ဒေါသထွက်ကာ နှုတ်ဆိတ်လျက်ရှိသော ဘုရင်၏ရှေ့မှောက်သို့ စစ်ဗိုလ်ချုပ်ကြီး ဝင်ရောက်ခစားခြင်းပြု၏။
“မှန်လှပါ၊ ကျေးရွာကို အပြစ်ပေးပြီးပါပြီ။ ယောက်ကျားတို့ မြေကြီးထဲသို့ ရောက်ကြ၍ မိန်းမတို့လည်း မီးရောင်မဲ့သောအိမ်များထဲတွင် ငိုကြွေးခြင်းမပြုရဲဘဲ ပြားပြားဝပ် ကြောက်ရွံ့ နေကြပါပြီဘုရား”ဟုလျှောက်၏။
အခါတော်ပေး ပုဏ္ဏားသည် မတ်တတ်ရပ်ကာ “သမာဒေ၀ နတ်ကောင်းနတ်မြတ်တို့ စောင့်ရှောက်စေသတည်း”ဟု ကောင်းချီးသြဘာပေး၏။
ဤသည်ကို ကြားသည့်အခါတွင် နန်းတွင်း လူရွှင်တော်သည် ဟက်ဟက်ပက်ပက် ရယ်မော၏။ သူ့ရယ်သံကြောင့် နန်းတော်တစ်ခုလုံး လန့်ဖျပ်ကြ၏။ ဒေါသထွက်ကြ၏။
"အရှင့်ရာဇပလ္လင် ဂုဏ်သိက္ခါသည် အရှင်၏ဘုန်းတန်ခိုးနှင့် သမာဒေဝနတ်ကောင်းနတ်မြတ်၏ စောင်မမှုကြောင့် တိုးတက်သည်ထက် တိုးတက်လျက်ရှိကြောင်း ဘုရား”ဟု အမတ်ကြီးက လျှောက်တင်သည်။
ထိုအခါ နန်းတွင်းလူရွှင်တော်သည် ပို၍ကျယ်လောင်စွာ ရယ်ခြင်းပြုပြန်၏။
“အဘယ်ကြောင့် အချိန်အခါမဟုတ် ပျော်မြူးနေဘိသနည်း”ဟု ဘုရင်က မေး၏။
“သမာဒေ၀ နတ်ကောင်းနတ်မြတ်များသည် အရှင့်အား ကောင်းချီးသြဘာများစွာ ပေး၍ ကျွန်တော်မျိုးကိုမူ ရယ်မောခြင်းဟူသည့် ဆုလဘ်တစ်ခုတည်းကိုသာ ပေးသနားသောကြောင့်ဖြစ်၏”ဟု လူရွှင်တော် လျှောက်၏။
ဤဆုလာဘ်သည် သင့်အသက်နှင့် တန်ဖိုးပေး၍ ရသော ဆုလဘ်ဖြစ်သည်”ဟု ဆိုကာ ဘုရင်သည် ဓါးအိမ်မှဓါးလွတ်ကို ဆွဲထုတ်၏။
သို့တိုင်အောင် လူရွှင်တော်သည် ရယ်ခြင်းမရပ်၊ မတ်တတ်ထကာ အားရပါးရ ရယ်မော၏။နောက်ထပ် ရယ်မောခြင်း မပြုနိုင်တော့သည့်တိုင် ရယ်မောခြင်းပြု၏။ နန်းရင်ပြင်အလုံးသည်ကြောက်လန့်တကြား ဖြစ်လျက်ရှိ၏။ အကြောင်းမူ လူရွှင်တော် ရယ်သံသည် သမာဒေဝနတ်များ၏ နက်ရှိုင်းသော တိတ်ဆိတ်မှုထဲတွင် ပဲ့တင်ရိုက်ခတ်လျက်ရှိသည်ကို သူတို့ကြားရသောကြောင့်ဖြစ်ပေ၏။
တဂိုး
မြသန်းတင့်(ဘာသာပြန်သူ)
တိမ်းရှောင်သူ-မှ
No comments:
Post a Comment