Wednesday, July 20, 2022

​မွှေး (အပိုင်း - ၃)

ခုမှ ဘဝအစသို့ရောက်သည်ကို ​မွှေး သတိပြုလိုက်၏။ နောက်တစ်နေ့မနက်တွင် ကိုထွန်းမောင်၊ မသိန်းတို့က သူ့စားရေးသောက်​ရေးအတွက် စီစဉ်ပေးကြသည်။ ဒေါ်လေးမူရာနှင့်တော့ ကြာကြာ စကားမပြောဖြစ်ခဲ့ပေ။ ဒေါ်လေးသူဇာသည် လွန်ခဲ့သော ခြောက်လခန့်ကပင် အိမ်က သဘောမတူသူတစ်ယောက်ကိုယူ၍ ဒေါ်လေးမူရာက ပြန်၍မကြည့်တော့ကြောင်း ကိုထွန်းမောင်ထံမှ မွှေး သတင်းမေးယူရ၏။ 


ဒေါ်လေးမူရာ ယောက်ျားကလည်း မွှေးကို တွေ့စဉ်တွင် ဟက်ဟက်ပက်ပက်မရှိလှသောကြောင့် မွှေးသည် အိမ်ကြီးဘက်သို့ မသွားတော့ပေ။


ထမင်းစားချိန်တွင်သာ ကိုထွန်းမောင်သည် ချိုင့်တစ်လုံးဆွဲ၍ လာပို့၏။ 


အတွတ်ကို နောက်လဆန်းမှပင် တွေ့ရသည်။ အတွတ် ခဏခဏ လာပေမယ့် မွှေး အလုပ်သွားနေ၍ မတွေ့ရခြင်းဖြစ်၏။ ယနေ့တော့ တနင်္ဂနွေနေ့ဖြစ်၍ ဆိုက်ဆိုက်မြိုက်မြိုက် မွှေးကို အတွတ်တွေ့ရသည်။ ခုတင်လေးပေါ်တွင် စာတစ်အုပ်ကို မွှေးက ခွေခွေကလေး ဖတ်နေရာမှ တံခါးဝတွင် အတွတ် လာရပ်သောအခါ ဝမ်းသာအားရ ဆီး၍ကြိုသည်။ အတွတ်သည် အခန်းပတ်ဝန်းကျင်ကို ကြည့်ရင်း မျက်နှာပျက်သွားသည်။


“မွှေးကို အိမ်ပေါ်မှာ ဘာလို့ မနေစေတာလဲ” 


“မွှေး ဘယ်သိမလဲ”


မွှေးက အေးအေးပင် ဖြေ၏။ ခုတင်ခြေရင်းဘက်သို့ ရွှေ့ပေးကာ အတွတ်အတွက် နေရာပေးသည်။ 


"ထိုင်ဦးလေ"


"ဖရက်ကို တွေ့ပြီလား"


" မွှေးဒီရောက်နေတာတော့ သူ့ဆီကို စာကြိုပေးထားလို့ သိရောပေါ့” 


“သိပါတယ်။ ဒီမှာ စာပါလာတယ်”


သူ့အိတ်ထဲမှ စာထုတ်ကာ အတွတ်က မွှေးလက်ထဲသို့ ထည့်လိုက်၏။ ခုတင်ခေါင်းရင်းတွင် ထိုင်ရင်း သူ့မျက်နှာမှာ တစ်ခုခု အလိုမကျသလို ဖြစ်၍နေသည်။ 


“မဟုတ်သေးဘူး မွှေး၊ မင်းတို့အိမ်မှာ သူတို့နေတုန်းကတော့ အိမ်ပေါ်ထပ်မှာ အတူတူစား၊ အတူတူနေ။ မင်းလာနေတဲ့ အလှည့်ကျတော့ ဒီအစေခံတန်းလျားမှာ၊ ထမင်းစားတော့ကော” 


အတွတ်၏မေးခွန်းကို မွှေးက ရုတ်တရက် မ​ဖြေသေးဘဲ ​ငေးနေ၏။ ဖရက်ထံမှ စာလေးကို တယုတယကိုင်ရာမှ သူ မ​ဖြေချင့် ဖြေချင်နှင့် ဖြေလိုက်၏။


“ထမင်းဆိုင်မှာ"


“ဟယ် ...တကယ်ပြောတာလား မွှေး”


“ညာစရာ မလိုပါဘူး။ ဆိုင်မှာတော့ သွားမစားဘူး၊ ထမင်းချိုင့် ကိုထွန်းမောင် ယူလာပေးတယ်”


မွှေး ဖြေသံသည် တိုး၍ မပွင့်တစ်ပွင့်ဖြစ်သည်။ 


“မွှေး အလုပ်ဝင်လုပ်တာ လခ ဘယ်လောက်ရလဲ” 


“တစ်ရာ့ငါးဆယ်ကျပ် ရတယ်၊ မေမေ့ဆီ တစ်ရာကျပ် ပို့ပေးတယ်၊ ထမင်းလခက သုံးဆယ့်ငါးကျပ်” 


“ကျန်တဲ့ တစ်ဆယ့်ငါးကျပ်က ခရီးစရိတ်လား”


“ရုံးက ပြည်လမ်းမှာ ဆိုတော့ သိပ်မကုန်ပါဘူး” 


အတွတ်သည် ခေါင်းကို တွင်တွင်ခါရမ်းလိုက်သည်။


“မဟုတ်သေးပါဘူး မွှေးရယ်၊ မွှေး ဆင်းရဲလွန်းလှတယ်။ မွှေး ဒီလိုနေတာတွေ ကြီးကြီးတင် သိမှာမဟုတ်ဘူးထင်တယ်၊ ကိုယ် စာရေးလိုက်မယ်” 


“မွှေးကိုချစ်ရင် ​မွှေးနေထိုင်ရတဲ့ဒုက္ခတွေ မေမေ မသိပါစေနဲ့အတွတ်ရယ်။ မေ​မေဟာ မလွှဲသာလို့ မွှေးကို ခွဲလွှတ်ရတယ်ဆိုတာ မွှေးနားလည်တယ်။ မွေးဒီလိုနေရတာ သိရင် မေမေ ရင်ကွဲမှာပေါ့။ အတွတ် မပြောရဘူး” 


အတွတ်သည် ငိုင်သွားတော့၏။


“ဒါတွေ အဆန်းမဟုတ်ပါဘူး၊ ကိုယ်တို့မြို့က လာပြီးအလုပ်လုပ်ရတဲ့ မိန်းကလေးတွေ ပြည့်လို့ပါကွယ်။ သူတို့လဲ ဒုက္ခရောက်ကြတာပဲ။ အတွတ်ကလည်း ငိုင်မနေပါနဲ့”


“​မွှေး ဒီလိုစီစဉ်တယ်။ နောက်လကျရင် မေမေ့အထဲက ငွေနှစ်ဆယ်ယူမယ်၊ ရုံးရှေ့က ဆရာမက စာသင်ပေးမယ်တဲ့။ မွှေးက ဂျပန်ခေတ်က ဆယ်တန်းဆိုတော့ ရုံးအုပ်က အလုပ်သာခန့်တယ်၊ အထင်သေးသလိုပဲ။ ဒီနှစ် မက်ထရစ်အောင်အောင် သင်မယ်”


မွှေး၏ ငွေရေးကြေးရေးအခက်အခဲများကို အတွတ်က ကူချင်သည်။ သို့သော် မာနကြီးသောကောင်မလေးသည် သူ့ထံမှ ငွေအကူအညီကို လက်ခံမည်မဟုတ်သောကြောင့် အတွတ်သည် ပါးစပ်မှ ငွေပေးလိုကြောင်း မထွက်ရက်ပေ။


"စာအုပ်တွေ ဘာတွေ အတွတ် ရှာပေးမယ်နော်။ လိုတာ ပြော” 


မွှေးကို မှာခဲ့၍ပြန်သာလာခဲ့ရသည်၊ အတွတ်အဖို့ တစ်လမ်းလုံး စိတ်မကောင်းတော့ပေ။ 


မွှေးသည် အတွတ်ပေးခဲ့သော ဖရက်ထံမှ စာကိုဖွင့်၍ ဖတ်၏။ 


အချစ်/

ရန်ကုန်ကို ပြောင်းလာတယ်ဆိုတော့ မောင်သိပ်ဝမ်းသာတယ်။ ဒါပေမယ့် ​ခေတ်ပျက်ပြီး ရှုပ်ထွေးနေတဲ့ ရုံးတွေမှာ အချစ် အလုပ်လုပ်ရတာဆိုတော့ မောင်မကြည့်ရက်ဘူး၊ တတ်နိုင်ရင် အလုပ်ထွက်ပြီး ပြန်ပါအချစ်ရယ် ...။ မောင် နှစ်စဉ်မှန်မှန် ဝါးခယ်မကို ပြန်လာခဲ့မယ်။ မောင်ရဲ့မွှေးကို မောင်မမွှေးရတာ ကြာခဲ့ပြီကော အချစ်ရယ်။ တွေ့ကြဦးစို့။

/မွှေးရဲ့​မောင်


မွှေးသည် စာဖတ်ရင်း မျက်ရည်များ စို့၍စို့၍လာသည်။ ပြီးတော့ ရှိုက်ကာရှိုက်ကာ ငိုမိသည်။ မျက်ရည်စများကို သိမ်းလိုက်ကာ ကြမ်းပေါ်တွင် ထိုင်လိုက်၏။ စာရေးစက္ကူစာအုပ်ကို သေတ္တာပေါ်မှ ဆွဲကာ မောင့်ထံသို့ သူသည် အသေးစိတ် စာရေးလိုက်တော့သည်။


မောင်/

စာကို ဖတ်ရတော့ ဝမ်းသာတာနှင့်အမျှ ဝမ်းလဲနည်းမိတယ်၊ ဘဝဟာ မွှေးတို့ထင်သလို စိတ်ကူးယဥ်ကဏ္ဍ မဟုတ်​ပေဘူး ဆိုတာလည်း မွှေးတော့ ရန်ကုန်ရောက်ပဲ သိတော့တယ်၊ မောင်က အလုပ်မလုပ်စေချင်သလို မွှေးလည်း မလုပ်ချင်ပါဘူး။ ဟိုတုန်းက အတွေးတွေကတော့ မိန်းမပီသအောင်နေမယ်။ ကြိုးစားမယ်။ အိမ်ထောင်ထိန်းသိမ်းနိုင်မယ့်အချိန်ကျရင် လက်ထပ်မယ်ပေါ့။ ခုတော့ မွှေး အလုပ် ကြိုးစားလုပ်ရမယ်။ မိန်းမပီသဖို့တို့၊ ဘာတို့ ဆိုတာတွေကို ခဏမေ့ထားရမယ်။ 


စစ်အတွင်းတစ်လျှောက်လုံး မွှေးတို့ရဲ့ စီးပွားရေးဟာ ဘာမှ မရှိဘူး၊ စစ်ပြီးတယ်ဆို မွှေးတို့လက်ထဲမှာ အိမ်ကလွဲလို့ အင်္ဂလိပ်ငွေတောင် တစ်ပြားမှမရှိခဲ့ဘူး။ အားကိုးရာရယ်လို့ ယောက်ျားမားမားလည်း မရှိဘူး။ ပြီးတော့ စစ်ပြီးခေတ်မှာ အဆမတန် တက်လာတဲ့ ဈေးနှုန်းတွေက မိသားစုတစ်အိမ်ထောင်မှာ လူစုံတက်စေ့ အလုပ်လုပ်နိုင်မှ ဝလင်တော့မယ့်အခြေဖြစ်နေတယ်။ အခု နေရတာလဲ ပျော်လှတယ်မထင်နဲ့။ မွှေးနေရတဲ့ အခန်းလေးက အစေခံတန်းလျား၊ စားရတာက ထမင်းဆိုင်က ထမင်းပဲ။ မောင်ကတော့ ထင်မယ်။ ဒီလောက် အခြေပျက်အနေပျက်ဖြစ်ရသလား မိန်းကလေးရယ်လို့ ထင်လိမ့်မယ်။ မွေးကိုယ်မွှေးတောင် ဒီလောက် အပြောင်းအလဲမြန်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမယ့် အခြေတွေ ဘယ်လိုပျက်ပျက် မွှေးစိတ်ကိုတော့ မပျက်အောင် မွှေးအစဉ်ထိန်းမှာပဲ။ အခြေဆိုတဲ့သဘောကတော့ မွှေးမှ မပိုင်လေပဲဟာ။ 


မွှေးလဲ မောင်ကို တွေ့ချင်ပါတယ်။ ​မေ​မေ့ကိုတော့ မတွေ့ ပါဘူးလို့ ကတိပေးခဲ့တယ်။


ခုတော့ စိတ်နောက်နေတဲ့အဖေ၊ အိုမင်းလာတဲ့အမေနဲ့ အရွယ်မရောက်သေးသူ ညီမငယ်များအတွက် မမအေးကို မွှေး ကူနေရတာပဲ။ ဒါပေမယ့် မစ်ထရစ်အောင်အောင် ကြိုးပမ်းလိုက်ပါဦးမယ်။ အဆင်သင့်ရင် မောင်နဲ့အတူ မွှေးတက္ကသိုလ်မှာ နေနိုင်ဦးမှာပေါ့။ လဆန်း (၁၄)ရက်နေ့တိုင်ရင်သာ တစ်မြေထဲနေပေမယ့် မတွေ့နိုင်တဲ့ မွှေးရဲ့ချစ်သူကို မျှော်မှန်းလိုက်ပါဦးမယ်။

ချမ်းမြေ့ရွှင်လန်းပါစေ။ 

/မောင့်ရဲ့မွှေး 


ထိုစာကိုလည်း အတွတ်မှတစ်ဆင့် ဖရက်သို့ ပေးခဲ့ရ၏။


နွေရာသီ ကျောင်းပိတ်ရက်နီးချိန်တွင် အတွတ်သည် ​မွှေးကို လာတွေ့၏။ စာမေးပွဲရက်များအတွင်းက နှစ်ယောက်လုံး စာကြိုးစား၍ မတွေ့ခဲ့ကြပေ။ ကျောင်းပိတ်အပြန်တွင် ဝါးခယ်မကို မှာစရာရှိက မှာရန် အတွတ်က သက်သက်လာတွေ့ခြင်း ဖြစ်သည်။


ယခုတစ်ခါ မွှေးကို တွေ့တွေ့ချင်း အတွတ် အံ့ဩသွား၏။ မွှေးသည် အတော်ပင် ပိန်၍သွားသည်။ မျက်နှာဝိုင်းဝိုင်း မို့မို့လေးမှာ ရှည်သွယ်သွယ် ဖြစ်၍နေ၏။ မျက်နှာကတော့ ခပ်ပြုံးပြုံးဟန်နှင့်ပင် အတွတ်ကို ဆီးကြိုနှုတ်ဆက်၏။ 


“မွှေး ဘာဖြစ်လဲဟင်၊ နေလို့မကောင်းဘူးလား” 


တစ်ခါမှ မထိစဖူး မွှေး၏နဖူးကို လက်နှင့်ထိ၍ မေးလိုက်သည်။


“ဝမ်းပျက်နေတယ်၊ အစားမမှန်လို့ ထင်တယ်။ ဒီနေ့ ဆရာဝန်ဆီက ဝမ်းစစ်တဲ့စာရပြီ၊ ဖတ်ကြည့်ပါဦး”


မွှေးကပေးသောစာကို အတွတ်က ဖတ်ကြည့်၏။ ဝမ်းတွင် ဝမ်းကိုက်ပိုးများ ရှိရုံမက ဥပင် တွယ်၍နေပြီ။


“ဝမ်းက သိပ်မကောင်းဘူး၊ အစားအစာကလဲ မသန့်ရင် ဖြစ်တတ်တယ်” 


“မသန့်တာကတော့ မပြောနဲ့။ ဟိုတစ်နေ့က ငါးကြော်ခေါင်းထဲမှာ ပိုးတွေ့၊ ပြီးတော့လဲ ထမင်းဆိုင်ဆိုတာလဲ ဘယ်သန့်ပါ့မလဲလေ၊ ဒီလိုပဲပေါ့။ ကျောင်းက မနက်ကနေ စာသင်ပြီး ရုံးဆက်သွား ဆိုတော့လဲ မနက်စာ မစားရတာက များတယ်။ ရုံးမှာ ခေါက်ဆွဲ ဝယ်ဝယ်စားတာလဲ ဝမ်းပျက်တယ်ထင်ပါရဲ့” 


အတွတ်က လျှာထုတ်ခိုင်းကြည့်၏။ မျက်လုံးကို ဖြဲ၍ကြည့်၏။ မွှေးမှာ သွေးအားလည်း အတော်နည်းနေသည်။


“ကိုယ် ဆေးလာပြီး ထိုးပေးမယ်လေ။ ဒီဂရီ မရသေးပေမယ့် နောက်ဆုံးနှစ် ပထမပိုင်းသမားတွေပဲ၊ ဆေးထိုးနိုင်ပါတယ်”


မွှေးသည် သူ့ရောဂါအကြောင်းကို ဆက်၍ပြောချင်ပုံမရပေ။ ရုတ်တရက် စကားကြောင်း ပြောင်းလိုက်၏။ 


“နေပစေတော့ အတွတ်။ အခု ဆရာဝန်ကလဲ ဆရာမရဲ့မောင်ပဲ။ ကဲ... သိပ်မစိုးရိမ်ပါနဲ့။ စာမေးပွဲ ဖြေနိုင်ရဲ့လား”


“မွှေးကော ဖြေနိုင်လား” 


“ဖြေနိုင်ပါတယ်" 


“ဒေါ်ဒေါ်တင်တို့ဆီ ဘာမှာဦးမှာလဲ” 


“သာကြောင်း မာကြောင်းနဲ့ မွှေး စာမေးပွဲဖြေထားတာသာ ပြောလိုက်ပါလေ။ ဖရက်ကိုလဲ မတွေ့ပါဘူးဆိုတာ ပြောလိုက်ပါ”


“ဖရက်ကို တွေ့ချင်လို့လား” 


အတွတ်က မွှေးကို သနားသလို မေးလိုက်၏။


“တွေ့ချင်တာပေါ့ အတွတ်ရယ်၊ ဘယ်လိုပြောပါလိမ့်။ ဒါပေမယ့် ဖရက်နဲ့ တွေ့တာတွေ၊ သွားတာတွေကို ဒေါ်လေးမူရာ သိရင် မွှေးကို မိန်းမပျက်၊ မိန်းမပေါ့လေးလို့ ထင်မှာပေါ့။ အတွတ်နဲ့တောင် မွှေး သွားလို့လား။ ဖရက်ဆီကို တစ်ပတ်တစ်စောင် စာထည့်ပါတယ်၊ ကျောင်းပိတ်တော့မှ သူ့အိမ်ကို ရေးလိုက်တယ်"


“သူနဲ့တောင် မတွေ့တာ ကြာသွားပြီ။ တွေ့ရင်ကော မွှေးရဲ့ ဒုက္ခတွေကို ကိုယ်ပြောလိုက်ရမလား” 


“မွှေးကိုယ်တိုင် စာရေးလိုက်ပြီးပြီ"


အတွတ်မှာ မွှေးကို ကြည့်ရင်း စိတ်မောလှ၏။ နှမြောသလိုလည်း ဖြစ်သေးသည်။ ဝါးခယ်မတွင်နေစဉ်က နှင်းစက်နှင့် ပွင့်လာသော ပန်းလေးလို လန်းလန်းဆန်းဆန်း ရွှင်ရွှင်လေးဖြစ်၏။ ယခု မြင်ရသည်မှာ မိုးဒဏ်လေဒဏ်ကြားတွင် ပွင့်နေရသော ပန်းလို နွမ်းခွေခွေ ကြွေလုလုဖြစ်နေတော့သည်။ 


* * *


မက်ထရစ်အောင်စာရင်းများ ထွက်ချိန်တွင် မွှေးနာမည်သည် ပါ၍လာသည်။ ​မေ​မေ့ထံမှလည်း စာရှည်ကြီးတစ်စောင် ရောက်လာ၏။ 


သမီးလေး မွှေး/

မနေ့က သတင်းစာထဲမှာ သမီး စာမေးပွဲအောင်တာ တွေ့ရတော့ အိမ်သားတွေအားလုံး ပျော်ကြတယ်။ ဖေဖေဆိုတာတော့ မပြောနဲ့တော့၊ စိတ်လွတ်နေတဲ့သူဆိုတော့ ကွေးနေအောင် ကတာပဲ။ သမီးစိတ်ထဲမှာ ဘာတွေ ဖြစ်နေမလဲဆိုတာ မေမေ အမြဲတွေးလျက်ပါပဲ။


ခုလို စာမေးပွဲအောင်တော့ သမီးလေး ကောလိပ်ဆက်သွားချင်မှာပဲ။ မေ​မေကလဲ သမီးကို အားပေးချင်ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သမီးလိုချင်သလောက် ́ ပညာမပေးနိုင်လို့ မေမေဟာ တာဝန်မကျေဘူးဆိုတာ သိပါတယ်။

သမီး ရန်ကုန်မှာ ဘယ်လိုနေရတယ် ဆိုတာကိုလဲ သမီး ဘယ်လိုပဲ ဖုံးပေမယ့် မေမေ အားလုံးသိရလို့ တစ်နေ့မှ စိတ်မပျော်ဘူး။ ဒါပေမယ့် သမီး ... ဘဝဆိုတာ ဒီလိုပဲ။ ကံ၊ ကံ၏အကျိုးတရား အကြောင်းတရားဆိုတာကတော့ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။ ဆင်းရဲတာဟာ အပြစ်မဟုတ်ပါဘူး။ တစ်ခုပဲ၊ ဘယ်လိုပဲ ဆင်းရဲပေမယ့် ကိုယ်ကျင့်တရားမပျက်ဘဲ ကြံ့ကြံ့ခံနိုင်ဖို့တော့ သမီး သတ္တိရှိရလိမ့်မယ် “


​မေမေ မကြာခင် ရန်ကုန်ပြောင်းနိုင်အောင် ကြိုးစားလျက်ပဲ။ မေမေတို့နဲ့အတူနေရတော့ သမီး စိတ်ချမ်းသာမှာပေါ့။ ထမင်းစားဝိုင်းမှာ ဖြစ်ဖြစ်၊ ပရိတ်ရွတ်ချိန်မှာဖြစ်ဖြစ် တစ်နေရာလစ်နေတာ တွေ့ရတိုင်း မေမေလဲ မပျော်ဘူး။ 


သမီး “သူငယ်' နဲ့ မတွေ့ရတာကိုလဲ မေမေ့ကို သမီး အပြစ်တင်ချင်မှာပဲ။ ဒါပေမယ့် သမီးရဲ့ ခံစားနေရတဲ့ဒုက္ခတွေကို ကုန်စင်အောင် သမီးချစ်သူဆီ စာရေးကြည့်ပါ။ ပြီးတော့မှ တွေ့ကြတာပေါ့။ ညတိုင်းတော့ ဓမ္မစကြာ မပြတ်ရွတ်စေချင်တယ်။ သံသရာမှာ ကျင်လည်သရွေ့ တွေ့ရမယ့်ဒုက္ခတွေက လွတ်မြောက်ရာ အခြေခံတရားကတော့ ဓမ္မစကြာပဲ သမီး။ 


အတွတ်အပြန်မှာ သမီးစားဖို့ ငါးကြော်နဲ့ ငါးပိကြော်ကို ငရုတ်သီး နည်းနည်းပဲထည့်ပြီး ကြော်ပေးလိုက်မယ်။


မိဘလုပ်ကျွေးသူ သမီးကို ဘုရားသခင်ဟာ အစဉ်စောင့်ရှောက်ပါလိမ့်မယ်။ သမီးလေး ချမ်းမြေ့ရွှင်လန်းပါစေ..။

/​မေ​မေ


မွှေးသည် စာရွက်ကို နမ်းလိုက်၏။


“မွှေး ဒုက္ခတွေနဲ့ မွှေးရဲ့ အခြေအနေအမှန်ကို မောင့်ဆီ စာရေးလိုက်ပြီးပါပြီ မေမေ” 


သူသည် တိုးတိုးလေးရွတ်ကာ ပြောလိုက်သည်။ 


စားပွဲပေါ်တွင်မူ အဆင်သင့် ဖြည့်စွက်ပြီး တက္ကသိုလ်ကျောင်းဝင်ခွင့် လျှောက်လွှာသည် လေတိုက်၍ တဖျတ်ဖျတ် လှုပ်နေသည်။ 


စာမေးပွဲအောင်ပြီးစမို့ ​မွှေးသည် အရူးလေးနှင့် တူနေသည်။ မျက်စိထဲ မြင်နေရသည်မှာ တက္ကသိုလ်ဘွဲ့ထူး၊ ပြီးတော့ ဖရက်နှင့် လက်ထပ်ကြမည်။


အမှန်တော့ သူ့အတွေးများသည် သက်တံ့ပေါ်တွင် ဥယျာဉ်တည်သောအဖြစ်ကို မွှေးသည် ရုတ်တရက် သတိမရ။ စာမေးပွဲအောင်သောအရှိန်က မွှေးစိတ်ကို ဘက်ထရီအားသွင်းပေးလိုက်သည်နှင့် တူနေသည်။ ဘာပဲဖြစ်ဖြစ် စာဆက်သင်ရန် ​လျှောက်လွှာသွားတင်ဖို့ ထွက်လာခဲ့သည်။ ခြံဝတွင် ဒေါ်လေးမူရာနှင့် သွား၍ဆုံနေလေသည်။ ဒေါ်လေးမူရာသည် အေးစက်စက်ဟန်နှင့် မွှေး အပြင်ထွက်သည်ကို မကြိုက်သလို ကြည့်နေသည်။ 


“မွှေး... ကောလိပ်ကို ခဏသွားဦးမယ်” 


မွှေးက ကိုယ်ကို အနည်းငယ်ရို့လိုက်ကာ ခွင့်တောင်းလိုက်၏။ ဒေါ်လေးမူရာသည် မွှေးစာမေးပွဲအောင်သည်ကို မသိဘာသာ နေဟန်ရှိ​ပေသည်။ 


“အိုင်အေမှာ ဆက်နေချင်လို့ လျှောက်လွှာသွားတင်မလို့။ ရုံးက ခွင့်တစ်ရက် ယူထားတယ်”


မွှေးက ဝမ်းသာသလို မရဲသလို အသံတုန်တုန်နှင့် ထပ်၍ ပြောပြန်၏။ 


“ဘာ.. အိုင်အေ ဆက်နေမလို့၊ ကိုယ့်ဘဝလဲ ကိုယ်သိဦးလေ၊ ကျောင်းဆက်နေလို့ အိမ်ကလူတွေ ဘာ သွားစားမလဲ။ ဘယ်သူ လာထောက်ပံ့ဦးမှာတဲ့လဲ”


ဒေါ်လေးသည် ဒါပဲပြောကာ ပုဏ္ဍရိက်ပန်းရုံဘက်ဆီသို့ ထွက်သွားသည်။ မွှေးရင်ထဲတွင် ထင့်ခနဲဖြစ်၍သွားသည်။ ဒေါ်လေး စကားသည် သတိပေးတာလား၊ ဘဝင်မြင့်သည်ဟု ရှုတ်ချတာလား။ ကိုယ့်ဘဝကိုယ်သိဖို့တော့ လိုသည်တဲ့၊ မွှေးက မသိသည်မှ မဟုတ်ဘဲ။ ဒါပေမယ့် ထည့်တော့ စဉ်းစားစရာတွေ အများကြီးပင်ဖြစ်သည်။ သူ ကျောင်းဆက်နေလျှင် ကျောင်းစရိတ်တွေ လိုလာမည်။ အိမ်စရိတ်အတွက်လည်း လိုလာမည်။ လူလားမမြောက်သေးသည့် ကျောင်းသားတွေကလည်း အိမ်မှာရှိသေးသည်။ 


မွှေးသည် နှုတ်ခမ်းကို ကိုက်လိုက်၏။ အံကို ကြိတ်လိုက်သည်။ သူ့ရင်ကို မတ်မတ်ထားကာ ကားလမ်းဘက်သို့ ခပ်မြန်မြန် ထွက်၍သွားသည်။ 


"ဘယ်နည်းနှင့်မဆို အိုင်အေကိုတော့ အောင်ရမည်" 


သူ့ရင်ထဲတွင် ဒါတစ်ခုကို သတ်မှတ်ထားလိုက်တော့သည်။ 


အင်းစိန်ကားသည် လှည်းတန်းထိပ်အဝိုင်းကြီးတွင် ရပ်လိုက်သည်။ မွှေးသည် တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်ကာ ဘွဲ့နှင်းသဘင်လမ်းပေါ်တွင် ခပ်သွက်သွက် လျှောက်လာသည်။ ရှေ့မှ ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးကိုသာ မွှေးက အထီးတည်း မြင်နေသည်။ သူ ဘယ်လောက် မြန်မြန်လျှောက်လာသည်မသိ။ ညာဘက်ရှိ တက္ကသိုလ်ရုံးအနီးရောက်မှ အတော်လေး မောနေမှန်း သတိရလာသည်။ ဇွန်လနောက်ပိုင်း ရောက်နေ၍ မိုးဦးဆိုသော်လည်း နေရောင်သည် ခပ်ပြင်းပြင်း ပူ၍နေပေသည်။ မွှေးသည် ရေတမာပင်ရိပ်အောက်ကို ခေတ္တဝင်၍ ရပ်နေသည်။ ​ရေတမာပင်များသည် ရုံးရှေ့ ဘွဲ့နှင်းသဘင်လမ်းမကြီးတစ်လျှောက် စီ၍ပေါက်နေသည်။


ရုံးခန်းတွင် ကျောင်းသူကျောင်းသားများ၏ အဝင်အထွက်တို့မှာ ရှုပ်ယှက်ခတ်နေသည်။ သူတို့မျက်နှာလေးများ ရွှင်လန်းတက်ကြွနေပုံမှာ ဆောင်းဦး၏ပွင့်စပန်းတို့နှင့် တူလှ၏။ ငယ်သွေးကြွဟန် စိတ်ပျိုမျစ်ခြင်း၏ အရောင်ပြန်ဟပ်ဟန်တို့မှာ သူတို့မျက်နှာများ၏ အလှများ​ပေပဲ။


ကျောင်းသူများအားလုံးသည် လှပသည်မဆိုသော်လည်း လှသရွေ့တော့ လှကြသည်။ မလှဘူးဆိုသူတို့ပင် ဝတ်ပုံစားပုံ သပ်ရပ်ကြော့ရှင်းသည်။ နိုင်လွန်​​ပေါ်စမို့ အသားရောင်လေးတွေမှာ အထူးလှပစွာ နိုင်လွန်သားအောက်မှာ ပေါ်လွင်နေကြပေသည်။


တစ်ဝက်ဖြတ် ဆံပင်ကောက်လေးများကို ဖဲပြားစနှင့် ချည်ထားသည့်ဟန်များမှာလည်း တော်တော်များများလေးပင် ဖြစ်သည်။ ထိုကျောင်းသူတွေထဲမှာ တမာပင်အောက်မှ ရပ်နေသော မွှေးကို ကြည့်သည်မှာ တောကျီးကန်လေးနှင့် တူနေသည်။ ဘဝ၏ဒဏ်ချက်များအောက်မှ မျက်နှာဝိုင်းဝိုင်းလေးမှာ ရာသီဥတုဒဏ်ကြောင့် ရင့်ရော်နေသော တံငါသည်၏မျက်နှာနှင့် တူနေသည်။ မွှေးအင်္ကျီသည် ပင်နီဖျင်မဟုတ်၊ ပိတ်အင်္ကျီ ဖြစ်သည်။ မွှေးသည် နိုင်လွန်ပေါ်နေသည်ကို သိပေမယ့် ပေါ်စ တစ်ကိုက် လေးဆယ့်ငါးကျပ်ကို ဝယ်၍မဝတ်နိုင်သေး​ပေ။ သူ့သရက်ထည် ထဘီတိုတိုအောက်မှ ခြေမျက်စိ ပြည့်ပြည့်လေးသာ ပေါ်နေသည်။ 


နဖူးမှချွေးကို လျှောက်လွှာစာရွက်နှင့် ခတ်ရင်း မွှေးသည် လျှောက်လွှာတင်သင့် မတင်သင့်ကို စဉ်းစား၍နေပေသည်။ သက်ကြီးတက္ကသိုလ်ရှိသည် ဆိုပေမယ့် မွှေးတက်ဖို့ နေရာ​ဝေးလှသည်။ မွှေးရှေ့တွင် ကားများသည် တစ်စီးပြီး တစ်စီး ရပ်လိုက်၊ ထွက်လိုက်၊ ဖြတ်၍သွားလိုက်နှင့် ရှုပ်ယှက်ခတ်နေပေသည်။ မွှေးလိုချင်သည်က ဆရာဝန်အတတ်ဖြစ်၏။ ကျောင်းမတက်ဘဲ လက်တွေ့ ဆင်းစရာတွေနှင့် စာမေးပွဲအောင်ဖို့ ခဲယဉ်းလှသည်။


မွှေးနဖူးမှ ချွေးများ စို့လာပြန်သည်။ အင်းလျား​ရေပြင်ဖက်ဆီမှ တစ်ချက်တစ်ချက် လေအေးများ တိုက်ခတ်လာလျှင် မွှေးရင်ထဲတွင် အေး၍သွားပြန်သည်။ 


ခုနေများ မောင်တစ်ယောက် ဘယ်ဆီတွင် ရှိနေမည်လဲဟုလည်း သူ့စိတ်ကူးနှင့်သူ မျှော်၍ ကြည့်နေသည်။ 


စတေရှင်ဝက်ဂွန်းကားညိုတစ်စီးမှာ မွှေး၏ရှေ့တည့်တည့် လမ်းပေါ်တွင် ထိုးရပ်လိုက်သည်။ ကားမောင်းသူသည် မွှေးကို စေ့စေ့ကြည့်နေသည်။


“မောင်...”


မွှေးက လေသံလေးထွက်ကာ တိုးတိုးလေး ခေါ်လိုက်မိသည်။ မွှေးမျက်နှာ ဝင်းထိန်၍သွားသည်။ ကားမောင်းလာသူသည် ဖရက်ပေပဲ။ ဖရက်သည် မွှေးကို စေ့စေ့ကြည့်ပြီးမှ ဆင်းရန် ဖွင့်အံ့ဆဲဆဲ ကားတံခါးကို ပြန်ပိတ်ကာ ကားစက်ပြန်နှိုး၍ မောင်းထွက်သွားလေတော့သည်။ 


လျှပ်ပြက်သလို မြန်ဆန်သော အချိန်အတွင်းတွင် ဒက်ဒက်နှင့် ဖြစ်လိုက်သည်မှာ တရားမှတ်သလို ဘာမျှမကြာလိုက်။ ကားသည် မွှေးမျက်စိအောက်တွင် ပျောက်၍သွားသည်။ ကိုယ်တိုင်လည်း ဘာအဓိပ္ပာယ်မှ နားမလည်လိုက်။ ပြီးတော့မှ အသက်မှန်မှန် ပြန်ရှူရသည်။


​ဝေ့လာသော မျက်ရည်ကို ပြန်ထိန်းလိုက်ရသည်။ ရေတမာပင်ကို အားပြုကာ လက်တစ်ဖက်နှင့် မြဲမြဲဆုပ်၍ ထားလိုက်သည်။ လက်ထဲမှ လျှောက်လွှာစာရွက်ကို မွှေးက အစိတ်စိတ်အမြွာမြွာဖြဲ၍ မြက်ခင်းပေါ် ကြဲပစ်လိုက်သည်။ မျက်စိထဲတွင် ဘွဲ့နှင်းသဘင်ခန်းသည် ဟင်းလင်းပွင့်ကာ မြေပြင်လွင်တီးခေါင်ကိုသာ မြင်လိုက်တော့သည်။


သူသည် အားလုံးကို ​ကျောခိုင်းလိုက်၏။ ဘွဲ့နှင်းသဘင်လမ်းမကြီးတစ်လျှောက် လျှောက်ကာ ကားဂိတ်ဆီသို့ ထွက်လာခဲ့သည်။ လမ်းလျှောက်သည်မှာ ပြေးလုလုဖြစ်အောင်ပင် မြန်လှ၏။ ကျောင်းကြီးပျော်တို့၏ ကားပုံစံအမျိုးမျိုးများသည် အနား သီကာ ပွတ်ကာ ဖြတ်၍ ဖြတ်၍ မောင်းသွားကြသည်။


မွှေးသည် ခြေထောက်ကို သုံးရသည်မှာ အားယူနေသလို ပင်ပန်းလှ၏။ ယခုပင် စစ်ကိုင်းဆောင်ရှေ့သို့ ရောက်စရှိသေးသည်။


“ထွေပြား...သစ္စာဆိုသူ .. မေတ္တာညို့မူ ငြီးပြီထင့်လေး.. ​သွေလျားပစ်ခွာ သစ္စာဆိုသူ ရှိပြီထင့်လေး...”


စစ်ကိုင်းဆောင်ပေါ်မှ ကျောင်းမသွားဘဲ ကျန်ရစ်ဟန်ရှိသော ကျောင်းကြီးပျော်တစ်ယောက်၏ သူ့အတွေးနှင့်သူ ဟစ်လိုက်သော သီချင်းသံမှာ မွှေးနှလုံးသားကို ဆုပ်၍ချေသလို ဖြစ်သွားသည်။ မွှေးသည် ဤကျောင်းဆောင်ရှေ့မှ တစ်ဟုန်ထိုး ဖြတ်ပြေးသွားလိုက်ချင်သည်။ ​ဝေ့လာသော မျက်ရည်က ပြည့်၍ပြည့်၍လာသောကြောင့် လက်ကိုင်ပဝါဖြူနှင့် ခဏခဏတို့ရသေးသည်။


ဘွဲ့နှင်းသဘင်လမ်းမကြီးဆုံးလျှင် ညာကွေ့ကာ အင်းစိန်ဘတ်စ်ရှိရာသို့ အမြန်သွား၏။ မှတ်တိုင်တွင် အဆင်သင့်တွေ့ရသော ကားတစ်စီးပေါ် ပြေးတက်သွားတော့သည်။ 


သူ့နောက်မှ အပြေးအလွှားလိုက်လာသော အတွတ်ကိုပင် သူ မတွေ့၊ သတိမထားမိတော့ပေ။ တက္ကသိုလ်၏အသိုင်းအဝိုင်း အလှအပတို့သည် မွှေးအတွက် သုသာန်တစပြင်သာတည်း။


အတွတ်က မမီလိုက်တော့သဖြင့် ကားဆိပ်တွင် မောလွန်း၍ ထိုင်ချလိုက်၏။ ကျောင်းသားတချို့က သူ့ကို ဝိုင်းကြည့်၏။ ဘယ်သူကြည့်ကြည့် သူ့မျက်လုံးများမှာ မြက်ခင်းပေါ်တွင်သာ ပုံကျနေတော့သည်။ ဖြစ်ပုံကလည်း ပြောမပြောချင်တော့။ 


မွှေး ရေတမာပင်အောက်မှာရပ်နေပုံ၊ ဖရက် ကားထိုးရပ်ပြီးမှ ထွက်သွားပုံတို့ကို သူ အားလုံးမြင်လိုက်သည်။ မွှေး စာရွက်များဆုတ်၍ ထွက်အသွား အပြေးအလွှားလိုက်မည်အလုပ်တွင်မှ ဆရာတစ်ယောက်နှင့်တွေ့၍ ဣန္ဒြေရရ ရပ်ကာ စကားပြောနေရသေးသည်။ ယခုတော့ မွှေးကို မမီလိုက်တော့ပေ။ ယခုတစ်ကြိမ်လည်း နောက်ကျရပြန်သည်တကား။


ဒီလိုအဖြစ်တွေ တစ်နေ့နေ့ ဖြစ်လာမည်ကို အတွတ်က သိပြီးဖြစ်သည်။ သူသည် ဖရက်အကြောင်း မွှေးကို ပြောပြရန် နှုတ်လေးသည်။ ဖရက်က အင်းလျားရေပြင်တွင် “လှေကလေးကို လှော်မည်” ဇာတ်ကို ဒေါရစ်အောင်ကြီး၊ စတယ်လာ၊ အေမီတို့နှင့် ခင်းကျင်းခဲ့သည်မှာ တတိယနှစ် အင်ဂျင်နီယာသင်တန်းတက်ကတည်းကပင်ဖြစ်သည်။ မွှေး၏ဖရက်သည် အရင်လို ရိုးရိုးအေးအေး မဟုတ်တော့သည်ကို အတွတ်က ဘယ်လိုမှ ပြောမထွက်တော့ပေ။

တကယ်တော့ ဖရက်သည် အုံ့ပုန်းလေးပါတကား။


သူ့ရှေ့တွင် ကားတစ်စီး ရပ်ပြန်သည်။ ကားမောင်းသူမှာ ဖရက်ဖြစ်သည်။ သူငယ်ချင်းတစ်ယောက်ကို ကားဆိပ်သို့ လာပို့ဟန် ရှိသည်။ သူသည် ဖရက်ရှိရာသို့ ထပြေးသွား၏။ ဖရက်က သူ့ကို တအံ့တသြ ကြည့်နေသည်။ 


“မွှေး... မွှေးကို မင်းတွေ့လိုက်လား...” 


ဖရက်သည် မဖြေသေးဘဲ ကြောင်ပြီး ကြည့်နေပြီးမှ ခေါင်းခါလိုက်၏။


“ဗြောင်လိမ်တဲ့ကောင်ကွာ.. စေ့စေ့ကြည့် ဆင်းမယ်လုပ်ပြီးမှ ကားမောင်းထွက်သွားတာ ငါမြင်တယ်”


“အခု အတွတ် ဘယ်သွားမလို့လဲ... ကိုယ်လိုက်ပို့မယ်” 


ဖရက်က အသံတုန်တုန်နှင့် မျက်နှာပျက်သွားကာ ပြော၏။


“မပို့နဲ့၊ အေမီ့ကို သွားတင်ပါကွာ။ ငါတော့ မွှေးဆီသွားမယ်။ စိတ်ချမ်းသာအောင် အားပေးရမယ်။ ခုတော့ မင်းပြောခဲ့တဲ့စကားတွေ မင်းမေ့ပြီပေါ့။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လိုအခက်အခဲတွေ၊ ဖြားယောင်းမှုတွေ တွေ့ပေမယ့် ကျောက်တိုင် ကျောက်စိုင်လို ခိုင်ခိုင်မြဲမြဲရှိရမတဲ့။ ထွီ...ရေ.....ရေလို အကောင်"


သူသည် ဒေါသအလွန်ထွက်လာကာ အော်ပစ်လိုက်၏။ ဖရက်မျက်နှာသည် ဖြူပြာပြာဖြစ်၍ ကျန်ရစ်သည်။ သူကတော့ နောက်လာသော အင်းစိန်ဘတ်စ်ကားပေါ်သို့ ပြေးတက်သွားတော့သည်။


* * * 


နောက်ပိုင်းတွင် မွှေးကို ကြည့်ရသည်မှာ မြေမျက်နှာပြင်၏ သွင်ပြင်ဟန် ပေါက်လာသည်။ သူ့နှလုံးသားသည် ရင့်ကျက်လာသည်နှင့်အမျှ သူ့မျက်နှာသည်လည်း တည်ငြိမ်၍ လာခဲ့လေသည်။ တစ်ခါတစ်ရံသာ နှလုံးသားတွင် နာကြည်းခံခက်သော ဒဏ်ရာကို သူ့မျက်လုံး၏အရိပ်အယောင်တို့မှ တစ်စွန်းတစ်စ မြင်ခဲ့ရ၏။


မွှေးသည် ကလေးမဟုတ်တော့ပြီပဲ။ နှစ်ဆယ်ကျော်ဆိုသည်မှာ အတွေးအခေါ်တို့ အနည်ထိုင်စပြုလာသောအချိန်ဖြစ်၏။ ဟိုတုန်းကတော့ ​မွှေး၏နှလုံးသားပြင်တို့သည် ​ရေမျက်နှာပြင်လို လေညင်းတိုက်ခတ်ရုံမျှနှင့်ပင် လှိုင်းဂယက်ထကာ လှုပ်ရှားခဲ့၏။ တည်ငြိမ်မှုကို မရနိုင်ခဲ့။ ခုတော့ မြေမျက်နှာပြင်လို သူသည် ကြံ့ကြံ့ခံနိုင်သော စွမ်းရည်တို့ ရခဲ့ပြီ။ တော်ရုံတန်ရုံ လေမုန်တိုင်း ဆင်ရုံလောက်နှင့်တော့ မွှေး၏အသည်းနှလုံးတို့သည် တုန်လှုပ်တော့မည် မဟုတ်ပေ။


မွှေးထံသို့ ရောက်လေတိုင်း အတွတ်က အားငယ်နေမည်လား၊ ဝမ်းနည်းကြေကွဲနေမည်လားဟု စိုးရိမ်၏။ သို့သော် ကျန်းမာရေး ယုတ်လျော့သည်ကလွဲ၍ မွှေးသည် သူထင်သလောက် မဆိုးခဲ့။ စာပို၍ကြည့်နေသည်ကိုသာ တွေ့ရသောအခါ အတွတ်မှာ စိတ်သက်သာ၍လာသည်။ မွှေးဖတ်ရန် ရာဇဝင်နှင့် အင်္ဂလိပ်ကဗျာစာအုပ်များကို ရှာဖွေပေးပို့ခဲ့၏။ အဝတ်အစားနှင့်ပတ်သက်၍မူ မွေးနေ့လက်ဆောင်ကိုပင် မွှေးက အတွတ်ထံမှ လက်မခံခဲ့ပေ။


မွှေး အိုင်အေအထက်တန်းကိုပင် မက်ထရစ်အောင်ပြီး လေးနှစ်ကြာမှ ဖြေဆိုရသည်။ ထိုစာမေးပွဲနီးချိန်တွင်ပင် အတွတ်သည် သတင်းတစ်ခု ပြော၍ပြ၏။ သူ့စိတ်ထဲတွင် မွှေးသည် ထိုသတင်းကိုကြားရသောအခါ ​ဆောက်တည်ရာမရ တုန်လှုပ်ရှာလိမ့်မည်ဟု ထင်သော်လည်း မွှေးက သူထင်သလို လှုပ်လှုပ်ရှားရှာ မဖြစ်။ 


“ဘယ်သူနဲ့လဲ.." ဟုသာ အေးအေးသက်သာ ပြန်မေး၏။


“မေမြို့က အေမီနဲ့၊ သူတို့ စေ့စပ်ပြီးတာ မကြာသေးဘူး။ ရှေ့အပတ်ထဲ ဖရက် လန်ဒန်မှာ ဆက်သင်ပြီး ဒီဂရီယူမယ်။ လဗ်ဘရာ Laugh Borough တက္ကသိုလ်မှာ ထင်တယ်..."


မွှေးက ပြုံးပင် ပြုံးလိုက်သေး၏။ 


“စေ့စပ်တာကို သတင်းစာထဲ ထည့်ရောပေါ့။ အခုလို သူ့ရည်ရွယ်ချက်အတိုင်း နိုင်ငံခြားမှာ ဒီဂရီယူနိုင်တာကိုပဲ ဝမ်းသာပါတယ်..."


အတွတ်သည် မွှေး စကားပြန်ပြောနေသည်ကို နားထောင်စဉ် စိတ်ထဲကတော့ ဒေါ်တင်တင်ကြီးကို သတိရနေသည်။ 


“အခြေခံချင်းမတူတဲ့ ဂဏန်းနှစ်ခုဟာ... ဘယ်တော့မှ ပေါင်းလို့မရဘူး” 


အတွတ်သည် သက်ပြင်းချလိုက်၏။ ထိုအမျိုးသမီးတွင် ဒိဗ္ဗစက္ခုများ ရှိလေသလား။


​မွှေးသည် အတွတ်ရှေ့မှာပင် နေရာမှထကာ သေတ္တာတစ်ခုကို ထုတ်လိုက်ပြန်သည်။ ယွန်းသေတ္တာထဲမှာမူ စာရွက်များ တစ်ထပ်ကြီးဖြစ်လေသည်။


“အဲဒီစာတွေ ဖတ်မလား၊ မောင်က မွှေးဆီ ပေးတဲ့စာတွေလေ။ ဒါတွေက သူ့ဓာတ်ပုံတွေ” 


မွှေးသည် ဓာတ်ပုံလေးများကို သူ့လက်ထဲသို့ ထည့်လိုက်သောအခါ အတွတ်ရင်ထဲတွင် တုန်တုန်ယင်ယင်ဖြစ်သွား၏။ လက်ဆန့်ကာ ဓာတ်ပုံလေးများကို ယူကြည့်လိုက်သည်။ ဓာတ်ပုံနောက်ကျောတွင် “မောင်မှအချစ်သို့' ဟု စာတန်းလေးများ ရေးထားလေသည်။ ဖရက်သည် ဓာတ်ပုံထဲတွင် ပြုံးပြုံးအေးအေးလေးဖြစ်၏။ အားလုံးလိုပင် တစ်ပိုင်းပုံများဖြစ်၍ တစ်ပုံမှာ ဆေးတံကိုက်၍ထားသည်။ အတွတ်က ဆေးတံကိုခဲကာ မခို့တရို့ပြုံးနေသော ဖရက်ရုပ်ကို တအံ့တသြကြည့်နေသည်။


“အဲဒီ နောက်ဆုံးပုံ ပေးတော့ မောင့်စိတ်တွေဟာ သိပ်မဟန်တော့ပါဘူး။ တန်ဆောင်တိုင်ပွဲတွေမှာ ကျောင်းသူတွေနဲ့ တွဲနေပြီ ဆိုတာ မွှေး ကြားသားပဲ။ ဆန်းတော့ မဆန်းပါဘူးလေ၊ ဆင်းရဲဒုက္ခရောက်လာတယ်ဆိုရင် အသက်ပေးချစ်ပါတယ်ဆိုတဲ့ လူတွေလဲ အဝေးကို ခွာပြေးကြတာပဲပေါ့”


“အခု ဒီစာတွေ ဘာလုပ်မလဲ၊ မီးရှို့မလို့လား"


အတွတ်က မွှေးလက်ထဲမှ စာများကိုကြည့်ကာ မေးလိုက်၏။ 


မွှေးက ထပ်၍ပင် ရယ်လိုက်သေးကာ...“မွှေးက မိန်းမပေမယ့် မိန်းမ မဆန်ပါဘူး” ဟု ပြောလိုက်၏။ 


“မောင့်ဆီက စာလာတယ်။ မွှေးစာတွေလဲ သူအားလုံး မီးရှို့ပစ်လိုက်ပြီတဲ့၊ သူ့စာတွေလဲ မီးရှို့ပစ်လိုက်ပါတဲ့။ မွှေး ဒါမျိုး မလုပ်တတ်ပါဘူး အတွတ်ရယ်၊ ချစ်တုန်းကတော့ “ချစ်လှချည်ရဲ့” နဲ့ အမျိုးမျိုး ဖွဲ့နွဲ့  ချွဲပြီး မုန်းမှ မုန်းသလိုလုပ်ကြတာဟာ စိတ်နုလွန်းပါတယ်။ မွှေး အသက်ရှိနေသရွေ့ သူ့စာတွေ၊ သူ့ဓာတ်ပုံတွေကို ရိုရိုသေသေသိမ်းထားမှာပဲ။ တစ်နေ့နေ့ သူ့လက်ထဲ ကောင်းကောင်းမွန်မွန် ပြန်အပ်ခဲ့မှာပါ။ ခုမှပဲ နားလည်တော့တယ် အတွတ်ရေ ... လောကကြီးမှာ တစ်ယောက်နဲ့တယောက် ချစ်ကြတာထက် အရေးကြီးတဲ့ လူမှုရေး၊ စာဝတ်နေရေးတွေက တစ်ပုံကြီးပဲဆိုတာ...”


မွှေးက အရှည်ကြီး ဆက်ပြောပြန်သည်။ 


“အမှန်တော့ တွေးကြည့်ကြပြန်ရင်လဲ ငယ်ငယ်ရွယ်ရွယ် ၃၀ မကျော်ခင် ချစ်ကြတယ်ဆိုတဲ့ စိတ်တွေဟာ များသောအားဖြင့် အတွေးအခေါ် ဆင်ခြင်စိတ်တွေ သိပ်မပါလှပါဘူး။ emotional ခေါ်မှာပေါ့။ ရူးရူးမူးမူး စိတ်လှုပ်ရှားတုန်းခဏ လှိုင်းကြွသလို ဖြစ်လာတာကိုး။ ဒါပေမယ့်လည်း အဲဒါက မေ့မရအောင် စိတ်ထဲမှာ စွဲတဲ့သူတွေအဖို့ကျတော့လဲ တစ်သက်လုံး နှလုံးသားမှာ ပါသွားတော့တာပဲ"


“အင်းပေါ့၊ ရည်းစားလိုချင်တာထက် မြတ်နိုးတဲ့စိတ်နဲ့ချစ်သူတွေအဖို့ကျတော့ ပိုဆိုးတာပေါ့။ မွှေး ဘယ်တော့ ..ဘယ်တော့မှမေ့မရဘူး” 


အတွတ်သည် ယခုအခါ အဓိပ္ပာယ်အများကြီးနှင့် မွှေးကို ပြောပြလိုက်၏။ 


“ဒါကြောင့် ၁၅ဝဝ နဲ့ ချစ်တဲ့သူတွေ ပြတ်လွယ်ပေမယ့် မိဘမောင်နှမချစ်တွေဟာ ဘယ်လိုပဲ စိတ်နာအောင်လုပ်လုပ် မပြတ်နိုင်တာပေါ့” 


အတွတ်ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်လေသလား၊ မလည်သလား အမူအရာ မွှေးက မပြသော်လည်း စာရွက်များကိုမူ တစ်ရွက်ပြီးတစ်ရွက် လှန်၍ကြည့်နေရာမှ မိန်းမကြီးတစ်ယောက် ဟန်ပန်မျိုးနှင့် ပြောနေ၏။ အတွတ်က ဓာတ်ပုံများကို မွှေးလက်ထဲ ပြန်၍ ထည့်လိုက်၏။ မွှေးသည် (၁၀-၁၀-၄၅) နေ့စွဲနှင့် စာတစ်စောင်ကို လက်ထောက်ပြလိုက်၏။


“ဒီစာထဲမှာပေါ့၊ မောင်နဲ့အချစ် စေ့စပ်ပြီး နိုင်ငံခြားမှာ ဒီဂရီ သွားယူမယ်လို့ သူရေးခဲ့တာလေ” 


အတွတ်သည် မွှေး ထောက်ပြသည်ကို အသာလှမ်း၍ ကြည့်လိုက်၏။


“မေမေသာသိရင် မေမေ အစက မပြောဘူးလားသမီးလို့ မွှေးကို မေးမှာပဲ”


“ကြီးကြီးတင်ကို ဘာမှ မပြောပါနဲ့၊ အမှန်တော့ မင်းတို့နှစ်ယောက် မညားတာကို ကြီးကြီးတင်က သဘောကျပါတယ်၊ ဒါနဲ့ ကိုယ်တို့မေမေလဲ ဒီပြောင်းလာတော့မယ်၊ ဟိုမှာ ကေအင်ဒီအိုတွေ လှုပ်လာတာ သိပ်မဟန်ဘူးတဲ့။ ပြီးတော့ မင်းတို့အိမ်မှာ ကြီးဒေါ်ခင်လဲ ဆုံးသွားပြီဆို”


“ဟုတ်တယ်၊ မေ​မေ့အတွက်လဲ ကမာရွတ်ဘက်မှာ အိမ်လေး တစ်လုံး တစ်နေ့က မွှေး သွားကြည့်တယ်။ ခြေမသန်တဲ့ ဘကြီးလဲ သူ့သမီးများ လာခေါ်လို့ မေ​မေ့မှာ တာဝန်လွတ်သွားပြီ။ ​မွှေး ငှားထားတဲ့ အိမ်က အိမ်ဆိုရုံပဲ။ အောက်ခင်းက အုတ်ခဲတွေ စီထားတယ်။ ဝင်းလေးတော့ ကျယ်သားပဲ၊ တစ်လ ၅၀။ ရေမရ၊ မီးမရဘူး”


“အေးကွယ် အဲဒီမှာနေရလို့ ကြီးကြီးတင် စိတ်ဆင်းရဲမလား”


“မေမေ့စာထဲမှာက သားသမီး တကွဲတပြားနဲ့ နေရတာဟာ စိတ်အဆင်းရဲဆုံးပဲတဲ့၊ မွှေးအဖို့လဲ မေမေနဲ့ ခွဲနေရတာဟာ သိပ်ပြီး ဟာတာပဲ” 


အတွတ်သည် မွှေးမျက်နှာလေးကို စေ့စေ့ကြည့်ပြန်သည်။ ရေခဲရေအေးသည်ဆိုသည်မှာ တကယ်တော့ စမ်းရေယဉ်၏အအေးဓာတ် မမီနိုင်ပါကလားဟု တရားကျနေ၏။ ယခုတော့ အအေးဆုံးသော မေမေ့ရင်ခွင်မှတစ်ပါး မွှေးသည် ခိုဝင်နားနေစရာ မရတော့ပေ။


အခန်းဝသို့ လ,ရောင်ရောက်လာမှ အတွတ်သည် မွှေးကို နူတ်ဆက်ကာ ပြန်၏။ ဒေါ်လေးမူရာတို့၏ခြံကြီးကို ဖြတ်လျှောက်စဉ်တွင် လရောင်သည် မြသစ်ရွက်များပေါ်တွင် တောက်ပ၍နေပေသည်။ အတွတ်သည် လဝန်းကို မော်ကြည့်လိုက်၏။ ထင်းရှူးရွက်မွှားတို့ အဖျားတွင် မပြည့်သေးသော လဝန်းကို မြင်လိုက်သည်။ နက်ဖြန်သည် လဆန်း ၁၄ ရက်နေ့ဖြစ်သည်။ လမင်း၏ရောင်ခြည်များ သစ်ရွက်နှင့် ပန်းလေးများပေါ်တွင် လူးလာလှုပ်ရှားနေသည်ကို ဤခြံကျယ်ကြီးထဲ၌မြင်ရသော ​မွှေးအဖို့ တစ်ကိုယ်တည်း အားငယ်၍များနေရှာမည်လား။


သူသည် နောက်ဆုံး စိတ်ကို ယတိပြတ် ဆုံးဖြတ်လိုက်၏။ နောက်နှစ် ဒီဂရီရပြီးလျှင် မေမေ့ကို ဖွင့်ပြော၍ မွှေးနှင့် စေ့စပ်လိုက်မည်။ ပြီးတော့ သူလိုချင်သော သီးသန့်လိုင်းဖြစ်သည့် အဆုတ်နာကုသနည်း၊ အဆုတ်ကို ခွဲစိတ်ကုသပုံတို့ကို နိုင်ငံခြားသို့ သွားရောက်သင်မည်။ မွှေးက သဘောတူညီခဲ့လျှင် လက်ထပ်၍ မွှေးကိုပါ တစ်ပါတည်းခေါ် သွားမည်။


အတွတ်၏ခြေထောက်များသည် ပေါ့ပေါ့သွက်သွက်လေး ဖြစ်လာ၏။ နှုတ်ခမ်းဖျားမှ ​လေအေးလေးဖြင့် လေချွန်ကာ သူ့မျက်နှာ၏အပြုံးသည်လည်း ကောင်းကင်မှလမင်းနှင့် ပြိုင်၍ ကြည်ရွှင်နေသည်တကား။


* * *


သောင်းကျန်းမှုများ မြန်မာတစ်ပြည်လုံး လှုပ်ရှားနေချိန်တွင် ဖရက်သည် လန်ဒန်​ရောက်ကာ အတွတ်အတွက်လည်း စာကြည့်မပျက်ပေ။ အင်းစိန် ကေအင်ဒီအိုများလက်ထဲကျနေချိန် ခေတ္တသာ ကျောင်းပိတ်ထား၍ ကျောင်းတက်ရက် ပျက်ခဲ့၏။


အတွတ်၏အ​မေက ဝင်ဆာလမ်းသို့ ပြောင်းလာ၍ မေမေကလည်း မွှေးငှားထားသော ကမာရွတ်အိမ်လေးတွင် လာ၍နေသည်။ မွှေးသည် မိသားစုသိုက်သိုက်ဝန်းဝန်းနှင့် နေရ၍ သူ့ကျန်းမာရေးမှာ ပို၍ကောင်းလာပုံရသော်လည်း မေမေက ခဏခဏ ဖျားတတ်၏။


တက္ကသိုလ်၏ မရန်းပင်ပျိုကိုင်းများတွင် ဥဩသံ ​ဝေလာသည်နှင့်တစ်ပြိုင်နက် ကျောင်းစာသင်တန်းများသည်လည်း ရပ်နား၍ စာမေးပွဲများ စတင်စစ်ဆေးစ ပြုလာလေသည်။


မွှေးသည် အိုင်အေ အထက်တန်းအတွက် နောက်ဆုံးဘာသာကို ကျကျနန ဖြေဆိုခဲ့သည်။


စာမေးပွဲခန်းမှ ထွက်ချိန်တွင် နေပူရှိန် ပြင်းပြနေသလောက် နွေရူးလေများသည်လည်း ထန်လျက်ရှိသည်။ သူသည် ကမာရွတ်ဘက်ကို ခြေလျင်လျှောက်ရန် ဘွဲ့နှင်းသဘင်ခန်းမနောက်ဘက်ကို ထွက်ကာ အင်းလျားကန်ဘေးလမ်းတွင် တစ်ယောက်တည်း လျှောက်လာသည်။ ရပ်ထားသော ဂျစ်ကားစိမ်းတစ်စီးကို ဖြတ်လိုက်လျှင်ပင် “ကျွန်တော်ကို ခွင့်ပြုပါခင်ဗျာ' ဟူသော အသံကို ကြားလိုက်ရ၍ မွှေး၏ခြေများတုံ့ကာ ​ခေတ္တရပ်လိုက်သည်။ 


သူ့ရှေ့တွင် သူတစ်ခါမှမမြင်ဘူးသည့် လူတစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုသူမှာ အရပ်ခပ်မြင့်မြင့်နှင့် ပခုံးကျယ်သလောက် ရင်ကိုချီထား၏။ နဖူးမှာ ကျယ်ပြန့်၍ နှာတံပေါ်သော်လည်း သူ့မျက်နှာသည် ပြေပြစ်လှပသောရုပ်မဟုတ်ပေ။ ခန့်သည်ဆိုရုံသာ ပြောနိုင်သော ရုပ်ကြမ်းမျိုးဖြစ်၏။ မွှေးမျက်နှာမှာ ဣ​နေ္ဒြဆောင်ထားသော်လည်း စိတ်ထဲကမူ ထိတ်၍နေပေသည်။


“ကျွန်တော် ခုလို အနှောင့်အယှက်ပေးရတာ အများကြီး ဝမ်းနည်းပါတယ်။ ရုတ်တရက် ကြုံ​တော့လည်း လွဲသွားမှာစိုးလို့ ကမန်းကတန်း နှုတ်ဆက်ရတာပါ။ ကျွန်တော့်ကို မွှေးသိမှာ မဟုတ်ပါဘူး။ မွှေးကိုတော့ ကျွန်တော်သိတာ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကပဲ”


မွှေးသည် ရုတ်တရက် ကြောင်တက်တက်ဖြစ်နေ၏။ ထိုလူ၏ဟန်ပန်မှာ သိမ်သိမ်မွေ့မွေ့ ရှိ၍ ကြောက်စိတ် အနည်းငယ်ပြေ၍လာသည်။


“ကျွန်မကို သိတယ်”


“ဟုတ်ကဲ့၊ ကျွန်တော့်အထင်ပြောရရင် ​မွှေး မက်ထရစ်အောင်ပြီးစကပေါ့။ ဟိုရေတမာပင်အောက်မှာ စာရွက်တွေ ဆုတ်ဖြဲပြီး ထွက်သွားတုန်းကလေ”


မွှေးမျက်နှာတွင် ရှက်ရောင်များ သမ်းလာ၍ နီရဲသွားတော့သည်။


“ခွင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော်ရိုင်းသွားသလား" 


မွှေးသည် ဣ​နေ္ဒြပြန်ဆည်လိုက်၏။


“အဲဒီတုန်းက မွှေးကို မြင်တယ်လား”


“မြင်ပါတယ်။ ကျွန်တော်က အတွတ်နားမှာ မွှေးကို တော်တော်စောစောက ကျွန်တော် တွေ့နေတယ်။ ဒါပေမယ့် ကျွန်တော် တစ်ခါမှမသိဘူးဘဲဟာ။ စာရွက်တွေဆုတ်ပြီး ထွက်သွားတော့မှ ကျွန်တော့်စိတ်ထဲ ထူးထူးဆန်းဆန်းဖြစ်ပြီး ကျန်ရစ်တယ်။ အဲဒီနေ့က မွှေးနဲ့အတွတ် မတွေ့ဘူးလား”


ထိုသူ့ ပြောဟန်များသည် မိတ်ဟောင်းဆွေဟောင်းများလို ရင်းနှီးလှပေသည်။


“တွေ့ပါတယ်” 


“အဲဒီနေ့ ညဘက် အတွတ် အခန်းကူးပြီး မွှေးရဲ့သတင်းကို ​မေးကြည့်ရတာပဲ။ ဒါကြောင့် ကျွန်တော်ဟာ မွှေးကို တဝက်လောက်တော့ သိနေတာပေါ့။ နောက်ပိုင်းတော့ ခွင့်မသာဘူး။ အမ်ဘီဘီအက်စ် မလိုက်ဖြစ်ဘဲ စစ်ထဲဝင်သွားခဲ့တယ်၊ ခု ခွင့်ရတာနဲ့ စာကြည့်ပြီး ရိုးရိုးဘီအေ လာ​ဖြေတာ” 


“ဟုတ်ကဲ့ ... မွှေးကို ခုလို ဂရုပြုတယ်ဆိုတာ သိပ်ဝမ်းသာတာပါပဲ၊ နောက် တွေ့ကြသေးတာပေါ့”


“ပြီးတော့ ...” 


ဆက်လက်၍ လမ်းလျှောက်ရန် ဟန်ပြင်နေသော ခြေလှမ်းမှာ ထိုသူ၏ “ပြီးတော့" ကြောင့် ရပ်၍သွားတော့သည်။


“ပြီးတော့ ကျွန်တော် စစ်ထဲမှာ ဝါးခယ်မက ဆာဂျင်လေးတွေ၊ စစ်သားလေးတွေဆီက မွှေးရဲ့သတင်းအကြောင်းစုံတွေကိုလဲ စုံစမ်းခဲ့ပါတယ်။ ဒါကြောင့် လူချင်းမရင်းနှီးပေမယ့် မွှေးကိုတော့ ကျွန်တော့်စိတ်ထဲက တော်တော်သိနေပါပြီ။ ခု မွှေးကို ကျွန်တော် လိုက်ပို့နိုင်ပါသလား”


မွှေးက ပြုံးကာ ခေါင်းခါပြလိုက်၏။ ပါးစပ်မှ “ကျေးဇူးတင်ပါတယ်”ဟုသာ ဖြေလိုက်သည်။


“ကျွန်တော့်နာမည်ကတော့ မောင်မောင်နိုင်လို့ ခေါ်ပါတယ်။ အတွတ်နဲ့ တွေ့တဲ့အခါ မေးကြည့်ပါ”


“ဟုတ်ကဲ့၊ မွှေးကို သွားခွင့်ပြုပါဦး” 


မွှေးသည် ဒီတစ်ခါတော့ ခွင့်တောင်းကာ ခပ်သုတ်သုတ် ထိုသူ့အပါးမှ ခွာခဲ့တော့သည်။ ရင်ထဲတွင် ကြောက်စိတ်ပြေသွားသော်လည်း သူနှင့်တစ်ခါဖူးမျှ မတွေ့ဘူးဘဲ သူ့အပေါ်စိတ်ဝင်စားနေသော လူတစ်ယောက်အတွက် အံ့ဩ၍နေတော့သည်။ 


* * * 


အိမ်ရောက်လျှင် ချွေးသီးချွေးပေါက်ကျကာ မော၍နေပေသည်။ အတွတ်က သူ့ကို ဆီးကြို၏။ 


“စာမေးပွဲ ဖြေနိုင်လားမွှေး၊ ကြီးကြီးတင် နေမကောင်းဘူး ဆိုလို့ ကိုယ်လာကြည့်တာ”


“ဖြေနိုင်ပါတယ်၊ ထူးထူးဆန်းဆန်းတွေ့ခဲ့လို့ အတွတ်ကို မေးမလို့” 


မွှေးသည် လွယ်အိတ်ကို စားပွဲပေါ် ပစ်တင်ကာ အတွတ် အနားမှာ လာထိုင်၏။


“အတွတ်မှာ မောင်မောင်နိုင်ဆိုတဲ့မိတ်ဆွေ ရှိလား” 


အတွတ်က ခဏ စဉ်းစားနေ၏။


“ရှိတာပေါ့ ကိုကိုနိုင်ကြီးလေ၊ သူ့ကို ကိုယ်တို့ကတော့ ကိုကိုနိုင်လို့ ခေါ်တယ်၊ အစက တစ်ခန်းတည်း အတူတူပဲ။ သူက တစ်နှစ် စီနီယာကျတယ်။ သောင်းကျန်းသူတွေ ထလာတော့ ကျုပ်မနေနိုင်တော့ဘူး ဆိုပြီး ကျောင်းကထွက်သွားတယ်။ စစ်တပ်ထဲမှာ အခု ဗိုလ်မှူးဖြစ်ပြီဆိုလားပဲ၊ အဲဒါ ဘာဖြစ်လို့လဲ” 


“မွှေးနဲ့တွေ့ခဲ့တယ်၊ သူက မွှေးကို ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်တာ၊ မွှေးကလဲ တစ်ခါမှမသိတော့ ကြောင်နေတာပေါ့”


“သိမှာပေါ့၊ အတွတ်က စကားဆိုမိတိုင်း မွှေးရဲ့အကြောင်းကို ခဏခဏ ပြောနေမိကိုး။ ခုမှ သတိထားမိတာ၊ ရေတမာပင်အောက်မှာ မွှေး စာရွက်ဆုတ်ပစ်နေတော့ သူက အနားမှာပဲ။ လူက လူ​တော်ပါပဲ။ တစ်ဦးတည်းသား၊ အမေပဲရှိတယ်။ အမေကလဲ လိုလေသေးမရှိ သူ့ဆန္ဒလိုက်ပါတယ်၊ ကွန်မြူနစ်သဘောတရားရေးဆရာ ကိုအောင်ကြီးနဲ့ တစ်ခန်းတည်းပေါ့။ သူတို့နှစ်ယောက် ဘယ်လောက်ထူးဆန်းလဲဆို ကိုကိုနိုင်ကျတော့ သမထဆရာ”


မွှေးက အတွတ်ပြောသည်ကို ရယ်ချင်လာပုံရ၏။


“အဟုတ်ပြောတာ၊ ဆေးကောလိပ်ရောက်တဲ့နှစ်ကဆို သူ့အခန်းထဲမှာ တစ်ခါတစ်ခါ သမထထိုင်နေတာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ အဲဒီတုန်းက တိုင်းပြည် အတိဒုက္ခရောက်နေတဲ့အခါ ကျောင်းစာသင်ခန်းကို စွန့်ပြီး ဝင်ဆောင်ရွက်တဲ့ ကျောင်းသားတော်တော်များများ စိတ်ဓာတ်ကိုတော့ ချီးကျူးစရာပဲ။ ကြီးကြီးတင်ပြောတဲ့ ကိုယ်ကျိုးမငဲ့တဲ့စိတ် ဆိုတာ ဒါမျိုးထင်ပါရဲ့”


​မွှေးသည် သူ စ၍မေးသော မေးခွန်းကို ​ဖြေနေသော အတွတ်၏စကားကို ဆက်လက် နားထောင်လိုဟန် မရှိသလို လက်ထဲမှ ဖြေဆိုခဲ့ပြီး မေးခွန်းလွှာကို ဖြန့်၍နေတော့သည်။ သူဖြေဆိုခဲ့သည် အဖြေများ မှန်မမှန် အတွတ်ကို ပြန်၍ မေးနေတော့၏။ ပြီးတော့မှ ကြီးကြီးတင် အိပ်နေရာသို့ သူတို့နှစ်ယောက် ဝင်လာကြသည်။ 


ကြီးကြီးတင်သည် အိပ်ရာပေါ်မှာ လှဲနေရ၍ ပျင်းရိနေပုံရသည်။ မျက်နှာမှာ ဖြူလျော်၍ အတော်ပင် ပိန်ကျနေပေသည်။


“ခုနပဲ ကြီးကြီးတင်ကို အတွတ် ဆေးထိုးပေးခဲ့တယ်။ တစ်နေ့ နွားနို့လေးဆယ်သားနဲ့ ကြက်ဥ နှစ်လုံးတော့ မှန်မှန်တိုက်ရင် ကောင်းမယ် မွှေး” 


မွှေးသည် မေ​မေ့လက်များကို ဆုပ်နယ်လိုက်၏။ ​မေ​မေ့မျက်နှာသည် နှစ်သိမ့်ခြင်းဖြင့် ပြုံးယောင်ယောင်ဖြစ်နေသည်။ 


“ရောဂါက နားရင် ပျောက်လွယ်တာပဲ၊ ဘာမှမပူပါနဲ့ မေမေရာ၊ မွှေးလခလဲ နှစ်ရာ့ငါးဆယ်တောင် ရလာပြီပဲ။ မေမေ မြန်မြန်ကျန်းမာလာမှာ၊ ဆရာဝန်တစ်ယောက်လုံး အနားမှာရှိနေတာပဲ၊ ဆေးဖိုး

လဲ မပူနဲ့တော့” 


မွှေးက အတွတ်၏မျက်နှာကို လှမ်းကြည့်၍ ပျော်ပျော်ရွှင်ရွှင်ပြောလိုက်သောအခါ အတွတ်စိတ်ထဲတွင် အနာဂတ်ကို တွေး၍ ကြည်နူးလိုက်မိပေသည်။


မမအေးသည် ကြက်ဥနှင့် နွားနို့ပေါင်းပြီးသား ထည့်၍ထားသော ပန်းကန်ကို ဗန်းငယ်တွင်ထည့်ကာ ယူလာသည်။ 


“မွှေးရောက်နေတာတောင် မမအေး မသိဘူး၊ မိလေးနဲ့ မိထွေးလဲ မက်ထရစ်ဖြေနိုင်လို့တဲ့၊ ရွှင်နေတာပဲ" 


“သူတို့ကတောင် မွှေးထက် ဒီဂရီ စောဦးမယ်၊ မွှေးက ပြတ်တောင်း ပြတ်တောင်းနဲ့ ဖြေရတာ" 


​မေမေသည် ​မွှေးမျက်နှာကို ကွက်ခနဲ လှမ်းကြည့်လိုက်သောကြောင့် မွှေးစိတ်ထဲတွင် ထင့်၍သွားပြန်သည်။ မေမေက ထထိုင်၍ မမအေးလက်ထဲမှ ပန်းကန်ကို လှမ်းယူလိုက်၏။ မမအေးက မပေးဘဲ မေမေ့ကို ဇွန်းနှင့်ခပ်ကာ ကလေးငယ်လို ကျွေး၍နေသည်။


အတွတ်နှင့် မွှေးသည်လည်း အပြင်သို့ ခဏထွက်လာကြသည်။ 


“မင်းကလဲ ကျောင်းမနေရတာတွေ၊ စာမေးပွဲ မဖြေဖြစ်တာတွေ လွှတ်ခနဲ မပြောပါနဲ့ကွာ။ ကြီးကြီးတင် စိတ်မကောင်းပါဘူး”


“အေးကွယ်၊ မွှေး နောက် သတိထားပါ့မယ်” 


“ဒီနေ့ ဓာတ်မှန် result ရော တံတွေးစစ်စာရော ရခဲ့ပြီ။ ကြီးကြီးတင်ရောဂါက တော်တော်ကျွမ်းနေပြီ။ တကယ်လို့ ဆေးရုံမှာ နားပြီး တစ်နှစ်လောက်ကြာလို့ ညာဘက်အဆုတ်ကောင်းသွားရင် ဘယ်ဘက်ကို ခွဲစိတ်ပြီး ထုတ်ပစ်ကုသရင်တော့ ကောင်းမယ်တဲ့။ ဒါက ဒေါက်တာသန်းအောင်ပေးတဲ့ အကြံဥာဏ်ပဲ။ ကိုယ်လဲ သူယူဆပုံကို သဘောကျပါတယ်"


မွှေးက နားထောင်ရင်း ခွေနုန်းနုန်း ဖြစ်သွား၏။ ဒီရောဂါမှာ ကြီးကျယ်ခမ်းနားရုံမက ရှည်လျားစွာ အနားယူခြင်း၊ အဖိုးတန် အားရှိသော အစားအစာများကို ကြိုက်ကြိုက် မကြိုက်ကြိုက် စားနေရခြင်းမှာ လူနာများအတွက် စိတ်မောစရာ ဖြစ်သည်ကို မွှေးက နားလည်ပြီး ဖြစ်၏။


“ဆေးရုံမှာ နားတာတော့ ပိုပြီး ကောင်းတာပဲ။ ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးရဲ့ အဆုတ်နာအခန်းအကြောင်းကို အတွတ် သိမှာ​ပေါ့"


အတွတ်က ခေါင်းညိတ်လိုက်၏။


“နေရာ... နေရာဟာ သိပ်လိုတာပဲ။ တော်ရုံလူနာဟာ ဒီအခန်းတက်တာနဲ့ အချင်းချင်းပြန်ကူးမှာတောင် စိုးရတယ်။ ပြီးတော့လဲ ခုတင်တစ်ခုရဖို့ဟာ မလွယ်ဘူး”


အတွတ်က စိတ်ပျက်စွာ ပြောပြ၏။ 


“အေးကွယ်၊ ပိုက်ဆံခန်းကို မွှေးကြိုးစားမယ်၊ မေမေ သဘောတူရင် တင်ရအောင်” 


“ဒါကလဲ မွှေးစဉ်းစားကြည့်၊ အခန်းတစ်ခုလုံးမှ ဒေါက်တာသန်းအောင်က နှစ်ခုတင်ပဲ ရတယ်။ တီဘီလူနာတစ်ယောက် တစ်ခါ နားရင် ခြောက်လကနေ တစ်နှစ်အထိ ကြာတယ်။ နောက်တစ်ယောက်တက်ဖို့ ဘယ်လောက် စောင့်ရမလဲဆိုတာ စဉ်းစားကြည့်ပေတော့။ ကိုယ် တီဘီရိုးရိုးအခန်းဘက်ကျတုန်းက တော်တော်စိတ်မချမ်းမြေ့စရာတွေ တွေ့ခဲ့ရတာပဲ။ နားချင်တယ်ထားဦး၊ နေရာမရှိလို့ ပြန်လွှတ်ခဲ့ရတာတွေ၊ လာပြတုန်းအချိန်က အချိန်မီရောဂါအခြေအနေက မဆိုးသေးပေမယ့် နေရာကြောင့် ပြန်သွားပြီး ပြန်လာတော့ ရောဂါလွန်နေတာတွေဟာ တော်တော်စိတ်မချမ်းမြေ့စရာပဲ။ ဒေါက်တာတွေအနေနဲ့လဲ ဆေးနဲ့ကုသနည်းသာ တတ်နိုင်တာကိုး။ အခန်းပြဿနာ၊ ခုတင်ပြဿနာကို သူတို့သိပ်ခေါင်းခဲတာပဲ”


“ဒီလိုဆို မေမေ့ကိစ္စ ဘယ်လိုလုပ်ရင် ကောင်းမလဲ” 


“အတွတ်လဲ ဒေါက်တာသန်းအောင်ကို တိုင်ပင်ကြည့်မှာပါ။ ခု ဒီခြံက လေကောင်းလေသန့်ရသားပဲ၊ ဒီမှာ နားနိုင်ပါတယ်။ မွှေးတို့ကိုယ်ကိုလဲ ဂရုစိုက်ပေါ့။ သောက်ရေခွက်၊ စားခွက် မရောဘဲ သီးခြားထား၊ ကိုယ်လဲ ဆေးမှန်မှန်လာထိုးမယ်။ ဒေါက်တာသန်းအောင်က အခန်းအားတဲ့အခါ အကြောင်းကြားမယ်တဲ့။ ဒီတော့မှ အထူးခန်း တင်တာပေါ့၊ အထူးခန်းမှာဆို ကြီးကြီးတင်လဲ စိတ်ချမ်းသာမယ်။ ရိုးရိုးအခန်းက လူနာအချင်းချင်း မြင်ရတာနဲ့ စိတ်မချမ်းမသာဖြစ်ပြီး ရောဂါတိုးမှာ” 


မွှေးသည် ခေါင်းငုံ့ကာ နားထောင်မြဲ နားထောင်နေ၏။


“ကဲ ... ကိုယ်ပြန်ဦးမယ်၊ ကိုကိုနိုင့်ကို တွေ့တဲ့အခါ အတွတ် ခေါ်လာခဲ့ဦးမယ်”


မွှေးက ခေါင်းတစ်ချက်ညိတ်ပြကာ ကျန်ရစ်တော့သည်။


ကိုကိုနိုင် ခွင့်ရက်မစေ့၍ မပြန်သေးခင် အတွတ်သည် နှစ်ကြိမ်လောက် ကိုကိုနိုင်ကို ​မွှေးတို့အိမ်သို့ ခေါ်လာသည်။ နောက်ပိုင်းတွင် ကိုကိုနိုင်သည် သူတစ်ယောက်တည်း ခဏခဏ သွား၏။ မွှေးတို့မိသားစုကို တွေ့တွေ့ချင်းပင် မိတ်ဆွေဟောင်းများလို ရင်းရင်းနှီးနှီး ဆက်ဆံသည်။ တစ်ခါတစ်ရံ မျက်နှာပြုံးလိုက် ငိုလိုက်နှင့် ကွေးနေအောင် ကနေသော မွှေးအဖေကြီးနှင့်ပင် ခြံထောင့်၌ စကားလက်ဆုံကျအောင် ပြော၍နေတတ်ပေသေးသည်။


နောက်ဆုံး ပြန်ခါနီးတစ်ခေါက်တွင်မူ ကြီးကြီးတင်၏အိပ်ခန်းထဲ၌ ရောဂါအကြောင်းများ၊ သူ့စစ်တပ်အကြောင်းများကို ပြော၍ပြ​နေ၏။ ကြီးကြီးတင်ကလည်း တော်လှန်ရေးကြောင်း၊ သူ့သားအကြောင်းကို ပြန်လည်ပြောရင်း သူတို့ ရင်းနှီးပုံများမှာ အံ့သြစရာလို ဖြစ်လာသည်။


သူတို့နှစ်ယောက် ပြန်ချိန်တွင်မူ မွှေးသည် ခြံဝသို့ လိုက်၍ပို့၏။ ကိုကိုနိုင်က သူ့ကားကို မောင်း၍ထွက်သွားသည်အထိ မွှေးကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သေးသည်။ 


“မွှေးလဲ တော်တော်ပိန်တယ် အတွတ်။ ကျန်းမာရေးဂရုစိုက်ခိုင်းပါဦးဗျာ


ကိုကိုနိုင်က ကားမောင်းရင်း အတွတ်ကို ပြော၏။


“ဒဏ်ကလည်း ပြင်းတယ် ကိုကိုနိုင်၊ ရန်ကုန်မှာ ငွေရှာရတယ်။ ကျောင်းကလဲ တစ်ဘက်တက်နေရတယ် ဆိုတော့ လွယ်တာ မဟုတ်ဘူး၊ ညနေ ရုံးဆင်းချိန်ကျရင်လဲ သတင်းစာတိုက်တစ်ခုမှာ အလုပ်သင်ပြီး ဝင်ကူနေတယ် ကြားတယ်။ အဲဒီက သူ ငွေပိုလေး ဘာလေးရသတဲ့။ Editorial အဖွဲ့ထဲတောင် ပါသလိုလိုပဲ။ မွှေးက ခေါင်းကလဲမာ၊ ဘယ်သူ့အကူမှလဲ လက်မခံဘူး။ ပြီးတော့ တီဘီ လူမမာတစ်ယောက် အိမ်ရှိနေတယ်ဆိုရင် ငွေကတော့ ဒလဟောပဲ။ သူများမိန်းကလေး ဘဝကို စကြတယ်ဆိုတာက သုညက စရတာ၊ မွှေးက သုညမှာ နောက်က အနုတ်လက္ခဏာပါသေးတယ်"


“အေး...ကျွန်တော်တော့ မွှေးကို ဘာသဘောကျမှန်း မသိဘူး၊ သိပ်သဘောကျတာပဲ။ သူ့ပုံစံဟန်ပန်က စစ်သားလိုပြောရရင် မာတယ်၊ သွက်တယ်၊ ထက်ပုံရတယ်ဗျ။ မျက်လုံးကရော အတွေးအခေါ်နဲ့ စွမ်းရည်အတော်ရှိတဲ့ မျက်လုံးမျိုး"


အတွတ်ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာပြန်သည်။ ယခု ရင်ခုန်သံသည် လွန်ခဲ့သော ခုနစ်နှစ်ကျော် ရှစ်နှစ်လောက်က ရင်ခုန်သံနှင့်ထပ်တူထပ်မျှပါတကား။ ဘုရား ... ဘုရား လွန်ခဲ့သော ရှစ်နှစ်လောက်က မွှေးတို့အိမ်သို့ ဖရက်ကို သူပင်ခေါ်လာခဲ့သည် မဟုတ်ပါလော။ 


“စကားပြောပုံကလဲ မရှင်းဘူးလား၊ မပြတ်သားဘူးလားဗျာ။ ကျွန်တော်သာ မွှေးနဲ့ စကားပြောနေရင် ဘယ်တော့မှ ငြီးငွေ့မယ် မထင်ဘူး”


ကိုကိုနိုင်စကားသံသည် ကားမောင်းရင်း လေတိုးသံကြောင့် မကြားပါရစေနှင့်ဟု အတွတ်က ဆုတောင်းမိ၏။ သို့သော် စကားသံများမှာ ပိုမို၍ပင် ပြတ်သားစွာ ကြားနေရပေသည်။ 


ကိုကိုနိုင်သည် နောက်နှစ်ရက်တွင်ပင် ပြင်ဦးလွင်သို့ ပြန်သွားခဲ့ပေသည်။ 


ဧပြီလ၏နောက်ဆုံးပတ်သို့တိုင်လျှင် စာမေးပွဲအောင်စာရင်းများ ထွက်လာခဲ့သည်။ မွှေးတို့ညီအစ်မသုံးယောက်လုံး စာမေးပွဲအောင်မြင်ကြသည်။ အတွတ်သည်လည်း အမ်ဘီဘီအက်စ် ဒီဂရီရ၍ ကိုကိုနိုင်လည်း ဘီအေအောင်၍ သွားတော့သည်။ 


အတွတ်က သူကိုယ်တိုင်အောင်သည်ထက် မွှေး အောင်သည်ကို ပျော်ရွှင်ကျေနပ်၍မဆုံးပေ။ သူ့အတွက်မူ လန်ဒန်သို့ ဆက်လက်ပညာသင်သွားဖို့ စီစဉ်နေသည်။ ဒီကြားအချိန်တွင် မွှေးနှင့် မေမေ့ကို သူဘယ်လို ဖွင့်ပြောရပါ့။ အလိုလိုသာ မွှေးသည် သူ့စိတ်ကို သိတတ်ပါလျှင် မည်မျှအဆင်​ပြေမလဲဟု စိတ်ကူးကလည်း ယဉ်ပေသေးသည်။ မွှေးလက်ခံသည် ဆိုမှ ​မေ​မေ့ကို ပြောချင်သည်။ ​မေ​မေက​တော့ ပင်ကိုယ်က ​ပေးစားချင်ချင်မို့ မွှေးတို့မေမေကို နားဖောက်ဖို့ အများကြီး လွယ်သည်။ မွှေးကများ ခေါင်းခါလိုက်ပါလျှင် သူရင်ကျိုးရချည်ရဲ့။ 


တစ်ယောက်တည်း မထွေးနိုင် မအန်နိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာရမည့်အချိန်မှာ တဖြည်းဖြည်း နီးလာတော့သည်။ 


ကြီးကြီးတင်ကို သွားကြည့်ရသည့် ညနေတိုင်း မွှေးမျက်နှာကိုသာ ပန်းပွင့်အလှကြည့်သလို ကြည့်၍ပြန်ခဲ့၏။ သူ့ရင်ထဲတွင် ဘာတွေ ဖြစ်နေသည်ကို စာထဲတွင် ချရေးလို့မရ၊ ပါးစပ်ကလည်း ဘယ်ကစပြောရမည်ကို တွေး၍မတတ်ပေ။


တစ်ညနေကများ မိုးတွင်းဖြစ်၍ စံပယ်ပန်းများ လှိုင်လှိုင်ဖူး၍နေချိန်ဖြစ်သည်။ အေးမှတစ်ပါး ကျန်ညီအစ်မသုံးယောက်မှာ စံပယ်ဖူးများကိုခူး၍ ဗန်းခုံးလေးများထဲတွင် ထည့်နေကြသည်။ သူသည် ကြီးကြီးတင်ကို ဆေးထိုးပြီး အိမ်အဝထွက်ကာ မတ်တတ်ရပ်နေသည်။ မွှေးတို့ဆီသို့ မျှော်ကြည့်ရင်း စိတ်က အလိုလိုမောနေသည်။ ဤခေတ်တွင် သူ့လိုနှုတ်နှေးသူ သူငယ်တစ်ယောက် ရှိနေသေးသည်ဆိုလျှင် မည်သူကမျှ ယုံမည်မဟုတ်ပေ။


နေ့လယ်က မိုးစိမ့်စိမ့် ရွာထားသောကြောင့် မြေမှာ သိပ်နေသည်။ ညနေ နေသာပုံလေးသည် ရွှင်ကြည်ကြည်နှင့် လေကလည်း အေးမြမြတိုက်လာသည်။ ​မွှေးအနားသို့ သွားရန် ဆုံးဖြတ်လိုက်၏။ ဘာပဲဖြစ်ဖြစ် မွှေးကိုလက်ထပ်ပြီး လန်ဒန်ကို တစ်ပါတည်း ခေါ်သွားမည့်အကြောင်းကို သူသည် ဘာစကားမျှ ပလ္လင်မခံဘဲ ပြောရန် ထွက်သွားတော့သည်။


မွှေးရှေ့ရောက်လျှင် မွှေးသည် လက်ထဲမှ ပန်းပွင့်တချို့ကို သူ့ကို လှမ်းပေးလိုက်၏။


“မိုးရေထိ သွားပေမယ့် ပန်းကလေးတွေက မွှေးတုန်းပဲ အတွတ်ရယ်” 


အတွတ်သည် ဘာမှမပြော။ မွှေးကို ကြောင်၍ ကြည့်နေသည်။ နှုတ်ခမ်းများ လှုပ်ရန် အားယူပြီးမှ ... " “ကြီးကြီးတင်ဟာ မိုးအေးလို့ ထင်တယ်၊ ရောဂါတိုးနေတယ်” ဟု ပြောချလိုက်သည်။ 


မွှေးသည် သူ့မျက်နှာကို ထိတ်လန့်သလို ဖျတ်ခနဲ ကြည့်ကာ မြေပေါ်မှ ဗန်းခုံးလေးကိုပင် မကောက်တော့ဘဲ အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။


အတွတ်သည် သူ့အဖြစ်ကို ရယ်ရမလား၊ ငိုရမလား တွေး၍မတတ်တော့ပေ။ စိတ်ထဲမှာလည်း ရှုပ်ထွေးလာတော့သည်။ တစ်ချီဖြင့် လွတ်၍ သွားပြန်သည်တကား။


အပိုင်း(၄) ဆက်ရန်

ခင်နှင်းယု


No comments:

Post a Comment