ယခုလည်း မေမေက မွှေးတို့အိမ်ကို သွားနှုတ်ဆက်ရန် ပြောနေသည်။ မနေ့ကပင် ကြီးကြီးတင်ကို သွားကြည့်ရင်း သူ လာနှုတ်ဆက်မည့်အကြောင်းကို ပြောပြခဲ့သည်ဟု ဆို၏။
သူသည် ကားလေးကို ကိုယ်တိုင်မောင်းကာ ကမာရွတ်ဘက်သို့ ထွက်လာတော့သည်။ မွှေးတို့ခြံဝတွင် ဖီးယက်မီးခိုးရောင် ကားတစ်စီးကိုလည်း တွေ့ရသည်။
သူ အိမ်ထဲသို့ဝင်လျှင် မွှေးကို ချက်ချင်းမတွေ့ရ၊ အထွေးက ဆီးကြိုကာ ကြီးကြီးတင် အိပ်ခန်းထဲသို့ ပို့ပေးလေသည်။
“ဘယ့်နှယ်လဲ၊ ကောလိပ်ကျောင်းသူအသစ်စက်စက်ကြီးတွေ စာလိုက်နိုင်ရဲ့လား"
“လိုက်နိုင်ပါတယ်” "
အထွေးက သူ့မေးခွန်းကို ဖြေ၏။
ဒီလိုပြောရဖို့ နှုတ်က သွက်သလောက် မွှေးနှင့် ဟိုလိုပြောဖို့အချိန်ဆိုလျှင် သူနှုတ် လေးလှသည်။ ကြီးကြီးတင် ခုတင်ဘေးတွင် ကိုကိုနိုင့်အမေကို တွေ့ရသည်။
“ဟော... အတွတ်ပါလား၊ ထိုင်... သားရေ... မောင်မောင်နိုင့်အမေကို သားသိတယ် မဟုတ်လား”
“သိပါတယ်"
အတွတ်က ပြုံးကာ ပြန်၍နှုတ်ဆက်လိုက်သည်။
“ဒါလဲ ကျွန်မသားဆိုပါတော့၊ ဝါးခယ်မတစ်ဘက်ကမ်းမှာ ခြံချင်းကပ်ရက် တစ်မြေထဲနေ တစ်ရေတည်းသောက်တွေပေါ့”
ကြီးကြီးတင်က သူ့အကြောင်းကို ဖော်ပြနေသည်။
“အတွတ်တော့ မောင်မောင်နိုင်ကလဲ ခင်ပါတယ်”
ကိုကိုနိုင့်အမေကြီးမှာ ကိုကိုနိုင်လိုမဟုတ်၊ အသားလတ်၍ ခပ်နွဲ့နွဲ့ဖြစ်သည်။ ဘယ်တုန်းကများ အမေကြီးမှာ ဒီအိမ်ကို ဝင်ထွက်နေသည်ကို အတွတ်က မသိပေ။
“သား ဘယ်တော့လောက် လန်ဒန်သွားမလဲ”
“ရှေ့အပတ် ဗုဒ္ဓဟူးနေ့ပဲ ကြီးကြီးတင်၊ ကျွန်တော်မရှိလဲ အားမငယ်ပါနဲ့၊ ကျွန်တော့်ဆရာ ဒေါက်တာသန်းအောင်ကလဲ လာကြည့်ပါမယ်တဲ့"
“အေးကွယ် သာဓု သာဓု၊ အတွတ်ကိုလဲ ကြီးကြီး အများကြီးကျေးဇူးတင်ပါတယ်”
အတွတ်သည် ခေါင်းငုံ့နေ၏။
“ကျွန်တော် မွှေးကို သွားရှာဦးမယ်”
သူသည် အဘွားကြီးနှစ်ဦးအနားမှ အသာထလာခဲ့သည်။
မွှေးတို့အိမ်မှာ တဲသာသာမို့ ယခင်လို စာဖတ်ခန်းဟူ၍ သတ်သတ်မရှိပေ။ မီးဖိုမရောက်ခင် ညီမလေးယောက် စီ၍အိပ်သော အိပ်ခန်းတွင် စားပွဲကလေးချ၍ထား၏။ မွှေးတို့အားလုံး၏စာအုပ်များမှာ ထိုစားပွဲပေါ်တွင်ဖြစ်သည်။ အထဲက စာမရှိဘဲ ဖောက်ပြီးထားသော စာအိတ်တစ်ခုကို တွေ့ရ၏။ စာအိတ်ပေါ်တွင် မွှေးသို့ လိပ်စာတပ်ကာ စာအိတ်ဘယ်ဘက်ထောင့်တွင်မူ 'မောင်မောင်နိုင်'ဟူ၍ လက်မှတ်ထိုးထားသည်။
သူသည် မီးဖိုခန်းကို ဖြတ်၍ နောက်ဘက် အိမ်အပြင်သို့ ထွက်လိုက်၏။ ခြံစည်းရိုးအနီး တရုတ်စံကားပင်အောက်ရှိ ခုံတန်းလျားလေးပေါ်တွင် မွှေးသည် လျှောက်လွှာစာမျက်နှာ ခုနစ်မျက်နှာခန့် စာရွက်များ ဖတ်၍နေပေသည်။
သူလာသည်ကို မြင်လျှင်မြင်ချင်းပင် မွှေးက စာရွက်ကို လှမ်းပေးကာ သူ့ကိုခေါ်၏။
“ထိုင်ပါဦး အတွတ်ရယ် ... အင်မတန်ထူးတဲ့စာ ဖတ်ကြည့်ပါဦး”
အတွတ် စိတ်ထဲတွင်တော့ ထိုစာမှာ သူ့စားပွဲပေါ်တွင် တွေ့ ခဲ့ရသော စာအိတ်ထဲမှ စာဖြစ်ရမည်ဟု တစ်ထစ်ချ တွက်ပြီးဖြစ်လေသည်။
“ဘယ်ကလဲ"
“ကိုကိုနိုင့်ဆီကလေ"
အတွတ်သည် စာကို လှမ်းယူလိုက်သည်။ စာမှာ လက်ရေးနှင့်ရေးထားသောကြောင့် ပို၍ရှည်လျားဟန်ရှိသည်။
“မွှေးရယ်... မင်းစာက ဘာစာလဲ၊ ဝတ္ထုစာမူလား”
အတွတ်က စာဖတ်ရင်း မေးလိုက်မိလေသည်။
"မွှေး.../
ယခုစာကို ရေးတဲ့အချိန်ဟာ သန်းခေါင်ကျူးလို့ အရုဏ်ဦးသို့ ပြောင်းတဲ့အချိန်ပေါ့။ တော်တော်လှမ်းလှမ်းဆီက ခပ်ဆွဲဆွဲ တွန်လိုက်တဲ့ ကြက်သံလေးတွေဟာလည်း လောကဓာတ်တစ်လုံးကို ပိုပြီးအိပ်မောကျစေမှာပဲ။ လေညင်း
ကလေးတွေကလဲ လူတစ်ကိုယ်လုံးကို ဖျန်းတော့ ပိုပြီးလန်းနေသလိုပဲ။ သဘာဝလောကကြီးဟာ တယ်ပြီးသာယာပါကလား မွှေးရယ်...။
ကိုကိုနိုင်တို့မှာ နေ့ရှိသမျှ အချိန်ရှိသမျှ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ မီးတွေလောင်တဲ့အထဲမှာသာ အာရုံပြုနေကြတော့ သည်လိုသာယာတဲ့ သဘာဝအရသာကို ဂရုမထားနိုင်ခဲ့ကြဘူး။ ခုတော့မှပဲ မွှေးဆိုတဲ့ ညီမငယ်တစ်ယောက်ရဲ့ ဂုဏ်ရည်ကလေးတွေကို တွက်ချက်ရင်းပဲ စိတ်အာရုံထဲမှာ မွှေးရဲ့သဘာအရသာလေးတွေဟာ ဖျောက်မရအောင် စွဲနေရာက ခုလိုသဘာဝအရသာကို ခံစားလိုက်ရပြန်တယ်။
ဟေ့ ...ကိုကိုနိုင်၊ ကမ္ဘာလောကကြီးထဲ ရှိရှိသမျှ အရသာထဲမှာ ဘယ်အရာကို အတပ်မက်ဆုံးလဲလို့ မေးရင် အဲဒီသဘာဝ အေးမြကြည်လင် အပြစ်ကင်းစင်ပြီး အားယူနေတဲ့ လေညင်းကလေးတွေ၊ အေးချမ်းပြီး ဆိတ်ငြိမ်ပြီး အိပ်မောကျနေတဲ့ လူ့လောကမှာ ခပ်အေးအေးကလေး ဖျန်းထားတဲ့လရောင်နဲ့ ပူလောင်မှုကင်းတဲ့ အရုဏ်ဦးကြက်တွန်သံကို အတပ်မက်ဆုံးပဲလို့ ဖြေရမှာပဲ။
ဒီလိုအချိန်မျိုးလေးကြုံတုန်းမှာ ကိုကိုနိုင် အတပ်မက်ဆုံး အမြတ်နိုးဆုံးဆိုတဲ့ အကြောင်းအရာကလေးတစ်ခုရယ်၊ သူနဲ့ပတ်သက်တဲ့ မေတ္တာတေးချင်းကလေး တစ်ပုဒ်ရယ်ကိုတော့ ကိုကိုနိုင်ရဲ့ ဝါသနာအလျောက် သီကုံးလိုက်ချင် သေးတယ်။
အင်း... ဒါတွေ ရေးပြတော့ မွှေးအနေနဲ့ ရယ်လိုက်ချင်မှာပဲ။ ဒါပေါ့လေ။ တစ်ဦးရဲ့ပင်ကိုယ်ကို နားလည်မထားသေးတော့ အမှန်ကို ရုပ်လုံးဖော်ကြည့်လို့ ဘယ်မှာရနိုင်ပါ့မလဲ။ သိပါတယ်။ မွှေးတို့အမြင်မှာကတော့ ကိုကိုနိုင်ကြီးဟာလေ ယောက်ျားကြီး၊ စစ်သားကြီး၊ အရာရှိကြီး အစရှိသည်ဖြင့်ပေါ့လေ။ အပြင်ပန်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း အတွင်းစိတ်ထားကိုပါ တစ်ပါတည်း အရောင်ဟပ်မြင်ကြမှာကိုတော့ သိပါသေးတယ်။ နှလုံးသားကြီးတွေကလဲ ကျွဲပခုံးထအောင် ကြမ်းမာတယ်၊ ဦးနှောက်တွေကလဲ ရွှံ့ဗွက်ရောင် ပေါက်ပြီး မကြည်မလင်နဲ့ စသည်ဖြင့် မြင်ကြပေမှာပဲ။
မွှေးတို့အမြင် သည်လိုမြင်မယ်ဆိုတာလဲ မြင်ကြမှာပေါ့။ ကိုကိုနိုင်တို့အနေနဲ့ တချို့အစိတ်အပိုင်းတွေကို သဘောပေါက်အောင်က လုပ်မှမပေးနိုင်ကြသေးဘဲကိုး၊ အမှန်တော့ ကိုကိုနိုင်တို့လို စစ်သားတွေဟာ အကြောင်းကြောင်းတွေ ဆုံဆည်းကြလွန်းလို့သာ အခုလို တိုင်းပြည်ကာကွယ်ရေးမှာ အမှုထမ်းနေကြရတာပါ။ အသည်းကြမ်းကြီး ပိုက်မွေးလာပြီး ငါကြီးလာရင် စစ်သားကြီးလုပ်ဦးမယ်လို့လဲ မသိခဲ့ကြပါဘူး။ သူလိုကိုယ်လို မွေး၊ သူလိုကိုယ်လို ကျောင်းအတူတူနေပြီး ကြီးလာကြရာက အပေါင်းအသင်း ပတ်ဝန်းကျင်တွေနဲ့ ကမ္ဘာ့စစ်မီးတောက်လာတဲ့အတွင်းမှာ ထားရာကနေပြီး ပြဇာတ် က,လာကြရသလိုပါပဲ။ တကယ့် တကယ်ကျတော့ သာမန်လုပ်ကိုင်စားတွေထက်တောင်မှ တစ်ခါတစ်ခါ နှလုံးသားတွေဟာ နူးညံ့နေကြပါသေးတယ်။
အကြောင်းပြချက်တစ်ခု ပေးမယ်။ သဘာဝတရားဟာ အမြဲတမ်း မျှပေးလေ့ရှိတယ်။ အမြဲတမ်း အပူချည်းလည်းမဟုတ်ဘူး။ အမြဲတမ်းအအေးချည်းလည်းမဟုတ်ဘူး၊ ကာကွယ်ရေးအတွက် လက်နက်ကိုင်ရတဲ့သူဟာ သာမန်ထက်တော့ သွက်ရတယ်၊ မြန်ရတယ်၊ လျှင်ရတယ်၊ မာရတယ်၊ ထက်ရတယ်။ ကဲ အဲဒီလိုချည်း ရက်ဆက်အပူတပြင်း လုပ်နေတာကို ဘယ်အသည်းနှလုံးက ခံနိုင်ဦးမှာလဲ။ ပေးထားတဲ့ အပူဒီဂရီထက် တိုးပြီးလောင်မြိုက်ခြင်းကို ဘယ်မှာခံနိုင်ပါ့မလဲ။ အချိန်တန်တော့လည်း အပူဒီဂရီက တက်ရာက ကျလာရတော့တာပဲ။ အဲလိုကျလာတဲ့ အချိန်ကလေးမှာဖြင့် မွှေးရယ် ... ဘယ်လောက်များ နူးညံ့ပြီး သိမ်မွေ့လိုက်မလဲဆိုတာ၊ ခုလိုသဘာဝ အရသာကလေးတွေကို ဝအောင်ခံစားလိုက်ချင်တယ်။ ချစ်စရာ၊ ကြည်နူးစရာ၊ မြတ်နိုးစရာ အကွက်ကလေးတစ်ကွက် တွေ့လိုက်ရင် ဝအောင် အီအောင် တွေ့ပစ်လိုက်ချင်တယ်။
ကဲ..ကဲ.. ကိုကိုနိုင်လိုလူနဲ့ သဘာဝ အေးမြသာယာမှုတွေဟာ ဘယ်လောက်ဟပ်စပ်လိုက်မလဲဆိုတာကို ဒါလောက်နဲ့ပဲ တစ်ခန်းရပ်လိုက်ပါဦးမယ်။ ဒါလောက်ဆိုရင်ပဲ လူမြင်ရုံနဲ့တော့ အသည်းနှလုံးဟာ ဒီလိုနေမှာပဲလို့ ပုံသေနည်းနဲ့ မှတ်မထားနိုင်လောက်ဘူး ထင်ပါတယ်။ ကိုကိုနိုင်ဟာ လူကြမ်းကြီးမဟုတ်ဘူးဆိုတာ သဘောပေါက်ပြီးတဲ့နောက် “လက်ထပ်ကြခြင်း” ဆိုတဲ့အကြောင်းပေါ်မှာ ကိုကိုနိုင် ယူဆတာကို တင်ပြပါရစေ။
သမီးရည်းစားတဲ့၊ နှစ်ဖက်မိဘက သဘောတူလို့ မင်္ဂလာဆောင်တယ်တဲ့၊ မိန်းကလေးက ရိုးလိုက်တာ ဘာမှမသိဘူးတဲ့၊ ဒါပေမယ့် အခု အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မွေးပြီတဲ့ စတဲ့ စကားလုံးတွေဟာ ကိုကိုနိုင်အတွက်တော့ “ဘဦး ရေကူးနေသည်၊ ဆေးကု၍မရပါ” ဆိုတာလောက်ပဲ နားရှိလို့သာ ကြားရတယ်။ အလွတ်ရနေတယ်။ တော်တော်လည်း ရယ်စရာကောင်းတယ်။ ရွံစရာလည်းကောင်းတယ်။ အော့နှလုံးလည်းနာတယ်။ နနွင်းစိမ်းစော်နံတယ်။ ကြက်သွန်နီနဲ့ ဘဲဥရောပြီး ပန်းကန်ဆေးတဲ့ ရေထဲ ပစ်ထားတော့ နံတဲ့အနံ့မျိုး ရတယ်။ အဲဒါကို ချစ်စရာတွေလို့ မအောက်မေ့ဘူး။ လူဖြစ်လာကြပြီး တဘဝအတွင်း တသက်တာမှာ သံပတ်ပေးထားတဲ့ စက်ရုပ်လိုပဲ။ ဘာရယ်လို့ မဟုတ်ပါဘူးထင်ပါရဲ့။ မွေးကြ၊ ကြီးကြ၊ လင်မယားလုပ်ကြ၊ အိုကြ၊ သေကြ။ အဲဒီလို မလုပ်မိမှာစိုးပြီး လုပ်နေကြတာပဲ။ တကယ်တော့ အချစ်ဆိုတာ အသက်ဝိညာဉ် မပါ,ပါဘူး။ ချစ်စရာကလေး၊ ကြည်နူးစရာကလေး၊ သာယာစရာကလေး ဆိုတာက အဲဒါတွေနဲ့ တခြားစီပဲထင်ပါတယ်။
မွေးလိုက်၊ ကလေးဖြစ်လိုက်၊ အရွယ်ရောက်လိုက်၊ လင်မယား လုပ်ကြ၊ အိုကြ၊ နာကြ၊ သေကြ ဆိုတဲ့ သံသရာက လူ့ဘဝရဲ့ အတတ်ပညာတစ်ခုနဲ့ပဲ တူပါတယ်။ ကိုယ်ချစ်ချင်တာကလေးတွေ၊ ချစ်စရာအကွက်ကလေးတွေ၊ ဟင်းခနဲ သက်ပြင်းချပြီး လှုပ်ရှားသွားအောင် အကြောတွေစိမ့်၊ အသည်းနှလုံးတွေ ခုန်နေအောင် ချစ်စရာကလေးအတွက် လှုပ်ရှားလိုက်တဲ့ လှုပ်ရှားမှုမျိုး ပါမယ်လဲ မထင်ပါဘူး။ ဘာနဲ့ တူသလဲဆိုတော့ တကယ့်ပိတောက်ပန်းကလေးများအနံ့ရတာနဲ့ လူဟာ တုန်နေပြီ။ ပန်းအုံကြီးကို လက်ထဲ ပွေ့ရှူလိုက်ရရင် အာဟာရပြည့်ပြီး လူကိုဝလာတယ်လို့ကို ထင်ရလောက်အောင် အားရတယ်။ အရောင်တူအောင် အပွင့်တူအောင်၊ အခက်တူအောင် လုပ်ထားတဲ့ ပန်းစက္ကူလိပ်က ဖြစ်လာတဲ့ ပိတောက်ပန်းကျတော့ ပန်းနဲ့တူတာကလွဲလို့ ဘာတစ်ကွက်များ အရသာတွေ့စရာရှိသလဲ။ မရေးတတ်လို့ စကားတွေလုံးနေရင်လဲ ခွင့်လွှတ်ပါဦး။ စိတ်ထဲက ပြောချင်တာကတော့ အချစ်ဆိုတာ အလွန်အရသာရှိရမယ့်ဟာ တစ်ခုပဲလို့ ဆိုချင်တာပါ။ အတုတွေကို ချစ်စရာလုပ်နေတာတို့၊ အချစ် ဘာညာပေါ့လေ ခေါ်နေကြတော့ တကယ့်အချစ်ရဲ့အနှစ်သာရဟာ ကြာရင်ပျောက်ကုန်မှာစိုးလို့ ခွဲခြားရေးနေတာပါ။
မွှေးရယ်... ကိုကိုနိုင်ကတော့ မွှေးကိုချစ်နေပြီလို့ ဆိုလိုက်ရင် တစ်လုံးတည်း ပြီးတာပါပဲ။ ဒါပေမယ့် မွှေးက ပြောမှာပေါ့၊ လာပြန်ပြီအချစ်၊ ဘာအချစ်လဲ၊ နင်ချစ်တာ ငါသိပါတယ်လို့ပြောရင် ကိုကိုနိုင်လိုချင်တာ အချစ်ရဲ့ အရသာပါ။ တစ်သက်အတွက် အဲဒီတစ်လုံးတည်းနဲ့ ပျက်တာပဲ၊ အဲဒါကြောင့် အချစ်ကို အလွဲသုံးစားလုပ်တဲ့အထဲ ပါသွားမှာစိုးလို့ ဘာမှလဲမဟုတ်ဘဲနဲ့ ထည့်ရေးနေရတာပါပဲ။
ကဲ...ထပ်ပြီးရေးပြဦးမယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကိုကိုနိုင်မှာ အလုပ်ကလဲ ပြီးသွားလို့ ခေတ္တနားချိန်ကလေးရတယ်။ ကိုကိုနိုင့်မိတ်ဆွေတစ်ဦးမှာ အခါလည် သားကြီးကလေးတစ်ယောက်ရှိတယ်။ အခါလည်သာ ဆိုတယ်၊ ကလေးကြီးက တုတ်တုတ်ဝဝ၊ ဖြူဖြူပုံ့ပုံ့ကြီး။ သူ့မအေနဲ့ ဖအေက မအားလို့ထင်တယ်။ သူ့ချည်းတစ်ယောက်တည်း ဧည့်ခန်းထဲက ကြမ်းပေါ် ထိုင်ထားခဲ့တယ်။ မလှုပ်ဘူး၊ ပုံ့ပုံ့ကြီးထိုင်နေပြီး ရှေ့တည့်တည့်ပဲ သူ့မျက်လုံးက ကြည့် နေတယ်။ ကိုကိုနိုင် သူ့ရှေ့ရောက်သွားတော့လဲ တစ်ချက်ပဲ လှမ်းကြည့်လိုက်ပြီး မူလကြည့်မြဲနေရာပဲ ခပ်တည်တည် ကြည့်နေတယ်။ သူ့မျက်လုံးကြီးက ကြည်မြပြီး ဘာအရိပ်အရောင်မှ မပါဘူး။ အပြစ်ကင်းမဲ့တဲ့မျက်လုံး၊ သူတွေးချင်ရာတော့ တွေးနေမှာပဲ။ ဒါပေမယ့် အပြစ်ကင်းမဲ့တဲ့ တွေးပုံမျိုး။ ခြင်္သေ့ကြီးလိုပဲ လက်နှစ်ဖက် ရှေ့ထောက်ပြီး ပုံ့ပုံ့ကြီး ထိုင်နေတာပဲ။ ဝါတော်ငါးဆယ်လောက်ရတဲ့ ဆရာတော်ကြီးများ သမထထိုင်နေတာကျနေတာပဲ။
ကြည့်ရင်းကြည့်ရင်းပဲ ကလေးကြီး ပွေ့ခေါ်သွားပြီး လမ်းဘေးကဆိုင်မှာ ကြံရည်တိုက်ဦးမှပဲလို့ စိတ်ကူးပြီး သူ့ကို မပြီး ပွေ့ထားတယ်။ ခပ်တည်တည်ပဲ ပါလာတာပဲ။ ကြံရည်ကုလားလည်း မနေနိုင်ဘူးထင်တယ်၊ သူ့ကို မပြီး ပွေ့ပြန်ရော။ ကုလားလက်ထဲမှာ ဖြူဖြူပုံ့ပုံ့ကြီး ထင်းနေတာပဲ။
ကြံရည်ခွက် ပါးစပ်တပ်လိုက်တယ်၊ တပျတ်ပျတ်နဲ့ သောက်တော့တာပဲ။ ပြီးတော့လဲ စားပွဲပေါ် ပြန်ချထားလိုက်တယ်၊ ပုံ့ပုံ့ကြီး ဂွမ်းဆိုင်ကြီး တင်ထားသလိုပဲ၊ သူ့ကို ကြည့်ရင်းကြည့်ရင်း ချစ်စရာအကွက် တွေ့မလာဘူးလား။ အင်မတန် သန့်ရှင်းကြည်လင်ပြီး ဘာဆေးမှ အရောင်မတင်ရဘဲ သဘာဝတောက်နေတဲ့မျက်လုံး၊ အလွန်သန့်ရှင်းတဲ့ သူ့အတွေးအခေါ်တွေ၊ သူ့ရုပ်ရည်၊ သူ့သဘောကောင်းတာတွေဟာ စိတ်ထဲမှာ လှိုက်လှိုက်ပြီး တက်လာတယ်။ သူ့ကို စားပွဲမှာခွဲထားပြီး ကိုယ်က တခြားမှာထိုင်နေတာကို မခံနိုင်ဘူး။ နောက်ဆုံး သူ့ကို တအားပွေ့ပြီး သူ့ကျောကို ပါးနဲ့အပ်ထားလိုက်ရော။ လက်ထဲမှာ ခပ်အေးအေးနဲ့ သူ့မျက်စိကလေး မှိန်းပြီး အိပ်ပျော်လိုက်လာတယ်။
ကဲ.. အသည်းနှလုံးတွေဟာ ကြည်လင်မလာဘူးလား။ သည်နေရာမှာ လုပ်ရမယ်ထင်လို့ ဝတ္တရားအတိုင်း လုပ်တာတွေ တစ်ခုမှမပါဘူး။ အလွန်သန့်ရှင်းပြီး ချစ်စရာအကွက်ထဲမှာ တစ်ကြိမ်နစ်မွန်းနေမိတာပဲ။ အဲဒီအချိန်ကလေးအတွင်းမှာ ဘယ်လောက်အေးမြပြီး စိတ်သက်သာလိုက်မလဲဆိုတာ တွေးကြည့်ပေတော့။ အဲဒီလို မွန်းပြီးဝသွားလောက်တဲ့ ချစ်စရာအချိန်တစ်ချိန် တွေ့လိုက်ရတယ်ဆိုရင် လူကို ပိုပြီးအားပြည့်သွားတယ်လို့တောင် ထင်မိတယ်။ နောက်ကျတော့ ဒီကလေးကြီးအပေါ်မှာ ထားလိုက်ရတဲ့ စေတနာ၊ မေတ္တာ၊ အားအားရှိရင် သူ့ဆီကို သွားနေမိတယ်။ သည်အကောင်ကြီးကို ချစ်တယ်ဆိုတဲ့ စကားလုံးဟာ ဟိုချစ်တယ်ဆိုတာတွေနဲ့တော့ တခြားစီပဲ မဟုတ်လား။
ကိုကိုနိုင့်အနေနဲ့ မိန်းမတစ်ယောက်ကို အရမ်းချစ်ပါတယ်လို့ တစ်သက်မှာတော့ တစ်ခါမှမရှိသေးပါဘူး။ ဘာလို့တုန်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပေမီချင်မှမီတာ။ ကိုယ်က ချစ်တယ်ဆိုပေမယ့် သူက ဟိုလိုနားလည်လိုက် ပြန်ရော၊ ရွံ့သွားပြန်ရော၊ အဲဒါလောက်ပဲ ရေးပါရစေတော့။ အတုအယောင်သဘောတွေ များနေတယ်။ ချစ်စရာအကွက် မရှိဘဲနဲ့တော့လဲ ကိုကိုနိုင့်အနေနဲ့ မညာချင်ဘူး၊ ညာလို့လဲ ရမှာမဟုတ်ဘူး။ ရွံလွန်းအားကြီးပြီး ဟန်လုပ်မရတဲ့တစ်နေ့ကျရင် ပေါ်မှာပဲ။
မိန်းကလေးတွေကို မြင်လိုက်ရင် ကိုကိုနိုင့်စိတ်ထဲမှာ သူတို့ရဲ့ လှုပ်ရှားဟန်ပန်၊ သူတို့အတွေးအခေါ်၊ အဲဒါကိုပဲ မှတ်ထားပြီး ပန်းကလေးတွေနဲ့ ရုပ်လုံးဖော်ပြီး၊ ခပ်ဝေးဝေး စိတ်ကူးထဲမှာပဲ သူကတော့ နှင်းဆီလိုဟာလေး။ သူကတော့ စံပယ်လေ။ သူကတော့ ကလောမှာပွင့်တဲ့ ဒေလီယာကြီး။ အဲဒါကြီးကတော့ ခေါင်ရမ်းပွင့်??ကြီးပဲဆိုပြီး စာဖွဲ့စိတ်ကူးယဉ် အရသာခံမိတာပဲ။ ဘာလို့တုန်းဆိုတော့ သူတို့တစ်တွေ အနားကပ်လာရင် ကိုယ်စိတ်ကူးသလို မဟုတ်ဘဲ ဟိုကိစ္စပါလာ၊ သည်ကိစ္စပါလာနဲ့ လူရဲ့အတတ်ပညာတွေ(ပညာတတ် နှိပ်စက်နည်းတွေ)ဟာ ပါလာတော့ စိတ်ပျက် ပျက်သွားတယ်။
သူ့အတတ်ညာထဲမှာလဲ ကိုယ်နဲ့ နီးစပ်တဲ့ပညာ၊ ကိုယ်နဲ့မနီးစပ်တဲ့ပညာဆိုပြီး ပါလာတတ်တယ်။ ကိုယ်ချစ်တတ်တဲ့ ပန်းကလေးနဲ့လဲ နှိုင်းလို့ရမယ်။ လုပ်ရည်ကိုင်ရည် အစွမ်းမှာလဲ နီးစပ်မယ်ဆိုရင် ချစ်စရာအတွက် စွဲလမ်းစရာအတွက် .. တစ်သက်မှာ လက်တွဲသွားလို့ရမယ့်အကွက်တွေ ပါလာတယ်။
အဲဒီအခါမှာ အခြေအနေက ခွင့်ပြုရင် နီးစပ်ပြီး နောင်တစ်သက်မှာ မိတ်ဆွေကောင်းအဖြစ် တသက်လုံး လက်တွဲသွားလို့ရတာပဲ။ ပူးပေါင်းလို့ရတာပဲ။ အဲဒါမှလဲ တအားတက်ပြီး လောကမှာ ကိုယ်နှစ်သက်တဲ့လုပ်ငန်းမှာ ရွပ်ရွပ်ချွံချွံ လုပ်သွားအားရှိမှာပဲ။ ကိုကိုနိုင့်အနေနဲ့တော့ အချစ်အကြောင်းကို အဲသည်လိုပဲ နားလည်တယ်။ တိုလီမိုလီတွေကိုတော့ ထည့်လဲမစဉ်းစားဘူး၊ နားလဲမလည်ဘူး..”
အတွတ်သည် စာဖတ်ခြင်းကို ခဏနားကာ ကိုကိုနိုင် ဘာဆိုလိုသည်ကို စဉ်းစားရသေး၏။ ပြီးမှ ဆက်၍ဖတ်ရသည်။
"... အခုအပိုင်းမှာဆိုရင် မွှေးကို ကိုကိုနိုင်က ဟောသည်လို စိတ်ကူးမိတယ်။ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ပထမကြည့်တာကတော့ ပေမီတယ်၊ အသားပြည့်ဖြိုး ကျစ်လျစ်တယ်။ အချိုးကျတယ်။ မျက်နှာပြည့်တယ်။ မျက်လုံးက အေးမြကြည်လင်တယ်။ ဘယ်လိုပဲ အလုပ်တွေများတယ်၊ ဆင်းရဲလို့ ဇယားရှုပ်တယ်ပဲပြောပြော၊ အဲသည် အကြားက နေပြီး အပြစ်ကင်းတဲ့ တွေးခေါ်ပုံရှိတယ်။ ဉာဏ်သွက်တယ်ဆိုတဲ့မျက်လုံးဟာ ပေါ်နေတယ်။ ကျန်းမာသန်စွမ်းတယ်။ အများစုနဲ့ ကိုယ်လက်လှုပ်ရှား ကစားလေ့ကျင့်ခဲ့ဖူးတယ် ဆိုတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိတယ်။ သွက်လက်တယ်။ အမြဲတမ်းကြည်လင်ပြီးနေတယ်။ အလုပ်လုပ်နေဖို့ ရွှင်ပျကြည်လင်စွာနဲ့ အသင့်လုပ်ထားတဲ့ ဟန်ပန်ရှိနေတယ်။ လုပ်လဲ လုပ်နေတယ်။ အသားအရောင်လဲ မဆိုးပါဘူး၊ မိန်းကလေးနဲ့တူသားပဲ၊ သပ်ရပ်တယ်။ ယတိပြတ် clear cut ပုံရှိတယ်။ သန့်တယ်။ ခန္ဓာကိုယ်အကြောင်းနဲ့ပတ်သက်ပြီး လုံလောက်ပြီ။
ကိုကိုနိုင်ရဲ့ မူလစိတ်ဝင်စားဆုံး အပိုင်းဖြစ်တဲ့ နှစ်သိမ့်စရာအကွက်တွေ၊ ဟင်းခနဲ သက်ပြင်းချပြီး အေးအေးကလေး အနားရနိုင်မယ့် အကွက်တွေ (အဲဒါတွေက တစ်သက်တာ တွဲသွားရမယ့် စွဲလမ်းစရာ ချစ်စရာအကွက်တွေပေါ့)။ အကြောင်းမြင်သလောက် ပုံဖော်ရရင် သဘောထားကြီးတာက စ,ရမှာပဲ။ သည့်ပြင်လူတွေကတော့ ပြောမှာပဲ၊ မိန်းမဟာ အူတိုမျိုးလို့။ မဟုတ်ပါဘူး။ အခု မွှေးဟာ အသက်နုနုလေးနဲ့ အိမ်ထောင်ကြီးအတွက် တွက်ချက်ပြီး အလုပ်လုပ်နေတယ်။ မောရပန်းရမှန်းမသိ လုပ်တယ်။ ကိုကိုနိုင့်မျက်စိရှေ့မှာ မြင်နေရတာပဲ။ မခိုမကပ်ပဲ လုပ်နေတယ်။ အများကိစ္စတွေမှာလည်း ကိုယ်မောလို့ လဲသေပေစေ၊ အပြုံးလေးမပျက်ဘဲနဲ့ လုပ်ပေးတာတွေ မြင်နေရတာပဲ။ ဒါမျိုးမှ သဘောထားမကြီးဘူးဆိုရင် ဘယ်ဟာမျိုးကို ဆိုရဦးမလဲ။
တက်ချင်လိုက်တဲ့ တက္ကသိုလ်၊ လိုချင်လိုက်ရတဲ့ ဒီဂရီ၊ အရူးကလေးကျနေတာပဲ။ ဒါပေမယ့် အောင့်အည်းပြီး အိမ်ထောင်ကြီးအတွက် ကျိတ်ပြီးအလုပ်လုပ်နေရတယ်။ ရေဆန်ကိုလက်ပစ်ကူးနေသလို နေမှာပေါ့။ တစ်ခါတစ်ခါလဲ မောပေမှာပဲ၊ ဒါပေမယ့် မမောပါဘူးဆိုပြီး ကျိတ်လုပ်နေတယ်။ ဝတ္တရားမလစ်ဟင်းရုံမကဘူး၊ ရေရှည်နဲ့ အကွက်ကျယ်ကျယ်ကြည့်ပြီး စေတနာနဲ့ကို လုပ်ပေးနေတယ် ဆိုတာဟာလဲ ထင်ရှားသားပဲ။ မွှေးရဲ့ရုံးမှာရှိတဲ့ အလွန်တော်ပြီးတတ်နေတဲ့ လူတွေအကြားမှာ မျက်နှာကလေးငယ်ငယ်နှင့် မမီမကမ်း အကွက်မိအောင် လိုက်နေရတဲ့ ဒုက္ခကိုလည်း မှိတ်ကျိတ်ခံပြီး လိုက်နေတာပဲ မဟုတ်လား၊ ထားရာကနေ ကျွေးသလောက်စားပြီး အကွက်မဟာရအောင် လိုက်နေတာဟာ သာမန်မှမဟုတ်ဘဲ။ ကိုကိုနိုင်တို့ ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်က ရဲဘော်တွေ စိတ်ထားမျိုးပဲ။ ဘောင်းဘီဝတ်ပြီး သေနတ်ကိုင်တာဘဲ ကွာတာပဲ။"
အတွတ်သည် စာကို ခေတ္တကိုင်ကာ ဆက်မဖတ်ဘဲ နားနေရပြန်သည်။ ခုံစွန်းမှ မွှေးကို လှမ်းကြည့်လိုက်လျှင် သူသည် လက်ထဲမှ တရုတ်စံကားပွင့်များကို တစ်ဖတ်စီ ချွေကာ ငေးကြောင်ကြောင် ဖြစ်နေသည်။
အတွတ်သည် စာရွက်ကိုတလှည့် မွှေးကိုတစ်လှည့် ကြည့်မိ၏။ သူတို့မတော့ ရေးတတ်လိုက်သည့်ဖြစ်ခြင်း၊ သူ့မှာတော့ ပွဲထဲက ပြောသကဲ့သို့ “ကျွန်တော်ပြောမယ့်စကားတွေဟာ သူပြောတာနဲ့ အတူတူပါပဲ” ဆိုသလိုပင် ကိုကိုနိုင်မြင်သလို မွှေးကို သူကမြင်ခဲ့ပါ၏။ သို့သော် သူသည် သူ့ရင်ထဲမှာ ခံစားရချက်ကို ကိုကိုနိုင့်လို မဖော်ပြတတ်ပါကလား။ ထို့ကြောင့်ပင် သူများရေးထားသောစာကို သူ ဆက်ဖတ်ရပြန်၏။
“ကိုကိုနိုင်တို့ စစ်ဗိုလ်ဆိုတာ ကျဉ်းထဲကျပ်ထဲ အခက်အခဲရောက်လာရင် ကိုယ့်စွမ်းရည် ကိုယ်အားကိုးပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တတ်တဲ့ စစ်သားကို ချစ်တတ်တယ်။ မွှေးကလည်း မွှေးဘဝတိုက်ပွဲမှာ သတ္တိရှိပုံ၊ ခေါင်းမာပုံ၊ ရွပ်ရွပ်ချွံချွံရှိပုံတွေကို ကိုကိုနိုင် အသည်းစွဲခဲ့တာပဲ။ ယောက်ျားတိုင်းဟာ မတူကြပါဘူး။ တချို့ကတော့ ကလော ဒေလီယာလို ဖောင်းဖောင်းအိအိကြီးတွေမှ နှစ်သက်ပေမယ့်၊ ကိုကိုနိုင်ကတော့ ဒါမျိုးကြီးတွေ ကြောက်တယ်။ သူတို့ဟာ အခက်အခဲရောက်လာရင် စွမ်းရည်မထုတ်ချင်ဘဲ သူတို့အလှ ရောင်းစားချင်တာပဲရှိမယ်။ အဲဒါမျိုးကြီးတွေက ခန္ဓာကိုယ်ချင်းသာ ပူးပေါင်းကောင်းမှာ၊ စိတ်ဓာတ်ကတော့ ရမှာမဟုတ်ဘူး။ ခန္ဓါကိုယ်ချင်း ပူးပေါင်းဖို့လောက်အတွက်နဲ့တော့ ကိုကိုနိုင် ကြီးကြီးကျယ်ကျယ် အိမ်ထောင်ကြီးတစ်ခု မထူထောင်ပါရစေနဲ့။ တာဝန်တစ်ခု မယူချင်ပါဘူး။ စိတ်စေတနာ တကယ်သက်ရောက်ပြီး ပူးပေါင်းနိုင်တဲ့ မိန်းမမျိုးကျတော့ တစ်ဘဝလုံး ပခုံးထမ်းပို့ပါရစေ၊ ကိုကိုနိုင် မမောပါဘူး။ ပြီးတော့ မိန်းမပီလွန်းပြီး ထမင်းပွဲ ကိုကိုလာမှ စားမယ်ဆိုပြီး ထိုင်စောင့်နေတာမျိုးလည်း မလိုချင်ပါဘူး။ ကိုကိုနိုင့်ဘေးမှာ ကိုကိုနိုင့်လို စာဖတ်၊ ကိုကိုနိုင် လိုချင်တဲ့ ဖြေချင်တဲ့ပြဿနာတွေမှာ နှစ်ယောက်လက်တွဲ ဖြေရှင်းသွားနိုင်ရင် ကိုကိုနိုင် ကျေနပ်ပြီ။
တစ်နေ့က ပြင်ဦးလွင်မှာ ရုပ်ရှင်ကြည့်ရင်းပါလာတဲ့ ကြော်ငြာလေးတစ်ခုကို သွားသတိရတယ်။ Tarzan and his mate ဆိုတဲ့ ဇာတ်ကားကို ကြော်ငြာထိုးပြတဲ့နေရာ for the love of Tarzan ဆိုတာ ထိုးပြပြီး
She made her home
She made her love
She made her culture
ဆိုတဲ့စာကို ပြတယ်။ ဒါကိုမြင်တယ်ဆို မွှေးကို ချက်ချင်း သတိရတယ်။ အင်မတန် အဖိုးတန်တဲ့ စာပိုဒ်လေး သုံးပိုဒ်ပဲ။ အနောက်က အနုပညာဆရာကြီးက သူ့မင်းသမီးရဲ့စွမ်းရည်ကို တိုတိုနဲ့သရုပ်ဖော်ပေးလိုက်တာပဲ။ ကိုကိုနိုင် ဆိုလိုချင်တာလဲ ဒါပဲ။ အဲဒီ ၃ အချက်ဖြစ်ဖို့ဆိုတဲ့ အမျိုးသမီးဟာ အတော့်ကို ရှားတယ်။ မွှေးမှာတော့ သဘာဝကိုက ဒီလိုဖြစ်နေတာ ပါရမီတစ်ရပ်ပဲ။ ဒီလိုမိန်းမမျိုးဟာ ဒီပြင်လူတွေနဲ့ညားရင် ဟိုလူအဖို့ သိပ်ကံကောင်းတာပဲ။
ဟိုလူဆိုလို့ မွှေးမှာ ဖရက်(ခေါ်)တင်အောင်ထွန်းလို့ ခေါ်တဲ့ ချစ်သူရှိခဲ့ဖူးတယ်လို့ သိရတယ်။ သူ့အချစ်ကို ကိုကိုနိုင် ဝင်လုတယ်လို့တော့ မထင်စေလိုပါ။ အဲဒီ လန်ဒန်ပြန်ကြီးကို စောင့်ဖို့အခွင့်ရှိသေးရင်လဲ စောင့်ပါလေ၊ ကိုကိုနိုင် ကလဲ မွှေးကိုစောင့်မှာပဲ။ အို ဘယ်လောက်ပဲ စောင့်ရစောင့်ရ စောင့်မှာပဲ။ စိတ်ပျက်လိမ့်မယ်လို့တော့ မအောက်မေ့နဲ့။ မွှေးမှာ ကလေးခုနစ်ယောက်မွေးပြီးသား အအိုကြီးပဲဖြစ်နေပါစေ၊ ကိုကိုနိုင်ကတော့ ချစ်မှာပဲ။
အမှန်တော့ ချစ်တယ်ဆိုတဲ့ စကားလုံးထက် မြတ်နိုးတယ်လို့ သုံးရင်ပိုမှန်မယ်၊ ဖရက်လို အချစ်အညွန့်အဖူးကို မပေးတောင်မှ သဗ္ဗေသတ္တာထက်ကျော်ပြီး ကျွန်တော် မောင်မောင်နိုင့်ကို စေတနာနဲ့ ချစ်စေချင်တာပဲ။
ကဲ...မွှေးရယ်၊ အရှေ့ကလဲ ရောင်နီလာပြီ။ ပြင်ဦးလွင်ရဲ့ မိုးတွင်းဟာ ရန်ကုန်လို မဟုတ်တော့ စိမ့်အေးနေတာပဲ။ မွှေးဆီကို စာရေးနေတယ်ဆို စာလုံးလေးတွေကိုက ကိုကိုနိုင့်ကို ထွေးနွေးထားသလိုပါပဲ၊ စိတ်ထဲရှိတာတွေ ဆက်
ရေးရရင် ခုနစ်ည မိုးအလင်း ဖြစ်မှာပဲ။ မွှေးလဲ စာဖတ်ရလို့ ညောင်းလှရော့မယ်။
အမှန်တော့ ဒီရည်းစားစာဟာ “တသက်စာ” အတွက် ရေးတာပါ။ အခြေအနေမဟန်ရင်လဲ ဒီစာဟာ နောက်ဆုံးရေးခြင်းပဲမွှေး၊ ဒါလောက် ရှည်လျားတဲ့စာကို သည်းခံဖတ်တာပဲ ကျေးဇူးတင်လှပါပြီ။
ကိုကိုနိုင့်ကို ခွင့်ပြုပါ။
မွှေးတစ်ယောက် ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ ရွှင်လန်းပါစေ။
/ကိုကိုနိုင် (ပြင်ဦးလွင်)
အတွတ်သည် စာဖတ်၍ဆုံးလျှင် သက်ပြင်းကြီးချကာ မွှေးကို လှမ်း၍ကြည့်ပြန်သည်။ မွှေးလက်ထဲတွင် ပွင့်ဖတ်များအားလုံး ခြွေပြီး၍ ပန်းပွင့်အူတိုင်ပင် မကျန်ရစ်တော့ဘဲ အညှာကလေးတစ်ခုသာ ရှိတော့သည်။ မွှေးမျက်နှာကလည်း အပျိုဖော်ဝင်စက ဖရက်ထံမှ စာလေးများရတုန်းကလို ရှက်စနိုးပြုံးတုံ့တုံ့နှင့် သွေးနီရောင် လွှမ်းနေပုံ မရပေ။ သူသည် ခပ်ငြိမ်ငြိမ် အေးအေးပင် စံကားပင်ပေါ်ရှိ အပွင့်ဖြူများကို ငေးကြည့်နေသည်။
* * *
“ကိုကိုတွတ်ရေ... မေမေက ခဏလာပါဦးတဲ့”
ထွေးက သူတို့ရှိရာသို့ ပြေးထွက်လာကာ လာ၍ခေါ်၏။
“အေး...အေး... လာမယ်”
အတွတ်က အထွေးသို့ ပြန်ဖြေပြီး သူ့လက်ထဲမှစာကို မွှေးလက်ထဲ ပြန်ထည့်လိုက်၏။
“ကိုယ်ပြန်လာခဲ့ဦးမယ်။ မွှေး ဒီကပဲ စောင့်နေနော်”
မွှေးက သူ့ကိုခေါင်းညိတ်ပြ၏။ ကြီးကြီးတင် အခန်းရှိရာသို့ လျှောက်လာသော်လည်း အတွတ် စိတ်ထဲတွင် ပေါ့ပေါ့ပါးပါး မရှိလှ။ သူ အခန်းထဲသို့ ဝင်လာချိန်တွင် ကိုကိုနိုင်၏မေမေကိုလည်း မတွေ့ရတော့။
“သား... ကြီးကြီးတင်အနားမှာ လာထိုင်ပါဦး။ မောင်မောင်နိုင့်အမေလဲ ခုပဲ ပြန်သွားတယ်"
အတွတ်သည် ကြီးကြီးတင် ဘေးတွင် ဝင်ထိုင်လိုက်၏။ မျက်နှာအရောင်မှာ အင်မတန် ဖျော့တော့၍ သွေးအားနည်းဟန်ရှိသော်လည်း ကြီးကြီးတင် မျက်လုံးများသည် အရောင်တောက်ပ၍ နေပေသည်။ သို့သော် လက်ချောင်းများကမူ မြှောက်ရသည်ကိုပင် အနိုင်နိုင် အားယူရဟန်ရှိ၏။
“သား...သွားခါနီးမှာ ကြီးကြီးတင် ပြောစရာတွေ အများကြီးရှိတယ်"
ကြီးကြီးတင်က သားဟူ၍ ခေါ်လိုက်တိုင်း သူ့ရင်ထဲတွင် ဒိတ်ခနဲ ဒိတ်ခနဲ ဖြစ်၍သွား၏။
“ကြီးကြီးတင်တို့အခြေအနေကို သားလဲသိပြီးသားပဲ။ ကြီးကြီးဟာ မောင်အောင်တို့ မောင်နောင်တို့ မရှိကြတော့တဲ့နောက် အတွတ်ကိုပဲ သားလိုချစ်ခဲ့တယ်။ ဒီတော့ သားကို ကြီးကြီး ပြောခဲ့ချင်တယ်။ ကြီးကြီးရောဂါဟာ အပြုအစုကောင်းလို့ အသက်ရှင်နေတာပဲ။ အရွယ်ကျလို့ အားဆုတ်ချိန်မှာ ကျွမ်းနေတဲ့ တီဘီရောဂါသမားတစ်ယောက်အဖို့ အသက်ရှင်ဖို့ရာ မျှော်လင့်စရာမရှိပါဘူး။ ဒီတော့ ကြီးကြီးတင် မျက်ကွယ်ရောက်ရင် အေးတို့ညီအစ်မတွေဟာ ဘယ်လောက် ကသီမလဲဆိုတာ သားတွေးမိမှာပဲ။ သူတို့မှာ အဖေကျန်ရစ်တယ်ဆိုပေမယ့် ဦးနှောက်က ကျပ်ပြည့်တဲ့သူမဟုတ်၊ အဲဒီ အဖေကပဲ သူတို့ကို အားကိုးရမယ်။ သိတဲ့အတိုင်း အဒေါ်တွေကလဲ မွှေးတစ်ယောက် လာနေတာတောင် ဘယ်လိုနေရလဲ။ တိတိကျကျ တာဝန်ယူ အားကိုးဖို့ဆိုတော့ ဆင်းတဲ့သူတွေအတွက် ဆွေမျိုးဟာမရှိဘူး။ အေးကလဲ အကြီးဆုံးဆိုပေမယ့် အင်မတန် အေးရှာတယ်။ သူ့ကိုလက်ထပ်ဖို့လဲ ကြီးကြီး ဘယ်လိုမှတိုက်တွန်းလို့မရဘူး။ ဒီတော့ မွှေးကို လက်ထပ်ပေးခဲ့ဖို့ ကြီးကြီးတင် စီစဉ်ချင်တယ်”
အတွတ်၏မျက်နှာကလေးမှာ ရွှင်ရွှင်ပျပျ တောက်ပလာသည် ဟု အတွတ်က သူ့ကိုယ်သူ ထင်မိ၏။
“ဟုတ်ကဲ့ ... ဒီအစီအစဉ်ဟာ အင်မတန်ကောင်းပါတယ်”
ဘုရား...ဘုရား၊ အတွတ်သည် ရင်ထဲတွင် အလိုလို ဖိုလာပြန်၏။ ဘုရားသိကြားမလို့ သူနှင့်မွှေးကို ပေးစားချင်သည့်အကြောင်း ကြီးကြီးတင်က ဖွင့်ပြောခဲ့ပါလျှင် သူသည် ဒီတစ်ခါတော့ ခေါင်းညိတ်လိုက်တော့မည်။ ကိုကိုနိုင့်စာတွေ ဘာတွေက မွှေးစိတ်ကို လှုပ်ရှားလာအောင် တတ်နိုင်တော့သည်မှ မဟုတ်။ သူက အတင်းဝင်လုသည်လည်းမဟုတ်။ အကြောင်းက အလိုလိုဖြစ်လာခြင်း ဖြစ်သည်။
“သားကလဲ မွှေးစိတ်ကိုသိတဲ့အတိုင်း တစ်ချီတစ်ချီ အင်မတန်ခေါင်းမာတယ်။ သူ့ဖရက်ကလွဲလို့ ကမ္ဘာမြေပြင်မှာ ယောက်ျားမရှိတော့သလိုပဲ။ ဖရက်နဲ့မွှေးဟာ ပူးပေါင်းလို့ မဖြစ်နိုင်ပါဘူး အတွတ်။ မွှေးရဲ့ ဒုက္ခသုက္ခတွေကို သိတဲ့တစ်နေ့ ဖရက်ဟာ မွှေးကို စွန့်ပြေးမယ့် သူငယ်လေးပါ”
အတွတ်သည် စိတ်ထဲမှ ပြုံးမိ၏။ မွှေး၏နောက်ပိုင်းဇာတ်လမ်းကို ကြီးကြီးတင် မသိရှာသေးသော်လည်း ကြီးကြီးတင် ဗေဒင်ကြိုဟောထားသကဲ့သို့ ဖြစ်လာခဲ့ပေပြီ။
“မွှေးအပေါ် သဘောထားကြီးကြီးနဲ့ စောင့်ရှောက်နိုင်မယ့်သူမှ မွှေးလက်ထပ်လို့ဖြစ်မှာပဲ။ ဒီတော့ ကြီးကြီးတင် ဆန္ဒက..”
အတွတ် ရင်များသည် တဆတ်ဆတ် ခုန်ကာ လက်ဖျားများ အေးလာ၏။
“မောင်မောင်နိုင်နဲ့ မွှေးကို ...”
နောက်ဆက်သော စကားလုံးများကို အတွတ်သည် မကြားသလိုဖြစ်သွား၏။ မျက်လုံးက ပြာတာတာဖြစ်သွားကာ ရင်ထဲ၌ လှိုင်းတံပိုးထလာသလို အခံရကျပ်လာတော့သည်။ ဒဏ်ရာအပြင်းထန်ဆုံးရ၍ သေအံ့ဆဲဆဲလူနာတွေ့ချိန်ကပင် သူ ဒါလောက် စိတ်မလှုပ်ရှားဖူးပေ။ မျှော်လင့်ချက် ဆုံးပြန်ပြီတကား။
“မောင် ... မောင် ...နိုင် ..."
သူသည် တစ်လုံးစီ တုန်တုန်ယင်ယင်နှင့် ရွတ်၏။ ကြီးကြီးတင်က ဘာမျှသိရှာဟန်မတူပေ၊ စကားစဉ်မပျက် ဆက်ပြော၏။
“အေး .. မောင်မောင်နိုင်ဟာ မွှေးအတွက် အကောင်းဆုံး လက်ထပ်သင့်တဲ့လူလို့ ကြီးကြီး ယူဆတယ်။ သူ့မှာ သဘောထားကြီးရုံမက အတော်ဆုံးအရည်အချင်းက သူဟာ သူ့ကိုယ်ကျိုးကြည့်တတ်တဲ့သူငယ်မဟုတ်ဘူး။ သူ့အမေကလဲ သုံးလေးခေါက်ရှိပြီ၊ လာပြီးတော့ မွှေးကို တောင်းနေတယ်”
အတွတ်သည် တင်းထားသမျှ အားတွေကို အကုန်လျှော့ပစ်လိုက်၏။ ကိုကိုနိုင်က စစ်ဗိုလ်တစ်ယောက်ပဲ၊ တိုက်ပွဲတစ်ပွဲကို အောင်နိုင်ရေးအတွက် နည်းပရိယာယ်အမျိုးမျိုးသုံးကာ စစ်ဆင်ရေးတွင် ဘယ်တောင်ပံတွင် ဘယ်သူ ချီတက်၍ ညာတောင်ပံတွင် ဘယ်သူက ဘာလက်နက်ကို သုံးရမည်ကို ခန့်ခွဲတတ်သူဖြစ်၏။ မွှေးကိုရဖို့နေရာတွင်လည်း တစ်ဖက်က လူကြီးချင်းလွှတ်၍ ချဉ်းကပ်၏။ တစ်ဘက်က မွှေး၏စခန်းသို့ သူကိုယ်တိုင် ထိုးဖောက်လာ၏။ အတွတ်သည် သူ့ကိုယ်ကို အလိုလိုအထင်သေးသလို ရွံသလိုဖြစ်လာသည်။ ရရှိသည့်အခွင့်အရေးကို မြန်မြန်ထက်ထက်နှင့် ယိုင်ယိုင်ညွတ်ညွတ် ပြုရမည့်နေရာတွင် သူသည် ဘာကြောင့်နှောင့်နှေးသည်ကို မတွေးတတ်။ ကြီးကြီးတင်စကားသံသည် အဝေးကြီးမှ ပြောသလို တိုးတိုး တိုးတိုး ကြားနေရ၏။
“ကြီးကြီးတင် တောင်းပန်ချင်တာကတော့ ... အတွတ်က အတွတ်ရဲ့ ညီမလေးကို ကူပြီးနားချပေးပါ”
ကြီးကြီးတင်သည် စကားကို အဆုံးသတ်လိုက်၏။
အတွတ်သည် သူ့စိတ်ကို သူ ယခုမှနားလည်၏။ အမှန်တော့ ကြီးကြီးတင်က သူ့ကို သားလိုချစ်သည်။ မွှေးတို့က အစ်ကိုလို ချစ်သည်။ ဒီလိုမြတ်နိုး သန့်စင်သော အချစ်နှင့် သူတို့အားထားတိုင်း သူသည် မွေးအပေါ် ချစ်ခွင့်ကို ဖွင့်ပြောဖို့ရာ၌ တုံ့ဆတုံ့ဆနှင့် နှောင့်နှေးမိခြင်းဖြစ်၏။ ယခုတော့လည်း အစ်ကိုတစ်ယောက်စိတ်မျိုးမွေး၍ ညီမငယ် နောင်ရေးကို မျှော်ခေါ်ကာ နားချပေးရဦးတော့မည်။ သူချစ်သောသူအား သူများနှင့်လက်ဆက်ရန် နားချသော အလုပ်ဆိုသည်မှာ ဆင်းရဲတကာ့ ဆင်းရဲတွင် ကြီးစွာသော ဆင်းရဲပါတကား။
“သား မသွားခင် ကြီးကြီးကို ဒါတစ်ခုတော့ ဆောင်ရွက်ပေးခဲ့ပါ။ ကြီးကြီးလဲ စိတ်ချမ်းသာနိုင်မှာပဲ။ မွှေးက သားကိုချစ်လဲ ချစ်တယ်။ နာလဲ နာခံပါတယ်”
အတွတ်သည် ကြီးကြီးတင်မျက်နှာကို စူးစိုက်၍ ပြန်ကြည့်မိ၏။ သူ့တစ်ကိုယ်လုံးတွင် ချွေးများပြန်သလို ပူရှိန်းလာပြန်သည်။
“ဟုတ်ကဲ့၊ ကြီးကြီးတင် စိတ်ချမ်းသာအောင်နေပါ၊ ဒီရောဂါက စိတ်ချမ်းသာဖို့ အရေးကြီးတယ်။ အတွတ် မွှေးကို ရေလည်အောင် ပြောပြပါ့မယ်၊ မွှေးဟာ ခေါင်းမာတယ်ဆိုပေမယ့် အမေကို သိပ်ချစ်ပြီး အမေ့အတွက်ဆိုရင် သိပ်ငဲ့တဲ့ မိန်းကလေးပါ”
“ကျေးဇူးတင်ပါတယ် သားရယ်၊ သူ့ကိုယ်သူ စက်ကြီးလို အောက်မေ့ပြီး မွှေးတစ်ယောက် မနားမနေ အလုပ်လုပ်သွားဖို့ကိုလဲ ကြီးကြီးတင် မကြည့်ရက်ဘူး။ ပြီးတော့ သူ့ခန္ဓာကိုယ်ကရော ခံနိုင်မလား၊ မွှေးဟာ အသက်တိုမယ်”
“ဟုတ်ပါတယ်၊ ကိုကိုနိုင်နဲ့ဆို သူနားရမှာပဲ။ ကျွန်တော် ခုပဲ သွားပြောမယ်”
အတွတ်သည် စိတ်ထဲမှ အားတင်းကာ ထိုင်ရာမှ ထလျှောက်လာ၏။ ကြီးကြီးအနားမှာ ကြာကြာမနေချင်ပေ။ မွှေးအနားသို့ ရောက်ချိန်ထိ အံကြိတ်ထားမိပေသည်။ အသက်ကိုလည်း ပြင်းပြင်းရှူပစ်လိုက်၏။
“မရွှေမွှေးရဲ့၊ ခင်ဗျားကတော့ ဘာမှမသိဘူး၊ သိရဲ့လား။ ကျုပ်မှာတော့ ကျုပ်အသည်းကွဲရမယ့်ဇာတ်လမ်းကို ကျုပ်ကိုယ်တိုင် ဝင်ကရတော့မယ် သိလား"
အတွတ်သည် ယခုလိုပင် အော်၍ပြောလိုက်ချင်သော်လည်း စကားလုံးများသည် နှုတ်ခမ်းဖျားမှ မထွက်ပေ။ ဒီလိုသာ မျိုသိပ်ဖန်များလျှင် စကားလုံးတို့ အဆုတ်မှာကြပ်ကာ တီဘီရောဂါ စွဲချည့်ရဲ။
“မွှေး ကိုကိုနိုင့်ဆီကစာ ဖတ်ပြီးတော့ ဘယ်လိုစဉ်းစားလဲ"
“ဘယ်လိုမှ မစဉ်းစားဘူး”
ခပ်အေးအေးပင် ပြန်ဖြေသည်။
“တစ်ခုခုတော့ စဉ်းစားရမှာပေါ့ မွှေး”
“ဘာ ...”
မွှေးသည် မျက်လုံးလေးပြူးကာ သူ့ကို အထူးအဆန်းသဖွယ် ကြည့်၍မေးသည်။
“စဉ်းစားရမယ်လို့ ပြောတာ၊ မွှေးရဲ့ လက်ထပ်ရေးဟာ မွှေးတို့မိသားစုရဲ့ နောင်ရေးပဲ။ မွှေးက အားမာန်တွေတင်းပြီး ဒီခရီးအထိလာခဲ့တာ ဝတ္တရားကျေပါတယ်။ ရှေ့ဆက်ပြီး ကြီးကြီးတင်မရှိတဲ့နောက် မွှေးတို့ညီအစ်မတစ်သိုက် နေရေးထိုင်ရေးဟာ မလွယ်ဘူး”
“အတွတ်ကကွယ် ဒီတစ်ခါ ကြီးကြီးကျယ်ကျယ်စကားတွေ ပြောလိုက်တာ”
မွှေးသည် မျက်လုံးကလေး ပြုံးရယ်ရယ်နှင့် ငယ်ငယ်တုန်းက ဟန်မျိုးနှင့် သူ့ကိုဆို၏။ အတွတ်ကတော့ အလွန်မျက်နှာညှိုးနေတော့သည်။
“မှန်တယ်မွှေး၊ ဟိုတုန်းကတော့ မင်းနဲ့ကိုယ်နဲ့ဟာ လယ်ကွင်းဘေးမှာ ရန်ဖြစ်ကြတဲ့အချိန်ပဲ။ တည့်တဲ့အခါလဲ ပြေးလွှားကစားတဲ့ အချိန်တွေပေါ့။ ခုတော့ တို့နှစ်ယောက်ဟာ တို့ဇာတ်လမ်းတွေမှာ ဇာတ်ကောင်တွေ၊ ဇာတ်လိုက်တွေအဖြစ် ပါလာကြပြီ။ ဒီတော့ တို့ဟာ တစ်ခါတလေ လေးလေးနက်နက် စဉ်းစားပြီး လေးလေးနက်နက် ပြောရတော့မယ်”
မွှေးမျက်နှာသည် အံ့ဩသလို တစ်မျိုးပင် ပြောင်းလဲသွားကာ အတွတ်ကို လေးလေးစားစား ကြည့်၏။
‘‘ကြီးကြီးတင် ရောဂါအခြေအနေကလဲ တိတိလင်းလင်းဖွင့်ပြောရရင် သိပ်မဟန်ဘူး၊ ဆေးရုံမှာ နားခွင့်ရလို့ အခန်းရတောင် အနည်းဆုံးခြောက်လ၊ အများဆုံး တစ်နှစ်ပဲ။ သူ မရှိတဲ့နောက် အတွတ်တို့က မွှေးတို့ညီအစ်မတစ်စုကို မောင်လို အစ်ကိုလို ...”
သူသည် အသံများ တုန်လာလွန်း၍ စကားကို ခဏရပ်ထားရ၏။ မျက်လုံးကို မွှေးမျက်နှာမှ လွှဲပစ်လိုက်ကာ ခြံစည်းရိုးတန်းရှိ ကင်ပွန်းချဉ်ပင်များပေါ်သို့ ကြည့်လိုက်၏။ နောက်စကားလုံးများအတွက် မနည်းအားယူရပြန်သည်။
“စောင့်ရှောက်နိုင်တယ်ဆိုဦး အဝေးကပဲ နေနိုင်ကြမယ် မဟုတ်လား၊ ဦးလေးထွန်းအေးဆိုတာက သူ့ဘဝက သွားပြီပဲ။ မွှေးက ဒီလိုပဲ ဆက်အလုပ်လုပ်သွားမယ်ဆိုဦး၊ ပင်ပန်းလွန်းလှတယ်။ အငယ်မတွေ ဒီဂရီရအောင်၊ ပြီးတော့ ကြီးကြီးတင် စရိတ်ကြွေးတွေ ဘယ်လို တင်လာပြီဆိုတာလဲ အတွတ်သိပါတယ်။ ဒီတော့ လျှော့လိုက်ပါ မွှေးရယ်၊ မင်းလက်ထပ်ပါတော့။ မွှေးလက်ထပ်မှ ကြီးကြီးတင်လဲ အသေဖြောင့်မယ်။ အားလုံးအဖို့လည်း ပြေပြေပြစ်ပြစ် ချောချောမောမောရှိမယ်”
သူ့အသံသည် ပြောရင်း တိမ်၍ဝင်သွားသည်။ တံတွေးမျိုချလွန်း၍ လည်ချောင်းသည် ခဏခဏ လှုပ်ရှားနေ၏။
“ပြီးတော့ ကိုကိုနိုင်အပေါ်မှာ အမြတ်ထုတ်တာမှ မဟုတ်ဘဲ။ ကိုကိုနိုင်ကလဲ အားလုံး သိပြီးသားပဲ၊ သဘောထားကြီးတယ်။ ပညာတတ်တယ်။ ရည်မွန်တယ်။ အမျိုးချစ်တဲ့စိတ် ရှိတယ်ဆိုတဲ့ လူတစ်ယောက်ကိုမှ လက်မထပ်ရင် ဘယ်သူ့ကို လက်ထပ်မလဲ မွှေး၊ ကိုယ့်ကို ခွင့်လွှတ်ပါ။ ကိုယ်နှိုင်းယှဉ်ပြရရင် ဖရက်ဟာ တကယ်ဆို မွှေးကို လက်မထပ်ရင်နေပါ။ ဒုက္ခတွေအနန္တရောက်နေပြီလို့ သိတဲ့အချိန်မှာ မိတ်ဆွေကောင်းအနေနဲ့ဖြစ်ဖြစ် ဒီတစ်ကွေ့တော့ အားခဲဦး လို့ အားပေးသင့်တယ်။ Encourage လုပ်သင့်တယ် မဟုတ်လား။ နောက်မှ တဖြည်းဖြည်း နောက်ဆုတ်ချင်ဆုတ်ပေါ့။ ခုတော့ မွှေးအဖို့ တွယ်ရာမဲ့ အားကိုးရာမဲ့ အဆိုးဆုံးအချိန်မှာ မွှေးကို မုန်းပြီလို့ လုံးလုံးပစ်ရက်တဲ့သူပဲ၊ ဖရက်ဟာ အတွတ်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါပဲ။ ကိုကိုနိုင်ကတော့ မွှေးကို အနစ်နာခံပြီး ချစ်နိုင်တဲ့စိတ်ရှိတယ်။ အဆိုးဆုံးအချိန်မှာ လက်တွဲပြီး ကူချင်တဲ့စိတ်ရှိတယ် မဟုတ်လား”
သူသည် မောင်ကြီးက ညီမငယ်ကို ပြောဟန်များ တဖြည်းဖြည်း ဝင်လာ၏၊ လောင်သောတဏှာဖြင့် ပြွမ်းသည့်အချစ်မှ တဖြည်းဖြည်း မွန်မြတ်သောမောင်နှမချစ်သို့ ကူးပြောင်း၍ ပြောဆိုရသောကြောင့်လားမသိ၊ သူ့မျက်နှာသည်လည်း တဖြည်းဖြည်းအေး၍ ဣနေ္ဒြရလာသည်။
“အတွတ်တို့ ဖရက်တို့ကမှ တိုင်းပြည်မီးလောင်ချိန်မှာ ကျောင်းစာသင်ခန်းက ဖင်နေရာမရွေ့ဘူး၊ ဟိုကောင်ဆို ပညာတော်သင်ဘဝနဲ့ အေးလို့။ ကိုကိုနိုင်ကြီးလဲ အေးနိုင်သားပဲ။ သူတစ်ယောက်တည်း။ အတွတ်???ဆို ခု ဒေါက်တကောင်းကောင်းဖြစ်နေပြီ။ ဒါပေမယ့် တိုင်းပြည်မီးလောင်နေပြီဆို သူ့အပေါင်းအဖော်နဲ့ စာသင်ခန်းထဲက ထွက်သွားကြတာပဲ။ အဲဒီစိတ်ကလေးတွေဟာ မြတ်နိုးစရာမကောင်းဘူးလား၊ မွှေးရဲ့စိတ်ကို သိပ်လည်းတင်းမထားနဲ့။ မွှေးဟာ မိန်းမ။ အသည်းနှလုံးတို့၊ ဦးနှောက်တို့ ဆိုတာတွေမှာ အကန့်အသတ်ရှိကြတယ်။ သူတို့ရှိတဲ့အား သူတို့ခံနိုင်ရည်အင်းအားထက် အလုပ်ပိုမလုပ်နိုင်ကြဘူး။ လုပ်လာရင် မြန်မြန်ပျက်စီးသွားမှာပဲ။ ခုလိုမနားမနေ အလုပ်လုပ်၊ တစ်ဘက်က စာသင်၊ တစ်ဘက်က တာဝန်ကြီးတစ်ခုနဲ့ဆို မွှေး မြန်မြန် အသက်တိုမယ်။ မင်းမေမေကို ကြည့်၊ ငါးဆယ့်သုံးနှစ်ဆိုတာ အများကြီးနေပျော်ပေမယ့် သူခံလိုက်ရတဲ့ ဒဏ်တွေကြောင့် သူဟာ ရှေ့နှစ်ဆို လူ့လောကမှာ မနေရတော့ဘူး၊ မွှေး အတွတ်ပြောတာတွေ သဘောပေါက်တယ်နော်"
သူသည် မွှေးဘက်ကို ပြန်လှည့်ကာ မေးလိုက်၏။
မွှေးသည် ခေါင်းမဖော်တော့။ မျက်ရည်ပေါက်များမှာ မွှေးပေါင်ပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းနေတော့သည်။ အတွတ်၏ရင်ထဲတွင်လည်း ထိုအချိန်မှာ ခံစားနေရသော ဝေဒနာကို ဘယ်လိုမှ ထုတ်ဖော်မပြောနိုင်တော့ပေ။
“ကိုယ်နားလည်ပါတယ် မွှေး၊ မင်းက ဖရက်ကို အသက်လို ချစ်တယ်ဆိုတာ၊ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာဘူးပေါ့။ ဒါပေမယ့် သူကတောင် ကိုယ့်ကိုစိမ်းပြီး အေမီ့ရင်ခွင်မှာ ပျော်နိုင်သေးတာပဲ။ မွှေးက ဆိုးရတာမှ မဟုတ်ဘဲ မွှေးရယ် ...တိတ်ပါ၊ တိတ်၊ တိတ်၊ မငိုနဲ့”
သူသည် တသိမ့်သိမ့် လှုပ်နေသော မွှေးပခုံးလေးကို ပုတ်လိုက်၏။
“ကြီးကြီးတင် သိရင် စိတ်ညစ်ဦးမယ်။ အတွတ်လဲ ပညာတော်သင်သွားရတော့မယ်။ အတွတ်လဲ စိတ်ချလက်ချ သွားနိုင်တာပေါ့"
သူသည် ထိုစကားကို မနည်းဟန်ဆောင် ပြောလိုက်ရပြန်သည်။
“ကဲ ... အတွတ် ကြီးကြီးတင်ကို နှုတ်ဆက်ပြီးပြန်မယ်။ မွှေး ငိုတဲ့ရုပ်ကြီးနဲ့ ကြီးကြီးအနား မသွားနဲ့နော်။ တိတ်ပါကွယ်၊ လောကကြီးဟာ ဒီလိုပဲ၊ ကိုယ်လုပ်ချင်တာ လုပ်လိုက်တိုင်းလဲ စိတ်ချမ်းသာဖို့အကြောင်းက ဖြစ်ချင်မှဖြစ်လာတယ်။ ကိုယ်မလုပ်ချင်တာကို လုပ်လိုက်ပေမယ့်လဲ စိတ်ချမ်းသာစရာအကျိုးတွေ ဖြစ်ချင်ဖြစ်လာတတ်တာပဲ။ သွားတော့မယ် မွှေး”
သူသည် မွှေး၏ခေါင်းလေးကို ပုတ်ကာ အိမ်ထဲသို့ ဝင်သွားတော့၏။
ငိုနေသော မိန်းကလေး၏ပတ်ဝန်းကျင်တွင် ဝင်လုဆဲဆဲ နေရောင်မှာ ပြန့်ကျဲ၍ နေရစ်တော့သည်။
လန်ဒန်သို့ မထွက်ခွာခင် သူသည် ဝါးခယ်မသို့ တစ်ညအိပ် ထွက်လာခဲ့၏။ မေမေကတော့ အခြေအနေမကောင်းသေး၍ သူတို့ဘက်ကမ်းတွင် မအိပ်ဘဲ ဝါးခယ်ဘက်တွင် အိပ်ရန် မှာလိုက်သည်။ အတွတ် စိတ်ထဲတွင်တော့ သူ့အိမ်တွင် အိပ်ဖြစ်အောင် အိပ်ရန် ဆုံးဖြတ်လာခဲ့သည်။
မြို့သည် ကမ်းခြေတစ်လျှောက် တဲများဖြင့် ရှုပ်ပွ၍ နေတော့သည်။ သကျမဟာသီရိ ဘုရားကြီးသာ ရွှေရောင်တဝင်းဝင်း ပန်းရနံ့တသင်းသင်းဖြင့် မပျက်မစီး မပြောင်းလဲသလို ရှိတော့သည်။
ကျန်သည့် အခြေအနေများကတော့ သူငယ်စဉ်က နေသွားရသည်နှင့် ဘာမျှမတူပေ။ သူ့ကိုပင် မြို့နေလူများကာ တစိမ်းတစ်ရွာသားတစ်ယောက်လို စိမ်းစိမ်းကြည့်ကြ၏။ ဘုရားဖူးပြီး တဘက်ကမ်းသို့ ဦးကွန့်နှင့်အတူ ကူးလာခဲ့သည်။ ကမ်းနဖူးတွင် အိမ်အိုကြီးနှစ်ဆောင်ကို မြင်လိုက်သည်နှင့်ပြိုင်နက် သူ့ရင်ထဲတွင် ဆို့၍သွားသည်။
ရေဆိပ်တံတားကို တစ်လှမ်းချင်း တက်ရင်း မျက်ရည်ဝေ့မလာအောင်ပင် စိတ်ကို တင်းရတော့သည်။ အတွတ်လေးတို့၊ မွှေးလေးတို့ ပြေးလွှားကစားသံ၊ တေးသံလေးများ သစ်ပင်များကြားမှ ထွက်လာသလို ဖြစ်လာသည်။
ခုတော့ အိမ်ကြီးနှစ်ဆောင်သည် သွေ့ခြောက်နေသည်။ မွှေးတို့အိမ်မှာ အသစ်ပြုပြင် မွမ်းမံမည့်သူမရှိ၍ ပို၍ဟောင်းနွမ်းကာ တချို့ အဆောင်များမှာ ယိုင်လုလုဖြစ်နေတော့သည်။ ပိတောက်ပင်ကြီး တစ်ပင်တည်းသာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ရှည်လျားသည့်ဘဝအတွက် ညည်းညူလှုပ်ရှားနေဟန်ရှိသည်။
သူသည် ပိတောက်ပင်အောက်တွင် ခဏရပ်လိုက်၏။ ဤနေရာမှဖြတ်ကာ မွှေးထံ ခဏခဏသွားခဲ့ရသည်။ ဤနေရာတွင် ရပ်ကာ မွှေးနှင့် မျက်နှာဆုံကာ စကားပြောခဲ့ရ၏။ စိတ်ထဲတွင် မိုးမှုန်လေးများပင် သွန်ကျလာကာ ပိတောက်၏ရနံ့သည် လေတွင် သင်းပျံ့လာခဲ့ဟန်ရှိ၏။
ပန်းများ ပွင့်သောနေ့က သူချစ်သော မွှေးကို ဖရက်က စခဲ့ ၏။ ပန်းခိုင်ရွှေဝါများကို ပွေ့ကာဖက်ကာ ပြေးနေသော မွှေးသဏ္ဌာန်ကို မြင်ယောင်လာပြန်သည်။
ပန်းရနံ့သည် လေတွင်ပျောက်သွားပြန်၏။ ဪ မိရွှေမွှေးကို တမ်းတသောစိတ်၊ ချစ်ခဲ့ရသောစိတ်တို့ကိုမူ နှလုံးသားမှ ဘယ်တော့မှလည်း မပျောက်။ နှလုံးသားအပြင်သို့လည်း ထွက်၍ဖွင့်ဟရန် ခဲယဉ်းခဲ့ပါတကား။
သူ .. အိမ်ဘက်သို့ ပြန်ကူးလာကာ လှေကားကို တစ်လှမ်းချင်း တစ်ထစ်ချင်း တက်လာခဲ့၏။ အနောက်ဆောင်ကို သွားရာလမ်းမှာ ဖုံများ ထပ်နေ၍ လင်းနို့ချေးနံ့ နံလျက်ရှိနေပေသည်။ အနောက်ဆောင်သည် ရေညှိများနှင့် စိမ်းညစ်ညစ်ရောင် ပေါက်နေ၏။
သော်ကဘုရားလမ်းဘက်ဆီသို့ မျှော်ကြည့်လိုက်သောအခါတွင်မူ မျက်ရည်များမှာ ဝေ့၍ လာလေတော့သည်။စေတီ၏ လုံးပတ်တော်သည် ရွှေရောင်မှိန်ကာ မည်းညိုညိုကြီးဖြစ်နေတော့သည်။ နားထဲတွင် ခြူသံ၊ လှည်းသံ၊ မွှေး၏မျက်လုံးလေးရီရီနှင့် သီချင်းဆိုသံများမှာ စီညံညံ ပေါ်လာပြန်၏။ ဝင်ဆဲနေလုံးရဲရဲနှင့် အရောင်ဟပ်နေသော စေတီတော်၏ ကြည်ညိုဖွယ်ရာ သပ္ပာယ်သော မြင်ကွင်းသည်လည်း ရိုးရိပ်မျှမြင်ကာ ပျောက်၍သွားတော့သည်။
“ဦးကွန့်ရေ လာဗျာ၊ ဟိုဘက်က ဦးဆယ်ကိုပါ ခေါ်။ ကျွန်တော်တို့ သော်ကဘုရား သွားရအောင်၊ ဖယောင်းတိုင်လဲ ယူခဲ့”
သူ့နောက်တွင် ရပ်နေသော ဦးကွန့်မှာ ပါးစပ်လေးဟကာ ကြောင်နေသည်။
"အတွတ်ရယ် ဖြစ်ပါ့မလား၊ တော်တော်ကြာ အကြမ်းဖက် သောင်းကျန်းသူတွေနဲ့ တွေ့နေမှ"
“အိုဗျာ၊ ကျွန်တော့်မှာ ရန်သူမရှိပါဘူး၊ ကျွန်တော်တို့ သုံးယောက် စုတ်စုတ်နုပ်နုပ်သွားတာပဲဟာ၊ သွားခေါ်ဗျာ၊ သွားမယ်။ လှေပါထုတ်၊ ဒီအချိန်မှာ လယ်ကွင်းထဲက သွားလို့မဖြစ်ဘူး၊ သော်က ကူးတို့ဆိပ်ထိ လှေလှော်၊ ဟိုကျမှ လျှောက်သွားတာပေါ့”
ဦးကွန့်မှာ သူစီစဉ်သည့်အတိုင်း လုပ်၍ပေးရှာ၏။
သော်က ကူးတို့ဆိပ်မှ ဘုရားသို့ သွားရာ အုတ်လမ်းသည် အတော်ပင် ပျက်စီး၍နေတော့သည်။ အုတ်လမ်းသည် မိုင်ဝက်ခန့် ရှည်လျား၏။ နှစ်ဖက်မှ ကုက္ကိုပင်တန်းမှာ အချို့အပင်များ ယိုင်စပြု၍နေပေသည်။ ဘေးဘက် လယ်ကွင်းများထဲတွင်မူ စပါးပင်များ စိမ်းနေသေးသည်။ သူတို့ငယ်ငယ်တုန်းကလိုတော့ ကလေးတို့သည်လယ်ရိတ်သိမ်းပြီးချိန်တွင် ပြေးလွှားဆော့ခွင့် မရှိတော့ပေ။ မငြိမ်းချမ်းသော ကာလတွင် ကလေးတို့၏ရယ်သံသည်လည်း ဆိတ်ခဲ့ပြီတကား။ လယ်တောသူတို့၏ တေးသံသည်လည်း ငြိမ်ကာ နွေအလှူခင်းမှ တေးသံသည်လည်း ပျောက်ခဲ့ရပြန်ပကော။
တန်ဆောင်းကြီးမှာ ပြိုပျက်နေ၍ အမိုးတစ်ခြမ်းပင် ဟင်းလင်းပွင့်နေသည်။ ဂန္ဓကုဋီတိုက်ခန်းရှိ ကျောက်ဆင်းတုနှစ်ဆူမှာ အလယ်မှ အင်္ဂတေ ကွဲအက်နိမ့်ကျသွား၍ ဒူးတော်နှစ်ခု ဆိုင်ကာ ယိုင်လဲလု ဖြစ်နေတော့သည်။
မွှေးတို့ အခြေပျက်ခဲ့သလိုပင် မွှေးဘွားဘွား၏ ဒါနအဆောက်အဦးသည်လည်း ပျက်စီးယိုယွင်းခဲ့၏။ အတွတ်သည် ဦးကွန့်လက်မှ ဖယောင်းတိုင် ၂ထုပ်ကို လှမ်းယူကာ ဘုရားရှေ့တွင် ထွန်းညှိလိုက်သည်။ ဖယောင်းတိုင်အဖျား၌ မီးရောင်တငြိမ့်ငြိမ့် တလှုပ်လှုပ် ထွက်ပေးလာလျှင်ပင် လှပသော လက်ချောင်းရှင်ကို သတိရမိပြန်သည်။ မွှေးသည် သူ၏လှပသော လက်ချောင်းလေးများဖြင့် ဤနေရာတွင် တစ်ခါက အတွတ်နှင့်အတူ ဖယောင်းတိုင်လေးများ စိုက်ထူကာ ဘုရားမီးပူဇော်ခဲ့၏။ ထိုလက်ချောင်းလေးများ၏ပိုင်ရှင်နှင့် တစ်မြေထဲတွင်မွေးဖွား၍ တစ်ရေထဲသောက်ကာ အတူတကွ ကြီးပြင်းလာခဲ့ပါလျက်နှင့် ချစ်ခွင့်ကိုမူ သူ မရခဲ့ပါတကား။
သူသည် တန်ဆောင်းအပြင်သို့ ထွက်လာခဲ့၏။ လယ်ကွင်းဘက်ဆီမှ လေအေးများ တိုက်ခတ်လာကြသည်။ ဗျိုင်းဖြူအုပ်သည် စိမ်းသောလယ်ကွင်းကိုဖြတ်၍ ညိုညိုပြာပြာကောင်းကင်တွင် ပန်းပွင့်တန်းကြီး ရွေ့လျားသလို ပျံ၍သွားကြသည်။ မွှေးနှင့်အတူ ငွေဗျိုင်းဖြူတို့ကို မကြည့်နိုင်တော့ပြီတကား။
“အဲဒီလယ်ကိုတောင် ကမန်းကတန်း စိုက်ကြပျိုးကြရတယ် အတွတ်ရဲ။ ဝေးတဲ့ခေါင်တဲ့နေရာကျတော့ အကြမ်းဖက်သောင်းကျန်းသူကို ဆက်ကြေးပေး၊ အကြမ်းဖက်သောင်းကျန်းသူနဲ့ နားလည်မှုယူပြီး စိုက်ကြ၊ ပျိုးကြရတာပဲ”
ဦးကွန့်ကတော့ အတွတ်သည် သူ့လယ်ယာများအကြောင်းကို သိချင်မည်ထင်၍ နောက်မှလိုက်ကာ ပြောပြ၏။
"မသောင်းစိန် လယ်သမားတွေထဲကဆို ကိုဖိုးမောင်တို့က တော်တော်သစ္စာရှိတယ်၊ ရသမျှ စပါးရော လယ်ခရော မနှစ်က လာပေးရှာတယ်”
“ကဲ... ပြန်စို့ဗျာ”
သူသည် ရှေ့မှ ခပ်စိုက်စိုက် လျှောက်ကာ ဘုရားပရဝုဏ်မှ ပြန်ထွက်လာ၏။ ဦးကွန့်ကတော့ စကားတပြောပြောနှင့် နောက်မှလိုက်လာခဲ့၏။
“ဝါးခယ်မကတော့ ဘုရားတန်ခိုးတော်ပဲ။ မြို့ပေါ်မှာ တိုက်ပွဲဖြစ်တယ်လို့ မရှိဘူး၊ မြို့ဖျားတော့ ခဏခဏ လာပစ်တယ်၊ ဒါပေမယ့် ရာသီလိုက် ပွဲတော်တွေကတော့ မပျက်ဘူးကွယ့်၊ သီတင်းကျွတ်လဲ စည်တာပဲ။ တန်ဆောင်မုန်းရောက်လို့ ကထိန်ပွဲရောက်ရင် မမတို့ကို တယ်သတိရတယ်”
“တော်ပါတော့ဗျာ၊ ကျွန်တော်လဲ အမြဲ လွမ်းရက်ပါပဲ”
သူသည် ဒါပဲ ပြန်ပြောလိုက်၏။ သူတို့သည် တိတ်ဆိတ်စွာ လမ်းလျှောက်ပြန်လာခဲ့ကြ၏။ အိမ်ရောက်လျှင် အတွတ်သည် သူ့အိပ်ခန်းလေးရှိရာသို့သာတန်းတန်းမတ်မတ် တက်လာခဲ့သည်။ ဦးကွန့်က သူ့အတွက် အိပ်ရာ ခင်းပေး၏။ သူသည် အိပ်ရာပေါ်လှဲရင်း မမြင်ရသော အငွေ့အသက်တို့ကို ပြန်၍လွမ်းဆွတ်မိသည်။ သူ လွမ်းဆွတ်တမ်းတချိန်တွင် ဖရက်သည် သူ့ကို သတိမှ ရပါလေစ။ မွှေးကရော သူ့ကို တမ်းတပါလေစ။
ညဉ့်သို့ ရောက်လာသောအခါတွင်မူ မွှေး၏အိမ်ဘက်ဆီသို့ ငေးမောမိပြန်သည်။ အိမ်ကြီးသည် မည်းမှောင်နေသောကြောင့် လရောင်ရေးရေးတွင် မလှပတော့ပေ။ ခြံကြီးထဲတွင်မူ လရောင်အကွက်အပြောက်ကလေးများကို ခပ်ရေးရေး မြင်ရ၏။ တစ်ခါက ဤအိမ်ကြီးပေါ်မှ ကြေးစည်သံ၊ ပရိတ်ရွတ်သံတို့သည် သူ့ဆီသို့ အေးငြိမ့်စွာ လွင့်လာကြသည်။ တေးသံနှင့် ရယ်သံတို့သည်လည်း ပျံ့လွင့်လျက်ရှိ၏။ယခုတော့ အစိုးမရခြင်း၏သဘော၊ ပြောင်းလဲခြင်း သဘောတို့က ဤအိမ်ကြီး၏ သာယာချမ်းငြိမ်းခြင်းကို အားလုံးဖျက်ဆီး၍ပစ်လေသည်။
အတွတ်သည် လရောင်မှုန်မွှားမွှားအောက်တွင် တငြိမ့်ငြိမ့်နှင့် အလျဥ်မပြတ်ခဲ့သော မြရောင်ပြင်ကို လှမ်းမျှော်ကြည့်လိုက်ကာ နောက်ဆုံး ပြတင်းတံခါးကို ပိတ်လိုက်တော့သည်။
ရန်ကုန်သို့ နောက်နေ့တွင် ပြန်လာပြီးနောက် ဗုဒ္ဓဟူးနေ့မတိုင်ခင် ညနေတွင် သူ မွှေးကို နောက်ဆုံးတွေ့ခဲ့၏။
မွှေးသည် သူနှင့်ကြီးကြီးတင်တို့၏ အစီအစဉ်ကို လက်ခံကြောင်း ကြီးကြီးတင်ထံမှ သိခဲ့ရ၍ မွှေးကို နောက်ထပ် သူ ဘာမျှမပြောတော့ပေ။ သို့သော် ပြန်ခါနီးတွင် မွှေးအား ခြံဝရှိ ဇီဇဝါပင်နားအထိ သူခေါ်လာခဲ့သည်။ မွှေးသည် သံပတ်ပေးထားသော အရုပ်ကလေးလို အသက်မပါသော လှုပ်ရှားခြင်းမျိုးဖြင့် လျှောက်ကာ သူ့နောက်မှ လိုက်ခဲ့၏။သူတို့အနားတွင် ဇီဇဝါပန်းရနံ့သည် သင်းပျံ့လျက်ရှိသည်။
“မွှေး...ကိုယ် နက်ဖြန် သွားတော့မယ်။ မင်းနဲ့ ကိုယ်နဲ့ ဒီနေ့ နောက်ဆုံးတွေ့ခြင်းပဲ။ မင်းတို့လက်ထပ်ပွဲကို မစောင့်နိုင်တဲ့အတွက် ခွင့်လွှတ်ဖို့ ကိုကိုနိုင်ကို ပြောပေးပါ။ ကိုယ်ကတော့ အင်္ဂလန်မှာ သင်ပြီးလဲ ပြန်မလာသေးဘူး၊ ဆွစ်ဇာလန်သွားမယ် စိတ်ကူးတယ်။ ကိုယ်ပြန်လာချိန်ကျရင် မွှေးလဲ သားတွေ သမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ရှိရောပေါ့နော်၊ မွှေးရဲ့ အိမ်ထောင်ရေးဟာ သာယာချမ်းမြေ့ပါစေ လို့ ဆုတောင်းခဲ့ပါတယ် မွှေး။ ရော့ ဒါ မွှေးအတွက်၊ ခေါင်းမာတဲ့ကောင်မလေးအတွက်၊ အတွတ်ဆီက ဘာအကူအညီမှ မလိုချင်တဲ့ မိန်းကလေးအတွက် အတွတ်ရဲ့ မင်္ဂလာလက်ဆောင်ကို ပေးခဲ့ပါတယ်”
အတွတ်သည် ကျောက်ရုပ်လို ရပ်နေသော မွှေး၏ဘယ်လက်ကို ဆွဲယူလိုက်၏။ မွှေး၏လက်ခလယ်တွင် သူသည် တစ်လုံးတည်း စိန်လက်စွပ်ကလေးတစ်ကွင်းကို ဝတ်၍ပေးလိုက်သည်။ လှပ၍ နူးညံ့သော လက်ဖမိုးကလေးကို မ,ယူကာ သူသည် နမ်းရှုပ်လိုက်၏။ မွှေးမျက်နှာကို လှမ်းကြည့်လိုက်သောအခါတွင် ရွဲ့၍ဝိုင်းစက်နေသော မျက်လုံးလှလှကြီးတွင် မျက်ရည်များ စို့နေတော့သည်။ မွှေးကို မြင်ခဲ့ရသော တစ်သက်တာ၌ ထိုအချိန်တွင် မွှေး၏မျက်လုံးတို့သည် အလှပဆုံးပါတကား။
* * *
မွှေး၏လက်ထပ်ပွဲကို တန်ဆောင်မုန်းလတွင် စီစဉ်သည်။ လက်ထပ်ပွဲမတိုင်ခင် ဆေးရုံမှာ သွားနေချင်သည်ဟု မွှေး၏မေမေက ဆိုသည်။ မထနိုင်သော လူနာကြီးတစ်ယောက်အဖြစ်နှင့် မင်္ဂလာပွဲတွင် ပါဝင်ရန် အားတုံ့အားနာဖြစ်နေပုံရသည်။ ဒေါက်တာကလည်း ရိုးရိုးအခန်းတွင် ခေတ္တတက်ရောက်နေမှ ပိုက်ဆံခန်းရလျှင်ရချင်း ပြောင်းရသည်မှာ လွယ်ကူကြောင်း၊ ဆေးရုံတွင် ပိုမို၍ သင့်လျော်မည့်အကြောင်း အကြံဉာဏ်ပေးပေသည်။
ကိုကိုနိုင်သည် လက်ထပ်ပွဲမတိုင်မီ တစ်ပတ်စောရောက်လာ၏။ မွှေးတို့ညီအစ်မတစ်စုအတွက် ကမာရွတ်မှာပင် လက်ရှိအိမ်ထက် ကျယ်ပြန့်သည့် ခြေတံရှည်ပျဉ်ထောင်အိမ်တစ်ခုကို ကိုကိုနိုင်၏အမေ ဒေါ်မမညွန့်က ရှာ၍ ပေးသည်။ လူနာကို ဆေးရုံပို့ပြီး သူတို့အားလုံးက အိမ်သစ်သို့ ရွှေ့ပြောင်းကြရန် ဖြစ်ပေသည်။
ကိုကိုနိုင်သည် မွှေးနှင့်အတူတူပင် ဒေါ်တင်တင်ကြီးကို ဆေးရုံသို့ လိုက်၍ပို့သည်။ ၁၅ ပေ-ခန့်ကျယ်သော အခန်းထဲတွင် လူနာအတွက် ခုတင်တစ်လုံးရပေသည်။ ထိုအခန်းလေးထဲတွင် အားလုံး ခုတင်ခြောက်လုံးရှိ၏။ ခြေရင်းခေါင်းရင်း ခုတင်များရှိ လူနာများကို ကြည့်ရသည်မှာ အတော်စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပေသည်။
တစ်ကိုယ်လုံး ဝါထိန်ကာ ဖောနေသော မိန်းမကြီးတစ်ယောက်မှာ မျက်လုံးပိတ်၍ လူရုပ်နှင့်မတူတော့ပေ။ သူ့ဆံပင်များသည် ကျဲ၍ လက်တစ်ဆစ်ခန့်ထိ အပေါ်သို့ ထောင်နေပေသည်။ ဆေးရုံအဝတ်အစားများမှာ များသောအားဖြင့် သွေ့ခြောက်ခြောက် အရောင်အဆင်းကင်းမဲ့သော “ပြာ" ရောင်များဖြစ်၍ လူနာရုပ်မှာ ပိုမိုကျက်သရေကင်းမဲ့နေတော့သည်။
မေမေနှင့် အနီးဆုံးခုတင်တွင်မူ ဝါးခြမ်းလောက်ရှိ လက်ချောင်းများကို ထောင်ကာ ညည်းညူနေသော မိန်းမတစ်ယောက် ဖြစ်၏။ သူသည် ကိုကိုနိုင်တို့ရပ်နေသော တစ်နာရီအတွင်းတွင်ပင် ဝမ်းလေးခါမျှ သွား၍ပြီးပေပြီ။
တောင်ဘက်နံရံတွင် ကပ်နေသော လူနာကမူ မျက်လုံးမှတပါး လှုပ်လှုပ်ရှားရှားမရှိတော့ပေ။ ငြိမ်သက်စွာပင် သေရမည့်အချိန်ကို စောင့်မျှော်နေဟန်ရှိ၏။ မြောက်ဘက်နံရံတွင် ခုတင်လွတ်တစ်လုံး ကပ်ထား၍ ထိုခုတင်အနီးတွင်မူ တရုတ်မကြီးတစ်ယောက်သည် ချောင်းတဟွတ်ဟွတ် ဆိုးလိုက်တိုင်း သွေးများပါ၍ ထွေးခံထဲသို့ အန်ချလိုက် ဆိုးလိုက်ဖြစ်နေသည်။ သူ့အသားများမှာ ဖျော့တော့၍ မျက်လုံးတွင်လည်း လုံးဝအရောင်မရှိသလို ဖြစ်နေတော့သည်။
ကိုကိုနိုင်သည် ဒေါ်တင်တင်ကြီး၏မျက်နှာကို လှမ်း၍ကြည့်၏။ လူနာသည် စိတ်တင်းထားပုံရသော်လည်း ပတ်ဝန်းကျင် အနိဋ္ဌာရုံများကို ကြောက်ရွံ့ဟန်မှာ သူ့မျက်လုံးတွင် ဖုံးကွယ်၍မရပေ။
ဆရာမတစ်ယောက် ရောက်လာ၏။
“ရော့ ...ဒီဆေးရုံအင်္ကျီတွေကို လဲဝတ်။ ဒီမှာ ရှင့်အိမ်က အဝတ်အစားတွေ မဝတ်ပါနဲ့”
ဆရာမ ပြောပုံမှာ မာကျောလှသည်။ ဆေးရုံအဝတ်အစားတွေလည်း ဘယ်လိုပင် ပိုးသတ်ထား၍ သန့်ရှင်းသည်ပြောပြော မျက်စိထဲတွင်တော့ အကွက်မပေါ်၊ အစုတ်ကလည်း ပါသေးသည်။ ကျက်သရေအတော်တုံးသော အဝတ်အစားများသာတည်း။
မွှေးသည် ဆရာမပေးသွားသော အဝတ်အစားများကို လှမ်းယူလိုက်ကာ မေမေ့အနားသို့ တိုးကပ်သွား၏။ ကိုကိုနိုင့်စိတ်ထဲမှာလည်း အတော်ပင် ရှုပ်ပွေလာသည်။ လူနာများသည် နှာခေါင်းနှင့် ပါးစပ်တွင် အဝတ်စည်းထားသော်လည်း တာရှည်မတပ်ထားနိုင်ကြပေ။
“မွှေးရာ ... မေမေ့ကို အိမ်ပြန်ခေါ်သွားပါစို့။ ဆေးရုံဆိုတာ စိတ်ချမ်းသာစရာ ကောင်းမှပေါ့၊ ခုမြင်ရတာ ကိုကိုနိုင်တောင် သေချင်တယ်”
မွှေးသည် မေမေ့မျက်နှာကို တစ်လှည့်၊ ကိုကိုနိုင်ကို တစ်လှည့်ကြည့်နေ၏။ မေမေကတော့ ဘာမျှမပြောပေ။
“ကိစ္စမရှိပါဘူး မေမေ၊ ကျွန်တော်တို့လက်ထပ်ပွဲက တစ်နေရာမှာ လုပ်မှာ၊ မေမေ့ကိုလည်း အနှောင့်အယှက်မဖြစ်ပါဘူး”
“သားတို့ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ”
“ဟာ... ကိစ္စမရှိပါဘူး၊ ဒီနေရာတော့ မထားချင်ဘူး”
သူတို့က စကားပြောနေတုန်းပင် ဆရာဝန်ကြီးရောက်လာ၏။
“မွှေး သိပ်ကံကောင်းတာပဲဟေ့၊ ခုပဲ ထားဝယ်က လူနာ ချက်ချင်း ဆင်းချင်လှချည့်ရဲ့ဆိုပြီး လာပြောတယ်။ သူ့အခြေအနေလဲ အတော်ကောင်းသွားပြီ။ အခန်းတစ် (ဘီ) အားသွားပြီ။ ကဲ ပိုက်ဆံခန်း ရွှေ့ နိုင်ပြီ”
မွှေးမှာ ဝမ်းသာ၍ မဆုံးတော့ပေ။
“အတွတ်ဆီကရော စာလေးဘာလေး လာရဲ့လား”
“လာပါတယ် အန်ကယ်”
“ကဲ ... အန်ကယ် ဆိုင်ရာကို ပြောလိုက်မယ်။ သူတို့ လာရွှေ့လိမ့်မယ်နော်"
ဆရာဝန်ကြီးသည် လူနာကို စမ်းသပ်ကြည့်ပြီး ထွက်သွားမှ သူတို့အားလုံး အသက်ရှူချောင်သွားတော့သည်။
“ကဲ ..မေမေအခန်းရွှေ့ပြီးတဲ့အထိ မွှေးစောင့်နေ၊ ကိုကိုနိုင် ငွေပြန်ယူပြီး ဟိုကိုလိုက်လာခဲ့မယ်။ ပထမဆုံး ငွေ ၂၀ဝိ တင်ထားရသေးတယ် မဟုတ်လား"
မွှေးသည် ဘာပြန်ပြောရမှန်းမသိသလို ငိုင်နေသည်။ ကိုကိုနိုင်သည် ခပ်မြန်မြန် အပြင်သို့ထွက်သွားတော့၏။
* * *
ကိုကိုနိုင်မှာ ခွင့်ရက်များများ မရတော့၍ မေမေ့ကို ဆေးရုံတင်ပြီးပြီးချင်းပင် လက်ထပ်ပွဲကို စီစဉ်ရသည်။ ကိုကိုနိုင်၏အမေမှာ နောက်ဆုံး အခန်းအပ်သည်အထိ လက်ထပ်ပွဲကို သိပ်သိပ်သည်းသည်း စီစဉ်ပေးရှာ၏။ သူ၏ချိုပြုံးသော မျက်နှာနှင့်ပင် မွှေးအနားသို့ ခဏခဏ ကပ်လာ၏။
“မေမေလဲ အရွယ်ထောက်လာတော့ သား အတည်တကျရှိပြီဆိုရင်ပဲ ဘယ်လိုဝမ်းသာမှန်းမသိဘူး၊ မေမေ့မှာ သွေးတိုးရောဂါကလဲ ရှိတယ်မဟုတ်လား။ သမီးတို့မေမေလဲ မြန်မြန်ကျန်းမာလာမှာ၊ သမီး ဘာမှမပူနဲ့”
မွှေးက သူ့တွင် ထိုမျှကြင်နာသော မိခင်လို ယောက္ခမ ရလာလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ဖူးပေ။
ဧည့်သည်များအားလုံး မရှိတော့သည့်အချိန် ညဘက်ရောက်မှ အဘွားကြီးက အိမ်ပြန်ရန်ပြင်၏။ ကိုကိုနိုင်ရော မွှေးပါ ကန်တော့ကြ၏။ မွှေးသည် ကားပေါ်အထိ လက်တွဲကာ ယောက္ခမကို လိုက်၍ပို့လိုက်သည်။
ကားထွက်သွားလျှင်မူ ကိုကိုနိုင်သည် သူ့အပါး ကပ်၍ ရပ်လျက်ရှိသည်။ အိမ်သည် အမြင့်ဖြစ်၍ ပြတင်းများမှ မီးရောင်မှာ တချို့ နေရာများတွင် ခြံထဲသို့ မိုးကာ လင်းနေသည်။
“ကဲ ..မေမေကရော မွှေးကို ဘယ်လောက်ချစ်သလဲ။ မွှေးကိုယ်ကိုသာ ကန္တာရထဲရောက်နေသလို မွှေးကထင်နေတာ။ အမှန်တော့ အချစ်တွေ အချစ်တွေဆိုတာ မွှေးပတ်ဝန်းကျင်မှာ ပုံသိပ်နေတာပဲ”
မွှေးသည် ငြိမ်သက်စွာ ခေါင်းငုံ့နေ၏။ သူတို့အနားတွင် လရောင်မှာ ထိန်ထိန်သာ၍နေသည်။ အံ့သြဖွယ်ကောင်းသည်မှာ မွှေးလက်ထပ်သောနေ့သည် တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ ဖြစ်၏။ မွှေးသည် လမင်းကို မော်၍မကြည့်ရဲသလို ဖြစ်နေသည်။ လွန်ခဲ့သော ခုနစ်နှစ်ခန့်က ထိုလရောင်အောက်တွင် မွှေးနှင့်အတူ ယှဉ်ရပ်ခဲ့သည်မှာ ဖရက်ဖြစ်၍ ယခုညတွင်မူ သူ့အပါးမှာ ရပ်သူမှာ ကိုကိုနိုင် ဖြစ်ပေသည်။
“ဘယ့်နှယ်လဲ မိန်းကလေးရယ်” ဟု လမင်းကပင် သူ့ကို မေးတော့သလို သူ့စိတ်ထဲတွင် စိတ်မလုံတော့ပေ။
“မွှေးကို ခွင့်လွှတ်ပါ လမင်းကြီးရယ်၊ မွှေးအပြစ် မဟုတ်ပါဘူး၊ မွှေးရဲ့ ချစ်မေတ္တာဟာ လမင်းကြီးရဲ့ ရောင်ခြည်လိုပဲ အစဉ်သန့်ပြန်ခဲ့ပါတယ်”
သူသည် စိတ်ထဲမှာ လမင်းကို စကားပြောနေမိ၏။
“မွှေး”
ကိုကိုနိုင်သည် သူ့ပခုံးလေးကို ဖျစ်ညှစ်၍ ဖက်ထားကာ လက်တစ်ဘက်က မွှေး၏မေးစေ့လေးကိုကိုင်ကာ မွှေးမျက်နှာကို ဆွဲယူ မော့လိုက်သည်။ မျက်လုံးများသည် လရောင်ခြည်ကြောင့် အရောင် တဖျတ်ဖျတ် တောက်ပနေသည်။
“မွှေး မပျော်ဘူးလားဟင်၊ လရောင်ကလဲ သိပ်လှတာပဲနော်”
“မွှေးက လရောင်ကို ရှက်နေလို့ပါ”
“ဟောဗျာ ...”
ကိုကိုနိုင်သည် ပြုံးရယ်လိုက်၏။
"လရောင်ကို ရှက်တယ်"လို့ အဓိပ္ပာယ်နားမလည်သလို ကိုကိုနိုင်က ပြောလိုက်၏။
“ဟုတ်တယ်၊ ဟိုး လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ညရဲ့ လရောင်အောက်မှာ သွားတွေ့ခဲ့တာက ယောက်ျားတစ်ယောက် ဆိုတော့ ကိုယ့်သိက္ခာကို ရိုသေတဲ့မိန်းကလေးဆိုရင် လမင်းကြီးကို ရှက်တာပေါ့"
“သိပါတယ်ဗျာ၊ ကိုကိုနိုင် မသိတာမှမဟုတ်ဘဲ၊ အဲဒီလူက တင်အောင်ထွန်း (ခေါ်) ဖရက်ဒီ မဟုတ်လား"
မွှေးသည် ခေါင်းငုံ့၍နေ၏။
ကိုကိုနိုင်က မွှေးကို တင်းကြပ်စွာ ဖက်လိုက်ပြီးမှ “ဒီလို လက်ထပ်ညဦးဆိုရင် ချစ်သူနဲ့ မပေါင်းရတဲ့သူတွေဟာ ကိုယ့်အချစ်ဦးကို သတိရတာ ဓမ္မတာပဲ။ ကဲ ဒါတွေ မေ့လိုက်ပါတော့၊ မွှေးရဲ့ဘဝက ဟိုဘက်မှာ ပြည်ဖုံးကားချလိုက်ပြီပဲ။ ဒီဘက်မှာ ကိုကိုနိုင်နဲ့အတူ ကဏ္ဍအသစ်တစ်ခု ဖွင့်ရတော့မယ် မိန်းကလေးရယ်။ စိတ်ကို ပျော်ပျော်ထားလိုက်စမ်းပါ။ ကိုကိုနိုင်ဟာ မွှေးကို တကယ်မြတ်နိုးတဲ့သူပါ၊ ယုံစမ်းပါကွယ်”
ကိုကိုနိုင်သည် မွှေး၏မျက်နှာလေးကို မ,ယူကာ သူ့ပါးနှင့် အပ်လိုက်သည်။ မွှေးပါးပေါ်မှ မျက်ရည်စများကြောင့် အေးသောအတွေ့ မှာ ကိုကိုနိုင့်အသည်းသို့တိုင်အောင် စိမ့်၍သွားတော့၏။
* * *
ခွင့်ရက်စေ့၍ ပြန်သည့်တိုင်အောင် မွှေးနှင့်အတူနေခဲ့သော ရက်သတ္တပတ် နှစ်ပတ်ကို ကိုကိုနိုင်က ကျေကျေနပ်နပ်ရှိခဲ့၏။ မွှေးသည် ကျွမ်းကျင်လိမ္မာသော အိမ်ထောင်ရှင်မကြီးဟု မဆိုနိုင်သော်လည်း သူသည် တတ်သမျှ မှတ်သမျှကိုတော့ စေတနာရှိရှိနှင့် ပြုစုဆောင်ရွက်ပေးသည်ဆိုသော ဟန်မှာ အမြဲပေါ်လွင်နေ၍ ကိုကိုနိုင်က ကျေနပ်၏။ ဒီလိုဟန်များကပင် လင်သားတစ်ယောက်၏အသည်းနှလုံးကို အစဉ် ပူနွေးစေသည် မဟုတ်ပါလား။
“အမှန်ကတော့ ကိုကိုနိုင် မွှေးကို ခွဲမထားရက်ခဲ့ချင်ပါဘူး။ ဒါပေမယ့် ကိုကိုနိုင့်နေရာက ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဘက်ကို ပြောင်းရမယ်၊ မွှေးအဖို့ ပင်ပန်းမှာစိုးတယ်။ ပြီးတော့ မွှေးမေမေ ကျန်းမာရေးအခြေအနေ ဆိုးနေတုန်း မွှေးကိုခေါ်သွားလို့ ကိုကိုနိုင် ဘယ်တရားမလဲ။ ကျန်းမာရေးကို ဂရုစိုက်၊ အလုပ်လည်း ထွက်လိုက်တော့နော်”
မွှေးသည် သက္ကလပ်အင်္ကျီကို ဝက်မင်ဘီးနှင့် ပွတ်တိုက်နေရာမှ ရပ်လိုက်၏။ ကိုကိုနိုင့်ကို ကြင်နာစွာ ကြည့်လိုက်ပြန်သည်။
“ကိုကိုနိုင် ခေါ်တဲ့အခါကျရင် မွှေး အလုပ်ထွက်ပြီး လိုက်ခဲ့မယ်၊ ခုတော့ ကိုကိုနိုင့်မေဂျာလခနဲ့ မွှေးတို့တစ်အိမ်ထောင်ရော ကိုကိုနိုင်ပါ ခွဲသုံးရမှာ။ မေမေ့ဆေးခန်းခက ထိုးဆေး ဘာဆေးမပါ တစ်လကို ၄၅ဝ ကျတယ်။ ဒီတော့ မွှေးအချိန်ရှိတုန်း အလုပ်လုပ်ပါရစေ”
“အို ...ကိုကိုနိုင်ရဲ့မေမေတစ်ယောက်လုံး ရှိပြီပဲကွယ်၊ မွှေးကလဲ ...”
“မဟုတ်ဘူးကိုကိုနိုင်၊ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်လာတဲ့အခါ အမေ့ကို တာဝန်မပေးသင့်ဘူး။ အမေကတော့ လိုရင်ပေးမှာပဲ။ မွှေးလည်း သိပ်မကြာပါဘူး။ လေးတို့ ဒီဂရီရပြီးရင် လက်လွတ်ရော၊ တာဝန်လဲကျေရော။ ဒီကြားထဲ မွှေး ကိုကိုနိုင့်ကို ကူညီပါရစေ။ ခု လခတိုးတော့ ၃၅၀ ဆိုတဲ့ ငွေဟာ မနည်းဘူး၊ ဒီအတိုင်းကြီးနေရမှာတော့ မွှေး ကိုကိုနိုင့်ကို အားနာတယ်”
“ဟား ... ဟား ...ဟား”
မွှေးပခုံးလေးကို ထဖျစ်ကာ ကိုကိုနိုင်သည် ခွက်ထိုးခွက်လန် ရယ်၏။
“လင်ကို အားနာတဲ့ မိန်းမတဲ့ကွာ”
သူ့ဘာသာသူ တစ်ယောက်တည်း သဘောကျနေတော့သည်။
ကိုကိုနိုင် ပြန်သွားပြီးနောက် မေမေ့အခြေအနေမှာ ဆိုးရွားလာခဲ့သည်။ နေ့ဘက်တွင် အေးကို အနားမှာ စောင့်စေကာ ညဘက်တွင် မွှေးက စောင့်၍အိပ်ရပေသည်။ မွှေးတို့တွင် သိုက်သိုက်ဝန်ဝန်း အမျိုးအဆွေမရှိလှပေ။ ဒေါ်လေးမူရာထံကမူ ဟောလစ်တစ်ပုလင်းကို ထွန်းဆောင်ကို အပို့လွှတ်လိုက်သည်။ တီဘီဖြစ်၍ လာမမေးရဲကြောင်း မှာလိုက်သေးသည်။ မွှေးအဖို့ ထိုလောကဓံလောက်ကို မမှုတော့ပေ။
တစ်ညဦးတွင်မူ ဒေါက်တာသန်းအောင်သည် အလည်သဘောမျိုး မွှေးထံ ရောက်လာခဲ့သည်။ မေမေက အိပ်ရာပေါ်တွင် မှိန်းနေ၍ သူ့ကို ဝရန်တာဘက်တွင် ဒေါက်တာက စကားပြောရန် ခေါ်သွားလေသည်။
“အတွတ်က သွားခါနီး မွှေးစိတ်ချမ်းသာအောင် ကူညီဖို့ တတွတ်တွတ် မှာတယ်။ အန်ကယ်လည်း သူ့ကို တော်တော်ချစ်တယ်။ ဒါကြောင့် မွှေးစိတ်ချမ်းသာပါစေတော့လို့သာ မင့်မေမေကို လက်ခံလိုက်ရတယ်။ ဆေးရုံတင်ကတည်းက အန်ကယ်တော့ သိပ်အားမရဘူး”
မွှေးသည် ဒူးတွင် အားမရှိတော့သလို ယိုင်ညွတ်ညွတ် ဖြစ်သွားတော့သည်။
“ခုလဲ ပွင့်လင်းလင်း ပြောရရင် ဘာမျှမျှော်လင့်စရာတော့ မရှိတော့ဘူး၊ အန်ကယ့်သဘောပြောရရင် ငွေကုန်ရုံပဲရှိမယ်။ မွှေး တကယ်လို့ အိမ်ပြန်ခေါ်ချင်လဲ ခေါ်နိုင်တယ်။ ဒီမှာထားချင်လဲထား၊ ဘယ်ဘက်အဆုတ်တစ်ဖက်က ကောင်းလာလိမ့်မယ်လို့ မျှော်လင့်တာ မျှော်လင့်သလို ဖြစ်မလာဘူး။ လူကလဲ အရွယ်ကျသွားပြီ မဟုတ်လား။ ညာဘက်တော့ လုံးလုံးမကောင်းတော့ဘူး၊ အဆုတ်ကို ထုတ်ပစ်ပြီး ကုဖို့က သူ့မှာ ခံနိုင်ရည်အားလည်း မရှိဘူး၊ ဒီမှာလဲ မလုပ်နိုင်ဘူး”
မွှေးသည် ငြိမ်သက်နေ၏။ ဘာလုပ်ရမှန်း မသိပေ။
“ကဲ ... အန်ကယ် ပြန်ဦးမယ်။ မင်းလည်း ကျန်းမာရေးဂရုစိုက်ဦး၊ မွှေးက ပိန်တယ်"
“ကျေးဇူးတင်ပါတယ် အန်ကယ်၊ မွှေးလည်း စဉ်းစားပါဦးမယ်”
မွှေးနားထဲတွင် ဒေါက်တာ၏ တဒေါက်ဒေါက်နှင့် ဖိနပ်သံမှာ သူ့အသည်းကို ခေါက်နေသလို နာကျင်နေတော့သည်။ ဝရန်တာအပြင်ရှိ အမှောင်ထုသည် ပိုမို၍အားငယ်စရာကောင်းနေတော့သည်။ မွှေးစိတ်ထဲတွင် လူတစ်ယောက် သေရတော့မည်ကို သိပါလျက်နှင့် ဘာမှမလုပ်နိုင်သည်ကို မခံချည့်မခံသာ ဖြစ်နေသလိုလည်း ခံစားနေရသည်။
မေမေ... မကြာခင် သူချစ်သော မေမေ့ကို ခွဲရတော့မည်။ မေမေသည် သူ့ကိုယ်သူ ကြိုတင်၍ တွက်တတ်၍လားမသိ။ သမီး လက်ထပ်ပွဲကို အမြန်စီစဉ်ခဲ့သည်။ အခြေတကျဖြစ်အောင် စီမံခဲ့ပေသေးသည်။
ဘယ်လိုပင် အလုပ်ကမော၍ လူကနွမ်း၍နေဦးတော့၊ ပြုံးရွှင်ကြည်လင်သော မေမေ့မျက်နှာက ဆီး၍ကြိုလိုက်လျှင် ချမ်းမြေ့အေးချမ်း၍ သွားခဲ့ရသည်တကား။ ဘာမျှမကူညီနိုင်သည်ထားဦး၊ မေမေရှိနေသေးသည်ဆိုသော အသိကကို အမြဲအားပေးနေသည်။ အိမ်ထောင်ကြီးတစ်ခုလုံးကို မေမေသည် အိပ်ရာပေါ်ကပင် စီစဉ်ထိန်းသိမ်းခဲ့သည်။
“မွှေး ...ဟဲ့မွှေး ဘာငိုင်နေတာလဲ”
မွှေး၏လက်ကို တစ်ယောက်ယောက်က ဆွဲလှုပ်နေ၏။ မွှေးလည်း ဘေးကိုလှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွားတော့သည်။
“ဒေါ်လေးသူဇာ... ဒေါ်လေးသူဇာ မွှေးတို့ကို သတိရတယ်နော်”
မွှေး၏အသံများ တုန်ကာ မျက်ရည်များမှာ လှိမ့်၍ဆင်းလာတော့သည်။ ဒေါ်လေးသူဇာမှာလည်း အသံတုန်တုန်နှင့် သူ့ကိုကိုင်ရင်း စကားပြန်ပြော၏။
“သတိရပါတယ် တူမရယ်၊ ဒေါ်လေးဘဝက အစ်မကလဲ စွန့်ထားတာနဲ့ စိတ်ညစ်ပြီး ဘယ်ဆွေမျိုးနဲ့မှ အတွေ့မခံတာ။ မင်းတို့အားလုံးကို အမြဲသတိရပါတယ်။ ဝါးခယ်မမှာ မင်းတို့နဲ့ အတူနေခဲ့ရတဲ့အချိန်ကိုလဲ အမြဲသတိရ ကျေးဇူးတင်ပါတယ်။ မင်းအမေဟာ ဒေါ်လေးတို့ကျေးဇူးရှင်မကြီးပါ။ မင်းတို့အကြောင်းတွေကိုလဲ အမြဲ နားစွင့်လျက်ပဲ။ ခု မမတင် နေမကောင်းဘူးကြားလို့ လာခဲ့တာ”
“ဟုတ်တယ်၊ ဒေါ်လေးကတော့ တီဘီကူးမှာကြောက်လို့တဲ့၊ မွှေးတို့အိမ်ဘက်ကို ခြေဦးမလှည့်ဘူး”
“အေး..သူ့သတင်းတွေလဲ ကြားပါတယ်၊ မမတင်ကတော့ ဒေါ်လေးအဖြစ်ကို သိပါ့မလား၊ ခွင့်လွှတ်နိုင်ပါ့မလား”
“မေမေဟာ အားလုံးကို ခွင့်လွှတ်နိုင်တဲ့မိန်းမပါ။ အနစ်နာလဲ ခံနိုင်တဲ့ မိန်းမပါ၊ ဒါကြောင့်လဲ သူ လူ့ပြည်မှာ ကြာကြာမနေရတော့ဘူး"
မွှေးသည် အသံများ တုန်လာ၏။ ဒေါက်တာသန်းအောင် ပြောခဲ့သည်ကို ဒေါ်လေးသူဇာအား ဖွင့်၍ပြောပြလိုက်၏။ ဒေါ်လေးသည် လူနာအခန်းဘက်သို့ ကြည့်ရင်း မျက်နှာကို လက်ဝါးနှင့်အုပ်ကာ ကြိတ်၍ငိုရှာသည်။
“ကြံဖန်ပြီးတော့ စိတ်ကိုဖြေပါ တူမရယ်။ သူဟာ လူ့ပြည်မှာ နေခဲ့တဲ့အချိန်အတွင်းမှာ တိုင်းပြည်အပေါ်မှာရော၊ သူနဲ့နီးစပ်သမျှ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအပေါ်မှာရော အင်မတန် စေတနာကောင်းကောင်းနဲ့ မျှမျှတတ သဘောထားကြီးခဲ့တဲ့ မိန်းမတစ်ယောက်ပဲ။ ဒီအကျိုးတွေက တမလွန်မှာ သူ့ကို အေးချမ်းစေမှာပါ။ သားတွေ နိုင်ငံရေးလုပ်ချိန်မှာလဲ စီးပွားရေးလှည့်ကြည့်ပါလို့ တစ်လုံးမဟဘူး။ သူကပဲ ကလေးတွေ အတွေးအခေါ် ရင့်သန်အောင် စာအုပ်စုပေး၊ အကြံဉာဏ်တွေပေးခဲ့တယ်။ သားကြီး ထောင်ကျလို့ နောက်ဆုံးတိုက်ပွဲမှာ အသက်စွန့်ခဲ့တဲ့အထိ သူဟာ ကြံ့ကြံ့ခိုင်ခိုင် စိတ်တင်းနိုင်တယ်။ လင်သားအပေါ်မှာလဲ စိတ်နောက်နေတဲ့အရူးကြီးကို မိခင်လို စောင့်ရှောက်ခဲ့ ပါတယ်။ လင်ဘက်က အမျိုးဆိုရင် ခြေမသန်တဲ့ဘကြီးတို့ ကြီးဒေါ်ခင်တို့ဟာ မမတင်ကို ခိုကိုးရတာပဲ။ သူများဆိုရင် လင်ဘက်က အမျိုးဆို အိမ်ရိပ်နင်းတာတောင် မကြိုက်ဘူး မဟုတ်လား။ ဒီဒဏ်တွေကို ခံရတော့ မင့်မေမေမှာ အသက်တိုရတာပဲ။ စိတ်ကိုဖြေပါ မွှေးရယ်။ တို့ဟာ လူ့လောကမှာ သူ့လိုမှ ဝတ္တရားကျေပွန်နိုင်ပါ့မလား မသိဘူး”
ဒေါ်လေးသူဇာသည် မျက်ရည်သုတ်ကာ တိုးတိုး တိုးတိုးနှင့် ပြော၏။
“မင်းတို့က ငယ်လို့မသိတာ၊ အဲဒီဘကြီးရဲ့ ကြွေးတွေလဲ ထောင်သောင်းချီပြီး မမတင်က ဆပ်ပေးခဲ့တာပဲ။ ကြီးဒေါ်ခင်ကလဲ ထမင်းကျတော့ မမတင်ဆီမှာ စားခဲ့ပေမယ့် သူ့မှာရှိတဲ့ ရွှေတွေကျတော့ တခြားအမျိုးတွေ ပေးခဲ့တယ်။ မမမူရာပေါ်မှာရော ... သူ့လုပ်ပုံမျိုးဆို ဘယ်သူမှ ခွင့်မလွှတ်နိုင်ဘူး မဟုတ်လား”
လူနာမှာ အနည်းငယ် လှုပ်လာ၍ သူတို့နှစ်ယောက် စကားလက်စသတ်ကာ အခန်းထဲသို့ တဖြည်းဖြည်း ဝင်လာကြ၏။ ဒေါ်လေးသူဇာကို မြင်မြင်ချင်း မေမေက လက်ကမ်းပေးလိုက်၏။ ဒေါ်လေးသူဇာ၏လက်ကို ဖြည်းညင်းစွာ ဆုပ်နယ်ရင်း အားယူ၍ပြုံးနေသည်ကို ဒေါ်လေးသူဇာသည် မကြည့်ရက်တော့ပေ။
“မူရာတစ်ယောက်ကော နေကောင်းလား”
“ကောင်းပါတယ် မမတင်”
မေမေသည် ခပ်ပြုံးပြုံးပင် ငြိမ်သက်နေရာမှ ဒေါ်လေးသူဇာလက်ကို လွှတ်လိုက်၏။ ဒေါ်လေးသည် မေမေ့ဘေးမှ ကုလားထိုင်တွင် ထိုင်ချလိုက်၏။ မွှေးမျက်နှာကို မေမေက စေ့စေ့ကြည့်ရင်း ပို၍ပြုံးလာပြန်သည်။
“ဒီညနေ မေမေ မှေးလိုက်ရတာ အားပြည့်သလိုလဲ သမီးရယ်၊ ဒါပေမယ့် မေမေနေရတာ ပေါ့လဲမလာဘူး၊ သမီးလက်ကို မေမေ ကိုင်ချင်တယ်”
မွှေးသည် သူ့လက်ကို အဘွားကြီးလက်ထဲသို့ ထည့်လိုက်၏။ မေမေ့လက်မှာ ပူနွေး၍နေတော့သည်။
“သမီးကို မေမေ အများကြီးကျေးဇူးတင်ပါတယ်”
မွှေးတစ်ကိုယ်လုံးသည် သိမ့်သိမ့်တုန်ကာ စကားမပြောနိုင်ဘဲ ပါးစပ်ဟ, နေမိတော့သည်။
“မောင်မောင်နိုင့်ဆီ စာရေးရင်လဲ မေမေက ကျေးဇူးတင်တဲ့အကြောင်း ထည့်ပါ။ မေမေလဲ ငယ်ရာက ကြီးလာသူပါ။ လက်ထပ်ပြီးစ ဇနီးကို မေမေ့အတွက် ခွဲထားရစ်ခဲ့တာလဲ ဘယ်တော့မှ မမေ့ပါဘူး”
မွှေးသည် မျက်ရည်မကျအောင် အားခဲထားရ၏။
“သမီးတို့ကသာ မေမေ့ကို ကျေးဇူးတင်ရမှာ။ မေမေ့ကျေးဇူးတွေဟာ ဆပ်လို့မကုန်ပါဘူး”
“မေမေနားလည်ပါတယ် သမီး။ သမီးအခြေအနေနဲ့ တစ်လ လေးရာ့ငါးဆယ်ကျပ်ခန်းမှာ အမေ့ကို ထားဖို့ဟာ တော်ရုံသဒ္ဓါစေတနာနဲ့ မဖြစ်နိုင်ပါဘူး။ ကျေနပ်ပါတယ်ကွယ်၊ ကျေးဇူးလဲ တင်ပါတယ်”
မွှေးသည် ကျောက်ရုပ်သဖွယ် ငြိမ်သက်နေမိတော့သည်။ မိခင်၏မေတ္တာအဟုန်ဆိုသည်မှာ ရေတံခွန်လို အစဉ်စီးဆင်းနေသော်လည်း မကုန်ခန်းနိုင်ပါတကား၊ ထိုမကုန်ခမ်းနိုင်သော မေတ္တာရှင်တို့က သားသမီးတို့ထံမှ ရေတစ်စက်စာမျှ ကျေးဇူးတုံ့ပြန်မှုကို တွေ့ရလျှင် သူတို့စိတ်ထဲ၌ ထိုရေတစ်စက်ကို ပင်လယ်အဏ္ဏဝါဗွေမျှ ထင်ကာ ကျေးဇူးတင်၍မဆုံးတော့ပေ။
မေမေသည် မွှေးတို့အားလုံးကို နောင်နှစ် ကဆုန်လဆန်းလောက်တွင် ခွဲခွာ၍သွား၏။ သနားစရာအကောင်းဆုံးမှာ အေးဖြစ်၏။ သူသည် သူ၏အိမ်လေးထဲတွင် မေမေ့ကို ကမ္ဘာတစ်ခုလို ပေါင်းသင်းနေရသူဖြစ်၏။ လေးနှင့်ထွေးလို ကျောင်းမိတ်ဆွေလည်းမရှိ။ မွှေးလို ချစ်သူရယ် ချစ်လင်ရယ်ဟူ၍ ရှိရှာသည် မဟုတ်ပေ။ ဘယ်နေရာတွင် သွားထိုင်ထိုင် တစ်အိမ်လုံးသည် သွေ့ခြောက်၍ ဟာနေတော့သည်။
မွှေးအလုပ်သွားပြီး ညီမငယ်နှစ်ယောက် ကျောင်းသွားချိန်တွင် အေးသည် မျက်ရည်တစိမ့်စိမ်နှင့် ကျန်ရစ်၏။ ဖေဖေကလည်း သတိကောင်းစဉ်တွင် ငိုလိုက်၊ သတိလွတ်စဉ်တွင်မူ သီချင်းတကျော်ကျော် ဟစ်၍နေတော့သည်။
ဝါဆိုဦးတွင် ကိုကိုနိုင်က မွှေးကိုလာခေါ်သည်။ ကိုကိုနိုင့်အမေကလည်း မွှေးလိုက်သွားစဉ်တွင် အေးတို့ညီအစ်မတစ်စုအား လာရောက်စောင့်ရှောက်မည်ဟု ဆိုသည်။
မွှေးရင်ထဲတွင်မူ အေးတို့ကို ထားရစ်၍ လိုက်သွားရန် မသွားရက်သလို ဖြစ်နေတော့သည်။ သူ့စိတ်ကိုလည်း ကိုကိုနိုင်အား ဖွင့်မပြောရဲ၊ ညီမတွေနှင့်လည်း မခွဲနိုင်ပေ။
မမအေးက မွှေးစိတ်ကို နားလည်ပေသည်။
“မွှေး လိုက်သွားမှပေါ့၊ လက်ထပ်ပြီးကြပြီပဲ။ သူက ဒါလောက်ခွဲပြီးထားရစ်တာပဲ တို့များက ကျေးဇူးတင်ဦးမယ်။ ကိုယ့်မှာ ဝတ္တရားရှိတယ်၊ မွှေးလိုက်သွား၊ မမအေးတို့အတွက် မပူနဲ့”
အေးက ညီမငယ် စိတ်ချမ်းသာအောင် ဖျောင်းဖျနေသလောက် မွှေးရင်ထဲတွင်မူ မထွေးနိုင် မအန်နိုင်သလို ဖြစ်လာပြန်၏။
ကိုကိုနိုင်ကတော့ ထင်းရှူးပုံးတွေကိုသာ တစ်ခုပြီးတစ်ခု ဝယ်နေတော့သည်။
“စခန်းက လားရှိုးမှာဆိုတော့ မွှေး လားရှိုးမှာနေရမယ်။ ဟောဒါက ဆေးထည့်ဖို့ ပုံး၊ ဟောဒါက ဂွမ်းကပ်ထည့်ဖို့၊ ဒါက မွှေးဖတ်ဖို့စာအုပ်တွေ ထည့်ဖို့၊ သက္ကလပ်စောင်တွေကတော့ သံသေတ္တာနဲ့ထည့်"
ကိုကိုနိုင် စီမံပေးသလို လေးနှင့်အထွေးတို့က လိုက်၍လုပ်သည်။
“မောင်မောင်နိုင်... သားရေ... မင်းငှားထားတဲ့ အိမ်က ဆောင်းတွင်းမှာ အအေးလုံပါ့မလား၊ မွှေးက ကျန်းမာရေးသိပ်မကောင်းဘူး။ ပြီးတော့ ဘဆောင်တို့လင်မယားကို မေမေ ထည့်ပေးလိုက်မယ်။ မွှေး ရေအေးမချိုးစေနဲ့၊ သူတို့ကို ရေနွေးအမြဲတယ်ခိုင်း၊ သိလား”
ယောက္ခမကြီးက ထပ်၍ သတိပေးပြန်သည်။
“စိတ်ချပါ မေမေရာ၊ တပ်ထဲက အိမ်မဖြစ်တောင် မွှေးအတွက် သပ်သပ်တစ်လုံး ရှာထားသေးတယ်။ ဟိုမှာ နွားနို့လဲပေါ၊ ကြက်ဥလဲ ပေါ။ လူဟာ ကောင်းကောင်းနားပြီး အစာအာဟာရ ကောင်းကောင်းစားရင် တီဘီမဝင်နိုင်ပါဘူး၊ ဟုတ်တယ်နော် မွှေး”
မွှေးသည် သူ့ဘဝကို သူနားမလည်သလိုပင် အူကြောင်ကြောင် ဖြစ်လာတော့သည်။ သူ့ဘဝသည် ကံကောင်းသည်ဟု ဆိုရမည်လား၊ ကံဆိုးသည်ဟု ဆိုရမည်လား၊ မတွေးတတ်ပေ။
ကိုကိုနိုင် ဝယ်လာသော ဆေးပုလင်းများကို မွှေးက ထင်းရှူးပုံးတစ်ခုနှင့် သပ်သပ်ထည့်၏။ ဟဲလီဘတ်အဝိုင်း၊ စကော့အီမာရှင်း၊ နေဗီတာမော့၊ ဘီဝမ်း၊ ဘီတွဲ၊ မာလတီဗိုက်တာပလက်စ်၊ ကလ်ဒီစီ၊ ဟပ်ပါတိုဂလိုဘင်၊ ဗိုက်တာမင် အေနှင့်ဒီ။
မွှေးသည် ဆေးပုလင်းများအပေါ်မှ စာကိုဖတ်ရင်း စိတ်ရှုပ်လာ၏။ တစ်မျိုးကို အနည်းဆုံး သုံးပုလင်းစီလောက် ဝယ်လာသည်။ တချို့မှာ ဒါဇင်ဝက်ရှိ၏။
“ကိုကိုနိုင့်ဟာက မလွန်ဘူးလား၊ ဒါတွေအားလုံး မွှေးသောက်ရမယ်"
“ဒီလိုလေ၊ ဒေါက်တာနဲ့ တိုင်ပင်ပြီးဝယ်လာတာ၊ စကော့အီမာရှင်းက အအေးခံနိုင်တယ်၊ အဆုတ်အတွက် ကောင်းတယ်။ ဟယ်လီဘတ်အဝိုင်းနဲ့ မာလတီပိုက်တာပလက်စ်က နေ့စဉ်လိုတဲ့ အာဟာရဓာတ်တွေပဲ။ ဟိုက တောမြို့မဟုတ်လား၊ လိုလိုမယ်မယ် ဝယ်သွားတာပေါ့ မွှေးရယ်၊ လိုရင် အသုံးချရတာပေါ့”
အေးတို့ညီအစ်မသုံးယောက်သည် မွှေးကို ချစ်ရှာသော ကိုကိုနိုင်အား ကျေးဇူးတင်၍ မဆုံးတော့ပေ။
သို့သော် မွှေး လားရှိုးသို့ လိုက်သွားသောနေ့တွင်မူ ဝါးခယ်မက မွှေးထွက်သွားသည့်နေ့ကကဲ့သို့ ငိုမဲ့ငိုမဲ့ မျက်နှာကလေးများနှင့် ကျန်ရစ်ကြတော့သည်။
အပိုင်း(၅)ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment