Monday, July 18, 2022

မွှေး

 


◾အစဉ်ပျံ့မွှေးနေသော "မွှေး" 


“ယခုလိုအချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့်မွှေး အတူတကွ မွေးခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင် စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။"


ဤစကားလုံးများနှင့် "မွှေး"ဝတ္ထုကို ကျွန်မဖွင့်ခဲ့ပါသည်။ မွှေး ဝတ္ထုကို ကျွန်မနှလုံးသားတွင် သန္ဓေတည်သည်မှာ အိန္ဒိယတွင် ကျွန်မ ဆေးကုသခံခဲ့စဉ်ကဖြစ်ပါသည်။ 


◾သူ့စကားနားထောင်ကာ 

ကျွန်မတို့မှာ တီဘီရောဂါမျိုးမရှိသော်လည်း ကျွန်မ၏မေမေမှာ တီဘီရောဂါနှင့် ကွယ်လွန်ခဲ့ပါသည်။ ဒုတိယ အစ်မဖြစ်သူမှာ ရောဂါကူးစက်ကာ အသက်ဆုံးရှုံးရပြန်သည်။ မမဆုံးပြီး ကျွန်မတို့တအိမ်သာလုံး ဆေးစစ်ကြပါသည်။ ကျွန်မ၏ညာဘက်ခြမ်းအဆုတ်တွင် အစက်တစက်တွေ့ရပါသည်။ ထို့ကြောင့် ကျွန်မ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသခံခဲ့ပါသည်။ မမဆုံးချိန်မှ ကျွန်မဆေးရုံတက်သည်အထိ ကျွန်မခင်ပွန်းသည် ဗိုလ်ကြီးကျော်သောင်းမှာ ရန်ကုန်တွင် မရှိပါ။ ကလောတွင် စစ်ဦးစီးတက္ကသိုလ်ဝင်သင်တန်းသို့ တက်ရောက်နေပါသည်။ သူပြန်လာမှပင် ကျွန်မဆေးရုံတက်နေကြောင်း သိရပါသည်။ 


ဆေးရုံသို့ လာရောက်တွေ့ဆုံရင်း ...

“မျိုးရိုးမရှိဘူး ဆိုပေမယ့် အခု မေမေရော မမရော ဆုံးပြီ။ အချို့ရဲ့အဆုတ်မှာလည်း အခုကူးစက်လာပြန်ပြီဆိုတော့ ကိုကြီးစိုးရိမ်တယ်။ မြန်မာပြည်မှာ ကုလို့ရတယ် ဆိုပေမယ့် အိန္ဒိယကို သွားစေချင်တယ်။ မဒရပ်က တီဘီဆေးရုံမှာ သွားကုပါ။ အချိုတို့မိသားစုမှာ တီဘီအမြစ်ပြတ်သွားစေချင်တယ်"


သူ့ဆုံးဖြတ်ချက်အရ ကျွန်မသည် အိန္ဒိယသို့ ၁၉၅၀-ခုနှစ်၊ မတ်(၂)ရက်နေ့တွင် ထွက်ခွာလာခဲ့ပါသည်။ အစ်ကိုကြီးမှာ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ကတည်းက မော်ကျွန်းသို့ တာဝန်နှင့်ထွက်ခွာသွားခဲ့ပါသည်။ ကျွန်မတို့နှစ်ယောက် ခရီးမထွက်ခင် မတွေ့ဆုံခဲ့ကြရပါ။


အမှန်တော့ ကျွန်မအဆုတ်မှာ ရန်ကုန်ဆေးရုံကြီးတွင် အနားယူကုသခဲ့သဖြင့် အနာကျက်၍ပင်နေပါပြီ။ သို့သော် သူစိုးရိမ်ပူပန်သည့်အတိုင်း ကျွန်မတို့မိသားစုတွင် တီဘီဆက်လက်အမြစ်တွယ်မှာစိုး၍ ကျွန်မ သူ့စကားနားထောင်ကာ အိန္ဒိယသို့ သွားခဲ့ပါသည်။ 


◾အားငယ်လိုက်သည့်ဖြစ်ခြင်း

အိန္ဒိယသို့(ဝါးခယ်မ) သခင်သိန်းဖေတို့ဇနီးမောင်နှံ၊ ဆရာ ဦးစိုးတင့်တို့နှင့်အတူ ကျွန်မလိုက်ပါသွားသည်။ သူတို့သည် ကျွန်မကို မဒနာပလီအထိ လိုက်ပို့ကြပါသည်။ အမှန်တော့ တီဘီကုသော အာ​ရောဂျံဆေးရုံမှာ မဒရပ်နယ် မဒနာပလီရွာလေးတွင် တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ဆေးရုံရောက်တော့ သူတို့မှာ ညမအိပ်နိုင်၊ ကိုချင်ကို ခရီးဆက်ထွက်ရမည်ဖြစ်သည်။ သွားခါနီး သူတို့ကို ကျွန်မကန်တော့သောအခါ သူတို့လည်း ငိုကြသည်။ ကျွန်မကတော့ မျက်ရည်လည်ရွဲနှင့်။


ရန်ကုန်မှ ထွက်သည့်နေ့ကလည်း ချစ်သူနှင့် မတွေ့ရပါ။ တပ်မတော်သား ဇနီးပဲ၊ ဒီလိုပဲပေါ့ဟု ကိုယ့်စိတ်ကိုယ်တင်းကာ ထွက်ပါသည်။ အိန္ဒိယရောက်တော့လည်း တယောက်တည်း ဆေးရုံတွင် ကျန်ရစ်ခဲ့ရသည်။ ဆေးရုံကလည်း ကျွန်မထင်သလိုမဟုတ်၊ ရန်ကုန်ဆေးရုံကြီးလို အခန်းနှင့် လူနာများကိုထားသည်မဟုတ်။ တယောက် တအိမ်၊ တအိမ်နှင့်တအိမ်ကလည်း ပေ(၁၀)လောက်ဝေးသည်။ သူတို့ပြန်သွားကတည်းက ကျွန်မ အားငယ်လိုက်သည်ဖြစ်ခြင်း။ ငို၍လည်းမဆုံးပါ။ ဆေးရုံသို့ရောက်နှင့်သော မြန်မာလူနာများက ကျွန်မရောက်သည့်သတင်း ကြားပြီးကတည်းက အားပေးကြ၊ ပြုစုစောင့်ရှောက်ကြပါသည်။ ကျွန်မ ဘယ်လိုကုသခံခဲ့ရသည်ကို မွှေးဝတ္ထုတွင် ရေးသား ဖော်ပြပြီးဖြစ်၍ ကျွန်မ၏စာဖတ်ပရိသတ်က သိပြီးဖြစ်ပါသည်။ 


ကျွန်မ ရောက်ကတည်းကပင် ဆေးစစ်ခံရစဉ်အတွင်း အနားယူရမည်ဆို၍ Yellow Bed အိပ်ရာတွင် လှဲနေရပါသည်။ မထိုင်ရပါ။ လူနာ၏နေ့စဉ်မှတ်တမ်းတွင် အဝါရောင်ပြသထားလျှင် ထိုလူနာမှာ မထရ၊ အိပ်ရာပေါ်တွင် လှဲနေရပါသည်။ ကျွန်မကိုဆေးစစ်ပြီး ဘာမှမတွေ့၊ အနာကလည်း ကျက်သွားပြီ ဆိုပါသည်။ သို့သော် သေချာအောင် တံတွေးကို Culture လုပ်ပြီး ပိုးမွေးထားပါသည်။ တနင်္ဂနွေ(၆)ပတ်ကြာမည် ဖြစ်သည်။ အဖျားကလည်းမရှိ၊ သွေးနှင့်ရိုးရိုးတံတွေးများတွင်လည်း ပိုးမတွေ့၍ ဆေးစစ်ပြီးချိန်တွင် အဝါမှအပြာနုရောင် ပြောင်းလဲပေးပါသည်။ ကုလားထိုင်များနှင့် ထိုင်ခွင့်ရပါသည်။ လမ်းလျှောက်၍တော့မရပါ။ ကျွန်မအရပ်(၅)ပေ (၂)လက်မဆိုလျှင် အလေးချိန်မှာ ပေါင် ၉၀ မပြည့်။ လျော့နည်းနေ၍ ကောင်းကောင်းစား၊ ကောင်းကောင်း နားရပါသည်။


◾မွှေးပျံ့သော တမာပွင့်ရနံ့ 

ထိုင်ခွင့်ရတော့မှ ကျွန်မသည် အိမ်ရှေ့တွင် ညနေတိုင်း ထိုင်၍ ပတ်ဝန်ကျင်ကို ကြည့်ခွင့် လေ့လာခွင့်ရပါသည်။ ကျွန်မထိုင်သောနေရာမှာ တမာပင်အောက်ဖြစ်၍ တမာပွင့်ကြွေတို့မှာ မြေပေါ်တွင် ဖွေးဖွေးလှုပ်နေကြပါသည်။ တမာရနံ့မှာ လေထဲတွင် မွှေးပျံ့နေပါသည်။ အဝေးမှာ သစ်ရွက်စိမ်းများနှင့် ဥယျာဉ်အုပ်အုပ်ကိုလည်း မျှော်ကြည့်ရသည်။ လမ်းလျှောက်သူ လူနာများကိုလည်း ကြည့်မိ၏။ အိမ်နီးချင်း လူနာအိမ်များကိုလည်း မျှော်ကြည့်ရင်းနှင့် စိတ်ဖြေ ရသည်။


ခပ်လှမ်းလှမ်းတွင် အိန္ဒိယတိုင်းရင်းသူ လူနာတယောက်ကို တွေ့သည်။ သူ့ကို သူ့ဖခင်ကြီးကိုယ်တိုင် ​စောင့်ရှောက်ပေးသည်။ တညနေမှာတော့ ဆေးရုံမှ စာရေးလေးက စာတစောင်ကို လူနာ၏ဖခင်လက်သို့ ထည့်သည်ကိုတွေ့ရသည်။ ဖခင်က လူနာအား ဖတ်ပြသည်။ လူနာကလည်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။ စာဖတ်ပြီးချိန် လူနာ၏အမူအရာမှာ ရွှင်လန်းနေပုံရ၏။ ထိုစာရေးလေး လမ်းမဘက်သို့ထွက်လာမှ ကျွန်မက လှမ်းခေါ်လိုက်၏။ သူယူလာသော စာထဲမှာ ဘာတွေပါသည်ကို ကျွန်မမေးကြည့်၏။ စပ်စုလို၍မဟုတ်ပါ။ အမှန်တော့ သူတို့၏ဝမ်းမြောက်စရာသတင်းကို ကျွန်မ ကြားချင်၍ဖြစ်ပါသည်။ တယောက်တည်း ကျန်နေရသောအခါ ကျွန်မနှင့်ဘဝတူ လူနာများအပေါ် ကျွန်မစိတ်ဝင်စား၍ဖြစ်ပါသည်။


◾ဘုရားတခဲ့မိသောနေ့ 

“အဲဒီလူနာမှာ ကလေး(၃)ယောက်ရှိတယ်။ ဒီကလေးတွေကို သူ့ယောက်ျားက ပြုစုနေတယ်။ စီးပွားရေးက တဖက်ဆိုတော့ လူနာကို လာမပြုစုနိုင်ဘူးလေ။ ဒါကြောင့် အဖေကြီးက သူကိုယ်တိုင် သမီးကိုလိုက်လာပြီး ပြုစုတာ။ တဦးတည်းသော သမီးလေ၊ အဲဒါ ရှေ့လကုန်ရင် သူ့ယောက်ျားက ကလေးတွေကို ဆေးရုံခေါ်လာပြီး ပြမယ်တဲ့”


ကျွန်မရင်ထဲမှာလည်း ဝမ်းသာသွားပါသည်။ သူတို့မိသားစု ပြန်လည်တွေ့ဆုံကြတော့မည်။ တီဘီသွေးစုတ်ဘီလူး၏ အရိပ်အောက်တွင် ဖရိုဖရဲဖြစ်ရသော မိသားစုဒုက္ခကို ကိုယ်တိုင်ခံစားဖူး၍ ဘယ်အခါမဆို ကိုယ်ချင်းစာမိပါသည်။

သို့သော် စာရေးလေးက ဒီတွင်မရပ်။ 


“အဲဒီလူနာမိန်းမက သူ့ယောက်ျားဆီ စာရေးလိုက်တယ်လေ။ သူ ဒီဆေးရုံရောက်နေတာ သုံးနှစ်ရှိပါပြီ။ သူ့ရောဂါကလည်း ကုမရတော့ဘူးဆိုတာ သူသိတယ်။ ကုရတဲ့အချိန်ကလည်း သိပ်ကြာမှာမို့ သူ့ယောက်ျားကို နောက်မိန်းမယူတော့လို့ စာရေးလိုက်တယ်။ ဒါကြောင့် သူ့ယောက်ျားက ရှေ့အပတ်မှာ မိန်းမယူတော့မယ့်အကြောင်း စာရေးလိုက်လို့ အဖေကြီးက ဖတ်ပြနေတာ”


ဘုရား.. ဘုရား။ ကျွန်မသည် စာရေးလေး ထွက်သွားသည်အထိ စကားမပြောနိုင်။ လူနာမိန်းမကိုလည်း ချီးကျူးမိ၏။ လင်သားအပေါ် စိတ်လျှော့ခွင့်လွှတ်နိုင်၍ပဲလား၊ သားသမီးတို့ကို တွေ့ရတော့မည်ဖြစ်၍လားမသိ၊ ရွှင်လန်းတက်ကြွနေပါသည်။


ထိုညကတည်းက စိတ်ထဲမှာ အိမ်ကို အထူးသတိရသည်။ အထူးသဖြင့် ကျွန်မတို့အိမ်ထောင်ရေးဖြစ်ပါသည်။ တကယ်တော့ ကျွန်မသည် သမီးကောင်းတယောက်ဖြစ်ခဲ့ပါသော်လည်း ဇနီးကောင်းတယောက်မဖြစ်ခဲ့ပါ။


◾ရေးလက်စစာမူ 

လက်ထပ်ပြီးစကတည်းက အမေငဲ့ရ၊ အစ်မငဲ့ရ၊ အဖေငဲ့ရနှင့် သူ့​နောက်သို့ မလိုက်ပါနိုင်ခဲ့၊ တခါတရံသာ သွားရောက်လည်ပတ်နိုင်ခဲ့သည်။ ယခုလည်း ကျွန်မရောဂါကြောင့် သူနှင့်ခွဲခွာလာခဲ့ရပြန်သည်။ သူသာ သဘောထားမကြီးခဲ့ပါလျှင် သို့မဟုတ် သစ္စာမရှိခဲ့ပါလျှင် နောက်မိန်းမယူလျှင်ကော ကျွန်မ ဘာများတတ်နိုင်မည်နည်း။ အိန္ဒိယတိုင်းသူ လူနာလို လင်သားအပေါ် ခွင့်လွှတ်နိုင်မည်လား၊ ထိုအတွေးကို မူတည်၍ “မွှေး”ဝတ္ထုသည် ကျွန်မနှလုံးသားတွင် သန္ဓေတည်ခဲ့သည်ဟု ဆိုလိုပါသည်။ တခုကလည်း အာ​ရောဂျံတွင် မြန်မာလူနာများ စုဝေးစကားပြောရင်း အာ​ရောဂျံတွင် လာရောက်ကုသရသောဒုက္ခကြောင့် သူတို့ကုထုံးအတိုင်း ကုနိုင်လျှင် မြန်မာပြည်မှာရော သီးသန့် တီဘီဆေးရုံတခုဆောက်ရန် မဖြစ်နိုင်ဘူးလားဟု အကြံဖြစ်ကြသည်။ ကျွန်မရင်ထဲမှာလည်း ထိုစိတ်ကူးပေါ်ခဲ့ပါသည်။ 


အိန္ဒိယမှ ပြန်ရောက်ရောက်ချင်း ကျွန်မ သူ့နောက်ကို လိုက်ပါသွားပါသည်။ သူသည် ကလောမှာ ဦးစီးတက္ကသိုလ်တက်ရမည်ဖြစ်၍ အနာလည်းယူမည်ဖြစ်ပါသည်။ ယခင်က စစ်တက္ကသိုလ်ဝင်တန်း (၂)လတက်ပြီး၊ ယခု စစ်ဦးစီးတက္ကသိုလ် (၉)လသင်တန်းကို တက်ရမည်ဖြစ်သည်။ ဒီတုန်းကလည်း မွှေးကို မရေးဖြစ်။ ၁၉၅၉-ခုနှစ်လောက်မှ ရေးဖြစ်ပါသည်။ ရေးတော့လည်း ကျွန်မက ရေးရင်းရေးရင်း စာမျက်နှာ(၂ဝ)လောက်အရတွင် ရပ်ထားပါသည်။ ကျွန်မ၏ရေးလက်စ စာမူကို သူတွေ့သွားပြီး ဖတ်ပါသည်။


◾ခင်ခင်လေးနှင့်မမလေး

“အချို ဒီဝတ္ထုကို ဘာလို့ဆက်မရေးတာလဲ” သူက မေးပါသည်။ 


“တီဘီအကြောင်းကို အခြေခံထားပြီး ရေးတာပဲ။ နိုင်ငံခြားမှာ ဆေးသွားကုရတာ ဒုက္ခရောက်လို့ သီးသန့်တီဘီဆေးရုံတခု မြန်မာပြည်မှာဆောက်စေချင်တယ်။ တီဘီကို စိတ်နာလို့ တီဘီရောဂါတိုက်ဖျက်ရေး ရည်ရွယ်ချက်နဲ့ ရေးမလို့ဘဲ။ ဒါပေမယ့် တချို့အကြောင်းက အချို့ရဲ့ ကိုယ်ရေးကိုယ်တွေဆိုတော့ ပရိသတ်က လက်ခံပါ့မလားလို့”


ကျွန်မက သံသယနှင့် ဖြေလိုက်၏။


“ဟာ..အချိုကလဲ စာဖတ်ပရိသတ်အနေနဲ့ ကိုကြီးက ဖတ်ကြည့်ပြီးပြီ။ စိတ်ဝင်စားစရာ ကောင်းတယ်၊ ဆက်ရေး"


သူ့တိုက်တွန်းချက်ဖြင့် ကျွန်မ “မွှေး”တ္ထုကို ရေးဖြစ်ပါသည်။ ကျွန်မသည် ဝတ္ထုကို ရှည်ရှည်မရေးတတ်။ မဂ္ဂဇင်းဝတ္ထုရှည်များကို လျှောက်လွှာစာရွက်နှင့် အလွန်ဆုံး စာမျက်နှာ(၉၀)လောက်ရေးလျှင် ဝတ္ထုပြီးသွားပါသည်။ ဝတ္ထုရှည်ကြီးများကို အထူကြီးရေးနိုင်သော ဒဂုန်ခင်ခင်လေးနှင့် ဂျာနယ်ကျော်မမလေးတို့ကို ကျွန်မ အစဉ်ပဲချီးကျူးမိပါသည်။ 


မွှေးကိုတော့ မြဝတီမဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုရှည်အဖြစ် လေးလဆက်၍ ရေးခဲ့ပါသည်။ မဂ္ဂဇင်းတွင် မွှေးဝတ္ထုရေးပြီးသောအခါ စာဖတ်ပရိသတ်များထံမှ လုံးချင်းထုတ်ရန် တိုက်တွန်းစာများ လာပါသည်။ ထိုစဉ်က မြဝတီမဂ္ဂဇင်းတွင် တက္ကသိုလ်ဘုန်းနိုင်၊ ကိုကိုမောင်တို့၏ အခန်းဆက်ဝတ္ထုရှည်များကို လုံးချင်းအဖြစ် မြဝတီမဂ္ဂဇင်းက ထုတ်ဝေပေးခဲ့ပါသည်။ 


ရှုမ၀ဦးကျော်ကလည်း မွှေးကို လုံးချင်းထုတ်ရန် ကမ်းလှမ်းခဲ့ပါသည်။ သို့သော် ကျွန်မက မြဝတီမဂ္ဂဇင်းကို ဦးစားပေးရမည်ဖြစ်၍ ထုတ်​ဝေမည်လားဟု မြဝတီမဂ္ဂဇင်းကို မေးသောအခါ သူတို့က မထုတ်ပါ ဟု ဖြေပါသည်။ 


◾အတိုင်ပင်ခံ ရှုမ၀ဦးကျော် 

ဒါကြောင့် ဦးကျော်နှင့် လုံးချင်းကို ထုတ်ခဲ့ပါသည်။ ထုတ်ထုတ်ချင်း ကုန်သွား၍ ဒုတိယအကြိမ် ဦးကျော်က ဆက်လက်ထုတ်ဝေပါသည်။ ဒုတိယအကြိမ်မှာ ဦးကျော်က ကျွန်မကို ရာခိုင်နှုန်းနှင့် ပေးရုံသာမဟုတ်၊ ငွေရင်းထည့်စေပါသည်။ ငွေရင်းပေါ်မှ အမြတ်ကိုလည်း ကျွန်မကို​ပေးသောကြောင့် ကျွန်မ ​ငွေပိုမိုရရှိခဲ့ပါသည်။ နောက်ထပ်လည်း တခြားစာအုပ်တိုက်တို့တွင် (၉)ကြိမ်တိုင် ပြန်လည်ရိုက်နှိပ်ရပါသောကြောင့် မွှေးဝတ္ထုမှာ ကျွန်မအတွက် စာအုပ်အဖြစ်နှင့် ငွေအများဆုံးရသောဝတ္ထုဟု ဆိုရပါမည်။


စာဖတ်ပရိသတ်အနေနှင့် မွှေးဝတ္ထုမှာ ကျွန်မ၏ Master piece ဟု ဆိုကြပါသည်။


ဝတ္ထုထွက်ပြီးတော့ ပြည်တော်အေးရုပ်ရှင်ကုမ္ပဏီက ရုပ်ရှင်ရိုက်ရန် လာ၍ဝယ်ပါသည်။ ကျွန်မမှာတော့ အတိုင်ပင်ခံ ရှုမဦးကျော်တယောက်ပဲရှိပါသည်။ ဦးကျော်ကို တိုင်ပင်ကြည့်တော့ ...


"ဒါလောက် ဇာတ်အိမ်ကြီးတဲ့ဝတ္ထုကို ရိုက်ရဲတဲ့သတ္တိရှိတာ ဒေါ်အေးအေးညွန့်ကို ချီးကျူးစရာပဲ။ မစု ရောင်းလိုက်ပါ” ဆိုသောကြောင့် ကျွန်မရောင်းလိုက်ပါသည်။ သို့သော် ဝတ္ထုမှာ နာမည်အကြီးဆုံးဖြစ်သော်လည်း မမညွန့်က ကျွန်မကို ငွေ(၄၀၀၀)ကျပ်သာ ပေးပါသည်။ အိန္ဒိယသို့ရောက်အောင် သွားရောက်ရိုက်ရ၍ ​ငွေကုန်များသောကြောင့်ဟု ဆိုပါသည်။ တခြားဝတ္ထုများရောင်းလျှင် ကျွန်မ(၅၀၀၀) ကျပ် ရပါသည်။ 


◾ဆရာသန်းဆွေ၏မှတ်ချက် 

ဘယ်လိုပင်ဖြစ်ဖြစ် မွှေး ရုံတင်သောအခါ ရုံလေးရုံ ပထမပတ် အပြည့်ဖြစ်၍ ကျွန်မ ဝမ်းသာသွားပါသည်။ Pre-booking မှာ နှစ်သောင်းကျော်ရပါသည်။ ပထမဆုံး ရုံတင်သောနေ့က ကျွန်မထံ သူငယ်ချင်းတွေ တယ်လီဖုန်းဆက်ပါသည်။ “မိစု စပါးစေ့လေးတွေ အိပ်ပျော်ရာကနိုးတာ ရုပ်ရှင်ထဲမှာလဲ မပါဘူး” ဟု ဆိုပါသည်။ ပြီးတော့ မွှေးက ရှည်လွန်း၍ နောက်ဆုံးပွဲမှာ ညဥ့်၂ချက်တီးမှ အိမ်ပြန်ကြရသည်ဟု ဆိုပါသည်။ ထိုအကြောင်းကို ဦးချစ်ခင်အား ပြောပြတော့ နောက်နေ့တွင် ဖြတ်သင့်သည်များကို ဖြတ်တောက်ပစ်ရပါသည်။


“ကျွန်တော် မဖြတ်ချင်ဘူး အသေးစိတ်တွေ ကျွန်တော်ရိုက်ထားသမျှ မစုကို ပြချင်တယ်” ဟု ဦးချစ်ခင်က ပြောသောကြောင့် ကျွန်မတို့သားအမိ သားအဖတွေ မြို့မရုပ်ရှင်ရိုက်သောခြံမှာ သွားကြည့်ပါသည်။ တကယ်ပင် ညဉ့်နှစ်ချက်တီးမှပြီး၍ သမီး မိ အိပ်ပျော်နေသည်ကို ပွေ့ချီ၍ ပြန်လာကြရသည်။ ထိုအထဲမှာတော့ အတွတ် အင်္ဂလန်သို့ မထွက်ခင် ဝါးခယ်မကို တခေါက်ပြန်သည့်အခန်းများကို အသေးစိတ်ရိုက်ထား၍ လွမ်းမောဖွယ်ကောင်းပါသည်။ 


ပထမနေ့ .. သမ္မတရုံမှာပြသော မွှေးကို ကျွန်မ၏ကျေးဇူးရှင် စာရေးဆရာကိုသန်းဆွေကို ဖိတ်ခေါ်၍ပြပါသည်။ 


သူက “ကျော်ဆွေ အကောင်းဆုံးသရုပ်ဆောင်သွားတာပဲဗျာ” ဟု မှတ်ချက်ချပါသည်။ အမှန်တော့ ဦးထွန်း​ဝေက ကိုကိုနိုင်အဖြစ်၊ မြင့်မြင့်ခင်က မွှေးအဖြစ် သရုပ်ဆောင်ခဲ့ပါသည်။ သူတို့နှစ်ဦးလုံးလည်း ကိုယ့်အခန်းကို ပိုင်နိုင်ကြပါသည်။ 


◾ပန်းကြွေသောလမ်း

ကျွန်မအတွက်တော့ ထုံးစံအတိုင်း ဇာတ်သိမ်းတွင် ပေါင်းရေး မပေါင်းရေးပင်ဖြစ်သည်။ ဝတ္ထုထဲက ဇာတ်သိမ်းမှာ မွှေးသည် ကိုကိုနိုင်ကိုလည်း ပြန်မပေါင်း၊ အတွတ်ကိုလည်း မယူဘဲ အဆုတ်နာဆေးရုံ တည်ထောင်ဖို့ လုပ်ငန်းများကို ဇောက်ချလုပ်ရန် မိတ္ထီလာသို့ အတွတ်နှင့်အတူ ထွက်ခွာသွားခြင်းဖြင့် အဆုံးသတ်လိုက်ပါသည်။ ရုပ်ရှင်မှာတော့ မွှေးက ကိုကိုနိုင်ကို ပြန်လည်လက်ခံလိုက်၍ အတွတ်နောက်ဆုတ်သွားခြင်းနှင့် အဆုံးသတ်လိုက်ပါသည်။


ကျောချင်းကပ်၍ တရွေ့ရွေ့ခွာ တကမ္ဘာစီ ဝေးပြီမွှေးရယ် ဆိုသော သီချင်းနှင့်အတူ အတွတ်တယောက် ထင်းရှူးပင်များကြားတွင် တရွေ့ရွေ့လျှောက်သွားရင်း ဇာတ်သိမ်းလိုက်ပုံမှာ မချိစရာကောင်းပါသည်။ လေပြင်းများတိုက်ခတ်၍ ပန်းပွင့်ဖတ်တွေ ကြွေသောလမ်း၊ ရွက်ကြွေများ လျှောကျလာသောလမ်းတွင် အတွတ်လျှောက်သွားပုံရော၊ မျက်နှာထားရော ဆွေးမြေ့ကြေကွဲဖွယ်ကောင်းပါသည်။ 


“ပန်းကြွေသောလမ်း ဖြတ်သန်းလျှောက်သောအခါ ကိုယ့်ရင်ထဲ ဘယ်နှယ့်ရှိမယ် မွှေးရယ်။ အသည်းကြွေခြင်း၊ လေလွင့်ခြင်းတွေရယ်၊ မွှေးကိုချစ်မိသော အဖြေရလဒ်တွေပါကွယ်”ဟူသော ဇာတ်သိမ်းသီချင်းနှင့် အတွတ် (ကျော်ဆွေ)၏ အမူအရာမှာ နောက်ခံရှုမျှော်ခင်းနှင့် လိုက်ဖက်လှသည်။ 


သို့သော် ကျွန်မအတွေးမှာ ကြည့်ရင်းကြည့်ရင်းနှင့် “မွှေး" ဝတ္ထုမဟုတ်တော့ဘဲ “အတွတ်”ဝတ္ထု ဖြစ်သလို ခံစားရပါသည်။ ကျွန်မလိုပဲ အများစု မိန်းကလေးတွေ ခံစားရဟန်တူပါသည်။ မွှေးရုပ်ရှင် ကြည့်ပြီးတော့ ဇာတ်လိုက်မင်းသား ကျော်ဆွေအိမ်သို့ "အတွတ်ရေ .... အတွတ်”နှင့် ခဏခဏဖုန်းဆက်ကြသည်ဟု ဆိုပါသည်။


◾အတွတ်ကို ပြန်ပြီးလက်ထပ်ပါ

ဝတ္ထုထဲကအတိုင်းဆိုလျှင် မွှေးသည် ဇာတ်လိုက်ဖြစ်သည့်အတိုင်း အဆုံးသတ်မှာ မွှေးက အားလုံးကို စွန့်လွှတ်၍ သူ့ဘဝကို တီဘီတိုက်ဖျက်ရေးတွင် မြှုပ်နှံသွားရန် ထွက်ခွာသွားပုံကို ပြရင်းနှင့် အဆုံးသတ်ရပါမည်။ ပရိသတ်ကြိုက်မည်၊ မကြိုက်မည်တော့ မသိပါ။ အကယ်၍များ ယခုအချိန် ထပ်၍ မွှေးကိုရုပ်ရှင်ရိုက်ရဲသော ကုမ္ပဏီတခုပေါ်လာလျှင်၊ အခြေအနေအရပ်ရပ်က ပေးလာလျှင် မူရင်းအတိုင်း ဇာတ်သိမ်းကို ရိုက်ကြည့်လျှင် ဘယ်လိုနေမလဲဟု ကျွန်မတွေးမိပါသည်။ 


အတွတ်မှာ စာဖတ်ပရိသတ်နှင့် ရုပ်ရှင်ကြည့်ပရိသတ်ကို မည်မျှလွှမ်းမိုးနေပါသနည်း ဆိုပါလျှင် ကျွန်မ၏ခင်ပွန်းသည် ကွယ်လွန်ပြီးသောအခါ ကျွန်မ မဟာစည်သာသနာ့ရိပ်သာတွင် တရားပြန်ဝင်ပါသည်။ တနေ့ တရားပွဲအပြီး ဖြူဖြူချောချော၊ အရပ်မြင့်မြင့် ယောဂီဝတ်နှင့် အမျိုးသမီးကြီးတယောက် ကျွန်မကို လာနှုတ်ဆက်ပါသည်။ ကျွန်မက ယခင်က မတွေ့ဖူး၍ အံ့အားသင့်နေပါသည်။ 


“မစုကို အန်တီ အကြံတခု ပေးပါရစေ၊ ဖြစ်ခဲ့ပြီးတာတွေကတော့ ပြီးပါပြီ၊ ခုချိန်ခါမှာ မစုအတွက် အတွတ်ကို ပြန်ပြီးလက်ထပ်ပါလို့ အန်တီတောင်းပန်ချင်ပါတယ်” 


သူသည် ဒါပဲပြော၍ ထွက်ခွာသွားပါသည်။ ကျွန်မမှာ အံ့အားသင့်လျက် ဘာစကားမှ ပြန်မပြောနိုင်ဘဲ ကြောင်၍ကျန်ရစ်ပါသည်။ နေရာက ရိပ်သာလိုနေရာ၊ ယောဂီဝတ်နှင့် တရားထိုင်နေဆဲမှာမှ အတွတ်ကို ပြန်လည်လက်ထပ်ပါရန် အကြံပေးသွားသော အမျိုးသမီးကြီးကို ​ငေးကြည့်နေမိပါသည်။ နောက်မှ အတွတ်သည် သူ့စိတ်ကို မည်မျှလွှမ်းမိုးနေပါသလဲ၊ အတွတ်ကို သူသနားလွန်း၍ ကျွန်မအား အတွတ်ကိုပြန်လည်လက်ထပ်ပါရန် သူအကြံပေးသွား သည်ဟု ကျွန်မ နားလည်လိုက်ပါသည်။ 


ဝတ္ထုထုတ်ပြီးတော့ရော၊ ရုပ်ရှင်ပြပြီးတော့ရော ဝေဖန်ရေးစာများ ရောက်လာသည်။ တချို့ကလည်း သတင်းစာထဲမှာ ဝေဖန်ပါသည်။


◾ဘဝနှင့်ရေခဲတောင် 

တက္ကသိုလ်က ဆရာတယောက်က ... “ဒေါ်ခင်နှင်းယု မွှေးဝတ္ထုထဲမှာ မွှေးကိုပေးထားတဲ့ ဒုက္ခတွေဟာ မများလွန်းဘူးလား" ဟု လူချင်းတွေ့ မေးပါသည်။


“အပြင်က မွှေးကို တွေ့ဖူးပါသလား၊ အပြင်က မွှေးက ဝတ္ထုထဲက​မွှေးထက် ဒုက္ခပိုများပါတယ်”ဟု ကျွန်မ ​ဖြေလိုက်သောအခါ သူ အံ့အားသင့်သွားပါသည်။ 


အမှန်တော့ ဝတ္ထုထဲတွင် ဖော်ပြ၍ရသော အကြောင်းမျှလောက်ပဲ စာဖတ်ပရိသတ်သိရှိရပါသည်။ တချို့လူတို့၏ တကယ့်ဒုက္ခမှာ ဝတ္ထု သို့မဟုတ် ပါးစပ်နှင့်ပင် ဖော်ပြ၍မရလောက်အောင် ကြီးမားကြသောအဖြစ်များရှိပါသည်။ တခါတရံ ကိုယ်ဖော်ထုတ်ပြောပြလိုက်၍ တခြားလူသိက္ခာကျမည်စိုး၍ ဖော်ထုတ်မရေးနိုင် မပြောနိုင်သည့်အကြောင်းများ လူ့လောကတွင် များစွာရှိနေကြသည်။ ထို့ကြောင့် ကျွန်မ “သပြေဝတ္ထုတွင် ဘ၀တွင် ရေခဲတောင်နှင့် နှိုင်း၍ပြခဲ့ပါသည်။ ရေခဲတောင်သည် ရေပြင်ပေါ်တွင် မြင်သာသည့်နေရာ၌ တလက်မလောက် ပေါ်လွင်နေလျှင် အောက်တွင် သုံးလက်မလောက် နစ်မြုပ်၍နေတတ်ပါသည်။ ဥမာရေးပြပါသည်။ အတိုင်းအတာ အချိုးအစား သီးသန့်ရှိပါမည်။ ဘဝ၏ဒုက္ခများစွာလည်း ရေခဲတောင်လိုပါပင်တည်း။"


တချို့ဝေဖန်သူတို့က အတွတ်၏စရိုက်မှာ တကယ့်လူ့ဘဝတွင် မရှိနိုင်သောစရိုက်ဟူ၍ ဆိုပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဒါရိုက်တာ ဦးချစ်ခင်အား ကျွန်မက ပြောပြပါသည်။ 


“မစုကလဲ၊ မစုက မိန်းကလေး၊ ယောက်ျားတွေအကြောင်း သိသလောက်ရေးပြတာ။ ကျွန်တော်တို့က ယောက်ျား။ ယောက်ျားချင်း အကြောင်း ကောင်းကောင်းသိတာပေါ့။ ကိုယ့်ရင်ထဲကအချစ်ကို မဖွင့်ရဲလို့၊ မဖွင့်သင့်လို့၊ အခွင့်မသာလို့ ရင်ထဲမှာ မျိုသိပ်ပြီး သေသွားသည်အထိ နေသွားရတဲ့ ယောက်ျားတွေတောင် ရှိပါတယ်။ အတွတ်လို စရိုက် အပြင်မှာ အများကြီးပါ”


ဦးချစ်ခင်ကတော့ ထောက်ခံပါသည်။ ကျွန်မကလည်း တဲ့တိုးကြီးတော့ သက်သေမထူရဲပါ။ အတွတ်ကိုပင် ပထမဆုံးတွေ့ခဲ့ပါသော်လည်း ချစ်ခွင့်မသာ၍ အချစ်ကိုမရသူ၊ အကြောင်းကြောင်းတို့ကြောင့် ကိုယ်ကျိုးကိုငဲ့ပြီး ချစ်သူကောင်းစားရေးကြောင့် လက်လွှတ်ခဲ့ပါသော “အတွတ်”ကို တကယ်တွေ့၍ ဇာတ်ကောင်တကောင်အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ 


◾ကုသိုလ်ကြမ္မာမမီပါခဲ့ 

ဒီနေရာမှာလည်း ​မွှေးကို အတွတ်က ပထမဆုံးတွေ့ခဲ့ပါသော်လည်း သူသည် အကျည်းတန်သော မိန်းကလေးတယောက်၊ ခေါင်းမာသော ရန်ဖြစ်ဖက် ငယ်သူငယ်ချင်း မိန်းကလေးတယောက်အနေနှင့်သာ မွှေးကို သူချစ်ခဲ့ တွေ့ဆုံခဲ့သည့် အတွတ်အဖြစ်က ပုဂံမင်း မင်းယဉ် နရသိင်္ခ ဆန်သည်ဟု ဆိုရမည်။ ​ဝေဠုဝတီကို လာရောက်ဆက်သစဥ် ခြေသလုံးကြီး၊ နဘက်ကျယ်၊ ထီးနန်းနှင့် မတန်ဟု ငြင်းပယ်ခဲ့သည်။ ညီတော် နရပတိစည်သူကို ပေးခဲ့သည်။ ညီတော် အိမ်ရှေ့မင်းလက်ထဲရောက်မှ မယ်တော်က ​ဝေဠုဝတီကို နားရွက်သေးအောင်၊ ခြေသလုံးသေးအောင် ပြုပြင်လိုက်သည်။ ထိုအခါမှ ​ဝေဠုဝတီအလှကို တွေ့ရသော နရသိင်္ခမင်းမှာ တိမ်းညွတ်သောစိတ် ပေါ်လာရသည်။ 


အတွတ်ကလည်း ငယ်စဉ်က ရင်းနှီးခဲ့ပေမယ့် သူငယ်ချင်းအချစ်ထက် မွှေးအပေါ် မပိုခဲ့။ မွှေးအလှကို လျစ်လျူရှုခဲ့သည်။ အရွယ်ရောက်ချိန်မှာ ဖရက်ဒီက မွှေးကိုတွေ့သွားတော့မှ သူ၏အချစ်လည်း နိုးကြားလာသည်။ ဒီတော့မှ ​မွှေးမှာ သူ့ညီမ​တွေလောက် မချောသော်လည်း အလှထက် ချစ်စရာစိတ်ဓာတ်များ အများကြီးရှိသည်ကို သိရှိလာသောအချိန်မှာ နောက်ကျ၍သွားခဲ့ပါပြီ။ အတွတ်အဖြစ်ကို ရှင်တေဇောသာရကဗျာတပိုဒ်နှင့် ကျွန်မ သက်သေလိုက်ခဲ့ပါသည်။ 


“စုလည်းမဆင်၊ ထုံးနောက်ရှင်နှင့် 

မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း 

ကုသိုလ်ကြမ္မာ၊ မမီပါခဲ့"


ထိုကဗျာကို ရွတ်ဆိုပြခဲ့ပါသည်။ အမှန်တော့လည်း ဝတ္ထုထဲတွင်မက လူ့ဘဝမှာလည်း ကုသိုလ်ကြမ္မာဟူသော ဖူးစာကံမပါလျှင် ဘယ်လိုပဲချစ်ချစ် မပေါင်းကြရပါ။ ထိုအကြောင်းကို အထောက်အထား တောင့်တင်းအောင် ဖရက်ဒီက မွှေးကို စာစ၍ပေးချိန်မှာလည်း မွှေး၏ပြန်စာတွင်...


“မွှေးဟာ ဘိက္ခုနီမ လုပ်မယ့် မိန်းမတော့မဟုတ်ဘူး။ ဒါပေမယ့် မွှေးရဲ့ချစ်သူနဲ့ မွှေးနဲ့လက်ထပ်သူဟာ တယောက်တည်းပဲ ဖြစ်စေချင်တယ်” ဟုရေးသားခဲ့ပါသည်။ အမှန်တော့ ထိုဆုကိုလည်း တောင်းဆိုချင်ကြပါသော်လည်း လောကီသားတွေမှာ ဆုတောင်းတိုင်းပြည့်သူ နည်းပါးလှပါသည်။


◾ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် 

သတင်းစာဆရာတယောက်ကတော့ ...

“အတွတ်ဟာ အလိုက်ကန်းဆိုးမသိတတ်တာမှာ လွန်လွန်းတယ်။ လင်မယား အဆင်မပြေချိန်မှာ ပုံပမာဓာတ်ပြားကို သွားဖွင့်တယ်။ ပြီးတော့ ကိုကိုနိုင် အိမ်ပေါ်ကမှ မဆင်းရသေးခင် မွှေးကို လက်ထပ်ခွင့်တောင်းတယ်”ဟု ဝေဖန်ခဲ့ပါသည်။ 


သူဝေဖန်သည်မှာ မှန်သည်။ သို့သော် ကျွန်မသည် အတွတ်ဆိုသော သူငယ်လေးအား ဖန်ဆင်းကတည်းက အချိန်ကို မတွက်ဆတတ်သူ၊ အရာရာမှာ နောက်ကျတတ်သူ၊ နှုတ်ဆိတ်တတ်သူတယောက်အဖြစ် ဖန်တီးလို၍ အတွတ် ငယ်ငယ်က စရိုက်နှင့် ပျိုးထားခဲ့သည်။ လက်မြန်ခြေမြန် ဖရက်ဒီလိုလူက သင်္ကြန်မှာ မွှေးကိုရေလောင်းနေချိန်၊ အတွတ်က ပိတောက်ပင်ပေါ်မှာ ငုတ်တုတ်။ ဖရက်ဒီက ပိတောက်ပန်းတွေကို မွှေးကိုပေးနေချိန်မှာ သူက သစ်ပင်ပေါ်က ဆင်းဖို့ပင်အချိန်မရ။


ဖရက်ဒီက မိုးနှောင်းတညနေခင်းတွင် မွှေးအလှကို မြင်၍ ဖော်ထုတ်ပြောတော့မှ သူ့ရင်ထဲလှုပ်ရှားလာကာ မွှေးအိမ်ဘက်ကို ကူးသွားမိသည်။ ညဦး မီးတိုင်အောက်တွင် မွှေးကိုမြင်တော့လည်း ..


“မချောစရာ၊ ချောစရာလျှင် 

ကေသာဆံလွ၊ ထုံးနောက်စနှင့် 

ချုပ်ညရီတွင်း၊ ဖြုတ်ချည်းမြင်သည် 

ရှင်သာရခိုင် တန်ဆောင်လော" 


ဟူသော ကဗျာကိုသာ ရွတ်ပြခဲ့သည်။ သူ့အချစ်ကို ဖွင့်ရန် နှုတ်လေးခဲ့သည်။


◾အချိန်ကို မတွက်တတ်သူ


မိခင်ဖြစ်သူက လူကြီးချင်းသဘာတူ၍ ဒေါ်တင်တင်ကြီး သမီးထဲမှ တယောက်ယောက်နှင့် အတွတ်ကို လက်ဆက်ဖို့ပြောတော့လည်း မွှေးက ဖရက်ဒီကို ချစ်နေပြီ။ မွှေးအချစ်ကို မွှေးမချစ်ဘဲနှင့်လည်း သူမယူချင်။ ဒီတုန်းကလည်း တကြိမ်နောက်ကျခဲ့သည်။ 


ဖရက်ဒီနှင့် မွှေး ကွဲသွားပြီတော့ သူ မွှေးကိုရအောင်ယူမည်။ သူ့အချစ်ကို ဖွင့်ဟတော့မည်ဆိုကာမှ ကိုကိုနိုင်က မွှေးကိုယူရန် မွှေးမိခင် ဒေါ်တင်တင်ကြီးကို ချဉ်းကပ်ပြီးဖြစ်သည်။ ဒေါ်တင်တင်ကြီးနှင့် မွှေးတို့ညီအစ်မတစုက သူ့အပေါ် သားရင်းမောင်ရင်းတစ်ယောက်လို ချစ်သောအချစ်ကို သူလေးစားသည်ကလည်းပါသည်။ ဝတ္ထုစပျိုးကတည်းက အတွတ်စရိုက်ကို အလိုက်မသိတတ်သူ၊ လက်နှေးသူ၊ အချိန်ကို မတွက်ဆတတ်သူအဖြစ် ကျွန်မပို့ပေးထားပါသည်။ နောက်ဆုံး ကိုကိုနိုင် အိမ်ပေါ်ကမဆင်းခင် အတွတ်၏တောင်းဆိုချက်ကို မွေးငြင်းပယ်လိုက်သောအခါ ...မြန်သင့်သည့်အချိန်တွေတုန်းက အမြဲနှောင့်နှေးခဲ့၍ နှေးကွေးရမည့်အချိန်ကျမှ အလောတကြီးလုပ်သည်ကား အချိန်ကို မတွက်တတ်သော သူ့အဖြစ်ကို ဒေါသဖြစ်မိသည်ဟု အတွတ်အကြောင်းကို ကျွန်မ ဒီလိုဖော်ထုတ်ခဲ့ပါသည်။


မှန်၏။ အတွတ်စရိုက်ကို ဦးသြဘာသ၏ ဇနက္ကမင်းဇာတ်တော်မှ စကားလုံးသဘောကို ယူသည်ဆိုလျှင် မမှားပါ။ သီဝလိဒေဝီအချစ်ကို ရယူရန် စစ်သူကြီး၊ ထီးတော်မိုး၊ ဘဏ္ဍာစိုးတို့က ကြိုးပမ်းချိန်တွင် ရှုံးနိမ့်ပုံကို ဦးသြဘာသက အောက်ပါအတိုင်း စကားဖွဲ့ခဲ့ပါသည်။


“ထီးတော်မိုးကာ၊ ထီးတော်ကိုသာ မိုးကိုင်နိုင်၏။ သမီးတော်၏အချစ်ကို စိုးပိုင်ခြင်းငှာ မတတ်နိုင်”ဟု ဆိုခဲ့ပါသည်။


ထီးတော်မိုးစရိုက်နှင့် အတွတ်စရိုက်ကတော့ မတူပါ။ ဒါပေမယ့် အတွတ်သည် အချစ်ကို စွန့်လွှတ်ခြင်း၌မူ ဆရာဝန်တယောက်အနေနှင့် လူနာ၏အသက်ကို ရယူဖို့စွမ်းနိုင်ပါသော်လည်း မွှေး၏အချစ်ကို ရယူဖို့၌ မစွမ်းနိုင်၊ ခြေလှမ်းနှေးခဲ့ရပါသည်။ 


◾ခင်နှင်းယု၏ဒေသစွဲ

“ပုံမာသီချင်းဖွင့်သည်ကတော့ အတွတ် အလိုက်မသိတတ်ပုံလည်း ဖော်ချင်သည်။ ထိုသီချင်းစာသားလိုပင် ကိုကိုနိုင်နှင့်မွှေးသည် ကိန္နရီမောင်နှံလို အချစ်ကြီးချစ်ပါလျက်နှင့် ကုသိုလ်ကံကြမ္မာဖန်လာတော့ ကွဲကွာသွားသည်။ ဒါကိုပေါ်စေချင်၍ ဖြစ်ပါသည်။ ပုံပမာသီချင်းကို သေသေချာချာ နားထောင်ကြည့်ပါ။ ကျွန်မခံစားသလို ခံစားရလိမ့်မည် ထင်ပါသည်။ ​မွှေးကို စွန့်လွှတ်ရမည့်ဆဲဆဲတွင် ကိုကိုနိုင်၏အလွမ်းကို ပေါ်စေချင်၍ ဖြစ်ပါသည်။ 


ဦးကျော် ပြောပြသည်ကမူ ..

“ကျွန်တော် မွှေးကို သဘောကျတာကတော့ အကျည်းတန်တဲ့ မိန်းကလေးတယောက်အနေနဲ့ ယောက်ျားသုံးယောက်ရဲ့ အချစ်ကို ရခဲ့တာကိုပဲ သဘောကျတယ်” ဟု ဆိုသည်။ ကျွန်မဆိုလိုသော ရုပ်အလှထက် စိတ်အလှကို ဦးကျော်သဘောကျပုံရပါသည်။


တချို့ကတော့လည်း ခင်နှင်းယု ဒေသစွဲကြီးလွန်းသည်ဟု ဆိုသည်။ မှန်ပါ၏။ ကျွန်မ၏မွေးဇာတိ ဝါးခယ်မမြို့ကို ကျွန်မချစ်ပါသည်။ ယခုမှ အခြေအနေက ပြောင်းသွားလျှင်တော့ မသိပါ။ ပျိုးပင်စိမ်းစိမ်း လယ်ကွင်းများနှင့် မြစ်ရေယဉ်ဝိုင်းနေသော ကျွန်မဇာတိမြို့လေး၏အလှကို ကျွန်မ မမေ့။ ယနေ့တိုင် သတိရနေပါသေးသည်။ ကျွန်မ အစ်ကိုတယောက်အိမ်မှာ ဝါးခယ်မတဘက်ကမ်း ရွာသစ်ရွာနှင့် သော်ကရွာကြားတွင် ရှိသည်။ ကျွန်မငယ်ငယ်ကထိ အိမ်ကလေး နောက်ဘက်ဆောင်မှ သော်ကရွာဘက်ကိုကြည့်လျှင် သော်ကရွာနောက်မှ စိမ်းမြသော စပါးကွင်းတို့အလယ်တွင် ရွှေဝါရောင်တဝင်းဝင်းနှင့် သော်ကဘုရားကြီးကို ဖူးတွေ့ရပါသည်။ နေလုံးနီနီကြီး စပါးပင်တွေထဲ နစ်မြုပ်ချိန်ကို ကြည့်ရင်း နွားကျောင်းသူ မဗျိုင်းထဲက မဗျိုင်းလို လက်ခုပ်လက်ဝါးတီး၍ ရယ်ချင်ပါသည်။ လသာသောညများတွင် ကျွန်မတို့သူငယ်ချင်းတွေနှင့် ကျောင်းပိတ်ရက် လမ်းမပေါ် ထုတ်ဆီးတိုးခဲ့သည်ကို မမေ့ပါ။ 


◾စာရေးသူ စေတနာ

မွှေးတ္ထုတွင် မွှေးတို့ ငယ်ငယ်ဘဝကို ....“တေးဆိုကြ ပျော်ကြတာတွေ ငယ်ငယ်က သဘာဝအခြေ” ကို ဆိုသော ကိုလှမြင့်၏တေးနှင့် သရုပ်ဖော်ခဲ့ပါသည်။ ကျွန်မ နေခဲ့၊ ထင်ခဲ့၊ ချမ်းမြေ့ကြည်နူးခဲ့ရပါသော ဝါးခယ်မ၏အလှက ကျွန်မ ရင်ထဲတွင် စိမ့်ဝင်၍ မွှေးဝတ္ထုထဲမှာ တဖန်ပြန်လည် ရှင်သန်လာခဲ့ပါသည်။ မိမိ၏မွေးရပ်မြေမှာ မိမိ၏မိဘပါပဲ။ မွေးရပ်မြေကို မချစ်တတ်သူသည် ကိုယ့်တိုင်းပြည်ကိုလည်း ချစ်မည်မထင်။ မွေးရပ်မြေ ကျေးဇူးကို မသိသူသည် မိဘကျေးဇူး၊ ကိုယ့်တိုင်းပြည်ကျေးဇူးကို သိမည်မထင်ပေ။ ကျွန်မ မွေးရပ်မြေကို ကျွန်မချစ်သလို ကျွန်မတို့ပြည်သူတွေလည်း ကျွန်မတို့အမိမြန်မာပြည်၏အလှကို ကြည့်တတ်၊ မြင်တတ်၊ ချစ်တတ်စေလိုသော စေတနာနှင့် ရေးခြင်းဖြစ်ပါသည်။ 


သာမန်ကြည့်လျှင် မွှေးသည် အိမ်ထောင်ရေး အချစ်ဇာတ်လမ်းတခုဟု ဆိုနိုင်သော်လည်း ကျွန်မသည် တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓာတ်ကို အခြေခံခဲ့ပါသည်။ မွှေး၏ချစ်သူ ဖရက်ဒီအသိုင်းအဝိုင်းနှင့် မွှေးတို့အသိုက်အဝန်း ကွာဟချက်ကို ကျွန်မဖော်ပြရာ၌ အခြေခံစရိုက် မတူပုံကို ခြယ်မှုန်းခဲ့သည်။ ဒေါ်တင်တင် ဦးစီးသော မွှေးတို့မိသားစုက တိုင်းချစ်ပြည်ချစ်စိတ်ရှိသည်။ မွှေး၏မိခင် ဒေါ်တင်တင်ကြီးသည် အမြင်ကျယ်၍ မျိုးချစ်စိတ်ထက်သန်သော မိခင်ကြီးအဖြစ် ကျွန်မ သရုပ်ဖော်ခဲ့သည်။


◾ကိုယ်ကျိုးစွန့် အနစ်နာခံစိတ် 

ဖရက်ဒီ၏ဖခင် ဦးဘလှတို့အသိုက်အဝန်းမှာ ကိုယ့်ဆွေ ကိုယ်မျိုး ပတ်ဝန်းကျင်မှလွဲ၍ အပြင်ကို မမျှော်ကြည့်၊ နယ်ကျဉ်းသည်။ မြေရှင်ယာရှင်များပီပီ ငွေရှင်ကြေးရှင်စိတ်ကြောင့် လူထုနှင့်ကင်းကွာကြသည်။ အခြေခံချင်းမတူသော မိသားစုနှစ်ခုမှ ပေါက်ဖွားလာသော မွှေးနှင့် ဖရက်ဒီတို့ အချစ်ကို မိခင်ဒေါ်တင်တင်ကြီးက မခိုင်မြဲနိုင်ဟု ကြိုတင် နိမိတ်ဖတ်သည်။


“သမီး နှစ်နဲ့သုံး ပေါင်းရင် ငါးလို့ လုံးခနဲ အဖြေထွက်​ပေမယ့် “က'နဲ့ "ခ"ပေါင်းရင် “က” အပေါင်း “ခ”ပဲ ဖြစ်မယ်။ အလယ်က အပေါင်းလက္ခဏာကြီး ခြားနေမှာပဲ။ အခြေခံချင်း မတူတဲ့ သမီးတို့နှစ်ယောက်အချစ်ဟာ တသားတည်း မပူးပေါင်းသွားနိုင်ဘူး”


သမီးဖြစ်သူ မွှေး ဖရက်ဒီကို ချစ်သွားပြီဟု သိသည်နှင့်တပြိုင်နက် မိခင်ကြီးက ယူကျုံးမရ သတိပေးဆုံးမခဲ့သည်။ ကိုကိုနိုင်က တိုင်းချစ်ပြည်ချစ်စိတ်နှင့် တပ်မတော်သားတယောက်ဖြစ်သည်။ တိုင်းပြည်မှာ အရေးအခင်းကြုံတော့ ကျောင်းစာသင်ခန်းကို စွန့်လွှတ်၍ တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့သည်။ ဒီလိုလူကို သမက်အဖြစ် ဒေါ်တင်တင်ကြီးက ရွေးချယ်ခဲ့သည်။


ဒေါ်တင်တင်ကြီး၏ မူဝါဒက “လူသားသည် မိမိလူ့ဘောင်အတွက် ကောင်းကျိုး၊ ကောင်းစားရေးကို စွမ်းဆောင်နိုင်ရမည်။ လူ့ဘောင်တခုလုံးအတွက် မစွမ်းနိုင်လျှင် ကိုယ့်တိုင်းပြည်အတွက် စွမ်းဆောင်နိုင်ရမည်။ ကိုယ့်တိုင်းပြည်အတွက် မစွမ်းဆောင်နိုင်လျှင် အနည်းဆုံး ကိုယ့်ပတ်ဝန်းကျင်ကောင်းစားရေးကို စွမ်းဆောင်နိုင်ရမည်” ဟု ဆိုသည်။


“လူဟာ ကိုယ်ကျိုးစွန့်လွှတ်တဲ့စိတ်နဲ့ အများအတွက် အနစ်နာခံနိုင်တဲ့စိတ်မရှိရင် တခြားသတ္တဝါတွေနဲ့ ဘာထူးခြားတော့မလဲ အတွတ်ရယ်” ဟု ဒေါ်တင်တင်ကြီးက အတွတ်ကို ပြောခဲ့သည်။ 


ဒေါ်တင်တင်ကြီး နမိတ်ဖတ်သည့်အတိုင်း ဖရက်ဒီက တက္ကသိုလ်ရောက်တော့ သူတို့အသိုင်းအဝန်းက အေမီနှင့် ယူလိုက်ကြသည်။ 


◾ကိုကိုနိုင့် ခံစားချက် 

ကိုကိုနိုင်သည် ချစ်ဦးသူ ဖရက်ဒီရှိပြီးသော မွှေးကို သဘောထားကြီးစွာနှင့် ခွင့်လွှတ်၍ လက်ထပ်ခဲ့သည်။ မြတ်နိုးစွာ ပေါင်းခဲ့သည်။ ကြီးမားလှသော မွှေးတို့မိသားစုတာဝန်ကို ခွဲဝေယူခဲ့သည်။ အမှန်တော့ ကိုကိုနိုင်သည် တာဝန်ကျေသော လင်သားတ​ယောက်ဖြစ်သည်။ မွှေးအနေနှင့်သာ မွှေးဒုက္ခကြီးမားလွန်းသည်ဟု ဆိုရပါမည်။ 


ကြီးမားသော မေတ္တာထားခဲ့ရပါသော ဇနီးသည်မွှေးနှင့် မွှေး၏မိသားစုမှ အသိုက်အဝန်းကြားတွင် ကိုကိုနိုင် ခံစားရပုံကို ကျွန်မ စာတပိုဒ်နှင့် ဖော်ပြခဲ့ပါသည်။ ကိုကိုနိုင်သည် ထိုစာကိုရေးပြီးမှ မွှေးစိတ်ထိခိုက်မှာစိုး၍မထည့်၊ ဘောင်းဘီအိတ်ထဲ ထည့်ထားရင်းမှ မွှေးက ထိုစာကို သွား၍ဖတ်မိခြင်းဖြစ်ပါသည်။ ထိုစာကို ဖတ်ကြည့်လျှင် ကိုကိုနိုင့်စိတ်ဓာတ်ကို အထင်အရှား သိနိုင်ပါသည်။ စာမှာ အဆုံးမသတ်ပါ။ တပိုင်းလက်စနှင့် ရပ်ထားပါသည်။


"ချစ်ဇနီးကြီးမွှေး/

အတူနေခဲ့ကြတဲ့တန်ဖိုးကို ခွဲခွာနေကြရမှပဲ ထင်ရှားသိရတော့တာပဲ။ ​မွှေးပြန်သွားတဲ့နေ့က အိမ်ကြီးဟာ သဲကန္တာရလိုပဲ ခြောက်သွေ့နေတော့တယ်။ အဲဒီနေ့မှာ သီချင်းဆိုနေကျ ငှက်ကလေးတွေတောင် အိပ်ပျော်နေကြသလား အောက်မေ့ရတယ်။ အထူးပဲ တိတ်ဆိတ်ငြိမ်သက်ပြီး ဘာသံမှ မကြားရဘူး။ ကိုကိုနိုင်ရဲ့ အားလပ်ချိန်တွေကို ဘယ်လိုသုံးရမယ်ဆိုတာ ကိုကိုနိုင် မတွေးတတ်တော့ဘူး၊ Mess မှာလဲ မပျော်ဘူး၊ ခက်တာက အရက်ခွက် မကိုင်လိုတော့တဲ့အဖြစ်ရောက်နေတော့ ပိုဆိုးနေတယ်။ စာဖတ်မယ်လို့ စာအုပ်ကိုင်လိုက်တိုင်းလဲ အနားမှာ အမြဲထိုင်ပြီး စာဖတ်ဖော် စာဖတ်ဖက်ဖြစ်နေတဲ့ မွှေးကို ကိုကိုနိုင် သတိရစရာဖြစ်လာပြန်ရော။ 


​တောကို ထွက်လာရတဲ့ ရက်​တွေကျပြန်​တော့လည်း တောတန်းရဲ့သာယာပုံ၊ ပန်းတွေရဲ့လှပပုံကို မြင်ရရင် သဘာဝကို မြတ်နိုးတတ်တဲ့ ငါ့ချစ်သူဟာ ဒီလိုအလှအပလေးတွေကို မြင်ရင် ချစ်တတ်ရှာတယ်၊ ပျော်ရှာမှာပဲလို့ တွေးရတာကို အမောပဲ။ 


ဟာတာက ရင်ထဲမှာ အားလုံးဟာနေတယ် မွှေး၊ ကိုကိုနိုင့်ရင်ထဲမှာ ဟာချင်တာဟာရပါစေတော့။ မွှေးဟာ စိတ်ချမ်းသာယာစွာနဲ့ နေရတယ်ဆိုရင် ကိုကိုနိုင် ဖြေသာပါတယ်။ ဟိုရက် ရန်ကုန်ကို ပြန်လာတုန်းက မွှေးနေတာ မြင်ရ

တာ ကိုကိုနိုင့်ရင်ထဲမှာ နာနေတော့တယ်။ အမှန်တော့ မွှေးကို ကိုကိုနိုင့်အရိပ်မှာခိုပြီး နားနေစေချင်တယ်။ မွှေးဟာ ကိုကိုနိုင့်ရင်ခွင်ထဲမှာတောင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်တဲ့အဖြစ်ပါကလားလို့ တွေးမိတိုင်း မွှေးအတွက် သိပ်မောမိတာပဲ။ မွှေးနဲ့ကိုကိုနိုင် လက်ထပ်ကြတာဟာ တခြားအိမ်ထောင်ရေးတွေနဲ့ မတူခဲ့ဘူး။ ပိုက်ဆံနဲ့ပေးဝယ်ပြီး ဂုဏ်ချင်းဖလှယ်ခဲ့ကြတာလဲ မဟုတ်ဘူး။ မွှေးကို မြတ်နိုးတဲ့စိတ်နဲ့သာ လက်ထပ်ခဲ့တာပဲ၊ ကိုကိုနိုင်ဟာ အကြိုက်ဆုံးမိန်းမကို ရခဲ့တာအမှန်ပဲ၊ ကိုကိုနိုင် သဘောအကျဆုံး မိန်းမရဲ့ ပုံစံဟာ မွှေးပါပဲ၊ ဒါပေမယ့် လက်ထပ်ပြီးချိန်ဟာ အမြဲပဲ ခြောက်သွေ့နေရတာကို တွေးမိတိုင်း ကိုကိုနိုင်တို့နှစ်ယောက်ဟာ ဘာကြောင့်များ ဒီလောက်ကြာရှည်အောင် ခွဲခွာနေကြသလဲလို့ တွေးမိပြန်ရော။


ကိုကိုနိုင် မွှေးနဲ့ အကြာကြီး ခွဲမနေချင်ဘူး။ အခုလည်း (၆)လကြာမှ တခါတွေ့ပြီး မတွေ့တာ နှစ်ချီပြီး ကြာခဲ့ပြီ။ ဘာလို့ ခဏခဏ ပြန်မလာလဲဆိုရင် တီဘီရောဂါသည်ကြီးနားမှာ မောကြီးပန်းကြီး အလုပ်လုပ်နေရတဲ့ မွှေးကို မမြင်ရက်လို့ပဲ။ အေးလေ မွှေးတယောက်တည်း လင့်အပေါ်ရော မိသားစုအပေါ်မှာရော ကောင်းဖို့ဆိုတာကလည်း ဘယ်ဖြစ်နိုင်မလဲ၊ ကိုကိုနိုင်လေ ......"


ဤစာကို ကြည့်လျှင် ကိုကိုနိုင့်ဒုက္ခကလည်း မသက်သာသည်ကို တွေ့နိုင်ပါသည်။ ကိုကိုနိုင်တယောက် နောက်မိန်းမ ယူကိုယူသင့်သည့်အဖြစ်ရောက်အောင် ဤစာနှင့်ပို့ခဲ့ပါသည်။


◾လူထဲက လူသားများ

မွှေး အာ​ရောဂျံကအပြန် ရန်ကုန်ရောက်တော့ ကိုကိုနိုင့်မိန်းမ ကလေးမွေးနေသည်ကို တွေ့ရသည်။ မွှေးသည် နောက်မိန်းမယူသည်ကို ခွင့်လွှတ်နိုင်သည်။ နောက်မိန်းမက ယောက်ျားလေးမွေးသည်ဟု ဆိုသည်နှင့်တပြိုင်နက် သားဟူသောအတွေးကြောင့် ကိုကိုနိုင့်မျက်နှာ ဝင်းလက်သွားရ၏။ ကိုကိုနိုင်၏သားလိုချင်သော ဆန္ဒကို ကိုကိုနိုင့်မျက်လုံးတွင် မြင်ရသော မွှေးက "သား"မွေးမပေးနိုင်သော သူ့အဖြစ်ကြောင့် စိတ်ဓာတ်ကျသွားခြင်းဖြစ်သည်။ 


အမှန်တော့ ကျွန်မ၏ဇာတ်ကောင်ဖြစ်သော မွှေး၊ ကိုကိုနိုင်၊ အတွတ်၊ ဖရက်ဒီတို့သည် သားများဖြစ်ကြပါသည်။ မွှေးသည် မိသားစုတာဝန်ကို ထမ်းဆောင်ရင်း ကိုယ့်ကိုယ်အတွက်လည်း ဇွဲနှင့်ကြိုးစားသော မိန်းကလေးတယောက်ဖြစ်သည်။ သဘောထားကြီးသည်။ ကိုယ်ရေးစွန့်၍ အနစ်နာခံသည်။ ပြီးတော့ သမီးကောင်းတယောက်ဖြစ်ဖို့ အများဆုံးကြိုးစားပါသော်လည်း ချစ်ဦးသူနှင့်တွေ့တော့ မိခင်စကားကို နားမထောင်သောကြောင့် မှဲ့တပေါက်စွန်းခဲ့ပါသည်။ 


ကိုကိုနိုင်သည်လည်း အရာရာ ခွင့်လွှတ်နိုင်စွမ်းသော၊ တာဝန်ယူရဲသော စိတ်ထားမြင့်မြတ်သည့် ယောက်ျားတယောက်ဖြစ်ခဲ့​ပေမယ် ဇနီးသည်နှင့် ဝေးကွာနေချိန်တွင် အတွေ့မရှောင်နိုင်ဘဲ အငိုက်မိကာ နောက်မိန်းမယူမိသွားသည်။ 


အတွတ်ကတော့ နှုတ်နည်း၍ အရာရာနောက်ကျတတ်သော၊ အချိန်ကို မတွက်ဆတတ်သော သူငယ်ဖြစ်သည်မှလွဲ၍ မွှေးအ​ပေါ် စေတနာစစ်နှင့် ချစ်သူတယောက်ဖြစ်၏။ 


ဖရက်ဒီကတော့ ရေလိုပါပင်တည်း။ ထည့်ရာခွက်ပုံသဏ္ဌာန်လိုက်၍ ဆိုးသောအရောင်သို့ ပြောင်းလဲလွယ်သော သူတယောက်။


◾အစဉ်ပျံ့မွှေး​နေ​သော ​မွှေး

အမှန်တော့ သူတို့အားလုံး ခြောက်ပြစ်ကင်း သဲလဲစင်များ မဟုတ်ကြပါ။ ကျွန်မဇာတ်ကောင်များမှာ အပြစ်အနာအဆာကလေးများနှင့်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူသားများဖြစ်သောကြောင့်တည်း။ 


ဖရက်ဒီမှအပ ကိုကိုနိုင်၊ အတွတ်နှင့် ​မွှေးတို့သည် ပေးဆပ်လာသော ဘဝ၏ဒုက့္ညကခများကို လူးလှိမ့်ခံစားကြရင်း သူတို့ဘဝပတ်ဝန်းကျင်အတွက် အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားသွားကြပြီး အကောင်းဆုံးရလာဒ်ကိုတော့မရ၊ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရသည်ကတော့ အနတ္တ၏သဘော​ပေပဲ။ 


မည်သို့ပင်ဆိုစေ စာဖတ်ပရိသတ် နှလုံးသားတွင် အစဉ်ပျံ့ မွှေးနေစေသော “မွှေး”ဟူသည့်အမည်ကို ပေးခဲ့ပါသော ဖရက်ဒီအား ကျေးဇူးတင်ပါ၏။

ခင်နှင်းယု

လုံမလေး အမျိုးသမီးမဂ္ဂဇင်း၊ ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလ။

No comments:

Post a Comment