Friday, July 22, 2022

ဗညားရှိန်း (အပိုင်း - ၆)

ဦးပြူးသည် ထမင်းချိုင့်ကြီးနှင့် ဆေးတိုက်ပေါ် တက်လာသည်။ မလေးနုကို လိုက်ရှာသည်မှာ မတွေ့၊ မွေးခန်းထဲ ဝင်နေသည်ဟု ဆိုသည်။ ရုံးခန်းထဲဝင်ကာ ဖြူပြာကို အခန်းအပြင်သို့ ခေါ်လာခဲ့သည်။


“ဘာကိစ္စရှိလို့လဲ ဦးပြူး"


ဖြူပြာက မေးလိုက်၏။


"ဆရာ မရောက်လာသေးဘူးလား"


"ဒီနေ့ နောက်ကျမယ်၊ စူပါမားကက်မှာ အစည်းအဝေးရှိလို့၊ ဘာကိစ္စရှိလို့လဲ၊ ဦးပြူးကလည်း ပြောမှာ ပြောပါ”


“ပြောမှာပါ၊ ဆရာနဲ့မှ ဖြေရှင်းလို့ရမှာမို့လို့"


“ဘာဖြစ်လို့လဲ”


“အာကာ မိန်းမ ခိုးလာတယ်" -


ဖြူပြာက မျက်နှာရှုံ့လိုက်သည်။


“ဟင်း... ဖြစ်ရမယ်၊ ခိုးလာရော ဘာနဲ့ရှာကျွေးမှာလဲ” 


“ဆရာက ကျွေးပေါ့၊ လောလောဆယ် မမနဲ့ ပြဿနာဖြစ်နေကြတယ်”


"ဘယ်လို၊ မေမေနဲ့လား”


"ဟုတ်တာပေါ့၊ သူ့အိမ်ပေါ် ဒီကောင်မလေး မတင်ရဘူးတဲ့၊ ဦးပြူးတို့ကလည်း ကလေးမလေး အားနာလို့ ဟိုကားဂိုဒေါင်ဟောင်းထဲ ခဏထားလိုက်ရတယ်၊ ဒီလို ကြာကြာနေလို့ ဘယ်ဖြစ်ပါ့မလဲ"


ဖြူပြာသည် ခေါင်းစုံကုတ်ကာ ခုံတန်းပေါ် ထိုင်ချလိုက်သည်။


“ခက်လိုက်တာနော်၊ ဖြူပြာတို့မောင် ယူရင်တော့ ဒုက္ခခါးစည်းခံပေတော့၊ ဆေးသမားကိုများ ကြိုက်တဲ့လူရှိသေးတယ်၊ သူတို့ ဒုက္ခရောက်မှာစိုးလို့ ဖြူပြာပြောတာပါ၊ ကဲ... ဦးပြူးရယ်၊ ထမင်းစားခန်းကသာ စောင့်နေ၊ ဖေဖေ ရောက်ရောက်ချင်းလည်း ဘာမှမပြောနဲ့ဦး၊ အန်တီမလေးလည်း ခွဲစိတ်ခန်းထဲ ဝင်နေတယ်၊ ထမင်းစားခန်း နောက်ကျမှာပဲ၊ အဲဒီတော့မှ တိုင်ပင်ကြသေးတာပေါ့”


ဖြူပြာက ပြောကာ ရုံးခန်းထဲပြန်ဝင်သွားသည်။ ဦးပြူးကတော့ အပေါ်ထပ် ထမင်းစားခန်းထဲဝင်သွားကာ စောင့်နေသည်။ ယနေ့မှာ တင်သက်မာအလှည့်မဟုတ်၍ မလေးနုတစ်ယောက်တည်း တခြားအကူဆရာဝန်နှင့်အတူ မွေးလူနာများမွေးပြီး၍ ထွက်လာကြသည်။


မလေးနုက ရုတ်တရက် ထမင်းစားချင်စိတ်မရှိသေး၍ သူ့အခန်းပြန်ကာ ရေချိုးနေသည်။ မလေးနု ရေချိုးခန်းကထွက်လာတော့ ဖြူပြာ အပြင်မှာစောင့်နေသည်။ မလေးနုသည် အဝတ်အစားလဲကာ ထွက်လာသည်။


"ဖြူပြာ ကိစ္စရှိလို့လား"


ဖြူပြာ့ကို လှမ်းမေးလိုက်သည်။


"ရှိတယ် အန်တီမလေး၊ ထိုင်ပါဦး၊ ဖေဖေက ဖုန်းဆက်တယ်၊ သူ ထမင်းစားပြန် နောက်ကျမယ်၊ ခု နှစ်ချက်တီး ဆို​တော့ လာ​တော့မယ်ထင်တယ်၊ အန်တီမလေး မဆာ​သေးရင် ​ဖေ​ဖေနဲ့မှ စားပါလား"


"ဖြူပြာ​ရော"


“ဖြူပြာက မနက်က စားပြီးပြီ၊ ဦးပြူး ထမင်းစားခန်းမှာ စောင့်နေတယ်"


“ဘာဖြစ်လို့လဲ၊ အန်တီမလေး ကောင်းကောင်းမဆာသေးပါဘူး”


"ဒီလို အန်တီမလေးရေ၊ အာကာရယ် မိန်းမခိုးလာတယ်" 


မလေးနုက အံ့အားသင့်နေသည်။ အာကာ မိန်းမခိုးခြင်းကို သူဘာလုပ်ရမလဲ။


“ဦးပြူးက ဖေဖေ့ကို ဘယ်လိုပြောရမှန်းမသိဘူး၊ ဒါနဲ့ ဖြူပြာက ထမင်းစားခန်းထဲက စောင့်နေလို့ ပြောထားတယ်၊ ​ဖေ​ဖေလာတော့ အန်တီမလေးနဲ့ ဖေဖေနဲ့အတူတူ ထမင်းစားပေါ့၊ ထမင်းစားပြီးမှ စကားစရှာပြီး အန်တီမလေးက အာကာအကြောင်း ဖေဖေ့ကို ပြောပေးပါ၊ မနက်က ဆေးတိုက်ကို ထွက်လာချိန်က ပြဿနာမပေါ် သေးဘူး”


မလေးနုမှာ သက်ပြင်းကြီး ချလိုက်မိသည်။


“ဖြူပြာအနေနဲ့ ဆေးသမား လင်လုပ်ရမယ့် မိန်းကလေးကို သနားလို့ပါ၊ ခုပဲ မေမေက အိမ်ပေါ်ခေါ်မတင်ရဘူးဆိုတော့ ကိုကိုကြီးသေတဲ့ ဂိုဒေါင်ထဲမှာ သူတို့ ခဏထားခဲ့ရတယ်လို့ ဦးပြူးက ပြောတယ်"


မလေးနုသည် ဘာမှပြန်မပြောနိုင်ပါပေ။ ဖြူပြာ့ဆန္ဒကို သဘောတူလိုက်ရပါသည်။


ရှိန်း ရောက်လာလျှင် ထမင်းစားကြတော့ အတူစားဖြစ်သည်။ ဦးပြူးက ဟင်းလိုက်ထည့်ပေးသည်။


"စူပါမားကက်ကို တိုးချဲ့ချင်တယ်လို့ မန်နေဂျာက ပြောနေလို့ ရှိန် အစည်းအဝေး လုပ်နေတာ၊ မလေး စားလို့ကောင်းရဲ့လား၊ ထမင်းတာ တုံ့နှေးတုံ့နှေးနဲ့"


"မွေးခန်းထဲ ဝင်ရတာ တစ်ယောက်က ခက်တော့ ဒီနေ့ နည်းနည်းပင်ပန်းသလိုပဲ၊ ဒါ့ကြောင့် ထမင်းမစားချင်ဘူး"


ရှိန်းသည် မလေးနုမျက်နှာကို အသာလေး ကြည့်နေသည်။


“ဟုတ်တယ်နော်၊ ခွဲစိတ်နေတုန်း မွေးပေးနေရတုန်းဆို စိတ်ရော လူရော လူနာအပေါ် ပုံထားရတာ၊ လူနာအသက်ကလည်း မလေးနုတို့လက်ထဲမှာ၊ မလေး ပင်ပန်းမှာပေါ့၊ မလေး ကြည့်ရတာ နွမ်းနေသလိုပဲ”


မလေးနု ရင်ထဲမှာတော့ ပြောနေမိသည်။ မလေး လူနာတွေအတွက် မပင်ပန်းပါ။ ရှိန်းမိသားစုကိစ္စ စိတ်မောနေခြင်းသာဟု ပြောလိုက်ချင်သည်။ ပြောမထွက်သေး။ ဘယ်က စပြောရမည်ကို စဉ်းစားနေသည်။


"ဒီလိုလုပ်ပါလား မလေးရယ်၊ ရှိန်းကို မန်နေဂျာက ကုန်ပစ္စည်းတွေဝယ်ဖို့၊ စူပါမားကက်တိုးချဲ့ဖို့၊ ပြင်သစ်နဲ့ အင်္ဂလန်သွားဖို့ ပြောနေတယ်။ မလေး နားနားနေနေ ရှိန်းနဲ့ အပန်းဖြေလိုက်ခဲ့ပါလား၊ မလေး ကြာရင် လဲသွားမှာစိုးတယ်”


အနားမှာ စားပွဲထိုးနေသော ဦးပြူးက ဝေဒနာနှစ်ခုကို ခံစားနေရသည်။ ရှိန်းက မလေးနုကို ကြင်ကြင်နာနာ ပြောနေသံကြားတော့ သူ မနာလိုမဖြစ်ပါ။ မလေးနု သဘောထားကို သူသိပြီးဖြစ်သည်။ ဆရာ့မျက်နှာကလည်း တကယ့်စိတ်ရင်းနှင့် ပြောနေမှန်း သိသာသည်။ ဒီလို ကြင်နာယုယသော ဆက်ဆံမှုမျိုး သူ့မမနှင့် ဆရာ့ကြားမှာတော့ ရှိစေလိုသည်။ ရှိန်းက ဂရုတစိုက် မလေးနုကို ပြောသံကြားရ၍ ကြည်နူးမိသလို ဆရာက မမအပေါ် တစ်ခါမှ ဒီလိုပြောသံ မကြားသည်ကိုတော့ ဝမ်းနည်းမိသည်။ ဒီလို ထမင်းစားပွဲမျိုးကို သူ အမြဲတမ်း စားပွဲထိုးချင်သည်။ အိမ်မှာ ဒီလိ ထမင်းစားချိန်ရှိလျှင် ဘယ်လောက်ကောင်းမည်လဲ။ ရှိန်းက ကမင်းစားပြီးသွား၍ အချိုပွဲ ပူတင်းပန်းကန်ကို ဦးပြူးက ရှိန်းရှေ့ ချပေးလိုက်သည်။ ရှိန်းက ပူတင်းစားရင်း...


"မလေးဖို့ရော မရှိတော့ဘူးလား”ဟု ဂရုတစိုက် မေးလိုက်သည်။ ဦးပြူးက တစ်ယောက်စာပဲ ယူလာမိသည်။ 


"တော်ပြီ ရှိန်း၊ မလေး ငှက်ပျောသီးပဲ စားမယ်"


မလေးသည် သူ အဆင်သင့်ဝယ်ထားသော ငှက်ပျောသီးကို ယူ၍စားနေသည်။


“ပြင်သစ်တွေ အင်္ဂလန်တွေ သွားဖို့ မစဉ်းစားနိုင်သေးပါဘူး ရှိန်းရယ်၊ ကြည်ကြည်သန်းနဲ့ ညှိပြီး ကြည်ကြည်သန်းက တာဝန်ယူနိုင်တယ်ဆို မလေး ခဏခွင့်ယူပြီး ကလောကိုပဲ ပြန်ချင်တယ်၊ ရှိန်းဆေးတိုက်ကလည်း အရှိန်ရနေပါပြီ"


“ဟုတ်ပါတယ်လေ၊ မလေး သွားရင် ရှိန်းလည်းလိုက်မယ်” 


ရှိန်းသည် ကလေးလေးတစ်ယောက်လို ပြောနေသည်။ 


“အဲဒီအချိန်အခါကျမှ စဉ်းစားပေါ့၊ လိုပါသေးတယ်၊ ခုလောလောဆယ် ရှိန်း လုပ်စရာတွေရှိတယ်”


"ဘာလဲဟင်"


ရှိန်းက အချို့ပွဲကို လက်စသတ်ခါ ပြောလိုက်သည်။ မလေး အသံကို အေးနိုင်သမျှ အေးအေးထားကာ ပြောပြလိုက်သည်။


“ပြောစရာရှိတယ်၊ ရှိန်း ထမင်းစားတာ ပြီးအောင် စောင့်နေတာ၊ အာကာလေ..."


“အာကာ ဘာဖြစ်လဲ”


“အာကာမိန်းမခိုးလာလို့”


"ဟုတ်လား"


ရှိန်းက အံ့သြသွားသည်။


"ဦးပြူး ခင်ဗျားသိလာတာလား”


“ဟုတ်ပါတယ်။ ဆရာ့ကို မပြောရဲလို့ ဒေါက်တာ့ကို ပြောခိုင်းရတာပါ၊ အခု အိမ်မှာ ..."


ဦးပြူးက တုန်တုန်ယင်ယင် ပြောလိုက်သည်။


"အဲဒါ ရှိန်းတစ်ခု စဉ်းစားပေါ့၊ ဒီကလေးတွေ ဘယ်လို နေရာချမလဲ၊ ဖြစ်လာပြီလေ”


မလေးနုက တစ်ဆက်တည်း ပြောလိုက်တော့ ရှိန်းသည် နဖူးကြောကြီးထောင်မတတ် စဉ်းစားနေသည်။


“ခက်တာပဲ၊ အလုပ်သာ လက်ကြောတင်းအောင် မလုပ်တတ်တာ၊ မိန်းမတော့ ယူတတ်တယ်၊ မိန်းမကို ဘာလုပ်ကျွေးမလဲ”


“နောက်မှ လုပ်ငန်းကိုင်ငန်းတွေ စဉ်းစားပေးတာပေါ့ ရှိန်းရယ်၊ လောလောဆယ် နေဖို့ခက်တယ်"


"အိမ်ပေါ်တင်ထားရမှာပေါ့”


"ရှိန်းခံစားရသလို သူ့အမေကလည်း ခံစားနေရမှာပေါ့၊ ဒီတော့ သူ့အိမ်ပေါ် ဘယ်လက်ခံချင်မလဲ” 


မလေးနုက သွယ်ဝိုက်ပြောလိုက်သည်။


“ဦးပြူး အခု ကလေးတွေ ဘယ်မှာလဲ "


"ဟို ကားဂိုဒေါင်အဟောင်းထဲမှာ"


ရှိန်းသည် စိတ်ရှုပ်သွားပုံရသည်။ အတန်ကြာ စဉ်းစားနေသည်။


"သွား သွား ဦးပြူး၊ ထွန်းမောင်ကို ခေါ်သွား၊ အာကာတို့နှစ်ယောက်ကို သွားခေါ်ချည်၊ ကားဝပ်ရှော့(ပ်) အပေါ် ထပ်မှာ အခန်းနှစ်ခန်းရှိတယ်၊ တစ်ခန်းမှာထား၊ နောက်မှ ကြည့်လုပ်၊ အဘွားကြီးတော့ ဒုက္ခပဲ”


ရှိန်းသည် ဒီလိုတော့လည်း အေးအပေါ် စာနာမှုရှိပေသားဟု မလေးက မှတ်ချက်ချသည်။


“မလေး…… ကိုယ် ကားဝပ်ရှော့(ပ်)ကို လှမ်းဖုန်းဆက်ဦးမယ်၊ အဲဒီမှာ ရှိန်း မလေးကိုပြောတဲ့ ကားပြင်တဲ့ကောင်လေး မောင်ထွေးရှိတယ်၊ ကရိန်းနဲ့ခိုက်မိလို့ ရှိန်း ဆေးကုထားတာ၊ သူက ဆရာကြီးမြင့်သောင်းရဲ့ လက်ထောက်၊ ကားပြင်တာလည်း ကြိုးစား သင်တယ်၊ အုပ်ချုပ်မှုလည်း တော်တယ်၊ ရှိန်းက သူ့ကို မိန်းမ မယူသေးဘူးလားဆိုတော့ ငွေစုရဦးမယ်တဲ့၊ သူများသားသမီးများ တော်လိုက်တာ၊ သူက တစ်ခန်းနေတော့ အာကာတို့အတွက် ကျန်တစ်ခန်းပြင်ဖို့ ပြောလိုက်ဦးမယ်၊ တို့က မိန်းကလေးကို စာနာရမယ်”


ရှိန်းသည် ညည်းတွားရင်း တယ်လီဖုန်းရှိရာ သူ့အခန်းသို့ ထသွားတော့သည်။ 


"ဒေါက်တာ့ကို ကျေးဇူးတင်လိုက်တာ”


ဦးပြူးက မလေးနုကို ပြောလိုက်ရင်း သူ့ရင်ထဲမှ အလုံးကြီးကျသွားသည်။ ကမန်းကတန်း ဖြူပြာကိုနှုတ်ဆက်၍ အိမ်ပြန်ပြေးတော့သည်။


မလေးနုကတော့ ပြဿနာတစ်ခု ပြေလည်သွား၍ စိတ်အေးရပါသည်။ သို့ပေမဲ့ ရေရှည် စိတ်အေးရသောကိစ္စ မဟုတ်ပါ။ သုံးလေးလလောက်ပဲ စိတ်အေးရသည်။ ညဘက်ကြီး သူအိပ်ရာဝင်ခါနီး တံခါးစောင့် ကိုအောင်သန်းက နပ်စ်မလေးတစ်ယောက်နှင့် အတူ တံခါးလာခေါက်၍ မလေးနုက တံခါးဖွင့်လိုက်သည်။


“ကိုအောင်သန်း ဘာကိစ္စလဲ၊ ညဉ့်နက်ပြီ”


"မိန်းကလေးတစ်ယောက် ဆရာကြီးကို တွေ့ချင်လို့တဲ့၊ ကျွန်တော်တို့လည်း မနှိုးရဲဘူး” 


"ဒီမိန်းကလေး ဘယ်မှာလဲ…"


“အောက်ထပ် ဂျူတီခန်းမှာ စောင့်ခိုင်းထားပါတယ်” 


မလေးနုသည် ကိုအောင်သန်း၊ သူနာပြုဆရာမလေးတို့နှင့်အတူ ဆင်းလာခဲ့သည်။


မိန်းကလေးက ဖြူဖြူ၊ မဂိုဆင်၊ ပိန်ပိန်သွယ်သွယ်၊ အသက် နှစ်ဆယ်လောက်ပဲ ရှိဦးမည်။


“မိန်းကလေး ဘာကိစ္စရှိလို့လဲ” 


မလေးနုက မေးလိုက်သည်။


"အန်ကယ်ရှိန်းကို တွေ့ပါရစေ”


မိန်းကလေးက တုန်တုန်ယင်ယင်နှင့် ဖြေ၏။ 


"ကိစ္စကို ပြောပါဦး”


"ကျွန်မ… ကျွန်မက ကိုအာကာရှိန်းရဲ့ဇနီး သီသီပါ၊ ကိုအာကာရှိန်းကို ဖမ်းသွားလို့ အခု မရမ်းကုန်းရဲဌာနမှာ”


“ဟင်... ဘယ်တုန်းက ဖမ်းလဲ"


“ခုပဲ သူက သူ့အိမ်ကိုသွားပြီး အရက်တွေမူးပြီး ဆဲတယ်၊ အိမ်ကိုလည်း ခဲနဲ့ပေါက်၊ ဝင်းတံခါးတွေကိုဖျက်လို့ ဂိတ်ပေါက်က မီးလုံးတွေလည်း ကွဲကုန်လို့ အရပ်ကဝိုင်းပြီး ရဲလက်ကိုအပ်တယ် တဲ့၊ ရိုးရိုးမူးတာ မဟုတ်ဘူး၊ သူ့အိတ်ထဲမှာ ဘိန်းဖြူတွေ့လို့ ရဲက ဖမ်းသွားတယ်တဲ့၊ ဌာနက ဝပ်ရှော့(ပ်)ကို လာအကြောင်းကြားသွားလို့ အာကာက သူ့ဖေဖေကို သွားပြောပေးပါဆိုလို့ ကျွန်မ လာတာပါ” 


ပြောရင်း မိန်းကလေးက ငိုတော့သည်။


မလေးနုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ချက်ချင်းပဲ ဂျူတီခန်းထဲမှ ဖြူပြာတို့အိမ်ကို ဆက်လိုက်သည်။ တစ်ဖက်မှ ဖြူပြာက ကိုင်သည်။


“အန်တီမလေးဆီ ဖြူပြာ ခုပဲဆက်မလို့"


"ဘယ်လိုဖြစ်ကြတာလဲ"


“အာကာရယ် ဆေးထလား၊ အရက်မူးလား မသိဘူး၊ အိမ်ရှေ့လာဆဲတယ်၊ ဝင်းတံခါးကိုလည်း ရိုက်ချိုး၊ ဂိတ်ပေါက်အုတ်တိုင်ထိပ်က မီးလုံးတွေလည်း ရိုက်ခွဲလုပ်နေတာ၊ ဦးပြူးတို့က ပထမ သူမှန်းမသိဘူး၊ အိမ်နီးချင်းတွေက ရဲလှမ်းအကြောင်းကြားပြီး ဖမ်းတော့မှ အာကာမှန်း သိတယ်၊ သူ့ကို ဌာနခေါ်သွားပြီ၊ ဖြူပြာတို့လည်း သူ့ကို ဦးပြူးတို့နဲ့လွှတ်ထားပြီး မေမေ့ကို ပြုစုနေရတယ်၊ မေမေ လန့်ပြီး သတိလစ်သွားလို့ "


“ဘယ်ဆရာဝန်ခေါ်လဲ”


"ဒေါ်ချိုချိုအေး၊ ဖေဖေ့ကို ဘယ်လိုပြောမလဲ အန်တီမလေး"


"ဆေးတိုက်ကို အာကာ့မိန်းမ ရောက်လာတယ်၊ သူကလည်း ရှိန်းကို တွေ့ချင်လို့တဲ့၊ အာကာက ဖေဖေ့ကို သွားပြောခိုင်းတယ် ပြောတယ်၊ အန်တီမလေး ဘာလုပ်ရမလဲ"


“လူခွဲလွှတ်စရာလည်း မရှိဘူး အန်တီမလေးရယ်၊ ဝဏ္ဏက မူးလဲနေပြီ၊ သူ့လည်း ခိုင်းလို့ရမှာမဟုတ်ဘူး၊ ဖေဖေ့ကို အန်တီမလေး ပြောရဲလား”


“ဖြူပြာတို့ ပြောခိုင်းရင် ပြောရတာပေါ့'


"ပြောလိုက်ပါ။ ဖြူပြာတို့တော့ မေမေ့ကို ဂရုစိုက်ရဦးမယ်၊ ဖေဖေ့ကိုလည်း မေမေ သတိလစ်သွားတာ ပြောလိုက်ပါ"


"အေးအေးအတွက် ဆေးတိုက်က ဆရာဝန်လွှတ်ပေးရမလား” 


“မလိုဘူး၊ မလိုဘူး”


ဖြူပြာက ဖုန်းချသွားသည်။ မလေးနုသည် မတတ်နိုင်တော့ပါ။ ကိုအောင်သန်း ထားခဲ့၍ သူနာပြုဆရာမလေးနှင့် သီသီကိုခေါ် ကာ ရှိန်းအခန်းရှိရာ အပေါ်ထပ်သို့ တက်ခဲ့ရသည်။ တံခါးခေါက်လိုက်တော့ ရှိန်းက တံခါးဖွင့်ပေးသည်။


“အန်ကယ်ရဲ့ လုပ်ပါဦး၊ အာကာကို ဖမ်းသွားပြီ၊ အာကာ ရဲဌာနမှာ၊ ဖေဖေ့ကို သွားပြောဆိုလို့ လာပြောတာ"


ကလေးမလေးက ရှိန်းခြေကိုဖက်ကာ ငို၍ပြောသည်။ ရှိန်းက သူတို့ကို ကုလားထိုင်များအပေါ် ထိုင်ခိုင်းသည်။


“ဘယ်လိုဖြစ်တာလဲ” 


သီသီက ဖြစ်သမျှကို ပြောပြသည်။


“ခက်တာပဲ၊ ဒီကောင်က သူ့ကို အိမ်မှာ မထားတာနဲ့ အဘွားကြီးကို မကျေနပ်လို့ လာဆဲတာဖြစ်မယ်”


“ဖြူပြာက ဆက်တယ်၊ ဒေါ်အေးအေးလည်း လန့်ပြီးမူးလဲသွားလို့တဲ့"


မလေးနုက ပြောလိုက်သည်။


“ကဲ... ရှိန်း အခု ရဲဌာနလိုက်သွားမယ်” 


မလေးနု စိုးရိမ်သွားသည်။


"ဒရိုင်ဘာလည်း မရှိဘူး” 


“ရှိန်းကိုယ်တိုင် မောင်းသွားမယ်”


"ကားက ဟုတ်ပါတယ်။ ယောက်ျားအဖော်တစ်ယောက် ခေါ်သွားလေ၊ စေတနာခန်းက ဂျူတီကျနေတဲ့ ဆရာဝန်လေးခေါ် သွား၊ မလေး သူ့ဂျူတီ ယူလိုက်မယ်”


မလေးနု စီစဉ်ရန် အောက်ထပ်ကို ဆင်းလာခဲ့သည်။ မကြာခင် ရှိန်း၊ ဆရာဝန်လေးနှင့် သီသီတို့ ကားတစ်စီးနှင့် မရမ်းကုန်းရဲဌာနကို ထွက်သွားကြသည်။


မလေးနုကတော့ စိတ်မော၍ ကျန်ခဲ့သည်။ ဂျူတီခန်းထဲမှာလည်း နေမရ၊ ဂိတ်စောင့် ကိုအောင်သန်း အခန်းလေးနှင့် လူနာခန်းများကို ကူးနေသည်။ ကိုအောင်သန်းကတော့ စာကျက်နေသည်။ 


“ဘာကျက်နေတာလဲ ကိုအောင်သန်း"


“ကျွန်တော် ဆယ်တန်းဝင်ဖြေမလို့၊ မနှစ်က ဘီနဲ့ပဲ အောင်ထားလို့၊ အစ်ကို့လို တက္ကသိုလ်ရောက်ချင်လို့”


"မင်းအစ်ကိုက တက္ကသိုလ်မှာလား”


“မဟုတ်ပါဘူး၊ ဆရာကြီး ဝပ်ရှော့(ပ်)မှာ လုပ်တာ၊ ဆယ်တန်းအောင်ပြီးပါပြီ၊ အခု အလုပ်လုပ်ရင်း စာပေးစာယူ ဒုတိယနှစ်ပါ၊ အစ်ကို့ခေါင်းမှာ ဒဏ်ရာရလို့ ဆေးရုံတင်တော့ ကျွန်တော် သွားစောင့်ရတာ၊ အဲဒီကတည်းက ဆရာကြီးနဲ့သိတာပါ၊ ဆရာကြီးက ဒီဆေးတိုက်ဖွင့်တော့ ကျွန်တော့်ကို တံခါးစောင့်ခန့်တာ”


"​အေး..... ကြိုးစား၊ ကြိုးစား ..."


ရှိန်းပြောလည်း ပြောစရာ၊ ကြိုးစားချင်သူတွေကျတော့လည်း အလုပ်တစ်ဖက်နှင့် ဂျူတီစောင့်ရင်း စာကြိုးစားရသည်။


မလေးနုသည် ခေါက်တုံ့ခေါက်ပြန် အခန်းတွင်းမှာလျှောက်ရင်း နာရီကိုကြည့်လိုက်တော့ နှစ်ချက်တီးကျော်နေပြီ။


မကြာခင် ရှိန်းတို့ ပြန်ရောက်လာကြသည်။ ရှိန်းက ဘာမှမပြော၊ အပေါ်ထပ်တက်သွား၍ ဧည့်ခန်းမှာ ထိုင်လိုက်သည်။ မလေးနုကလည်း အဖော်သူနာပြုဆရာမလေးနှင့် အတူလိုက်သွား၍ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ 


“တွေ့ခဲ့လား ရှိန်း"


မလေးနုက စတင်မေးရသည်။


"ဟင်း..."


ရှိန်းက သက်ပြင်းရှည်ကြီး ချလိုက်၏။ 


"တွေ့ခဲ့ပါတယ်၊ အာကာက အိမ်ကိုရောက်မလာခင်ကတည်းက သောင်းကျန်းလာတာတဲ့၊ သူအရက်သောက်တဲ့ အဏ္ဏဝါဟိုတယ်က ဘားမှာ ပုလင်းတွေရိုက်ခွဲ၊ မှန်တွေရိုက်ခွဲ၊ လမ်းမှာလည်း ဓာတ်တိုင်မီးလုံးတွေ၊ ဘတ်စ်ကားမှတ်တိုင်က မှန်တွေခွဲပြီးတော့ အိမ်နားရောက်တော့ အရာရှိကြီးတစ်ဦးရဲ့ အိမ်ထိပ် ဝင်းတံခါးက မီးလုံးလည်း ရိုက်ခွဲလို့၊ ဟိုတယ်နဲ့ အဲဒီအရာရှိက ရဲကို အကြောင်းကြားတယ်၊ လုံထိန်း ဒီကောင့်နောက် လိုက်လာတာ၊ အိမ်ရှေ့မှာ သောင်းကျန်းနေတုန်း မိသွားတာ”


“အခု အချုပ်ထဲမှာလား”


“ဟုတ်တယ်လေ၊ အရက်မူးတာလောက်ဆို ကိစ္စမရှိဘူး၊ ရိုက်ခွဲတာတွေကိုလည်း ဟိုတယ်ပိုင်ရှင်နဲ့ နားလည်မှုယူပြီး လျော်လိုက်ရုံပဲ၊ အရာရှိကြီးကလည်း အလျှော့မပေးဘူး၊ လမ်းမီးလုံးနဲ့ ဘတ်စ်ကားမှတ်တိုင် မှန်တွေရိုက်ခွဲတာက အစိုးရပစ္စည်းမို့လို့ ပုဒ်မ ခြောက်တစ်တဲ့၊ ပြီးတော့ သူ့အိတ်ထဲမှာ ဘိန်းဖြူရော ဆေးခြောက်ရောတွေ့လို့ အာမခံမပေးနိုင်ဘူးတဲ့၊ မောရဦးမှာပေါ့လေ” 


ရှိန်းက ရှင်းပြရင်း စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။


"သီသီကရော”


မလေးနုက အာကာရှိန်းမိန်းမအကြောင်း မေးကြည့်ရပြန်သည်။


“ကောင်မလေးကို သူ့မိဘအိမ်ကို လိုက်သွားပြီး ပြန်အပ်ခဲ့ရတယ်၊ ဝပ်ရှော့(ပ်)မှာ မိန်းကလေးတစ်ယောက်တည်းထားလို့ ဘယ်ဖြစ်မလဲ၊ သူများသားသမီး ယူထားပြီး ဒီကောင်တွေ ဝတ္တရားလည်း မကျေနိုင်ဘူး"


"ကဲ... ရှိန်းရယ်၊ မိုးလင်းတော့မယ်၊ နားလိုက်ဦး၊ မအိပ်ခင် ဆေးတစ်လုံးသောက်လိုက်၊ ဆရာမ ဗီလီယံဖိုက်တစ်လုံးလောက် သွားယူပါ"


ဆရာမလေး ထသွားတော့ သူတို့နှစ်ယောက်တည်း ကျန်ရစ်သည်။ ရှိန်းက မလေးနုမျက်နှာကို စူးစိုက်ကြည့်ရင်းမှ ပြောလိုက်သည်။


“အရေးအကြောင်းဆို မလေး ကိုယ့်အနားမှာရှိလို့ တော်သေးတာပေါ့"


မလေးနုကတော့ ဘာမှပြန်မပြောနိုင်ပါ။ မကြာခင် သူနာပြုဆရာမလေး ဆေးလာပေး၍ ရှိန်းကို မလေးနုက တိုက်လိုက်သည်။ 


“ကဲ . .. ရှိန်းလည်း အိပ်တော့၊ မလေးတို့လည်း သွားတော့မယ်"


မလေးနုက နှုတ်ဆက်ကာ ပြန်လာခဲ့သည်။


* * * 


ဘမောင်ချိန်ထံမှ ပြန်လာကတည်းက မလေးနု ရင်ထဲမှာ ကြေကွဲခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတွေ အရှိန်တွေနှင့် တည်ငြိမ်မှုမရ။ အိပ်ခန်းထဲမှာ ယောက်ယက်ခတ်နေသည်။ တစ်နေရာတည်းမှာလည်း ထိုင်မရ။ မျက်စိအောက်မှာ အရွယ်ရောက်လာသူတစ်ယောက်အနေနှင့် သူဇာ၏လှုပ်ရှားမှုများကို သတိရနေသည်။ သူ့ခမျာ ရင်မှာပွင့်သော ပထမဆုံး အချစ်ပွင့်ကိုမှ ပန်းကောင်းအညွန့် ချိုးခံရသည်။ အပြစ်မဲ့သူတစ်ယောက် ဖြစ်ပါလျက်နှင့် ဓားစာခံသက်သက်ဘဝ ရောက်ရသည်ကိုက နာကြည်းခံခက်စရာ။ ဘမောင်ချိန်ကတော့ မိခင်အတွက် လက်စားချေခဲ့သူ။ ဒါပေမဲ့ တော်ပါသေး၊ သူဇာကို အပျိုရည်မဖျက်ဆီးခဲ့၍ ကျေးဇူးတင်ရပါဦးမည်။ ဘမောင်ချိန် စကားလုံးများကို ပြန်လည်ကြားယောင်မိသည်။


“ကျွန်တော့်အယူအဆ ပြောရရင် ခင်ဗျားတို့ရဲ့ ဦးဗညားရှိန်းဟာ ကျွန်တော့်အမေကို အပျိုရည်မဖျက်ခဲ့ပေမယ့် နှလုံးသားတွေကို ခြေမွခဲ့လို့ စိတ်ဓာတ်ပျက်ပြားရပြီ၊ ခင်ဗျားတို့မိန်းမတွေက အပျိုရည်ကို တန်ဖိုးထားသလို ကျွန်တော် ယောက်ျားသားအနေနဲ့ မိန်းမတစ်ယောက်နှလုံးသားကို တန်ဖိုးထားတယ်၊ မေမေ့နှလုံးသားကို ဗညားရှိန်းဆိုသူက မွမွခြေခဲ့လေတော့ ကျွန်တော့်အဖေကို နှလုံးအကြေအမွ အစုတ်အပဲ့ကိုသာ မေမေက ပေးခဲ့တာ၊ ကျွန်တော် အပျိုရည်ဖျက်တာထက် နာကြည်းတယ်၊ မေမေဟာ ဖေဖေ့ကို ခန္ဓါကိုယ်သာ ပူးပေါင်းတာ စိတ်က မပူးပေါင်းခဲ့တာဟာ ခင်ဗျားတို့ ဦးဗညားရှိန်းကြီး တစ်တရားခံ၊ မြဲမြဲမှတ်ထားပါ၊ မေမေ့အတွက်လည်း မကျေနပ်ဘူး၊ ဖေဖေ့အတွက်လည်း နည်းနည်းမှ မကျေနပ်ဘူး” 


ဘမောင်ချိန်က အနားကပ် အော်ဟစ်နေသလိုပါပဲ။ မလေးနုရင်မှာ ဘမောင်ချိန်၏စကားလုံးတွေက ရိုက်ခတ်နေသည်။ အခန်းထဲမှာ တစ်နေရာတည်း ထိုင်၍မရသောကြောင့် အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ရှိန်းကလည်း သူ့အခန်းထဲမှာ သူ့ကို စောင့်နေမည်ဖြစ်သည်။ သမီးသတင်းကို ကြားချင်မှာပဲဖြစ်သည်။ သူကတော့ ရှိန်းကို ရင်ဆိုင်ဖို့ ပြင်ဆင်နေရသည်။ တင်သက်မာကတော့ အေးကို ဘယ်လိုရင်ဆိုင်မည်မသိ၊ ရောဂါအခံရှိသူဖြစ်၍ ဘယ်လိုကိုင်တွယ်ရမည်ကို ဆရာဝန်တစ်ယောက်ဖြစ်သော တင်သက်မာ သိမှာပါ။ 


သူကတော့ ရှိန်းကို ရဲရဲရင်ဆိုင်ဝံ့သည်။ ကြောက်ရွံ့စရာ မရှိ။ သို့သော် သူ့ရင်ထဲမှာ ခံစားမှုက ရှိနေသည်။ သူဇာ့အကြောင်းကို မပြောရက်သလို သူဇာ ခံစားရသည်ကိုလည်း စာနာမိသည်။ ရည်းစားပျက်နည်းမျိုးလည်း မဟုတ်သော အဖြစ်မျိုး။ ချစ်ဦးသူကို သူ့ခမျာ အချစ်ပုံပေးကာမှ ချစ်သူ၏ကလဲ့စားချေမှုကို ဘာမှမသိဘဲ အပြစ်မဲ့စွာ ခံစားရသော သူဇာ၏နှလုံးသားနုနုတွင် ရရှိမည့်ဒဏ်ရာကို သူ ဘယ်လိုကုစားရမည်နည်း။ ပြီးတော့ သူ့အပေါ်တွင် တွယ်တာမှုပိုသော သူဇာကို သူကလည်း သံယောဇဉ်ကြီးခဲ့ပါသည်။


တကယ်တော့ သူသည် ရှိန်းနှင့် လုပ်ဖော်ကိုင်ဖက် ကျောင်းနေဖက်သူငယ်ချင်းလည်း ဖြစ်သည်။ ယခုကိစ္စမှာ ရှိန်းက တာဝန်တစ်ရပ်အနေနှင့် သူ့ကို ပေးအပ်လိုက်ခြင်းဖြစ်သည်။ တာဝန်ကို ထမ်းဆောင်ခြင်းသက်သက်ဆိုလျှင် ရှိန်းကို အကျိုးအကြောင်း တင်ပြ ပြောဆိုရုံပဲ။ သူ့ရင်မှာ ခံစားမှုကလည်း ရှိနေလေတော့ တာဝန်နှင့် ခံစားမှုတို့သည် သူ့ရင်ထဲမှာ တိုက်ခိုက်နေသည်။ ခံစားမှုကို ရှေ့တန်းတင်ရလျှင်တော့ ရှိန်းကို တွေ့ဖို့ပင်မလိုပေ။ သို့သော် ရှိန်းမိသား ကိစ္စကို ကူညီရမည့်တာဝန်အနေနှင့် ရှိန်းကို တွေ့ဆုံရဦးမည်။ ရှိန်းအပေါ် ဒေါသကလည်း ထွက်နေမိသည်။ ပေါက်ကွဲလုဆဲဆဲ ဒေါသကို ထိန်းချုပ်ကာ ရှိန်းကိုတွေ့ဖို့ ပြင်ဆင်ရသည်။ ရှိန်းအခန်းဘက်ကို လျှောက်သွားသည်။ တံခါးက စေ့ရုံသာ စေ့ထားသော်လည်း သူက တံခါးကို ခေါက်လိုက်သည်။


“ဝင်ခဲ့ပါ”


အထဲမှ ရှိန်းအသံ။ မလေးနု အခန်းထဲဝင်သွားတော့ ဆိုဖာတစ်လုံးပေါ်မှာ လျော့ရိလျော့ရဲ ထိုင်နေသော ရှိန်းကို တွေ့ရသည်။ ရှိန်းက စားပွဲပေါ်မှာ အရက်ဖန်ခွက်နှင့်။


မလေးနုသည် ရှိန်းရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။


“မလေး ထိုင်၊ မလေး လာမယ်ဆိုတာ ကိုယ်သိနေတယ်” 


မလေးနုက မထိုင်။ ရှိန်းအရှေ့ရှိ အရက်ဖန်ခွက်ကို လှမ်းယူကာ ပြတင်းရှိရာ လျှောက်သွားသည်။ သူ့ဒေါသကို ဖန်ခွက်ထဲထည့်လိုက်ကာ ဖန်ခွက်ကို ပြတင်းအပြင် ပေါက်ထည့်လိုက်သည်။ စိတ်ထဲမှာလည်း ဒေါသတွေ ဖန်ခွက်ထဲ ပါသွားသလိုပဲ၊ ကျေနပ်သွားသလို ဖြစ်သွားသည်။ ရှိန်းရှေ့ ကုလားထိုင်မှာ ဝင်ထိုင်ရင်း မလေးနုသည် ဝင်းဝင်းတောက်သော မျက်လုံးများနှင့် ရှိန်းကို စူးစိုက်ကြည့်နေသည်။


“ဘယ်လိုလဲ ဦးဗညားရှိန်းကြီးရဲ့ "


မခေါ်စဖူး နာမည်အပြည့်အစုံကို မလေးနုက ခေါ်လိုက်၍ ရှိန်းက အံ့အားသင့်သွားသည်။ ပြီးတော့ ယခုလို စူးရှသောအကြည့်နှင့် မလေးနု ရဲရဲရင့်ရင့် ကြည့်သည်ကို မတွေ့ဖူး၍ ကိုယ်ကို ခပ်မတ်မတ် ပြင်ထိုင်လိုက်သည်။ 


“ဒီဆေးတိုက်ဖွင့်ဖို့ စည်းကမ်းတွေရေးဆွဲစဉ်က ရှိန်းနဲ့တကွ ဒီဆေးတိုက်မှာ တာဝန်ထမ်းဆောင်သူအားလုံး ဒီဆေးတိုက်အပေါ်မှာ အရက်မသောက်ရ ဆို၊ ခုတော့ စည်းကမ်းရေးဆွဲတဲ့ ဦးဗညားရှိန်းကြီးက အရက်သောက်လို့ပါလား၊ အရက်သောက်ထားတဲ့ လူတစ်ယောက်နဲ့ စကားမပြောနိုင်ဘူး"


ထူးခြားသော မလေးနုမျက်နှာကိုကြည့်ရင်း စိတ်ထဲမှာ အထူးအံ့သြနေသည်။ ဘာကို ကြောက်ရွံ့နေမှန်းမသိ၊ အလိုလို ခံစားနေရသည်။ ခြင်္သေ့တစ်ကောင်ရှေ့ ရောက်နေသော ယုန်တစ်ကောင်လို အနေကျုံ့သွားသည်။ သူ့ဘက်က မှားသွားလေတော့ သူ မျက်နှာလေးငယ်ငယ်နှင့် စကားဆိုသည်။


"မလေး ဖန်ခွက်ကို လွှင့်ပစ်လိုက်ပြီမို့လား၊ ရှိန်း မသောက်တော့ပါဘူး၊ သမီး... သမီးအတွက် စိတ်ညစ်လွန်းလို့ သောက်မိတာ၊ အဆင်ပြေခဲ့ရဲ့လား"


မလေးနုသည် နှုတ်ခမ်းတွေ ဆတ်ဆတ်တုန်နေသည်။ 


“ကောင်လေးမှာ မယားကြီးရှိတယ်ဆိုတာရော ဟုတ်လား၊ မလေးတို့ ဘယ်လိုစီစဉ်ခဲ့လဲ၊ သမီးကို ပြန်အပ်မှာတဲ့လား၊ ရှိန်းတို့ဘက်က ဘာလုပ်ပေးရမလဲ”


“ဟုတ်တယ်၊ ဒီသူငယ်က မယားကြီးနဲ့ ကလေးနှစ်ယောက် အဖေ၊ ဦးဗညားရှိန်းလိုတော့ ကလေးခြောက်ယောက်အဖေ မဟုတ်ဘူး"


“မလေးရယ်…… ကိုယ့်ကို ဦးဗညားရှိန်းဆိုတဲ့ နာမည်ကြီး မခေါ်ပါနဲ့၊ ရှိန်းလို့ပဲ ခေါ်စမ်းပါ"


“တမင် ကိုယ့်အမည်ကို ကိုယ်လေးစားအောင်လို့၊ ဗညားဆိုတာ သူရဲကောင်းတွေရှေ့က နာမည်လေ၊ ဗညားဆိုတဲ့အမည်ကြားတိုင်း ငါဟာ သူရဲကောင်းစိတ်ဓာတ်ရှိရမယ်ဆိုတာ သတိရအောင်လို့၊ ရှိန်းဆိုတဲ့ လူတစ်ယောက်က တစ်ခါတုန်းက မိန်းကလေးအပျိုတစ်ယောက်ကို ကလေးခြောက်ယောက်အဖေအဖြစ်နဲ့ မကြိုက်ကြိုက်အောင် သွေးဆောင်၊ သမီးရည်းစားအဖြစ် ထားခဲ့ပြီးမှ ဒီမိန်းကလေးကို မယူဘူး၊ တခြားယောက်ျားကိုယူဖို့ တိုက်တွန်းခဲ့တယ်ဆို၊ အဲဒီအပြုအမူဟာ သူရဲကောင်းတစ်ယောက်အပြုအမူ မဟုတ်ဘူး"


ရှိန်းသည် ပါးစပ်အဟောင်းသားနှင့် မျက်လုံးပြူးသွားသည်။ မလေးနုကတော့ ဒေါနှင့် မောနှင့် စကားပြောနေဆဲ... 


“အခုလည်း သူဇာရဲ့ယောက်ျား ခေါ်မလား၊ ချစ်သူခေါ် မလား၊ ဘမောင်ချိန်က သူဇာ့ကို ခိုးယူသွားပေမယ့် ကလေးနှစ်ယောက်အဖေဖြစ်နေလို့ မယူပါရစေနဲ့တဲ့၊ ပြန်ခေါ်သွားပါတဲ့၊ ကြိုက်တဲ့လူနဲ့ ပေးစားနိုင်ပါတယ်တဲ့ .."


“တောက်”


ရှိန်းသည် တောက်ခေါက်လိုက်သည်။ ရင်ထဲမှာ သမီးထိတော့ ပေါက်ကွဲလာသည်။


"ဒီကောင်က ဒီလိုပဲပြောလား"


"ပြောလိုက်တယ်လေ၊ အေးအေးနားထောင်စမ်းပါ၊ သူဇာကို မလေးတို့ ပြန်ခေါ်လာပြီး အိမ်မှာထားခဲ့တယ်၊ သူဇာ ဒီလိုဖြစ်ရတာ ရှိန်း တစ်တရားခံ သိလား”


ရှိန်းသည် နားလည်သဘောပေါက်ပုံ မပေါ်သေး။ မလေးက လေသံဖျော့လိုက်၍ သက်ပြင်းချလိုက်ကာ ကိုယ်ကို နောက်မှီလိုက်သည်။ ဆရာမကြီးတစ်ယောက်လို ရှိန်းကို မေးခွန်းထုတ်လိုက်သည်။


“ဘမောင်ချိန်ဟာ ဘယ်သူ့သားလဲ၊ သိလား"


"မသိဘူး"


“ရှိန်း ကလေးခြောက်ယောက်အဖေအဖြစ်နဲ့ ရည်းစားထားခဲ့တဲ့ မသဇင်ရွှေရဲ့သား၊ သဇင်ရွှေဟာ ကားတိုက်ခံရလို့ သေသွားပြီ တဲ့၊ သူ့သားကတော့ သူ့အမေဟာ သူ့ကိုယ်သူ သတ်သေတယ်လို့ ထင်တယ်၊ သူ့အမေသေတော့မှ သူ့အမေရဲ့ ဒိုင်ယာရီကို ဖတ်မိတော့မှ ရှိန်းတို့ဇာတ်ထုပ်ကို သူသိရတယ်၊ သူ့အမေဟာ ဦးကောင်းမြတ်ချိန်ကို လက်ထပ်ခဲ့ပေမယ့် ချစ်လို့မရခဲ့ဘူး၊ သူတို့အိမ်ထောင်ရေးဟာ အဆင်မပြေခဲ့ဘူး၊ သူ့ကို ချစ်အောင်သွေးဆောင်ခဲ့တဲ့ ရှိန်းကို မေ့မရဘူး။ ရှိန်းနဲ့ ချစ်နေတုန်းက သဇင်ရွှေက ဖြစ်မိမှ မထူးတော့ဘူး၊ အငယ်ဘဝနဲ့ပဲ နေပါရစေဆိုတော့ သူတော်ကောင်းကြီး ဦးဗညားရှိန်းက ကလေးခြောက်ယောက်အဖေမို့လို့ မယူပါရစေနဲ့ဆို၊ ဦးကောင်းမြတ်ချိန်ကို လက်ထပ်ဖို့ တိုက်တွန်းခဲ့တယ်ဆို၊ အချစ်သူရဲကောင်းကြီး လုပ်လိုက်တာပေါ့လေ၊ သိပ်တော်တာပဲ၊ မိန်းမတစ်ယောက်ကို မချစ်ချစ်အောင်လုပ်၊ စွဲလမ်းအောင်လုပ်၊ ဒီမိန်းမကို မချစ်ခင်က ငါ ကလေးခြောက်ယောက်အဖေ၊ မယားကြီးနဲ့ အပျိုစင်တစ်ယောက်ကို ရည်းစားမထားသင့်ဘူးဆိုတာ မစဉ်းစားမိဘူးလား” 


ရှိန်း၏မျက်နှာကြီးသည် ညိုမည်းလာကာ သူ့လက်ဝါးထဲမှာမြှုပ်၍ ရင်ထဲမှာ ရှိုက်နေသည်။


"ရှိန်းတို့စိတ်ထဲမှာ မိန်းမတွေ နှလုံးသားကို ဘယ်လိုထင်လဲဟင်၊ မိန်းမတွေနှလုံးသားမှာ ခံစားတတ်တယ်၊ စွဲလမ်းတတ်တယ် ဆိုတဲ့ အရည်အသွေးရှိတယ်ဆိုတာ ပြည့်တန်ဆာမတွေတောင် သူတို့ စွဲလမ်းတဲ့လူကို ချစ်တဲ့နှလုံးသားရှိတယ်၊ ရှိန်းဆက်ဆံခဲ့တဲ့ အပေါစားမိန်းမတွေလို မိန်းမတိုင်းကို တစ်တန်းစားတည်း ထားသလား၊ ရှိန်း နှလုံးသားတွေကရော ကျောက်သားနဲ့ ထုထားသလား၊ ခံစားမှုမရှိဘူးပေါ့၊ မိန်းမတစ်ယောက်ကို မချစ်ချစ်အောင်လုပ်၊ မိန်းကလေးက ချစ်လာတော့ လွယ်လွယ်နဲ့ စွန့်လွှတ်ခိုင်း၊ တခြားလူ ယူခိုင်း၊ ဟိုမိန်းမနှလုံးသားကို စာနာတွယ်တာမှု နည်းနည်းမှ မရှိဘူးပေါ့။ အခုတော့ ကိုယ့်သမီး ထိပြီ၊ ရှိန်းခင်းလာတဲ့ ဇာတ်လမ်းအတိုင်း ဘမောင်ချိန်က ဇာတ်ထုပ်ခင်းပြီး သူဇာကို သူ့အမေကိုယ်စား ကလဲ့စားချေတာတဲ့၊ သိပြီလား”


မလေးနုသည် ဒေါသထွက်ထွက်နှင့် ဘမောင်ချိန်ပြောသမျှ အားလုံးပြောပြသည်။ ရှိန်းက ခေါင်းမဖော်နိုင်တော့ပေ။ 


"သူငယ်လေး အယူအဆက သူ့အမေဟာ သူ့အဖေအပေါ် မှာ ဒီလိုပဲ ဆက်ဆံသွားရတာ၊ သစ္စာဖောက်ရာကျတယ်လို့ ယူဆပြီး သူ့ကိုယ်သူ ကားတိုက်ခံ သေသွားတယ်လို့ ယူဆတယ်။ သူ့အမေ ဒိုင်ယာရီဖတ်ပြီး ကလဲ့စားချေဖို့ ရှိန်းတို့မိသားစုကို စုံစမ်းရင်း သူဇာနဲ့ သွားတွေ့တာပဲ၊ ဒီနေ့ သူဇာနဲ့တွေ့တော့ သူဇာက ပြောပါတယ်၊ သူ့ကိုခိုးလာပြီး မလေးတို့ သွားတွေ့တဲ့အိမ်မှာ ထားခဲ့တယ်၊ ည လာမအိပ်ဘူးတဲ့။ မလေးနဲ့ တင်သက်မာ သူဇာကို ချော့ခေါ်ပြီး ရှိန်းတို့အိမ်မှာ ထားခဲ့ပြီ။ အေးအေးကိုတော့ တင်သက်မာ အကြောင်းစုံ ရှင်းပြလိမ့်မယ်၊ မလေး ပြန်လာခဲ့တယ်။ ရှိန်းတို့လင်မယားနှစ်ယောက် သူဇာကို ဖျောင်းဖျပါ၊ တဖြည်းဖြည်းတော့ ခံရဦးမှာပေါ့လေ၊ ကြာရင် နာကြည်းစိတ်နဲ့ ဒီသူငယ်အပေါ် စိတ်ကုန်လာတဲ့အခါ တစ်ယောက်ယောက်နဲ့ ပေးစားလိုက်ပါ၊ ပေးစာတဲ့အခါမှာ သူဇာ့အကြောင်း မကွယ်မဝှက် ဖွင့်ပြောပြပြီး ခွင့်လွှတ်နိုင်တဲ့လူမှ ပေးစားပါ၊ သူဇာကို အပျိုရည်မဖျက်လိုက်တာပဲ ကျေးဇူးတင်ရမယ်။ တော်ပြီ ရှိန်း၊ မလေး ရှေ့ဆက်စကားပြောရရင် ရှိန်းကို စော်ကားတာတွေ ပါလာမယ်၊ သွားမယ်”


"ခဏလေးပါ မလေး၊ ရှိန်း ပြောစကားကို ခဏလေး နားထောင်ပါ၊ အဲဒီအချိန်က အေးနဲ့ကိုယ် အိမ်ထောင်ရေးသဘောကွဲလွဲမှုတွေ စလာပြီ။ အိမ်ပြန်ရောက်ရင် ရန်ဖြစ်၊ မျက်နှာချင်းဆိုင်လို့မရဘူး။ ရှိန်း စိတ်ညစ်လွန်းလို့ (......)ဌာနက ရုံးအုပ် သဇင်ရွှေနဲ့ ရည်းစားထားခဲ့တာပါ၊ စိတ်ပျော်အောင်လို့၊ ဒါ အမှန်ပါပဲ၊ မလေးကို ဖွင့်ဟ ဝန်ခံပါတယ်”


"ဘာ... စိတ်ပျော်အောင်ပေါ့၊ ဟုတ်လား၊ သူတစ်ပါး အသည်းကွဲအောင်လုပ်ပြီး ပျော်တဲ့အပျော်ပေါ့၊ အဲဒီ ရှိန်းအဖို့ အပျော်တမ်း မိန်းမတစ်ယောက်ကို နှလုံးသားနာကျင်အောင်လုပ်ခဲ့တဲ့ အလုပ်ဟာ ဝန်ခံပါတယ်၊ ဝန်ခံပါတယ်ဆိုတာနဲ့ ကျူးလွန်တဲ့အပြစ်က ပျောက်မသွားဘူး။ ဟင်း... အတောင်နှစ်ဆယ်ဝတ် ယောက်ျားကြီးရဲ့၊ ရှိန်းတို့မှာ စိတ်ညစ်လို့ အရက်သောက်ရတာနဲ့၊ မယားကြီးရှိရက်နဲ့ ရည်းစားထားရ၊ မယားငယ်ထားရတာနဲ့၊ လောကရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့နှလုံးသား မရှိဘူးလား။ အရက်ဝင်မှ ရည်းစားအပျော်ထားမှ ခံနိုင်ရည်ရှိသတဲ့လား သူရဲကောင်းကြီးရဲ့  ... ဗညားဘွဲ့ခံကြီးရဲ့"


မလေးနုသည် မထိန်းချုပ်နိုင်လောက်အောင် ရင့်သီးသော စကားလုံးတွေနှင့် ရှိန်းကို ပစ်ပေါက်နေသည်။


"ဟိုတစ်ဖက်သား မိန်းကလေးမှာ ရှိန်းကတော့ အပျော် ရည်းစားထားတာ၊ သူ့မှာတော့ တစ်သက် ခံသွားရပြီ၊ မလေးတို့မိန်းမတွေမှာဖြင့် ဗလာချီ နှလုံးသားသက်သက်နဲ့ တွေ့သမျှ ကြုံသမျှဒဏ်ကို ရင်ဆိုင်ရတယ်၊ ဘာအရက်မှလည်း မသောက်ရဘူး၊ ဘယ်အငယ်ကောင်နဲ့မှလည်း မတွဲရဘူး။ တော်ပြီ ရှိန်း၊ မလေး ဆက်မပြောပါရစေနဲ့၊ တစ်ခုပဲ ဆင်ခြေတွေ သိပ်ပေးမနေနဲ့၊ ငါလုပ်တာတွေ ဘာမှားလဲလို့သာ ပြန်စဉ်းစားပါ၊ ရှိန်းတို့လင်မယား မပြေလည်တိုင်း အစေးမကပ်နိုင်တဲ့ ပဋိပက္ခကြောင့် သမီးသူဇာ ခံသွားရပြီ။ ဒါကို လင် မယားနှစ်ယောက်စလုံး သတိမရသေးရင်ဖြင့် ဆက်ပြီးဖြစ်ကြဦးပေါ့၊ မလေးတော့ ဘာမှဝင်မပါချင်တော့ဘူး၊ သွားမယ်” 


မလေးနုသည် ထိုင်ရာမှထ၍ ခြေသံပြင်းပြင်းနှင့် အပြင်ကို ထွက်သွားသည်။


ရှိန်းသည် ဆိုဖာပေါ် ပစ်လှဲလိုက်သည်။ သူသည် ကြူကြူပါအောင် ငိုမိ၏။ သူကတော့ အတိတ်ကဖြစ်ခဲ့သောအရာတွေ ပြည်ဖုံးကားချလိုက်ပြီးပြီ။ မလေးပြောသလို သူ့နှလုံးသားက ကျောက်တုံးများလား၊ ဘာမှ ဒဏ်ရာမရှိခဲ့။ သူက အပျော်၊ သူ၏ တဒင်္ဂ စိတ်ချမ်းသာမှုကို လိုချင်၍ သဇင်ရွှေကို ရည်းစားထားခဲ့ခြင်း။ ယခုတော့ သူလုပ်ခဲ့သော မကောင်းမှုကို ကလဲ့စားချေမည့်သူ ပေါ်လာပြီ။ ဒီတော့လည်း သူ့နှလုံးသားကို နင်းခြေသလိုခံရပြီး သဇင်ရွှေကလည်း သူ့ကိုယ်သူ သတ်သေသွားပြီတဲ့။ သူ လူသတ်သမား ဖြစ်သွားပြီပေါ့။ သဇင်ရွှေ သားက သူ့အမေ သူ့ကိုယ်သူ သတ်သေသွားသည်မှာ မသေချာသေး၍တဲ့။ သေများသေချာလျှင် ရှိန်းကိုလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသည့်အဖြစ်ရောက်အောင် လက်စားချေမတဲ့။ လောလောဆယ် သမီး သူဇာရော ...  သူ့ကိုယ်သူ သတ်သေသွားမှဖြင့်။


သူသည် အသက်ရှူ ကျပ်လာသည်။ အရက်သောက်လို့လည်း မဖြစ်တော့၊ သူလေးစားသော မလေးနု၏တားမြစ်ချက်ကို သူ မချိုးဖောက်လိုပါ။ မလေးကလည်း သူ့အပေါ် အတော်နာကြည်းသွားပုံရသည်။ ပြင်းထန်သော စကားလုံးတွေနှင့် သူ့ကို ပစ်ပေါက်ခဲ့သည်။ သူသည် မလေးနုအခန်းကို လိုက်သွားချင်ပေမယ့် မတော်သောကြောင့် အခန်းစောင့်သူငယ်လေးကို ခေါ်လိုက်သည်။ သူငယ်လေး ဝင်လာတော့မှ ...


"သွား ဒေါက်တာမလေးနုကို အန်ကယ် ခေါ်နေတယ်လို့ သွားပြောပါ”ဟု ပြောလိုက်သည်။ သူငယ်လေးသွားပြီး မကြာခင် မလေးနု ဝင်လာသည်။ မလေးနုသည် သူ့ရှေ့တွင် ထိုင်လိုက်သည်။ မျက်နှာထားကတော့ ခပ်တင်းတင်းပဲ။


"မလေးနု ရှိန်းကို သိပ်စိတ်ဆိုးနေပြီလား”


သူသည် အသံကို အေးနိုင်သမျှအေးအောင် ထိန်းလိုက်သည်။ 


"ရှိန်းကို စိတ်ဆိုးတာထက် သူဇာအတွက် ဘာလုပ်ရမယ်ဆိုတာ စဉ်းစားရင်း ရင်နာနေတာပါ"


မလေးနုသည် ရှိန်း၏လေသံအေးအေးကိုကြားတော့ သူ့အသံကိုလျှော့ကာ မျက်နှာထားကို ပြင်လိုက်သည်။ ရှိန်းသည် ရှည်လျားသော သက်ပြင်းကြီးကို ချလိုက်သည်။


“မလေးနုစိတ်ကို အေးအေးထားပြီး ရှိန်းစကားကို နားထောင်ပါ၊ ရှိန်း ဆင်ခြေတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတယ်လို့ မလေး မထင်ပါနဲ့၊ ရှိန်း ဖြစ်ခဲ့သမျှတွေကို ဖွင့်ဟပြောပြချင်တယ်၊ ရှိန်းတို့ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ရှိန်းတစ်ယောက်တည်း မဖြေရှင်းနိုင်ဘူးဆိုတာ ရှိန်း ဝန်ခံတယ်၊ ခုချိန်မှာ ရှိန်း မျိုးဇင်ကို သိပ်သတိရတယ်။ ကျောင်းတုန်းကလည်း ရှိန်း ကျောင်းသူတွေနဲ့ အဆက်များခဲ့တာ၊ အရက်သောက်လွန်တာတွေ ဖြစ်ခဲ့ရင် မျိုးဇင်ဟာ ရှိန်းကို ထိန်းခဲ့တယ်၊ ခု ကိုယ့်သူငယ်ချင်း မရှိတော့ဘူး၊ မလေး ကိုယ့်ကို ပြောခဲ့တဲ့ သဇင်ရွှေနဲ့ကိစ္စလည်း အမှန်ပါပဲ၊ ဒါတင်မဟုတ်ဘူး၊ ဗိုလ်ချုပ်ဈေးထဲက သန္တာလှိုင်နဲ့က တိတ်တိတ် အတူပေါင်းခဲ့တာ ကြာပြီ၊ ခုတော့ သူလည်း ရှိန်းထက်ငယ်တဲ့ ကောင်လေးတွေနဲ့ တွဲနေလို့ ပြတ်သွားတာ”


ရှိန်းစကားကို မလေးက ဝင်ဖြတ်လိုက်သည်။


“ဒီအကြောင်းက ရှိန်း မပြောခင်က မလေး သိပြီးသား၊ ဒီမိန်းမ သားအိမ်ခွဲထုတ်ဖို့ လာကုစဉ်ကတည်းက သူ အပျိုမဟုတ်ဘူးဆိုတာ သိတယ်၊ ဆရာဝန်ဆိုတာ လူနာရဲ့လျှို့ဝှက်ချက်ကို မပေါက်ကြားရဘူးဆိုတဲ့ စည်း ရှိတယ်လေ၊ ဒါပေမဲ့ သူ့နောက်ကြောင်းကို ထုတ်ဖော်ပြောတာက တင်သက်မာနဲ့ ဖြူပြာ"


မလေးစကားကြားတော့ ရှိန်းက မအံ့သြသလို ငြိမ်သက်မြဲ ငြိမ်သက်နေရာမှ ဆက်ပြောသည်။


“သူ့အမေနဲ့ ရှိန်း အဆင်မပြေကတည်းက ရှိန်း သန္တာလှိုင်နဲ့ ဆက်သွယ်နေတာကို ဖြူပြာသိတယ်၊ သဇင်ရွှေကိစ္စလည်း ရှိန်းနဲ့ ​အေး အကြီးအကျယ်ရန်ဖြစ်တော့ ဖြူပြာရော သားတွေ​ရော သိတယ်"


မလေးနုသည် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်သည်။ ရှိန်း မျက်နှာကို စေ့စေ့ကြည့်ရဲလာသလို စိမ်းစိမ်းကြီးကြည့်ရင်း စိတ်ပျက်လာသည်။ ရှိန်းအကြောင်းတွေကို တင်သက်မာထံမှ တစ်စိတ်တစ်ပိုင်း သိပြီးဖြစ်ခဲ့ပေမယ့် ယခု ရှိန်းထံမှ ဖွင့်ဟပြောကြားသောအခါ သူသည် ရှိန်းကို ဘယ်လိုနားလည်ရမှန်းမသိ။ ဘယ်လိုလူစားပါလိမ့်။ နှမြောရမှာလား၊ စက်ဆုပ်ရမှာလား။ သူ ဝေခွဲမရ။


"ရှိန်းဟာ မိန်းမတွေကို လေးစားပါတယ်၊ အထူးသဖြင့် မေမေ့ကိုလည်း ချစ်တယ်၊ အ​မေ့ကို လေးစားတယ်၊ ကိုယ်ချစ်တဲ့ အ​မေကိုမှ အေးဟာ လျစ်လျူဘယ်လောက်ရှုတယ်ဆိုတာ မလေး အသိပါ၊ ပြီးတော့ ရှိန်းက လုပ်ငန်းကြီးတွေထူထောင်ပြီး အုပ်ချုပ် လုပ်ကိုင်နေပေတဲ့ ရှိန်း အုပ်ချုပ်ခံချင်တယ်၊ ပြင်သစ်သမ္မတ ဒီဂေါလ်ရဲ့မိန်းမက ပြောဖူးတယ်၊ “ရှင်ဟာ ပြင်သစ်နိုင်ငံသားတွေအတွက် ပြင်သစ်နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတကြီးပါတဲ့၊ အိမ်မှာတော့ ကျွန်မဟာ သမ္မတပဲ”တဲ့၊ မလေး ဒီစကားကို နားလည်မှာပါ၊ အိမ်မှာ အိမ်ရှင်မရဲ့ အုပ်ချုပ်မှုကို ဒီဂေါလ် ခံရမှာပဲ၊ ရှိန်းလည်း သမ္မတလို အိမ်မှာ အုပ်ချုပ်တဲ့မိန်းမ လိုချင်ပါတယ်။ ရှိန်းက အုပ်ချုပ်ခံ အိမ်သားတစ်ယောက်လို နေပြပါ့မယ်၊ အေးကို အဲဒီလို ထိန်းချုပ်နိုင်တဲ့ မိန်းမတစ်ယောက်လို့ ယူဆပြီး ချစ်ခဲ့တာ၊ ဒါပေမဲ့ လက်ထပ်ပြီးတော့မှ ဒီမိန်းမစွမ်းရည်ကို သိလာရတယ်၊ မီးဖိုမဝင်နိုင်ဘူးဆိုလို့ မေမေက ထမင်းချက် ပို့ပေးပါတယ်၊ ကိုယ်ဟာ အခုထိ သူ့လက်ရာ မစားဖူးဘူးဆိုရင် မလေး ယုံမလား၊ ဒီအထိလည်း ခွင့်လွှတ်နိုင်သေးတယ်၊ လုပ်ငန်းခွင်ဝင်နေရတဲ့ မိန်းမတွေ မီးဖိုပြန်မကြည့်နိုင်တဲ့ အဖြစ်တွေ ရှိတာပဲ"


"ကိုယ်ခွင့်မလွှတ်နိုင်တာက သားသမီးတွေအပေါ် မှာလည်း သူ ဘာစည်းကမ်းမှ မပေးတတ်ဘူး၊ မအုပ်ချုပ်တတ်ဘူး၊ တစ်ဖက်က ရှိန်း ငွေရေးကြေးရေးတာဝန် လုံးဝယူခဲ့ပြီး ရှိန်းအယူအဆက အိမ်ထောင်တစ်ခုမှာ မိန်းမတွေကဏ္ဍ ပိုပြီးကျယ်ဝန်းလာတယ်လို့ ယူဆပါတယ်။ ဂျူးလီယက်ဆီဇာတို့ အလက်ဇန္ဒားသည်ဂရိတ်တို့လို လူတွေတောင် စစ်မြေပြင်မှာ ဝက်ဝက်ကွဲအောင် တိုက်ခဲ့ပေမယ့် နားနေ ခိုလှုံဖို့ ချစ်သူရင်ခွင်ကို တောင့်တကြတာပဲ၊ ရှိန်းအဖြစ်က အပြင်မှာ အလုပ်အကိုင်ကြောင့် ဘယ်လောက်ပင်ပန်းပင်ပန်း အိမ်ရောက်တော့ အပန်းဖြေစရာမရှိဘူး၊ အေးက သိတဲ့အတိုင်း အရိပ်အခြည် နားမလည်ဘူး၊ ရှိန်း ဒါ့ကြောင့် အပြင်မှာ အပျော်ရှာတာ၊ ရှိန်းအပြစ်လို့ဆိုလည်း ရှိန်း ခံပါတယ်"


"ဒါပေမဲ့ ရှိန်း အေးကို ခွင့်မလွှတ်နိုင်တာက သားကြီး သီဟရှိန်းကိစ္စ၊ ပိုးစိုးပက်စက် သေသွားရပြီး သားကြီးကိစ္စမှာ အေး မလိမ္မာတာတွေ အများကြီးရှိပါတယ်။ ဒုတိယ မေမေ့ကိစ္စ၊ ရှိန်းက မေမေ့ကို လေးစားတယ်၊ ချစ်တယ်၊ သူအသိပဲ၊ ဒါကို မနာလိုဘူး၊ မေမေ့ကို ဂရုမစိုက်ဘူး၊ မေမေ့အချစ်ကို အစားဝင်ချင်ရင် မေမေ့လို မိခင်မေတ္တာမျိုး ရှိန်းအပေါ် ထားနိုင်ရမယ်၊ မထားနိုင်တဲ့အပြင် မေမေ့အပေါ် သူဆက်ဆံပုံ မလေးတို့အသိပဲ"


"ရှိန်းဟာ မလေးနဲ့ မတွေ့ခင်က ရှိန်း မိန်းမတွေနဲ့ပတ်သက်တဲ့ အရှုပ်အထွေးတွေ ရှိခဲ့တယ်၊ ဒါတွေကို တို့နှစ်ယောက် လက်တွဲအလုပ်မလုပ်ခင်က မလေးကို ရှိန်း ဖွင့်ဟပြီး ပြောသင့်တယ်။ မပြောခဲ့မိတဲ့အတွက် ရှိန်းကို မလေး ခွင့်လွှတ်ပါ၊ ဒါပေမဲ့ ဆေးတိုက် ဖွင့်ပြီးမှ ရှိန်းအပြုအမူတွေဟာ မလေး စိတ်ထိခိုက်စရာ ဖြစ်ခဲ့ပါသလား၊ အတိတ်က အကြောင်းတွေကို မဆိုလိုဘူး” 


ခဏနားပြီး စကားဆက်ပြန်သည်။


“မလေးနဲ့အတူ ဒီ ရှိန်းဆေးတိုက်ကြီးကို ထူထောင်ပြီးမှ မလေးစကားကို ရှိန်း နားထောင်ခဲ့တယ်၊ အနေအထိုင် ဆင်ခြင်တယ်၊ အင်မတန်ကြိုက်တဲ့ အရက်ကို လျှော့သောက်တယ်၊ အခုတော့ လုံးဝ မသောက်တော့ဘူး၊ ကိုယ်ဆက်ဆံခဲ့တဲ့ မိန်းမတွေ အများကြီး ရှိခဲ့တယ်။ သူတို့ဆီလည်း ခြေဦးမလှည့်ခဲ့ဘူး၊ ရှိန်း ည​နေတိုင်ကျ ဒီဆေးခန်းကို ပြန်လာရရင် စိတ်အေးချမ်းတယ်၊ ဒီအခန်းလေးမှာ အိပ်ရတာ ပျော်တယ်၊ ဘာလို့လဲဆိုတော့ ငါ ကယ်တင်ခဲ့တဲ့ ကူညီခဲ့တဲ့လူနာတွေနဲ့ အတူအိပ်တဲ့နေရာဆိုပြီး နှစ်သိမ့်သွားတယ်၊ လူနာတွေဟာ ဒီဆေးခန်းမှာ ကုသခွင့်ရအောင် ရှိန်း မတည် ဆောင်ရွက်ပေးလို့ ရောဂါတွေ ပျောက်ကင်းသွားတဲ့အခါ စိတ်ချမ်းသာသွားသလို ရှိန်းရင်ထဲမှာလည်း နှစ်သိမ့်အေးချမ်းသွားတယ်၊ ဒီ ကုသိုလ်တစ်ခုကိုတော့ ရှိန်း ပြုခဲ့ပါတယ်၊ မလေးနု အယူအဆနဲ့ မိန်းမတွေပွေ၊ အရက်တွေသောက်တဲ့ လူဆိုးကြီးရှိန်းဟာ သူတော်ကောင်းကြီး ဖြစ်မသွားသော်လည်း တစ်စိတ်တစ်ပိုင်း ပြုပြင်ခဲ့တယ်၊ မှားခဲ့တာတွေကိုလည်း ရှိန်း ဖွင့်ဟဝန်ခံခဲ့ပြီ၊ ရှိန်းတို့မိသားစု ပြဿနာတွေကို ကိုယ်ရောစိတ်ပါ ဝင်ကူညီလို့လည်း ရှိန်း အများကြီး မလေးကို ကျေးဇူးတင်ပါတယ်၊ ရှေ့ဆက်လည်း ဝင်ပြီးကူညီစေချင်တယ်၊ မလေးအပေါ် ကိုယ် လေးစားတယ်ဆိုတာတော့ မလေး ယုံပါ"


ရှည်လျားသော ရှိန်း၏ ဖွင့်ဟဝန်ခံချက်က ပြီးသွားတော့ ပြောသူက မောမမော မသိ၊ မလေးကတော့ မောသွားသည်။ စိတ်ထဲမှာလည်း မကောင်းပါ။ ရှိန်းက အမှားတွေကိုသာ ဝန်ခံနေသည်။ မှားခဲ့၍ဖြစ်လာသော ပြဿနာက ပြေ၍မသွား။ မှားခြင်း၏အပြစ်ကလည်း ပြေပျောက်သွားမည်မဟုတ်။ ထပ်မံမကျူးလွန်ဖို့ ရှိန်းကို ဘယ်လိုပြောရပါ့။


မိမိပြုသော ကောင်းမှု၊ မကောင်းမှုသာ ကိုယ်ပိုင်ဥစ္စာဖြစ်သည်ဟူသော တရားတော်လို ရှိန်းပြုသောပြစ်မှုအတွက် ရှိန်း ခံရခြင်းပါပဲ။ မလေးနုသည် မိသားစုကိစ္စကိုပဲ လွှဲပြောင်းပြောလိုက်သည်။


“ဖြစ်လာတဲ့ကိစ္စမှာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် တရားခံရှာနေရင် အပိုပဲ၊ အမှုတစ်ခုမှာ တရားခံရှာတွေ့လို့ ဖမ်းမိ အပြစ်ပေးပြီးသွားပေမယ့် ပြဿနာက မပြီးဘူး၊ ဖြစ်လာတဲ့ ပြဿနာကို ဆက်လက် ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ အရေးကြီးတယ်၊ အိမ်တွင်းရေးကိစ္စမှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်စကားလုံးတွေက လွန်ကျွံလာပြီး စိတ်ဝမ်းကွဲစရာပဲ ဖြစ်မယ်၊ နှစ်ယောက် ပြန်လည်သင့်မြတ်ဖို့ မလွယ်ဘူး၊ အိမ်မှာ ဦးစီးခေါင်းဆောင်ဖြစ်နေတဲ့ ရှိန်းတို့နှစ်ယောက်က မျက်နှာချင်းမဆိုင်နိုင်လောက်အောင် ဖြစ်နေမှ​ သားတွေ သမီးတွေ ဖရိုဖရဲဖြစ်နေတာ မဆန်းဘူး”


“တရားခံရှာပြီး အပြစ်ဖို့နေတာ မဟုတ်ဘူး၊ မလေး ပြောသလို လက်တွဲဖြေရှင်းဖို့နေနေသာသာ သူ့အိမ်ခေါင်းထဲက မထွက်ဘူး။ ကိုယ် ဘယ်လိုပဲ မိန်းမပွေပွေ၊ စူပါမားကက်က ကိုယ့်လက်အောက်က မိန်းကလေးတွေအပေါ်မှာ ကိုယ့်သမီးတွေလိုပဲ ဆက်ဆံတယ်၊ မယုံရင် မလေးတို့ စုံစမ်းနိုင်တယ်၊ အေးက ဒီမိန်းကလေးတွေနဲ့လည်း စွပ်စွဲတယ်။ ရှိန်းက ဝပ်ရှော့က သူငယ်ကလေးတွေ၊ စူပါမားကက်က အရောင်းစာရေးမလေးတွေနဲ့ အေးနဲ့ အရောတဝင်ရှိစေ ချင်တယ်၊ အိမ်ခေါ် ထမင်းကျွေးတာတောင် သူက မကြိုက်ဘူး၊ သူ့အဖေ အရေးပိုင်ဆိုပြီး ဗြူရိုကရက်စိတ်က ရှိတယ်၊ ကိုယ့်အလုပ်သမားတွေကြောင့် ကိုယ်ထမင်းစားနေရတာ၊ ထမင်းရှင် ဟင်းရှင်တွေအဖြစ် ဒီအလုပ်သမားတွေအပေါ်မှာ အေးက သဘောမထားနိုင်ဘူး။ ရှိန်းတို့ဖေဖေက စောင်စက်ပိုင်ရှင်၊ အလုပ်သမားတွေကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ ရှိန်းတို့ကို လက်တွေ့ပြခဲ့တာ၊ အေးအေးက ငွေတော့ တွင်တွင် တောင်းတယ်။ သားတွေ အရက်ဖိုး၊ ဘိန်းဖိုးပေးဖို့သာ ရက်ရောတာ၊ အလုပ်သမားတွေကို နှစ်ပတ်လည်လို့ အပိုဆုငွေပေးရင် သူက မကျေနပ် ကန့်ကွက်တယ်၊ အရင် “ကြည်”ကြ တုန်းက ရှိန်းက သူ့ကို တိုင်ပင်တယ်၊ အခုတော့ ဘာမှမတိုင်ပင်ဘူး၊ ပေးချင်တာ ပေးတယ်၊ လှူချင်တာ လှူတယ်၊ သူလည်း မပါတော့ဘူးလေ”


မလေးနုသည် သူ့ယောက္ခမလောင်းများ ပြောစကားကို သွားသတိရသည်။ ရှိန်းကုမ္ပဏီက လှူတိုင်း သူ့ဇနီး အေးအမည် မပါဘူးဟု ပြောခဲ့ဖူးသည်။ မလေးသည် သက်ပြင်းချလိုက်မိ၏။ 


“တစ်ခုတော့ ရှိတယ်၊ ရှိန်းက အေးထက် ပညာပိုတတ်တယ်၊ အေးရဲ့ ပျော့ညံ့ချက်တွေကို မသိမသာ လက်တွဲခေါ်သွားရင်း ပညာပေးမှပေါ့၊ ရှိန်းဇနီး ညံ့တာဟာ ရှိန်းခေါင်းဆောင်မှု ညံ့လို့ပေါ့ “


"မလေး မိန်းမတွေဘက်က တစ်ဖက်သတ် မပြောနဲ့၊ ရှိန်း ခေါင်းဆောင်မှုညံ့ရင် ရှိန်းလုပ်ငန်းတွေ အောင်မြင်မလား၊ မိန်းမကလည်း အမြင်ကျယ်ဖို့လိုတယ်။ အိမ်ထောင်ပဲဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုပဲဖြစ်ဖြစ် ခေါင်းဆောင်ဟာ အမြင်ကျယ်ပြီး ခေါင်းဆောင်မှုကောင်းဖို့ လိုသလို နောက်လိုက်ကလည်း အကင်းပါးရတယ်၊ ခေါင်းဆောင်နဲ့ နောက်လိုက်ဆိုတာ အပြန်အလှန် အပေးအယူရှိရတယ်၊ ရှိန်းနဲ့ညားစက “ကြည်”ကြတုန်းကပေါ့၊ ရှိန်း အမျိုးမျိုး ရှင်းပြတယ်၊ အလုပ်သမားတွေအပေါ် ထားရှိဖို့ သဘောထား၊ အိမ်က သားသမီးတွေအပေါ် အုပ်ချုပ်ရေး အကုန်သင်တယ်၊ သူက ထင်တာက သူတောင်းသလောက် ငွေမပေးချင်တာ ရှိန်းက သူ့ကို ချုပ်ချယ်တယ်ထင်တယ်၊ ခုတော့ ဘာမှမပြောတော့ဘူး၊ ပုတ်ပြတ် တစ်လတစ်သိန်း၊ သူ့ဟာ သူသုံးပဲ၊ ကျန်တာ လှည့်မကြည့်ဘူး၊ ရှိန်းမှာ သားတွေဆုံးရှုံးပြီးတဲ့နောက် သူ့ဆီက ဘာမှ မမျှော်လင့်တော့ဘူး၊ ကန်တော့ပါရဲ့၊ ကိုယ့်စကားရိုင်းရင် ခွင့်လွှတ်ပါ၊ သူ့အပေါ် Sexual Feeling လုံးဝ မရှိတော့ဘူး၊ ရှိန်းလည်း ထင်သလိုနေတယ်၊ ရှိန်းအပြစ်ဆိုရင်လည်း ခုနပြောသလိုပဲ ရှိန်း ခံမယ်၊ မလေး အခု ရှိန်းဆေးတိုက်လုပ်ငန်းမှာ မလေးနဲ့ရှိန်း အတူလက်တွဲလုပ်တယ်၊ ရှိန်းသဘောကို သိရောပေါ့။ ရှိန်းက ခေါင်းဆောင်မှုပေးတယ်၊ မလေးက လက်တွေ့လုပ်ငန်း (Carryout) အကောင်အထည် ဖော်ပေးနိုင်တယ်၊ ဒီလိုပဲရှိရမယ်၊ ရှိန်းက နေရာတိုင်း ထောင့်စေ့အောင် ကုလားမ ကြမ်းတိုက်တာက အစ ဝင်မပါနိုင်ဘူး၊ မလေး အကြံဉာဏ်ပေးတာတွေ ကျေးဇူးတင်ပါတယ်၊ ရှိန်းတို့အခြေအနေကိုသာ တင်ပြတာ၊ ရှိန်းကို ခွင့်လွှတ်ပါ၊ ရှိန်းမှာ အပြစ်မရှိပါဘူးလို့ လျှောက်လဲနေတာ မဟုတ်ဘူး၊ တကယ်တော့.. တကယ့်တော့ ... ”


ရှိန်းသည် အသံတိမ်ဝင်သွားကာ ငိုသံပါနှင့် ဆက်ပြောသည်။


“စီးပွားရေးမှာ ဗညားရှိန်းဆိုတဲ့ လူတစ်ယောက် "ရှိန်း"လုပ်ငန်းအမည်နဲ့ အလုပ်တွေ အောင်မြင်နေသလောက် ရှိန်းရဲ့ စာရိတ္တဘက်မှာ ချို့ယွင်းခဲ့ရတဲ့အတွက် ရှိန်း အမြဲပဲ ယူကျုံးမရဖြစ်နေတယ် ဆိုတာတော့ မလေး ယုံပါ၊ ကဲ... ကဲ... မလေး သွားနိုင်ပြီ” 


ရှိန်းသည် စကားဆက်မပြောတော့ဘဲ ဆိုဖာကိုမှီလိုက်၍ ခေါင်းနောက်မှာ လက်နှစ်ဖက်ယှက်ထားကာ မျက်စိမှိတ်နေသည်။ မလေးနုက ဘာမှပြန်မပြောနိုင်သေး၊ ရှိန်းကိုကြည့်ရင်း တွေးနေသည်။ သူပြောသလို လုပ်ငန်းတွေအနေနှင့် အောင်မြင်ခဲ့သည်မှာ အမှန်ပါပဲ။ အတူတွဲလုပ်တော့ ရှိန်း စေတနာနှင့် လုပ်ရည်ကိုင်ရည်ကို သိရသည်။ လူတော်တစ်ယောက်ပါပဲ။ စာရိတ္တနှင့်ပတ်သက်၍ လူကောင်းတစ်ယောက် မဖြစ်လာခဲ့။ လူတော်လူကောင်း စွယ်စုံတော်ဖို့ ဆိုသည်မှာ မလွယ်ပါလား။ မလေးနုရင်ထဲမှာ လှုပ်ခတ်နေသော ဒေါသများ ငြိမ်စပြုလာသည်။ 


ပထမတော့ သူဇာနှင့်ပတ်သက်၍ သူသည် အလုပ်ရှင်ကပေးအပ်သော အလုပ်တစ်ခုကို အစီရင်ခံသလို ပြောပြခြင်းပဲဖြစ်သည်။ နောက်တော့ စာနာခံစားချက်ပါလာကာ ကရုဏာဒေါသောတွေနှင့် သူ ပေါက်ကွဲခဲ့သည်။ ယခုတော့လည်း ရှိန်းမှာ ဒီလိုအခက်အခဲတွေ့ချိန်တွင် ရှိန်းကို ပြစ်တင်နေခြင်းထက် ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်သည်ကို သူ သတိရလိုက်သည်။ ရှိန်းသည် သူ၏ကျေးဇူးရှင်လည်း ဟုတ်သည်။ သူ၏ချစ်ဦးသူ မျိုးဇင်၏ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၊ ရှိန်းဆေးတိုက် ဖွင့်မည့်အကြောင်း ရှိန်း သူ့ကို လာရောက်တိုင်ပင်စဉ်က ရှိန်းပြောသည့်စကား သူ ပြန်သတိရသည်။


“အခု မျိုးဇင် မရှိတော့ဘူး၊ ရှိန်းအပေါ်မှာ နောက်ဆုံး ခွဲခွာကြရတဲ့အချိန်အထိ အနစ်နာခံချစ်လာတဲ့ သူငယ်ချင်း မျိုးဇင်၊ သေရေး ရှင်ရေးအထိ လက်တွဲပြီး သစ္စာရှိခဲ့တဲ့ သူငယ်ချင်းမျိုးဇင်၊ သူ မရှိတဲ့နောက် မျိုးဇင်အပေါ် ရှိန်းချစ်တဲ့ Comrade ရဲဘော်အနေနဲ့ မလေးကို ဆက်လက်စောင့်ရှောက်ဖို့ ရှိန်းမှာ တာဝန်ရှိတယ်လို့ ယူဆတယ်၊ မလေးကို မျိုးဇင်အစား ပြန်ပြီး ရှိန်း သစ္စာရှိရမယ်"


ရှိန်းသည် ပြောစကားအတိုင်း သူ့အပေါ် အစစ ကူညီရုံမက ယုံကြည်စိတ်ချ အားကိုးခဲ့သည်။ ယခု ရှိန်းမှာ သမီးအတွက် ပြင်းစွာ ဝေဒနာခံစားရချိန်တွင် သူ စိတ်ခံပြင်းသမျှ သည်းမခံနိုင်ဘဲ ပြောချင်သလို ပြောခဲ့ပြီ။ သို့သော် ရှိန်း၏ အဆိုးဆုံးအချိန်မှာ အပြစ်တင်နေသည်ထက် ရှိန်းပြဿနာတွေကို ကူညီလက်တွဲဖြေရှင်းဖို့ လိုသည်။ သူလက်တွဲရမည့် ရှိန်း၏လက်တွေ ညစ်ပတ်ပေရေနေတာတော့ အမှန်ပဲ။ ဒီလက်ကို သူလက်တွဲခေါ်ယူ၍ ဆေးကြောပေးသင့် သည်။ ရှိန်း၏ သစ္စာတရားအပေါ် သူ ပြန်လည်သိတတ်ရမည်။ ယခုအချိန် သူပြောချင်သလို ပြောခဲ့စဉ်အခါတုန်းကလည်း အပြစ်ကျူးလွန်မိသော ကလေးတစ်ယောက် မိခင်ရှေ့ ရို့ရို့လေးထိုင်နေသလို သူပြောသမျှ ခေါင်းငုံ့ခံနေသည်ကိုလည်း အံ့သြမိသည်။


“ရှိန်း"


မလေးနုက အသံအေးအေးနှင့် ခေါ်လိုက်သည်။ 


"ဟင် .. မင်း မသွားသေးဘူးလား”


ရှိန်းသည် မျက်လုံးဖွင့်လိုက်ကာ မတ်မတ်ကြီး ပြန်ထိုင်ရင်း မေးလိုက်သည်။


“မသွားသေးပါဘူး” 


"ဘာဖြစ်လို့လဲ၊ အခုထိ ပြောစရာတွေ မကုန်သေးဘူးလား ဟင်။ ကျောက်တုံးလို အသည်းနှလုံးနဲ့ကောင် အရက်တွေသောက်၊ မိန်းမတွေပွေတဲ့အကောင် ဒီလိုကောင်ကို မလေး အထင်သေးနေတုန်း မဟုတ်လား၊ ဘာပြောချင်သလဲ၊ အားရအောင် ပြောသွားပါ” 


သူသည် ဝမ်းနည်းကြေကွဲသံကြီးနှင့် ပြောနေသည်။


“မသွားပါဘူး ရှိန်း၊ မသွားပါဘူး၊ ရှိန်းလက်တွေ ပေနေတယ်ဆိုတာ မလေး သိပါတယ်၊ ဒီလက်ကို စင်အောင်ဆေးပေးပြီးမှ မလေး ရှိန်းအနားက ခွာသင့်ခွာရမှာပေါ့၊ ရှိန်းထားတဲ့ Comrade ဆိုတဲ့ ရဲဘော်ချစ်မျိုး မလေးမှာ ရှိပါတယ်၊ ရှိန်း ဒုက္ခရောက်နေတုန်း သစ္စာရှိရမယ်ဆိုတာ မလေး နားလည်ပါတယ်” 


“တကယ်လား မလေး၊ မင်း ကိုယ့်ကို နားလည်တယ်” 


မလေးနုသည် ရုတ်တရက် သူ ဘာကို ဆိုလိုသည်ကို နားမလည်၊ ရှိန်းက ဆက်ပြောနေသည်။


“မျိုးဇင်လေ ရှိန်း ကျောင်းမှာ အရက်တွေသောက်၊ အဆက်တွေနဲ့ တွဲပေမယ့် ကိုယ့်ကိုနားလည်တယ်၊ ကိုယ့်အပြစ်တွေ ခွင့်လွှတ်ပြီး သူနဲ့ စာအတူကျက်အောင် ကြိုးစားပြီး ကိုယ့်ကို သိမ်းသွင်းတယ်၊ ရှိန်း ဒါ့ကြောင့် ဘယ်လိုပွေပွေ စာမေးပွဲတစ်တန်းမှ မကျခဲ့ဘူး၊ မျိုးဇင်လိုပဲ အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တယ်၊ မေမေလည်း ကိုယ့်အပေါ်မှာ ကိုယ် အရက်တွေမူးပြန်လာလည်း ကိုယ့်ကို ဆီးကြိုပြီး သူ့ရင်ခွင်မှာ သိပ်တယ်၊ အမူးပြေမှ ဒီသား ငမူးကို ချော့တယ်၊ အရက်မကောင်းတာတွေ ပြောပြတယ်၊ မေမေ ကိုယ့်ကို နားလည်တယ်၊ ဒါ့ကြောင့် ရှိန်း အရက်သောက်ပေမယ့် ရှိန်းလုပ်ငန်းတွေကို မထိခိုက်စေရဘူး၊ ဒါလောက် ကိုယ့်အပေါ်မှာ နားလည်တဲ့ မေမေကို ကိုယ့်မိန်းမက မကြည်ဘူး၊ မနာလိုဝန်တိုတယ်၊ နေမကောင်းတာလည်း မလာဘူး၊ သေတာလည်း မလာဘူး၊ ဒါ့ကြောင့် ရှိန်း ပိုပိုဆိုးသွားတာပါ၊ ခုတော့ မျိုးဇင်တို့ မေမေတို့ ပြန်ရှင်လာကြပြီ၊ သူတို့လို ​စေတနာမျိုးနဲ့ ကိုယ့်အပေါ်ချစ်မယ့်၊ နားလည်မယ့် မလေး ရှိလာပြီပေါ့"


“ဟုတ်တယ်၊ ဒါ့ကြောင့် ဖြစ်လာတဲ့ပြဿနာကို မလေးတို့ ရန်မဖြစ်ဘဲ ဖြေရှင်းရအောင်၊ အစကတော့ မလေးရင်ထဲမှာ သူဇာခံစားရတာကို ခံပြင်းလွန်းလို့ ရှိန်းကိုလည်း ဘမောင်ချိန် စကားနဲ့ ဒေါသထွက်လွန်းလို့ မလေး ပြောခဲ့တာပါ” 


“မလေး ဒေါသထွက်မယ်ဆိုလည်း ထွက်စရာပါ" 


“တစ်ခု မလေးပြောချင်တာက ဟို ဆေးတိုက်မှာ ကြက်ပြဿနာတွေ၊ ဆေးပြဿနာတွေ၊ ဆေးမသောက်ဘဲ ရောင်းစားလို့ သေတဲ့လူနာတွေကိစ္စ ဖြစ်တုန်းက ရှိန်း ပြောခဲ့ဖူးတယ်"


“ဘာပြောခဲ့သလဲ၊ ကိုယ် မမှတ်မိဘူး"


“လူနာတွေဟာ ဆင်းရဲတော့ အကုသိုလ်အလုပ်ကို လုပ်ကြတယ်တဲ့။ ပြီးတော့ မရှိတော့ မသိ၊ မသိလို့ မလုပ်သင့်တာတွေ လုပ်ကြတယ်လို့ ပြောခဲ့တယ်လေ၊ သတိရလား"


ရှိန်းက တွေတွေလေး ငေးပြီး စဉ်းစားနေရာမှ... “ဆိုပါဦး၊ သတိရပြီ”ဟု ပြောလိုက်သည်။


“အခု ရှိန်းဟာ ချမ်းသာတယ်၊ ရှိန်းသားတွေဟာလည်း ငွေကို လိုသလောက် ရနေတယ်၊ အဲဒါ ဘာလို့ ရှိန်းတို့ဟာ မလုပ်သင့်တာတွေ လုပ်နေကြလဲ”


ရှိန်းသည် မလေးနုစကားကို တွေတွေလေး စဉ်းစားနေသည်။ 


"လူတွေ ပျက်စီးရတာဟာ ဆင်းရဲလို့ဆိုတာ လုံလောက်တဲ့အကြောင်း မဟုတ်ပါဘူး။ ဆင်းရဲတာဟာ ပျက်စီးဖို့၊ အကုသိုလ်အမှုတွေလုပ်ဖို့ လွယ်ကူစေတဲ့အကြောင်းတစ်ခုတော့ ဖြစ်ချင်ဖြစ်မယ်၊ ရှိန်းတို့မိသားစုကိုပဲ ကြည့်လေ၊ ရှိန်းဟာ လုပ်ငန်းကြီးတွေကို ဦးစီးခေါင်းဆောင်နိုင်တဲ့ လူတစ်ယောက်၊ အရည်အချင်းလည်း ရှိပါလျက်နဲ့ ရှိန်းသားတွေ အရွယ်ရောက်သူရော အရွယ်မတိုင်ခင်ရော ပျက်စီးကြရတာ ဆင်းရဲလို့လား၊ ဖြစ်သင့်တာက သားတွေကို အားကစားကွင်း၊ စာကြည့်တိုက် တစ်ခုခုကို ပို့သင့်တယ်၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း ရှိန်းရဲ့ လုပ်ငန်းတစ်ခုထဲကို သွင်းပေးသင့်တယ်လေ”


ရှိန်းက ခေါင်းတညိတ်ညိတ် လုပ်နေသည်။ 


“ရှိန်းပြောရင် မလေးက ရှိန်းအပြစ်လို့ ဆိုမယ်၊ ရှိန်းလည်း ပြောခဲ့ပြီးပါပြီ၊ မလေး ကလေးတွေအပေါ် နားလည်သလို အေးက နားမလည်ဘူး၊ အမြင်မကျယ်ဘူး၊ အိမ်ထောင်လည်း မထိန်းသိမ်းတတ်ဘူး၊ သားသမီးလည်း မထိန်းတတ်ဘူး၊ ကိုယ် ဘယ်လို ဒီမိန်းမကို နားလည်ရမလဲ။ စူပါမားကက်ဆိုရင် ရှိန်း စည်းကမ်းကို ထားတာ၊ အဲဒီမှာလုပ်တဲ့ မိန်းကလေးတွေကို ကိုယ်ကျင့်တရားကောင်းရမယ်၊ လူတကာ ချိန်းခေါ်လိုက်တဲ့ မိန်းကလေးမျိုးဆိုရင် မထားရဘူးဆိုပြီး မန်နေဂျာကို ရှိန်းက အမိန့်ထုတ်ထားတယ်။ မိန်းကလေးတွေဟာ ရိုးရိုးသားသား ရှာစားနေတာပါ၊ စည်းကမ်းလည်း လိုက်နာပါတယ်၊ ဒါပေမဲ့ အေးက မယုံ၊ ရှိန်း ခြေတော်တင်ခံတဲ့ ကောင်မလေးတွေ ဆိုပြီး ဒီစူပါမားကက်ကို ခြေဦးမလှည့်ဘူး၊ အမြင်က တိုလွန်းတယ်”


“ရှိန်းကလည်း မသင်္ကာချင်စရာ လုပ်ခဲ့ဖူးတယ်လေ၊ ဒီတော့ မိန်းမတစ်ယောက်အနေနဲ့ ဘယ်စိတ်ချမလဲ"


“သူများနဲ့ စိတ်မချရင် ကိုယ့်ရင်ခွင်မှာ ပျော်အောင်လည်း သူ မကြိုးစားဘူး”


“ကဲ... ကဲ.…. တော်တော့၊ ဒီအကြောင်းရောက်ရင် မလေးနဲ့ ရှိန်း ရန်ဖြစ်ရလိမ့်မယ်၊ မလေး ရန်မဖြစ်ချင်ဘူး၊ နာကြည်းစရာတွေ မပြောချင်ဘူး။ မလေးပြောချင်တာက သူဇာ့ကိစ္စ၊ သားတွေကိစ္စလည်း ရှိန်းနဲ့ အေး တတ်နိုင်သလောက် လက်တွဲဖြေရှင်းပါ၊ အချိန်နောက်မကျသေးပါဘူး။ သူဇာကတော့ မိန်းကလေးလည်းဖြစ်ပြန်၊ ငယ်ရွယ်သူဆိုတော့ စိတ်မလေဖို့.အရေးကြီးတယ်၊ မလေးနဲ့ သက်မာ ကြိုးစားကြည့်မယ်၊ အခု မလေး စဉ်းစားမိတာက ဒီဆေးတိုက်မှာ လူနာတွေ စားသောက်ဖို့ စီမံခန့်ခွဲတဲ့နေရာမှာ သူဇာကို သုံးကြည့်ချင်တယ်၊ သူ့ခမျာလည်း ဒီစိတ်နဲ့ ကျောင်းပြန်တက်ချင်တဲ့စိတ်လည်း ရှိမယ်မထင်ဘူး”


ရှိန်းသည် မလေးနုကို စူးစိုက်ကြည့်ရင်း မျက်ရည်များ ဝေ့လာသည်။ ရင်ထဲမှာ မလေးနုအပေါ် ကျေးဇူးတင်နေမိသည်။ သူဇာ့ကိုယ်ရေးကိုယ်တာကိစ္စမှာ သူနှင့် ထပ်တူခံစားရ၍ ဖြေရှင်းပေးသူ၊ ပြဿနာကိုလည်း လိမ္မာပါးနပ်စွာ ကိုင်တွယ်တတ်သူပါလား။ 


"ရှိန်းအပေါ်မှာ နားလည်တဲ့ မိန်းမတစ်ယောက်လည်း ရှိသေးတယ်နော်၊ ကိုယ့်ရဲ့ အဆိုးဆုံးအချိန်မှာ မင်းဝင်ပြီး လက်တွဲလာတာ ကျေးဇူးတင်ပါတယ်၊ ကိုယ့်ရဲ့လက်တွေ ညစ်ပတ်ပေရေတာတော့ မင်းသိပါတယ်နော်”


မလေးနုက ရှိန်းစကားနားထောင်ရင်း ရယ်ချင်လာသည်။


“မလေးတို့က ဆရာဝန်ပဲ၊ ရှိန်းလက် ပေနေရင် လက်အိတ်နဲ့ ကိုင်မှာပေါ့"


တမင် မလေးနုသည် အရွန်းဖောက်လိုက်ခြင်း ဖြစ်သည်။ ပြောရသည့် စကားတွေက အင်မတန် စိတ်ပျက်စရာအကြောင်းတွေကို ရှည်လျားစွာ ဆွေးနွေးနေကြရခြင်းမှာ ကြာတော့ စိတ်ညောင်းလာပြီ ဆိုရမည်။


"တစ်ခုတော့ ရှိတယ်၊ ပေနေတဲ့လက်ကို ဆေးဖို့ ရေပေးပေမယ့် ကာယကံရှင်က ဆေးဦးမှ စင်မှာနော်၊ ကဲ... ဒါပါပဲ။ မလေးတို့ စကားပြောတာ ရှည်လှပြီ၊ သွားမယ်”


မလေးနုက ထပြန်လာခဲ့သည်။ သူသည် အခန်းရောက်သည်အထိ ရှိန်းအကြောင်း စဉ်းစားလာခဲ့သည်။ ရှိန်းတို့က ဘာပဲဖြစ်ဖြစ် ငွေရေးကြေးရေး၊ အခြေအနေ၊ အသိုင်းအဝိုင်း၊ ယောက်ျားဆိုသော ဘဝပေးကြောင့် မလေးတို့ထက် အင်အားသာပါသည်။ သူနှင့် ရှိန်းဆိုလျှင် ခြင်္သေ့နှင့် ကြွက်လိုပါပဲ။


ကြွက်ကလေး၏အသက်ကို လွှတ်လိုက်၍ ကြွက်ကလေးက ခြင်္သေ့ကြီးကျေးဇူးကို ပြန်ဆပ်မည် ဆိုသည်။ ခြင်္သေ့ကြီးက ရယ်မောသည်။ ဒါလောက်သေးငယ်သော ကြွက်ကလေးက သူ့ကျေးဇူး ပြန်ဆပ်မည်ဆိုသည်ကို ပြက်ရယ်ပြုခြင်း ခံရသည်။ အသိုင်းအဝိုင်းနှင့် ငွေကြေးဓနနှင့် အင်နှင့် အားနှင့် ပြည့်စုံသူတွေဆိုတော့ ကြွက်ကလေးကို အထင်သေးမှာပါပဲ။ သူတို့တွေမှာ ထင်တိုင်းပေါက်အောင် အခြေအနေပေးနေလေတော့ အနတ္တဟူသော မစိုးမပိုင်သောတရားကို သတိမရကြပေဘူးပေါ့။ ကြွက်ကလေးမှာလည်း ကြွက်အင်အားနှင့်ပါပဲ။ 


ခြင်္သေ့ကြီး ထောင်ချောက်မှာ မိနေသောအခါ ကြွက်ကလေး ရောက်လာသည်။ ခြင်္သေ့ကြီးကို ထောင်ထားသော ထောင်ချောက်ကြိုးများကို သူ့သွားငယ်နှင့် တစ်စစီ ကိုက်ဖြတ်ပစ်သည်။ ခြင်္သေ့ကြီးက အလွန်အံ့သြသွားသည်။ အင်အားသေးသည်ဟူ၍ အထင်မသေးသင့်ကြောင်းကို ကြွက်ကလေးက အထင်အရှား ခြင်္သေ့ကြီးကို ပြသွားသည်။


ရှိန်း ကျေးဇူးတရားများက သူ့အပေါ် အများကြီးရှိခဲ့ပါသည်။ ရှိန်းက သူနှင့်နှိုင်းလျှင် မယှဉ်သာအောင် ငွေအင်အား အသိုင်းအဝိုင်းသာသူဆိုတော့ မလေးနု၏အရည်အသွေးကို ခေါင်းထဲ စဉ်းစားချင်မှ စဉ်းစားမိပေမည်။ မလေးနုတို့ကလည်း အထင်သေးစရာ။ အားနွဲ့သူမိန်းမသား သူ့လက်အောက်ငယ်သားလိုပါပဲ။ ယခုတော့လည်း ကံကြမ္မာသည် ရှိန်းအား မစိုးမပိုင်ခြင်းသဘောကို ပြဆိုလာခဲ့သည်။ သူ မမျှော်မှန်းသောအဖြစ် သမီးဖြစ်သူ သူဇာမှာ ဖြစ်လာလေတော့ အလှည့်ကျ မနွဲ့ရစိတ်ထားနှင့် မလေးနုသည် သူကျရာနေရာမှ ပါဝင်ကူညီခဲ့ခြင်းပါပဲ။


ပြီးတော့လည်း ဘာပဲဖြစ်ဖြစ် ရှိန်းကို တုပ်နှောင်ထားသော နှောင်ကြိုးများက ရှိသေးသည်။ ချမ်းသာသူတို့ရောဂါလား၊ ရှိန်း၏ပင်ကိုစရိုက်ပဲလား။ အရက်များ၊ မိန်းမများနှင့် ရှိန်း ပျားရည်အိုင်မှာ နစ်မြုပ်နေသည်ကိုလည်း မလေးနု မကြည့်ချင်။ ပြဿနာကို အရက်၊ မိန်းမနှင့် ဖြေရှင်းလို့ရသည်ဆိုသော ရှိန်းတို့ဓလေ့ကို သူ လက်မခံနိုင်။ သူနှင့်လက်တွဲ၍ ဆေးခန်းမှာ တာဝန်ထမ်းဆောင်စဉ်တော့ သူသည် ပျားရည်အိုင်မှ နွံများနှင့် ပေကျံနေသည့် ရှိန်းလက်ကို ဆွဲယူ၍ ဆေးကြောပစ်ချင်ပါသည်။ ပျားရည်၏အညှိအချွဲကို သန့်စင်သောရေက ​ဆေးပစ်နိုင်စွမ်းရှိပါသည်။ 


အပိုင်း(၇)ဆက်ရန်


ခင်နှင်းယု



No comments:

Post a Comment