နောက်နှစ် (နွေဦးကျောင်းပိတ်ရက်)တွင် ဝါးခယ်မကို သူပြန်လာခဲ့သည်။ ရောင်ခြည်ပျို့စ နီထွေးထွေးရေပြင်ပေါ်တွင် သင်္ဘောကြီးသည် အပြေးအလွှား ပြေးကာ ဝါးခယ်မဆိပ်ကမ်းသို့ ကပ်၍လာခဲ့သည်။ သူသည် တစ်ဘက်ကမ်းကို မျှော်၍ကြည့်၏။ မွှေးတို့အိမ်ရှေ့မှ ရေဆင်းတံတားလေးကို မှုန်မွှားသောရောင်ခြည်တွင် ခပ်ရေးရေး မြင်နေရသည်။
စိတ်က ဘာရယ်လို့မဟုတ်၊ မွှေးတစ်ယောက်များ ရေဆင်းတံတားလေးတွင် သူ့ကို စောင့်များစောင့်နေမည်လားဟု ထင်ယောင်နေသည်။ အိမ်ကြီးပေါ်ရှိ ဘုရားခန်းဘက်ဆီမှာမူ မီးရောင်လင်းနေသည်။
သင်္ဘောရပ်လျှင် ကိုသာဘော် လှေလှော်လာသော သမ္ဗန်သည် သင်္ဘောဘေးတွင် ယှဉ်ကပ်ကာ သူ့ကိုလာကြိုသည်။ ဖေဖေနှင့်မေမေက သူပါလာသော အပေါ်ထပ်ကို ပြေးတက်လာ၏။
မေမေက “သား”ဟု အော်ခေါ်လိုက်ကာ သူ့ခေါင်းလေးကို လက်နှင့် ဖက်၍ထားလေသည်။ သမ္ဗန်ပေါ်သို့ ပစ္စည်းများအားလုံး တင်ပြီး တငြိမ့်ငြိမ့်နှင့် အိမ်ဘက်သို့ ကူးလာကြ၏။
အိမ်မှာတော့ သူပြန်လာမှာမို့ အိမ်သားများ ပျားပန်းခတ်နေပုံပေါက်သည်။
ဖေဖေကမူ ကျောင်းအကြောင်းတွေကိုသာ အမျှင်မပြတ် မေးလွန်းသောကြောင့် သူစိတ်တိုလာသည်။ သူသည် လက်ဖက်ရည်ကြမ်းပွဲပြင်နေသော မေမေ့အနား ထ၍လာသည်။ မေမေ၏ဗန်းထဲတွင် စားတော်ပဲပြုတ်၊ ငါးခြောက်ဖုတ်နှင့် ကောက်ညှင်းပေါင်းတို့မှာ အဆင်သင့်ထည့်ပြီးဖြစ်သည်။
“မေမေ မွှေးတစ်ယောက် နေကောင်းရဲ့လား”
“အမလေး စောစောစီးစီး သူ့မွှေးအကြောင်း မေးလိုက်ရတာဟယ်၊ နေကောင်းပါတယ်။ ကလေးမလေး စာသိပ်တော်တာပဲ။ အေး တော့ ကျောင်းထွက်သွားပြီ"
“သူက သားဆီကို စာလဲမရေးပါဘူး မေမေရာ"
သူသည် ပဲပြုတ်များကို ကော်ခပ်၍စားနေသည်။ နှမ်းဆီအရသာက လျှာပေါ်တွင် ဆိမ့်၍ဆိမ့်၍နေ၏။ ပြီးတော့ ရေနွေးကြမ်းကို သောက်ချလိုက်လျှင် ကျောင်းက စားရသည်များနှင့် ဘာမျှမတူသော အရသာကို သူတွေ့ရသည်။
မိုးစင်စင်လင်းလျှင် မွှေးတို့ခြံဘက်ကို ကူးလာခဲ့မိ၏။
အဘိုးကြီးတစ်ယောက်ကို တွဲကာ မွှေးသည် နေရောင်ခြည်ထဲသို့ ထွက်လာ၏။ သူ့ကိုမြင်လျှင် မွှေးက အားရပါးရ ပြုံးရယ်လိုက်ကာ အတွတ်ပြန်လာကြောင်းကိုလည်း အိမ်သို့ လှမ်းအော်ပြောလိုက်သေးသည်။ သူသည် မွှေးအနားတွင်ရပ်ကာ မွှေးကို ရွှန်းရွှန်းစားစား ပြုံးကြည့်နေ၏။ မွှေးသည် သူနှင့်ခွဲသွားစကထက် အရပ်မှာ ပို၍မြင့်လာသည်။ မြို့မဆံတောက်ကြောင့် မိန်းမထွားကြီးဟန် ပေါက်နေသည်။ မွှေးတွဲခေါ်လာသော အဘိုးကြီးအား နေရောင်ခြည်ထဲရှိ ကြိမ်ကုလားထိုင်ပေါ်တွင် နေရာချထား၏။
သူတို့နှစ်ယောက်သည် အိမ်သို့ ဝမ်းသာအားရ ပြေးလွှားလာ၏။ ညီမလေးတွေရော ဒေါ်တင်တင်ကြီးကပါ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြ၊ သတင်းမေးကြနှင့် တစ်အိမ်လုံး ဆူညံသွားတော့သည်။ အိမ်ကြီးမှာလည်း ကျယ်ဝန်းသလောက် လူတွေများနေပုံရ၏။ ရုပ်ချင်းတူသော အသက်သုံးဆယ်ကျော်ခန့် မိန်းမနှစ်ယောက်ကိုလည်း အိမ်သားသစ်များအဖြစ် သူတွေ့ရသည်။
အတွတ်သည် မွှေးအနားသို့ ကပ်ကာ ထိုမိန်းမများအကြောင်းကို မေးကြည့်ရလေသည်။
“ပန်းတနော်က ခဏလာနေတဲ့ မေမေ့ညီမဝမ်းကွဲတွေလေ၊ ဒေါ်လေးသူဇာနဲ့ ဒေါ်လေးမူရာ၊ ဒေါ်လေးမူရာ ယောက်ျားက ပညာတော်သင်သွားနေလို့ သူတို့တိုက် ရန်ကုန်မှာထားခဲ့ပြီး ဒီမှာခဏလာနေတာ"
အတွတ်မှာ ဒီတော့မှ မေမေစကားစပ်မိတိုင်း ပြောပြသော ပန်းတနော်အဆက်တွေကို ပြန်တွေးမိ၏။ အိမ်သားအားလုံးကို နှုတ်ဆက်ပြီးထွက်အလာတွင် အဝတ်အစားနွမ်းနွမ်းနှင့် လူ(၁၀)ယောက်ခန့် မွှေးတို့အိမ်ထဲသို့ ဝင်လာသည်။ မွှေးအစ်ကိုအကြီးဆုံး ကိုအောင်နှင့် အိမ်ရှေ့ခေါင်းရင်းခန်းဘက်ရှိ စားပွဲတစ်လုံးတွင် ဝိုင်းထိုင်ကာ စကားပြောနေကြသည်။ သူတို့စကားဝိုင်းမှ ရေကြီးသည့်အကြောင်း၊ စပါးအထွက်နည်းကြောင်း တစ်ချက်တချက် သူကြားလိုက်ရသည်။
အတွတ်ပြန်ချိန်တွင် ပိတောက်ပင်အောက်အထိ မွှေးက သူ့ကို လိုက်၍ပို့လေသည်။ သူ့ခြံဘက်သို့အကူးတွင် မွှေးတို့နောက်ဘက်ခြံစည်းရိုးဆီမှ ခုန်ဆွခုန်ဆွနှင့် ပြေးလာသော လူတစ်ယောက်ကို သူတွေ့ပြန်သည်။ သေသေချာချာကြည့်မှ မွှေး၏ဖေဖေမှန်း သိရတော့၏။
“တို့မေမေ လာပြီ၊ တို့မေမေ လာပါပြီ"
လက်ခုပ်နှစ်ခုကို အားရပါးရ ကလေးငယ်သဖွယ် တီးခတ်ကာ ပြေးလိုက်ခုန်လိုက်နှင့် လုပ်နေလေသည်။ သူ့စိတ်ထဲ၌ မွှေးတို့တစ်အိမ်လုံး ဘာဖြစ်နေသည်ကို တွေး၍မရပေ။
အိမ်ရောက်လျှင် သူ့အိပ်ခန်းသို့ တက်၍သွား၏။ ညက အိပ်ရေးပျက်သောကြောင့် အိပ်ရန်ပြင်လိုက်သည်။ မေမေက အညာစောင်ပါးပါးလေးကို သူ့ကိုယ်ပေါ်မှာ လာ၍ခြုံပေး၏။
“မေမေရာ မွှေးတို့အိမ်မှာ ဘာတွေဖြစ်နေတာလဲ၊ လူတွေလဲ များလိုက်တာ၊ သူ့အဖေကြီးကလဲ မနက်က ကလေးလိုပဲ၊ ခုန်ပေါက်ပြေးနေလိုက်တာ"
မေမေက သူ့ဘေးတွင် ထိုင်ရင်း သူ့မေးခွန်းကို ဖြေ၏။
“မွှေးရဲ့ဖေဖေ စိတ်နောက်သွားတယ်။ ပြီးတော့ မွှေးရဲ့ဘကြီးကလဲ ခြေမသန်လို့ သူတို့အိမ် လာနေတယ်။ မနက်က နေရောင်ထဲကို မွှေးတွဲပြီးထုတ်လာတာ သားမမြင်ခဲ့ဘူးလား။ မနက်တိုင်း ခြေထောက်ကို နေပူလှန်းပေးနေရတယ်။ ဟို ပန်းတနော်က ကြီးဒေါ်ခင်တို့ သားအမိတစ်တွေလဲ တင်တင်ကြီးနဲ့အတူ လာနေကြတယ်”
“ဪ ... ဒီအထဲမှာ မွှေးရဲ့အစ်ကိုအကြီးဆုံး ကိုကိုအောင်ကလည်း လူတွေတစ်ပြုံကြီးနဲ့ ဘာတွေပြောနေမှန်းမသိဘူး၊ ရေးကြီးတဲ့အကြောင်းတွေ ပြောနေတယ်”
“အေးလေ၊ မိုးတွင်းတုန်းက ရေတွေကြီးလိုက်တာ မေမေတို့ခြံဝင်းတွေတောင် မြုပ်တယ်။ စပါးပင်ပျက်ပြီး လယ်သမားတွေတောင် ဒုက္ခရောက်တယ်။ တင်တင်ကြီး စပါးကျီတွေလဲ ရေမြုပ်တော့ လှောင်ထားတဲ့ စပါးတွေအကုန်လုံးပစ်ရ၊ ကျန်တာတွေလဲ အညှောင့်ထွက်ကုန်တယ်။ ဒါကြောင့် လယ်သမားတွေ အမတော်ကြေးရဖို့၊ လယ်ခွန်တော်လျှော့ဖို့၊ သီးစားခလည်း အပြေမပေးနိုင်ကြဘူး။ အဲဒါတွေ ဘယ်လိုလုပ်ရမလဲဆိုတာ မောင်အောင့်ဆီ လာတိုင်ပင်ကြတာပေါ့”
“မွှေးတို့ရဲ့ကိုကိုအောင်က ဒါတွေ လုပ်ပေးတယ်”
“အကုန်လုံး ညီအစ်ကိုနှစ်ယောက်လုပ်ပေးတာ၊ ရေမကြီးခင်တစ်ပတ်က မွှေးရဲ့အစ်ကိုအငယ်ဆုံး နောင်နောင် ဆုံးသွားတယ်လေ"
“သူတို့ သားကို ဘာမှလဲမပြောပြဘူး၊ ဒီနှစ် တော်တော်ဒုက္ခရောက်ကြတာပေါ့နော်။ သားက ဆုံး၊ လင်က စိတ်နောက်၊ ပစ္စည်းပျက်”
“ဒါပေမယ့် သားရယ်၊ တင်တင်ကြီးက အပြုံးမပျက်ပါဘူး၊ ဒီလိုမိန်းမမျိုး ရှားပါတယ်။ သား အိပ်လေ အိပ်"
မေမေက ကျောကိုပုတ်လိုက်လျှင် ငယ်ငယ်တုန်းကလို မျက်လုံးလေးမှိတ်၍ မှိန်းနေလိုက်၏။
သူ့ဘဝလေးက အတော်ကျဉ်းမြောင်းသည်ပဲ။ သူမွေးဖွားရာဇာတိ မြစ်ကျွန်းပေါ် ဒေသဘက်တွင် ရေကြီးလိုက်သည်ကို မသိလိုက်၊ စပါးခင်းတွေ ဘာဖြစ်သွားသည်ကိုလည်း ဂရုမထားမိ၊ ကျောင်း၏နံရံလေးဘက်မှလွဲ၍ သူ ဘာကိုမျှ မမြင်ပါတကား။ အိမ်ပြန်ရောက်တော့လည်း သူ့ကမ္ဘာလေးက ဖေဖေနှင့်မေမေပဲ ဖြစ်ပေသည်။
ကျောင်းပိတ်ရက် ညနေများတွင်တော့ ရိုးပြတ်များပေါ်တွင် မွှေးနှင့်အတူ လမ်းလျှောက်ကြသည်။ မိုးကုပ်စက်ဝိုင်းတွင် လိမ္မော်သီးကြီးလို တင်နေသော နေဝန်းကြီးကို နှစ်ယောက်သား မျှော်ကြည့်နေကြသည်။ သော်ကရွာစွန်းရှိ သရက်တောအုပ်ဆီမှ ဥဩငှက်၏လေးတွဲ့တွဲ့ တွန်မြည်သံသည် သူ့နှလုံးသားကို နွေးနွေးလေးဖြစ်၍သွားစေသည်။
တစ်ခါတစ်ရံ သူ့ဘေးတွင် မွှေးသည် တည်ငြိမ်စွာထိုင်ကာ အဝေးသို့ ပျံသွားသော ဗျိုင်းဖြူတစ်အုပ်ဆီသို့ ငေး၍နေပေသည်။ သူသည် မွှေးကို ကျောင်းအကြောင်း ပြန်၍ပြောပြ၏။ ဖရက်ဒီဘလှသာ သူ့မိတ်ဆွေဖြစ်၍ ကျန်သော သူငယ်ချင်းများနှင့် ကစား၍မရကြောင်း ပြောပြမိသည်။
“ဖရက်ဒီတဲ့လား၊ သူ့မှာ မြန်မာနာမည် မရှိဘူးလား”
မွှေးက ဖရက်ဒီအကြောင်း ပြန်မေး၏။
“ရှိတယ် တင်အောင်ထွန်းတဲ့လေ”
“ဪ..အတွတ်ရဲ့ ကျောင်းနာမည်ကရော”
သူသည် ရှက်သလို ရယ်လိုက်ပြီးမှ ဖြေ၏။
“ဂျော့သင်းမောင်၊ ဒါပေမယ့် ကိုယ့်ကို အတွတ်လို့ပဲ ခေါ်ပါ မွှေးရယ်၊ ကိုယ်လေ ကျောင်းနာမည်ကို မုန်းတယ်၊ ပြီးတော့ မောင်မိုးကောင်းဆိုတဲ့ နာမည်ကိုလဲ မုန်းတာပဲ။ ဖရက်ဒီကိုလဲ အတွတ်ပဲခေါ်ခိုင်းတယ်။ သူ့ကိုတော့ ကိုယ်က “ဖရက်”လို့ခေါ်တယ်။ လူအေးလေးကွယ်၊ ညိုညိုနွဲ့နွဲ့လေးပါပဲ။ သူ ဝါးခယ်မမှာ မွေးပေမယ့် ကြီးမှ ပြန်မရောက်ဘူး။ ပြီးတော့ ကိုယ့်မှာလေ သိပ်ချစ်တဲ့သူငယ်ချင်း မကျည်းတန်ဆိုတာ ရှိတယ်လို့ ဖရက်ကို ခဏခဏပြောပြတယ်”
မွှေးက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီးမှ “အတွတ် မွှေးကို ချစ်တယ်ဆိုတာ မယုံပါဘူးကွာ" ဟု ဆိုပြန်၏။
“ငယ်ငယ်တုန်းကသာ မုန်းတာပါကွာ”
အတွတ်သည် ရိုးပြတ်လေးများကို ဖဲ့၍ဖဲ့၍ လွှင့်ပစ်ရင်း ခေါင်းငုံ့ပြော၏။
“ကိုယ် မွှေးအကြောင်းပြောတိုင်း ဖရက်က အကျည်းတန်သော ဘဲကလေး Ugly Duck ပုံပြင်လားတဲ့၊ အမြဲမေးတယ်။ မွှေးလဲ ခုနစ်တန်းအောင်ရင် ရန်ကုန်ကျောင်း ပြောင်းပါလား”
“ဝါးခယ်မမှာ ဆယ်တန်းဖြစ်တော့မယ်၊ ဒီမှာပဲ ဆက်နေမှာ "
“အေးကွယ်၊ ထူးတော့ မထူးပါဘူး၊ စိန်ပေါလ်တို့ ဘာတို့ ဆိုတာကတော့ အင်္ဂလိပ်စကားပြောကောင်းတာ ရှိတာပဲ”
“မေမေကတော့ အဲဒီ စိန့်ပါတဲ့ ကျောင်းထွက်တွေဟာ ပုံမကျပါဘူးတဲ့။ အတွတ်ရဲ့ မေမေကိုတောင် သတိပေးနေသေးတယ်”
“မေမေကလဲ မထားချင်ပါဘူးဟာ။ ဖေဖေရယ် ဘာမှန်းမသိပါဘူး၊ အတင်းပို့တာပဲ။ ကိုယ်ဖြင့် မိုးရွာလာရင် မေမေ့ကိုရော မွှေးကိုရော အားကြီးလွမ်းတာပဲ။ တစ်ညတုန်းကလဲ မိုးရေထဲမှာ မွှေးနဲ့ကိုယ် သရက်ကင်းစလေးတွေကြွေတာ ဆင်းကောက်တယ်လို့ အိပ်မက်မက်လို့ ဖရက်ကို ပြောပြရသေးတယ်။ နောင်နှစ် နွေကျောင်းပိတ်ရင် ဖရက်ကို အလည်ခေါ်ခဲ့မယ်။ မင်းလဲပဲ ဖရက်ကိုတွေ့ရင် ချစ်မှာပါ”
“သူတို့ ဝါးခယ်မမှာ မနေဘူးလား”
“သူ့အဖေအလုပ်က ရန်ကုန်မှာ။ သူ့မှာလဲ အမေမရှိတော့ဘူး။ သူ့အဒေါ်တွေရယ်၊ သူ့အဖေရယ် အတူနေတယ်။ ကိုယ့်စိတ်ထဲမှာ ထင်တယ်၊ သူသာ နဖူးကျယ်သလို မျက်လုံးလေးတွေ ဝိုင်းရင် အတွတ်ထက် ချောမှာ"
မွှေးက ရုတ်တရက် ရယ်လိုက်ရင်း ...
“ခုတော့ အတွတ်က ချောနေသလား”
အတွတ်သည် ဘာမျှပြန်မဖြေပေ။
“မွှေးက အလှမကြိုက်ပါဘူး။ အတွတ်သာ ငယ်တုန်းက မွှေးကို မလှလို့ မချစ်ရုံတင်မဟုတ်ဘူး၊ မကျည်းတန်လို့တောင် ခေါ် သေးတာပဲ”
“ဒါတွေ မေ့လိုက်ပါတော့ မွှေးရယ်”
သူတို့နှစ်ယောက်သည် ဘာမျှအရေးကြီးသည်မဟုတ်သော အကြောင်းများကို လျှောက်ပြောရင်း ပျော်နေ၏။ နေလုံးပျောက်ကွယ်သွား၍ အလင်းရောင်မှေးမှေးသာ လယ်ကွင်းပေါ်တွင် ကျန်ရစ်တော့မှ နှစ်ယောက်သား ခြံစည်းရိုးအနားကပ်ကာ လျှောက်၍ပြန်လာခဲ့ကြ၏။
* * *
ဒီလိုပင် နွေမှာပြန်၍ မိုးဦးကျတွင် အတွတ်ကျောင်းသွားခဲ့ရသည်။ နွေမှာ ပြန်ရသည်ကို ပျော်သော်လည်း မိုးဦးကျကျောင်းပြန်ချိန်တွင် သူငိုချင်သည်။ လူပျိုပေါက်ပင်ဖြစ်နေပြီမို့ ငိုရမလားဟု မေမေက ဆိုတတ်သည်။ လူပျိုပေါက်ဖြစ်လာသည်က တခြားပင်ဖြစ်၏။
မိုးတစ်ပြိုက်ရွာပြီးလျှင် လယ်ကွင်းများထဲတွင် ရေပြည့်လာ၏။ တောင်လေသုတ်သုတ် တိုက်ခတ်လာပြန်တော့လည်း ပျိုးပင်စိမ်းစိမ်းတို့ ရေပြင်ပေါ်တွင် ခေါင်းပြူထွက်လာဟန်မှာ ကလေးငယ်တို့လို့ပင် ချစ်ဖွယ်ကောင်းသည်ဟု ထင်သည်။
မုတ်သုန်လေကြောင့် အုံ့မှိုင်းညိုမှောင်နေသော ကောင်းကင်နောက်ခံတွင် သော်ကဘုရား၏ရွှေရောင်မှာ ဝင်းပ၍ လယ်ကွင်းများပေါ်သို့ မိုးနေသည်။ သူ့ဇာတိရှိ ထိုမြင်ကွင်းကို သူရှာကြံ၍ ကြည့်တတ်၏။ ချစ်တတ်၏။ ကျောင်းဖွင့်ချိန်တွင် ကျောင်းသို့ပြန်ရတိုင်း ဘာကိုမျှမမြင်။ ကတ္တရာစေးလမ်းနှင့် မော်တော်ကားတွေကိုသာ မြင်နေရသည်မှာ စိတ်ဆင်းရဲစရာဖြစ်နေ၍ ကျောင်းနေရသောအချိန်များကို မြန်မြန်ကုန်လိုက်ချင်သည်။
သူ့ဆုတောင်းသည် ပြည့်၍လာလေသလားမသိ။ ကိုးတန်းနှစ် ဆောင်းဦးပေါက်တွင် ကျောင်းပိတ်ရက်မဟုတ်ဘဲ ဖေဖေက လာ၍ခေါ်သည်။
သူသည် အရူးအမူးပျော်မိ၏။ အစီအစဉ်မရှိဘဲ ကသုတ်ကရက် ပြန်လာသည်ကိုပင် ပျော်စရာလို ထင်မိသည်။ ဖေဖေကတော့ စစ်ကြီးဖြစ်တော့မှာမို့ စာသင်ပျက်ရမည်ကို ညည်းညည်းညူ ပြောနေပြန်သည်။
အပြန် သင်္ဘောပေါ်တွင် ဖရက်ဒီတို့မိသားစု ပါလာသည်။ ဦးဘလှနှင့် သူ့နှမများသည် ဖေဖေနှင့် လမ်းတစ်လျှောက်လုံး စကားလက်ဆုံကျတိုင်း... ဂျပန်စစ်ကြေညာကြောင်း၊ ပုလဲဆိပ်ကမ်း ဗုံးကြဲကြောင်း၊ စစ်၏အကြောက်မက်ဖွယ်ရာကောင်းကြောင်းများကိုသာ သူတို့သည် မျက်ကလူးဆန်ပြာ ပြောနေကြ၏။ ဦးပိုင်းပဲ့ပိုင်း ရှိသမျှလူတွေကလည်း မြန်မာပြည်သို့ ဦးတည်လာသော စစ်ကြောင်းအကြောင်းကိုသာ ကိုယ့်ထင်မြင်ချက်နှင့်ကိုယ် ဝေဖန်နေကြသည်။
အတွတ်ကတော့ ဘာကိုမှ မကြားလို။ ဖရက်ဒီနှင့် နှစ်ယောက်သား ကော်ဇောပေါ် အိပ်၍လိုက်လာကြသည်။ သူ့အတွေးထဲတွင် နောက်နှစ် ကျောင်းပြန်မသွားရမည်ကိုသာ တွေး၍ပျော်နေသည်။
မနက်လင်းတွင် ဝါးခယ်မသို့ ရောက်၏။ ရောက်ရောက်ချင်း မွှေးတို့၏အိမ်ဆီသို့ ပြေးရပြန်သည်။ မွှေးတို့အိမ်မှာ ယခင်ကလို လူတွေ ရှုပ်မြဲရှုပ်ကာ ခြေမသန်သူ အဘိုးကြီးကိုလည်း နံနက်ခင်းနေခြည်ထဲသို့ မွှေးက ထုတ်မြဲထုတ်နေ၏။ ပန်းတနော်မှ အမြွှာညီအစ်မကိုလည်း တွေ့ရလေသည်။ ကြီးဒေါ်ခင်ကမူ အခန်းတစ်ခုထဲတွင် နာတာရှည်နှင့် လဲနေလေသည်။
သူ မမြင်သည်မှာ ကိုကိုအောင်တစ်ယောက်ဖြစ်၏။
“မွှေး ကိုကိုအောင်တစ်ယောက် မတွေ့ပါလား”
မွှေးသည် ခေါင်းကိုညွှတ်လိုက်ကာ အသံတိုးတိုးလေးနှင့် ပြောပြ၏။
“ကိုကိုအောင် သာယာဝတီထောင်မှာ”
“ဟယ် ဘာဖြစ်လို့လဲ”
“အင်္ဂလိပ်အစိုးရကို ဆန့်ကျင်လို့ပေါ့။ 'တကယ်လို့ စစ်ကြီးဖြစ်လာရင် အင်္ဂလိပ်အစိုးရဘက်က မြန်မာပြည် ဝင်မတိုက်ဘူး၊ လွတ်လပ်ရေးပေးရင်တော့ ဝင်တိုက်မယ်' ဆိုတဲ့ ကြေညာစာတမ်းကို ဖတ်လို့"
“အို ...ကိုကိုအောင်ကလဲ အေးအေးနေရောပေါ့”
သူသည် ထိုစဉ်က ကလေးအတွေးထက် ဘာမှမပိုခဲ့ပေ။
“ဘာဖြစ်လို့ အေးရမှာလဲ။ တစ်ပြည်လုံး ပူနေရတာ၊ တို့မိသားစုက အေးနေရမလား။ အစိုးရက ပြောတယ်၊ ဒီလို နောင်ကို မလုပ်ပါဘူးလို့ တောင်းပန်ဝန်ချရင် ကိုကို့ကို လွှတ်ပေးမယ်တဲ့”
“ဒီလိုဆို သူတို့ပြောတဲ့အတိုင်း လုပ်လိုက်ပါလား"
မွှေးက မျက်လုံးပြူးကာ သူ့ကိုကြည့်ရင်း ...
“အတွတ်ကလဲ သတ္တိမရှိလိုက်တာကွယ်။ မေမေက ပြောတယ်၊ ငါ့သားတစ်ယောက်အနေနဲ့ ဘယ်တော့မှ ဗြိတိသျှအစိုးရကို ဒူးမထောက်ရဘူးတဲ့။ ကဲ ... ပြီးရော မဟုတ်လား။ ကိုကို့ကို နှစ်နှစ်နဲ့ ကိုးလ ထောင်ချပစ်လိုက်တယ်”
“ဖြစ်မှဖြစ်ရလေဟာ၊ ထောင်ထဲမှာ”
သူ့အသံများသည် တုန်တုန်ယင်ယင်ဖြစ်သွား၏။
"ဒါကြောင့် မေမေကပြောတာ၊ စိန့်ပါတဲ့ကျောင်းတွေမှာ ထားတာ အင်္ဂလိပ်စာတော်သလောက် မြန်မာလေးတွေနှလုံးသားထဲမှာ မျိုးချစ်စိတ် ဇာတိမာန်မျိုးစေ့လေးတွေကို ဖျက်ဆီးခံရတာ အသည်းနာစရာကောင်းတယ်တဲ့၊ အပြင်မှာ အရေးတော်ပုံတွေ ဘာဖြစ်နေသလဲ ဆိုတာ အတွတ်တို့မသိဘူး”
“ဟယ် မွှေးစကားတွေကလဲ ကြီးကျယ်လိုက်တာဟာ၊ မင်း... မင်း အသက်ဘယ်လောက်ရှိပြီလဲ''
“၁၆ နှစ်ထဲမှာ”
“အင်း ကိုယ်လဲ ၁၇ နှစ်ပြည့်တော့မယ်"
သူသည် အသက်များကို တွက်ရင်း မွှေး၏အသိဉာဏ်များ ပြောင်းလဲလာပုံကို အံ့သြနေသည်။
“အတွတ်အကြောင်း ဒေါ်ဒေါ်က လာပြောပါတယ်။ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံတုန်းကလဲ သပိတ်မမှောက်ဘဲ အတွတ် ဦးလေးအိမ်မှာ သွားနေတယ်ဆို”
အတွတ်က ပြုံး၍ပြကာ “ငါ ဘာလုပ်ရမှန်းမှမသိဘဲ” ဟု ဆို၏။
“တို့များမောင်နှမတွေကတော့ အားလုံ သပိတ်မှောက်တယ်။ တချို့ မိဘတွေကတော့ မွှေးတို့စိတ်ဓာတ်တွေ ကူးကုန်မှာစိုးလို့ သူတို့ကလေးတွေ မွှေးတို့နဲ့ ပေးမကစားဘူး”
“ဟင် ကိုယ်ကတော့ မွှေးတို့မိသားစုနဲ့ အမြဲနေချင်တာပါကွာ”
“ဒါပေမယ့် သပိတ်မှောက်တာ၊ နိုင်ငံရေးလုပ်တာက တခြား၊ စာကတော့ ကြိုးစားရတယ်။ မေမေက စာမကြည့်ရင် မရဘူး။ သပိတ်လှန်လို့ စာမေးပွဲထိုင်တော့ အစိုးရစစ်မှာ သပိတ်မှောက်တဲ့ မွှေးတို့သူငယ်ချင်းတွေ မရှင်ရော မလှရင်ပါ အောင်တယ်။ မမှောက်တဲ့လူတွေ ကျလို့ နောက်ဆက်တွဲ ထိုင်ရသေးတယ်”
မွှေး ပြောပုံဆိုပုံ အမူအရာများကို သူကကြည့်၍ နှစ်သိမ့်နေသည်။ သူတို့စကားပြောနေသည်မှာ ဧည့်ခန်းတွင်ဖြစ်၍ စာကြည့်ခန်းထဲမှ စာအုပ်များကို လှမ်း၍မြင်နေရသည်။
စာကြည့်ခန်းသို့ ထ၍သွား၏။ ဘီရိုထဲတွင် သူမတွေ့ဖူးသေးသော စာအုပ်များ အများကြီးတွေ့ရသည်။
“ဒီစာအုပ်တွေအားလုံးလိုလို မေမေ ဝယ်ပေးထားတယ်။ အိုင်ယာလန်ပြည် အရေးတော်ပုံနဲ့ ပတ်သက်ပြီး မရှင်းတာတွေရှိရင် မေမေက ရှင်းပြတယ်”
မွှေးက သူ့နောက်မှလိုက်ကာ စာအုပ်များရာဇဝင်ကို ပြောပြနေ၏။
“ကိုယ် ကြီးကြီးတင်ကို သွားတွေ့ဦးမယ်။ ပြီးတော့ ညနေ ဖရက် လာလည်ရင် မွှေးဆီခေါ်လာခဲ့မယ်နော်”
မွှေးက ခေါင်းညိတ်ပြ၏။ ကြီးကြီးတင်ရှိရာ နောက်အဆောင်သို့ အကူးတွင် လေးကို ရုတ်တရက် တွေ့ရ၏။ လေးမှာ အတော်ပင် လှနေရုံမက ဖဲကြိုးပြာပြာလေးနှင့် အုပ်လုံးသွင်းစ ဆံပင်တိုကိုချည်ကာ အလှပြင်တတ်၍နေပါပကော။
ကြီးကြီးတင်ကိုမူ အနောက်ဆောင်ထဲ၌ အံပြန့်ကြီးတစ်ခုဘေး၌ တွေ့ရ၏။ အံပြန့်မှာ မေမေ့အံပြန့်လိုပင် ကျောက်ကာပေါ်၌ ဆေးနီသုတ်၍ထားသည်။ အံပြန့်ထဲမှာ ဆေးရိုးများကို ရှမ်းဖက်ထဲထည့်ကာ လိပ်ရန် ပြင်ဆင်နေသည်။
“ဟော အတွတ် ပြန်လာပြီလား.. ၊ ဒီတစ်ခါ ငါ့သား သိပ်ထွားလာတာပဲ"
သူ့ကို စတင်၍ ကြီးကြီးတင်က နှုတ်ဆက်သည်။
ညိုစိမ့်စိမ့် ပြုံးအေးအေးနှင့် တည်ငြိမ်သော ကြီးကြီးတင်၏မျက်နှာကို သူသည် စူးစိုက်၍ကြည့်နေမိသည်။ ဒီအဒေါ်ကြီးမျက်နှာ ကြည့်ရသည်မှာ အားရှိစရာကောင်းသလိုလို ရင်အေးသလိုလို ဖြစ်သည်ဟု သူ့စိတ်ထဲတွင် ထင်လိုက်မိသည်။
ကိုကိုအောင့်အကြောင်းနှင့် တခြားအကြောင်းတွေကို သူက မေး၏။ စကားပြောရာမှ ဆူညံသံကြား၍ အိမ်နောက်ဖေးဘက်တွင် ကွင်းစပ်သို့ကြည့်လိုက်ရာ ထွေးနှင့် သူ့ဖေဖေတို့ ကျည်သားကောက် ကစားရာမှ ငြင်းခုန်နေကြခြင်း ဖြစ်ပေသည်။
* * *
ဖရက်နှင့်မွှေးတို့ တွေ့ရပုံမှာ ဘာမှဖွဲ့နွဲ့စရာမရှိသလို ထင်ခဲ့၏။ မွှေးသည် သူ့မေမေနှင့် မမရှေ့တွင် ခပ်ရိုးရိုးပင် ဧည့်ခံခဲ့သည်။ သူ့အမူအရာသည် ဖရက်အား ထူးထူးထွေထွေ ဂရုစိုက်ဟန် မရှိပေ။
သို့သော် ထိုညနေက မြက်ခင်းပေါ်ရှိ ခုံတန်းပေါ်တွင် ထိုင်နေကြသည်ဖြစ်၍ နေရောင်ဝင်းဝင်းလေးမှာ မွှေးကိုယ်ပေါ်တွင် ကွက်၍ကျနေသည်ကို ဖရက်ရော အတွတ်ပါ ဂရုပြုမိကြသည်။ ဆောင်းနှောင်း၏ညနေခြည်များဖြစ်သောကြောင့် မွှေးအတွက် အပူငွေ့မပြင်းစေတော့ပေ။
မွှေးသည် မိုးကောင်းကင်လို အပြာရင့်ရင့်ထဘီပေါ်တွင် ပိတောက်ခက်ကျဲကျဲလေးများပါသော လုံချည်ကို ဝတ်၍ထား၏။ ပဒုမ္မာထူထူအင်္ကျီကြောင့် လုံချည်သည် ပို၍ပြာသလိုဖြစ်နေပေသည်။
ဖရက်ပြန်ချိန်၌ မြစ်ပြင်ပေါ်၌ မြူလေးများပင် ဆိုင်းစပြုလာ၍ နောက်ဘက် လယ်ကွင်းဆီမှ လေစိမ့်စိမ့်အေးအေးပင် တိုက်ခတ်လာလေသည်။
အတွတ်သည် သူတို့အိမ်ရှေ့ ရေဆင်းတံတားဆိပ်အထိ ဖရက်ကို လိုက်၍ပို့သည်။ ဖရက် လှေကောင်းကောင်း မလှော်တတ်သေးသောကြောင့် အတွတ်တို့ခြံစောင့် ဦးကွန့်ကြီးက လှေလှော်၍ ပို့ရသည်။ တံတားဦးထိပ်တွင် လှေပေါ်မှထိုင်ကာ ဦးကွန့်က ဖရက်ကိုစောင့်နေသည်။
ဖရက်သည် လှေပေါ်ကို ရုတ်တရက် မဆင်းသေး၊ မှုန်ပြာပြာဖြစ်နေသော မြစ်ပြင်ကို ငေး၍ကြည့်နေသေး၏။ သူ့မျက်လုံးထဲတွင် အခိုးအငွေ့များသမ်းနေသလို ထင်နေရသည်။ သူသည် အတွတ်ကို သေသေချာချာကြည့်ပြီးမှ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ စကားပြောတော့သည်။ အတွတ်ကမူ သူ့အမူအရာကို နားမလည်ပေ။
“ကျောင်းမှာ အတွတ် ခဏခဏပြောတဲ့ မကျည်းတန်ဟာ သူပဲလား”
“ဟုတ်တယ်"
ခေါင်းသာညိတ်လိုက်ရသော်လည်း အတွတ်သည် ရုတ်တရက် ဖရက် ဘာအဓိပ္ပာယ်နှင့် မေးသည်ကို နားမလည်ပေ။
“မင်းက မကျည်းတန်လို့ ဘာလို့ခေါ်တာလဲ”
“ငယ်ငယ်တုန်းက အကျည်းတန်လို့ ကိုယ်ကခေါ်တာ။ သူ့နာမည်အစစ်က မွှေးပါ"
“ဟုတ်တယ်၊ မွှေးဆိုတဲ့နာမည်က ချစ်ဖို့ကောင်းတယ်။ ပြီးတော့ လှတယ်လို့ မဆိုနိုင်ပေမယ့် စွဲမက်စရာကောင်းတယ်လို့ ပြောရမလား မသိဘူး။ သူ့ပါးလေးတွေက ညိုတယ်ဆိုတာတောင် စိုစိုဝင်းဝင်းနော်။ သူ့မျက်လုံးတွေဟာ စကားပြောနိုင်သလိုပဲ”
ဖရက်၏စကားအဆန်းများကြောင့် အတွတ်က မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။
“ဖရက် ဘာတွေပြောနေတာလဲ"
အတွတ်စိတ်တွင် ဖရက်ပြောနေသော စကားများကို နားမထောင်ချင်သလို ဖြစ်လာသည်။
“ဒီလိုပါ၊ မွှေးရဲ့မျက်လုံးတွေက တန်ခိုးရှိတယ်လို့ ပြောတာ၊ ဝန်းဝန်းမှောင်မှောင်နဲ့။ အမှန်တော့ သူမမက တော်တော်ချောတာပဲ။ ဒါပေမယ့် မမကိုကြည့်ရတာ လှလို့ ဆက်ကြည့်နေချင်စရာပဲ ကောင်းတယ်။ မွှေးကိုကြည့်ရတာက မွှေးကပြန်ကြည့်လိုက်ရင် ရင်ထဲမှာ နွေးသလို အေးသလိုပဲ"
“ဟား...ဟား... ဟား... ဟား"
အတွတ်သည် အသံကုန် တဟားဟား ဟစ်၍ရယ်၏။
“မင်း အရူးလားကွ”
ဖရက်က မျက်နှာကြီးနီ၍ ဆို၏။
“ငါက ငါ့ရင်ထဲမှာ တစ်ခါဖူးမှ မခံစားဘူးတဲ့အဖြစ်ကို ပြောပြတာ၊ ရယ်စရာလားကွ"
“မင့်ကို သောတာ မဟုတ်ပါဘူးကွာ။ စိတ်မဆိုးပါနဲ့။ စကားလုံးတွေက မိန်းမဘွဲ့ကျနေတာပဲ”
“ကိုယ့်ကို မင်းသိသားနဲ့။ ကိုယ်ဘယ်တုန်းကမှ မိန်းမအကြောင်းပြောလို့လဲ။ တို့များပြောဖို့လဲ ငယ်သေးတယ်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ်သွားတော့မယ်”
အတွတ်က ဖရက်ကို တောင်းပန်ရင်း လှေပေါ်ဆင်းသွားလေ၏။ လှေလေး ရေဆင်းတံတားမှ ခွာမှပင် သူပြန်တက်လာသည်။
တက်လာတော့လည်း အိမ်ဘက်သို့ မပြန်ချင်သေး၊ မွှေးရှိရာကို ပြန်၍သွားချင်သည်။ ဖရက်ပြောသည်ကို ကြားကတည်းက စိတ်ထဲတွင် ဘာဖြစ်နေမှန်းမသိပေ။ မွှေး၏အလှကို သူမသိသေးဘဲ ဖရက်က ဖော်ထုတ်ချီးကျူးသွားသည်ကိုပင် မခံချင်သလို။ ဘာရယ်လို့ မပြောနိုင်သောစိတ်က ရင်ထဲတွင် လှုပ်ရှားလာ၍ မွှေးတို့ခြံဘက်သို့ ပြေး၍လာခဲ့မိသည်။
မွှေးတို့ကို ခြံထဲတွင်မတွေ့ရတော့ပေ။ အိမ်ထဲသို့ လိုက်သွားတော့မှ မွှေးကို စာဖတ်ခန်းထဲတွင် တစ်ယောက်တည်း တွေ့ရ၏။
“ဘာလုပ်နေလဲ မွှေး”
“မေမေ ဘုရားရှိခိုးနေလို့ တို့များဝတ်တက်ဖို့ စောင့်နေတယ်”
မွှေးက ဘာမှမဖြစ်သလို စာအုပ်တစ်အုပ်ကို လှန်လှောနေရာမှ သူ့ကိုပြန်ပြော၏။
အပြင်မှာ မှောင်စပျိုးနေသော်လည်း အလင်းရောင်မှုန်မှုန်လေး ကျန်နေပေသေးသည်။ စားပွဲတင်မှန်အိမ်မှ မီးရောင်မှာ မွှေး၏မျက်နှာတစ်ခြမ်းပေါ်ကို လင်း၍ကျနေသည်။ မွှေးသည် ညနေကကဲ့သို့ပင် ဝတ်၍ထား၏။ တစ်ပတ်လျှိုပြည့်ပြည့်ထုံးထားသော နောက်တွဲဆံထုံးအောက်မှ မဝင့်တဝင့်ဖြစ်နေသော ဆံစဆံနွယ်လေးများမှာ ကုပ်ပေါ် တွင် တစ်စွန်းတစ်စ ကျနေလေသည်။ အုပ်လုံးသိမ်းသည်မှာ ဘာမျှမကြာသေးသည်ကို သူအမှတ်ရလိုက်၏။ မီးရောင်ဖြာကျနေသော ပါမို့လေးမှာ ညိုစိမ့်စိမ့် ဖောင်းဖောင်းလေးဖြစ်နေသည်။ မကျည်းတန်ဘဝတုန်းကလို ညိုမည်းမည်း ခြောက်သွေ့သွေ့လေး မဟုတ်တော့သည်ကို သတိပြုမိပြန်သည်။
“အတွတ် ထိုင်လေ၊ ဘာငေးနေတာလဲ"
မွှေးက မျက်လုံးကိုလှန်ကာ သူ့ကိုကြည့်၍ပြောလိုက်၏။ သူ့စိတ်ထဲတွင် မွှေး၏မျက်လုံးများသည် ည၏မှောင်ဝန်းထဲ၌ ပြေးနေသော ကြယ်ပွင့်တန်းများလို ဝင်းလက်လှုပ်ရှားသွားသည်ဟု ထင်သည်။ ဒါကိုပင် ဖရက်ပြောသည် ထင်ပါရဲ့။
သူသည် အသက်ပြင်းပြင်း ရှူလိုက်ကာ မွှေးနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
“စာဖတ်ချင်လို့လား”
မွှေး၏မေးခွန်းကို မဖြေပေ။
“မချောစရာ၊ ချောစရာလျှင်၊ ကေသာဆံလွှ၊ ထုံးနောက်စနှင့်၊ ချုပ်ညရီတွင်၊ ဖြုတ်ချည်းမြင်သည်၊ ရှင်သာရခိုင်တန်ဆောင်လော”ဆိုတဲ့ ကဗျာ ဘယ်သူစပ်တာလဲလို့ မေးမလို့”
သူသည် ရင်ထဲမှ လှိုင်းခတ်လာသော ကဗျာလေးကို ရွတ်လိုက်သည်။ ထိုကဗျာကို ခြောက်တန်းတွင် သင်ခဲ့ရ၏။ သို့သော် မြန်မာကျောင်းများလို အသေးစိတ် မသင်ခဲ့ရပေ။
“အောင်မယ် ဘာများလဲလို့၊ မြန်မာကဗျာတွေ ဘာတွေ ဂရုစိုက်လာပါပကော။ ရှင်တေဇောသာရ ရေးတာလေ၊ သိပ်ကောင်းတာပဲနော်၊ အထက်တန်းကဗျာကောက်နုတ်ချက်ထဲကပေါ့”
မွှေး၏အဖြေကို နားထောင်ရင်း မွှေး၏မျက်လုံးများကို စိုက်၍ကြည့်ပြန်၏။
“မိန်းမတွေဟာ ညနေဆည်းဆာမှာ ပိုပြီးလှတယ်ထင်ပါရဲ့။ သူရေးတဲ့စာထဲမှာ ညနေစောင်းလေးမှာ တွေ့တယ်လို့ အမြဲပါတယ်”
“ဪ ...သူ့အမြင်ကို သူပေါ်အောင် ဖော်တာပေါ့။ ဒါပေမယ့် အတွတ်ရယ်... နောက်ဆုံးပိုဒ်လေးကျတော့ သနားပါတယ်နော်။ 'စုလည်းမဆင်၊ နောက်ထုံးရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ မမီပါခဲ့”ဆိုတော့ သူက ချစ်ချင်ပေမယ့် ကုသိုလ်ကံ မဆုံစည်း၊ အကြောင်းက မတိုက်ဆိုင်လေတော့ သူတို့နှစ်ယောက် မပေါင်းရဘူးပေါ့နော်"
အတွတ်သည် ခေတ္တငိုင်၍သွားကာ ပါးစပ်မှလေကို မှုတ်ထုတ်လိုက်၏။
"ငါလဲလေ မြန်မာစာ သိပ်တော်ချင်တာပဲ။ ငါချစ်တဲ့ကောင်မလေးတွေ့ရင် သူတို့ထက် လှတဲ့ကဗျာတွေကို ဖွဲ့ချင်လို့”
မွှေးက သူ့စကားကို နားထောင်ရာမှ ရယ်မောပစ်လိုက်တော့သည်။
* * *
သင်္ကြန်ရက်တွင် ́မိုးဖြိုင်ဖြိုင်ရွာလိုက်သောကြောင့် ပိတောက်ပွင့်များသည်လည်း ဖြိုးဖြိုးဝေနေကြလေသည်။ ခြံဝင်းနှစ်ဖက်စလုံးထဲသို့ ပိတောက်ခက်များသည် ရွှေနွယ်များလို အိ၍ညွှတ်ကျနေသည်။ လေတိုက်ပုံကလည်း စိမ့်စိမ့်အေးအေးနှင့်။ ပန်းရနံ့ကလည်း မွှေးနေသည်။
ဦးကွန့်၊ ဦးဆယ်တို့နှင့်အတူ အတွတ်သည် ပိတောက်ပင်ပေါ် ရောက်၍နေလေသည်။ မြေကြီးပေါ်တွင်မူ မွှေးတို့ညီအစ်မတွေနှင့် မေမေက ပိတောက်ခက်များကို ကောက်၍သိမ်းနေကြသည်။ ပိတောက်ကိုင်းများနှင့်အတူ ရေစက်ရေမွှားများသည် ပင်ခြေသို့ တဖြောက်ဖြောက် ကျလာကြသည်။
ပိတောက်တစ်ကိုင်းကို အတွတ်က လှမ်း၍ချိုးလိုက်သည်တွင် ပင်ခြေမှ မွှေး၏စူးစူးရှရှအော်သံကို ကြားလိုက်ရသည်။ ချိုးပြီးအကိုင်းကို လွှတ်မချဘဲ မွှေးရှိရာသို့ သူ လှမ်း၍ကြည့်လိုက်၏။ ဖရက်သည် ရေတစ်ပုံးကိုကိုင်ကာ မွှေး၏ကိုယ်ပေါ်သို့ အားရပါးရ လောင်းနေသည်ကို တွေ့ရလေ၏။
စိတ်ထဲတွင် ခုန်ဆင်းလိုက်ချင်သည်။ လက်ထဲမှ ပိတောက်ကိုင်းကိုလည်း ဖရက်ခေါင်းတည့်တည့်ပေါ်သို့ ပစ်ချလိုက်ချင်သည်။ သို့သော် သင်္ကြန်ဆိုသည်မှာ မည်သူက မည်သူ့ကိုမဆို ရေသွန်းလောင်းနိုင်သည် မဟုတ်ပါလား။
သူ့စိတ်ထဲတွင်မူ မွှေးကိုယ်ပေါ်တွင် သူလောင်းသောရေကလွဲ၍ ဘယ်ရေမှ မစွတ်စေလိုပေ။ ဖရက်ကို မွှေးက ခပ်ထေ့ထေ့ နှုတ်ခမ်းစူကာ ဘာတွေပြောနေသည်မသိ။ အိမ်ဘက်သို့ မွှေးထွက်သွားသောအခါတွင် မြေပေါ်ရှိ ပိတောက်ခက်များကို ဖရက်က ပွေ့ချီကာ နောက်မှလိုက်သွားတော့သည်။ သူဆင်း၍လိုက်ချင်ပေမယ့် သစ်ပင်ပေါ်ရောက်နေသောကြောင့် သူလိုက်ရမည့်အချိန်မှာ နောက်ကျ၍နေပါပကော။
ပိတောက်ပွင့်သောရက်များ ကုန်ပြီးသည့်နောက် ဖရက်သည် နေ့စဉ်လိုလို အတွတ်ဆီသို့ ရောက်သည်။ လသာသောညများတွင် မြသားလို ပြာနေသော မြစ်ပြင်ပေါ်၌ လရောင်ခြည်ဖြာလာမှ ဖရက် တစ်ဖက်ကမ်းသို့ ပြန်တော့သည်။
စစ်ဖြစ်သည်ဆိုသော်လည်း ဝါးခယ်မမှာမူ အစစ အေးအေးချမ်းချမ်းပင်ရှိပေသည်။ ဂျပန်ခေတ်၏ဒုက္ခ၊ မငြိမ်းချမ်းသောကာလ၏အန္တရာယ်များကို မတွေ့ကြသေးပေ။ သူတို့အားလုံး ကျောင်းတက်မပျက်ကြပေ။
မိုးသည်းထန်စွာ ရွာနေသော ညနေက မေမေနှင့်အတူ မွှေးတို့အိမ်သို့ လိုက်သွားရ၏။ မွှေးတို့မိသားစုအားလုံး ပျော်နေကြလေသည်။ ဒေါ်ဒေါ်တင်ကြီးသည် သားကြီး ထောင်မှလွတ်၍ ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲသို့ ဝင်သွားကြောင်း၊ မြန်မာပြည်မြောက်ပိုင်းဘက်သို့ စစ်ချီသွားကြောင်းများကို သူ့မေမေအား အားပါးတရ ပြောပြနေသည်။
သူ့စိတ်ထဲတွင်တော့ သံယောဇဉ်ငြိကာ ချစ်နေသော ကိုကိုအောင့်ကို ပြန်မတွေ့သေး၍ စိတ်မကောင်းပေ။ သူသာ ကိုကိုအောင်လို စစ်ထဲလိုက်သွားလျှင် မေမေသည် ဒေါ်တင်တင်ကြီးကဲ့သို့ ဝမ်းပန်းတသာရှိမည်မဟုတ်ပေ။ ကျောင်းကို သွားစနှစ်တုန်းကတောင် သင်္ဘောဆိပ်အဆင်းတွင် ဖေဖေ့ကွယ်ရာ၌ မေမေက ငိုသေးသည်။
တကယ်ဆိုတော့ စစ်ဆိုသည်မှာ ဘယ်လိုများနေသည်ကို သူ မသိ။ ထိုစဉ်က ဝါးခယ်မသည် လောကနိဗ္ဗာန်လေးလိုပင် မဟုတ်ပါလား။ ကျောင်းပိတ်ရက်များမှာပင် စာသင်မပျက်ဘဲ အင်္ဂလိပ်စာ အပိုသင်တန်းများကို တစ်ဖက်ကမ်းကူးကာ မှန်မှန်တက်ခဲ့၏။ ပြီးတော့ ဗမာ့တပ်မတော်ဆိုသည်ကလည်း ဘာပါလိမ့်။ အတွတ်၏အဘိဓာန်တွင် ထိုစကားလုံးများ ဘာမျှမရှိသေးပေ။
အမှန်တော့ သူသည် အလွန်ပင်ငယ်ပါသေး၏တကား။ မွှေးက သူ့ကို “အပြင်တွင် ဘာတွေဖြစ်နေသည်ကို မသိရကောင်းလား” ဟု ပြောလိုက်စဉ်က ရှက်စိတ်တော့ ပေါ်လိုက်မိသည်။ ဒါပေမယ့် သူ့အသိုင်းအဝိုင်းက ဘာကိုမျှ သိခွင့်မရပေဘဲ။
ဖေဖေလုပ်နေသည်ဆိုသော လွှစင်များရှိရာသို့ပင် သူ တစ်ခါတည်းသာ ရောက်ခဲ့ဖူးသည်။ ဂေါ်ဒူသောင်ဘက်ရှိ လယ်များရှိရာကို ခြေဦးမျှပင် မလှည့်မိပေ။
မွှေးတို့အိမ်ကအပြန်တွင် အိမ်အထိ လက်ဆွဲမှန်အိမ်လေးနှင့် ဦးဆယ်က လိုက်၍ပို့သည်။ မိုးရေကြောင့် ခြံမြေဗွက်ထနေကာ သူ့ခြေထောက်များတွင် ရွှံ့ပေနေလေသည်။ အိမ်ရောက်လျှင် ဖရက်ကို မမျှော်လင့်ဘဲ တွေ့ရ၏။
“ဟေ့ ...စောင့်နေတာကြာပြီလား”
သူသည် တံစက်မြိတ်အောက်ရှိ ရာဝင်အိုးကြီးထဲမှ ရေခပ်ကာ ခြေဆေးရင်း ဖရက်ကို လှမ်းမေးလိုက်သည်။
“ကြာပါပြီ ဆိုပါတော့။ မိုးသိပ်ရွာရင် အတွတ်တို့အိမ်မှာ အိပ်မယ်လို့ ဖေဖေ့ကို ပြောခဲ့တယ်”
“လာလေကွာ၊ ကိုယ့်အိပ်ခန်းကို သွားကြစို့။ မင်းမပြန်ပါနဲ့တော့၊ လေကလဲ သိပ်ထန်တယ်။ ကိုကိုအောင့်သတင်းကို ကြားချင်လွန်းလို့သာ မွှေးတို့အိမ် သွားရတယ်၊ ချမ်းလိုက်တာ လွန်ရော၊ လာ လာ”
သူနှင့် ဖရက်သည် အိမ်ပေါ်ထပ်သို့ တက်လာ၏။ အတွတ်၏အိပ်ခန်းမှကြည့်လျှင် မွှေးတို့အိမ်ခြေရင်းဘက်ရှိ မွှေး၏အိပ်ခန်းကို မြင်နေရသည်။ သို့သော် ထိုညတွင် မိုးသည်းထန်နေ၍ တံခါးများကို ပိတ်ထားသည်။
ဖရက်က သူ့အိပ်ရာပေါ်တွင် လှဲနေ၏။
“ကိုယ် အခု လှေကောင်းကောင်း လှော်တတ်ပြီ၊ နောင်ကို ကိုယ့်ဘာသာပဲ လှော်လာတော့မယ်၊ တကယ်လို့သာ ဒီမြစ်ကြီးဟာ ရေတွေမဟုတ်ဘဲ မြေကြီးဆိုရင် ကိုယ်လာတာနဲ့ တစ်ခါပြန်ပြီး မြစ်ဖြစ်သွားမှာ”
အတွတ်က စားပွဲတင် မီးအိမ်ကို ထွန်းပြီးမှ ခုတင်ဘေးတွင် လာထိုင်ကာ ဖရက်ပြောသည်ကို နားထောင်နေ၏။ ဖရက်၏စကားလုံးများသည် မရှင်းလှပေ။
"ဒီလိုဆိုလဲ မင်း ငါတို့အိမ် လာနေပါလား"
“မဖြစ်ဘူး၊ မနက်ဆို မြန်မာစာတော်အောင် အိမ်မှာ စာသင်ရသေးတယ်”
“ကိုယ်လဲ မွှေးတို့နဲ့အတူ ရှေးအပတ်ကစပြီး စာသင်ရမယ်လို့ မေမေက ပြောထားတယ်၊ ကျောင်းတွေပိတ်တုန်း တို့များ စာသင်မပျက်အောင်တဲ့။ ဖရက်ပါ လာသင်ပါလား၊ ပြီးတော့ ဆယ်တန်း ဝင်ဖြေရမယ်"
“မဖြစ်နိုင်တော့ဘူး။ ကိုယ် မွှေးရဲ့မေမေကို သိပ်ကြောက်သွားပြီ”
“ဟယ်...ဘာဖြစ်လို့လဲ၊ သိပ်သဘောကောင်းပါတယ်ကွာ”
“အေး အဲဒါ ပြောပြမလို့၊ ဒီနေ့ မွှေးဆီက စာပြန်လာတယ်”
ဘုရား...ဘုရား။ အတွတ်ရင်ထဲတွင် တဒိတ်ဒိတ်ခုန်ကာ တလှပ်လှပ်ဖြစ်လာ၏။ ဘယ်လိုအခြေအနေများ ဆိုက်၍နေကြပြီလဲ။ သူ့မှာတော့ ဘာမှမသိလိုက်ရပါတကား။
“ဘယ်လို ပြန်လာလို့လဲ"
သူ့အသံကို မနည်းထိန်းပြောရပေမယ့် နှုတ်ခမ်းများက တုန်နေသည်။
“ဒီသူငယ့်လက်ရေးကို ကြည့်ရုံနဲ့ပဲ သမီးအပေါ်မှာ သစ္စာရှိမှာမဟုတ်ဘူးတဲ့။ ဒါကြောင့် ကိုယ့်ကို မချစ်ရဘူးတဲ့ကွာ”
“မင်း ..မင်း ဘယ်တုန်းက မွှေးကို စာပေးလဲ"
“အတွတ်ကို ဖွင့်မတိုင်ပင်တာ စိတ်မရှိနဲ့နော်။ သင်္ကြန်ပြီးတုန်းက ပေးတာပဲ။ ဒါပေမယ့် မွှေးကို ကိုယ်ချစ်နေတာက ဟိုညက ထဘီအပြာလေးနဲ့ တွေ့ကတည်းကပဲ” '
ကျောင်းသွားရမည့်ညနေက တစ်ယောက်တည်း ငိုသလို အတွတ်က ငိုချင်လာသည်။ ဘာမဆို သူသည် အလွန်အချိန်နောက်ကျလုပ်တတ်သော သူငယ်လေးပါလားဟု ကိုယ့်ကိုယ်ကိုယ် နောင်တရနေသည်။ တကယ်ဆိုတော့ မွှေးနှင့် တွေ့လာသည်မှာ သူကအရင်ဖြစ်သည်။ မွေးကတည်းက ဆိုကြပါစို့။ လည်ပင်းဖက်ကြီးလာသူတွေဖြစ်၏။ ဘာကြောင့်များ သူသည် မွှေး၏အလှကို မကြည့်တတ်ခဲ့ပါသလဲ။ မွှေး၏နှလုံးသားကို ချစ်မြတ်နိုးရမှန်း မသိခဲ့ပါသလဲ။
မွှေးသည် မြတ်နိုးစရာကောင်းသော သူငယ်မလေးတစ်ယောက်ဟု ဖရက်ကပြောသော ညနေက အပြေးအလွှား မွှေးကို သွားကြည့်ခဲ့ရ၏။ ထိုညကတော့ သူသည် လူပျိုပေါက်စအရွယ်တွင် မဖြစ်ဖူးသော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရ၏။ ဆံတောက်သိမ်းစ ဆံထုံးကပိုကရိုနှင့် မွှေးကိုမြင်တော့လည်း စိတ်ထဲက ကြည်နူးမိသား။ အလှဘွဲ့ကဗျာကိုပင် ရေရွတ်လိုက်မိသေးသည်။ ခုတော့ ဖရက်က ပိတောက်ပန်းတို့ပွင့်ပြီးသောရက်များတွင် မွှေးကို စ,ပြီးခဲ့ပါပကော။
သူ့ခေါင်းကို ဖော်၍မရသေးပေ။ အပြင်မှ လေများသည် ပြင်းပြင်းထန်ထန် တိုက်ခတ်ကာ အရွယ်ရောက်စ သူငယ်လေးနှစ်ယောက်၏ အချစ်စိတ်မြူးနေပုံကို ထိုးဆွနေပုံရသည်။
“ဘာလို့ ငိုင်နေတာလဲ အတွတ်၊ ကိုယ် မွှေးကို တကယ်ချစ်တာပါ၊ ကိုယ်တော့ ဘာဖြစ်ဖြစ် မွှေးကိုရအောင်ယူမှာပဲ။ မွှေးစာထဲမှာ သူ့မေမေက တခြားအကြောင်းတွေကိုလဲ ပြောသေးတယ်တဲ့။ လူတစ်ယောက်ဟာ ကိုယ့်လူ့ဘောင်က လူသားအားလုံးရဲ့ ကောင်းကျိုးချမ်းသာဖြစ်နိုင်ရေးအတွက် မတတ်နိုင်ရင် ကိုယ်နေတဲ့ တိုင်းပြည်တစ်ပြည်အတွက်၊ တစ်တိုင်းပြည်လုံးအတွက် မတတ်နိုင်လဲ ယုတ်စွအဆုံး ကိုယ်နေတဲ့ရပ်ရွာက လူတွေကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ် ဆောင်ရွက်ရဲတဲ့သတ္တိ ရှိရမယ်တဲ့။ ကိုယ်ကျိုးစွန့်လွှတ်ခြင်းနဲ့အချစ် အကြောင်းနှစ်ခုပေါင်းမှ ဘဝတစ်ခုဖြစ်သတဲ့။ ကဲ သူ့မေမေရဲ့စကားတွေက ကြီးကျယ်လိုက်တာကွာ”
အမှန်တော့လည်း စကားလုံးများမှာ သူတို့အတွေးအခေါ်နှင့် စာလိုက်လျှင် မြင့်လွန်းလှသည်ကို အတွတ်က နားလည်၏။ သို့သော် အဘွားကြီးက စာအလွန်ဖတ်သော အဘွားကြီးဖြစ်၏။
“မွှေးကရော မင်းကို ဘာပြန်ပြောသလဲ”
“သူဟာ ဘိက္ခုနီလုပ်မယ့်မိန်းမတော့ မဟုတ်ဘူးတဲ့။ ဒါပေမယ့် လောကကြီးမှာ သူ့ချစ်သူနဲ့ သူလက်ထပ်ရမယ့်သူဟာ တစ်ယောက်တည်း ဖြစ်စေချင်သတဲ့၊ အသက်အရွယ်ကြီးရင့်လာကြတဲ့အလျှောက် အတွေးအခေါ်တွေဟာလဲ ပြောင်းလဲလာကြမှာမို့ ခုလို ငယ်တုန်းမှာ ဘာမှမဆုံးဖြတ်ချင်ဘူးတဲ့၊ ဒါပါပဲ၊ သူရေးတာကတော့”
အတွတ်က သက်ပြင်းကြီး ချလိုက်၏။ ဖရက်ကလည်း ငြိမ်သက်၍သွားပြန်သည်။
“ကိုယ်လေ စစ်ပြီးရင် ကျောင်းပြန်နေမယ်။ ဒီဂရီရပြီးရင် မွှေးကို လက်ထပ်မယ်ကွာ၊ ဘာဖြစ်နေနေ ဘယ်သူတွေက သဘောတူတူ မတူတူ ရအောင်ကို ယူမယ်”
ဖရက်က စိတ်ပါလက်ပါပြောနေစဉ် အတွတ်က လွတ်နေသောခေါင်းအုံးတစ်ခြမ်းပေါ်သို့ ပစ်၍လှဲလိုက်၏။ သူ့ရင်ထဲတွင် နုပ်နုပ်စင်းခံနေရသလို ခံပြင်းလှပါတကား။
“ကိုယ် အခု မြန်မာစာသင်နေရပြီ၊ အစတုန်းကတော့ မွေ့နန်းမင်းသမီးရဲ့အလှကို မြင်တာနဲ့ မင်းနန္ဒာဟာ ဒဂုန်ကနေ သန်လျင်ဘက် ခဏခဏ ကူးတာကို လွန်လွန်းတယ်လို့ ထင်မိတယ်။ ကိုယ်တွေ့ကြုံတော့မှ မလွန်ဘူးဆိုတာ သိတယ် သူငယ်ချင်းရေ။ ကိုယ်လဲ တစ်ဖက်ကမ်းကနေ တစ်ဖက်ကမ်း ကူးကူးနေတာ ဘယ်တော့ ရင်ကွဲနာကျသေမလဲ မသိဘူး”
အတွတ်စိတ်ထဲမှာတော့ ဖရက်စကားများသည် နည်းနည်းပိုသည်ဟု ထင်သည်။ သို့သော် နောက်ဆုံး သူသည် မွှေး ရွတ်ပြသော ကဗျာလေးကို ရွတ်ဆိုကာ မျက်စိကို မှိတ်လိုက်၏။
“စုလည်းမဆင်၊ ထုံးနောက်ရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ၊ မမီပါခဲ့”
* * *
ဂျပန်ခေတ်နောက်ပိုင်းကို ရောက်လာသောအခါတွင် မွှေး၊ ဖရက်နှင့် အတွတ်တို့သည် ဆယ်တန်းစာမေးပွဲကို အောင်မြင်ပြီးကြသည်။
မွှေးသည် တစ်ဖက်ကမ်းကို မကူးတော့ပေ။ အိမ်တွင်ပင် မြန်မာစာကို ညီမများနှင့်အတူ တစ်နေ့တစ်နာရီ မှန်မှန်သင်ရ၏။ အတွတ်ကမူ အင်္ဂလိပ်စာ အပိုသင်တန်းအတွက် တစ်ဖက်ကမ်းသို့ ကူးလေသည်။
ယခုတလောတွင် မေမေက ဘေးရန်ကင်းပုံ မပေါ်၍ ဝါးခယ်မဘက်သို့ ကူးကာ စာသင်သည်ကို ခွင့်မပြုတော့ပေ။ အမှန်တော့ တစ်ဖက်ကမ်းတွင် ဘာဘေးရန်များသည်ကို အတွတ် မစဉ်းစားမိ။ သူ့အတွက်လည်း ဘေးရန်ရယ်လို့ ရှိသည်မဟုတ်။ မြို့ထဲတွင် ကောလဟာလသတင်းများကတော့ မျိုးစုံနေပေသည်။ မျက်မြင်တွေ့ရသည်မှာ တစ်ခါတစ်ရံ လယ်ကွင်းစပ်ကိုဖြတ်၍သွားသော လေယာဉ်ပျံမည်မည်းကြီးများဖြစ်၍ လယ်ကွင်းထဲတွင် ရှောခနဲ၊ ချောင်းစပ်တွင် မည်းခနဲ ပေါ်၍ပေါ်၍လာတတ်သည်။ အဝေးမှ စက်သေနတ်သံသဲ့သဲ့ကိုသာ ကြားရတတ်သော်လည်း ဝါးခယ်မမြို့တွင်မူ ထိခိုက်ဒဏ်ရာရသူဟူ၍ မရှိသလောက် ဖြစ်ခဲ့သည်။
နံနက်တိုင်းလိုလို မွှေးတို့ညီအစ်မတစ်စုနှင့်အတူ တစ်နာရီခန့် စာသင်ရသော်လည်း ယခင်ကလောက်တော့ မွှေးနှင့်အတူ မတွဲရပေ။ လယ်ကွင်းစပ်များဆီသို့ သူတစ်ယောက်တည်းသာ လာခဲ့ရချိန် များ၏။ ကမ်းခြေစပ်တွင်လည်း သူတစ်ယောက်တည်းသာ ထိုင်ခဲ့ရချိန်က များ၍လာလေသည်။
တစ်ခါတစ်ရံ တိမ်တောက်သောညနေ၌ မွှေးသည် သူနေထိုင်ရာသို့ ရောက်၍လာတတ်၏။ မွှေး၏မျက်လုံးကလေးများသည် ယခင်ကထက် တောက်ပပာန်ရှိ၍ စကားပြောပုံကလည်း သွက်၍လာသည်။ ရင်သားမို့မို့လေးမှာ မွှေးအရွယ်ရောက်လာသောအချိန်၏ အပြောင်းအလဲကို ပြနေဟန်ရှိသည်။ ယခင်ကစကားပြောလျှင် မွှေးမျက်နှာနှင့် လယ်ကွင်းပြင်ကိုလည်းကောင်း၊ တောအုပ်ဆီသို့လည်းကောင်း ကြည့်တတ်သော်လည်း ယခုတော့ သူ့မျက်လုံးများသည် မွှေး၏မို့သောတင်ပါးနှင့် ပေါင်တံများဆီသို့ ခဏခဏကြည့်မိသည်။
မွှေးသည် အရွယ်ပြောင်းလဲလာသည့်အတွက် သူနှင့်သိပ်မတွဲတော့ခြင်း ဖြစ်သည်ဟု သူက ယူဆ၏။ မွှေးကို သူဘာမျှမမေးပေ။ မွှေးကတော့ ငယ်ငယ်တုန်းကလိုပင် စကားပြောရာ၌ ရောရောဝင်ဝင် ပြောတုန်းပင် ဖြစ်သည်။
ဂျပန်ခေတ်တွင် သော်ကဘုရားပွဲတော်လည်း မကျင်းပဖြစ်တော့၍ သူတို့မိသားစု နှစ်အိမ်ထောင် သိုက်သိုက်ဝန်းဝန်း သွားရသည်လည်း မရှိတော့ပေ။
တွေ့ရသောအချိန်များတွင် ကြည့်လိုက်တိုင်း မွှေးကသာ အလှအပ ကိုယ်ခန္ဓာ အသွင်အပြင်တို့ ပြောင်းလဲလာသည် ထင်သည်။ သူကမူ ဘာမျှမပြောင်းလဲသလို ဖြစ်နေ၏။ တစ်ခါတစ်ရံ သန်းခေါင်ယံတွင် ရုတ်တရက်နိုးနေတတ်သည်သာ ဖြစ်၍လာတတ်သည်။ မေမေက ညနေပိုင်းတွင် လှုပ်လှုပ်ရှားရှား ကစားခိုင်း၏။ တစ်ယောက်တည်း ကစားသည်ကိုလည်း ပျင်းသည်။ ဖရက်တို့တစ်ဖက်ကမ်းကိုလည်း သူ မကူးချင်။ အခုတလော ဖရက်ကလည်း မွှေးကို စပြီးပြီဆိုကတည်းက ခဏခဏ မလာရဲသလို ဖြစ်နေပုံရသည်။
အိပ်မပျော်သောညများတွင် သူ စာဖတ်၏။ စာဖတ်မရလျှင် မီးမှိတ်ကာ အခန်းထဲတွင် တစ်ယောက်တည်း ငြိမ်နေတတ်၏။ ဤပျင်းရိငြီးငွေ့ဖွယ်ကောင်းသော စစ်ကာလမှာ ဘယ်သောအခါမှ ကုန်ဆုံးပါမည်နည်း။
တစ်ဖက်ကမ်းတွင် လူငယ်ကလေးများ လှုပ်ရှားနေသော သင်းပင်းအဖွဲ့အစည်းများတွင်လည်း သူပါဝင်ခွင့် မေမေက မပေးပေ။
တန်ဆောင်မုန်းလဆန်းတွင် လသာပုံသည် ပို၍လှ၏။ ညဥ့်သို့တိုင်လျှင် မြစ်ရေပြင်ကိုလည်း တစ်လှည့်ကြည့်ရသည်။ စပါးနှံတို့ ဖုံးစ စပါးပင်ပျိုများ လှုပ်ရှားဟန်ကိုလည်း တစ်လှည့်ကြည့်ရသည်။ လရောင်အောက်တွင် သော်ကစေတီကိုလည်း မျှော်၍ဖူးသေးသည်။ စေတီတော်သည် ယခင်ကလိုတော့ ရွှေရောင်ဖြင့် ဝင်းပခြင်းမရှိတော့။ တစ်ခါတစ်ရံ စပါးပင်ရှည်ကြီးများ၏ တေးညည်းသံ ဝိုးတဝါးကို နားစွင့်ရင်း ငိုက်မြည်းအိပ်ပျော်သွားတတ်၏။
လဆန်း(၁၄)ရက် ညကမူ တစ်ဖက်ကမ်း၏ တန်ဆောင်တိုင်မီးများကို ရေဆင်းတံတာဦးထိပ်မှ မျှော်ကာ စောစောပင် အိပ်ရာဝင်ခဲ့သည်။ သို့သော် သန်းခေါင်ယံတွင် သူ့အကျင့်အတိုင်း တစ်ရေးနိုးပြီးကာ ပြန်၍အိပ်မရတော့ပေ။
လမင်း၏အရောင်မှာ မှန်ပြတင်းပိတ်ထားသည့်ကြားကပင် အိပ်ခန်းထဲသို့ ဝင်၍ကျနေပေသည်။ လယ်ကွင်းဘက်ဆီမှ စပါးပင်တို့ ယိမ်းနွဲ့လှုပ်ရှားသံ၊ မြစ်ပြင်ဆီမှ လှိုင်းဂယက်တို့ ရိုက်ခတ်သံများသည် မြစ်လယ်၏သဘင်ပွဲတွင် သဘာဝ၏တေးဆိုသံလို သာယာချမ်းမြေ့လှလေသည်။ အပြင်တွင် သဘာဝသည် ဘယ်လောက်များ လှနေမည်လဲ။
မှုန်ဝါးသော လရောင်ခြည်သည် မြစ်လယ်၏ အလှအပများကို ကြည့်ရန် သူ့ကိုဖိတ်ခေါ်၍ သူသည် အိပ်ရာမှထကာ ဘေးဘက်ပြတင်းကို ဖွင့်လိုက်သည်။ လရောင်သည် မှန်ထဲမှာမြင်ရသည်ထက် အပြင်တွင် ရွှန်းရွှန်းပပ သာနေပေသည်။ မွှေးတို့အိမ် မားမားမြင့်မြင့်ကြီးမှာ လရောင်အောက်တွင် ငြိမ်သက်တိတ်ဆိတ်နေသည်။ သစ်ရွက်ကလေးများပေါ်တွင် နှင်းစက်ကလေးများ ပျံ့ကြဲနေကြသောကြောင့် လရောင်ထိလိုက်လျှင် ဆောင်းနတ်မယ်၏ဝတ်ရုံလို တလက်လက် တောက်နေသည်။ စိမ်းသောစပါးခင်းပေါ်တွင် လမင်း၏ငွေရည်များကလည်း ပုလဲမှုန်လို သွန်ကျနေကြပေ၏။
ညဉ့်ငှက်သည် မြစ်ကိုစုန်ကာ ညဉ့်သုံးယံတေးကို ကျူးရင့်ရှာသည်။ ဂယက်စိတ်ကလေးများ တဖျတ်ဖျတ်လှုပ်ရှားကာ တောက်ပနေသော ငွေရေပြင်ပေါ်တွင် လူးလာတုံ့ကာ ချစ်သူကိုရှာနေဟန်ရှိ၏။
ပူလောင်သော ဇောစိတ်တို့ဖြင့် အမောကြီးမောကာ လူသားတို့အိပ်ပျော်နေချိန်ဖြစ်၍ သဘာဝ၏အလှနတ်များသည် တိတ်ဆိတ်သော ညဉ့်လယ်တွင်မှ နိုးကြွလာကြကာ အလှသဘင်ပွဲကို ဆင်နွှဲလျက်ရှိကြသည်။
ဆောင်းရာသီကို ကြိုသောလေညင်းတွင် ကရမက်ပန်းရနံ့ကလည်း သင်းသင်းမွှေးကာ ပါ၍လာခဲ့ပေသည်။
အတွတ်သည် မြစ်လယ်ဘက်ဆီသို့ မျှော်၍ကြည့်မိ၏။ မြစ်လယ်ဆီမှ လှေငယ်တစ်စင်းသည် သူတို့အိမ်များရှိရာဘက်သို့ ကပ်လာသည်။ လှေကလေးသည် မွှေးတို့ရေဆိပ်တွင် ရပ်နားလိုက်၏။ လရောင်အောက်တွင် တစ်ယောက်တည်းသော သူငယ်၏ လှုပ်ရှားဟန်များကို အတွတ် အားလုံးမြင်နေပေသည်။ လူငယ်သည် မွှေးတို့ခြံထဲသို့ ဖြည်းညင်းစွာ ဝင်၍သွားလေသည်။
“ဖရက်များလေလား”
ဤသွင်ပြင်ကို သူ ဘာမှ မမှတ်မိစရာမရှိ၊ ဖရက်မှ ဖရက်အစစ်ပင်။ သူ၏ရင်တို့သည် တလှပ်လှပ် လှုပ်ရှားစပြုလာသည်။ လူရိပ်သည် ခြံရိပ်တွင် ပျောက်ကွယ်သွားပြီးနောက် မွှေး၏အိပ်ခန်းဘေးမှ မတ်တတ်တံခါးများ ပွင့်၍လာသည်။
ဝရန်တာကို ဖြတ်ကာ လှေကားမှဆင်းလာသော မွှေးသဏ္ဌာန်ကို သူ ပြတ်သားစွာမြင်ရသည်။ မွှေးသည်လည်း မြေပေါ်ရောက်လျှင် ပန်းရုံတစ်ခုအောက်တွင် ပျောက်၍သွားပြန်သည်။
သူတို့နှစ်ယောက် ညတွင်တွေ့ဆုံသည့် စခန်းသို့ပင် ရောက်ပါပကော။
သူသည် မောလှစွာ ပြတင်းဘောင်ကို မှီလိုက်၏။ အသက်ကို မနည်းရှူရသလို၊ ရင်ထဲက ကျပ်၍လာသည်။ မျက်လုံးများကတော့ ခြံဝင်းထဲတွင် ချစ်သူနှစ်ယောက်ကို ရှာမိ၏။
အမှန်တော့ လှပသော ဤညခင်းသည် ချစ်သူတို့အတွက်ပါကလား။ ယခုပင် ညသည် ပို၍လှပလာသည်။ ညဉ့်၏အရှင်နတ်သမီးသည် ချစ်သူနှစ်ဦးတို့အတွက် ဤညများကို ဖန်ဆင်းနေသလား၊ ချစ်သူတို့ တွေ့ဆုံ ချစ်တင်းနှီးနှောဟန်ကို သီဆိုကျူးရင့်ရန်ပင် ငှက်ကလေးများကို တမန်တော်အဖြစ် စေလွှတ်လေသလား။
ကြယ်ပွင့်ကလေးများပင် ပိုမိုတောက်ပလာကာ ပန်းလေးတို့သည်လည်း ငုံရာမှပွင့်လာကြပြီထင်သည်။ လေညင်းရနံ့သည် ပို၍သင်းပျံ့လာပါပကော။
ဪ ... မိရွှေမွှေးကိုလည်း ဆုံးရှုံးရပြန်ပါပကော။ ယခုမှ လက်လွှတ်ရခြင်းသည် ပို၍သေချာလာပြီဟူသောအသိက အတွတ်၏နှလုံးသားကို ဆုပ်၍ဆွဲကိုင် လှုပ်ရှားပစ်လိုက်သည်။
လမင်းသည် အနောက်သို့စောင်းငဲ့လာသောအခါ ကြေးနီရောင်သို့ ပြောင်း၍လာခဲ့၏။ ညဉ့်ငှက်ငယ်သည်ပင် အသိုက်သို့ ပျံပြီဖြစ်၍ မိုးသောက်ယံကို ကြိုမည့် ငှက်ငယ်လေးတို့၏အသံကို ကြားရပေပြီ။
သူကတော့ ပြတင်းဘောင်မှ ခွာမရ၊ ဖရက်သည် မွှေးပခုံးကိုဖက်ကာ လှေကားရင်းအထိ လိုက်ပို့သည်။ ဖရက်၏ရင်ခွင်အတွင်းသို့ မွှေး၏ကိုယ် ယိုင်ညွှတ်သွားသည်ကိုမူ သူသည် မကြည့်ပေ။ မျက်နှာကို လက်ဖဝါးနှင့်အုပ်ကာ ခုတင်ဆီသို့ ပြန်လာခဲ့၏။
နံနက်(၄)နာရီထိုးပြီဖြစ်၍ ဝါးခယ်မဘက်ကမ်းမှ သကျမဟာ သီရိဘုရားကြီးကို မျက်နှာသစ်တော်ရေ ကပ်ချိန်တွင် တီးမှုတ်သော နရည်းသံသည် ငြိမ့်အေး ညက်ညောစွာ လေညင်းတွင် ပါ၍လာသည်။
အတွတ်အဖို့တော့ ဆုံးရှုံးခြင်းအထိမ်းအမှတ်အတွက် တီးခတ်သော နရည်းသံသာတည်း။
* * *
နံနက်တွင် အကြောင်းမရှိဘဲ ခြံနောက်ဘက်တွင် တစ်ယောက်တည်း ဝေ့ကာပတ်ကာ လျှောက်နေသည်။ ရပ်တည်ရာမရ ဆိုသည်မှာ ဒီလိုအဖြစ်မျိုးများပေလား၊
မီးဖိုဆီမှ ဖေဖေ့အသံရော၊ မေမေ့အသံရော ဆူဆူ ဆူဆူနှင့် တစ်လှည့်စီ ကြားနေရပေသည်။ သူသည် ထင်းပုံဘေးမှ မီးဖိုဘက်သို့လှည့်ကာ ထိုင်၍ကြည့်နေ၏။ မေမေ့ရှေ့တွင် အဝတ်တစ်ပုံမှာ ပုံလျက်ဖြစ်နေပေသည်။
“ခေတ်ကြီးက မကောင်းတော့ဘူးဆိုတာ ကိုလင်းမောင်အသိပဲ။ နေ့ သေမလား၊ ညသေမလား မသိတဲ့အချိန်မှာ အစုတ်ပလုတ်ထဲကများ ငွေထွက်အောင် ရှာမနေပါနဲ့တော့၊ အလကားပေးလိုက်တော့ ဘာဖြစ်လဲ”
မေမေ့အသံမှာ ကျယ်သော်လည်း ဒေါသဖြစ်ပုံမပေါ်ပေ။ ဖေဖေ့မျက်နှာကတော့ နီ၍နေပေသည်။
“ငါက ရောင်းရတာ မဟုတ်ပါဘူး၊ မသက်စု သမက်ကိုက ခြင်ထောင်တစ်လုံး ငါးရာကျပ်နဲ့ ရောင်းပါပြောနေလို့"
မေမေက အဝတ်ပုံကို ဆွဲဖွလိုက်ကာ အကောင်းဟူ၍ တစ်ကွက်မျှ ရှာမရအောင် ဖွာလန်ကြဲနေသော ဇာခြင်ထောင်တစ်ခုကို မ, ၍ ကြည့်လိုက်၏။
“အလကားပေးရတာတောင် ပေးရတဲ့သူက ရှက်ဖို့ကောင်းသေး၊ ဒါကို ဘယ်လိုများ ချုပ်မလဲမသိ”
“မင်းအော်လို့ လန့်ပြေးတာ၊ ဒီအစုတ်ကို သူတို့ သေသေချာချာကြည့်ပြီးပြီ၊ ယူမယ်တဲ့။ အမိုးပိတ်ကိုလည်း အင်္ကျီချုပ်ရမယ်တဲ့”
“သိန်းဖေ ...သိန်းဖေ၊ ရော့ အဲဒီခြင်ထောင်ရော၊ ဟို ခေါင်းအုံးစွပ်အစုတ်ရော ယူသွား၊ ဒေါ်သက်စု သမက် စံမောင့်အိမ် သွားပို့”
မေမေသည် သိန်းဖေဘက်သို့ အဝတ်ပုံကို ထိုးပေးလိုက်သည်။
“ရှင်နဲ့ ကိုဘလှနဲ့ အတူတူပဲ၊ သူများတွေ ဒုက္ခရောက်နေပါတယ်ဆိုမှ တယ် ငွေရှာကောင်းတယ်။ မနေ့က တင်တင်ကြီးလည်း ကိုဘလှတို့ကို ဒေါသထွက်လို့"
“ဘာဖြစ်လို့လဲ”
ဖေဖေက မျက်လုံးလေး ပြူး၍ မေးပြန်၏။
“ဘာဖြစ်ရမလဲ၊ မသက်စုတို့ အညာဘက်က ဆန်ပို့တုန်းက ငွေလိုတာနဲ့ မြလက်ကောက်နဲ့ ရွှေငါးကျပ်သား ကိုဘလှတို့မောင်နှမဆီ ထားခဲ့ပြီး ယူတယ်။ ခု ငွေပေါ်လို့ သွားရွေးတော့ မြလက်ကောက်ဟာ ရောင်းတာဆိုပြီး အပိုင်ယူထားလိုက်တယ်”
“သူတို့က စာမချုပ်ဘူးလား”
“ဪ ... တင်တင်ကြီးဆီမှာ ထားတုန်းကလိုပေါ့၊ ဒီလိုပဲ ယုံကြည်မှုနဲ့ထားနေကျပေါ့။ ခုတင်တင်ကြီးက မတတ်နိုင်တော့ ဟိုသွားတာပဲ။ ကိုဘလှနှမကလည်း မသိတာမဟုတ်။ မသက်စုက ဇာတ်စုံလာခင်းတယ်၊ စံမောင့်လှေကလည်း စက်သေနတ်ထိပြီး နစ်လို့။ ဒီကြားထဲကများ ရှင်က ခြင်ထောင်တစ်လုံး ငါးရာကျပ်နဲ့ ရောင်းစားချင်သေးတယ်။ မြို့ရေးရွာရေးဆိုလည်း သူတို့မောင်နှမ ဘယ်တုန်းက ပါခဲ့လဲ။ အင်္ဂလိပ်ခေတ် လယ်တွေရေမြုပ်တုန်းကများ သူတို့က လယ်သမားတွေအပေါ် တစ်ပြားအလျှော့မပေးခဲ့ဘူး။ လည်ပင်းညှစ်ပြီး သူတို့ရဖို့သာ မရမက ယူခဲ့တယ်။ ဒါကြောင့်လည်း တင်တင်ကြီးနဲ့ မျက်နှာချင်းဆိုင်မရကြတာ”
ဖေဖေက မျက်နှာကြီးနီကာ ငုံ့နေရာမှ တစ်ချက်ဝင်ပြောပြန်သည်။
“မင်း ...တင်တင်ကြီးကတော့ တရားလွန်ပါတယ်။ ကိုယ့်အခြေအနေပျက်လာတာတောင် သားတွေကို စီးပွားရေးမလိုက်စေရဘူး၊ နိုင်ငံရေးပဲ”
“ဒါကတော့ တိုင်းပြည်အတွက်ဆိုရင် တစ်ကြောင်းမကူ တစ်ကြောင်းကူရမှာပဲ။ ကျွန်မတို့သားကို နိုင်ငံရေးမှာ မထည့်နိုင်တော့ တို့ဗမာအစည်းအရုံးကစပြီး ငွေရေးကြေးရေးနဲ့ ကူခဲ့ရတာပဲ။ ခုလဲ အခြေအနေကတော့ တစ်ခုခုပြောင်းလဲလာဦးမှာပဲ”
မေမေသည် ရှေ့စကားမဆက်တော့ဘဲ ထ၍သွားတော့သည်။ အတွတ်ကမူ ထင်းပုံဘေးမှ ရွှေ့၍မရ၊ ဘာတွေများ ပြောင်းလဲလာဦးမှာလဲ။ မေမေက သူ့ကို ကလေးလေးလို နေရာမပေးဘဲ ဖယ်ထားလွန်းလှသည်ဟု သူ့စိတ်ထဲမှာ ထင်မိ၏။
မျက်လုံးထဲမှာ ညကမြင်ကွင်းသည် မပျောက်နိုင်သေး။ ဤ ဒေါ်တင်တင်ကြီး ဤဦးဘလှဆိုသော အခြေခံချင်း လုံးဝမတူကြသည့် နှစ်အိမ်ထောင်မှ ပေါ်ထွက်လာသော သက်တံ့ပေါင်းကူးတံတားတွင် အတူလျှောက်နေကြသည့် မွှေးနှင့်ဖရက်တို့လမ်းခရီးကရော မည်မျှကြာကြာ ခိုင်မြဲပါမည်နည်း။
* * *
မတ်လတော်လှန်ရေးပြီးသည့်နောက် နွေရာသီ၏နှောင်းချိန်သည် သာတောင့်သာယာရှိလှသည်။
နွေရာသီ၏နေရောင်များလို လူတွေ၏ဟန်ပန်များကလည်း ယခုမှ ပွင့်လင်းလှုပ်ရှားဟန်ပေါ်လာတော့သည်။
မွှေးတို့အိမ်ဘက်တွင်မူ ယခင်ကထက် တိတ်ဆိတ်နေသည်မှာ ထူးခြားသည့်အသွင်ပင်ဖြစ်သည်။ ယခင်တစ်ပတ်က တပ်မတော်သား စစ်ဗိုလ်အချို့ လာရောက်တည်းခိုသွားကြ၏။
မွှေးက အတွတ်တို့အိမ်ဘက် မကူးသည်မှာ ကြာခဲ့ပြီ။ တော်လှန်ရေးအချိန်အတွင်းတွင်လည်း အတွတ်တို့မိသားစု ဝါးခယ်မဘက်သို့ ခေတ္တပြောင်းကာ အိပ်ကြ၏။ အတွတ်တို့ ပြန်လာသည်မှာလည်း ငါးရက်လောက်ပင် ရှိသေးသည်။ မွှေးတို့ခြံနောက်ဘက် စည်းရိုးနားရှိ သော်ကပင်ကြီးသည် ရွက်နုတို့နီထွေးထွေးနှင့် ပန်းရောင်များ ဝေလျက်ရှိသည်။
ပွင့်ဖတ်ကြွေများသည် မြေညီခင်းပေါ်ဝယ် ပြန့်ကြဲလျက်ရှိ၏။ မြေပေါ်တွင် ကြွ၍နေသော သစ်မြစ်ကြီးပေါ်တွင် မွှေးသည် တစ်ယောက်တည်း ထိုင်လျက်ရှိသည်။ လက်ထဲမှ ဝါးခြမ်းပြားဖြင့် မြေပြင်ပေါ်ရှိ ပွင့်ဖတ်ကလေးများကို တစ်ခုချင်း ဖယ်၍ပစ်နေသည်။ လက်က လှုပ်ရှားနေသော်လည်း သူ့စိတ်များသည် ပွင့်ဖတ်များနှင့် ဝါးခြမ်းကို ဂရုထားဟန်မတူပေ။ သူတို့အိမ်မှာလည်း အထူးတိတ်ဆိတ်နေသည်။
အတွတ် သူ့အနားတွင် လာရောက်ထိုင်သည်ကိုပင် သူ သတိမထားမိပေ။
“မွှေး”
အတွတ်အသံသည် တိုး၍တုန်ယင်နေသည်။ မွှေးက အတွတ်ကို လှမ်းကြည့်လိုက်သော်လည်း အံ့ဩပုံမရ၊ ငြိမ်လွန်းလှသည်။
“မေမေက ပြောလို့ မင်းကိုလိုက်ရှာလိုက်ရတာ။ ဒီမှာ လာကုပ်နေတာကိုး၊ မင်း မေမေ့အနားမှာ နေဖို့ ကောင်းတယ်”
အတွတ်က အားငယ်ဟန်နှင့် ဆို၏။
“မေမေက စိတ်ထိန်းနိုင်ပါတယ်။ မွှေးသာ စိတ်မထိန်းနိုင်လို့ တစ်နေရာတည်း ရပ်မနေချင်ဘူး”
“ဒီသတင်းက ဘယ်လောက်မှန်မှာလိုက်လို့ကွယ်။ သိပ်လဲ စိတ်မပူပါနဲ့”
“တစ်နေ့ကလာတဲ့ စစ်ဗိုလ်ဟာ ကိုကိုအောင်နဲ့အတူတူ အနောက်မြောက်တိုင်းမှာ ဂျပန်တော်လှန်ရေး တာဝန်ကျတဲ့သူတွေပေါ့။ ဒါကြောင့် ကိုကိုအောင် ကျဆုံးသွားတာကို မေမေ့ဆီ လာပြောကြတာ”
သူတို့နှစ်ယောက်လုံးသည် ငြိမ်သက်သွားကြပြန်သည်။ သော်ကပင်ထက်ရှိ ရွက်သစ်တို့မှာ တော်လှန်ရေးမှာ ပေါ်ပေါက်လာသော အင်အားသစ်တို့၏ဟန်ဖြင့် တက်ကြွရွှင်မြူးလျက်ရှိသော်လည်း တဖြုတ်ဖြုတ်ကြွကာ မြေသို့သက်သည့် ပန်းပွင့်အလွှာများကမူ ကျဆုံးရှာသော တော်လှန်ရေးရဲဘော်များကို ကိုယ်စားပြုဟန်ရှိသည်။
“ဖေဖေကတော့ မနက်ဖြန်ကို ရန်ကုန်သွားမလို့။ ဟိုမှာ အတွတ် ကျောင်းနေဖို့အတွက် စီစဉ်မယ်လို့ ဆိုတာပဲ”
“ကောင်းပါတယ်၊ မွှေးတို့တော့ ဘာလုပ်ရမယ်မသိဘူး။ ဂျပန်ခေတ်မှာ ၁၀ တန်းအောင်ထားတာပဲရှိတယ်”
“အေး... ဒါကြောင့် ခုဖွင့်မယ့် အရေးပေါ်တက္ကသိုလ်မှာ ငါတို့နေနိုင်တာပေါ့။ ဖေဖေနဲ့အတူ ဖရက်တို့အဖေလည်း လိုက်မယ်။ မေမေက ကိုယ့်ကို ဆရာဝန်လိုင်း လိုက်ခိုင်းတယ်၊ ပြီးတော့ အများအတွက် အသုံးကျအောင်လုပ်တဲ့”
မွှေးသည် ပို၍ငြိမ်သက်စွာ နားထောင်နေ၏။ ပြီးတော့ သူ သက်ပြင်းချလိုက်သည်။ သူသည် ဘာကိုများ လေးလေးနက်နက်စဉ်းစားနေသည် မသိပေ။ မျက်လုံးများသည် လဟာပြင်ထဲတွင် တစ်ခုခု ရှာနေဟန်ကိုလည်း ပြ၏။
“မင်းကော အရေးပေါ်တက္ကသိုလ်မှာ ဆက်နေမလား”
“မေမေက ဘာပြောဦးမလဲမသိဘူး၊ မွှေးတော့ နေရမယ် မထင်ပါဘူး၊ အခုဆိုရင် အိမ်မှာ မွှေးဟာ မျက်နှာသာအပေးမခံရပါဘူး။ ဒါကြောင့်လဲ မဟုတ်ပါဘူးလေ၊ တို့အိမ်စီးပွားရေးက ဘာမှ ရှိတော့တာမဟုတ်တော့ အလုပ်လုပ်ချင်လုပ်ရမှာ”
“ဒါနဲ့ ဘာဆိုင်လဲ၊ မျက်နှာသာမပေးတာနဲ့"
“မွှေး ဖရက်ကို ချစ်နေလို့"
အစက သိပြီးဖြစ်သော်လည်း မွှေးပါးစပ်နှင့် တိတိလင်းလင်း ပြောလိုက်သောအခါ အတွတ်စိတ်ထဲတွင် နင့်သွားတော့သည်။ မွှေးသည် ဝါးခြမ်းလေးကို မြေပေါ်တွင် ထောက်လိုက်ပြန်၏။
“မေမေ့ကို ဖွင့်ပြောကတည်းက မေမေက မချစ်နဲ့လို့ ယတိပြတ် ပြောတာ၊ ခက်တာက အတွတ်ရေ ... မွှေး ဖရက်ကို မချစ်ဘဲနေလို့မရဘူး၊ စိတ်ကလည်း ဘာကြောင့်ထိန်းမရလဲမသိ။ ကိုယ်သွားတော့မယ်"
မွှေးသည် မျက်နှာကိုငုံ့ကာ သူ့အပါးမှ ထ၍သွားတော့သည်။ အတွတ်ကမူ ဘာလုပ်ရမှန်းမသိ၊ ကြောင်၍ကျန်ရစ်၏။ နောက်မှ ကြီးကြီးတင်ကို သွားတွေ့ရန် ထသွားလိုက်မိသည်။
ကြီးကြီးတင်သည် အနောက်ဆောင်ခန်းတွင်ပင် ဆေးလိပ်ပတ်ရန် ချည်ရစ်လျက်ရှိသည်။ သူ့မျက်လုံးများသည် အားနည်းနေပုံရ၍ စိက်မပျော်ဟန်ပြသော်လည်း သူ့စိတ်ကို အလုပ်တစ်ခုခုပေး၍ ဖြေနေပုံလည်းရပေသည်။
သူ့ကို မြင်မြင်ချင်းပင် “ထိုင်ဟေ့ သားရေ၊ ရေနွေးကြမ်း သောက်ဦး” ဟု စ၍နှုတ်ဆက်သည်။
အတွတ်က ခပ်ကျုံ့ကျုံ့ပင် ထိုင်နေသော်လည်း ဘာစကားပြောရမှန်းမသိသလိုဖြစ်နေသည်။
“မိမွှေးကို တွေ့ရဲ့လား”
အဘွားကြီးက ထပ်မေးပြန်၏။
“ဟုတ်ကဲ့ တွေ့ပါတယ်။ ကိုအောင် တိုက်ပွဲကျတယ်ဆိုတာ မေမေပြောပေမယ့် မယုံလို့ မွှေးပြောပြမှပဲ ယုံတော့တယ်"
“အေး ... ဟုတ်ပါတယ်။ သားတို့အဖေလည်း နက်ဖြန် ရန်ကုန်လိုက်မလို့ဆို"
“ဟုတ်ကဲ့”
“အတွတ် ကျောင်းနေဖို့အတွက် စီစဉ်မယ်ဆိုတာ ဟုတ်လား”
“ဟုတ်ပါတယ်။ မွှေးကိုရော ကျောင်းဆက်ထားဦးမလား ကြီးကြီး”
“သူ အလုပ်လုပ်ရမယ်ထင်တယ်၊ ဖရက်နဲ့မွှေးတို့အကြောင်း သိပြီးပြီလား။ ငါ့သားကတော့ မောင်နှမလိုပဲဟာ သိသင့်ပါတယ်”
အဘွားကြီးအမေးမှာ ရှင်းခနဲဖြစ်သွားလွန်း၍ အတွတ် ဘာပြန်ဖြေရမှန်းမသိပေ။
“ကြီးကြီးတင် စိတ်ထဲမှာ သား ကျဆုံးသွားတာကို ဂုဏ်ယူနိုင်သလောက်၊ မွှေး ဖရက်နဲ့ကြိုက်သွားတာကို ရင်နာလို့မဆုံးဘူး။ သူ တစ်နေ့ သိမှာပဲ။ ခုနစ်တန်း၊ ရှစ်တန်းပညာနဲ့တွက်တောင် ရသေးတယ်။ အက္ခရာသင်္ချာသဘောလိုပဲ၊ အခြေခံချင်းမတူတဲ့ ဂဏန်းနှစ်ခုဟာ ဘယ်မှာပေါင်းလို့ရမလဲ။ ရိုးရိုးဂဏန်းမှာ သုံးနဲ့နှစ် ပေါင်းရင် ငါး ဖြစ်နိုင်သေးတယ်။ အက္ခရာသင်္ချာမှာ က နဲ့ ခ ဟာ ပေါင်းလို့ ငါးဆိုပြီး ဘယ်မှာလုံးသွားမလဲ။ အလယ်က အပေါင်းဂဏန်းကြီး ခံပြီး က အပေါင်း ခ ဖြစ်မှာပဲ။ အလကားပဲကွယ်။ မိန်းကလေး သိပ်မှားတာပဲ”
အတွတ်မှာ ကရော ခရော နားထဲတွင် လုံးထွေးသွားကာ ငိုင်မြဲငိုင်မိ၏။ စိတ်ထဲမှာလည်း ရှုပ်ရှုပ်ပွေပွေဖြစ်သွားသည်။ ဘာကို ပြောရပါ့မလဲ။ ကြီးကြီးတင် နှစ်သိမ့်အောင် ပြောရမလား၊ ဖရက်အကြောင်းပြောရမလား၊ ဒီလိုဝင်ရောက် စွက်ဖက်နိုင်လောက်အောင် သူသည် အရွယ်ရောက်ပြီလား။ သူ့ကိုနေရာထား၍သာ ကြီးကြီးတင်ကလည်း ပြောခြင်းဖြစ်သည်။
“ငယ်ရွယ်သူတွေဆိုတာကတော့ စိတ်ကူးယဉ်တတ်တာပဲ။ ခုနေ ကြီးကြီးတင် ဇွတ်ဝင်ပါရင် ငယ်စိတ်ကြွနေတုန်း မဟုတ်တရုတ်တွေဖြစ်သွားနိုင်တယ်။ အရှိန်ကျသွားတဲ့အခါကျတော့လည်း မြင်လာမှာပေါ့”ဟု ကြီးကြီးတင်က ဆက်ပြော၏။
အိမ်ရှေ့ဘက်မှ ပစ္စည်းများရွှေ့သံ၊ သယ်ယူသံများ ကြားနေရပေသည်။
“ကြီးကြီး ဘယ်သူတွေ ဘယ်ပြောင်းလို့မလဲ”
ခုမှပဲ အတွတ်က စကားစရှာရတော့၏။
“သူဇာနဲ့ မူရာ ရန်ကုန်ပြောင်းတော့မယ်။ မူရာ့ယောက်ျားလည်း ဦးဝိစာရလမ်းကအိမ် ဂျပန်လက်ထဲက ပြန်ရသတဲ့"
“ဪ ... ကျွန်တော်တော့ ကိုကိုအောင်ကို ဘယ်တော့မှ မေ့မှာဟုတ်ပါဘူး၊ အမြဲသတိရနေတယ်။ ကိုကိုအောင်တို့လိုလူတွေ အသေခံတိုက်လို့သာ ကျွန်တော်တို့တစ်တွေ စာအေးအေး ပြန်သင်နိုင်ရတော့မယ်ဆိုတာကိုတော့ ကျွန်တော် အမြဲသတိရနေမှာပဲ”
“ကျေးဇူးတင်ပါတယ် သားရယ်၊ အမှန်တော့ လက်နက်စွဲကိုင်ပြီး တပ်ထဲဝင်တဲ့သူတွေသာ ကျေးဇူးတင်ထိုက်တာ မဟုတ်ပါဘူး။ ဒီတော်လှန်ရေးမတိုင်ခင် လက်နက်မဲ့ဘဝနဲ့ ဗြိတိသျှအစိုးရကို အံတု တိုက်ခိုက်လို့ စစ်ဖိနပ် ပုလိပ်ဖိနပ်အောက်မှာ လှိမ့်ခံခဲ့ရတဲ့ လယ်သမားကြီးတွေ အလုပ်သမားကြီးတွေဟာလည်း လွတ်လပ်ရေးရဲ့ ကျေးဇူးရှင်တွေပဲ”
ကြီးကြီးတင်အသံမှာ သိမ်မွေ့၍ အေးလှသည်။
“ကျွန်တော်တို့လည်း တိုက်ရေးခိုက်ရေးမှာတော့ မစွမ်းဘူး။ မေမေက စာမေးပွဲအောင်ရင် ငွေထက် လူတွေရဲ့ အသက်ကို ကယ်နိုင်အောင် ကြိုးစားဖို့ပြောပါတယ်။ ဒါကြောင့် ဆရာဝန်လိုင်း လိုက်ခိုင်းတာပဲ”
“ကောင်းပါတယ်၊ လူတွေဟာ မေတ္တာဗြဟ္မာစိုရ်ဆိုတဲ့ စိတ်နဲ့ အများအတွက် အနစ်နာခံနိုင်တဲ့စိတ် နှစ်ခုပေါင်းရှိမှ လူ့ဘဝဟာ အဓိပ္ပာယ်ရှိတာပဲ။ နို့မို့ရင် လူဟာ အခြားသတ္တဝါနဲ့ ဘာများကွာတော့မလဲ”
“ဟုတ်ကဲ့၊ မွှေးအတွက်လည်း သိပ်မစိုးရိမ်ပါနဲ့။ သူဟာ သိပ်မဆိုးပါဘူး၊ ဆိုးဆိုးရွားရွားလည်း မဖြစ်နိုင်ပါဘူး”
“အေး မင်းနှမကံပေါ့။ ကြီးကြီးတင်က ထိန်းပေးနိုင်ရုံပဲ။ သားသမီးအပေါ် နိုင့်ထက်စီးနင်းဆိုတာလဲ မလုပ်ချင်ဘူး”
“ကျွန်တော် ပြန်ဦးမယ် ကြီးကြီးတင်"
သူသည် နှုတ်ဆက်ကာ အိမ်ရှေ့ဘက်သို့ လှည့်ထွက်လာခဲ့၏။ အလယ်ခန်းမတွင် မအေးသည် တောသို့ ဖောက်သည်ပေးမည့် အထည်ကြမ်းများကို ချုပ်လုပ်နေသည်။ မွှေးကလည်း အနားက စက်တစ်လုံးဖြင့် ဘော်လီချုပ်နေသည်။ သူ့ကို လှမ်း၍နှုတ်ဆက်သော်လည်း မွှေးမျက်နှာက မပြုံးပေ။
* * *
ကျောင်းဖွင့်ရက်သည် တဖြည်းဖြည်း နီးကပ်လာ၏။ အတွတ်နှင့် ဖရက်တို့မှာ စာအုပ်နှင့်ပစ္စည်းပစ္စယများကို တိုင်တိုင်ပင်ပင် ပြင်ဆင်နေသည်။ မွှေးကိုမူ အတွတ်သည် ယခင်ကထက်ပင် အမြင်ရ ဝေး၍လာတော့သည်။
လဆန်း(၁၄)ရက် ညများသည်လည်း ရာသီသို့လိုက်၍ ပြောင်းလဲခဲ့၏။ တစ်ခါတစ်ရံ ညတွင် နှင်းမှုန်တို့ သွန်ကျ၍ လရောင်ခြည်ကို ရွှန်းရွှန်းပပ မမြင်ရခဲ့။ တစ်ခါတစ်ရံ နွေ၏ရွက်သစ်ဦးများပေါ် တွင် သစ်လွင်သော လရောင်ခြည်ကို တွေ့လိုက်ရ၏။
မိုးသို့တိုင်လျှင် လဝန်းသည် တိမ်ညိုတို့နောက်မှ ကောင်းကင်ကို ထွန်းပနေသော်လည်း လဝန်းကို မမြင်စွမ်းနိုင်ပါတကား။
ဤကုန်ခဲ့သော လဆန်း (၁၄)ရက် ညများတွင် အတွတ်အဖို့ လဝန်းကို မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ရွှန်းပသောရောင်ခြည်သည် ကောင်းကင်တွင် ဖြိုးဖြိုးဝေနေသည့်နောက် ဤစကြဝဠာ၏ တစ်နေရာရာတွင် လမင်းရှိနေလိမ့်မည်ကို မှန်းဆနိုင်မည်ဖြစ်၏။
မွှေးတို့နှစ်ယောက် တွေ့ဆုံကြပုံကိုလည်း သူတပ်အပ်သေချာစွာ မမြင်ရပေမယ့် မြူးကြွနေသော ချစ်ရောင်ခြည်များ ယှက်သမ်းနေသည့်နောက် ဤလှပသော ခြံကြီးတစ်နေရာတွင် မွှေးနှင့်ဖရက် ချစ်သူနှစ်ယောက်ရှိနေကြမည်ကို အတွတ်က သိ၏။ ယခင်ကုန်ခဲ့သော လဆန်း (၁၄)ရက်နေ့ ညများတွင်တော့ အတွတ်သည် ဘယ်တော့မှ အိပ်မပျော်ခဲ့။
အကယ်၍သာ သူတို့ ကျောင်းကိုသွားကြရပြီဆိုလျှင် လဆန်း (၁၄)ရက်ညများတွင် မွှေးတစ်ယောက် ဘယ်လိုများ ရှိနေရှာမည်နည်း၊ အတွတ်က မွှေးအတွက် သနား၏။
ဝါဆိုဦးညများတွင် အဖိတ်နေ့သို့တိုင်လျှင် ဝါးခယ်မဘက်မှ အာရုံတော်ဝတ်အသင်း၏ ညဉ့်ဘက်လှည့်လည်၍ ချိုချဉ်ခဲဖွယ်များ ခံယူရင်း တီးမှုတ်သွားသော တေးသံများသည် မြစ်ပြင်ကိုဖြတ်၍ မွှေးတို့ရှိရာသို့ လွင့်လာခဲ့ပါလျှင် ကိုယ်ထီးကျန်ဖြစ်သော မွှေးတစ်ယောက် ရင်နင့်ကာ လွမ်းနေရှာမည်လား။ မြစ်ပြင်ကြီးကမူ လရောင်အောက်တွင် တသွင်သွင် စီးမြဲစီးနေမည်သာတည်း။ လဝန်းသည်လည်း မှန်မှန်ပင် ပြည့်ကာ တစ်လပြီးတစ်လ ကုန်လွန်မည်သာတည်း။ ယခုလည်း လဝန်း ပြည့်သည်နှင့်အမျှ သူတို့ကျောင်းဖွင့်ရက်သည် နီးကပ်လာ၏။ နီးလာသည်နှင့်အမျှ အတွတ်အဖို့ သူချစ်သောမြေ၊ သူချစ်သော မြင်ကွင်းတို့နှင့် ခွဲခွာရမည့်အချိန်သည်လည်း မဝေးတော့ပေ။ အနောက်ဘက်လယ်ကွင်းများထဲတွင် စပါးစေ့များသည် အိပ်ပျော်ရာမှ နိုးကြ၊ နိုးရာမှ နေရောင်ခြည်ကို ပြူ၍ကြည့်ကြ၏။
သွန်းသွန်းဖြိုးကာ ရွာကျလာကြသော မိုးပန်းမိုးပွင့်တို့တောအလယ်ဝယ် ခြုံထည်စိမ်းလေးများနှင့် စပါးစေ့လေးတို့ မြူးပျော်ကြ၏။ အရှေ့မြောက်လေသည် စပါးပင်လေးများပေါ်သို့ နှင်းမှုန်များ ကြဲလိုက်လျှင်မူ ခြုံထည်စိမ်းကိုစွန့်၍ အဝါရောင်ဝတ်ရုံကို လဲကြပြန်သည်။
ဆောင်းနှောင်းသို့ တိုင်လျှင် စပါးစေ့လေးတို့သည် ငိုက်မျဉ်း ကိုင်းညွတ်ကာ ပတ်ကြားအက်ထဲ၌ နားနေအိပ်စက်ရမည့်အချိန်ကို စောင့်မျှော်နေကြသည်။ ယခုတော့ ထိုမြင်ကွင်းများကို စွန့်၍ အတွတ်သည် ကျောင်းသို့သွားရပြန်ဦးတော့မည်။
မိုးဦးကျလာချိန်တွင် ရန်ကုန်သို့ ဖရက်တို့သားအဖနှင့်အတူ အတွတ်တို့သားအဖ ထွက်လာခဲ့ကြသည်။ ဝါးခယ်မတွင် ဖရက်၏အဒေါ်ကြီးတစ်ယောက်သာ ဆရာမ လုပ်၍ ကျန်ရစ်ခဲ့သည်။ အတွတ်အဖို့ ငယ်ငယ်တုန်းကလိုပင် နွေမှာ အိမ်သို့ပြန်၍ မိုဦးတွင် ကျောင်းသို့လာခဲ့ရ၏။
တက္ကသိုလ်မှာလည်း ရွှေဘုံသာလမ်း အရေးပေါ်တက္ကသိုလ်မှ အင်းလျားကန်ဘေး တက္ကသိုလ်သို့ ပြောင်းရွှေ့လာခဲ့သည်။ တက္ကသိုလ်တွင်မူ ဖရက်က အဆောက်အဦးအင်ဂျင်နီယာဘက်လိုက်၍ အတွတ်က ဆရာဝန်ဘက်ကို လိုက်သည်။ ဖရက်သည် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်တိုင်း အတွတ်နှင့်အတူ ပါလာခဲ့၍ တစ်ပတ်ခန့် ဝါးခယ်မတွင် နေပြီးမှ ပြန်သည်။ သုံးနှစ်မြောက် နွေရာသီကျောင်းပိတ်ရက်တွင်မူ ဖရက်သည် အတွတ်နှင့်အတူ ပါမလာတော့ပေ။
အတွတ်သည် ဖရက်ကိုယ်စား ရှည်လျားသော စာများကိုသာ မွှေးထံသို့ ယူခဲ့၏။ မွှေးမှ စိတ်ချမ်းသာပါစေတော့ဟု စာကိုယူလာခဲ့ရသော်လည်း ကိုယ်တိုင်ပေးရသောအခါတိုင်း ရင်ထဲမှာ နင့်၍သွား၏။ မွှေးကတော့ ချစ်သူထံမှ စာရသောအခါတွင် မျက်နှာလေးမှာ ဝင်းထိန်သွားတော့သည်။
“မွှေး... မင်းကို ချစ်လွန်းလို့ စိတ်မှ ချမ်းသာပါစေတော့လို့ ဒီစာတွေကို ငါ့လက်နဲ့ ယူလာခဲ့ရတာ။ ငါဘယ်လောက်ရင်နာမယ် ဆိုတာတော့ မွှေးမသိဘူး”
သူသည် ဖရက်ထံမှစာကို မွှေးအား ပေးရတိုင်း နှုတ်ခမ်းများပင် တလှုပ်လှုပ်ဖြစ်ကာ ဖွင့်၍ပြောလိုက်ချင်သည်။ သို့သော် သူ့ထုံးစံအတိုင်း ပါးစပ်ဖျားတွင် စကားလုံးများသည် ပျောက်ကွယ်၍သွားကြသည်။
ကျောင်းဖွင့် အပြန်ရက်တွင်မူ ကြီးကြီးတင်ထံမှ သူ မမျှော်လင့်သောစကားကို ကြားလိုက်ရ၏။
“ဒီတစ်ခါ အတွတ်ကျောင်းပြန်သွားရင် မွှေးကို ရန်ကုန်ထည့်ရလိမ့်မယ်”
သူသည် ဝမ်းသာအံ့သြသလို၊ ရုတ်တရက် အာမေဍိတ်သံ ထွက်၍သွား၏။
“ဟုတ်တယ်၊ ဟိုမှာ အလုပ်လုပ်ဖို့ မူရာနဲ့ စီစဉ်ပြီးပြီ။ မွှေးက မူရာတို့အိမ်ကနေ အလုပ်တက်လိမ့်မယ်”
“ကောင်းတော့ ကောင်းပါတယ်ခင်ဗျာ။ ပိုကောင်းတာကတော့ သူကျောင်းဆက်နေနိုင်ရင်"
“ဒါကတော့ အတိုင်းထက်အလွန်ပဲ၊ ဒါကတော့ မဖြစ်နိုင်သေးဘူး”
ကြီးကြီးတင်က ဒါပဲပြောကာ သူနှင့်စကားစပြတ်သွား၏။
သူသည် အိမ်ကြီးကို ပတ်လည်လှည့်ကာ မွှေးကိုရှာရပြန်သည်။ အိမ်ကြီးသည် ခြောက်သွေ့နေ၏။ ပန်းခင်းများမှာလည်း ယခင်ကလောက် စည်စည်ပင်ပင် မရှိတော့ပေ။ ခြေမသန်သော ဘကြီးကို အိမ်ဦးခန်းတွင် တွေ့ရ၍ အစုတ်အပြဲတစ်ပုံကို သီချင်းတကြော်ကြော်နှင့် လက်ချုပ်ချုပ်နေသော မွှေးအဖေကိုလည်း ထိုဘကြီးအနားတွင် တွေ့ရပြန်သည်။
သူသည် အနောက်ဆောင်ဘက်သို့ ကူးခဲ့၏။ မီးဖိုထဲတွင် ထမင်းချက်နေသော အေးကို လှမ်းမြင်ရ၏။ မွှေးကိုမူ အနောက်ဆောင်ရှိ စက်ပေါ်၌ ဘော်လီချုပ်နေသည်ကို တွေ့ရသည်။
“မင်း ရန်ကုန်လိုက်ရတော့မယ်ဆို"
မွှေးသည် သူ့ကိုမော့်ကြည့်ကာ ပြုံးလိုက်၏။ မွှေး၏အပြုံးသည် ပေါ့ပေါ့ပါးပါး မရှိလှပေ။
“ဒီလိုဆို မင်း ပိုပြီးစိတ်ချမ်းသာမှာပေါ့နော်”
အတွတ်က စက်ခုံပေါ် လက်ထောက်ကာ ခပ်တိုးတိုး မေးပြန်သည်။
“တကယ်လို့သာ ကျောင်းနေဖို့ ဟန်နဲ့ပန်နဲ့ သွားရရင်တော့ ဝမ်းသာစရာပေါ့။ အခုတော့ အလုပ်လုပ်ရမှာ၊ ပြီးတော့ မောင်နဲ့လည်း မတွေ့ရဘူးတဲ့။ မေမေက ကတိတောင်းတယ်”
အတွတ်သည် ပါးစပ်ကလေး ဟ၍ သွားသည်။
"မောင်"
သူက ထပ်၍ဆိုလိုက်၏။
“ဖရက်ကို ပြောတာပါ”
မွှေးသည် ရှက်ဟန်ဖြင့် ခေါင်းငုံ့သွားရင်း စကားဆက်ပြော၏။
“ဒီမှာက မမအေးတစ်ယောက်တည်း စက်ချုပ်တဲ့ ဝင်ငွေနဲ့ဆိုတော့ သိပ်အဆင်မပြေဘူး။ မွှေးပညာတွေ သင်ထားတော့ အိမ်ကို ကူဖို့ အလှည့်ရောက်လာပြီပေါ့”
“အေးကွယ်၊ ပစ္စည်းဆိုတာ သင်္ခါရပါပဲ”
သူက လူကြီးလေးလို ညည်းလိုက်၏။ နားထဲမှာတော့ “မောင်” ဆိုသောလေသံမှာ ခုန်ကာ ပျံကာ ရစ်ဝဲ၍နေတော့သည်။
ထိုနေ့က ထမင်းစားပြီးမှ မွှေးတို့အိမ်က ပြန်ခဲ့သည်။ ဘယ်သူနှင့်မှ စကားမပြောတော့ဘဲ သူ့အိပ်ခန်းရှိရာသို့ တောက်လျှောက် တက်လာခဲ့သည်။ အိပ်ခန်းထဲတွင်မူ မေမေ့ကို မမျှော်လင့်ဘဲ သူတွေ့ လိုက်သည်။
“သား အခုမှ ပြန်လာတာလား၊ ထမင်းစားချိန်ကတောင် အခေါ်လွှတ်မလို့၊ သိန်းဖေကို ပြောသွားတယ်ဆို၊ မွှေးတို့အိမ်မှာစားမယ်လို့”
“ဟုတ်ကဲ့ မေမေ”
သူသည် ခုတင်ပေါ် အသာလှဲလိုက်၏။
“သားကို မေမေစကားပြောချင်လို့ စောင့်နေတာ”
ထူးထူးဆန်းဆန်း သူ့ကို လူရာသူရာ မေမေက သွင်း၍ စကားပြောချင်သည်ဆိုတော့ သူ့မှာ တအံ့တဩဖြစ်သွားရပြန်သည်။
“သားက ကျောင်းမှာ လူပျိုဖားဖားအဖြစ်နေတော့ ရည်းစားတွေ ဘာတွေများ ရှိလားလို့”
မေမေက သူ့ကို စေ့စေ့ကြည့်ကာ မေးလိုက်၏။
သူသည် မဲ့ပြုံးလေး ပြုံးလိုက်ကာ ...
“မရှိပါဘူးမေမေရာ၊ သား ဘယ်သူ့ကိုမှ ချစ်လို့မရပါဘူး”
သူက အဓိပ္ပာယ်နှင့် ပြောသည်ကို မေမေက နားလည်မည်မဟုတ်။ မွှေးကလွဲ၍ ဘယ်မိန်းကလေးကိုမှ ချစ်မရသည်ကို သူ့ကိုယ်သူသာ သိပေမည်။
“ဒီလိုဆို မေမေ မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ချင်လို့”
“ဘာ”
အတွတ်သည် မိန်းကလေးတစ်ယောက်ကို ချစ်ရမည်ဆိုသည်ကိုပင် လန့်၍သွား၏။
“ဒါကတော့ ဓမ္မတာပဲ။ သားကို ဇာတ်စုံခင်းရဦးမယ်။ မေမေတို့နှစ်အိမ်ထောင်ဟာ ဘိုးဘွားကစပြီး ဒီနေရာမှာ အခြေစိုက်လာတာ၊ အမျိုးလိုဖြစ်နေပြီ။ ဒါပေမယ့် တင်တင်ကြီးမှာ အခန့်မသင့်တော့ စီးပွားကလဲပျက်၊ လင့်ရောဂါကလဲ ကုမရတော့ဘူး။ သားကလဲ တော်လှန်ရေးမှာကျသွားတော့ သူ့စီးပွားရေးဟာ တော်တော်ကျပ်သွားတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေကိုလည်း ပညာသင်ပေးရသေးတယ်။ ခုတောင် အေးတစ်ယောက်တည်း စက်ချုပ်တဲ့ဝင်ငွေနဲ့ ဘယ်ဖြစ်မလဲ။ ဒါကြောင့် မွှေး ရန်ကုန်အလုပ်သွားလုပ်ရမယ်”
မေမေ့စကားမှာ ဘယ်ကိုရောက်သွားမှန်း အတွတ်မသိပေ။
“ဒီတော့ သား ဒီဂရီရရင် အေးနဲ့လက်ထပ်ဖို့ အခုထဲက စေ့စပ်ထားရင် မကောင်းဘူးလား၊ တို့များဟာ တင်တင်ကြီးအပေါ် သစ္စာရှိရာ ယိုင်းပင်းရာလဲ ကျတာပေါ့”
အတွတ်သည် မမျှော်လင့်သော စကားအတွက် အတန်ကြာပင် ငိုင်သွားသည်။
“မေမေ သဘောမတူတာကို သားမယူပါဘူး၊ မမအေးကို သားက အစ်မလိုပဲ ချစ်လို့ရတာပါ။ မဖြစ်နိုင်ပါဘူး မေမေရာ"
“လေးလဲ အရွယ်ရောက်ပြီပဲ” '
“ဟာ သူက လှလွန်းပါတယ်”
မေမေ့မှာ သူ့စကားပြန်ပုံကို အံ့သြသလို၊ ရယ်ချင်သလို ကြည့်နေသည်။
“ဒါဖြင့် သား... မွှေးကို”
“မွှေး... မွှေးကို၊ ဟုတ်လား ...”
အတွတ်သည် အသံမြှင့်၍ပြောပြီးမှ
“မွှေးကို ချစ်ချင်ပါတယ် မေမေရာ။ မွှေးက သားကို မချစ်ပါဘူး၊ မချစ်ပါဘူး”
သူသည် တစ်ခါတုန်းကလိုပင် ခေါင်းအုံးကို မျက်နှာအပ်ကာ ဝမ်းနည်းပမ်းနည်း မေမေ့ကို အော်ပြောလိုက်၏။ ဘာမှနားမလည်သော မေမေမှာ သားကို ဆက်မပြောတော့ဘဲ နေရာမှ ထသွားတော့သည်။
အမှန်တော့ မေမေဆောင်ကြဉ်းသမျှကို ထိုစဉ်က လက်ခံလိုက်ပါလျှင်လည်း မွှေးနှင့်လက်ထပ်ဖြစ်နိုင်ပေသေးသည်။ သို့သော် မချစ်ဘဲနှင့် မွှေး၏လင်သားဘဝကိုတော့ အတွတ်က မလိုချင်ပေ။ မွှေးသည် သူချစ်သောသူနှင့် ရကာ စိတ်ချမ်းသာစေချင်သည်။
* * *
သင်္ဘောစက်အရှိန်ကြောင့် ရေပန်းရေဟုန်များမှာ တဖွားဖွား လှိုင်းကြွကာ သင်္ဘောနောက်တွင် ကျန်ရစ်သည်။ အတွတ်နှင့် မွှေးကမူ သင်္ဘောဝရန်တာမှ မခွာကြသေးပေ။ လက်တဝှေ့ဝှေ့ တယမ်းယမ်း ပြကာ နိမ့်တုံမြင့်တုံဖြစ်နေသော ပဲ့ပိုင်းမှသမ္ဗန်ကို နှုတ်ဆက်နေသည်။ သမ္ဗန်ပေါ်တွင် မွှေးမေမေ ဒေါ်တင်တင်ကြီး၊ အတွတ်မေမေ ဒေါ်သောင်းစိန်နှင့် အေးတို့ပါ သူတို့နှစ်ယောက်ကို လက်ပြနေသည်။ တစ်ဖက်ကမ်းရှိ သူတို့အိမ်ရှေ့တွင်မူ အသံကုန်ဟစ်ကာ ခုန်မတတ် လက်မြှောက်ပြနေသော ဖေဖေ့ကို မွှေးက လှမ်း၍မြင်နေရသည်။
မိုးစင်စင်လင်းပြီမို့ မြင်ကွင်းများသည် ထင်ရှားပြတ်သားလာသော်လည်း သင်္ဘောက တဖြည်းဖြည်း ဝေးကွာလာသောကြောင့် သူတို့အိမ်ကြီးများမှာ မှေးမှုန်ကာ ကျန်ရစ်တော့သည်။ မွှေးသည် ထပ်၍မြင်ရဦးတော့မလို လည်ဆန့်၍ မျှော်ကြည့်၏။ သူမွေးကတည်းက တစ်ခါဖူးမျှမခွဲခဲ့သေးသော ချက်မြှုပ်ဇာတိကို ယခုတော့ စွန့်ရပေပြီ။ ကာလမည်မျှကြာအောင်များ အပြင်သံသရာတွင် လည်ရဦးမည်မသိ။ မွှေးသည် အလုပ်သမားတစ်ယောက်လို ထွက်ခွာလာရခြင်းဖြစ်၍ ကျောင်းသားလို တစ်နှစ်တစ်ခါ ပြန်ရမည်ဆိုသော အတွေးမှာ တွေး၍မဖြစ်ပေ။
“တို့များနှစ်ယောက် မြစ်ကြီးကို စုန်လာခဲ့ပြီနော်”
အတွတ်က မွှေးအနားမှ မခွာသေးဘဲ ပြောပြ၏။
“တို့ဘိုးဘွားတွေက ဒီမြစ်ကမ်းခြေမှာ အခြေစိုက်၊ တို့များက ဒီမြစ်ကမ်းကို ခွာပြီး အခြေသစ် အနေသစ်တွေကို ရှာရဦးမယ်နော်”
ယခု အတွတ် ပြောပုံဆိုပုံကတော့ လေးလေးနက်နက်ရှိသည်။ အတွတ်မျက်နှာကို စေ့စေ့ပြန်ကြည့်လိုက်၏။ အတွတ်က စကားဆက်ပြောမြဲ ပြောနေသည်။
“ကိုယ် ကျောင်းသွားစကလဲ ဒီလိုပဲ စိတ်တော်တော်ထိခိုက်တယ်။ အလုပ်လုပ်တယ် ဆိုတာကတော့ သူများစိတ်နဲ့ ကိုယ့်ကိုယ်ကိုး၊ ခွင့်ရတဲ့အခါ ပြန်နိုင်ပါတယ်။ ကျောင်းသားလိုတော့ မလွတ်လပ်ဘူးပေါ့။ စစ်ပြီးခေတ်ဒဏ်တွေပဲ။ ဒီလိုပဲ တောမြို့က မိန်းကလေးတွေ စစ်ပြီးမှ ရန်ကုန်လာအလုပ်လုပ်ကြတာပဲ”
ဝါးခယ်မမြို့သည် သူတို့မျက်စိအောက်မှ လုံးဝပျောက်ကွယ်သွားတော့သည်။ သင်္ဘောကြီးကမူ မြစ်ကို ဆက်၍စုန်လာ၏။
မွှေး၏ရင်ထဲတွင်မူ “ကြက်ကား တတွေး၊ ဒေါင်း တငေးမျှ၊ မဝေးကြဘူး” ဟူသော ကဗျာပိုဒ်ကလေးကို သတိရနေသည်။
ရှင်မဟာသီလဝံသ၏ မွေးရပ်မြေကိုချစ်ရသော နှလုံးသားမှ ထွက်လာသည့် ကဗျာစကားလုံးများတည်း။ သူလည်း မွေးရပ်မြေက စွန့်ခွာရသောအခါတွင် ဆွေးဆွေးမြေ့မြေ့နှင့် တမ်းတစရာများ ပေါ်လာခဲ့၏။ တစ်ဖက်ကလည်း ချစ်သောသူနှင့် နီးရမည်မို့ ဝမ်းပင်သာရမည်လားမသိပေ။ သို့သော်လည်း နီးရမည်ဟူသော စကားလုံးကို မွှေးက ဒိဋ္ဌမတွေးရဲသောအခါ အသက်ရှူရသည်မှာ တင်းတင်းကျပ်ကျပ် ဖြစ်၍လာလေသည်။
* * *
ဒေါ်လေးမူရာသည် ဆင်း၍မကြိုသောကြောင့် အတွတ်က ဦးဝိစာရလမ်းအိမ်အထိ လိုက်ပို့ရသည်။ အိမ်ဝတွင် ဒေါ်လေးမူရာမှာ စောင့်နေဟန် ရှိသော်လည်း မျက်နှာသွင်ပြင်က ပျူပျူငှာငှာမရှိ၊ အေးအေးပင်တွေ့ရသည်။ အိမ်တွင်းဘက်သို့ ထွန်းမောင်ဆိုသူအား လှမ်းခေါ်လိုက်ကာ မွှေး၏ပစ္စည်းများကို တစ်နေရာသို့ သယ်သွားခိုင်း၏။
ဧည့်ခန်းထဲတွင် မွှေးနှင့်အတွတ်တို့ကို ခဏထိုင်ခိုင်းရင်း သူက စကားပြောနေ၏။ အိမ်မှာ နှစ်ထပ်တိုက်အိမ်ဖြစ်၍ ကျယ်ကျယ်ဝန်းဝန်းရှိသည်။ အမှောင်ပျိုးလာ၍ ဧည့်ခန်းတွင် မီးလင်းလာသည်။ ဒေါ်လေးမူရာက အရင်မတ်တတ်ရပ်ကာ “ကဲ...အတွတ်လည်း ကျောင်းဆောင်သွားမှာ မိုးချုပ်မယ်၊ မွှေးနေရမယ့် အခန်းကို မသိန်း လိုက်ပို့လိမ့်မယ်" ဟုဆို၏။
အတွတ်နှင့် မွှေးသည် မသိန်းဆိုသူ နောက်သို့ လိုက်၍သွားကြ၏။ ဧည့်ခန်းဘေး တံခါးမကြီးမှထွက်ကာ တိုက်နောက်ဘက်ဆီသို့ လျှောက်လာကြသည်။ မီးဖို၏အနောက်တောင်ဘက်တွင် ခြေတံရှည်အိမ်တစ်ခုနှင့် အနောက်မြောက်ဘက်တွင် တန်းလျားတစ်ခုကို တွေ့ရသည်။ မသိန်းသည် ခြေတံရှည်အိမ်ဘက်သို့ ခေါ်သွား၏။ အိမ်အောက်တွင် ကားထားကာ အပေါ်မှာ အခန်းနှစ်ခန်း တွေ့ရသည်။
သူတို့သည် မှောင်နေသော လှေကားကို စမ်း၍တက်ရ၏။ လှေကားဆုံးလျှင် လက်ဆွဲမှန်အိမ် ထွန်းထားသော (၁၀၊ ၁၅)ပေခန့်ရှိ အခန်းတစ်ခုထဲတွင် မွှေး၏ပစ္စည်းများကို တွေ့ရသည်။
“ဒါဟာ မွှေးနေဖို့ အခန်းလား”
“ဟုတ်ပါတယ်၊ မနေ့ကပဲ ကျွန်မတို့ ရှင်းထားတယ်"
အတွတ်သည် မွှေး၏မျက်နှာကို လှမ်း၍ကြည့်လိုက်သည်။ မွှေးက ခပ်အေးအေးပင် ပြုံး၍ပြလိုက်သည်။ အတွတ်ကတော့ အံကြိတ်လိုက်၊ သက်ပြင်းချလိုက်လုပ်ကာ မွှေးပစ္စည်းများကို နေရာချပေးနေသည်။
“အတွတ် မိုးချုပ်ပြီ၊ သွားတော့လေ၊ ကျောင်းပိတ်ရက်တွေကျ လာတာပေါ့”
“အင်း "
သူသည် လက်ကိုင်အိတ်ကို ကိုင်ကာ လှေကားမှ တလှမ်းချင်း ဆင်းသွားတော့၏။
အတွတ်သွားလျှင် မွှေးသည် အဝင်တံခါးကို အလုံပိတ်လိုက်၏။ မှန်အိမ်ကို သေတ္တာပေါ်တင်ကာ အိပ်ရာကို ဖြန့်ခင်းလိုက်သည်။ ခေါင်းရင်းပြတင်းကို ဖွင့်လိုက်လျှင် လေအေးများ အခန်းတွင်းသို့ ဝင်လာကြသည်။ သူသည် အိပ်ရာပေါ်သို့ ပစ်လှဲလိုက်၏။ အသက်ကို ပြင်းပြင်းရှူကြည့်သည်။ အသက်ရှူရသည်မှာ မဝသလို ကျပ်တည်းလှသည်။ အခန်း၏အနံ့က မှိုနံ့ဖြင့် အောက်တောင့်တောင့်ဖြစ်ကာ ထိုင်းမှိုင်းလှသည်။
ဘယ်လိုပင် ဆင်းရဲသည် ဆိုပေမယ့် မေမေ့အိမ်က ကျယ်ပြောလှသည်။ လေက လတ်ဆတ်၍ စပါးနှံအနံ့ဖြင့် သင်းပျံ့လှပေသည်။
ဪ ... အမေ၏အသိုင်းအဝိုင်း၊ အမေ၏ပတ်ဝန်းကျင်မှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ပြင်ပလောကသည် စိတ်မော နွမ်းရိစရာကောင်းလှသည်တကား။
အပိုင်း (၃) ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment