငွေထုပ်ကြီးမှာ များစွာကြီးမားနေလေပြီ။ သားသမီးများကိုပါ နိုင်ငံခြားသို့ခေါ်ယူပြီး ခိုးဝှက်ထုတ်ယူသည့် ကျောက်သံပတ္တမြားများဖြင့် ဥရောပတွင် ဖွင့်ထားသည့် ကျောက်ဆိုင်များမှ ဝင်ငွေများနှင့် နိုင်ငံခြားမှ ဝယ်ယူတင်သွင်းသောကုန်များ၊ စက်ကိရိယာများမှ ကော်မရှင်ပွဲခများ စသော လာဘ်ငွေများကို သားသမီးများအတွက် အမွေအနှစ်အဖြစ် ဝေစုခွဲပေးခဲ့သည်။ 


ဦးနေဝင်းသည် ဆိုးယုတ်သော သူခိုးကြီးသာ ဖြစ်သည်ကို မြန်မာလူထုက ကောင်းစွာ သိကြပြီးဖြစ်သော်လည်း နိုင်ငံခြားက မသိသေး။ ၁၉၈၈ ခုနှစ် နှစ်ဆန်းက ရန်ကုန်မြို့သို့ သွားရောက်သူ အမေရိကန်မှ မူးယစ်ဆေးဝါးနှိမ်နင်းမှု ကော်မရှင်ဥက္ကဋ္ဌ အမတ်မင်း မစ္စတာချာလ်စ်ရင်ဂဲလ်က “မြန်မာအစိုးရသည် ဘိန်းနှိမ်နှင်းရေးကို ထိရောက်စွာ လုပ်ဆောင်နေသည်။ နိုင်ငံတကာ၏အကျိုးကို သယ်ပိုးသော အစိုးရပါပေ”ဟု ဦးနေဝင်းအား ထောမနာပြုသည်။


ဗိုလ်နေဝင်းသည် မြန်မာနိုင်ငံတွင် ဘိန်းလုပ်ငန်း ကြီးကျယ်လာအောင် ပျိုးထောင်သူဖြစ်သည်။ ၁၉၅၀ ခုနှစ်က ဗိုလ်အောင်ကြီးအား ကိုးကောင်းဒေသ(ကိုးကန့်)သို့ စေလွှတ်ကာ ဂျင်မီယန်းတို့မောင်နှမအား စည်းရုံး၍ ကာကွယ်ရေးတပ် ဖွဲ့စေသည်။ လော်စစ်ဟန်နှင့် ခွန်ဆာတို့သည် ၁၉၅ဝ ခုနှစ်ကစပြီး ဗိုလ်နေဝင်းကမွေးသည့် ကာကွယ်ရေးဗိုလ်များ ဖြစ်ကြသည်။ အစကနဦးကပင် သူတို့တပ်များအား လစာငွေလုံလောက်စွာ မပေးဘဲ ဘိန်းစိုက်ပျိုး၍ ငွေရှာရန် လိုင်စင်ပေး ခွင့်ပြုသူမှာ ဗိုလ်ချုပ်ကြီးနေဝင်း။


ထိုအချိန်တွင် အမေရိကန်နှင့် နိုင်ငံခြားအကူ ရရှိဆဲဖြစ်ပါလျက် ပြည်တွင်းစီးပွားရေးအခြေအနေမှာ ပျက်ပြားလွန်းသဖြင့် ဆိုရှယ်လစ်စီးပွားရေးစနစ် နှောင်ကြိုးကို တစတစ လျော့ပေးနေရသည်။ ဦးနေဝင်းကိုယ်တိုင် မိမိတို့ အစိုးရသည် အမှားများကို ပြုခဲ့မိပါသည်။ အခြေအနေနှင့် လျော်ညီသော ပြုပြင်မှုများ ပြုပါမည်ဟု ၁၉၈၇ ခု၊ သြဂုတ်လ ၁၀ ရက်နေ့က တီဗီမှနေပြီး ကိုးမိနစ်ခွဲကြာ လူထုအား ချောမော့သေးသည်။ အစိုးရကသာ ချုပ်ကိုင်ထားသော ဆန်နှင့်ဆန်ကွဲကို အရပ်သားများ နိုင်ငံခြားသို့ တင်ပို့ ရောင်းချခွင့်ပေးမည်ဟု အစိုးရက ကြေညာရသည်။


ထိုအချိန်တွင် လက်ဖက်ရည်ဆိုင်တခုမှ ကျောင်းသားတစုနှင့် အရပ်သားတစုတို့သည် မည်သည့်တေးဂီတကို ဖွင့်သင့်သည်ဟုဆိုပြီး မိမိတို့နှစ်သက်ရာသီချင်းကို တောင်းဆိုရာမှ ဖြစ်ပွားသော ရန်ပွဲငယ်သည် ဦးနေဝင်း၏နောက်ဆုံးနေ့ကို သတ်မှတ်လိုက်သည်။ ၁၉၈၈ ခု မတ်လ ၇ ရက်နေ့က ရန်ကုန်မြို့စွန်၊ ကြို့ကုန်းရပ်ကွက်ရှိ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်တွင် တေးအတွက် အငြင်းပွားမှု ဖြစ်ပွားရာမှ လက်လွန်သွားကာ စက်မှုတက္ကသိုလ်ကျောင်းသားတဦး ဒဏ်ရာရရှိခဲ့သည်။


တရားခံအရပ်သားကို ရဲတို့က ဖမ်းဆီးခဲ့သော်လည်း ရပ်ကွက်ပြည်သူ့ကောင်စီဝင်၏သားဖြစ်နေသဖြင့် ပြန်လွှတ်ပေးသည်။ နောက်တနေ့တွင် စက်မှုတက္ကသိုလ်ကျောင်းသားများက ရဲဌာနနှင့်ပြည်သူကောင်စီရုံးကို ဝိုင်း၍ ဆန္ဒပြကြရာမှ လုံထိန်းတပ်ဖွဲ့ဝင်များက ပစ်ခတ်သဖြင့် မောင်ဖုန်းမော် အမည်ရှိ ကျောင်းသားတဦး သေဆုံးရပြန်သည်။


ပဋိပက္ခမှာ အခြားတက္ကသိုလ်များသို့ပါ ကူးစက်သွားသည်။ ကျောင်းသားများ ဆန္ဒပြကြသည်ကို ရဲတို့က နှိမ်နင်းရာမှ ကျောင်းသား ၇ ဦးသေနတ်ဒဏ်ရာနှင့် သေကြရသည်။ ဦးနေဝင်းက သူ၏လက်သုံးနည်းအတိုင်း တက္ကသိုလ်များကို ပိတ်ပြန်သည်။


မေလ ၃၀ ရက်နေ့တွင် တက္ကသိုလ်များကို ပြန်ဖွင့်ပေးသောအခါတွင်လည်း ကျောင်းသားများက ဆက်လက်ဆူပွက် ဆန္ဒပြကြသဖြင့် ပြင်းထန်စွာ ရိုက်နှက်၍ လူစုခွဲသည်။ စက်မှုတက္ကသိုလ်ကို စစ်တပ်က ဝင်ရောက်သိမ်းပိုက်ကာ ကျောင်းသားများကို ဖမ်းဆီးသည်အထိ နှိမ်နင်းသည်။


ကျောင်းသားတို့က ဆက်လက်ဆူပွက်သဖြင့် ဇွန် ၂၁ ရက်နေ့တွင် ကျောင်းများကို ပိတ်စေ အမိန့် ထုတ်ပြန်သည်။


ဦးနေဝင်းက ကျောင်းသားလှုပ်ရှားမှုကို နှိမ်နှင်းရန်အတွက် မြန်မာမွတ်စလင်ရိုက်ပွဲများ ဖန်တီးသေးသော်လည်း အစိုးရဆန့်ကျင် ဆန္ဒပြဆူပူမှုများသည် နယ်များသို့ပါ ကူးစက်လာသည်။ ဤတွင်မှ ပြည်သူလူထုကို သူဆက်လက်၍ ထိန်းမရတော့ပြီဟု သိရှိပြီး နောက်သို့ဆုတ်ရန် ဆုံးဖြတ်သည်။ သူအဖို့ သား၊ မြေး၊ တီ၊ တွတ်၊ ဆွေ ခုနစ်ဆက် မျိုးခုနစ်ဆက် ကြွယ်ဝအောင် စုမိဆောင်းမိပြီဖြစ်သဖြင့် အနိုင်နှင့် ပိုင်းလိုသည်။


“မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများဟာ အစိုးရအဖွဲ့နဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို အယုံအကြည်မရှိကြောင်း ဖော်ပြနေပါတယ်”ဟု သူက ပြောကြားကာ တပါတီစနစ်နှင့် ပါတီစုံစနစ်ကို ရွေးချယ်ကြပါဟု ဇူလိုင်လ ၂၃ ရက်တွင် အရေးပေါ် ပါတီညီလာခံမှ ပြောသည်။


မာန်မာနကြီးမားပြင်းထန်သော ဦးနေဝင်းက မိမိအရှုံးပေးရန် ဆုံးဖြတ်သော်လည်း ထိုအရှုံးပေးကြောင်း စကားလုံးများကို သူ၏နှုတ်မှ ပြောဆိုခြင်းမပြုဘဲ သူရေးထားသည့် မိန့်ခွန်းပါ စာပိုဒ်တပိုဒ်ကို အတွင်းရေးမှူး ဦးထွေးဟန်ကို ဖတ်စေသည်။


“ကျွန်တော်ဟာ မတ်လ ဇွန်လများအတွင်းက စိတ်မချမ်းမြေ့စရာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကြောင့် သွယ်ဝိုက်သောနည်းနှင့် တာဝန်မကင်းသူဟု ယူဆတာကတကြောင်း၊ အသက်အရွယ်အားဖြင့် ထောက်လာတာက တကြောင်းတို့ကြောင့် ပါတီဥက္ကဋ္ဌနှင့်ပါတီဝင်အဖြစ်မှ ထွက်ခွင့်ပေးကြပါလို့ ပါတီဝင်တွေကို မေတ္တာရပ်ခံပါတယ်”


ဦးနေဝင်းက သူရေးထားသည့် နုတ်ထွက်စာကို ဖတ်ပြစေပြီးနောက် စကားပြောခွက်ကို ပြန်ယူ၍ သူ၏နောက်လိုက် စစ်ဗိုလ်လူထွက် | ဝန်ကြီးများလည်း နုတ်ထွက်ကြမည်ဖြစ်ကြောင်း တင်ပြသည်။ ဆက်လက်၍ ၁၉၆၂ ခု၊ ဇူလိုင်လတွင် ကျောင်းသားများ သတ်ဖြတ်မှုကြီးကို သေနတ်သံကြားရမှ သိကြောင်း၊ တကသအဆောက်အဦး ဖောက်ခွဲရန် မိမိ အမိန့်မပေးကြောင်း ဖြေရှင်းချက်ကြီးကို ရှည်လျားစွာ ပြောပြသည်။ ကျောင်းသားများကို သတ်ဖြတ်ရန်နှင့် တကသဖျက်ရန် အမိန့်တို့ကို သူကိုယ်တိုင် အမိန့်ပေးသည်မှာ အမှန်ဖြစ်သောကြောင့် သူ၏မုသားဖြေရှင်းချက်မှာ လိပ်ပတ်မလည်။နောက်ဆုံးစကားများကို ပြောသောအခါ သူ၏မျက်နှာထားကို လွန်စွာ တင်းမာလိုက်သည်။ မျက်မှောင်ကြုတ်လိုက်ကာ တပြည်လုံးမှဆူပူနေသော လူထုကြီးအား အစည်းအဝေးခန်းမှလှမ်း၍ သတိပေးပြီး စင်ပေါ်မှ ဆင်းသွားတော့သည်။


“နောက်ကို လူစုလူဝေးနှင့် ဆူဆူပူပူ လုပ်ခဲ့လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်ပြီး ဖောက်တာမပါဘူး၊ အဲဒါ နောင်ကို ဆူဆူပူပူလုပ်လို့ရှိရင်တော့ မသက်သာဘူးသာ မှတ်ပေတော့”


ဗိုလ်နေဝင်း သတိပေးသည့်အတိုင်း ဆန္ဒပြသူများမှာ မသက်သာပါ။ ရန်ကုန်မြို့နှင့် နယ်မြို့များတွင်ပါ ဆန္ဒပြသူများကို စစ်တပ်က မှန်အောင် ပစ်ခတ်သတ်ဖြတ်သဖြင့် ထောင်ပေါင်းများစွာ သေကြေကြရသည်။


သူ၏ညှဉ်းဆဲမှုများကို ငုံ့မခံဘဲ ဆန္ဒပြသူများကို အသေပစ်ရန် စစ်သားများကို မြှောက်ပင့်ပေးပြီးနောက်၊ နိုင်ငံရေးအာဏာကို စစ်တပ်လက်ထဲ၌ ဆက်လက်ထိန်းထားရေးအတွက် သတ်ဖြတ်ရေး သေနင်္ဂဗျူဟာကို သူ၏အိမ်တော်၌ပင် အစည်းအဝေးများ ကျင်းပ၍ စစ်ဆင်ခဲ့သည်။ မူးယစ်ဆေး တိုက်ကျွေးထားသည့် စစ်စုံထောက်တို့ကို လူထုတွင်းသို့ စေလွှတ်ကာ စော်ကားစေခြင်းဖြင့် လူထုခေါင်းဖြတ်မှုများ ကျူးလွန်မိစေရန် အစီအစဉ် စသော ရက်စက်ယုတ်မာသည့် နည်းပရိယာယ်ကို ဆေးပညာတတ်သူ သမီးစန္ဒာဝင်းနှင့် သူက အသစ်ခန့်ထားသော စစ်စုံထောက် ဗိုလ်ချုပ်ခင်ညွန့်တို့က ကြံစည်ရေးဆွဲကြသည်ကို သူက အားပေးသည်ဟု သတင်းများ ထွက်လာသည်။ 


အစုအဝေးချီတက် ဆန္ဒပြသူများကို မှန်အောင် ပစ်ခတ်သတ်ဖြတ်ရေးကို သူက ညွှန်ကြားသည်။ အာဏာရှင်ရာထူးမှ ထွက်ပြီးဖြစ်သော်လည်း ထွက်ပေးရသည်ကို နာကျည်းသဖြင့် လူထုသတ်ဖြတ်ရေးကို နည်းအမျိုးမျိုးနှင့် စီစဉ်ရာတွင် ဗိုလ်နေဝင်းကိုယ်တိုင် ကွပ်ကဲခဲ့သည်။


ထိုသို့ရက်စက်စွာ သတ်ဖြတ်နိုင်သဖြင့် နိုင်ငံတော်အာဏာသည် နောင်တက်လာသည့် စစ်ဗိုလ်များလက်သို့ ရောက်ရှိသွားသောအခါ အရင်းရှင်စီးပွားရေးစနစ် တည်ထောင်ရန် သူကပင် အကြံပေးသည်။ ဈေးကွက်စီးပွားရေးစနစ် တည်ထောင်ပြီး စစ်တပ်မှ စစ်ဗိုလ်များသာ ပိုင်ဆိုင်သော ဦးပိုင်စီးပွားရေး ကော်ပိုရေးရှင်းကြီး တည်ထောင်သောအခါ သူနှင့်သူ၏သမီးများက အစုအများဆုံး ရယူပိုင်ဆိုင်ခဲ့သည်။ အစိုးရသစ်အဖို့ နိုင်ငံခြားငွေ ပြတ်တောက်သွားသဖြင့် သစ်တောများကို ရောင်းချ၍ ငွေရှာရန် အကြံပေးသူမှာလည်း ဗိုလ်နေဝင်းပင်ဖြစ်၏။


ပါတီမှ နှုတ်ထွက်လိုက်သည်ဆိုသော်လည်း စစ်တပ်ပင်စင်စားကြီး ဗိုလ်နေဝင်းသည် စစ်တပ်ပိုင်အိမ်တော်မှ ဆင်းမပေးဘဲ လူထုအား ဆက်လက် ညှဉ်းဆဲနေသေးလေသည်။ 


ရာထူးမှဆင်းပေးရပြီးနောက် ၁၉၈၉ ခု၊ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ ညစာစားပွဲသို့ တက်ရောက်ပြီး ကိုယ်ထင်ပြမှ ဗိုလ်နေဝင်းသာမက သူ၏တပည့်ရင်းများဖြစ်သော စစ်ဗိုလ်လူထွက်ဝန်ကြီးဟောင်းများသည်လည်း နဝတစစ်အစိုးရအပေါ်  သြဇာကြီးဆဲရှိသည်ကို လူထုက သိရှိလာကြရသည်။


ထို့နောက် ဧပြီလ သင်္ကြန်အခါတော်တွင် တက္ကသိုလ်ရိပ်သာလမ်း ရေပက်မဏ္ဍပ်တွင် ကျောင်းသားများက အာဏာရှင်ပြုတ်ဦးနေဝင်းအား သရော်သော သံချပ်များ ထိုးကြသောအခါ ဦးနေဝင်းက ကြီးစွာစိတ်ဆိုးသဖြင့် ထိုသင်္ကြန်အဖွဲ့ဝင်များကို နဝတစစ်အစိုးရက ဖမ်းဆီးလိုက်၏။ ရာထူးလက်ကိုင်မရှိတော့သော်လည်း ဦးနေဝင်းသည် အဆိပ်ရှိသေးသည်ကို သိကြရသည်။


သူ၏မကောင်းမှုများကို နောင်လာနောက်သားတို့ ပြောဆိုရစ်ကြမည်ကို အထူးကြောက်ရွံ့သူ ဦးနေဝင်းက သမိုင်းမှန်ပြုစုရေးဟူသော စီမံကိန်းကို အားထုတ်သည်။ တော်လှန်ရေးအစိုးရနှင့် မဆလအစိုးရတို့မှ ခေါင်းဆောင်ကြီးငယ်များသည် မှန်ကန်သောလမ်းစဉ်ကို ချမှတ်သော်လည်း အောင်မြင်မှုမရခြင်းမှာ အစိုးရစက်ယန္တရားမှ ရုံးအုပ်ကြီးအထက်ရှိ အရာရှိများ၏ တာဝန်မကျေမှုကြောင့် ဖြစ်ရသည်ဟု စာတမ်းတစောင် ထွက်လာသည်။


ထမင်းရေပူလာသဖြင့် လျှာကိုလွှဲချသည့် ထိုစာတမ်းကို တုံ့ပြန်ရန် လိုအပ်သဖြင့် ဖွဲ့စည်းပြီးစဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ချမ်းသာကြွယ်ဝသော မြန်မာနိုင်ငံသည် လူမွဲနိုင်ငံ စာရင်းဝင်အထိ စီးပွားရေး ချွတ်ခြုံကျရခြင်းတွင် အဓိကတာဝန်ရှိသူမှာ ဦးနေဝင်းဖြစ်သည်ဟု ပြတ်သားစွာ ဟောပြောစည်းရုံးသောအခါ ဇူလိုင်လ ၂၀ ရက်နေ့တွင် သူမအား နဝတအစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ 


ဦးနေဝင်း၏အဆိပ်သည် ပြင်းထန်ဆဲ ရှိသေးသည်ကို သိကြရသည်။ ဦးနေဝင်းနှင့် သမီးစန္ဒာဝင်းတို့သည် သိန်းသန်းများစွာတန်သော စီးပွားရေးလုပ်ငန်းကြီးများကို ဦးပိုင်အဖွဲ့၏ပြင်ပမှ တည်ထောင်လုပ်ကိုင်ကြသဖြင့် ၁၉၉၇ ခုနှစ်က အင်ဒိုနီးရှားပြည်သို့ သွားကာ အာဏာရှင်ဆူဟာတို၏သားသမီးများနှင့် ဆွေးနွေးရာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့သည် ဦးနေဝင်းသားအဖနှင့် စီးပွားပြိုင်ဖက်ဖြစ်နေသည်ကို တွေ့ကြရသဖြင့် ဒေါသနှင့် ပြန်လာခဲ့သည်။


ဗမာပြည်သို့ ပြန်လာသည်နှင့် ဗိုလ်ထွန်းကြည်တို့အုပ်စုအား ရာထူးမှ ဖယ်ရှား​စေခဲ့၏။


ဦးနေဝင်း၏ လှုပ်ရှားမှုများသည် ကမ္ဘာပေါ်တွင် စံတင်လောက်ပေသည်။ ဦးနေဝင်းတသက်လုံးတွင် တကြိမ်တခါမှ အများပြည်သူအဝဝတို့ တက်ရောက်နိုင်သော လူထုအစည်းအဝေးတခုကိုမှ မတက်ခဲ့ဖူး။ လယ်သမားထုကို စည်းရုံးရန်ကျင်းပသည့် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကဲ့သို့ ဖိတ်ကြားထားသူများသာ တက်ရောက်ခွင့်ရှိသည့် အစည်းအဝေးအချို့တွင်သာ တက်ခဲ့သည်။ တသက်တွင် တကြိမ်တခါမှ သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း မပြုခဲ့ပေ။ လူထုနှင့်လွန်စွာ ဝေးကွာလှမ်းပါလျက် လူထုခေါင်းဆောင် ဖြစ်အောင် ကြံနိုင်သူ ကမ္ဘာတွင် မရှိနိုင်။ သူသည် လူထုကြီးကို ဆန့်ကျင်ပြီး လူအများကို သတ်ဖြတ်ခဲ့သော လူထုရန်သူ လူဆိုးကြီးသာဖြစ်၏။


ကမ္ဘာကျော်ကြီး ဦးပုညက အလှဘွဲ့တခု ဖွဲ့ဆိုခဲ့၏။ 


“ရှုမဝနိုင်ဘူး၊ လူတိုင်း တုနှိုင်းစံမရှာနှင့်၊ သံသရာရှည်သည့်နောက်တွင်မှ၊ ဘယ်လောက်ပင် သူယဉ်လို့၊ ဘယ်လောက်ပင် လှလေအုံးမည်လို့၊ ဆုံးမရှိသူ....." ဟု အတိုင်းအဆမရှိ ရှည်လျားသော သံသရာတလျှောက်လုံး စံမတူအောင် လှလေဦးမည့်သူဟု ဖွဲ့၏။


ဦးနေဝင်းကိုသာ ဦးပုညက စာဖွဲ့ရလျှင်......


"တုမရနိုင်ဘု၊ လူတိုင်း တုနှိုင်းစံမရှာနှင့် သံသရာရှည်သည့်နောက်တွင်မှ၊ ဘယ်လောက်ပင်သူထွင်လို့၊ ဘယ်လောက်ပင် ဆိုးလေဦးမည်ဟု ဆုံးမရှိသူ...။ "


* * *


၂၆။ နိဂုံး

#ရာသက်ပန် အာဏာဆုပ်ကိုင်နည်း


ဗိုလ်နေဝင်းအား လူထုက လက်မခံသဖြင့် နိုင်ငံ၏အကြီးအကဲအဖြစ်မှ ထွက်ပေးရစေကာမူ သူက တင်ပေးခဲ့သော စစ်တပ်အစိုးရကို အထိုက်အလျောက် ကြိုးကိုင်နိုင်သေးသဖြင့် ကမ္ဘာပေါ်တွင် အာဏာသက်ရှည်ဆုံးသော အာဏာရှင် ဖြစ်နေသည်။


စစ်ဝါဒီကြီး ဗိုလ်နေဝင်းအဖို့ နိုင်ငံရေးအာဏာကို ကြာမြင့်စွာ သိမ်းပိုက်ထားနိုင်ခဲ့သည်မှာ ဘာကြောင့်နည်းဟု မေးခွန်းပေါ်နေသည်မှာ ကြာလေပြီ။ ဗိုလ်နေဝင်းသည် သတ္တိရှိသူမဟုတ်၊ သူရဲဘောကြောင်သူဖြစ်သည်။ နိုင်သူကို ဖိပြီး အနိုင်ယူ၍ မရသူကို အလျှော့ပေးသူဖြစ်သည်။


အိမ်စောင့်အစိုးရခေတ်က နေ့တနေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်နေဝင်း၏ သတင်းစာရှင်းလင်းပွဲသို့ ဖိတ်သဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် ငါးဆယ်ခန့် စစ်ရုံးသို့ သွားကြသည်။ တာဝန်ခံစစ်ဗိုလ်ကြီးများက ကြိုဆိုပြီး သတင်းထောက်များကို အစည်းအဝေးခန်းမတွင် နေရာချပေးသည်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း မလာသေးသဖြင့် စောင့်နေကြရသည်။ ဖိတ်ခေါ်သောအချိန်ထက် ၂ နာရီနောက်ကျပြီးမှ ဗိုလ်ချုပ်နေဝင်း ရောက်လာသည်။ 


ဗိုလ်ချုပ်ကြီးနေဝင်းသည် အစည်းအဝေးခန်းမထဲသို့ မလာသေးဘဲ အတွင်းခန်းထဲသို့ဝင်၍ သူ၏ဝန်ကြီး၊ စစ်ဗိုလ်ကြီးများအား အော်ဟစ်ကြိမ်းမောင်းသံများကို သတင်းထောက်များ ကြားကြရသည်။ တဖြည်းဖြည်း ဒေါသတိုးတက်လာကာ စစ်ဗိုလ်ဝန်ကြီးအားလုံးကို အော်ကြီးဟစ်ကျယ် မအေ၊ နှမ ပယ်ပယ်နယ်နယ် ဆဲရေးသည်။ မအေတွေ နှမတွေကို ငါကိုင်တုတ်ပြီး “မင်းတို့က ဘာလို့ သတင်းစာရှင်းလင်းပွဲ လုပ်ချင်ကြတာလဲ”ဟု ဆူပူသံကိုလည်း ကြားနေရသည်။ ၁၅ မိနစ်ခန့် အားရအောင်ဆဲနေရာမှ အစည်းအဝေးခန်းမတွင်းသို့ ဝင်လာသည်။ စစ်ဗိုလ်ကြီးတို့မှာ ရှက်ပြုံးကိုယ်စီနှင့် လက်များကို နောက်သို့ပစ်ကာ နောက်မှ လိုက်လာကြသည်။


ဗိုလ်ချုပ်ကြီးနေဝင်းက စင်မြင့်ပေါ်ရှိ သူ၏ကုလားထိုင်၌ နေရာယူသည်။ မိန့်ခွန်းတခုမှ မပြောဘဲ ငူငူကြီး ထိုင်နေသည်။ သတင်းထောက်အားလုံးတို့မှာလည်း မည်သို့မျက်နှာထားရမည်မသိ၊ အူကြောင်ကြောင်နှင့် ငိုင်ကြည့်နေမိကြသည်။ . အတန်ကြာမှ “ခင်ဗျားတို့ကကော ဘာမေးချင်ကြတာလဲ”ဟု ကျယ်လောင်သော ဒေါသသံကြီးနှင့် ဗိုလ်ချုပ်နေဝင်းက နှုတ်ဆက်သည်။ ပြည်တွင်းပြည်ပ သတင်းထောက် ငါးဆယ်ကျော်တို့မှာ နှုတ်ပိတ်သွားသည်။ မည်သူကမှ မေးခွန်းမမေးဝံ့ဘဲ ငြိမ်နေကြသည်။ စောစောက ဆူပွက်နေသော အခန်းကြီးမှာ အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။


“မေးချင်တာ မေးကြလေ”ဟု သူက နောက်တခွန်း ထပ်ပြီး ဟောက်ပြန်သည်။ မေးခွန်းထုတ်ဝံ့သော သတင်းထောက်တယောက်မှ ထွက်မလာ။


ဤကဲ့သို့ လိပ်ခဲတည်းလည်းဖြစ်နေချိန်တွင် ရှေ့ဆုံးတန်း၌ထိုင်နေသူ ဗမာ့ခေတ် ဦးအုန်းခင်က ယဉ်ကျေးစွာထိုင်နေရာမှ ခြေထောက်တဖက်ကို ကုလားထိုင်ပေါ် တင်လိုက်သည်။ လုံချည်လျောကျသဖြင့် ပေါ်လာသည့် သူ၏ဒူးကို တဖျတ်ဖျတ် ဖြည်းဖြည်းလေး ပုတ်လေသည်။ ဖျတ်ဖျတ်နှင့် စည်းဝါးမှန်မှန်နှင့် ဒူးပုတ်သံကြီးက ခန်းမကို လွှမ်းမိုးသွားသောအခါ ဗိုလ်ချုပ်နေဝင်းက ဦးအုန်းခင်ကို စိုက်ကြည့်တော့သည်။


“ဗိုလ်နေဝင်း”ဟု ဦးအုန်းခင်က ထိုင်နေရာမှ မထဘဲ ခေါ်လိုက်သည်။ တွေ့ ဖူးသူများ သိကြသည့်အတိုင်း ဦးအုန်းခင်က အသံအောင်သည်။ ဗိုလ်ချုပ်ကြီး သို့မဟုတ် ဝန်ကြီးချုပ်ဟု ခေါ်ဆိုခြင်း မပြုသည်မှာ ဦးအုန်းခင်က သူ့ကို စိန်ခေါ်လိုက်သည်ဟု ဗိုလ်ချုပ်နေဝင်းနှင့်တကွ တခန်းလုံးက သိလိုက်သည်။ နားလည်လိုက်ကြသည်။


“ကျုပ်တို့တတွေ လာကြရတာက ခင်ဗျားတို့က ပြောချင်တာ ရှိတယ်ဆိုပြီး ဖိတ်လို့လာကြတာ။ မေးစရာမရှိဘူး။ ခင်ဗျားတို့ပြောချင်တာ ရှိလျှင် ပြောပါ။ မရှိလျှင်ပြန်ရုံပဲ။ ကျုပ်တို့ အချိန်ကုန်မခံနိုင်ဘူး”ဟု ဦးအုန်းခင်က အသံကျယ်ကျယ်နှင့် ပီပီသသ တလုံးချင်း တလုံးချင်း ပြောတော့သည်။


သူက ဒေါသမီးတောက်လာသော မျက်လုံးကြီးများနှင့် ဦးအုန်းခင်ကို စိုက်ကြည့်သည်။ လင်ရှိမယားနှင့် မင်္ဂလာဆောင်သောနေ့က ဓာတ်ပုံရိုက်မိသူ နေရှင်းသတင်းထောက်၏ဂုတ်ပိုးကို တချက်တည်းနှင့် အလဲအုပ်ပြီး ကင်မရာကို ရိုက်ခွဲသည်ကို မြင်ဖူးကြသော သတင်းထောက်များမှာ ဦးအုန်းခင်အတွက် စိုးရိမ်မိကြသည်။ ပွဲကြီးပွဲကောင်းတခု ကြည့်ရတော့မည်ဟုလည်း ထင်မိကြသည်။


ဗိုလ်ချုပ်နေဝင်းက ဦးအုန်းခင်၏စကားလုံးများကို စဉ်းစားနေဟန်နှင့် ၅ မိနစ်ခန့် ထိုင်နေသေးသည်။ နောက်ဆုံးတွင် ဒေါသအိုး ဗိုလ်ချုပ်ကြီးသည် စကားတခွန်းမှ နောက်ထပ်မထွက်နိုင်ဘဲ စင်မြင့်ပေါ်မှ ဆင်းပြေးလေတော့သည်။


ဖဆပလခေတ်က တချီတွင်ကြုံကြိုက်သဖြင့် ဦးအုန်းခင်နှင့် နှစ်ယောက်ချင်း တွေ့ကြသောအခါ “ကိုအုန်းခင်၊ ဦးတင်ထွဋ် ဘာကြောင့် သေရတယ်ဆိုတာ ခင်ဗျားသိသလား”ဟု ခြိမ်းခြောက်ဖူးသည်။ သို့စဉ်ပါလျက် ဦးအုန်းခင်က သူ့ကို ရင်ဆိုင်သည်။ တပ်မတော်စစ်သေနာပတိ၊ ဝန်ကြီးချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးဦးနေဝင်းအဖို့ ရှမ်းနှင့်ဆင် လယ်ပြင်တွင် တွေ့ကြသောအခါ၌ သတင်းစာဆရာ ဦးအုန်းခင်ကို အညံ့ခံ အရှုံးပေးရရှာလေသည်။


ထိုသတင်းစာရှင်းပွဲသည် ဗိုလ်နေဝင်း၏ ပထမဆုံးနှင့် နောက်ဆုံး သတင်းစာတွေ့ဆုံ ရှင်းလင်းပွဲဖြစ်တော့သည်။ သူ၏တသက်တာတွင် သတင်းစာရှင်းပွဲ မလုပ်ရဲတော့ပေ။ နိုင်ငံခြားသွားသောအခါများတွင် မြန်မာနိုင်ငံခြားရေးဌာနက အိမ်ရှင်နိုင်ငံထံ ပထမဆုံးမေတ္တာရပ်ခံချက်မှာ သတင်းထောက်များနှင့် မတွေ့ပါရစေနှင့်ဟူသော ပန်ကြားချက် ဖြစ်တော့သည်။


ဦးအုန်းခင်အား အရှုံးပေးရသောနေ့ကစပြီး ဗိုလ်နေဝင်းက သတင်းစာဆရာဟူသော ဝေါဟာရကို လုံးဝအသုံးမပြုတော့ဘဲ “သတင်းရောင်းစားတဲ့ကောင်တွေ”ဟု ခေါ်ဝေါ်လေ့ရှိသည်။


ဇာတ်ပေါင်းပြန်တော့လည်း ဗိုလ်နေဝင်းကပင် အနိုင်ယူသည်။ ၁၉၆၂ ခုနှစ် စစ်တပ်က အပြီးအပိုင် အာဏာသိမ်းသော တော်လှန်ရေးအစိုးရခေတ်တွင် ပထမဆုံး အဖမ်းခံထိသူမှာ ဦးအုန်းခင်ဖြစ်ရပြန်ရှာသည်။ ထိုသို့ သတ္တိမရှိပါဘဲနှင့် အာဏာကို ထိန်းထားနိုင်သည်ကို “ ဦးအုန်းခင်၊ ဦးညိုမြ၊ ဦးလောရုံ၊ သခင်ဘသောင်း၊ ဦးစိန်ဝင်း၊ ဦးချစ်ထွန်း စသော မြန်မာသတင်းစာဆရာများသည် အခွင့်ကြုံတိုင်း ဘာကြောင့် နေဝင်း စစ်ဝါဒအာဏာမြဲရသနည်း”ဟု ဆွေးနွေးလေ့ရှိရာ အောက်ပါအချက်များကို သုံးသပ်မိကြသည်။ 


(၁) ကိုယ်ပိုင်စစ်စုံထောက်အဖွဲ့ သည် ဗိုလ်နေဝင်း၏ ကြီးမားသော အားတခုဖြစ်သည်။ အတိုက်အခံပြုမည့် ဆန့်ကျင်သူ နိုင်ငံရေးခေါင်းဆောင်များကို မျက်လုံးဒေါက်ထောက်ကာ ကြည့်ရှုစုံစမ်းနေသကဲ့သို့ မိမိလက်အောက်ခံ စစ်ဗိုလ်ကြီးများကိုလည်း အမြဲစုံစမ်းနေသကဲ့သို့ သူ့ကို လှန်ရဲသူ မရှိ။ ၁၉၆၁ ခုနှစ်က တပ်မှူးများညီလာခံတွင် ဗိုလ်မှူးကြီး ၁၃ ဦးကို ရာထူးမှ ဖယ်ရှားစဉ်က စစ်စုံထောက်မှတ်တမ်း ဖိုင်တွဲကြီးများကို တရွက်ချင်းလှန်ကာ မည်သူကမည်သည့် စစ်ဆင်ရေးမှ စရိတ်ငွေ မည်မျှလာဘ်စားကြောင်း၊ မည်သူက မည်နှယ် လာဘ်ယူကြောင်း အသေးစိတ် ဖတ်ပြသဖြင့် တရားခံများမှာ ဖြေရှင်းချက်မပေးနိုင်ဘဲ ခံခဲ့ရသည်။ ၁၉၇၅ ခုတွင် တဖန် မဆလအစိုးရစစ်ဗိုလ်ဝန်ကြီးအားလုံးတို့ကို အိမ်တော်သို့ ဆင့်ခေါ်ကာ ဗိုလ်ချုပ်စန်းယုကတော်က ရာထူးတက်သူ စစ်ဗိုလ်ကလေးများ၏စာရင်းကို ကြိုတင်ရယူကာ ငွေတောင်းလေ့ရှိကြောင်းမှ စတင်ကာ ဝန်ကြီးအားလုံးတို့၏ ရာဇဝတ်မှုများကို မှတ်တမ်းတင်ထားသည့် စစ်စုံထောက်တို့၏ ခွေးရေပရပိုက်ကြီးကို ဖတ်ပြကာ ပြင်းထန်စွာသတိပေးသဖြင့် ဝန်ကြီးအားလုံးတို့သည် သူ့ကို တုန်နေအောင် ကြောက်ကြရကာ သူခိုင်းသမျှ သစ္စာရှိစွာ လုပ်ဆောင်ကြရသည်။ 


(၂) ဗိုလ်ကြီးအဆင့်မှ စတင်ကာ စစ်တပ်တွင် ရာထူး အတက်အကျ အရွှေ့အပြောင်းအမိန့်များကို သူကိုယ်တိုင်ကြည့်၍ ပြင်ဆင်ခြင်း၊ စွက်ဖက်ခြင်း၊ ပိုမို၍ရာထူးမြှင့်ပေးခြင်း၊ လျှော့ချခြင်းတို့ ပြုကာ သက်ဆိုင်ရာစစ်ဗိုလ်ကို သူက ရာထူးမြှင့်ပေးသည်၊ လျှော့ချသည်ဟု သိစေကာ သစ္စာခံစေသည်။ 


(၃) ဗိုလ်ချုပ်ကြီးနေဝင်းသည် ထူးကဲစွာ မှတ်ဉာဏ်ကောင်းသည်။ စစ်ဗိုလ်စစ်သားများကိုသာမက တွေ့သိသမျှ လူအားလုံးကို အမှုကိစ္စ၊ အကြောင်းအရာများ အသေးစိတ် မှတ်သားမိလေ့ရှိသည်။ 


(၄) ဓားစာခံရန်နှင့် သူ၏သြဇာထက်ရန်အတွက် လူညံများကိုသာ မွေးလေ့ရှိသည်။ တပ်တွင် ရာထူးကြီးများ တိုးမြှင့်ပေးရာတွင် အနိမ့်မှလူကို သုံးဆင့်ခန့် တက်ပေးလေ့ရှိသည်။ မတန်မရာသော ရာထူးကိုရရှိသူက သူ့ကို ရှိခိုးနေသည်။ သူ၏အစိုးရအဖွဲ့တွင် ဝန်ကြီးခန့်ပါက ဆိုင်ရာဌာနတွင် ကျွမ်းကျင်မှုမရှိသူများကို တမင်ရွေးချယ်၍ ခန်လေ့ရှိသည်။ စက်မှုကျွမ်းကျင်သူကို လယ်ယာသို့ ပို့ကာ သတင်းစာပင် ဖတ်လေ့မရှိသူကို ပြန်ကြားရေးဌာနသို့ ပို့သည်။ သို့မှသာ ဝန်ကြီးများတာဝန်ကို လုပ်ဆောင်ရသော စစ်ဗိုလ်တို့က သူ့ကို အားကိုးနေရသည်။ ဌာနကို သူ၏စိတ်ကူးအတိုင်း ချယ်လှယ်နိုင်သည်။ ပြဿနာပေါ်လာပါက ထိုသူ၏အပြစ်ဖြစ်သည်ဟု ဓားစာခံပြုကာ ချနင်းလေ့ ရှိသည်။ နိုင်ငံ၏စီးပွားရေးစနစ်ကို ကွပ်ကဲရန် သူ့တွင် အရည်အချင်းမရှိသည်ကတကြောင်း၊ သူက လာဘ်စားခိုးဝှက်သဖြင့်တကြောင်း၊ မှန်ကန်သော စီးပွားရေးစနစ်မဟုတ်သဖြင့် တကြောင်းတို့ကြောင့် လူထု၏စားဝတ်နေမှု တနေ့တခြား ခက်ခဲကြပ်တည်းလာတိုင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဓားစာခံစစ်ဗိုလ်ဝန်ကြီးများကို တဦးပြီးတဦး ဖြုတ်ပစ်သည်။ လူညံ့များကို ဓားစာခံဝန်ကြီး ခန့်သည်မှာ သူ၏ကလိန်ဉာဏ် ဖြစ်သည်။ 


(၅) ထီးမွေနန်းမွေ ဆက်ခံရန် ဒုတိယလူ၊ အိမ်ရှေ့မင်း ထားလေ့မရှိ၊ အမြဲတမ်း သူက နံပါတ်တစ်တွင် နေရာယူကာ လက်အောက်တွင် နံပါတ် ငါးအဆင့်ရှိသူကိုသာ ခန့်ထားလေ့ရှိသည်။ လက်အောက်အရာရှိတဦး အရည်အသွေး တက်လာလျှင်၊ လူထု၏ထောက်ခံမှုကို ရရှိလာလျှင်၊ သူ၏ပလ္လင်ကိုထိုင်ရန် အရည်အသွေးတက်လာလျှင် ထိုသူကို ဖယ်ရှားသည်။ သူကမူ အမြဲတစေ နံပါတ်တစ်ရာထူးမှ လုံးဝမဆင်း။ 


(၆) တသက်လုံး နံပါတ်တစ်က မဆင်းလိုစေကာမူ လူထုကြီးက ဖြုတ်ချသဖြင့် ရာဇပလ္လင်ပေါ်မှ ဆင်းပေးရသည်။ ထိုသို့ ရာထူးမှ ထွက်ပေးရသည့်တိုင် မာန်ကိုမလျှော့၊ မိမိ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့် ၁၉၈၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့က မဆလပါတီညီလာခံတွင် တင်ပြစဉ်က မိနစ် ၃ဝ ကျော် ရှည်လျားစွာ စကားပြောခဲ့စေကာမူ “ရာထူးမှ ထွက်ပါမည်”ဟူသော စကားလုံးကို သူ၏နှုတ်မှ ပြောဆိုခြင်းမပြုဘဲ စကားပြောခွက်ကို အတွင်းရေးမှူး ဦးထွေးဟန်၏ လက်သို့ ထိုးပေးကာ တဆင့်ဖတ်ပြစေသည်။ သူသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းစဉ်က မည်သူကမှ ခန့်ထားသည်မဟုတ်၊ မိမိဘာသာ ငါဘုရင်ဟု ကြေညာသူဖြစ်ပြီး ရာထူးမှထွက်ရသောအခါတွင် ထွက်ပါမည်ဟူသော စကားကို မိမိနှုတ်မှ မပြောလေသည့်တိုင် မာန်မလျှော့သူ၊ မာန်မာနကြီးသူဖြစ်သည်။ 


ယင်းသို့ မာန်မာန လွန်စွာကြီးစေကာမူ အခြေအနေအရ လိုအပ်ပါက ဒူးထောက်ရန်၊ ရှိခိုးရန် ဝန်မလေးသည်မှာလည်း သူ၏အင်အားတခု ဖြစ်သည်။ လင်ရှိအမျိုးသမီးဖြစ်သူ ဒေါ်ခင်မေသန်းနှင့် လက်ထက်စဉ်က တပ်မတော် စစ်ဦးစီးချုပ်က ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်သည်ဖြစ်သဖြင့် ဝန်ကြီးချုပ်ဦးနုက စိတ်ဆိုးရုံသာမက ကြီးစွာရှက်လှသဖြင့် သူ့အား ရာထူးမှဖြုတ်ချရန် ဝန်ကြီးအဖွဲ့အစည်းအဝေးသို့ တင်ကာ ဆုံးဖြတ်ခဲ့သည်။ ထိုအခါတွင် မာန်မာနကို ဖုံးကွယ်ပြီး သူက ဒူးထောက်သည်။ ဝန်ကြီးချုပ်အား တွေ့ပါရစေဟု သူက အသနားခံသော်လည်း ဦးနုက အတွေ့မခံသဖြင့် ဗိုလ်ချုပ်နေဝင်းသည် မြန်အောင်သခင်ချစ်မောင်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့အား တွေ့ဆုံကာ မျက်ရည်ခံထိုးသည်အထိ ဝန်ချတောင်းပန်သည်။ 


“ ဒီကောင်က တို့ကို ရှိခိုးဦးတင် တောင်းပန်တာကွ”ဟု သခင်ချစ်မောင်က ပြောသည်။ နိုင်ငံရေးတသက်တလျှောက်လုံး အထက်က နေခဲ့သူက ရှိခိုးဦးတင် တောင်းပန်သဖြင့် ဆွေငြိမ်းတို့က ဦးနုကို ဝိုင်းကာ တောင်းပန်သဖြင့် ရာထူးကို ပြန်လည်ရရှိခဲ့သည်။ အကြမ်းနည်း အနုနည်းနှင့် ရာထူးကို ရယူ ထိန်းသိမ်းသူဖြစ်သည်။ 


(၇) နိုင်ငံ၏ဓနစွမ်းအားကို ရက်ရောစွာ ငယ်သားများကို ပေးဝေသည်။ စစ်ဗိုလ်မှန်သမျှ ရာထူးပြုတ်စေကာမူ သံအမတ်ရာထူးမှစကာ မဂ္ဂဇင်းထုတ်ဝေခွင့်အထိ ပေးခြင်း၊ ပါတီတွင် နိုင်ငံရေးသမားမှန်သမျှကို နိုင်ငံဂုဏ်ရည်ဆုပေးခြင်း စသည်ဖြင့် သူကိုအံမတုစေရန် ချွေးသိပ်သည် ဖြစ်၏။


ဤ ဗိုလ်နေဝင်း၏ အာဏာသိမ်းနည်းအချက် ၇ ချက်မှာ ဆရာ့ဆရာများ၏အမြင် ဖြစ်သည်။ စာရေးသူမြင်တွေ့သော အချက် ၂ ချက်ရှိသေးသည်။ 


ဗိုလ်နေဝင်းသည် ရန်သူကို အသေမသတ်ခြင်းသည် သူ၏အာဏာသက်ကို ရှည်စေသော ဆေးကောင်းတလက် ဖြစ်နေသည်။ ကမ္ဘာအရပ်ရပ် လက်နက်နှင့် အာဏာသိမ်းမှုများတွင် သွေးထွက်သံယို သတ်ဖြတ်လေ့ရှိပါသည်။ အသက်သတ်ပါက လက်ငင်းရန်ရှင်းစေကာမူ ရန်သစ် “လူ” လာနိုင်သည်။ သူ၏အသက်ကို မသတ်သည့်နည်းက ပိုပြီးရက်စက်ယုတ်မာသည်။ သူ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီခေါင်းဆောင်များနှင့် အစိုးရဝန်ထမ်းကြီးများ၏အသက်တို့ကို မသတ်ဘဲ အသက်မွေးမှုအခွင့်အရေးများကို သတ်ဖြတ်သည်။ သူ့ကိုရန်ပြုနိုင်သူများ၏ စီးပွားရေး ရှာဖွေစားသောက်ခွင့်ကို သတ်ဖြတ်ချုပ်ကိုင်သည်။ သူ၏လက်အောက်သို့ ခေါင်းလျှိုရသော သူ၏ကိုယ်ပိုင်အစိုးရဝန်ထမ်းအလုပ်မှတပါး လုပ်ပိုင်ခွင့်မရှိသည့် စနစ်ကို တီထွင်ထားသဖြင့် ရန်သူမှန်သမျှတို့က သူ့ကို “ကိုး”ကြရသည်။ ဤနည်းသည် သူ၏အာဏာမြဲမှု ဆေးတဖုံဖြစ်သည်။ ဥပမာ ထောင်မှအထွက် အလုပ်မရှိသဖြင့် သူ့လက်အောက်၌ မင်းမှုထမ်းအဖြစ် ၁၀ နှစ်တိတိ လုပ်ကိုင်ခဲ့ရသည့် စာရေးသူတယောက်။


ဒုတိယအာဏာထိန်းနည်းမှာ ပိုမိုရက်စက်ယုတ်မာပြီး သူ၏နောက်လိုက် စစ်အစိုးရများက ဆက်လက်သုံးစွဲနေသည်။ ထိုနည်းမှာ အရပ်သား ပြည်သူလူထုကြီး ဆင်းရဲငတ်မွတ်စေရန် တမင်အားထုတ်သည်။ လူအများ ငတ်မွတ်မှသာ စစ်တပ်ကို ဦးကျိုးကြမည်၊ ခေါင်းလျှိုကြမည်ဖြစ်သဖြင့် တမင် လူထုငတ်မွတ်စေမည့် လမ်းစဉ်ကို လုပ်ဆောင်ကြသည်မှာ ဗိုလ်နေဝင်းနှင့် စစ်အစိုးရများ၏ အာဏာချုပ်ကိုင်ထားရေး ဆေးကြီးဖြစ်သည်။


သူအာဏာထက်နေစဉ်က နိုင်ငံတွင်းတွင် အစစအရာရာ ရှားပါးကြသည်ကို သူသိသည်။ နိုင်ငံအခြေမှန်ကို တင်ပြသူများများ မရှိစေကာမူ လူထုကြီးရှားပါးနေသည်ကို သူကောင်းစွာ သိရှိသည်။ ဉာဏ်တုံးသူမဟုတ်။ ထိုခေတ်က မကြာခဏ လူသုံးကုန်များ ပြတ်လေ့ရှိသည်။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ငရုတ်၊ ကြက်သွန်၊ မုတ်ဆိတ်ရိတ်ဓား စသည်ဖြင့် ပြတ်လပ် ပျောက်ကွယ်လေ့ရှိသည်။ ထိုအခါ ကမ္ဘာအရပ်ရပ်တွင်လည်း ထိုကုန်များ ရှားပါးနေသည်ဟု ပါတီက ဟန်ပြဝါဒဖြန့်ရလေ့ရှိသည်။ 


ရုပ်ပြောင်ဆရာတဦးက “ရှင်မရေ ကမ္ဘာအရပ်ရပ်မှာ ကြက်သွန်တွေ ပြတ်နေကြပြီ ထင်တယ်ဟေ့”ဟု သရော်သည်ကို သူက နားလည်စွာ ရယ်မောသည်ကို ကြားရဖူးသည်။ 


နောက်တက်လာသော စစ်အစိုးရများလည်း လူထုကြီး ငတ်ပြတ် ခက်ခဲသည်ကို သိကြသည်။ လူထုကြီးအဖို့ ခက်ခဲရှားပါးလေလေ စစ်တပ်ကို ဦးကျိုးကြလေလေဖြစ်သဖြင့် ဗိုလ်နေဝင်းနှင့် နောက်လိုက်စစ်ဗိုလ်များသည် လူထုကြီးအတွက် တမင်ငတ်ဆေးများ ဖော်ခဲ့ကြသည်။ လူထု မည်ရွေ့မည်မျှ ငတ်ပြတ်စေကာမူ သူတို့အာဏာစွဲကိုင်ရေးကို စောင့်ရှောက် ကာကွယ်ပေးမည့် စစ်တပ်မတော်ကိုသာ အလေးထား ဆောင်ရွက်ကြ၏။


ဗြိတိသျှ ယထာဘူတပညာရှင် သဘာဝဝတ္တုဆရာကြီး ဘက်ထရွန်ရပ်ဆဲလ်၏ အဆိုအမိန့်တခုရှိသည်။ 


“သင့်အား လူတယောက်က ဒီမိုကရေစီပေးကာ အခြားတယောက်က ဆန်တအိတ်ကို ပေးပါလျှင် သင့်အဖို့ ဆန်အိတ်ကို ယူမည်လော၊ ဆန္ဒမဲပြားကို ယူရမည်လောဟု ရွေးချယ်ရန်မှာ သင်သည် မည်ရွေ့မည်မျှ ငတ်နေသနည်းဟူသော ငတ်မွတ်မှုအတိုင်းအတာအရ ဆုံးဖြတ်ရပေမည်”ဟု ဆိုသည်။ 


လမ်းစဉ်ပါတီဝင် တိုးတက်ခြင်း၊ ကြံ့ခိုင်ရေးအဖွဲ့  အင်အားတက်ခြင်းတို့မှာ လူထု ငတ်ကြသဖြင့် ဖြစ်ရသည်။ ဦးနေဝင်းနှင့် နောက်လိုက်စစ်ဗိုလ်ကြီးများက လူထုကြီးငတ်လေလ ဒီမိုကရေစီကို ကျောခိုင်းကာ သူတို့ကို ရှိခိုးရလေလေဟု သိသဖြင့် လူထု ငတ်စေသည့် လမ်းစဉ်ကို လုပ်ဆောင်နေကြသောကြောင့် လူထုကြီးမှာ မီးလောင်သစ်တုံးကဲ့သို့ တမြေ့မြေ့ ပျက်သုန်းနေသည်ကို ဟက်ဟက်ပက်ပက် ရယ်မောလုပ်ဆောင်ကြသည်မှာ အလွန်အကျူး ရက်စက်ယုတ်မာကြပါပေသည်။


ကြေးမုံ ဦး​သောင်း


No comments:

Post a Comment