Saturday, August 6, 2022

သုခမြို့တော် (အပိုင်း - ၈)

 ဟာစရီပါးသည် မတ်တတ်ရပ်ကာ သူ့ရှေ့တွင်ရှိသည့် လန်ချားကို ကြည့်နေသည်။ ဆင်းရဲသားတို့၏နတ်ဘုရား ဂါနက်သျှနတ်မင်း ကိုယ်ထင်ပြသည်ကို မြင်လိုက်သည့်နှယ် သူ့ရှေ့တွင်ရှိသည့် လန်ချားကို မျက်တောင်မခတ် တအံ့တဩဖြင့် စိုက်ကြည့်နေသည်။


သူ့စိတ်ထဲတွင် လန်ချားလှည်းသန်နှစ်ချောင်းကို မမြင်။ ဆင်ခေါင်းရှိသည့် ဂါနက်သျှနတ်မင်း၏ အစွယ်နှစ်ချောင်းဟု မြင်နေသည်။ လန်ချားဘီး နှစ်ဘီးကိုလည်း ဂါနက်သျှနတ်မင်း၏ နားရွက်နှစ်ဖက်ဟု ထင်နေသည်။ နောက်ဆုံး၌ ဟာစရီပါးသည် လန်ချားအနီးသို့ ရိုသေစွာ ချဉ်းကပ်လာခဲ့ကာ သူ့လက်စွပ်မှ ကျောက်ကို လန်ချားလှည်းသန်ဖြင့် ပွတ်လိုက်ပြီးနောက် ထိုလက်ဖြင့် သူ့ရင်ဘတ်နှင့် နဖူးကိုထိသည်။


“ပလက်ဖောင်းမှာ ရပ်ထားတဲ့ လန်ချားတွေဟာ ဘုရားပေးတဲ့ပစ္စည်းတွေဗျ။ ကျွန်တော့်သားမယားတွေ စားဖို့၊ ရွာမှာရှိတဲ့ ကျွန်တော့်ဆွေမျိုးသားချင်းတွေကို ထောက်ပံ့ဖို့ ကျွန်တော့်ချွေးနဲ့ရင်းပြီး လုပ်ရမယ့် မြို့ပေါ်က ထွန်တုံးတွေနဲ့ အတူတူပဲ။ ဒါပေမယ့် ခက်တာက ကျွန်တော်ရတဲ့လန်ချားက အအိုကြီးဗျ၊ ပြီးတော့ လိုင်စင်လည်း မရှိဘူး၊ အပြင်မှာ သုတ်ထားတဲ့ သင်္ဘောဆေးတွေကလည်း အဖတ်လိုက် ကွာကျကုန်ပြီ၊ ထိုင်ခုံအခင်းကလည်း စုတ်ပြတ်ပြီး အထဲက ကောက်ရိုးစတွေ ထွက်နေပြီ၊ ပြီးတော့ အမိုးကလည်း စုတ်နေပြီ၊ ဘီးမှာတပ်ထားတဲ့ ရော်ဘာတာယာကလည်း စုတ်ဖွာပြီး အောက်က သစ်သားဘီးကြီးကိုတောင် မြင်နေရပြီ၊ ထိုင်ခုံအောက်မှာ လန်ချားပစ္စည်းထည့်ဖို့ သေတ္တာကလေးတစ်လုံးရှိတယ်။ လန်ချားဝင်ရိုးထည့်ဖို့ ဆီပုလင်းရှိတယ်၊ ဘီးဝက်အူတွေကို ကြပ်ဖို့ ခွရှိတယ်၊ ညမှာထွန်းဖို့ မီးခွက်ပါတယ်၊ မူဆလင်အမျိုးသမီးတို့ ဘာတို့ စီးရင် ရှေ့ကဖုံးရအောင် ဒါမှမဟုတ်ရင်လည်း မိုးတွင်းကျရင် ပါဆင်ဂျာတွေ မိုးမပက်အောင်ကာဖို့ တာရပတ်ကလေးတစ်စရှိတယ်"


"ဒါတွေရှိမှန်းကို အစက မသိပါဘူး။ ကျွန်တော့်မိတ်ဆွေ ရမ်ကျန္ဒရာနဲ့ ကူလီကို ဆေးရုံသွားပို့တော့ သူ့လန်ချား ထိုင်ခုံအောက်က သေတ္တာကလေးကို ဖွင့်ပြတော့မှ ကျွန်တော် တွေ့ဖူးတာပါ။ ဒါပေမယ့် ကျွန်တော့်လန်ချားထိုင်ခုံ အောက်က အံကလေးထဲမှာတော့ ဘာမှမပါဘူးဗျ။ အရင် လန်ချားသမား လမ်းပေါ်မှာ လဲကျသေသွားတုန်းက တစ်ယောက်ယောက်က ဖွင့်ယူသွားတာပဲ ဖြစ်မှာပေါ့။ ရမ်ကျန္ဒရာကတော့ မင်းရှူနေတဲ့ လေကို ခိုးလို့ရရင် အဲဒီလေကို ခိုးမယ့်လူတွေတောင် ကာလကတ္တားမှာ ရှိတယ်လို့ ကျွန်တော့်ကို သတိပေးဖူးတယ်"


“လန်ချားနောက်က သံပြားကလေးပေါ်မှာ လန်ချားနံပါတ်နဲ့ အခြားစာတွေ ရေးထားတယ်။ ဘာတွေ ရေးထားမှန်းတော့ ကျွန်တော်လဲမသိဘူး။ ဒါပေမယ့် လန်ချားနံပါတ်ကိုတော့ ကျွန်တော့်စိတ်ထဲမှာ အလွတ်ကျက်ထားလိုက်ရတယ်။ သိုက်တူးမယ့် သိုက်ဆရာများ ဂါထာမန္တန်တွေကို အကုန် အလွတ်ကျက်ရသလိုပေါ့ဗျာ။ ကျွန်တော်က ဝမ်းသာအားရနဲ့ ကျွန်တော့်လန်ချားနံပါတ်ပေါ်မှာထားတဲ့ တစ်ဂဏန်းနဲ့ ကိုးဂဏန်းသုံးလုံးကို ကျွန်တော့်ကျေးဇူးရှင် ရမ်ကျန္ဒရာကို သွားပြတယ်။ အမှန်ကတော့ တကယ့်နံပါတ်အစစ် မဟုတ်ဘူးဗျ။ နံပါတ်အတုကြီး တပ်ထားတာ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ အရိုးများသော ချေးခါးသော တွေးနေရင် ကျွန်တော်ငတ်သွားမှာပေါ့"


“လန်ချားကို သေသေချာချာ စစ်ဆေးကြည့်ပြီး လှည်းသန်နှစ်ချောင်း ကြားထဲကို ကျွန်တော်ဝင်ရပ်လိုက်တယ်။ ပြီးတော့ ခပ်စောစောကလေးကအထိ အရင်လန်ချားသမားကိုင်သွားတဲ့ လှည်းသန်ပေါ်က ခွက်ဝင်နေတဲ့ လက်ရာ ကလေးပေါ်ကို ကျွန်တော်ကိုင်ပြီး လန်ချားကို မ,ကြည့်လိုက်တယ်။ တင်ပါးကို နောက်ပစ်၊ ခါးကိုကော့ပြီး ဆွဲလိုက်တော့ လန်ချားဘီးက ကျောက်ခဲကလေးတွေ ကြိတ်သံကို ကြားလိုက်ရတယ်။ အဲဒီအသံကို ကြားလိုက်တာဟာ ကျွန်တော်တို့ရွာမှာ မောင်းထောင်းတဲ့ မောင်းထောင်းသံကြားလိုက်ရသလို ကျွန်တော် အားရှိသွားတယ်။ ဘုရားတရားဂုဏ်ကျေးဇူး ဘယ်လောက်ကြီးသလဲ ဆိုတာ အဲဒါသာကြည့်ပေတော့ဗျာ။ ပိုပြီးဟန်ကျတာက ကျွန်တော်စပြီး လန်ချားဆွဲတဲ့နေ့ကလဲ သောကြာနေ့ဗျ။ ကျွန်တော်တို့လန်ချားသမားတွေအဖို့ လန်ချားဆွဲလို့ အကောင်းဆုံးနေ့ဟာ တနင်္လာနေ့နဲ့ သောကြာနေ့ပဲ။ အဲဒီနေ့တွေမှာ လူတွေ ဈေးဝယ်ထွက်ကြတာကိုး၊ ပြီးတော့ သောကြာကလဲ လဆန်း သောကြာရက်ဗျ။ အဲ လလယ်ပိုင်းရောက်ရင်တော့ လူတွေ တော်တော်ကျပ်လာပြီ။ လက်ထဲက တစ်ပြားအထွက်မခံတော့ဘူး။ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပုံတော့ မမေးနဲ့၊ ကျီဝနတ်မင်းရဲ့ ခက်ရင်းခွကျနေတာပဲ"


"ကျွန်တော့်မိတ်ဆွေ ရမ်ကျန္ဒရာက သူတို့လန်ချားသမားတွေရဲ့ ပရိယာယ်တွေကို ကျွန်တော့်ကိုပြောပြတယ်။ လန်ချားစီးတဲ့လူဆိုတာ လူအမျိုးမျိုးပဲတဲ့။ ကောင်းတဲ့လူရှိသလို ဆိုးတဲ့လူလဲရှိတယ်။ အမြန်ဆွဲခိုင်းတဲ့လူရှိသလို တချို့ကျတော့လဲ အေးအေးဆေးဆေးပဲ အဆွဲခိုင်းတယ်။ တချို့ကျတော့လဲ တစ်ပြားကို နှစ်ပြားမှတ်လို့ ခွာနေတဲ့လူတွေ။ အကောင်းဆုံးကတော့ နိုင်ငံခြားသားကို ပို့ရတာကတော့ အကောင်းဆုံးပဲတဲ့။ ပိုက်ဆံများများရတယ်တဲ့။ ရမ်ကျန္ဒရာဟာ လန်ချားလိမ်စီးတဲ့လူတွေကိုလည်း သတိထားဖို့ ကျွန်တော့်ကို ပြောပြတယ်။ တချို့ဆိုရင် ဆင်းတဲ့နေရာရောက်လို့ ခဏကလေးစောင့်နေဦး ဘာဦးနဲ့ ပြောပြီး မပေါ်လာတော့ဘူးတဲ့။ ပြည့်တန်ဆာမတွေလဲ ဒီလိုပဲ လန်ချားလိမ်ပြီး စီးတတ်သတဲ့။ ပြီးတော့ ကိုယ်လက်တွေ ကိုက်ခဲတယ်ကွ၊ မုန်ညင်းဆီလေး တစ်ပုလင်းလောက်ကို အမြဲဆောင်ထား၊ ကိုယ်လက်နာရင် မုန်ညင်းဆီကလေး လိမ်းလို့ သူက ကျွန်တော့်ကို နည်းလမ်းပေးတယ်"


“လူတွေ ပြည့်နှက်နေတဲ့ ကာလကတ္တားမြို့ကြီးထဲမှာ ကျွန်တော်လဲ လန်ချားကလေး တစ်ချောက်ချောက်နဲ့ ပြေးလွှား ရုန်းကန်ရတာပဲ။ တွေးကြည့်ရင်တော့ လန့်စရာကြီးပေါ့ဗျာ၊ ကိုယ့်မှာ အားကိုးအားထားဆိုလို့ ဘယ်သူမှလဲရှိတာ မဟုတ်ဘူး။ ပြီးတော့ လမ်းသေးလမ်းမြွာတွေကလဲ များပါဘိသနဲ့။ ဝင်္ကပါလိုကွေ့ကောက်နေတဲ့ လမ်းကလေးတွေထဲမှာ ဘယ်လိုများ လမ်းရှာသလဲလို့ ခင်ဗျားတို့က မေးကောင်းမေးမယ်။ ဒါမှမဟုတ်ရင်လဲ ဘတ်စ်ကားတွေ၊ လော်ရီကားတွေ၊ ယာဉ်တွေ တဝေါဝေါကြားထဲမှာ ဘယ်လိုလုပ်ပြီးများ လန်ချားဆွဲသလဲလို့ မေးကောင်းမေးမယ်"


“ရမ်ကျန္ဒရာက အကြံပေးတဲ့အတိုင်း လန်ချား စထွက်ထွက်ချင်း ကျွန်တော် ပတ်လမ်းအဝိုင်းမှာ လန်ချားသွားထိုးတယ်။ အဲဒီနေရာက သိပ်လူစည်တဲ့နေရာ မဟုတ်လား။ ဓာတ်ရထားဆိုလဲ လိုင်းပေါင်းစုံ၊ ဘတ်စ်ကားဆိုလဲ လိုင်းပေါင်းစုံ ဒီနေရာကပဲ ဖြတ်ကြတာပဲ။ အဲဒီနားမှာ အလုပ်ရုံကလေးတွေရှိတယ်။ ကျောင်းတွေရှိတယ်၊ ဈေးကြီးလဲရှိတယ်။ အဲဒီဈေးကြီးကို လူချမ်းသာအိမ်ရှင်မတွေ ဈေးလာဝယ်တတ်တယ်။ အဲဒီနားဆိုရင် ဆိုက်ထားလိုက်တဲ့ လန်ချားတွေဟာ နည်းတာမဟုတ်ဘူး။ ကျွန်တော်ရောက်သွားတော့ လန်ချားသမားတွေက ကျွန်တော့်ကို ဝမ်းသာအားရ ဆီးကြိုမယ်လို့တော့ မထင်လိုက်နဲ့။ ဒီ လူမဆန်တဲ့မြို့ကြီးမှာ ပေါင်မုန့်အပဲ့ကလေးတစ်ခုရဖို့ဆိုတာ အင်မတန်ခက်တဲ့ အခွင့်အရေးကြီးမဟုတ်လား။ ဒီတော့ တချို့က ကျွန်တော်ရောက်လာတာကို ဘယ်ကြိုက်မလဲ။ အများအားဖြင့် လန်ချားသမားကလေးတွေက အသက်ငယ်ငယ်ကောင်လေးတွေ။ ခပ်ကြီးကြီးတွေတော့ ရှိတာပေါ့လေ၊ သူတို့လည်း လန်ချားဆွဲလို့သာ ဆွဲနေကြတာ တော်တော်အိုနေပါပြီ၊ စုတ်ပြတ်နေတဲ့ အင်္ကျီကြားကနေပြီး နံရိုးကိုတောင် လှမ်းရေလို့ရတယ်"


“ဒီလိုနဲ့ လန်ချားဆွဲတဲ့ ကိုယ့်အလှည့်ကို စောင့်ရတယ်။ ရှေ့က လန်ချားတွေ ကုန်သွားပြီဆိုတော့ ကျွန်တော့်အလှည့်နီးလာပြီ၊ ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်ဖြစ်နေတာပဲဗျာ။ လူတင်ပြီးဆွဲရင် ဆွဲမှဆွဲနိုင်ပါ့မလားဟဲ့ဆိုပြီး တထိတ်ထိတ်ဖြစ်နေတာပေါ့။ လန်ချားပေါ် လူတင်ပြီး လူတွေ၊ ယာဉ်တွေ ဥဒဟိုသွားလာနေတဲ့ကြားမှာ ဆွဲလို့ဖြစ်မှဖြစ်ပါမလားလို့ တွေးရင်း ခြေလက်တွေ သွက်ချာပါဒလိုက်သလို ဖြစ်နေတယ်။ ဒါနဲ့ ကျွန်တော် အားရှိအောင်ဆိုပြီး အနားမှာရှိတဲ့ ကြံရည်ဆိုင်ကိုသွားပြီး ကြံရည်တစ်ခွက်ကို ပြားနှစ်ဆယ်နဲ့ ဝယ်သောက်လိုက်ရသေးတယ်။ အမယ် သူ့ကြံရည်ဆိုင်ကလည်း ရောင်းလို့ကောင်းပုံရတယ်။ ကြံရည်ဆိုင်ရှေ့မှာ တန်းစီနေတဲ့ လူတန်းကြီး မနည်းဘူး။ ကြံရည်တစ်ခွက်လောက်သောက်ပြီး တစ်နေ့လုံး ဘာမှ မစားဘဲနေတဲ့ လူတွေကလဲ အများကြီးဆိုတော့ ကြံရည်ရောင်းလို့ သိပ်ကောင်းတာပေါ့။ တချို့မှာ ကြံရည်တစ်ခွက်တောင် ဝယ်မသောက်နိုင်လို့ ကြံတစ်ချောင်းကို ဝယ်ပြီး တစ်နေကုန် ကြံစုပ်နေရတဲ့လူတွေတောင် ရှိသေးတယ်။ ကြံတစ်ချောင်းမှ ဆယ်ပြားလောက်ပဲ ပေးရတာကိုး။ ကြံရည်တစ်ခွက်လောက် သောက်လိုက်ရင် စက်ထဲ ဓာတ်ဆီထည့်လိုက်သလို အားပြည့်သွားတာပဲဗျာ။ ဗိုက်ထဲလဲရောက် သွားရော ပေါင်တွေမှာ အားရှိသွားတယ်လို့ ထင်လိုက်ရတယ်။ ဒီအတိုင်းသာဆိုရင် လန်ချားကို ဟိမဝန္တာတောင်ထိပ်ရောက်အောင် ဆွဲသွားနိုင်မလား မသိဘူး"


“လန်ချား ဆွဲခါနီးတော့ ကျွန်တော်ငယ်ငယ်တုန်းက လယ်ထဲမှာ ကျွဲကို ထွန်မှာတပ်ပြီး မောင်းရတာကို သွားသတိရနေတယ်။ ဒီလိုတွေးနေတုန်းမှာ 'ဟေ့ လန်ချား ဝါလား' လို့ ခေါ်သံ ကြားလိုက်ရတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ အိပ်မက်မက်သလို ဘာလိုလိုပဲ၊ ခေါ်သံကြားလို့ လှမ်းကြည့်လိုက်တော့ ကျစ်ဆံမြီးခါးထိအောင် ချထားတဲ့ ကောင်မလေးတစ်ယောက်ရယ်ဗျ။ ဘလောက်အင်္ကျီ အဖြူကလေးနဲ့၊ ဂါဝန်အပြာကလေးနဲ့၊ အနားမှာရှိတဲ့ ကွန်ဗင့်ကျောင်း က ကျောင်းသူကလေး။ သူ့အနားရောက်လို့ လန်ချားဆိုက်တော့ လန်ချားပေါ် တက်ပြီး သူ့အိမ် အပို့ခိုင်းတယ်။ သူနေတဲ့ လမ်းကို ကျွန်တော် ကောင်းကောင်း မသိဘူးဆိုတာ သိသွားတော့ ဘယ်ချိုးညာချိုးနဲ့ ကျွန်တော့်လန်ချားပေါ်က လမ်းပြသွားတယ်"


" အဲဒီတုန်းကများ လမ်းမပေါ်က ယာဉ်တွေကြားထဲကို ဘယ်လိုကနေ ဘယ်လို ရောက်သွားလိုက်မှန်း မသိဘူးဗျာ။ ကျွန်တော့်စိတ်ထဲမှာ ရူးသွားမလားလို့တောင် ထင်မိတယ်။ ကျွန်တော့်အဖြစ်က ဘာနဲ့တူသလဲဆိုတော့ နောက်က ကျားလိုက်လို့ ရေထဲဆင်းပြေးတာ ရေထဲရောက်တော့ မိကျောင်းနဲ့ တွေ့တဲ့ အဖြစ်မျိုးနဲ့ တူနေတယ်။ ဘတ်စ်ကားဒရိုင်ဘာတွေနဲ့ လော်ရီဒရိုင်ဘာတွေဟာ စိတ်ကောင်းမရှိဘူးဗျ၊ သူတို့စိတ်ထဲမှာ လန်ချားသမားကို ကိုးယိုးကားယား ဖြစ်အောင်လုပ်ရတာ ပျော်တယ်ထင်ပါရဲ့။ ဟွန်းတွေ တတီတီ တီးပြီး ကျွန်တော့်ဆီကို အတင်းမောင်းဝင်လာတာပဲ။ သူ့တို့ထက်ဆိုးတာက ဘတ်စ်ကားလေးတွေမောင်းတဲ့ ဒရိုင်ဘာတွေနဲ့ တက္ကစီမောင်းတဲ့ ပန်ချာပီ ဒရိုင်ဘာတွေပဲ။ နောက်တော့ ကျွန်တော်ဖြင့် လန်ချားကို အပြေးအလွှားတောင် မဆွဲရဲတော့ဘဲ ဖြည်းဖြည်းပဲ ဆွဲလာရတယ်"


"မျက်လုံးကလည်း ဘယ်ညာကို ကျီးကန်းတောင်းမှောက် ကြည့်လာရတယ်။ စဉ်းစားကြည့်လေ၊ လန်ချားကို နောက်လန်မသွားအောင် ချိန်သားကိုက်အောင်လည်း ထိန်းလာရသေးတယ်။ လက်ကိုင်မယ့်နေရာမှာ လက်ကို နေသားကျအောင် တင်ရသေးတယ်။ ဒီလိုနေရာမှန်မှ အလေးချိန် ညီသွားပြီး လန်ချားဆွဲလို့ရမှာကိုး။ ပြောရတာတော့ လွယ်လွယ်ကလေးပဲ။ ဒါပေမယ့် ယာဉ်တွေ ဥဒဟိုသွားလာနေတဲ့ လမ်းမကြီးမှာ ဒီလို ချိန်သားကိုက်အောင် လုပ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စ။ လမ်းကလည်း ကျင်းတွေ၊ ချိုင့်တွေ၊ အပေါက်တွေ၊ အပြဲတွေနဲ့။ ဒီအထဲမှာ အဖုံးမရှိလို့ ပွင့်နေတဲ့ မိလ္လာပိုက်အပေါက်ကြီးတွေ ရှိသေးတယ်။ ဓာတ်ရထားလမ်း မျှော့ကြောင်းတွေ ရှိသေးတယ်။ တော်တော့်ကို သတိထားရတယ်။ ဒါပေမယ့် ဂါနတ်သျှကိုယ်တော်ကြီး မှိုင်းမလို့ ကျွန်တော် ပထမဦးဆုံးအခေါက်မှာ ဘာမှမဖြစ်ဘူးဗျ။ ကျောင်းသူမလေးရဲ့ အိမ်ကို ချောချောမောမောပဲ ရောက်သွားတယ်"


"လန်ချားပေါ်က ဆင်းတော့ ကောင်မလေးက ဘယ်လောက်ပေးရမလဲတဲ့။ ကျွန်တော်လည်း ဘယ်လောက်တောင်းရမှန်းမသိဘူး။ ဒါနဲ့ မင်းကြိုက်သလောက် ပေးပါကွယ်လို့ ပြောလိုက်တယ်။ ကောင်မလေးက သူ့သားရေအိတ်ထဲကြည့်လိုက်ပြီး သုံးကျပ်တော့ ကျန်သေးတယ်။ သုံးကျပ်ဆိုရင် ရှင့်ခါတိုင်းနှုန်းထက် ပိုပါတယ်နော်။ ရှင်ကံကောင်းတာပေါ့ ဆိုပြီး ကျန်တဲ့သုံးကျပ် ပေးလိုက်တယ်"


"ကျွန်တော်လည်း ပိုက်ဆံသုံးကျပ်ကိုယူပြီး ရင်ဘတ်မှာ ကပ်ထားလိုက်တယ်။ ကျေးဇူးတင်လိုက်တာဗျာ။ တော်တော်လည်း စိတ်ချမ်းသာသွားတယ်။ ပိုက်ဆံကလေးတွေကို ကျွန်တော် အကြာကြီး ကိုင်ကြည့်နေမိတယ်။ ကာလကတ္တား လန်ချားသမားတစ်ယောက်အနေနဲ့ ပထမဆုံး ဦးဦးဖျားဖျားရတဲ့ ပိုက်ဆံမဟုတ်လား။ ကျွန်တော့်စိတ်ထဲမှာလည်း အားရှိသွားတယ်။ ဒီအတိုင်း ကြိုးစားရှာလိုက်ရင် ကျွန်တော့်သားမယားကို ကျွေးနိုင်ပြီပေါ့။ ပထမဆုံးရတဲ့ ပိုက်ဆံကို မိန်းမနဲ့ကလေးတွေရဲ့ လက်ထဲကို အပ်ချင်တယ်။ သူတို့အတွက် တစ်ခုခုဝယ်ချင်တယ်။ ဒါနဲ့ အနီးမှာရှိတဲ့ အာလူးကြော်ဆိုင်တစ်ဆိုင်ဝင်ပြီး ကျွန်တော့်မိသားစုစခန်းချတဲ့ ပလက်ဖောင်းဆီကို လာခဲ့တယ်"


"ကျွန်တော်က လန်ချားကြီးဆွဲပြီး ရောက်လာတော့ ကျွန်တော့်အနားမှာ လူတွေ ဝိုင်းအုံလာကြတယ်။ ပလက်ဖောင်းမှာ အိုးမရှိ အိမ်မရှိနေတဲ့ လူတစ်ယောက် လန်ချားဝါလား ဖြစ်လာပြီ ဆိုပြီး အုတ်အော်သောင်းတင်းဖြစ်ကုန်ကြတယ်။ ကျွန်တော့်လန်ချားကြီးက စုတ်ပေမယ့် ကိစ္စမရှိဘူးလေ။ ကလေးတွေက လန်ချားပေါ် တက်ထိုင်ကြတယ်။ ယောက်ျားတွေက လန်ချားကို မ,ကြည့်ကြတယ်။ မိန်းမတွေက ကျွန်တော့်ကို ချီးကျူးတဲ့အကြည့်နဲ့ ကြည့်ကြတယ်။ မဟာဘာရတ ပြဇာတ်ထဲက အရုဏနတ်မင်းက စစ်ရထားကြီး စီးလာတာကို ကြည့်ရတာထက်တောင် ကျွန်တော်လန်ချားဆွဲလာတာကို ကြည့်တာက ပိုကောင်းနေသလားတော့ မပြောတတ်ဘူး။ ကျွန်တော့်လို တောက လယ်ကိုပစ် ပြီး ရောက်လာသူတွေအဖို့တော့ ကျွန်တော့်အခြေအနေကိုကြည့်ပြီး မျှော်လင့်အားတက်စရာ ဖြစ်လာကြတာပေါ့"


“သူတို့က ကျွန်တော့်ကို ဒီလိုအားကျတဲ့အနေနဲ့ ကြည့်တော့ ကျွန်တော့်ရင်ထဲမှာ ငရုတ်သီးစိမ်း တစ်ပန်းကန်စားလိုက်ရတာထက်တောင် သွက်လက်သွားသေးတယ်။ ကျွန်တော်လည်း သူတို့ဆီက ပြန်ထွက်လာလို့ ဆယ့်လေးငါးလှမ်းလောက်လည်း ရောက်ရော မိန်းမဝဝကြီးနှစ်ယောက်က လှမ်းခေါ်တယ်ဗျ။ ဂါနက်သျှလမ်းက ဟင်းရုပ်ရှင်ရုံကို လိုက်ပို့ပေးပါတဲ့။ သူတို့နှစ်ယောက် ပေါင်းရင် ပေါင်လေးရာလောက် ရှိမယ်ထင်တယ်။ လန်ချားဘီးလည်း စလိမ့်လိုက်ရော ကျွန်တော့်လန်ချာအိုကလေးတော့ ပြိုကျသွားတော့မလားလို့တောင် စိတ်ထဲမှာ ထင်လိုက်မိသေးတယ်။ ဝန်ရိုးကလည်း တကျွတ်ကျွတ်မြည်လာတယ်။ လှည်းသန်နှစ်ချောင်းကလည်း မုန်တိုင်းတွေတိုက်တဲ့နေ့မှာ ယိမ်းထိုးနေတဲ့ ကျူပင်နှစ်ပင်လို ကျွန်တော့်လက်ထဲမှာ တုန်ခါလှုပ်ယမ်းနေတယ်။ ဘယ်လိုထိန်းထိန်း မရဘူး။ ကျွဲတစ်ကောင်က အိမ်ကြီးတစ်ဆောင်လုံးကို ဆွဲလာရတာမျိုးဖြစ်မှာပေါ့"


"အပေါ်က လိုက်လာတဲ့ မိန်းမဝဝကြီးနှစ်ယောက်လည်း ကျွန်တော့်အခြေအနေကို ရိပ်မိသွားပုံရတယ်။ သူတို့က ကျွန်တော့်ကို အရပ်ခိုင်းတယ်။ ပြီးတော့ လန်ချားပေါ်က ဆင်းပြီး တခြားလန်ချားတစ်စီးကို လှမ်းခေါ်လိုက်တယ်။ ကိုယ့်လူကတော့ သူတို့နှစ်ယောက်ကိုတင်ပြီး ဆွဲသွားလိုက်တာ ပေါ့ပေါ့ကလေးရယ်ဗျာ။ ကိုယ့်လူ ဘယ်လိုငရုတ်သီးများ စားလာခဲ့လို့ ဒီလောက် ပေါ့နေသလဲတော့ မပြောတတ်ဘူး။ မိန်းမဝဝကြီးနှစ်ယောက်ကို တင်ပြီး မဆွဲနိုင်ဘူးဆိုတော့ လန်ချားသမားကြားထဲမှာ ကျွန်တော် သိက္ခာကျတာပေါ့ဗျာ။ ဒီတော့ သိက္ခာဆယ်တဲ့အနေနဲ့ တွေ့သမျှကို လျှောက်တင်တာပဲ။ ကျွန်တော်ဆွဲနိုင်မှန်းသိအောင် တစ်ခါတလေမှာ အလကားတင်ပြီး ဆွဲပြလိုက်မယ် စိတ်ကူးထားတယ်"


"တစ်နေ့ကျတော့ အခန့်သင့်ပဲဖြစ်သွားတယ်။ အဲဒီနေ့က ပန်းခြံလမ်းထောင့်မှာ ကျွန်တော့်လန်ချား ဆိုက်ထားတယ်။ ပန်းခြံလမ်းဆိုတာ မြို့လယ်ကောင်က လမ်းမကြီး၊ ဘေးတစ်ဖက်တစ်ချက်မှာ ဆိုင်ကြီး ကန္နားကြီးတွေချည်းပဲ။ ကျွန်တော်ရပ်နေတုန်းမှာ ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် မုန့်ဆိုင်တစ်ဆိုင်ထဲက ထွက်လာပြီး ကျွန်တော့်ကို လက်ယပ်ခေါ်လိုက်တယ်။ သူတို့လက်ထဲမှာ ရေခဲမုန့်ကလေးတွေကိုင်လို့။ ကောင်လေးက ကျွန်တော့်ရှေ့က မိုးကာကို ချပေးဖို့ ပြောတယ်။ မိုးတွင်းဆိုရင် မိုးမပက်အောင်၊ မူဆလင် အမျိုးသမီးတွေဆိုရင်လည်း လူမမြင်ရအောင်ဆိုပြီး လန်ချားမှာ ရှေ့က မိုးကာ တာလပတ်ကလေးတွေ တပ်ထားတယ်မဟုတ်လား။ ဒါပေမယ့် ခက်တာက ကျွန်တော့်လန်ချားမှာ ရှေ့က အကာမပါဘူး ခင်ဗျ။ ကျွန်တော့်လန်ချားပေါ်မှာ ကျွန်တော်လဲဖို့ အသင့်ဆောင်လာတဲ့ ဒိုတီတစ်ထည်ပါလာတယ်။ ဒီတော့ ကျွန်တော်က အမိုးအကာတော့ မပါဘူး။ ဒိုတီအပိုတစ်ထည်တော့ရှိတယ်။ ကာပေးမယ့်လို့ ပြောတယ်။ ကောင်လေးက ကောင်မလေးကို လန်ချားပေါ်တွဲတင်ပြီး လမ်းမှာ လျှောက်ဆွဲနေစမ်းဗျလို့ ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းတော့ ဆန်းတယ်လို့ အထင်သား။ ဒါပေမယ့် ကျွန်တော်လည်း ဘာမှ မမေးတော့ပါဘူး။ ရှေ့မှာ ကျွန်တော့်ဒိုတီကို ကာပေး၊ သူတို့နှစ်ယောက်တင်ပြီး အစီအစဉ်မရှိဘဲ လျှောက်ဆွဲပေးနေတယ်။ ကျွန်တော်ဆွဲလို့ ဘာကြာလိုက်သလဲ လမ်းတစ်ကွေ့ ပဲ ရောက်ကာရှိသေးတယ်။ ကျွန်တော့်လန်ချားက ယိမ်းလှုပ်နေတာပဲ။ ကျွန်တော်လည်း ယိုင်တီးယိုင်တိုင်နဲ့ လန်ချားကိုထိန်းပြီး ဆွဲလာရတာပေါ့။ တော်တော်ရှုပ်တဲ့ ကောင်လေးနဲ့ ကောင်မလေး"


"ကာလကတ္တားဟာ ကျွန်တော့်အဖို့ ကျိန်စာသင့်တဲ့ မြို့ကြီးမဟုတ်တော့ဘူး။ ဘင်္ဂလားက ပြေးလာရတဲ့ ကျွန်တော့်လို လယ်မဲ့ယာမဲ့ လယ်ကူလီဒုက္ခသည်တစ်ယောက်ကို ထမင်းကျွေးတဲ့မြို့ကြီးဖြစ်လာပြီ။ အဲဒီ ပထမနေ့ထဲမှာတင် ကျွန်တော့်မှာ ဆယ့်ခုနစ်ကျပ် စီ,လိုက်တယ်။ ဒီနေ့မှာတွင် ခုနစ်ခေါက်လောက် ချောချောမောမော ဆွဲနိုင်ခဲ့လို့ အဖမ်းအဆီးမရှိ အတိုက်အခိုက်မရှိ ချောချောမောမောဖြစ်ခဲ့လို့ ဂါနက်သျှနတ်မင်းကို ကျွန်တော် ကျေးဇူးတင်တယ်"


" အဲဒီနေ့ကရတဲ့ ပိုက်ဆံကလေးထဲက နေပြီး ကျွန်တော့်လန်ချားအတွက် ပစ္စည်းကလေးတစ်ခုလည်း ဝယ်ချင်တယ်။ အဲဒီပစ္စည်းကလေးဟာ ကျွန်တော်တို့ လန်ချားသမားတွေရဲ့ အမှတ်တံဆိပ်မဟုတ်လား။ လယ်သမားမှာ ထွန်တုံးတို့၊ တံစဉ်တို့ စတဲ့ ပစ္စည်းကိရိယာတွေ ရှိရတယ်။ ဒီပစ္စည်းတွေ ဗီဘကာမာရ်နတ်ကိုတင်ပြီး သုံးရတယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော့်လန်ချားအတွက် မရှိမဖြစ်တဲ့ ပစ္စည်းကလေးတစ်ခု ဝယ်ချင်တယ်။ အဲဒါကတော့ ခေါင်းလောင်းကလေး"


"ကာလကတ္တားမှာ လန်ချားသမားတိုင်းလိုလို ခေါင်းလောင်းကလေးတွေ ကိုယ်စီရှိကြတယ်။ ခေါင်းလောင်းကြိုးကွင်းကလေးထဲမှာ လက်ညှိုးစွပ်ပြီး တင်တင်, တင်တင်နဲ့ မြည်အောင် လှည်းသန်ကို ခေါက်ပြီး လူခေါ်ရတယ်။ ခေါင်းလောင်းကလည်း ပုံအမျိုးမျိုး၊ ဆိုက်အမျိုးမျိုး၊ အရွယ်နဲ့ ပုံသဏ္ဌာန်ကိုလိုက်ပြီး ဈေးလည်း အမျိုးမျိုးရှိတယ်။ တချို့ ခေါင်းလောင်းတွေကျတော့ ပြာမည်းမည်းနဲ့၊ သံကြွပ်နဲ့ လုပ်ထားတဲ့ ခေါင်းလောင်းတွေ။ တချို့ခေါင်းလောင်းတွေများကျတော့ ကြေးခေါင်းလောင်းတွေ၊ ပြောင်လိုက်တာကလည်း လက်နေတာပဲ။ ဗြိဟပတိ နက္ခတ်လား အောက်မေ့ရတယ်။ တချို့ခေါင်းလောင်းသံကျတော့ ကန်ပေါင်မှာ ငါးရှာနေတဲ့ ကြိုးကြာလို သိပ်အသံသာတယ်။ တချို့ ခေါင်းလောင်းတွေကျတော့လည်း ပုစဉ်းလိုက်ထိုးနေတဲ့ ပိန်ညင်းငှက်အော်သံမျိုး။ ဒါနဲ့ ကျွန်တော်လည်း ပန်းခြံအဝိုင်းကြီးနားက လန်ချားဆိပ်မှာထိုးတဲ့ လန်ချားသမားတစ်ယောက်ဆီက ခေါင်းလောင်းကလေးတစ်လုံး ဝယ်လိုက်တယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ခေါင်းလောင်းဆိုပါတော့။ ခေါင်းလောင်းက သားရေကြိုးကလေးကလည်း အကောင်းစားလေးဗျ။ ကျွန်တော့်လက်ညှိုးက ဥဿဖရားလက်စွပ်ကလေးနားမှာ စွပ်ကြည့်လိုက်တော့ ကျွန်တော့်လက်နဲ့ အတော်ပဲ။ ဒီဥဿဖရားလက်စွပ်ကလေးကို စွပ်ထားလိုက်ရင် ကျွန်တော့်ကိုယ်ထဲမှာ ခွန်အားတွေ ပြည့်လာတတ်တယ်။ ကျွန်တော့်ကံလို့ပဲ ဆိုရမှာပေါ့လေ"


“နောက်တစ်နေ့ မနက်ကျတော့ ကျွန်တော့်တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို တောင့်နေတာပဲဗျ။ လက်မောင်းတွေရော၊ ခြေထောက်တွေရော၊ ကျောထဲကရော နာလိုက်တာ မပြောနဲ့တော့။ ကုပ်ပိုးကဆိုရင် အဆိုးဆုံးပဲ။ ခေါင်းတောင် လှည့်လို့မရဘူး။ မတ်တတ်ရပ်လို့လဲ ကောင်းကောင်းမရချင်ဘူး။ ကျွန်တော့်မိတ်ဆွေ ရမ်ကျန္ဒရာကတော့ အပြောသား။ မင်းဘာသာမင်း လယ်ထဲမှာ ဘယ်လောက်ပဲ အပင်ပန်းခံနိုင်ခံနိုင် တစ်နေ့တည်းနဲ့ လူမြင်းဖြစ်မလာနိုင်ဘူးကွတဲ့။ လန်ချားကို ဆွဲစရှိမှ ဆွဲနိုင်လာတာတဲ့။ လန်ချားဆွဲရင် ခုန်တာတွေ၊ ဆောင့်တာတွေ ခံနိုင်ရတယ်တဲ့။ အခုန်အပျံတွေကိုလည်း တတ်ရတယ်တဲ့။ ကိုယ်ကိုလည်း ထိန်းနိုင်ရတယ်တဲ့။ ပြီးတော့ ရှေ့မှာ တိုက်မိခိုက်မိတာတို့ ဘာတို့ဖြစ်မယ်ဆိုရင်လည်း တစ်ကိုယ်လုံးမှာရှိတဲ့ အကြောအခြင်တွေကို ချက်ချင်း တောင့်သွားအောင်လုပ်ပြီး အရှိန်သတ် ရပ်ပစ်လိုက်ရတယ်တဲ့၊ မင်းက အစာကောင်းကောင်း မစားရတာ ကြာပြီဆိုတော့ ဒီလိုဘယ်လုပ်နိုင်ဦးမှာလဲတဲ့။ ပြီးတော့ မင်းက ပိန်လွန်းတယ်တဲ့။ အားမရှိဘူးတဲ့"


"ကျွန်တော်လည်း ရမ်ကျန္ဒရာ အကြံပေးတဲ့အတိုင်း ကျွန်တော့်တစ်ကိုယ်လုံးကို မုန်ညင်းဆီတွေ လိမ်းတာပဲ။ ဒါပေမယ့် သိပ်မထူးလှပါဘူး။ ကိုယ်တွေကတော့ နာမြဲနာနေတာပဲ။ ဟောင်ရာတံတားကြီးပေါ်မှာ လာလာပြီး နပန်းသတ်တဲ့ နပန်းသမားတွေလို နာလိုက်တာ မပြောပါနဲ့တော့။ လန်ချားဆွဲဖို့ မပြောနဲ့၊ လန်ချားကိုတောင် မ,မနိုင်တော့ဘူး။ ငိုချင်လိုက်တာ မပြောပါနဲ့တော့။ ဒါနဲ့ ကျွန်တော်ကလည်း လန်ချားကို မိန်းမအပ်ပြီး ပန်းခြံလမ်းအဝိုင်းကြီးနားက လန်ချားဆိပ်ကို လာခဲ့တယ်။ အုံနာခ ငါးကျပ်ကို ကျွန်တော်ပေးရမယ် မဟုတ်လား။ ဒါပေမယ့် ကျွန်တော် ဒီနေ့ မဆွဲနိုင်တော့ အုံနာခပေးစရာ မရှိတော့ဘူးလေ။ ကျွန်တော်လည်း ဒီနေ့ ထမင်းအငတ်ခံရတော့မှာပေါ့။ ဒါနဲ့ ကျွန်တော့် ဥဿဖရားလက်စွပ်ကလေးကို ငွေငါးကျပ်နဲ့ ပေါင်မယ်ဆိုပြီး ငွေတိုးချေးစားတဲ့ ချစ်တီးဆီကို လာခဲ့တယ်။ ဒီနေ့တွက် အုံနာခကို မပေးလို့မဖြစ်ဘူးလေ။ ကျွန်တော့်အတွက် သေရေးရှင်ရေး မဟုတ်လား။ အုံနာခ မပေးနိုင်ရင် ကျွန်တော့်လန်ချားကို ယူမယ့်လူတွေ ထောင်ချီပြီး ရှိနေကြတာ"


“ပန်းခြံလမ်းအဝိုင်းက လန်ချားဆိပ်ကို ရောက်တော့ ရမ်ကျန္ဒနဲ့ အခန့်သင့် သွားတွေ့တယ်။ မနေ့ညက ပုလိပ်ဖမ်းသွားတဲ့လန်ချားလည်း ပြန်ရလာပြီ။ မင်းကို ကြည့်ရတာ လူအိုကြီးလိုပဲ။ ခြေဒရွတ်ဆွဲလို့ပါလားတဲ့။ မင်းကြည့်ရတာ ရယ်စရာကောင်းလိုက်တာကွာလို့ သူက ပြောတယ်"


“မင်း ခု ဘာမှမဖြစ်သေးဘူး မဟုတ်လား။ ဒီအတိုင်းသာ သွားလို့ကတော့ နောက်သုံးလမကြာခင်မှာ မင်းချောင်းဆိုးရင် သွေးပါလာမှာပဲ”


"ဒီတော့မှ အမြဲတမ်း ရွှင်ရွှင်လန်းလန်းနေပြီး အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ကျွန်တော့်မိတ်ဆွေ ရမ်ကျန္ဒမှာ အဆုတ်ရောဂါရှိတယ်ဆိုတာ ကျွန်တော်သိရတယ်။ ကျွန်တော်က ခင်ဗျား ဆေးလေးဘာလေး မစားဘူးလားလို့ မေးတော့ သူက ကျွန်တော့်ကို တအံ့တဩနဲ့ လှမ်းကြည့်တယ်"


“မင်းမို့လို့ ပြောရက်ပလေတယ်ကွာ၊ ဆေးရုံတွေမှာ လူတွေ ရာထောင်ချီပြီး တန်းစီစောင့်နေကြတာ မင်း မမြင်ဘူးလား၊ မနက် အရုဏ်တက်သွားပြီး တန်းစီတာတောင် ညနေမိုးချုပ်အထိ စောင့်နေရတုန်းပဲ မဟုတ်လား၊ ဒီတော့ ဆေးဝါးအဖြစ်နဲ့ ကွမ်းပဲ ခဏခဏဝါးနေရတာပေါ့ကွ တဲ့"


"ဘာဖြစ်လို့ ကွမ်းဝါးတာလဲလို့ မေးတော့ ဒါဟာ ရန်သူကို လှည့်စားတာ တစ်မျိုးတဲ့၊ ချောင်းဆိုးလို့ သလိပ်ကို ထွေးလိုက်ရင် ကွမ်းသွေးမှန်း သွေးမှန်း မသိရတော့ ကောင်းတာပေါ့တဲ့၊ ဒီလို မသိတော့ စိတ်မညစ်ရတော့ဘူးပေါ့တဲ့"


“ခဏနေတော့ ဆေးရုံတင်ထားတဲ့ ကျွန်တော်တို့မိတ်ဆွေကို သွားကြည့်ရအောင်ဆိုပြီး သူကခေါ်တယ်၊ ကျွန်တော်တို့ ဆေးရုံကို မရောက်တာ နှစ်ရက်လောက်ရှိပြီလေ၊ ဒီနှစ်ရက်အတောအတွင်းမှာ ဘယ်လိုများနေသလဲ၊ ကျွန်တော် လမ်းမလျှောက်နိုင်တာကို မြင်တော့ ရမ်ကျန္ဒက သူ့လန်ချားပေါ် တင်ပြီး ကျွန်တော့်ကို ဆေးရုံခေါ်သွားတယ်။ ကျွန်တော်တို့နှစ်ယောက်ဖြစ်နေပုံကိုလဲ ကြည့်ဦးလေ၊ ကျွန်တော့်ကို လန်ချားပေါ် တင်ဆွဲတာ မြင်တော့ လန်ချားဆိပ်မှာရှိတဲ့ လန်ချားသမားတွေက ကျွန်တော်တို့ကိုကြည့်ပြီး ရယ်ကြတယ်၊ သူတို့ခမျာလဲ ဒီလို ရယ်ရယ်မောမောနေရတဲ့အချိန်က သိပ်မရှိဘူးမဟုတ်လား"


“အံမယ် ကိုယ်က ပါဆင်ဂျာအဖြစ် လန်ချားပေါ်တက်စီးလိုက်လာရတော့ စိတ်ထဲမှာ တစ်မျိုးကြီးပါကလား၊ လှည်းသန်နှစ်ချောင်းကြားမှာဝင်ပြီး လန်ချားဆွဲရတာထက်တောင် ကြောက်စရာကောင်းသေးတယ်လို့ ထင်မိတယ်။ ကားကြီး ကားငယ်တွေက ကိုယ့်အနားမှာ ဝှီးခနဲ ဝှီးခနဲ ဖြတ်သွားကြတာဗျ၊ မျက်နှာနားလေးတွင် ကပ်ဖြတ်သွားတာ။ တက္ကစီတွေဆိုတာလဲ မြင်းရိုင်းအုပ်၊ နွားရိုင်းအုပ်ကြီးများ ပြေးလာသလို ကျွန်တော်တို့တည့်တည့်ဆီကို တဝေါဝေါနဲ့ ပြေးလာကြတယ်၊ ရမ်ကျန္ဒဆိုတာ အနားရောက်မှ တုံ့ခနဲ ရပ်ပစ်လိုက်ရတယ်။ ဓာတ်ရထားကြီးဆိုတာကလဲ တဝေါဝေါနဲ့ ပြေးလာလိုက်တာ၊ ရှေ့မှာ နံရံကြီးရှိနေတာတောင် အဲဒီနံရံကြီးကို ဝင်တိုက်သွားတော့မယ့်ပုံပဲ။ လန်ချား လှည်းသန်ပေါ်မှာ ရမ်ကျန္ဒလက်ထားပုံကလဲ တော်တော့်ကို လှတယ်၊ တစ်ခါတလေများ လန်ချားဆွဲနေရင်းက လက်ကို တစ်နေရာကနေ တစ်နေရာ အသာပြောင်းကိုင်သွားတာ သိပ်ကြည့်လို့ကောင်းတာပဲဗျာ၊ လက်ထဲက ခေါင်းလောင်းကလေးကိုလဲ ကိုင်ထားတော့ သောက်ကျိုးနည်း သူ့ကိုကြည့်ရတာ တောင်ပိုင်းက ကဿကာလီနယ်က ဖာရစီ ကချေသည် ကျနေတာပဲ"


“ဆေးရုံက တော်တော်ဝေးတယ်ဗျာ၊ တော်တော်နဲ့ မရောက်နိုင်ဘူး၊ လမ်းမှာ အလံတွေထူပြီး ဆန္ဒပြပွဲတွေ လုပ်နေကြတော့ လမ်းတွေ အသွားအလာတွေ အကုန်ပိတ်နေတယ်၊ ဒီလို နိုင်ငံရေးဆန္ဒပြပွဲတွေဟာ ကာလကတ္တားရဲ့ အဆင်တန်ဆာပဲလေ၊ ကာလကတ္တားရောက်မှ ကျွန်တော်မြင်ခဲ့ရတဲ့ ဆန္ဒပြပွဲတွေကိုက မနည်းတော့ဘူး။ အလုပ်သမားတွေဆိုတာ စီတန်းလှည့်လည် ဆန္ဒပြပြီး အခွင့်အရေးတောင်းနေကြတာပဲ၊ ကျွန်တော်တို့တောမှာတော့ ဒါမျိုးတွေ မရှိပါဘူး။ အေးလေ၊ တောမှာ ဘယ်သူ့ကို ဆန္ဒပြပြီး ဘယ်သူ့ဆီသွားပြီး တောင်းဆိုနေရမှာလဲ၊ မိုးမကျသေးဘူးဆိုပြီး ကောင်းကင်ကြီးကို သွားဆန္ဒပြ တောင်းဆိုနေလို့ကော ရမှာတဲ့လား၊ ဒီမှာတော့ အစိုးရဆီမှာ ဆန္ဒပြတောင်းဆိုလို့ ရတာပေါ့"


“ဈေးနားရောက်တော့ လူနာဖို့ သစ်သီးကလေး ဘာလေး နည်းနည်းဝယ်တယ်၊ ဒီတစ်ခါတော့ အိတ်ထဲမှာ မနေ့ကရတဲ့ ပိုက်ဆံကလေး နည်းနည်းကျန်သေးတာကိုး၊ နာနတ်သီးတစ်လုံးဝယ်ပြီး ဈေးသည်ကိုပဲ အခွံနွှာပြီး အစိတ်ခိုင်းလိုက်တယ်၊ ဒီက အဆင်သင့် လုပ်သွားတော့ ဟိုရောက်တော့ လူမမာ အဆင်သင့်စားနိုင်တာပေါ့လေ"


“ဆေးရုံမှာတော့ လူတွေ ပြည့်ကျပ်နေတုန်းပဲခင်ဗျ။ ကျွန်တော်တို့လဲ အရင်တစ်ခါလာခဲ့တဲ့ အဆောင်ကို တန်းလာခဲ့ကြတယ်။ အရင်တစ်ခါတုန်းကလို ရမ်ကျန္ဒက သူ့လန်ချားကို ဓာတ်တိုင်တစ်တိုင်မှာ သံကြိုးနဲ့ပူးချည်ပြီး သော့ခတ် ပစ်ခဲ့တယ်၊ လန်ချားထိုင်ခုံအောက်က သေတ္တာကလေးထဲမှာရှိတဲ့ ပစ္စည်းကလေးတွေကိုတော့ ယူလာခဲ့တာပေါ့။ ခွဲစိတ်ပြီးစ လူနာတွေကိုထားတဲ့ အဆောင်မှာ အရင်အစောင့်ပဲ စောင့်နေတယ်ဗျ။ ဒါနဲ့ ကျွန်တော်တို့လဲ သူ့ကို ငွေနှစ်ကျပ်ပေးပြီး အထဲကို ဝင်လာခဲ့ကြတယ်၊ ဆေးရုံမှာတော့ အနံ့ကြီးက အရင်လိုပဲ စူးစူးဝါးဝါးကြီး နံနေတုန်းပဲ၊ ဒါနဲ့ ကျွန်တော်တို့လဲ ဆေးရုံအဆောင် အစွန်ထောင့်ကလေးမှာရှိတဲ့ ကျွန်တော်တို့လူနာဆီကို လာခဲ့ကြတယ်။ သူ့အနားမှာ လေမီးဖိုပေါက်လို့ မီးလောင်ထားတဲ့ ကလေးတစ်ယောက်လည်း ရှိတယ်လေ။ အရင်တစ်ခေါက်လာတုန်းက သူ့ကိုတောင် လိမ္မော်သီးကျွေးခဲ့သေးတယ် မဟုတ်လား၊ ကျွန်တော်က ကိုယ်တွေလက်တွေ နာနေလို့ နောက်က ဖြည်းဖြည်းပဲ လိုက်လာခဲ့တယ်။ ရှေ့က သွားနှင့်တဲ့ ရမ်ကျန္ဒက ကျွန်တော့်ဆီကို လှည့်ပြီး ဒီနေရာမှာ မရှိတော့ဘူးကွလို့ လှမ်းပြောလိုက်တယ်"


“ကျွန်တော်တို့မိတ်ဆွေရဲ့ ခုတင်မှာ မုတ်ဆိတ်တိုနှံ့နှံ့ကလေးနဲ့ မူဆလင်အဘိုးကြီးတစ်ယောက် ရောက်နေတယ်။ သူ့တစ်ကိုယ်လုံးမှာလဲ ပတ်တီးတွေ စည်းလို့၊ အကျိုးအကြောင်း မေးကြည့်တော့ သူလဲ အရင်လူနာ ဘယ်ရောက်သွားတယ်ဆိုတာ မသိဘူး၊ အစောင့်ကို မေးကြည့်တော့ အစောင့်ကလဲ မသိဘူးတဲ့၊ ကျွန်တော်တို့ကလဲ သူ့နာမည်ကို မသိတော့ ခက်နေတာပေါ့၊ တစ်နေရာရာကိုပဲ ပြောင်းလိုက်ကြပြီလား၊ ဒါမှမဟုတ် သူ့ထက် အရေးကြီးတဲ့လူနာတွေကို ထားဖို့အတွက် ဆေးရုံကပဲ အဆင်းခိုင်းလိုက်ကြပြီလား။ တခြားအဆောင်တွေကို ကျွန်တော်တို့ လိုက်ရှာကြည့်တယ်၊ ခွဲစိတ်ခန်းနားက နေရာတွေကိုလဲ လိုက်ရှာတယ်၊ ကျွန်တော်တို့မိတ်ဆွေကိုတော့ မတွေ့တော့ဘူး"


"ဆေးရုံထဲက ထွက်အလာမှာ လူနာတစ်ယောက်ကို ထမ်းစင်နဲ့ သယ်လာတဲ့ ယောက်ျားသူနာပြုနှစ်ယောက်ကို တွေ့တယ်၊ ကြည့်လိုက်တော့ ထမ်းစင်ပေါ်မှာ ကျွန်တော်တို့ မိတ်ဆွေရယ်၊ မျက်လုံးကြီးတွေကလဲ လက်တစ်နှိုက်လောက်ဟောက်လို့၊ မုတ်ဆိတ်တွေကလဲရှည်လို့၊ ပါးစပ်ကဟ,လို့၊ ကျွန်တော်တို့ကို တစ်ခုခုပြောချင်နေပုံရတယ်၊ ဒါပေမယ့် အသက်မရှိတော့ဘူးလေ။ ကိုယ့်လူ နောက်ဘဝမှာ လန်ချားသမားပဲ ဖြစ်မလား၊ ဒါမှမဟုတ် တက္ကစီဒရိုင်ဘာပဲဖြစ်မလားလို့ တွေးနေမိတယ်"


“သူ့ကို ဘယ်ကို ပို့မှာလဲလို့ ရမ်ကျန္ဒက သူနာပြုနှစ်ယောက်ကို မေးတော့ သူ့မှာ ပိုင်ရှင်မရှိဘူးတဲ့။ မြစ်ထဲကို မျှောရမယ်တဲ့”


* * * 


ဆာဘီးယား သေသွားသည့်အခါတွင် အိမ်နီးနားချင်းများသည် ကိုဗာစကီးအပေါ် တွင် သဘောထားပြောင်းသွားကြ၏။ ယခင်က သူ့ကို စကားမပြောသူတို့ကလည်း စကားပြောလာကြ၏။ သူ့ကို မယုံကြည်ဆုံးသူများကပင် ယခုဆိုလျှင် သူ့ကို ဆလမ်မာလေကွမ်းဖြင့် နှုတ်ဆက်ကြလေပြီ။ ကလေးတွေက သူ့ရေပုံးကိုယူကာ ရေဘုံပိုင်တွင် အလုအယက် ရေခပ်ပေးကြလေပြီ။


ဤပြောင်းလဲမှုကို ပြည့်စုံအောင် လုပ်ပေးလိုက်သည့် နောက်ထပ်အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့ပြန်သည်။ သူ့အခန်းနှင့် လေးငါးခန်းခြားလောက်တွင် ရောဂါပိုးဝင်သွားသဖြင့် မျက်စိကွယ်သွားသည့် အသက်ဆယ့်လေး ငါးနှစ်အရွယ် သူငယ်မလေးတစ်ယောက်ရှိသည်။ မျက်လုံးတွင် အနာကြီးတွေဖြစ်နေသဖြင့် သူငယ်မလေးသည် ငိုယိုကာ လောကကြီးကို ကျိန်ဆဲ၍သာ နေတော့သည်။ သူ့အမည်မှာ ဘန်နီဖြစ်ပြီး သူ့ဆံပင်များသည် မဂိုခေတ် ပန်းချီကားများထဲက ဘုရင်မများ၏ဆံပင်ကဲ့သို့ ရှည်လျားကာ နောက်ကျောတွင် ကျစ်ဆံမြီးထိုးထားရ၏။ တစ်နေ့မနက်တွင် သူငယ်မလေး၏အမေသည် သူ့တဲတံခါးရှေ့သို့ ရောက်လာကာ လက်နှစ်ဖက်ကိုဖြန့်၍ တောင်းခံသည်။


“ဆရာဝန်ကြီးရယ် ကျွန်မသမီးကလေးကို ကယ်ပါ။ ဒီအတိုင်း ကြည့်နေတော့မှာလား” ဟု သူက ပြောသည်။


သူ့တွင် အက်စပရင်ဆေးပြား၊ အကိုက်အခဲ​ပျောက်ဆေးပြားနှင့် အနာလိမ်းသည့် ဖယောင်းချက်တစ်တောင့်သာရှိ၏။ ထိုရောဂါမျိုးကို ဘယ်မှာလျှင် ပျောက်ကင်းအောင် ကုနိုင်ပါမည်နည်း။ ကိုဗာစကီးသည် သူငယ်မလေး၏မျက်လုံးပေါ် တွင် ဆေးဖယောင်းချက်ကို ထည့်ပေးရန် စိတ်ကူးရသည်။ သုံးရက်လိမ်းလိုက်သည့်အခါတွင် အနာသက်သာသွားကာ ရောဂါပျောက်စပြုလာသည်။ သီတင်းတစ်ပတ်ကုန်သည့်အခါတွင် ဘန်နီသည် မျက်စိကောင်းကောင်းမြင်ရလေပြီ။

 

ထိုသတင်းသည် သူတို့ရပ်ကွက်ကလေးထဲတွင် တောမီးပမာ ပျံ့နှံ့၍သွား၏။ လူဖြူမှော်ဆရာ ကုပေး၍ ပျောက်သည်ဟုလည်း ပြောနေကြသည်။ ဤတွင် ရပ်ကွက်မှလူများသည် ကိုဗာစကီးကို ယုံကြည်လေးစားသွားကာ ယခင်က သူ့ကို တလွဲထင်ခဲ့သည့် အထင်တို့သည်လည်း ပျောက်ကွယ်သွားကြ၏။ သို့ဖြင့် လူမမာများ၊ ရောဂါသည်များသည် သူ့နေရာကလေးသို့ ရောက်လာကြသည်။ 


ကိုဗာစကီးသည် ငြင်းပယ်၍ မရတော့ပြီ။ ဆေးများကို စုဆောင်းကာ သူတို့အား သင့်ရာဆေးများကို ပေးရ၏။ သူ့တဲကလေးတွင် လူပြတ်သည်ဟူ၍မရှိ။ တဲကလေးထဲတွင် လူနာတွေ တရုန်းရုန်းနှင့် ဖြစ်နေသည်။ သူ့တဲကလေးသည် ရောဂါဝေဒနာသည်အပေါင်းတို့၏ ခိုလှုံရာဖြစ်နေသည်။ တစ်မနက်တွင်မူ အထမ်းနှစ်ယောက်တို့သည် သူ့တဲထဲသို့ လူတစ်ယောက်ကို ထမ်းစင်ဖြင့် ခေါ်လာခဲ့ကြသည်။ ထိုလူနာ၏ ခေါင်းတစ်ခုလုံးမှာ ပြာတွေ သုတ်လိမ်းထား၏။ ထိုလူနာတွင် လက်ချောင်းတို့လည်း မရှိတော့၊ ခြေချောင်းတို့လည်း မရှိတော့ပြီ။ ထိုလူနာမှာ ကိုယ်ရေရောဂါသည်တစ်ယောက် ဖြစ်သည်။ သို့တိုင် သူ့မျက်နှာသည် အံ့သြလောက်အောင် လန်းဆန်းထက်သန်လျက်ရှိ၏။


“ကျွန်တော့်နာမည်က အန်နွားလို့ ခေါ်ပါတယ် ဆရာကြီးရယ်၊ ကျွန်တော့်ကို ကယ်ပါနော် ဆရာကြီး”


အန်နွား၏မျက်လုံးများသည် ဝတ်ရုံလွှမ်းထားသည့် ခရစ်တော်၏ပုံကို စိုက်ကြည့်နေ၏။ ထိုနောက် တအံ့တဩဖြင့်...

“သူက ဘယ်သူလဲ ဆရာကြီး” 


“ယေရှုခရစ်တော်”


ကိုယ်ရေရောဂါသည် အန်နွားသည် မယုံနိုင်သောမျက်နှာဖြင့် သူ့ကို လှည့်ကြည့်သည်။


“မဖြစ်နိုင်တာ ဆရာကြီးရယ်၊ သခင်ယေရှုရဲ့ ပုံတော်တွေကို ကျွန်တော် မြင်ဖူးသားပဲ၊ ဒီလိုမှမဟုတ်တာ။ ခု ဆရာကြီး ချိတ်ထားတဲ့ သခင် ခရစ်တော်ရဲ့ ပုံက မျက်လုံးကို မှိတ်လို့။ ပြီးတော့ ကြည့်ရတာကလည်း စိတ်မချမ်းမသာ ဖြစ်နေတဲ့ပုံဖြစ်နေတယ်”


အိန္ဒိယပြည်တွင် ဆွဲသည့် သခင်ခရစ်တော်၏ပုံထဲ၌ သခင်ခရစ်တော်သည် ပြည့်ဖြိုးကြည်လင်နေသည်။ မျက်လုံးပြာပြာ၊ အောင်မြင်သော မျက်နှာထားဖြင့် ဟိန္ဒူနတ်ဘုရားများကဲ့သို့ အရောင်အသွေးတို့ တောက်ပလျက်။


“သခင်ခရစ်တော်ဟာ ဝေဒနာကို ခံစားခဲ့ရတယ်လေ”


ကိုဗာစကီးက ပြောသည်။ သို့ရာတွင် အန်နွားသည် ထိုမျှလောက် ပြောရုံဖြင့် နားလည်မည်မထင်။ ထို့ကြောင့် မာဂရီတာ၏ သမီးကလေးတစ်ယောက်က သူ့စကားကို ဘင်္ဂါလီဘာသာဖြင့် ပြန်ပြောပေးရ၏။


“သခင်ခရစ်တော်ရဲ့ မျက်လုံးတွေ မှိတ်ထားတာကတော့ ကျွန်တော်တို့ကို ပိုပြီးမြင်အောင် မှိတ်ထားရတာ၊ သခင်ခရစ်တော်က မျက်လုံးမှိတ်ထားတော့ ကျွန်တော်တို့အဖို့လည်း ခရစ်တော်ကို သေသေချာချာကြည့်နိုင်တာပေါ့။ သခင်ခရစ်တော်ရဲ့ မျက်လုံးတွေကို ဖွင့်ထားရင် ကျွန်တော်တို့ဟာ ခရစ်တော်ကို သေသေချာချာ စိုက်မကြည့်ရဲဘူးလေ။ ကျွန်တော်တို့မျက်လုံးတွေဟာ မသန့်ရှင်းတော့ သခင်ခရစ်တော်ကို သေသေချာချာမကြည့်ရဲဘဲ ဖြစ်နေတယ်။ ကျွန်တော်တို့နှလုံးသားတွေဟာလည်း မသန့်ရှင်းဘူး မဟုတ်လား။ ခုလို သခင်ခရစ်တော် ဝေဒနာကို နာကျင်စွာ ခံစားနေရတာဟာ ကျွန်တော်တို့ပယောဂလည်း မကင်းဘူး။ သခင်ခရစ်တော်ဟာ ဝေဒနာကို ခံစားနေရတယ်ဆိုရင် ဒီလို ခံစားရတာဟာ ကျွန်တော်တို့ကြောင့် ခံစားရတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဒုစရိုက်တွေ၊ ကျွန်တော်တို့ကျူးလွန်တဲ့ မကောင်းမှုတွေကြောင့် ခံရတာဖြစ်တယ်။ ဒါတောင်မှ သခင်ခရစ်တော်ဟာ ကျွန်တော်တို့ကို မေတ္တာထားနိုင်သေးတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်နိုင်သေးတယ်။ သခင် ခရစ်တော်ဟာ သူ့ကိုကြည့်ခြင်းဖြင့် ကျွန်တော်တို့အပြစ်တွေကို ဆေးကြောပေးတယ်။ ဒါကြောင့် ခရစ်တော်ဟာ မျက်လုံးကို မှိတ်ထားတာ။ သူမျက်လုံးကို မှိတ်ထားတာမြင်တော့ ကျွန်တော်တို့တစ်တွေလည်း မျက်လုံးကိုမှိတ်ပြီး သခင်ခရစ်တော်ကို အာရုံပြုချင်လာတယ်၊ ကိုယ့်ရင်ထဲမှာရှိတဲ့ ဘုရားသခင်ကို အာရုံပြုလိုစိတ်ပေါ်လာတယ်။ ဒီတော့ ကျွန်တော်တို့မှာလည်း သခင်ခရစ်တော်လို လူတွေကို မေတ္တာထားတတ်လာတယ်။ ခွင့်လွှတ်တတ်လာတယ်။ အထူးသဖြင့် သူ့လို ဝေဒနာခံရသူတွေကို ပိုပြီး မေတ္တာထားတတ်လာတယ်”


ကိုယ်ရေရောဂါသည် အန်နွားနောက်တွင် ထိုင်နေသည့် ကလေးမလေး တစ်ယောက်သည် ရှေ့သို့တိုးလာကာ ခရစ်တော်၏ပုံကို နမ်းရှုပ်ပြီးနောက် ပုံတော်ကို လက်ချောင်းကလေးများဖြင့် တယုတယကိုင်နေရာမှ စိတ်ထိခိုက်သွားဟန်ဖြင့် မျက်ရည်ဝဲလာသည်။


“သခင် ခရစ်တော်ဟာ ဝေဒနာကို ခံစားနေရပေမယ့် သူ့အတွက် ဘယ်သူမှ မငိုစေချင်ဘူး။ ဝေဒနာခံစားနေရတဲ့ တခြားလူတွေအတွက်သာ ငိုစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်ဟာ အဲဒီဝေဒနာခံစားနေရသူ

တွေရဲ့ ရင်ထဲမှာ ရောက်နေလို့ပဲ။ ခရစ်တော်ဟာ ဝေဒနာခံစားရသူတွေရဲ့ နှလုံးသားထဲမှာရှိတယ်။ အပေါင်းအဖော်မဲ့တဲ့သူတွေရဲ့ နှလုံးသားထဲမှာ ရှိတယ်။ စွန့်ပယ်ခံရသူတွေရဲ့ နှလုံးသားထဲမှာရှိတယ်။ စက်ဆုတ် ရွံရှာခြင်းခံရသူတွေရဲ့ နှလုံးသားထဲမှာရှိတယ်။ စိတ်မနှံ့သူ၊ စိတ်ချောက်ချားသူတွေရဲ့ စိတ်ထဲမှာရှိတယ်။ ဒါကြောင့်မို့ ဒီပုံတော်ကို ကျွန်တော် သဘောကျတာ။ ဒီပုံတော်ကို ကြည့်လိုက်တာနဲ့ အဲဒါတွေကို သတိရလာတယ်"


အန်နွားသည် ခေါင်းကို ဖြည်းဖြည်း ညိတ်နေ၏။ ထို့နောက် ငုံးတိတိဖြစ်နေသော လက်နှစ်ဖက်ဖြင့် ပုံတော်ကို ထိုးပြပြီးနောက်....... 

“ဆရာကြီးရဲ့ ပုံတော်ထဲက ခရစ်တော်ဟာ ကျွန်တော်တို့ပုံတော်တွေထဲက ခရစ်တော်ထက် ပိုပြီး မြင့်မြတ်သန့်ရှင်းတယ်နော်” ဟု ပြော၏။


* * * 


"အဲဒီနေ့က ကျွန်တော့်လန်ချားပေါ် တက်စီးတဲ့ ပထမဆုံး ပါဆင်ဂျာကတော့ တကယ်စိတ်ပျက်ဖို့ကောင်းတယ်ဗျာ။ လက်ချောင်းကလေးတွေကလည်း တုတ်တုတ်တိုတိုကလေးတွေ။ လက်ချောင်းတွေမှာ ရွှေလက်စွပ်တွေကိုလည်း တစ်ကွင်းပြီး တစ်ကွင်း ဆင့်ဝတ်ထားလိုက်သေးတယ်။ အလိပ်လိပ်ထနေတဲ့ ဗိုက်ခေါက်ထူကြီးကိုလည်း ရှပ်အင်္ကျီပါးပါးကလေးထဲက အတိုင်းသား မြင်နေရတယ်။ ဆံပင်မှာလည်း လိမ်းထားလိုက်တဲ့ ဆီမွှေးကလည်း ရွှဲနေတာပဲ"


ဟာစရီပါးက ထိုနေ့မနက်က သူပထမဆုံး လန်ချားတင်ဆွဲရသည့် ခရီးသည်အကြောင်းကို ပြန်၍ပြောပြသည်။


“ဒီအထဲမှာ ပြောပုံဆိုပုံကလဲ မောက်မာလိုက်သေးတယ်။ ဒါပေမယ့် ကိုယ့်ဆီလာတဲ့ ခရီးသည်ကို ကျွန်တော် မငြင်းရဲဘူးလေ။ ကျွန်တော့်မှာ ပိုက်ဆံလိုနေတယ် မဟုတ်လား။ သူက မာရဝါရီကုန်သည်ကြီးဗျ။ ခါတိုင်းတော့ တက္ကစီတို့ ဘာတို့ စီးနေကျထင်ပါရဲ့။ လန်ချားပေါ်တက်ပြီး မြန်မြန် မြန်မြန်လို့ အတင်းခိုင်းနေတာပဲ။ ပြီးတော့ မြင်းဆိုရင် ကြိမ်နဲ့ ရိုက်မယ်ထင်တယ်။ ခု ကြိမ်မပါတော့ ကျွန်တော့်ကို ခြေထောက်နဲ့ နံရိုးကို လှမ်းကန်ပြီး မြန်မြန် အဆွဲခိုင်းနေတယ်။ ဖိနပ်ဦးချွန်ဆိုတော့ နာလိုက်တာဗျာ"


“ဒါပေမယ့် ခက်တာက သူက ဘယ်ကိုသွားမယ်လို့ ပြောတာမဟုတ်ဘူးဗျ။ လန်ချားပေါ် တက်ပြီး ဒီလမ်းအတိုင်း မြန်မြန်ဆွဲစမ်းလို့ပဲ ပြောတာ။ သူကွေ့ချင်နေတဲ့နေရာရောက်မှ ဘယ်လှည့် ညာလှည့် မြန်မြန်ဆွဲ ဆိုပြီး ပြောတာ။ သူက လန်ချားပေါ်ကနေပြီး အတင်းဆွဲခိုင်းနေတော့ ကျွန်တော်လဲ ဘတ်စ်ကားတွေ၊ လော်ရီတွေကြားထဲမှာ အကွေ့အအရှောင်တွေ၊ အခုန်အပျံတွေနဲ့ ဒလကြမ်း ဆွဲလာခဲ့ရတာပေါ့။ တစ်ခါတလေကျတော့လည်း တစ်နေရာမှာ ရပ်ဆိုပြီး အရပ်ခိုင်းလို့ ရပ်ပေးရတယ်၊ တစ်ခါ ဆွဲ ဆိုပြီး အဆွဲခိုင်းပြန်ရော။ အဲဒီလို တုံ့ခနဲ အရပ်ခိုင်းလိုက်ပြီဆိုရင် ဆွဲတဲ့လူတော့ သေချင်စော်နံနေတာပဲ။ ဘယ်မသေချင်ဘူး ရှိပါ့မလဲ၊ အားကုန်ပြေးလာရာကနေပြီး တုံ့ခနဲ ရပ်လိုက်တာနဲ့ အပေါ်က အလေးချိန်နဲ့ ဟန်ချက်ညီသွားအောင် ခါးကို ဆတ်ခနဲ တောင့်ထားပြီးမှ ရှေ့ကို ပြန်ကုန်းလိုက်ရတာ။ အဲဒီလိုအခါမျိုးကျရင် ခါးကနာလိုက်တာ ဘာပြောကောင်းမလဲ။ ခါးရိုးကြီး ဖျောင်းခနဲ ကျိုးသွားတော့မလားလို့တောင် ထင်လိုက်ရတယ်။ လန်ချားရဲ့ အလေးချိန်ရော၊ ခရီးသည်ရဲ့ အလေးချိန်ရော ခါးနဲ့ ထိန်းထားရတာကိုး"


"ပြန်ဆွဲတဲ့အခါမှာတော့ ဒီလောက်တော့ မနာဘူး။ ဒါပေမယ့် အဲဒီအခါကျတော့ ပခုံးသားတွေနဲ့ လက်မောင်းသားတွေက သိပ်နာလာပြန်ရော။ လန်ချားကို လိမ့်နေအောင် ပခုံးနဲ့ လက်မောင်းကို အားပြုပြီး ထားရတာကိုး။ ကျွန်တော်တင်မဟုတ်ဘူး။ အဲဒီအခါမျိုးဆိုရင် လန်ချားလည်း သနားစရာပဲ။ ကျွန်တော်က တုံ့ခနဲ ရပ်လိုက်တာနဲ့ လန်ချားဝင်ရိုးနဲ့ လှည်းသန်တွေကလဲ ကျိုးကျိုးကျွတ်ကျွတ် မြည်ကုန်ကြတယ်၊ ကျွန်တော့်အရိုးတွေ မြည်သလိုပေါ့။ အဲဒီနေ့ကလဲ ပူလိုက်တာ မပြောပါနဲ့တော့။ နှစ်ရက်သုံးရက်အတွင်းမှာ ကာလကတ္တားမှာ အပူချိန်များလာတယ်။ တချို့က ပြောတော့ အပူလှိုင်းလာတယ်ဆိုလား ဘာလားပဲ။ အဲဒီအပူရှိန်ကြောင့်လား မသိဘူး၊ အဲဒီနေ့က ဘတ်စ်ကား ဒရိုင်ဘာတွေနဲ့ တက္ကစီဒရိုင်ဘာတွေကလဲ စိတ်တိုလိုက်ကြတာဗျာ။ လမ်းကွေ့တစ်ခုနားရောက်တော့ ဆာဒါဂျီးတစ်ယောက်က ကျွန်တော့်လှည်းသန်ကိုကိုင်ပြီး လန်ချားကို ဘေးကို တွန်းပစ်လိုက်တယ်။ ကျွန်တော်လဲ မထိန်းနိုင်တော့ဘူးလေ။ လန်ချားက ဦးယမ်းပြီး မှောက်မလို ဖြစ်သွားတယ်။ ဒီတွင် အပေါ်က ကျွန်တော့်ခရီးသည်က ကျွန်တော့်ကို ခြေထောက်နဲ့ တစ်ချက် ဆောင့်ကန်လိုက်တယ်။ လမ်းပြတိုင်မှာ လမ်းပြနေတဲ့ ပုလိပ်ကလဲ ကျွန်တော့်ကို တစ်ချက် လှမ်းဆဲလိုက်တယ်"


"တစ်နေရာရောက်တော့ လန်ချားက ဓာတ်ရထားနဲ့ ယှဉ်လာတယ်။ ဓာတ်ရထားမှာ တွဲလောင်းခို လိုက်လာတဲ့ ကောင်လေးတစ်သိုက်က ကျွန်တော့်ခေါင်းကို ခြေထောက်နဲ့ လှမ်းကန်လိုက်သေးတယ်လေ။ ဒါပေမယ့် ဘာလုပ်လို့ ရမှာလဲ။ ဓာတ်ရထားကလည်း ပြေးနေတာ၊ ကျွန်တော်ကလည်း ပြေးနေတာ၊ သည်လိုပဲ ခံလိုက်ရတာပေါ့"


ထိုနေ့က လန်ချားသိမ်းခါနီးတွင် ဟာစရီပါးသည် ပန်းခြံအနီးက ပျော်ပွဲစားရုံတစ်ခုသို့ ခရီးသည်တစ်ယောက်ကို လိုက်ပို့ခဲ့ရသေးသည်။ ခရီးသည် ဆင်းရန် လန်ချားကို အောက်နှိမ့်ကာ လှည်းသန်ကို မြေကြီးပေါ်သို့ ချမည်ပြုရင်း လန်ချားခ ငါးကျပ်ကို တောင်းသည်။ ဤတွင် ခရီးသည်သည် သူ့ကို သေနတ်ဖြင့်ထောက်၍ ဓားပြ အတိုက်ခံလိုက်ရသည့်နှယ် မျက်နှာကြီး ညိုမည်းသွားကာ စိတ်ဆိုးမာန်ဆိုးဖြင့် ...“ဘာ ငါးကျပ်လဲကွ၊ မြင်းကျိုးစီးလာရတာကို ငါးကျပ်ပေးရမလား” ဟု အော်သည်။


ထိုစဉ် အဖြစ်အပျက်တစ်ခု မမျှော်လင့်ဘဲ ပေါ်လာခဲ့သည်။ ခရီးသည်က အော်ကြီးဟစ်ကျယ် ငြင်းနေသံကို ကြားသည့်အခါတွင် အနီးရှိ လန်ချားသမားများ ဝိုင်းလာကြ၏။ ဤတွင်မှ ခရီးသည်သည် လန့်ဖျပ်သွားကာ အိတ်ထဲသို့ နှိုက်၍ ပိုက်ဆံရှာနေသည်။ ထို့နောက် အိတ်ထဲမှ ငါးကျပ်တန် အသစ်ကျပ်ချွတ်ကလေးတစ်ချပ်ကို ထုတ်ပေးလိုက်၏။


“ခွေးတွေ ဝိုင်းဟောင်တော့ ကျားလက်သည်း ပြန်ကုပ်သွားတယ်ဆိုတဲ့ ကျွန်တော်တို့စကားပုံလိုပေါ့ဗျာ” ဟု ဟာစရီပါးက ပြော၏။


ကာလကတ္တားမြို့ကြီးသည် တောကြီးတစ်တောနှင့် တူသည်။ တောတစ်တောတွင် တော၏ဥပဒေသများနှင့် တော၏ဘုရင်ရှိသည်။ အဆင့်ဆင့် နိုင်ရာ စားကြသည်။ ဆင်၊ ကျား၊ ကျားသစ်၊ မြွေ စသဖြင့် တစ်ကောင့်တစ်ကောင် နိုင်ရာစားကြသကဲ့သို့ ကာလကတ္တားမြို့ကြီးမှ မြို့တိရစ္ဆာန်များသည်လည်း တစ်ကောင့်တစ်ကောင် နိုင်ရာစားကြသည်။ ဘုမသိဘမသိဖြင့် ကျားကို ကျားမှန်းမသိလျှင် ဒုက္ခနှင့် လှလှကြီး တွေ့ပြီသာ မှတ်ပေရော့။


တစ်နေ့၌ ဟာစရီပါးသည် ပန်းခြံအဝိုင်းနားရှိ နာမည်ကြီး ညကလပ်တစ်ခုဖြစ်သော ကစ်ကက်ကလပ်နားတွင် လန်ချားထိုးထားသည်။ ထိုစဉ် ပန်ချာပီ တက္ကစီသမားတစ်ယောက်က ထိုနေရာတွင် သူ့ကားဆိုက်မည်ဖြစ်၍ နေရာဖယ်ပေးရန် သူ့ကို လှမ်း၍လက်ပြ၏။ ဟာစရီပါးက မသိသလိုလုပ်နေလိုက်သည်။ ကားလက်ကိုင်ဘီးနောက်တွင် ထိုင်နေသည့် ပန်ချာပီကြီး၏ခေါင်းပေါင်းသည် ဒေါသကြောင့် လှုပ်ယမ်းစပြုလာလေပြီ။ ထိုးတော့မည့် ဆင်ကြီးတစ်ကောင် အော်သည့်နှယ် ပန်ချာပီဒရိုင်ဘာသည် သူ့မော်တော်ကားကို အဆက်မပြတ် ကျယ်လောင်စွာ တီးနေသည်။ ဟာစရီပါးသည် ကာလကတ္တားတောကြီးထဲတွင် လိုက်နာရသည့် ထုံးတမ်းဥပဒေတစ်ခုကို နားမလည်ချေ။ လန်ချားသည် တက္ကစီကို နေရာဖယ်ပေးရမည်ဟု တော၏ဥပဒေက ဆိုသည် မဟုတ်လော။


ပန်ချာပီဒရိုင်ဘာက သူ့လန်ချားကို ဝင်တိုက်တော့မည့်အခါတွင် ဟာစရီပါးသည် သူ့လန်ချားကလေးကို ဆွဲကာ အနိုင်နိုင် လွတ်အောင် ရှောင်လိုက်ရသည်။


ဟာစရီပါးအဖို့ ကာလကတ္တားတောကြီးထဲတွင် လူမြင်းအဖြစ် ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားရခြင်းသည် သည်လောက် အရေးမကြီးပါ။ သူ့ရွာတုန်းကလည်း ထိုနည်းနှင်နှင် ပင်ပင်ပန်းပန်းလုပ်ခဲ့ရပြီး ဖြစ်ပါသည်။ မိန်းမဝဝကြီးနှစ်ယောက်ကို ဘာရားဘဇားသို့ လိုက်ပို့ရသလိုပင် ရွာတွင်ရှိစဉ်ကလည်း အလုပ်ကြမ်းလုပ်ခဲ့ဖူးပါသည်။ သို့ရာတွင် ရွာက အလုပ်ကြမ်းမှာ အခါရာသီနှင့် လုပ်ရသည့်အလုပ်ဖြစ်၏။ ရာသီမတိုင်သေးလျှင် နားနားနေနေ နေနိုင်သေး၏။ ကာလကတ္တားတောကြီးထဲက လန်ချားဝါလားအလုပ်ကား တစ်ပတ်လျှင် ရက်တိုင်း၊ တစ်နှစ်လျှင် အပတ်တိုင်း ကျွန်ခံနေရသော ကျွန်စနစ်ပေတည်း။


"တစ်ခါတလေကျတော့လည်း ဟောင်ရာတံတားဟောင်းကြီးတစ်ဖက်မှာ ရှိတဲ့ ဘူတာကြီးကို လိုက်ပို့ရတာတွေရှိတယ်ဗျ။ ဟောင်ရာတံတားတစ်ဖက်မှာ လန်ချားကို ကျွန်တော်တို့လို ခြေကျင်မဆွဲဘဲ ဘိုင်စကယ်နဲ့ ဘေးတွဲဆွဲတဲ့ ဘေးလန်ချားတွေရှိတယ်။ ဘေးတွဲဆွဲတဲ့ လန်ချားဘိုင်စကယ်ကို ကျွန်တော် တစ်ခါမှတော့ မစီးဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်အထင်ပြောရရင်တော့ ကျွန်တော်တို့ ခြေကျင်ဆွဲရတာထက်တော့ သက်သာမယ် ထင်တာပဲ။ ဒါနဲ့ တစ်နေ့တော့ ကျွန်တော်က ဒီအကြောင်းကို ရမ်ကျန္ဒကို ပြောမိတယ်။ ဒီတော့ သူက တင်ပါးကလေးကို လက်နှစ်ဖက်နဲ့ ပွတ်လိုက်ပြီး 'မင်း တော်တော်အ,သေးတဲ့ကောင်ပဲ၊ ဘိုင်စကယ်ကုန်းနှီးပေါ်မှာ တစ်နေ့ကို ဆယ်နာရီ ဆယ့်နှစ်နာရီလောက် ထိုင်နေတာ ဘယ်လောက် ပင်ပန်းတယ်ထင်သလဲတဲ့။ မင်း ခုနေ တက်စီးကြည့်ပါလား။ ကုန်းပေါက်ပြီး တင်ပါးတစ်ခုလုံး အနာတွေချည်းပဲဖြစ်ကုန်မှာ။ ပြီးတော့ ရွှေပန်းလည်း တိုသွားမှာကွတဲ့"


"ရမ်ကျန္ဒဆိုသူဟာ တော်တော် အံ့သြဖို့ကောင်းတဲ့လူဗျာ။ သူပြောလိုက်ရင် ကိုယ့်ထက်ဆိုးတဲ့ လူချည်းပဲ ရှိတယ်လို့ တွေးပြီး ကိုယ့်ကိုယ်ကို တော်တော် ရောင့်ရဲနိုင်တဲ့လူ"


အပိုင်း(၉)ဆက်ရန်

မြသန်းတင့်


No comments:

Post a Comment