“ဒါ ဘာသဘောလဲ ဒေါ်အေးအေး"
ရှိန်းက မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် အေးကိုကြည့်ကာ ပြောနေသည်။ မတ်တတ်ရပ်နေသော ရှိန်းကို အေးက မကြည့်။ Dream bed ပက်လက်ကုလားထိုင်မှာ မှီ၍ စီးကရက်ကို ရှိုက်ဖွာကာ အဝေးကို ငေးနေသည်။ ရှိန်းပြောသမျှ မကြားသလို လုပ်နေသည်။
"ဟေ့……. ငါပြောနေတယ်လေ”
ရှိန်းက မခံချင်သလို အော်လိုက်သည်။
“ဘာပြောမလို့လဲ၊ ပြောမှာ ပြော”
အေးက လှည့်မကြည့်။
“မင်းက ဘာဖြစ်နေရတာလဲ၊ မေမေ နေမကောင်းတော့လည်း မကြည့်၊ အခု မန္တလေးမှာ ဆုံးတော့လည်း လိုက်မလာ၊ ဘာဖြစ်နေရတာလဲ”
“လာဖို့ မလိုဘူးလေ၊ ဘယ်သူကရော ဒီမိန်းမကို ဂရုတစိုက် လူရာသွင်း ပြောလို့လဲ”
“ငါကပြောမှ မင်းက သိရမှာလား၊ ဒါလောက် လူတွေ ယောက်ယက်ခတ်နေတာ၊ သမီးတို့ကလည်း ပြောသားပဲ”
"မလိုချင်ဘူး၊ ရှိန်းဆိုတဲ့ လင်တစ်ယောက်က လူရာသွင်းပြီး မပြောရင် အေးဆိုတဲ့ မိန်းမတစ်ယောက်ကလည်း သိတောင် မသိချင်ယောင်ဆောင်နေမယ်”
"အေး … တော်ပြီ၊ အခု မင်းသိအောင် ဖွင့်ပြောမယ်၊ ငါ ဒီအိမ်မှာ မနေဘူး၊ မင်းဘာသာမင်း နေရစ်၊ ငါ မင်းကို ပေးမြဲ တစ်လတစ်သိန်း သမီးကတစ်ဆင့် ပေးမြဲပေးမယ်၊ ဒါပဲ”
ရှိန်းက ခြေသံပြင်းပြင်းနှင့် အခန်းထဲမှ ထွက်သွားသည်ကို အေးက လှည့်၍ပင်မကြည့်ပေ။ ရှိန်းက ဆေးတိုက်ကို ပြောင်းဆင်းလာကတည်းက ပင်ပန်းသူမှာ ဦးပြူး။ ဦးပြူးသည် အိမ်ကိုလည်း ဦးစီးရသည်။ ရှိန်းကြိုက်တတ်သည်များကို ချက်ပြုတ်၍ ဆေးခန်းကို လိုက်ပို့ရသေးသည်။ သူဇာကတော့ ဦးပြူးနှင့် နံနက်တိုင်းလိုလို အဖေကိုလာတွေ့ပြီးမှ ကျောင်းသွားသည်။
“ကျွန်တော် ဆေးတိုက်က ဟင်းထမင်းတွေ စားနိုင်တယ်၊ ဦးပြူး သက်သက်ဒုက္ခခံပြီး လာမပို့နဲ့"
"မဟုတ်ဘူး ရှိန်း၊ မေမေကြီး. ဒီဆေးခန်း လာတက်တုန်းက ဦးပြူး လာတွေ့တဲ့အခါတိုင်း ပြောတတ်တယ်၊ ငါ့သားကို စားရေးသောက်ရေး ဂရုစိုက်ပါတဲ့။ သားက အကောင်းကြိုက်တယ်၊ သူ့မိန်းမကလည်း မစီမံတတ်တော့ မောင်ပြူး ဂရုစိုက်ပါလို့ တဖွဖွ မှာတယ်၊ ဒါ့ကြောင့်ပါ။ မေမေကြီး သေသွားတော့ မေမေကြီးစကားကို ပိုနားထောင်ရတာပါ"
ရှိန်းသည် သက်ပြင်းကြီး ချလိုက်သည်။
“ကျွန်တော့်အပေါ်မှာဗျာ၊ မေမေတို့ ဦးပြူးတို့ထားတဲ့ စေတနာတစ်ဝက် အေးကထားရင် ကျွန်တော် ကျေနပ်ပါပြီ”
ဦးပြူးက ရှိန်း၏ခံစားရချက်ကိုလည်း နားလည်ပါသည်။ သို့သော်လည်း သားသမီးတွေ ကြီးလာမှ ယခုလို တကွဲတပြားနေသည်ကိုလည်း မကြိုက်ပါ။
ဖြူပြာတို့ သူဇာတို့ကိုလည်း ဦးပြူးက ပြောပြသည်။
“သမီးတို့လည်း မင်းတို့မေမေကို တဖြည်းဖြည်း နားချပါ၊ အသက်တွေလည်း ကြီးလာပြီ၊ တကွဲတပြားနေတာ မကောင်းဘူး။ ဖေဖေ အိမ်ပေါ်ပြန်တက်အောင်လို့ ဦးပြူး ကြိုးစားမယ်၊ မင်းတို့ဘက်ကလည်း မေမေ့ကို ပြောကြဦးလေ”
ဖြူပြာနှင့် သူဇာကလည်း စိတ်ညစ်သည်။ မေမေက ယခုတလော စကားပြောလျှင် သူ့ရောဂါက ထချင်သလိုလို၊ ရင်တုန်လာသလိုလို၊ လူက ကတုန်ကယင်ဖြစ်လာကာ စကားပြောလျှင် ဟစ်အော်လာတတ်၍ ဘာမှမပြောကြတော့ပေ။ အေး ချစ်သည်ဆိုသော သက်မာကိုပင် ရှိန်းဆေးတိုက်ကမို့ မကုချင်တော့ဆို၍ မခေါ်ရပါ။ သို့သော် တင်သက်မာက ခဏခဏလာကြည့်သည်။ အရေးအကြောင်းဆို ခေါ်ဖို့ နှလုံးရောဂါ ဆရာဝန်ကြီး ဒေါ်ချိုချိုအေးနှင့်ပါ ဆက်သွယ်ပေးထားသည်။
ဦးပြူးက ဆေးတိုက်မှ ပြန်လာတိုင်း ရှိန်းအခြေအနေကို အေးကို ပြောပြတတ်သည်။
“အခုလေ ဆရာက မမရဲ့၊ စူပါမားကက်တို့ ကားကုမ္ပဏီက ပြန်လာတယ်ဆို ဆေးတိုက်ကိုရောက်လာရော၊ ညနေခင်း အရင်လိုလည်း မသောက်တော့ဘူး”
ရှိန်း အနေအထိုင် ပြင်လာသည်ကြားလျှင် အေး စိတ်ပျော့ပျောင်းလို ပျော့ပျောင်းငြား ဦးပြူးက ပြောပြသည်။
“ဘာလဲ ဟိုဆေးတိုက်မှာ နှစ်ပါးကြည်နေရတော့ ဒီအရည် ဘယ်သောက်တော့မလဲ"
ဦးပြူးမှာ အေးစကား ကြားတော့ မျက်လုံးပြူးသွားသည်။ ရှေ့စကား မဆက်နိုင်တော့။ မီးဖိုထဲဆင်းသွားကာ သူ ရင်ဖွင့်ရသည်။
"ငါတော့ စိတ်ညစ်တယ် မောင်ထွန်း၊ ညနေ အရက်ပွဲလုပ် မပေးရတော့ဘူးလို့ မမကို ပြောပြရင် စိတ်ပြေမလားလို့ ပြောပြလည်း မမက တင်းနေတုန်းပဲ"
ဦးပြူးသည် စိတ်ပျက်လက်ပျက် ညည်းညူနေသည်။
"ကျွန်တော်တို့ ပို့တဲ့ ထမင်းတွေရော ဆရာစားလားဗျ"
“စားပါတယ်၊ သူ့ထုံးစံ ဆရာဝန်တွေ ဆရာမတွေ ခေါ် ကျွေး၊ အလုပ်သမားလေးတွေ ခေါ်ကျွေးပေါ့”
ဒေါ်သိန်းမေကလည်း စိတ်ပျက်သွားသည်။
"ဆရာ ချမ်းသာတာကလည်း ဇိမ်မရှိလိုက်တာ၊ ဟိုအဆိုကျော်တွေဆီ ဆရာ သွားသွားနေတာကိုလည်း မမအေးက မကျေနပ်ဘူး ထင်ပါ့”
သူ့အမြင် ပြောလိုက်သည်။
"မင်းက မိန်းမတွေး တွေးတာပေါ့လေ၊ ဆရာ အပြင်မထွက်အောင် ခြေငြိမ်စေချင်ရင် မင်းတို့အစ်မကလည်း ဆရာ့ကို အစားအသောက်ကအစ ဂရုစိုက်ရတယ်၊ ဘာမဆို ကိုယ်က သည်းခံရင် တစ်နေ့ ကိုယ့်လင်သား ကိုယ့်ဆီ ပြန်လာတာပဲ၊ ရုပ်ရည်တစ်ခုတည်း မဟုတ်ဘူး၊ လင်နဲ့မယား ရေရှည်ကျတော့ အစားအသောက် အပြုအစု အိမ်ထောင်အထိန်းအသိမ်းနဲ့ လင်ကို ထိန်းရတယ်။ မေမေကြီးများ ကြည့်စမ်း၊ သေသာသွားရော တို့ဘယ်လောက် ရှိရှိ ဆရာကြီး အစားအသောက်ကို ကိုယ်တိုင်စီမံတာ"
-ဦးထွန်းကလည်း သူ့အမြင် သူ့အယူအဆကို ယောက်ျားတစ်ယောက်အနေနဲ့ ဝင်ပြောပြန်သည်။ သူတို့က ရန်ကုန်မလာခင် ဒေါ်အေးသွယ်အိမ်မှာ နေခဲ့ဖူးကြသည်။
“အခု ဆရာက အဲဒီမိန်းမတွေဘက်လည်း ခြေဦးမလှည့်တော့ဘူးလို့ ငါက စိတ်ပြေလိုပြေညား ပြောတော့ ဆေးတိုက်မှာ ဟိုဟာမရှိနေလို့လို့ ပြောပြန်ရော၊ စိတ်ပျက်တယ်ကွာ”
“ဘယ်ဟာမလဲ”
ဒေါ်သိန်းမေက မေးပြန်သည်။
"ဟို ဆရာဝန်မ မလေးနု"
“မင်းကလည်း စပ်စုပြန်ပြီ၊ မင်းလည်း မိန်းမပဲ၊ မိန်းမတိုင်းက ဆရာ့ကို ကြိုက်ပါ့မလား၊ ထင်ကြေးနဲ့တော့ လင်ကို အရမ်းစွပ်စွဲနေတာ မဟုတ်သေးပါဘူး”
ဦးထွန်းက ငေါက်လိုက်၍ ဒေါ်သိန်း ငြိမ်သွားသည်။
သူဇာနှင့် ဖြူပြာကတော့ ဆေးတိုက်ရောက်တော့ အဖေ ထမင်းစားချိန် ဂရုစိုက်ကြ၊ အိမ်ရောက်တော့လည်း အေး ကျန်းမာရေးကို ပို၍ဂရုစိုက်ကြရသည်။ တင်သက်မာကိုတော့ ဆေးတိုက်မှာ တွေ့တိုင်း အေးအကြောင်း ညီအစ်မတွေ ပြောဖြစ်ကြသည်။ ယခုတလော နှလုံးရောဂါကု ဆရာဝန် ဒေါ်ချိုချိုအေး ပြောစကားအရ အေး၏အသည်းကို ဆရာဝန်ကြီး ဦးခင်မောင်ဝင်းထံပြရန် ညွှန်ကြားသည်။ ခက်သည်က ရှိန်းဆေးတိုက်က ဆရာဝန်များနှင့် အေးက မကုလိုပါ။
တင်သက်မာကလည်း ဆေးရုံကြီးကထွက်ပြီး ဆေးတိုက် တာဝန်ယူပေမယ့် တစ်ပတ်မှာ သုံးရက်ပဲ ဆေးတိုက်ကို လာနိုင်သည်။
“အန်တီသက်မာကလည်း ဆေးတိုက်ကို အရင်လို နေ့တိုင်း မလာဘူး၊ ဘာဖြစ်လို့လဲ”
ထမင်းစားစဉ် တွေ့တော့ သူဇာက မေးလိုက်သည်။
"အိမ်ကို ဂရုစိုက်ရသေးတယ်၊ သားလည်း ကျောင်းကြိုရတယ်၊ သမီးတို့အန်ကယ်ဝင်း ဆန်စက်သွားရင်လည်း သူကြိုက်တတ်တာ ချက်ပြုတ်ပြီး သူနဲ့အတူ အန်တီသက်မာ လိုက်သွားရတယ်၊ ဆန်စက်က လူတွေချက်တာ ကိုအောင်ဝင်းက သိပ်မကြိုက်ဘူး"
“အန်တီသက်မာကတော့ ဦးလေးဝင်းကို ရပြီးလည်း ဂရုစိုက်တာပဲနော်”
ဖြူပြာက ပြောပြန်သည်။ တင်သက်မာက ညီအစ်မနှစ်ယောက်ကိုကြည့်ရင်း အိမ်ထောင်ရေးနှင့်ပတ်သက်၍ ဘာမှအတွေ့ အကြုံမရှိသော အပျိုစင်နှစ်ယောက်ကို သနားသွားသည်။
"သမီးတို့လည်း တစ်နေ့ ယောက်ျားယူမှာပဲ၊ ယောက်ျားဆိုတာ သမီးရည်းစားဘဝ မပိုင်မဆိုင်လို့ ပူရတယ်လို့ များသောအားဖြင့် မိန်းကလေးတွေက ထင်ကြတယ်၊ လက်ထပ်ပြီး ကိုယ်ပိုင်လာတော့မှ သာပြီး ပူပန်ရသေးတယ်”
“တကယ်”
သူဇာက အချစ်အကြောင်း စိတ်ဝင်စားသူပီပီ စိတ်ဝင်စားစွာ မေးလိုက်သည်။
"ဟုတ်တယ်... အိမ်ထောင်ပြုပြီးမှ ကိုယ့်အပေါ် သာယာအောင် ပိုကြိုးစားရတယ်၊ အစားအသောက် အပြုအစု ကိုယ့်ထက်တော်တဲ့ မိန်းမနဲ့တွေ့ရင် ကိုယ့်ယောက်ျားက အဲဒီမိန်းမဘက် ပါသွားတော့ ကိုယ်ပဲ ဒုက္ခရောက်တာ၊ အန်တီသက်မာလည်း အလုပ်ကို လျှော့လိုက်ရတယ်လေ။ ခုဆို ဆန်စက်လည်း အတူလိုက်သွား၊ သူအစားအသောက် မဆင်းရဲအောင် ဂရုစိုက်ရတာပေါ့၊ ဒါ့ကြောင့် မင်းတို့ဆေးခန်းမှာ အချိန်ပြည့် မလုပ်နိုင်တာ”
"အချစ်အကြောင်း သိချင်တဲ့ မိန်းမ၊ အန်တီသက်မာ စကား မြဲမြဲမှတ်ထား"
ဖြူပြာက ညီမကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလိုက်သည်။
"လက်ထပ်ပြီးတော့လည်း စိတ်မချရဘူးဆိုပါတော့လေ”
သူဇာက သူ့အတွေးလေးနှင့်သူ ညည်းညည်းညူညူ ပြောလိုက်သည်။
“အန်တီမလေးလို အပျိုကြီးလုပ်နေနိုင်လည်း အကောင်းသား”
သူဇာက ပြောတော့...
"မင်းက အပျိုကြီးမလုပ်နိုင်လို့လား"
ဖြူပြာက မေးလိုက်သည်။
“အန်တီမလေးကိုယ်တိုင်က ပြောတယ်ဟေ့၊ သူကိုယ်တိုင်တောင် စကားကုန်အောင် မပြောဘူးတဲ့၊ တစ်နေ့ ချစ်တဲ့သူနဲ့တွေ့ရင် ယူမှာတဲ့”
သူဇာက ပြောလိုက်သည်။ မကြာခင် သူတို့ စကားပြောနေရာသို့ မလေးနု ဝင်လာသည်။
"သက်မာ ဘာတွေ စကားကောင်းနေလဲ၊ ကိုအောင်ဝင်း စောင့်နေတယ်၊ မင်းကို လာကြိုတာ”
မလေးနုက ပြောလိုက်တော့ တင်သက်မာက ပျာသွားသည်။
"ဟယ်... ချစ်ချစ်ကြီး ရောက်နေကိုး၊ စောင့်နေရတ ကြာပြီလားမသိ၊ ကဲ . . . အန်တီသက်မာ သွားလိုက်ဦးမယ်၊ တာ့တာ"
တင်သက်မာက ပြောပြောဆိုဆို အပြေးအလွှား ထွက်သွား၍ သူဇာနှင့် ဖြူပြာတို့ ရယ်မောကျန်ရစ်သည်။
မလေးနုကတော့ ဝမ်းသာသည်။ တင်သက်မာ ဆေးတိုက်လာသော နေ့တိုင်းလိုလို ကိုအောင်ဝင်းက ဂရုတစိုက် လာကြိုခြင်း လာပို့ခြင်းမှာ တင်သက်မာကို အရေးပေးသော သဘော။ တဖြည်းဖြည်းနှင့် လင်မယားဆက်ဆံရေးက အခြေအနေ တိုးတက်လာသည်ကို ပြနေသည်။ ဖြူပြာတို့ကတော့ ဘာမှမသိပါ။ မလေးနုအတွက်တော့ ယခုလို တင်သက်မာတို့ဇနီးမောင်နှံ အဆင်ပြေလာကြခြင်းမှာ စိတ်ချမ်းသာစရာဖြစ်ပါသည်။
ဘာလိုလိုနှင့် သူတို့ဆေးခန်းသည် သက္ကရာဇ် ၂၀၀၀ မှာ ဆယ်နှစ်ပြည့်တော့မည်။ ဆယ်နှစ်ပြည့် အထိမ်းအမှတ်ကို တခမ်းတနားလုပ်ဖို့ သူ စိတ်ကူးနေသည်။ ဒါပေမဲ့လည်း သုံးနှစ်လောက်လိုသေးသော ကာလမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အခြေအနေသည် ယခုထက်ပဲ တိုးတက်ဖို့ရှိသည်။ တစ်စုံတစ်ရာ ဆိုးဆိုးဝါးဝါး ဖြစ်စရာမရှိဟု မလေးနုက ထင်သည်။
ဆေးတိုက်အနေနှင့် ရှိန်း နိုင်ငံခြားသို့သွားတိုင်း ဆရာဝန်များနှင့် ညှိနှိုင်းကာ ခေတ်မီဆေးကုသသည့် ကိရိယာများ ဝယ်လာသည်။ မြန်မာပြည်မှာ ဆရာဝန်များ အရည်အချင်း မညံ့ပါ။ နိုင်ငံခြားမှာ သွားလုပ်သော ဆရာဝန်တိုင်းလိုလို နိုင်ငံခြားသားဆရာဝန်နှင့် တန်းတူလိုက်နိုင်ရုံသာမက သာသည့်လူ၊ ထူးချွန်သည့်လူများတောင် ရှိသည်။ တစ်ခုပဲ၊ မြန်မာပြည်မှာ ကုသရာတွင် ခေတ်မီဆေးပစ္စည်းကိရိယာနှင့် ဆေးဝါးမလုံလောက်တာ တစ်ခုပဲ ချို့ယွင်းချက်ရှိသည်။ ရှိန်းက ဆေးတိုက်က လိုသမျှပစ္စည်းကို ဝယ်၍လာကာ ဖြည့်ဆည်းသည့်အတွက် ရှိန်းဆေးတိုက်က နာမည်ကောင်းထွက်လာသည်။ စေတနာခန်းကလည်း တစ်နှစ် အနည်းဆုံး လူနာငါးဆယ်လောက် လုံးဝ အနာပျောက်ကင်း၍ ကျန်ငါးဆယ်က နာတာရှည် လူနာပေမယ့် သက်သာရာရကြသည်။ အထူးသဖြင့် အဆုတ်နာ လူနာတွေအဖို့ ရောဂါနုသေးသော လူနာတစ်ရာလျှင် ကိုးဆယ်နီးနီး ဆေးဝါးအလုံအလောက် ရရှိ၍ ပျောက်ကင်းကြသည်။
ဒါပေမဲ့ ရှိန်းသည် ဌာနဆိုင်ရာမှ ဆရာဝန်ကြီးများ အစီရင်ခံစာ တက်လာတိုင်း သေသေချာချာ ဖတ်ရှုသည်။ စေတနာခန်း မှာ ဖြစ်ပွားသော လူနာများ၏ရောဂါကို သူ စိတ်ဝင်စားစွာ ဖတ်ရှုသည်။ များသောအားဖြင့် ငွေကြေးခန်းက ဆီးချို၊ သွေးတိုး၊ နှလုံး စသည်ဖြင့် အဆီအအိမ့်စား၍ ဖြစ်သောရောဂါများ၊ ဆေးလိပ်သောက်များ၍ အရက်သောက်များ၍ ဖြစ်တတ်သော အသည်းခြောက်ရောဂါ၊ အစာအိမ်ရောဂါများ အဖြစ်များသည်။ အဆုတ်မှာဖြစ်ပေမယ့် ကုသ၍ ပျောက်ကင်းကြသည်ပဲ ဖြစ်သည်။ လုံလောက်သော ဆေးဝါး အာဟာရတွေ ရရှိနိုင်သူတွေဖြစ်သည်။
စေတနာခန်းက လူနာတွေကတော့ ဆင်းရဲနာ ခေါ်ရမည်။ အဆုတ်နာက ပထမလိုက်၍ ငှက်ဖျားက ဒုတိယလိုက်သည်။ ကိုယ်ခံအားနည်းကျဆင်းရောဂါက တတိယလိုက်သည်။
ရှိန်း မကျေနပ်သည်က များသောအားဖြင့် ကုသ၍ လုံးလုံးပျောက်ကင်းသော အဆုတ်နာနှင့် ငှက်ဖျားရောဂါလူနာများ တချို့ ပြန်၍ဖြစ်ကြသည်။ တချို့လည်း အပြင်လူနာအဖြစ်နေ၍ ဆေးတောင်းသောက်ရာမှ မသက်သာဘဲ ရောဂါတိုးကာ သေဆုံးရသူတော စာရင်းဇယားအရ များလာသည်။ လပတ်အစည်းအဝေးတွင် ရှိန်းက ထိုကိစ္စကို တင်ပြတော့ အဆုတ်နာဆရာဝန်ကြီးများနှင့် ငှက်ဖျားရောဂါ ဆရာဝန်ကြီးများက အကြံဉာဏ်ပေးသည်။ ရောဂါရှင်များလိပ်စာ ဆေးတိုက်မှာရှိ၍ သူတို့ကို ခေါ်ယူ တွေ့ဆုံ မေးမြန်းဖို့။
ဒုတိယ အစိုးရဆေးရုံများတွင် ရပ်ကွက်တိုင်းရှိ ဒေသန္တရဆေးရုံများမှ သူနာပြုဆရာမများက အဆုတ်နာနှင့် ငှက်ဖျားရောဂါရှင်များကို လိုက်လံတွေ့ဆုံ၍ ရောဂါအခြေအနေ စစ်ဆေးသလို ရှိန်းဆေးကုခန်းမှ ဖွဲ့စည်းထားရသော လူငယ်ကလေးများကို စေလွှတ်၊ လူနာစာရင်းအရ လိပ်စာအတိုင်း တွေ့ဆုံစေဖို့၊ လူနာများ၏ တကယ်နေရသော အိမ်ပတ်ဝန်းကျင်အခြေအနေနှင့် အလုပ်အကိုင် အစားအသောက်ကိုပါ စုံစမ်းကာ အစီရင်ခံစာတင်ဖို့ တင်ပြကြသည်။ တက်လာသော အစီရင်ခံစာအပေါ်မှာတည်၍ ရှေ့ဆက် ဘာလုပ်ရမည်ကို ဆွေးနွေးရန် အကြံပြုလာသည်။
မလေးနုသည် လူနာစုံစမ်းရေးအဖွဲ့မှ လူငယ်မောင်ထွေးနှင့်အတူ သူဟာဝန်ကျသော လူနာ ကိုစိန်မောင်ထံ ထွက်လာခဲ့သည်။ ကိုစိန်မောင်က အဆုတ်နာရောဂါကုသရာမှ ပျောက်ကင်း၍ ဆေးတိုက်မှဆင်းသွားပြီး ပြန်ဖြစ်သူ။ သူ့လိပ်စာက အတိအကျမရှိ။ မဟာသိပ္ပံ ဘုန်းကြီးကျောင်းမှတစ်ဆင့် ပေးထားသည်။ သူတို့သည် သင်္ကန်းကျွန်း အရှေ့ဘက်အဖျားရှိ မဟာသိပ္ပံဘုန်းကြီးကျောင်းကို အရင်ဝင်မေးရသည်။
ကျောင်းထိုင်ဘုန်းကြီးသည် ရပ်ကွက်ထဲမှ ထင်ရသော ကလေးများကို စာသင်ပေးနေသည်။ မူလတန်းသားများ ဖြစ်ဟန်တူသည်။ ကလေးများကတော့ သပ်သပ်ရပ်ရပ်၊ မျက်နှာမှာ သနပ်ခါးဝါ ဘဲကျားလေးတွေနှင့်။ အဝတ်အစားက သစ်လွင်တောက်ပခြင်းမရှိသော်လည်း သပ်ရပ်သည်။
ဘုန်းကြီးကို မလေးနုတို့ ဝင်ကန်တော့ပြီး မကြာခင် အတန်းဖြုတ်လိုက်သည်။ မလေးနုက လူနာဟောင်း ကိုစိန်မောင်ကို တွေ့လိုကြောင်း အကျိုးအကြောင်း ဆရာတော်ဘုရားကို လျှောက်သည်။
“စိန်မောင်ဆိုရင် နို့ဆီခွက်ဝယ်တဲ့ ဒကာထင်တယ်၊ ကျောင်းသားလေးတစ်ယောက်ကို အခေါ်ခိုင်းလိုက်မယ်"
ဘုန်းကြီးက မိန့်၏။
“တပည့်တော်တို့နှင့် ကျောင်းသားလေးကို ထည့်လိုက်ပါ၊ တပည့်တော်တို့က သူဘယ်လိုနေတယ် ထိုင်တယ်ဆိုတာ သိချင်လို့ပါ"
* * *
“မမ ကြွပါ၊ ကြွပါ”ဟု ဆိုကာ ထိုသူက ကွပ်ပျစ်မှထကာ ဆီးကြိုသည်။
မလေးနုသည် ကွပ်ပျစ်ပေါ် ထိုင်လိုက်၏။ တဲဝမှ အုတ်ခဲ သုံးလုံးနှင့် မီးမဲ့မီးဖိုနှင့် ဒန်အိုးဟောင်းတစ်ခုပဲ တွေ့ရသည်။ ဝါးလုံးတန်းမှာတော့ ပုဆိုးစုတ်တစ်ထည်၊ ဝါးကွပ်ပျစ်မှာ ခေါင်းအုံးဟောင်းလေးတစ်လုံးပဲ ရှိသည်။
“မမ ဘာကိစ္စရှိလို့လဲ၊ ကျွန်တော် ပြင်ပဆေးပေးခန်းမှာ ဆေးလာယူပါတယ်၊ ခုတလော မအားလို့”
မလေးနုသည် လူနာတွေများ၍ မမှတ်မိပေမယ့် ထိုသူက မလေးနုကို သိနေသည်။
“ကိုစိန်မောင် တီဘီပြန်ဖြစ်နေတယ်လို့ ဆရာကြီးဦးကျော်လှိုင် အစီရင်ခံစာထဲမှာ ပါလာလို့ ကျွန်မတို့ဆေးတိုက်ပိုင်ရှင် ဦးဗညားရှိန်းက ဘာ့ကြောင့်ဆိုတာ စုံစမ်းခိုင်းတယ်လေ၊ ဆေးမှန်မှန်တော့ သောက်တယ်မဟုတ်လား"
"ဟုတ်ပါတယ်"
ကိုစိန်မောင်က ရှေ့မဆက်ပါ။ ကိုစိန်မောင်သည် အသားဝါဖျော့ကာ ကိုယ်အလေးချိန် ကျနေပုံရသည်။ ပါးရိုးတွေ ငေါထွက်ကာ မျက်တွင်းက ချိုင့်နေသည်။ ဒါလောက် မြင်ကွင်းနဲ့ပဲ မလေးနုက ဆရာဝန်တစ်ယောက်ပဲ သိပါပြီ။ ဆေးဝါးတစ်ခုတည်းနှင့် လူနာဟောင်းတစ်ယောက် သို့မဟုတ် နာလန်ထလူနာတစ်ယောက်အတွက် မလုံလောက်ပါ။ ဆေးဝါးဆက်စားပြီး အာဟာရက လူတစ်ယောက်အတွက် လုံလောက်သော အစားအစာ လိုသည်။
"ကိုစိန်မောင် တစ်ယောက်တည်းနေလား”
မလေးနုက မေးလိုက်သည်။
“သားလေးတစ်ယောက်ရှိတယ်၊ ကျွန်တော် ဒီနေ့ နည်းနည်း နေမကောင်းလို့ နို့ဆီဘူးခွံဝယ်ဖို့ လွှတ်လိုက်တယ်"
"ကဲ ... ဆေးခန်းကို နောက်အပတ် ဆေးယူရင်း ဆရာဝန်ကြီး ဦးကျော်လှိုင်နဲ့ တွေ့ပါနော်၊ ဆရာကြီးက တနင်္လာနဲ့ ကြာသပတေး ရှိတယ်လေ၊ ကျွန်မ ပြန်ဦးမယ်၊ ဒီမှာ ငွေငါးရာပေးခဲ့မယ်”
မလေးသည် လက်ပွေ့အိတ်ထဲမှ ငါးရာတန်တစ်ရွက် ဖျာပေါ်ချပေးခဲ့၍ အဖော်သူငယ်လေးနှင့် ပြန်လာခဲ့သည်။ အဖော် သူငယ် မောင်ထွေးနှင့်အတူ ဘုန်းကြီးကျောင်းသို့ အပြန် ဝင်ကန်တော့သည်။
“ဒကာမလေး တွေ့ချင်တဲ့လူနဲ့ တွေ့ခဲ့ရဲ့လား”
“တွေ့ခဲ့ပါတယ်ဘုရား"
"သူက ဘာရောဂါလဲ "
"တီဘီအဆုတ်နာရော့ဂါပါ ဘုရား၊ တပည့်တော်တို့ဆေးခန်းမှာ လာကုနေပါတယ်၊ ပျောက်သွားလိုက် ပြန်ဖြစ်လိုက်မို့ လာကြည့်တာပါ”
"ကျေးဇူးတင်ပါတယ် ဒကာမလေးရယ်၊ ဒီရပ်ကွက်က နာမည်ကတော့ ဘဝမြင့်ရိပ်သာ၊ လူတွေက ဆင်းရဲသားချည်းပဲ၊ ကုမယ်ဆို တစ်ရပ်ကွက်လုံး ကုရမှာ၊ ဘုန်းကြီးက ရောဂါမကုတတ်တော့ ရပ်ကွက်က ကလေးတွေကိုပဲ စာသင်ပေးရတယ်”
"စာသင်ပေးတာလည်း ကောင်းပါတယ်ဘုရား၊ ရပ်ကွက်ကို ကူညီရာရတာပေါ့၊ သူ့ရောဂါကတော့ ရောဂါပျောက်ပြီးပေမယ့် လုံလောက်တဲ့အာဟာရ မရလို့ပါပဲ"
ဘုန်းကြီးခမျာ သက်ပြင်းချလိုက်သည်။
“အစပထမက သက်ဆိုင်ရာ ရပ်ကွက်ကို နေရာချပေးစဉ်ကတော့ မဆိုးဘူး၊ သန့်သေးတယ်၊ နောက်တော့ တဲအိမ်တွေက တဖြည်းဖြည်း ပျက်စီး၊ ပြုပြင်ဖို့လည်း မတတ်နိုင်တော့ အိမ်သာနဲ့ ရေမြောင်းရေပုပ်တွေနဲ့ မသန့်ရှင်းတော့ဘူး၊ ဘုန်းကြီးတို့ကတော့ ဘုန်းကြီးဒကာ ဒကာမတွေလှူတဲ့ ဆန်နဲ့ အသားဆန်ပြုတ် အဖိတ်နေ့တိုင်း ကလေးတွေကို ကျွေးရတယ်၊ ဒါပဲ တတ်နိုင်တယ်ကွယ်”
“ခွင့်ပြုပါဘုရား၊ တပည့်တော်လည်း ပြန်လိုက်ပါဦးမယ်”
မလေးနုက ဘုန်းကြီးကို ကန်တော့ကာ အဖော်သူငယ်ကလေးနှင့် ပြန်လာသည်။ လမ်းမှာ သူငယ်ကလေးကို ပြန်လွှတ်၍ သော်မဆင်ရှိ ယောက္ခမကြီးများအိမ်ကို ဝင်လိုက်သည်။ အဘွားကြီး အဘိုးကြီးက ဝမ်းသာအားရ ဆီးကြိုကြသည်။
“မလေး ဒီမှာ ထမင်းစားသွား”ဟု မမြသွေးက ပြောသည်။
"မစားအားသေးပါဘူး မမရယ်၊ မလေးလည်း လမ်းကြုံတာနဲ့ ဝင်လာတာ၊ ရန်ကုန်မှာသာ နေတယ်ဆိုတာ ဖုန်းနဲ့ပဲ မမတို့ကို တွေ့ရတာ၊ မလေးက မလာနိုင်ဘူး”
“ဒါ ရန်ကုန်ရောက်လာရင် ဒီအတိုင်းပဲ ဖြစ်ရမယ်၊ မလေး ဘယ်ကလှည့်လာလဲ၊ ကဲ... ကော်ဖီတိုက်ဟေ့”
ဦးအေးကြူက ပြောလိုက်သည်။ မလေးနုသည် ရှိန်းနှင့် ဆရာကြီးများ ဆွေးနွေးကြပုံနှင့် သူ့လူနာတစ်ယောက်ကို လာတွေ့ သည့်အကြောင်းရော၊ ကိုစိန်မောင်၏အခြေအနေကိုပါ ပြောပြသည်။ ဦးအေးကြူက တွေတွေလေး စဉ်းစားနေသည်။ အဘွားကြီးနှင့် မမြသွေးတို့က ကော်ဖီများ၊ မုန့်များ လာချပေးသည်။
"ကဲသမီး၊ သောက်ရင်း စကားပြော"
အဘွားကြီးက ကော်ဖီပန်းကန် လှမ်းပေးသည်။ မလေးနုသည် ကော်ဖီပန်းကန်လှမ်းယူရင်း
"မလေးဖြင့် ဒီရပ်ကွက်ဖျက်ပြီး တစ်ခါတည်း တိုက်တန်းလျားသာ ဆောက်ပေးလိုက်ချင်တယ်၊ အိမ်သာသန့်သန့်နဲ့ ဆောက်ပေးချင်တယ်၊ ခု ရပ်ကွက်က လေကောင်းလေသန့်က မရ၊ အာဟာရက ချို့တဲ့နဲ့၊ ဒီလူမှာ ပြန်ဖြစ်မှာပေါ့”
“ဖေဖေ စဉ်းစားရတာ ရှိန်းကို ပြောပြလိုက်မယ်နော်၊ ဟို ၁၉၅၄ လောက်က ဆိုရမယ်၊ ရန်ကုန်ဆေးရုံကြီးမှာ လူနာစောင့်ရှောက်ရေးအဖွဲ့ဆိုတာ ရှိတယ်၊ ကြက်ခြေနီအဖွဲ့ မဟုတ်ဘူးနော်၊ သူတို့က လခနဲ့ အလုပ်လုပ်တယ်၊ ဒီအဖွဲ့က ဆင်းရဲသားလူနာတွေကို တွေ့ဆုံရတယ်၊ အခြေအနေကို လေ့လာရတယ်၊ လူနာဟာ အိမ်ထောင်ဦးစီးလား၊ မှီခိုလား၊ ဦးစီးဆိုရင် သူဆေးရုံတက်နေစဉ် သူ့အိမ်က ဘာနဲ့စားနေလဲ၊ အကုန်စုံစမ်းရတယ်။ ဆေးရုံက ဆင်းသွားလည်း သူ စီးပွားရေး ဘာပြန်လုပ်သလဲဆိုတာကအစ စုံစမ်းရတယ်”
“စုံစမ်းပြီး ဘယ်လိုဖြေရှင်းပေးလဲ”
မလေးနုက မေးလိုက်သည်။
“အဲဒီတုန်းက ဒေါ်ခင်စီထင်တယ်၊ ဖေဖေ မှတ်မိသေးတယ်၊ သူတို့က လူနာရဲ့ အိမ်သားတွေ လူနာဆေးရုံတက်နေစဉ် ဝင်ငွေရဖို့ အလုပ်တစ်ခုခု စီစဉ်ပေးတယ်၊ လူနာကိုယ်တိုင်လည်း ရောဂါပျောက်ကင်းပြီး ဆေးရုံကဆင်းရင် အလုပ်မရှိရင် ဈေးရောင်းဖို့ ငွေရင်းငွေနှီး ထုတ်ပေးတယ်၊ အဲဒီအဖွဲ့ကို လူနာများ စောင့်ရှောက်ရေးအဖွဲ့လို့ပဲ နာမည်ပေးထားတယ်ထင်တယ်၊ ဖေဖေလည်း သိပ်မမှတ်မိတော့ဘူး၊ ဒေါ်ခင်စီသာ သူက အမေရိကက အပြန် ဖေဖေ့ကို သူ့လုပ်ငန်းတွေ ရှင်းပြလို့ သိရတာ၊ သူနဲ့လည်း အခု အဆက်အသွယ် မရတော့ဘူး”
"ဟုတ်ပါတယ် ဖေဖေရယ်၊ ဆင်းရဲတဲ့ရောဂါပါပဲ။ လုံလောက်တဲ့ အာဟာရရယ်၊ တိုက်ကြီးမဟုတ်တောင် ကျန်းမာခြင်းနဲ့ ညီတဲ့ တဲလေးဖြစ်ဖြစ် လူတစ်ယောက်အတွက် လိုတယ်လေ၊ ခုတော့ ရပ်ကွက်ကိုက ရောဂါပိုးတွေ ပေါက်ပွားစရာဖြစ်နေတယ်။ ရေစီးရေလာ မကောင်း၊ အိမ်သာနံ့က နံ၊ ဝါးထရံက အအေးလည်း မလုံ၊ အာဟာရက မလုံလောက်၊ ဖေဖေပြောတာကိုလည်း မလေး ရှိန်းကို ပြောပြပါ့မယ်။ ရှိန်းတစ်ယောက်တည်းတော့ ဖြေရှင်းနိုင်မယ် မထင် ဘူး၊ အစိုးရက ပါမှ ဖြစ်မယ်ထင်တယ်။ ဒေါ်ခင်စီတို့အဖွဲ့က အစိုးရလက်အောက်ကလား"
“ဟုတ်တယ်၊ သူက လခနဲ့လုပ်နေတာပဲ”
မလေးနုသည် ကော်ဖီသောက်ပြီး မတော်လိုက်ရသော ယောက္ခမ၊ ယောက်မများကို နှုတ်ဆက်ကာ ဆေးတိုက်သို့ ပြန်လာခဲ့သည်။
ရှိန်း စေလွှတ်သော သူငယ်လေးများနှင့်တကွ မလေးနုပါ သူတို့လူနာတွေ၏ နေရထိုင်ရပုံ အသေးစိတ် အစီရင်ခံစာ လပတ်အစည်းအဝေးမှာ တင်ပြကြသည်။
လူနာများ အခြေအနေက အဆုတ်ရောဂါတင်မဟုတ်ဘဲ ငှက်ဖျားရောဂါကလည်း ဒုတိယ လိုက်လာသည်။ ငှက်ဖျား ပျောက်သွားလည်း ရေစီးရေလာမကောင်းသော ရပ်ကွက်မှာ ခြင်များ ပေါက်ဖွားလွယ်၍ ငှက်ဖျားအခံရှိသူကို ကိုက်ရာမှ တခြားလူကို ကိုက်ရင်း ငှက်ဖျားက ကူးစက်သွားသည်။ ဖြစ်ပြီးသူကိုလည်း ပြန်ဖြစ်သည်။ တောတောင်ထူထပ်သော ဒေသတွင်မှမဟုတ် ရန်ကုန်မြို့လယ်ခေါင်မှာ ငှက်ဖျားရောဂါက ချဉ်းနင်းဝင်ရောက်လာသည်။ ကာကွယ်ခြင်းအဆင့်ကို ဟောပြောလည်း ခြင်က ကိုယ့်အိမ်ညောင်ရေအိုးအောက်မှာ ပေါက်ပွားနေသည်မှ မဟုတ်၊ ရပ်ကွက်အတွင်းရှိ ရေဗွက်ရေအိုင်များနှင့် အိမ်ရှေ့ရေမြောင်းများမှာ ရေက ဝပ်နေခြင်းက ခြင်ပေါက်ပွားဖို့ ဖြစ်နေသည်။ မိုးတွင်းဆို သာဆိုးသေးသည်။ အိမ်သာရေနှင့် မြောင်းပုပ်ရေ ရောကာ အနံ့အသက်က ဆိုး၊ ခြင်က ပေါနှင့် ငှက်ဖျားပိုးကို ဘယ်ကမှ ဖိတ်ခေါ်စရာမလို၊ ရပ်ကွက်တွင်းဖြစ် ငှက်ဖျားပိုးများဖြစ်သည်။
မလေးနုက အစီရင်ခံစာများအပြီးမှာ ဦးအေးကြူ၏ လူနာစောင့်ရှောက်ရေးအဖွဲ့အကြောင်း တင်ပြသည်။
ဆရာဝန်ကြီးများအနေနှင့် တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မချနိုင်။ ဖြစ်လာသောကိစ္စက ရပ်ကွက်မသန့်ရှင်းမှု၊ နေအိမ်များ စနစ်တကျမရှိခြင်း၊ စီးပွားရေးမခိုင်၍ အာဟာရချို့တဲ့ခြင်းဖြစ်သည်။ စေတနာခန်းမှာ ရောဂါကုသခံယူနေစဉ် ဆရာဝန်များက လုံလောက်သော ဆေးဝါးကုသမှု အပြည့်အဝပေးနိုင်သည်။ အာဟာရနှင့် ဆေးဝါးကိုလည်း လူနာများအတွက် ဆေးတိုက်က စေတနာခန်းအနေနှင့် ကူညီနိုင်ခြင်းဖြစ်သည်။ ဆေးရုံက ဆင်းသွားသည်အထိ ဦးအေးကြူပြောသော စီးပွားရေးအကူအညီဆိုသည်မှာ များစွာသော ဆင်းရဲသားလူနာများအတွက် ဆရာဝန်ကြီးများလည်း မကူညီနိုင်၊ ရှိန်းတစ်ယောက်တည်းနှင့်လည်း မတတ်နိုင်ပါလေ။
ရှိန်းကလည်း ငိုင်၍ စဉ်းစားနေသည်။ ဆရာဝန်တစ်ယောက်က နောက်ဆုံး အဆုံးအဖြတ်ပေးလိုက်သည်။
“ကျွန်တော်တို့အထဲက အဖွဲ့ငယ်လေး ဖွဲ့ပြီး ဦးအေးကြူပြောတဲ့ လူနာစောင့်ရှောက်ရေးအဖွဲ့တွေထဲက တစ်ယောက်ယောက် ရှိသေးရင်ပေါ့လေ၊ ရှာဖွေတွေ့ဆုံ၊ သူတို့ ဘယ်လိုလုပ်သလဲဆိုတာ အကြံဉာဏ်ယူသင့်တာပေါ့။ ခုကိစ္စကို လောလောဆယ် မဆုံးဖြတ်သေးဘဲ ရွှေ့ဆိုင်းထားပါ"
အများသဘောတူ ရွှေ့ဆိုင်းလိုက်ရသော်လည်း လက်တွေ့ မှာ နာလန်ထ လူနာပြဿနာကို မဖြေရှင်းနိုင်ကြ၍ အတော်ပင် စိတ်ပင်ပန်းကြရသည်။
ရှိန်းကိုယ်တိုင် ဒီကိစ္စ မဖြေရှင်းနိုင်၍ မကျေနပ်ပါ။ သို့သော် ဤကိစ္စက တစ်ယောက်အားနှင့် ယူ၍မရနိုင်သော ကိစ္စဖြစ်သည်ကို ရှိန်း သဘောပေါက်၍ အားမတန် မာန်လျှော့လိုက်ရပါသည်။
* * *
မလေးနု အားချိန်ရသော ဗုဒ္ဓဟူးနေ့လယ်မှာ ကိုအောင်ဝင်းနှင့် တင်သက်မာက နေ့လယ်စာစားဖို့ လာခေါ်ကြသည်။ မလေးနုအဖို့လည်း ဆေးခန်းမှာ တကုပ်ကုပ်နှင့် ခေါင်းမဖော်နိုင်။ တစ်ချိန်လုံးလိုလို သူ့စိတ်ရော ခန္ဓာကိုယ်ရော မြှုပ်နှံထားရသည်။ ယခုလည်း နာလန်ထနှင့် ပြန်ဖြစ်သော လူနာများအတွက် ဖြေရှင်းမရနိုင်သော ပြဿနာကြောင့် မလေးနု ဦးနှောက်ခြောက်နေသည်။
တင်သက်မာတို့ ဇနီးမောင်နှံခေါ်ရာ မြို့ပြင်ရှိ မြယမုံနာ ဟိုတယ်လေးသို့ လိုက်လာခဲ့သည်။ ဟိုတယ်၏အတွင်းဘက် သီးသန့် စားသောက်ခန်းလေးမှာ သူတို့သုံးယောက် အစားအစာများ မှာယူ စားသောက်ကြသည်။ မလေးနု အကဲခတ်မိသမျှ တင်သက်မာသည် အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ပုံရ၍ ကိုအောင်ဝင်းကလည်း သူ့ခြေလှမ်းကို ပြင်လိုက်သည် ထင်သည်။ အစားအသောက်များကို တယုတယ တင်သက်မာပန်းကန်ထဲသို့ ထည့်ပေးရုံမက ယုယုယယ ကြင်ကြင်နာနာ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေပုံတွေမှာ မလေးနုကို မုဒိတာပွားစေပါသည်။
“မလေးလည်း ကျွန်တော်တို့နဲ့ ခုလို ခဏခဏထွက်ပေးပါဗျာ၊ သံပတ်ပေးထားတဲ့ အရုပ်ကြီးလို မရပ်မနား သံပတ်တောင် ပြတ်ထွက်မယ်၊ လူဆိုတော့ ဦးနှောက်ခြောက်ပြီး အဘွားကြီးဖြစ်တော့မယ်၊ ခင်ဗျားသူငယ်ချင်း တင်သက်မာလည်း ဆေးရုံကြီးက ထွက်လိုက်ပေလို့၊ နို့မို့ရင် ဟိုပြေးဒီပြေးနဲ့ တစ်ခါမှ မနားရဘူး၊ ကျွန်တော့်ကိုတောင် လှည့်မကြည့်နိုင်ဘူး”
ကိုအောင်ဝင်းက စားသောက်နေသည်ကို လက်စသတ်ရင်း ပြောလိုက်သည်။
“အခု သက်မာက ကိုအောင်ဝင်းကို ဂရုစိုက်လာပါတယ်နော်"
မလေးနုက ပြောလိုက်တော့ လင်မယားနှစ်ယောက် ရယ်မောလိုက်ကြသည်။
“ကိုယ်တို့ ဒီမှာ လာစားတော့ ရှိန်းကို သတိရတယ်ကွာ၊ ကိုဝင်းတို့လက်မထပ်ခင် ထမင်းကျွေးတော့ ရှိန်းပါတယ်နော် သက်မာ"
သက်မာက ဖြေလိုက်သည်။
“ဟုတ်တယ်လေ”
"ဒီလူက စကားပြော ပွင့်လင်းတယ်၊ ချစ်စရာကြီး၊ အခုတလော ခြေငြိမ်နေတယ်”
“သူ့အမေဆုံးပြီး စိတ်မကောင်းတာလည်း ပါတယ်၊ အလုပ်ကလည်းများတော့ အလုပ်ပိနေလို့”
မလေးက ဖြေလိုက်သည်။
"နောက် တို့များ တစ်ခါလောက် မလေးကိုခေါ်ပြီး ဦးနှောက်ရှင်းရင် ရှိန်းကိုပါခေါ်ခဲ့ပါ သက်မာရယ်”
သက်မာက ခေါင်းညိတ်ပြ၍ ဘီလ်ကို ရှင်းလိုက်သည်။
သူတို့သုံးယောက် ဟိုတယ်ထဲမှထွက်ကာ ကားရှိရာသို့ လာကြသည်။ ကိုအောင်ဝင်းက ကားသော့ဖွင့်ကာ ကားတံခါးကို ဖွင့်ပေးသည်။ သက်မာက မလေးနုနှင့် နောက်မှာပဲ အတူထိုင်သည်။ ကိုအောင်ဝင်းက ကားကို နောက်ဆုတ်၍ အပြင်ဝင်းဝသို့ ထွက်မည်အလုပ် ကားတစ်စီး ဟိုတယ်ထဲသို့ ဝင်လာသည်ကို မလေးနု တွေ့ လိုက်သည်။
ရှေ့မှ ကားတစ်စီးခံနေ၍ မလေးနုတို့ ထွက်မရသေး။ မလေးနုမျက်လုံးများက ဝင်းဝမှ နောက်ဝင်လာသောကားကို မျက်စိရောက်နေသည်။ ကားက အက်စ်အီး လီမိတက် အဖြူရောင် ၉/က။ ဟိုတယ်ရှေ့ရောက်၍ အစောင့်သူငယ်မလေးက ကားတံခါးဆင်းဖွင့်သောအခါ ဆင်းလာသူနှစ်ယောက်ကို မလေးနု မြင်လိုက်တော့ အံ့အားသင့်သွားသည်။
“သက်မာ ကြည့်စမ်း၊ သူဇာ့ကို တွေ့လိုက်လား”
မလေးနုက သက်မာပခုံးပုတ်ကာ အလန့်တကြား ပြောနေသည်။ ကိုအောင်ဝင်းကတော့ ရှေ့ကကား ထွက်သွားပြီဖြစ်၍ ခြံဝကို ကားမောင်းသွားရသောကြောင့် သူတို့နှစ်ယောက် ပြောနေသည်များကို နားမလည်။
“တွေ့တယ်၊ သူ့ကောင်က မဆိုးဘူး၊ ဖြူဖြူ ထောင်ထောင်မောင်းမောင်း လူချောပဲ၊ ကောင်မလေးထက် ကြီးပုံရတယ်"
"အိမ်က သိရဲ့လား မသိဘူး၊ ဖြူပြာ့ကိုတော့ ပြောပြရဦးမယ်"
“အောင်မယ်... အပျိုကြီးမမရယ်၊ ရည်းစားချိန်းတွေ့ပါတယ်ဆိုမှ အိမ်ကို ပြောပါ့မလား"
“ခင်ဗျားတို့နှစ်ယောက် ဘာပြဿနာဖြစ်နေကြလဲ”
ကိုအောင်ဝင်းက ကားမောင်းရင်း မေးလိုက်သည်။
“သူဇာ သူ့အဆက်နဲ့ ဟိုတယ်ထဲဝင်သွားတာ တွေ့လိုက်လို့”
“ဒါများ အဆန်းလိုက်လို့”
“ဆန်းရတယ် ကိုဝင်းရေ၊ မိန်းကလေးမွေးရတာ ကိုယ့်မှာလည်း သမီးနဲ့၊ နောက်မကြာဘူး၊ သက်မာတို့ လေးငါးနှစ်ဆို သမီး အရွယ်ရောက်လာပြီ၊ ပူရတော့မယ်၊ ကောင်းတဲ့လူတွေ့ရင် တော်ပါသေးရဲ့၊ ခုခေတ်က ဆေးသမားလေးတွေ ပေါသနဲ့"
ကိုအောင်ဝင်းက ဘာမှဆက်မပြောဘဲ ကားကို ဂရုစိုက် မောင်းသွားသည်။ သူငယ်ချင်းနှစ်ယောက်လည်း ကားနောက်မှာ စကားမပြောနိုင်ကြ။ တင်သက်မာက သမီးအရွယ်ရောက်မည့်အချိန်ကို တွေးပူမိသလို မလေးနုကလည်း သူဇာ့အကြောင်းကို ဖြူပြာတို့ကို အသိပေးဖို့ တွေးလာသည်။ ဘာပဲဖြစ်ဖြစ်လေ ရှိန်း၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအနေနဲ့ပဲဖြစ်ဖြစ် သူဇာအကြောင်း ရှိန်းကို ဖွင့်၍ ပြောသင့်သည်ဟုလည်း သူတွေးနေသည်။ တစ်ယောက်ယောက်ကို တော့ ပြောပြရမည်။ တိုင်တောခြင်း မဟုတ်။ အခြေအနေကို ထိန်းသိမ်းပေးဖို့လိုသည်။ ကိုအောင်ဝင်းက မလေးနုကို ဆေးတိုက်မှာချခဲ့၍ လင်မယားနှစ်ယောက် ပြန်သွားကြသည်။
ထိုနေ့ညတွင် မလေးနု အားနေသည်။ ညဂျူတီလည်း မရှိ၍ သူ တိုက်ရှေ့ဝရန်တာကို ထွက်နေလိုက်သည်။ လဝန်းသည် ကောင်းကင်မှာ ပြည့်လုဆဲဆဲ ရွှန်းပနေသည်။ သူ့အနေနှင့် ရန်ကုန်မြို့ မှာ ဒီလိုညမျိုး တွေ့ရဖို့ခဲယဉ်းလှသည်။ အထူးသဖြင့် သူတို့လို ဆရာဝန်တွေ လှပသောညကို တွေ့ဖို့ အခွင့်အရေးက ကြုံတောင့်ကြုံခဲလှသည်။ နေ့ရှိသ၍ အလုပ်မှာ ကိုယ်ရောစိတ်ရော မြှုပ်နှံထားရသည်။ ရရှိသော နေ့အားတစ်ရက်မှာလည်း လူမှုသူမှု အပြေးအလွှား လုပ်ရသေးသည်။
သူ့အလုပ်က အစိုးရအလုပ်ဆို တော်သေး။ ကိုယ်ပိုင်အလုပ်လို ဖြစ်နေလေတော့ မလုပ်ချင်၍ ထိုင်နေမှပဲ။ လုပ်မယ်ဆို အလုပ်က အဆင်သင့်။
သူသည် ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း မိုးပြာထက်ရှိ လဝန်းကို ငေးကြည့်ကာ ထိုညလေး ကုန်ဆုံးသွားမည်ကို နှမြောနေသလိုပင်။
ချစ်သူနှင့် သူ ကလော၏ညတွင် လဝန်းကို မြင်ရပြီးကတည်းက သူသည် လသာသောညကို မတွေ့မကြုံလိုပါ။ ကျဆုံးသွားတော့ လသာညကို တမင်ရှောင်ခဲ့သည်။ ယခုတော့လည်း ညဉ့်ဦးလေညင်းက ဝရန်တာပေါ် ကျော်ဖြတ်၍ ဖြည်းညင်းစွာ သူ့ကို တွေ့ထိလာသည်။ ဖြာကျနေသော လရောင်အောက်မှာ အိမ်ခေါင်မိုး ဖြူဖြူများ အိပ်ပျော်နေသလိုပင်။ ကလောညလိုတော့ တောရိပ်တောတန်းတွေအပေါ်မှာ စိမ့်ယိုကျလာသော လရောင်ခြည်မျှင်တန်းတွေကို မမြင်နိုင်ပါ။ ရန်ကုန်ညတွင် တိုက်အောက်မြေပြင်ပေါ်ရှိ လမ်းပေါ်မှ ကားများအသံသည် တစ်ချက်တစ်ချက် အပေါ်သို့ လွင့်ပျံလာသည်။ နေ့စဉ်နှင့်အမျှ ဆရာဝန်ဆိုသူထံသို့ လူကောင်းက မလာပါ။ ရောဂါတစ်စုံတစ်ခု ခံစားရ၍သာ လာကြခြင်းဖြစ်သည်။ ဆေးရုံမှာ လုပ်လည်း မနက်မိုးလင်းကတည်းက ရောဂါမျိုးစုံနှင့် ထိခိုက်အနာတရတွေကို လှည့်လည်ကြည့်ရသည်။ ခွဲစိတ်ကုဆရာဝန်တွေဆို သာဆိုးသေး။ နံနက်ရှစ်နာရီက သွေးသံရဲရဲတွေ ကိုင်ရ တွယ်ရ၊ ဖြတ်ရ တောက်ရနှင့် နေ့လယ်မှပြီးသည်။
ကိုယ်ကုသလိုက်သည့် လူနာက ရောဂါပျောက်ကင်းသွားလျှင် စိတ်ချမ်းသာမှု ပီတိကို ခံစားရ၍သာ ပင်ပန်းနွမ်းနယ်မှု ပျောက်ကင်းသွားရသည်။ တကယ်တော့ ဆရာဝန်အလုပ်သည် စေတနာထားလေလေ မသက်သာလေ။ လူတချို့အမြင်ကတော့ ဆရာဝန်ကြီး၊ ဆရာဝန်မကြီးများအဖြစ် ဂုဏ်ယူစရာ အားကျစရာပါပဲ။ ငွေရေးကြေးရေးလည်း ပြေလည်နေကြသည်။ တချို့ ဆရာဝန်များမှာတော့ ကိုယ်စိတ်ပင်ပန်းရသည်ကို ငွေနှင့် ဘယ်လိုမှ တန်ဖိုးဖြတ်၍ မရနိုင်ပါ။ ဒီအထဲများ ကိုယ့်လူနာ ဆုံးပါးသွားလျှင် ပြီးပါလေရော၊ စိတ်မချမ်းသာမှုက ဖြစ်ရသေးသည်။
မလေးနုစိတ်မှာ နေ့လယ်ခင်းက ထမင်းစားပွဲလေးကို ပြန်ရောက်သွားပြန်သည်။ သူငယ်ချင်း တင်သက်မာ၊ သူ့ခမျာ လိမ္မာသည်ဆိုရမည်။ ဆရာဝန်အလုပ်ကို ဇောက်ချလုပ်လိုပေမယ့် အိမ်ထောင်နှင့်မိန်းမသားဆိုတော့ လင်သားကို ဦးစားပေးဖို့ သူ့မှာ အချိန်တစ်ဝက် စွန့်လွှတ်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ယူပြီးမှတော့ ကြင်နာချစ်ခင် ယုယရမှာပဲ ဖြစ်သည်။ နှစ်ယောက်နေလာသည့်နောက် တစ်ယောက်အကျိုး တစ်ယောက် မထိခိုက်အောင်တော့ ကြိုးစားရမည်ပဲပေါ့။
မလေးနုသည် တင်သက်မာတို့ ဇနီးမောင်နှံမျက်နှာကို မြင်ယောင်ကာ ကြည်နူးမိသည်။ သူတို့မျက်နှာကို ပြန်တွေးရင်း ကဗျာလေးတစ်ပုဒ်ကို သတိရသည်။ ကြာပြီဖြစ်၍ စာသားများကိုတော့ လုံးစေ့ပတ်စေ့ သတိမရတော့။ အဓိပ္ပာယ်ပဲ သတိရသည်။ ကဗျာအမည်က မုဒိတာဆိုတာကိုတော့ မှတ်မိသည်။ ကဗျာက ဆိုသည်။
ကုမုဒြာကြာဆိုတာ ရှိသတဲ့၊ လမင်း ဝင်းပလာသောအခါ လရောင်ခြည်နှင့် ထိတွေ့မှ ကုမုဒြာကြာက ပွင့်လာသည်တဲ့၊ လမင်းသည် ကောင်းကင်ဖွား၊ ကုမုဒြာကြာက မြေမှာ ပေါက်ဖွားသူ၊ လမင်းရောင်ခြည်ရွှန်းပလာမှ ကုမုဒြာကြာပွင့်သည်ဆိုတော့ ကောင်းကင်နှင့် မြေကြီး ထိသည့် သာဓကပါပဲ။ ထိုညသည် လှပသောည၊ ကျက်သရေမင်္ဂလာရှိသောည၊ “လမင်းနှင့်ကြာ ချစ်သူနှစ်ယောက်တို့ တွေ့ဆုံသော၊ အေးမြချမ်းငြိမ်းသောည၊ ထိုညများကို စာဆိုက မုဒိတာပွားမိပါသည်တဲ့။
တိတ်ဆိတ်ညင်သာစွာ ကြာပွင့်လွှာတို့ ပွင့်ချိန်မှာ ညငှက်လေးများသည် ညကို ကောင်းချီးပေးသောတေးများ ကို သီဆိုနေကြပေသည်။ သန်းခေါင်ယံလေက မွှေးပျံ့သော ပန်းရနံ့ များကို သယ်ယူလာကာ ချစ်သူနှစ်ဦး တွေ့ဆုံပွဲကို ဘိသိက်သွန်းပေ တော့မည်၊ ကြာဝတ်လွှာမှ ထုတ်လွှင့်သော အချစ်မွှေးရနံ့များသည် လဝန်းထံ ရောက်သည်အထိ မွှေးပျံ့သည်တဲ့။
စာဆိုမှာတော့ ချစ်သူနှစ်ဦးတို့ တွေ့ဆုံသောညကို မုဒိတာ ပွားရုံပဲ ပွားနိုင်သည်။ သူ့ချစ်သူနှင့်သူ ဘယ်တော့မှ မတွေ့ဆုံနိုင်တော့ပါဟု ကဗျာလေးအဓိပ္ပာယ်က ဖွင့်ပြထားသည်။ မလေးသည် ဝင်းပသော လမင်းကို စူးစိုက်ကြည့်မိသည်။ သူလည်း စာဆိုလိုသာ ကဗျာဉာဏ်ရှိလျှင် ဖွဲ့ချင်ပါရဲ့။ သူ၏အချစ်ညများတွင်လည်း လမင်းသည် ဘယ်တော့မှ သာတော့မည်မဟုတ်ပါ။
"မလေး"
အတွေးတွင် နစ်မြောနေသော မလေးနုက လန့်သွားသည်။
သူ့ကို ခေါ်လိုက်သူမှာ ရှိန်း။ ရှိန်းသည် မလေးနုနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။
"ဘာတွေ တွေးနေတာလဲဟင်၊ ညဉ့်နက်ပြီ၊ မအိပ်သေးဘူးလား"
မလေးနုသည် ရှိန်း လာစကားပြောသည်ကို မကြိုက်။ ဒီလိုညနက်ချိန်မှာ ချစ်သူနှစ်ဦးအတွက် အချိန်ကောင်းဖြစ်ပေမယ့် ရှိန်းနှင့် မလေးနု တွေ့ကြခြင်းကို ပတ်ဝန်းကျင်က မြင်ပါလျှင် မလေးနုသည် စိုးရိမ်စိတ်ဝင်သွား၍ စကားပြန်ရန် တုံ့နှေးနေသည်။ ေ
“မလေး အားတဲ့ နေ့မို့လို့ နားနေတာပါ"
“ရှိန်းလည်း ဒင်နာတစ်ခုကအပြန် မလေး တွေ့ချင်တာနဲ့ လှဖေခေါ်ခိုင်းလိုက်တော့ ဝရန်တာမှာရှိတယ်လို့ သူနာပြုဆရာမလေးက ပြောလိုက်လို့လာတာ၊ ဟုတ်ပါရဲ့ ၊ လက သာလိုက်တာ၊ တို့လည်း အလုပ်တွေနဲ့ ပတ်ချာလည်နေလိုက်တာ၊ လသာတဲ့ည အရသာကို မခံစားမိဘူး"
ရှိန်းကလည်း လမင်းကို မော်ကြည့်ရင်း ပြောလိုက်သည်။
“ဘာကိစ္စရှိလို့လဲ၊ မနက်မှ ပြောရောပေါ့"
မလေးနုက လွှတ်ခနဲ ပြောလိုက်မိသည်။
"မလေး အနှောင့်အယှက်ဖြစ်သွားလား၊ ရှိန်းက နားနေမှန်း မသိလို့၊ ဆောရီး"
“မဟုတ်ပါဘူး”
မလေးသည် ညအချိန်ကြီး မသင့်တော်ဆိုသည်ကို ပြောမထွက်ပါ။
“ဟိုဒင်း သိပ်အရေးကြီးသလားလို့၊ အရေးမကြီးရင် အေးအေးဆေးဆေးပြောလို့ ရလို့ပါ"
မလေးနုသည် ဣန္ဒြေဆည်ကာ ပြောလိုက်သည်။ ရှိန်းသည် မလေးနုကို ပြန်ကြည့်လိုက်၏။
“ဟုတ်ပါရဲ့၊ ရှိန်း မေ့သွားတယ်၊ မန္တလေးအိမ်မှာဆို ညဘက်နားချိန်မှ မိသားစု အေးအေးဆေးဆေး စကားပြောကြဆွေးနွေးစရာရှိ ဆွေးနွေးရတာ၊ အိမ်ကို သိပ်လွမ်းတာပဲ၊ ဆောရီး မလေး၊ ရှိန်းက မလေးကို အိမ်သားတစ်ယောက်လို သဘောထားမိလို့။ မနက်မှ အေးအေးဆေးဆေး ပြောတော့မယ်၊ တကယ်တော့ ရှိန်းဟာ home ဆိုတဲ့ မိသားစုအချစ်အိမ် မရှိတဲ့လူ၊ Homeless ပေါ့နော်၊ မလေးရဲ့ အချိန်ကို အနှောင့်အယှက်ပေးသလို ဖြစ်သွားတယ်”
သူသည် တစ်ယောက်တည်း။ မလေးနုကို မကြည့်၊ ကောင်းကင်ကို မော်ကြည့်နေပြန်သည်။ ကောင်းကင်ပြာနောက်ခံနှင့် ခန့်ညားသော ယောက်ျားတစ်ယောက်မျက်နှာ၊ လမင်းရောင်က မျက်နှာပေါ် ရွှန်းပနေသည်။ မလေးသည် ရှိန်းမျက်နှာရိပ်ကို ငေးနေမိသည်။
"ဒီလိုည မေမေ့ကို သိပ်သတိရတယ်။ မေမေ့ရဲ့အငွေ့၊ မေမေ့ရဲ့အရှိန်အဝါက လမင်းရောင်လို 'အေးချမ်းတယ်။ လသာတဲ့ညလို ချစ်ဖို့ကောင်းတယ်။ မေမေ့မျက်နှာကို မြင်ရရင် အဲဒီလို ခံစားရပေမယ့် အေးကို မြင်ရတဲ့အခါတိုင်း ရှိန်းရင်မှာ ပူပန်တယ်၊ မျိုးတူ မိန်းမနှစ်ယောက်ဟာ ရှိန်းကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့ ခံစားမှု နှစ်ခုကို ပေးတယ်”
ရှိန်းက လမင်းရှိရာ ငေးမော၍ ရေရွတ်သလို ပြောနေရာမှ မလေးကို ပြန်ကြည့်လိုက်သည်။ မလေးနုသည် ဘာပြန်ပြောရမှန်း မသိ။
"ရှိန်း နောက်နေရမယ့်အချိန်တွေမှာတော့ မေမေ့လို အအေးဓာတ်ပေးမယ့်သူ မရှိတော့ဘူးပေါ့၊ မေမေ့လို ကိုယ့်အပေါ် စာနာမယ့်သူ၊ ကြင်နာမယ့်သူ၊ နားလည်မယ့်သူ ဆိုပါတော့လေ။ မလေးက တစ်ယောက်တည်းမို့လို့ အထီးကျန်ဝေဒနာကို ခံစားရတာ၊ ရှိန်းက တစ်ယောက်တည်း မဟုတ်ပါဘူး။ မယားတွေ၊ သားသမီးတွေနဲ့ ငွေကြေးဆိုတာလည်း သောက်သောက်လဲ၊ လုပ်ငန်းကိုင်ငန်းတွေနဲ့၊ ဒါပေမဲ့ ကိုယ် ကြာလေ တစ်ယောက်တည်းလိုပဲ၊ တစ်ယောက်တည်း ဆိုတဲ့အသိက ရှိန်းရဲ့ရင်ကို ဖျစ်ညှစ်ထားသလိုပဲ။ ပေါ့ပါးမသွားဘူး၊ မကြည်လင်ဘူး၊ အမြဲပဲ လေးလေးကြီးဖြစ်နေတယ်။ မလေး ဒီလိုဖြစ်လားဟင်၊ အို.. မလေးလည်း ကိုယ့်ခံစားမှုကို စာနာနိုင်မှာ မဟုတ်ပါဘူး၊ ကိုယ် သွားမယ်”
ရှိန်းသည် သူ့စကား သူရပ်ကာ တိုက်ခန်းထဲ ပြန်ဝင်သွားတော့သည်။ မလေးနုသာ တစ်ယောက်တည်း ကျန်ရစ်သည်။
နောက်နေ့မှာတော့ မလေးနုသည် ညက ရှိန်းနှင့် ဝရန်တာတွင် တွေ့ကြကြောင်းကို တင်သက်မာလာတော့ ပြောပြရသေးသည်။ တင်သက်မာကတော့ တစ်စုံတစ်ရာ ထူးခြားသည့်အမူအရာ မပြပါ။
"သက်မာရယ် .…. တို့အလုပ်တွေ အောင်မြင်ပါရဲ့၊ ငွေရေးကြေးရေးလည်း လည်ပတ်လာလို့ မလေး ဝမ်းသာပါတယ်၊ အရှုံး မရှိတော့ဘူးလေ၊ ဆင်းရဲသားလူနာတွေ ရောဂါပျောက်သွားတိုင်း တို့အောင်မြင်မှုကို ပီတိဖြစ်မိပါတယ်၊ မလေး အလုပ်မှာ စိတ်ပျော်လာပေမယ့် ညကလို ရှိန်းနဲ့ မလေး ခဏခဏဆုံမိကြရင် သူများပြောစရာ ဖြစ်မှာစိုးတယ်၊ ရှိန်းကလည်း ဘာလို့အိမ်မပြန်တော့တာလဲ”
“သူ့မေမေ ဆုံးပြီးကတည်းက အေးနဲ့ပိုပြီး စိတ်သဘောကွဲကြတယ်လို့ ဖြူပြာက ပြောတယ်၊ အကြီးအကျယ် ရန်ဖြစ်ကြသတဲ့၊ ရှိန်းက တစ်ခါတည်း ဆေးခန်းပြောင်းလာတာ”
“အေးပေါ့၊ သူ့ဆေးခန်း သူပြောင်းပိုင်ခွင့်ရှိတယ်၊ ဒါပေမဲ့ ကိုယ်ကရှိနေတော့ မသင့်တော်ဘူး၊ ပြီးတော့ ပဋိပက္ခဖြစ်လာတာဆိုတော့ သူ့ဇနီးစိတ်ထဲ တစ်စုံတစ်ရာ သံသယဝင်လာရင် မကောင်းဘူး"
"ဟ... အေးက သူ့ယောက်ျားကို အမြဲတမ်း သံသယဝင်နေတဲ့ရောဂါ ရှိနေတာပဲ၊ မလေးကလည်း ကိုယ်ရှိပါတယ်၊ မပူစမ်းပါနဲ့၊ မြန်မာစကား ရှိတယ်မို့လား၊ ကိုယ်ကောင်းရင် ခေါင်း ဘယ်မရွေ့ဘူးဆိုတာ"
“ဟုတ်တော့ ဟုတ်တယ်”
မလေးနုသည် သက်ပြင်းတစ်ချက်ချရင်း ဆက်ပြော၏။ "မလေးမှာ intuition ခေါ်မလား၊ ကြိုပြီး အလိုလိုသိနေသလို စိတ်ထင့်တဲ့အလေ့ရှိတယ်၊ မလေး ဒေါ်လေးသန်းတို့အိမ် ပြောင်းစက အစစအဆင်ပြေပါတယ်၊ ဒါပေမဲ့ ကြာကြာနေလိုတဲ့စိတ် မရှိဘူး၊ ဘာမှန်း မသိဘူး၊ တစ်ခုခုထင့်နေတယ်၊ မကြာဘူး၊ ဦးလေးက နောက်တော့ ဖောက်လာရော၊ ခုလည်း ဒီဆေးခန်းကို မလေးဆန္ဒနဲ့ ပြောင်းလာတာ၊ ဘာမှ စိတ်မထင့်ဘူး၊ အခု ရှိန်းက ပြောင်းလာတော့ မလေးစိတ်မှာ တစ်မျိုးပဲ၊ တို့နှစ်ယောက် ဘာမှ မဖြစ်ပေမယ့် မလေးကို ပတ်ဝန်းကျင်က အတင်းပြောမှာ၊ စွပ်စွဲမှာ စိုးတယ်"
သက်မာသည် မလေးကို ပြုံးကြည့်ရင်း... “အဲဒီတော့ မင်းက ဘာလုပ်ချင်လို့လဲ”ဟု မေးလိုက်သည်။
“မလေး တစ်နေရာ ပြောင်းချင်ပြန်ပြီ"
"ဟာ မလေးကလည်း သူများပြောမှာကြောက်လို့ ပြောင်းနေရရင် မင်း တစ်သက်လုံး ပြောင်းနေရမှာ၊ လူတွေဆိုဘာ အတင်းအဖျင်းပြောဖို့ ဝါသနာပါတာတဲ့၊ တီးတိုးပြောကြ၊ ဝါဒဖြန့်ကြတာ Whispering campaing ဆိုတာ စစ်တိုက်တဲ့နေရာမှာတောင် သုံးတာ"
"သူ့နာလို ရွာထက်ဝက်၊ ကိုယ့်နာလို ရွာထက်ဝက်ဆိုတာ ရှိတယ်လေ၊ တို့လုပ်ငန်းဟာ မွန်မြတ်တယ်။ အောင်မြင်တယ်ဆိုပေမယ့် မနာလိုသူကတော့ ရှိမှာပဲ"
“အောင်မြင်လေ မနာလိုလေပေါ့”
"အဲဒါ သူတို့က တီးတိုးဝါဒါဖြန့်ကြရာက သူ့မိန်းမကြီးဆီ နားပေါက်၊ သူ့မိန်းမက မလေးကို လာရန်တွေ့မှဖြင့် မလေး ကြောက်တယ်ကွယ်”
`မင်းကလည်း ဒီဆေးတိုက်မှာ ဒီလို စေတနာနဲ့ ဘယ်သူ အချိန်ပြည့်လုပ်မလဲ၊ မလေး စေတနာကို သစ္စာဆိုပေါ့၊ မင်းစေတနာနဲ့ လုပ်ရည်ကိုင်ရည်ကြောင့် ရှိန်းကလည်း မင်းကို အားကိုးတာပေါ့"
သက်မာက မလေးနုကိုသာ အားပေးနေရသည်။ ဖြူပြာ မန္တလေးမသွားခင် သူ့ကိုပြောသွားသော စကားများကို သတိရသည်။ အေးကိုယ်တိုင်က မလေးနုအပေါ် မကျေမနပ်ဖြစ်နေသည်ကိုသာ မလေးနု သိပါလျှင်...
“ဘာပဲဖြစ်ဖြစ် မလေးရယ်၊ သက်မာရော မင်းရော ဒီဆေးတိုက်မှာ လုပ်နေတာ လခစားအနေနဲ့ ငွေရေးကြေးရေးထက် ရှိန်းတို့မိသားစုကို မိသားစုလို ပူးပေါင်းဆောင်ရွက်ပေးနေတာ ရှိန်းရော၊ သူ့သမီးတွေရော အသိပဲ။ ဒါကို မကျေနပ်လည်း သူ့မိန်းမကိုယ်တိုင် ဆေးတိုက်ကို ဦးစီးပေါ့၊ ကိုယ်ကိုယ်တိုင်လည်း အရည်အချင်းမရှိ၊ သူများလုပ်တာကို ထိုင်ကြည့်၊ ဝန်တိုနေတာတော့ ဂရုမစိုက်စမ်းပါနဲ့၊ ဖြူပြာတစ်ယောက်လုံး တို့နဲ့အတူ လုပ်နေတာပဲ၊ စိတ်အေးအေး ထားစမ်းပါ၊ မလေး မရှိရင် တို့လည်းမလုပ်ဘူး"
သက်မာ ပြောစကားကြောင့် မလေးနု ငိုင်သွားသည်။
"သက်မာ မင်းအသိပဲ၊ မလေး မှဲ့တစ်ပေါက်အစွန်းခံခဲ့တာ မဟုတ်ဘူး၊ အခုအရွယ်ကျမှ သူတစ်ပါး ပြောလာမယ့် အဖြစ်တွေ ဖြစ်လာမှာစိုးတယ်၊ ဒါ့ကြောင့် မလေး တစ်နေရာပြောင်းချင်တယ် ပြောတာ”
"ပြောင်းပြောင်း၊ တစ်သက်လုံး ပြောင်းနေရမှာ၊ မလေးကို တရားမဟောချင်ပေမယ့် ကိုယ်နဲ့ မင်းက ပြောစရာရှိ ပြောရမှာပဲ၊ မင်းက အာနန္ဒာနဲ့ တူနေပြီ”
“ဘာဖြစ်လို့ အာနန္ဒာနဲ့ တူရမှာလဲ”
“ကိလေသာကင်းစင်နေတဲ့ မြတ်စွာဘုရားက မာဂဏ္ဍီကို မလိုချင်ဘူးလို့ ပြောလိုက်တာ၊ သူ့အဖေကတစ်ဆင့် မာဂဏ္ဍီက သိတော့ ဘုရားကို မကျေနပ်ဘူး၊ ဘုရားသခင် သူတို့ရွာထဲ ဆွမ်းခံကြွလာရင် ရွာသားတွေကို မြှောက်ပေးပြီး ဆဲခိုင်းတာပဲ၊ အာနန္ဒာကလည်း ဘုရားနဲ့အတူကြွရတာကိုး၊ ကြာကြာအဆဲခံရပါများတော့ အာနန္ဒာက ဘုရားကို လျှောက်ထားတယ်၊ တပည့်တော်တို့ တခြားရွာသွားပြီး ဆွမ်းခံရအောင်ဘုရားတဲ့၊ ဘာဖြစ်လို့လဲလို့ မြတ်စွာဘုရားကမေးတော့ မာဂဏ္ဍီပုဏ္ဏေးမှာ တပည့်တော်တို့ ဆွမ်းခံကြွလာတိုင်း ဆဲရေးတာကို မခံနိုင်ပါဘူးလို့ ပြန်လျှောက်တယ်၊ ဒီတော့ မြတ်စွာဘုရားက ... ချစ်သားအာနန္ဒာ နောက်တစ်ရွာပြောင်းလို့ နောက်ရွာမှာ နောက်မာဂဏ္ဍီတစ်ယောက်နဲ့ တွေ့ရင် တို့ ဘယ်ပြေးမလဲတဲ့”
သက်မာ စကားဆုံးတော့ မလေးနုက ရယ်သည်။
“မရယ်နဲ့လေ၊ နေရာတိုင်းမှာ မာဂဏ္ဍီတွေ ရှိတယ်ကွ၊ နောက်တစ်နေရာမှာ မာဂဏ္ဍီနဲ့တွေ့ရင် မင်း ဘယ်ပြေးမလဲ”
"ကျေးဇူးတင်ပါတယ် တရားဟောဆရာမကြီးရယ်၊ မလေးကလည်း တွေးပူရတာလေ”
သူ့စကားမှ မဆုံးခင် ဧည့်သည်ရောက်လာသည်ဆို၍ ဧည့်ခန်းဘက် ထွက်လာရသည်။ ဧည့်ခန်းမှာထိုင်နေသည်က သူ့ဖောက်သည် မစိန်အေး။
“နေကောင်းရဲ့လား”
မလေးနုက ကုလားထိုင်မှာ ထိုင်ရင်း မေးလိုက်သည်။ ကြည့်ရတာ ကျန်းကျန်းမာမာရှိပုံရသည်။ ကိစ္စတစ်ခုခု ပြောချင်ဟန် ရှိသည်။ သူ့မျက်နှာက ပြုံးစေ့စေ့မျက်နှာထားနှင့်။ မလေးနုကို ကြည့်နေသည်။ မျက်နှာထားပြုံးနေသည်က မစိန်အေး၏ အမှတ်တံဆိပ်။ ဟုတ်ပါ့၊ ဘယ်လောက် စိတ်ညစ်စိတ်ညစ် မစိန်အေး ပြုံးပြုံးနေတတ်သည်က အတုယူစရာပါပဲ။ မစိန်အေးသည် ရာသီလိုက်ပေါ်သော သီးနှံ၊ သရက်သီး၊ မင်းကွတ်၊ နာနတ်၊ သစ်တော်သီး စသည်များကို ဖောက်သည်ယူကာ ခေါင်းပေါ်ရွက်ရောင်းသော ဈေးသည်၊ ပုဇွန်တောင်ဈေးထဲသို့ သူ မတိုးနိုင်၍ ခေါင်းရွက်ကာ အိမ်များရှိရာ လိုက်ရောင်းသည်။
မလေးနု၏ဖောက်သည်ဆိုသည်မှာ ဈေးဗန်းကြီးရွက်ရင်းမှ တစ်နှစ်တစ်ခါ အပြေးအလွှား လာရောက်၍ ကလေးမွေးတတ်သောကြောင့် မလေးနု၏ဖောက်သည်ဖြစ်နေခြင်းပါ။ မလေးနုက သရက်သီးဝယ်စား၍ မဟုတ်။ အံ့သြစရာကောင်းသည်က သရက်သီးဗန်းရွက်၍ သူ လမ်းပေါ်မှာ အမြဲရှိသည်။ မွေးချိန်ခဏလေးတော့ ဆေးခန်းရောက်လာတတ်သည်။ ယခုလည်း ဘာကိစ္စမှန်း မသိ၊ မွေးချိန်တော့ မဟုတ်ပါ။ ခေါင်းပေါ်မှာ သရက်သီးဗန်းလည်း မရှိ။
"မမဆီလာတာ ကိစ္စလေးတစ်ခုရှိနေလို့၊ ဒီမှာ သရက်သီး ရင်ခွဲတွေ ကောင်းလွန်းလို့ ခေါင်လုံးကြီးတွေ မမဖို့ ယူလာတယ်”
မစိန်အေးက ဆင်းသာ ဆင်းရဲသည်။ ဒီလို လက်ဖွာသည့် အကျင့်ကလည်း ရှိသေးသည်။ သူမွေးဖွားတိုင်း မလေးနုကို ငွေမပေးနိုင်ပေမယ့် သူရောင်းသော သစ်သီးများထဲမှ တစ်မျိုးမျိုး ပေါ်ဦး ပေါ်ဖျား မလေးနုကို လာပေးတတ်သည်။ စားပွဲပေါ် သရက်သီးခြင်းကို တင်လိုက်သည်။ သူ့ခေါင်းမှာ ဗန်းရွက်လာသည်ကို မတွေ့ရလျှင် မလေးနုက သံသယဖြစ်နေသည်။ မွေးဖွား၍သော်လည်းကောင်း၊ အရင်းအနှီးမရှိ၍သော်လည်းကောင်း သူ့ခေါင်းပေါ်မှာ ဈေးဗန်းက လွတ်နေခြင်းဖြစ်သည်။ ကျန်အချိန်တွေမှာတော့ ခေါင်းပေါ် မှာ ဈေးဗန်းရွက်ရမြဲ။ ဈေးဗန်းကြီး ခေါင်းမှာရှိသလို ဗိုက်ထဲမှာ ကလေးကလည်း ပြတ်သည်မရှိ၊ ပြတ်လှ တစ်နှစ်ပဲ။
“နေကောင်းပါတယ် မမရဲ့၊ ကလေးတွေ ကျောင်းဖွင့်တော့ ကျောင်းအပ်ရ၊ သူတို့အဖေ နေမကောင်းလို့ ကျွန်မ ငွေရင်းထဲက ပါသွားလို့၊ ငွေတစ်ထောင်လောက် မမဆီ ခဏလာယူတာပါ၊ သရက်သီးတွေရမှာမို့"
ပြုံးစေ့စေ့နှင့် မစိန်အေးက သူ့ကိုကြည့်နေသည်။ ပါးစုံ့ပြဲပြဲက ညိုညို၊ အိအိဖောင်းဖောင်း။ လူကလည်း ဝဝဖိုင့်ဖိုင့်နှင့် ချစ်စရာတော့ ကောင်းသား။
"မမ ငွေကို သရက်သီးရောင်းပြီး ပြန်ဆပ်ပါ့မယ်၊ ငွေက အရေးအကြောင်းဆို စုထားပါတယ်၊ မမ သိတဲ့အတိုင်း တစ်ယောက် မွေးရင် ပါသွားပြန်ရော၊ သူ့အဖေ ပန်းရံလုပ်တာက သူစားတာနဲ့ ကုန်တာ”
“အဲဒီတော့လည်း မမွေးအောင်လုပ်ပါလို့ မလေး ခဏခဏ ပြောတာလည်း မရဘူး၊ မစိန်အေးက နားမှမထောင်ဘဲ၊ အဆန်းပဲ၊ ဒီဆေးခန်းမှာ တွေ့ရတာ ချမ်းသာတဲ့လူတွေက ကျွေးနိုင်မွေးနိုင်ရယ်နဲ့ ကလေးမလိုချင်၊ မစိန်အေးတို့ကျတော့လည်း ကလေး ဘာလို့ များများယူချင်ရတာလဲ"
မလေးနုက ကရုဏာဒေါသောနှင့် ပြောလိုက်သည်။
"မလိုချင်ချင် လိုချင်ချင် သူ့ဟာသူရနေတာ မမလည်း သိသားနဲ့"
မစိန်အေးပြောပုံက အပြုံးမပျက်။
“အဲဒါ မရအောင်လုပ်ပါလို့ သားဝေးအောင် နည်းမျိုးစုံ မလေး ရှင်းပြပြီးပြီ၊ မစိန်အေးတို့က စကားနားမထောင်ဘူး၊ ကိုယ် မွေးလာတဲ့ကလေး ကျွေးနိုင်ဖို့လည်း အရေးကြီးတယ်”
"ကျွန်မယောက်ျားက သဘောမှမတူတာ"
"သဘောသာ မတူတယ်၊ ဒီကလေးတွေ ဝအောင်ကျွေးဖို့လည်း သူလည်း မရှာနိုင်ဘူး၊ မစိန်အေးကသာ ဝတာ၊ မစိန်အေး ကလေးတွေ ဒီဆေးခန်းရှိပေလို့၊ ချူချာလိုက်တာ လွန်ရော၊ ပိန်လှီနေတာ၊ သားဝေးတော့ သူတို့ကိုလည်း ကောင်းကောင်းကျွေးနိုင်တယ်၊ လူကြီးလည်း ကျန်းမာတယ်၊ ပိန်ချည့်ချူချာတာတွေ မွေးနေတော့လည်း ဆေးဖိုးနဲ့ကုန်တာ၊ ကိုယ့်ယောက်ျားကိုယ် နားလည်အောင်ပြောပြ၊ အခုပဲ ဘယ်နှယောက်"
"ငါးယောက်၊ ခု ဗိုက်ထဲမှာ တစ်ယောက်၊ သုံးယောက်က သေတယ်လေ၊ စုစုပေါင်း ရှစ်ယောက်ပေါ့”
မလေးနုကိုကြည့်ရင်း မစိန်အေး ပြောလိုက်သည်။
"ရော့... ငွေတစ်ထောင်ယူသွား၊ ဒီကလေး မွေးပြီးရင်တော့ တော်တော့"
မလေးနု ပြောပြောဆိုဆို လှမ်းပေးသော ငွေကိုယူ၍ မစိန်အေးက နှုတ်ဆက်ကာ ထွက်သွားတော့သည်။ ဘယ်လိုပဲ နားလည်အောင်ပြောပြော မစိန်အေးက သဘောမပေါက်နိုင်၊ သူ့ကလေးတွေကိုလည်း သူပြန်မကြည့်နိုင်။ ဈေးဗန်းခေါင်းရွက်ကာ ပြေးလွှားရင်း ကလေးမွေးနေရလေတော့ ပြန်ကြည့်ချိန်မရ။ အကြီးဆုံး ချိုမက မိန်းကလေးဖြစ်နေ၍ တော်သေး၊ အငယ်များ ပြန်ထိန်းကာ အိမ်မှာ တတ်သလောက် မှတ်သလောက် ချက်ကျွေးသည်။ သူ့အောက် အငယ်တွေ ကျောင်းထားသည့်အရွယ်ပင် ရောက်ပြီ။ ချိုမက ကျောင်းမနေနိုင်သေးပါ။
ချိုမသည် ဆေးခန်းကို လမ်းပေါက်နေပြီ။ မစိန်အေး မပါလည်း လာတတ်သည်။ သူ၏ခါးပေါ်မှာက ကလေးတစ်ယောက်ယောက် ပါမြဲ။ မောင်လေးဖြစ်ဖြစ်၊ ညီမလေးဖြစ်ဖြစ် ပါတတ်သည်။ မလေးနုကတစ်ဆင့် ဆက်သွယ်ပေး၍
ကလေးကုဆရာဝန် ဒေါ်ခင်သန်းအေးနှင့် ချိုမက အဆက်အသွယ်ရပြီးပြီ၊ ဆေးလာယူပြီးတိုင်း မလေးနုကို နှုတ်ဆက်ပြီးမှ ပြန်သည်။
“ကဲ... ဆိုစမ်း၊ ဒီတစ်ခါ မောင်လေးက ဘာဖြစ်ပြန်လဲ"
“ဝမ်းသွားလို့
မလေးနုအမေးကို ချိုမက ဖြေသည်။
“အစားမှားလား”
"အန်တီ ဒေါ်ခင်သန်းအေးကပြောတော့ နို့ဆီမကောင်းလို့တဲ့"
“ဪ.. မစိန်အေးက သူဌေးမဆိုတော့ ကလေးကို နို့မတိုက်ဘူးလား”
"အမေက ညပဲတိုက်နိုင်တာ၊ အမေ ဈေးရောင်းထွက်သွားတော့ မနက်အစောကြီးကတည်းက သွားတာ၊ ကျွန်မ အစကတော့ ကော်ဖီဝယ်တိုက်တယ်၊ ကော်ဖီက တစ်ခွက်နှစ်ဆယ်ဆိုတော့ နို့ဆီဘူးဝယ်ပြီး ဖျော်တိုက်လို့ မောင်လေး ဝမ်းပျက်နေတယ်”
မလေးနုသည် ဘာမှ ဆက်မမေးလိုတော့ပါ။ မိခင်နို့ အာဏာရအပြည့်ရသည်တော့ မှန်ပါရဲ့။ နို့တိုက်ရမည့် မိခင်က လမ်းပေါ်ပြေးနေရလေတော့ မိခင်နို့မတိုက်နိုင်။ ချိုမကရော နာနီတွေလို နို့ဘူးပြုတ်တာတို့၊ ပိုးသတ်တာတို့ ဘယ်လုပ်တတ်ပါ့မလဲ။ လုပ်တတ်လည်း ချိုမအဖို့ လုပ်ချိန်မရပါ။ အရွယ်နှင့်မမျှ လုပ်ရလွန်း၍ လုပ်ရသည့် အိမ်တာဝန် ပိပုံရသည်။
ချိုမကိုယ်တိုင် သူ့ကိုယ်သူကုဖို့ ဆေးခန်းကို ရောက်လာတတ်သည်။ ချိုမကိုကြည့်ရတာ ထွေထွေထူးထူး ရောဂါ မဟုတ်ပါ။ အာဟာရချို့ယွင်းတာပါပဲ။ ဆယ့်နှစ်နှစ်လောက်အရွယ်မှာ စားကောင်း၊ ကစားကောင်းရမည့်အရွယ်။ ချိုမက အိမ်ရှင်မကြီးလို အမေအပြန်ဝယ်လာသော သားငါးတချို့နှင့် ဟင်းသီးဟင်းရွက်ကို အမေညွှန်ကြားသလို ချက်ရသည်။ ပထမတော့ ခဏခဏ အခေါက်ခံရသည်။ ယခုတော့ အခေါက်မခံရတော့ပါ။ ဒါပေမဲ့ အဖေ့ဖို့ ထမင်းဘူးထည့်ပေးရ၊ မောင်လေး ညီမလေးတွေ ဟင်းခွက်မှာ လက်ရှုပ်နေတာနှင့် ချိုမသည် နောက်ဆုံးတော့ အိုးလူးခွက်လူးဟင်းနှင့် ငါးပိရည်ကိုပဲ စားရသည်များသည်။ ဒါ့ကြောင့် ပိန်လှီသည်။ ဒါပေမဲ့ ချိုမ အလုပ်နှင့်လက် မပြတ်၊ ဖွပ်တာလျှော်တာလည်း သူပါပဲ။ ကစားဖို့ဆိုတာကို သတိမရ။ ကလေးဘဝဆိုတာကိုတောင် ချိုမ မေ့ကောင်းမေ့နေမည်။ ဒါကိုတော့ မလေးနု ချီးကျူးသည်။ မစိန်အေးလို မရှိလည်း မရှိ၊ မသိလည်း မသိ၍ ဖြစ်ရသော ရောဂါများကို သူ ဟောရ ပြောရသည်ကို တစ်ခါတစ်ရံ စိတ်မရှည်တော့ပါ။
ငွေကြေးခန်းက သူတို့ငွေနှင့် သူတို့ တတ်နိုင်သူတွေ။ စေတနာခန်းက ဆင်းရဲသူတွေများလေတော့ မရှိခြင်း၊ မသိခြင်း ပြဿနာတွေက အများကြီး။ တတ်နိုင်သလောက် သည်းခံဖြေရှင်းပေးရသည်ပဲ ဖြစ်သည်။
* * *
တော်သလင်းလပြည့်နေ့မှာတော့ မလေးမွေးနေ့ဖြစ်၍ ဘုရားတက်ချင်သည်။ ဒါပေမဲ့ လပြည့်နေ့မှာ သူ့ဂျူတီက ခွဲစိတ်ရမည့်နေ့ဖြစ်၍ ဘုရားကို သွားနိုင်မည်မဟုတ်၊ နံနက်ပိုင်း ခွဲခန်းဝင်ပြီး ညနေမှာတော့ ဘုရားတက်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ရွှေတိဂုံဘုရားမသွားနိုင်လည်း သူ့အခန်းက ဘုရားမှာပဲ ပန်းကပ်တော့မည်။ သူသည် ဦးစံမောင်ကို ခေါ်လိုက်သည်။
"ဦးစံမောင် နက်ဖြန် မလေး မွေးနေ့မို့လို့ ဘုရားမှာ ပန်းသက်စေ့ကပ်ချင်လို့၊ မနက် ဈေးသွားရင် သစ္စာပန်းအဖြူ လေးဆယ့်ရှစ်ခိုင် ဝယ်ခဲ့ပါ"
“ကောင်းပါပြီ”
ဦးစံမောင်က ပြန်လှည့်ထွက်သွားသည်။ မကြာခင် သူဇာ ဝင်လာသည်။
"ဟင်... သူဇာ ကျောင်းမသွားဘူးလား”
မလေးနုက မေးလိုက်၏။
“ဖေဖေ့ကို ထမင်းကျွေးပြီးမှ သွားမယ်၊ ဒီနေ့ကလပ်စ်က ညနေပိုင်းမှ၊ ခုန ဦးစံမောင်က ဟင်းတွေလာပို့ရင်း ပြောသွားတယ်၊ နက်ဖြန် အန်တီမလေး မွေးနေ့ဆို”
"အန်တီမလေး လေးဆယ့်ရှစ်နှစ်ရှိပြီလား၊ ဘုရားပန်း လေးဆယ့်ရှစ်ခိုင် မှာတယ်ဆို"
အန်တီမလေး အသက်က လေးဆယ့်ငါးနှစ်။ ဘုရား၊ တရား၊ သံဃာ သုံးပါး စုစုပေါင်း လေးဆယ့်ရှစ်ပေါ့၊ နက်ဖြန် ဘုရားသွားချင်မှ သွားနိုင်မှာမို့ အိမ်မှာပဲ ကပ်မယ်"
"ထွန်းမောင် မေးကြည့်ဦးမယ်၊ အားရင် ညနေ သွားတာပေါ့၊ သူဇာရော ဖြူပြာပါ လိုက်မယ်”
သူဇာက ပြောပြောဆိုဆို ထွက်သွားသည်။
နောက်နေ့မှာ မလေးနုသည် ခွဲစိတ်ခန်းဝင်ရင်း ဒီတစ်နေ့အဖို့ သူ၏မွေးနေ့အလှူအဖြစ် လူနာများကို ခွဲစိတ်ကုသခြင်းဟု အာရုံပြုကာ သူခွဲစိတ်သည်။ ခါတိုင်းလည်း မခွဲခင် ဘုရားကိုအာရုံပြု၊ လူနာကို မေတ္တာပို့ပြီးမှ ခွဲသည်။ ယနေ့ခွဲစိတ်သော လူနာ အမျိုးသမီးများမှာ ငွေကြေးခန်းက သုံးယောက်၊ စေတနာခန်းက နှစ်ယောက်။ ရောဂါကြီးသူ နှစ်ယောက်က ငွေကြေးခန်းဖြစ်သည်။ ထိုနေ့ ငါးယောက်အတွက် သူ ခွဲစိတ်ခ မယူ၊ လှူဒါန်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ငွေရှင်းသည့်အချိန်ကျလျှင် ထိုနေ့ရသည့်ငွေကို စေတနာခန်း ရန်ပုံငွေကို လှူလိုက်ရုံပဲ။
နေ့လယ် နှစ်ချက်တီးကျော်မှ ခွဲစိတ်ပြီး၍ တင်သက်မာနှင့်အတူ ထမင်းစားခန်းကို ဝင်လာသည်။ သူတို့နှစ်ယောက် ထမင်းစားခန်းထဲ ဝင်ဝင်ချင်း "Happy Birthday to you" ဟု သံပြိုင်ဆိုလိုက်သော အသံများကို ကြားရ၍ မလေးနုမှာ အံ့အားသင့်ရင်း ခြေလှမ်း တုံ့သွားသည်။ စားပွဲမှာရပ်၍ သံပြိုင်ဆိုနေသူများက ရှိန်းသူဇာ၊ ဖြူပြာနှင့် ဦးပြူး။
“လာပါ အန်တီမလေးရဲ့၊ ဒီမှာ အန်တီမလေးအတွက် မွေးနေ့ကိတ်မုန့်"
ဖြူပြာက ခေါ်လိုက်သည်။
မလေးနုမှာ စားပွဲမှာထိုင်လိုက်ရင်း ဝမ်းသာသွားသည်။ တင်သက်မာကလည်း သားအဖများမျက်နှာကို လှမ်းကြည့်ရင်း ကျော်သွားသည်။
“သူဇာ မနေ့က အားလုံးစီစဉ်ထားတာ၊ အန်တီမလေးက ဒီနေ့ သူ့မွေးနေ့ဆိုတာ ဦးစံမောင်ကို ပြောကတည်းက အန်တီမလေးအတွက် ကိတ်မုန့်ကို မှာလိုက်တယ်၊ ပြီးတော့ ဒီနေ့ စေတနာခန်းကို ထမင်းမကျွေးဘဲ ခေါက်ဆွဲကြော် စပါယ်ရှယ်ကျွေးတယ်၊ အလှူရှင်က ဒေါက်တာမလေးနုလို့ ပြောလိုက်တယ်၊ သူဇာနဲ့ ဖြူပြာက မှာလိုက်တဲ့ အန်တီမလေးအတွက် မွေးနေ့ကိတ် မလှဘူးလား၊ ကြည့်ပါဦး”
သူဇာက ကိတ်မုန့်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ မလေးနုသည် သူ့ကို အရေးတယူစီစဉ်ပေး၍ ဝမ်းသာကြည်နူးမိပါသည်။ သူသည် ယခုလို မိသားစုသိုက်သိုက်ဝန်းဝန်း၏ ကရုဏာထားမှုကို မခံစားရသည်မှာ ကြာပြီ။ ကိတ်မုန့်အပိုင်းလေး၏ အနားသတ်မှာ ပန်းခွေနှင့်သတ်ထား၍ အလယ်မှာ အသည်းပုံလေးနှင့် စာတန်းရေးထိုးထားသည်။
အန်တီမလေး ချမ်းမြေ့ရွှင်လန်းပါစေ
ရှိန်းမိသားစု
“ကျေးဇူးတင်လိုက်တာ ဖြူပြာနဲ့ သူဇာရယ်၊ အန်တီမလေး ပျော်သွားတာပဲ”
“ဦးပြူးကိုလည်း ကျေးဇူးတင်၊ မနေ့က သူဇာ ကမန်းကတန်း သူ့ကို ခိုင်းရတာ”
“ကျေးဇူးတင်ပါတယ် ဦးပြူးရယ်”
ဦးပြူးမျက်နှာကလည်း ပြုံးပြုံးကြီး။
'ကဲ... ဖေဖေ့ကို မနေ့က သူဇာပြောထားလို့ ဖေဖေကလည်း အန်တီမလေးကို မွေးနေ့လက်ဆောင် ပေးမယ်ဆို”
“ပေးမှာပေါ့”
ရှိန်းက စားပွဲထိပ်မှ ထလိုက်သည်။ မလေးနုက တအံ့တသြနှင့် ရှိန်းရှိရာသို့ ကြည့်လိုက်သည်။ ဦးပြူးက နံရံကပ်စားပွဲခုံပေါ်မှ ပိုးပဝါဖြူလေးအုပ်ထားသော ငွေလင်ပန်းလေးကို ရှိန်းလက် လှမ်းပေးလိုက်သည်။ ရှိန်းသည် ငွေလင်ပန်းလေးကိုယူကာ မလေးနုအနား ကပ်လာသည်။ ငွေလင်ပန်းပေါ်မှ ပဝါပါးလေးကို ဖွင့်လိုက်တော့ မလေးနုရင်တွေ တလှပ်လှပ် ခုန်လာသည်။ လင်ပန်းပေါ်မှာ စံပယ်ကုံးတစ်ခွေအလယ်တွင် ကတ္တီပါဘူးလေး။ ရှိန်းက စံပယ်ကုံးကိုယူကာ မလေးနုလည်မှာ စွပ်လိုက်သည်။ ပြီးတော့ ကတ္တီပါဘူးလေးထဲမှ လက်စွပ်ကိုယူကာ မလေးနု ညာဘက်လက်ခလယ်မှာ စွပ်လိုက်သည်။ လက်စွပ်က တစ်လုံးတည်းလက်စွပ်လေး။
“ဟေး…."
သူဇာနှင့် ဖြူပြာတို့က သံပြိုင်အော်ကာ လက်ခုပ်တီးလိုက်တော့ ရှိန်း၊ သက်မာနှင့် ဦးပြူးတို့ပါ မနေနိုင် လက်ခုပ်တီးကြသည်။
“ကျေးဇူးတင်လိုက်တာ ရှိန်းရယ်”
မလေးနုက အသံတုန်ယင်စွာပြောရင်း မျက်ရည်များလည်လာသည်။ ဖြူပြာနှင့် သူဇာတို့က အနားကပ်ကာ မလေးနုပါးကို တစ်ဖက်စီ နမ်းကြသည်။ မလေးနုသည် တော်တော်နှင့် စကားပြန်မပြောနိုင်။
"ကဲ…. အန်တီမလေး၊ ကိတ်မုန့် ဓားနဲ့လှီးလေ၊ ဒီနေ့ ခေါက်ဆွဲကြော် အန်တီမလေးအလှူ၊ အန်တီမလေး ပြန်စားပေတော့”
သူဇာက မုန့်လှီးဓားလေး လာပေးသည်။ မလေးနုသည် မုန့်ကိုခွဲစိတ်ကာ မုန့်စားပန်းကန်ပြားပေါ် ထည့်လိုက်စဉ် ဦးပြူးက ခေါက်ဆွဲပန်းကန်များ လိုက်ချပေးသည်။
မလေးနုက စားရင်းမှ "ဒီနေ့ အန်တီမလေး အလှူဆိုတော့ စေတနာခန်းအတွက် ကုန်သမျှ ခေါက်ဆွဲကြော်ဖိုး လှူမယ်နော်”ဟု ပြောလိုက်သည်။
"ဦးပြူး ပြန်ရင်လည်း ကိတ်မုန့်နဲ့ အိမ်ကလူတွေအတွက် ယူသွားပါ၊ မလေးက လှူပါတယ်လို့ ပြောပါ”
ဦးပြူးက ဝမ်းသာအားရ ခေါင်းညိတ်ပြသည်။
“ဖေဖေ ညနေ ဘယ်မှမသွားရင် ကားပေးပါ၊ သမီးတို့ အန်တီမလေးနဲ့ ဘုရားတက်မလို့"
“ညနေ ခြောက်နာရီဆို အားပါပြီ”
"အိုကေ အန်တီမလေး ညနေ ဘုရားသွားမယ်နော်၊ အန်တီသက်မာရော အဆက်ကြီးဆီ ခွင့်တောင်းပြီး လိုက်ခဲ့ပါလား"
"ကြိုတင်ချိန်းမထားတော့ အန်တီသက်မာ တခြားအစီအစဉ်ရှိလို့ ခွင့်ပြုပါ"
သူဇာသည် ဝမ်းသာအားရ တက်ကြွနေသည်။ မလေးနု၏မွေးနေ့ပွဲလေးကို သိပ်သိပ်သည်းသည်း စီစဉ်ပေးရ၍ သူ ကျေနပ်နေသည်။
* * *
မလေးနုအဖို့ လေးဆယ့်ငါးနှစ်မြောက် မွေးနေ့ပွဲလေးကို ဘယ်တော့မှမမေ့ပါ။
ဦးပြူးက အိမ်ပြန်ရောက်လာသည်။ သူသည် ထမင်းချိုင့်ကြီးကို စားပွဲပေါ်တင်လိုက်တော့ ဦးထွန်းနှင့် ဒေါ်သိန်းမေတို့က အနားရောက်လာသည်။
"ဟော... ဦးပြူး ပြန်လာပြီလား၊ မနက်က ဘာမှ ချက်ယူမသွားဘူး၊ ဒီချိုင့်ကြီးက ဘာလဲ”
ဒေါ်သိန်းမေက မေးရင်း ချိုင့်ကို တစ်ခုစီ ဖြုတ်နေသည်။ အေးသည် လှေကားမှဆင်းလာကာ ထမင်းစားခန်းဝ ခန်းဆီးအကွယ်မှာ ရပ်နေသည်။
"ဟယ်... ခေါက်ဆွဲကြော်တွေပါလား”
ဒေါ်သိန်းမေက အော်ဟစ်ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီနေ့ ဒေါက်တာမလေးနု မွေးနေ့လေ၊ မွေးနေ့အထိမ်းအမှတ် ဆေးတိုက်တစ်ခုလုံး ခေါက်ဆွဲကြော် ကျွေးတယ်”
အေးသည် ဦးပြူးစကားပြောသံကို ဆက်နားထောင်နေသည်။
“ကိတ်မုန့်တွေလည်းပါတယ်နော်”
“အေး… ဒေါက်တာမလေးနုက အိမ်ကလူတွေစားဖို့တဲ့ ထည့်ပေးလိုက်တာ၊ မမကို ဦးချပြီး ခွဲထား၊ မင်းတို့ ယူပြီး စားပစ်၊ မွေးနေ့လေးက ပျော်စရာဟယ်”
အေးရင်ထဲမှာ တုန်လှုပ်လာသော်လည်း လူက လှုပ်မရ။
“မနေ့ကတည်းက သူဇာက ငါ့ကို မွေးနေ့ကိတ်မှာခိုင်းလို့ မှာရတာ၊ ဒီနေ့ ဆေးတိုက် မီးဖိုမှာ ခေါက်ဆွဲကြော်ဖို့ သူဇာက အားလုံးစီစဉ်တယ်၊ ထမင်းစားခန်းမှာ ပျော်စရာကောင်းလိုက်တာ၊ မလေး ဝင်လာတော့ ဆရာတို့သားအဖတွေ အင်္ဂလိပ်လို အော်တယ်”
အေးသည် နားထောင်နေရာမှ လည်ပတ်နေသော သွေးများ ရပ်တန့်သွားသလိုပင် တောင့်တောင့်ကြီး ဖြစ်သွားသည်။
"ငါမေးကြည့်တော့ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ”လို့ ဆုတောင်းတာတဲ့၊ ပြီးတော့ သူဇာက ဖေဖေကလည်း အန်တီမလေးအတွက် မွေးနေ့လက်ဆောင်ပေးပါလိမ့်မယ်လို့ ပြောတော့ ...”
ဦးပြူးပြောသံကို ဆက်၍ကြားရသောအခါ … အေး အသက်မရှူနိုင်။
"ငါကလေ ဆရာ စီစဉ်ထားတဲ့အတိုင်း ပိုးပဝါဖြူလေး အုပ်ထားတဲ့ ငွေလင်ပန်းလေးကို ဆရာ့လက်ထဲ ထည့်လိုက်တယ်၊ ဆရာက လင်ပန်းကိုယူသွားပြီး မလေးနုအနားမှာ ရပ်လိုက်တယ်၊ ပဝါလေးကို ဖွင့်လိုက်တော့ အထဲမှာ စံပယ်ပန်းကုံး၊ ဆရာကလေ စံပယ်ကုံးကိုယူပြီး မလေးနုလည်တိုင်မှာ စွပ်လိုက်တယ်”
အေးသည် ယိုင်မသွားအောင် စိတ်ကို ထိန်းထားသည်။ သွေးများက နားထင်မှာ တဒိတ်ဒိတ်နှင့် တိုးလာသည်။
“ပြီးတော့ ငွေလင်ပန်းထဲက ကတ္တီပါဘူးလေးထဲက လက်စွပ်လေးယူပြီး ဆရာက ဒေါက်တာမလေးနုလက်ကို စွပ်ပေးလိုက်တော့ တို့အားလုံးက လက်ခုပ်ဝိုင်းတီးကြတယ်၊ ပြီးတော့ သူဇာတို့ညီအစ်မကလေ ဒေါက်တာမလေးနုပါးကို တစ်ဖက်စီ နမ်းကြတယ်၊ သူတို့ညီအစ်မ မလေးနဲ့ ဒီညနေ ဘုရားသွားကြလိမ့်မယ်"
အေးသည် ရင်တွေပါ တဒိတ်ဒိတ်ခုန်လာသည်။ မျက်လုံးမှ မျက်ရည်တွေ တွေတွေစီးကျလာသည်။ တစ်စုံတစ်ခုစားဖို့ ထမင်းစားခန်းကို ဆင်းလာခြင်းပဲ။ ဘာမှ စားလိုစိတ် မရှိတော့ပါ။ ဟိုတစ်ခါ ခန်းဆီးနောက်မှာ ရပ်၍ ဦးပြူးတို့ စကားပြောသည်ကို နားထောင်ခဲ့ဖူးသည်။ ဒီတုန်းက ဒေါသတွေ ပေါက်ကွဲခဲ့ရသည်။ ယခုတော့ ဘာစကားမှ မဆိုချင်။ ဖြည်းညင်းစွာ လှမ်း၍ လှေကားရှိရာ ရောက်လာကာ တစ်ထစ်ချင်း ဖြည်းဖြည်းတက်လာသည်။
အိပ်ခန်းထဲဝင်၍ ခုတင်ပေါ် လှဲပြီးချိန်မှာ ဒေါသကတော့ ဖြစ်မလာ။ ကြေကွဲဝမ်းနည်းခြင်း၊ ဆွေးမြည့်ခြင်းက ရင်ထဲမှာ ပိုကဲလာသည်။ ယခင်အခါက ရှိန်း မိန်းမတွေပွေတိုင်း သူဇာသည် အမေ့ဘက်မှ အမြဲရပ်တည်ခဲ့သည်။ သန္တာလှိုင် အေးတို့အိမ်ကို ဝင်ထွက်နေသည်ကိုပင် သူဇာက မကြိုက်၊ သန္တာလှိုင်ကို အရောတဝင် နေသည်ကို ဆူပွဆူပွ လုပ်ခဲ့သည်။ ယခုတော့ သူဇာကိုယ်တိုင်က မလေးနုမွေးနေ့ပွဲ ကျင်းပပေးသည်တဲ့။ မလေးနုကိုလည်း ရှိန်းက မွေးနေ့လက်ဆောင် စိန်လက်စွပ်လေးကို မလေးနုလက်မှာ ကိုယ်တိုင် ဝတ်ပေးသတဲ့။ ဪ.. ဘယ်လိုအဖြစ်များပါလိမ့်။ သူ့မှာတော့ တစ်ယောက်တည်း။ အခန်းကျယ်ကြီးထဲက အိပ်ရာပေါ်မှာ အာကာတို့၊ ဝဏ္ဏတို့လည်း မရှိ။ သမီးတွေ အားလုံးကလည်း မလေးနုနှင့် ဘုရားပေါ်မှာတဲ့။ စိတ်မမှန်သူ သမီးမူရာတစ်ယောက်ပဲ ခြေရင်းခန်းမှာ ရှိသည်။
မလေးနုဆိုသော မိန်းမသည် ဘယ်လိုမိန်းမလဲ သူသိချင်လိုက်တာ။ တဖြည်းဖြည်းနှင့် သူ၏မိသားစုကို ထိုးဖောက်ဝင်ရောက် သိမ်းသွင်းလာလိုက်သည်မှာ အမာခံ သူဇာပင် ပါသွားသည်။ အေးသည် သက်ပြင်းရှိုက်ရာမှ တစိမ့်စိမ့်နှင့် ငိုကြွေးနေမိသည်။ ရှိန်းတစ်ယောက် သူ့ဆီပြန်လာဖို့ တဖြည်းဖြည်း ဝေးပြီထင်ပါရဲ့။
* * *
သူဇာတို့ညီအစ်မကတော့ မလေးနုနှင့်အတူ ရွှေတိဂုံဘုရားရင်ပြင်မှာ လှည့်လည်ဖူးမြော်ကြရင်း မလေးနုနှင့် မွေးနံကြာသပတေးထောင့်မှာ ဆီမီးသက်စေ့၊ ပန်းသက်စေ့၊ ရေသက်စေ့ ပူဇော်ကြသည်။ မလေးနု ရင်ထဲမှာတော့ မြတ်စွာဘုရားရိပ်မှာ ကြည်နူးအေးချမ်း၍နေပေသည်။ သူတို့သုံးယောက် အနောက်ဘက် စောင်းတန်းကို ဆင်းအလာ မလေးနုကို လူတစ်ယောက် လှမ်းနှုတ်ဆက်သည်။ မလေးနုမှာ ခေတ္တအံ့အားသင့်နေပြီးမှ ..
"ကိုစိန်မောင်"ဟု နာမည်ကို လှမ်းခေါ်လိုက်သည်။
“မမ ဘုရားလာလား"
"ဟုတ်ပါတယ်"
“ကျွန်တော်လည်း ဘုရားလာပါတယ်၊ နည်းနည်းနေကောင်းလို့၊ ဒါနဲ့ မမကို ကျွန်တော်တို့ ပြောရဦးမယ်၊ ကျွန်တော်တို့ ဘဝမြင့်ရိပ်သာကို ဖျက်လိုက်ပြီ၊ လျော်ကြေးရတဲ့ငွေနဲ့ သန်လျင်ဘက်မှာ ကျွန်တော်တို့သားအဖ မြေလေးတစ်ကွက်ရပြီး တဲထိုးနေတယ်”
“ဝမ်းသာတယ် ကိုစိန်မောင်၊ လေကောင်းလေသန့်ရဖို့လို တယ်၊ အိမ်ပတ်ဝန်းကျင်လည်း ဂရုစိုက်၊ ဆေးလည်း မှန်မှန်သောက်"
"သွားလိုက်ပါဦးမယ် မမ"
ကိုစိန်မောင်က နှုတ်ဆက်ထွက်သွားသည်။
"အန်တီမလေး လူနာလား၊ အန်တီမလေးကလည်း သွားလေရာ အသိပေါလိုက်တာ”
"ဟုတ်တယ်၊ သူတို့ အရင်နေတဲ့ရပ်ကွက်က နာမည်က ဘဝမြင့်ရိပ်သာတဲ့၊ လူတွေကတော့ ဆင်းရဲလားမပြောနဲ့၊ ရပ်ကွက်ကလည်း ရေသွားကြောင်းမရှိ၊ ညစ်ပတ်နံစော်နေတာပဲ၊ ခု သန်လျင် ပြောင်းရတယ်ဆိုတော့ လေကောင်းလေသန့်ရရင် သူက အဆုတ်နာသမားဆိုတော့ ကျန်းမာရေးအတွက် ကောင်းပါတယ်"
သူတို့သုံးယောက် အနောက်ဘက်စောင်းတန်းမှဆင်း၍ ပြန်လာခဲ့သည်။ မလေးနုကို ဆေးတိုက်ချခဲ့ကာ သူဇာတို့ အိမ်ပြန်လာခဲ့သည်။
အိမ်မှာ အေးအေးသည် သူတို့ကို ဘာမှမမေး၊ တိတ်ဆိတ်စွာပင် အိပ်နေသည်။ ဖြူပြာက အနားကပ်လာသည်။
“မေမေ နေကောင်းလား၊ ဒီညစာ ဘာစားမလဲ”
တယုတယ မေးကာ လက်ကို ဆုပ်ကိုင်လိုက်သည်။ အေးသည် ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။
"မေမေ အိပ်ချင်တယ်၊ ဘာမှ မစားချင်ဘူး"
"အိပ်ခါနီး အိုဗာတင်းနဲ့ ဆေးတော့ သောက်လိုက်ပါ "
ဖြူပြာက အိုဗာတင်းယူဖို့ အောက်ဆင်းသွားသည်။ သူ့သမီး သူဇာသည် သူ့ထံ မလာလိုတော့ဘူး ထင်ပါရဲ့။ အေးသည် သူဇာတစ်ယောက် အခန်းထဲကို ဝင်လာလိုလာငြား မျှော်မိသည်။
အပိုင်း(၆)ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment