Sunday, August 7, 2022

သုခမြို့တော် (အပိုင်း - ၁၇)

“မြွေဟောက်ဆိုတာ နှစ်ခါပေါက်တတ်တယ်လို့ ပြောကြတယ်ဗျ” ဟု ဟာစရီပါးက ပြောသည်။


“ခုလည်း ဒီအတိုင်းပဲ၊ ဒုက္ခဆိုတာ တစ်ခုတည်းနဲ့ ဘယ်တော့မှ မပြီးဘူး။ ကျွန်တော့်ပဲ ကြည့်လေ၊ ကျွန်တော့်အဆုတ်ထဲမှာ သွေးအန်တဲ့ အဖျားရှိတယ်။ ဟော ဖြစ်ချင်တော့ တစ်မနက်မှာ လမ်းကြိတ်စက်ကြီးတွေရဲ့ ဒီးဒီးမြည်သံကြောင့် ကျွန်တော် အိပ်ရာက လန့်နိုးလာတယ်၊ ခွေးမသားတွေ လာနေပြီလေ။ ဒီတော့ ကျွန်တော် မြန်မြန် အိပ်ရာက ထရတယ်”


ဟာစရီပါးသည် လုံချည်ကို ကပိုကရိုဝတ်ကာ လမ်းမဆီသို့ ပြေးထွက်လာခဲ့၏။ သူတို့ ဆင်းရဲသားရပ်ကွက်ကလေးတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဆူညံလျက်။ သူတို့ရပ်ကွက်ကလေးကို ပြောင်းရွှေ့တော့မည်ဟူသော ကောလာဟလသတင်းများ ပေါ်ထွက်ခဲ့သည်မှာ ကြာလှပြီ။ ယခု သူပြောသည့်“ခွေးမသား” တွေ ရောက်လာကြလေပြီ။ 


ရှေ့တွင် မြေညှိစက်ကြီးတစ်စီး၊ ထို့နောက် မော်တော်ကားနှစ်စီးဖြင့် ရဲတွေ၊ သူတို့လက်တွင် နံပါတ်တုတ်များနှင့် မျက်ရည်ယိုဗုံးများကို ကိုင်လျက်။ သူတို့နောက်တွင် အနက်ရောင် အင်ဘာဆေဒါ ကားကြီးတစ်စီး လိုက်လာပြီး ရှပ်အင်္ကျီပေါ်တွင် ခါးပြတ်အင်္ကျီအနက်ဝတ်ထားသည့် ဒိုတီနှင့် ဘာဘူကြီး နှစ်ယောက် ကားပေါ်မှ ဆင်းလာကြသည်။ သူတို့နှစ်ဦးသည် ရဲအရာရှိ အကြီးအကဲနှင့် တီးတိုးတိုင်ပင်ကြပြီးနောက် အနီးရှေ့တွင် ရပ်ကြည့်နေကြသည့် ကျူးကျော်ရပ်ကွက်မှ လူများဆီသို့ ရောက်လာကြသည်။


ဘာဘူနှစ်ယောက်အနက် လက်ထဲတွင် စာရွက်တွေ တစ်ထပ်ကြီး ကိုင်ထားသည့် အသက်ခပ်ကြီးကြီး ဘာဘူက စ၍ စကားပြောသည်။


“ခု မြူနီစီပယ်က ခင်ဗျားတို့ရပ်ကွက်ကို ဖျက်ပြီး ပြောင်းရွှေ့ ပေးဖို့ ကျွန်တော်တို့ကို တာဝန်ပေးလိုက်တယ်” ဟု ပြောသည်။


“ဘာဖြစ်လို့ ပြောင်းမှာလဲ” ဟု အသံတစ်သံက မေး၏။


ဘာဘူကြီး၏မျက်နှာသည် တင်းမာသွား၏။ သူ့တစ်သက်တွင် ထိုသို့ ဆင်းရဲသားက ပြန်လှန်မေးခွန်းထုတ်သည်ကို မတွေ့ဖူးသေး။


“ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ရပ်ကွက်ဟာ မကြာခင် တည်ဆောက်တော့မယ့် မြေအောက်မီးရထားလမ်းနဲ့ မလွတ်ဘဲဖြစ်နေလို့”


သုခမြို့တော်ရှိ ရပ်ကွက်သားတို့သည် နားမလည်နိုင်သော အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်နေကြသည်။


“မြေအောက်ဘူတာဆိုတာ ဘာလဲဗျ” ဟု ဟာစရီပါးက သူ့အိမ်နားချင်း အာရွန်းကို လှမ်းမေးသည်။ အာရွန်းမှာ နှံ့နှံ့စပ်စပ်ရှိပြီး အာဖဂန်နစ္စတန်အထိ ရောက်ဖူးသည်။အာရွန်းမှာလည်း မြေအောက်ဘူတာဆိုသည်ကို မသိ။ ထိုစဉ် ဘာဘူက နာရီကို ငုံ့ကြည့်ပြီး စကားပြောသည်။


“ခု ခင်ဗျားတို့ပစ္စည်းတွေကို ပြောင်းရွှေ့ပေးဖို့ အချိန်နှစ်နာရီ ပေးလိုက်မယ်၊ နှစ်နာရီထက်ကျော်ရင်တော့ ....”


ဘာဘူသည် ဒုက္ခခံ၍ နောက်ထပ် ရှင်းလင်းဟောပြောခြင်း မပြုတော့ဘဲ မြေညှိစက်ကြီးဆီသို့ လက်ယမ်း၍ ပြလိုက်သည်။ မြူနီစီပယ်အရာရှိ ဘာဘူကြီးသည် မင်္ဂလာသတင်းတစ်ခုကို လာရောက်ပြောသကဲ့သို့ လေသံမှန်မှန်ဖြင့် ပြောပြီးသွားပြီ။ ဟာစရီပါးသည် သူ့အိမ်နီးနားချင်းများကို အကဲခတ်ကြည့်သည်။ တစ်ယောက်မျှ စကားမပြောကြ၊ ငြိမ်ချက်သားကောင်းသဖြင့်မြူနီစီပယ်က ဘာဘူကြီးပင် လန့်သွားသည်။ လာတုန်းကတော့ ရပ်ကွက်သူ ရပ်ကွက်သားများက ကန့်ကွက်ကြလိမ့်မည်၊ ဆူပူကြလိမ့်မည်၊ ခြိမ်းခြောက် အကြမ်းဖက်ကြလိမ့်မည်ဟု ထင်ခဲ့သည်။


“ဒါပေမယ့် လူထုက ဘာမှမပြောဘူးဗျ။ ခြတို့ ပိုးဟပ်တို့ကို ရှင်းလင်းပစ်သလို ကျွန်တော်တို့ကို ရှင်းလင်းဖို့လာတာ မဟုတ်လား။ ကျွန်တော်တို့လဲ ဘယ်သူကမှ ဘာတစ်လုံးမှ မပြောကြဘူး။ ဟုတ်တာပေါ့လေ၊ ကျွန်တော်တို့ ကျူးကျော်တဲသိုက်ကို ဘယ်သူက လွမ်းမှာလဲ။ ဒါပေမယ့် ဒီတဲသိုက်ကလေးကို ကျွန်တော်တို့ ဘယ်မှာ လက်လွှတ်ချင်ပါ့မလဲဗျာ။ ဘာပဲဖြစ်ဖြစ် တဲစုတ်နဲ့ နေရတာက ပလက်ဖောင်းမှာ နေရတာထက်တော့ တော်သေးတာပေါ့။ မိုးထဲလေထဲဆိုရင် ခေါင်းပေါ်မှာ အမိုးအကာကလေး ရှိသေးတော့ တော်သေးတာပေါ့” ဟု ဟာစရီပါးက ပြောသည်။


လူထုက တုံ့ပြန်ခြင်းမပြုသည်မှာ အခြားကြောင့်မဟုတ်။


“ကျွန်တော်တို့မှာ တုံ့ပြန့်နိုင်တဲ့အား မရှိတော့ဘူးလေ။ ကာလကတ္တားမြို့ကြီးက ကျွန်တော်တို့ရဲ့ တုံ့ပြန်နိုင်အားတွေကို ဖျက်ဆီးပစ်ခဲ့ပြီးပြီ။ ဒီချောင်ကြိုချောင်ကြားထဲမှာနေတဲ့ ကျွန်တော်တို့တစ်တွေကို ဘယ်သူကမှ လာကြည့်ဖော် မရကြဘူး။ ဟိုတုန်းက ကျွန်တော်တို့အပေါ်မှာ ခေါင်းပုံဖြတ် မိုက်ကြေးခွဲနေတဲ့ လူမိုက်ဂိုဏ်းဆိုတာကလဲ ဘယ်ချောင်ရောက်နေမှန်း မသိတော့ဘူး၊ အစအနတောင် မမြင်ဘူး။ ဒီတော့ ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ၊ လည်စင်းခံရုံပေါ့။ ကျွန်တော်တို့မှာ ခံရတာတွေ များလွန်းတော့ တော်တော်တန်တန်ကို မဖြုန်တော့ဘူး၊ ခံနိုင်နေပြီ၊ ကံဆိုတာ ရှောင်လို့ရတာမှ မဟုတ်ဘဲ”


ဘာဘူနှစ်ယောက်သည် မော်တော်ကားပေါ်သို့ တက်ကာ ပြန်ထွက်သွားကြသည်။ ထိုနေရာတွင် ရဲကားနှစ်စီး၊ မြေညှိစက်တစ်စီးနှင့် လူအုပ်သာလျှင် ကျန်ရစ်ခဲ့သည်။


ထိုစဉ် ဟာစရီပါးသည် အံ့သြစရာ အဖြစ်အပျက်တစ်ခုကို မြင်လိုက်သည်။သူ့အိမ်နီးချင်း အာရွန်းသည် သူ့အိမ်ခေါင်မိုးကို ထောက်ထားသည့် ဝါးလုံးတစ်လုံးကို ဆွဲဖြုတ်ကာ တရားဥပဒေ၏ကိုယ်စားလှယ်များဆီသို့ ပြေးသွားသည်။ သူက စတင်လိုက်သည်နှင့် စောစောက ငြိမ်သက်နေသောလူအုပ်သည် လှုပ်ရှားလာသည်။ တဲသိုက်ကလေးများသည် ပျောက်သွားကာ ထိုတဲသိုက်ကို ဆောက်လုပ်ထားသည့် ပစ္စည်းများသည် ရဲသားများပေါ်သို့ ပျံကာဝဲကာဖြင့် ကျရောက်လာကြသည်။ 


ရဲများမှာ မြေကြီးပေါ်သို့ လဲကျကုန်လေပြီ။ ဤတွင် လူထုကလည်း သဲသဲမဲမဲဖြစ်လာ၏။ လူထုများသည် ရဲများကို တုတ်များဖြင့် ရိုက်ကြသည်။ အုတ်ခဲကျိုးများ၊ ကျောက်ခဲများဖြင့် ထုကြသည်။


ရန်ပွဲပြီးသွားသည့်အခါ၌ကား သူတို့ကျူးကျော်ရပ်ကွက်ကလေး မရှိတော့ပြီ။ လေမုန်တိုင်းတိုက်သွားသကဲ့သို့ ဘာမျှ မကျန်တော့ပြီ။ မြေညှိစက်ဖြင့် တိုက်ပစ်စရာ မလိုတော့ပြီ။ လူထု၏ဒေါသက မြေညှိစက်အစား ဝင်လုပ်ပေးသွားလေပြီ။ မြေအောက်မီးရထားလမ်းကို စီစဉ်ထားသည့်အတိုင်း ဖောက်လုပ်နိုင်တော့မည်။


ရဲတို့ နောက်ထပ် မရောက်လာမီ ဟာစရီပါးတို့မိသားစုသည် ကျူးကျော်ရပ်ကွက်ကလေးမှ ခပ်သုတ်သုတ် ထွက်ပြေးလာခဲ့ကြသည်။ သူတို့တွင်ရှိသမျှသော ပစ္စည်းကလေးအားလုံး ဆုံးရှုံးသွားခဲ့ရလေပြီ။ ဘူတာရုံကလေးတစ်ခုသို့ ရောက်သည့်အခါတွင် မီရထားဥသြသံများကို ကြားရသည်။ ထွက်ပြေးလာခဲ့ကြသော အခြား ရာပေါင်းများစွာသော ဒုက္ခသည်များကဲ့သို့ပင် ဟာစရီပါးတို့မိသားစုတစ်သိုက်သည်လည်း ဘူတာရုံပလက်ဖောင်းတွင် နေရာကလေးတစ်နေရာလောက်ရဖို့ ဘုရားသခင်ကိုသာ အားကိုးရတော့မည်ထင်သည်။သို့ရာတွင် ထိုနေ့က ကာလကတ္တားရှိ မြို့ကိုစောင့်သော မြို့စောင်နတ်တို့သည် မကြားယောင်တကား။


ထိုနေ့တစ်မနက်လုံး သူတို့သည် ကာလကတ္တားမြို့ကြီးထဲတွင် ယောင်လည်လည်ဖြစ်နေကြသည်။ နောက်ဆုံး မြို့ပတ်လမ်းတွင်ရှိသည့် ဘုရားရှိခိုးကျောင်းတစ်ဆောင်၏ဆင်ဝင်တွင် နေရာကလေး တစ်နေရာရသည်။ ထိုနေရာတစ်ဝိုက်တွင် အဒီဗာဆီလူမျိုးစုများ နေထိုင်သည့် ကျူးကျော်ရပ်ကွက်ကလေးတစ်ခုရှိသည်။ အဒီဗာဆီလူမျိုးစုများမှာ အိန္ဒိယမြောက်ပိုင်းတွင် နေထိုင်သည့် တိုင်းရင်းသားဌာ​နေ လူမျိုးစုတစ်စုဖြစ်ပြီး သူတို့အ​ခြေအ​နေမှာ များစွာ စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်။ ထိုနေရာတစ်ဝိုက်မှာ ရေပန်းတစ်ခုနှင့် နီးသဖြင့် ရေအတွက် အဆင်ပြေသည်။ ထို့ပြင် ပတ်လမ်းအဝိုင်းကြီးနှင့်နီးသဖြင့် ဟာစရီပါးအဖို့ မနက်ခင်း လန်ချားသွားဆွဲလျှင် ဂိတ်ကြီးနှင့် နီးသည်။ 


သူနှင့်အတူ လန်ချားတစ်လှည့်စီ ဆွဲသည့် လန်ချားသမားမှာ ဘီဟာနယ်သား ဆံပင်ကောက်ကောက်နှင့် မူဆလင်အမျိုးသားတစ်ဦးဖြစ်သည်။ သူ့အမည်မှာ ရာမာတူလာဖြစ်ပြီး လည်တွင် ကိုရန်ကျမ်းစာအုပ် ပုံသဏ္ဌာန် အရုပ်ကလေးကို ရွှေကြိုးဖြင့် ဆွဲထားသည်။ သူသည် မနက်လေးနာရီမှစ, ညသန်းခေါင်အထိ အလုပ်လုပ်သည်။ ခရီးသည်ရလျှင် ထို့ထက်ပင် နောက်ကျသေးသည်။ ရာမာတူလာသည် သူ့မိသားစုအတွက် ဝင်ငွေ ချွေတာသည့်သဘောဖြင့် လန်ချားပေါ်တွင်ပင် အိပ်သည်။ ထိုသို့အိပ်ရသည်မှာ လန်ချားလှည်းသန်ပေါ်တွင် ခြေတစ်ဖက်တစ်ချက်ကို တွဲလောင်းချ၍ အိပ်ရသဖြင့် မသက်မသာဖြစ်သည့်တိုင် အနည်းဆုံး လန်ချားကို သူခိုးမခိုးနိုင်သဖြင့် တစ်ဖက်က တွေးလျှင် တော်သေးသည်ဟုပင် အောက်မေ့ရတော့သည်။


ရာမာတူလာသည် အံ့သြဖို့ကောင်းသည့် အဖော်တစ်ယောက်ဖြစ်သည်။ ဟာစရီပါး ချောင်းတဟွတ်ဟွတ်ဆိုးကာ သွေးအန်သည်ကို မြင်သွားပြီးနောက် ရာမာတူလာသည် မိတ်ဆွေရင်းချာတစ်ယောက်၏အမူအရာကို ပြလာခဲ့သည်။ မနက်လင်း၍ လန်ချားဂိတ်သို့ ဟာစရီပါး ရောက်ချိန်တန်၍ ရောက်မလာခဲ့လျှင် သူသည် ဟာရီဘန်လမ်းသို့သွားကာ ဟာစရီပါး ပို့ရသည့် ကလေးနှစ်ယောက်ကို လန်ချားပေါ်တင်ပြီး ကျောင်းသို့ ပို့ရသည်။ မပို့၍ မဖြစ်ပါ၊ လစဉ် “ဖောက်သည်” နှစ်ယောက်ကို ရနိုင်ဖို့ဆိုသည်မှာ တော်တော်ခက်သည့်ကိစ္စဖြစ်ပါသည်။ အခြားသော လန်ချားသမားတို့အဖို့ ထိုဖောက်သည်မျိုးကို လက်မလွှတ်နိုင်ပါ။ ထိုသို့သော ဖောက်သည်ကို လက်လွှတ်ရသည်မှာ များစွာ နစ်နာပါသည်။ညနေဆိုလျှင်လည်း ရာမာတူလာသည် ဟာစရီပါး အလုပ်စောစောသိမ်းနိုင်ရန် လန်ချားဆိပ်သို့ စောစောစီးစီး ကြိုတင်ရောက်လာတတ်သည်။ ထိုသို့ စောစောရောက်လာတိုင်း ရာမာတူလာသည် သူ့အစား အလုပ်ချိန်တွင် ဝင်ဆွဲပေးပြီး ရသည့်ပိုက်ဆံကို ဟာစရီပါးကို ပေးတတ်သည်။


ထိုနေ့မနက်က သူ့ကို တွေ့သည့်အခါတွင် ရာမာတူလာသည် မျက်နှာပျက်နေသည်။ ဤသည်ကို ထောက်လျှင် ရာမာတူလာသည် မိမိ၏အခြေနေကို မြင်၍ စိုးရိမ်နေခြင်းဖြစ်ကြောင်းကို ဟာစရီပါး ရိပ်မိလိုက်သည်။ ဟာစရီပါးက သူတို့ရပ်ကွက်ထဲက တဲအိမ်များ ဖျက်သည့်ကိစ္စကို ပြောပြသည်။ သို့ရာတွင် ရာမာတူလာ၏မျက်နှာပေါ်မှ စိုးရိမ်ထိတ်လန့်သည့်အရိပ်အရောင်သည် ပျောက်သွားခြင်းမရှိ။ ရာမာတူလာသည် သူ့ကို စူးစိုက်ကြည့်နေသည်။


“နေလို့ကောင်းရဲ့လား၊ ဆရာဝန်တို့ဘာတို့ ပြရင် ကောင်းမယ်ထင်တယ်။ ခင်ဗျားကြည့်ရတာ မမှည့်သေးတဲ့ ရှောက်သီးလို စိမ်းနေတာပဲ၊ ကဲ...လန်ချားပေါ်တက်၊ ကျုပ်လိုက်ပို့မယ်၊ ဒီနေ့အဖို့တော့ ခင်ဗျားက ဈေးဦးပေါက် ခရီးသည်ပေါ့”


“ဒီနေ့မနက် ဈေးဦးပေါက်ဆွဲရတဲ့ မာရဝါရီကုန်သည်ကတော့ ဝိတ်ပေါ့ပေါ့ကလေးရယ်ပါကွာ”


ဟာစရီပါးက လန်ချားပေါ်သို့ တက်ထိုင်သည်။


နောက် ဆယ်မိနစ်အကြာတွင် ရာမာတူလာသည် ဟာစရီပါးကို အလွတ်ပညာသင်ကျောင်းလမ်းရှိ အာယုဗ္ဗေဒဆေးတိုက်တစ်တိုက်ရှေ့သို့ ချလိုက်၏။ သူတို့ရောက်သည့်အခါတွင် အလျင်ရောက်နေသော လူမမာနှစ်ယောက် ထိုင်စောင့်နေသည်ကို တွေ့ရ၏။


ဆေးဆရာဝန်မှာ ခပ်ဝဝ၊ ထိပ်ပြောင်ပြောင်ဖြစ်ပြီး ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေ၏။ သူ့ကို ကြည့်ရသည်မှာ ဆေးဆရာဝန်နှင့်မတူ။ မဟာရာဇာတစ်ပါး ညီလာခံဝင်နေသည်နှင့် တူသည်။ သို့မဟုတ်လျှင်လည်း မြေပိုင်ရှင် သူကြီးတစ်ဦး တပည့်လက်သားများနှင့် တိုင်ပင်နှီးနှောနေသည်နှင့် တူသည်။ အခန်းပတ်ပတ်လည် စင်များပေါ်တွင် အိန္ဒိယ အာယုဗေဒဆေးကျမ်းများ၊ ဆေးမြစ်များ၊ ဆေးမှုန့်များထည့်ထားသည့်အိုးများ ပုလင်းများ စီတန်းလျက်ရှိ၏။ လူနာတစ်ယောက်ကို ကြည့်ပြီးတိုင်း ဆေးဆရာသည် များလှစွာသောအိုးများ၊ ပုလင်းများကို သယ်လာကာ ကောင်တာပေါ်တွင် တင်ထားသည့် ချိန်ခွင်ကလေးတစ်လက်ဖြင့် ချိန်ပြီးနောက် ဆေးများကို သတိကြီးစွာဖြင့် ချိန်တွယ် ဖော်စပ်ပေးနေသည်။ 


ဟာစရီပါး၏အလှည့်သို့ ရောက်သည့်အခါတွင် ဆရာသည် သူ့ကို သင်္ကာမကင်းသည့်အကြည့်ဖြင့် ကြည့်ပြီးနောက် ခေါင်းပြောင်ကြီးကို ကုတ်နေသည်။ ပထမဆုံးမေးသည့် မေးခွန်းမှာ အသက် ဘယ်လောက်ရှိပြီလဲ ဆိုသည့် မေးခွန်းဖြစ်သည်။ ထို့နောက် စင်မြင့်ပေါ်မှ ဆယ်အိုးထက် မနည်းသော ဆေးအိုးများကို ချလာသည်။ ဆေးများကိုယူ၍ စပ်နေသည်မှာ တော်တော်နှင့်မပြီးနိုင်။ ဆေးဆရာသည် ဆေးလုံးများ၊ ဆေးပြားများကိုသာမက အားတိုးဆေးဟု ဆိုသော ဆေးရည်များကိုလည်း ဖော်စပ်ပေးလိုက်သေးသည်။ ထို့နောက် ဆေးဖိုးဝါးခအဖြစ် ငွေနှစ်ဆယ်တောင်းသည်။ ထိုမျှ​သောငွေသည် လမ်းဘေး ဆေးဆရာတောင်းသည်ထက် များသည့်တိုင် ထိုဆေးထက် ကောင်းသည့်ဆေး မရှိနိုင်ကြောင်း၊ အဆုတ်ရောဂါကုရာတွင် နာမည်ကြီးကြောင်းဖြင့် ရာမာတူလာက ပြောပြသည်။ သူ့မိတ်ဆွေနှစ်ယောက်ပင်လျှင် ထိုဆေးဆရာ ကုသပေးသဖြင့် ပျောက်ကင်းခဲ့လေပြီ။


“ကျွန်တော်ကတော့ ရာမာတူလာ ပြောတာကို ယုံချင်ယောင်ဆောင်နေရတာပေါ့လေ။ ဒါပေမယ့် အဆုတ်မှာဖြစ်တဲ့ သွေးနီဖျားဆိုတာ ဘယ်မှာပျောက်မလဲဗျာ၊ ကျွန်တော်သိတာပေါ့၊ တခြားလူမပြောနဲ့၊ ရမ်ကျန္ဒရာတို့လို လူသန်ကြီးတွေတောင် ဘယ်မှာခံနိုင်လို့လဲ” ဟု ဟာစရီပါးက ပြောသည်။


ပန်းခြံလမ်းသို့ ပြန်လာစဉ် နောက်မှ မော်တော်ကားသံကြားရပြီး ကျွိခနဲ ရပ်လိုက်သော ကားဘီးပွတ်သံကို ကြားလိုက်ရသည်။ လှည့်၍ ကြည့်လိုက်သည့်အခါတွင် တက္ကစီဒရိုင်ဘာ ကိုအံ့ဘွယ်၊ သူ့မျက်နှာသည် ချက်အရက် သုံးပုလင်းသောက်လာသူ၏မျက်နှာကဲ့သို့ နီရဲလျက်။


“ကိုယ်က နေထိုင်လို့လည်း မကောင်း၊ စိတ်ဓာတ်လည်း ကျနေတဲ့အချိန်မှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့မျက်နှာကို မြင်လိုက်ရတာဟာ သူရိယနေမင်းကြီးကို မြင်လိုက်ရသလို အားရှိသွားတာပဲဗျာ” ဟု ဟာစရီပါးက ပြောတတ်သည်။


“ဗျို့...ဟာစရီပါး၊ အမယ်လေး...ခင်ဗျားကို တွေ့ချင်နေတာ၊ ခင်ဗျားကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ်ဗျ။ ဒါပေမယ့် ကျုပ်ကို အရင် တစ်ခွက် တစ်ဖလားတော့ တိုက်ဦး”


ကိုအံ့ဘွယ်သည် သူတို့နှစ်ယောက်ကို ကျောင်းလမ်းနောက်ဖေးလမ်းကြားတစ်ခုထဲရှိ တိတ်တိတ်ပုန်း ချက်အရက်ဆိုင်ကလေး တစ်ဆိုင်သို့ ခေါ်သွားသည်။ အရက်နှစ်လုံးမှာသည်။ ပထမခွက် သောက်ပြီးသည့်အခါတွင် ကိုအံ့ဘွယ် ၏မျက်လုံးများသည် တဖျတ်ဖျတ် တောက်လာကြသည်။


“ကျုပ်တို့ရပ်ကွက်က ကျုပ်အိမ်နီးချင်းတစ်ယောက်က တောကို ပြန်တော့မယ်ဗျ၊ သူ့အခန်း အားမယ်။ သူ့အခန်းက တော်တော်လေးကောင်းတယ်။ အမိုးကလည်း တကယ့်အမိုး, မိုးထားတာ။ ပြီးတော့ အကာလည်းရှိတယ်။ တံခါးတစ်ပေါက်လည်းရှိတယ်။ အဲဒါ ခင်ဗျားကို သတိရလို့ လာပြောတာ”


ကျွန်တော် သူပြောတာတွေကို နောက်ထပ် ဘာမှမကြားတော့ဘူး။ ကျွန်တော့်မျက်စိတွေဟာ မှုန်ဝါးသွားပြီး ကျွန်တော့်နားထဲမှာ လန်ချားချူသံတွေ မြည်လာတယ်။ ပြီးတော့ ကျွန်တော့်မျက်စိထဲမှာ မီးတောက်ကြီးတစ်ခုလို၊ မီးလုံးကြီးတစ်ခုလို ပေါ်လာပြီး ကျွန်တော့်ခေါင်းကို တစ်ယောက်ယောက်က ရိုက်လိုက်သလို မူးလဲကျသွားတယ်။ 


ဘယ်လောက်ကြာသလဲ မသိဘူး၊ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော်က မြေကြီးပေါ်မှာ ပက်လက်ကြီး လဲနေတယ်။ ကိုအံ့ဘွယ်နဲ့ ရာမာတူလာက မျက်နှာကြီးတွေ နီရဲလို့။ သူတို့လက်သီးကြီးတွေနဲ့ ကျွန်တော့်ရင်ပတ်ကို တအုန်းအုန်း ထုနေကြတယ်။ ကျွန်တော် သတိမေ့သွားလို့ သတိပြန်ရအောင် လုပ်နေကြတာလေ။


* * *


နေရာသစ်တွင် သူနှင့်အတူ ခွဲဝေနေကြသည့် ပိုးမွှားတိရစ္ဆာန်များအနက်ပိုးဟပ်များကိုမူ မက်စ် အရွံဆုံးဖြစ်သည်။ ပိုးဟပ်တွေကလည်း ရာထောင်ချီနေသည်။ မည်သည့်ပိုးသတ်ဆေးနှင့်မှ သတ်၍မရ။ တွေ့သမျှ အကုန်

ကိုက်ဖြတ် စားသောက်ကြသည်။ ပလတ်စတစ်များပင် မခံနိုင်။ နေ့လယ်တွင် ပိုးဟပ်များသည် ဘယ်ရောက်၍ ဘယ်ပျောက်နေကြသည်မသိ။ သို့ရာတွင် ညရောက်လာသည်နှင့် တပ်ချီ၍ ရောက်လာကြကာ တစ်ခန်းလုံး ရှောင်၍မလွတ်တော့။ မျက်နှာမရှောင် တစ်ကိုယ်လုံးပေါ်သို့ လျှောက်တက်တော့သည်။ သူတို့အထဲတွင် အမာဆုံးမှာ နွားချေးပိုးကောင်ကြီးများ ဖြစ်ကြသည်။ ပိုးဟပ်များလို ပုပုဝိုင်းဝိုင်းမဟုတ်။ ရှည်မျောမျောကြီးတွေ ဖြစ်သည်။ သူတို့ အကြောက်ဆုံးမှာ ချောင်ကြိုချောင်ကြားမှ တွဲလောင်းကျနေသည့် အမွေးထူထူနှင့် ပင့်ကူကြီးများဖြစ်ကြသည်။


တစ်ညနေတွင် မက်စ်သည် ကြိုးခုတင်ပေါ်တွင် လှဲ၍စာဖတ်နေသည်။ ထိုစဉ် အကောင်တစ်ကောင် နံရံမှဆင်းလာသည်ကို မြင်လိုက်၏။ သူကထ၍ မခုန်မီတွင် ထိုအကောင်က သူ့ခြေထောက်ကို ထိုးလိုက်သည်။ မက်စ်သည် မနေနိုင်တော့ဘဲ ထ၍ အော်လိုက်မိသည်။ ကြောက်ခြင်းထက် နာကျင်ခြင်းက ပိုသောကြောင့်ဖြစ်သည်။ မက်စ်သည် ထိုအကောင်ကို ဖိနပ်ဖြင့် နင်းခြေသတ်လိုက်၏။ အခြားမဟုတ်၊ ကင်းမြီးကောက်ဖြစ်သည်။ အဆိပ်မပျံ့စေရန် မက်စ် ပေါင်ကို သားရေကြိုးတစ်ပင်ဖြင့် စည်းလိုက်သည်။ သို့ရာတွင် အချိန်မမီပါ။ ခဏနေလျှင် ပျို့အန်ပြီး ချွေးစီးကြီးတွေ ပြန်လာကာ မေ့လဲသွားတော့သည်။


“ကျွန်တော် ဘာမှ မသိလိုက်တော့ဘူးဗျာ၊ သတိရလို့ ကြည့်လိုက်တော့ ကျွန်တော့်နဖူးပေါ်ကို အဝတ်တစ်ခု ရေဆွတ်ပြီး တင်ထားတာရယ်၊ ဗန်ဒိုနာရဲ့ မျက်လုံးတွေရယ်၊ အဲဒါတွေကိုပဲ သိတော့တယ်။ အာသံသူ ဗန်ဒိုနာဟာ ကျွန်တော့်ကို ပြုံးကြည့်နေတယ်။ သူ့အပြုံးကို မြင်လိုက်ရတော့ ကျွန်တော် တော်တော်အားရှိသွားတယ်။ ကျွန်တော့်တဲကလေးထဲမှာလည်း လူတွေအုံနေတယ်။ တချို့က ကျွန်တော့်ခြေထောက်ကို နှိပ်ပေးနေကြတယ်။ ကလေးတွေက ကျွန်တော့်ကို ယပ်ခပ်ပေးနေကြတယ်။ တချို့က ကျွန်တော့်နှာခေါင်းကို ဂွမ်းစကလေးတွေနဲ့ တေ့ပေးထားကြတယ်။ ဂွမ်းစမှာလည်း ဘာတွေတို့ထားမှန်းမသိဘူး။ ပြင်းလိုက်တဲ့အနံ့၊ အန်ချင်လာတာပဲ”


နောင်တွင် မက်စ်က ပြောပြသည်။ထိုအဖြစ်အပျက်ကြောင့် မက်စ်သည် အိမ်နီးနားချင်းများနှင့် ရင်းနှီးသောမိတ်ဆွေများဖြစ်လာခဲ့ကြသည်။ သို့ရာတွင် ကင်းမြီးကောက်ကိုက်သည့်ကိစ္စကို သူတို့တစ်တွေ အလေးအနက်မထားကြသည့်အတွက်မူ သူအံ့သြသည်။ သူတို့ဆီတွင် ကင်းမြီးကောက် အထိုးခံရသည့်ကိစ္စသည် ရိုးနေပြီ။ တစ်ယောက်ကမူ ကင်းမြီးကောက် အထိုးခံရသည်မှာ ခုနစ်ကြိမ်ရှိပြီဟု ဆိုသည်။သို့ရာတွင် သူတို့ရပ်ကွက်၌ တစ်နှစ်တစ်နှစ် ကင်းမြီးကောက် ထိုး၍ သေသူမှာ အယောက်နှစ်ဆယ်ခန့်ရှိသည်။ အများအားဖြင့် ကလေးများဖြစ်ကြသည်။


“ငါ ကင်းမြီးကောက် ထိုးခံရလို့ လဲနေတာကို နင် ဘယ်လိုလုပ်သိသလဲ” မက်စ်က မေးသည်။ 


“အိမ်နီးချင်းတွေက ဆရာကြီး တပိုတပါးသွားတာ မတွေ့ဘူး၊ နေထိုင်မကောင်းဘူးလို့ ထင်နေကြတယ်။ ရေဘုံပိုင်မှာလည်း ဆရာကြီးကို မတွေ့ဘူး၊ နောက်တော့ ဆရာကြီး သေနေပြီ ထင်လို့ ကျွန်မကို လာခေါ်ကြတာ။ ဒီမှာတော့ ဘာမှ ဖုံးလို့မရဘူး၊ အားလုံးသိနေကြတယ်၊ ဆရာကြီး ဝိညာဉ်ကိုတောင် ဖုံးလို့ရမှာ မဟုတ်ဘူး”


ဗန်ဒိုနာက ဖြေသည်။


* * * 


ထိုသတင်းကို ကြားရခြင်းသည် မင်္ဂလာတစ်ပါးဟု ဆိုလျှင် အကျယ်ချဲ့သည်ဟု ဆိုကောင်းဆိုကြမည်။ သို့ရာတွင် ကိုဗာစကီးအဖို့သော် ထိုသတင်းသည် သူ့သာသနာပြုလုပ်ငန်း မွန်မြတ်မှန်ကန်ကြောင်းကို ဘုရားသခင်က အတည် ပြုလိုက်သော အတိတ်ကောင်း နိမိတ်ကောင်းတစ်ရပ်ဟု ယူဆသည်။


ကိုဗာစကီးသည် သူ့သာသနာပြုလုပ်ငန်းကို လုပ်ရာတွင် ဒုက္ခဆင်းရဲတို့ကို ကြုံတွေ့ခဲ့ပြီးဖြစ်၏။ စွန့်လွှတ်မှုတို့ကို ပြုလုပ်ခဲ့ပြီးဖြစ်၏။ ယခုမူ သူ စိတ်ဓာတ်နည်းနည်းကျချင်နေပြီ။ကာလကတ္တား နွေရာသီသည် ပူလွန်း၏။ ထိုအထဲတွင် မြူနီစပယ် မိလ္လာအလုပ်သမားတို့ သပိတ်မှောက်ကြသဖြင့် သုခမြို့တော်ကြီးတစ်ခုလုံးသည် အညစ်အကြေးအိုင်ကြီးသဖွယ် ဖြစ်လျက်ရှိကာ ဆိုးရွားသောအနံ့များသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးအုပ်လျက်ရှိ၏။ ပူအိုက်သဖြင့် အိပ်၍မပျော်နိုင်သည့်ညများ၌ ကိုဗာစကီးသည် သူ့ဇာတိ ပိုလန်ပြည်က မျှော်မဆုံးနိုင်သော ဂျုံခင်းကြီးများကိုလည်းကောင်း၊ ဘရစ်တန်နီ ကမ်းခြေမှ ပျံ့ပျူးသော သောင်ပြင်ကြီးများကိုလည်းကောင်း သတိရနေသည်။ မက်စ် လာရောက်နေထိုင်သည့်တိုင် ကိုဗာစကီး၏စိတ်ဓာတ်သည် တား၍ဆီး၍ မနိုင်အောင် ကျဆင်းလျက်ရှိ၏။ထိုသို့ စိတ်ညစ်နေချိန်တွင် မင်္ဂလာရှိသော သတင်းကို ကြားရခြင်းဖြစ်သည်။ ထိုသတင်းကောင်းကို လာရောက်ပြောကြားသူမှာ အာရှစ်နှင့် ရှန်တာတို့ ဖြစ်သည်။


“ဆရာကြီး၊ ဆရာကြီးအတွက် ကျွန်တော်တို့ဝိုင်းထဲမှာ အခန်းတစ်ခန်း တွေ့ထားတယ်၊ အဲဒီအခန်းမှာ အရင်တုန်းကနေသွားခဲ့တဲ့လူက ထုပ်မှာ ကြိုးဆွဲချသေသွားတော့ ဒီအခန်းကို ဘယ်သူမှ မနေချင်ကြဘူး၊ လူတွေက ကြိုးဆွဲချ သေတဲ့လူရဲ့ အခန်းလို့ခေါ်ကြတယ်၊ ကျွန်တော်တို့အခန်းနဲ့ ကပ်လျက်အခန်း”


ရှန်တာက ဝမ်းသာအားရပြောသည်။


ကိုဗာစကီးသည် ထိုဝိုင်းကလေးထဲတွင် အခန်းကလေးတစ်ခန်းရသည်။ ထိုမျှ ကျဉ်းမြောင်းသော ကွက်လပ်ကလေးထဲတွင် လူပေါင်းတစ်ရာခန့်နေသည် ဟု ခန့်မှန်းရသည်။ သူတို့သည် ထိုနေရာကျဉ်းကျဉ်းကလေးထဲတွင် အတူ မွေးလာခဲ့ကာ အတူသေသွားခဲ့ကြ၏။ အတူစားသောက်ကြ၍ အတူငတ်ခဲ့ကြ၏။ အတူ ချောင်းဆိုး၊ အတူ တံထွေးထွေး၊ အတူဆီးသွား၊ အတူ ဝမ်းသွားပြီး အတူငိုခဲ့ကြ၏။ ထိုနေရာကျဉ်းကျဉ်းကလေးထဲတွင် တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် စော်ကားခဲ့ကြ၏။ တစ်ယောက်ကိုတစ်ယောက် ကူညီခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် မုန်းခဲ့ကြ၏။


ကိုဗာစကီးသည် သူတို့တစ်တွေကို ပို၍ကူညီနိုင်ရန်အတွက် ထိုဝိုင်းကလေးထဲသို့ ပြောင်းချင်နေသည်မှာ ကြာပြီ။ ယခုမူ ရှန်တာနှင့် အာရှစ်တို့၏ကူညီမှုကြောင့် ပြောင်းနိုင်ပြီ။


ရှန်တာနှင့် အာရှစ်တို့သည် သူတို့ထုံးစံအရ ကိုဗာစကီးကို ထိုဝိုင်းကလေးထဲရှိ ဆယ်အိမ်ခေါင်းထံ ခေါ်သွားသည်။ ဆယ်အိမ်ခေါင်းမှာ ယခင်က သင်္ဘောသားတစ်ယောက်ဖြစ်ပြီး ကာလကတ္တားတွင် သင်္ဘောဆိုက်စဉ် ဆိပ်ကမ်းသို့တက်ပြီး အရက်မူးနေသဖြင့် သောင်တင်ကျန်ခဲ့သူဖြစ်သည်။ သူ့အမည်မှာ ကရစ်ရှနားဂျာဒုံဖြစ်ပြီး သုခမြို့တော်တွင် နေလာခဲ့သည်မှာ ၂၇ နှစ်ရှိလေပြီ။ သူ့ခန္ဓာကိုယ်မှာ ပြားချပ်လျက်ရှိပြီး အသက်ရှူလျှင်လည်း တခွီးခွီးမြည်နေသည့်အတွက် ချောင်းဆိုးသွေးပါရောဂါရှင်ဖြစ်ကြောင်းကို အလွယ်တကူ သိနိုင်သည်။


သူတို့နေသည့် တဲတန်းလျားကလေးမှာ အလျား သုံးဆယ့်ငါးပေ၊ အနံ ကိုးပေလောက်သာရှိမည်။ ထိုတဲတန်းလျားကလေးထဲတွင် အိမ်ထောင်သည်ပေါင်း ဆယ့်တစ်အိမ်ထောင်ရှိပြီး လူဦးရေ ရှစ်ဆယ်ကျော်ခန့်ရှိမည် ထင်သည်။ သူတို့အားလုံးမှာ ဟိန္ဒူဘာသာဝင်တွေချည်းဖြစ်သည်။ သို့မှသာ နေ၍ဖြစ်ပေလိမ့်မည်။ ဘာသာမတူသူချင်း အတူတူနေ၍ ပြဿနာတွေ တက်ကုန်လိမ့်မည်။ 


မူဆလင်မိသားစုတစ်ခုသည် နွားကိုအထွတ်အမြတ်ထားသော ဟိန္ဒူတစ်ဦးအနီးတွင် အမဲသားကို မည်သို့ချက်ပြုတ်စားနိုင်မည်နည်း။ ထိုနည်းတူပင် မူဆလင်မိသားစုတစ်ခုအနီးတွင် ဝက်သားကို မည်သို့ချက်ပြုတ်စားနိုင်မည်နည်း။ ဘာသာရေး ထုံးတမ်းစဉ်လာကို ထိုမျှအလေးထားသည့် ပတ်ဝန်းကျင်တွင် သတိထား၍နေနိုင်မှ တော်ကာကျသည်။ နေ့တိုင်း၊ နာရီတိုင်းတွင် ဘာသာတစ်ခုခုနှင့် သက်ဆိုင်သည့် ဘာသာရေးပွဲတော်၊ ဘာသာရေး အခမ်းအနားတစ်ခုခုတော့ ရှိတတ်သည်။ သို့ဖြင့် ဟိန္ဒူ၊ မူဆလင်၊ ဆစ်ခ်၊ ခရစ်ယာန် စသည့် ဘာသာဝင်အသီးသီးတို့သည် တစ်စုနှင့်တစ်စု ဘာသာတရား အကိုင်းရှိုင်းပြိုင်နေကြသကဲ့သို့ ရှိတော့သည်။


ဘာသာရေးပွဲတော်များအပြင် မွေးနေ့၊ ကင်ပွန်းတပ်၊ မင်္ဂလာဆောင် စသည့် လူမှုရေး ပွဲလမ်းများကလည်း သူတို့ဝိုင်းကလေးထဲတွင် အမြဲလိုလို ရှိနေတတ်သေးသည်။ ယနေ့တွင် မိန်းကလေး အပျိုဘော်ဝင်သည့်အထိမ်းအမှတ် ပွဲလုပ်လျှင် နောက်တစ်နေ့တွင် သူတို့ဝိုင်းထဲက မင်္ဂလာဆောင်တော့မည့်အပျိုကလေးများ စု၍ သျှီဝနတ်မင်းကို ပူဇော်ပွဲရှိသည်။ သူတို့ယူမည့် လင်ယောက်ျားများသည် သျှီဝနတ်မင်းလို ကောင်းမြတ်သည့် မနသီ စိတ်သဘောရှိသူဖြစ်ပါစေကြောင်း ဆုတောင်းကြခြင်းဖြစ်သည်။ နောက်တစ်နေ့တွင် မိခင်လောင်းက ကိုယ်ဝန်ဆောင်သည့် ပထမလ အထိမ်းအမှတ်ကျင်းပသည့်ပွဲရှိသည်။ နောက်တစ်နေ့တွင်လည်း အတီးအမှုတ် အစုံအလင်နှင့် ကလေးကို ထမင်းခွံ့သည့်ပွဲရှိသည်။


သူ့အခန်းသစ်ကလေးသို့ ရောက်လာသည့် ညအချိန်က ကျင်းပနေသည့် အခမ်းအနားမှာလည်း စိတ်ဝင်စားစရာကောင်းသည်။ထိုနေ့က အမျိုးသမီး ဆယ့်ငါးယောက်ခန့်တို့သည် ရေတွင်းအနီးတွင် ဝိုင်းအုံကာ သံကုန်ဟစ်၍ သီဆိုနေကြသည်။ လင်ဗန်းထဲတွင်လည်း လှူဖွယ်ဝတ္ထုတွေ ပြည့်မောက်နေသည်။ ထမင်း၊ ငှက်ပျောသီး၊ ပန်းကုံးများနှင့် အမွှေးတိုင်တွေလည်းပါသည်။


သူတို့ကိုကြည့်၍ တအံ့တဩဖြစ်နေသည့် ကိုဗာစကီးကို မြင်သည့်အခါတွင် ဆယ်အိမ်ခေါင်းက “အဲဒါ ကလေးလေးကို ရောဂါပျောက်အောင် နတ်တင်နေကြတာလေ” ဟု ပြောသည်။ 


ကလေးငယ်မှာ ရေကျောက် ပေါက်နေသည်။ တီတိုလာမှာ ထိုရောဂါမျိုးများကို ပျောက်ကင်းစေနိုင်သော တန်ခိုးရှိသည့် နတ်ဖြစ်သည်ဟု ဆိုကြသည်။ ထိုနတ်ပွဲတွင် ဝိုင်းထဲရှိသူများအားလုံး ပါဝင်ကြသည်။ ထိုနတ်တင်ပွဲတွင် သုံးရက်လုံးလုံး အစားမစားဘဲ နေကြရသည်။ ထိုနတ်တင်ပွဲပြီးသည့်နောက်မှစ၍ ကလေးငယ်ရောဂါ မပျောက်မချင်း မည်သူမျှ ကြက်ဥ၊ ဘဲဥ၊ အသား စသည်တို့ကို မစားရတော့ပြီ။ မည်သူမျှ အဝတ်မလျှော်ရ၊ အဝတ်မလှန်းရ

တော့ပြီ။ ထို့ကြောင့် ကိုဗာစကီး ရောက်လာသည့်အတွက် ထုံးစံအတိုင်း စားပွဲသောက်ပွဲတွေ လုပ်ချင်သည့်တိုင် လုပ်ခွင့်မရတော့ပြီ။ 


သို့တိုင်အောင် သုခမြို့တော်မှလူများ၏ ကြိုဆိုမှုမှာ နွေးထွေးသဖြင့် ပွဲမလုပ်ရသည့်တိုင် အကြောင်းမဟုတ်ပါ။ သူတို့ဝိုင်းထဲတွင် နေသူအားလုံးက ကိုဗာစကီးကို ပန်းကုံးတွေစွပ်၍ ကြိုဆိုကြသည်။ ရှန်တာနှင့် အခြားသော အမျိုးသမီးများက လာဘ်ကောင်းအောင်ဟု ဆိုကာ သူ့အခန်းကြမ်းပြင်ကို ဆေးတွေ ခြယ်ပေးကြသည်။ ကိုဗာစကီးက သူတို့အလယ်တွင်ရပ်ပြီး ကြိုဆို နှုတ်ခွန်းဆက်သည့် စာတစ်ပုဒ်ကို ဖတ်ပြရသည်။ ထိုစာမှာ ဘင်္ဂါလီ ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုး၏ကဗျာထဲမှ စာတစ်ပုဒ်ဖြစ်သည်။


“လောကပွဲတော်သို့ သင့်ကို ကြိုဆိုပါ၏။ သင်၏ဘဝသည် ကောင်းချီး ရစေသတည်း” ဟု တဂိုး၏ကဗျာထဲတွင် ပါသည်။


သုခမြို့တော်သို့ ပြောင်းလာသည့်အခါတွင် ကိုဗာစကီးကို ယခင်နေရာဟောင်းက လူများကလည်း လိုက်၍ပို့ကြ၏။ ထိုအထဲတွင် အဘိုးအို ဆူရေးယား၊ ဆာဗေး၏အမေ၊ မျက်နှာချင်းဆိုင်မှ မီးသွေးဆိုင်ရှင်နှင့် သူနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်ရပ်ကွက်မှ ကလေးတွေတစ်သိုက်လုံး လိုက်ပို့သည်။ စင်စစ် သူတို့ရပ်ကွက်ကလေးသည် ဘာမျှ မဝေး။ သို့တိုင် သူတို့ရပ်ကွက်ကလေးမှ ဆရာကြီးကိုဗာစကီး ပြောင်းသွားခြင်းသည် တခြားသော ဂြိုဟ်တစ်ခု

သို့ ပြောင်းသွားသည့်နှယ် သူတို့ ထင်မိကြသည်။ သူတို့အထဲတွင် ဆာဗေးကလေး၏ အမေပြောသည့်စကားမှာ စိတ်ထိခိုက်စရာအကောင်းဆုံးပင်။


“ဆရာကြီး မသွားခင်မှာ ကျွန်မတို့အတွက် ဆုကလေး ဘာကလေး ပေးခဲ့ပါဦး ဆရာကြီးရယ်၊ ဆရာကြီးမရှိတော့ဘူးဆိုရင် ကျွန်မတို့မှာ အဖေအမေမဲ့သားသမီးတွေ ဖြစ်ရတာနဲ့ အတူတူပဲ” ဟု သူက ပြောသည်။


ကိုဗာစကီးသည် လက်ကိုမြှောက်ကာ လက်ဝါးကပ်သဏ္ဌာန်ပြု၍ အကြိမ်များစွာ ဆုတောင်းသည်။


“အသင်တို့အားလုံး ကောင်းချီးမင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူ အသင်တို့အားလုံးသည် ကျွန်ုပ်အဖ၏ သားသမီးများဖြစ်ကြသောကြောင့် ဖြစ်ပေ၏။ အသင်တို့အားလုံးသည် ကမ္ဘာ့အလင်းရောင်ဖြစ်ပေ၏” ဆိုသော ဆုတောင်းကို ခပ်တိုးတိုး ရွတ်သည်။


ထို့နောက် ကိုဗာစကီးသည် ကြိုးဆွဲချ သေသွားသူ၏ အခန်းကလေးထဲ သို့ ဝင်လာခဲ့ကာ သူ့အထုပ်အပိုးများကို နေရာချသည်။ ကောက်ရိုးဖြင့် ရက်ထားသည့် သူ့မြက်ဖျာကို ခင်းသည်။ 


“ဒါ ဆရာကြီးရဲ့ ပစ္စည်း အကုန်ပဲလား” ဟု အမျိုးသမီးတစ်ယောက်က တအံ့တဩဖြင့် မေး၏။ သူ ခေါင်းညိတ်ပြ၏။ချက်ချင်းဆိုသလိုပင် အိမ်နီးချင်းတစ်ဦးက ခွေးခြေတစ်လုံးကို ယူလာသည်။ နောက်တစ်ယောက်က ထမင်းအိုး၊ ဟင်းအိုးများကို ယူလာသည်။ နောက်တစ်ယောက်က မီးသွေးဖိုကလေးတစ်ဖို လာပေးသည်။ သို့ရာတွင် ကိုဗာစကီးသည် ထိုအရာကို ငြင်းလိုက်၏။ သူသည် သူတို့ရပ်ကွက်ထဲက ဆင်းရဲတကာ့ အဆင်းရဲဆုံး လူတစ်ယောက်လို နေချင်သည်။ ထိုသဘောဖြင့်ကြည့်လျှင် သူ့​ဂေဟာသစ်သည် သူ့စိတ်တိုင်းကျဖြစ်နေသည်။ 


ထိုအခန်းကလေးမှာ လွန်ခဲ့သည့် ဆယ့်ငါးလလုံးလုံး ဘယ်သူမှ မနေရဲကြသဖြင့် နေမည့်သူမရှိ။ ထို့ကြောင့် အခန်းထဲတွင် ကြွက်တွေ ကိုလိုနီဖွဲ့နေကြသည်။ ကြွက်ကလေး၊ ကြွက်ကြီး၊ ကြွက်ဝ၊ ကြွက်ပိန်၊ အမြီးကြီးတွေ တစ်ပေလောက်ရှိသည့် ကြွက်ထီးကြီးတွေ၊ တကျီကျီအော်နေသည့် ကြွက်ပေါက်စကလေးတွေ၊ နည်းသည့် ကြွက်ဦးရေမဟုတ်။ ဒါဇင်ပေါင်းများစွာချီ၍ ရှိပေလိမ့်မည်။ ကြွက်လျှောက်ပေါက်တွင်လည်း သူတို့ပြေးကြသည်။ နံရံပေါ်မှလည်း ဆင်းလာကြသည်။အခန်းထောင့်များထဲတွင်လည်း အောင်းနေကြသည်။ ကြမ်းပြင်တစ်ခုလုံးလည်း ကြွက်ချေးတွေချည်း။ သူတို့သည် ဘာကိုမျှ ကြောက်လန့်ဟန်မတူ။ သည်လောက် ပူပြီး သည်လောက် မုန်တိုင်းတွေတိုက်သည့်ကြားထဲက သူတို့တစ်တွေ မသေမပျောက်ကျန်ရစ်ခဲ့သည်မှာ တော်တော်တော့ အံ့သြဖို့ကောင်းသည်။ ထိုမျှမက သူတို့တစ်တွေ ကြီးထွားဖွံ့ခိုင်နေသည်မှာ ပို၍ပင် အံ့သြဖို့ကောင်းနေသည်။ ကြိုးဆွဲချ သေဆုံးသွားသူ၏အခန်းကလေးထဲတွင် သူတို့သည် အရှင်သခင်များဖြစ်နေကြသည်။


ကိုဗာစကီး ပထမဆုံးလုပ်ရသည့်အလုပ်ကား သူ့တွင် ပါလာသည့် ခရစ်တော်ပုံ ချိတ်ရန်အတွက် နံရံတစ်ကွက်လောက်ကို သူတို့ထံမှ တောင်းယူခြင်းဖြစ်သည်။ ထို့ပြင် သူတရားထိုင်ရန်အတွက် ကြမ်းပြင်တွင် တစ်နေရာစာလည်း တောင်းရသေးသည်။မေတ္တာနှင့် စေတနာ။ သည်နေရာကလေးသည် မ, တစ်ထောင်သားတို့ ပြွတ်သိပ် စုပြုံနေရသည့် နေရာကလေး။ သည်နေရာကလေးသည် မေတ္တာနှင့်စေတနာကို ကျင့်သုံးရန် ပွားများရန်အတွက် အလွန်ကောင်းသည့် နေရာကလေး။ ထိုတရားများကို အကောင်အထည်ဖော်ရာတွင် ထို့ထက်ကောင်းသည့်နေရာ မရှိတော့ပြီ။ သည်နေရာတွင် လူများသည် လုံးဝပွင့်လင်းသော အခြေအနေမျိုးတွင် နေထိုင်ကြသည်။ ခံစားချက်ကလေးတစ်ခု၊ အလုပ်ကလေး တစ်လုပ်၊ စကားကလေးတစ်လုံးကို ချက်ချင်း သိလိုက်, နားလည်လိုက်ကြသည်။ လူအမျိုးမျိုးနှင့် ရောနှောနေထိုင်ရသဖြင့် အစစအရာရာ သတိထားရသည်။ ကိုယ်လက်သုတ်သင်ချင်လျှင် လုံချည်ကို ပါးစပ်ဖြင့်ကိုက်၍ ကွယ်ထားပြီး ပြုဖွယ်ကိစ္စတို့ကို ပြုရသည်။ အိမ်သာသုံးသည့်ခွက်တို့ကို ဆေးကြောရသည်။ လမ်းသွားလျှင် မြောင်းထဲတွင်ထိုင်၍ အပေါ့သွားနေသည့် အမျိုးသမီးတစ်ယောက်ကို မမြင်ယောင်ပြု၍ သွားရသည်။


ထိုနေ့ညနေတွင် တွေ့ရသော မြင်ကွင်းကြောင့် ကိုဗာစကီးသည် အတော်တုန်လှုပ်သွားခဲ့ရသည်။ ကိုဗာစကီးသည် အခန်းထဲရှိ ကြွက်များက မောင်းနှင်ထုတ်သဖြင့် အပြင်ဘက်ဝရန်တာကလေးသို့ ထွက်လာခဲ့ရသည်။ သို့ရာတွင် သူ့အဖို့ နေရာမရှိပါ။ ဝရန်တာတွင် သူ့ထက်အလျင်စောရောက်နေသူများက အတုံးအရုံး အိပ်နေကြပါပြီ။ ထိုသို့ ပူလောင်အိုက်စပ်သော ညများတွင် လူတိုင်း အပြင်သို့ ထွက်အိပ်တတ်ကြပါသည်။ ဝိုင်းတွင် အုတ်တံတိုင်းနိမ့်နိမ့်ကလေး ကာရံထားသဖြင့် မြောင်းထဲမှ ရေပုပ်တွေ စီးမဝင်သည်မှာ တော်သေးသည်ဟုပင် ဆိုရတော့မည်။


ကိုဗာစကီးသည် အိပ်နေသူနှစ်ဦးကြားတွင် နေရာဝင်ယူလိုက်၏။


“နေရာမရှိတော့လို့ သူတို့ကြားထဲမှာ အတင်း တိုးဝှေ့ဝင်ရတယ်။ ငါးသေတ္တာထဲက ငါးတွေလိုပေါ့ဗျာ” ဟု ကိုဗာစကီးက ပြောပြသည်။


သူ့အခန်းသစ်သို့ ပြောင်းလာခါစ ပထမညက အဖြစ်အပျက် နှစ်ခုကို ကိုဗာစကီး မမေ့နိုင်။အခန်းနီးချင်း၏ဟောက်သံများ၊ သူ့မျက်နှာပေါ်သို့ ဖြတ်သွားသော နွားချေးပိုးများနှင့် လင်းနို့အုပ်များ၊ အဆုတ်ရောဂါ စွဲကပ်သူတို့၏ ချောင်းဆိုးသံများနှင့် တံထွေးထွေးသံ၊ မြေကြွက်ကြီးများကို ဟောင်နေသည့် ခွေးလေ ခွေးလွင့်တို့၏ဟောင်သံများ၊ အရက်မူးသမားတို့၏ ဆဲရေးတိုင်းထွာသံများ၊ ရေခပ်ပြန်လာသော အမျိုးသမီးများ၏ ကြေးအိုးချင်း ထိသံများ၊

ထိုအသံများသည် သူ့အဖို့ အကြောင်းမဟုတ်သေး။


သူစိတ်မချမ်းမသာအဖြစ်ရဆုံးအသံမှာ ခြောက်အိပ်မက်မှ လန့်နိုးလာသော ကလေးငယ်များ၏ အလန့်တကြား ငိုသံများဖြစ်သည်။ဒုတိယအသံမှာ ဆူညံသော ကြက်တွန်သံဖြစ်သည်။ ကလေးငိုသံတွေကြောင့် တစ်ညလုံး ကောင်းစွာ အိပ်မပျော်ခဲ့သည့် ကိုဗာစကီးသည် မနက်လေးနာရီလောက် မှေးမှေး မှေးမှေးဖြင့် အိပ်ပျော်သွားသည်။ ဘာမျှ မကြာလိုက်၊အောက်အီးအီးအွတ်ဟူသော နားနားသို့ ကပ်၍ တွန်လိုက်သော ကြက်တွန်သံကြောင့် အိပ်ရာမှ လန့်နိုးလာခဲ့သည်။ ထိုကြက်မှာ သူ့အခန်းနီးချင်းများ၏ကြက်ဖြစ်ပြီး သူ့အခန်းရှေ့တိုင်တွင် ကြိုးဖြင့် လာချည်ထားသည်ကို တွေ့ရသည်။


ကိုဗာစကီးသည် အပြင်သို့ထွက်၍ သူတို့အခန်းထဲသို့ လှမ်းကြည့်လိုက်၏။ ထိုအခန်းတွင် နေသူများကို သူမတွေ့ရသေး။ သူတို့အလုပ်မှာ ညနက်သန်းခေါင်ကျမှ သိမ်းလေ့ရှိသဖြင့် သူ့အခန်းထဲတွင် လှဲနေစဉ် ညဉ့်အခါကျမှ ပြန်ရောက်လာသူများဖြစ်သည်။အခန်းထဲတွင် အမျိုးသမီး ငါးယောက်သည် ခေါင်းချင်းဆိုင်ကာ ဆာရီများကို ခြုံ၍ အိပ်နေကြသည်။ သို့ရာတွင် ထိုအမျိုးသမီးများမှာ အရပ်ရှည်ရှည်၊ ကိုယ်လုံးထွားထွားတွေဖြစ်သည်။ ထိုမျှ အရပ်ရှည်သော အိန္ဒိယအမျိုးသမီးများကို သူ တစ်ခါမျှ မမြင်ဖူးသေး။ထိုစဉ် အိပ်ရာမှ နိုးလာကာ သူတို့အချင်းချင်း ပြောနေသည့် စကားသံများကို ကြားရသည်။ သူတို့အသံက မိန်းမသံမဟုတ်။ ယောက်ျားသံဩဩကြီးတွေ။ထိုအခါကျမှ သူ့အခန်းနားချင်းများသည် မိန်းမရှာများဖြစ်နေသည်ကို သူသိရသည်။


* * * 


မက်စ်သည် ဆေးပြင်းလိပ်ဘူးထဲမှ မွန်တီကရစ္စတို ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်၍ ဖွာနေသည်။ ထိုစဉ် သူ့အထက်အမိုးပေါ်မှ တဖြုန်းဖြုန်းမြည်သော အသံများကို ကြားလိုက်ရ၏။ သူသည် အပူပိုင်းဇုန်ရှိ လေမုန်တိုင်းများကို တွေ့ခဲ့ဖူးပြီဖြစ်၏။ သို့ရာတွင် ထိုမျှ သဲသဲမဲမဲ ရွာချသော မိုးကို မမြင်ဖူးသေး။ မုတ်သုံရာသီ မတိုင်မီ မုန်တိုင်းတစ်ခု ကာလကတ္တားကို ဝင်ဆောင့်နေပြီ ဆိုသည့် အရိပ်နိမိတ် ဖြစ်သည်။


မက်စ်သည် ပုလင်းထဲမှ ဝီစကီကို နှစ်ခွက်စာဆင့်၍ ငှဲ့လိုက်ပြီး ရေမရောသေးဘဲ စောင့်နေသည်။ ကြာကြာ မစောင့်လိုက်ရပါ။ အုတ်ကြွပ်နှစ်ချပ်ကြားမှ ရေသည် ရေတံခွန်ကြီးတစ်ခုသဖွယ် တဝေါဝေါ ဆင်းလာပြီး ဘေးပတ်လည်မှလည်း မိုးရေတွေ ဝင်လာသည်။ စက္ကန့်အနည်းငယ်အတွင်းတွင် သူ့အခန်းကလေးသည် ရေအိုင်ကြီး တစ်အိုင်လိုဖြစ်လာပြီး ရေသည် လျင်မြန်စွာ ပြည့်စပြုလာသည်။ အနီးရှိအခန်းများမှ လူများသည် သူတို့ပစ္စည်းများကို ရေမစိုအောင် ရွှေ့ပြောင်းနေကြသည်။


မက်စ်သည် သူ့ဆေးသေတ္တာများ၊ ဆေးကုသရေး ကိရိယာများ၊ သူ့ကိုယ်ပိုင် အသုံးအဆောင်များနှင့် အာဟာရချို့တဲ့မှုတွင် စတုတ္ထနှင့် ပဉ္စမအဆင့်သို့ ရောက်နေကြသော ကလေးငယ်များကို တိုက်ရန် ထားသည့် နို့မှုန့်ဘူး သေတ္တာသုံးလုံးကို ရွှေ့ပြောင်းရသည်။ “အသက်ကယ်ဘူး”ဟု သူခေါ် သော ဝီစကီသုံးလုံးနှင့် ဆေးပြင်းလိပ်ဘူးတို့ကို အပေါ်တွင် တင်သည်။


ထိုစဉ် တံခါးခေါက်သံ သဲ့သဲ့ကို ကြားလိုက်ရသဖြင့် မက်စ်သည် ခြေကျင်းဝတ်လောက် ရေထဲတွင် တစွက်စွက် လျှောက်လာခဲ့သည်။ တံခါးကို ဖွင့်၍ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည့်အခါတွင် မိုးရေတွေ စိုရွှဲနေသည့် ကလေးမတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် ရေတစက်စက် ကျနေသော ထီးတစ်လက်ကို ကိုင်လျက်။ မက်စ်အတွက် သူ့အဖေက ထီးအပို့ခိုင်းလိုက်သဖြင့် လာပို့ခြင်းဖြစ်သည်။ မရှေးမနှောင်းဆိုသလိုပင် အလုပ်လက်မဲ့ အခန်းနီးချင်းက အုတ်ခဲတွေကိုဆင့်၍ ထမ်းလာပြီး သူ့ကိုပေးသည်။ သေတ္တာများကို ရေမြုပ်မည်စိုးသဖြင့် သေတ္တာအောက်မှ ခုရန်ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်ကလေးတွင် အချင်းချင်း ကူညီရိုင်းပင်းခြင်းသည် အပြောသက်သက်မျှ မဟုတ်။


တစ်နာရီကျော်ခန့်ကြာသည့်အခါတွင် မိုးသည် တဖြည်းဖြည်း စဲစပြုသွား၏။ မက်စ်သည် ဂရင်းဟိုတယ်တွင် ဇိမ်ကျကျနေခဲ့ရသည့် အခန်းကလေးကို အမှတ်ရနေသည်။ ထိုစဉ် သူ့အခန်းတံခါးကို အပြင်ဘက်မှ ဆောင့်တွန်းလိုက် သဖြင့် တံခါးသည် ပြုတ်ထွက်သွား၏။ ကြည့်လိုက်သည့်အခါတွင် လူသုံးယောက်။ တစ်ယောက်က သူ့လက်ကို ဖမ်းချုပ်လိုက်ပြီး သူ့ကို နံရံတွင် ကပ်ထားလိုက်သည်။ တစ်ယောက်က သူ့ဗိုက်ကို ဓားမြှောင်ဖြင့် ထောက်ထားသည်။


“နို့မှုန့်ဘူးတွေ ဘယ်မလဲ၊ မြန်မြန်ပေး” 


သူ့ကို ဓားမြှောင်ဖြင့် ထောက်ထားသူက တောင်းသည်။


မက်စ် နားမလည်နိုင်။ သူ့ထံတွင် လာ၍ နို့မှုန့်ဓားပြတိုက်နေခြင်းဖြစ်ကြောင်း နောက်မှ သတိရသည်။


"ဟေ့လူ ...ပေးလေ မြန်မြန်၊ ဘယ်မလဲ နို့မှုန့်ဘူးတွေ” 


မက်စ်က နို့မှုန့်သေတ္တာသုံးလုံးကို လက်ညှိုးထိုးပြသည်။ 


“ဟိုမှာ”


လူဆိုး သုံးယောက်သည် နို့မှုန့်သေတ္တာသုံးလုံးကို တစ်ယောက်တစ်လုံးစီ ထမ်း၍ ထွက်ပြေးကြသည်။ သွားခါနီးတွင် နှာခေါင်းကျိုးနှင့်လူက “ကျေးဇူးပဲဗျာ၊ ကျွန်တော်တို့ပြန်ပေးပါ့မယ်” ဟု အင်္ဂလိပ်လို ပြောသွားသည်။


အဖြစ်အပျက်က လျင်မြန်လွန်းသဖြင့် မက်စ်အဖို့ အိပ်မက်လိုဖြစ်နေသည်။ မက်စ်သည် သူ့တံခါးကို ပြင်ဆင်သည်။ သို့ရာတွင်မရ။ တံခါးကို ပြင်တပ်နေစဉ် ဆိုးရွားသောအနံ့ကို ရသဖြင့် ငုံ့ကြည့်လိုက်၏ ။ အလိုလေး ...မစင်တုံးများပါတကား။ မိုးသည်းထန်စွာ ရွာသဖြင့် မြောင်းထဲက ရေလျှံတက်လာကာ သူ့အခန်းထဲသို့ ဝင်လာခြင်းဖြစ်သည်။


ထိုညက ဒုက္ခရောက်လိုက်သည့်ဖြစ်ခြင်း။ သူ့တွင် မီးခြစ်မရှိ။ လက်နှိပ်ဓာတ်မီးမရှိ။ ရေသောက်စရာ ဖန်ခွက်မရှိ။ အားလုံး ရေအောက်ရောက်ကုန်ကြပြီ။ မက်စ်သည် သူ့ဇာတိ မီယာမီကမ်းခြေကို လွမ်းနေသည်။ သည်အချိန်ဆိုလျှင် စံပယ်တွေ ပွင့်ကြတော့မည်။ ကမ်းစပ်တွင် ဆိုက်ထားသည့် လှေနံရံကို ရိုက်ပုတ်နေကြသော လှိုင်းသံများကို နားထောင်နေကြတော့မည်။


ဝေလီဝေလင်းတွင် တံခါးရွက်မရှိသော သူ့တံခါးပေါက်တွင် သဏ္ဌာန်တစ်ခုပေါ်လာသည်။ ကြည့်လိုက်တော့ ဗန်ဒိုနာ။ ဗန်ဒိုနာ၏မျက်နှာပေါ်က အမူအရာကို အကဲခတ်ဖို့ ခက်နေသည်။ သူ့ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန်ရှိ၏။ သူ့မျက်လုံးဝိုင်းဝိုင်းများသည် ပြူးကျယ်နေကြသည်။


“ဆရာကြီး လုပ်ပါဦး၊ ကျွန်မအမေ သိပ်ဆိုးနေတယ်၊ သွေးတွေ အန်နေတယ်”


ခဏကြာလျှင် သူတို့နှစ်ယောက်သည် ပေါင်လည်လောက်အထိ နက်သော ရွှံ့ရေတွေထဲမှာ တစွက်စွက် လျှောက်လာခဲ့ကြသည်။ ဗန်ဒိုနာသည် ရှေ့ကသွားရင်း လက်တွင် ပါလာသည့် တုတ်တစ်ချောင်းဖြင့် ရေအောက်က မြေကြီးကို စမ်းထောက်နေသည်။ ရေအောက်တွင် ရေမြောင်းပေါက်ကြီးတွေ ရှိသောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံတွင်လည်း ပေါလောမျောနေသည့် ခွေးသေကောင်၊ ကြွက်သေကောင်တို့ကို တုတ်ဖြင့် လှမ်းဖယ်ရသည်။ ညစ်ပတ် နောက်ကျိနေသည့် ရေထဲတွင် ကူးခတ်ကစားနေသည့် ကလေးများကြောင့် မက်စ် ရေမစိုအောင် သူတို့ကို အော်ငေါက်ရသည်မှာလည်း အမောပင်။ ခြောက်အိပ်မက်တစ်ခုပမာ ထိုမျှလောက် ကြောက်ဖွယ်ကောင်းနေသည့် အခြေအနေထဲတွင် အသွားအလာမပျက်၊ အကစားမပျက်၊ အလုပ်အကိုင်မပျက် လှုပ်ရှားနေသည်မှာ အံ့ဩဖို့အကောင်းဆုံးဖြစ်သည်။ 


တစ်နေရာတွင် ဆိုက်ကားတစ်စီးပေါ်တွင် ဦးပေါင်းထုပ်ကြီး ပေါင်းထားသည့် လူတစ်ယောက်က ထိုင်ပြီး ဘေးတွင် ကလေးတွေ ဝိုင်းအုံနေကြသည်ကို တွေ့ရသည်။ ကလေးများမှာ အချို့က ရင်ဆို့လောက်၊ အချို့က ခါးလယ်လောက်၊ အချို့က ပေါင်လယ်လောက် ရေထဲတွင် ဝိုင်းအုံရပ်နေကြသည်။


“ထိုးကြနော်...ထိုးကြ၊ အစိုးရထီကြီး ဖွင့်တော့မယ်၊ တစ်စောင်မှ ဆယ်ပြားထဲရယ်”


သည်လောက်ညစ်ပတ်နေသည့် ပတ်ဝန်းကျင်တွင် ထီလာဖွင့်နေသူက ရှိသေးသဖြင့် မက်စ် အံ့သြရသေးသည်။ ဟုတ်ပေလိမ့်မည်။ ဘီစကွတ်မုန့်ကလေး နှစ်ချပ်နှင့် ချိုချဉ်တစ်လုံးတို့သည် အူဟောင်းလောင်းဖြစ်နေသော ကလေးများအဖို့ မဟာရာဇာပေးသည့် ဆုကြီးသဖွယ် ဖြစ်နေသည်။


ဗန်ဒိုနာ၏အမေမှာ သူထင်သလောက် အခြေအနေမဆိုး။ ထထိုင်ကာ လူမမာ လာမေးသူများနှင့် စကားပြောနေလေပြီ။ ဗန်ဒိုနာ၏အမေမှာ ခေါင်းတွင် ဆံပင်ကျိုးတိုးကျဲတဲကို စုစည်း ချည်ထားသည်။ သေးသေးညှက်ညှက် ကလေးဖြစ်ရသည့်အထဲတွင် အသက်ကြောင့် ကျုံ့ဝင်နေသဖြင့် ပို၍ပင်သေးငယ်နေသည်ဟု ထင်ရသည်။ သူနှင့် ကလေးငါးယောက်တို့၏ အိပ်ရာဖြစ်သော ကွပ်ပျစ်ကလေး အထက်နံရံတွင် နတ်ရုပ်တွေ ရိုက်ထားသည့် ကားချပ်တစ်ခုကို ချိတ်ထားပြီး ရှေ့တွင် ဆီမီးခွက်တစ်ခု ထွန်းထားသည်။


“ဆရာကြီးရယ်...ဘာဖြစ်လို့ဒုက္ခရှာရတာလဲ၊ ကျွန်မ နေကောင်းပါတယ်၊ ဘုရားက ကျွန်မကို မခေါ်သေးပါဘူး”


ဗန်ဒိုနာ၏အမေက ပြောသည်။ ထို့နောက် သူ့ကို လက်ဖက်ရည်၊ မုန့်တို့ဖြင့် ဧည့်ခံသည်။ ထိုအခါကျမှပင် ဗန်ဒိုနာခမျာ ပြုံးနိုင်လာတော့သည်။


“ကိစ္စမရှိဘူးလေ၊ ရောက်တုန်းမှာ ကျွန်တော် စစ်ဆေးကြည့်ဦးမယ်”


“ဆရာကြီးကလဲ ကျွန်မ ဘာမှမဖြစ်ပါဘူး၊ နေကောင်းပါတယ်။ အလကား...ဒုက္ခမရှာပါနဲ့”


“အမေ၊ ဒီက ဆရာကြီးက အမေရိက, ကလာတာ”


အမေရိက, ကလာတာဆိုသည့်စကားကို ကြားသည့်အခါတွင် အမေရော ကျန်သည့်ပရိသတ်ရော စိတ်ဝင်စားသွားကြသည်။ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် လူနာတစ်ယောက်ကို စစ်ဆေးရသည်မှာ မမြင်ကွယ်ရာတွင် မဟုတ်။ လူအများရှေ့မှာပင် စစ်ဆေးရခြင်းဖြစ်သည်။ လူတွေကလည်း ဝိုင်းကြည့်နေကြသည်။


နာရီဝက်ခန့် စစ်ဆေးပြီးသည့်အခါတွင် မက်စ်သည် နားကျပ်ကို အောက်သို့ချလိုက်သည်။


“ဘာမှပူမနေနဲ့၊ မင့်အမေက ကျောက်ဆောင်ကြီး တစ်ဆောင်လို ဒေါင်ဒေါင်မြည်လို့”


မက်စ်က အားပေးနှစ်သိမ့်သည့်လေသံဖြင့် ပြောသည်။ ထိုစကားပြောပြီးနောက် မကြာမီမှာပင် စိတ်ထိခိုက်စရာတွေ ဖြစ်ပျက်လာခဲ့သည်။ ဗန်ဒိုနာ၏အမေက ရေနွေးအိုးတည်ရန် ရေထ၍ ခပ်သည်။ ထိုစဉ် အမေသည် ချောင်းတဟွတ်ဟွတ် ဆိုးလာကာ အသက်မရှူနိုင်တော့ဘဲ လဲကျသွားလေသည်။ ပါးစပ်ထဲမှလည်း သွေးတွေ စီးကျလာသည်။ 


မက်စ်သည် ဗန်ဒိုနာနှင့်အတူ အမေ့ကို ခုတင်ပေါ်သို့ ပွေ့တင်ပေး၏။ ဗန်ဒိုနာက ပါးစပ်တွင် ပေနေသည့် သွေးများကို သုတ်ပေးနေစဉ် အမေသည် ပါးစပ်မှ တလှုပ်လှုပ်နှင့် တစ်စုံတစ်ရာကို ရွတ်နေသည်။ ဘုရားစာရွတ်နေခြင်းဖြစ်

ကြောင်း မက်စ် သိလိုက်သည်။ အမေသည် သူ့အနီးတွင် ဝိုင်းအုံနေကြသော ပရိသတ်ကို လှမ်းကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သည့် အရိပ်အရောင်ဆို၍ လုံးဝမရှိ။ ပကတိ တည်ငြိမ်အေးချမ်းလျက်။ မက်စ်က နှလုံးအားတိုးဆေးတစ်လုံး ထိုးပေးရန် ပြင်သည်။ သို့ရာတွင် အပ်ကို အသားထဲသို့ ထိုးစိုက်ချိန် မရလိုက်တော့ပြီ။ အဘွားအိုသည် ချက်ချင်း တောင့်တင်းစပြုလာကာ သက်ပြင်းကြီးတစ်ချက်ကိုချ၍ ချုပ်ငြိမ်းသွားသည်။


အခန်းထဲတွင် အော်ဟစ် ငိုလိုက်သည့် အသံတစ်သံ ပေါ်လာသည်။ ထိုအသံမှာ ဗန်ဒိုနာ၏အသံဖြစ်သည်။ ဗန်ဒိုနာသည် သူ့အမေကိုဖက်၍ ငိုသည်။ ထို့နောက်တွင်ကား အော်ဟစ် ငိုယိုသံ၊ သံရှည်ဆွဲ၍ငိုသံ၊ ယူကျုံးမရ မြည်တမ်းသံတို့သည် ပွက်လောရိုက်သွားတော့သည်။ အမျိုးသမီးများက သူတို့မျက်နှာကို လက်သည်းဖြင့် ကုတ်ခြစ်၍ ငိုကြသည်။ အမျိုးသားများက သူတို့ခေါင်းကို လက်သီးဖြင့်ထု၍ ငိုကြသည်။ ကြောက်လန့်နေသော ကလေးငယ်များကလည်း သူတို့မိဘများနည်းတူ ငိုကြသည်။ ဝိုင်းထဲရှိ အခြားသော တဲကုပ်ကလေးများမှလည်း ဝိုင်း၍ငိုကြသည်။


ခဏအကြာတွင်မူ ဗန်ဒိုနာသည် စောစောက ရုတ်တရက် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သကဲ့သို့ ခုလည်း ချက်ချင်း မတ်တတ်ရပ်လိုက်ကာ ဆာရီကို ပြင်ဝတ်သည်။ မျက်ရည်တို့သွေ့ခြောက်သော မျက်လုံးများဖြင့် သတိကိုပြန်ထိန်း၍ မတ်တတ်ရပ်လိုက်သည်။


“ခဏကလေးအတွင်းမှာပဲ ဗန်ဒိုနာဟာ လုပ်စရာရှိတာကို လုပ်တယ်။ အမိန့်ပေးစရာရှိတာကို ပေးတယ်။ ခိုင်းစရာရှိတာကို ခိုင်းတယ်။ နှစ်မိနစ်လောက်အတွင်းမှာ အာသံသူ သူငယ်မလေးဟာ အစစအရာရာကို စီစဉ်ပြီးသားဖြစ်နေပြီ။ သူ့မောင်ကိုခေါ်ပြီး  တောက ဆွေမျိုးတွေကို အကြောင်းကြားဖို့ လွှတ်လိုက်တယ်။ အိမ်နီးနားချင်းတွေကိုတော့ အသုဘအခမ်းအနားအတွက် ဝယ်စရာရှိတာဝယ်ဖို့ ဈေးကို လွှတ်တယ်။ အလောင်းကို ခြယ်ဖို့ ပန်းဆီမှုန့်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ထောပတ်ဆီ၊ ဂွမ်းစတို့၊ စံပယ်ကုံးတို့၊ နှင်းဆီကုံးတို့ကို အဝယ်ခိုင်းလိုက်တယ်”


အသုဘစရိတ်အဖြစ် သူ့ရွှေလက်ကောက်နှစ်ဖက်နဲ့ ရွှေနားဆွဲကလေးကို လမ်းထိပ်တွင်ရှိသည့် ငွေတိုးချေးစားသူ ပထန်ကြီးထံ ငွေတစ်ထောင်နှင့် သွားပေါင်ရသည်။ အသုဘသို့လာသည့် တောမှ ဆွေမျိုးများကို ကျွေးမွေးရန် အတွက် ဆန်နှစ်တင်း၊ ချာပါတီလုပ်ရန် ဂျုံ၊ ဟင်းသီးဟင်းရွက်၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင်တို့ကို ဝယ်ရသည်။ ထို့နောက် ဟောင်ရာရှိ နတ်ဆရာတစ်ယောက်ကို ငွေတစ်ရာပေး၍ ငှားရသည်။ အသုဘတွင် ထုံးစံအတိုင်း ရွတ်ဖတ်သရဇ္ဈာယ်ရန်ဖြစ်သည်။


နောက်သုံးနာရီကြာသည့်အခါတွင်မူ အသုဘချရန် အားလုံး အဆင်သင့်ဖြစ်လေပြီ။ အမေ၏အလောင်းကို အဝတ်ဖြူဖြင့်ပတ်ပြီး စံပယ်ပန်းတွေတင်ထားသည့် အလောင်းစင်ပေါ်သို့ တင်သည်။ ပန်းဆီတွေ ဆိုးထားသည့်လက်၊ ခြေထောက်နှင့် မျက်နှာတို့ကို ဖော်ထားသည်။ မျက်နှာတွင်မူ အရေးအစင်းတို့ မရှိတော့။ သေခြင်းတရားသည် အရေးအစင်းများကို ဖျက်ပစ်လိုက်လေပြီ။ အလောင်းစင်ပတ်ပတ်လည်တွင် အမွှေးတိုင်တွေ ထွန်းထားသဖြင့် အမွှေးနံ့ သည် မွှန်နေသည်။ သင်္ကန်းဝါဝါဝတ်ထားသည့် ဟိန္ဒူဘုန်းကြီးက လင်းကွင်းနှစ်ချပ်ကို တီးရင်း ဆုတောင်းစာများကို ရွတ်သည်။ ထို့နောက် သေသူ၏နဖူးကို ထောပတ်ဆီဖြင့် သုတ်လိုက်ပြီး ဘဝကူးကောင်းစေရန် အလောင်းဘေး ပတ်ပတ်လည်ကို ဆန်မန်းပေါက်ပေါက်တို့ ကြဲသည်။ 


ထို့နောက် ဆွေမျိုးတော်စပ်သူလေးယောက်က အလောင်းစင်ကို သယ်ကြသည်။ သူနှင့်အတူ နှစ်ပေါင်းများစွာ ဤအိမ်ခေါင်းကလေးထဲတွင် နေလာခဲ့သည့် အမေတစ်ယောက် အိမ်ခေါင်းကလေးထဲမှ ထွက်ခွာသည်ကို မြင်ရသည့်အခါ၌ကား ဗန်ဒိုနာ မချုပ်တည်းနိုင်တော့။ အခြားမိန်းမများကလည်း နောက်တစ်ကျော့ ငိုကြပြန်သည်။ ထိုအချိန်၌ အလောင်းစင်မှာ ရွှံ့တွေဗွက်တွေကို ဖြတ်ကာ လမ်းထိပ်သို့ ရောက်နေလေပြီ။


အမျိုးသားများသာလျှင် အလောင်းစင်နှင့်အတူ မီးသင်္ဂြိုဟ်ရာ စင်သို့ လိုက်ပါသွားကြသည်။ ဟိန္ဒူတို့ထုံးတမ်းစဉ်လာအရ ဗန်ဒိုနာ၏အမေအလောင်းကို မီးသင်္ဂြိုဟ်ကြမည်ဖြစ်သည်။ ဟူဂလီမြစ်ကမ်းပေါ်ရှိ မီးသင်္ဂြိုဟ်ရာ ကွင်းသို့ ရောက်အောင် တစ်နာရီခန့်သွားရသည်။ အလောင်းကို ထမ်းလာသူများက အလောင်းကို ညောင်ပင်တစ်ပင်အောက်တွင်ချထားစဉ် ဗန်ဒိုနာ၏အစ်ကိုအကြီးဆုံးက အလောင်းကိုသင်္ဂြိုဟ်ရန်အတွက် မီးသင်္ဂြိုဟ်စင်တစ်ခု ငှားရန်နှင့် ရွတ်ဖတ်ပေးပါရန် ဟိန္ဒူဘုန်းကြီးတစ်ပါးကို သွား၍လျှောက်နေသည်။ အလောင်းကို မီးသင်္ဂြိုဟ်စင်ပေါ်သို့ တင်ပြီးသည့်အခါတွင် ပုဏ္ဏားတစ်ယောက်က ဂင်္ဂါမြစ်ရေကို သေသူ၏နှုတ်ခမ်းပေါ်သို့ ချပေးသည်။ သူ့သားအကြီးက အလောင်းကို သင်္ဂြိုဟ်ခြင်းမပြုမီ ငါးကြိမ်ရစ်ပတ်၍ ကန်တော့သည်။


အလောင်းတစ်လောင်းကို မီးသင်္ဂြိုဟ်ရာတွင် အနည်းဆုံး လေးနာရီတော့ ကြာတတ်သည်။ ထို့ကြောင့် မက်စ်သည် ထိုနေရာတွင် စောင့်မနေတော့ဘဲ ဗန်ဒိုနာကို အားပေးနှစ်သိမ့်ခြင်းပြုရန်အတွက် ရပ်ကွက်ထဲသို့ ပြန်လာခဲ့သည်။ လမ်းထိပ်သို့ အရောက်တွင် သူ့ခြေထောက်သည် အောက်သို့ ကျွံသွားကာ ညစ်ပတ်မည်းနက်နေသည့် ရေစီးကြောင်းကြီးတစ်ခုသည် သူ့ပါးစပ်၊ နှာခေါင်း၊ မျက်စိတွေထဲသို့ ဝင်လာသည်ကို သိလိုက်သည်။ သူ့တစ်ကိုယ်လုံးသည် ရေစီးကြောင်းကြီးအောက်သို့ ရောက်သွားသည်ဟု ထင်လိုက်ရသည်။ 


မက်စ်သည် ရေစီးကြောင်းကြီးထဲမှ ကူးခတ်ထွက်သည်။ သို့ရာတွင် သူက ကူးလေလေ၊ အခြေအနေ ဆိုးလေလေ။ အောက်မှ ရေစီးကြောင်းကြီးသည် သူ့ကို စုပ်ယူသွားသည့်နှယ် ခံစားလိုက်ရသည်။ သူ့ဘဝတွင် နှစ်ကြိမ် သုံးကြိမ်လောက် ရေနစ်ဖူးသော်လည်း သူသည် ရေကူးသန်သူတစ်ယောက်ဖြစ်သဖြင့် အသက်ဘေးမှ ချမ်းသာရခဲ့ဖူးသည်။ ယခုမူ ညစ်ပတ်နေသည့် ရေစီးကြောင်းကြီးထဲတွင် သူ မည်သို့ကြိုးစားကူးခတ်သည့်တိုင် ကူးခတ်နိုင်ခြင်းမရှိတော့။ သည်တစ်ချီတော့ ရေနစ်၍သေရတော့မည်ဟု သူထင်လိုက်သည်။


လူများသည် သေခါနီးတွင် အတိတ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့ကို လျှပ်တစ်ပြက် မြင်လိုက်ကြရသည်ဟု အဆိုရှိသည်။ ထိုအဆို မှန်လေသည်လားမသိ။


“အဲဒီတုန်းက ဖလော်ရီဒါမှာရှိတဲ့ ကျွန်တော်တို့အိမ်မှာ အမေက မွေးနေ့ကိတ်မုန့်ယူလာတာကို ကျွန်တော် မြင်လိုက်ရတယ်” ဟု မက်စ်က ပြောသည်။ 


မက်စ်သည် ထိုရုပ်ပုံကို မြင်လိုက်ပြီးနောက် သတိလစ်သွားသည်။ နောက်ဖြစ်သည့် အဖြစ်အပျက်များကိုမူ သူများတွေပြော၍ ပြန်သိရခြင်းဖြစ်သည်။ သုခမြို့တော်ထဲက အညစ်အကြေးမြောင်းကြီးထဲတွင် ကူးခတ်နေသည့် မက်စ်ကို အနီးတစ်ဝိုက်ရှိ လူများက မြင်လိုက်ကြသည်။ ဤတွင် အချို့က မြောင်းကြီးထဲသို့ ခုန်ဆင်းကာ သတိမေ့နေသော သူ့ခန္ဓာကိုယ်ကို ဆယ်ယူပြီး ဗန်ဒိုနာ၏အိမ်ကလေးသို့ သယ်လာခဲ့ကြသည်။


* * * 


“အားရပါးရ ရေချိုးပြီး ခင်ဗျားကိုယ်ခင်ဗျား သန့်ရှင်းရေးလုပ်ဦး၊ ကလိုရိုဖီးနံ့သင်းတဲ့ ရေကလေး ဘာလေး မချိုးချင်ဘူးလား၊ ကျွန်တော် နေရာကောင်းကောင်းတစ်ခု တွေ့ထားတယ်”


နောက်တစ်နေ့တွင် ကိုဗာစကီးက သုခမြို့တော် ရေဆိုးမြောင်းဘေး အန္တရာယ်မှ မသေမပျောက်ကျန်ရစ်ခဲ့သူ မက်စ်ကို ပြောသည်။


မက်စ်က ခပ်ဆိုင်းဆိုင်းဖြင့် ...

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကြယ်ငါးပွင့်ဇိမ်ခံ ဟိုတယ်ကြီးတစ်ခုမှာ သွားပြီး ရေချိုးချင်တယ်ဗျာ”


“သိပ်ကောင်းတာပေါ့ဗျာ”


နောက်တစ်နာရီခန့်ကြာသည့်အခါတွင် သူတို့နှစ်ယောက်သည် ဘတ်စ်ကားမှတ်တိုင်တစ်တိုင်တွင် ဆင်းကျန်ရစ်ခဲ့ကာ မြို့လယ်ကောင်ရှိ အကောင်းစားဟိုတယ်ကြီးတစ်ခုအနီးသို့ ရောက်လာခဲ့ကြသည်။ ဟိုတယ်ရှေ့တွင် ဧကပေါင်းများစွာ ကျယ်သည့် ဥယျာဉ်ကြီးတစ်ခုရှိပြီး အထဲတွင် အာရှတိုက်တွင်ရှိသည့် သစ်ပင်မျိုးစုံတို့ကို စိုက်ထားသည်။ ညောင်ပင်ကြီးများတွင် နွယ်ကြီးတွေက တွဲလောင်းကျနေသည်။ သက်တမ်းတစ်ရာခန့်ရှိမည်ဟု ခန့်မှန်းရသည့် တောင်တမာပင်ကြီးများမှ အကိုင်းအခက်အချို့မှာ မျှော်စင်ကြီးများလို မိုးသို့ လုတက်နေကြသည်။ မဟော်ဂနီပင်၊ ကျွန်းပင်၊ ပိရမစ်ပုံချွန်းတက်နေသည့် သော်ကပင်၊ တတိုင်မွှေးပင်။ ထိုအပင်များပေါ်တွင် ကျေးငှက်အမျိုးမျိုးတို့က မြည်ကျူးလျက်။ ဥဩငှက်၊ သစ်တောက်ငှက်၊ စွန်၊ ကျေးကုလား၊ ရေညှောင့်ကောင်၊ ပိန်ညင်း စသည့် ငှက်များကလည်း ယဉ်ပါးနေကြသည်။


“ကြည့်စမ်းဗျာ၊ တောထဲက ငှက်တွေကို ကြည့်ရတာ စိတ်ကို ကြည်နူးသွားတာပဲ။ သူတို့ဘာသာဘာဝ နေကြတာ ဘယ်လောက်ကြည့်လို့ကောင်းသလဲ။ ဘယ်လောက်လွတ်လပ်တဲ့ဘဝလဲ။ ခင်ဗျားလာတာကိုလဲ ဂရုမစိုက်ဘူး။ သစ်ကိုင်းတစ်ကိုင်းကနေ တစ်ကိုင်း၊ သစ်ပင်တစ်ပင်ကနေ တစ်ပင် ခုန်ကူးလို့။ ပြီးတော့ ပိုးကောင်ကလေးကို ဖမ်းစားတယ်၊ ပြီးတော့ မြည်ကျူးတယ်၊ သူ့အတောင်အလက်ကို သူဖြန့်ပြီး ကြွားတယ်”


ကိုဗာစကီးက ပြောသည်။


“ဒါပေါ့ဗျာ၊ ဒါကတော့ သူတို့ကျေးငှက်တွေရဲ့ ဘာသာဘာဝပဲ မဟုတ်လား”


“အဲဒါကိုက ချစ်စရာကောင်းနေတာပေါ့ဗျာ၊ ကြည့်စမ်း၊ ဟိုငှက်ကလေးဟာ ခင်ဗျားကိုတောင် မကြည့်ဘူး”


“ကျွန်တော်တို့ကို ကြည့်နေရင် သူလဲ စိတ်တွေ ရှုပ်ထွေးပြီး အတုအပတွေကို တတ်သွားမှာပေါ့”


မက်စ်က ပြောသည်။


“မှန်လိုက်လေဗျာ၊ လွတ်လပ်တဲ့စိတ်ဆန္ဒဆိုတာ အဲဒါပေါ့။ ကျွန်တော်တို့မှာတော့ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းမှာ နေရတဲ့အတွက် လွတ်လပ်တဲ့ဆန္ဒဆိုတာ ဘယ်နည်းနဲ့မှ မရနိုင်ဘဲ ဖြစ်နေကြတယ်။ လူတွေမှာ ပြဿနာတစ်ခုမဟုတ် တစ်ခုနဲ့ ကြုံနေကြရတယ်။ ခု ခင်ဗျားကိုပဲကြည့်လေ၊ ဆင်းရဲသားတွေကို ကူညီရအောင်ဆိုပြီး သူတို့အသိုင်းအဝိုင်းမှာ သွားနေရတယ်။ သူတို့ပြဿနာတွေကို နားလည်အောင် ကြိုးစားရတယ်။ သူတို့အရှုပ်အထွေးတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို စဉ်းစားနေရတယ်”


“ဟုတ်တယ်၊ ဆင်းရဲသားရပ်ကွက်မှာဆိုတော့ ပြဿနာတွေက ပိုလို့တောင် ရှုပ်ထွေးပွေလီနေသေးတယ်” မက်စ်က ပြောသည်။ 


ကိုဗာစကီးက ငှက်တစ်ကောင်ကို ညွှန်ပြရင်း... 

"ဒါတောင် သူ့မှာ သားသမီးတွေဆီကို ရောက်တော့ သောကမကင်းနိုင်ရှာသေးဘူး။ အမှန်ကတော့ ကလေးတွေပဲ သောကတွေ၊ ဗျာပါဒတွေနဲ့ ကင်းဝေးကြတာ။ ဒိပြင်မကြည့်နဲ့လေ။ ကျုပ်တို့သုခမြို့တော်ထဲက ကလေးတွေကိုပဲကြည့်ပါလား။ ကလေးတစ်ယောက်ရဲ့ မျက်လုံးထဲကို ကြည့်လိုက်ရရင် ဘုရားသခင်ကို သွားတွေ့တယ်လို့ စိတ်ထဲမှာ ထင်မိတယ်။ ကလေးတစ်ယောက်ဟာ ဟန်မဆောင်ဘူး၊ အပေါ်ယံတွေကို မလုပ်ဘူး၊ အခြေအနေကိုက်ညီအောင် ရောယောင် မလိုက်ဘူး။ ပွင့်လင်းတယ်၊ ရိုးသားတယ်၊ ငှက်တစ်ကောင်လိုပဲ။ ငှက်တွေကို ကြည့်ပါလား၊ ငှက်ဟာ သူ့ငှက်ဘဝကို ပြည့်စုံအောင် နေသွားတယ်”


မက်စ်နှင့် ကိုဗာစကီးတို့သည် မြက်ခင်းပေါ်တွင် ထိုင်ကြသည်။ သူတို့နှစ်ယောက်အဖို့ ထိုရိပ်မြုံသည် သုခမြို့တော်နှင့် မိုင်, သန်းပေါင်းများစွာ ဝေးသည့်နေရာဟု ထင်မှတ်နေကြသည်။


“ဟိုနှစ်တွေတုန်းက ကျွန်တော် စိတ်ဓာတ်ကျရင်၊ စိတ်ပျက်ရင် ဒီနေရာကိုလာပြီး ထိုင်လေ့ရှိတယ်၊ စိတ်ဓာတ်နည်းနည်းကျလာရင် ဘတ်စ်ကားတစ်စီးပေါ် ခုန်တက်လိုက်ပြီး ဒီနေရာမှာ လာထိုင်တယ်။ ထိုင်ပြီး ငှက်တွေကို ကြည့်၊ ဘုရားဆီ ဆုတောင်းတာပဲ။ ချုံတစ်ချုံပေါ်မှာ ဝဲနေတဲ့ ပုစဉ်းတစ်ကောင်ကို ကြည့်တဲ့အခါ ကြည့်တယ်၊ သစ်တောက်ငှက်တစ်ကောင် မြည်နေသံကို နားထောင်တဲ့အခါ နားထောင်တယ်၊ နေဝင်ရင် အိပ်သွားတဲ့ ပန်းပွင့်ကလေးတစ်ပွင့်ကို ကြည့်တဲ့အခါ ကြည့်တယ်၊ ဒီအရာတွေဟာ ကျွန်တော့်အဖို့တော့ အသက်ကယ်ဘောတွေနဲ့ အတူတူပဲ”


ကိုဗာစကီးက ပြောသည်။


သူတို့နှစ်ယောက်သည် အတန်ကြာမျှ တိတ်ဆိတ်နေကြ၏။ ထိုစဉ် ကိုဗာစကီးက မေးခွန်းတစ်ခုကို ရုတ်တရက် ကောက်မေးလိုက်သည်။


“ခင်ဗျားက ရေဝတီ မဟုတ်လား”


အံ့အားသင့်နေသော မက်စ်ကို မြင်သည့်အခါတွင်မှ သူ ရုတ်တရက် မေးလိုက်သော မေးခွန်းအတွက် တောင်းပန်သည်။


“အိန္ဒိယလူမျိုးတွေဟာ ဒီမေးခွန်းကို မေးလေ့ရှိကြတယ်ဗျ၊ ဒီမှာ လူတစ်ယောက်ကို ဆုံးဖြတ်ရင် သူ့ဘာသာတရားကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြတာကိုး၊ အရာရာကို ကိုးကွယ်ယုံကြည်မှုက ဖန်တီးပေးနေတယ်လေ”


“ဟုတ်တယ်၊ ကျွန်တော်က ရေဝတီတစ်ယောက်”


“အင်း၊ ခင်ဗျားက သာပေတာပေါ့ဗျာ၊ ကမ္ဘာမှာ ယုဒဘာသာဟာ အလှဆုံး ဘာသာတရားတစ်ခုဗျ” 


“ဒါကတော့ ခင်ဗျားတို့ ခရစ်ယာန်တွေရဲ့ အမြင်ကိုး”


* * *


ကိုဗာစကီးသည် သူတို့ဝိုင်းထဲသို့ ပြောင်းရွှေ့ လာကြသော မိသားစုများကို ငေးကြည့်နေသည်။


“သူတို့ကို ကြည့်ရတာ သားသတ်ရုံကို အပို့ခံရတဲ့ ဆိတ်အုပ်တွေလိုပဲ၊ မီးခြစ်ဆံလို သေးကွေးနေတဲ့ ခြေထောက်နှစ်ချောင်းကြားမှာ ဒိုတီကို ခါးတောင်းကျိုက်ထားတဲ့ အဖေလုပ်သူက ခေါင်းပေါ်မှာ တောင်းတစ်လုံးကို ရွက်ထားတယ်။ တောင်းထဲမှာတော့ အိမ်သုံးပစ္စည်းတွေပေါ့လေ။ ကြေးအိုးရယ်၊ ပန်းကန် ခွက်ယောက်တွေရယ်၊ သွပ်ပုံးတစ်လုံးရယ်၊ ရေပုံးရယ်၊ ရေအိုးတစ်လုံးရယ်၊ အဝတ်အစားနည်းနည်းရယ်၊ ပြီးတော့ ပွဲလမ်းသဘင်တို့ ဘာတို့မှာ ဝတ်တဲ့ အဝတ်အစားကလေးရယ်။ အဝတ်အစားတွေကို သတင်းစာစက္ကူတစ်ရွက်နဲ့ ပတ်ပြီး ဂုန်နီကြိုးနဲ့ စည်းထားတယ်။ အဖေလုပ်တဲ့လူက ခပ်ပိန်ပိန်ရယ်၊ မုတ်ဆိတ်တွေကလဲ အရှည်ကြီး၊ ဆံပင်တွေကလဲ လိမ်ကောက် ကျပ်ခဲလို့၊ နှုတ်ခမ်းမွေး ပါးမြိုင်းမွေးတွေကလဲ အပြိုင်အရိုင်း၊ မျက်နှာမှာလဲ အရေးအကြောင်းတွေ ထင်နေပြီ။ သူ့ကို ကြည့်ရတာကတော့ ပျော့ပျော့ပျောင်းပျောင်းပဲ၊ ဒါကို ကြည့်ရင် အဖေလုပ်တဲ့သူဟာ အသက်မကြီးသေးဘူးဆိုတာ သိနိုင်တယ်။ သူ့နောက်မှာ အသားလတ်လတ်နဲ့ မိန်းမတစ်ယောက် ဖတ်သီဖတ်သီနဲ့ လိုက်လာတယ်။ အဝါရောင် ဆာရီကို ဝတ်ပြီး ခေါင်းမြီးခြုံထားတယ်၊ သူ့ခါးပေါ်မှာ အငယ်ဆုံးကလေးကို ခါးထစ်ခွင်ပြီး ချီလာတယ်၊ သူ့နောက်မှာ ကျစ်ဆံမြီး နှစ်ဖက်ချထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ စွပ်ကျယ်အင်္ကျီဝတ်ထားတဲ့ ကောင်လေးနှစ်ယောက် လိုက်လာတယ်။ တစ်ယောက်က ဆယ့်လေးနှစ်လောက် ရှိပြီ၊ နောက်တစ်ယောက်က ဆယ်နှစ်လောက်ပဲ ရှိဦးမယ်။”


ကိုဗာစကီးက သူ့ဝိုင်းထဲသို့ မိသားစုတစ်စု ပြောင်းရွှေ့ လာပုံကို ပြန်ပြောပြသည်။ ထိုမိသားစုမှာ အခြားမဟုတ်။ လန်ချားသမား ဟာစရီပါးတို့ မိသားစု ဖြစ်လေသည်။ သူတို့ကို အိမ်သစ်သို့ ခေါ်လာသည့် အိမ်ပွဲစားလုပ်သူ တက္ကစီဒရိုင်ဘာက ဟာစရီပါးတို့မိသားစုကို အပေါက်ဝမှ ဆီးကြိုသည်။ တက္ကစီဒရိုင်ဘာသည် သူ့ဆရာ ရပ်ကွက်လူမိုက်၏ အရက်ပုန်းဆိုင်မှ အရက်ပုလင်းများနှင့်ဖန်ခွက်များကိုလည်း ယူလာခဲ့သည်။ တက္ကစီဒရိုင်ဘာက နောက်ရောက်လာသည့် ဧည့်သည်များအား အိမ်တက်မင်္ဂလာကျင်းပပေးခြင်းဖြစ်လေသည်။ ရပ်ကွက်ထဲရှိလူများကလည်း နောက်ပြောင်းလာသူများအနီးသို့ ဝိုင်းအုံရောက်လာကြသည်။ တက္ကစီဒရိုင်ဘာက ဖန်ခွက်များကို လိုက်ပေးပြီး အရက်ကို လိုက်ငှဲ့ပေးကာ သူတို့နှင့် မိတ်ဆက်ပေးသည်။ 


ဟာစရီပါးမှာ ဘာလုပ်ရမည်မသိ၊ ကြောင်တက်တက်ဖြင့် သူခိုင်းသမျှကို လိုက်လုပ်နေရသည်။ ရပ်ကွက်လူကြီးတစ်ဦးက သူတို့မိသားစုအား ကြိုဆိုကြောင်း နှုတ်ဆက်သည့်စကားပြော၏။ ထိုအိမ်တက်မင်္ဂလာပွဲသို့ နောက်ဆုံးရောက်လာသူမှာ ကိုဗာစကီး ဖြစ်သည်။ သူတို့မိသားစုများသည်လည်း သူ့အနီးတွင် နေသည့် မိန်းမရှာများကဲ့သို့ပင် သူ့အိမ်နီးနားချင်းများ မဟုတ်လော။


သည်မျှ ပူပြင်းသည့်ရာသီတွင် သည်မျှပြင်းသော အရက်ကို နည်းနည်းပါးပါးတော့ သူသောက်နိုင်နေလေပြီ။ သို့ရာတွင် အချို့သူများမှာ သူ့လို ခံနိုင်စွမ်းမရှိ။ ကိုဗာစကီးသည် အရက်တစ်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သော အိမ်ရှင်သစ် ဟာစရီပါးကို လှမ်းကြည့်လိုက်သည်။ ဟာစရီပါး၏မျက်လုံးများသည် ချက်ချင်း ပြူးကျယ်လာကြပြီးနောက် မျက်ဖြူကြီး လန်သွားသည်။ အားလုံး သူ့ကို ကြောင်ကြည့်နေစဉ် ဟာစရီပါးသည် ဒယီးဒယိုင်ဖြစ်လာကာ မြေကြီးပေါ်သို့ ဘိုင်းခနဲ လဲကျသွားလေသည်။ သူ့တစ်ကိုယ်လုံးသည် အကြောဆွဲသည့်နှယ် ဆန့်ငင် ဆန့်ငင်ဖြစ်နေသည်။ လည်ပင်းနှင့် ပါးနှစ်ဖက်သည် ပြည့်ဖောင်းလာကာ အန်တော့မည့်ပုံ ဖြစ်နေသည်။ ကိုဗာစကီးက ဒူးထောက်ထိုင်ချလိုက်ပြီး ဟာစရီပါး၏ခေါင်းကို ထူပေးသည်။


“အန်ချလိုက်လေ၊ အန်ချင်ရင် အန်ချလိုက်”


ကိုဗာစကီးက ပြော၏။ သူ့စကားများကို ကြားသည့်အခါတွင် ဟာစရီပါး၏နှုတ်ခမ်းများသည် တရွရွ လှုပ်လာကြသည်။ သို့ရာတွင် မအန်သေး။


“အန်ချလိုက်လေ၊ အန်...အန်” 


ကိုဗာစကီးက ထပ်၍ ပြောသည်။ ဟာစရီပါး၏ လည်ချောင်းထဲမှ တဂဲဂဲမြည်သံကို သူကြားရသည်။ ခဏအကြာတွင် ရဲရဲနီနေသော အမြှုပ်များသည် သူ့နှုတ်ခမ်းထောင့်မှ စီးကျလာကြသည်။ သူတို့အိမ်နီးချင်းသစ် ပါးစပ်မှ ထွက်လာသော အရေများသည် စောစောက သူတို့သောက်လိုက်သည့် ချက်အရက်များ မဟုတ်ကြောင်းကို အိမ်နီးချင်းများ သိလိုက်ကြသည်။ သူ့တွင်လည်း “အဖျားနီ” ရောဂါရှိသည်ကော။


ထိုနေ့ညနေ ဆင်းရဲသားရပ်ကွက်ကလေးကို ဖုံးအုပ်နေသည့် မီးခိုးလုံးများနောက်ကွယ်တွင် နေလုံးကြီး ပျောက်ကွယ်သွားသည့်အခါ၌ ခရုသင်းသံတစ်ခုကြောင့် ကိုဗာစကီးသည် တရားထိုင်ရာမှ အာရုံပျက်သွားခဲ့သည်။ ထိုခရုသင်းသံသည် တောကျီးကန်းများ၏ မြည်သံကဲ့သို့ သူ့အဖို့ ရိုးနေလေပြီ။ ထိုခရုသင်းသံမှာ အခြားမဟုတ်။ ဟာစရီပါးက သူ့အိမ်ခေါင်းကလေးကို ဟိန္ဒူဘာသာဝင်တို့ထုံးစံအတိုင်း ခရုသင်းမှုတ်၍ အိမ်စောင့်နတ်တို့ကို ပူဇော်ပသနေခြင်းဖြစ်သည်။ ဟာစရီပါးသည် အိမ်တံခါးဝနှင့် အိမ်ထောင့်လေးထောင့်တွင် အမွှေးတိုင်များကို စိုက်ထူ၍ မီးပူဇော်သည်။ ထို့နောက် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များ ပသစေကြောင်း ခရုသင်းမှုတ်၍ ပူဇော်သည်။ သို့ရာတွင် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့သည် ယခုအချိန်အထိ နားမကြားသောရောဂါ စွဲကပ်နေကြလေသလော မသိ။


ကိုဗာစကီးသည် သူ့တန်းလျားကလေးထဲတွင် မိန်းမရှာများနှင့် ချောင်းဆိုးသွေးပါရောဂါ စွဲကပ်နေသည့် ဟာစရီပါးတို့နှင့်အတူ နေရသည့်တိုင် ဆုတ်ဆိုင်းဝန်လေးခြင်းမရှိပါ။ အားလျှင် ကိုဗာစကီးသည် ဟာစရီပါးနှင့် သူ့သားအကြီးကို သူ့ အခန်းကလေးရှေ့ရှိ ဝရန်တာတွင် လာရောက်နေထိုင်ရန် ဖိတ်တတ်သည်။ ရာသီဥတုပူပြင်းသဖြင့် ဟာစရီတို့အိမ်ခန်းကလေးထဲတွင် လူတွေအိပ်၍မရ၊ ထို့ကြောင့် သူ့အခန်းရှေ့က ဝရန်တာကလေးတွင် လာရောက် အိပ်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။


ဟာစရီပါးတို့နှင့်အတူ အိပ်ရသည့် ထိုညကို ကိုဗာစကီးတစ်သက်တွင် မမေ့နိုင်။ အသက်ရှူလိုက်တိုင်း ဟာစရီပါး၏အဆုတ်မှ တဂဲဂဲမြည်သော အသံသည် ပန်းပဲဆရာ၏ဖားဖိုမှ မြည်သံကဲ့သို့ မြည်ဟည်းနေတော့သည်။ ကိုဗာစကီးသည် ထိုအသံကို မျှော်လင့်ပြီးသားဖြစ်၍ အဆန်းမဟုတ်တော့။ ကိုဗာစကီးသည် ဟာစရီပါး၏ဘေးကြမ်းပြင်တွင် လှဲအိပ်လိုက်သည်။ 


သူ လှဲအိပ်လိုက်သည်နှင့် ဟာစရီပါးက သူ့ဘက်သို့ လှည့်ပြီး...

“ဆရာကြီး...မအိပ်သေးဘူး မဟုတ်လား၊ ကျွန်တော် စကားကလေးနည်းနည်း ပြောချင်လို့ပါ” ဟု ဟာစရီပါးက တောင်းပန်သည်။ 


ကိုဗာစကီးအဖို့ကား အဆန်းမဟုတ်တော့ပြီ။ ထိုသို့သော စကားမျိုးကို လူစိမ်းများထံမှ မကြာခဏ ကြားခဲ့ဖူးပြီ။


“ပြောပါ၊ ဘာပြောချင်လို့လဲ” ဟု ကိုဗာစကီးက မေးသည်။ 


ဟာစရီပါးသည် ခပ်ဆိုင်းဆိုင်းဖြစ်နေသည်။


“ကျွန်တော့်ဘီးဟာ ဒီဘဝအတွက် မကြာခင် အလည်ရပ်တော့မှာ” 


ထိုစကားများ၏ အဓိပ္ပာယ်ကို ကိုဗာစကီး ကောင်းစွာ နားလည်ပါသည်။ ဟာစရီပါးသည် သူ့ကံဇာတာ ကုန်တော့မည့်သဘောကို ပြောနေခြင်းဖြစ်လေသည်။ ကိုဗာစကီးက သူ့စကားကို လက်မခံသယောင် ပြောနေသော်လည်း အမှန်အားဖြင့်မူ သူစိတ်ကောင်းအောင် ဖြေသိမ့်ပြောနေရခြင်းသာ ဖြစ်လေသည်။ ညနေခင်းက အဖြစ်အပျက်ကို မြင်ပြီးသည့်နောက်တွင် ဟာစရီပါးအား မည်သူမျှ မကယ်နိုင်တော့ကြောင်းကို ကိုဗာစကီး သိခဲ့လေပြီ။


“သေမှာကို ကျွန်တော် မကြောက်ပါဘူး ဆရာကြီး၊ ရွာက ထွက်လာကတည်းက ကျွန်တော့်ဘဝမှာ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပြီးပြီ၊ တစ်နေ့မှာ...”


ဟာစရီပါးသည် စကားကို ဆက်မပြောသေးဘဲ ရပ်ထားသည်။


“တစ်နေ့မှာ ကျွန်တော့်ကံဟာ အကောင်းဘက် လှည့်လာပြီး နောင်ဘဝမှာ ဒီထက်ကောင်းတဲ့နေရာကို ရောက်ဖို့ နီးလာပြီဆိုတာ ကျွန်တော်သိလိုက်ပါပြီ”


ဆင်းရဲသားရပ်ကွက်ထဲမှ လူများထဲတွင် ထိုမျှော်လင့်ချက်သည် အမြဲကိန်းဝပ်နေကြောင်းကို ကိုဗာစကီး တွေ့ခဲ့ဖူးသည်။ ထိုမျှော်လင့်ချက်သည် သေခြင်းတရားကို ရင်ဆိုင်ရာတွင် သူတို့အား တည်ငြိမ်မှုကို ပေးခဲ့သည်။ သို့ရာတွင် ယနေ့ည ဟာစရီပါး ပြောချင်သည့်စကားများမှာ ထိုစကားများမဟုတ်။ 


ဟာစရီပါးသည် တံထောင်ဆစ်ပေါ်တွင် လက်ထောက်၍ ကိုယ်ကို ထူလိုက်ပြီးနောက်

“ကျွန်တော် မသေချင်သေးဘူး ဆရာကြီး၊ ကျွန်တော့်မှာ...”


ဟာစရီပါးသည် စကားပြောရင်း ချောင်းတဟွတ်ဟွတ်ဆိုးလာသဖြင့် စကားကို ဆက်မပြောနိုင်။ ကိုဗာစကီးက သူ့ကျောကို လက်ဖြင့် အသာဖိပေးရသည်။ 


သူတို့ဘေးပတ်ဝန်းကျင်တွင် ဟောက်သံတွေ ဆူညံနေသည်။ အဝေးမှ အော်သံများနှင့် အသံချဲ့စက်မှ စကားပြောသံတို့ကို ကြားရ၏။ ခပ်လှမ်းလှမ်းမှ ဆိုင်းသံဗုံသံများကို ကြားရသည်။ သူတို့သည် အတန်ကြာ တိတ်ဆိတ်နေကြသည်။ သူ့အိမ်နီးချင်းသစ်သည် ညကြီးသန်းခေါင်တွင် ဘာတွေကိုများ တွေးတောနေသနည်းဟု ကိုဗာစကီး စဉ်းစားနေသည်။ သို့ရာတွင် ကြာကြာ မစောင့်လိုက်ရပါ၊ ဟာစရီပါးထံမှ စကားပြောသံကို သူကြားရသည်။


“ကျွန်တော် မသေချင်သေးဘူး ဆရာကြီး၊ ကျွန်တော် မသေခင်မှာ ကျွန်တော့်သမီးကလေးအတွက် ယောက်ျားတစ်ယောက် ရှာပေးသွားရဦးမယ်”


အိန္ဒိယလူမျိုး ဖခင်တစ်ယောက်တွင် သမီးငယ်ကို လက်ထပ်ထိမ်းမြားပေးရေးသည် မဟာဝတ္တရားကြီးဖြစ်သည်။ ဟာစရီပါး၏သမီးငယ် အမိတ္တာမှာ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ လမ်းဘေးပလက်ဖောင်းနှင့် ဆင်းရဲသားရပ်ကွက်များတွင် နေခဲ့ရသည့်တိုင် နုပျိုလန်းဆတ်လျက် ရှိသေးသည်။ 


အိန္ဒိယလူ့အဖွဲ့ အစည်းတွင် အမျိုးသမီးဖြစ်ရသည်မှာ တော်တော်လူဖြစ်ရှုံးသည်။ အမိတ္တာသည် အိမ်အလုပ်များကို လုပ်ရသည်။ အိပ်ရာက ထ, တော့လည်း သူများတွေထက် အလျင်ထ,ပြီး အိပ်တော့လည်း နောက်ဆုံးမှ အိပ်ရာဝင်ရသည်။ သူ့ဘဝသည် ကျွန်တစ်ယောက်ဘဝနှင့် ဘာမျှမခြား။ အမိတ္တာသည် ကလေးအမေမဟုတ်သည့် အပျိုစင်ကလေးတစ်ယောက်ဖြစ်သည့်တိုင် သူ့မောင်ငယ်များကို ကြီးပြင်းလာအောင် မွေးမြူပေးခဲ့ရသည်။ သူတို့ကို ထိန်းကျောင်းခဲ့ရသည်။ သူတို့အတွက် ဟိုတယ်ကြီးများအနီးတစ်ဝိုက်တွင် စွန့်ပစ်ထားသော စားကြွင်းစားကျန်များကို သွား၍ ရှာရသည်။ သူတို့အဝတ်အစားများကို ဖာထေးပေးရသည်။ သူတို့ခေါင်းက သန်းတွေကို ရှာပေးရသည်။ သူ့အဖေသည် သူ့သမီးအရွယ်မရောက်တရောက်အချိန်မှစ,၍ သမီးအတွက် လင်ကောင်းတစ်ယောက်ကို လိုက်ရှာရသည်မှာလည်း အမော။


သို့ရာတွင် ခက်သည်မှာ သူတို့တွင် မင်္ဂလာဆောင်တွင် တင်တောင်းစရာငွေမရှိ။ အိန္ဒိယလူမျိုးတို့ထုံးစံတွင် သမီးကညာအရွယ်ရောက်လာလျှင် မိမိတို့သမီးများကို ယောက်ျားရှာပေးရသည်။ ယောက်ျားလေးကို ငွေတင်တောင်းရသည်။ ထိုဓလေ့ထုံးစံကို ဂန္ဒီကြီးကိုယ်တိုင် ဖျက်ခဲ့သော်လည်း ခေတ်သစ်အိန္ဒိယပြည်တွင် တော်တော်နှင့် မပျောက်သေး၊ ယခုတိုင် ကျန်ရှိနေသေးသည်။


“ကျွန်တော့်သမီးလေးကို မျက်မမြင်ဒုက္ခိတတို့၊ ကိုယ်ရေရောဂါသည်တို့၊ လမ်းမလျှောက်နိုင်တဲ့ လေဖြတ်နေတဲ့ ဒုက္ခိတတို့နဲ့ မပေးစားနိုင်ဘူး ဆရာကြီးရယ်” ဟု ဟာစရီပါးက ရင်ဖွင့်သည်။


ငွေတင်တောင်းခြင်း မပြုသော မိန်းကလေးတစ်ယောက်ကို ထိုသို့သောသူများကသာလျှင် လက်ခံပေလိမ့်မည်။ ဟာစရီပါးသည် အမျိုးမျိုး ဂဏန်းတွက်၏။ သို့ရာတွင် မည်သို့တွက်ချက်သည်ဖြစ်စေ နောက်ဆုံးတွင် ထိုအဖြေကိုသာရနေ၏။ ယင်းမှာ အခြားမဟုတ်။ မည်မျှ ဇာတ်နိမ့်သော ယောက်ျားကလေးတစ်ယောက်ကို တောင်းသည်ဖြစ်စေ၊ သူ့ဘက်က တင်တောင်းရမည့်ငွေ ငါးထောင်ဖြစ်သည်။ ထိုငွေကို ရဖို့ဆိုလျှင် လန်ချားဝင်ရိုးလှည်းသန်နှစ်ခုကြားတွင် နှစ်နှစ်လုံးလုံး မရပ်မနား ပြေးလျှင်ပြေး၊ သို့မဟုတ်လျှင် သူတို့ရပ်ကွက်ထဲရှိ ငွေချေးစားသူ မဟာဂျန်ထံ တစ်သက်လုံး ကြွေးယူ၍ ကျွန်ခံမှသာ ထိုငွေကို ရနိုင်ပေလိမ့်မည်။ သို့ရာတွင် သူဘယ်လောက် ပြေးနိုင်မည်နည်း။ ဘယ်လောက် သက်တမ်းရှည်မည်နည်း။


“ဒီလောက်တောင် သွေးတွေ အန်နေတာဗျာ၊ မနက်ထွက်တဲ့ နေကို ကြည့်ပြီး ညနေ နေဝင်တာကိုမှ မြင်ရပါတော့မလားလို့ ဘုရားတ, နေရတာ” ဟု ဟာစရီပါးက ပြောသည်။


ကိုဗာစကီးသည် ဟာစရီပါးကို မက်စ်ထံ သွား၍ အပ်သည်။ မက်စ်က သူ့ကို ပဋိဇီဝဆေးများနှင့် ဗီတာမင်ဆေးများ ကျွေးသည်။ ဆေးဝါးဆို၍ တစ်ခါမှ မတွေ့ဖူးသည့် ခန္ဓာကိုယ်ကြီးသည် ထိုဆေးဝါးများကို တုံ့ပြန်ရာတွင် များစွာ ထက်သန်သည်။ ချောင်းဆိုးရောဂါသည် ခြားသွားကာ ဟာစရီပါးသည် နွေ တစ်နွေလုံး လန်ချားဆွဲနိုင်သည့်အခြေသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက်တွင် မိုးတွေ သည်းထန်စွာ ရွာသွန်းကာ ကာလကတ္တားမြို့ တစ်မြို့လုံးလောက်နီးပါး ရေတွေ လျှံသောအခါတွင် ဟာစရီပါးအဖို့ ငွေရှာလို့ ပိုကောင်းသွားသည်။ ရေလျှံနေသောရပ်ကွက်များထဲသို့ သွားစရာယာဉ်ဆို၍ လန်ချားတစ်ခုတည်းသာရှိတော့သည် မဟုတ်လော။ သို့ရာတွင် ဘယ်မျှ ကြိုးစား၍ရှာသည်ဖြစ်စေ ငွေငါးထောင်ပြည့်ဖို့ဆိုသည်မှာ မလွယ်။


ထိုစဉ် အလိုက်သိသောကံတရားသည် လူယောင်ဖန်ဆင်း၍ သူ့အနီးသို့ ရောက်လာလေသည်။ လူယောင်ဖန်ဆင်းထားသည့်ကံတရားမှာ အခြားသူ မဟုတ်ပါ။ ကာလကတ္တားမြို့ လမ်းတကာတွင် အလုပ်ရှာနေကြသော မိန်းမထိန်းတစ်ယောက်ဖြစ်ပါသည်။


တစ်နေ့သ၌ ဟာစရီပါးသည် လက်ဆွဲအိတ်တွေ၊ လက်ဆွဲသေတ္တာတွေနှင့် အမျိုးသမီးနှစ်ယောက်ကို အက်စ်အေအက်စ် လေကြောင်းကုမ္ပဏီရှေ့တွင် ချပေးရသည်။ သူတို့ပစ္စည်းတွေ ချပေးပြီးတွင် ဟာစရီပါးသည် ချောင်းတဟွတ်ဟွတ်ဆိုးလာကာ လန်ချားကို မဆွဲနိုင်တော့ဘဲ ထိုင်ချလိုက်ရသည်။ သူ့အခြေအနေကို မြင်သည့်အခါတွင် အခြားလန်ချားသမားနှစ်ဦး ပြေးလာကာ သူ့ကို တွဲထူပြီး သူ့လန်ချားထိုင်ခုံပေါ်သို့ တင်ပေးကြသည်။


ထိုစဉ် ကျောက်ပေါက်မာ ဗရပျစ်နှင့် လူတစ်ယောက် သူ့အပေါ်မှ မိုးကြည့်နေသည်ကို ဟာစရီပါး မြင်လိုက်ရ၏။ ထိုလူ၏မျက်လုံးတွင် သနားကြင်နာသည့် အရိပ်အရောင်တွေ လွှမ်းနေသည်။


“နောင်ကြီးကို ကြည့်ရတာ နေသိပ်ကောင်းပုံ မရဘူး၊ ဘာဖြစ်လို့လဲဟင်”


ထိုလူက သူ့ကို ကြင်နာစွာ မေးသည်။ သူ့အမေးသည် ဟာစရီပါးကို စိတ်သက်သာရာရစေသည်။ လူမဆန်သောမြို့ကြီးထဲတွင် ထိုသို့ တယုတယ ဂရုစိုက်၍မေးသူ ရှားပါဘိခြင်း။ 


ထိုလူက ဟာစရီပါး၏ပါးနှင့် နှုတ်ခမ်းတွင် ပေနေသည့် သွေးစကို သူ့စွပ်ကျယ်အင်္ကျီလက်ဖြင့် သုတ်ပေးသည်။


“ဒီလောက် ချောင်းတွေ တဟွတ်ဟွတ်ဆိုးနေတာ ဘယ်မှာ လန်ချားဆွဲလို့ ဖြစ်မလဲ၊ သိပ်ပင်ပန်းမှာပေါ့”


“ပင်ပန်းတော့ ပင်ပန်းတာပေါ့ဗျာ”


“ဒီလိုဆိုရင် ခင်ဗျား အလုပ်တစ်ခု လုပ်မလား၊ လန်ချားဆွဲလို့ရတဲ့ နှစ်လစာလောက် မလိုချင်ဘူးလား၊ ပင်ပင်ပန်းပန်းလဲ မလုပ်ရဘူး”


“ဘာဗျ၊ နှစ်လစာ ဟုတ်လား၊ ဘယ့်နှယ်ပြောပါလိမ့် ကျုပ်ညီရာ၊ လိုချင်တာပေါ့”


ဟာစရီပါးက ပြောသည်။ သို့ရာတွင် တစ်ခါတုန်းက ဈေးကြီးရှေ့တွင် သူ့ထံလာ၍ သွေးဝယ်ဖူးသော သွေးပွဲစားကို သူသွား၍ သတိရသည်။


“ဘာလဲ ကျုပ်က သွေးဖောက်ပေးရမှာလား၊ ဒီလိုဆိုရင်တော့ မဖြစ်ဘူးဗျ၊ ကျုပ်သွေးက ပုပ်နေပြီ၊ လူ မပြောနဲ့ လင်းတတောင် ကြိုက်မှာမဟုတ်တော့ဘူး”


“ခင်ဗျားသွေး မဟုတ်ပါဘူးဗျ၊ အရိုးပါ” 


“ဘာ...အရိုး၊ ဟုတ်လား”


လန်ချားသမား ဟာစရီပါး၏မျက်နှာပေါ်မှ ကြောက်ရွံ့ ထိတ်လန့်သော အမူအရာကို မြင်သည့်အခါတွင် ပွဲစားက ပြုံးသည်။


“ဟုတ်တယ်၊ ခင်ဗျား ကျုပ်နဲ့ ကျုပ်ဆရာဆီကို လိုက်ခဲ့လေ။ ခင်ဗျားအရိုးတွေကို ငွေငါးရာပေးဝယ်မယ်။ ခင်ဗျားသေသွားရင် အလောင်းကိုလာယူပြီး ခင်ဗျားအရိုးတွေကို ယူသွားလိမ့်မယ်”


ထိုလူမှာ အိန္ဒိယပြည်ရှိ ထူးခြားသည့်အရောင်းအဝယ်လုပ်ငန်းတစ်ခုမှ ပွဲစားတစ်ယောက်ဖြစ်သည်။ ထိုလုပ်ငန်းကြောင့် အိန္ဒိယပြည်သည် ကမ္ဘာတွင် လူရိုးအဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ နှစ်စဉ် နှစ်တိုင်းပင် အိန္ဒိယပြည်မှ ခန္ဓာကိုယ်အရိုးစုနှစ်သောင်းနှင့် ထောင်သောင်းမက များလှစွာသော အရိုးထုပ်အမျိုးမျိုးကို လေယာဉ်များ၊ သင်္ဘောများဖြင့် အမေရိကန်၊ ဥရောပ၊ ဂျပန်နှင့် သြစတေးလျနိုင်ငံများရှိ ဆေးကျောင်းများတွင် အသုံးပြုရန် တင်ပို့ရောင်းချခဲ့သည်။ ထိုလုပ်ငန်းမှရသော ဝင်ငွေသည် တစ်နှစ်လျှင် စတာလင်ငွေပေါင်း တစ်သန်းကျော်ရှိသည်။ ထိုလုပ်ငန်း၏ဗဟိုဌာနမှာ ကာလကတ္တားဖြစ်သည်။ အိန္ဒိယပြည်တွင် ထိုလုပ်ငန်းကို လုပ်ကိုင်သည့် ကုမ္ပဏီပေါင်း ရှစ်ခုရှိပြီး အကောက်ခွန်ရုံးတွင် မှတ်ပုံတင်ထားကြသည်။ ထိုလုပ်ငန်းအတွက် အစိုးရကလည်း တိကျသည့် စည်းမျဉ်းဥပဒေများကို ပြဋ္ဌာန်းထားသည်။


“နိုင်ငံခြားထုတ်ကုန် ပေါ်လစီလက်စွဲ” အမည်ရှိ ပြဋ္ဌာန်းချက်တစ်စောင်ကို ထုတ်ထားပြီး ယင်းစာအုပ်၌ “ခရိုင်ရာဇဝတ်ဝန်ထက် မနိမ့်သည့် ပုလိပ်အရာရှိတစ်ဦးက အလောင်းမှ ထုတ်ယူထားသော အရိုး ဟုတ်မှန်ကြောင်း လက်မှတ်ရေးထားပါက အရိုးစုများနှင့် လူ့အရိုးများအား တင်ပို့ရောင်းချခြင်းကို ခွင့်ပြုသည်” ဆိုသည့် စာပိုဒ်တစ်ပိုဒ်ပါသည်။ ထိုအရိုးများကို ဆေးပညာသုတေသန၊ သို့မဟုတ် ဆေးပညာလေ့လာသင်ကြားမှုအတွက်မှတစ်ပါး အခြားသောကိစ္စများအတွက် တင်ပို့ခြင်းမပြုရဟုလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။


အရိုးစုတင်ပို့ရေးလုပ်ငန်း ကာလကတ္တားတွင် ဖြစ်ထွန်းနေခြင်းမှာ ဆင်းရဲသားရပ်ကွက်များတွင် အသေအပျောက်များခြင်းကြောင့်မဟုတ်။ ဘီဟာနယ်မှ အလွန်ဇာတ်နိမ့်သည့် ဒွန်းစဏ္ဍာအနွယ်များ ကာလကတ္တားသို့ ထောင်ပေါင်းများစွာ ပြောင်းရွှေ့လာကြသောကြောင့်ဖြစ်သည်။ ထိုဇာတ်မျိုးမှာ မွေးကတည်းက သုဘရာဇာလုပ်ငန်းကို လုပ်လာခဲ့ကြသူများဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းတို့သည် အလောင်းများမှ ပစ္စည်းများကို ချွတ်ယူလေ့ရှိကြသည်။ သူတို့သည် ဟူဂလီမြစ်အနီးရှိ မီးသင်္ဂြိုဟ်စင်များ၊ သုသာန်များနှင့် ဆေးရုံရေခဲတိုက်များအနီးတွင် နေထိုင်လေ့ရှိကြပြီး မည်သည့်လူတန်းစားနှင့်မျှ ရောနှောနေထိုင်ခြင်း မပြုကြ။ အရိုးကုန်တင်ပို့သူများထံ ပစ္စည်းများသွင်းသူအများစုမှာ သုဘရာဇာများဖြစ်ကြသည်။ 


ဟိန္ဒူတို့၏ထုံးစံအရ ဆာဒူးများ၊ ကိုယ်ရေရောဂါသည်များ၊ တစ်နှစ်အောက် ကလေးငယ်များ၏အလောင်းကို မီးရှို့သဂြိုဟ်ခြင်းမပြုရဘဲ မြစ်ထဲသို့ မျှောလေ့ရှိရာ သုဘရာဇာများသည် ဟူဂလီမြစ်ကမ်းအနီးရှိ မီးသင်္ဂြိုဟ်နေရာများတွင် ထိုင်စောင့်ကာ ထိုအလောင်းများကို ကောက်ယူပြီး အနီးရှိတဲများထဲတွင် ထိုအလောင်းများကို ခုတ်ထစ်၍ အရိုးများကို ထုတ်ယူတတ်ကြသည်။ အချို့ ဆင်းရဲသော အသုဘများချလာလျှင်လည်း ထိုသူများသည် မီးသင်္ဂြိုဟ်ရာ နယ်နိမိတ်အပ.. မှ ဆီးကြိုကာ စရိတ်နည်းနည်းဖြင့် အားလုံးကိစ္စပြီးအောင် လုပ်ပေးမည်ဟု ဆိုကြသည်။ အချို့ အသုဘရှင်များမှာ မီးသင်္ဂြိုဟ်ရန် ထင်းဖိုး မတတ်နိုင်သဖြင့် အခက်ကြုံသည်နှင့် စရိတ်နည်းနည်းနှင့် သင်္ဂြိုဟ်ပေးမည်ဆိုသော သူတို့လက်သို့ အလောင်းများကို အပ်လိုက်ကြသည်။ သို့ဖြင့် မိမိတို့ဆွေမျိုးသားချင်း၏အလောင်းသည် အနီးရှိ တဲတစ်တဲထဲသို့ ရောက်သွားကာ ခုတ်ထစ်ဖြတ်တောက်ပြီးနောက် အရိုးကို အရိုးကုန်သည်ထံ ရောင်းလိုက်သည်ကို လုံးဝမသိလိုက်ကြ။ တစ်နေ့တွင် မိမိ၏ ခေါင်းခွံ၊ ကျောရိုး၊ သို့မဟုတ် မိမိ၏ အရိုးစုကြီးတစ်ခုလုံးသည်လည်း ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျရှိ ဆေးကျောင်းသားများအတွက် နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်း ခံရမည် မခံရမည်ကို မည်သူမျှ မပြောနိုင်ပြီ။


အရိုးစုများရနိုင်သည့် အခြားနေရာတစ်နေရာမှာ ဆေးရုံရှိရင်ခွဲတိုက်များ ဖြစ်သည်။ မုန်မင်ပါရေခဲတိုက်တစ်ခုတည်းမှာပင်လျှင် လာရောက် ရွေးမည့်သူမရှိသဖြင့် သုဘရာဇာများလက်သို့ အပ်ရသည့် အလောင်းပေါင်းမှာ တစ်နှစ်တစ်နှစ်လျှင် နှစ်ထောင့်ငါးရာကျော်ကျော်ခန့်ရှိသည်။ အရိုးစုများ ဝယ်အားများလာလျှင် သုဘရာဇာများသည် ခရစ်ယာန်သင်္ချိုင်းများနှင့် မူဆလင်သင်္ချိုင်းများသို့ သွားကာ ခွေးအများနှင့် ပြိုင်၍ အရိုးကို လုယက် တူးဖော်တတ်ကြသေးသည်။ အချုပ်အားဖြင့်ဆိုရလျှင် အရိုးကုန်ပစ္စည်းမှာ ပြတ်လပ်သွားသည်ဟူ၍တော့ မရှိပါ၊ သို့တိုင်အောင် အရိုကုန်သည်များသည် လွန်စွာလာဘ်မြင်၍ လွန်စွာဉာဏ်သွားသူများဖြစ်ကြပါသည်။ ထို့ကြောင့် သူတို့သည် အရိုးများ ပြတ်လပ်သွားခြင်းမရှိရလေအောင် အရိုးကုန်ပစ္စည်းကို အသင့်လှောင်ထားတတ်ကြပါသည်။ လှောင်နည်းမှာ အသက်ရှင်နေသေးသူတစ်ယောက်ထံမှ အရိုးကို ကြိုတင်ဝယ်ယူထားခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ကုန်ပစ္စည်းပြတ်လပ်မည်ကို မစိုးရိမ်ရတော့ပြီ။ ကုန်ပစ္စည်းကို လိုသလောက် လှောင်ထားနိုင်ပြီ။ အကြောင်းမူ ကာလကတ္တားမြို့ကြီးသည် သေမည့်သူတွေ ဒုနဲ့ဒေး၊ ဆင်းရဲငတ်ပြတ်၍ သေအံ့မူးမူးဖြစ်နေသည့် လူတွေ အလျှံပယ် ပေါကြွယ်နေသည့် မြို့ကြီး မဟုတ်လော။


“ငွေငါးရာ...ငွေငါးရာ” ဆိုသည့် စကားလုံးများသည် စည်ပိုင်းထဲတွင် လိမ့်နေသည့် ထီဖွင့်သည့် ဂေါ်လီလုံးများလို သူ့ခေါင်းထဲတွင် တဂျောင်းဂျောင်း ပြေးနေကြသည်။ ပွဲစားဆိုသည်မှာ လူကဲခတ်အလွန်ကောင်းရသည်။ ယခုလို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့အတွက် သားကောင်ကို အလွယ်တကူ မြင်လိုက်ပြီးဖြစ်သည်။ ပစ္စည်းဆိုသည်မှာလည်း တွေ့တိုင်း ဝယ်၍မဖြစ်။ အာမခံချက်တော့ရှိမှဖြစ်မည်။ ကာလကတ္တားမြို့ကြီးမှ လမ်းမများပေါ်တွင် အဆုတ်ကြီးတစ်ခုလုံး ပြုတ်ထွက်မတတ် ချောင်းဆိုးကာ သေအံ့မူးမူးတွေ တစ်ပုံတစ်ခေါင်းကြီးရှိနေသည်မှာ မှန်သည်။ သို့ရာတွင် သူတို့ကို ဖမ်း, ကောက်ဝယ်၍ မဖြစ်သေး။ အာမခံချက်ရှိရဦးမည်။ သူဝယ်သည့်ပစ္စည်းတွင် မိသားစုရှိရမည်။ မိတ်ဆွေအသိုင်းအဝိုင်းရှိရမည်။ အလုပ်ရှင်ရှိရဦးမည်။ တစ်နည်းပြောရလျှင် နေရပ်လိပ်စာနှင့် အမျိုးအမည်တော့ ရှိရဦးမည်။ သို့မဟုတ်လျှင် သူ့အလောင်းကို ဘယ်မှာ သွား၍ကောက်ရမည်နည်း။


" ဘယ့်နှယ်လဲ ​နောင်ကြီး၊ ငါးရာ ​ပေးမယ်"


ဟာစရီပါးသည် သူ့အဖြေကို မျှော်လင့်တကြီး စောင့်နေသော ကျောက်ပေါက်မာ ဗရဗျစ်နှင့် မျက်နှာကို လှမ်းကြည့်သည်။ ဟာစရီပါးသည် အတန်ကြာမျှ တိတ်ဆိတ်နေသည်။ ပွဲစားကလည်း စိတ်ရှည်ရှည်ဖြင့် သူ့အဖြေကို စောင့်နေသည်။ သူအဖို့ ထိုသို့သောကိစ္စမျိုးသည် ရိုးနေပြီ။


“ဒါပေါ့ဗျာ၊ နံရံမှာ ကပ်ပြီး ပစ်သတ်ခံရမယ့် ရာဇဝတ်ကောင်တစ်ကောင်တောင်မှ သူ့ခန္ဓာကိုယ်ကို ပိတ်စကလေးတစ်စရောင်းသလို ဘယ်မှာ ရောင်းချင်ပါ့မလဲ” ဟု သူပြောတတ်သည်။


“အင်း...ငွေငါးရာဆိုတော့လဲ နည်းတဲ့ပိုက်ဆံမဟုတ်ဘူး” ဟု ဟာစရီပါး တွေးနေသည်။


ဟာစရီပါးသည် သူနှင့်အတူ လန်ချားကို တစ်လှည့်စီဆွဲရသည့် ရာမာတူကာနှင့်အတူ ထိုင်ရင်း သူ့အား ပြောထားသည့် အံ့သြစရာကောင်းသော အရောင်းအဝယ်ကမ်းလှမ်းချက်ကို စဉ်းစားနေသည်။ ချက်ချင်းဆုံးဖြတ်၍မရသဖြင့် မနက်ဖြန်ကျမှ အကြောင်းပြန်မည်ဟု ပွဲစားကို ပြောခဲ့သည်။ ရာမာတူလာမှာ မူဆလင်တစ်ယောက်ဖြစ်သည့်အတွက် သူသေလျှင် အလ္လာဟူဘုရားသခင်က သူ့ကို ကောင်းကင်ဘုံသို့ခေါ်မည်ဟု ယုံကြည်သူဖြစ်ရာ သေသည်၏အခြားမဲ့၌ မိမိ၏ခန္ဓာကိုယ်ကို ခုတ်ထစ်ရောင်းချခံသည့်အဖြစ်သည် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသည့်ကိစ္စဖြစ်သည်။ မိမိတို့၏ဘာသာတရားသည် ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို ဆေးသိပ္ပံပညာသို့ လှူဒါန်းခြင်းကိုပင် ခွင့်မပြု။ သို့တိုင်အောင် ရသည့်ငွေကို မြိုးမြိုးမြက်မြက်ရှိသဖြင့် သူကိုယ်တိုင်ပင် စိတ်ပါချင်သလိုဖြစ်နေသည်။


“ဟာစရီပါးရယ်၊ ခင်ဗျားအနေနဲ့ကြည့်ရင် လုပ်ရမှာပဲ၊ ဘာမှ စဉ်းစားမနေနဲ့တော့၊ ခင်ဗျားတို့ဘုရားကလဲ ခွင့်လွှတ်မှာပဲ၊ ကိုယ့်သမီးကို လက်ထပ်ပေးရဦးမယ် မဟုတ်လား၊ ဒါကိုလဲ ဘုရားသိမှာပဲ”


ရာမတူလာက တိုက်တွန်းသည်။ လယ်သမားတစ်ယောက်ဖြစ်ခဲ့သည့် ဟာစရီပါးသည်လည်း ဘုရားက ဒဏ်ခတ်မည်ကို ကြောက်သည်။ ဟိန္ဒူဘာသာဝင်တို့၏အယူအဆအရ မိမိတို့၏ သေလွန်ပြီးသည့်အခြားမဲ့တွင် “ဝိညာဉ်ကူးပြောင်းနိုင်ရေး” အတွက် ခန္ဓာကိုယ်ကြီးကို မီးရှို့ဖျက်ဆီးပစ်ရမည်။ ဤသို့ မီးရှို့ခြင်းဖြင့် အညစ်အကြေးတို့ ကင်းစင်နိုင်သည်ဟု ယူဆကြသည်။

 

“အင်း...ငါသေလို့ ငါ့အရိုးတွေနဲ့ ငါ့အသားတွေကို သားသတ်သမားတွေက ခုတ်ထစ်ဖြတ်တောက်ပစ်ကြရင် ငါ့သားသမီးတွေ ဘယ်လောက် ခံစားရမလဲ မသိဘူး” ဟု ဟာစရီပါး တွေးနေသည်။


နောက်ဆုံးတွင် ဟာစရီပါးသည် သူကိုယ်တိုင် မဆုံးဖြတ်နိုင်တော့သဖြင့် ကိုဗာစကီးကို တိုင်ပင်ရန် စိတ်ကူးရသည်။ ကိုဗာစကီး၏အယူအဆမှာလည်း ရာမာတူလာနှင့် အတူတူပင်။ ခရစ်ယာန်အယူတွင်လည်း မိမိတို့ သေလွန်ပြီးသည့် အခြားမဲ့၌ ခန္ဓာကိုယ်ကြီးအား ဘုရားသခင်က ဖန်ဆင်းခဲ့သည့်အတိုင်း ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိရေးသည် အဓိကဖြစ်သည်။ သို့ရာတွင် ကိုဗာစကီးသည် ဆင်းရဲသားရပ်ကွက်များတွင် ကာလအတန်ကြာမျှ နေခဲ့ရပြီဖြစ်သဖြင့် ဘာသာတရား၏အဆုံးအမများနှင့် ဘဝတည်မြဲရေးအတွက် လိုအပ်ချက်များကြားတွင် စေ့စပ်လုပ်ခဲ့ရသည့်သဘောကို လက်ခံနေရလေပြီ။


“အင်းလေ၊ ခင်ဗျားမှာ သမီးမင်္ဂလာဆောင်ပေးဖို့ ဝတ္တရားက ရှိနေသေးတာကိုး၊ ဒီတော့ ကောင်းကင်ဘုံကို မသွားခင် ဒီဘဝမှာ ကိုယ့်တာဝန်ကို ကျေပွန်အောင်တော့ လုပ်သွားပါ” ဟု ကိုဗာစကီးက ပြောသည်။


ဟာစရီပါးသည် အခန်းထောင့်တစ်နေရာတွင် မောင်ငယ်များကို သန်းရှာပေးနေသည့် သမီးငယ် အမိတ္တာကို ငေးကြည့်နေသည်။


* * * 


ဂိုထောင် အဆောက်အုံကြီးတစ်ခုအနီးတွင် ရှိသည့် နှစ်ထပ်အိမ်ကလေးသည် အခြားသောအိမ်ကလေးများလိုပင် စွတ်စိုထိုင်းမှိုင်းနေသည်။ ထို့ကြောင့် ရုတ်တရက်ကြည့်လိုက်လျှင် “မစ်ထရာနှင့် ကုမ္ပဏီ” ဟု ဆိုင်းဘုတ်တပ်ထားသည့် ထိုအိမ်ကလေးသည် ကာလကတ္တားမြို့တော်ကြီးရှိ အခြားအခြားသော အသေးစားလုပ်ငန်းဌာနကလေးများနှင့် ဘာမျှ ခြားနားခြင်းမရှိ။ ထူးခြားချက်ရှိသည်ဆိုလျှင် ယင်းမှာ ထိုကုမ္ပဏီက ရောင်းဝယ်သည့်လုပ်ငန်းသည် မည်သည့်လုပ်ငန်းဖြစ်ကြောင်းကို ဖော်ပြသည့်အမှတ်အသားမရှိခြင်းပင်ဖြစ်သည်။ ကျောက်ပေါက်မာ ထူလပျစ်နှင့် လူသည် ထိုအိမ်တံခါးကို ဆက်တိုက် ခေါက်လိုက်သည်တွင် ပြတင်းတံခါးတစ်ချပ် ပွင့်လာကာ လူတစ်ယောက် ခေါင်းပြူ၍ ထွက်ကြည့်သည်။


“ပစ္စည်းပါတယ်” ဟု သူက လှမ်းပြောသည်။


တံခါးမကြီး ပွင့်လာကာ အလုပ်သမားတစ်ယောက်က သူတို့နှစ်ယောက်ကို အထဲသို့ ဝင်လာရန် ခေါင်းညိတ်ပြလိုက်သည်။ အထဲသို့ရောက်သည်နှင့် စူးရှပုပ်ဟောင်သော အနံ့ကြီးက သူတို့ကို ဆီးကြိုလိုက်သည်။ ဟာစရီပါးအဖို့ဆိုလျှင် ထိုအနံ့ကြီးကို တစ်ခါမျှ မရှူရှိုက်စဖူး။ ဟာစရီပါးသည် ရှေ့သို့မသွားမီ သူ့ဆုံးဖြတ်ချက်ကို ပြင်ရမည်လားဟု ချီတုံ ချတုံ ဖြစ်နေသည်။ သို့ရာတွင် သူ့အဖော်က ရှေ့သို့ အတင်းတွန်းပို့နေသည်။ ထိုအခါကျမှ အိမ်ထဲတွင် အပုပ်နံ့ကြီး ထောင်းထောင်းထနေသည့် အကြောင်းရင်းကို သူသိတော့သည်။ 


ထိုနေရာကား ဒန်တေနှင့် ဒူရားတို့လို စာဆိုမျိုးသာလျှင် စိတ်ကူးဉာဏ်ကွန့်မြူး၍ စာဖွဲ့နိုင်သောနေရာမျိုးဖြစ်သည်။ ထိုနေရာကား အရွယ်အစားအမျိုးမျိုးရှိသော အရိုးစုကြီးများ နံရံတစ်လျှောက်တွင် ထောင်၍စီထားသော နေရာဖြစ်သည်။ အရိုးစုကြီးများသည် တစ္ဆေတွေ တန်းစီရပ်နေသည်နှင့် တူနေသည်။ စားပွဲများနှင့် စင်များပေါ်တွင်လည်း အရိုးတွေ တောင်လိုပုံလျက်ရှိသည်။ လူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းအသီးသီးမှ အမျိုးမျိုးသော အရိုးထောင်ပေါင်းများစွာတို့သည် စားပွဲများ၊ စင်များပေါ်တွင် စုပုံလျက်ရှိကြ၏။ ရာပေါင်းများစွာသော ဦးခေါင်းခွံများ၊ ကျောရိုးများ၊ လည်ပင်းရိုးများ၊ လက်ဖျံရိုးများနှင့် ခြေထောက်ရိုးများ၊ တင်ပါးဆုံရိုးကြီးများနှင့် ဒူးခေါင်းရိုးများ၊ လည်ပင်းနားမှ လူပုံသဏ္ဌာန်အရိုးများကို သူမြင်ရသည်။ အံ့သြစရာအကောင်းဆုံးမှာ စူပါမားကက်ကြီးတစ်ခုတွင် ခင်းကျင်းပြသထားသကဲ့သို့ ထိုအရိုးများကို ဈေးခင်း၍ ပြသထားပုံပင်ဖြစ်သည်။ အရိုးတိုင်း၊ အရိုးစုတိုင်းပေါ်တွင်လည်း ဈေးနှုန်းများကို ဒေါ်လာဖြင့် ရေးထားပြီး ကတ်ပြားကလေးတွေ ချိတ်ထားသည်။


ကျောင်းသားများအား ပြသရန်အတွက် လှုပ်ရှားနိုင်အောင် လုပ်ထားသည့် လူကြီးတစ်ယောက်၏ အရိုးစုတစ်ခုလျှင် အမျိုးအစားနှင့် လက်ရာကို လိုက်ပြီး ဒေါ်လာ ၂၃၀ မှ ဒေါ်လာ ၂၅၀ အထိ ပေါက်ဈေးရှိသည်။ ကလေးတစ်ယောက်၏ အရိုးစုတစ်ခုလျှင် ဒေါ်လာ ၁၀၀ မှ ဒေါ်လာ ၁၂ဝ ပေါက်ဈေးရှိပြီး လည်ပင်းရိုးတစ်စုံလျှင် ဒေါ်လာ ၄၀၊ ခေါင်းခွံတစ်လုံးလျှင် ၆ဒေါ်လာ ဈေးရှိသည်။ သို့ရာတွင် အသင့် ပြင်ဆင်ထားသော ပစ္စည်းတစ်ခုလျှင် ထိုထက် ဆယ်ဆပိုပေးရသည်။


“မစ်ထရာနှင့် ကုမ္ပဏီ” တွင် အရိုးများကို ထုတ်ယူသည့်ပါရဂူများ၊ ကျွမ်းကျင်သူ ပါရဂူများ၊ ဆေးခြယ်သူများ၊ ပန်းပုဆရာများလည်းရှိသည်။ ထိုပညာသည်များမှာ မီးမှိန်မှိန် ထွန်းထားသည့် ချောင်ကလေးတစ်ချောင်ထဲတွင် အလုပ်လုပ်ကြရသည်။ ခုတ်ထစ်ထားသည့် အလောင်းများကြားတွင် တကုပ်ကုပ်ဖြင့် သူတို့တစ်တွေ အလုပ်လုပ်နေကြပုံမှာ သမိုင်းမပေါ်မီခေတ်က ကမ္ဘာကြီးတစ်ခု ပျက်စီးသွားပြီး ကျန်ရစ်ခဲ့သူများနှင့် တူနေသည်။ အချို့က အရိုးများ၊ အသားများကို ခြစ်ထုတ်လျက်။ အချို့က အရိုးများကို ဖွာလျက်။ အချို့က အရိုးများကို ဆက်စပ်လျက်။ အချို့က ဆေးခြယ်လျက်။ အချို့လက်ရာများဆိုလျှင် အလွန်ကောင်းသည်။ ခေါင်းခွံတစ်ခုတွင် ဖြုတ်နိုင် တပ်နိုင်သော သွားရိုးများကို တပ်ထားသည်။ ယင်းတို့မှာ အမေရိကန်ပြည် အနောက်အလယ်ပိုင်းရှိ သွားကောလိပ်တစ်ခုမှ အထူးမှာယူ ပြင်ဆင်ထားခြင်းဖြစ်သည်။ ထိုမျှ အဖိုးတန်သော ကုန်ပစ္စည်းများကို အိန္ဒိယပြည်မှ နိုင်ငံခြားသို့ တင်ပို့ရသည့်ကိစ္စမှာလည်း တော်တော်လက်ဝင်သည်။ ထိုပစ္စည်းအထုပ်များကို ထိခိုက်ခြင်းမရှိအောင် ကျနစွာ ထုပ်ပိုးပြင်ဆင်ရသည်။ ပထမတွင် ဂွမ်းဖြင့် သေချာစွာ ပတ်ထည့်ရသည်။ ထို့နောက် အထူးချုပ်ထားသည့် အိတ်ကလေးတစ်အိတ်ထဲတွင် ထည့်ရသည်။ ထို့နောက် အထူးပြုလုပ်ထားသည့် ကတ်ဘူးထဲတွင် ထည့်ကာ အပေါ်တွင် “ထိခိုက်လွယ်သည်၊ အထူးသတိထား၍ ကိုင်ပါ” ဆိုသည့် စာတန်းကို ရိုက်သည်။


ဟာစရီပါးသည် ထိုအရာများကိုကြည့်၍ တအံ့တဩဖြစ်နေသည်။


“ဘုရားရေ၊ ဒီအရိုးတွေဟာ အသက်ရှင်စဉ်တုန်းက ဒီလောက် ဂရုစိုက်မခံရခဲ့ရဘူး၊ ခုမှ ဂရုစိုက်ခံရတာပါလား” ဟု အောက်မေ့မိသေးသည်။


သို့ရာတွင် သုဘရာဇာများ ပို့လိုက်သည့် အရိုးတိုင်းသည် ထိုသို့ အရေးပေးခံသည် မဟုတ်ပါ။ ခွေးအများ အကိုက်ခံထားရသဖြင့် ကျိုးပဲ့နေသည့်အရိုးများ၊ ရေထဲ မြေထဲတွင် အနေကြာခဲ့သဖြင့် အရည်အသွေးညံ့သည့် အရိုးများမှာ အမှုန့်ကြိတ်စက်နှင့် ပေါင်းအိုးထဲသို့ ရောက်သွားပြီး နောက်ဆုံးတွင် ကော်ဖြစ်သွားကြသည်။ အခန်းထဲတွင် ပုပ်ဟောင်နေသောအနံ့မှာ ထိုအရိုးများနှင့် ဘေးထွက်ပစ္စည်းများကို ထုတ်လုပ်ရာမှ ပေါ်ထွက်လာခြင်းဖြစ်ဟန်တူသည်။


အိမ်အစွန်ဆုံး အခန်းကလေးတစ်ခန်းထဲတွင်မူ သက်ရှိအရိုးကိုဝယ်သည့် အဝယ်ဒိုင်အုပ်ကို တွေ့ရသည်။ ထိုလူသည် အဝတ်ဖြူကြီးကို ဝတ်ထားပြီး ညစ်ပတ်သည့် စားပွဲတစ်လုံးတွင် ထိုင်နေသည်။ သူ့ရှေ့စားပွဲပေါ်တွင်လည်း အလားတူ ညစ်ပတ်၍ ဖုန်တွေပေနေသည့် ဖိုင်တွဲများ၊ မှတ်ပုံတင်စာရွက်များ၊ စာရင်းစာရွက်များကို တွေ့ရသည်။ သူ့ဘေးမှ ပန်ကာသည် ဆယ့်ငါးစက္ကန့်လျှင် တစ်ကြိမ် သူ့ဘက်သို့ လှည့်လာကာ သူ့ကို ခြိမ်းခြောက်နေသည် ထင်ရ၏။ အရုပ်တွေ ရေးခြယ်ထားသည့် မွေးခါစကလေးငယ်များ၏ ဦးခေါင်းခွံမှာ စက္ကူဖိတုံးအဖြစ် အသုံးပြုထားသောကြောင့် ဘယ်မျှ ပန်ကာလေတိုက်သည့်တိုင် စာရွက်များမှာ လွင့်ပျံခြင်းမရှိပါ။ “မစ်ထရာနှင့် ကုမ္ပဏီ” သည် ကလေးငယ်များ၏ ခေါင်းခွံထောင်ပေါင်းများစွာကို နီပေါ၊ တိဘက်နှင့် တရုတ်ပြည်သို့ပင် တင်ပို့ရောင်းချသည်။ အခြားသောတိုင်းပြည်များကလည်း ထိုအရိုးများကို တင်သွင်းပြီး ဆေးလိပ်ခွက်များ ပြုလုပ်လေ့ရှိသည်။


အရိုးကုန်သည်ကြီးသည် ကုန်ကြမ်းပစ္စည်းဖြစ်သည့် လန်ချားသမား ဟာစရီပါးကို သေချာစွာ စစ်ဆေးကြည့်ရှုခြင်းပြု၏။ ဟာစရီပါး၏ ငေါထွက်နေသော ရင်ဒူးရိုး၊ ပခုံးရိုးနှင့် ငါးတစ်ကောင်၏အရိုးလို ထင်းထင်းကြီးဖြစ်နေသော နောက်ကျောရိုးတို့ကို မြင်သည့်အခါတွင် ကျေနပ်သွားဟန်တူ၏။ ဘာမျှ သံသယမရှိတော့ပြီ။ သူ့ကုန်ကြမ်းပစ္စည်းသည် အတုအပမဟုတ်ကြောင်း သေချာပြီ။ သူ့ကုမ္ပဏီ၏ပစ္စည်းစာရင်းထဲသို့ သွင်းနိုင်ဖို့အတွက် အချိန်များစွာ မစောင့်ရတော့ကြောင်းကို ရိပ်မိလိုက်ပြီ။ ငွေတိုး သိပ်မတက်တော့ပြီ။


အရိုးကုန်သည်ကြီးသည် ပွဲစားကို မျက်စိတစ်ဖက်မှိတ်၍ ပြလိုက်သည်။ ကျေနပ်ပြီဆိုသည့်သဘောဖြစ်၏။ နောက်ထပ်လုပ်စရာဆို၍ အရောင်းအဝယ်စာချုပ်ချုပ်ရန်နှင့် ဟာစရီပါးနေသည့် ရပ်ကွက်နှင့် အနီးဆုံးတွင်ရှိသည့် သုဘရာဇာကို အကြောင်းကြားရန်သာ ကျန်တော့သည်။ သုဘရာဇာသည် အချိန်စေ့သည်နှင့် ဟာစရီပါးအလောင်းကို လာရောက်ယူဆောင်သွားပေလိမ့်မည်။


သူတို့လုပ်ထုံးလုပ်နည်းတွေကို စောင့်ရသည်မှာ သုံးရက်ကြာသည်။ သုံးရက်အဆုံးတွင်မူ ဟာစရီပါးသည် ပထမအရစ်အဖြစ် ငွေတစ်ရာ့ငါးဆယ်ကျပ်တိတိကို ရရှိ၏။ အခြားသောကုမ္ပဏီများကဲ့သို့ပင် မစ်ထရာနှင့် ကုမ္ပဏီသည်လည်း ရင်းနှီးမြှုပ်နှံငွေများကို ကြာကြာ မအောင်းထားနိုင်။ နောက်ထပ်ကျန်ငွေများကိုမူ ဟာစရီပါး၏ကျန်းမာရေး အကြီးအကျယ်ပျက်စီးချွတ်ယွင်းလာကြောင်း ခိုင်မာသောအထောက်အထားများ ရရှိသည်နှင့် ချက်ချင်းပေးချေမည်ဖြစ်ကြောင်းဖြင့် ပြောလိုက်သည်။


အပိုင်း(၁၈)ဆက်ရန်

မြသန်းတင့်


No comments:

Post a Comment