ယခုလိုအချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့်မွှေးတို့ အတူတကွ မွှေးဖွားခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင် စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။
* * *
မတ်လသို့ပင် တိုင်သော်လည်း အာရောဂျံ၏နံနက်ခင်းတွင် အအေးငွေ့သည် မပြယ်သေးပေ။ အရှေ့မြောက်နှင့် အရှေ့တောင်ဘက်တွင် ဝန်းရံပတ်နေသော ကျောက်တောင်ကုန်းများကို ဖြတ်ကျော်တိုက်ခတ်လာသော နံနက်ခင်းလေတွင် ဆောင်း၏ နှင်းကြွင်းနှင်းကျန်လေးများသည် တစ်စွန်းတစ်စ ပါလာခဲ့၏။
ဤနေရာကို “အာရောဂျံ" ဟု နာမည်ပေးသူ၏စိတ်ကူးမှာ ယဉ်လွန်းစွတကား။ တကယ်လည်း အဆုတ်နာရောဂါသည်များအတွက် အနားယူရာစခန်းဖြစ်ပေသည်။ အိန္ဒိယပြည်တောင်ပိုင်း၊ မဒရပ်နယ်၊ မဒနာပလီမြို့အနီးတွင် ဖွင့်လှစ်ထားသော အေးချမ်းသည့် စခန်းတစ်ခုပင် ဖြစ်ပေသည်။ အာရောဂျံပတ်ဝန်းကျင်သည် နှစ်မိုင်ပတ်လည်ခန့် ကျယ်ဝန်း၍ မြို့ငယ်ကလေးတစ်ခုလိုပင် အချိုးတကျတည်ရှိပေသည်။
လူနာများနေရာသည်လည်း ရွာငယ်ရှိ အိမ်များကဲ့သို့ပင် လူနာတစ်ယောက်ကို တိုက်ငယ်တစ်လုံးစီနှင့် ထားသော်လည်း ပြွတ်ညပ်ခြင်းမရှိပဲ တစ်ခုနှင့်တစ်ခု ပေ(၅၀)မှ ပေ (၁၀၀) အထိ ခြားသည်။ လူနာများအိမ်၏အနောက်ဘက်တွင်မှ ဆေးရုံ၊ ရုံး၊ စာတိုက်နှင့် စမ်းသပ်ခန်း၊ ခွဲစိတ်ခန်းများ၊ ဓါတ်မှန်ရိုက်ခန်း၊ ဓာတ်မှန်ကြည့်ခန်းများ၊ စာကြည့်ခန်းများနှင့် လူနာလာရောက်ပို့သူတို့ ခေတ္တနားရာ ဧည့်သည်ဂေဟာတစ်ခုလည်း ရှိပေသည်။ အဆုတ်နာရောဂါသည်ကို လာရောက်ပို့သူတို့အတွက် ရောဂါကူးစက်ခြင်းမရှိစေရန် သီးသန့်ထားသော နေရာဖြစ်ပေသည်။ ထိုအဆောက်အဦးတို့နောက် မိုင်ဝက်အကွာလောက်တွင်မှ ဆေးရုံအုပ်ကြီးနှင့် အိမ်ထောင်သည် ဆရာဝန်တို့၏ အိမ်ကလေးများကို စိန်ပန်းပင်များကြားတွင် တွေ့ရပေသည်။
မဒနာပလီမှလာသော လမ်းမကြီးသည် ဆေးရုံဝင်းနှင့် လူပျိုဆရာဝန်တို့အဆောက်အဦးကို အလယ်မှတား၍ထားပေသည်။ လမ်းမကြီးတစ်ဖက်တွင် လူပျိုဆရာဝန်ဂေဟာနှင့် ဘောလုံးကွင်းများကို ကျောက်တောင်လွင်ပြင်တို့အခြေတွင် သပ်ရပ်စွာတွေ့ရပေသည်။
နံနက်ခင်းတွင် အာရောဂျံသည် အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။ ငှက်ငယ်များသည်လည်း စောစီးစွာ နိုးလာကြလေ၏။ လူနာများသည် အိပ်ရာထက်မှာပင် နားနေရင်း အလှည့်ကျလာရောက်ကြည့်ရှုမည့် ဆရာဝန်ကို စောင့်မျှော်ကြရသည်။ လူနာများ၏အစေခံများမှာ ဆရာဝန်ပြန်သွားပြီးနောက် လူနာသောက်ရန်အတွက် နွားနို့၊ ကြက်ဥ၊ ပေါင်မုန့်များကို အဆင်သင့် ပြင်၍နေကြရသည်။
ဒေါက်တာမိုးကောင်းသည်လည်း လူပျိုဆရာဝန်များအနက် မြန်မာပြည်မှ ရောက်လာ၍ သင်တန်းတက်နေသော ဆရာဝန်တစ်ယောက်ဖြစ်သည်။ ဘောင်းဘီအဖြူ၊ အပေါ်ကုတ်အင်္ကျီအဖြူဝတ်ကာ လည်စည်းအညိုကို စည်း၍ထားသော်လည်း သူ့မျက်နှာသည် မြန်မာပီသသောရုပ်တည်း။ အရပ်မြင့်၍ သူလမ်းလျှောက်ပုံမှာ ကြည့်ကောင်းသလိုရှိသည်။ မျက်နှာမှာ ချောမောသည်မဆိုသာသော်လည်း ကြည့်ကောင်းသော လူငယ်တစ်ယောက်ဖြစ်၏။ နံနက်တိုင်း ဖြတ်ကျော်သလိုပင် မဒနာပလီလမ်းမကြီး ဖြတ်၍ ဆေးရုံဝင်းသို့ သူသည် ပေါ့ပါးရွှင်လန်းစွာပင် လျှောက်၍လာသည်။
စိတ်ထဲတွင်တော့ ယနေ့နံနက်သည် ပို၍ရွှင်မြူးစရာကောင်းသလို ဖျတ်ဖျတ်လတ်လတ်ဖြစ်နေသည်။ စိန်ပန်းများသည် ယခုအချိန်တွင် စောစီးစွာ ဖူးနေကာ အကိုင်းအခက်တို့ကြားတွင် ထွက်ပြူစ ပြုနေလေသည်။ ဥဩငှက်တို့သည်လည်း ပန်းဖူးပန်းငုံတို့ကြားတွင် နံနက်တေးကို ရွှင်ရွှင်ကြည်ကြည် သီဆိုနေတော့သည်။ ငှက်ငယ်၏ တေးဆိုသံကို သူသည် တအံ့တဩ ခေါင်းမော်၍ ကြည့်မိ၏။ သူ့ရုံးခန်းသို့အရောက်ထိပင် ဥဩငှက်ငယ်သည် တစ်ပင်မှ တစ်ပင်ကူးကာ လိုက်လာသည်ဟု ထင်ရပေသည်။ ငှက်ငယ်၏ ချိုအေးသောအသံကြောင့် သူ့မျက်နှာတွင် ပြုံးရွှင်လာလေသည်။
ရုံးခန်းသို့ ဝင်လိုက်လျှင် ပြတင်းအပြင်မှ ကိုင်းညွတ်နေသော တမာခက်တို့၏ ရနံ့သင်းပျံ့ပျံ့မှာ သူ့ကိုဆီးကြိုဟန်ရှိသည်။
သူ့လိုပင် ဒေါက်တာအသီးသီးမှာ နံနက်ခင်းတွင် လုပ်ဆောင်ရမည့်တာဝန်များအတွက် စီစဉ်ခန့်ခွဲနေကြပေသည်။ အချို့ဆရာဝန်များမှာ အသစ်ရောက်လာသော လူနာများ၏ရောဂါရာဇဝင်၊ ကိုယ်ခန္ဓာအစိတ်အပိုင်းအခြေအနေကို စစ်မေးရန် သက်ဆိုင်ရာအခန်းသို့ သွားကြသည်။ အချို့ဆရာဝန်များမှာ Tomogrephy ခေါ် အမှောင်ခန်းထဲတွင် လေးထောင့်ကျက်ထားသော မှန်သားအား လူနာ၏ရင်မှာ ကပ်၍ ရောင်ခြည်ထိုးကာ အဆုတ်ကိုကြည့်သောအလုပ်ကို လုပ်ရန် ထွက်ခွာသွားကြသည်။ Screening reading ခေါ် အဆုတ်၏အထဲသို့ ရောက်အောင်အထိ တစ်လွှာချင်း ဓာတ်မှန်ရိုက်ယူရသော အလုပ်ကိုမူ နေ့ခင်းတိုင်မှ လုပ်ကြရသည်။
အချို့ဆရာဝန်များမှာ လူနာသစ်များ၊ တိုင်းရင်းသားအိန္ဒိယသားများအား ကြည့်ရှုစစ်ဆေးလျက်ရှိကြသည်။ တိုင်းရင်းသား ဆင်းရဲသားများနှင့် ခရစ်ယာန်ဘာသာဝင်တို့အတွက်မူ လူနာ(၂၀)ခန့်စီထားသော ဟင်းလင်းပွင့် အခန်းရှည်ကြီးများထဲတွင် အခမဲ့ ကုသခွင့်ရကြပေသည်။
ယနေ့အဖို့ ဒေါက်တာမိုးကောင်းအတွက်မူ လူနာများကို နံနက်ပိုင်း လှည့်လည်ကြည့်ရှုရမည်ဖြစ်ပေသည်။
ဂျွန်ဆင်သည် ဒေါက်တာရှေ့မှ ထွက်ခွာသွားနှင့်ရန် အဆင်သင့်ဖြစ်၍နေပေသည်။ အိန္ဒိယတိုင်းရင်းသားတစ်ယောက် ဖြစ်သော်လည်း ခရစ်ယာန်ဘာသာဝင်ဖြစ်သည့်အတွက် သူ့အမည်မှာ ဂျွန်ဆင် ဖြစ်ဟန်ရှိပေသည်။ ဦးထုပ်ဖြူအပြားကြီးအောက်တွင် ဂျွန်ဆင်၏မျက်နှာသည် မည်းမည်းခန့်ခန့်ကြီး ပေါ်လွင်လျက်ရှိ၏။ ဘောင်းဘီအညိုအပေါ်တွင် ဖားလျားကျအောင်ရှည်သော ရှပ်အင်္ကျီအဖြူမှာလည်း ဂျွန်ဆင်၏အသားရောင်ကြောင့် ပိုမို၍ဖြူဖွေးနေဟန် ရှိပေသည်။
သူ့လက်ထဲတွင်မူ လူနာများတစ်ဦးစီ၏ ရောဂါဖြစ်ပျက်ပုံ အလုံးစုံမှတ်သားထားသော ဖိုင်တွဲများကို ပိုက်ထားလျက်ရှိသည်။ ထိုဖိုင်တွဲများထဲတွင် ရောဂါအခြေအနေဖြစ်ရင်းအစမှ စ၍တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းစသည်တို့ကို အစုံအစေ့ ရေးမှတ်၍ထားသည်။ တစ်ပတ်တစ်ခါ စစ်ပြီးတိုင်း မှတ်တမ်းတင်ထားရသောကြောင့် ထိုဖိုင်တွဲမှာ လူနာများအတွက် အရေးကြီးဆုံးဖြစ်သလို ဂျွန်ဆင်အတွက်လည်း အရေးကြီး၏။ ဤဖိုင်တွဲကို ဆရာဝန်မှလွဲ၍ မည်သူမျှ ကြည့်ခွင့်မရ။ သို့သော် စည်းမစောင့်သော လူနာများက ဆရာဝန်မရောက်ခင် ဂျွန်ဆင်လာ၍ တင်ထားနှင့်သော ဖိုင်တွဲကို ခိုး၍ကြည့်ကြသည်။ ကြည့်ခွင့်ရရန် ဂျွန်ဆင်ကို တစ်ကျပ်လောက်ပေးလိုက်လျှင် ဂျွန်ဆင်က ကျေကျေနပ်နပ်ကြီး ကြည့်ခွင့်ပြု၏။ ဒီလိုနှင့် လူနာများသည် ကိုယ့်ရောဂါအခြေအနေသိအောင်လုပ်ရင်း ဂျွန်ဆင်ကို လုပ်ကျွေးကြသည်။
ဆာရီအဖြူကို ဝတ်၍ ဦးထုပ်ဖြူနှင့် သူနာပြုဆရာမလေး အဘီဂေးလ်မှာမူ ဒေါက်တာနှင့်အတူ လိုက်ပါရန် အဆင်သင့်ပင်ဖြစ်၍နေပေသည်။ အဘီဂေးလ်သည် ထိုဆေးရုံ၏ အဆုတ်နာလူနာဟောင်းတစ်ယောက်ပင် ဖြစ်ပေသည်။ သူ့ရောဂါပျောက်သွားပြီးနောက် အခြားသို့မသွားတော့ဘဲ ထိုဆေးရုံတွင်ပင် အလုပ်ဆက်၍လုပ်နေပေသည်။ သူ့ကိုယ်သည် သွေ့ခြောက်ခြောက်၊ ရှည်လျားလေးမို့ လမ်းလျှောက်လျှင် အဝတ်ဖြူတလွင့်လွင့်နှင့် ဝိညာဉ်ကလေးတစ်ခု ရွေ့လျားနေသလို ထင်ရသည်။ အင်္ဂလိပ်စကားကို သွက်လက်စွာ ပြောတတ်သော်လည်း အိန္ဒိယတောင်ပိုင်းသားတို့လို အသံဝဲကာ လျှာလိပ်လွန်းလှပေသည်။
ဂျွန်ဆင်မှာ ရှေ့ကထွက်သွားနှင့်ပြီဖြစ်၍ ဒေါက်တာမိုးကောင်းနှင့် အဘီဂေးလ်သည်လည်း နောက်မှလိုက်ကြရန် ပြင်ဆင်နေကြသည်။
“ဟဲလို ...ကောင်းသောနံနက်ခင်းပါ ဒေါက်တာမိုး”
အင်္ဂလိပ်လို နှုတ်ဆက်လိုက်သော အသံတစ်သံမှာ အပြင်ထွက်ရန် ပြင်နေသော ဒေါက်တာမိုးကောင်း၏ခြေလှမ်းများကို ရပ်တန့်သွားစေလေသည်။ သူ့ကို နှုတ်ဆက်သူမှာ ဆေးရုံဆရာမကြီး မစ္စလွန်းဖြစ်သည်။ မစ္စလွန်းသည် ဆွစ်ဇာလန်မှ လာရောက်အလုပ်လုပ်နေသော အသက် (၆၀)ရှိ ဆရာမအပျိုကြီးတစ်ဦးဖြစ်သော်လည်း အလုပ်ကို ယခုတိုင် သွက်လက်စွာ လုပ်ကိုင်နိုင်ပေသေးသည်။ သူ့အသံသည် သားငယ်ကို စကားပြောသော မိခင်အသံလို ချိုချိုအေးအေးရှိ၏။
“ကောင်းသော နံနက်ခင်းပါ ခင်ဗျာ။ ကျွန်တော် ဘာများအကူအညီပေးစရာလိုပါသလဲ” .
သူက ပြန်၍မေးသည်။
“ဒီလို မိုးရေ... ညနေက မင်းတို့မြန်မာပြည်က မိန်းကလေးတစ်ယောက် ရောက်လာတယ်။ အခန်းနံပါတ် (၂၉)မှာရှိတယ်။ မင်း ဒီနေ့သွားရင် ဂရုပြုလိုက်ပါကွယ်။ သူသိပ်အားငယ်နေတယ်။ ရောက်ကတည်းက ငိုနေတာ အခုထိပဲ။ သူတစ်ယောက်တည်းဆိုတော့ ကြောက်နေပုံလဲရတယ်”
"တစ်ယောက်တည်း... သူ့ကို ဘယ်သူမှလိုက်မပို့ဘူးလား”
“လိုက်ပို့တဲ့လူတွေက ချက်ချင်းပဲ ပြန်သွားတယ်၊ သူ့မိတ်ဆွေတွေ ထင်ပါတယ်။ ကိုယ်လည်း ညနေကျ လာပါဦးမယ်လို့ ပြောလိုက်ပါ"
မစ္စလွန်းက ပြောပြီး အပြင်သို့ထွက်သွားတော့၏။
သူ့စိတ်ထဲတွင်မူ လမ်းလျှောက်ရင်း ထိုမိန်းကလေးကို တွေးလာသည်။ တန်းလျားတစ်ခုပြီးတစ်ခု ဝင်ရောက်စစ်ဆေးပြီး ဖြတ်လာခဲ့၏။ တိုက်ငယ်ကလေးများ တစ်ဆောင်ပြီးတစ်ဆောင် ဝင်လာခဲ့၏။ မိန်းကလေး၏အခန်းသို့ မရောက်သေးပေ။
ဘယ်သူများပါလိမ့်။ ဘာကြောင့် ဒီလောက်ငိုနေပါလိမ့်၊ တစ်ယောက်တည်းများ ဘာကြောင့်လာပါလိမ့်။
စိတ်ထဲတွင် မမြင်ရသေးသော မိန်းကလေးအတွက် တွေးတော စိတ်မကောင်းဖြစ်နေလေသည်။ အာရောဂျံမှာ ကျန်းမာရေးအနားယူရန် ကောင်းမွန်၍ စိတ်ချမ်းသူတို့အဖို့ ကြည်နူးဖွယ် မြက်ခင်းများနှင့် သာယာသော်လည်း အမှန်တော့ သွေ့ခြောက်တိတ်ဆိတ်ကာ လူနာတစ်ယောက်အဖြစ် စိတ်အားငယ်သူအတွက် ကြေကွဲလွမ်းဆွတ်စရာနေရာဖြစ်နေတော့သည်။
စိတ်အားအငယ်ဆုံးမှာ အစားအသောက်နှင့်ပတ်သက်၍ဖြစ်သည်။ ဗြုန်းခနဲ ရောက်ရောက်ချင်း အစီအစဉ်မရှိလျှင် အလွန်ဒုက္ခရောက်သည်။ ရန်ကုန်ဆေးရုံမှာကဲ့သို့ စာရင်းမသွင်းရသေးခင် တရုတ်တန်းမှာ အစားအသောက် အဝယ်လွှတ်ကာ ဝယ်စား၍မရပေ။ အရင်ရောက်နှင့်နေသော မြန်မာလူနာများက ကရုဏာသက်ရောက်ကာ ဟင်းတစ်ခွက်စီ၊ ထမင်းတစ်ပန်းကန်စီဆိုသလို ပို့၍သာ အစီအစဉ်မရှိသူများအဖို့ အကူအညီရပေသည်။ ထို့ကြောင့်ပင် အချို့လူများအဖို့ အာရောဂျံကို ခြောက်သွေ့သော ငရဲပြည်လို မြင်ခြင်းဖြစ်သည်။
နံနက်ပိုင်းတွင် ဆရာဝန်ခွင့်ပြုသော လူနာတချို့လမ်းလျှောက်ခြင်းနှင့် နံနက်စျေးကလေးတွင် လူနာ၏အစေခံများ ဈေးဝယ်သည်ကလွဲ၍ လှုပ်လှုပ်ရှားရှားမရှိ။ နေ့လယ် (၁၂)နာရီကျော်လျှင် လူနာများ အနားယူချိန်တွင်မူ ကမ္မဋ္ဌာန်းရိပ်သာလေးလို တိတ်ဆိတ်နေပေသည်။ ရွက်ခြောက်လေးများ ကြွေသံ၊ မြေကိုထိသံများကိုသာ တီးတိုးကြားနေရပေသည်။ ထိုမျှ သွေ့ခြောက်သောနေရာကို တစ်ပြည်တစ်ရွာမှ ဘာကြောင့်များ တစ်ယောက်တည်းလာခဲ့ပါလိမ့်။
များသောအားဖြင့် ထိုဆေးရုံတွင် အိန္ဒိယပြည်ထဲ နယ်တစ်ခုခုမှ လာသူများပင် အဖော်တစ်ယောက် နှစ်ယောက် ပါကြသည်။ မြန်မာပြည်ကဆိုလျှင် နှစ်ယောက် သုံးယောက် ဆိုသလို ပါလာကြသည်။ အချို့မှာ လာပို့၍ လူနာနေသား ကျမှ ပြန်သွားကြလေသည်။ အဖော်ရှိသော ယောက်ျားရင့်မာကြီး လူနာများပင် ရောက်စတွင် ခဏခဏငိုသည်ကို ဒေါက်တာများတွေ့နေကျဖြစ်ပေသည်။
အခန်းနံပါတ် (၂၉)သို့ ခြေလှမ်းစတွင် သူ့ရင်များသည် လှုပ်ရှား၍နေပေသည်။ အခန်းဟုဆိုသော်လည်း သီးသန့်အုတ်ကြွပ်မိုး တိုက်ကလေးတစ်လုံးဖြစ်ကာ တစ်ယောက်တည်းနေရလေသည်။ ထိုအိမ်ရှေ့တွင် ကွင်းပြင်ကြီးတစ်ခုရှိ၍ တခြားမြန်မာလူနာများအိမ်နှင့် အတော်လှမ်းသည်။
လူနာမိန်းကလေးသည် အိပ်ရာပေါ်တွင်လှဲကာ မျက်နှာကို လက်ကိုင်ပဝါတစ်ခုဖြင့် အုပ်၍ထားသည်။
“ကျန်းမာပါရဲ့လား ခင်ဗျာ”
သူသည် ခုတင်ဘေးတွင် မတ်တတ်ရပ်ကာ လူနာကို နှုတ်ဆက်လိုက်၏။ လူနာသည် အိပ်ပျော်နေခြင်းမဟုတ်၊ ရုတ်တရက်ပင် မျက်နှာမှ လက်ကိုင်ပဝါကို ခွာလိုက်ကာ သူ့ကို မော်ကြည့်လိုက်၏။ မိန်းကလေးမျက်နှာကို ကြည့်ကာ သူ့မှာ ထိတ်လန့်သလိုဖြစ်သွားလေသည်။
ငိုထားလွန်း၍လားမသိ၊ မျက်လုံးကြီးများမှာ မို့၍ရောင်နေကာ မျက်ခမ်းလွှာများသည်လည်း ထူထူရဲရဲကြီး ဖြစ်နေလေသည်။ သို့သော် သူ့မျက်လုံးများသည် မိန်းကလေးမျက်နှာမှ ခွာမရ။ သေချာစွာ ကြည့်ရာမှ ပါးစပ်အဟောင်းသားဖြစ်ကာ အသက်ပင် မရှူနိုင်သလို ဖြစ်သွားလေသည်။
“မွှေး ...”
သူ့အသံများသည် ဟစ်အော် ခေါ်လိုက်သလို အကျယ်ကြီး ထွက်သွားလေသည်။
* * *
“အတွတ်"
မိန်းကလေး၏ နှုတ်ဖျားကလေးမှာမူ လှုပ်ရုံသာ ရွေ့လျားကာ အသံတိုးတိုးလေးနှင့် တုန်တုန်ယင်ယင် ထွက်၍လာသည်။ မျက်ရည်များမှာ မျက်လုံးအိမ်မှ လိမ့်၍ကျလာပြန်ကာ ကိုယ်မှာ သိမ့်သိမ့်တုန်နေတော့သည်။ သူ့ကို မြင်ကာမှ ရှိုက်ကာငင်ကာ ငိုနေပြန်တော့သည်။
“တိတ် ...တိတ်၊ ငိုမနေနဲ့လေ မွှေး၊ ကိုယ်နဲ့တွေ့ရပြီပဲ။ တိတ်တော့လေ၊ တိတ်တော့။ အမှန်တော့ ဝမ်းသာစရာကြီး၊ ကိုယ်တို့ ကွဲနေကြတာ ဘယ်လောက်ကြာပြီလဲဟင်၊ ကဲ ...တော်ကြာ ဆေးခန်းက ရောဂါစစ်ဆေးရအောင် လာခေါ်ရင် ငိုရုပ်ကြီးနဲ့လိုက်သွားရမှာ မရှက်ဘူးလား။ တိတ်စိမ်း၊ ငယ်စိတ်ကလည်း အခုထိ မပျောက်သေးဘူး၊ မစ္စလွန်း ပြောလို့ ဘယ်သူလဲလို့ ကထိတ်ထိတ်နဲ့ လာလိုက်တာ၊ တွေ့တော့မှ မွှေးမှန်းသိတော့တယ်၊ ကဲ ...ရောဂါအတွက် လည်း စိတ်မပူနဲ့။ အခု ဆီးတွေ၊ ဝမ်းတွေ သူတို့လာယူပြီမဟုတ်လား။ ဒီနေ့ ကိုယ်ကိုစမ်းသပ်ကြည့်၊ ဓာတ်မှန်ယူပြီးရင် ရောဂါအခြေအနေ သိရမှာပဲ။ ရောဂါသိပ်မများရင် မြန်မြန်ရပါတယ်ကွ။ အတွတ်တို့သူငယ်ချင်းနှစ်ယောက် ပြန်တွေ့ရတာ မပျော်ဘူးလားဟင်၊ ဒါကြောင့် မနက်က ဥဩကလေးက ကိုယ့်ခေါင်းပေါ်ကနေ အော်နေတာကိုး”
သူသည် ဝမ်းသာအားရ မိန်းကလေးကို နှစ်သိမ့်အောင် ရွှန်းရွှန်းဝေဝေ ပြောပြနေသည်။
“ဝမ်းသာပါတယ် အတွတ်ရယ်၊ ဒါပေမယ့် ရောက်ရောက်ချင်း မွှေး သိပ်အားငယ်တာပဲ။ အိပ်ရာပေါ်က မထရ၊ ထမင်းချက်ကုလားမကလဲ ကုလားစကားကလွဲလို့ မတတ်။ မွှေးကလည်း ကုလားစကား မတတ်၊ ဘယ်လိုမှလဲ မလုပ်တတ်ဘူး”
“ညကရော မွှေးနဲ့ အိပ်ဖို့ ကုလားမ ချက်ချင်းရရဲ့လား၊ ညစာရော စားရရဲ့လား၊ ဒီမှာ အစီအစဉ်မရှိရင် သိပ်ဒုက္ခရောက်တယ်”
“စားရပါတယ်။ ဦးပု ဆိုတာက အပို့လွှတ်လိုက်တယ်။ ဘယ်မှာ ထမင်းမြိုကျမလဲ အတွတ်ရယ်။ စောင့်အိပ်တဲ့ကုလားမကတော့ အင်္ဂလိပ်စကားတတ်တယ်။ ဒါပေမယ့် ည(၈)နာရီလာပြီး မနက်(၅)နာရီ ပြန်တာ ဘာလုပ်မလဲ" "
“ကဲ ... ဒါတွေ တဖြည်းဖြည်း အဆင်ပြေအောင် လုပ်ကြတာပေါ့။ အခု မငိုနဲ့တော့နော်၊ ဒီက မြန်မာလူနာတွေကလည်း အင်မတန် ခင်တတ်ပါတယ်ကွယ်။ တော်ကြာ မွှေး ပျော်လာမှာပါ"
သူသည် စားပွဲပေါ်မှ ဖိုင်တွဲကို လှမ်းကြည့်ရင်း ပြောပြနေ၏။
“တခြားလူနာတွေ ကြည့်ဦးမယ်နော်။ မအားသေးဘူး၊ ညနေကျ အားတယ်။ မွှေးအနားမှာ ကိုယ်လာနေမယ်၊ ကဲ ... ကဲ တိတ်တော့၊ ကိုယ်သွားတော့မယ်"
သူ့မျက်နှာသည် ပြုံးရွှင်ကာ မွှေး၏နဖူးကို လက်နှင့်သပ်၍ ထွက်သွားတော့သည်။
လူနာမိန်းကလေးသည် အိပ်ရာပေါ်မှ ဒေါက်တာထွက်သွားရာကို လှမ်းကြည့်နေ၏။ ယခုလို ပြန်လည်၍ မမျှော်လင့်ဘဲ တွေ့ရသည်မှာ ဘုရားသခင်တန်ခိုးတော်ပဲ၊ ညကလိုသာ အမြဲအားငယ်နေလျှင် ရောဂါကြောင့်မသေ၊ စိတ်ဆင်းရဲ၍ သေရမည်ဖြစ်သည်။
အိမ်တစ်လုံးလို သပ်သပ်ဖြစ်ရသည့်အထဲ အဝတ်အစား အခန်းများနှင့် ရေချိုးခန်းတွဲ့၍ထားသော အိမ်နောက်ပိုင်းမှလွဲ၍ အကာအရံမှာ မျက်နှာစာတွင် လုံးဝမရှိ၊ ညသို့ရောက်လျှင် ကွင်းပြင်ကြီးထဲတွင် အိပ်နေသလို လေကဒလဟော တိုက်နေသည်။ ယင်းချပ်ကြီးများက အင်္ဂတေတိုင်ကို ရိုက်ခတ်သံသာ ကြောက်စရာလို လှုပ်ရှားနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပိန်း၍မှောင်အတိကျနေသည်က ပို၍အားငယ်စရာကောင်းပေသည်။ ခြေရင်းသမံတလင်းပေါ်တွင် အစောင့်ကုလားသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်၍ပျော်နေသောကြောင့် သူ့ဟောက်သံမှာ ပို၍စိတ်ချောက်ချားစရာကောင်းတော့သည်။ မည်းမှောင်နေသော ကန္တာရထဲတွင်နေရသလို ကြောက်၍ကြောက်၍လာသည်။ ကြောက်စိတ် များလာတိုင်း ပို၍ပို၍ ငိုရပြန်သည်။ နံနက်တွင် မျက်လုံးများက ဖွင့်မရလောက်အောင်ပင် ရောင်၍နေတော့သည်။
ဒေါက်တာမိုးကောင်း ထွက်သွားပြီးနောက် တစ်ကိုယ်လုံး ကာကီယူနီဖောင်း ဝတ်ထားကာ ကုလားကလေးတစ်ယောက်သည် လန်ခြားတစ်ခုကိုဆွဲကာ သူ့အိမ်လေးရှေ့တွင် ရောက်၍လာလေသည်။ ကုလားလေးသည် လက်ထဲမှစာကို မွှေးအား ထုတ်၍ပြသည်။
စာထဲတွင် ရောဂါစစ်ဆေးကြည့်ရှုရန်အတွက် လူနာများကို စာရင်းအလိုက် ခေါ်ခိုင်းခြင်းဖြစ်ပေသည်။ သူသည် အဝတ်အစားလဲကာ လန်ခြားပေါ်သို့ တက်၍လိုက်သွားသည်။ ထိုဆေးရုံတွင် မွှေးအတွက် ထူးခြားသည်မှာ အပူချိန်ကို မြန်မာပြည်မှာကဲ့သို့ ပါးစပ်တွင် ပြဒါးတိုင်ထည့်၍ မတိုင်းဘဲ စအိုမှ ယူခြင်းနှင့် လန်ခြားစီးရခြင်းပင် ဖြစ်လေသည်။
ဆေးရုံလူနာများ စစ်ဆေးရာအခန်းသို့ရောက်လျှင် သူသည် အခန်းတစ်ခုထဲသို့ ဝင်၍သွားရသည်။
“ရှင် အင်္ကျီတွေ ချွတ်ပြီးရင် ရင်လျားထားပါ။ ရှင့်ကို ဆရာဝန်တွေ နားကျပ်နဲ့ အဆုတ်ကို စမ်းသပ်ကြမယ်။ ပြီးတော့ ရှင့်ရောဂါရဲ့ စတင်ဖြစ်ပျက်ပုံတွေကို စစ်ဆေးပါလိမ့်မယ်”
မစ္စစ်ဆိုင်မွန်ဆိုသူ ဆရာမလေးသည် သူ့အား မြန်မာလို ဆီးကြိုပြောပြ၏။ သူသည် အိန္ဒိယတိုင်းရင်းသူဖြစ်သော်လည်း မြန်မာပြည်တွင် ကြီးသူဖြစ်၍ မြန်မာစကားကို ရည်ရည်မွန်မွန်ပြောတတ်ကြောင်းလည်း ထပ်ပြောပြန်သည်။ ဆရာဝန်ရောက်လျှင် စက္ကူပါးလေးတစ်ခုကို မွှေးအား လှမ်းပေးကာ ကုလားထိုင်တစ်ခုတွင် ထိုင်ခိုင်းသည်။ အင်္ကျီအားလုံးကို ချွတ်ထားသော မွှေးသည် အသက်ကို မှန်မှန်ရှူနေရ၏။ သူတို့ပေးသော စက္ကူပါးလေးကို ပါးစပ်ကာကာ ချောင်းဆိုးပြသည်။
မွှေးသည် ချောင်းတစ်ခါဆိုးလိုက်၊ အသက်တစ်ခါ ရှုလိုက်နှင့် (၁၀)ခါလောက် လုပ်ပြရသည်။ ထိုအချိန်တွင် ဆရာဝန်သုံးယောက်ခန့်သည် ကျောအထက်ပိုင်းနှင့် ရင်အထက်ပိုင်းကို နားကျပ်များနှင့် အသီးသီး နားထောင်ကြသည်။
“ကျွန်တော် မေးခွန်းအနည်းငယ် မေးပါရစေခင်ဗျာ"
စမ်းသပ်သော ဒေါက်တာများထဲမှ တယောက်သည် သူ့အား အင်္ဂလိပ်ဘာသာဖြင့်ပြောကာ ခွင့်တောင်း၏။
“ဟုတ်ကဲ့ မေးနိုင်ပါတယ်”
“နာမည်ကတော့ မွှေးပဲနော်”
“မှန်ပါတယ်"
“ဒီကိုမလာခင် ဒီရောဂါအတွက် ဆေးကုခဲ့ပါသေးလား”
“ဟုတ်ကဲ့၊ ရန်ကုန်ဆေးရုံကြီးမှာ နှစ်လ တက်ခဲ့ပါတယ်”
“မွှေးမှာ မိဘရှိသေးလား”
“အဖေ ရှိပါတယ်။ အမေတော့ မရှိဘူး”
“အို... ဝမ်းနည်းပါတယ်ခင်ဗျာ။ မိခင်က ဘာရောဂါနဲ့ ဆုံးသလဲ”
“အဆုတ်နာ”
မွှေးသည် အံကြိတ်၍ ဖြေလိုက်၏။
“ဪ ... မွှေးမှာ သားချင်းများရော”
“ခုနစ်ယောက်ရှိပါတယ်”
“အားလုံး အခုရှိတယ်နော်"
“ဟင့်အင်း သုံးယောက် ဆုံးပါးပြီး နှစ်ယောက်က ရိုးရိုးရောဂါနဲ့၊ အစ်မတစ်ယောက်ကတော့ အဆုတ်နာ"
သူသည် အံကြိတ်ရာမှ ထိုစကားလုံးကို မနည်း ပါးစပ်ထဲမှ ထွက်ရ၏။ “အဆုတ်နာ"ဟူသော စကားလုံးကို သူ့ပါးစပ်မှ ခဏခဏ မရွတ်ချင်၊ ရွတ်ဆိုရမည်ကို ရင်ထဲမှာ ကြောက်၏။ ရွံ့ရှာ၏။ စက်ဆုတ်၏။ ပြင်းထန်သော လှိုင်းတံပိုးသည် ကမ်းပါးကို ရိုက်ချိုးပုတ်ခတ်၍ ကမ်းကိုပြိုစေသလို ဒီရောဂါက သူတို့မိသားစု၏ပျော်ရွှင်မှုကို ရိုက်ပုတ်ချိုးဖဲ့ ဖျက်ဆီးခဲ့သည်။ သွေးစုတ်ဘီလူးကြီး လက်လိုပင် သူတို့မိသားစုထဲမှ မေမေနှင့် မမတို့အား တစ်ယောက်စီတစ်ယောက်စီ ဆွဲထုတ်ယူသွားခဲ့သည်။ ထိုဘီလူးကြီး အရိပ်သည် သူတို့မိသားစုလေးအပေါ်တွင် ထိုးကျ စိုးမိုးနေပြန်သည်။
ယခင်က သာယာသည့် ချမ်းမြေ့သည့် ပျော်ရွှင်စရာကောင်းသည်ဆိုသော သူတို့မိသားစုလေး၏အသိုက်အဝန်းမှာ ဖရိုဖရဲဖြစ်ခဲ့ရသည်မှာ ကြာပါပကော။ လောကဓံကို အထပ်ထပ်ရင်ဆိုင်ရင်း မကြောက်မရွံ့ မိန်းမပင်ဖြစ်သော်လည်း အပြုံးမပျက်ခဲ့သော မေမေသည် ထိုရောဂါကို ဒူးထောက်ခဲ့၏။ ယစ်ပလ္လင်အပူဇော်ခံရသော သားကောင်လို အဆုတ်နာယစ်ပလ္လင်တွင် အသက်ပျောက်ခဲ့ရသည်။
လွန်ခဲ့သော ဆောင်းဦးပေါက်က လှပ၍အေးဆေးသော သူ၏မမကို အဆုတ်နာဘီလူးကြီးသည် ဆွဲ၍ယူသွားခဲ့ပြန်သည်။ ရင်ထဲမှာ နာနေရုံမက ကြောက်ရွံ့၍နေသည်။ ခိုကိုးရာမဲ့သလို အားငယ်နေသော စိတ်က ထိုရောဂါမှ လွတ်မြောက်ရာကို ကြောက်အားလန့်အားနှင့် ကြည့်နေသည်။ ခြင်္သေ့အဖမ်းခံရသော ယုန်ကလေးလို တုန်တုန်ယင်ယင်နှင့် လွတ်မြောက်ရာကို ရှာနေခဲ့သည်မှာ ကြာပါပကော။
ဒေါက်တာသည် မွှေး၏မိခင်နှင့်အစ်မများ သေဆုံးရခြင်းရောဂါကို ရေးမှတ်ပြီး သူ့ကိုပြန်ကြည့်လိုက်သောအခါတွင် မွှေး၏မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်နေပြန်သည်။
“မငိုပါနဲ့ခင်ဗျာ၊ ဒီလိုစိတ်ထိခိုက်စရာကောင်းတဲ့ မေးခွန်းကို မေးရတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါ။ တကယ်ကတော့ မွှေးရဲ့ ရောဂါဟာ ဆွေစဉ်မျိုးဆက်အရ ကူးစက်လာတာလား၊ အမျိုးထဲမှာ မရှိဘဲ အားနည်းရာကနေ ရောဂါဝင်လာတာလားဆိုတာ သိချင်လို့မေးရတာပါ”
“မှန်ပါတယ်၊ ဒေါက်တာအနေနဲ့ မေးသင့်ပါတယ်။ ကျွန်မ စိတ်မနိုင်လို့ ငိုမိတာကိုလည်း ခွင့်လွှတ်ပါ"
“အို ... ဒီလိုပါပဲ။ အရင်တုန်းကဆို ဒီရောဂါ အင်မတန်ကြောက်စရာကောင်းပါတယ်၊ တစ်ဆေလိုပဲ လူတွေရဲ့ စိတ်ကို အမြဲခြောက်နေတာပဲ။ လွန်ခဲ့တဲ့ ဆောင်းဦးကမှ ခင်ဗျားရဲ့အစ်မ ကွယ်လွန်ခဲ့ရတယ် ဆိုတော့ စိတ်ထိခိုက်စရာပါပဲ။ ဒါပေမယ့် မွှေးဟာ ဒီကညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်မယ်ဆိုရင် မွှေးရဲ့ရောဂါဟာ မများပါဘူး။ ကုလို့ ပျောက်နိုင်ပါပြီ။ ကင်ဆာရောဂါအတွက်သာ ကုသနည်း ရှာလို့မတွေ့ကြသေးတာပါ။ အထူးသဖြင့် စိတ်ချမ်းသာမယ်။ လုံလောက်တဲ့ အနားယူမှု၊ ကုသမှု ရမယ်ဆိုရင် ချက်ချင်းကျန်းမာလာမှာပါ”
ဆရာဝန်ခမျာမှာ ဆရာဝန်ထုံးစံအတိုင်း သူ့ကို အားပေးရှင်းပြရှာသည်။ သူ့စိတ်ထဲမှာ သူ့ရောဂါ ကု၍မှပျောက်ပါ့မလားဟု သံသယဖြစ်နေဆဲပင် ဖြစ်ပေသည်။
“ဒါနဲ့ မွှေးမှာ အိမ်ထောင်ရှိပါသလား”
“ဟုတ်ကဲ့"
“သူကတော့ ကျန်းကျန်းမာမာပဲနော်”
“ဟုတ်ကဲ့”
“မွှေး ဒီရောဂါဖြစ်တယ်လို့ သိရတာ ဘယ်တုန်းလောက်ကလဲ”
“မွှေးရဲ့ မမဆုံးပြီး တစ်အိမ်လုံး ဆေးစစ်ကြရာမှာ မွှေးရဲ့ အဆုတ်မှာ အစက်တစ်စက် တွေ့ရတယ်လို့ သိရတာပါပဲ”
“လွန်ခဲ့တဲ့ နှစ်လက ဆိုပါတော့"
“မှန်ပါတယ်”
“အဲဒီအတွင်း ဘာများ ထူးထူးခြားခြားဖြစ်ခဲ့သေးလဲ”
“ကိုယ်အလေးချိန်ဟာ တစ်ပတ်အတွင်း ငါးပေါင်လျော့လာခဲ့လို့ ကိုယ့်ဟာကိုယ် သင်္ကာမကင်းဖြစ်လာတာပဲ”
“ကိုယ်အလေးချိန် ရုတ်တရက် လျော့ကျတာဟာ စိုးရိမ်စရာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် တခြားရောဂါကြောင့် ဖြစ်တတ်ပါတယ်။ ကြီးကြီးကျယ်ကျယ် ဘာရောဂါမျိုး မွှေးဖြစ်ခဲ့ဖူးသလဲ"
“Jaundice”
*Jaundice - အသားဝါရောဂါ
“ဘယ်လောက်ကြာလဲ ဘယ်တုန်းလောက်ကလဲ”
“သုံးလ နီးနီးလောက် လဲနေခဲ့ပါတယ်၊ လက်မထပ်ခင်ကပါ”
“ဪ ဒါနဲ့ မွှေးရောဂါအခြေအနေနဲ့ ပတ်သက်ပြီး အမြန်ဆုံးအကြောင်းပြန်ဖို့ ဗိုလ်မှူးနိုင်ဆိုတဲ့ သူဆီက သံကြိုးစာတစ်စောင် ဆေးရုံအုပ်ကြီး မစ္စတာဂျေဇူဒင့်ဆီကို ရောက်လာပါတယ်။ ကျွန်တော်တို့ အစီရင်ခံလိုက်ပါ့မယ်၊ မွှေးရဲ့ ရန်ကုန်လိပ်စာကရော ...”
“အဲဒီ ဗိုလ်မှူးနိုင်ဟာ မွှေးရဲ့ ခင်ပွန်းပါပဲ”
“ဪ..ဒီလိုဆို ပြီးတာပါပဲ၊ ကဲ .. .ဓာတ်မှန်ရိုက်ကြဦးစို့နော်။ Screening Reading တော့ နက်ဖြန်မှ ယူပါ့မယ်။ Tomography ဒေါက်တာဂျေဇူဒင်က လိုတယ်ဆိုရင် ကျွန်တော်တို့ ယူပါ့မယ်”
ဆရာဝန်သည် မွှေး ပြောကြားသမျှထဲမှ အကြောင်းအရာတချို့ကို ရေးမှတ်၍ ဖိုင်တွဲများကို သိမ်းဆည်းကာ အပြင်သို့ ထွက်သွားသည်။ မစ္စစ်ဆိုင်မွန်က မွှေးအား အဝတ်အစား ပြန်ဝတ်စေကာ ဓာတ်မှန်ခန်းဘက်သို့ ကူးလာလေသည်။
ဒီနေ့အဖို့ မွှေး၏ သွေး၊ ဆီး၊ ဝမ်းနှင့် ကိုယ်ခန္ဓာကို စစ်ဆေး၍ပြီးခဲ့လေသည်။
* * *
တိတ်ဆိတ်သော အာရောဂျံ၏နေ့လယ်ပိုင်းတွင် နွေဦးလေသည် အပူငွေ့များကို ဆောင်ယူ၍လာသောကြောင့် နံနက်က နှင်းကြွေငွေ့လည်း ပျောက်ပျက်သွားတော့သည်။ လူနာအားလုံးပင် အိပ်ရာထက်တွင် နားနေအိပ်စက်နေကြလေပြီ။
မန်ကျည်းရွက်ခြောက်လေးများသည် လေဝှေ့လိုက်တိုင်း လူနာခန်းများဆီသို့ ဝဲကာဝိုက်ကာ သွန်ကျလာကြသည်။ တမာပွင့်ဖတ်များသည်လည်း မြေပြင်တွင် ဖွေး၍နေကြတော့သည်။
မွှေးသည် အိပ်ရာထက်တွင် အိပ်မပျော်နိုင်သလို၊ ထမင်းစားပြန် ခေတ္တနားနေချိန်တွင် အိပ်ရာပေါ်တွင် လှဲနေသော ဒေါက်တာမိုးကောင်းအဖို့လည်း မှေး၍မရ။
မွှေးမျက်လုံးတွင် ဒေါက်တာမိုးကောင်းကို မမြင်၊ အတွတ် ဆိုသော သူငယ်လေးကိုသာ မြင်ယောင်၍ ဒေါက်တာမိုးကောင်း မျက်လုံးထဲတွင်လည်း ဆံရစ်ဝိုင်း သျှောင်ထုံးလေးနှင့် မကျည်းတန်လေး၏မျက်နှာသည် တရိပ်ရိပ် ပေါ်လာသည်။ အတိတ်ဆိုသည်ကလည်း မေ့ပျောက်နိုင်ခဲသော အရာတစ်ခုပါတကား။
အဝေးမှ ကျောက်တောင်ရံကို ပဲ့တင်ပြန်လာသော ဥဩငှက်၏အသံကလည်း ညှင်းတွဲ့တွဲ့နှင့် သူတို့နှစ်ဦးကြားတွင် လူးလာယှက်နေသလို ကြား၍နေရသည်။ ဥဩသံသည် အနီးကပ်ကြားရချိန်တွင် နွေဦး၏တမန်တော်သဖွယ် လှပညွှတ်နူးစရာကောင်းသည့် နွေ၏သာပုံ တော၏သာဟန်များကို ရင့်ကျူးသီဆို၍ ကောင်းချီးပေးကာ လူသားတို့အား ပြောပြနေလေသလားဟု ထင်ဖွယ်ဖြစ်သော်လည်း အဝေးမှနေ၍ ဥဩငှက်၏ သာသာညှင်းညှင်း လေးလေးတွဲ့တွဲ့ တွန်မြည်သံကမူ ဝေးခဲ့ကွာခဲ့ပြီဖြစ်သော အတိတ်၏ပုံပြင်တို့ကို ပြန်လည်ဖွဲ့နွဲ့၍ တင်ပြဟန်ရှိခဲ့၏။
ဥဩသံသည် မျှင်း၍မျှင်း၍ အဝေးတွင် ကွယ်ပျောက်လုမတတ် သဲ့သဲ့မျှသာ ကြားရသော်လည်း တစ်ခါကဇာတ်ကြောင်းများကိုမူ သူတို့နှစ်ဦး၏နှလုံးသားတွင် ထင်း၍ထင်း၍ အသစ်ဖြစ်ကာ ပေါ်လာရပြန်သည်။ သူတို့နှစ်ဦး၏ အတွေးအာရုံတွင် အာရောဂျံသည် မှုန်ကာ မှေးကာ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။
မဒနာပလီလမ်းမကြီးသည် တသွင်သွင် တငြိမ့်ငြိမ့် ဆင်းလျက်ရှိသော ဝါးခယ်မမြစ်အသွင်သို့ ပြောင်းလဲသွားတော့၏။ ထိုမြစ်ကြောင်း တစ်ကွေ့တွင် အတွတ်နှင့် မွှေးတို့ တွေ့ခဲ့ကြ၏။ မြစ်ရေယဉ်စီးသလို ဘဝဆိုသည်က ရပ်တည်မနေဘဲ ရေကြောင်းပြောင်းခဲ့သည်မှာ ကာလကြာမြင့်ပါပကော။
အတွတ်ကတော့မူ ဘယ်တော့မှ မမေ့။ မြစ်ရေယဉ်သည် ပင်လယ်သို့ စီးဆင်း၍ အစပျောက်ဆုံးတော့ သူသည် ဗွေအဏ္ဏဝါဝယ် ပြီးခဲ့သော ပုံပြင်အစကို လိုက်၍ရှာဦးမည်။ ပြန်လည်တွေ့ဆုံနိုးနှင့် ဤအဏ္ဏဝါတစ်ဘက်တွင် စောင့်နေဦးမည်သာဖြစ်သည်။ ယခုတော့ သူ မျှော်လင့်သလို ပြန်လည်၍ တွေ့ဆုံကြပါပကော။
* * *
မွှေးဆိုသည့် မိန်းကလေးကလည်း ဟိုး ခပ်ငယ်ငယ် မကျည်းတန်လေးအဖြစ်နှင့်ကတည်းက ဝါးခယ်မမြစ်ကို ဒီမှာဘက်မှ ဟိုမှာဘက်သို့ရောက်အောင် နေ့စဉ်ကူးနေရသော မွှေးပါတကား။ ယခုလည်း သူ့မှာ မြစ်ကို ကူးနေဟန်ရှိသေး၏။ မိန်းကလေးနှယ် ဘာကြောင့်များ ကမ်းတစ်ဖက်ဖက်တွင် အခြေမစိုက်နိုင်သေးပါလိမ့်။
မြစ်ကိုကူးရသည့်အဖြစ်က မြင်နေကျမို့ မခဲယဉ်းသလို အကြောင်းမထူးသလို ရိုးနေသော်လည်း တကယ်တော့ အန္တရာယ်များလှသည်။ လှိုင်းကလည်း ထန်ချင်ထန်မည်။ မိုးသက်က ဆင်ချင်ဆင်မည်။ သင်္ဘောကြီးတွေကလည်း မွှေးလိုလှေငယ်ရှင်အတွက် အန္တရာယ်ကြီးလှပါတကား။ အမှန်တော့ မွေး နားချိန်တန်ပေပြီ။ မွှေးသည် မြစ်ကြောင်းများကို အလျားလိုက် ကူးနေလေသလား။
မွှေး၏အကြောင်းကို ပြန်လည်တွေးရသည်မှာ ရင်နာစရာကောင်းပေမယ့် အတွတ်အဖို့ အရသာရှိသလို အမြဲတွေးနေချင်သည်။ အခြေအနေအရ ဘဝအမျိုးမျိုး ကူးပြောင်းခဲ့၍ ယခု ဆရာဝန်တစ်ယောက်အဖြစ် လူကြီးဘဝသို့ ပြောင်းလာသော်လည်း ဤမိန်းကလေး၏ပုံပြင်က သူ့နှလုံးသားထဲမှ မထွက်။ ဘယ်တော့မှလည်း မရိုးနိုင်ခဲ့။
လရောင်အောက်မှာ မြကြိုးလို သွယ်ပျောင်းတောက်ပနေသော ဝါးခယ်မမြစ်။ မိုးဦးလေတွင် ယိမ်းနွဲ့လှုပ်ရှားနေသော စပါးပင်ပျိုများ။
ကောလိပ်ကျောင်း ရုံးရှေ့ရှိ ရေတမာပင်ကြီး။ ပြီးတော့ ဗိုလ်မှူးနိုင်။
သူ့ခေါင်းထဲတွင် ထိုကဏ္ဍများသည် သတ်သတ်စီ ရှိခဲ့ကြသည်။
“တေးဆိုကြ ပျော်ကြတာတွေ
ငယ်ငယ်က သဘာဝအခြေ။
မြင်ယောင်လို့နေ
ခုနေများ ဟိုခေတ်တွေ
ယှဉ်ကာပဲ ကြည့်လိုက်ရင်လေ
လွန်ကွာခြားပေ။
အမြဲပဲတွေ့ပါရစေ
အခါခါ ဆုတောင်းနေ
ကျောင်းဘုရားသွားကာပင်
တူယှဉ် မကွဲပေ”
သူသည် ခေါင်းဖြီးရင်း ရေချိုးရင်း ဤသီချင်းလေးကို မရိုးနိုင်အောင် ခဏခဏဆိုမိသည်။ ဆိုပြီးတိုင်း အသံတိမ်ဝင်ကာ မွှေး၏အာရုံသို့ ကူးပြောင်းသွားရသည်မှာ များပါပကော။
* * *
ဝါးခယ်မတစ်ဖက် ဤမြစ်ကမ်းခြေတွင် သူတို့မိသားစု နှစ်အိမ်ထောင်၏ ဘိုးဘွားများသည် ဘယ်တုန်းကများ အခြေစိုက်သည်ကို အတွတ် မမှတ်မိပေ။ တစ်ခါတစ်ရံတော့ ဆင်ဝင်ခန်းတွင် အတွတ်ကို မေမေ ပုံပြောသလို ပြောပြ၏။ ဘိုးဘွားများ အညာမှ ပန်းတနော်ရောက်လာပုံ၊ ပန်းတနော်မှ သူ့အဘိုးများလက်ထက်တွင် ဝါးခယ်မမြစ်၏ ဤမှာဘက်၌ အခြေစိုက်လာပုံတို့ကို ပြောပြ၏။ သို့သော် ပုံပြင်များမှာ ရှည်ကြာလွန်း၍ ဝိုးတိုးဝါးတားနှင့် ကွယ်ပျောက်ခဲ့လေသည်။
ထင်ထင်ရှားရှား မှတ်မိသည်မှာ မွှေးတို့မိသားစုနှင့် ခြံချင်းကပ်နေရခြင်းဖြစ်၏။ သူတို့အိမ်နေရာများမှာ သော်ကရွာနှင့် ရွာသစ်ကြားတွင်ဖြစ်၍ သီးသန့်အိမ်နှစ်ဆောင်လို ဖြစ်နေသည်။ အိမ်ပုံစံ နှစ်ခုသည် ဆင်တူ၍ ရှေးကျလှသည်။ လေးပင်သုံးခန်း၊ နှစ်ထပ်အိမ်မြင့်ကြီးတွင် ဆင်ဝင်ခန်းများသည် ခံ့ခံ့လွင့်လွင့်ကြီးဖြစ်၍ နေပေသည်။ တောအိမ်ဖြစ်၍ ခြံဝင်းများက ကျယ်ပြန့်လှသည်။ အိမ်နှစ်ခုကြား စည်းရိုးနှစ်ခုဆုံရာတွင် ပိတောက်ပင်ကြီးသည် မြင့်မြင့်မှိုင်းမှိုင်းနှင့် နှစ်ဖက်မြေပေါ်တွင် မိုး၍နေကာ နောက်ဘက်တွင်မူကား ကံ့ကော်ပင်များ အုပ်၍နေပေသည်။ တောင်လေတိုက်ခတ်ချိန်တွင် မြစ်ဖက်မှ လေထန်သည်မို့ ပိတောက်ပင်ကြီး၏လှုပ်ရှားသံကို လှိုင်းဂယက်သံတို့ကြားမှ ကြား၍နေရသည်။
မြောက်လေပြန်လည်လျှင်လည်း ကျောဘက်လယ်ကွင်းများဆီမှ ရွှေရောင်စပါးတို့၏ တံစဉ်လက်သို့ မရောက်ခင် တီးတိုးညည်းညူသံများမှာ အိမ်ဝန်းကျင်တွင် လွင့်ပျံ့နေသည်။ ဆောင်းနှောင်းသို့တိုင်လျှင် မြောက်လေတွင် ရိုးပြတ်ရနံ့များသည် သင်းပျံ့၍လာခဲ့၏။
အိမ်များသည် မြစ်ဘက်သို့ မျက်နှာမူသော်လည်း လယ်များရှိရာ နောက်ဘက်မျက်နှာစာတွင်လည်း အပေါ်ထပ်၌ ဆင်ဝင်လို အဆောင်ပိုလေးများထုတ်၍ ထားသည်။ ထိုဆင်ဝင်မှကြည့်လျှင် လယ်ကွင်းများအလယ်၌ ရွှေရောင်ဝင်းနေသော သော်ကဘုရားကြီးကို ညွှတ်နူးဖွယ် ဖူးမြင်နေရပေသည်။ တစ်ခါတုန်းက ဤအဆောင်များမှ သူ၏အဘိုးအဘွားတို့သည် သော်ကဘုရားကို အာရုံပြုကာ ကြည်ညိုခဲ့ကြသည်ဟု မေမေက ပြောပြဖူးသည်။ မွှေးတို့မိခင် ဒေါ်တင်တင်ကြီး၏မိဘများလည်း ဤသို့ပင် အနောက်ဆောင်လေးမှ ဘုရားကို အာရုံပြုကြသည်ဆို၏။ သူတို့နှစ်အိမ်ထောင် ဘိုးဘွားများသည် အယူအဆ၊ အတွေးအခေါ် တူညီခဲ့ကြဟန်ရှိပေသည်။
မွှေးတို့မောင်နှမတစ်သိုက် ကျောင်းထားချိန်တွင်မူ မွှေးတို့ ခြံစောင့် ဦးဆယ်သည် လှေတစ်စင်းနှင့် ကလေးများကို တင်ကာ ဝါးခယ်မဘက်ကမ်းသို့ ကျောင်းသွားပို့ရ၏။ အငယ်ဆုံး ထွေးမှလွဲ၍ သူတို့အားလုံး ကျောင်းသွားကြရသည်။ မွှေးအစ်ကိုကြီး နှစ်ယောက်မှာ အတန်းကြီးသမားများဖြစ်ကြသော်လည်း အစ်မဖြစ်သူ အေး၊ မွှေးနှင့် လေးတို့မှာ အတွတ်လိုပင် မူလတန်းသားများဖြစ်ကြသည်။ အတွတ်သည် အလွန်အဆင်မပြေမှ တစ်ယောက်တည်း
ကျောင်းသို့သွားသည်။ များသောအားဖြင့် မွှေးတို့မောင်နှမတစ်စုနှင့်သာ သူကျောင်းသွားခဲ့သည်။
ဆောင်းရာသီသည် သာတောင့်သောယာရှိသော်လည်း စာမေးပွဲနီးသောကြောင့် ကလေးများအတွက် အမှတ်မထင် ကုန်လွန်ခဲ့ရသည်။
နွေသို့ရောက်လျှင်မူ ကျောင်းပိတ်ရက်လည်း များလာခဲ့၍ ခြံဝင်းများထဲတွင် ရှည်လျားသောအရိပ်များ မိုးလာသည့်နှင့်တစ်ပြိုင်နက် မွှေးတို့မောင်နှမတစ်စုနှင့် အတွတ်မှာ သစ်ပင်များကြားမှ မထွက်တော့ပေ။ လသာသော ညများတွင်မူ လယ်ကွင်းစပ် ပတ်ကြားအက်ပေါ်တွင် စိန်ပြေးတမ်းကစားရချိန်သည် အတွတ်တို့အတွက် မမေ့နိုင်ကောင်းသော ညများသာတည်း။ တစ်ခါတစ်ရံ ခြံစောင့်ခွေးများသည်ပင် သူတို့ကစားရာမှာ ပါခဲ့ကြသည်။
လေထဲတွင် မိုးသက်ပါလာချိန်မှာမူ သရက်ကင်းတို့ ကြီးစ, ပြုလာ၏။ လေတစ်ချက်ဝှေ့လိုက်တိုင်း သူတို့သည် တဖြုတ်ဖြုတ်ကြွေနေကြသော သရက်ကင်းလေးတွေကို အပြိုင်အဆိုင် အပြေးအလွှား ကောက်ခဲ့ကြရသည်။
ကျောင်းတက်ရက်များတွင် ကလေးတို့အတွက် ကစားချိန် လျော့၍လာခဲ့သည်။ ကျောင်းမသွားခင် နံနက်ပိုင်းတွင်မှာတော့ သူ့ဆရာမဖို့ ငါ့ဆရာမဖို့နှင့် ရာသီလိုက်ပွင့်သော ပန်းရုံများနားတွင် ပန်းပွင့်လုကြရသည်မှာလည်း သူတို့အတွက် အလုပ်တစ်ခုပင်။ တစ်ခါတစ်ရံ အတွတ်တို့ခြံထဲမှ ပန်းရုံကို ရောက်လာကြသည်။ တစ်ခါတစ်ရံတော့ မွှေးတို့ပန်းချုံမှာ ဖြစ်သည်။ သို့သော် ဘယ်အခါမဆို အတွတ်သည် မွှေးတို့မောင်နှမတစ်စုကြားတွင် လုံးလုံးလုံးလုံးနှင့် ပါခဲ့သည်သာ ဖြစ်သည်။
မွှေးအစ်ကိုများ ခုနစ်တန်းအောင်ပြီး တခြားမြို့များသို့ ကျောင်းပြောင်းချိန်တွင်မူ မွှေးသည် လှေကိုင်နိုင်လောက်အောင် လှေလှော် ကျွမ်းကျင်လာသည်။ ထိုစဉ်ကတည်းက သူ့တက်နှင့်သူလှော်ကာ အေးနှင့်တကွ ညီမလေးများတင်ကာ ကျောင်းသွားသည်။ ဒီတော့လည်း အတွတ်သည် အတူပါခဲ့သည်က များခဲ့၏။ မွှေး ပင်ပန်းပုံပေါ်သောအခါတွင် မွှေး၏လက်မှ လှော်တက်ကို လှမ်း၍တောင်းတိုင်း မွှေးသည် အတွတ်ကို မပေးခဲ့ပေ။ ထိုစဥ်ကတည်းက ခေါင်းမာသော ကောင်မလေးတစ်ယောက်အနေနှင့် မွှေးကို စိတ်ထဲက ခပ်ချဉ်ချဉ်ဖြစ်မိသည်။
သူရှင်ပြုသောနေ့က မွှေးနှင့် ရန်ဖြစ်ခဲ့ရသည်။ သူသည် ခဏခဏပဲ ရှင်ပြုရ၏။ ဘွားဘွားဆုံးခါနီးတုန်းကလည်း သင်္ကန်းဝတ်၍ ပြခဲ့ရ၏။
ခမ်းခမ်းနားနား ရှင်ပြုရသည်မှာ (၁၂)နှစ်သားတုန်းက ဖြစ်သည်။ မေမေက သားတစ်ယောက်တည်းမို့ အငြိမ့်တွေ ကွက်စိပ်တွေနှင့် တခမ်းတနားလုပ်ခဲ့၏။
ထိုဧည့်ခံသောနေ့က မွှေးတို့မောင်နှမအားလုံး လာသည်။ ထိုစဉ်က သူသည် မွှေးကို မကျည်းတန်ဟု ခေါ်သည်။ သူ့မျက်စိထဲတွင် ညီမအားလုံးထဲ၌ မွှေးသည် အလွန်အကျည်းတန်သော ကလေးပင်တည်း။ အစ်ကိုတွေက ထောင်ထောင်မောင်းမောင်း ယောက်ျားပီပီ ချောကြသည်။ မွှေးထက်အကြီး အေးက မင်းသမီးလေးလို ဖြူဖြူနွဲ့နွဲ့ ဖြစ်၏။ သူ့ဆံပင်လေးများသည် ကွေ့ကွေ့ဝိုက်ဝိုက်နွယ်ကာ ဖြူနေသော နဖူးအိအိလေးပေါ်တွင် ဝဲနေသည်။ သွားတက်လေးပေါ်အောင် ပြုံးနေလျှင် မမအေးသည် ပိုမို၍လှပ၏။ စကားနည်းနည်းပြောကာ ငြိမ်ငြိမ်သက်သက်လေးပင် နေတတ်သည်။ အပျိုဖော်ဝင်စတွင် ဖြူဖြူမြင့်မြင့်လေးမို့ ပိုးတောင့်တဲလေးလို ချစ်စရာကောင်းပေသည်။ လေးနှင့်ထွေးတို့နှစ်ယောက်ကလည်း ဖြူဖြူလေးတွေဖြစ်၏။ မျက်လုံး မျက်ခုံးများအားလုံး တောက်ပမည်းနက်ကြသည်။
မကျည်းတန်ကတော့ အားလုံးထဲတွင် အသားညိုလွန်းသည့်အထဲ သူ့လည်ပင်းက ပုတိုတိုလေးနှင့် အေးကဲ့သို့ သွယ်သွယ်ပျောင်းပျောင်းမနေ။ စကားပြောလျှင် သွက်သွက်လက်လက်နှင့် ပြတ်ပြတ် ပြောသည်။ ထိုနေ့က မွှေးသည် နားကွင်းအကြီးကြီး နားတွင် ပန်ကာ ရွှေတောင်ပိုးလုံချည် အနီရဲရဲကို သူ့ညီမများနှင့် ဆင်တူ ဝတ်ထားကြ၏။ ဂျပန်ပိုးအင်္ကျီ အနီဖားဖားကြီးနှင့် မွှေးကိုကြည့်ရသည်မှာ ကုလားမနှင့် တူနေသည်။ ပြီးတော့ သူသည် သူ့အစ်မများ ညီမများကဲ့သို့ သနပ်ခါးကို သပ်သပ်ရပ်ရပ် လူးတတ်ပုံမရပေ။
“ရုပ်ကိုကဟယ် နနွင်းမှုန့်ရောင်းတဲ့ ကုလားမကျနေတာပဲ”
မွှေးက သူစားရန် ကြာဆံကြီးကို အမှတ်တရ သူ့ဆီလာပို့ချိန်တွင် သူက မွှေးကို ရက်ရက်စက်စက်ပြော၏။ အတွတ်မှာ သင်္ကန်းမဝတ်ခင် ရှင်လောင်းဖြစ်နေ၍ လှလှပပဝတ်ကာ ငြိမ်ငြိမ်နေရသောအချိန်ဖြစ်သည်။ မွှေးက သူ့ကို မျက်စောင်းကြီးထိုးလိုက်၏။ မွှေး၏ သျှောင်ထုံးကြီးမှာမူ နက်နက်ချောချောကြီး ဖြစ်၏။
“ညနေကျ ငါသင်္ကန်းစည်းပြီးရင် လာခဲ့မယ်။ မကျည်းတန် ငါ့ကို ရှိခိုးရမယ်နော်"
“ဘယ်တော့မှ မရှိခိုးဘူး၊ အတွတ်လာရင် မွှေးလည်း ထွက်မလာဘူး"
မွှေးသည် နှုတ်ခမ်းကြီးစူကာ ခပ်ဆောင့်ဆောင့်ပြော၍ ထွက်သွားသည်။ မွှေးက သူ့ထက် တစ်နှစ်ငယ်၏။ “နင်နှင့် ငါနှင့်” သူ့ကို မပြောပေ။
ညနေစောင်း၍ ဆံချတရားနာပြီး သော်ကကျောင်းသို့ သူ့ကို သွားပို့ကြချိန်တွင် မောင်နှမအားလုံးပါသော်လည်း မွှေးသည် နေရစ်ခဲ့၏။ စည်းရိုးအနီးမှ ကရမက်ချုံနားတွင် နှုတ်ခမ်းထေ့ထေ့စူကာ သူ့ကို ကြည့်နေသည်။ သူသည် ခေါင်းတုံးအပြောင်ကလေးနှင့် သင်္ကန်းရုံထားရပြီဖြစ်၍ ဣန္ဒြေကြီးလုပ်နေရ၏။ လိုက်ပို့ကြသည့်လူစုထဲတွင် မွှေးမပါဘူးဆိုတော့လည်း သူ့စိတ်က ဝမ်းနည်းချင်သည်။
အတွတ် လူထွက်ပြီး နောက်တစ်နေ့တွင် နှစ်စဉ်ကျင်းပမြဲ သော်ကဘုရားပွဲတော် စ,လေသည်။ အနောက်ဘက်လယ်ကွင်းတွင် စပါးပင်များ ရိတ်သိမ်းပြီး၍ လယ်မြေများပင် ပတ်ကြားအက်၍နေပေသည်။
ဘုရားသို့ ကုန်းကြောင်းလျှောက်၍ရသော်လည်း မွှေးတို့က သူတို့ဘွားဘွား လုပ်ပေးခဲ့သော လှည်းယာဉ်နှစ်စီးကို ပြင်၍ထား၏။ မွှေးတို့ပါသော လှည်းမှာ သူ့မေမေနှင့်မေမေတို့ ပါကြသည်။ အေးက လှည်းအလယ်တွင် လူကြီးများနှင့်အတူ ထိုင်၏။ မွှေးနှင့် အငယ်နှစ်ယောက်က လှည်းနောက်တွင် ခြေတွဲလွဲလေးတွေချကာ စီ၍ ထိုင်နေကြသည်။ သူတို့ခြေလေးများ လှည်းဆောင့်၍ လှုပ်တိုင်း ခြေကျဉ်းများမှာ တလက်လက် တောက်ပ၍ တချွင်ချွင်မြည်နေသည်။
သူသည် မွှေးအစ်ကိုများနှင့်အတူ မွှေးတို့လှည်းနောက်မှ လိုက်ရသည်။ ညနေစောင်းတွင် အနောက်ဘက်လယ်ကွင်းအစပ်၌ နေလုံးရဲကြီးမှာ နစ်စပြု၍နေလေသည်။ ဝါဖျော့ဖျော့ နေရောင်ထဲတွင် လှည်းနှစ်စီး ပြေးနေသည်မှာ ကြွရွ၍ မြူးရွှင်စရာကောင်းပေသည်။
အဝေးတွင် ရွှေပိန်းနေသော သော်ကစေတီကြီးသည် ဝင်ဆဲနေရောင်တွင် ရွှေတောင်ကြီးလို ညီးညီးပြောင်နေသည်။ ပွဲခင်းဆီမှ လူသံ၊ တေးသံတွေမှာ လေညင်းတွင် လွင့်ပျံ့နေသည်။
မွှေးတို့ညီအစ်မသုံးယောက်သည်လည်း သီချင်းဆိုနေကြသည်။ သူသည် သီချင်းသံကို အစက နားစိုက်မထောင်မိပေ။ သေချာစွာ နားထောင်လိုက်သည့်အခါတွင်မှ သူတို့ ဆိုသည်မှာ သီချင်းမဟုတ်ပေ။
“ကိုရင်လူထွက် ငါးပိချက်၊ ခေါင်းတုံးပြောင် အုံးမောင်၊ နှပ်ချေး ထူ" ထိုစကားလုံးတွေကိုသာ လက်ခုပ်တီး၍ အော်ဆိုမှန်း သူသိရတော့သည်။ သူ၏ခေါင်းတုံးကို သရော်သည့်အတွက် သူ့စိတ်ထဲတွင် ဒေါသဖြစ်သွား၏။ သို့သော် မွှေး၏အစ်ကိုများ သီချင်းသံတွင် သူ့ဒေါသပြေသွားရလေသည်။
ဘုရားသို့ ရောက်လျှင် မွှေးဘွားဘွား၏ တန်ဆောင်းထဲရှိ ကျောက်ဆင်းတုရုပ်ပွားတော်ရှေ့၌ ဆီမီးပူဇော်ကြရသည်။ သူသည် မွှေးနှင့်အတူယှဉ်၍ ဖယောင်းတိုင်များကို တစ်တိုင်ပြီးတစ်တိုင် ညှိ၏။ သူတို့ရှေ့တွင် ဒေါ်တင်တင်ကြီးနှင့်မေမေက မီးမညှိရသေးသော ဖယောင်းတိုင်များကို စိုက်နှင့်၏။ ဒေါ်တင်တင်ကြီးလက်မှ ဖက်ထုပ် စိန်လက်စွပ်ကြီးမှာ မီးရောင်နှင့် ရောထွေး တောက်ပနေပုံရသည်။ မွှေးကို ဒေါသဖြစ်နေသော်လည်း မေမေ့ရှေ့တွင် သူသည် ရန်မဖြစ်ရဲသေးပေ။ ဖယောင်းတစ်တိုင်ကို မီးကူးနေသော မွှေး၏လက်ချောင်းကလေးများကို စိုက်ကြည့်နေ၏။
“မကျည်းတန်ရာ မင်း ရုပ်သာ မလှတယ်၊ မင်းလက်ချောင်းလေးတွေကတော့ ဖောင်းဖောင်းလှလှလေးတွေနော်”
သူသည် ဒေါသကိုမေ့ကာ ပြောလိုက်လျှင် မကျည်းတန်က မဲ့ပြုံးပြုံး၍ နေတော့သည်။
* * *
ခုနှစ်တန်းအောင်ပြီးနောက် တောင်လေတိုက်စပြုလာသော နှစ်ဦး၌ အတွတ်မှာ စာအုပ်သေတ္တာများကို ပြင်နေရ၏။ သင်္ကြန်လွန်ပြီး တစ်ပတ်တွင် သူ ရန်ကုန်ကျောင်းသို့ ပြောင်းရမည်ကို မေမေက ပြောထားနှင့်ပြီးဖြစ်သည်။
ဝါးခယ်မအရှေ့ပိုင်းက ဝတ်လုံဦးဘလှသား နေသော ကျောင်းတွင် ထားမည်ဟုဆို၏။ ဦးဘလှသည် ဝါးခယ်မသားတစ်ယောက်ဖြစ်၍ ရန်ကုန်တွင် ဝတ်လုံလိုက်နေသည်ဆိုသည်ကလွဲ၍ ဦးဘလှကိုရော သားဖြစ်သူကိုပါ မမြင်ဘူးပေ။
“ဖရက်ဒီဘလှက သားနဲ့ရွယ်တူပဲ။ သူလဲ ခုနစ်တန်းမှာ။ ဟိုကျ သားပျင်းမှာမဟုတ်ပါဘူး” ဟု ဖေဖေက ဆို၏။
သို့သော် သူ့စိတ်ထဲတွင် မွှေးတို့ညီအစ်မတစ်စုနှင့် လှေစီးကာ ဝါးခယ်မဘက်ရှိ ကျောင်းသို့ပင် သွားချင်နေပေသည်။
ညနေတွင် မွှေးကို နှုတ်ဆက်ချင်၍ ခြံစည်းရိုးတစ်ဖက်ကို ကူးလာသည်။ မလွယ်ပေါက်သည် ပိတောက်ပင်ခြေတွင် ဖောက်ထား၍ ပိတောက်ပင်ကြီးအောက်မှ ဖြတ်လျှောက်လာခဲ့၏။
အေးနှင့်မွှေးမှာ စံပယ်ရုံဘေးတွင် စံပယ်ပန်းလေးများကို သီပြီး ကြေးနန်းကြိုးလေးများနှင့် ပန်းခိုင်ဖြစ်အောင် ခိုင်နေကြပေသည်။ လေးနှင့်ထွေးကတော့ ထဘီလေးတွေ ခါးတောင်းကျိုက်ကာ ခြံထဲ မြေညီလမ်းပေါ်တွင် ခွေလှိမ့်နေကြပေသည်။
“ဟယ် ... အတွတ်ပါလား၊ လာ... ထိုင်လေ"
အေးက သူ့ကို ခုံတန်းလျားတစ်ဖက်စွန်း၌ နေရာပေး၏။ မွှေးကမူ စံပယ်ပွင့်ကလေးတစ်ပွင့်ကို ကိုင်ကာ သူ့ကိုငေးကြည့်နေသည်။
“ကျွန်တော် မမအေးတို့ကို လာနှုတ်ဆက်တာ။ ရန်ကုန်ကျောင်းကို သွားရတော့မယ်”
သူပြောနေစဉ်တွင် သူ့အသံများသည် တုန်နေသလို ဖြစ်နေသည်။
“ဒေါ်ဒေါ်စိန်ကလည်း ပြောတယ်၊ အတွတ်ကို စိန်ပေါလ်ကျောင်းကို ပို့မလို့တဲ့”
မွှေးက သူသိပြီးသလို ပြန်ပြောလိုက်၏။
“ဟုတ်တယ်၊ ကိုယ်ကတော့ မသွားချင်ဘူး။ ဒါပေမယ့် ဖေဖေက အင်္ဂလိပ်စာ သိပ်တော်စေချင်တာ၊ ဟိုမှာ ဖရက်ဒီဘလှလဲ ရှိတယ်လို့ ပြောတာပဲ။ ကိုယ်တော့ ပျင်းမှာပါပဲ”
သူတို့ညီအစ်မနှစ်ယောက်သည် ခေါင်းများ ပြိုင်တူ ညင်ညင်သာသာ ညိတ်၍နေကြသည်။
“အိမ်ထဲမှာ ကိုကိုတို့ရှိလား၊ ကြီးကြီးတင်တို့ ဦးတို့ကိုလဲ ကိုယ်သွားကန်တော့ဦးမယ်”
“သွားလေ၊ မမအေး လိုက်ခဲ့မယ်”
သူနှင့် မမအေးသည် အိမ်ဘက်ဆီသို့ သွားကြသည်။ မွှေးက ပန်းခုံတွင် နေရစ်ခဲ့သည်။
မွှေးအစ်ကိုများဖြစ်သော ကိုနောင်နှင့် ကိုအောင်သည် ဘာကို ဆွေးနွေးနေသည်မသိ၊ လူသုံးယောက်နှင့် အခြေအတင် စကားပြောနေ၍ နှုတ်ဆက်ရန် အတော်စောင့်ခဲ့ရသည်။
အပြန်တွင် စံပယ်ရုံနား၌ ခြင်းတောင်းလေးထဲတွင် ပန်းခက်များကို စီထည့်နေသော မွှေးကို တစ်ယောက်တည်း တွေ့ရသည်။ နေရောင်မှာ ပျော့လွန်း၍ မှောင်ရိပ်ပင် သမ်းလာစပြုနေပုံရ၏။
“မွှေး ရန်ကုန်ကို ဘာမှာချင်သေးသလဲ"
သူသည် ခပ်တိုးတိုးပင် မွှေးအနားသို့ ကပ်၍မေးလိုက်၏။ မွှေးက ပြုံး၍ပင် ကြည့်နေကာ သူ့ကို ဘာမှပြန်မပြောပေ။
“တို့ရန်မဖြစ်ရတော့ဘူးနော်။ ကိုယ် ဟိုရောက်ရောက်ချင်း စာရေးမယ်၊ မင်း စာပြန်နော်”
“ပြန်ပါ့မယ်”
“ကဲ ... ကိုယ်သွားတော့မယ်။ နက်ဖြန်ညနေ သင်္ဘောဆင်းရင် မင်း တို့ကို လိုက်ပို့ပါလား”
“မေမေ ခိုင်းရင် လိုက်ပို့ပေးမယ်လေ”
သူသည် မွှေး၏မျက်နှာကို စေ့စေ့ကြည့်ကာ အလိုလို ဝမ်းနည်းလာ၏။
“သွားမယ်ကွာ၊ ကိုယ်စိတ်ညစ်သလိုပဲ"
သူသည် မွှေး၏ခြင်းထဲမှ ပန်းတစ်ခက်ကို ယူကာ မလွယ်ပေါက်ဆီသို့ ပြန်လာခဲ့သည်။
ညဉ့်ဦးတွင် တောင်လေသည် ပို၍ပြင်းပြင်းထန် တိုက်ခတ်လာ၏။ မိုးသက်ပါလာဟန်ရှိသော်လည်း လေသည် ကံ့ကော်ပန်းရနံ့ဖြင့် မွှေးနေသည်။ မွှေးတို့အိမ်ကြီးဘက်ဆီမှ ညီမတစ်စု၏ ဝတ်တက်သံသည် လေထဲတွင်ဝဲကာ ပါလာပြန်သည်။ သူသည် အိမ်ခန်းပြတင်းမှ လှမ်း၍ကြည့်မိ၏။ လရောင်အောက်တွင် အိမ်မြင့်မြင့်ကြီးကို မြင်နေရသည်။ အိပ်ရာဆီသို့ ကမန်းကတန်းပြေးကာ ခေါင်းအုံးနှင့် မျက်နှာအပ်ကာ ရှိုက်ကြီးတငင် သူငို၍နေမိသည်။
မကြာခင်ပင် အေးချမ်း၍သာယာသော ကြေးစည်သံကို သူကြားလိုက်ရပေသည်။
သူ့လက်တွင် မွှေးထံမှ ယူခဲ့သော စံပယ်ပန်းလေးများသည် ကြေမွ၍နေကြပေပြီ။
အပိုင်း(၂)ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment