#မြသန်းတင့်(မြန်မာဘာသာပြန်သူ)
#The City Of Joy
#Dominique Lapierre
တတိယအကြိမ် ပုံနှိပ်ခြင်း
(ဧပြီ၊ ၁၉၉၉)
#လောကသစ်စာပေ
◾မြန်မာပြန်သူ၏ အမှာ
ကျွန်တော်သည် ပြင်သစ်အမျိုးသား စာရေးဆရာ ဒိုးမီးနိလာပီယဲ၏ “သုခမြို့တော်”ကို ၁၉၈၇ ခုနှစ်က “စံပယ်ဖြူ” မဂ္ဂဇင်းတွင် အခန်းဆက်အဖြစ် ဖော်ပြခဲ့သည်။ ၁၉၈၈ ခုနှစ် “စံပယ်ဖြူ” မဂ္ဂဇင်း ရပ်ဆိုင်းသွားသည့်အခါတွင် ကျွန်တော် ဘာသာပြန်သည့် ဝတ္ထုသည် အပြီးမသတ်သေးဘဲ တစ်ပိုင်းတစ်စ ကျန်ရစ်ခဲ့သည်။ ထို့နောက် ကျွန်တော်သည် “သုခမြို့တော်” ကို ပြီးပြတ်အောင် ရေးပြီး ထုတ်ဝေသူလက်သို့ အပ်လိုက်ပါသည်။
၁၉၉၁ ခု၊ နှစ်လယ်လောက်တွင်မူ လာပီယဲ၏ “သုခမြို့တော်”နှင့် ပတ်သက်သည့် သတင်းဆောင်းပါးတစ်ပုဒ်ကို “တိုင်းမဂ္ဂဇင်း”တွင် တွေ့လိုက်ရသည်။ ယခု စာအုပ်တွင် စာရေးသူ၏စကားလက်ဆောင်အဖြစ် ထိုသတင်းဆောင်းပါးကို မြန်မာပြန်၍ဖော်ပြလိုက်ပါသည်။ “တိုင်းမဂ္ဂဇင်း” တွင်ပါသည့် သတင်းဆောင်းပါးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
“""ဆင်းရဲသားတို့၏ ချွေးဖြင့် ရတတ်သမျှတို့ကို စုစည်းထားသော အကျိုးအပဲ့၊ အစုတ်အပြတ်ပုံများပေါ်မှနေ၍ ကာလကတ္တားမြို့၏ ဆင်းရဲသားရပ်ကွက်များသည် အလျှိုအလျှို ပေါ်ပေါက်လာနေကြသည်။ ချမ်းသာသော နိုင်ငံခြားသားများသည် ခရီးဝေးမှရောက်လာကြကာ ထိုဆင်းရဲသားရပ်ကွက်များအနီးတွင် ငွေကုန်ကြေးကျခံ၍ ဆင်းရဲသားရပ်ကွက်အတုများကို လာရောက် တည်ဆောက်နေကြသည်ဆိုလျှင် ယင်းမှာ ရုပ်ရှင်များထဲတွင်သာ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကာလကတ္တားမြို့သူမြို့သားတို့ကို စိတ်ဆိုးစေသော အနောက်တိုင်း လူချမ်းသာတို့၏ ပြိုးပြက်တောက်ပသော ကျူးကျော်ဝင်ရောက်မှုသည် တကယ်အစစ်အမှန် ပေါ်ပေါက်ခဲ့ပါသည်။
လွန်ခဲ့သည် သီတင်းပတ် ၁၂ ပတ်အတွင်းက ဗြိတိသျှလူမျိုး ရုပ်ရှင်ဒါရိုက်တာ ရိုလန်ဂျော်ဖီ ခေါင်းဆောင်သည့် အဖွဲ့ဝင်ပေါင်း ၁၂ဝ ပါသည့် ရုပ်ရှင်တစ်ဖွဲ့သည် စာရေးဆရာ ဒိုမီးနိလာပီယဲ၏ ရောင်းအကောင်းဆုံး ဝတ္ထုတစ်ပုဒ်ဖြစ်သည့် “သုခမြို့တော်” ကို ကာလကတ္တားတွင် လာ၍ ရုပ်ရှင်ရိုက်ကူးခဲ့ကြသည်။ ယင်းဝတ္ထုမှာ ကာလကတ္တားမြို့၏ ဆင်းရဲသားများအား ချီးကျူးဂုဏ်ပြုထားသည့် ဝတ္ထုတစ်ပုဒ်ဖြစ်သော်လည်း ဝတ္ထုကို ကာလကတ္တား မြို့သူမြို့သားများက နှစ်သက်ခြင်းမရှိကြ။ ရုပ်ရှင်ကိုလည်း ထိုသို့ သဘောထားနေကြသည်။
ရုပ်ရှင်ရိုက်ကူးသူများသည် သရုပ်ပီပြင်စေရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။ အချို့သော ပြကွက်များကို ဝတ္ထုထဲတွင်ပါသည့် နေရာများသို့ သွားရောက်ရိုက်ကူးခဲ့သည်။ သို့ရာတွင် ရုပ်ရှင်ကားကို တစ်နေရာတည်းတွင်သာ ရိုက်နေလျှင် အနှောင့်အယှက်များရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒေါ်လာ ၁.၄ သန်း အကုန်ခံကာ ကာလကတ္တားရှိ ၂.၅ ဟက်တာကျယ်ပြန့်သော သင်္ဘောကျင်း မြေကွက်လပ်ထဲတွင် ဆင်းရဲသားရပ်ကွက်များကို ပုံတူတည်ဆောက်၍ ရိုက်ကူးခဲ့ရသည်။
ညစ်ပတ်သော လမ်းကြားကလေးများ တစ်ဖက်တစ်ချက်တွင် ကြပ်ခိုးတွေဖြင့် မည်းနက်ညစ်ပတ်နေသော အုတ်တိုက်ငယ်များကို ဆောက်ရသည်။ ဆင်းရဲသားရပ်ကွက်ပေါင်း ၆၀ ကို ဖန်တီးရသည်။ ဟာလာဟင်းလင်း ဖြစ်နေသော ရေဆိုးမြောင်းကြီးများထဲတွင် အညစ်အကြေးတွေ လောင်းထည့်ရသည်။ အလုပ်သမား ၃ဝဝ ကျော်တို့က ဆင်းရဲသား ရပ်ကွက်ကလေးထဲမှ ဝါးတဲကလေးများကို ဆောက်ကြသည်။ အမိုးများကို ထုထားသည့် သံပြားများဖြင့် မိုးရသည်။ တံခါးအဟောင်းအချပ် ၃၂၀ ကို လုပ်ရသည်။ ရွဲ့စောင်းနေသည့် ပြတင်းကြေးပေါင် ၄၂၅ ခုတို့ကို လုပ်ရသည်။ ရုပ်ရှင် ဒီဇိုင်းထုတ်လုပ်သူ ရွိုင်းဝေါ့ကားသည် ထိုပစ္စည်းများကို ကာလကတ္တားမြို့ရှိ အဟောင်းဆိုင် အနှံ့အပြား၊ ဂိုဒေါင် အနှံ့အပြားတွင် လိုက်လံဝယ်ယူ စုဆောင်းခဲ့ရသည်။
ဇာတ်သိမ်းခန်းတွင် လေမုန်တိုင်းကျခန်းနှင့် မိုးရွာခန်းကို ရိုက်ရန်အတွက် လေမှုတ်၊ ရေမှုတ်သည့် စက်ကြီးတစ်လုံးကို တည်ဆောက်ရသည်။ လေယာဉ်ပန်ကာကြီးများဖြင့် လုပ်သည့် လေမှုတ်ပန်ကာကြီးများက တစ်နာရီလျှင် မိုင် ၁၂ဝ အရှိန်ရှိသော လေကို မှုတ်ထုတ်ပေးကြသည်။ ကရိန်းကြီးတစ်ခုပေါ်မှ ဆွဲထားသော ကြီးမားသည့် ရေပန်းကြီးများက အလိပ်လိပ်တက်လာသော ရေထုသဏ္ဌာန် ပေါ်စေရန်အတွက် တစ်မိနစ်လျှင် ရေလစ်တာပေါင်း ၁၂၅,ဝဝဝ ကို ပန်းထုတ်ပေးနေကြသည်။
လေမုန်တိုင်းကြောင့် ဇာတ်ကားထဲတွင်ပါသည့် ဇာတ်ဆောင်တစ်ယောက်၏ခေါင်းပေါ်သို့ အမိုးကြီး ပြုတ်ကျသွားသည်။ (ခေါင်းပေါ်သို့ ပြုတ်ကျရာတွင် ထိခိုက်ခြင်း မရှိရအောင် အထူးပြုလုပ်ထားသည့် ဟိုက်ဒရောလစ်စက်ဖြင့် အမိုးကို ဖြုတ်ချရသည်။) ရေကြီးသဖြင့် သရုပ်ဆောင်မှာ ရေဆိုးမြောင်းကြီးထဲသို့ မျောပါသွားရသည်။
သို့ရာတွင် ဒါရိုက်တာဂျော်ဖီအဖို့ကား ဟိုက်ဒရောလစ်စက်ကြီးများဖြင့် ကူသော်လည်း ခံရချက် မသက်သာလှပါ။ အခြားကြောင့်မဟုတ်။ သူ့ရုပ်ရှင်ကားသည် ကာလကတ္တားမြို့ကြီး၏ဆင်းရဲပုံကို ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်သည်ဆိုကာ အာဏာပိုင်များက ရိုက်ကူးခွင့်ပြုရန် နှောင့်နှေးနေကြသောကြောင့်ဖြစ်သည်။ သို့ရာတွင် မူလဇာတ်ညွှန်းကို ၁၄ ကြိမ်မြောက် ပြင်ဆင်တင်ပြပြီးနောက် ယမန်နှစ်ကုန်ခါနီးတွင် အာဏာပိုင်တို့က သူ့ဇာတ်ကားကို ရိုက်ခွင့်ပြုလိုက်သည်။ ထိုကြောင့် ရုပ်ရှင်သည် ဝတ္ထုနှင့်မတူတော့ဘဲ တော်တော်များများ ပြောင်းပစ်ခဲ့ရသည်။
အာဏာပိုင်တို့ထံမှ ခွင့်ပြုချက်ရရုံမျှဖြင့် ဒါရိုက်တာ၏ပြဿနာသည် အဆုံးမသတ်သေးပါ။ ရုပ်ရှင်စရိုက်ပြီး တစ်ပတ်အကြာတွင် ပိုစတာများကို ကိုင်ဆောင်ထားသော လူအုပ်များက ဆန္ဒပြ ကန့်ကွက်ကြပြန်ပါသည်။ “သုခမြို့တော်ကို ဇိမ်မယ်မြို့တော်အဖြစ် မပြောင်းနဲ့” ဟု ပိုစတာများတွင် ရေးထားသည်။ ရှေ့နေများကလည်း ဇာတ်ညွှန်းသည် ၁၉ ရာစုနှစ်က အိန္ဒိယဘာသာရေး ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင်တစ်ဦးကို အသရေပျက်စေသည်ဟု (အခြေအမြစ်မရှိဘဲ) စွပ်စွဲကာ ရုံးတော်တွင် တရားစွဲဆိုထားကြသည်။ ရိုက်ကွင်းတစ်ခုတွင် လူရမ်းကားအချို့က လာရောက်၍ ရိုက်ကွင်းကို လာရောက် ပိတ်ပင်သွားကြသည်။ အမည်မသိသူများက လုပ်လက်ပစ်ဗုံးများဖြင့် ရိုက်ကွင်းတစ်ခုကို လာရောက်ပစ်ခတ်သွားကြသည်။ ကံကောင်းထောက်မသဖြင့် အထိအခိုက်တော့ မရှိပါ။
သက်ဆိုင်ရာအာဏာပိုင်နှစ်ဦးက ရိုက်ကွင်းတိုင်းကို လိုက်ပြီး ဇာတ်ညွှန်းအရ ရိုက်ခြင်း ဟုတ်မဟုတ်ကို စောင့်ကြည့် စစ်ဆေးကြသည်။ “ဒီလောက် ဆင်ဆာလုပ်တဲ့ ဒီမိုကရေစီနိုင်ငံရယ်လို့ ဘယ်မှာမှ ရှိမယ်မထင်ပါဘူးဗျာ” ဟု ဒါရိုက်တာ ဂျော်ဖီက ညည်းသည်။"""
ယင်းတို့မှာ တိုင်းမဂ္ဂဇင်းတွင်ပါသည့် သတင်းဆောင်းပါးမှ အချက်အလက်အချို့ဖြစ်သည်။
ယခုမူ “သုခမြို့တော်” ကို ရိုက်ကူးပြီးစီးသွားလေပြီ။ အနောက်နိုင်ငံ ဝေဖန်သူများကမူ သူ့ရုပ်ရှင်ကားကို ချီးကျူးကြိုဆိုကြသည်။ ဝတ္ထုနှင့် ရုပ်ရှင် ဘယ်လောက် ကွဲလွဲမည်ကိုမူ မပြောနိုင်သေးပါ။
ယခု ကျွန်တော့်ဘာသာပြန်တွင်မူ လူမျိုးရေးအရ၊ ဘာသာရေးအရ ထိခိုက်စေနိုင်သည်ဟု ယူဆရသော အချက်အလက်အနည်းငယ်မှအပ အပြည့်အစုံ ပြန်ဆိုထားခြင်းဖြစ်ပါသည်။
ယခုဝတ္ထုကို ဖော်ပြခဲ့သော “စံပယ်ဖြူ” မဂ္ဂဇင်းနှင့် ထုတ်ဝေသော လောကသစ်စာပေတိုက်တို့အား ကျေးဇူတင်ကြောင်း ဖော်ပြပါသည်။
မြသန်းတင့်
၂၉.၆.၉၂
No comments:
Post a Comment