Friday, July 22, 2022

ဗညားရှိန်း (အပိုင်း - ၄)

"အမလေး သက်မာရယ်၊ တကယ့်ကို တကယ့်ကို မလေးလေ တစ်ခါတည်း သေလိုက်ချင်တာ စတီရာရင်ကို ဆွဲတော့မလို့၊ စိတ်ကို ပြန်ထိန်းမိလို့ ဒီနေ့ မင်းနဲ့တွေ့ရတာ"


မလေးနုသည် ညက ဦးလေးနှင့် အဖြစ်ကို သက်မာကို ပြန်ပြောပြနေသည်။


"အဲဒီတော့ မင်း ဘယ်လိုလုပ်မယ် စိတ်ကူးလဲ"


သက်မာက မေးလိုက်၏။


`မလေး ဒီဆေးတိုက်မှာပဲ နေတော့မယ်၊ အလုပ်တွေများလို့ အိမ်မှာ မနေတော့ဘူးလို့ ဒေါ်လေးသန်းကို အကြောင်းပြမယ်၊ မနက်ကတော့ တတ်နိုင်သလောက် ပစ္စည်းတွေ စုထားခဲ့ပြီးပြီ၊ မလေး ပစ္စည်းတွေသွားယူရင် သက်မာ အတူလိုက်ခဲ့ပါ၊ ဒီအိမ်ကြီးမှာ မလေး မနေရဲတော့ဘူး၊ ဒီနေ့ကို ပြောင်းမယ်၊ ဦးလေးရဲ့ သံတမန်ပြုံးကြီးကို ကြောက်တယ်၊ အမယ်လေး ဦးလေး သိမ်းပိုက်တာခံရရင် ဒေါ်လေးသန်းကို မလေး ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ သက်မာရယ်၊ မင်း လိုက်ခဲ့နော်"


မလေးနု အမူအရာမှာ အလွန်ထိတ်လန့်နေပုံရသည်။ သက်မာက လိမ္မော်ရည်အေးအေးကို ဆရာမလေးတစ်ယောက်ကို မှာလိုက်ရသည်။ ရောက်လာတော့မှ မလေးနုကို ပေးလိုက်သည်။


"ရော့… သောက်ဦး၊ စိတ်အေးအေးထား၊ သက်မာ ညနေကျ မလေးနဲ့အတူ လိုက်ခဲ့ပါ့မယ်၊ ဒေါ်လေးသန်းက စိတ်ကောင်းမှာ မဟုတ်ဘူး"


"အမယ်လေး……. သူစိတ်မကောင်းတာက အခုခဏ၊ သူ့လင်ကြီးက ငါ့ကို သိမ်းပိုက်မှ မလေးကို လင်ခိုးမလို့ စွပ်စွဲမှာ မလေး ကြောက်တယ်၊ နောင်ခါမှ နောင်ပြဿနာ ဖြေရှင်းမယ်၊ မင်းလည်းပါတယ်၊ ငါပြောင်းမယ်ဆိုတာ ဒေါ်လေးသန်းကို အခု ကြိုဆက်လိုက်မယ်၊ ညနေ ငါ့ပစ္စည်းတွေ သွားယူတော့ သူတို့ မလေးကို ဘယ်လိုမှမတားနိုင်ပါဘူး၊ မလေးကိုယ်ကို ကာကွယ်ဖို့ လုပ်ရတာ”


“ရော့ သောက်လိုက်ဦးဆို" 


သက်မာ ပေးသော လိမ္မော်ရည်ကို မလေးနု ယူသောက်လိုက်သည်။


“မလေးမှာလည်း မလေးဒုက္ခပေါ့လေ၊ မင်း ပြောင်းနေမယ်ဆို ဆေးတိုက်အဖို့တော့ သိပ်ကောင်းတာပဲ၊ ရှိန်းကို ပြောပြဦးပေါ့”


“ပြောမယ်လေ၊ ရှိန်းကို ဖုန်းဆက်လိုက်မယ်” 


"ကဲ... လိမ္မော်ရည် ဝင်သွားပြီ၊ စိတ်ငြိမ်သွားပြီလား၊ မလေးကိစ္စပြောတာနဲ့ သက်မာကိစ္စ မပြောရဘူး “


"သက်မာက ဘာပြောမလို့လဲ”


"တို့နှစ်ယောက်မှာ တို့နှစ်ယောက်ပဲ တိုင်ပင်စရာရှိတယ်၊ စိတ်အေးအေးထားပါလေ၊ သက်မာကလည်း မလေးလိုပဲ ကြိုတင်ကာကွယ်တာပါ"


သက်မာစကားက ထူးဆန်းနေ၍ မလေးနုက ငြိမ်သက်စွာ နားထောင်နေသည်။


"ပြောလေ သက်မာ၊ ဘာပြောမလို့လဲ”


"သက်မာ လုပ်သက်လည်း များပါပြီ၊ မလေးတို့ သက်မာတို့က နိုင်ငံခြားပညာသွားယူပြီး ကိုယ့်တိုင်းပြည် ကိုယ်ပြန်လာတဲ့လူတွေဆိုတော့ ဒါလောက် အစိုးရတာဝန် ထမ်းဆောင်ရင် တော်ပြီ"


မလေးနုသည် သက်မာ ဆက်ပြောမည်ကို စောင့်နေသည်။


“အစိုးရအလုပ်က ထွက်မယ်ဆိုပါတော့”


"အေး … ထွက်ပြီး ရှိန်းဆေးတိုက်မှာပဲ လုပ်မယ် စိတ်ကူးတယ်"


"ဟယ်... တို့သူငယ်ချင်းနှစ်ယောက် အတူလုပ်ရမှာပေါ့၊ မလေး အားရှိလိုက်တာ၊ ဒါနဲ့ သက်မာက ဘာကိုကာကွယ်တာလဲ” 


သက်မာသည် စကားအတန်ကြာ မပြောဘဲ ငြိမ်သက်နေသည်။ ပြောစရာတွေက များ၍ ဘယ်ကစပြောရမှန်း မသိသလို ဖြစ်နေသည်။ သူသည် မလေးနုကိုတော့ အကြောင်းစုံ ပြောရတော့မည်။


“မလေးကို သက်မာ ပြောခဲ့ဖူးတယ်၊ အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင်ရေးပညာ နားလည်မှဆိုတာ"


“ရှင်းပါဦး”


“အေးအေး အိမ်ကို ခုတလော သွားဖြစ်တယ်၊ ဝင်ထွက် လုပ်တော့မှ အေးနဲ့ ရှိန်းတို့ရဲ့ အိမ်ထောင်ရေးကို သက်မာ သိရတယ်၊ အေးက အိမ်ထောင်ရေးပညာကို နားမလည်ဘူး၊ သူ့ဘက်က ပျော့ညံ့ချက်တွေက အများကြီးဆိုတော့ ရှိန်းက အထိန်းအချုပ်မရှိဖြစ်သွားတာပေါ့၊ တို့က တစ်ဖက်တစ်လမ်း စီးပွားရှာနေတဲ့ မိန်းမတွေလေ၊ အေးက ဘာမှ စီးပွားရှာဖို့မလိုဘူး၊ လင့်လုပ်စာ ထိုင်စားနေရက်နဲ့ သူက အိမ်ကိုလည်း မထိန်းနိုင်၊ သားသမီးလည်း မထိန်းနိုင်တော့ ရှိန်းက စိတ်ပျက်သွားတာ"


"ရှိန်းကလည်း ပွေတာတွေ ပါမှာပေါ့”


"အေးလေ... နှစ်ဦးစလုံးမှာ အပြစ်မကင်းဘူးပေါ့၊ သူတို့ကိုကြည့်ရင်း သက်မာ သင်ခန်းစာရတယ်၊ မလေးက အိမ်ထောင်နဲ့မဟုတ်တော့ အိမ်ထောင်အကြောင်း မသိဘူး။ အေးက စီးပွားရေးလည်း မစွမ်းဆောင်နိုင်၊ အိမ်ကိုလည်း သာယာအောင်မလုပ်လို့ ရှိန်းကလည်း အပြင်မှာ အပျော်ရှာတယ်၊ ရှိန်းကိုယ်တိုင်ကလည်း တက္ကသိုလ်မှာကတည်းက တို့သိတယ်၊ မျက်နှာများများ။ သက်မာလည်း ​အေးအေးကို တတ်နိုင်သလောက် ဝင်ထိန်းပေးတာပဲ၊ ခု သက်မာလက်ကို မီးလောင်လာပြီ”


"ဘာပြောတယ် သက်မာ၊ မလေး နားမလည်ဘူး"


"သက်မာ ပြောပြပါ့မယ်၊ ငွေကြေးတတ်နိုင်တဲ့ မိန်းမကို ယူထားထား၊ ငွေကြေးမရှာနိုင်တဲ့ မိန်းမကို ယူထားထား၊ သူတို့ ​ယောက်ျားတွေသဘောကတော့ တစ်သဘောတည်းပဲ၊ သူတို့ မောပန်းလို့ပြန်လာရင် အပန်းဖြေစရာရင်ခွင် ရှိရမယ်လေ”


"ဆိုပါတော့”


“သက်မာတို့ ဆရာဝန်ဆိုတာ မလေးသိတဲ့အတိုင်း စေတနာထားလေ ကိုယ့်ကိုယ်ပိုင်အချိန်ကို လူနာကို ပေးရလေပဲ၊ သက်မာ စိတ်ထဲမှာ အလုပ်တာဝန်နဲ့ လူနာအပေါ် စေတနာလည်း ထားတယ်၊ ပြီးတော့ သက်မာက သားသမီးနှစ်ယောက်လည်း ပါတယ်၊ အကြီးကောင်က ဒီနှစ် ရှစ်တန်း၊ ဒါ့ကြောင့် ကိုယ့်ကလေးနှစ်ယောက်အတွက်လည်း ငွေကြိုးစားရှာတဲ့သဘောနဲ့ အစိုးရအလုပ်ရော ဂျီပီအနေနဲ့ မလေးတို့ဆေးတိုက်မှာပါ အလုပ်ဖိလုပ်တယ်၊ ခုတော့ သတိရလာတယ်၊ အေးဟာ သူ့သားတွေကို ဖိဖိစီးစီး မအုပ်ထိန်းနိုင်လို့ သားတွေ ပျက်စီးရပြီ၊ သက်မာမှာ ဒီသားကို အပျက်မခံနိုင်ဘူး၊ တဖြည်းဖြည်း ဒီကောင်လည်း အရွယ်ရောက်တော့မယ်၊ ဒီတော့ ကိုယ့်သားကို အချိန်ပိုပေးရမယ်၊ သက်မာ သားကို ကျောင်းမှာကို စောင့်သင့် စောင့်ရမယ်၊ ပျက်စီးတယ်ဆိုတာ ဒီအရွယ်က စတာပဲ၊ ဖြစ်ပြီးမှ အေးလို ယူကျုံးမရ အဖြစ်မခံနိုင်ဘူး၊ ဒုတိယ ကိုအောင်ဝင်း” 


“ကိုအောင်ဝင်းက ဘာဖြစ်လို့လဲ”


သက်မာသည် ရုတ်တရက် ပြန်မဖြေသေး၊ နှုတ်ခမ်းလေးကို ကိုက်ခါ တွေဝေနေသည်။


"ပြောပါဦးဟာ မင်းကလည်း။ ဘာလို့ ရပ်နေတာလဲ"


"ဘယ်ကစရမှန်း မသိလို့၊ ခုနပြောသလို ဆရာဝန်အနေနဲ့ အချိန်မပေးနိုင်တာမှာ သက်မာက ဆေးရုံကြီးရော ရှိန်းဆေးတိုက်ရော ပြေးနေရတော့ ကိုအောင်ဝင်းအတွက် အချိန်မပေးနိုင်ဘူး၊ ခုတလော သက်မာကလည်း အိမ်စောစော မပြန်နိုင်၊ ကိုအောင်ဝင်း ပဲခူးဆန်စက် သွားသလိုလိုနဲ့ ဆန်စက်လည်း မရောက်၊ ခြေလှမ်းပျက်နေတယ်၊ သူ့သူငယ်ချင်းတွေက ဆန်စက်မှာရှိတယ်ဆိုတော့ လိုက်တာ မတွေ့တာက များတယ်၊ ဒီတော့ သက်မာက စုံစမ်းရပြီလေ၊ သတင်းရတာကတော့ ကောင်မလေးငယ်ငယ်တစ်ယောက်နဲ့ တွဲနေတယ်တဲ့"


"ဟေ... မင်း အဲဒီတော့ ဘယ်လိုလုပ်မလဲ"


မလေးနုက မျက်လုံးလေးပြူးကာ မေးလိုက်သည်။ 


"ဒါ့ကြောင့်ပေါ့။ စွပ်စွဲလား၊ ရန်ဖြစ်လားဆိုရင် အေးလိုဖြစ်မယ်၊ အေးက စွပ်စွဲတာ မယုံသင်္ကာများတယ်လို့ ရှိန်းက အပြစ်ဖို့တယ်၊ သူတို့ယောက်ျားဆိုတာ ဖောက်ပြန်နေတာမှန်ရင်တောင် ပြောင်ဖွင့်ပြောတာ မကြိုက်ဘူး၊ ဒီတော့ သက်မာ မသိယောင်ဆောင်နေမယ်၊ အလိမ္မာသုံးရမှာပေါ့၊ အစိုးရအလုပ်က ထွက်၊ ရှိန်းဆေးတိုက်မှာ အချိန်ပိုင်းလုပ်တော့ ဝင်ငွေလည်းရတယ်၊ ကိုယ့်ပညာကိုလည်း အဆုံးမခံနိုင်ဘူး၊ ဒီမှာပဲလုပ်တော့ အိမ်ကို အချိန်ပိုပေးနိုင်တယ်၊ သားကိုလည်း ထမင်းပို့သလိုနဲ့ စောင့်ခေါ်မယ်၊ သူငယ်ချင်းတွေနဲ့ သားကို အလစ်ပေးလို့မဖြစ်ဘူး၊ ကိုအောင်ဝင်းနဲ့လည်း စက်ထဲသွားတာကအစ အတူတွဲလိုက်ပေးရမှာပေါ့၊ ကိုအောင်ဝင်းကိုလည်း အလစ်ပေးလို့မရဘူး၊ သူတို့ သာယာမှုကို သက်မာ ဦးစားပေးရမယ် မလေး၊ သက်မာက အိမ်ထောင်ပြုမိပြီကိုး"


သက်မာစကားဆုံးတော့ မျက်နှာမရွှင်။ မလေးနုအဖို့တော့ အသက်ရှူကျပ်သလို ဖြစ်သွားသည်။


“မလေး ဒါ့ကြောင့် လင်မလိုချင်တာ၊ ဇင့်ကို ချစ်လွန်လွန်းလို့ မမေ့နိုင်လို့ဆိုတာတော့ အကြောင်းရင်းပေါ့၊ ကျန်တဲ့အကြောင်းက မလေး ယောက်ျားတွေကို ဘယ်လိုနားလည်ရမလဲ၊ ခေတ်ကို လိုက်မမီတော့ဘူး၊ မလေး အယူအဆနဲ့ ပြောင်းလဲလာတဲ့ လူမှုဆက်ဆံရေးနဲ့က သိပ်ကွာဟနေပြီ၊ အေးကို ကိုယ်လည်း တစ်ခါမှ မမြင်ဖူးပါဘူး၊ အေးကျတော့ လင်ကိုရော သားသမီးကိုရော မထိန်းတတ်လို့ ရှိန်းက အပျော်ရှာသတဲ့။ ဒေါ်လေးသန်းကျတော့ရော၊ ပညာ လည်းတတ်၊ အေးလည်း အေးဆေးတယ်၊ သူ့အိမ်ကိုရော လင်ကိုရော ပြုစုဂရုစိုက်လိုက်တာ၊ ဒါနဲ့လည်း ဦးလေးဟာ မလေးဘက်ကို ဘာလို့ ခြေလှမ်းလှမ်းလာတာလဲ”


"အတောမသတ်နိုင်တဲ့ ကာမဂုဏ် ဆန္ဒတွေပေါ့၊ ဒါတွေကို ကြည့်ပြီး မလေးကတော့ တစ်ကိုယ်တည်းကို၊ သက်မာတို့ကျတော့ ကိုယ့်လင်ကို ဘယ်လိုထိန်းရမလဲဆိုတဲ့ သင်ခန်းစာကို ပိုလေ့လာရတယ်၊ ကွာလည်း မကွာနိုင်၊ ချစ်လို့ယူထားတာ"


“ဒါကြောင့် သက်မာ ကိုအောင်ဝင်းကို လက်ထပ်မယ်ဆိုတော့ ကိုသန်းဦးလိုတော့ နားလည်မှုပေးနိုင်လိမ့်မယ် မဟုတ်ဘူးလို့ မလေး သတိပေးတာ"


“သက်မာရဲ့ ပထမချစ်သူ ကိုသန်းဦးကို မမီနိုင်ဘူးဆိုတာကို သက်မာ ခံယူထားလို့ အခု မပေါက်ကွဲတာပေါ့။ ကိုသန်းဦးက ဆရာဝန်၊ သက်မာလည်း ဆရာဝန်ဆိုတော့ ဆရာဝန်ဘဝကို တစ်ယောက်နဲ့တစ်ယောက် စာနာနိုင်ကြတယ်၊ ကျောင်းနေတုန်းလည်း တို့ဆေးကျောင်းသူဟာ စာပိုကြိုးစားရတော့ မိန်းမမပီနိုင်ဘူး၊ လက်ထပ်ပြီးလည်း လူနာက တစ်မျိုး၊ တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ဆေးပညာကို လိုက်မမီမှာစိုးလို့ လေ့လာရတာက တစ်မျိုးနဲ့ မိသားစုကို အချိန်မပေးနိုင်ပြန်ဘူး၊ ဆရာဝန်အချင်းချင်းဆိုတော့ နားလည်မှုနဲ့ ခွင့်လွှတ်နိုင်တာပေါ့”


"အေးလေ သက်မာရယ်၊ အချိန်တွေ နောက်မကျသေးပါဘူး၊ မလေး ရှိန်းဆီ ဖုန်းဆက်လိုက်ဦးမယ်" 


သက်မာ ​ခေါင်းညိတ်ပြလိုက်သည်။ မနက်ပိုင်းဖြစ်၍ မော်တော်ကားကုမ္ပဏီကို ဆက်လိုက်သည်။ 


“ရှိန်းကို စကားပြောပါရစေ”


အတွင်းရေးမှူးကလေးမလေးက ရှိန်းထံ ဆက်ပေးလိုက်သည်။


"မလေး စကားပြောနေပါတယ် ရှိန်း"


“ပြောလေ မလေး"


“ဒီနေ့ကစပြီး မလေး ရှိန်းဆေးတိုက်ကို ပြောင်းနေမယ်၊ အဲဒါ ခွင့်တောင်းတာပါ"


“ဝမ်းသာလိုက်တာ မလေးရယ်၊ ရှိန်းဖြစ်စေချင်တာ ကြာပြီ၊ ရှိန်းဟာ ကိုယ်ကျိုးတစ်ခုတည်းကြည့်တယ်လို့ ထင်မှာစိုးလို့ မပြောတာ၊ လိုအပ်တာ ပြော"


"မလိုပါဘူး၊ ညနေကျမှ သက်မာနဲ့ ပစ္စည်းတွေ သွားသယ်မယ်"


“ညနေကျ ထွန်းမောင်နဲ့ ကားပို့လိုက်မယ်၊ ကားယူသွား"


“ကျေးဇူးပဲ ရှိန်း၊ ဒါပါပဲ"


မလေးက ဖုန်းချလိုက်သည်။


“နောက်နေ့ တွေ့မှ သက်မာ ရှိန်းကို အစိုးရအလုပ်က ထွက်မယ်ဆိုတာ ပြောတော့မယ်နော် မလေး"


သက်မာက ပြောလိုက်သည်။


"အေးပေါ့... သူက တို့နှစ်ယောက်ကို နွားတစ်ရှဉ်းရတယ် ထင်ထားတာ၊ ညနေ မင်းရှိနေနော်”


ညနေ ထွန်းအောင်က ကားမောင်း၍ မလေးနုနှင့် သက်မာ အိမ်ပြန်လာခဲ့သည်။ ထင်တဲ့အတိုင်းပါပဲ။ ဒေါ်လေးသန်းက မျက်နှာမကောင်း။ ယင်းမာဝင်းက မျက်ရည်လည်နေသည်။ ဦးလေးကတော့ လွတ်သွားသည့် သားကောင်ကို မချင့်မရဲကြည့်နေသော မုဆိုးမျက်လုံး။


“မလေး ဒေါ်လေးသန်းတို့ကို မှီခိုနေရတာ စိတ်ချမ်းသာပါတယ်၊ ပြန်ရသွားရ ဆေးကုရတာ တစ်ခုတည်း မဟုတ်ဘူး၊ အုပ်ချုပ်ရေးမှူးတာဝန်ဆိုတာ ဆေးရုံအုပ်ကြီးထက်တောင် တာဝန်ကြီးလို့ မလေး ဆေးတိုက်မှာနေဖို့ ဆုံးဖြတ်ရတာပါ”


"ဒါပေမဲ့ ဒါလောက်မြန်မြန် မပြောင်းသင့်ဘူးပေါ့၊ ဒေါ်လေးကို ကြိုတင်အသိပေးသင့်ပါတယ်”


ဒေါ်လေးက ဝမ်းနည်းစကားဆိုသည်။ မလေးသည် မျက်လွှာအောက်ချနေမိ၏။ ခုချိန်မှာ ဦးလေးမျက်နှာကို ကြည့်ချင်လိုက်တာ၊ မကြည့်ရဲ။


“ဒေါ်လေး စိတ်ဆင်းရဲမှာစိုးလို့ အနီးကပ်မှပြောရတာ မလေးကို ခွင့်လွှတ်ပါ၊ အချိန်မရွေး မလေးကို ဘာကိစ္စရှိရှိ အကြောင်းကြားပါ၊ မလေး ကန်တော့ပါရစေ”


မလေးက ဦးလေးကို အရင်ကန်တော့ပြီးမှ ဒေါ်လေးကို ကန်တော့သည်။ ဦးလေးက ဘာဆုတွေပေးနေသည်မသိ။ ဒေါ်လေးသန်းကတော့ မျက်ရည်တွေတွေကျရင်းက ဆုတောင်းကို တီးတိုး ရွတ်နေသည်။


"မမလေးကို ယင်းမာ ကန်တော့ပါတယ်"


ယင်းမာ ကန်တော့တော့မှ မလေးနု ငိုဖြစ်တော့သည်။ 


"ဒေါ်လေးရေ မလေး မိသားစုနဲ့ နေချင်ပေမယ့် ဘာလို့ ထွက်သွားရတယ်ဆိုတာ ဘယ်တော့မှ ဖွင့်ပြောလို့ရမှာ မဟုတ်ဘူး"


သူသည် ရင်ထဲမှာ တီးတိုးရေရွတ်ရင်း ပစ္စည်းများ သယ်ကာ ဒေါ်လေးသန်းတို့အိမ်မှ ထွက်ခွာလာခဲ့သည်။ ဆင်ဝင်အောက် ရပ်နေသော သားအမိ သားအဖသုံးယောက်ကို မလေး လက်ဝှေ့ နှုတ်ဆက်ရင်း သံတမန်ပြုံးကြီး၏ အမှောင်ဝေ့နေသော မျက်နှာကို နောက်ဆုံး ကြည့်လိုက်မိသည်။


* * * 


တင်သက်မာ အစိုးရအလုပ်က ထွက်လာပြီး ရှိန်းဆေးတိုက်မှာ အချိန်ပြည့်လုပ်ကတည်းက မလေးနုမှာ တအားတက်သည်။ အချိန်အပြည့် ဆိုသော်လည်း ရှိန်းနှင့် ဆေးရုံအုပ်ကြီးတို့ညှိ၍ တင်သက်မာကို အချိန်စာရင်း ဆွဲပေးကြသည်။ အိမ်ကိစ္စလည်း မလစ်ဟင်းအောင် ဆေးတိုက်မှာလည်း လုပ်နိုင်အောင် နားလည်မှုနှင့် လုပ်ပေးကြ၍ တင်သက်မာမှာ အဆင်ပြေလာသည်။


ခွဲစိတ်ဆရာဝန်နှင့် မေ့ဆေးဆရာဝန်ဆိုတော့လည်း သူငယ်ချင်းနှစ်ယောက် ခွဲစိတ်ခန်းကထွက်လည်း အတူတူ၊ စားလည်းအတူတူ ဖြစ်သည်။ မလေးနုလည်း တဖြည်းဖြည်းနှင့် ဦးလေးထွန်းဝင်း ကိစ္စကို မေ့စပြုလာသည်။ ဘုရားတန်ခိုးတော်တွေပဲ။ အချိန်မီ သူ မကာကွယ်လိုက်လျှင် နောက်ဆက်တွဲ အဖြစ်ဆိုးတွေက မတွေးဝံ့ပေ။


တစ်နေ့ သူနှင့် တင်သက်မာ ခွဲစိတ်ပြီးမှ စားကြ၍ နံနက်စာကိုလည်း ဆေးတိုက်က ကျွေးသည်။ ညဂျူတီကျလျှင်လည်း ညစာကျွေးသည်။ သူတို့နှစ်ယောက် ထမင်းစားမည်ဟု ဇွန်း ခက်ရင်း ကိုင်ရုံရှိသေးသည်။ ဦးပြူးက ထမင်းချိုင့်ကြီးဆွဲကာ ဖြူပြာနှင့်အတူ ဝင်လာသည်။ သူတို့နောက်မှာ ရှိန်းက ပါလာသည်။


“အတော်ပဲဟေ့၊ မလေးတို့လည်း အခုမှ စားရတယ်၊ ကိုယ်လည်း ဒီမှာစားမယ်လို့ ဦးပြူးကို ပြောလိုက်လို့၊ ကဲ... ဦးပြူး ပြင်၊ တို့အိမ်ကလက်ရာကို မလေးတို့ စားကြည့်”


ရှိန်းက ပြောပြောဆိုဆို စားပွဲထိပ်မှာထိုင်ကာ နေရာယူလိုက်သည်။ ဖြူပြာတို့က ပန်းကန် ဇွန်းခက်ရင်းတွေ ပြင်ကြသည်။ 


“ဆေးတိုက်က ဦးစံမောင် လင်မယားလက်ရာနဲ့ တို့အိမ်က ဦးထွန်းမောင် လင်မယားလက်ရာ ပြိုင်ရတာပေါ့၊ ဖြူပြာ မင်းအန်တီတို့ကို ဟင်းလိုက်ထည့်ပေး”


ဖြူပြာက ပုစွန်ထုပ်ကြီးဆီပြန်များကို တင်သက်မာနှင့် မလေးနုတို့ပန်းကန်ထဲ ထည့်ပေးသည်။ ချဉ်ပေါင်ဟင်း တစ်ပန်းကန်ဆီလည်း လိုက်ချပေးသည်။ ရှိန်းသည် အားရပါးရ စားရင်း ပျော်နေပုံရသည်။


'ဖြူပြာ… ဖေဖေက အဲဒီလို သိုက်သိုက်ဝန်းဝန်း ထမင်းစားချင်တာ၊ သက်မာရေ ယုံလား၊ တို့အိမ်မှာ ထမင်းစားပွဲက ဒီလို ဘယ်တော့မှ မရှိဘူး၊ တစ်ယောက် တစ်ကွဲ၊ ဟို ငမူးတွေနဲ့လည်း ကိုယ်က အတူမစားချင်၊ သူတို့အမေနဲ့လည်း မျက်နှာချင်းမဆုံချင်တော့ အိမ်မှာကို မစားတော့ဘူး၊ နောက်ဆို ဦးပြူး... ထမင်းချိုင့် ဆေးတိုက်ကိုယူခဲ့၊ ဒီမှာ ကျွန်တော် အမြဲစားမယ်”


မလေးနုမှာ ရှိန်းစကားကြောင့် ထင့်ခနဲ ဖြစ်သွားသည်။ ရှိန်း၏ ပျော်ရွှင်သောစိတ်ကိုတော့ အနှောင့်အယှက်မပေးပါ။


“မလေးတို့ရော အိမ်မှာ ဘယ်လိုနေလဲ မသိ၊ ရှိန်းတို့ဖေဖေကတော့ ထမင်းစားဝိုင်းဟာ မိသားစုဆုံရာ၊ တွေ့ဆုံဆွေးနွေးရာ၊ ထွေးထွေးနွေးနွေး ပြုစုတဲ့နေရာတဲ့။ သူက သားသမီးတွေနဲ့ စုံစုံညီညီ မေမေနဲ့ အတူစားလေ့ရှိတယ်။ ဆုံးမစရာရှိ ထမင်းဝိုင်းမှာ ပြေပြေပြစ်ပြစ် ပြောပြတယ်၊ တစ်ခါတလေ ခရီးထွက်နေမှ တကွဲပြား စားရတာ။ ကိုကြီးဇေယျ တောခိုသွားတုန်းကဆို ဖေဖေရယ် အမြဲ ထမင်းဝိုင်းမှာပြောတယ်၊ “ဒီကောင်ကြီး အစားဆင်းရဲရှာတော့မယ်နဲ့ တသသပဲ။ မေမေကလည်း ဘယ်လောက် ထမင်းချက်ရှိရှိ သူကိုယ်တိုင် မီးဖိုမှာ ဟင်းစီမံရမှ ကျေနပ်တယ်၊ ဖေဖေကလည်း မေမေ ဟင်းပြင်တာဆိုမှ စားတယ်၊ ကဲ... စားကြစမ်း၊ နောင် အိမ်ထမင်း အိမ်ဟင်း စားချင်ကြရင်လည်း ကြိုပြော၊ ဖြူပြာကို မှာလိုက်"


ဖြူပြာသည် ငှက်ပျောသီးနှင့် ပန်းသီးကို အချိုပွဲပြင်ကာ ထည့်ပေးနေသည်။ ရှိန်းသည် ထမင်းစားပြီးမှ ပန်းသီးကို ခက်ရင်းငယ်နှင့် ယူစားရင်း စကားဆက်ပြောပြန်သည်။


"မလေး ဆရာမလေးတွေကိုပြော၊ ရှိန်း အခန်းထဲမှာ ခုတင်တစ်လုံး ထိုးဖို့၊ ပြီးတော့ အခန်းလွတ်၊ သူနာပြုတွေ နားနေတဲ့အခန်းမှာ ရှိသေးလား"


"ရှိပါတယ် ရှိန်း"


မလေးနုက ဖြေလိုက်သည်။


“အဲဒီမှာ အမျိုးသမီးနှစ်ယောက်အတွက် ခုတင်ပြင်ထားပါ။ ဖြူပြာ အိမ်က ခေါင်းအုံးတို့၊ မွေ့ရာခင်းတို့၊ ခေါင်းအုံးစွပ်တို့ ယူခဲ့"


မလေးမှာ အဓိပ္ပာယ်နားမလည်။


“ကဲ.. သက်မာ ငှက်ပျောသီးစားလေ၊ နက်ဖြန် ကိုကြီး ဇေယျတို့ လာမယ်”


တင်သက်မာကို ရှိန်းက လှမ်းပြောလိုက်သည်။ ရှိန်းအစ်ကိုအကြီးဆုံး ကိုဇေယျာရှိန်းကို တင်သက်မာ သိသည်။ တင်သက်မာ အစ်ကိုများနှင့် မန္တလေးမှာ ကျောင်းနေဖက်ဖြစ်သည်။


"ဟုတ်လား တခြားဘယ်သူတွေ ပါဦးမှာလဲ"


'မေမေနဲ့ မမ ပါမယ်လေ၊ မေမေ့ရောဂါကို မလေး အပ်ရမှာပဲ၊ သန်ဘက်ခါ မနက်လောက် ရောက်မယ်၊ ထွန်းမောင်နဲ့ ရှိန်း သွားကြိုမယ်”


မလေးနုသည် သစ်သီးများကို တိတ်ဆိတ်စွာ ခွာနေသည်။ ရင်ထဲမှာတော့ မျိုးစုံတွေးနေသည်။ သူ့အမေကို ဘာ့ကြောင့် အိမ်မှာ မတည်းစေရတာလဲ မသိ။ ရောဂါပြရမည်ဆိုတော့ တစ်ခါတည်း ဆေးတိုက်မှာပဲ တည်းခိုဖို့ စီစဉ်ခြင်းလည်း ဖြစ်နိုင်သည်။ ဘာမှ မေးမနေတော့ပေ။ ရှိန်း ပြန်သွားတော့မှ သက်ဆိုင်ရာ သူနာပြုဆရာမလေးကို တာဝန်ပေးလိုက်သည်။ တင်သက်မာကလည်း အိမ်ပြန်သွားတော့ စကားမစပ်မိကြတော့ပေ။


ရှိန်းမေမေများ ရောက်လာသော နံနက်မှာ မလေးက ပြင်ပ လူနာခန်းမှာ ထိုင်နေရ၍ မတွေ့ရပေ။ ဆယ့်တစ်နာရီလောက်ကျမှ သူ့ရုံးခန်းကို ပြန်လာခဲ့သည်။ ရုံးခန်းထဲမှာ လူတစ်ယောက်နှင့် တင်သက်မာ သူ့ကို စောင့်နေသည်။


"ဟော… မလေး လာပြီ"


တင်သက်မာက အားရဝမ်းသာ နှုတ်ဆက်လိုက်သည်။


မလေးနုသည် သူ့ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။


"ကဲ.. ကိုကြီးဇေယျ၊ ဒါ သက်မာရဲ့ သူငယ်ချင်း မီးယပ်နဲ့ သားဖွားအထူးကုဆရာဝန်မကြီး ဒေါက်တာမလေးပဲ" 


မလေးနုသည် ကိုဇေယျဆိုသူကို ပြုံး၍ပြလိုက်သည်။


“တွေ့ရတာ ဝမ်းသာပါတယ်ဗျာ၊ ရှိန်းက ပြောထားလို့ နာမည်တော့ ကြားဖူးနေပါတယ်၊ မန္တလေးမှာလည်း ဆရာဝန်အသိတွေ ရှိပါတယ်၊ ရှိန်းက သူ့အမေကို သူပဲ အနားကပ်ပြုစုချင်သေးတယ်၊ ဆေးကုပေးချင်တယ်ဆိုလို့ ခေါ်လာရတာ။ ဒေါက်တာ့ကိုပဲ အပ်ရမယ် ထင်ပါရဲ့"


"ဟုတ်ကဲ့... ဒီနေ့တော့ ခရီးပန်းမယ်၊ နားကြပါစေဦး၊ မလေးတို့ နက်ဖြန်မှပဲ စမ်းသပ်ကြည့်မယ်” 


မလေးနုက ပြောလိုက်သည်။


"ရုံးအလုပ်ပြီးတော့ ဒေါ်ဒေါ်သွယ်တို့ကို သက်မာနဲ့ မလေး သွားနှုတ်ဆက်မယ်လေ၊ ဒါနဲ့ ကိုကြီးဇေယျကို မေးရဦးမယ်” 


တင်သက်မာသည် ကိုဇေယျဘက် လှည့်လိုက်သည်။


“ဒေါ်ဒေါ်သွယ်တို့က ဘာလို့ အိမ်မှာမတည်းတာလဲ၊ စပ်စုတယ်လို့ မထင်ပါနဲ့"


ကိုဇေယျက ပြုံးလိုက်သည်။ ကိုဇေယျသည် ရှိန်းလိုပဲ အရပ်ထောင်ထောင်မောင်းမောင်းပေမယ့် အသားက ညိုသည်။ ရှိန်းလို မျက်နှာမချို၊ ခပ်တင်းတင်းပေမယ့် သဘောကောင်းပုံရသည်။ နှာတံလည်း ရှိန်းလောက်မပေါ်။ မျက်လုံးမျက်ခုံးကတော့ ယောက်ျားပီသပါသည်။ မေးရိုး နည်းနည်းကားသည်။


“တင်သက်မာနဲ့က မောင်နှမလိုနေလို့ ပြောရဦးမယ်၊ ကိုယ်လည်း ရန်ကုန်လာရင် ဘယ်တော့မှ သူ့အိမ်မှာ မတည်းဘူး၊ ရှိန်း မော်တော်ကားဝပ်ရှော့ အပေါ်ထပ်မှာ တည်းတယ်၊ ပထမဆုံး ကိုယ် ရန်ကုန်ဆင်းလာတော့ အလင်းဝင်ပြီးပေမယ့် ဘာမှ မည်မည်ရရ မလုပ်ရသေးဘူး၊ နောက်တော့ ဖေဖေကလည်း အမွေခွဲပေးတာနဲ့ အလုပ် ဘာလုပ်ရမယ်ဆိုတာ စုံစမ်းရအောင် ရန်ကုန်ဆင်းလာတာ၊ အဲဒီတုန်းက ရှိန်းအိမ်မှာ တည်းပါတယ်၊ ဘာ့ကြောင့်မှန်း မသိ၊ အေးက ငါတို့ကို ဆီးမကြို၊ ထမင်းဝိုင်းမှာလည်း လာမထိုင်ဘူး၊ တစ်ခုတော့ရှိတယ်၊ ကိုယ်နဲ့အတူ တောပြန် ရဲဘော်နှစ်ယောက်လည်း ပါလာတယ်၊ သူတို့လည်း အလုပ်ကလေး ဘာလေးပြန်စဖို့ ရန်ကုန်မှာ လာကြည့်တာ၊ ကိုယ့်ရဲဘော်တွေကို အစေခံတန်းလျား အပေါ် ထပ်မှာ နေရာပေးတယ်၊ ရှိန်းက အဲဒီတုန်းက ဝပ်ရှော့ မော်တော်ကားကုမ္ပဏီပဲ လုပ်သေးတာ၊ စူပါမားကက်တွေ ဘာတွေ မလုပ်သေးဘူး၊ ပြန်သာလာရော၊ သူ့မိန်းမနဲ့ မတွေ့ခဲ့ရဘူး၊ တို့ မန္တလေးကပဲဟာ၊ မသိတဲ့လူချင်းမှ မဟုတ်ဘဲ သက်မာရယ်"


“အေးက စိတ်ရောဂါ နည်းနည်းရှိတယ်ထင်တယ်၊ သူ့ကိုတော့ ခွင့်လွှတ်ပါ ကိုကြီးရယ်၊ သားတွေကလည်း ဆိုးတယ်”


"အဲဒီသားတွေ သူက ဖျက်နေတာ၊ သားတွေ လိုသလောက် ပိုက်ဆံတောင်းရင် သူက ပေးတာပဲ၊ တစ်နေ့ သူက ကိုယ်တို့ကို အဖက်မလုပ်ပေမယ့် သူ့သားနဲ့သူ ဧည့်ခန်းမှာ ရန်ဖြစ်နေလို့ ကိုယ်က ဝင်ပြောရသေးတယ်၊ ဝဏ္ဏဆိုတဲ့ကောင် သူတောင်းသလောက် မရလို့ အမေကို ဆဲတယ်လေ၊ ဒါနဲ့ ကိုယ်က ဧည့်ခန်းထဲဝင်သွားပြီး 'ဟေ့ကောင် တို့မျိုးရိုးမှာ အမေကို ပြန်ဆဲတာ မရှိဘူး၊ ရိုသေရတယ်၊ ထိုင်ရှိခိုး၊ မရှိခိုးရင် ငါ လက်သီးနဲ့ထိုးမယ်' ဆိုတော့မှ ဆောင့်ဆောင့်အောင့်အောင့် ရှိခိုးပြီး အပြင်ထွက်သွားတယ်။ အဲဒါများ ကိုယ့်ကို စကားတစ်လုံးမှ ပြန်မပြောဘဲ အေးက အပေါ်တက်သွားတယ်လေ၊ တော်ပြီ၊ အဲဒီကတည်းက 'ရှိန်း၊ မင်းမိန်းမက ဘာဘဝင်ကိုင်တာလဲ မသိ၊ ငါတို့က အစုတ်အပြတ်မဟုတ်ဘူး၊ မင်းအိမ်မှာလည်း မတည်းဘူး၊ တည်းခိုခန်းပြောင်းမယ်'ဆိုတော့ ရှိန်းက ကားဝပ်ရှော့အပေါ် ထပ် ပြောင်းပေးတယ်၊ ထမင်းတော့ အပြင်မှာဝယ်စားပါတယ်၊ သူ့ကြောင့် တို့ မန္တလေးသားတွေ နာမည်ပျက်ပါတယ်ကွာ၊ တို့ မန္တလေးသူ မန္တလေးသား ဒီလိုမရိုင်းပါဘူး၊ အခု မေမေက ဆေးကုခံရမှာ ဒီဆေးတိုက်မှာ ကြာမယ်၊ သူသိတတ်ရင် လာပလေ့စေ၊ သူ့အိမ်တော့ တို့မသွား၊ ကဲ ... သွားစရာရှိသေးတယ်၊ ဒေါက်တာလည်း နှုတ်ဆက်ပါတယ်၊ ခွင့်ပြုပါဦး”


“မလေးတို့ တော်ကြာ ဒေါ်ဒေါ့်ကို သွားတွေ့ပါမယ်” 


မလေးက ထ၍နှုတ်ဆက်ရင်း ပြောလိုက်ပါသည်။ ကိုဇေယျထွက်သွားမှ မလေးနှင့် တင်သက်မာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။


“ဘယ်လိုလဲ မင်းသူငယ်ချင်းက”


မလေးနုက ဆိုလိုက်သည်။ 


"သက်မာလည်း ဘယ်သိပါ့မလဲ မလေး၊ ဆယ်တန်းအထိတော့ တူတူနေခဲ့ကြတာပါ၊ အရေးပိုင်သမီးဆိုတော့ သူ့လိုပဲ အရာရှိသမီးတွေနဲ့တော့ ရောရောဝင်ဝင်ပါပဲ၊ သက်မာကလည်း သူတို့ဆွေရေး မျိုးရေးကိစ္စ ပြေသလောက် ပြေပါစေလို့၊ အေးမှာ စိတ်ရောဂါ ရှိတယ်လို့ ပြောလိုက်ရတာ”


အခြေအနေကို ဘယ်လိုနားလည်ရမှန်း မသိပေ။


"အေးပေါ့လေ.. တို့ သိရသလောက် ရှိန်းကလည်း ခြေမငြိမ်၊ သားတွေကလည်း ဖောက်ဆိုတော့ စိတ်နောက်သွားတယ် မဆိုနိုင်ပေမယ့် ပုံမှန် normal တော့ မဟုတ်တော့ဘူးပေါ့”


“တို့ချည်းမို့ ပြောတာ၊ အေးကလည်း အေးပဲ၊ ယောက်ျားဘက်က အမျိုးဆို သူဆက်ဆံပုံက ရိုင်းကိုရိုင်းတယ်၊ သက်မာကတော့ မန္တလေးအသိတွေဆီက သတင်းတွေ ကြားနေပါတယ်၊ ခုတော့လည်း ယုံရတော့တာပေါ့၊ ဗေဒင်အရဆို ရှိန်းက သောကြာပျက်တယ် ထင်တယ်”


သက်မာက အရွှန်းဖောက်လာသည်။


"ဆိုပါဦး ဗေဒင်ဆရာမကြီးရယ်” 


“အိမ်ထောင်ရေးမှာ ယောက်ျားမှာ သောကြာဂြိုဟ်နေ ဂြိုဟ်ထား ကောင်းရတယ်၊ မိန်းမမှာ အင်္ဂါတဲ့၊ ယောက်ျားမှာ သောကြာညံ့ရင် မယားကောင်းမရဘူး၊ သူတို့ကိုယ်တိုင်လည်း မိန်းမပွေတယ်၊ အဆက်များတယ်”


“ဒါတော့ မင်းပဲ ရှိန်းဇာတာ ကြည့်ပေတော့၊ ကဲ ... တို့ သွားပြီး အဘွားကြီးကို နှုတ်ဆက်ရအောင်"


သူတို့နှစ်ယောက် သူနာပြုဆရာမလေးတစ်ယောက် အဖော်ပြု၍ ဒေါ်အေးသွယ်အခန်းကို သွားကြသည်။


"ဒေါ်ဒေါ်သွယ်၊ ဒါက ဒေါ်ဒေါ့်ကိုကုမယ့် ဒေါက်တာ မလေးနု၊ မလေး ဒေါ်ဒေါ်က ရှိန်းရဲ့မေမေ၊ ဟိုဘက်က ရှိန်းမမ​လေ ..  ဒေါ်မေလှရှိန်း


မလေးနုသည် ပြုံး၍နှုတ်ဆက်လိုက်သည်။ ဒေါ်အေးသွယ်မှာ ရှိန်းနှင့်တူသည်၊ အသားဖြူဖြူ ချောချောကြီးဖြစ်သည်။ အသားအရေကတော့ အိုမင်း၍လည်းတစ်ကြောင်း၊ ရောဂါကြောင့်တစ်ကြောင်း လျော့ရိလျော့ရဲ ဖြစ်နေသည်။ အတော်လေး ပိန်သည်။


ဒေါ်မေလှရှိန်းနှင့် ကိုဇေယျာရှိန်းတို့မှာ အဖေဘက် တူပုံရသည်။ ရှိန်းတို့အဖေကို မလေးနုက မမြင်ဖူးပေ။


"အားမငယ်ပါနဲ့ ဒေါ်ဒေါ်၊ ဒီနေ့ ကောင်းကောင်းစားပါ၊ နက်ဖြန် မလေးတို့ စမ်းသပ်ကြည့်ပါ့မယ်၊ မလေးတင် မဟုတ်ပါဘူး၊ မလေးထက်တော်တဲ့ ဆရာဝန်ကြီးတွေလည်း ရှိပါတယ်။ လိုအပ်တာရှိရင် ပြောပါ”


“ကျေးဇူးတင်ပါတယ် သမီးရယ်”


မလေးနုမှာ သမီးဟု အခေါ်ခံလိုက်ရ၍ ကြည်နူးသလိုဖြစ်သွားသည်။ စကားပြောနေကြဆဲ ဖြူပြာနှင့် သူဇာ ဝင်လာသည်။ 


"မေမေကြီး"


သူဇာက အဘွားကို ပွေ့ဖက်နှုတ်ဆက်လိုက်သည်။ 


“အန်တီလှရော နေကောင်းတယ်နော်”


အဒေါ်လုပ်သူဘက်ကိုလည်း လှည့်၍နှုတ်ဆက်ပြန်သည်။


“ကဲ … မလေးတို့ကို ခွင့်ပြုပါဦး"


အဘွားနှင့် မြေးများကို ထားခဲ့၍ မလေးနုတို့ ပြန်လာခဲ့သည်။


နေ့တိုင်းလို သူဇာက ချိုင့်ကြီးချိုင့်ငယ်နှင့် ဘွားအေဖြစ်သူနှင့် ကိုဇေယျာရှိန်း၊ မေလှရှိန်းတို့အတွက် ထမင်းလာပို့သည်။ ညနေစာကိုတော့ ဒရိုင်ဘာ လာပို့သည်။ သူဇာက တစ်နေ့လုံးနေကာ ညစာ ဘွားအေကို ကျွေးပြီးမှ ဖြူပြာနှင့် အတူပြန်သည်။


မလေးနု ဒေါ်လေးသွယ်အခန်းကို သွားရောက်တိုင်းလိုလို ရှိန်းကို အမေ့အနားမှာ တွေ့ရသည်။ ထမင်းစားချိန် တစ်ခါဆုံတော့လည်း ရှိန်းသည် အမေ့ကို ဟင်းထည့်ပေး၊ ကိုယ်တိုင် ယပ်ခတ်ပေးနေသည်။


​မေ​မေ စားချင်တာပြောနော်၊ ဦးထွန်းတို့က မေမေ ကြိုက်တာ သိပြီးသား"


ရှိန်းသည် စကားတပြောပြောနှင့် အမေနှင့်အတူ ထမင်းဝင်စားသည်။


"ရှိန်းရဲ့ အိမ်က ထမင်းချက် ဦးထွန်း၊ ဒေါ်သိန်းဖေတို့လင်မယားလည်း မေမေတို့ မန္တလေးက ပို့ပေးတာ၊ မလေးတို့ ဒီဆေးတိုက်အတွက် ဦးစံမောင်တို့လင်မယားကတော့ ဖေဖေ့ မုံရွာဆန်စက်က အနားယူထားတဲ့ လင်မယားလေ၊ မေမေ ကျွန်တော်တို့ဆေးတိုက်က ထမင်းဟင်းလည်း စားချင်တာပြော၊ ဖြူပြာ ယူပေးလိမ့်မယ်” 


“တော်ပါပြီကွယ်၊ မေမေလည်း သိပ်မစားနိုင်ပါဘူး"


မလေးမှာ သားအမိနှစ်ယောက် အပြန်အလှန်စကားပြော၍ ကြည်နူးနေသော မျက်နှာများကိုကြည့်ကာ အံ့သြနေသည်။ ရှိန်းသည် အမေကို အတော်ချစ်သူပဲ။ မလေးနုက လိုအပ်သော စမ်းသပ်စစ်ဆေးချက်များကို လုပ်ပြီး၍ သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် တိုင်ပင်ပြီး အကျိုးအကြောင်းကို ဒေါ်မေလှရှိန်းကို လာရောက်ပြောခြင်းဖြစ်သည်။


အချိုပွဲများ စားသောက်ပြီးသော် ဒေါ်အေးသွယ်မှာ များများမစားနိုင်ပါ။ ဖြူပြာတို့ သူဇာတို့က စားပွဲပြင်ပေးရုံပဲ။ အနားကပ်ထိုင်၍ ကျွေးနေသူက ရှိန်းဖြစ်သည်။


အမေကို ထမင်းကျွေးပြီးမှ ရှိန်းသည် ခုတင်ရှိရာ တွဲခေါ် သွားပြီး ခုတင်ပေါ်ပွေ့တင်ကာ နားခိုင်းသည်။ ပြီးမှ မလေးနုနှင့် ဒေါ်မေလှ စကားပြောရာနေရာသို့ ရှိန်း လာရောက်နားထောင်သည်။ 


"ကဲ.. ဆိုစမ်း မလေး၊ ဆရာဝန်ကြီးတွေက ဘာပြောလဲ” 


မလေးနုသည် အကြောင်းစုံတော့ နောက်မှပြောတော့မည်။ ဒေါ်အေးသွယ်ရှေ့မှာ မပြောချင်။


“ဒေါ်ဒေါ့်ကိစ္စက ခွဲဖို့မလိုပါဘူး၊ ဆေးအလုံအလောက် ပေးလိုက်မယ်၊ မန္တလေးမှာတော့ သူနာပြုဆရာမတစ်ယောက် ငှားဖို့ လိုမယ်၊ နေ့တိုင်း သားအိမ်ဆေးပေးဖို့ပါပဲ၊ ရှိန်း... ပြီးတော့ မလေး အခန်း လိုက်ခဲ့လေ"


မလေးနုသည် ရှိန်းတို့မောင်နှမနှစ်ယောက်ကို ပြောပြီး ခုတင်ပေါ်မှာနားနေသော ဒေါ်အေးသွယ်အနားကို သွားလိုက်သည်။ 


"ဒေါ်ဒေါ် အားရှိအောင် နားဖို့လိုပါတယ်၊ ဆေးစားရင်း သက်သာသွားရင် ခွဲဖို့မလိုတော့ပါဘူး၊ ဆရာဝန်ကြီးတွေကလည်း အခြေအနေကို စောင့်ကြည့်နေချင်သေးတယ်”


ဒေါ်​အေးသွယ်မှာ မလေးနုစကားကြားတော့ ဝမ်းသာသွားသည်။ အသက်ရှစ်ဆယ် ကျော်လာပြီဆိုတော့လည်း ခွဲစိတ်ရမှာကို ကြောက်သည်။


“ကျေးဇူးတင်ပါတယ် သမီးရယ်” 


"ကဲ... ဒါဆို မလေး သွားလိုက်ဦးမယ်”


မလေးနုက ဒေါ်မေလှရှိန်းကိုပါ နှုတ်ဆက်၍ သူ့အခန်းသို့ ပြန်ခဲ့သည်။ မကြာခင် ရှိန်းက နောက်မှလိုက်လာသည်။ 


"ကဲ… မလေး၊ အခြေအနေကို ပြောပါဦး”


မလေးနုသည် ကုလားထိုင်မှာ ထိုင်လိုက်ရင်း ရှိန်းကို ကြည့်မိသည်။ ရှိန်းက မထိုင်နိုင်။ သူ့အမေအတွက် စိတ်ပူပုံရသည်။


"ရှိန်းမေမေက အသက်ကြီးတော့ ခွဲစိတ်လို့ မသင့်တော်ဘူး၊ လူငယ်ဆိုရင်တော့ ခွဲစိတ်ပြီး သားအိမ်ထုတ်ပစ်ရမှာ၊ သွေးတိုးကလည်း ရှိတယ်လေ၊ အခု သားအိမ်က သွေးဆင်းတာရပ်အောင် ဆေးလည်းပေးမယ်၊ အနာကို နေ့တိုင်းဆေးပေးဖို့ သူနာပြုဆရာမ ငှားထားပေါ့၊ နာရင်လည်း ဆေးထိုးဖို့ရော ဆေးသောက်ဖို့ပါ ပေးလိုက်ပါ့မယ်၊ ဟိုမှာလည်း ရှိန်းတို့ ဆရာဝန်အသိတွေဆီ မလေး စာရေးပေးလိုက်မယ်”


“ဒီလိုနဲ့ပဲ သွားတော့မှာပေါ့၊ ကင်ဆာပဲလား” 


မလေးနုက ခေါင်းညိတ်ပြလိုက်သည်။ ရှိန်းသည် စားပွဲရှေ့ထိုင်ရင်း တစ်စုံတစ်ခု စဉ်းစားနေပုံရသည်။ ပြီးဟော့မှ သက်ပြင်းကြီးချကာ မလေးနုကို ကြည့်ပြန်သည်။


“ဒီဆေးတိုက်တော့ မလေးနဲ့ ထားခဲ့ဖို့ ကိုယ်စိတ်ချတယ်"


"ဘာပြောတယ် ရှိန်း"


"ဒီဆေးတိုက်က မလေးတို့ဘာသာ လည်ပတ်နေတာပဲ၊ ရှိန်းက အကြံဉာဏ်ပေးရုံပဲ၊ မော်တော်ကားကုမ္ပဏီနဲ့ စူပါမားကက်ပဲ မန်နေဂျာတွေနဲ့ တိုင်ပင်ကြည့်ရဦးမယ်”


"ရှိန်း ဘာလုပ်ချင်လို့လဲ"


"မေမေ့ကို မန္တလေးအရောက် ရှိန်း လိုက်ပို့ချင်တယ်၊ ပြီးတော့ မေမေ့အနား ရှိန်း နေပေးမလားလို့"


“ကောင်းတာပေါ့လေ၊ ရှိန်း နိုင်ငံခြားသွားနေတဲ့အခါ လုပ်ငန်းတွေကို ဒီလိုပဲ ထားခဲ့ရတာပဲဟာ၊ ဒေါ်ဒေါ့်အနားမှာ ရှိန်းရှိသင့်တာပေါ့"


“မင်း ဖွင့်မပြောပေမယ့် ဒါဟာ မေမေ့ရဲ့ နောက်ဆုံးအချိန် ဆိုတာ ရှိန်း သိပါတယ်”


ရှိန်းက တီးတိုးပြောရင်း ငိုင်ကျသွားသည်။ အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နှင့် ဟော့ဟော့ဒိုင်းဒိုင်း ပြောတတ်သော ရှိန်းကို ဒီတစ်ခါပဲ ငေးငေးငိုင်ငိုင် တွေ့ဖူးသည်။


“နိုင်ငံခြား သွားကုရင်ရော"


“ကုထုံးက ဒါပဲလေ၊ ခွဲရရင်တောင် ဓာတ်ကင်တော့လည်း အဘွားကြီးအနေနဲ့ ခံနိုင်ရည်ရှိမရှိ ကြည့်ရဦးမယ်၊ အသက်က ကြီးတော့ အကြောင်းမထူးဘူး ရှိန်း။ ဒီမှာက သမီးတွေ သားတွေ သိုက်သိုက်ဝန်းဝန်းနဲ့ မြန်မာလူကြီးဆိုတာ နေမကောင်းရင် သူတို့နားမှာ ဆွေမျိုးသားသမီး ဝိုင်းနေမှ ကြိုက်တာ၊ နိုင်ငံခြားမှာဆို သူ အားငယ်တဲ့ရောဂါ ပိုဆိုးမယ်၊ အလွန်ဆုံး သမီးပဲ လိုက်နိုင်မှာ။ နောက်ဆုံးအချိန် သူ့မွေးရပ်မြေမှာပဲ ကောင်းပါတယ်” 


မလေးနုက· ရှင်းပြလိုက်သည်။


“သွားမယ် မလေး”


ရှိန်းသည် နှုတ်ဆက်ကာ အခန်းထဲမှ ဖြည်းညင်းစွာ ထွက်သွားသည်။ မကြာခင် တင်သက်မာနှင့်အတူ ဖြူပြာနှင့်သူဇာ ဝင်လာသည်။


“အန်တီမလေး…. သူဇာတို့နဲ့အတူ ထမင်းစားရအောင် လာခေါ်တာ"


သူဇာသည် ရှိုးတိုးရှန့်တန့် အမူအရာ မဟုတ်တော့ပေ။ မလေးနု လက်မောင်းကို ဖျစ်၍ ရင်းရင်းနှီးနှီး ပြောနေသည်။ 


“ရှိန်း ခုန ဒီအခန်းထဲက ထွက်သွားတယ်၊ မင်း အခြေအနေကို ပြောလိုက်လား"


တင်သက်မာက မေးလိုက်၏။


“အေးလေ.. ပြောလိုက်တယ်၊ သူလည်း စိတ်ကောင်းပုံမရဘူး”


“ဘာဖြစ်လို့လဲဟင်၊ အန်တီမလေး” 


သူဇာက မေးလိုက်သည်။


“မင်းတို့ မေမေကြီးရောဂါက လွန်နေပြီ၊ အလွန်ဆုံး ခြောက်လပဲ၊ ဒေါ်ဒေါ်ကိုတော့ မပြောပါဘူး၊ ရှိန်းကို ဖွင့်ပြောရတာပေါ့” 


မလေးနုက ရှင်းပြလိုက်သည်။ သူဇာက မျက်နှာညှိုးသွားသည်။


“ရှိန်းက ပြောတယ်၊ သူ မန္တလေးကို လိုက်သွားပြီး ပြုစုမယ်တဲ့"


“ဟုတ်လား၊ ရှိန်း သူ့မေမေကို တော်တော်ချစ်တယ်နော်” 


တင်သက်မာက ပြောလိုက်ရင်း ဖြူပြာဘက်ကို လှည့်​ပြောပြန်သည်။


“အဘွားကြီး ဒီရောက်နေတာ တစ်ပတ်​ကျော်လာပြီ၊ ဖြူပြာ မင်းတို့အမေ ဘာဖြစ်လို့လဲ၊ မလာဘူး”


ဖြူပြာသည် စားပွဲပေါ် လက်ထောက်၍ သက်ပြင်းလေးချသည်။


"ဖြူပြာလည်း စိတ်ညစ်ပါတယ်၊ ဖေဖေကလည်း မေမေ့ကို မကြိုက်တာ၊ မေမေကြီးတို့ ဒေါ်ဒေါ်လှတို့လာရင် ဟက်ဟက်ပက်ပက်မရှိဘူး"


"နေပါဦး ဖြူပြာ၊ မေမေကြီးတို့ကလည်း အိမ်မှာ ဘာလို့ မတည်းတာလဲ"


သူဇာက မေးပြန်သည်။


"ဦးကြီးဇေယျာရှိန်း တစ်ခါလာလည်တုန်းက မေမေနဲ့ ပြဿနာဖြစ်တာနဲ့ ဦးကြီးကလည်း ဖြူပြာတို့အိမ်မှာ မတည်းစေချင်တာထင်တယ်၊ ဖေဖေနဲ့ မေမေ အဲဒီတုန်းက တော်တော်ရန်ဖြစ်တာ"


“ရန်မဖြစ်တာများ ဘယ်တုန်းကရှိလို့လဲ၊ သူဇာမြင်တာတော့ မျက်နှာချင်းဆိုင်ရင် ရန်ဖြစ်တာပဲ”


"အေးလေ။ ဒီတော့ ဖြူပြာနဲ့ သူဇာက မေမေနဲ့ ဖေဖေ့ကြား ဝင်ထိန်းပေးကြပေါ့ကွယ်၊ ခုလိုကိစ္စဆို မေမေ ဒီဆေးတိုက် လာအောင် လှည့်ပတ်ချော့မော့ ပြောကြပေါ့"


တင်သက်မာက ဖြူပြာကို ပြောလိုက်သည်။ ဖြူပြာ ခေါင်းလေးငုံ့ စဉ်းစားနေသည်။


“အန်တီသက်မာရယ်၊ ဖေဖေနဲ့ မေမေက မချစ်သလိုပဲနော်၊ အန်တီမလေးရော ဘယ်လိုထင်လဲ"


သူဇာက တင်သက်မာတစ်လှည့်၊ မလေးနုတစ်လှည့် ကြည့်ရင်း မေးသည်။


"အန်တီမလေးက ဘယ်သိပါ့မလဲကွယ်”


"ဟဲ့... သူဇာရယ်၊ သူတို့ချစ်လို့ ယူကြတာပဲ၊ ခုမှ ဘာဖြစ်လဲ မသိဘူး၊ အန်တီသက်မာက မင်းတို့မေမေနဲ့ ငယ်ငယ်က ကျောင်းနေဖက်ပဲ၊ တက္ကသိုလ်ကို အန်တီရောက်တော့ ခွဲသွားတော့ ဝေးသွားတာပေါ့လေ"


“ဖေဖေကလည်း ပွေတာကိုး”


သူဇာက အမေ့လူထင်သည်။ အမေ့ဘက်က ကောက်ချက်ချသည်။


"မေမေကလည်း မေမေပဲ၊ အိမ်မှာ ဖေဖေခြေငြိမ်အောင် …. မထိန်းနိုင်ဘဲ နားတော်တော်ပူတာ၊ သူ့သားတွေနဲ့ ဆူဆူ ဆူဆူပဲ၊ ဖြူပြာတောင် ဒီမှာ အလုပ်ဝင်တော့မှ နားအေးတယ်”


ဖြူပြာက အဖေ့ဘက်က ကာကွယ်သည်။


“သူဇာ လင်ယူရင်တော့ အဲဒီလို ရန်မဖြစ်ချင်ပါဘူးနော် အန်တီမလေးရယ်၊ ဒါနဲ့ အန်တီမလေးက ဘာလို့ အပျိုကြီးလုပ်နေတာလဲ၊ အသက်လေးဆယ်ပြည့်တော့မယ်”


သူမက မလေးဘက်လှည့်ကာ ရယ်ကျဲကျဲနှင့် မေးလိုက်သည်။ မလေးနုက ပြုံးနေသည်။


“အန်တီသက်မာ၊ ဘာဖြစ်လို့ အန်တီမလေး အပျိုကြီးလုပ်နေတာလဲ မသိဘူးလား၊ အန်တီမလေးကလည်း ရုပ်လည်းလှ၊ ပညာလည်း တတ်၊ သဘောလည်းကောင်းရက်နဲ့ ချစ်သူတစ်ယောက်တောင် မရှိဘူးလား”


"ဘာလုပ်မလို့ ပုလိပ်စစ် စစ်နေတာလဲ" 


မလေးနုက သူဇာ့လက်ချောင်းလေးများကို ဆုပ်နယ်ရင်း ပြန်မေးသည်။


“အချစ်ဆိုတာ ဘာလဲဆိုတာ အန်တီမလေးကို မေးချင်လို့ပေါ့၊ အချစ်အကြောင်းကို သိလို့၊ အချစ်အပေါ် စိတ်နာစရာ စိတ်ကုန်စရာဖြစ်လို့ အပျိုကြီးလုပ်နေတာလား၊ အချစ်အကြောင်းကို လုံးဝမသိလို့ ဒေါ်ဒေါ်လှတို့လို အပျိုကြီးလုပ်နေတာလား၊ ​ပြောပြစမ်းပါ။ အိမ်မှာက မေမေနဲ့က ဘာစကားမှ ပြောမရဘူး၊ သူ့စီးကရက်ကြီး တစ်လိပ်ပြီးတစ်လိပ် သောက်နေတာ"


“ကဲ... ဖြူပြာရော သူဇာရော ထမင်းသွားစားကြစို့၊ လာကြ၊ အချစ်အကြောင်း အန်တီသက်မာက ပြောပြမယ်၊ မင်းတို့အန်တီမလေးက အလုပ်များတယ်”


သူဇာက လျှာလေးထုတ်ပြပြီးမှ မလေးနဖူးကို နမ်းကာ ဖြူပြာနှင့်အတူ သက်မာနောက်လိုက်သွား၍ မလေးနုမှာ ထွက်ပေါက်ရသွားသည်။ တကယ်ပင် ထမင်းမစားနိုင်သေး။ ရုံးအလုပ် လက်စသတ်ရန်တွေ ကျန်သေးသည်။


တင်သက်မာ ထမင်းစားခန်းထဲရောက်မှ သူဇာတို့ကို ထိုင်ခိုင်းလိုက်ရသည်။ ထမင်းစားရင်း စကားပြောနေကြသည်။ 


“မင်းတို့ အန်တီမလေးကို ဘာတွေမေးနေတာလဲ”


"ဖြူပြာ မမေးပါဘူး၊ အဲဒီသူဇာက ဘာမှန်းမသိဘူး၊ ပေါက်ကရတွေ မေးနေတယ်” 


ဖြူပြာက သူဇာ့ကို ငေါက်လိုက်သည်။


“အချစ်အကြောင်းမေးတာ ဘာဖြစ်လဲ၊ ဖြူပြာရော မသိချင်ဘူးလား၊ သူက အန်တီမလေးလို အပျိုကြီးလုပ်မှာ ထင်တယ်" 


"အချစ်ဆိုတာ မေးစရာမလိုဘူး၊ အလိုလိုသိလာတာ"


ဖြူပြာ၏အဖြေကို သူဇာက တခိခိနှင့် ရယ်နေသည်။


“ဖြူပြာ သိနေပြီထင်တယ်၊ ကဲ... အန်တီသက်မာ ပြောပြစမ်းပါ၊ ဘာလို့လဲ၊ အန်တီမလေးကို အချစ်အကြောင်းမေးတာ မမေးရဘူးလား"


သူဇာက တောင်းဆိုလိုက်သည်။


“သူ့မှာက ချစ်သူနဲ့ပတ်သက်ပြီး စိတ်ထိခိုက်ရဖူးလို့"


သူဇာရော ဖြူပြာပါ လူငယ်တွေပီပီ တင်သက်မာ ပြောပြသော မလေးနု အချစ်အကြောင်းကို စိတ်ပါဝင်စားစွာ နားထောင်ကြသည်။ တင်သက်မာက တက္ကသိုလ်မှာနေကတည်းက မလေးနှင့် ကိုမျိုးဇင် ချစ်ခဲ့ကြသည်ကအစ ကိုမျိုးဇင် တိုက်ပွဲကျသွားသည်အထိ ပြောပြသည်။ မလေးနု၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းကို ညီအစ်မနှစ်ယောက် နားထောင်ရင်း ထမင်းစားလို့ ဘယ်လိုပြီးသွားသည်ကိုပင် မသိကြတော့ပေ။ အချစ်အကြောင်းကို ငယ်ရွယ်သူတွေအနေနှင့် သိချင်သည်ပဲဖြစ်သည်။


ထိုနေ့ညက ပြန်ကာနီး သူ့ဇာသည် မလေးနု အိပ်ခန်းထဲ ဝင်လာသည်။ မလေးနုသည် ခုတင်ပေါ် လှဲနေဆဲဖြစ်သည်။ တံခါးမှာ ချက်ချမထား၍ အလွယ်တကူ ဝင်၍ရသည်။ 


“အန်တီမလေး …… သူဇာ ဝင်လာပြီ”


"လာလေ"


သူဇာသည် မလေးခုတင်ဘေး ထိုင်လိုက်သည်။ 


"ဖြူပြာက ပြောလို့၊ အန်တီမလေးကို တောင်းပန်လိုက်ဦးတဲ့"


“ဘာတောင်းပန်ရမှာလဲကွယ်”


“မနက်က အချစ်အကြောင်း မေးမိတာလေ" ဟု ပြောလိုက်သည်။


”သူဇာ တောင်းပန်ပါတယ်၊ အန်တီမလေး စိတ်အနှောင့်အယှက် ဖြစ်သွားလားဟင်၊ အန်တီသက်မာက အန်တီမလေးအကြောင်း ပြောပြလို့ အန်တီမလေးအတွက် စိတ်မကောင်းပါဘူး” 


“တောင်းပန်စရာ မလိုပါဘူးကွယ်၊ အန်တီမလေးလည်း စိတ်မဆိုးပါဘူး"


သူဇာသည် တစ်စုံတစ်ခု စဉ်းစားနေပုံရသည်။ အတန်ကြာမှ သက်ပြင်းလေးချကာ... 


“ဒီလိုဆို အန်တီမလေး ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူးလား"


သူဇာက မေးလိုက်သည်။ မလေးနုက သူဇာဘက် လှည့်လိုက်ကာ “ဘာဖြစ်လို့ သိချင်တာလဲ”ဟု ပြန်မေးလိုက်သည်။ 


“သူဇာ သိချင်လို့ပါ"


“အိမ်ထောင်ရေးဆိုတာ ရင်ထဲက အချစ်နဲ့လည်း ဆိုင်တယ်၊ ကံတရားနဲ့လည်း ဆိုင်တယ်၊ လှိုက်လှိုက်လှဲလှဲ ချစ်ပေမယ့်လည်း ကံတရားတို့ နဖူးစာတို့ဆိုတာ မပါရင် မညားတတ်ဘူး၊ တစ်ခါတလေတော့လည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲမရှိရင်လည်း လူတစ်ယောက်ကို မချစ်ချင်ဘူးလေ၊ ကံဆိုတာကလည်း အံ့သြစရာကောင်းတယ်၊ အန်တီသက်မာတို့ ကြည့်ပါလား၊ သူတို့လင်မယား သိပ်ချစ်ကြတာ၊ ငယ်ရည်းစားတွေ၊ ဟော... ကလေးနှစ်ယောက်ရတော့ ကိုသန်းဦး သေသွားရော။ အန်တီမလေးအဖို့ကတော့ ကံတရားက ဖန်တီးလာလို့ မလွှဲမရှောင်သာလို့ အိမ်ထောင်ပြုရင်တော့ ပြုမိမှာပါပဲ၊ အခုထိတော့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဘယ်သူ့မှ ချစ်လို့မရသေးဘူး၊ စကားအကုန်ပြောလို့ မဖြစ်သေးဘူးလေ၊ တစ်နေ့နေ့ အန်တီမလေးက အခြေအနေရဖြစ်ဖြစ်၊ ချစ်သူ နောက်တစ်ယောက်ပေါ်လာလို့ဖြစ်ဖြစ် အိမ်ထောင်ပြုချင်ပြုမှာ"


“အိုကေ.. သူဇာ ဒါ သိချင်တာ၊ သူဇာတို့ ပြန်တော့မယ်နော်၊ အချစ်ဆိုတာ ရင်ထဲမှာ ဘယ်တော့မှ မသေဘူးမို့လား"


သူဇာက ပြောရင်း မလေးကိုနှုတ်ဆက်ကာ ပြန်သွားတော့သည်။ မလေးအတွက်တော့ သူဇာ့စကားများကြောင့် အတိတ်ကို လွမ်းဆွတ် တသစရာ ဖြစ်လာပြန်ပါသည်။ ထိုနေ့ ညဦးက ကောင်းကောင်းအိပ်၍မရတော့ပါ။


* * * 


တစ်လခန့် ရန်ကုန်မှာနေပြီး ရှိန်း၏မိခင်နှင့် အစ်မဖြစ်သူ မန္တလေး ပြန်သွားကြ၍ သူဇာနှင့် ရှိန်းပါ မန္တလေးကို လိုက်သွားကြသည်။ ဖြူပြာက လိုက်ချင်သည်။ လိုက်လို့မဖြစ်သေး။ ဆေးတိုက်စာရင်းများကတစ်ဖက်၊ အိမ်မှာလည်း မူရာနှင့် မောင်နှစ်ယောက် ပြဿနာ၊ သူတို့နှင့် မေမေ့ကို တစ်ယောက်တည်းထားခဲ့၍ မဖြစ်သေး။ စိတ်ထဲမှာတော့ သူ မလိုက်တောင် မေမေ့ကို မန္တလေး လိုက်စေချင်သည်။ ဒီအချိန်သည် ဖေဖေ့အတွက် လိုအပ်သောအချိန်မှာ မေမေ ဖေ​ဖေ့အနားမှာ ရှိသင့်သည်။ 


ဖြူပြာသည် မေမေ့ကို စကားစကြည့်သည်။


 “မန္တလေးကို မေမေ လိုက်သွားဖို့ကောင်းတယ်”


အေးက ဖြူပြာ့စကားကို မကြားသလို ဖွာထုတ်လိုက်သော မီးခိုးတန်းကို တမျှော်တခေါ် ငေးကြည့်နေသည်။


"ဖေဖေကလည်း လာစေချင်မှာ၊ မေမေကြီး ဆေးခန်းတက်ဖို့ လာတော့လည်း မေမေက တစ်ရက်တောင် မေမေကြီးကို သွားမကြည့်ဘူး၊ ဘာဖြစ်လို့လဲ” 


"နေပါဦး...၊ ​နေမကောင်းဘူးဆိုတာ သူက ငါ့ကို ဘာဖြစ်လို့ မ​ပြောသလဲ"


“ဪ.. မေမေကလည်း ပြောနေဖို့လို​သေးလား၊ ဖြူပြာတို့ ​မေ​မေ့ကိုလည်း ​ပြော၊ ထမင်းပို့ ပျာယာခတ်​နေတာ၊ ဖေဖေကိုယ်တိုင် ပြောမှဆိုတော့ ဒါက နာရေး၊ မပြောဘဲနဲ့ကို မေမေက အလိုက်တသိ သွားရမယ်"


“အောင်မယ်.…… မဖြူပြာ၊ ညည်းက အမေလား၊ ငါက အမေလား၊ ပြောစမ်းပါဦး။ တိုက်ရိုက် ငါ့ကိုမပြောရင် ငါ မသွားဘူး၊ ငါနေမကောင်းတော့ ဖြူပြာတို့ဖေဖေက လက်ဖျားနဲ့တို့လို့လား၊ သူ့အမေကျတော့ ပွေ့ပွေ့ပိုက်ပိုက် ပြုစုမှာ ငါမကြည့်ချင်ဘူး၊ မန္တလေးမှာကတည်းက သိတယ်၊ အမေ ထမင်းစားမယ်ဆို ပျာနေတာ၊ သူက ခွံ့ပေးမတတ်”


“မေမေကလည်း မေမေကြီးကို ဒီလိုပြုစုရင် ဖေဖေ့ကလည်း မေမေ့ကို ပြုစုမှာပေါ့၊ မေမေတောင် သမီးတို့ ဖေဖေတို့ ပြုစုတာကို ခံချင်သေးတာပဲ၊ သူ့သားပြုစုတာကို မေမေကြီးကလည်း ကြိုက်မှာပဲ၊ ဖေဖေကလည်း မေမေကြီးကို သူပြုစုသလို မေမေကိုယ်တိုင်က ပြုစုတာ လိုလားမှာပေါ့"


“သူ့အမေမှာ ဂရုစိုက်မယ့်လူတွေ ပြည့်လို့၊ ဆေးတိုက်တစ်ခုလုံး ရှိန်း ဖင်မနေကြတာ၊ ဟိုကောင်မကိုလည်း နည်းနည်းမှ မကြည့်ချင်ဘူး"


“ဘယ်ကောင်မလဲ"


“ဟို မလေးနုဆိုတာ၊ နင့်အဖေက ဆေးတိုက်တစ်ခုလုံး အပ်ထားတာ ငါ အားလုံးသိတယ်”


ဖြူပြာမှာ အံ့အားသင့်သွားသည်။ အေးကို ပြန်ကြည့်နေမိသည်။ ရောဂါများ ထလာပြန်ပြီလား။ စကားပြောတာလည်း နင်တွေ ငါတွေနှင့် ဖြစ်လာသည်။


“အန်တီမလေးက ဆရာဝန်အနေနဲ့ မေမေကြီးကို လူနာတစ်ယောက်လို ဂရုစိုက်တာပါ၊ မေမေ့အနေနဲ့က ယောက္ခမတစ်ယောက်ကိုး၊ ဂရုစိုက်ချင်တဲ့စိတ် ဖေဖေ့မှာ ရှိမှာပေါ့”


"မလိုပါဘူး၊ မလိုပါဘူး၊ ညည်းတို့အဖေက ဘယ်တုန်းက မေမေ့ကို လူရာသွင်းလို့လဲ”


"ဖြူပြာသိရသလောက် စူပါမားကက်ဖွင့်တုန်းက မေမေ မလိုက်ကတည်းက ဖေဖေကလည်း မေမေ့ကို ဘယ်မှမခေါ်တော့တာ၊ ဒီပွဲတွေ တက်ချင်တက်၊ မတက်ချင်နေ၊ မေမေကြီးကိစ္စ၊ ဖေဖေ ပြောပြော မပြောပြော မေမေက အလိုက်တသိ သွားစေချင်တယ်၊ ဖြူပြာ့ကို စိတ်မဆိုးပါနဲ့၊ ဖြူပြာက အဖေနဲ့အမေ အဆင်ပြေစေချင်လို့ စေတနာနဲ့ ပြောတာပါ”


အေးသည် ဘာမှ ပြန်မပြောသေး။ လက်တွေ တုန်လာကာ ပါးစပ်ကလည်း အသံမထွက်ဘဲ တစ်ခုခု ရွတ်ဆိုနေသလိုပင်။ မျက်နှာကလည်း တစ်စုံတစ်ခုကို ခံပြင်းနေသလို၊ ဖြူပြာ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ဖြူပြာက လေသံကို တတ်နိုင်သမျှ အေး၍ ဆက်ပြောသည်။


"အခု အချိန်ရသေးတယ် မေမေ၊ မန္တလေးကို လိုက်မယ်မို့လားဟင်၊ ဖြူပြာနဲ့ အတူသွားရအောင်လေ” 


"လိုက်သွားရအောင် သူ့အမေက ဘာဖြစ်နေလို့လဲ”


“သားအိမ်ကင်ဆာ၊ သားအိမ်ထုတ်ပစ်ရအောင်လည်း အသက်ကကြီးတော့ ခွဲစိတ်ဒဏ် မခံနိုင်ဘူး၊ ဒါ့ကြောင့် ဆေးပဲပေး ပြန်လွှတ်လိုက်ရတာ၊ ဆရာဝန်တွေက ခြောက်လပဲခန့်မှန်းတယ်၊ တခြားရောဂါတစ်ခုခုက မဖောက်ရင်၊ အပြုအစုလည်းကောင်း၊ သီလရှိသေးရင်တော့လည်း ပိုခံမှာပေါ့လေ၊ ဒါ့ကြောင့် ဖေဖေက သူ့မေမေရဲ့ နောက်ဆုံးအချိန်ဆိုပြီး ကိုယ်တိုင်လိုက်သွားတာ”


“ဒါလောက်ဖြစ်နေတာ သူက ငါ့ကို ပြောဖို့သင့်တယ်၊ အစစ တိုင်တိုင်ပင်ပင် မယားရယ်လို့ မေမေ့ကို နေရာမထားပါဘူး၊ ဟင်း... လူရာကိုမသွင်းဘူး၊ ဒီဆေးတိုက်တစ်ခုလုံး ဖွင့်တာ​တောင် မေမေ့ကို ဘာတစ်လုံးမှ မတိုင်ပင်ဘူး” 


ဖြူပြာကတော့ အကြောင်းသိပြီးဖြစ်သည်။ ဖေဖေသည် ဘာမဆို သမီးဖြစ်သူ သူ့ကို ပြောထားပြီးသား၊ စူပါမားကက်ဖွင့်စဉ်က အေးကို တိုင်ပင်တော့လည်း စူပါမားကက် အရောင်းစာရေးမလေးတွေကို ဖေဖေ ခြေတော်တင်ချင်လို့ဟူသော စွပ်စွဲချက်ကြောင့် ဖေဖေက နောက်ပိုင်း ဘာကိုမှ မေမေ့ကို မတိုင်ပင်ခြင်းဖြစ်သည်။ 


"ထားပါတော့ မေမေ၊ အခုက နာရေးကိစ္စလေ၊ ဖေဖေ့ရဲ့ မေမေတစ်ယောက်လုံး နေမကောင်းတဲ့ကိစ္စ"


"ဟုတ်ပါတယ်၊ သူ့အမေ ဆေးခန်းတင်ထားတုန်းက အိမ်မှာလည်း ဧည့်သည်တွေ ရောက်နေတယ်လေ၊ ဖေဖေ စစ်ကိုင်းမှာ အရေးပိုင်လုပ်တော့ တိုင်းမင်းကြီးက ဦးစိန်ချော၊ သူ့သမီးနဲ့ မေ​မေက သိပ်ခင်တာ၊ သူ့သမီး အိမ်လာတည်းတော့ မေမေက ဂရုစိုက်ရတာ"


အေးအေးလေသံက ပြောင်းသွားပြန်သည်။


“ဟုတ်ပါတယ်၊ ဧည့်သည်ထားခဲ့ပြီး တစ်ရက်တလေတော့ မေမေ သွားသင့်တယ်၊ ခုလည်း မန္တလေးကို လိုက်သင့်တယ်၊ အချိန်မီပါသေးတယ် မေမေ"


ဖြူပြာ့စကားဆုံးတော့ အေးအေးက မတုန်မလှုပ် ငူငူကြီး လုပ်နေပြန်သည်။


"ဟိုကောင်မကပဲ အရေးပါနေတာ၊ အခုလည်း သူ့အ​မေ ရန်ကုန်မှာ ဆေးကုမှာကို မေမေ့ကို ကြိုတင်ပြီး ဘာလို့မပြောလဲ၊ ဒီကောင်မကို အရင်ပြောတယ်၊ အဲဒီကောင်မကို ကြည့်မရဘူး၊ သူက ဒေါက်တာမဆိုတော့ တစ်ပန်းသာနေတာ၊ မေမေနေမကောင်းရင် အဲဒီဆေးတိုက် မတင်နဲ့၊ အသေခံမယ်”


ဖြူပြာသည် အမေကို နားမလည်သလို ကြည့်နေသည်။


“ဆေးတိုက်ကို တဖြည်းဖြည်းနဲ့ အပိုင်စီးလာမှာ၊ ငါမသိဘူးအောက်မေ့လို့၊ ပြီးတော့ နင်တို့အဖေကို သိမ်းပိုက်မှာ” 


ဖြူပြာက စိတ်ပျက်သွားသည်။


"ဟာ... မေမေကလည်း မေမေရယ်၊ သူများသားသမီး ဒီလိုမပြောပါနဲ့၊ အန်တီမလေးက မေမေကြီးကိုကုရမယ့် ဆရာဝန် ဆိုတော့ ဖေဖေက လူနာရောဂါကို အန်တီမလေးနဲ့ အရင်တိုင်ပင်တာပေါ့၊ မေမေ အန်တီမလေးကို အထင်မလွဲပါနဲ့၊ ဖေဖေနဲ့ အန်တီမလေး ဒီဆေးတိုက်မှာ လက်တွဲလုပ်မှ ဖေဖေ အရက်လည်း အလွန်အကျွံမသောက်တော့ဘူး၊ ဟိုမိန်းမတွေနဲ့လည်း မတွဲတော့ဘူးဆိုတာ ​မေမေ သတိထားမိလား”


“အေးပေါ့ ... ဒီကောင်မ တစ်ကောင်လုံး ဆေးတိုက်ရှိနေတာ တခြားသွားဖို့ လိုသေးလား။ နင်တို့အဖေက အဲဒီဟာမ ပြောစကားတော့ နားထောင်တယ်၊ အရက်မသောက်နဲ့ဆို မသောက်ဘူး၊ မိန်းမ မပွေနဲ့ဆို ​မပွေဘူး။ ငါ့စကား​တော့ နားမ​ထောင်ဘူး၊ ဘယ်လောက်ခံပြင်းစရာကောင်းလဲ"


“ခက်လိုက်တာနော်"


ဖြူပြာက ခေါင်းကုတ်လိုက်ရင်း...


“ပြောပုံပြောနည်းကရော လိုသေးတယ်လေ၊ မေမေ ဖေဖေ့ကိုများ ဘယ်တုန်းက အေးအေးဆေးဆေး ပြောဖူးလဲ” 


"မယားငယ်လေသံနဲ့တော့ မပြောတတ်ဘူးဟေ့"


”ပြောပြန်ပြီ မေမေကလည်း၊ အန်တီမလေးက ဒီဆေးတိုက်ဖွင့်ကတည်းက ဆရာဝန်တွေ ၊ အလုပ်သမားတွေအားလုံး အရက်မသောက်ရဘူးလို့ စည်းကမ်းလုပ်ထားတော့ ဖေဖေကလည်း ဒီနည်လမ်းကို လိုက်နာရလို့ ဆေးတိုက်မှာ အရက်မသောက်တာ၊ ဧည့်ခံပွဲမှာလောက်ပဲ သောက်တယ်၊ အန်တီမလေးကို ကျေးဇူးတင်သင့်တယ်"


"ဘာ... ငါ့လင်အပိုင်စီးမယ့်မိန်းမကို ငါက ကျေးဇူးတင်ရမလား"


"မေမေက ပြောရင်း လွန်လာပြီ၊ အလုပ်သဘော ဖေဖေ့ကို အန်တီမလေးက ဆက်ဆံနေရတာ၊ အန်တီသက်မာကို မေးကြည့်ပေတော့၊ မေမေပြောသလိုပဲ ဖြစ်နေတယ်ပဲထား၊ မေမေ အန်တီသန္တာလှိုင်ကျတော့ အိမ်ကိုတောင် ဝင်ထွက်ခွင့်ပြု၊ အန်တီလှိုင်ပေးတဲ့ လက်ဆောင်တွေတော့ယူပြီး ..."


“နင်တို့ ဘာနားလည်လို့လဲ၊ လင်ကို အလကားပေးရမယ့်အတူတူ တန်ရာတန်ကြေး ယူရတယ်လေ၊ လင်ငှားခ"


ရင့်သီးသော စကားလုံးတွေကြောင့် ဖြူပြာ စိတ်ညစ်သွားသည်။ စကားမဆက်ချင်တော့။


"နင်တို့အဖေက ငါ့ကို ဘာပေးလို့လဲ”


အေးအေးသည် လက်ထဲမှ ဆေးလိပ်ကို ပြာခွက်ထဲ ဆောင့် ချိုးချလိုက်သည်။ ဖြူပြာက ဆက်ပြောလျှင်လည်း အချိုးမပြေတော့၍ မပြောချင်တော့ပေ။ တစ်လတစ်သိန်းငွေကို ဖေဖေက ဖြူပြာကတစ်ဆင့် မေမေ့ကို ပေးနေကျ၊ ဖြူပြာအသိပင် ဖြစ်သည်။ အ​မေတစ်ယောက်လုံး၏ ထင်မြင်ယူဆချက် လွဲနေသည်ကို သူ ဘယ်လိုမှ ပြော၍မရသည်ကိုသာ စိတ်ညစ်နေသည်။ လင်ကို ငှားစားနေရသောသဘောဖြစ်နေသည်။ မေမေ့စကားလုံး သုံးပုံကို မကြိုက်၊ အန်တီမလေးအပေါ် မေမေ့အယူအဆ သဘောထားကိုလည်း မကြိုက်။ အန်တီတင်သက်မာကိုသာ ဆေးတိုက်ရောက်မှ အကူအညီတောင်းယူတော့မည်။ သူ့အဘွား၏ နောက်ဆုံးအချိန်ကို အေး မသွားပါက ဖေဖေနှင့် မေမေ ကွာဟချက် ပိုမိုကြီးမားလာတော့မည်ကို ဖြူပြာ သိပါသည်။


ဆေးခန်းရောက်တော့ တစ်ယောက်နှင့်တစ်ယောက် တွေ့ဖို့ အလုပ်မအားကြ၊ နံနက်စာ စားချိန်တွေကလည်း မတူ။ ယနေ့လည်း ခွဲစိတ်ခန်းကို မလေးနုတို့ ဝင်ရတော့ နေ့လယ်စာ နှစ်ချက်တီးမှ စားရသည်။ မလေးနုက ထမင်းစားပွဲမှာ တင်သက်မာကို ပြောပြနေသည်။


“ညက ရှိန်းဆီက ဖုန်းလာတယ်၊ ဒေါ်ဒေါ်အခြေအနေမကောင်းဘူး၊ မလေး လိုက်လာပါတဲ့”


“ဟုတ်လား လိုက်သင့်တာပေါ့၊ မင်း လိုက်မယ်မို့လား” 


တင်သက်မာက ထမင်းစားရင်း ပြန်မေးလိုက်သည်။ 


"မိတ်ဆွေတစ်ယောက်အနေနဲ့ရော မလေးရဲ့ အလုပ်ရှင်ရဲ့ အမေအနေနဲ့ သွားသင့်ပါတယ်၊ ဒါပေမဲ့ သက်မာ မင်းတို့က မလေးကို လိုက်ခိုင်းတာထက် ရှိန်းဇနီးကို လိုက်ခိုင်းဖို့သင့်တယ်၊ မလေး မသွားချင်လို့ မဟုတ်ပါဘူး၊ လူနာတစ်ယောက်အနေနဲ့ သွားချင်ပါတယ်၊ ဟိုမှာလည်း ဆရာဝန်ကြီးတွေ ရှိတာပဲ”


“မလေးကို ရှိန်းက အားကိုးတာပေါ့"


“အားကိုးတယ်”


"အေးလေ၊ ဘာပဲဖြစ်ဖြစ် ရှိန်းက မလေးကို အားကိုးတယ်”


“သက်မာရယ်”


မလေးက စကားမဆက်ဘဲ ထမင်းဆက်စားနေသည်။ မကြာခင် ဖြူပြာ ဝင်လာသည်။


“အန်တီတို့နှစ်ယောက်ကို စောင့်လိုက်ရတာ"


ဖြူပြာသည် ထမင်းဝိုင်း ဝင်ထိုင်လိုက်သည်။ 


“ဖြူပြာ စားပြီးပြီလား"


“ပြီးပြီ၊ အန်တီသက်မာကို ဖြူပြာပြောချင်တာကတော့ မေမေ့ကို နားချပါဦး"


ဖြူပြာက အရင်းမရှိ အဖျားမရှိ ပြောလိုက်သည်။ 


“ဘာကိုလဲ"


သက်မာက မေးလိုက်၏။


"မန္တလေးကို လိုက်သွားသင့်တယ်လေ၊ မေမေကြီး အ​ခြေအနေက နေ့လား ညလားဆိုတော့ ဖြူပြာ မေမေနဲ့အတူ လိုက်သွားချင်တယ်၊ ဖြူပြာတစ်ယောက်တည်းသွားရင် ရပါတယ်။ ဒီလိုအချိန်မှာ မေမေလိုက်မလာရင် ဖေဖေက ပိုစိတ်ဆိုးမှာ၊ အန်တီသက်မာ သူငယ်ချင်းကို အန်တီ လိုက်ပြောပါဦး”


မလေးနုရော တင်သက်မာပါ.. ငေးကြောင်ကြောင်နှင့် စဉ်းစားနေစဉ် အခန်းစောင့်သူငယ်လေးက လာခေါ်သည်။ 


“အန်တီမလေးကို ဖုန်းလာနေပါတယ်"


မလေးနုက ကမန်းကတန်း အခန်းပြင်ထွက်သွားသည်။ သူတို့ချည်းကျန်တော့မှ ဖြူပြာက စကားပြန်စသည်။


"မေမေ့ကို အန်တီသက်မာ သွားပြောမယ်မို့လား"


“တို့ အခုပဲ ပြောနေတာ၊ ညက ရှိန်း ဖုန်းဆက်တယ်တဲ့၊ မလေး လိုက်လာဖို့၊ အန်တီသက်မာက သွားဖို့ တိုက်တွန်းနေတာ” 


“ဟာ... မဖြစ်ဘူး မဖြစ်ဘူး အန်တီသက်မာ၊ မေမေက အန်တီမလေးကို အထင်လွဲနေတာ၊ ဖေဖေက သူ့ဆီ ဖုန်းမဆက်ဘဲ အန်တီမလေးဆီကို ဆက်မှန်းသိရင် မိုးမီးလောင်မှာ၊ ခုပဲ မေမေနဲ့ စကားပြောလာတာ၊ မေမေကလေ ...”


ဖြူပြာသည့် သက်မာနားနားကို ကပ်ကာ သူ့အမေ မလေးကို စွပ်စွဲသမျှ ပြောပြနေဆဲ အပြင်မှ ခြေသံကြား၍ စကားစရပ်လိုက်သည်။ မလေးနုသည် ဖြည်းညင်းစွာ ဝင်လာ၍ ထိုင်ချရင်း ပြောလိုက်သည်။


“ဖြူပြာရေ ဆောရီးပဲ၊ မင်းတို့မေမေကြီး ခုမနက်ပဲ ဆုံးသွားပြီ၊ ခု ဖုန်းက သူဇာ မန္တလေးက ဆက်တာ” 


“ဟင်...”


ဖြူပြာရော တင်သက်မာပါ ငိုင်သွားကြသည်။


“အန်တီသက်မာ ခု ဖြူပြာနဲ့ အိမ်လိုက်ခဲ့ပါ၊ မေမေ့ကို နားချပါဦး၊ အန်တီမလေး ဖြူပြာနဲ့ မေမေ မန္တလေးလိုက်ဖို့ ကားဖြစ်ဖြစ် မီးရထားဖြစ်ဖြစ် ရရာနဲ့ စီစဉ်ပေးဖို့ စာရေးကြီးဦးသက်ထွန်းကို ပြောပေးပါ"


တင်သက်မာမှာ ထမင်းဆက်မစားတော့ဘဲ ဖြူပြာနှင့် လိုက်သွားရတော့သည်။ မလေးနုအဖို့ အဘွားကြီးဆုံးသည့်အတွက် စိတ်မကောင်းပါ။ ဒါပေမဲ့ မဆုံးခင်က ရှိန်း မန္တလေးလိုက်လာဖို့ ခေါ်သည်ကိုတော့ သူ မသွားချင်၊ စိတ်က အလိုလို ထင့်နေသည်။ ယခုတော့ မန္တလေးသွားဖို့ ပြဿနာက အလိုလို ဖြေရှင်းသွားပြီ။ အသက်ဆိုင်ဆုံး ဒေါ်အေးအေးသွားခြင်းက ပို၍သင့်မြတ်သည်မဟုတ်ပါလား။ ဖြူ ပြာနှင့် အေးတို့သွားဖို့အတွက် လက်မှတ်စီစဉ်နေစဉ် သက်မာထံက ဖုန်းလာပြန်သည်။


“မလေး အခြေအနေက သိပ်တင်းမာနေတယ်၊ အေးက ​သေမှတော့ မလိုက်တော့ဘူးတဲ့လေ၊ သူ့ရဲ့ အတွေးအခေါ်တွေက မမှန်တော့ဘူး၊ သက်မာနဲ့ ဖြူပြာပဲ လိုက်သွားတော့မယ်၊ လက်မှတ်စီစဉ်လိုက်တော့၊ ဒါပဲ ကိုယ်အချိန်မရှိဘူး၊ အိမ်ကိုလည်း ပြောရဦးမယ်"


သက်မာက ဖုန်းချလိုက်၏။


မလေးနုသည် ဘာမှ ပြန်မပြောနိုင်တော့ပါ။ ထိုနေ့ညက လီယိုအိပ်စ်ပရက်စ်နှင့် ဖြူပြာနှင့် သက်မာ မန္တလေး လိုက်သွားကြသည်။ ရှိန်းဆေးတိုက်ပိုင်ရှင် ဦးဗညားရှိန်း၊ ဒေါ်အေးအေးတို့၏ မိခင်ကြီး ဆုံး၍ ဝမ်းနည်းကြောင်းသာ ရှိန်းဆေးတိုက်အနေနှင့် သတင်းစာထဲ မလေးနုက ထည့်လိုက်ရသည်။


အပိုင်း(၅)ဆက်ရန်


ခင်နှင်းယု



No comments:

Post a Comment