၁။
သန်းခေါင်ယံအထိ နေ့ခင်းက လက်ဖက်ရည်ပွဲကို ရှယ်လီတစ်ယောက် မေ့ပျောက်၍မရနိုင်သေးပေ။ သူထိုင်နေသော ဝရံတာပေါ်မှာ လရောင်က ဖျော့ဖျော့လေး ကျရောက်နေသည်။ ပျိုမျစ်သော လကွေးသည် ကတ္တီပါနက်ပေါ်မှာ စိန်ဘီးလေးတစ်စီးလို လဲလျောင်းနေသည်။
ဆန်းစဖြစ်၍ လရောင်က အားပျော့နေသလို သူ့စိတ်များလည်း အားပျော့နေသည်။ ခုတင်ပေါ်တွင် အိပ်စက်ကျန်ရစ်သော လင်းရွှေရောင်ကရော တကယ်မှ အိပ်ပျော်ပါလေစ။
ညနေထမင်းစားချိန်က နောက်ကျသည်။ လက်ဖက်ရည်ပွဲကပြန်လာမှ ညစာစားကြသည်။ ထမင်းစားနေချိန်တချိန်လုံး အထူးတိတ်ဆိတ်နေသည်ကို သူ သတိပြုမိသည်။ နှစ်ယောက်စလုံး စကားပြောချင်စိတ်မရှိကြ။ ထမင်းစားပွဲမှ လင်းက စောစီးစွာ ထသွားပေမယ့် သူက ကလေးတွေကို ဆက်လက်ကျွေးမွေးရင်း ထမင်းစားခန်းမှာ နောက်ကျမှ ထွက်ခဲ့ရသည်။
ညဦးမှာ ကလေးတွေ စာကြည့်နေသည်ကို စောင့်နေပြီးမှ ညဉ့် ၉ နာရီမှာ သားနှင့်သမီးကို သိပ်ရသေးသည်။ အိပ်ခန်းထဲသို့ သူ ဝင်လာတော့ အိပ်ရာပေါ်မှာ လင်း လှဲနေသည်။ မျက်လုံးများကို မှိတ်ထားပေမယ့် လင်း အိပ်ပျော်မည်မထင်။ သူသည် ခြေကို ဖွဖွနင်းကာ ခြင်ထောင်ချ၍ပေးလိုက်သည်။
မီးပြာပွင့်လေးတစ်ခုသာ ထွန်းခဲ့၍ အခန်းထဲရှိ မီးများကို ပိတ်လိုက်သည်။ ဝရန်တာပေါ်ရှိ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်သည်။ နောက်ကို မှီကာ ကောင်းကင်ကို မော့ကြည့်နေမိသည်။
ကောင်းကင်က ရတနာကုန်သည်၏ကတ္တီပါခွက်လို နက်မှောင်နေသည်။ ညဉ့်နတ်သမီးသည် စိတ်ပျက်လက်ပျက်နှင့် သူ့ကေသာမှစိန်ဘီးကို လွှင့်ပစ်လိုက်ပုံရသည်။ ကောင်းကင်ထောင့်တနေရာတွင် လကွေးလေးက တစောင်းအိပ်နေသည်။ ကြယ်စင်စိန်လည်ဆွဲကိုလည်း ဆွဲဖြတ် ပစ်ပေါက်လိုက်လေသလား။
ကြိုးပြတ်သွားသောလည်ဆွဲမှ လွင့်စင်သွားသော စိန်လုံးလေးတွေ ကောင်းကင်မှာ ပျံ့ကျဲနေကြသည်။ တချို့က နဂါးငွေ့တန်းဆီမှာ စုရုံးနေကြသည်။ တချို့နေရာမှာ ကြိုက်နှစ်သက်ရာပုံစံလေးတွေနှင့် သင်းဖွဲ့နေပေသလို တကိုယ်တော်ကြယ်ပွင့်လေးတွေလည်း အားပျော့စွာ လင်းလက်နေကြသည်။ လကွေးလေး၏မှေးမှိန်ပုံ လုံးချင်းကြယ်လေးများ၏အားပျော့သောအလင်းသည် ကောင်းကင်ည၏ဘဝကို သရုပ်ဖော်နေကြသည်။ ဘဝကောင်းကင်ထဲမှာ ကြယ်လေးများလည်း ဇာတ်စုံခင်းနေကြသည်။
သူ့စိတ်ထဲမှာ ညဉ့်နတ်သမီးလိုပဲ စိတ်ပျက်စွာ တစုံတရာကို ပစ်ပေါက်လိုက်ချင်သည်။ စိန်ဘီးလည်းမဟုတ်၊ လည်ဆွဲလည်းမဟုတ်သော သူ့ဘဝကို ဆွဲဖြတ်လွင့်ပစ်၍ မရဆိုသည်ကို သူနားလည်ပါသည်။ သင်းကွဲသောကြယ်လေးများလို နေ၍မဖြစ်၊ သူ့ဘဝကိုသူ အတတ်နိုင်ဆုံး ပြန်လည်စုစည်းရမည်။
သားကြီး ဂျင်နီပင် ဆယ်နှစ်ပြည့်၍ သမီးအင်နီက ရှစ်နှစ်။ အိမ်ထောင်သက်အားဖြင့် ၁၁ နှစ်ကျော်လာခဲ့ပြီဖြစ်သော သင်းရနံ့များ ပြယ်စပြုလာသော အခြေအနေကို သူ ထိန်းသိမ်းရမည်။
လွန်ခဲ့သောညဉ့်ဦးပိုင်းများမှာလည်း သူ တကိုယ်တော် ဒီလိုပဲ ဝရန်တာမှာ ထိုင်နေရသည်ဖြစ်၍ မဆန်းလှတော့ပါ။
ထိုခေတ်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို တိုင်းမင်းကြီး၊ အရေးပိုင်၊ နယ်ပိုင်စသည်ဖြင့် ခေါ်သောခေတ်။ သူတို့မြို့လေးမှာ နယ်ပိုင်ရုံးစိုက်ရာ အောက်လံမြို့လေးဖြစ်သည်။ (ယခုအခေါ် မြေထဲ)။ သူ့ခင်ပွန်းက အုပ်ချုပ်ရေးအရာရှိမဟုတ်။ မြို့နယ်လက်ထောက်ဆရာဝန်၊ ဒါပေမင့် အရာရှိများစုဝေးရာကလပ်တွင်တော့ အစိုးရဝန်ထမ်းအနေနှင့် ညတိုင်းကျ ရှိနေမြဲဖြစ်သည်။ ဆရာဝန်ကတော်တစ်ယောက်ဖြစ်လာတော့ သူလည်း တခြားအရာရှိကတော်တွေလို ညဦးပိုင်း၏သွေ့ခြောက်သော တကိုယ်တော်ဝေဒနာကို ခံစားရမြဲ။ သားကို မမွေးဖွားခင်ကတော့ အထီးကျန်နိုင်လှသောဒီအဖြစ်ကို အိမ်မှုကိစ္စလုပ်ရင်း ဖြတ်သန်းခဲ့သည်။ ယခု သူ့အပါးမှာ သားရောသမီးရော ရှိလာပြီ။
ကလေးတွေကို ပွေ့ပိုက်ယုယနေရသောအချိန် ရရှိသည်ကိုပဲ ကျေးဇူးတင်မိသည်။ ယခု သူတို့ဘာသာ နေနိုင်သွားနိုင်၊ ကျောင်းတက်နိုင်သောအခါ ညဦးမှာ ကလေးတွေကို စာပြသည်။ အချိန်ကို တန်ဖိုးရှိရှိ အသုံးချလာနိုင်သည်။ ငြီးငွေ့ခြင်း မကျေနပ်ခြင်းတွေ တစတစ လျော့ပါးလာသည်။
လင်းက ဆေးရုံက ပြန်လာလျှင် ခေတ္တနား၊ ညစာစားပြီး ကလပ်ကို ထွက်သွားသည်။ ညဉ့်နက်မှ ပြန်လာကာ အိပ်ရာဝင်သည်။ တခါတခါ လူမှန်းမသိအောင် မူးလာသောအခါ သူ၏ညဉ့်ဦးယံကို စိတ်ပျက်စွာ ဖြတ်သန်းလာခဲ့ရသည်။
သားနှင့်သမီးသည် သူ့လည်ဆွဲများဖြစ်သည်။ လင်းကို မကျေနပ်သည်နှင့် ညဉ့်နတ်သမီးလို ဆွဲဖြတ်လွှင့်ပစ်၍မဖြစ်။ ကောင်းကင်မှ ကြယ်လေးတွေ ကစဉ့်ကရဲဖြစ်နေသလို သူ့သားသမီးများကို အဖြစ်အခံနိုင်။
ဒီညနေကတော့ လက်ဖက်ရည်ပွဲပြီးလာကတည်းက ဒေါက်တာလင်းသည် သူနှင့်အတူ အိမ်ပြန်လာခဲ့သည်။ ထမင်းစားပြီး စောစောအိပ်ရာဝင်ခဲ့သည်။ လင်း အိပ်ပျော်မည်မဟုတ်သည်ကို သူ သိပါသည်။ လက်ဖက်ရည်ပွဲက ရုတ်တရက်ကျင်းပသော ပွဲဖြစ်သည်။ ပထမ တိုင်းမင်းကြီး သူတို့မြို့ကို ဖြတ်၍အသွားမှာ ညစာစားပွဲနှင့် ဧည့်ခံမည် စီစဉ်သော်လည်း အရေးတကြီးကိစ္စရှိ၍ တိုင်းမင်းကြီးက အချိန်မပေးနိုင်သောကြောင့် လက်ဖက်ရည်ပွဲ စီစဉ်၍ ဧည့်ခံရခြင်းဖြစ်သည်။ တိုင်းမင်းကြီးအသစ်ဖြစ်၍ မိတ်ဆက်ပွဲဆိုလျှင် မမှားပါ။ သူတို့စုံတွဲက နောက်ဆုံးမှ ရောက်သည်။ နယ်ပိုင်ဝန်ထောက်မင်း တိုင်းမင်းကြီးကတော်နှင့် သူ့ကို မိတ်ဆက်ပေးသည်။
"ဒါက ဒေါက်တာလင်းရွှေအောင်ကတော် မရှယ်လီပါ၊ ရှယ်လီ ...မမက တိုင်းမင်းကြီးကတော် ဒေါ်ခင်မေသိုက် "
သူသည် တိုင်းမင်းကြီးကတော်ဆိုသူကို လက်လှမ်းပေးရင်း ကြက်သေ သေနေမိသည်။
" ေဩာ် ...ဘယ်သူလဲလို့ ...ရှယ်လီပါလား "
ဒေါ်ခင်မေသိုက်က လှိုက်လှိုက်လှဲလှဲ သူ့လက်ကို ဆွဲယူလှုပ်ရှားလိုက်တော့မှ သူ သတိရသည်။ ကြိုးစား၍ပြုံးရသည်။ အံ့ဩစိတ်ဖြင့် သူ ကတုန်ကယင် ဖြစ်နေသည်။
"ကိုကိုရေ ....ဒေါက်တာလင်းကတော် ရှယ်လီက တူးတူးတို့နဲ့ တက္ကသိုလ်မှာ တဆောင်တည်း နေခဲ့ကြတာ "
တိုင်မင်းကြီးကတော်သည် သူ့လက်ကို မြဲမြဲကိုင်ထားကာ သူ့ကို တိုင်းမင်းကြီးနှင့် မိတ်ဆက်ပေးပြန်သည်။ တိုင်းမင်းကြီးသည် အသားညိုညို ထောင်ထောင်မောင်းမောင်း တူးတူးထက် အသက်ကြီးပုံရပေမယ့် ရုပ်ရည်က ခန့်ညားပါသည်။ အကြင်နာပြည့်သောမျက်လုံးများက တိုင်းမင်းကြီးစိတ်ထားကို ဖော်ပြနေသည်။ လက်ဖက်ရည်ပွဲမှာ ထိုင်သည်အထိ တူးတူးက သူ့ကို အနားရှိကုလားထိုင်မှာ ထိုင်ခိုင်းသည်။ ဒေါက်တာလင်းသည် တခြားအရာရှိများနှင့်အတူ တိုင်းမင်းကြီးနှင့် စကားလက်ဆုံကျနေကြသည်။
"ရှယ်လီ .... ကလေးတွေ ဘယ်လောက်ရနေပြီလဲ "
"နှစ်ယောက်ပါ၊ ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက် "
"တူးတူးတို့ခွဲနေကြတာ ကြာပြီနော်၊ တူးတူးလည်း အမ်အက်စ်စီအောင်ပြီး တက္ကသိုလ်မှာ ဆရာမ ဝင်လုပ်နေတယ်လေ၊ အခုမှ ထွက်ပြီး လက်ထပ်လိုက်တာ "
ရှယ်လီက စကားပြော သိပ်မသွက်လှပါ။ သု့ရင်ထဲမှာ တခုခုက ဆုပ်ကိုင်ထားသလို တင်းကျပ်နေသည်။
"တူးတူး ....သူ့နာမည်က ဒေါ်ခင်မေသိုက်တဲ့ ...."
ရင်ထဲမှာ တီးတိုး ရေရွတ်နေမိသညိ။ ကျောင်းနေတုန်းက တူးတူးနာမည် ခင်မေသိုက်လို့ သူ မသိ။ မအေးသိုက်လို့ပဲ သိခဲ့ရသည်။ ယခု တိုင်းမင်းကြီးကတော်နှင့် လိုက်အောင်ထင်သည်။ တူးတူးသည် ဆံပင်ကို မြှင့်၍ တပတ်လျှို ကြီးကြီးထုံးကာ စပယ်ပန်းကုံးကို ဆံထုံးခြေမှာ ရစ်ခွေ ဆင်ထားသည်။ အပျိုတုန်းကလို ပိန်ပိန်သွယ်သွယ်လေးမဟုတ်။ ပြည့်ဖြိုးသော တင်နှင့် ရင်က မို့မို့၊ ပဝါ မီးခိုးရောင်မှာ ရင်ပေါ်မှာ လွှမ်းနေသည်။ အဖြူနှင့် မီးခိုးနှစ်ရောင် ချိတ်ပိုးလုံချည်ကို ဝတ်ထားသည်။
နှင်းဆီငုံ နှုတ်ခမ်းထူထူနှင့် ပြုံးရယ်စွာပြောနေသော တူးတူးကိုကြည့်ရင်း သူ့ရင်တွေ လှုပ်ရှားရပါသည်။ မျက်ခုံးမွှေးထူထူမည်းမည်းအောက်မှာ ဝင်းပသောမျက်လုံးက ကြည်လင်အေးမြနေသည်။ ဒီမျက်ခုံးမွေးထူထူက တူးတူး၏အမှတ်တံဆိပ်။ ကျောင်းနေတုန်းက အသားမဖြူလှဟု သူ ထင်သော်လည်း ယခု တူးတူးသည် ဝင်းပသော အသားဝါနှင့် ရွှန်းပတင့်တယ်သော သူ့မျက်နှာသည် သိက္ခာရှိသော မိန်းမတစ်ယောက်၏ဣနြေ္ဒကို ဖော်ပြနေပုံရသည်။ မြင်မြင်ချင်း မမှတ်မိနိုင်လောက်အောင် တူးတူးပုံစံက ပြောင်းလဲနေသည်။
ရှယ်လီသည် မသိမသာ လင်းရှိရာကို လှမ်း၍ကြည့်သည်။ သူတောင် ဒါလောက်စိတ်လှုပ်ရှားနေလျှင် လင်း၏ရင်မှာ ဘယ်လိုရှိပါလိမ့်၊ လင်း၏မျက်လုံးတွေ တူးတူးရှိရာသို့ တချက်တချက် ရောက်လာသည်ကို သူ သတိပြုမိသည်။
လက်ဖက်ရည်ပွဲမှာ နှစ်နာရီလောက်ပဲ အချိန်ကြာပါသည်။ တိုတောင်းစွာတွေ့ခဲ့ရသော အချိန်နှစ်နာရီခန့်အတွင်း တူးတူးခေါ် တိုင်းမင်းကြီးကတော် ဒေါ်ခင်မေသိုက်သည် သူ့ရင်ကို လှိုင်တံပိုး ထစေခဲ့ပါသည်။ ဤလှိုင်းသည် လင်းရင်ကိုလည်း ပုတ်ခတ်မှာပါ။
လင်မယားနှစ်ယောက် လက်ဖက်ရည်ပွဲမှ ပြန်လာကတည်းက တိတ်ဆိတ်နေသည်။ စကားမပြောမိ။ ညဉ့်ဦးတချိန်လုံးကို မြန်မြန်ကုန်ဆုံးစေချင်သည်။ လင်း၏ခံစားမှုများကို သူ အနှောင့်အယှက်မပေးလို။ သူလည်း နှုတ်ဆိတ်နေသည်။ လင်းသည် လွတ်လပ်စွာ ခံစားပါစေ။
တိုင်မင်းကြီးကတော်လင်မယားကတော့ မကွေးကို ဆက်လက်ထွက်ခွာသွားကြပြီ။ သူတို့လင်မယားသာ အတိတ်ကတစ္ဆေ၏ခြောက်လှန့်မှုအောက်မှာ လှုပ်ရှား ချောက်ချားနေသည်။
* * *
၂။
နေ့ရက်များ ကုန်လွန်သွားသလို ဘဝသည် ပြောင်းလဲနေသည်။ တိုင်းမင်းကြီးကတော် ဒေါ်ခင်မေသိုက်ကို မြင်ရတော့ သူ၏တက္ကသိုလ်တွင်နေခဲ့သောရက်များကို သတိရစရာဖြစ်လာသည်။
သူ၏တက္ကသိုလ်ရက်များသည် ရွှေရောင်ရက်များ ဖြစ်ခဲ့သည်။ အလှသရဖူဆောင်းသူမို့ အင်းလျားဆောင်မှာ ထင်ပေါ်ကျော်ကြားသည်။ အားလုံးကျောင်းသူတွေက ရှယ်လီ သို့မဟုတ် မြကြာဖြူသည် ထိုကာလက တက္ကသိုလ်၏ Queen သို့မဟုတ် Empress ဧကရီ ဟု ဆိုကြသည်။ ကျောင်းသူတွေက ပေးသောဘွဲ့။
ဧကရီပါပဲ။ အလှသရဖူတွက်မဟုတ်၊ အောင်နိုင်ခြင်းသရဖူကိုလည်း သူ ဆောင်းခဲ့သည်။ ကျောင်းသားတွေပါးစပ်ဖျားမှာ ရှယ်လီ၊ ရှယ်လီ၏ခြေရင်းမှာလည်း ဝပ်းစင်းခယနေသော ကျောင်းသားက အများစု။ ရှယ်လီက နမ္မတူဘော်တွင်းမှ အင်ဂျင်နီယာ၏သမီး။ အဖေက ဘင်ဂလို အင်ဒီးယန်းခေါ် အင်္ဂလိပ်နှင့် အိန္ဒိယသား စပ်ကြသော ကပြား၊ အမေက ရှမ်းအမျိုးသမီး၊ သမီးကြီးရှယ်လီကို သူ့ဒယ်ဒီက တက္ကသိုလ်ပို့သည်။ လိုလေသေးမရှိ ပြည့်စုံအောင် ထားသည်။
ရှယ်လီရေကူးသွားလျှင် ယောက်ျားလေးအတွဲနှင့်၊ တင်းနစ်ရိုက်လျှင်လည်း အဖော်နှင့်။ အင်းလျားကန်မှာ လှေလှော်လျှင်လည်း တယောက်တော့ ပါစမြဲ။
ရှယ်လီသည် ကပြားဖြစ်၍ ဆက်ဆံမှု ဖော်ရွေသည်။ နှင်းဆီလွှာလို နှုတ်ခမ်းပါးလေးနှင့် အင်္ဂလိပ်လို သွက်လက်စွာပြောသည်။ နှာတံပေါ်ပေါ်နှင့် နှုတ်ခမ်းက ပြုံးသည်ထက် သူ့မျက်လုံးက ပို၍ပြုံးနေသည်။ သူ့မျက်နှာကို ကြည့်လိုက်သူတိုင်းကို ဖမ်းစားနိုင်သော မျက်လုံးမျိုး၊ ရတနာတော့ များများ မဝတ်။ သွယ်ပြောင်းဖြူနုသော လည်တံမှာ ပုလဲသွယ်တကုံးကို အမြဲဆင်သည်။
အားကစားဝါသနာပါသူမို့ ကိုယ်ဟန်က ကျော့ရှင်းသည်။ ခုံမြင့်ဖိနပ်ကလေးနှင့် သူ လမ်းလျှောက်သွားလျှင် ငေးယူရသည့် ရှည်သွယ်သော ပေါင်တံနှင့် ခါးကိုနွဲ့ကာ ရင်ကိုချီ၍ လျှောက်တတ်သည်။ တင်ပါးမို့မို့လေးများ၏ တိမ်နွဲ့တိမ်းပါး ကစားသွားဟန်ကို ကျောင်းသားအတော်များများ ငေးကြည့်ရသည်။ ကြာပွင့်များအလယ်မှာ ကြိုးကြာမ၏လှုပ်ရှားဟန်မျိုး။
ဖခင်ဖြစ်သူ မစ္စတာဆင်မြူရယ်၏သွယ်ပြောင်းသော နှာတံနှင့် ညိုမှောင်သော မျက်ဝန်း၊ မိခင်ဒေါ်နန်းမို့၏ရှမ်းသွေးရောင် ဝါဝင်းသောအသားကို အမွေခံထားသော ရှယ်လီမျက်နှာက အချိုးတကျ လှပသည်။
ထိုခေတ်က စစ်ပြီးခေတ်နိုင်လွန်ခေတ်ဖြစ်သည်။ ဒါပေမဲ့ အခုလို ဘရာစီယာ ခေတ်မစားသေး။ ဘော်လီ (ဘွန်ဘွန်)ခေတ်ဖြစ်သည်။ ရှယ်လီက တက္ကသိုလ်မှာ နိုင်လွန်ပါးပါးအင်္ကျီအောက်တွင် ဘရာစီယာကို စတင်ဝတ်သူ။ အပြင်အဆင်မှာ ခေတ်၏ရှေ့က ပြေးနေသည်။ ဆံပင်ကိုဖြတ်၍ ပခုံပေါ် ဝဲချထားသည်။ ဆံနု ပြေပြေလေးမှာ သူ့နဖူးနုနုဖြူဖြူပေါ်မှာ ကွေးရရွေး ကျနေပုံက မြင်ရသူစိတ်မှာ မတင် ဖယ်ရှားပေးချင်စရာကောင်းသည်။ ရှယ်လီ၏လုံချည်များက မြင်လိုက်လျှင် ထင်းနေသောအပွင့်အခက်များကို ဝတ်တတ်သည်။ အမှန်တော့ ရုပ်ရည်ရော အပြင်အဆင်ရော ကျောင်းသူတွေကြားထဲမှာ ထင်ပေါ်သူ။ ဒါ့ကြောင့် ကျောင်းသူတွေကိုယ်တိုင်က သူ့ကို ဧကရီဘွဲ့ပေးထားခြင်းဖြစ်သည်။
ရှယ်လီအကျင့်က ညတိုင်း လမ်းလျှောက်တတ်သည်။ ကျောင်းသူအဖွဲ့ အထူးသဖြင့် သူ့အခန်းဖော် သက်သက်နွယ်၊ အခန်းနီးချင်း ဒေါ်လီ၊ သက်မာ၊ အယ်လီဇဘက်တို့နှင့် တွဲ၍ အင်းလျားကန်ဘောင်ဘက်ကို လှေလှော်ထွက်သွားတတ်သည်။
သူ ဘီအေ ပထမနှစ်မှာ တူးတူးကို စတင်တွေ့ခဲ့သည်။ သူနှင့် တူးတူးက ဘာသာတွဲမတူ။ တူးတူးက ဘီအက်စ်စီ ဒုတိယနှစ်။ ပြီးတော့ အင်းလျားဆောင်ကို ဒီနှစ်မှ ရောက်လာသူ။ ယခင်နှစ်တွေက မာလာဆောင်မှာ နေသည်ဟု ဆိုသည်။ တူးတူးကို တူးတူးဟု သူငယ်ချင်းတွေ ခေါ်နေသံ ကြားနေရသည်။ သူနှင့် ဘာသာတွဲလည်းမတူ၊ အခန်းချင်းလည်းမနီး၍ သူ တူးတူးကို စိတ်မဝင်စား။ တူးတူးအခန်းဖော် ဒေါ်လီပြောပြ၍ မအေးသိုက်ဟူသောနာမည်မှာ တူးတူး၏ကျောင်းနာမည်တဲ့။ ယခုတော့လည်း မအေးသိုက်သည် တိုင်းမင်းကြီးကတော် ဒေါ်ခင်မေသိုက်ဖြစ်လာသည်။
ဒေါ်လီက သွက်လက်ချက်ချာသည်။ ရှယ်လီလိုပဲ ဘီအေရိုးရိုးဖြစ်၍ တူးတူးနှင့်ခင်သလို ရှယ်လီနှင့်လည်း ခင်သည်။ ရှယ်လီချစ်စရာကောင်းသည်က မိန်းကလေးကျောင်းသူတွေနှင့် အကျွမ်းတဝင် ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သည်။
ဒါပေမဲ့ တူးတူးကို ကြည့်မရ။ တူးတူးက အသားလတ်လတ် ပိန်ပိန်ပါးပါး။ တခါတရံ ရှည်လျားသောဆံပင်များကို ဖားလျားချ၍ အရင်းမှ ပိုးဇာအနက်စနှင့် ချည်နှောင်ထားသည်။ များသောအားဖြင့်တော့ ဆံထုံးအိအိကြီးကို နောက်တွဲထုံးထားတတ်သည်။ မျက်လုံး မျက်ခုံးကောင်း၍ နှာတံသွယ်သွယ်။ သူ့လိုတော့ နှာတံမမြင့်။ နှုတ်ခမ်းက ထူထူစုံ့စုံ့လေးနေ၍ ရုတ်တရက် မျက်နှာ တင်းထားသလို ထင်ရသည်။ အပြင်အဆင်ကလည်း များသောအားဖြင့် အဖြူခံ အပွင့်စိပ်စိပ်လုံချည်တွေ ဝတ်တတ်သည်။ နိုင်လွန်လက်ရှည်နှင့် အဖြူပွင့်ခပ်သေးသေးလေးများဝတ်၍ တူးတူး ကလပ်စ်တက်သွားလျှင် ရှယ်လီက ရယ်ချင်သည်။ 'ဝိညာဉ်လေး လွင့်သွားပြီ'ဟု သူ့အဖော်တွေကို ပြောတတ်သည်။
သို့သော် နှစ်ကုန်ခါနီးတော့ သူ တူးတူးကို ဂရုစိုက်မိပြီ။ တူးတူးသည် ဒေါ်လီတို့နှင့်တွဲကာ အင်းလျားကန်စောင်းတွင် လမ်းလျှောက်လေ့လျှောက်ထ မရှိ။ ညနေစောင်း ဘာလုပ်နေသည်ကိုတော့မသိ။ ခုတလောတော့ တူးတူး ဧည့်ခန်းမှာ ထိုင်သည်။ သူ့ဘေးမှာ ဧည့်သည်ကျောင်းသားတစ်ယောက်နှင့်ဖြစ်သည်။ ကျောင်းသားက ဘောင်းဘီရှည်ဝတ်လေ့ဝတ်ထရှိသည်။ အသားဖြူဖြူ၊ အရပ်မြင့်မြင့် နည်းနည်းတော့ ပိန်၍ ခါးနွဲ့ပုံတော့ ရသည်။ စကားပြောလျှင် မျက်လုံးများ စင်း၍သွားတတ်ပေမင့် သူ့မျက်လုံးတွေက ချစ်စရာတခုခု အာနိသင်ရှိနေပုံရသည်။ တူးတူးကို စိတ်ဝင်တစား စကားပြောနေလျှင် တူးတူး၏မျက်လုံးဝိုင်းကြီးများသည် ဝင်းပရွှန်းလဲ့နေသည်။ ထိုသူကလည်း တူးတူးနှင့် စကားပြောနေလျှင် ပတ်ဝန်းကျင်ကို မေ့နေသလို ထင်ရသည်။ တခါတရံမလာသော်လည်း တနင်္ဂနွေ ညနေတိုင်းတော့ တူးတူးလူသည် မှန်မှန်လာတတ်သည်။
ညနေလမ်းလျှောက်ထွက်ဖို့ ရှယ်လီ ဧည့်ခန်းကို ဖြတ်လျှောက်သွားတိုင်း တူးတူးတို့စုံတွဲကိုမြင်လျှင် ခြေလှမ်းများပင် တုံ့သွားတတ်သည်။ ရင်ထဲ တမျိုး ခံစားနေရသည်။ လမ်းလျှောက်ရသည်ကိုလည်း စိတ်မပါ။ လှေလည်း မလှော်ချင်သလို ဖြစ်တတ်သည်။ တခြားအတွဲတွေလည်း ဧည့်ခန်းမှာ ရှိလျက်နှင့် တူးတူးတို့အတွဲကိုမှ သူ စိတ်ဝင်စားသည်။ တူးတူး၏အခန်းဖော် ဒေါ်လီကလည်း သူ့အတွဲ ကိုဖေသိန်းလာလျှင် လမ်းလျှောက်နေကျ။ ဧည့်ခန်းမှာ ထိုင်လေ့ ထိုင်ထ မရှိ။
သူ့ရင်ထဲမှာ ကလပ်စ်တက်ရင်း တနေ့ တူးတူးဆီလာသည့်လူအကြောင်း ဒေါ်လီကို မေးမိသည်။
"ရခိုင် စစ်တွေက လင်းရွှေအောင်၊ ဆေးကျောင်းသားပေါ့၊ နောက်ဆုံးနှစ် အပိုင်း (ခ) ရောက်နေပြီ။ တူးတူးနဲ့တွေ့ကြတာ နှစ်နှစ်လောက်ရှိပြီ။ မိတူးက သိပ်လျှို့ဝှက်တာ၊ ဒီနှစ်မှ အဆောင်လာခွင့်ပေးတာ "
ဒေါ်လီ့စကားကြားတော့ ရှယ်လီ အံ့အားသင့်သွားသည်။ "ဒီလို ငါးဖောင်ရိုးခြောက်မျိုးကို ကြိုက်သည့်သူ ရှိသေးသကိုး'ဟု သူ ထင်သည်။ ပြီးတော့ တူးတူးရည်းစားထားပုံကို ရယ်ချင်သည်။ သိုသိပ်တင်းကြပ်လိုက်တာ။
သူကတော့ သတ်သတ်မှတ်မှတ်မရှိသေးပေမင့် လှေလှော်ဘက်၊ ရုပ်ရှင်ကြည့်ဘက်တွေ ကျောင်းသားတွေ သူ့မှာ တပုံတပင်။ စာရင်းအရတောင် မကုန်သေး။ ဒေါ်လီထံမှ လင်းရွှေအောင်သတင်းကို ဆက်လက်စုံစမ်းမိသည်။ ဒေါ်လီ၏ချစ်သူ ကိုဖေသိန်းနှင့် လင်းရွှေအောင်က တတန်းတည်း။
"လင်းရွှေအောင် မိဘများက စစ်တွေမှာ သူဌေးတွေ၊ အမျိုးတွေက ဘိလပ်ပြန် ဝတ်လုံတော်ရတွေတဲ့ "
"တူးတူးကို လက်ထပ်ခွင့်တောင်းပေမင့် တူးတူးက နှစ်ယောက်လုံး ဘွဲ့ရပြီးသည်အထိ ဆွဲထားသည်တဲ့ "
ရှယ်လီသည် သည်သတင်းတွေ စုဆောင်းရင်း သူ့ရင်မှ လှိုက်ခတ်လာသော လှိုင်းသံကို သူ နားမလည်မိ။
ဒါပေမဲ့ တနင်္ဂနွေတညနေတော့ သူ အထူးအဆန်းတစ်ခု လုပ်လိုက်သည်။ ဇာ နိုင်လွန်လက်ပြတ်လည်ဟိုက်နှင့် အဝါနှင့်အစိမ်းပွင့်များ ရောယှက်ထားသော ပါတိတ်လုံချည်ကို ဝတ်လိုက်သည်။ ခုံမြင့်ဖိနပ်ဖြူကို စီး၍ သူငယ်ချင်းတွေနှင့် လမ်းလျှောက်ထွက်ရအောင် ဧည့်ခန်းသို့ ဆင်းလာသည်။ ဧည့်ခန်းရောက်ရောက်ချင်း ပြတင်းနားက လင်းရွှေအောင်နှင့် တူးတူးတို့စုံတွဲဆီ သူ့မျက်စိရောက်သွားသည်။
တူးတူးတို့အနား ရှယ်လီရောက်သွားကာ "တူးတူး..... ရှယ်လီတို့ လမ်းလျှောက်မလို့ လိုက်မလား"ဟု ခေါ်လိုက်၍ တခါမှ လမ်းလျှောက်မခေါ်ဖူးသောရှယ်လီက အထူးအဆန်း သူ့ကို လာခေါ်၍ တူးတူးက အံ့အားသင့်နေသည်။ ရင်ကိုချီကာ အတောက်ပဆုံးအပြုံးနှင့် ရှယ်လီမျက်လုံးများက လင်းရွှေအောင်ကို လွှမ်းခြုံ၍ ပြုံးလဲ့လဲ့ကြည့်လိုက်သည်။
"တူးတူး မလိုက်ချင်ပါဘူး " တူးတူးက ဖြေလိုက်၍
" ရှယ်လီတို့ သွားမယ်နော်"
နှုတ်ဆက်ကာ ထွက်သွားပုံက ကြွကြွမြူးမြူး။ ခုံမြင့်ဖိနပ်သံ တဒေါက်ဒေါက်နှင့်အတူ တင်ပါးများက နိမ့်ချည်မြင့်ချီ ကစားသွားကာ လင်းရွှေအောင်ကို မျက်စပစ်သွားကြသည်။
" တူးတူးက သူ့အဆက်နဲ့စကားပြောနေတာကို သွားနှောင့်ယှက်တယ် "
ဒေါ်လီက လမ်းလျှောက်ရင်း ရှယ်လီ့ကို အပြစ်တင်လိုက်သည်။
"သိသားပဲ၊ မလိုက်ဘူးဆိုတာသိပေမယ့် လင်းရွှေအောင်ဆိုတဲ့လူကို အနီးကပ်ကြည့်ချင်လို့ "
ဒေါ်လီက နှုတ်ဆိတ်နေလိုက်သည်။
* * *
ရွှေတိဂုံကုန်းတော်ပေါ်မှာ အင်းလျားဆောင်သူတွေ တန်ဆောင်တိုင်ပွဲကျင်းပတော့ ပင်မတက္ကသိုလ်ကသာမက လင်းရွှေအောင်တို့ ကိုဖေသိန်းတို့ ဆေးကျောင်းသားတွေရော အင်ဂျင်နီယာကျောင်းသားတွေရော လာကြသည်။ လင်းရွှေအောင်ကို စားပွဲတခုသို့ အထူးဖိတ်ခေါ်ကာ ရှယ်လီက ဧည့်ခံသည်။ တူးတူးတို့က ကြာဇံချက်ချပေး၊ အချိုပွဲ ချပေးရုံပဲ။
ဧည့်ခံနေသော ရှယ်လီ၏စကားသံမှာ လင်းရွှေအောင်တို့ မိန်းမောနေကြသည်။ တူးတူးတို့က အလုပ်ရှုပ်နေကြဆဲ။
ရှယ်လီသည် "ဘုရားတစ်ပတ် လှည့်ဖူးရအောင်၊ လင်း ...ရှယ်လီ့ကို လိုက်ပို့ပါလား "ဆိုလိုက်၏။
လင်းရွှေအောင် မငြင်းသာ၊ ဘုရားရင်ပြင်ပေါ်က လူအုပ်ထဲမှာ ပထမတော့ ယှဉ်လျှောက်သည်။ လူတွေကြပ်လာတော့ ရှယ်လီက သူ့လက်မောင်းကို တင်းကြပ်စွာ ဖက်ထားသည်။ တခါတခါ လူထုက တိုးဝှေ့လိုက်လျှင် ရှယ်လီသည် လင်းရွှေအောင်ရင်ခွင်ထဲကို ရောက်သွားသည်။ လင်းရွှေအောင်နှာခေါင်းမှ ပူနွေးသောအငွေ့တွေ ရှယ်လီ့ပါးပြင်ပေါ် ဖြတ်သန်းသွားသည်။ လူထုက တိုးမရလေ ရှယ်လီဝမ်းသာလေ။ ဧည့်ခံရာတန်ဆောင်းကို ပြန်မရောက်ချင်သေးပါ။
သွေးဆေးကန်မုခ်ဘက်ရောက်တော့ သူ လင်းရွှေအောင်ခါးကို တအား ဖက်ထားသည်။
"လင်း ... ရှယ်လီမူးလာပြီ၊ ဟိုညောင်ပင်ကြီးအောက် ခန သွားရအောင် "
သူ ဆွဲခေါ်ရာကို လင်းရွှေအောင် ပါလာသည်။
"ရှယ်လီ သိပ်မူးလား "
လင်းရွှေအောင်အသံက တိုးညင်း၍ မူမမှန်ချင်။
"ခုံတန်းပေါ်မှာ ထိုင်မလား"ဟု မေးလိုက်သည်။
"ဟင့်အင်း လူများတယ်၊ တံတိုင်းဘက် သွားမယ် "
သူတို့နှစ်ယောက် လူရှင်းရာ တံတိုင်းဘက်ကို ထွက်လာကြသည်။ တံတိုင်းနားရောက်တော့ ရှယ်လီ သိပ်မူးသည်ဆိုကာ ယိုင်သွားသည်။ လင်းရွှေအောင် လှမ်းဖက်ထိန်းလိုက်၍ လင်းရွှေအောင်လည်ပင်းကို ရှယ်လီက ပြန်ဖက်ထားလိုက်သည်။ ရှယ်လီ့ကိုယ်မှ ရှနယ်ရေမွှေးနံ့က လင်းရွှေအောင်ကို ယစ်မူး မိန်းမောသွားစေသည်။ တန်ဆောင်မုန်းလပြည့်ဝန်းသည် ထိန်ထိန်သာနေပေမယ့် သူတို့နှစ်ယောက်ရှိရာမှာ မှောင်ရိပ်ကျလျက်ရှိပါသည်။
ထိုညက ရှယ်လီ တန်ဆောင်းကို မပြန်။ လင်းရွှေအောင်ကားနဲ့ အဆောင်ကို ပြန်လာခဲ့သည်။
၃။
"ဒေါ်လီ အစက မပြောဘူးလား တူးတူး၊ အဲဒီတန်ဆောင်မုန်းလပြည့်ညက ရှယ်လီတယောက် တို့များရှိတဲ့ဇရပ်ကို ပြန်မလာဘဲ လင်းရွှေအောင်က ရှယ်လီကို အဆောင်ပြန်ပို့တာတဲ့။ ကိုဖေသိန်းတို့ ဆေးကျောင်းသားအုပ်စုတွေ ငါ့ကို ပြန်ပြောပြတယ်။ ရွှေတိဂုံဘုရားကနေ အဆောင်အထိ ကြားမှာ အချိန်ကာလတွေ နေရာတွေ အများကြီး။ အဲဒီအချိန်တွေ နေရာတွေမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်နိုင်တယ်။ အဲဒီကတည်းက လင်းရွှေအောင် ပေါ်မလာတာ မဟုတ်လား "
ဒေါ်လီက စိတ်ပါလက်ပါပြောသလောက် တူးတူးက ငြိမ်သက်နေသည်။ အင်းလျားကန်ရေပြင်ကိုသာ စူးစိုက်ကြည့်နေသည်။ သူ ထိုင်နေရာရှေ့ရှိ မြက်ပင်ကလေးများကို နှုတ်ဖြတ်ကာ ရေပြင်သို့ လွှင့်ပစ်နေသည်။ မြက်ပင်များသည် အဝေးရေစပ်သို့မရောက်ခင် မြေကြီးပေါ် ကျသွားကြသည်။ တူးတူး၏ချစ်သူ လင်းရွှေအောင်သည် မြက်ပင်ပြတ်ဇာတ်လမ်းကို ခင်းသွားလေပြီ။
"တူးတူး ငါပြောတာများ ကြားရဲ့လား၊ မတုန်မလှုပ်နဲ့။ မင်းကို ဒါကြောင့် ဟိုက ခွာသွားတာ။ ဘာပဲဖြစ်ဖြစ် တုံ့နှေး တုံ့နှေးနဲ့။ အခုတော့ ...ပိုပိုသာသာပေးတဲ့ဆီ ပါသွားတာပေါ့။ မင်းစိတ်ကို နည်းနည်းမှ မထိခိုက်ဘူးလား တူးတူး"
ဒေါ်လီက အားမလိုအားမရ အသံနှင့် တူးတူးပုခုံးကို ကိုင်ကာ မေးလိုက်သည်။ တူးတူးက မျက်ရည်ဝဲသော မျက်လုံးများဖြင့် ဒေါ်လီကို ပြန်ကြည့်လိုက်သည်။
"မထိခိုက်ဘူးလားဆိုတဲ့ မေးခွန်းကို မမေးပါနဲ့ ဒေါ်လီ၊ ဘယ်လို စကားလုံးနဲ့ ဖြေရမယ်ဆိုတာ မသိအောင်ကို တူးတူး ထိခိုက်ပါတယ်။ မိန်းမတယောက်ရဲ့နှလုံးသားမှာ ရှိတဲ့အချစ်ရဲ့အတိမ်အနက်ကို တိုင်းတာဖို့ ကိရိယာမရှိပါဘူး။ မင်းစကားတခုကိုတော့ တူးတူး မကျေနပ်ဘူး။ "ပိုပိုသာသာပေးတဲ့ဆီ ပါသွားတယ်"ဆိုတဲ့ စကားကို မကျေနပ်ဘူး။ ငါတို့ အိုင်အေ ပထမနှစ်မှာ သင်ရတယ်လေ၊ ဒေဝဂုမ္ဘာန်ထဲက ဦးကြင်ဥစကား မင်း မှတ်မိလား၊ 'ပေါကုန်ရှုံးကုန်၊ ငါတို့ကုန် ရောင်းကုန်မဟုတ် "ဆိုတာ၊ အခုလည်း တူးတူး ပြောချင်တယ်။ တူးတူးအချစ်ဟာ ချိန်ခွင်နဲ့ ချိန်တွယ်ရောင်းချတဲ့ ရောင်းကုန်မဟုတ်ဘူး။ ပိုပိုသာသာပေးတာ အဆစ်ပေးတာ အလေးခိုးတာတွေ ကုန်ပစ္စည်းတခုမှာ သုံးတဲ့စကားလုံးတွေ တူးတူးအချစ်မှာ လာမသုံးပါနဲ့ "
ဒေါ်လီသည် သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားသည်။ တောင်းပန်သော မျက်နှာထားဟန်ကို ပြောင်းသွားသည်။
"စိတ်မရှိပါနဲ့ တူးတူး၊ မင်းအစား ဒေါ်လီက မခံမရပ်နိုင်ဖြစ်နေလို့ စကားလုံး အသုံးမှားသွားတာ။ ဒေါ်လီရိပ်မိတာတော့ ကြာပြီ။ လင်းရွှေအောင်အကြောင်း ဒေါ်လီဆီမှာ ရှယ်လီ ခဏခဏ လာစုံစမ်းနေတာ၊ မင်းကိုတော့ ဖွင့်မပြောမိဘူး "
"ဒေါ်လီ့ကို စိတ်မဆိုးပါဘူး။ အခြေအနေတွေက မတူကြဘူး ဒေါ်လီ၊ ရှယ်လီက နမ္မတူက ဘော်တွင်းအင်ဂျင်နီယာရဲ့သမီး၊ သူ့ဘဝရှေ့ရေးဟာ တက္ကသိုလ် ဒီဂရီအပေါ်မှာ မတည်ဘူး။ ဒီဂရီမရလည်း သူ လင်တယောက်ရရင် အမြတ်ပဲ။ ဒါကြောင့် သူ့မှာ ကျောင်းသူနဲ့မတူအောင်ကို ဝတ်စားပြီး ရင်းနှီးမြုပ်နှံရတာ။ အခု သူ အမြတ်ထွက်သွားပြီ၊ တူးတူးဘဝက ဒေါ်လီသိတယ်မဟုတ်လား။ တူးတူးအဖေဟာ ခြံသမား၊ လူငှားတွေရှိတယ်ဆိုပေမယ့် ဒူးရင်းခြံရော စားပင်သောက်ပင်တွေစိုက်တဲ့ဥယျာဉ်ကော လုပ်ရတော့ ဖေဖေ သိပ်ပင်ပန်းတယ်။ ဖေဖေ့ဝင်ငွေနဲ့ တူးတူးကို ဒီဂရီရအောင် မနည်း ထားရတာ၊ ဒီတော့ တူးတူးအဖို့ ဒီဂရီရဖို့က ပထမ၊ ဒီဂရီရဖို့က အဓိက။ မင်းက ဒီတော့ မေးမယ်။ ဒီလိုဆို ဘာလို့ရည်စားထားလဲ မေးမယ်။ တူးတူးချစ်စိတ်ကို မထိန်းနိုင်လို့၊ ပြီးတော့ ကိုကိုလင်းဟာ ရှယ်လီနဲ့မတွေ့ခင် တူးတူးအတွက် ချစ်သင့်ချစ်ထိုက်တဲ့လူတယောက် မင်းတို့အသိပဲ။ ဒါပေမဲ့ မင်းတို့ပြောသလို ပိုပိုသာသာနည်းနဲ့ပဲလား၊ ဘယ်နည်းနဲ့လဲတော့ မသိဘူး။ ရှယ်လီ ကိုကိုလင်းကို ရသွားပြီ။ တူးတူးအဖို့ သမီးရည်စားဘဝမှာ ပိုပိုသာသာနည်းတို့ ဘာတို့ သုံးပြီး ယောက်ျားတယောက်ကို မယူနိုင်ဘူး။ တူးတူး မြတ်နိုးစွာ ထိန်းသိမ်းထားတဲ့ အပျိုစင်ဘဝကို တရားဝင်လက်ထပ်ပြီး တူးတူးမြတ်နိုးတဲ့လူကိုပဲ ပေးမယ် "
တူးတူးက ပြတ်သားစွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်ဟာ၊ ဒေါ်လီ တူးတူးကို အပြစ်ပြောတာမဟုတ်ပါဘူး။ စကားလုံး အသုံးမှားသွားလို့ပါ။ မင်းပြောတာ ဟုတ်ပါတယ်။ ဒါကြောင့် ရှယ်လီဟာ ကျောင်းတဝက်တပျက်နဲ့ လက်ထပ်ရတာ။ လင်းရွှေအောင်ကလည်း အလုပ်သင်ဆရာဝန်ပဲ ရှိသေးတယ်နော်၊ လက်လွှတ်မခံနိုင်မှန်း ဘယ်လောက်သိသာလဲ "
"ဒါပေမဲ့ ဘာဖြစ်လဲ၊ ကိုကိုလင်းဘက်ကလည်း ထုထည်နဲ့၊ ရှယ်လီ့အတွက်လည်း သူ လင်ယူတာဟာ သူ့အဖေအတွက် တာဝန်ပေါ့သွားတာပေါ့။ တူးတူးက လင်ယူရင်တောင် အဖေကြီးကို မထားရစ်ခဲ့နိုင်ဘူး။ ဆွဲခေါ်သွားရမှာ၊ တူးတူးကို အထင်မကြီးနဲ့၊ တူးတူးအဖေကြီး ဦးအောင်ဘော်အတွက် အိမ်ထောင်ရေးမှာ အမြတ်ထုတ်ရမှာပဲ၊ ဖေဖေ့ကို ဦးစားပေးပြီး တူးတူး အိမ်ထောင်ဘက်ရွေးရမယ်၊ တော်ပြီလေ ယောက်ျားတယောက်ရဖို့အတွက် တက္ကသိုလ်မှာ တီမွန်တို့ ရှနယ်တို့လည်း မသုံးနိုင်ဘူး။ မက်စ်ဖက်တာနဲ့ရပ်ဒလီလည်း မသုံးနိုင်ဘူး၊ တူးတူးမှာ ကျောက်ပြင်တချပ်နဲ့ သနပ်ခါးတုံးပဲရှိတယိ။ လိုချင်ယူ မလိုချင်နေ "
"အေး ....အဲဒီစိတ်ဓာတ်ပဲ လိုချင်တယ် တူးတူး၊ တို့ထင်သလို မင်းဟာ ခန္ဓာကိုယ်ပျော့နွဲ့သီလို့ စိတ်ဓာတ်တွေပါပျော့ညံ့တဲ့ မိန်းကလေးတယောက်မဟုတ်ဘူးဆိုတာ သိရပြီ"
ဒေါ်လီက သူ့ကိုဖက်ကာ အားပေးသလိုပြောလိုက်သည်။
ထိုနေ့က လင်းရွှေအောင်နှင့် ရှယ်လီ ခေါ် မြကြာဖြူတို့ စထရင်းဟော်တယ်မှာ လက်ထပ်သောညနေခင်းဖြစ်ပါသည်။ ရှယ်လီ၏အခန်းကဏ္ဌက တက္ကသိုလ်နယ်မြေမှာ အောင်မြင်စွာ ပျောက်ကွယ်သွားပြီဟု ဆိုရပါမည်။
အပိုင်း(၂) ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment