Saturday, August 6, 2022

သုခမြို့တော် (အပိုင်း - ၁၅)

သူ့မော်တော်ဆိုင်ကယ်သည် ရုပ်ရှင်များထဲတွင် တွေ့ရတတ်သော ပြောင်ပြောင်လက်လက်၊ တောက်တောက်ပပ ပစ္စည်းတစ်ခုနှင့် တူနေသည်။ လက်ကိုင်ပေါ် တွင် မီးလုံးတွေ၊ ဟွန်းတွေက အပြည့်။ ဘီးခွေတွင်လည်း အစိမ်းရောင်၊ အနီရောင်တွေ ခြယ်ထားလိုက်သေးသည်။ ဓာတ်ဆီတိုင်ကီက ငွေရောင်တောက်လျက်။ ဖင်ထိုင်ခုံကို ကျားသစ်ရေ ဖုံးထားသည်။ သားရေ ခေါင်းလောင်းဘောင်းဘီရှည်၊ ပိုးရှပ်အင်္ကျီကို ဝတ်ထားသည့် လူတစ်ယောက်သည် ရွှံ့တွေ ဗွက်တွေ ထူထပ်သည့် သုခမြို့တော် လမ်းကြားကလေးထဲသို့ မော်တော်ဆိုင်ကယ်ကို စီးလာ၏။ သူသည် ကျေနပ်အားရသည့်ဟန်ဖြင့် သူ့မော်တော်ဆိုင်ကယ် မီးခိုးပိုက်မှ မီးခိုးများကို တဘုတ်ဘုတ် မြည်အောင် ထုတ်လာသည်။


ရွေးကောက်ပွဲ မဲဆွယ်သူတစ်ဦးကဲ့သို့ မိမိအား ပြုံးပြ၊ လက်ဝှေ့ယမ်းပြကြသူများကို ပြန်၍ နှုတ်ဆက်သွားသည့် မျက်မှန်နက်တပ်ထားသည့် မော်တော်ဆိုင်ကယ်သမားကို ထိုရပ်ကွက်တွင် လူတိုင်းသိကြသည်။ ပလီကြီးမှ မျက်မမြင် မူလာကြီးနှင့် မီရထားလမ်းဘေး ဘုရားကျောင်းမှ ဗြဟ္မဏအဘိုးအိုကြီးကို သိကြသကဲ့သို့ ထိုရပ်ကွက်ထဲတွင် သူ့ကိုလည်း မသိသူမရှိ။ သူ့နာမည်မှာ အိန္ဒိယသမိုင်းတွင် ထင်ရှားသည့် ဧကရာဇ်တစ်ပါး၏အမည်နှင့် ဆင်တူ၊ အာသောကဟု ခေါ်သတည်း။


အာသောကသည် အခြားသူမဟုတ်၊ ကာလကတ္တားရှိ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦး၏ အကြီးဆုံးသားကြီး သြရသဖြစ်ပြီး သူ၏လက်ထောက်လည်းဖြစ်၏။သုခမြို့တော်သည် လူဦးရေ ခုနစ်သောင်းရှိသည့် ရပ်ကွက်တစ်ခုဖြစ် သည့်တိုင် ထိုမြို့တော်တွင် မြို့တော်ဝန်မရှိ၊ ပုလိပ်အဖွဲ့မရှိ၊ မည်သည့်တရားဥပဒေ အာဏာပိုင်မျှမရှိ။ အခြားသော ဆင်းရဲသားရပ်ကွက်များနည်းတူ သုခမြို့တော်တွင်ရှိသည့် ထိုလစ်လပ်သောနေရာတွင်လည်း လူမိုက်ဂိုဏ်းက အစားဝင်ရောက် ကြီးစိုးလာခဲ့သည်။ လူမှုရေးကိစ္စအဝဝကို သူတို့ကပင် ငွေညှစ်သည်။ သူတို့ကပင် စီရင်ဆုံးဖြတ်သည်။ မည်သူမျှ သူတို့အာဏာစက်ကို မတွန်းလှန်ရဲကြ။ 


အပြိုင်အဆိုင်လူမိုက်ဂိုဏ်းများ ရှိကြသည့်တိုင် အာဏာစက်အပြင်းဆုံးမှာ မျက်မှန်ထူထူကြီး တပ်ထားသည့် ဟိန္ဒူလူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။ ထိုလူမိုက်ကြီးသည် သူ့သားများ၊ သူ့ ဇနီးများ၊ သူ့အခြွေအရံများနှင့်အတူ ကာလကတ္တား ဒေလီ ရထားလမ်းဘေးရှိ တာရိုးလမ်းမှ ခေတ်မီလေးထပ်တိုက်ကြီးတွင် နေထိုင်လျက်ရှိ၏။ ထိုလူမိုက်ခေါင်းဆောင်ကြီးမှာ အသက် ၆၀ ခန့်ရှိပြီး သူ့ကို ကာတစ်ဘာဘာဟု ခေါ်ကြသည်။ စစ်ပွဲတို့၏နတ်ဘုရားဖြစ်သူ သျှီဝနတ်မင်း၏သားတော်ကို ဂုဏ်ပြုသည့်အနေဖြင့် သူ့အဖေက ထိုနာမည်ကို ပေးခဲ့ခြင်းဖြစ်သည်။


ဆင်းရဲသားရပ်ကွက်ရှိ အရက်ပုန်းဆိုင်ဟူသမျှသည် ထိုလူမိုက်ဂိုဏ်းခေါင်းဆောင်၏ဆိုင်များသာ ဖြစ်ကြ၏။ အလားတူပင် မူးယစ်ဆေးအရောင်းအဝယ်နှင့် ထိုရပ်ကွက်က ပြည့်တန်ဆာလုပ်ငန်းကိုလည်း သူပင် ချုပ်ကိုင်၏။ သုခမြို့တော်ရှိ မြေယာအများကို အများဆုံး ပိုင်သူမှာလည်း သူပင်ဖြစ်သည်ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိ၏။ သူ့မြေယာအိမ်ခြေများကို ငှားရမ်းရာတွင် အိမ်ငှား မြေငှားတို့ကိုလည်း သူကျွမ်းကျင်စွာ ရွေးချယ်တတ်၏။ သူသည် သူ့မြေယာများကို ဒုက္ခသည်များကို ငှားရမ်းမည့်အစား ကျွဲနွားတိရစ္ဆာန်များကို ထား၏။ ထိုရပ်ကွက်တွင် ကျွဲနွားတိရစ္ဆာန်ဦးရေပေါင်း ရှစ်ထောင့်ငါးရာရှိရာ ထိုကျွဲနွားတို့ကိုထားသည့် တင်းကုပ်များအားလုံးသည် သူပိုင်တင်းကုပ်များချည်းဖြစ်၏။ နံစော်သောအနံ့၊ သန်းပေါင်းများစွာသော ယင်ကောင်များနှင့် မြစ်ချောင်းသဖွယ်စီးဆင်းနေသော တိရစ္ဆာန်ကျင်ကြီး ကျင်ငယ်ရေတို့ကို ယူဆောင်လာသည့် ထိုကျွဲနွားတိရစ္ဆာန်အုပ်ကြီး၏ကျူးကျော်မှုသည် ကာလကတ္တား မြူနီစီပယ်မှ ကျွဲနွားတင်းကုပ်များကို မောင်းထုတ်လိုက်သည့်အချိန်မှ စ,၍ ထိုရပ်ကွက်သို့ ချဉ်းနင်းရောက်ရှိလာခဲ့၏။ 


မြို့စွန်တွင် ကျွဲနွားခြံများ ပေါ်ပေါက်လာသည့်အခါ၌ သတင်းစာများက အုတ်အော်သောင်းတင်း ကန့်ကွက်ရေးသားခဲ့ကြသော်လည်း ခါတိုင်းကဲ့သို့ပင် ဘာမျှမဖြစ်။ သို့ဖြင့် ကျွဲနွားတင်းကုပ်များသည် သုခမြို့တော်နှင့်အလားတူ ဆင်းရဲသားရပ်ကွက်များထဲသို့ ရောက်ရှိလာခဲ့ကြသည်။ လူမိုက်ဂိုဏ်းခေါင်းဆောင်ကြီးကား ထိုလုပ်ငန်းမှ အများဆုံး အမြတ်ထွက်သူတစ်ဦးဖြစ်၏။လူဦးရေ ကိုးယောက်ရှိသည့် မိသားစုတစ်စုကို ငှားရမ်းရခြင်းထက် နွားတစ် ကောင်ကို ထားရခြင်းက ပို၍အကျိုးကျေးဇူးရှိသည် မဟုတ်လော။


“ဘာထူးသလဲဗျ၊ အဆောက်အအုံကလဲ ဒီအဆောက်အအုံပဲ၊ လခကလဲ ဒီလခပဲ၊ နေရာအကျယ်အဝန်းကလဲ ဒီလောက်ပဲ၊ ဒီတော့ လူတွေ ဘာဖြစ်လို့ ငှားစားတော့မှာလဲ။ လူတွေငှားရင် ဟိုဟာလုပ်ပေးပါဦး၊ ဒီဟာ ပြင်ပေးပါဦးနဲ့ တယ်ပြီး စကားများတယ်" ဟု သူပြောလေ့ရှိသည်။


လူမိုက်ဂိုဏ်းခေါင်းဆောင်ကြီးတွင် အခြားသောဝင်ငွေများရှိသေးကြောင်းကိုလည်း အားလုံးသိကြ၏။ အထူးသဖြင့် သူသည် မီးရထားသံလမ်းဘေးတွင် ကာထားသည့် သံဇကာများကို ဝယ်ရောင်းလုပ်နေသူများအားလုံးကို ချုပ်ကိုင်ထား၏။ ထိုလုပ်ငန်းတစ်ခုတည်းမှရသည့် ဝင်ငွေတို့ပေါင်းလျှင် နှစ်တိုင်း သန်းချီ၍ ရနေသည်။ ထိုမျှမကသေး အလွန်အရုပ်ဆိုးသော သွေးစုပ်လုပ်ငန်းတစ်ခုမှလည်း ဝင်ငွေအမြောက်အမြားကို ရရှိလိုက်သေး၏။ ယင်းမှာ အခြားမဟုတ်၊ သုခမြို့တော်မှ ကိုယ်ရေရောဂါသည်များကို ခေါင်းပုံဖြတ်ခြင်းပေတည်း။


ကိုယ်ရေရောဂါသည်များအား ငှားရမ်းထားသည့် တဲများမှ ရသည့် ငှားခများဖြင့် သူ မကျေနပ်နိုင်သေး။ ထို့ကြောင့် ဟောင်ရာဘူတာကြီးအနီးရှိ ပလက်ဖောင်းပေါ်တွင် တောင်းရမ်းစရာ နေရာကလေးတစ်ခု ရရှိရေးနှင့် ထိုနေရာတွင် တောင်းစားခွင့်ရသူအား ကာကွယ်ပေးရသည့်အတွက်ဟု ဆိုကာ တစ်ယောက်ကို တစ်နေ့လျှင် တစ်ကျပ်မှ နှစ်ကျပ်အထိ အခယူလိုက်သေးသည်။ ထိုလုပ်ငန်းများကို ချောမောစွာ လုပ်ဆောင်နိုင်ရန်အတွက် လူမိုက်ခေါင်းဆောင်ကြီးတွင် နိုင်အားကောင်းသည့် နိုင်ငံရေးနောက်ခံရှိနေဖို့လိုသည်။ သူသည် အာဏာရနိုင်ငံရေးပါတီကို ရန်ပုံငွေအမြောက်အမြား ထည့်ဝင်သူတစ်ဦးဖြစ်ရုံမျှမက ရွေးကောက်ပွဲတွင် ထိုပါတီမှ အမတ်လောင်း၏ ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်တတ်သေးသည်ဟု ကောလာဟလများကို ဆိုကြ၏။ 


သုခမြို့တော်ရှိ ကိုယ်ရေရောဂါသည်များ အပါအဝင် မဲဆန္ဒရှင်များ၏ မဲပြားများကို အရောင်းအဝယ်လုပ်ရာတွင်လည်း သူပင် ကြီးကြပ်သည်။ ထိုသို့ မဲပြားအရောင်းအဝယ်လုပ်ကြသည့်ကိစ္စကို ထိုရပ်ကွက်ရှိ မဲဆန္ဒရှင်များကလည်း

ကျေနပ်ကြသည်ဟုဆို၏။ ထိုမျှမက ထိုမဲအရောင်းအဝယ်ကိစ္စတွင် မတရားမှုများ ပေါ်ပေါက်လာခဲ့လျှင်လည်း သူကပင် မှန်အောင် လုပ်သည်ဟုဆို၏။ ထို့ကြောင့် သူသည် ထိုအရပ်တွင် ရော်ဗင်ဟုဒ်လို လူစွမ်းကောင်းဖြစ်နေသည်။သို့ရာတွင် သူကိုယ်တိုင် ဖျန်ဖြေပေးခြင်းကား မဟုတ်။ သူ့သားကြီး အာသောကကိုဖြစ်စေ၊ အခြားတပည့်တပန်းတစ်ယောက်ယောက်ကိုဖြစ်စေ ဝင်ရောက် ဖျန်ဖြေခိုင်းတတ်၏။ နောက်ဆုံးအဆုံးအဖြတ်မှာ သူ့အပေါ်တွင် တည်၏။ 


သူ့တန်ခိုးသြဇာကို ခိုင်မြဲရန် နည်းအမျိုးမျိုးကိုလည်း သုံးတတ်၏။ ဥပမာအားဖြင့် တန်ခိုးသြဇာ မှေးမှိန်လာသည်ဟု ထင်သည်နှင့် တစ်ပြိုင်နက် သူ့လူမိုက်များကို အရက်ဆိုင်တစ်ဆိုင်သို့ လွှတ်လိုက်ကာ ဝရုန်းသုန်းကား အလုပ်ခိုင်းလိုက်၏။ ထိုအခါမျိုးတွင် သူ့သားကြီး အာသောကကို လွှတ်၍ အဖျန်ဖြေခိုင်း၏။ အလွန်အရေးကြီးသည့် ပြဿနာမျိုးတွင်ဆိုလျှင် သူကိုယ်တိုင် လာရောက်ဖြေရှင်းပေးလေ့ရှိ၏။ ဤသို့ဖြင့် သူသည် မည်မျှ တန်ဖိုးဩဇာကြီးကြောင်းကို ပြသလေ့ရှိ၏။ ထိုမျှမက အာသောက, ကဖြစ်စေ၊ အခြား တပည့်တပန်းတစ်ဦးဦးကဖြစ်စေ၊ အရပ်ထဲမှ မိန်းကလေးတစ်ယောက်ကို စော်ကားခဲ့မိလျှင် သက်ဆိုင်ရာမိဘများ ကျေနပ်အောင် သူကိုယ်တိုင် လိုက်လံ၍

တောင်းပန်ခြင်း၊ လျော်ကြေးပေးခြင်း စသည့် နည်းလမ်းများဖြင့်လည်း ဖြေရှင်းပေးတတ်၏။ ထိုအခါ ကာယကံရှင်များကလည်း ကျေနပ်သွားကာ နှုတ်ပိတ်ရေငုံလုပ်နေလိုက်ကြတော့သည်။ ဤနည်းဖြင့် သူသည် တရားမျှတမှုကို ဆောင်ကြဉ်းပေးသည့် တရားသူကြီးတစ်ဦးဖြစ်လာခဲ့သည်။


ထိုမနက်က ကိုဗာစကီး၏တဲကုပ်ကလေးရှေ့သို့ အာသောက၏မော်တော်ဆိုင်ကယ် ထိုးရပ်လိုက်သည့်အခါတွင် ရပ်ကွက်တစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ “ဆရာကြီး" နဲ့ “ဖခင်ကြီး” စကားများကြလို့ “ဖခင်ကြီး” က "ဆရာကြီး ကိုဗာစကီး"ကို သည်ရပ်ကွက်က နှင်ထုတ်တော့မယ် ဆိုတဲ့ ကောလာဟာလများ ပေါ်ထွက်လာသည်။


ပထမသော် သူတို့စိုးရိမ်မှုသည် အခြေအမြစ်မရှိဟု ထင်ရ၏။ မည်သို့အခြေအမြစ်ရှိနိုင်ပါမည်နည်း။ တဲကုပ်ရှေ့သို့ ရောက်သည်နှင့် အာသောကသည် ကာလီမယ်တော်ကို ဦးချသည့်နှယ် ဆရာကြီး ကိုဗာစကီးရှေ့တွင် ဝပ်တွားလိုက်ကာ...

“ဆရာကြီးခင်ဗျာ၊ ဆရာကြီးကို ကျွန်တော့်အဖေက အဖိတ်ခိုင်းလိုက်ပါတယ်” ဟု ပြော၏။ 


“ဗျာ...အဖိတ်ခိုင်းလိုက်တယ် ဟုတ်လား” 


ကိုဗာစကီးက တအံ့တသြ မေးသည်။


“ဟုတ်ပါတယ်၊ ဆရာကြီးနဲ့ ကိစ္စကလေးတစ်ခု ဆွေးနွေးချင်လို့ပါတဲ့။ ကိစ္စက သိပ်တော့အရေးမကြီးပါဘူးတဲ့”


လူမိုက်ဂိုဏ်းခေါင်းဆောင် “ဖခင်ကြီး” အတွက် အရေးမကြီးသော ပြဿနာဟူ၍ မရှိ။ ဤသည်ကို ကိုဗာစကီး သိသည်။ ငြင်းနေ၍ အကြောင်းမထူးပြီ။


“ကောင်းပြီလေ၊ ဒီလိုဆိုရင်လဲ လိုက်တာပေါ့”


အာသောက က အမွေးပြိုင်းပြိုင်းထနေသည့် လက်များကို ရမ်းပြလိုက်ရင်း...

“အို ...အခုလိုက်ဖို့ မလိုပါဘူး၊ အဖေကလဲ ချက်ချင်းတွေ့ဖို့ အချိန်မရသေးပါဘူး၊ မနက်ဖြန် မနက် ၁၀ နာရီမှာလာဖို့ ပြောလိုက်ပါတယ်။ မနက်ဖြန်ကျရင် ကျွန်တော် လာခေါ်ပါ့မယ်” 


တောက်ပသစ်လွင်၍ ဆူညံသောအသံကိုပြုကာ မော်တော်ဆိုင်ကယ်ကြီးဖြင့် ရောက်လာသည့် အာသောကကိုကြည့်၍ ကိုဗာစကီးသည် သူ့အဖြစ်ကို သူရယ်ချင်သည်။


“ဟိုးရှေးတုန်းက မဂိုဘုရင်တွေနဲ့ ဟိန္ဒူဘုရင်တွေက သူတို့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေကို ဘယ်လို လက်ခံတွေ့ဆုံသလဲဆိုတာတော့ ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် ဖခင်ကြီးက ကျွန်တော့်ကို လက်ခံတွေ့ဆုံပုံကိုတော့ ကျွန်တော် မမေ့နိုင်တော့ဘူးဗျာ” ဟု နောင်တွင် ကိုဗာစကီးက ပြောပြ၏။


သူ့အိမ်ကြီးမှာ တကယ့်နန်းတော်ကြီးသဏ္ဌာန်။ အိမ်ရှေ့တွင် အင်ဘာဆေဒါအမျိုးအစား ကားသုံးစီး ရပ်လျက်။ ကားတိုင်းတွင် ကြိုးမဲ့ကြေးနန်းတိုင်တွေ ထောင်ထားပြီး ကျည်ကာတွေ တပ်ထားသည်။ ကားရှေ့တွင် နိုင်ငံအကြီးအကဲများ၊ ဝန်ကြီးများသွားလျှင် ရှေ့တော်ပြေးအဖြစ် စီးသည့် မော်တော်ဆိုင်ကယ်တွေရပ်လျက်။ 


အောက်ထပ် ဖိနပ်ချွတ်ကို ကျော်လိုက်သည်နှင့် အရှေ့တိုင်းဖြစ် သားမွေးကော်ဇောကြီးများ ခန်းလုံးပြည့် ခင်းထားသည့် ဧည့်ခန်းထဲသို့ ရောက်သွားသည်။ ဧည့်ခန်းထဲတွင် အိစက်သောဆိုဖာကြီးများက အစီအရီ။ အခန်းထောင့် တစ်နေရာတွင် သျှီဝနတ်မင်း၏နတ်ကွန်းနှင့် အခြားသောနတ်များ၏ နတ်ကွန်းများ စီတန်းနေကြသည်။ နတ်စင်များရှေ့တွင် နတ်ပူဇော်ရန် တီးသည့် ခေါင်းလောင်းကလေးတစ်လုံးရှိသည်။ အခိုးတလူလူထွက်နေသည့် အမွှေးတိုင်များက မူးယစ်ရီဝေစေသော အနံ့တို့ကို ထုတ်လျက်။


“ဖခင်ကြီး” သည် ပန်းခက် ပန်းကြွကို ဖော်ထားသော ဆင်စွယ်နှင့်ပုလဲတို့မြှုပ်ထားသည့် ရာဇပလ္လင်လိုလို ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေသည်။ အဖြူရောင်ဦးထုပ်ချွန်ကလေးကို ဆောင်းထားပြီး ရှပ်အင်္ကျီအဖြူရောင်တွင် အနက်ရောင် ခါးပြတ်အင်္ကျီကို ဝတ်ထား၏။ မီးခိုးရောင် ထည့်ထားသည့် ထူထဲသည့် နေကာမျက်မှန်ကို တပ်ထားသဖြင့် သူ့မျက်လုံးများကိုမူ ကောင်းကောင်း မမြင်ရ။ သို့ရာတွင် ထူထဲသော မျက်ခုံးမွှေးများ တွန့်ချီရှုံ့ချီ လုပ်နေသည်ကို ကြည့်လျှင် သူ့တုံ့ပြန်မှုကို သိနိုင်သည်။ 


အာသောကက သူ့အဖေရှေ့တွင်ရှိသည့် ဆိုဖာတစ်လုံးတွင် ဝင်ထိုင်ရန် ဧည့်သည်ကို အရိပ်အရောင်ပြ၏။ ဦးပေါင်းထုပ် ပေါင်းထားသည့် အစေခံများက လက်ဖက်ရည်၊ ရေခဲစိမ် လိမ္မော်ရည်နှင့် ဘင်္ဂါလီမုန့်များကို လာချကြသည်။ “ဖခင်ကြီး” က လိမ္မော်ရည် တစ်ပုလင်းကို ကောက်ယူသောက်လိုက်ပြီးနောက် လက်ညှိုးတွင် ဝတ်ထားသည့် မဟူရာလက်စွပ်ဖြင့် ကုလားထိုင်လက်တန်းကို တဒေါက်ဒေါက် ခေါက်နေ၏။


“ကြိုဆိုပါတယ် ဆရာကြီး၊ ကိုယ့်အိမ်လို သဘောထားပါ” ဟု ခပ်အောအော အသံဖြင့် ပဋိသန္ဓာရစကားဆို၏။ ထိုနောက် ကိုဗာစကီး၏စကားအပြန်ကို မစောင့်ဘဲ လည်ချောင်းရှင်းလိုက်ကာ လက်ယာဘက် ခြေထောက်နားတွင် ချထားသည့် ပြောင်လက်နေသော ကြေးထွေးခံထဲသို့ တံတွေးတစ်ချက် ထွေးလိုက်၏။


သူ့ခြေထောက်ဆီသို့ မျက်စိရောက်အသွား၌ သဲကြိုးတွင် ကျောက်မျက်ရတနာများ စီခြယ်ထားသည့် လွှာဖိနပ်တစ်ရန်စီးထားသည်ကို ကိုဗာစကီး သတိပြုမိသည်။


“ဆရာကြီးနဲ့ ခုလို အသိအကျွမ်းဖြစ်ရတာ ဂုဏ်ယူပါတယ်ဗျာ” ဟု သူက ဆက်ပြောသည်။


အစေခံတစ်ယောက်က ဖဲကြိုးစည်းထားသည့် ဆေးပြင်းလိပ်ထုပ်တစ်ထုပ်ကို ဗန်းထဲတွင်ထည့်၍ ယူလာ၏။ “ဖခင်ကြီး”က ဖဲကြိုးကိုဖြေပြီး ကိုဗာစကီးကို တစ်လိပ်ကမ်းသည်။


ကိုဗာစကီးက ငြင်းသည့်အခါတွင် “ဖခင်ကြီး” သည် သူ့အတွက် တစ်လိပ်ယူ၍ မီးညှိရင်း အချိန်ယူသည်။


“ဖခင်ကြီး” သည် ဆေးပြင်းလိပ် မီးခိုးများကို မှုတ်ထုတ်လိုက်ပြီးနောက်...

“ဆရာကြီးကတော့ တော်တော်ထူးတဲ့ ပုဂ္ဂိုလ်ပဲ ခင်ဗျာ၊ ကျွန်တော်တော့ ကြားရတဲ့သတင်းကို ယုံတောင် မယုံနိုင်ဘူး။ အိန္ဒိယနိုင်ငံသားအဖြစ် ခံယူဖို့ လျှောက်လွှာတင်တယ်ဆို”


“ကြားတဲ့အတိုင်း အမှန်ပဲခင်ဗျာ” ဟု ကိုဗာစကီးက အတည်ပြုသည်။ “ဖခင်ကြီး”က တစ်ချက်ရယ်လိုက်ပြီး ကုလားထိုင်တွင် နေရာပြင်ထိုင်၏။


“ဒီမှာ နိုင်ငံခြားသားဆိုရင် ကောင်းကောင်းနေရတယ်၊ အခွင့်အရေးဆိုလဲ ပြောစရာမရှိဘူးဗျာ၊ ဒီကြားထဲ ဒီအခွင့်အရေးတွေကို လက်လွှတ်ပြီး အိန္ဒိယဆင်းရဲသားရပ်ကွက်ထဲမှာ လူဆင်းရဲတစ်ယောက်အနေနဲ့ နေချင်တယ်ဆိုတာ ကတော့ တော်တော့်ကို အံ့သြစရာကောင်းတာပဲ”


“ဒါကတော့ စည်းစိမ်ဥစ္စာ ပေါများတာ၊ ချမ်းသာတာနဲ့ ပတ်သက်လို့ လူကြီးမင်းနဲ့ကျွန်တော် အမြင်ချင်းမတူလို့ ဖြစ်ပါလိမ့်မယ်”


“ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ကျွန်တော်တို့တိုင်းရင်းသားတွေထဲမှာ ဆရာကြီးတို့လိုလူတစ်ယောက် တိုးလာတယ်ဆိုတာကိုတော့ ကျွန်တော်အများကြီးဂုဏ်ယူပါတယ်။ ဒီတော့ ဆရာကြီး နိုင်ငံသားဖြစ်ခွင့်ရရေးနဲ့ပတ်သက်လို့ အခက်အခဲရှိရင် ကျွန်တော် သိပါရစေ။ ကျွန်တော့်မိတ်ဆွေတွေ ရှိပါတယ်၊ ကျွန်တော် ဆောင်ရွက်ပေးပါ့မယ်”


“ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ရဖို့ မရဖို့ကတော့ ကျွန်တော် ဘုရားသခင်ကိုပဲ အားကိုးပါတယ်”


“ဖခင်ကြီး” သည် သူကြားရသည့် စကားကို ယုံကြည်လိုခြင်း မရှိဟန်ဖြင့် ခေါင်းရမ်းလိုက်၏။ မိမိ၏အကူအညီကို ငြင်းပယ်သူဆို၍ လောကတွင် ရှိသေးသလော။


ဖခင်ကြီးက လေသံခပ်မာမာဖြင့် ...

“ဒီမှာ ဆရာကြီး၊ ကျွန်တော် သတင်းတစ်ခုကြားနေတယ်ဗျာ၊ အဲဒီရပ်ကွက်မှာ ကိုယ်ရေပြားရောဂါကု ဆေးရုံတစ်ရုံဆောက်မယ်လို့ ဆရာကြီး ကြိုးစားနေတယ်လို့ ကြားတယ်၊ အဲဒါ အမှန်ပဲလား”


“ကိုယ်ရေရောဂါကု ဆေးရုံဆိုတဲ့ နာမည်က ကြီးကျယ်လွန်းပါတယ်ခင်ဗျာ၊ အင်မတန်ဆိုးရွားနေတဲ့ လူနာတွေကို ကုသဖို့ ဆေးပေးခန်းကလေးပါ။ ဒီကိစ္စအတွက် သီလရှင်ဆရာကြီး ထရီဇာကို သူ့ကျောင်းက သီလရှင်တစ်ပါး နှစ်ပါးလောက် အကူအညီပေးဖို့ တောင်းထားပါတယ်”


“ဖခင်ကြီး” သည် ကိုဗာစကီးကို စိမ်းစိမ်းကြီး ကြည့်လိုက်၏။


“ကျွန်တော့်ခွင့်ပြုချက်မရဘဲနဲ့ အဲဒီရပ်ကွက်က ရောဂါသည်တွေအတွက် ဘယ်သူမှ ဘာမှလုပ်ပေးပိုင်ခွင့် မရှိဘူးဆိုတာ ဆရာကြီး မသိဘူးထင်တယ်”


“ဒီလိုဆိုရင်လဲ လူကြီးမင်းကိုယ်တိုင် ဝင်ကူညီလိုက်ပါလားခင်ဗျာ၊ ဒီလို ကူညီလိုက်ရင် ပိုပြီးထိရောက်တာပေါ့”


“ဖခင်ကြီး” ၏ မျက်ခုံးမွေးများသည် ထူထဲသော မျက်မှန်အထက်သို့ တက်သွား၏။


“အဲဒီရပ်ကွက်က ကိုယ်ရေရောဂါသည်တွေကို ကျွန်တော် စောင့်ရှောက်လာတာ ဆယ့်နှစ်နှစ်ရှိပြီဗျ။ ဒီလိုကာကွယ်ပေးဖို့က သူတို့အတွက် အရေးကြီးဆုံးပဲ၊ ကျွန်တော်သာ အကာအကွယ်မပေးရင် တခြားလူကောင်းတွေက သူတို့ကို မောင်းထုတ်ပစ်တာ ကြာလှပြီ”


သူသည် ရုတ်တရက် တိုင်ပင်စရာကိစ္စ ပေါ်လာသည့်နှယ် ကိုယ့်ကို ရှေ့သို့ ကုန်းလိုက်ပြီးနောက်....

“ဒီမှာ ဆရာကြီး၊ ခင်ဗျားက ဆေးပေးခန်းဆိုတာကို ဖွင့်ပါပြီတဲ့။ ဆေးခန်းဖွင့်လို့ ရောဂါသည်တွေ လာလာပြီး ပြကြပါပြီတဲ့၊ ခင်ဗျားအိမ်နီးနားချင်းတွေက ဒီအတိုင်းကြည့်နေမှာတဲ့လား"


“ကျွန်တော်ကတော့ ကျွန်တော့်ညီနောင်တွေမှာ သနားကရုဏာရှိတယ်လို့ ယုံကြည်တာပဲ”


“ဘာ သနားကရုဏာလဲဗျ၊ ဆရာကြီးတို့ဘုန်းတော်ကြီးတွေဟာ သနားကရုဏာဆိုတဲ့ စကားကို သိပ်ပြောကြတာပဲ၊ ဆရာကြီးသနားတာက ကိစ္စမရှိဘူး၊ ဆရာကြီး သနားလို့ ဘေးကလူတွေ မကျေမနပ်ဖြစ်ပြီး ရုန်းရင်းဆန်ခတ် လုပ်လာရင် ဘယ့်နှယ်လုပ်မလဲ။ ဆရာကြီးရဲ့ ဆေးပေးခန်းကို မီးရှို့ပြီး ရောဂါသည်တွေကို ရိုက်နှက်လွှတ်ရင် ဘယ့်နှယ်လုပ်မလဲ”


ကိုဗာစကီးသည် ဘာမျှပြန်မပြောနိုင်။ အံကိုသာ အသာကျိတ်နေသည်။ သူပြောသည့်အတိုင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။


“ဖခင်ကြီး” က ဆေးပြင်းလိပ်ကို မီးညှိပြီးနောက် တစ်ချက် ရှိုက်လိုက်ကာ ခေါင်းကို နောက်သို့လှန်လိုက်၏။


“ဆရာကြီးကို ဒီလိုပြဿနာတွေ မပေါ်အောင် လုပ်နိုင်တဲ့နည်းလမ်း တစ်ခုပဲ ရှိတယ်ဗျ”


“ဘယ်လိုနည်းလမ်းပါလိမ့်ခင်ဗျာ” 


“သူတို့ကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ စာချုပ်တစ်ခုချုပ်ဖို့ပါ"


“ခင်ဗျာ... စာချုပ်တစ်ခု ဟုတ်လား”


“သိပ်မကုန်ပါဘူး၊ ဆရာကြီးအတွက် တစ်လကို သုံးထောင်လောက်ပဲ ကုန်မှာပါ၊ အမှန်ကတော့ ကျွန်တော်တို့ကြေးက ဒီထက်တောင် များပါတယ်။ ဒါပေမယ့် ဆရာကြီးက သာသနာဘက်ကဖြစ်နေတော့ ကျွန်တော်တို့ လျှော့ယူပါတယ်၊ ကျွန်တော်တို့တိုင်းပြည်မှာ ဘာသာတရား ကိုင်းရှိုင်းကြပါတယ်”


“ဖခင်ကြီး” သည် ကိုဗာစကီး၏အဖြေကို မစောင့်ဘဲ လက်ခုပ်တစ်ချက်တီးလိုက်သည်။ သူ့သားကြီး အာသောက ဝင်လာ၏။


“ကဲ...တို့နှစ်ယောက် ပြေလည်သွားကြပြီ။ စာချုပ်အသေးစိတ်တွေကိုတော့ ဆရာကြီးနဲ့ ဆွေးနွေးပြီး လုပ်ပေတော့”


“ဖခင်ကြီး” သည် ကြီးမြတ်သူတစ်ယောက်ဖြစ်၏။ ထိုသို့သော အသေးစိတ်များတွင် အချိန်ကုန်မခံနိုင်ချေတကား။


ထိုနေ့ညနေ၌ သုခမြို့တော်ရှိ အပြန်အလှန်ကူညီရေးအသင်း ခေါင်းဆောင်များသည် “ဖခင်ကြီး” ၏ရာဇသံကို ဆွေးနွေးရန်အတွက် ကိုဗာစကီး၏တဲကုပ်ကလေးထဲတွင် စုဝေးကြသည်။


ဆာလာဒင်က ...

“ဖခင်ကြီး” က တော်တော် တန်ခိုးကြီးတယ်နော်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကြည့်ပါလား။ လက်ပစ်ဗုံးတွေ၊ သံတုတ်တွေဆိုတာ ပလူပျံနေတာပဲ။ သေတဲ့လူသေ၊ ဒဏ်ရာရတဲ့လူ ရနဲ့။ ရောဂါသည်တွေဆိုတာကလဲ လူသေတစ်ပိုင်းဖြစ်နေပြီ။ ဒီတော့ ဒီရောဂါသည်တွေအတွက် ကျွန်တော်တို့ ဒီလောက်အထိ အဖြစ်ခံကြမလား၊ တောင်းတဲ့အတိုင်း ပေးလိုက်တာ ကောင်းမယ်ထင်တယ်”


“ကိုယ်ရေရောဂါသည်ကလေးတစ်စုကို ပြုစုစောင့်ရှောက်ခွင့်ရဖို့ ဒီလောက်ပေးရတာကတော့ များတာပေါ့” ဟု မာဂရက်တာက မကျေနပ်သံဖြင့် ပြော၏။


“ခင်ဗျားတို့က သူတောင်းတာကို မကျေနပ်တာလား၊ ပေးရမယ့်ငွေ များလို့ မကျေနပ်တာလား” ဟု ကိုဗာစကီးက မေးသည်။


မာဂရက်တာသည် သူ့မေးခွန်းကြောင့် အံ့အားသင့်သွား၏။ 


“ပေးရမယ့်ငွေက များလွန်းလို့ပါ”


သူထင်သည့်အဖြေမျိုးပင်ဖြစ်သည်။ သူတို့လို ဆင်းရဲသားရပ်ကွက်ကလေးမှာပင် ငွေညှစ်ခြင်း၊ မိုက်ကြေးခွဲခြင်း၊ အကျင့်ပျက်ခြင်းတို့သည် အရိုးသို့ စွဲနေလေပြီ။ သူတို့အားလုံးကပင် ဆာလာဒင်နှင့် သဘောတူကြသည်။ သဘောမတူသူဆို၍ အာသံနယ်သူ ဗန်ဒိုနာတစ်ယောက်သာရှိ၏။


“သေခြင်းဆိုးကြီး သေပါစေတော်၊ ဒီလူကြီးကို တစ်ကျပ်ပေးရင် ကျွန်မတို့ ဆင်းရဲသားတွေအပေါ် တစ်ကျပ်ဖိုး သစ္စာဖောက်တာပဲ”


ကိုဗာစကီးသည် သူ့စကားကို ကြားလိုက်ရသည့်အခါတွင် လျှပ်စစ်နှင့် အတို့ခံလိုက်ရသည့်နှယ် ဖြစ်သွား၏။


“ဟုတ်တယ်၊ ဗန်ဒိုနာပြောတာ မှန်တယ်။ ကျွန်တော်တို့ မပေးနိုင်ဘူး၊ ငြင်းရလိမ့်မယ်၊ ခုခံရလိမ့်မယ်။ ကျွန်တော်တို့မှာလဲ မိတ်ဆွေတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ပြရလိမ့်မယ်။ ခုအချိန်မှာ ပြရင်ပြ၊ မပြရင် နောက် ဘယ်တော့မှ ပြစရာမရှိတော့ဘူး”


နောက်တစ်နေ့ မနက်စောစောတွင် တဖုန်းဖုန်းမြည်သော အာသောက၏မော်တော်ဆိုင်ကယ်သည် ကိုဗာစကီး၏တဲကုပ်ကလေးရှေ့တွင် ထိုးရပ်လိုက်၏။ သူ့အဖေ ညွှန်ကြားသည့်အတိုင်း အာသောကသည် စာချုပ်ပါ အချက် အလက်များကို အသေးစိတ် ဆွေးနွေးရန် ရောက်လာခြင်းဖြစ်သည်။ သို့ရာတွင် သူတို့ဆွေးနွေးပွဲသည် စက္ကန့်အနည်းငယ်သာ ကြာလိုက်၏။ တောင်းဆိုချက်များကို မလိုက်လျောနိုင်ဟူသော စကားတစ်ခွန်းသာ ပြောကြားလိုက်၏။ ဤကား သုခမြို့တော်ကို လွှမ်းမိုးနေသည့် တန်ခိုးကြီးလှသော “ဖခင်ကြီး" ကို ပထမဆုံး ဆန့်ကျင်အန်တုလိုက်သည့် ခြေလှမ်းပေတည်း။


နောက်တစ်ပတ်ကြာသည့်အခါတွင်မူ သူတို့ ဆေးပေးခန်းကလေးသည် ကိုယ်ရေရောဂါသည်များကို လက်ခံရန် အဆင်သင့်ဖြစ်နေလေပြီ။ ဗန်ဒိုနာနှင့် လုပ်အားပေး ခြောက်ယောက်တို့သည် အရေးကြီးသည့် ရောဂါသည်ခြောက်ဦး ကို ခေါ်ရန် ထွက်သွားကြသည်။ ကိုဗာစကီးက ထိုလူနာများကို အလျင် ဆေးရုံတင်ချင်သည်။ သူကိုယ်တိုင်မှာမူ သီလရှင်ဆရာကြီး ထရီဇာ၏ကျောင်းတိုက်သို့ ထွက်လာခဲ့၏။ 


ဗန်ဒိုနာတို့တစ်သိုက် ပလီရှေ့ကွက်လပ်သို့ အရောက်တွင် တုတ်များ၊ သံတုတ်များကို ကိုင်ထားသည့် ခပ်ငယ်ငယ်လူမိုက်တစ်သိုက်က သူတို့ကို ဆီးတားကြသည်။ သွားဟောင်းလောင်းဖြစ်နေသည့် ပြည့်တန်ဆာခေါင်းလိုလို လူမိုက်ခေါင်းဆောင်က “တစ်ယောက်မှ ရှေ့ကို ဆက်မသွားကြနဲ့” ဟု ပြော၏။


အာသံသူ ဗန်ဒိုနာသည် ရှေ့သို့ ဆက်လာ၏။ သို့ရာတွင် တုတ်ဖြင့် အချက်ပေါင်းများစွာ ဆီးရိုက်လိုက်သဖြင့် လဲကျသွားသည်။ ထိုစဉ် ကိုဗာစကီးသည် သီလရှင် သုံးဦးနှင့်အတူ လမ်းထိပ်မှ ပေါ်လာသည်။ တစ်ဖက်လမ်းထိပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်ရသည့်အခါတွင် ကိုဗာစကီးသည် အံကြိတ်လိုက်၏။ ထိုစဉ် ပေါက်ကွဲသံနှင့် အော်သံများ ပေါ်လာသည်။ အခြားလူမိုက်အဖွဲ့တစ်ဖွဲ့သည် တုတ်များ၊ သံတုတ်များ ကိုင်ဆောင်ကာ ဆေးပေးခန်းလုပ်မည့် ကျောင်းကလေးကို ဝင်၍ ဖျက်ဆီးကြသည်။ ဤတွင် ဈေးဆိုင်များသည်လည်း လန့်ဖျပ်ကုန်ကာ ဆိုင်တံခါးတွေ ပိတ်ကြသည်။ တာလမ်းမကြီးပေါ်ရှိ ဆိုင်ကြီးများမှလည်း ပြတင်းပေါက်တံခါးတွေကို အမောတကော ပိတ်ကြသည်။ 


ဆေးပေးခန်းကို ဖျက်ဆီးပြီးချိန်လောက်တွင် အခြားလူမိုက်အဖွဲ့တစ်ဖွဲ့ ပေါ်လာပြန်သည်။ သူတို့လက်ထဲတွင် ပုလင်းများ၊ ဖောက်ခွဲရေးကိရိယာများကို ကိုင်ထားကြသည်။ အချို့ကလည်း ကျောပိုးအိတ်များတွင် ထည့်လာကြ၏။ လမ်းမကြီးပေါ်တွင် လူသူဆို၍ တစ်ယောက်မျှမရှိတော့။ နေပူဆာလှုံနေကြသည့် ကလေးများနှင့် ခွေးများပင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြသည်။ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ အသံများသည် သုခမြို့တော်တစ်ခုလုံးကို ပဲ့တင်ရိုက်ခတ်သွားသည်။ အဝေးရှိ ဟောင်ရာဘူတာဘက်ဆီမှပင် ထိုအသံများကို ကြားနေရ၏။


သီလရှင် သုံးဦးသည် ကိုဗာစကီး၏ဘေးတွင် ရပ်ကာ ဝတ်ရွတ်စဉ်ကို ကျယ်လောင်စွာ ရွတ်နေကြသည်။ကိုဗာစကီးသည် သီလရှင်သုံးဦးကို မာဂရက်တာ၏ဝင်းထဲသို့ခေါ်သွားပြီး ဆွံ့အ, နားမကြား ဒုက္ခသည် ဂန်ဂါးလက်သို့ အပ်ပစ်ခဲ့၏။ သူကိုယ်တိုင်မှာမူ ဗုံးပေါက်ကွဲရာဘက်သို့ ပြေးလာခဲ့သည်။ နောက်မှ သူ့ကို ပြန်လာရန် ခေါ်သည့်အသံတစ်သံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ မာဂရက်တာ ဖြစ်နေသည်ကို တွေ့ရ၏။


“ဆရာကြီး၊ အဲဒီနားကို မသွားပါနဲ့၊ ဆရာကြီးကို သတ်ပစ်ကြလိမ့်မယ်”


ထိုစဉ် ရပ်ကွက်ထိပ်မှ အလံများ၊ ပိုစတာများကို ကိုင်ဆောင်လာသည့် လူတန်းတစ်တန်းကို တွေ့ရသည်။ စာတန်းများကို ဟိန္ဒူဘာသာ၊ အူရဒူဘာသာတို့ဖြင့် ရေးထား၏။ စာတန်းက "ကိုယ်ရေရောဂါဆေးရုံ အလိုမရှိ” ဟု ရေးထားသည်။ လူတန်း၏ထိပ်တွင် လူတစ်ယောက်က အော်လံတစ်ခုကို ကိုင်၍ ကြွေးကြော်သံ တိုင်ပေးနေသည်။ 


"ကိုယ်ရေရောဂါသည် .... အလိုမရှိ"


" သာသနာပြုဘုန်းကြီး ... ပြန်သွား"


အမှန်အားဖြင့် ထိုလူသိုက်သည် ထိုရပ်ကွက်မှ မဟုတ်။ ဤသည်မှာလည်း အဆန်းမဟုတ်ပါ။ ကာလကတ္တားမြို့ကြီးသည် ကမ္ဘာပေါ်တွင် ကြေးစား စီတန်းလှည့်လည်သူ အရန်အင်အား အများဆုံးသော မြို့ကြီးဖြစ်ပါသည်။ မည်သည့်နိုင်ငံရေးအသင်းအဖွဲ့မဆို ကြေးစားစီတန်းလှည့်လည်သူများကို တစ်ယောက်လျှင် တစ်နေ့ငါးကျပ်နှုန်းဖြင့် ထောင်ချီ၍ ငှားနိုင်ပါသည်။ ယနေ့ညနေတွင် အလံနီများဖြင့် ဆန္ဒပြခဲ့သော လူထုသည် နောက်တစ်နေ့ညနေတွင် အာဏာရကွန်ဂရက်ပါတီ၏ ဆန္ဒပြပွဲတွင်လည်း ပါလာပြန်ပါသည်။ “ဆူပွက်နေသော တင်းမာမှုကြီး” အမြဲရှိနေသည့် မြို့ကြီးတစ်မြို့တွင် ပြဿနာတိုင်းသည် အခိုးအငွေ့တို့ လျှံထွက်စရာအကြောင်းဖြစ်နေပါသည်။ 


သုခမြို့တော်တွင် ကိုယ်ရေရောဂါသည်များ မထားရန် ကြွေးကြော်နေကြသူတို့၏လက်ထဲတွင် အင်ဒီရာဂန္ဒီ၏ အာဏာရကွန်ဂရက်ပါတီ၏အလံကို မြင်လိုက်ရသည့်အခါ၌ ထိုရပ်ကွက်ရှိ ကွန်မြူနစ်ပါတီခေါင်းဆောင် ဂျိုဂါဘန္ဒကာသည် သူ့ရဲဘော်များကို စုလာသည်။ ခဏလေးအတွင်းမှာပင် သူ့နောက်တွင် လိုက်ပါလာသည့် ရာပေါင်းများစွာသောလူထုများကို တွေ့လိုက်ရသည်။ 


သို့ဖြင့် ကိုဗာစကီးနှင့် “ဖခင်ကြီး”တို့၏ အားပြိုင်ပွဲသည် နိုင်ငံရေးအားပြိုင်ပွဲတစ်ခုဖြစ်လာခဲ့သည်။နောက် ပေါ်ပေါက်လာသော နောက်ဆက်တွဲရလဒ်များမှာလည်း မဆန်းပါ။ ခပ်စောစောပိုင်းက လူအုပ်နှစ်အုပ်သည် တစ်ဖက်ကိုတစ်ဖက် ဆဲရေးတိုင်းထွာနေကြသော်လည်း နောက်ပိုင်းတွင် လက်ပါလာကြပြီး နောက်ဆုံးတွင် ကိုယ်ထိလက်ရောက် ခုတ်ကြထစ်ကြသဖြင့် သေသူသေ၊ ဒဏ်ရာရသူ ရ ဖြစ်ခဲ့သည့်အကြိမ်များလည်း မရေတွက်နိုင်တော့ပြီ။ 


အရူးမကြီးတစ်ယောက်ကို ဝိုင်းရိုက်ကြမည်အပြုတွင် သူကယ်လာခဲ့သည့်နေ့က ဆူရေးယား ပြောသဖြင့် အကြမ်းဖက်မှု စက်ယန္တရားကြီး လည်ပတ်ပုံကို ကိုဗာစကီး သိခဲ့ရသည်။


“ပြဿနာတစ်ခုခုဖြစ်လာရင် ခေါင်းငုံ့ထား၊ ပါးစပ်ကိုပိတ်ထား၊ လုပ်သမျှကို ဒီအတိုင်းခံနေလိုက်၊ ကိုယ့်ကို အိမ်ရှင်က မတရားသွေးစုပ်နေရင်လဲ ဘာမှမပြောနဲ့၊ ဆရာကြီးကို သွေးခန်းအောင် စုပ်နေတဲ့ ငွေတိုးကြီးစားကိုလဲ ဘာမှ ပြန်မပြောနဲ့၊ ဆန်ဈေးတင်တဲ့ အမြတ်ကြီးစားကိုလဲ ကြိတ်ခံ၊ အလုပ်ဖြုတ်ပစ်တဲ့ စက်ရုံပိုင်ရှင်ကိုလဲ ခေါင်းငုံ့ခံနေ၊ အိမ်နားနီးချင်းကလေးက အဆုတ်တွေ ကွဲမတတ် ချောင်းဆိုးလို့ တစ်ညလုံး အိပ်လို့မရရင်လဲ သည်းခံ၊ သူတို့လိုချင်တာကို ခိုင်းပြီး ဆရာကြီးကို ဂရုစိုက်ဖော်တောင်မရတဲ့ နိုင်ငံရေးပါတီကိုလဲ ဘာမှမပြောနဲ့၊ ငွေတစ်ဆယ်ယူပြီး မန္တန်ကလေးတစ်ပုဒ်လောက်သာ စုပ်ပေးတဲ့ ဗြဟ္မဏကိုလဲ သွားပြီးစောဒကတက်မနေနဲ့။ ရွှံ့တွေ၊ မစင်တွေ၊ ဘင်ပုပ်တွေ၊ ပူလောင်အိုက်စပ်တာတွေ၊ ပိုးမွှားတွေ၊ ကြွက်တွေကိုလဲအောင့်အည်း သည်းခံနေပေတော့။ တစ်နေ့မှာ ဒါတွေအကြောင်းကို အော်ဟစ်တိုင်တန်းဖို့ အခွင့်အရေးရလာလိမ့်မယ်၊ အဲဒီတော့မှ အော်”


ထိုမျှ ညစ်ပတ်နုံချာသော ပတ်ဝန်းကျင်တွင် ဆူပူအကြမ်းဖက်မှုများ များစွာဖြစ်လေ့မရှိသည်ကို ကြည့်၍ ကိုဗာစကီး အံ့သြနေသည်။ စောစောက ရန်ဖြစ်သတ်ပုတ်ကြသည့်တိုင် နောက်ဆုံးတွင် ဆဲရေးတိုင်းထွာခြင်းဖြင့် အဆုံးသတ်သွားကြသည်။ တစ်စုံတစ်ခု သွေးထွက်သံယိုဖြစ်မည်ကို ရှောင်ကွင်းလိုကြပုံရသည်။ သုခမြို့တော်မှ လူများသည် သတ်ပုတ်ရန်ဖြစ်ကြသည့်အကျိုးကို ကောင်းစွာ သိခဲ့ကြပြီမဟုတ်လော။ ခွဲရေးတွဲရေး ကာလတုန်းက ဖြစ်ခဲ့ကြသည့် သတ်ဖြတ်မှုတွေကို သူတို့ မမေ့နိုင်သေး။


သို့ရာတွင် ထိုနေ့မနက်၌မူ သုခမြို့တော်ထဲသို့ ချင်းနင်းဝင်ရောက်လာသည့် လူအုပ်၏ဒေါသသည် ဇက်သတ်နိုင်ဟန် မတူတော့။ စီတန်းလှည့်လည်လာသော လူအုပ်ကြီးနှစ်အုပ်သည် တာလမ်းမကြီးပေါ်တွင် ဆုံမိကြသည်။ တစ်ဖက်နှင့်တစ်ဖက် လက်လုပ် လက်ပစ်ဗုံးများ၊ အုတ်ခဲများ၊ တုတ်များဖြင့် ပစ်ခတ်ကြသည်။ သူ ငယ်စဉ်က ကျောက်မီးသွေးတွင်းအလုပ်သမားနှင့် ပုလိပ်တို့ အဓိကရုဏ်းဖြစ်စဉ် နံပါတ်တုတ်ဖြင့် အရိုက်ခံရသည့် သူ့အဖေ၏ သွေးသံရဲရဲမျက်နှာကို သူသွား၍မြင်သည်။ ယခု အဓိကရုဏ်းကမူ ထိုစဉ်ကထက်ပင် ပြင်းထန်သေးသည်။


“အဲဒီနေ့ကတော့ သူတို့မျက်နှာပေါ်မှာ ကျွန်တော်မမြင်ဖူးသေးတဲ့ အမူအရာကို ပထမဆုံးအကြိမ် မြင်ရတယ်။ ကိုက်စားကြတော့မလောက် တစ်ယောက်ကိုတစ်ယောက် မုန်းတီးစက်ဆုပ်နေတဲ့ မျက်နှာထားတွေကို ကျွန်တော်မြင်ရတယ်။ မျက်နှာကြီးတွေ ရှုံ့မဲ့လို့၊ မျက်လုံးတွေက မီးလျှံလို တောက်လို့။ အဲဒီအချိန်မှာ သူတို့ဟာ ကစားနေတဲ့ကလေးအုပ်ထဲကို လက်ပစ်ဗုံးပစ်သွင်းတော့မယ့်အတိုင်းပဲ။ လူတွေအပြည့်စီးလာတဲ့ ရထားတွဲကြီးကို မီးရှို့မယ်ဆိုရင်လဲ ရှို့တော့မယ့်ပုံပဲ။ မပြေးနိုင်တဲ့ လူအိုလူမင်းတွေကို သတ်မယ်ဆိုရင်လဲ သတ်တော့မယ်ပုံပဲ"


"ပိုပြီးထူးဆန်းတာက အဲဒီလို တစ်ဖက်နဲ့တစ်ဖက် သဲသဲမဲမဲ တိုက်ကြတဲ့အထဲမှာ မိန်းမတွေလဲပါတယ်။ တချို့ကို ကျွန်တော်သိတယ်၊ ဒါပေမယ့် သူတို့မျက်နှာတွေက ဒေါသကြောင့် ရှုံ့မဲ့နေကြတော့ ချက်ချင်း မမှတ်မိဘူး။ တစ်ရပ်ကွက်လုံးဟာ စဉ်းစားဉာဏ် ဆိုလို့ လုံးလုံးမရှိတော့ဘူး။ ကာလကတ္တားတစ်မြို့လုံးမှာရှိတဲ့ ဆင်းရဲသားတွေဟာ ဒီလို အုပ်နဲ့ချီပြီး လူချမ်းသာတွေရဲ့အိမ်ကို ဝင်သောင်းကျန်းကြမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော် တွေးကြည့်တယ်”


ထိုစဉ် ခရာသံတစ်ချက် ပေါ်လာကာ ဝုန်းခနဲ ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးနောက် ကိုဗာစကီးနှင့် မာဂရတ်တာတို့နှစ်ယောက်စလုံး လဲကျသွားကြသည်။ သူတို့နှစ်ယောက်စလုံးအနီးတွင် မီးခိုးတွေ ဖုံးနေသဖြင့်ဘာကိုမှ မမြင်ရ။ မီးခိုးတွေ စဲသွားသည့်အခါ၌ သူတို့နှစ်ယောက်သည် လူအုပ်ကြီးအလယ်ကောင်တွင် ရောက်နေသည်ကို တွေ့ရသည်။ ထိုလူအုပ်ကြားထဲမှ ထွက်ပြေးစရာလမ်းမရှိတော့ပြီ။ သို့ရာတွင် ကံကောင်းသည်ဟု ဆိုရမည်လားမသိ။ လူအုပ်ကြီးသည် ခဏရပ်တန့်သွားကာ စစ်တိုက်ခြင်းကဲ့သို့ ရှေးကျသည့် လုပ်ငန်းတစ်ခုလုပ်ရန် တာစူလိုက်သည်။ ထိုလုပ်ငန်းကား လုယက်သောင်းကျန်းခြင်းပေတည်း။ ထို့နောက်တွင်မူ ပုလင်းများ၊ ခဲများ မိုးရွာသကဲ့သို့ တရစပ် ကျလာကြပြန်သည်။


ရက်စက်ကြမ်းကြုတ်မှုသည် သွေးရူးသွေးတန်းဖြစ်မှုသို့ ကူးပြောင်းသွား၏။ ဘေးပတ်ပတ်လည်တွင်လည်း ဒဏ်ရာရသူ အတုံးအရုံးဖြစ်နေလေပြီ။ လေးငါးနှစ်ရွယ် ကလေးတစ်ယောက်သည် မြောင်းဘေးတွင် ကျလာသည့် ပုလင်းတစ်လုံးကို ကောက်၍ ပစ်လိုက်ရာ မပစ်မီ သူ့လက်ထဲမှာပင် ပေါက်ကွဲသွားကာ သူ့လက်တစ်ဖက်သည် ပြုတ်သွား၏။ ခဏအကြာတွင် မာဂရက်တာ၏ခေါင်းသို့ သံတုတ်ကြီးတစ်ချောင်း ဝဲကျသွားသည်ကို သူမြင်လိုက်ရသည်။ ကိုဗာစကီးသည် မာဂရက်တာ၏ရှေ့မှ ဆီးကာလိုက်ပြီးနောက် သံတုတ်ကြီးကို လက်ဖြင့် ခံထားလိုက်သည်။ တစ်ယောက်က သူတို့နှစ်ယောက်ကို တုတ်ကြီးဖြင့် မဲရိုက်နေသည်။ သူ့ကိုရိုက်မည်အပြုတွင် လက်တစ်ဖက် နောက်မှပေါ်လာ ကာ ရိုက်မည့်သူ၏လည်ကုတ်ကို ဖမ်းဆွဲလိုက်ပြီး နောက်သို့ ဆွဲလှဲ့လိုက်သည်ကို သူမြင်လိုက်ရသည်။ ကြည့်လိုက်သည့်အခါတွင် တစ်ခါက သူ့အိမ်နီးချင်းဖြစ်ဖူးသော မာဘုဖြစ်နေသည်ကို တွေ့ရ၏။ သူ့လက်ထဲတွင် သံတုတ်ကြီးနှင့်။ 


သူ့ဇနီး ကွယ်လွန်ပြီးသည့်နောက် မာဘုသည် မိခင်အိုကြီးနှင့် ကလေးများကို သားအကြီးဖြစ်သူ နာဆာထံ အပ်ပစ်ခဲ့ပြီး ပျောက်ကွယ်ခဲ့သည်မှာ အတန်ကြာခဲ့လေပြီ။ ယခုမူ မာဘုသည် “ဖခင်ကြီး” ၏ အာဏာသားအဖြစ် ရောက်ခဲ့ခြင်းဖြစ်သည်။ သူ့မျက်နှာတွင်လည်း ဒဏ်ရာဒဏ်ချက်တွေနှင့် ထူထဲသည့် သူ့မုတ်ဆိတ်မွေးများသည် သွေးများဖြင့် ကြပ်ခဲကြီးဖြစ်နေသည်။


လူငယ်များကား အသောင်းကျန်းဆုံးပင်။ သူတို့ကို ကြည့်ရသည်မှာ ပျော်၍ သတ်ဖြတ်နေသည်နှင့် တူနေသည်။ ဆယ်ကျော်သက်ရွယ် သူငယ်ကလေးတစ်ယောက်သည် အမျိုးသမီးတစ်ယောက်၏ဗိုက်ကို ဓားဖြင့် ထိုးစိုက်လိုက် သည်ကို သူမြင်လိုက်ရ၏။ ထို့နောက်တွင်မူ မျက်မှန်မည်းတပ်ထားသော အာသောကကို လှမ်းမြင်လိုက်ရသည်ဟု သူထင်လိုက်သည်။ ထို့နောက်အာသောက၏အမိန့်ပေးသံကို ကြားလိုက်ရပြန်သည်။ တစ်ခုခုတော့ ဖြစ်ကြဦးမည်။

ကြာကြာ မစောင့်လိုက်ရပါ။


“ကြိမ်စကြာနဲ့ ရိုက်လိုက်သလား မသိဘူးဗျာ၊ သတ်ဖြတ်နေကြတာတွေ ချက်ချင်းရပ်သွားတယ်၊ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့လူတွေဟာ သူတို့လက်နက်တွေကို သူတို့ ကောက်ကိုင်ပြီး ပြန်လှည့်သွားကြတယ်၊ မိနစ်ပိုင်းအတွင်းမှာ အားလုံး ပုံမှန်ပြန်ဖြစ်သွားတယ်၊ ဘာမှမဖြစ်သလိုပဲ။ ဒဏ်ရာရသူတွေရဲ့ ညည်းတွားသံတွေ၊ အုတ်ခဲပိုင်းတွေ၊ မီးခိုးတွေသာ အဓိကရုဏ်းဖြစ်ခဲ့တဲ့ အမှတ်အသားအဖြစ် ကျန်ရစ်ခဲ့တော့တယ်” 


“ဖခင်ကြီး” မှာ ကျေနပ်သွားလေပြီ။ သူပေးလိုသော သင်ခန်းစာကို ပေးလိုက်ရလေပြီ။ 


ကိုဗာစကီးမှာလည်း နို့တစ်စာတစ်စောင် ရလိုက်လေပြီ။ ထိုနို့တစ်စာကား သုခမြို့တော်တွင် မည်သူမျှ ဖခင်ကြီးကို အန်တုနိုင်ခြင်းမရှိ ဆိုသည့် နို့တစ်ဖြစ်လေသည်။


* * * 


“သူကိုက အပြောအဟောလဲကောင်း၊ သူတို့ပြောတဲ့ ကတိတွေကလဲ မက်စရာတွေချည်းဆိုတော့ ကျွန်တော်တို့လဲ ခိုကလေးများလို ထောင်ချောက်ထဲ ဆင်းသွားမိတာပေါ့။ သူတို့ကို ရွေးကောက်တင်မြှောက်ပြီး ခေါင်းဆောင်တင် လိုက်တာနဲ့ တစ်ပြိုင်နက် ဘရားဆပ်တွေဟာ ကျွန်တော်တို့ကို ကျောခိုင်းသွားကြတော့တာပဲ”


ထိုစဉ် ဘင်္ဂလားပြည်တွင် လက်ဝဲအစိုးရ တက်နေသည်။ ဟာစရီပါးသည် သူတို့ ရွေးကောက်တင်မြှောက်လိုက်သော အစိုးရအကြောင်းကို ပြောပြ၏။


“သူတို့လဲတက်လာရော လွှတ်တော်ထဲမှာ ဥပဒေတစ်ရပ် ပြဌာန်းလိုက်တယ်၊ အဲဒီဥပဒေအရ အစိုးရအမိန့်မရဘဲ ဆွဲတဲ့ လန်ချားတွေကို သိမ်းရုံတင်မကဘူး၊ ဖျက်ဆီးပစ်ရမယ်တဲ့။ ဒါ အလုပ်သမားလူတန်းစားကို ကာကွယ်တဲ့သူတွေတဲ့လားဗျာ။ သူတို့ပါးစပ်ထဲမှာတော့ အခွင့်အရေးတို့၊ တရားမျှတမှုတို့ဆိုတဲ့ စကားလုံးတွေ ပြည့်နေတာပဲ။ ဓနရှင်တွေကို တိုက်ကြ၊ သွေးစုပ်သူတွေကို ဆန့်ကျင်ကြလို့ ပြောခဲ့တဲ့လူတွေဟာ သူတို့လဲ အာဏရလာရော လှမ်းကြည့်ဖော် တောင် မရဘူး။ လန်ချားကို ဖျက်ဆီးပစ်ရမယ်လို့ ပြောတာဟာ လယ်ကွင်းတွေထဲက စပါးတွေကို မီးရှို့ပစ်လို့ ပြောတာနဲ့ အတူတူပေါ့။ သူတို့က ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တော့ ဘယ်သူတွေခံရသလဲ၊ လန်ချားပိုင်ရှင်တွေ ခံရတယ် ထင်သလား၊ ဘယ်ခံရမလဲ၊ သူတို့အဖို့ လန်ချားငှားခ ငွေ လေး ငါးခြောက်ကျပ်မရတော့ ဘာဖြစ်သွားမှာလဲ၊ ဘာမှမဖြစ်ဘူး၊ ကျွန်တော်တို့မှာသာ ငတ်တာ”


ဟာစရီပါးသည် မကျေနပ်သဖြင့် သူတို့လန်ချားများ အဖျက်ခံရသည့်ကိစ္စကို လန်ချားသမားများသမဂ္ဂသို့ သွားတိုင်သည်။ သူတို့ခေါင်းဆောင်တစ်ဦးဖြစ်သူ မှတ်ကြီးကမူ သူတို့လန်ချားများကို မီးရှို့ဖျက်ဆီးခြင်းမှာ အခြားကြောင့်မဟုတ်၊ အစိုးရသည် ယှဉ်ပြိုင်မှုကို မလိုလားသောကြောင့် ဖြစ်ကြောင်း၊ သူတို့ကိုသာ လိုင်စင်ထုတ်မပေးသော်လည်း အစိုးရအရာရှိကြီးများမှာ လန်ချားပိုင်ရှင်များဖြစ်ကြကြောင်း၊ သူတို့လန်ချားများမှာ လိုင်စင်ရှိကြောင်း၊ ထို့ကြောင့် သူတို့လန်ချားများကို ယှဉ်ပြိုင်မည်စိုးသဖြင့် မိမိတို့လန်ချားများကို မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်းဖြင့် ပြောပြသည်။


သမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သော ရာဆူးကမူ ယခုလန်ချားများကို မီးရှို့ ဖျက်ဆီးခြင်းမှာ ကာလကတ္တားမြူနီစီပယ်ရှိ အရာရှိဆိုးများကြောင့် ဖြစ်ကြောင်းဖြင့် ရှင်းပြသည်။သူတို့နှစ်ယောက်သည် တစ်ယောက်တစ်မျိုး ပြောနေကြသည်။ မည်သူက မည်သို့ပြောစေ၊ အစိုးရကမူ လိုင်စင်မရှိသည့် လန်ချားများကို ဖျက်သိမ်းပစ်တော့မည်။ ဥပဒေပြဋ္ဌာန်းပြီး၍ မကြာမီမှာပင် အကောင်အထည်ဖော်သည့်အနေဖြင့် လိုင်စင်မရှိသောလန်ချားများကို သိမ်းလိုက်သည်။ ယာဉ်ထိန်းပုလိပ်များရှိနေသည့် လမ်းမကြီးများပေါ်သို့ မည်သည့်လန်ချားသမားမျှ မဖြတ်သန်းရဲတော့ပြီ။တချို့ ပုလိပ်များကလည်း လန်ချားဆိပ်သို့လာ၍ စစ်ဆေးကြသည်။ 


“နောင်ကြီး၊ ခင်ဗျားလိုင်စင်ကလေး ပြစမ်းပါ”


“ကျွန်တော့်မှာ လိုင်စင်မရသေးဘူးဗျ” ဟု ဆိုကာ လန်ချားသမားသည် ခါးကြားထဲတွင် လိမ်ထားသည့် စက္ကူကလေးကို ထုတ်ပေး၏။


သို့ရာတွင် ယခုတစ်ကြိမ်တွင်မူ ပုလိပ်ကလည်း ငွေစက္ကူကလေးကို မမြင်ချင်ယောင်ဆောင်နေလေပြီ။ သူ့ကိုလည်း ဆိုင်ရာက တင်းကျပ်စွာ အမိန့်ပေးထားပေပြီ။ ဘောက်ဆူးပေးသည့် အလေ့အထသည် မရှိတော့ပြီ။ တစ်ခါတစ်ရံတွင်မူ လန်ချားသမားသည် ပုလိပ်ကိုလည်း ဘာမျှမပြောတော့ပြီ။ ပခုံးကိုသာ တွန့်ပြလိုက်၏။ ဆိုးရွားလှသော ကံကြမ္မာနှင့် တွေ့ဖန်များ၍ ရိုးနေလေပြီ။


ဤတွင် ပုလိပ်ကလည်း လန်ချားကို အနီးရှိ အခြားလန်ချားတစ်စီးဖြင့် နီးရာဌာနသို့ ဆွဲသွားတော့သည်။ မကြာမီပင် ပုလိပ်ဌာနများရှေ့တွင် တစ်စီးနှင့်တစ်စီး ပူးကပ်၍ဆိုက်ထားသော လန်ချားတန်းကြီးများကို တွေ့ရသည်။ လန်ချားဘီးများတွင် သံကြိုးကြီးများဖြင့် ခတ်လျက်။ မလှုပ်မယှက်ဖြစ်နေသော လန်ချားကြီးများကို ကြည့်ရသည်ကပင် စိတ်မကောင်းစရာ။သစ်သီးခြံထဲတွင် လေမုန်တိုင်း ဝင်မွှေသွားသဖြင့် အမြစ်မှ ကျွတ်ထွက် လဲကျနေသည့် သစ်ပင်များနှင့်လည်း တူသည်။ ပိုက်ကွန်ထဲတွင် ရောက်နေသည့် ငါးများနှင့်လည်း တူသည်။


“ကြည့်ရတာ စိတ်မကောင်းစရာကြီးဗျာ၊ ဘာပဲဖြစ်ဖြစ် ကိုယ့်လန်ချားကို သံကြိုးခတ်ထားတာမြင်ရပေမယ့် တစ်နေ့တော့ ဒီလန်ချားကြီးတွေဟာ ကောင်းရောင်းကောင်းဝယ်လုပ်စားသူတွေ လက်ထဲကို ပြန်ရောက်ရမှာပဲလို့ မျှော်လင့် ချက်ရှိသေးတယ်၊ ခုတော့ ဒီမျှော်လင့်ချက်လဲ မရှိတော့ဘူး၊ ဒီလန်ချားတွေကို ဖျက်ဆီးပစ်တော့မလို့တဲ့”


ယခု ထိုမျှော်လင့်ချက်ပင် ပြိုလဲသွားခဲ့လေပြီ။ ထိုလန်ချားများကို မီးရှို့ဖျက်ဆီးပစ်တော့မည်။ဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် တရားသူကြီးများကလည်း လိုင်စင်မရှိသော လန်ချားများကို မီးရှို့ပစ်ရန် အမိန့်ပေးလိုက်ကြသည်။


တစ်ညနေတွင်မူ လန်ချားများကို မြူနီစီပယ်အမှိုက်ကျုံးသည့် လှည်းဝါဝါကြီးများပေါ်တွင် တင်ကာ အမည်မသိသောတစ်နေရာသို့ သယ်သွားကြသည်။ နောက်မှ မသိမသာလိုက်ကြည့်သည့်အခါတွင် မြို့စွန် သားရေရုံများအနီးရှိ အမှိုက်ပုံကြီးဆီသို့ သယ်သွားသည်ကို တွေ့ရ၏။မကြာမီဆိုလျှင် ထိုလန်ချားများကို မီးရှို့ဖျက်ဆီးပေတော့မည်။


ခါတိုင်းဆိုလျှင် လန်ချားသမားများမှာ တစ်ကွဲတပြားနေကြသည့်အတွက် လူစုရန် တော်တော်ခက်သည်။သို့ရာတွင် ယခုတစ်ကြိမ်တွင်မူ လူစုရန်မခက်။ နာရီပိုင်းအတွင်းတွင် အောက်မြို့ပတ်လမ်းပေါ်၌ စီတန်းလှည့်လည်နေသော လန်ချားသမားလူတန်းကြီးကို တွေ့သည်။သူတို့လက်တွင် အလံတွေ၊ ပိုစတာတွေ၊ အသံချဲ့စက်တွေနှင့်။ ထိုလူတန်းကြီးကို ရာဆူး၊ မှတ်ကြီးနှင့် လန်ချားသမားသမဂ္ဂခေါင်းဆောင်များ ခေါင်းဆောင်လာခဲ့ကြသည်။ “လန်ချားဟာ ငါတို့အသက်” ဟူသော ပိုစတာများကိုလည်း ကိုင်လာကြသည်။


အခြားသော လန်ချားသမားများလည်း ဆန္ဒပြပွဲတွင် ပါဝင်လာကြ၏။ ကာလကတ္တားတွင် ဆန္ဒပြရခြင်းသည် ပါဝင်သူများအဖို့ ဟာနေသော ဝမ်းဗိုက်ကို မေ့ပျောက်သွားစေသည်မှာတော့ အမှန်ပင်ဖြစ်သည်။


လမ်းထောင့်များသို့ ရောက်လျှင် ပုလိပ်များကလည်း ယာဉ်များကို ရပ်ပေးစေပြီး ဆန္ဒပြပွဲကို ဖြတ်သန်းခွင့်ပြုလိုက်ကြသည်။ ဤသည်မှာ ကာလကတ္တား၏ထုံးစံဖြစ်သည်။သူတို့သည် မြို့ထဲမှ မိုင်ပေါင်းများစွာ ချီတက်လာခဲ့ကြရာ နောက်ဆုံးတွင် မြို့ပြင်ကွင်းပြင်တစ်နေရာ ရောက်သွားကြ၏။


“အဲဒီနေရာရောက်တော့ ကျွန်တော်တို့အားလုံး လန့်သွားကြတယ်။ ဆိုးလိုက်တဲ့ အနံ့ကြီးဗျာ၊ အလောင်းပုံတွေကို မီးရှို့နေတဲ့ အနံ့ကြီးလိုလို၊ လောကကြီးတစ်ခုလုံးပဲ ပုပ်သိုးသွားတော့သလိုလို ထင်လိုက်မိတယ်” ဟု ဟာစရီပါးက ပြော၏။


သူတို့ရှေ့ ကိုက်လေးရာခန့်အကွာတွင် အနံ့အသက်တို့ ဆိုးရွားလှသည့် တောင်ကြီးတစ်လုံး။ ထိုတောင်ကြီးမှာ မြို့တော်မှ စွန့်ပစ်သော အမှိုက်ပုံကြီးဖြစ်သည်။မိုင်ဒန်ကွင်းလောက် ကျယ်သည့် ထိုအမှိုက်ပုံကြီးပေါ်တွင် လော်ရီကားများ၊ မြေညှိစက်များသည် ဖုန်တထောင်းထောင်းဖြင့် အသွားအပြန် မောင်းနေကြ၏။အမှိုက်ပုံအထက် ကောင်းကင်ယံတွင်မူ ကျီးကန်းများ၊ လင်းတကြီးများသည် ပျံဝဲလျက်ရှိကြ၏။ ကျီးကန်းအုပ်များ၊ လင်းတအုပ်များကြောင့် ကောင်းကင်သည် မိုးရာသီလို အုံ့မှိုင်းလျက်ရှိသည်။


ထို့ထက်ပို၍ အံ့သြစရာကောင်းသည့် အချက်တစ်ချက်ရှိသေးသည်။ အခြားမဟုတ်။ အနာကြီးတစ်ခုပေါ်တွင် လောက်ကောင်များ တရွရွတက်နေသကဲ့သို့ အမှိုက်ပုံကြီးကြားထဲတွင် ပြန့်ကြဲနေသော အမှိုက်ကောက်သူများဖြစ်သတည်း။


အမှိုက်ပုံကြီးအနီးသို့ ရောက်သည့်အခါ၌ တစ်ဖက်အမှိုက်ပုံဘေးတွင် စုပြုံထားသော သူတို့လန်ချားများကို လှမ်းမြင်ရသည်။ လန်ချားများမှာ တစ်စီးနှင့် တစ်စီး ထိစပ်ကာ မြွေကြီးတစ်ကောင်လို ကွေ့ကောက်လျက် တစ်မျှော်တခေါ်ကြီး မြင်နေရသည်။


“ကျွန်တော်တို့ကို ထမင်းကျွေးခဲ့တဲ့ ပစ္စည်းတွေကို ဒီလို ပစ္စလက်ခတ် မြင်ရတဲ့အခါကျတော့ ဝမ်းနည်းတယ်ဗျာ။ ဒီအစိုးရကို ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ရွေးကောက်ပွဲနေ့တုန်းက နတ်သိကြားတွေ ဘယ်များသွားနေကြသလဲမသိဘူး” ဟု ဟာစရီပါးက ပြောသည်။


ထို့နောက် မြင်ရသည့် ရှုခင်းကိုမူ ဟာစရီပါး မမေ့နိုင်တော့။ အမှိုက်ပုံကြီးနှင့် လန်ချားတန်း၏ကြားတွင် ပုလိပ်ကား သုံးစီး ရပ်ထားသည်။ ဆန္ဒပြလူတန်းကြီးက အမှိုက်ပုံအနီးသို့ ရောက်လာသည့်အခါတွင် ပုလိပ်များသည် ယာဉ်ပေါ်မှ ဆင်းလာကြကာ သူတို့ရှေ့တွင် ရပ်နေကြ၏။ယာဉ်ထိန်းရဲများမဟုတ်။ သံခမောက်ကို ဆောင်းကာ သေနတ်များနှင့် ဒိုင်းများကို ကိုင်ထားကြသည့် အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်များဖြစ်သည်။သူတို့တာဝန်မှာ ဆန္ဒပြသူများကို မောင်းထုတ်ပြီး လန်ချားများကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။


ရာဆူးက အသံချဲ့ခွက်ကိုကိုင်ကာ မိမိတို့လန်ချားသမားများသည် လန်ချားများကို ဖျက်ဆီးသည့်ကိစ္စကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောသည်။ ထိုအခိုက်တွင် သတင်းထောက်များ ရောက်လာကြ၏။ ရှူးဖိနပ်တွေ၊ ဘောင်းဘီတွေ ဝတ်ထားသည့် သတင်းထောက်များနှင့် အမှိုက်ပုံကြီးသည် တစ်ခြားစီဖြစ်နေ၏။


ခဏကြာလျှင် အမှိုက်ပုံကြီးနားတွင် လူတွေပြည့်နေလေပြီ။ အမှိုက်ကောက်သူများကလည်း သူတို့ကို ငေးကြည့်နေကြသည်။ ခပ်လှမ်းလှမ်းရှိ ရွာများက လူတွေလည်း ထွက်လာကြည့်ကြသည်။ ပုလိပ်များက သေနတ်များကို ဝှေ့ယမ်း၍ ရှေ့သို့ တက်လာ၏။ သို့ရာတွင် လန်ချားသမားများက နောက်မဆုတ်။ သူတို့နေရာတွင် ရပ်မြဲရပ်နေကြသည်။


“သူတို့ပစ်လိုက်ရင် ကျွန်တော်တို့အားလုံး သေကုန်မှာပဲ၊ ဒါပေမယ့် သေချင်လဲ သေပါစေ၊ ကျွန်တော်တို့အတွက် အရေးကြီးတယ် မဟုတ်လား။ ကျွန်တော်တို့တစ်တွေ သပိတ်ကြီးအောင်ခဲ့လို့ ပိုင်ရှင်တွေက ကျွန်တော်တို့တောင်းဆိုချက်တွေကို လိုက်လျောခဲ့ရတယ်၊ အခုလဲ ကျွန်တော်တို့တောင်းဆိုချက် အောင်မြင်မယ်လို့ ယုံကြည်တယ်။ လန်ချားဝင်ရိုးနဲ့ လန်ချားဘီးဟာ ခွဲလို့မရသလို ကျွန်တော်တို့လန်ချားသမားတွေဟာလဲ ခွဲလို့မရအောင် ညီညွတ်ဖို့လိုတယ်”


ထိုသို့ တင်းမာနေစဉ် ဇာတ်ပွဲစလေပြီ။


ပုလိပ်တစ်ယောက်က မီးခြစ်ကို ခြစ်လိုက်ပြီး မီးတုတ်တစ်ခုတွင် ညှိလိုက်ပြီးနောက် အလယ်ရှိ လန်ချားကို စတင်၍ မီးရှို့လိုက်သည်။ မီးတောက်များသည် လန်ချားအမိုးကို စွဲသွားကြ၏။ ထိုနောက် အခြားလန်ချားတစ်စီးသို့ ကူးသွား သည်။


လန်ချားသမားများသည် အတန်ကြာမျှ ကြောင်ကြည့်နေ၏။ ထို့နောက်တွင် လူအုပ်ကြီးသည် ပုလိပ်များကို တိုးကာ လန်ချားများဆီသို့ ပြေးကြသည်။ သို့ရာတွင် ပုလိပ်များကို ဖောက်ထွင်း၍ မရ။


ထိုသို့ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် ဟာစရီပါးသည် မှတ်ကြီးကို လှမ်းမြင်လိုက်ရသည်။ မှတ်ကြီးသည် လူတစ်ယောက်၏ပုခုံးပေါ်သို့ တက်လာကာ ပုလိပ်တို့ခေါင်းပေါ်မှ ကျော်ပြီးနောက် မီးလောင်နေသော လန်ချားပေါ်သို့ ခုန်ချလိုက်သည်။ မှတ်ကြီးသည် မီးပုံကြီးထဲသို့ ရောက်သွား၏။ ထိုနောက် မီးမလောင်သေးသည့် လန်ချားများကို တစ်စီးပြီးတစ်စီး တစ်ဖက်ချောင်းထဲသို့ တွန်းချနေသည်။ ထိုအပြုအမူသည် ရူးသွပ်သည့် အပြုအမူတစ်ခုနှင့် တူ၏။ ပုလိပ်များပင်လျှင် သူ့အပြုအမူကိုကြည့်၍ ကြောင်နေကြသည်။


မီးစွဲလောင်နေသည့်မှတ်ကြီးထံမှ ကျယ်လောင်သော အော်သံတစ်ခု ကြားလိုက်ရသည်။ ထို့နောက် လှည်းသန်ကို လှမ်းဆွဲနေသည့် လက်တစ်ဖက်ကို မြင်လိုက်ရသည်။ ထို့နောက် မီးခိုးတွေ ဖုံးသွားသဖြင့် ဘာကိုမျှ မမြင်ရ။ အနီးပတ်ဝန်းကျင်တွင် အသားကို မီးလောင်သည့် ညှော်နံ့ကြီး ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်သွား၏။ လန်ချားများကို မီးဝါးနေသည့် အသံများကိုသာ ကြားရသည်။


သည်တစ်ပွဲတွင် ဘာဘူတို့ အောင်ပွဲခံသွားလေပြီ။ မီးတွေ ငြိမ်းသွားသည့်အခါ၌ ဟာစရီပါးသည် အမှိုက်ကောက်သူတစ်ဦးထံမှ နို့ဆီခွက်တစ်ခွက် တောင်းသည်။ မီးခဲများအကြားမှ မှတ်ကြီး၏အရိုးပြာတို့ကို လိုက်ကျုံးသည်။

သူနှင့် သူ့ရဲဘော်များသည် သူ့အရိုးပြာများကို ဂင်္ဂါမြစ်လက်တက်ဖြစ်သော ဟူဂလီမြစ်ထဲသို့ မျှောချပေလိမ့်မည်။


* * * 


ဆောင်းရာသီ ညနေစောင်းလျှင် ထိုရှုခင်းသည် မြင်နေကျ။ အမျိုးသမီးများက ညနေစာ ချက်ပြုတ်ရန် နောက်ချေးချပ်ကလေးများဖြင့် မီးမွှေးကြသည်နှင့်တစ်ပြိုင်နက် နေလုံးနီနီကြီးသည် မှိုင်းပြာသော မီးခိုးကန့်လန့်ကာကြီးနောက်တွင် ပျောက်ကွယ်သွားတတ်သည်။ ကောင်းကင်ပေါ်သို့ ရောက်သွားသည့်အခါ၌ မီးခိုးများသည် ရွေ့လျားခြင်း မရှိတော့ဘဲ အိမ်မိုးများပေါ်တွင် အုပ်ဆိုင်းကာ ဆင်းရဲသားရပ်ကွက်ကလေးထဲမှ လူများမှာ ချောင်းတဟွတ်ဟွတ် ဆိုးသူဆိုး၊ တံတွေးတပျစ်ပျစ် ဖြစ်သူဖြစ်၊ အသက်ရှူကျပ်သူကျပ် ဖြစ်ကုန်ကြသည်။ 


အချို့ညနေများတွင်ဆိုလျှင် မီးခိုးမှိုင်းတွေ အုံ့နေသဖြင့် ရှေ့လေးငါး ခြောက်ပေလောက်ကိုသာ လှမ်းမြင်ရတော့သည်။ ထိုအခါမျိုး၌ ကန့်နံ့သည် အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ လူများ၏ မျက်လုံးများနှင့်အသားအရေတို့မှာ ကျိန်းစပ်နေလေပြီ။ သို့ရာတွင် မည်သူမျှ ဆောင်းရာသီကို ငြူစူကျိန်ဆဲခြင်း မပြုရဲကြ။ ထိုကာလကလေးသည် ပူပြင်းသော နွေရာသီထိုးစစ်ကြီး မလာမီ အနားရသည့် ကြားကာလကလေး မဟုတ်လော။


ထိုနှစ်နွေသည် မိုးကြိုးပစ်သလို ပြင်းထန်သည်။ စက္ကန့်အနည်းငယ်အတွင်း နေ့ခင်းကြောင်တောင်ကြီးထဲမှ ညအမှောင်ရောက်လာသည်။ ဆင်းရဲသားရပ်ကွက်ထဲရှိ လူများသည် ကယောင်ကတမ်းဖြင့် တဲများထဲမှ လမ်းမပေါ်သို့ ပြေးထွက်လာကြသည်။ အိမ်ရှေ့အဖီတွင် ထိုင်၍ ဆေးပုလင်းများကို ရွေးနေသော ကိုဗာစကီးသည် ရုတ်ခြည်းပြောင်းလဲသွားသော ရာသီဥတုကို ကြည့်၍ အံ့အားသင့်နေသည်။ သည်လိုအပြောင်းအလဲမျိုးကို သူတစ်ခါမျှ မမြင်ဖူးသေး။ ရုတ်တရက်ပင် သံလိုက်ဝင်ရိုးစွန်းမှ လင်းလက်လိုက်သော လျှပ်စစ်အလင်းရောင်ကြီးတစ်ခုဟု သူထင်လိုက်၏။ သို့ရာတွင် လျှပ်စီးရောင်မဟုတ် လျှပ်စီးအဟုန်ဖြင့် ဆင်းရဲသားရပ်ကွက်ကလေးပေါ်သို့ ကျလာနေသော ဝါကျင့်ကျင့် သဲမှုန် ကန့်လန့်ကာကြီးဖြစ်သည်။ ပုန်းရှောင်စရာ အချိန်မရှိတော့။ လေဆင်နှာမောင်းကြီးသည် သူတို့အပေါ်သို့ ရောက်လာလေပြီ။


လေဆင်နှာမောင်းကြီးသည် သူ့လမ်းတွင် တွေ့သမျှအရာတိုင်းကို တိုက်ခတ်ဖျက်ဆီးသွား၏။ အိမ်ခေါင်မိုးတို့ကို ခွာယူ ဆုတ်ဖြဲပစ်လိုက်၏။ အိမ်ထဲရှိ လူများကို ချီမြှောက် လွှင့်ပစ်လိုက်၏။ တင်းကုပ်များထဲမှ ကျွဲနွားများသည် ကြောက်လန့်တကြား အော်နေကြသည်။ ခဏကြာလျှင် ဆင်းရဲသားရပ်ကွက်ကလေးတစ်ခုလုံးသည် အဝါရောင် ကန့်လန့်ကာကြီးအောက်တွင် ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုအမှောင်ထုကြီးထဲတွင် လျှပ်စီးတွေ တလက်လက်ဖြစ်နေသည်။ မိုးကြီး သည်းထန်စွာ ရွာတော့မည့် နိမိတ်ပေတည်း။ ထို့နောက်တွင်မူ မိုးသီးတွေ ကျလာကာ မိုးတွေ တအုန်းအုန်း ရွာချတော့သည်။ 


အတန်ကြာ မိုးရွာပြီးသော် မိုးစဲသွား၏။ ထိုအခါတွင်ကား နေသည် ကျဲကျဲတောက် ပူလိုက်လေသည်။ ခေါင်မိုးများပေါ်မှ ပူလောင်သော အခိုးအငွေ့တွေ တထောင်းထောင်းထလျက် ရှိလေ၏။ ပြဒါးတိုင်တွင် အပူချိန်သည် ဆယ့်ငါးဒီဂရီလောက် တက်လာကာ တစ်ရာ့လေးဆယ်အထိ ရောက်လာလေသည်။ တိုတောင်းသော ဆောင်းရာသီနားချိန်သည် ကုန်ဆုံးသွားလေပြီ။ သူတို့အဖို့ ပူလောင်လှသော ငရဲသည် ဆိုက်ရောက်လာလေပြီ။ ထိုနှစ် မတ်လ ၁၇ ရက်နေ့တွင် နွေရာသီသည် သုခမြို့တော်သို့ ရောက်လာခဲ့လေပြီ။


နွေသမပိုင်း ဒေသများတွင်မူ နွေကို မျှော်ကြသည်။ ချစ်ကြသည်။ သို့ရာတွင် သုခမြို့တော်မှ ဆင်းရဲသားများအဖို့သော်မူ ထိုနွေသည် ကြောက်ဖွယ်သော ဆင်းရဲဒုက္ခအပေါင်းကို ယူဆောင်လာခဲ့သည်။ ထိုဆင်းရဲဒုက္ခဒဏ်ကို အခံရဆုံးမှာ ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်ကြသည့် မရှိဆင်းရဲသားများဖြစ်သည်။ ပြတင်းပေါက်မရှိသော အိမ်ခေါင်မိုးကလေးများထဲတွင် လူဆယ့်ငါးယောက်အထိ ပြွတ်သိပ်နေကြရသည်။ ဆယ့်နှစ်နာရီလုံးလုံး နေကျဲကျဲ တောက်အောင် ပူနေသော ဝင်းကလေးများထဲတွင် နားခိုစရာရယ်လို့ ဘာမျှမရှိ။ ကျဉ်းမြောင်းသော လမ်းကြားကလေးများထဲတွင် လေဆိုလို့ တစ်ချက်ကလေးမျှ မတိုက်။ ဆင်းရဲသဖြင့် လျှပ်စစ်ဓာတ်အားမရှိ၊ လျှပ်စစ်ဓာတ်အား မရှိသဖြင့် ပန်ကာကို မသုံးနိုင်။ မုတ်သုံရာသီမတိုင်မီ ရှေ့ပြေးရောက်လာတတ်သော နွေရာသီသည် ငတ်မွတ်ခြင်းကဲ့သို့ပင် လူအပေါင်းတို့ကို ဖိစီးနှိပ်စက်သည့် ညှဉ်းပန်းခြင်းတစ်မျိုးဖြစ်နေသည်။


ကာလကတ္တားမြို့ကြီး၏လမ်းမများပေါ်တွင် ထီးမဆောင်းဘဲ အပြင်ထွက်သူဆို၍ မည်သူမျှမရှိ။ ယာဉ်များကို လမ်းပြနေသည့် ယာဉ်ထိန်းပုလိပ်များပင်လျှင် လက်တွင် ထီးကိုင်ထားချိန် မရသဖြင့် သူတို့သားရေစလွယ်များတွင် အဝတ်ကလေးများကို ချီ၍ ခေါင်းကို အုပ်ထားကြရသည်။ အချို့က လက်ဆွဲအိတ်ဖြင့် ခေါင်းကို မိုးထားကြသည်။ တချို့က စာအုပ်ကို မိုးလျက်၊ တချို့က သတင်းစာကို မိုးလျက်၊ အချို့က ဆာရီကို ခေါင်းတွင်ခြုံလျက်၊ အချို့က ဒိုတီကို ခေါင်းတွင် မိုးလျက်။ နေက ပူရသည့်အထဲတွင် စိုထိုင်းဆကြောင့် ပူလောင်ရုံမျှမက အိုက်စပ်မွန်းကျပ်နေသည်။ စိုထိုင်းဆမှာလည်း တစ်ခါတစ်ရံတွင် ရာနှုန်းပြည့်ရှိနေတတ်သည်။ နည်းနည်းကလေး လှုပ်လိုက်ရုံ၊ ခြေလှမ်းတစ် လှမ်းလှမ်းလိုက်ရုံ၊ လှေကားတစ်ထစ်ကို တက်လိုက်ရုံမျှဖြင့် ချွေးတွေ ရွှဲနစ်နေတော့သည်။ 


မနက် ဆယ်နာရီကျော်သည်နှင့် အသွားအလာ၊ အလှုပ်အရှား လုပ်ဖို့ မကောင်းတော့ပြီ။ ငြိမ်သက်လျက်ရှိသော လေထဲတွင် လူတွေ လှုပ်ရှားရန် ဝန်လေးနေကြသည်။ လေကလည်း တစ်ချက်မျှ မတိုက်။ အုတ်နံရံများပေါ်တွင် ဟပ်သည့် နေရောင်ကလည်း စူးရဲလှသဖြင့် နေကာမျက်မှန်မပါဘဲ ကြာကြာကြည့်မိလျှင် မျက်လုံးထဲတွင် ခဲတွေ အရည်ကျိုလောင်း လိုက်ကဲ့သို့ ပြာဝေကျိန်းစပ်နေတော့သည်။ အငွေ့တွေ တထောင်းထောင်းထနေသည့် ကတ္တရာလမ်းပေါ်တွင် ဖိနပ်မပါဘဲ လျှောက်ရလျှင်ကား ပူလောင်လိုက်သည်မှာ ဆိုဖွယ်မရှိတော့ပြီ။ ပူလောင်လှသော ကတ္တရာစေးကော်ဇောကြီးပေါ်တွင် လန်ချားဆွဲရသည့်အလုပ်ကား တော်တော်သတ္တိနှင့် မလုပ်နိုင်။ ပြေးလိုက်၊ ရပ်လိုက်၊ ရုန်း လိုက်။ ထိုအထဲတွင် ကတ္တရာစေးတွေ အရည်ပျော်သဖြင့် လန်ချားဘီး ကျွံသွားသည်အခါမျိုးကလည်း ရှိတတ်သေးသည်။ 


ခြေဖဝါးတွေ အပူလောင်ကာ အနာတွေ ဖြစ်ကုန်သဖြင့် ဟာစရီပါးသည် လန်ချားဆွဲသည့်အခါတွင် လွှာဖိနပ်ကလေးတစ်ရန်ကို ဝယ်ရန် စိတ်ကူးကြည့်သည်။ ဖိနပ်ဝယ်စီးဖို့ဆိုသည်မှာ ဗလာသက်သက် သွားနေ လာနေကြသော အိန္ဒိယလူမျိုးသန်းပေါင်းများစွာအတွက် အံ့ဘနန်းကိစ္စကြီးတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဟာစရီပါးသည် လက်ထပ်စဉ်က သတို့သမီးဘက်မှ ခန်းဝင်ပစ္စည်းအဖြစ် ပေးခဲ့သည့် လွှာဖိနပ်ကလေးကို သူ့တစ်သက်တွင် ပထမဆုံးအကြိမ်အဖြစ် စီးကြည့်သည်။ သို့ရာတွင် ဟာစရီပါး၏အားထုတ်မှုသည် အချည်းနှီးသာ။ လန်ချားကို မ၍ ခြေကို ကြွလိုက်သည်နှင့် ထိုဖိနပ်ကလေးသည် အရည်ပျော်နေသော ကတ္တရာစေးနှင့်ကပ်၍ ကျွတ်ကျန်ရစ်ခဲ့သည်။


သုခမြို့တော်မှ ဆင်းရဲသားများသည် ခြောက်ရက်တိုင်တိုင် ထိုအပူဒဏ်ကြီးကို ကျိတ်ခံခဲ့ကြသည်။ ခြောက်ရက်ကျော်သည့်အခါတွင်ကား မခံနိုင်တော့ပြီ။ ညစ်ညမ်းသောလေကြောင့် လောင်ကျွမ်းနေသော အဆုတ်များနှင့် အပူရှိန်ကြောင့် အရေတို့ ခန်းခြောက်လျက်ရှိသည့် ပန်းနာရောဂါသည်၊ အဆုတ်ရောဂါသည်များနှင့် ကလေးငယ်များစွာတို့ သည်ဒဏ်ကို မခံနိုင်ကြတော့ဘဲ တဖျတ်ဖျတ် သေကုန်ကြသည်။ ကိုဗာစကီး ခေါင်းဆောင်သည့် ကူညီ ရိုင်းပင်းရေးအသင်းဝင်များသည် ဆင်းရဲသားရပ်ကွက်ထဲတွင် တစ်အိမ်မှတစ်အိမ် ကူးသန်းကာ လူနာများကို လိုက်၍ပြုစုကြသည်။ ထိုအချိန်က “ပြေးသည်” ဆိုသော စကားသည် အဘိဓာန်တွင် မရှိတော့။ မူးဝေလဲကျသွားမည်စိုးသဖြင့် ခြေလှမ်းတစ်လှမ်းကိုပင် သတိထား၍ လှမ်းနေရသည်။ ထိုအပူရှိန်ကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်သည် နာရီအနည်းငယ်အတွင်းတွင် ကုန်ခန်းခြောက်သွေ့သွားနိုင်သည်။


“နည်းနည်းလေး လှုပ်လိုက်တာနဲ့ ချွေးတွေ တဒီးဒီး ယိုစီးကျလာပြီး လက်နဲ့ သယ်ယူလိုက်လို့ မကုန်အောင်ဖြစ်နေတယ်။ ပြီးတော့ ချမ်းသလိုလို ဘာလိုလိုဖြစ်လာပြီး တုန်လာတယ်။ ခေါင်းကလဲ တရိပ်ရိပ် မူးလာတယ်။ ဒီလိုနဲ့ အပူရှပ်တဲ့သူရှပ်၊ ရေဓာတ် ခန်းခြောက်တဲ့သူ ခန်းခြောက်သွားပြီး မကြာခင်မှာ ရပ်ကွက်ထဲမှာ မတ်တတ်ရပ်နိုင်တဲ့သူဆိုလို့ သိပ်မရှိတော့ဘူး” ဟု ကိုဗာစကီးက ပြောပြသည်။


သမပိုင်းဇုန်ရာသီတွင် မွေးဖွားကြီးပြင်းခဲ့သည့် ကိုဗာစကီးသည် ထိုမျှ ကျဲကျဲတောက်ပူသည့် အပူရှိန်ကြီးအောက်တွင် ဘာမျှမဖြစ်သည်မှာ အံ့သြဖို့တော့ကောင်းသည်။ ဟာလာဟင်းလင်းဖြစ်နေသည့် လည်ပင်းတွင် ခြစ်ခြစ်တောက်ပူနေသော သံမဏိလက်ဝါးကပ်တိုင် တယမ်းယမ်းဖြင့် ခါးတွင် လုံချည်ကိုစည်းကာ ချွေးတဒီးဒီးဖြင့် သွားလာသော သူ့ကိုကြည့်ရသည်မှာ သူရဲကျွန်းတွင် ရောက်နေသည့် အကျဉ်းသားတစ်ယောက်နှင့် တူနေသည်။ 


ဆယ်ရက်မြောက်နေ့တွင်မူ အပူချိန်သည် နှစ်ဆယ့်ငါးနှစ်အတွင်း စံချိန်ကျိုးသွားအောင် တက်လာ၏။ ကာကာလက်ဖက်ရည်ဆိုင်ထဲတွင် ချိတ်ထားသည့် ပြဒါးတိုင်တွင် ပြဒါးသည် အရိပ်ထဲမှာပင် အပူချိန် ဖာရင်ဟိုက်တစ်ရာ့လေးဆယ်အထိ တက်သွားသည်။ စိုထိုင်းဆကိုပါ ထည့်တွက်လျှင် နေရောင်ထဲတွင် အပူချိန် တစ်ရာ့သုံးဆယ်နှင့် ညီနေသည်။


“အပူချိန်ပြင်းလာတာနဲ့ ရောဂါတွေ ဖြစ်လာပြီး လူတွေ တဖြုတ်ဖြုတ် သေကုန်ကြတော့တာပဲ၊ နဂိုက ငှက်ဖျားရှိနေတဲ့အထဲမှာ အူရောင်ငန်းဖျားရောဂါတို့၊ ကာလဝမ်းရောဂါတို့ဖြစ်လာတယ်။ အဆိုးဆုံးကတော့ ဝမ်းကျလာတဲ့ ရောဂါပဲ၊ လူကောင်း ပကတိတစ်ယောက်ဟာ နှစ်ဆယ့်လေးနာရီအတွင်းမှာ ကိစ္စချောသွားနိုင်တယ်” ဟု ကိုဗာစကီးက ပြောပြသည်။


သို့ရာတွင် ဤသည်မှာ အစမျှသာရှိသေး၏။ ကိုဗာစကီး နောက်ထပ် တွေရမည့်ပြဿနာတွေ အများကြီးရှိသေးသည်။ ရပ်ကွက်ထဲတွင် အနာစိမ်းတွေ၊ သွေးစုနာကြီးတွေ၊ မျက်စိနာတွေ ဖြစ်ကုန်ကြသည်။ သို့ဖြင့် ထိုရောဂါများ သည် ကာလကတ္တားတစ်မြို့လုံး ပျံ့နှံ့သွားတော့သည်။ အထူးသဖြင့် နေပူထဲတွင် ဖိနပ်မပါဘဲ အလုပ်လုပ်ရသည့် လန်ချားသမားတွေ ဂါရီဝါလားတွေမှာ ထိုရောဂါများကို အများဆုံး လှိမ့်ခံကြရသည်။ အနာကို ဆေးမထည့်ခြင်း၊ ပဋိဇီဝဆေးများ ရှားပါးခြင်းတို့ကြောင့် ကိုယ်ရေရောဂါသည် တစ်မြို့လုံး ရှိနေသည်။ ကိုဗာစကီးနှင့် ကပ်လျက်နေသည့် မာဘု၏ကလေးငယ်များမှာ အသားအရေတွေ အက်ကွဲကာ အနာကြီးတွေ ထွက်လာကြသည်။ မာဘု ကိုယ်တိုင်မှာလည်း တစ်ကိုယ်လုံး သွေးစုနာကြီးတွေ ပေါက်နေသဖြင့် ကိုဗာစကီးက ဓားဖြင့် ခွဲ၍ပေးရ၏။ 


မတ်လကုန်ခါနီးသည့်အခါတွင်မူ အပူချိန်သည် ပို၍ပင်မြင့်လာခဲ့သည်။ ထိုအခါတွင် ထူးခြားဆန်းကြယ်သော အဖြစ်အပျက်ကြီးတစ်ခု ပေါ်လာ၏။ ယင်းမှာ အခြားမဟုတ်။ ယင်ကောင်များ အတုံးအရုံး သေကုန်ကြခြင်းဖြစ်သည်။

ထို့နောက် ခြင်တွေ သေကုန်ကြပြန်သည်။ ခြင်ဥများမှာ မပေါက်ခင်မှာပင် ပျက်စီးကုန်ကြသည်။ ကင်းခြေများတွေ၊ ကင်းမြီးကောက်တွေလည်း ပျောက်ကုန်ကြသည်။ မသေမပျောက် ကျန်သည့် သတ္တဝါဆို၍ ကြမ်းပိုးများသာ ရှိတော့သည်။ အခြားသတ္တဝါများ မရှိတော့သည့်နေရာတွင် သူတို့က နေရာယူလိုသည့်နှယ် ကြမ်းပိုးများသည် ကြောက်စရာကောင်းလောက်အောင် ပွားလာသည်။ ကိုဗာစကီးသည် ညဆိုလျှင် စိတ်ဆိုးဆိုးဖြင့် ကြမ်းပိုးတို့ကို နှိမ်နင်းသည့်တိုင် ကြမ်းပိုးတို့သည် နှစ်ဆတိုးကာ ပွားသည်ထက် ပွားလာကုန်ကြ၏။ အချို့ ကြမ်းပိုးများသည် ခရစ်တော်၏ ပုံကားနောက်တွင် သွား၍ အောင်းနေသည်။


အပူဒဏ်ကို အပြင်းဆုံးခံရသူများမှာ ဆင်းရဲသားရပ်ကွက်များစွာရှိ အလုပ်ရုံကလေးများ၊ စက်ရုံကလေးများထဲတွင် အလုပ်လုပ်ကြရသော အလုပ်သမားများဖြစ်သည်။ လေပေါက်မရှိသည့် တဲကုပ်ကလေးများတွင် စက်တွေနှင့် နပန်းလုံးနေရအောင် သူတို့အဖြစ်သည် မြုပ်နေသော ရေငုပ်သင်္ဘောတစ်စင်းထဲတွင် ရောက်နေသူများနှင့် တူနေသည်။ အမျိုးသမီးများမှာလည်း ဆာရီကြီးတွေ ခြုံကာ မျက်နှာဖုံးတွေ တပ်ထားရသဖြင့် နည်းနည်းလေး လှုပ်လိုက်သည်နှင့် ချွေးတွေ ရွှဲနေတော့၏။


တမနက်၌ ကိုဗာစကီးသည် မုတ်ဆိတ်ရိတ်ရန်အတွက် မှန်ရှေ့တည့်တည့်တွင် သူ့မျက်နှာကို ကြည့်လိုက်၏။ သူ့ပါးများမှာ ချိုင့်ဝင်နေသည်။ နှုတ်ခမ်းထောင့်တွင်လည်း နက်ရှိုင်းသည့် အစင်းကြီးနှစ်စင်း ပေါ်နေသည်ကို တွေ့ရ၏။ သူ့အသားအရေမှာ ဖယောင်းလို ဖွေးဖွေးဖြူနေလေပြီ။ ပါးပြင်ပေါ်မှ အရေပြားသည် ပါးရိုးနှစ်ဖက်ပေါ်တွင် ဆွဲဆန့်ထားသည့် ဖယောင်းပုဆိုးစနှင့် တူနေသည်။


ဧပြီလ တစ်ညတွင်မူ ကိုဗာစကီးသည် ချိုင်းကြားနှင့် ဝမ်းဗိုက်ဆီမှာ မနေနိုင် မထိုင်နိုင် ယားယံလာ၏။ နာရီအနည်းငယ်အတွင်း၌ကား တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ယားလာလေပြီ။ ထို့ကြောင့် တဗျင်းဗျင်းကုတ်သည်။ ထို့နောက်၌ကား သူ့ကိုယ်ပေါ်တွင် အနာများဖြစ်လာ၏။ နောက်ဆုံးတွင် ပူလည်းပူ၊ မွန်းလည်းမွန်းသဖြင့် ကိုဗာစကီးသည် အိပ်ရာပေါ်တွင် ပက်လက်ကြီး ဖြစ်နေတော့သည်။ သို့ဖြင့် ကိုဗာစကီးသည် အိပ်ရာမှ မထနိုင်တော့။


ကိုဗာစကီးတစ်ယောက် ပျောက်ချက်သား ကောင်းနေသည်ကို ပထမဆုံး သတိပြုမိသူမှာ အိမ်နီးချင်းဖြစ်သူ မာဘု၏သား နာဆားဖြစ်၏။ နာဆားသည် မနက်တိုင်း သူ့အတွက် အိမ်သာတွင် တန်းစီပေးလေ့ရှိ၏။ ကိုဗာစကီးတစ်ယောက် အိပ်ရာထဲတွင် လဲနေသည်ကို တွေ့သည့်အခါတွင် နာဆားသည် သူ့အဖေ မာဘုကို သွား၍ အကြောင်းကြားသည်။ မာဘုက ဗန်ဒိုနာကို လိုက်ရှာပြီး ပြန်ပြောသည်။ ကိုဗာစကီး နေထိုင်မကောင်းဖြစ်နေသည့် သတင်းသည် မိနစ်အနည်းငယ်အတွင်းတွင် ဆင်းရဲသားရပ်ကွက်အတွင်း ပျံ့နှံ့သွားလေ၏။ 


မျက်နှာချင်းဆိုင်တွင် လက်ဖက်ရည်ပိုင်ရှင် ဆူရေးယားက လက်ဖက်ရည်၊ နွားနို့နှင့် ဘီစကွတ်တစ်ပန်းကန်ကို ယူလာသည်။ ဆာဗီယား၏အမေက ရုံးပတီသီးနှင့် ဟင်းသီးဟင်းရွက်များကို ကြော်ထားသည့် ဘာဂျီကြော်ကို လာပို့၏။ စား၍ ကောင်းအောင်ဟုဆိုကာ ဘူးသီးများနှင့် မုန်လာဥများကိုလည်း ထည့်လာသေးသည်။ ထိုနေရာမျိုးတွင် ထိုအစားအစာသည် တော်ရုံတန်ရုံလူတို့ စားနိုင်သော အစားအစာမဟုတ်။ ထို့နောက်တွင် ဗန်ဒိုနာရောက်လာသည်။ ဗန်ဒိုနာသည် ကြည့်လိုက်ရုံမျှဖြင့်ပင် သူ့အခြေအနေကို ရိပ်မိလိုက်၏။ ကိုဗာစကီးသည် ပိုးမွှားများကိုက်သဖြင့် တစ်ကိုယ်လုံး ယားယံနေခြင်းဖြစ်ကြောင်း တွေ့ရသည်။ သို့ရာတွင် ထိုပိုးမွှားမှာ ကြမ်းပိုး၊ သန်း စသည့် ပိုးမွှားမျိုး မဟုတ်။ အက္ကာရီ ဟုခေါ်သော ကပ်ပါးပိုးမွှားတစ်မျိုး အကိုက်ခံရခြင်းဖြစ်ကြောင်းကို သိလိုက်သည်။ ထိုးမွှားသည် တစ်ကိုယ်လုံး ယားယံနေပြီး သူတို့ဆင်းရဲသားရပ်ကွက်တွင် မကြာခဏဖြစ်ပွားလေ့ရှိသည်။


“ဆရာကြီးကတော့ ဝဲပေါက်ပြီ” ဟု ဗန်ဒိုနာက ပြုံး၍ ပြောသည်။


ဧပြီလကုန်တွင်မူ ပြဒါးတိုင်မှ အပူရှိန်သည် မြင့်သည်ထက် မြင့်လာ၏။ သုခမြို့တော်တွင် တစ်ခုတည်းသော ကြားနေကျ အသံတစ်သံလည်း တိတ်သွားလေပြီ။ ထိုအသံမှာ သုခမြို့တော်၏အလှကို တန်ဆာဆင်ပေးသော ကျီးကန်း သံများဖြစ်သည်။ ကျီးကန်းများသည် တအာအာ အော်မြည်ခြင်း မပြုနိုင်တော့။ ရက်အနည်းငယ်ကြာသည့်အခါတွင် ကျီးကန်းအသေကောင်များကို အိမ်ခေါင်မိုးပေါ်နှင့် ဝင်းထဲတွင် တွေ့ရ၏။ နှုတ်သီးများတွင် သွေးတို့ ယိုစီးနေသည်ကိုလည်း တွေ့ရသည်။ အပူရှိန်ကြောင့် ကျီးကန်းများ၏အဆုတ်များ ပေါက်ကွဲသဖြင့် သေကြခြင်းပေတည်း။ အခြားတိရစ္ဆာန်များလည်း အလားတူ ကြုံကြရပေတော့မည်။ 


မကြာမီတွင် ကြွက်များ ထောင်ချီ၍ သေကြသည်။ ဆာဗီးယား၏အမေသည် သူ့သမီးငယ် ကျောက်ပေါက်နေသဖြင့် ဆာရီကို ​လျှော်လှန်းထားရာ ဆာရီပေါ်တွင် လောက်တွေ တဖွားဖွားတက်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် အထက်သို့ မော့ကြည့်လိုက်ရာ ထုပ်ပေါ်တွင် သေနေသော ကြွက်တစ်ကောင်ကို တွေ့ရ၏။ဖြစ်ချင်တော့ ထိုအချိန်တွင် မြူနီစီပယ်မှ သန့်ရှင်းရေးအလုပ်သမားများ သပိတ်မှောက်ချိန်နှင့် ကြုံနေသည်။ 


မကြာမီတွင် သုခမြို့တော်သည် အညစ်အကြေးပုံကြီးများထဲတွင် နစ်လုနစ်ခင်ဖြစ်နေလေပြီ။ ကျွဲချေး၊ နွားချေးတွေ စုပုံနေသဖြင့် မြောင်းတွေ ပိတ်ကုန်ပြီး ရေစီးရေလာတွေ ရပ်ကုန်သည်။ နေရာတကာတွင် နွားချေးဗွက် နွားသေးကွက်တွေချည်း မည်းနက်နံစော်လျက်။ မေလ မကုန်ခင်တွင် မိုးကြီးတစ်ချီ ရွာလိုက်သည့်အခါတွင် အိမ်သာတွေ၊ မြောင်းတွေ ရေလျှံကာ တစ်ညတွင်းမှာပင် နှစ်ပေလောက် အညစ်အကြေးရေတွေ တက်လာသည်။ ကြွက်သေ၊ ကျီးသေ၊ ခွေးသေ၊ ကြမ်းပိုးသေ၊ ကင်းမြီးကောက်သေတို့ ရေအိုင်ထဲတွင် မျောပါလျက်။ တစ်ခါတစ်ရံတွင် ဗိုက်ကြီးတွေ ဖောင်းနေသည့် ဆိတ်သေနှင့် ကျွဲသေတို့ကိုပင် မြင်ရတတ်သေးသည်။


မိုးကျလာသည့်အခါ၌ မှန်းဆထားခြင်းမရှိသော အန္တရာယ်တစ်ခုပေါ်လာပြန်သည်။ ယင်းမှာ သန်းပေါင်းများစွာသော ယင်ဥတို့မှ ယင်ကောင်များ ပေါက်ဖွားလာခြင်းပေတည်း။ မြောင်းထဲမှ လျှံလာသော ရေတို့သည် အိမ်ခေါင်းကလေးထဲသို့ ဝင်လာကြကာ အထဲတွင် အိုင်ထွန်းနေကြသည်။


အပိုင်း(၁၆)ဆက်ရန်

မြသန်းတင့်


No comments:

Post a Comment