သမီးလေးကို ကျောင်းပို့ရသောအချိန်တွင် ဦးလေး ဦးအုန်းမောင် ပြောသောစကားကို ကျွန်မ သွား၍ သတိရ၏။ ဦးအုန်းမောင်တွင် အပြေးအလွှား ရေတွက်ပါမှ သမီးတစ်ယောက်တည်းသာ ရှိ၏။ သူ့နှမများသည် ကလေးများသူ ဖြစ်၏။
“မင်းတို့မှာတော့ ကင်းခြေများလို ဖြစ်နေလို့. ခြေတစ်ချောင်း ကျိုးရုံနဲ့ ကိစ္စမရှိဘူးဟ။ ငါ့မှာတော့ ဒီသမီး တစ်ယောက်တည်းရယ်၊ ဒါ့ကြောင့် ပုံချစ်ပြီး ပိုဂရုစိုက်ရတယ်” ဟု ဆို၏။ သူ့သမီးကို အတော်ကြီးသည်အထိ ပခုံးပေါ်မှ မချတော့ပေ။
“မိ”ကြီးပြင်းလာသောအခါ ကျွန်မတို့အာရုံများသည် အားလုံး မိအပေါ်တွင် စုပြုံစူးစိုက်ကြ၏။ ကျွန်မတို့တွင် တခြားအာရုံများစရာ သားသမီးမရှိပါပေ။
“ကို”သည် သူသင်္ချာတော်သလို သမီးအား တော်အောင် လုပ်၏။ မမက သူအင်္ဂလိပ်စာတော်သလို သမီးအား တော်အောင် အခြေခံလုပ်ပေး၏။ သမီးနေသော ကျောင်းလေးမှာ မထင်မရှား ကျောင်းကလေးပင် ဖြစ်သော်လည်း အခြေခံကောင်းသော ကျောင်းကလေးဖြစ်၏။
မမက ကလေးကို ကျူရှင်မပေးရ၊ ကျူရှင်ပေးသော စနစ်ကို မကြိုက်ဆို၍ သူကိုယ်တိုင်ပင် မိကို ထိန်းသိမ်းသင်ပြလာ၏။
ကျွန်မသာ မနက်၆-နာရီမှ ညဉ့်အချိန်ထိလိုလို အလုပ်သွားရင်း၊ ကျောင်းတက်ရင်း သမီးကို ခပ်ဝေးဝေးမှ ကြည့်၏။ တစ်ခါတစ်ရံ သိပ်လိုအပ်မည် ထင်မှသာ ကျွန်မ ကျွမ်းကျင်သော မြန်မာစာကို သမီးလေးအား ပြသပေးပေသည်။ ကျွန်မဆက်ဆံပုံသည် သမီးလေးအပေါ် စိမ်းစိမ်းကားကားဖြစ်နေသလားဟု ထင်မိ၏။
မိ ဒုတိယတန်းသို့အရောက်တွင် မမကွယ်လွန်ခဲ့၏။ မိအပါးဝယ် ထိန်းသိမ်းသွန်သင်မည့်သူ မရှိတော့ပေ။ မမဆုံးသည်မှ သင်္ဂြိုလ်သည့်နေ့အထိ မိအား ဘယ်သူမှ ပြောမပြပေ။ မမ ဆေးရုံမှာဆုံးသည်ဖြစ်၍ မိသည် ဘာမှမရိပ်မိလိုက်ပေ။ သင်္ဂြိုလ်ပြီးသောနေ့ကသာ သူ ကျောင်းပြန်လာချိန်တွင် အိမ်မှာ လူများနေ၍ သူမေး၏။
“လူတွေအများကြီး ဘာလုပ်တာလဲဟင် ...ဦးကြီးမောင်မောင်” ဟု ကိုကို့အား သူသွား၍မေး၏။
“သမီးရဲ့ဒေါ်ကြီး မဒရပ်ကို ဆေးကုသွားလို့ ဆွေမျိုးတွေ လိုက်ပို့တာ သူတို့ပြန်လာကြတာပေါ့”
သူသည် အိမ်သားများကို လိုက်ကြည့်ရင်းမှပင် မေးခွန်းတစ်ခု ထပ်မေး၏။
“ဒေါ်ကြီးနဲ့တူတူ ဘယ်သူမှ လိုက်မသွားကြဘူးလား”
“နပ်စ်မ (သူနာပြုဆရာမ) ပါသွားလေတယ်သမီး”
ကျွန်မက ကောက်ကာငင်ကာ သူ့ကိုလိမ်လိုက်ရ၏။ စိတ်ထဲတွင်တော့ သမီးကို မလိမ်ချင်ပေ။ သူ့စိတ်ထဲတွင်လည်း...သူချစ်သော ဒေါ်ကြီးသည် ခရီးဝေးကြီးသွားပြီဖြစ်၍ ဟာနေပုံရ၏။ သို့သော် သူသည် လူကြီးများကို နောက်ထပ် မေးခွန်းမမေး၊ အိမ်ရှေ့ ဝရံတာသို့သာ ထွက်သွား၏။ မကြာခင်ပင် သူ့အသံကို ကြားရ၏။
“ဦးကြီးမောင်မောင်ရေ... မေမေရေ၊ ဟောဟိုမှာ လေယာဉ်ပျံကြီး ပျံသွားပြီ။ ဒေါ်ကြီး အဲဒီလေယာဉ်ပျံထဲမှာ ပါသွားပြီထင်တယ်”
သူသည် ဝရံတာမှ ကုန်းအော်ကာ လက်ပြနေ၏။ ကျွန်မကတော့ သမီးဟန်ကို မမြင်ရက်တော့၍ အိမ်ထဲမှ မထွက်တော့။ ကိုကိုသာ သူ့အပါးတွင် သွားရပ်ကာ “အေးဟေ့...” ဟု ဆို၍ သူနှင့်အတူ စိတ်ကျေနပ်အောင် လေယာဉ်ပျံကို လက်ပြနေတော့သည်။
ရက်လည်ဆွမ်းကျွေးသောနေ့ကလည်း သူသည် ကျွန်မကို မေးခွန်းမေးပြန်သည်။
“မေမေကသာ ဒေါ်ကြီး မဒရပ်ကိုသွားတယ်ပြောတယ်၊ ဘွားလေး ခင်ခင်က ပြောတော့ ဆုံးသွားတယ်ဆို၊ 'ဆုံး' ဆိုတာ ဘာလဲ”
“မဒရပ်နားက 'ဆုံး' မြို့ကို သွားတယ်လို့ ပြောတာ”
သမီးလေး၏ ငယ်ရွယ်နုနယ်သေးသော အသည်းနှလုံးတွင် ကျွန်မကဲ့သို့ ချစ်သောသူများနှင့် ခဏခဏ ကွေကွင်းရသောကြောင့် ငိုကြွေးတတ်သောအကျင့်၊ ထိခိုက်နာကျင်လွယ်သောအကျင့် မပါစေလို၍ ကျွန်မသည် ဒုတိယမ္ပိ လိမ်လိုက်ပြန်၏။
“ဒေါ်ကြီးကိုသွားပို့တုန်းက မေမေတို့က မိကို ဘာလို့ မခေါ်တာလဲ”
“သမီးဒေါ်ကြီးက ကျောင်းတက်မှန်တဲ့ကလေးကို ချစ်တယ်မို့လား၊ သူသွားတာကို လိုက်ပို့ရင် သမီး ကျောင်းတစ်ရက်ပျက်၊ ဒီတော့ ဒေါ်ကြီးက သမီး ကျောင်းမပျက်စေချင်လို့ မိ လိုက်မပို့စေနဲ့ ဆိုလို့ မေမေတို့က မခေါ်တာ” ဟု သူ့ကို ရှင်း၍ပြရလေသည်။
မမကိစ္စပြီးလျှင် သူ့ဖေဖေသည်လည်း ရပ်ဝေးခရီးထွက်ရာမှ ပြန်လာပြီဖြစ်၍ မမကိုယ်စား သူ့သမီးအပါးတွင် အနေများလာ၏။ တစ်ခါတစ်ရံသာ သမီးသည် ကျွန်မအပါးသို့ ကပ်လာ၍ “ဒေါ်ကြီးဆီက စာမလာဘူးလား၊ ဒေါ်ကြီးက နေမကောင်းဘူး ထားဦး၊ နပ်စ်မကို စာရေးခိုင်းဖို့ကောင်းတယ်” ဟု မေးတတ်၏။ သူက တမ်းတမ်းတတ မေး၍လာသောအခါ... ကျွန်မ အဖြေရကျပ်၍ သွားတတ်ပါသည်။ ကျွန်မသည် သင့်သလို အဖြေများကိုသာ ကြည့်၍ ပေးသွား၏။ သမီး အသည်းနှလုံးများ အနည်းငယ် ရင့်ကျက်လာသောအချိန်တွင် သူ့အလိုလို သိလာပေလိမ့်မည်။ ကျွန်မသည် သမီးကို ခပ်ဝေးဝေးကပင် ကြည့်၍ ပိုးစိုးပက်စက်လွန်သော စည်းကမ်းပျက်မှုမျိုး ဖြစ်မည်ထင်မှ သမီးကို ကပ်၍ ထိန်းပေး၏။
ကျွန်မယူဆချက်မှာ သမီးကို ကျွန်မသည် တဖြည်းဖြည်း လွှတ်၍ ပေးရမည်။ ထိုမှသာ သမီးသည် ကျွန်မလက်က လုံးလုံးလွှတ်လိုက်သော အချိန်တွင် သူ့ကိုယ်သူထိန်း၍... ရဲရဲဝံ့ဝံ့ လမ်းလျှောက်ရဲမည် မဟုတ်ပါလော၊ သို့မဟုတ်လျှင် သူ့အပါးတွင် အစဉ်ကပ်နေသော ကျွန်မကိုသာ သူ ထာဝရ အားကိုးနေမှာကို ကျွန်မစိုးသည်။ အနာဂတ်ကို ဘာမျှ မမျှော်မှန်းနိုင်ကြပေ။
ကျွန်မသည် တတ်နိုင်သလောက် ”ငါ” ကို ဖြုတ်ကြည့်နေ၏။ ဘာမဆို ငါမရှိရင် မဖြစ်ဘူးဟူသော အစွဲကို လျှော့ပစ်နေ၏။ အိမ်ရှင်မတစ်ယောက်အဖြစ်ပင် တာဝန်ယူထားသော်လည်း...''ငါ” မရှိလည်း သူတို့ဘာသာ တပုံစံစီ ဖြစ်သွားကြမှာပဲဟူသော သဘောကို လက်ခံလာအောင် ကိုယ့်ကိုယ်ကိုလည်း ကျင့်၏။ အိမ်သားများကိုလည်း ကျင့်ပေးသည်။ ငါမရှိရင်မဖြစ်ဟူသော စိတ်မှာ တကယ်တွေးကြည့်သောအခါ စိုးမိုးလိုစိတ် များနေခြင်းဖြစ်၏။ ကိုယ့်ကိုယ်ကို ထင်နေခြင်းသာ ဖြစ်၏။ အိမ်သားများအနေနှင့် သူရှိနေခြင်းမှာ ပိုနေသည်ဟု ထင်ကောင်းထင်နေတတ်ပေသည်။
ကိုကတော့ သူ့သမီး၏ လစဉ်ကျောင်းမှ “ရီပို့” (Report) အစီရင်ခံစာများကို ဖတ်၏။ သူ့သမီး မည်သည့်ဘာသာရပ်တွင် တော်၍ မည်သည့်ဘာသာရပ်တွင် ညံ့သည်ကို ဂရုတစိုက် ကြည့်ရှု၏။ သူကိုယ်တိုင်လည်း သင်ပေးသည်။ ညနေတိုင်းလျှင် သူ့သမီးနှင့် တူတူလမ်းလျှောက်ထွက်၏။ သူကြိုက်သော ဟိုတယ်တွင် သမီးနှင့်အတူတူ ကြိုက်သည့်အစာကို စား၏။ ညဉ့်အိပ်ခါနီးတွင်မူ ကလေးပြောပြမှ သူ့အဖေနှင့် ဘယ်ဆိုင်တွင် ဘာစားကြသည်ကို ကျွန်မသိပေသည်။
ကျွန်မသည် သမီးလေးကို ခပ်ဝေးဝေးကပင် ကြည့်၏။ ရန်ကုန်မြို့ထဲရှိ ဆူးလေဘုရားလမ်းအိမ်မှ မြို့ပြင်ခြံထဲ ပြောင်းမည့်အချိန်တွင်မူ သူတို့သားအဖကြားတွင် ပြဿနာပေါ်လာလေသည်။ ပစ္စည်းများ သိမ်းဆည်းနေ၍ ကျွန်မသည် ရုတ်တရက် မသိပေ။ မိအတွက် စာကြည့်စားပွဲ ကလေးအရွယ် သတ်သတ်လုပ်ပေးထားသည်ကို သိမ်းမည်လုပ်တော့မှ သူကိုက်ညှပ်ထားသော အရုပ်ကားများ၊ သူဆွဲထားသော ပန်းချီကားများ၊ ပန်းပွင့်များ အများကြီး ပွနေသည်ကို တွေ့ရမှ ကျွန်မသည် သမီးကို လိုက်ရှာ၏။
“သမီးရေ...မိ... သမီးပစ္စည်းတွေကို သမီးဘာသာသိမ်းဟေ့၊ တော်ကြာ မေမေတို့ လွှင့်ပစ်တဲ့အထဲ သမီးကြိုက်တဲ့ အရုပ်ကားတွေ ပါသွားဦးမယ်”
သူ့အသံကို မကြားရ၊ ကျွန်မ လိုက်ရှာသောအခါမှ မသိမ်းရသေးသော ခုတင်တစ်လုံးပေါ်တွင် ကြောင်ကို တင်းတင်းကြပ်ကြပ်ကြီး စိုက်ကာ ရှိုက်ကြီးတငင်ငိုနေသော မိကို တွေ့ရ၏။
“ဟင်...သမီး ဘာလို့ ဒါလောက် ငိုနေလဲ၊ မျက်လုံးကြီး ရောင်နေပြီ...”
ကြောင်လေးမှာလည်း သူ့ရင်ခွင်ထဲတွင် ပုဝင်ကာ မျက်နှာက မိကို မော့ကြည့်နေ၏။
“မိဖြူ...မိဖြူကို ဖေဖေက ခြံထဲကိုပြောင်းရင် မခေါ်ရဘူးတဲ့။ သူ့ကို မခွဲနိုင်ဘူး။ မိနဲ့ ကစားတာ မိဖြူတစ်ယောက်တည်း ရှိတယ်။ သူ့ကို မိ အိမ်မှာ မထားခဲ့ချင်ဘူး”
သူသည် ရှိုက်ကြီးတငင် သူ့ကြောင်ကို ဖက်ကာ... ငိုပြန်ပါသည်။
“ကဲ သမီး... ဖေဖေ ပစ္စည်းတွေသယ်ဖို့...နောက်တစ်ခေါက် ကားနဲ့ လာဦးမှာ၊ မေမေရှင်းပြမယ်၊ သမီးစာကြည့်စားပွဲကို သမီးဘာသာရှင်း၊ လိုချင်တာတွေကို စားပွဲနားမှာ ခြင်းတစ်လုံးထားတယ်၊ အဲဒီအထဲ ထည့်၊ မလိုချင်တာတွေ ဘေးချထား၊ စာအုပ်တွေလည်း သမီးဘာသာ စီထည့်၊ တခြားလူလုပ်ရင် လူကြီးတွေ စာအုပ်တွေနဲ့ ရောပြီး သမီး စာအုပ်ပျောက်မှာ”
သူသည် မျက်ရည်သုတ်လိုက်၏၊
“မေမေ၊ ဖေဖေ့ကို တကယ်ပြောပြနော်”
“ပြောပြမှာပေါ့ သမီးရယ်”
သူသည် ကြောင်ကို စေ့စေ့ကြည့်ကာ “မိဖြူ...သမီးလေး ခြံထဲကို လိုက်ရမယ်” ဟုဆိုကာ အောက်သို့ ချလိုက်၏။
မိဖြူသည် အမြီးတန်းကာ သူ့နောက်မှ လိုက်သွားတော့၏။ ကိုပြန်လာလျှင် ကျွန်မက ပြောရ၏။
“မိဖြူကို ခြံထဲပြောင်းရင် ခေါ်သွားပါစေကွယ်၊ ကိုက မခေါ်ရဘူးဆိုလို့ မိ တစ်မနက်လုံး ပိုက်ပြီး ငိုနေလေရဲ့”
“ဟာ...မခေါ်စေနဲ့၊ အချိန်အားရင် ဒီကြောင်းနဲ့ပဲ စကားပြောနေတာပဲ၊ လူကျနေတာပဲ၊ သမီးလေးရေ မမကိုချစ်လားဆို ဒီကြောင်မကလည်း ညောင်ညောင်နဲ့ ပြန်ပြောတယ်”
“ဪ...ကိုကလဲ စဉ်းစားကြည့်ပါဦး၊ သမီးဟာ လူကြီးတွေနဲ့ချည်း နေရတာ၊ ဒီကြောင်လေးနဲ့မှ စကားမပြောရ ကလေးလို မနေရရင် သူ ဘယ်သူနဲ့ နေရမလဲ၊ ဒီကြောင်ကို ချစ်လို့ သမီးမှာ ကြီးကြီးကျယ်ကျယ် အကျင့်စာရိတ္တ ထိခိုက်မှာလိုက်လို့၊ တချို့လည်း သူ့စိတ်ကြိုက်နေပါစေ၊ ကလေးကို လွှတ်ပေးတန်သ၍ လွှတ်ပေးပါ"
ကိုသည် မျက်မှောင်ကုပ်နေ၏။
“တော်ကြာ မိဖြူ အိပ်ရာထဲ သွင်းအိပ်ဦးမယ်၊ ကိုက အဲဒါလည်း မကြိုက်ဘူး”
“ဟိုအိမ်ရောက်တော့ ကြည့်ပြောတာပေါ့ ကိုရယ်...၊ အတင်းအကျပ်ဆိုတာကြီး မလုပ်ချင်စမ်းပါနဲ့၊ မိဖြူကို သူသိပ်ချစ်မှာပေါ့။ မိ တိုက်ဖွိုက်ဖြစ်တုန်းက ကိုသာမသိတာ တစ်ညဉ့်လုံး မိဖြူမအိပ်ဘူး”
“ဘာ”
“အဟုတ်ပြောတာ၊ အချိုကိုယ်တိုင် လေးနာရီတစ်ခါ အဖျားချိန် တိုင်းပြီး သမီးကို ချွေးသုတ်အဝတ်လဲပေးတိုင်း မိဖြူဟာ မိရဲ့ ခေါင်းအုံးဘေးမှာ ငုတ်တုတ်လေးထိုင်ပြီး မိကို စိုက်ကြည့်နေတာပဲ၊ ခဏထင်လို့ အချိုကြည့်နေတာ မိုးအလင်းပဲ”
ကိုသည် အတန်ကြာစဉ်းစားနေပြီးမှ မိဖြူကို ခေါ်ခွင့်ပြုလေသည်။
အိမ်ပြောင်းစဉ်တွင် မိ လေးလေးစားစား သယ်သည်မှာ သူ့စာအုပ်များ၊ မိဖြူနှင့် နှင်းဆီပေါ်ပီ ပန်းရောင်အိုးကလေးဖြစ်၏။
ခြံထဲအိမ် ရောက်ပြီး၍ ခြောက်လလောက်ကြာသောအခါ မိဖြူသည် ကားဂိုထောင်ထဲတွင် သေသွား၏။ မိဖြူသေဆုံးချိန်တွင်လည်း မိမသိပေ။ မိဖျားနေသောကြောင့် ဘယ်သူကမှ သူ့ကို မပြောပေ။ ပျောက်သွားသလိုပင် သူ့ကိုပြောပြထား၏။ နောက်လကျမှပင် မိဖြူတစ်ကောင် ဆုံးသွားကြောင်း ကို မိအား ပြောပြရလေသည်။
တစ်နေ့ ညစာစားပြီးချိန်တွင်မူ မိသည် ဓာတ်ပုံကလေးတစ်ပုံ ယူကာ သူ့ဖေဖေကို ပြ၏။
“ဖေဖေ၊ အိမ်သားတွေကလေ မိဖြူရှိတုန်းကတော့ မိဖြူလေး ဘာလေးနဲ့ ခုတော့ သူ့ကို ဘယ်သူမှ သတိမရကြတော့ဘူး သိလား”
ကျွန်မသည် ကို့မျက်နှာကို လှမ်းကြည့်လိုက်၏။ ကိုက ပြတ်ပြတ်တောက်တောက် တစ်စုံတစ်ခု ပြောလိုက်မှာကို ကျွန်မစိုး၏။ တစ်ခါတစ်ရံ ကိုလည်း ကလေးစိတ်ထိခိုက်အောင် ပြောတတ်၏။ ဒီတစ်ခါ ကို ဘာမှမပြော၊ မိမျက်နှာကိုသာ ငြိမ်သက်၍ ကြည့်နေ၏။
“ဒီမှာကြည့်ပါဦး ဖေဖေရယ်...၊ မိဖြူဟာ သိပ်ချစ်ဖို့ကောင်းတာဘဲ”
သူပြသော ဓာတ်ပုံမှာ မိဖြူသည် ကြိမ်ကုလားထိုင်ပေါ်တွင် တစ်စုံတစ်ခုကို လှမ်းပုတ်နေဟန်ရှိ၏။ ဝမ်းဗိုက်သား ဖွေးဖွေးလေးမှာ ပုတ်နေသော လက်အောက်တွင် လှပစွာပေါ်နေလေသည်။ ကိုနှင့်ကျွန်မသည် သူပြသော ဓာတ်ပုံကို စိတ်ဝင်ဝင်စားစား ကြည့်၍ မိကျေနပ်ပုံရ၏။
“မိကတော့ မိဖြူကို အမြဲသတိရနေတာဘဲ”
“ဒီလိုဆိုရင် မိဖြူကို သတိရတဲ့ အထိမ်းအမှတ်နဲ့ မိဘာလုပ်ချင်သလဲ”
ကိုသည် သူ့သမီးဆန္ဒကို လိုက်လိုက်လျောလျောနှင့် မေး၍ ကျွန်မစိတ်ထဲမှာ ဝမ်းသာသွားပါသည်။ မိသည် တကယ်ပင် စဉ်းစဉ်းစားစားဖြေ၏။
“အဲဒီဓာတ်ပုံက မိကိုယ်တိုင်ရိုက်တာ၊ ဒီပုံကို နည်းနည်းပုံကြီးချဲ့ လိုက်ချင်တယ်၊ ပြီးတော့ မိဖြူအတွက် သတိရတဲ့နေ့ တစ်နေ့နေ့လုပ်ပြီး ကိုချစ်ထွန်းတို့ခြံက ခွေးလေးနှစ်ကောင် ရွှေအိုးရယ် မိငွေရယ်လည်း ဖိတ်မယ်၊ မိတို့ခြံက ငတိုးရယ် မဲလုံးရယ်လည်း ခေါ်မယ်။ ပူတူးတို့အိမ်က ကြောင်ဝါဝါကြီးနဲ့ အကြားလည်း ဖိတ်မယ်၊ ပြီးတော့ မိဖြူ ဓာတ်ပုံကို စားပွဲပေါ်တင်ပြီး သူတို့ကို ပြောပြရမှာပေါ့။ မိဖြူသေတဲ့အကြောင်း၊ မိဖြူ ချစ်စရာကောင်းတာကိုလည်း မိပြောပြမယ်၊ ပြီးတော့မှ အဲဒီကြောင်နဲ့ ခွေးကို မိ တစ်ခုခုကျွေးမယ်နော်...”
“အေးလေ...သမီးစာမေးပွဲပြီးတဲ့နေ့ နွေကျောင်းပိတ်ကျတော့ လုပ်တာပေါ့”
သူ့ဖေဖေထံမှ စကားပြန်ရလျှင် သူသည် ပုံလေးကို တယုတယ သိမ်းကာ ထမင်းစားခန်းထဲမှ ထွက်သွားပါသည်။
ကိုသည် ယခုမှပြုံးရင်း... “ကလေးများဟာနော်...ဘာရယ်လို့ မဟုတ်ဘူး၊ သူတို့စွဲလမ်းရာ စွဲလမ်းရာပဲ...” ဟုဆို၏။
“ဟုတ်တာပေါ့ ကိုရာ၊ ကိုကော ငယ်တုန်းက ကလေးဘဝတုန်းက လုပ်ခဲ့တာတွေ ပြန်တွေးရင် လူကြီးမျက်စိနဲ့တော့ ရီစရာပေါ့”
ကိုက ခေါင်းညိတ်၍နေပါသည်။ မိအပါးတွင် မိဖြူအစား မိပု ရောက်လာသည်။ မိပုသည် ဆော့လည်းဆော့၏။ မိကို လူလိုပင် အချီအချ တညောင်ညောင်နှင့် စကားပြောနေတတ်၏။ မိအိပ်ခန်းထဲတွင် မိပု၏အိပ်ရာကို သပ်သပ်တွေ့တတ်၏။ ညဉ့်အလည်လွန်၍ အပြန်နောက်ကျလျှင် မိအိပ်ခန်း၏ မှန်ပြတင်းကို လာရောက် ခေါက်တတ်လေသည်။ မိက ဖွင့်ပေးသောအခါ သူ့အိပ်ရာသို့ သူဝင်အိပ်၏။
မိသည် ယခင်ကလောက် ပန်းချီမဆွဲတော့၊ အရုပ်ကားတွေလည်း မညှပ်တော့၊ စာကြည့်ခန်းတွင် သင်္ချာတွေ ထိုင်တွက်နေသည်က များ၏။ သို့သော် မိပုသည် သူ့ပေါင်ပေါ်တွင်လည်းကောင်း၊ သူ့စာကြည့်စားပွဲပေါ်တွင်လည်းကောင်း အမြဲရှိ၏။ မိသည် ပန်းချီဆွဲတာထက် ပုလဲပုတီးများ၊ ဖဲကြိုးလှလှနှင့် ရေမွှေးကောင်းကောင်းကို စုစပြုလာပြီ။ သို့သော် မိပုအပေါ်တွင် အချစ်မပြောင်းပေ။
မိဖေဖေ ဦးပုံစံကြီးကမူ ထုံးစံအတိုင်း ကျောင်းမှပေးပို့သော (Report) စာအုပ်ကိုကြည့်၏။ သူ့သမီး၏ စာသင်ကြားမှု တိုးတက် လေ့လာ၏။ တစ်နေ့တွင်မူ ကိုသည် အစိုးရိမ်လွန်သော မျက်နှာကြီးနှင့် ကျောင်းမှ လစဉ်အစီရင်ခံစာ စာရွက်ကိုကိုင်ကာ ကျွန်မ အခန်းထဲသို့ ဝင်လာ၏။
“ဒီမှာ...ကြည့်ပါဦး အချို၊ မိဟာရှစ်တန်းကို ရောက်လာမှ တစ်မျိုးဖြစ်လာတယ်”
“ဘာဖြစ်လို့လဲ”
ကျွန်မက ခပ်အေးအေးပင် မေး၏။
“အရင်က ဘယ်ဘာသာရပ်မှာ သူထူးချွန်မယ်ဆိုတာ မသိသာနိုင်ဘူး။ ခုဆိုရင် သူ့ရဲ့ ကျောင်းက လစဉ်အစီရင်ခံစာတွေကို ဖတ်ရင် သူဟာ သင်္ချာသုံးဘာသာနဲ့ လောကဓာတ်ပညာ ရူပဗေဒတို့၊ ဓာတုဗေဒတို့မှာ ပိုတော်တယ်။ ဒါတွေမှာဆိုရင် အမှတ်ကိုးဆယ်နဲ့ တရာကြားရှိတယ်။ အင်္ဂလိပ်စာနဲ့ မြန်မာစာမှာ အမှတ်ခြောက်ဆယ်ကျော်ရုံဘဲ။ တစ်ခါတစ်ခါ ငါးဆယ်ရှိတယ်”
“အဲဒါ ဘာဖြစ်လဲ”
“အချို ပေါ့တယ်ဆိုတာ သိတာပေါ့”
ကျွန်မ သူပြောသည်ကို နားမလည်ပေ။
“အချိုက ဘာဖြစ်လို့လဲ”
“အချိုက သမီးကို မြန်မာစာနဲ့ အင်္ဂလိပ်စာ ကူသင်မပေးလို့ပေါ့၊ တို့သမီး သင်္ချာတော်တာတော့ သဘောကျပါတယ်။ ဒါပေမယ့် လောကဓာတ်ပညာမှာ တော်ပြီးလိုက်စားသွားရင် သူ့မှာ အနုပညာအရင်းခံ အသဲနှလုံး မရှိမှာကို စိုးရိမ်တယ်”
“ဘုရားရေ...”
ထိုဘုရားတခြင်းကို ကျွန်မ ပါးစပ်မှထွက်၍ ရေရွတ်ခြင်း မဟုတ်ပါပေ။ စိတ်ထဲမှ တမိပါ၏။
“နေပါဦး၊ ကလေးကို သင်္ချာတော်အောင်ကိုပဲ လေ့ကျင့်ပြပေး၊ ခု ကလေးက သင်္ချာဘာသာရပ်နဲ့ လောကဓာတ်ပညာမှာ ချွန်လာတော့ အနုပညာအရင်းခံ အသဲနှလုံးရှိရဦးမယ်ဆိုတော့ ကိုဟာ နည်းနည်းတော့ စဉ်းစားသင့်တယ်။ ကိုဟာ “မိ”ဆိုတဲ့လူသား သမီးတစ်ယောက်ကို မွေးနေတာလား၊ ကျောက်တုံးတစ်တုံးကို“မိ”ဆိုတဲ့ လူရုပ် ထုနေတာလား”
ကိုသည် ကျွန်မမေးခွန်းကို မဖြေ။ သူ ဖြေချင်စိတ်လည်း ရှိပုံမရပါပေ။ သူသည် ကျွန်မကိုပင် ဘယ်နှလအတွင်း ဘယ်စာအုပ်ကို အပြီးဖတ်၍ ဘယ်နှစ်အတွင်း ဘယ်စာမေးပွဲကို ပြီးအောင်ဖြေဆိုရမည် ဟူသော ပုံစံနှင့် ပေတံနှင့် လာသူတည်း။
“မြန်မာသီချင်းကြီးတွေ ခဏခဏ နားထောင်ခိုင်းရရင် ကောင်းမလား”
ကိုက ဆိုပြန်ပါ၏။ ကျွန်မသည် သက်ပြင်းရှိုက်လိုက်မိ၏။
“အချိုက သာပြီး အနုပညာအခြေခံ သမီးမှာ ရှိစေချင်တာပေါ့။ ကိုယ့်မြန်မာစာမှာ တော်စေချင်တာပေါ့။ ဒါပေမယ့် ကိုရယ် သမီးကိုစာသင်ရာမှာတော့ လွှတ်ပေးပါ။ သူဝါသနာပါရာ သူတော်ချင်တဲ့ဘာသာမှာ ထူးချွန်သွားပါစေ။ ကလေးတစ်ယောက်ကို တင်းတင်းကျပ်ကျပ် ကျင့်ပေး တာမျိုး အချိုတော့မကြိုက်ဘူး။ အချို့ကျတော့လည်း သူတို့သမီး မြန်မာစာမှာ မတော်တာကို ကြွားတဲ့အနေနဲ့ လူကြားထဲ အသားယူ ဂုဏ်ယူပြောကြတယ်။ အချို ဒါမျိုးလည်း မကြိုက်ပါဘူး။ ကိုကြည့်နေသလိုပဲ အချိုလည်း သမီးကို အမြဲလေ့လာနေပါတယ်။ သမီးမှာ အနုပညာအခြေခံ လုံးဝမရှိတာ မဟုတ်ပါဘူး”
“အေးလေ...ကိုယ့်စိတ်ထဲမှာ လောကဓာတ်ပညာသမားတွေဟာ နှစ်နဲ့နှစ် ပေါင်း လေးဆိုတဲ့ အတိအကျအတွက်မျိုး သိပ်လုပ်တတ်တာပဲ၊ လောကဓာတ်ပညာဘက်မှာ ဘယ်လိုပဲထူးချွန် ထူးချွန် အနုပညာအရင်းခံစိတ်ရှိမှ သူထူးချွန်တဲ့ အတတ်ပညာကို လူသားတွေကောင်းကျိုးအတွက် ဘယ်လိုအသုံးချရမယ်ဆိုတာ သူသိမှာ”
ကျွန်မသည် သူ့ကို ခေါင်းညိတ်၍ ပြလိုက်ပါ၏။
နွေရာသီကျောင်းပိတ်ချိန်တွင် ကျောင်းဖွင့်ရက် မိဝတ်ဖို့အတွက် အင်္ကျီများ ကျောင်းဂါဝန်များကို ကျွန်မကိုယ်တိုင် ချုပ်၏။ သမီးသည် အနားမှကြည့်ကာ ခပ်လွယ်လွယ် သီရ တွဲရမည့် အဝတ်စများကို သင်ရင်း သူဝင်ချုပ်၏။ ကျွန်မက အင်္ကျီများကို တိုင်းတာနေစဉ်တွင်မူ သူသည် စာရွက်တစ်ရွက်နှင့် တရုတ်ပေတံနှင့် လက်မောင်းရင်း (ဂျိုင်းအကျယ်) ခြောက်လက်မရှိသော အင်္ကျီတစ်ခုသည် လက်မောင်းအလယ်တွင် လေးလက်မခွဲရှိသော် သူ့အင်္ကျီချိုင်းအဝ ငါးလက်မရှိလျှင် လက်မောင်းအလယ် အကျယ်မည်မျှရှိမည်ကို သင်္ချာနှင့် ထိုင်ထွက်နေတော့၏။
“သမီးကလည်းကွယ်၊ ဒါကိုတော့ စာရွက်ပေါ်ချမတွက်ပါနဲ့၊ သမီးဖေဖေအင်္ကျီချိုင်းအကျယ်နဲ့ သမီးချိုင်းအကျယ် တူတာမှမဟုတ်ဘဲ၊ ရိုးရိုးပဲ တိုင်းချုပ်ပါ့မယ်”
“ခြားနားချက်ကတော့ အချိုးအစားအလိုက်တွက်လို့ ရရမှာပေါ့ မေမေ” ဟု ဆိုကာ တွက်ပြန်ပါသည်။ ကျွန်မတော့ ရိုးရိုးပင် ကိုက်ညှပ်လိုက်၏။ ဒီတစ်ခါ ကျွန်မ မှား၍သွားလေသည်။ အင်္ကျီသည် လက်မောင်းအဖျားတွင် ကျပ်သွားသည်။
“မိက ဝလာတော့ လက်မောင်းရင်း လေးလက်မရှိတုန်းက လက်မောင်းအဖျားနဲ့ ခြားနားချက်ဟာ ဘယ်တူတော့မလဲ”
သူတွက်ရသော လက်မောင်း အကျယ်က အတိုင်းမှန် ဖြစ်၍နေတော့သည်။ ကျွန်မသည် စိတ်ထဲမှ ပြုံးမိ၏။
“အေးအေး...ဒီတစ်ခါ သမီးက မှန်သွားတယ်၊ သမီးထွားလာတယ်ဆိုတာ မေမေက သတိလစ်သွားတယ်” ဟု သူ့ကိုပြောကာ လက်ကို အသစ်ပိတ်စနှင့် ပြင်တိုင်းရ၏။ မိသည် ယခုတလော ဘာမဆို တွက်ချက်လာ၏။
ကျွန်မက သမီးအပေါ်တွင် စိုးရိမ်စိတ်မပြင်းလှပေ။
ဆောင်းဦးပေါက်တွင် ခြံထဲရှိ သမီးစိုက်ထားသော ပေါ်ပီနှင်းဆီမှာ အရွက်ကို မမြင်ရအောင်ပင် ပွင့်၏။ ကိုက ရုံးသွားခါနီးတွင် ပန်းပွင့်လေးကို ကြည့်ကာ “ဒီခြံထဲ ပြောင်းလာတုန်းက မိ သယ်လာတဲ့ပန်းအိုးလေး မြေချစိုက်လို့ ထင်တယ်၊ သိပ်ပွင့်တယ်နော်”ဟု ဆို၏။
သမီးသည် ကျောင်းသွားခါနီး နှင်းဆီပန်းတစ်ပွင့်ကို ခူးကာ သူ့ခေါင်းတွင် ပန်၏။ ကျွန်မသည် ပန်းရောင်သွေးနှင့် တစ်ပင်လုံးဝေနေသော အပင်လေးကို ဝမ်းသာအားရ ကြည့်ရင်း...“ဒါ သမီးလေးစိုက်တဲ့ နှင်းဆီပင်”ဟု ပြောလိုက်၏။ မိလည်း မျက်နှာမကောင်းပေ။
“ဟုတ်တယ်၊ အမ်လီသာရှိရင် သူ သိပ်ဝမ်းသာမှာပဲ”
“ဘာဖြစ်လို့လဲဟင်၊ အမ်လီဆိုတာ ဘယ်သူလဲကွယ်”
ကျွန်မသည် မျက်နှာညှိုးသွားသော သမီးကို စိုးရိမ်စိတ်နှင့် မေးမိ၏။
“အမ်လီက ၆ တန်းတုန်းက မိရဲ့ သူငယ်ချင်းလေ၊ သူ့ဖေဖေက ဗိုလ်မှူးဖေသက်တဲ့၊ သူ့ခေါင်းက ပန်လာတဲ့ ပေါ်ပီနှင်းဆီခက်ကလေး တစ်ခက်ပေါ့၊ မိကို ပေးတာနဲ့ မိက ပန်းအိုးထဲထိုးထားတာ ခုလောက် ကြီးပြီး အပွင့်တွေ သိပ်ပွင့်နေတာ၊ အမ်လီသာမြင်ရရင် သူ သိပ်ဝမ်းသာမှာပေါ့”
“ကျောင်းအားတဲ့နေ့ ခေါ်လာခဲ့ပေါ့ သမီးရယ်၊ အမ်လီပေးတဲ့ ပန်းတွေ အိမ်မှာ သိပ်ပွင့်နေပြီလို့၊ သူလည်း ဝမ်းသာမှာပေါ့”
မိသည် နှုတ်ခမ်းကလေးကိုက်ရာမှ ...”ဝမ်းသာရအောင် အမ်လီ မရှိတော့ဘူး၊ သူ တစ်နှစ်က ဆုံးသွားပြီ၊ အမ်လီဟာ ဟိုဘဝကနေ သူပေးတဲ့ ပန်းခက်ကလေးက ပန်းပင်ကြီးဖြစ်ပြီး တစ်ပင်လုံး ပွင့်နေတာကို သူသိရှာမှာ မဟုတ်ဘူး”
သမီးသည် တစ်လုံးချင်းပြောကာ ပန်းပင်ကလေးကို ကျောခိုင်း၍ ကျောင်းသို့ ထွက်သွားတော့၏။
ကျွန်မသည် ကျောင်းသို့ထွက်ခွာသွားသော မိကို လှမ်းကြည့်နေမိ၏။ သူ့ဖေဖေပြောသော အနုပညာအရင်းခံသော အသည်းနှလုံးဆိုသည်ကို စဉ်းစားနေမိ၏။
“ဘယ်လို အသည်းနှလုံးမျိုးကို အနုပညာအရင်းခံရှိသော အသည်းနှလုံးဟူ၍ ဆိုရပါမည်နည်း”
မိသည် သူနှင့်အတူ တွဲဖက် ဆော့ကစားလာခဲ့သော ကြောင်လေးမိဖြူအတွက် အထိမ်းအမှတ်လုပ်ဖို့ သူ၏ကလေးအသိနှင့် စီစဉ်ခဲ့၏။ ယခု သူသည် နှင်းဆီပန်းလေးမှသည် အမ်လီအထိ ဆက်သွယ်တမ်းတလာတတ်၏။
ပညာရေးကို ပုံစံချသော ပုဂ္ဂိုလ်ကြီးများ ခေါင်းထဲတွင်မူ ကလေးတို့၏စိတ်ဓာတ်နှင့် ပညာသင်ကြားရေးကို ဘယ်လိုလေ့လာမည် မသိပေ။ ကိုကတော့ သူ့သမီးသည် လောကဓာတ်ပညာရပ်တွင် တော်သလို အနုပညာ အခြေခံသော အသည်းနှလုံးကလည်း ရှိရမည်ဆို၏။
ကျွန်မကတော့ သမီးအား သူ့ဖေဖေ စိုးရိမ်သလောက် စိုးရိမ်စိတ်မကြီးပါပေ။ လူကိုထူထောင်ရာတွင် ကျောက်ဆစ်ထုသလို ထုရမည်ကို ကျွန်မလက်ရွံ့၏။ ကျွန်မသည် ကျောက်ရုပ်ကို လိုချင်မှ ကျောက်သားကို အရုပ်ထု၍ ယူမည်ဖြစ်၏။
သူ့အတွေးအခေါ်၊ သူ့စိတ်ကူးစိတ်သန်းကလေးများကို လွတ်လွတ်လပ်လပ် ဖော်ပြတတ်သော လူသားသမီးလေးကို ကျွန်မ လိုချင်သည်။ ကျွန်မနှင့်ကိုသည် ရည်ရွယ်ချက်ချင်းတော့ တူညီကြပေမည်။ သို့သော် သမီးကိုပုံဖော်ရမည့် လမ်းစဉ်တွင်တော့ ကျွန်မနှင့်ကိုသည် ဆန္ဒချင်း ကိုက်ညီချင်မှ ကိုက်ညီပေလိမ့်မည်။
မိ၏ဖေဖေစိတ်ထဲတွင် သူ့သမီးအသည်းနှလုံးများသည် အနုပညာအခြေခံသော အသည်းနှလုံး ဖြစ်စေချင်သည်ဟု ဆိုသော်လည်း သူဖော်နေသော ပုံစံမှာ လူ့ပျားကောင် လူ့ပုရွက်ဆိတ်ဖြစ်အောင် လုပ်နေသလို ကျွန်မမျက်စိထဲတွင် မြင်လာသည်။ ပုရွက်ဆိတ်နှင့် ပျားကောင်သည် အလုပ်ကို ထထကြွကြွနှင့် တိတိကျကျတော့ လုပ်ကြသည်။ ခေါင်းဆောင် နောက်ကို တသဝေမတိမ်း လိုက်ကြသည်။ သို့သော် ဟုတ်မဟုတ် ရာမရာ တွေးခေါ်သော အသိဉာဏ်မူ သူတို့တွင် မရှိကြပေ။
သို့ဆိုလျှင် အနုပညာဆိုသည်မှာ တွေးခေါ်ဆင်ခြင်တတ်သော ပညာဖြစ်မည်လောဟု ကျွန်မတွေးကြည့်မိ၏။ ကလေး၏ အသည်းနှလုံးတွင် ထိုပညာ အခြေခံလာအောင် ကျွန်မ ဘယ်လိုလုပ်ပေးရပါမည်နည်း။ မိတွင် အနုပညာအခြေခံရှိလေသလား၊ မရှိလေသလား။
ကျွန်မ သမီးကို ကြည့်ပုံသည် အလှမ်းများ အနည်းငယ် ဝေးနေလေသလော။ ကျွန်မရင်ထဲတွင်တော့... ကျွန်မကိုယ်ကိုကျွန်မ မေးခွန်းများ များစွာပင် မေးမိ၏။
သို့သော် သူ့ဖေဖေ ဦးပုံစံကြီးကိုမူ တစ်ပတ်လောက် လျှော့စေချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိအား ပုံစံနှင့် အတိအကျ သွင်းလွန်းလျှင် သမီးသည် ကျောက်ရုပ်သော်လည်းကောင်း၊ ပျားသော်လည်းကောင်း၊ ပုရွက်ဆိတ်သော်လည်းကောင်း ဖြစ်သွားမှာ စိုးရိမ်သောကြောင့်တည်း။
ခင်နှင်းယု
crd 👉 https://m.facebook.com/story.php?story_fbid=987545265067658&id=100014365818991
No comments:
Post a Comment