Sunday, August 7, 2022

သုခမြို့တော် (အပိုင်း - ၁၈)

စင်ပေါ်တွင် ရှုခင်းကလေး နည်းနည်းပါးပါး ပြင်လိုက်လျှင် လုံလောက်ပြီ။


ဇာတ်စင်အခမ်းအနားကို သည်လောက် ပြင်လိုက်သည်ဆိုလျှင်ပင် ညစ်ပတ်မှုန်မှိုင်းခြင်း၊ ရွှံ့၊ အပုပ်နံ့၊ ယင်ကောင်များ၊ ခြင်များ၊ ပိုးဟပ်များ၊ ကြွက်များ၊ ဆာလောင်မွတ်သိပ်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေခြင်းစသည့် အနိဋ္ဌာရုံအပေါင်းတို့သည် မှေးမှိန်ပျောက်ကွယ်သွားကြလေပြီ။ လှပသော အိပ်မက်တို့မက်ရန် အချိန်တန်ပြီ။ မျက်လုံးတွေ ပြူးထွက်အောင် ကြည့်နိုင်ပြီ။ ပိန်ချုံးနေသည့် ခန္ဓာကိုယ်များသည် အရယ်နှင့် အငိုကြောင့် သိမ့်သိမ့်တုန်နိုင်ကြပြီ။ ဤသို့ဖြင့် သုခမြို့တော်မှ လူအပေါင်းသည် သူတို့ကို ပုံသွင်းပေးခဲ့သော ရှေးဟောင်း ဇာတ်ပုံပြင်များကို ခုံခုံမင်မင် ကြည့်တတ်ကြသည်။


ဥရောပတိုက်ရှိ ဘုရားရှိခိုးကျောင်း လှေကားထစ်များပေါ်တွင် ခင်းကျင်းပြသသည့် သမ္မာကျမ်းစာလာ ပုံပြင်ဇာတ်လမ်းများကိုလည်း အိန္ဒိပြည်မှလူတွေ နှစ်ခြိုက်စွဲလမ်းစွာ ကြည့်တတ်ကြသည်။ အိန္ဒိယပြည်က သဘင်သည်များနှင့် ပန်တျာသည်များသည် ဆောင်းရာသီသုံးလပတ်လုံး ရပ်ရွာအနှံ့ လှည့်လည်ကာ ရာမာယဏဇာတ်ကို ကပြလေ့ရှိကြသည်။ ယခုလည်း လှည်းများပေါ်တွင် အခမ်းအနားတွေပြင်ကာ သဘင်သည်များသည် သုခမြို့တော် ဆင်းရဲသား ရပ်ကွက်ကလေးထဲသို့ ရောက်လာခဲ့ကြကာ ကျွဲတဲနှစ်တွဲကြားတွင် စခန်းချနေကြသည်။ သူတို့ရောက်လာသည့်သတင်းသည် ကြင်နာသနားတတ်သော မုတ်သုန်ရာသီရောက်လာသည့်သတင်းကဲ့သို့ သုခမြို့တော်ရပ်ကွက်ကလေးထဲရှိ တဲဝိုင်းများသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ ခဏကြာလျှင် သူတို့ကို လာရောက်ကြည့်ရှုသူတွေ ထောင်ချီ၍နေလေပြီ။ 


သစ်တစ်ပင်၊ ငှက်တစ်ကောင်၊သမင်တစ်ကောင်ကိုမျှ မြင်ဖူးခြင်းမရှိသည့်ကလေးငယ်တို့သည် အရုပ်ရေးထားသည့် တောကား တောင်ကားများကို ကြည့်ကာ ကျေနပ်နေကြသည်။ ပျော်နေကြသည်။တောအုပ်ထဲတွင်မူ လှပသည့် ရာမမင်းသားနှင့် တည်ကြည်သိမ်မွေ့သည် သီတာဒေဝီတို့သည် ချစ်တင်းစကားဆိုနေကြသည်။ ပထမပြကွက်မပြမီ အစောကြီးကတည်းကပင်လျှင် ဇာတ်စင်ရှေ့တွင် နက်မှောင်သော ခေါင်းများ၊ရောင်စုံတောက်သော ဆာရီများသည် ပင်လယ်ကြီးတမျှဖြစ်နေသည်။ အနီးရှိ တဲခေါင်မိုးများပေါ်တွင်လည်း ပွဲကြည့်ပရိသတ်တွေ ဖွေးဖွေးလှုပ်လျက်။ ပရိသတ်မှာ ကန့်လန့်ကာဖွင့်မည့်အချိန်ကို မြင်ချင်လှပြီ။ မိမိတို့၏ ဆင်းရဲနုံချာလှသောဘဝမှ ခဏဖြစ်စေ ထွက်ပြေးချင်လှပြီ။ မိမိတို့ မျှော်လင့်ချက်များ တည်ရာ၊ ဘဝ၏ နားနေရာသဖွယ်ဖြစ်သော ရာမာယဏ မဟာကဗျာကြီးထဲမှ ဇာတ်လမ်းကို ကြည့်ချင်လှပြီ။


ရာမာယဏ ကဗျာကြီးသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာခန့်က နတ်တို့၏ စေ့ဆော်တိုက်တွန်းမှုကြောင့် ရသေ့ကြီးတစ်ပါးက ရေးဖွဲ့ခဲ့သည့် မဟာကဗျာကြီးဖြစ်သည်ဟု ဆိုကြသည်။ ရာမာယဏဇာတ်အဖွင့်သည် အံ့သြဖွယ် အချစ်ဇာတ်လမ်းဖြင့် အစပြုသည်။ ယောက်ျားပီသ၍ ချောမောခန့်ညားသည့် ရာမမင်းသားသည် သျှီဝ၏လေးကို တင်နိုင်ခဲ့သဖြင့် သီတာမင်းသမီးကို ရခဲ့သည်။ ဘုရင်က သမီးတော် သီတာဒေဝီနှင့် ရာမမင်းသားတို့ကို ထီးနန်းအပ်လိုသည်။ သို့ရာတွင် မိဖုရားတစ်ပါး၏ ကုန်းချောမှုကြောင့် သူတို့ကို ထီးနန်းအပ်ခြင်း မပြုတော့ဘဲ မြိုင်ရပ်သို့ နှင်လိုက်သည်။ 


တောထဲသို့ အရောက်တွင် သူတို့နှစ်ဦးအား ဘီလူးတို့က တိုက်ခိုက်ကြသည်။ ဘီလူးတို့၏ အကြီးအကဲဖြစ်သည့် ရာဝဏက သီတာဒေဝီကို ချစ်ခင်စုံမက်သွားသည်။ ရာဝဏသည် ရာမမင်းသားကို ဥပါယ်တမျဉ်ဖြင့် တောထဲသို့ မျှားခေါ်ပြီးနောက် သစ်ခက်တဲနန်းတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော သီတာဒေဝီကို ပန်းရထားဖြင့် ခိုးပြေးသည်။ ရာဝဏသည် သီတာကို လင်္ကာဒီပကျွန်းသို့ ခေါ်ဆောင်သွားကာ ထောင်တန်းနှောင်အိမ်ထဲတွင် ထည့်ပြီး ချစ်ရေးဆိုသည်။ သို့ရာတွင် အောင်မြင်ခြင်းမရှိ။


ရာမမင်းသားသည် သူ့ချစ်သူကို ပြန်ခေါ်ရန်အတွက် တောထဲတွင်ရှိသည့် မျောက်ဘုရင်၏အကူအညီကို တောင်းရာ မျောက်ဘုရင်က ဟနုမန်မျောက်မင်းကို ထည့်လိုက်သည်။ သို့ဖြင့် ဟနုမန် ခေါင်းဆောင်သည့် မျောက်တပ် တောင်တာ ဗိုလ်ထုကြီးသည် ရှဉ့်များ၏အကူအညီဖြင့် သီတာဒေဝီကို ခိုးသွားသည့် ရာဝဏနောက်သို့ လိုက်ကြသည်။ ဟနုမန်သည် တစ်ချက်တည်းဖြင့် လင်္ကာဒီပကျွန်းသို့ ခုန်ကူးကာ အကျဉ်းကျနေသော သီတာဒေဝီကို တွေ့လာခဲ့သည်။ ဟနုမန်မျောက်မင်းသည် အခက်အခဲအမျိုးမျိုးကို ဖြတ်သန်းကာ ထိုသတင်းကို ရာမမင်းသားထံသို့ ပို့သည်။ ရာမမင်းသားက မျောက်များ၏အကူအညီဖြင့် လင်္ကာဒီပကျွန်းသို့ တံတားခင်းကာ လင်္ကာဒီပကျွန်းကို ဝင်တိုက်သည်။ ဤတွင် ရာမမင်းသား၏ တပ်များနှင့် ဘီလူးတပ်များ စစ်ပြိုင် တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် ရာမမင်းသားက ရာဝဏကို အောင်နိုင်ခဲ့သည်။ ဤသို့ဖြင့် အကောင်းက အဆိုးကို အောင်နိုင်ခဲ့သည်။ သီတာဒေဝီသည်လည်း အချုပ်အနှောင်မှ လွတ်လာသဖြင့် များစွာ ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။


ဤတွင် အထင်လွဲမှုများ ပေါ်ပေါက်လာတော့သည်။ ရာမမင်းသားသည် သီတာဒေဝီကို တွန်းဖယ်လိုက်ကာ အခြားတစ်ပါးသော ယောကျာ်းတစ်ဦး၏အိမ်တွင် နေခဲ့ပြီးသော မိန်းမတစ်ယောက်ကို ပြန်၍ပေါင်းသင်းခြင်း မပြုလိုဟု ဆိုသည်။ ဤတွင် သီတာဒေဝီသည် အပြစ်ကျူးလွန်ခြင်း မရှိဘဲ အထင်လွှဲခံရသည့်အတွက် မီးပုံတစ်ပုံပြုလုပ်စေပြီး မီးပုံတွင်းသို့ ခုန်ဆင်းသည်။ သို့ရာတွင် အကျင့်သီလစင်ကြယ်ခြင်းကို မီးလျှံများကလည်း မဖျက်ဆီးနိုင်။ မီးလျှံများသည် သီတာဒေဝီကို ကူးစက်လောင်ကျွမ်းနိုင်ခြင်းမရှိ။ ဤသို့ဖြင့် သီတာသည် သူ့ချစ်လင် ရာမမင်းသားအပေါ်တွင် သစ္စာဖောက်ဖျက်ခြင်း မပြုကြောင်းကို သက်သေထူခဲ့သည်။ နောက်ဆုံးတွင် ရာမမင်းသားက သီတာဒေဝီကို လက်ခံကာ သူတို့နှစ်ဦး ပြည်တော်သို့ဝင်၍ နန်းသိမ်းကြသည်။


သုခမြို့တော်မှ နင်းပြားများသည် ပြဇာတ်ကြီး၏ဇာတ်ကွက်တိုင်း၊ ရှုခင်းတိုင်း၊ အကွေ့အကောက်တိုင်းကို သိကြသည်။ ဇာတ်ဆောင်များ၊ ဇာတ်ရံများ၊ လူရွှင်တော်များ၊ ကျွမ်းဘားသမားများ၏လှုပ်ရှားမှုများကို ကြည့်ကာ ရယ်ကြသည်။ ငိုကြသည်။ ဝမ်းနည်းကြသည်။ ပျော်ကြသည်။ သူတို့ကိုယ်ပေါ်တွင် အစုတ်အပြတ်များကို ဝတ်ထားသည့်တိုင် ဇာတ်ဆောင်များဝတ်သည့် ဘယက်တန်ဆာ၊ ဒွါဒရာတို့ကို ဝတ်ထားသည်ဟု ထင်မိကြသည်။ ဇာတ်ဆောင်များကဲ့သို့ သူတို့ပါးပြင်ပေါ်တွင်လည်း ဆေးနီးဆေးဝါတွေ ဆိုးထားသည်ဟု ထင်မိကြသည်။ 


အချို့ဆိုလျှင် ရာမပြဇာတ်ထဲမှ စာသားများကိုပင်အလွတ်ရကြသည်။ စာပေမတတ်သည့်တိုင် ရာမဇာတ်မှစာသားများကိုမူ သူတို့ ဆိုနိုင်ကြသည်။ လက်ဖက်ရည်ဆိုင်ရှင်အဘိုးအို ဆူရေးယားသည်လည်းကောင်း၊ မေဘူနှင့် ဆယ်လီမာတို့၏ သားသမီးများသည်လည်းကောင်း၊ နီဇာမူဒင်လမ်းကြီးတွင်နေသည့် မီးသွေးသည်သည်လည်းကောင်း၊ ဆာလီမနှင့် အခြားသောမိန်းမရှာများသည်လည်းကောင်း၊ ကယ်ရာလာပြည်နယ်မှ သင်္ဘောသားဟောင်းသည်လည်းကောင်း သူတို့အားလုံးသည် ရာမဇာတ်မှ စာသားများကို ရွတ်ဆိုနိုင်ကြသည်။ ဗန်ဒိုနာနှင့် အာသံပြည်ဖွား သူ့ညီမများသည်လည်းကောင်း၊ ရပ်ကွက်လူမိုက်နှင့် သူ့တပည့်များသည်လည်းကောင်း၊ မူဆလင်၊ ခရစ်ယာန်နှင့် ဟိန္ဒူများသည်လည်းကောင်း သူတို့အားလုံးသည် ဖြစ်ကတတ်ဆန်း ဆင်ထားသည့် ဇာတ်စင်ရှေ့တွင် ညပေါင်းများစွာ ထိုင်၍ ရာမဇာတ်ကို ကြည့်ကြသည်။ ဇွဲနပဲကောင်းသည့် ပွဲကြည့်ပရိသတ်ထဲတွင် ဟာစရီပါးလည်း အပါအဝင်ဖြစ်သည်။


“ဒီလောက်တောင် ရောဂါကြီးဖြစ်နေလျက်နဲ့တောင် သွားကြည့်သေးတယ်ဗျာ၊ သူ့ကို ကြည့်ရတာ ရာမကို ကြည့်ပြီး အားတက်လာပုံရတယ်၊ ဟနုမန်ကို ကြည့်ပြီး သတ္တိကောင်းလာပုံရတယ်” ဟု ကိုဗာစကီးက ပြောသည်။


အမှန်လည်း အမှန်ပင်။ ဟာစရီပါးအဖို့ ရာမဇာတ်ထဲမှ ဇာတ်ဆောင်များသည် ရေထဲတွင် ကြံ့ကြံ့ခံနေသော သစ်ပင်ပင်စည်ကြီးများနှင့် တူသည်။ အသက်ကယ်ဘောကြီးများနှင့် တူသည်။သူငယ်ငယ်တုန်းက အမေသည် ရေဖွေးနေသော လယ်ကန်သင်းရိုးများပေါ်တွင် သူ့ကို ခါးထစ်ခွင်ချီရင်း ရာမဇာတ်ထဲမှ ကဗျာလင်္ကာများကို ရွတ်ပြခဲ့ဖူးသည်။ ကြီးလာသည့်အခါတွင်လည်း သူတို့ရွာသို့ စာဟောဆရာတွေလာတိုင်း ရွာကွက်လပ်တလင်းပြင်တွင် ရာမဇာတ် စာဟောကို မငြီးတမ်း နားထောင်ခဲ့ဖူးသည်။ ထိုလင်္ကာများသည် ရှေးပဝေသဏီကတည်းကပင် အိန္ဒိယလူမျိုးတို့ ယုံကြည်မှုကို အားသစ်လောင်းပေးခဲ့ရာ ကြာသော် ဘာသာတရား၏ပမာဏသို့ ဝင်ရောက်လာခဲ့သည်။ အိန္ဒိယပြည်တွင် ရာမဇာတ်ထဲက တေးကဗျာတို့ကို နားမထောင်ဘဲ အိပ်ပျော်သွားခဲ့သည့် ကလေးငယ်ဆို၍ တစ်ယောက်မျှမရှိ။ ရာမဇာတ်ထဲမှ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့၏တိုက်ပွဲကြောင့် ပေါ်လာခြင်းမရှိသော ကစားနည်းဆို၍ တစ်ခုမျှ မရှိ။ ရာမဇာတ်ထဲမှ သူရဲကောင်းဇာတ်ဆောင်တို့၏ အကြောင်းကို ဖော်ပြခြင်းမရှိသော ကျောင်းသုံးစာအုပ်ဆို၍ တစ်အုပ်မျှမရှိ။ မိန်းမကောင်း မိန်းမမြတ်တို့၏အကြောင်းကို ဖော်ပြရာတွင် သီတာ၏ဥပမာကို မပြသည့် မင်္ဂလာဆောင်ဆို၍ တစ်ခုမျှမရှိ။


နှစ်စဉ်နှစ်တိုင်းပင် ရာမ၏အောင်ပွဲနှင့် ဟနုမန်၏ စိတ်သဘောထား ကြီးမြတ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ပွဲတော်ကြီးများ ကျင်းပကြသည်။ ညနေတိုင်းပင် ကာလကတ္တားရှိ ထောင်ပေါင်းများစွာသော သင်္ဘောကျင်းအလုပ်သမားများ၊ ကုန်တင်ကုန်ချ ကူလီများ၊ လန်ချားသမားများ၊ အလုပ်သမားများ၊ ငတ်ပြတ်နေသော လူဆင်းရဲများသည် တာရိုးတွင်ထိုင်ကာ စာဟောဆရာတို့ ဟောပြောသည့် ရာမဇာတ်ကို နားထောင်ကြသည်။ ထိုပရိသတ်သည် မြေကြီးတွင် ဖင်ချထိုင်ကာ မှိတ်ထားသော မျက်လုံးအစုံတို့ဖြင့် နားထောင်ရင်း စိတ်ကူးပုံပြင်ထဲတွင် သူတို့၏သဲပွင့်မျှလောက်သာရှိသော ပျော်ရွှင်မှုကလေးကို လိုက်ရှာကြရသည်။


သုခမြို့တော်မှ ရာမဇာတ် ပရိသတ်ထဲတွင် ကိုဗာစကီးလည်း ပါသည်။ သူ့တွင် အချိန်များများမရှိ။ သူတို့ပြောသည့် စကားများကိုလည်း ကောင်းကောင်း နားမလည်။ သို့တိုင်အောင် သူလည်း ရာမဇာတ်ကို သဘောကျသည်။


“ရာမဇာတ်ဟာ ကျွန်တော့်အဖို့တော့ စွယ်စုံကျမ်းတစ်စောင်ကို ဖတ်နေရသလိုပဲဗျ။ အမွှေးနံ့သာတွေ၊ လက်ဆောင်ပဏ္ဏာတွေ၊ လက်နက်စကြာတွေ၊ နန်းတွင်းသားတို့ရဲ့ ဘဝတွေ၊ တောဆင်ရိုင်းတွေရဲ့ အလေ့အကျင့်တွေ၊ အိန္ဒိယပြည်ရဲ့ တော​ဟေဝန်တွေဟာ ကျွန်တော့်အဖို့ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေ မဟုတ်တော့ဘူး၊ ဒါတွေအပြင် ကျွန်တော်သဘောအကျဆုံးကတော့ အိန္ဒိယလူမျိုးတွေရဲ့ စိတ်နေစိတ်ထားကို လေ့လာတဲ့နေရာမှာ ရာမဇာတ်ကို ကြည့်တာဟာ အကောင်းဆုံးသော နည်းလမ်းတစ်ခုပဲ။ ဒီဇာတ်ကို ကြည့်လိုက်တာနဲ့ အိန္ဒိယလူမျိုးတွေရဲ့ စိတ်နေစိတ်ထားကို ကျွန်တော် ပိုနားလည်ပြီး ကျွန်တော်ကိုယ်တိုင်လည်း သူတို့နဲ့ ထပ်တူထပ်မျှ ခံစားနေရတယ်။ သူတို့ရဲ့ စိတ်ဓာတ်ကို လေ့လာဖို့အတွက် ကျွန်တော့်မှာ ပင်လယ်နီကြီးလည်း မခြားတော့ဘူး၊ လင်္ကာဒီပ ရေလက်ကြားကြီးလည်း မရှိတော့ဘူး၊ ဘုရားရဲ့ တန်ခိုးတော်ကို ပြောပြတဲ့နေရာမှာ ကျွန်တော်တို့ဆီက အထူးထူးသော အံ့ဖွယ်ဘနန်းတွေကို ပြောစရာမလိုတော့ဘူး၊ သီတာကို ပန်းအနံ့ အရှူခိုင်းဖို့အတွက် ဟိမဝန္တာတောင်ကြီးကိုတောင် ရွှေ့ပေးနိုင်တဲ့ ဟနုမန်ရဲ့ တန်ခိုးစွမ်းပကားကို ပြောပြလိုက်ရုံပဲ။ ရာမဇာတ်ဟာ အိန္ဒိယလူမျိုးတွေကို နားလည်အောင်လေ့လာရာမှာ အကောင်းဆုံးနည်းလမ်း တစ်ခုပဲ” ဟု ကိုဗာစကီးက ပြောပြသည်။


* * * 


သူ့အမည်မှာ နီဆာဖြစ်သည်။ သူသည် အသက် ဆယ့်နှစ်နှစ်ရှိပြီး မူဆလင်တစ်ယောက်ဖြစ်သည်။ နီဆာသည် နတ်တမန်တစ်ပါးဟု သူတို့တဲဝိုင်းထဲရှိ လူအားလုံးက သဘောတူကြသည်။ သူ့မျက်နှာက ကြည်လင်တောက်ပလျက်။ သူ့အကြည့်က စူးရှတည်ကြည်လျက်။ သူ့အမူအရာက တည်ကြည်ခန့်ညားလျက်။ ထိုအချက်များကြောင့်ပင် သူသည် အခြားသူများနှင့်မတူ တမူထူးခြားသူဖြစ်နေသည်။ ဖြူဖွေးတောက်ပသော သွားများပေါ်နေသည့် သူ့နှုတ်ခမ်းကွဲကလေးနှင့် သူ့ပခုံးပေါ်တွင် အမြဲပါလာသော ပြူးကြောင်ကြောင် မျောက်တစ်ကောင်ကြောင့်လည်း သူ့ကို လူတိုင်းက မှတ်မိနေသည်။


နီဆာသည် သူတို့သုခမြို့တော် တဲတိုက်ထဲရှိ မိသားစုမှ ပေါက်ဖွားလာသူ မဟုတ်။ တစ်ညနေ ဒါလဟိုဇီပန်းခြံထဲတွင် အလမ္ပာယ်ဆရာက ကောက်ရလာခဲ့ခြင်းဖြစ်သည်။ နီဆာ၏မိဘများမှာ ဘီဟာနယ်မှဖြစ်ပြီး သူ့ကို မကျွေးမွေးနိုင်တော့သဖြင့် အိမ်မှ နှင်ထုတ်လိုက်သည်။ နီဆာသည် ရထားတွဲခေါင်းပေါ်တွင် ခိုစီးကာ တံလှပ်မြို့တော်ကြီးသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ နီဆာသည် အမှိုက်ပုံတွင် စွန့်ပစ်ထားသည့် စားကြွင်းစားကျန်များကို ကောက်စားကာ မြို့တော်ကြီးထဲတွင် တလည်လည် ဖြစ်နေခဲ့ပြီးနောက် ဘရားဘဇားခေါ် ဈေးကြီးအနီးက လမ်းကြားကလေးထဲတွင် သူ့အသက်မွေးဝမ်းကျောင်းအတွက် အသုံးလိုသည့် ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ယင်းမှာ အခြားမဟုတ်။ ဖာရာတွေပွနေသည့် ဂုန်နီအိတ်စုတ်တစ်လုံးဖြစ်သည်။ ငတ်ပြတ်နေသော အခြားကလေးငယ်များနည်းတူ နီဆာသည် အမှိုက်ကောက်သူတစ်ဦးဖြစ်လာခဲ့သည်။ ညနေတိုင်းပင် နီဆာသည် တစ်နေကုန်ကောက်၍ ရခဲ့သော အစုတ်များကို အစုတ်ရောင်းဝယ်သည့် ဒိုင်သို့ သွားသွင်းသည်။ တစ်ခါတစ်ရံတွင်လည်း တစ်ကျပ်နှစ်ကျပ် ရတတ်သည်။ 


တစ်နေ့တွင် အဟောင်းရောင်းသူတစ်ယောက်က ဟနုမန်အမည်ရှိ မျောက်ကလေးတစ်ကောင်ကို ပေးလိုက်သည်။ ဟနုမန်သည် သူနှင့်အတူ ပလက်ဖောင်းပေါ်တွင် လိုက်အိပ်သည်။ ထိုနေ့မှစ၍ သူနှင့် ဟနုမန်သည် ရင်းနှီးသော အပေါင်းအဖော်ကြီးဖြစ်လာခဲ့သည်။ မိုးသည်းညများတွင် နီဆာသည် သူ့မျောက်ကလေးနှင့်အတူ မိုးလုံသည့်နေရာကို လိုက်ရှာပြီး အိပ်ရသည်။ တစ်ခါတစ်ရံတွင် ဆိုင်မျက်နှာစာရှိ ယင်းလိပ်အကွယ်၊ တစ်ခါတစ်ရံတွင်လည်း ချောင်ရင်ဂီလမ်းမကြီးပေါ်ရှိ ပေါ်တီကိုများအောက်။


သူဝါသနာအပါဆုံးအရာမှာ ရုပ်ရှင်ဖြစ်သည်။ ပိုက်ဆံရသည်နှင့် နီဆာသည် အထမ်းဖြင့်ပြသည့် လမ်းဘေးရုပ်ရှင်ကို မျောက်ကလေးနှင့်အတူ သွားကြည့်သည်။ သူအကြိုက်ဆုံးမင်းသားမှာ ဒီလစ်ကူးမားဖြစ်သည်။ ဒီလစ်ကူးမားသည် မင်းညီမင်းသား မဟာရာဇာစသည့် အခန်းများက ပါလေ့ရှိပြီး အဝတ်အစား တောက်တောက်ပြောင်ပြောင်ဝတ်ကာ မိန်းမချောတွေ ဝိုင်းဝိုင်းလည်နေတတ်သည်။


နီဆာသည် သုခမြို့တော်ထဲက လူငယ်ကလေးတွေနှင့် ရောနှောရန် ဘာမျှအခက်အခဲမရှိပါ။ ကာလကတ္တားမြို့တော်ကြီး၏ ကတ္တရာလမ်းပေါ်တွင် နှစ်နှစ်တာမျှ ကျင်လည်ခဲ့ဖူးပြီဖြစ်သည့်အတွက် သူ့အတွေ့အကြုံသည် အခြား အခြားသော သူငယ်များအတွက် အလွန်လေးစားလောက်သည့် အတွေ့အကြုံဖြစ်သည်။ အခြားသော သူငယ်များ၏ဘဝသည်လည်း သူ့လိုပင် ကြမ်းတမ်းပင်ပန်းသောဘဝဖြစ်သည် မဟုတ်လော။ သူတို့သည် မွေးလာကတည်းက ဆင်းဆင်းရဲရဲ မွေးလာခဲ့ကြကာ လူမှန်းသိသည်နှင့် အလုပ်ကို ဝင်လုပ်ကြရသည်။ အချို့သူငယ်ကလေးများမှာ ရေပုံးကြီးနှစ်လုံးကို ထမ်းပိုးဖြင့် မနိုင်တနိုင် ထမ်းကြရသည့်အတွက် သူတို့၏ပျော့ပျောင်းသော အရိုးဖွဲ့စည်းမှုသည် ပြင်မရအောင် ပျက်စီးသွားကြသည့်အဖြစ်မျိုးတွေရှိသည်။ 


သူတို့အထဲတွင်ကျောင်းနေနိုင်သူဆို၍ လူ, ငါးဆယ်လျှင် တစ်ယောက်နှစ်ယောက်သာရှိသည်။ အသက် ၇ နှစ် ၈ နှစ်အရွယ်သို့ရောက်လျှင်မူ သူတို့တစ်တွေသည် အလုပ်သမားကြီးတွေ ဖြစ်နေလေပြီ။ အားလုံး အလုပ်လုပ်နေရလေပြီ။ အချို့မှာ လက်ပွေ့အရောင်းသမားများဖြစ်လာကြသည်။ အချို့မှာလည်း ကုန်စိမ်းဆိုင်တွင် ဝင်အလုပ်လုပ်ကြရသည်။ သို့မဟုတ်လျှင်လည်း ဖိနပ်ချုပ်ဆိုင်၊ ကွမ်းယာဆိုင်၊ ဘီဒီဆေးလိပ်ဆိုင်တို့တွင် အလုပ်ဝင်လုပ်ကြရသည်။ အချို့မှာလည်း လမ်းမကြီးများရှိ စားသောက်ဆိုင်များတွင် မနက်မိုးလင်း အရုဏ်တက်မှ မိုးချုပ်အထိ အလုပ်လုပ်ကြရသည်။ အချို့မှာလည်း ရပ်ကွက်ထဲရှိ အလုပ်ရုံကလေးများတွင် အလုပ်ဝင်လုပ်ကြရသည်။ ကယ်ရာလာပြည်နယ်မှ သင်္ဘောသားဟောင်း၏ကလေးနှစ်ယောက်မှာ တစ်ယောက်ကို ငွေတစ်ဆယ်ဖြင့် အလုပ်လုပ်ကြရပြီး သူ့မိဘနှစ်ဦးမှာ ကမ်းနားက ဂိုထောင်တစ်ခုတွင် သင်္ဘောများအတွက် ကြိုးများကျစ်ရသည်။ ထိုဝင်ငွေကလေးဖြင့် သူတို့မိသားစု စားသောက်နေကြခြင်းဖြစ်သည်။


နီဆာ မရောက်မီတွင် သုခမြို့တော်ရှိ သူတို့တဲသိုက်မှကလေးသုံးယောက်မှာ အစုတ်ကောက်သည့်အလုပ်ကို လုပ်နေကြပြီ။ သို့ရာတွင် အဝတ်စုတ်ကောက်ရသည့်အလုပ်မှာ များစွာ အကျိုးရှိသည့် လုပ်ငန်းမဟုတ်ပါ။ သူတို့လူဆင်းရဲရပ်ကွက်ကလေးထဲတွင်ဆိုလျှင် မည်သည့်ပစ္စည်းကိုမျှ စွန့်ပစ်လေ့မရှိ။ကျောက်မီးသွေးခဲကလေး တစ်ခဲ၊ နွားချေးခြောက်တစ်ချပ်၊ အင်္ကျီစုတ်တစ်ထည်၊ ပုလင်းကွဲတစ်လုံး၊ အုန်းဆံဖတ်တစ်ဖတ် စသည့် ဆယ်ယူရသမျှသော ပစ္စည်းတို့သည် အဖိုးတန်တွေချည်းဖြစ်သည်။


“ဒီမှာတော့ အသုံးမကျတဲ့ပစ္စည်းလောက်ပဲ ရှိတယ် ခင်ဗျ၊ ဒီတော့ အသုံးကျတဲ့ ပစ္စည်းလိုချင်ရင် ရှိတဲ့နေရာကို လိုက်ရှာရတယ်” ဟု နီဆာက ပြောသည်။


တစ်ညနေတွင် ထိုသို့ပြောနေသံကို ဟာစရီပါး ကြားသည်။ ဤတွင် နီဆာသည် အဖိုးတန်ပစ္စည်းရှိမည့်နေရာကို သိတန်ကောင်းသည်ဟု သူတွေးမိသည်။ သူ့တွင် သမီးအတွက် ခန်းဝင်ငွေ တင်တောင်းရန် ငွေလိုနေသည် မဟုတ်လော။ ထို့ကြောင့် သူ့သားငယ် ရှန်ဘူကို နီဆာနှင့်အတူထည့်ရန် စိတ်ကူးကာ ကိုဗာစကီးကို တိုင်ပင်ကြည့်သည်။ 


သားငယ် ရှန်ဘူသည် ခေါင်မိုးပေါ်သို့တက်ပြီး စွန်လွှတ်နေလေသည်။ ဟာစရီပါးကား အမြဲလိုလို ဂဏန်းတွက်နေသူဖြစ်သည်။


“မိုးရာသီကုန်ရင် ငါ့မှာ လန်ချားဆွဲလို့ရတဲ့ငွေက ရှစ်ရာ၊ အရိုးကို ရောင်းလို့ရတဲ့ငွေက ငါးရာ၊ ရှန်ဘူကို အဝတ်စုတ်ကောက်ခိုင်းလို့ရတဲ့ ငွေကလေးကလဲ မရဘူးဆိုရင် နှစ်ရာ၊ သုံးရာလောက်တော့ရမယ်၊ ဒီလိုဆိုရင် ငါ့မှာ ငွေနှစ်ထောင်လောက်တော့ ပြည့်သွားပြီ၊ လိုတဲ့ ငွေကလေးကတော့ သူတို့အမေရဲ့ နားဆွဲကလေးကို မဟာဂျန်ဆီမှာ သွားပြီး ပေါင်ရမှာပေါ့။ ဒီလောက်ဆိုရင် လိုတဲ့ငွေ ငါးထောင်တော့ ပြည့်သွားမှာပါ”


ဟာစရီပါးသည် ပုဏ္ဏားကြီးက သူ့သမီးအား လက်ထပ်ပေးနေသည်ကို မြင်ယောင်နေသည်။နိပ်ပြီ။ သည်အတိုင်းဆိုလျှင် မိမိသည် အိပ်မက်မက်နေခြင်းမဟုတ်။ မနက်လင်းသည်နှင့် မျောက်ကလေးကို ပခုံးပေါ်ထမ်းလာသည့် နှုတ်ခမ်းကွဲကလေးနှင့် နီဆာသည် သူ့သားငယ်ရှန်ဘူကို မိမိတို့၏ “ရတနာတွင်း” ရှိရာသို့ ခေါ်သွားပေလိမ့်မည်။ ထိုနေရာမှာ ကာလကတ္တားရဲများက လိုင်စင်မရှိသည့် လန်ချားများကို မီးပုံရှို့ခဲ့သည့်နေရာဖြစ်သည်။ ထိုနေရာသည် သူတို့ လန်ချားသင်္ချိုင်းဖြစ်ဖူးသည်။ သို့တိုင် ပိုစတာစုတ်ကလေးတစ်စ၊ သံကောက်ကလေး တစ်ချောင်းသည်ပင် အဖိုးတန်ပစ္စည်းဖြစ်နေသော ကာလကတ္တားလို မြို့တော်ကြီးတွင်မူ ထိုနေရာသည် တကယ့် “ရတနာသိုက်” ကြီးဖြစ်နေသည်။ ထို့ကြောင့် ဟာစရီပါးသည် နောက်တစ်နေ့တွင် သူ့သားငယ် ရှန်ဘူအား ထို “ရတနာသိုက်ကြီး” သို့ ခေါ်သွားဖို့ နီဆာကို ပြောရသည်။ နီဆာကလည်း သဘောတူသည်။


“ဟုတ်ပြီလေ၊ မနက်ဖြန်မနက် ရောက်လို့ မိန်းမရှာအိမ်က တောက်တဲ့ကြီး မြည်တဲ့အချိန်မှာ ဘာဘူသားကို နှိုးထားပါ၊ မိုးမလင်းခင် သွားမယ်”


နီဆာသည် သူ့ရဲဘော်တစ်သိုက်ကို ဟောင်ရာတံတားကြီးထိပ်သို့ ခေါ်သွားသည်။ လူတွေ ပြည့်ကျပ်နေသည့် ဘတ်စ်ကားကြီးတစ်စီး အနီးသို့ ရောက်သည့်အခါတွင် စပယ်ယာဘီးပေါ်ကို တက်လိုက်ရန် ပြောသည်။ အခြားကောင်လေး သုံးယောက်က နောက်မှ ဘန်ပါပေါ်တွင် တွယ်လိုက်သည်။ နေ့စဉ်နှင့်အမျှပင် ထောင်ပေါင်း သောင်းပေါင်းများစွာသော ကာလကတ္တားခရီးသည်တို့သည် ဘတ်စ်ကားခ မပေးဘဲ ဤနည်းဖြင့် ခရီးသွားနေကြသည်။ ဘတ်စ်ကားများကို ခိုးစီးသူများ၊ လိမ်လည်သူများတွင် သူတို့သာ မဟုတ်ပါ။ စပယ်ယာများသည်လည်း လက်မှတ်တုများကို ဆုတ်ပေးပြီး ဘတ်စ်ကားခများကို သူတို့အိတ်ထဲသို့ ထည့်နေကြပါသည်။ ထိုသို့ စပယ်ယာဘီးပေါ်၊ ဘန်ပါပေါ်၊ နောက်ခြေနင်းခုံပေါ်၊ ကားဘော်ဒီပေါ်တွင် တွယ်လိုက်နေသူများကို ကြည့်ရသည်မှာ ကျွမ်းကျင်သော ကျွမ်းဘားကစားသမားများနှင့်ပင် တူနေသည်။ နေ့စဉ်နှင့်အမျှ ဆိုသလိုပင် ဘတ်စ်ကားပေါ်မှ လိမ့်ကျသေသူ၊ ဓာတ်ရထားမှ ဓာတ်လိုက်သေသူ၊ ဘီးကြားထဲကျ၍ သေသူတို့၏သတင်းကို သတင်းစာများထဲတွင် ဖတ်နေရသည်။


“ဆင်းမယ်ဟေ့”


နီဆာ၏အသံသည် ပူလောင်စပြုနေသော မနက်ခင်းလေးထဲတွင် ပေါ်လာသည်။ သူ့အမိန့်သံကို ကြားသည်နှင့် ကလေးငါးယောက်တို့သည် ဘတ်စ်ကားပေါ်မှ ကတ္တရာလမ်းပေါ်သို့ ခုန်ချလိုက်ကြ၏။ ဘတ်စ်ကားသည် မြို့အရှေ့စွန်းမှ မြို့ပြင်ဘက်သို့ ရောက်လာခဲ့သည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင်မူ ကျယ်ပြန့်သည့်စိမ့်တောကြီးရှိသည်။ ရှန်ဘူသည် အိပ်ချင်နေသေးသဖြင့် သူ့မျက်လုံးများကို ပွတ်၍ လိုက်လာခဲ့သည်။ ရှေ့တစ်မိုင်ခန့်အကွာ ကောင်းကင်ပြင်မှာ လင်းတများကြောင့် မည်းနေတော့သည်။


“ဟို...လင်းတတွေ ဝဲနေတဲ့ အနားကိုလား”


ရှန်ဘူးက မေးသည်။ နီဆာက ခေါင်းညိတ်ပြ၏။ နီဆာသည် ပခုံးတစ်ဖက်တွင် ဂုန်နီအိတ်စုတ်၊ နောက်တစ်ဖက်တွင် သန်းရှာနေသည့် မျောက်ကလေးကို တင်ကာ သူတို့အုပ်စုကို ခေါင်းဆောင်ပြီး “ရတနာသိုက်” ရှိရာသို့ လာခဲ့သည်။ နီဆာသည် အဝတ်စုတ်ကောက်သမားတစ်ယောက်ဘဝတွင် ပျော်သည်။ အဝတ်စုတ်ကောက်သမားဆိုသည်မှာ နေ့စဉ်နှင့်အမျှ အသစ်အဆန်းတို့ကို အမှိုက်ပုံထဲမှ တွေ့ရတတ်သည် မဟုတ်လော။ 


သူတို့သည် မိုင်ဝက်ခန့် လျှောက်လာခဲ့သည်။ ထိုနေရာသို့အရောက်တွင် ပုပ်ဟောင်နေသည့် အပုပ်နံ့ကြီးကြောင့် ရှန်ဘူသည် အထိတ်တလန့်ဖြစ်သွား၏။ သို့ရာတွင် ကာလကတ္တားမြို့ တော်၏ပလက်ဖောင်းများပေါ်တွင် ကြီးပြင်းခဲ့ရသည့် သူ့အဖို့ ထိုအပုပ်နံ့များသည် ချက်ချင်းယဉ်ပါးသွားကြသည်။ သူတို့တစ်သိုက်သည် နီဆာ၏နောက်မှ လိုက်လာခဲ့ကြသည်။ အမှိုက်ပုံကြီးပေါ်တွင်မူ သူတို့ထက်အရင် ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေ ရောက်နေကြလေပြီ။ အမှိုက်ကားများ ရပ်သည့်အနီးသို့ အရောက်တွင် နီဆာက ရုတ်တရက် ရပ်လိုက်သည်။


“ဟေ့ကောင်တွေ၊ မြန်မြန်လုပ်ကြဟေ့၊ ဒီနေ့ ဟိုတယ်တွေနဲ့ ဆေးရုံတွေက အမှိုက်တွေ သွန်တဲ့နေ့၊ အကောင်းစားတွေ ပါတယ်၊ မလွတ်စေနဲ့”


မှန်ပါသည်။ မြူနီစီပယ်အမှိုက်ကားများသည် တစ်ပတ်လျှင် တစ်ကြိမ်ကျ ဟိုတယ်များနှင့်ဆေးရုံများမှ ပစ္စည်းများကို လာရောက် စွန့်ပစ်လေ့ရှိသည်။ ထိုကားများ ရောက်လာလျှင် ထိုနေရာတွင် သူ့ထက်ငါဦးအောင် လု၍ကောက်ကြရသည်။ ပစ္စည်းများထဲတွင် တကယ့်အဖိုးတန်အကောင်းတွေ ပါတတ်သည်။ ဓာတ်ဘူးများ၊ ဆေးထိုးအပ်များ၊ ပတ်တီးလိပ်များ၊ ဂွမ်းစများ၊ မီးသွေးများ၊ စားကြွင်းစားကျန်များ ဖြစ်သည်။


နီဆာက ရှန်ဘူကို လှမ်းခေါ်ကာ

“မင်း အဲဒီကစောင့်၊ အလံနီစိုက်ထားတဲ့ အမှိုက်ကားတစ်ကား လာတာနဲ့ ငါ့ဆီကို လက်ခေါက်မှုတ်ပြီး အကြောင်းကြားလိုက်။ အလံနီထိုးလာရင် ဟိုတယ်ပစ္စည်းဖြစ်ဖြစ်၊ ဆေးရုံပစ္စည်းဖြစ်ဖြစ် ပါလာတတ်တယ်”


နီဆာက သူ့အိတ်ထဲက ငွေငါးကျပ်တန် တစ်ရွက်ကို ထောင်ပြကာ

“ဒီမှာ ငါးကျပ်တန် မြင်ရဲ့လား၊ မော်တော်ကား လာရင် ငါက ဒရိုင်ဘာကို ငါးကျပ်တန်ထောင်ပြမယ်။ ဒီတော့ ဒရိုင်ဘာက မောင်တော်ကားကို ဖြည်းဖြည်း မောင်းလိမ့်မယ်။ အဲဒီတုန်းမှာ ကားပေါ်ကို ခုန်တက်ရမယ်။ တို့ တက်ပြီးရင် ဒရိုင်ဘာက ဟိုချောင်ကျတဲ့နေရာကို မောင်းသွားပြီး အမှိုက်တွေကို မြန်မြန်သွန်လိမ့်မယ်။ သွန်တာနဲ့ ကောင်းတဲ့ပစ္စည်းကို မြန်မြန်ရွေးကောက်။ နှေးနေရင် ဒီပြင်လူတွေ ရောက်လာလို့ ဘာမှမရလိုက်ဘဲ ရှိနေဦးမယ်”


နီဆာသည် ကွန်မန်ဒိုခေါင်းဆောင်တစ်ဦးလို သူ့လူတွေကို ညွှန်ကြားနေ၏။ ထို့နောက် သူတို့သည် သူတို့သတ်မှတ်ထားသည့် နေရာအသီးသီးသို့ ပြေးသွားကာ လော်ရီကားအလာကို စောင့်နေကြသည်။ သူတို့နှင့်မလှမ်းမကမ်း ကျင်းကလေးထဲတွင် သူတို့လိုပင် လော်ရီကားအလာကို စောင့်နေသည့် အဝတ်စုတ်ကောက်သူများ ရောက်နေကြလေပြီ။ အများအားဖြင့် အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။ အမျိုးသားများမှာမူ တိရစ္ဆာန်သေကောင်များ၏ ဝမ်းတွင်းသားများနှင့် ဟင်းသီးဟင်းရွက်အပိုင်းအစများကို ရေလုံအိုးကြီးများထဲတွင် ထည့်ကာ အနီးရှိ ရေညှိတွေဖုံးနေသော ကန်ကြီးထဲတွင် စိမ်နေကြသည်။ ထို့နောက် ထိုအိုးများကို ပေါင်းခံ၍ အရည်ကို ထုတ်ယူကြပြီး ပုလင်းများဖြင့် ထည့်ကာ ကာလကတ္တားမြို့တွင်းရှိ ကစားဝိုင်းများ၊ ဘုံဆိုင်များသို့ သွားသွင်းလေ့ရှိကြသည်။ ဤသည်မှာ အိန္ဒိယပြည်တွင် နာမည်ကြီးသည့် ဘန်ဂလာခေါ်ချက်အရက်များဖြစ်ပေါ်လာပုံ ဖြစ်သည်။ ထိုချက်အရက်ကြောင့် သေသူဦးရေသည် သဘာဝဘေးရန်ကြောင့် သေသူဦးရေထက် များသည်။


ပထမ အလံဝါစိုက်ထားသည့် အမှိုက်တင်ကားတစ်စီး ရောက်လာသည်။ နောက် ဒုတိယတစ်စီး၊ နောက် တတိယတစ်စီး။ သို့ရာတွင် အလံနီစိုက်ထားသည့် လော်ရီကားဆို၍ တစ်စီးမျှမမြင်ရသေး။ အားလုံး တုတ်တုတ်မျှ မလှုပ်ကြ။ ရှန်ဘူမှာကား မော်တော်ကားလာသည့်လမ်းကို မျက်လုံးကျွတ်ထွက်တော့မတတ် လှမ်းကြည့်နေလေပြီ။ သူ့တစ်သက်တွင် ထိုရှုခင်းကို တစ်ခါမှ မမြင်ဖူးသေး။


သူနှင့် ခပ်လှမ်းလှမ်းရှိ တောင်ကုန်းကလေး တစ်လုံးလောက်မြင့်သော အမှိုက်ပုံကြီးဘေးတွင်မူ မနက်ခင်းကောင်းကင်ကို နောက်ခံပြုကာ ဘဲလေးကဇာတ်တစ်ခု ကနေသည်ကို မြင်ရသည်။ အခြားမဟုတ်ပါ။ တောင်းတွေ အထုပ်တွေ ကိုယ်စီကိုင်ထားသည့် အမျိုးသမီးများနှင့် ကလေးများ အမှိုက်ပုံကြီးပေါ်မှာ ပြေးလွှားနေကြခြင်းဖြစ်ပါသည်။ သူတို့လက်ထဲတွင်လည်း သံချိတ်တွေ ကိုင်ထားကြသည်။ လော်ရီကားတစ်စီးဆိုက်၍ အမှိုက်တွေ သွန်ချလိုက်တိုင်း သူတို့သည် ထိုအမှိုက်ပုံဆီသို့ ပြေးကာ အမှိုက်ပုံမှ ပစ္စည်းများကို အလုအယက်ကောက်နေကြသည်။ ကားတစ်စီးပေါ်မှ အမှိုက်တွေ သွန်လိုက်တိုင်း ထိုနေရာတစ်ဝိုက်တွင် ဖုန်တွေ ထောင်းထောင်းထနေသည်။ ပို၍အသည်းယားစရာကောင်းသည်မှာ အမှိုက်ပုံကြီးကို ညီအောင်လုပ်နေသည့် မြေညှိစက်ကြီးများအနီးတွင် ဝိုင်းအုံပြေးလွှား လုယက်နေကြခြင်းဖြစ်သည်။ ကလေးများ ခြေချော်လက်​ချော်ဖြစ်ကာ မြေညှိစက်ကြီးအောက်သို့ ရောက်သွားကြကာ မြေစာဖြစ်သွားတတ်ကြသည်။ ထိုနေရာတစ်ဝိုက်တွင် ထိုသို့ မြေညှိစက်၏အစာဖြစ်သွားကြသော ကလေး ဘယ်နှစ်ယောက်ရှိပြီမသိ။


ရှန်ဘူသည် ထိုရှုခင်းကြီးကိုကြည့်ကာ ဇောချွေးပြန်လာသည်။ သူသည် ထိုကလေးများလို မြေညှိစက်နားတွင် သွား၍လုရဲပါမည်လော။ ထိုစဉ် စတုတ္ထလော်ရီတစ်စီး ပေါ်လာပြန်သည်။ သို့ရာတွင် အလံနီစိုက်ထားသည်ကို မတွေ့ ရသေး။ သူ့အထက် အမှိုက်ပုံပေါ်တွင်မူ ဘဲလေးကဇာတ်သည် ဆက်လက်ကပြနေဆဲ။ နေဒဏ် ဖုန်ဒဏ်ကို ခံနိုင်ရန်အတွက် အမျိုးသမီးများ နှင့် မိန်းကလေးများမှာ အဝတ်များကို ခေါင်းတွင် ဆောင်းထားကြရာ သူတို့ကိုကြည့်ရသည်မှာ မိန်းမဆောင်မှ ရံရွေတော်မင်းသမီးများနှင့် တူနေသည်။ ယောက်ျားလေးများမှာမူ သူတို့ထက် အဆမတန်ကြီးသည့် ဦးထုပ်စုတ်ကြီးများကိုဆောင်းထားကြသဖြင့် ခပ်စောစောပိုင်း ရိုက်သော ရုပ်ရှင်ကားများထဲမှ ချာလီချက်ပလင်နှင့် တူနေသည်။ 


အဝတ်စုတ်ကောက်သူများတွင် ကိုယ်သန်ရာ သန်ရာပစ္စည်းကို ရွေးကောက်ကြသည်။ အမျိုးသမီးများနှင့် မိန်းကလေးများက မီးသွေးနှင့် ထင်းကို အဓိကထား၍ ကောက်ကြသည်။ ယောကျာ်းလေးများက သားရေ၊ ပလတ်စတစ်၊ ဖန် စသည်တို့ဖြင့် ပြုလုပ်သည့်ပစ္စည်းများ၊ အရိုးများ၊ ကနုကမာပစ္စည်းများနှင့် စက္ကူများကို အဓိကထား၍ ကောက်ကြသည်။ အားလုံး အဓိကထား၍ ကောက်သောအရာမှာ စားစရာပစ္စည်းများဖြစ်သည်။ ယင်းတို့အထဲတွင် သစ်သီးပုပ်များ၊ အခွံများနှင့် ပေါင်မုန့်အစအနများ ဖြစ်သည်။ ထိုပစ္စည်းများကို ကောက်ရသည်မှာ ခက်လည်းခက်၍ အန္တရာယ်လည်းများသည်။ ရှန်ဘူရှေ့တွင်ပင် အသားတစ်တုံးကို ကောက်လာသော ကလေးတစ်ယောက်အား လင်းတကြီးတစ်ကောင်က တစ်ဟုန်ထိုး ဆင်းလာကာ သူ့လက်မှ သားတစ်ကို လုယူကိုက်ချီသွားသည်ကို မြင်လိုက်ရသည်။ လူနှင့် အလုအယက် ပြိုင်၍ အစာကောက်သူများမှာ လင်းတကြီးများသာ မဟုတ်သေးပါ။ ဝက်များ၊ နွားများ၊ ဆိတ်များ၊ ခွေးဝဲစားများအပြင် ညအချိန်ဆိုလျှင် ခွေးအများနှင့်တောခွေးများလည်း ရောက်လာကြကာ ထိုနေရာတစ်ဝိုက်မှာပင် စတည်းချကြသည်။ 


ပိုးမွှားတိရစ္ဆာန်တို့၏ဦးရေကား သန်းနှင့်ချီ၍ပင် ရှိပေလိမ့်မည်။ သူတို့အထဲတွင် ယင်ကောင်များမှာ အများဆုံးပေတည်း။ ယင်ကောင်မည်းမည်း စိမ်းစိမ်းကြီးများမှာ အုပ်လိုက်ဖွဲ့၍ ပျံသန်းကာ တိရစ္ဆာန်များ၊ လူများ၏ကိုယ်ခန္ဓာပေါ်သို့ပင် နားကြသည်။ အချို့က ခေါင်းမှာ၊ နားရွက်မှာ၊ ပါးစပ်၊ နှာပေါက်များအထဲထိပင် ဝင်ရောက်ကြသည်။ သူတို့ကား အမှိုက်ပုံတို့တွင် အမြဲစခန်းချ အခြေတကျနေထိုင်သော ဌာနေများပင်တည်း။ 


ပို၍ အံ့သြစရာကောင်းသည်မှာ ထိုမျှ ညစ်ပတ်နံစော်နေသည့် ပတ်ဝန်းကျင်တွင် လူ့ဘဝကြီးသည် စဉ်ဆက်မပြတ် လှုပ်ရှားသွားလာမြဲဖြစ်နေခြင်းပင် ဖြစ်သည်။ ဘိုင်စကယ်ပေါ်တွင် အိုက်စကရင်ပုံး တင်လာသည့် ရေခဲချောင်းရောင်းသူများ၊ ဆိတ်ရေအိတ်ကြီးထဲတွင် ထည့်ထားသည့် ရေရောင်းသူများ၊ ဘေးပတ်ပတ်လည်တွင် အရက်ပုလင်းတွေ စီထားသည့် အရက်ပုန်းရောင်းသူများ၊ အကြော်ရောင်းသူများသည် အမှိုက်ပုံကြီးများကြားတွင် လှည့်ပတ်ကာ အမှိုက်ကောက်သူတို့အား စားစရာများ လှည့်လည်ရောင်းချနေသည့် ရှုခင်းဖြစ်သည်။ အချို့သောနေရာတွင်မူ အစုတ်စုတ် အပြတ်ပြတ်ဖြစ်နေသည့် ဖဲထီးကိုဆောင်းကာ ယင်တွေအုံနေသည့် ကလေးငယ်များကို ထိန်းပေးနေသည့် ကလေးထိန်းများကိုပင် တွေ့ရသေးသည်။ အမေများက စိတ်ချလက်ချ အမှိုက်ကောက်နိုင်ရန်အားဖြင့် လာထိန်းပေးနေကြခြင်းဖြစ်လေသည်။


အမှိုက်ပုံကြီးသည် အမှိုက်များကို စွန့်ပစ်ရာနေရာသာ မဟုတ်သေးပါ။ ကုန်ဖလှယ်ရေးဌာန၊ ဈေးကွက်၊ ငွေကြေးအလဲအလှယ်လုပ်ရာ ဌာနကြီးတစ်ခုလည်းဖြစ်ပါသည်။ ထိုနေရာတစ်ဝိုက်တွင် ပစ္စည်းအဟောင်းအမြင်းရောင်းသူ၊ အတိုအစပစ္စည်းရောင်းသူတို့လည်း ဒုနဲ့ဒေး။ ပစ္စည်းကလည်း စုံသလားမမေးနှင့်။ အချို့က အမှိုက်ပုံထဲမှ ကောက်လာသော အဝတ်စုတ်များကို ချိန်ခွင်ဖြင့်ချိန်၍ ဝယ်သည်။ ညနေတိုင်လျှင် အဝတ်စုတ်ကောက်သည့် ဒိုင်ကြီးများက လော်ရီကြီးများဖြင့် ထိုအစုတ်များကို လာသိမ်းပြီး လျှော်ဖွပ်သန့်စင်ကာ အခြားပစ္စည်းများတွင် ပြန်သုံးရန်အတွက် စက်ရုံများသို့ ပြန်ရောင်းသည်။


ရှန်ဘူ၏ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ အခြားကြောင့်မဟုတ်။ ပြောထားသည့် အလံနီစိုက်ထားသည့် အမှိုက်တင်လော်ရီကြီးဝင်လာသည်ကို မြင်လိုက်သောကြောင့်ဖြစ်သည်။ ရှန်ဘူသည် ပါးစပ်ထဲသို့ လက်သွင်းကာ လက်ခေါက်မှုတ်၍ အချက်ပေးလိုက်၏။ မျောက်ကို ပခုံးတွင်ထမ်းထားသည့် နီဆာသည် ဖုန်လုံးကြီးတွေကြားမှ ပေါ်လာကာ အမှိုက်တင်ကား ရှေ့ခန်းဘေးနင်းခုံပေါ်သို့ ခုန်တက်လိုက်ပြီး ဒရိုင်ဘာနှင့် ဆွေးနွေးသည်။ ဒရိုင်ဘာက ဘရိတ်အုပ်လိုက်ပြီး ကားကို ဖြည်းဖြည်းမောင်း၏။ အချက်ပြနေပြီ။ ဤတွင် သုခမြို့တော်မှ အမှိုက်ကောက်သူ ငါးယောက်တို့သည် အိမ်မြှောင်၏လျင်မြန်ခြင်းမျိုးဖြင့် အမှိုက်တွေတင်ထားသည့် လော်ရီကားနောက်ပိုင်းသို့ ခုန်တက် လိုက်လာခဲ့ကြသည်။


“ဟေ့ကောင်တွေ၊ အားလုံး ဝပ်ပြီး လိုက်လာခဲ့” ဟု နီဆာက အမိန့်ပေး၏။


လော်ရီကားသည် အမှိုက်ပုံစွန့်သည့် ကုန်းကြီးပေါ်သို့ ဂီယာပြောင်း၍ တက်လာခဲ့သည်။ ကားထဲမှ အမှိုက်ထဲတွင် သူရဲကောင်း ငါးယောက်တို့သည် မည်သူမျှ မမြင်နိုင်အောင် ဝပ်၍ လိုက်လာခဲ့ကြသည်။ 


“အမှိုက်တွေက ညစ်ပတ်စေးကပ်နေပြီး နံလိုက်တာကလဲ မပြောပါနဲ့တော့၊ အဆိုးဆုံးကတော့ အမှိုက်တွေထဲက လောက်တွေ ထွက်လာပြီး ကိုယ်ပေါ်ကို တရွရွ လျှောက်တက်နေတာပဲခင်ဗျ၊ ပြီးတော့ ပိုးဟပ်ကြီးတွေကလဲ နည်းတာကြီးတွေ မဟုတ်ဘူး။ ခုန်ထွက်လာပြီး လက်မောင်းပေါ်၊ ကိုယ်ပေါ် အကုန်လျှောက်ပြေးတာပဲ” ဟု ရှန်ဘူက ပြောသည်။


အလံနီစိုက်ထားသည့် အမှိုက်ကား ဒရိုင်ဘာသည် မြေညှိစက်ကြီးဆီသို့ မောင်းမသွားဘဲ မျက်နှာချင်းဆိုင်တစ်နေရာသို့ ကွေ့မောင်းလာခဲ့သည်။ ဤသည်မှာ “သဘောတူညီချက်” ရရှိပြီး၍ ဖြစ်သည်။ နီဆာနှင့် သူ့ ရဲဘော်များအား သူတို့ချည်း အမှိုက်ကားပေါ်တွင် ဆယ်မိနစ် ရှာခွင့်ပေးမည်ဖြစ်သည်။ ရုပ်ရှင်ကားတစ်ကားထဲမှ အနုကြမ်းစီးသကဲ့သို့ မော်တော်ကားသည် တစ်နေရာတွင် ရပ်လိုက်ကာ ကားပေါ်မှာ အမှိုက်များကို သွန်ချလိုက်သည်။ နီဆာနှင့် ရဲဘော်များသည် ခုန်ချကာ အမှိုက်များကို လှန်လှောကြသည်။ မွှေနှောက်ကြသည်။ ရွေးကောက်ကြသည်။ ထိုနောက်တပြီးကား သူတို့သည် တိုက်ရာပါပစ္စည်းတို့ကို မြန်နိုင်သမျှ မြန်မြန်သယ်ပိုးကာ ထိုနေရာမှ မြန်နိုင်သမျှ မြန်မြန်ထွက်သွားကြသည်။ 


သူတို့၏ တိုက်ရာပါပစ္စည်းများထဲတွင် ပုလင်းများ၊ ထမင်းအိုးကွဲ ဟင်းအိုးကွဲများ၊ ပန်းကန်ကွဲများ၊ ကျိုးပဲ့နေသော အသုံးအဆောင်များ၊ အုတ်ကြွပ်ကျိုးများ၊ သွားတိုက်ဆေးဘူးဟောင်းများ၊ အားကုန်နေသည့် ဘက်ထရီအိုးများ၊ သံဘူးခွံများ၊ ပလတ်စတစ်ဖိနပ်စုတ်များ၊ အဝတ်စုတ်များနှင့် စက္ကူစုတ်များ စသည်တို့ ပါဝင်ပြီး အိတ်များကို သုံးဆမျှ ပြည့်အောင် ထိုးသိပ်ထည့်ထားကြသည်။


“ဟေ့ကောင်တွေ မြန်မြန်လုပ်ကြ၊ ဒီပြင်လူတွေ ရောက်လာလိမ့်မယ်”


သူတို့တစ်တွေ သည်နေရာမှ မြန်မြန်လစ်မှ ဖြစ်မည်။ သို့မဟုတ်လျှင် အခြားသော အမှိုက်ကောက်သူတွေ ရောက်လာကာ သူတို့ပစ္စည်းတွေကို လုယက်မည်ကို စိုးရိမ်ရသည်။ ရှန်ဘူသည် ပစ္စည်းတွေ အများကြီး ရလိုက်သဖြင့် ဝမ်းသာအားရဖြစ်နေသည်။ နောက်ဆုံးအကြိမ်အဖြစ် ပုပ်ဟောင်နံစော်နေသော အမှိုက်ပုံထဲသို့ သံချိတ်ကောက်ကို ထိုး၍ မွှေလိုက်သည်။ ပြီး... ဆွဲတင်ကာ ဝမ်းသာအားရ အော်လိုက်သည်။


“အမှိုက်တွေထဲမှာ ပြောင်ပြောင် ​ပြောင်ပြောင်နဲ့ မြင်လို့ ကျွန်တော် ထိုးကြည့်လိုက်တာခင်ဗျ၊ စိတ်ထဲမှာတော့ ပိုက်ဆံပြားတစ်ပြားလို့ ထင်လိုက်တာ၊ ချိတ်ကို ဆွဲနှုတ်ကြည့်လိုက်တော့ လားလား...လက်ကောက်တစ်ဖက်ခင်ဗျ။ လက်ကောက်မှာ လက်ပတ်နာရီတစ်လုံးလဲပါတယ်”


* * * 


မုတ်သုံရာသီ ရောက်လာခဲ့ပြီ။ ရှန်ဘူ ကောက်ရခဲ့သည့် လက်ပတ်နာရီ၊ သူ့အရိုးကို ရောင်းထားသည့် ငွေနှင့် လန်ချားဆွဲခ၊ သူ့မိန်းမ၏နားဆွဲကလေးကို အပေါင်ရသည့်ငွေ ပေါင်းလိုက်လျှင် သူ့သမီးကို လင်ကောင်းသားကောင်း ရအောင် သူလုပ်ပေးနိုင်တော့မည်။ သည်လိုဆိုလျှင် သူသေပျော်ပြီ။


“မိုးရွာချလိုက်တော့ မြို့ကြီးက လုံးလုံးကို ပြောင်သွားတာပဲ ခင်ဗျ။ ကျွန်တော်တို့တောမှာဆိုရင် မိုးကို နေ့စဉ်နဲ့အမျှ မျှော်လိုက်ရတာ၊ မိုးတိမ်ကလေး တစ်စနှစ်စလောက် မြင်ရင်ဖြင့် လူတွေ ဝမ်းသာလို့ မဆုံးနိုင်ဘူး၊ ဒီကြားထဲမှာ မိုးမြန်မြန်ရွာအောင် မိုးနတ်ကို ပူဇော်ရတယ်၊ နတ်ပွဲတွေ လုပ်ရတယ်။ လယ်တွေမှာ စပါးအထွက်ကောင်းအောင် လက်ချမီး နတ်သမီးကို ပ,သရတယ်၊ ဒါပေမယ့် ကာလကတ္တားမှာတော့ မြေယာကောင်းအောင်၊ သီးနှံအထွက်ကောင်းအောင် ဘယ်သူကိုမှ ပ,သစရာမလိုဘူး။ လမ်းတွေ၊ ပလက်ဖောင်းတွေ၊ ဘတ်စ်ကားတွေ၊ အိမ်တွေ၊ ထရပ်ကားတွေက ဘာအသီးအနှံမှ ထွက်တာမဟုတ်တော့ သီးနှံအထွက်ကောင်းအောင်ဆိုပြီး ပူဇော်စရာလဲ မလိုဘူး။ ကျွန်တော်တို့တောမှာလို စပါးစိုက်တဲ့နေရာမှမဟုတ်ဘဲကိုး။ ဒါပေမယ့် မိုးကိုတော့ မျှော်တာပဲခင်ဗျ၊ အပူရှိန်က သိပ်ပြင်းတာကိုး။ ဒီအပူချိန်အတိုင်းသာ နေသွားရရင် လမ်းမပေါ်မှာ ဗုန်းဗုန်းလဲသေသွားမှာပဲ။ ဒီလို အပူရှိန်အောက်မှာ သေမင်းကို စောင့်နေစရာ မလိုတော့ဘူး။ အလုပ်လုပ်နေရင်း၊ ကလေးကို လန်ချားနဲ့ ကျောင်းသွားပို့ရင်း၊ မာရဝါရီကြီးကို ရုပ်ရှင်ရုံလိုက်ပို့ရင်း သေသွားနိုင်တယ်"


“အဲဒီနေ့ကရော၊ ညကရော၊ နောက်တစ်နေ့အထိရော ရွာလိုက်တဲ့မိုး အုန်းအုန်းထ, နေတာပဲ။ မိုးတိမ်တွေကလဲ ပိန်းပိတ်လို့၊ တစ်မြို့လုံးကို မှောင်နေတာပဲ၊ နောက်တော့ တိမ်တွေက မီးခိုးတွေ၊ ဖုန်တွေနဲ့ လုံးသွားပြီး

 အသက်ရှုရတာ မဝသလို ဖြစ်လာတယ်။ လမ်းမမှာ လူတွေဟာ ဘာမဟုတ်တဲ့အကြောင်းကလေးနဲ့ ရန်ဖြစ်ကြတယ်။ လမ်းက အမှိုက်ပုံတွေထဲမှာ အစာရှာနေတဲ့ ကြွက်တွေနဲ့ ကျီးကန်းတွေတောင် ကြည့်ရတာ တစ်မျိုးဖြစ်လာ တယ်။ ကလေးတွေကလဲ တအီအီ ငိုနေကြတယ်။ ခွေးတွေကလဲ အဆက်မပြတ် အူနေကြတယ်။ ကျွန်တော့်စိတ်ထဲမှာ မိုးရွာတော့မယ်လို့ မထင်မိဘူး၊ ကမ္ဘာပျက်တော့မယ်လို့ ထင်နေတယ်"


“လူတော်တော်များများကို ကျွန်တော် ဆေးရုံကို လိုက်ပို့တယ်။ အသက်ရှူလို့ မရကြလို့တဲ့။ ဒါပေမယ့် ဆေးရုံကို ရောက်တော့လဲ ဘာမှ မထူးပါဘူး၊ သူတို့ကို ပစ်ထားလိုက်ကြတာပဲ။ တစ်ခါတော့ မြို့ပတ်လမ်းထိပ်နားက ပလက်ဖောင်းပေါ်မှာ အဘွားကြီးတစ်ယောက်လဲနေတာ တွေ့တာနဲ့ ကျွန်တော် သူ့ကို ဆေးရုံလိုက်ပို့တယ်။ အဘွားကြီးက ခန်းခြောက်နေပြီ။ သူ့အရေက ဂျပ်ထူပြားကြီးလို ဖြစ်နေတယ်။ ဒါနဲ့ သူ့ကို အုန်းစိမ်းရေတစ်လုံး ဝယ်တိုက်ပြီး ကျွန်တော် ဆေးရုံကို လိုက်ပို့တယ်"


“ဒီလိုနဲ့ မိုးမရွာဘဲ ပူစပ်ပူလောင်ကြီးဖြစ်နေတယ်။ သုံးရက်မြောက်နေ့ကျတော့ သဲမုန်တိုင်းကြီး တိုက်လာတယ်။ အို...ကာလကတ္တားတစ်မြို့လုံး သဲတွေအောက်မှာ ရောက်နေတာပဲ၊ ကြည့်ရတာကတော့ ဟိမဝန္တာတောင်နဲ့ တရုတ်ပြည်ဘက်က တိုက်လာတဲ့ လေမုန်တိုင်းထင်တာပဲ။ ကြောက်စရာကောင်းလိုက်တာခင်ဗျာ။ နေရာတကာမှာ သဲတွေချည်းပဲ။ လူတွေရဲ့ ပါးစပ်တွေထဲမှာ၊ နှာခေါင်းတွေထဲမှာ သဲတွေချည်းပဲ။ ကျွန်တော့်မှာလည်း ချောင်းဆိုးသွေးပါ ရောဂါကြောင့်လား၊ အဲဒီ သဲတွေကြောင့်ပဲလားတော့ မသိဘူး၊ နှစ်ရက်သုံးရက်လောက်လည်းရှိ​ရော ကျွန်တော့်လန်ချားလှည်းသန်ကို မ,လို့ မရတော့ဘူး၊ မထနိုင်တော့ဘူး။ ဒါနဲ့ ကျွန်တော့်လန်ချားရှေ့က ထိုင်ခုံကလေးပေါ်မှာ ခြေနှစ်ချောင်းထောင်ပြီး လှဲနေရတယ်။ အသက်ရှူလို့ ဝအောင်ဆိုပြီး ကြံဖန်နေရတာလေ။ ခေါင်းထဲကလည်း မူး၊ မျက်စိကလည်းစပ်ပြီး ကျိန်းနေတယ်။ ကျွန်တော့်ဝမ်းဗိုက်တွေကလည်း ကြွက်တက်လို့ အခုံးတွေ ဖြစ်နေတယ်။ လန်ချားပေါ်မှာ ဘယ်လောက်ကြာအောင် လှဲနေသလဲမသိဘူး။ မိုးတိမ်တွေ မည်းမှောင်နေတော့ နေလုံးကိုလည်း မမြင်ရဘူးမဟုတ်လား”


သို့ဖြင့် ကာလကတ္တားမြို့ကို ဖုံးအုပ်ခြောက်လှန့်နေသော ခြောက်အိပ်မက်ကြီးသည် ရက်ပေါင်းများစွာ ကြာသည်။ သုခမြို့တော်အတွင်း၌ကား ရှိသမျှရေတွင်းရေကန်တို့ ရေခန်းကုန်ကြပြီ။ ရေငွေ့ဓာတ်ခန်းခြောက်၍ သေသူဦးရေမှာ လည်း သုံးဆများလာခဲ့သည်။


မက်စ်တွင်ရှိသည့် ထိုးဆေးများမှာလည်း နာရီအနည်းငယ်အတွင်းတွင် ကုန်သွားသည်။ ခြောက်ရက်မြောက်နေ့ မွန်းတည့်ချိန်တွင် အပူချိန်မှာ ဖာရင်ဟိုက် ပြဒါးတိုင်တွင် ၁၁၇ ဒီဂရီရှိနေလေပြီ။ လေကလည်း ငြိမ်သွားသဖြင့် သုခမြို့တော်သည် မီးလျှံစောင်ကြီးတစ်ထည်အောက်တွင် ရောက်နေသည့်နှယ် ဖြစ်နေသည်။ သို့တိုင် မိုးတစ်စက်မှ မရွာသေး။ ဤတွင် သည်နှစ် မိုးရွာပါတော့မည်လားဟု သံသယဖြစ်လာကြကာ သုခမြို့တော်ရှိ လူအားလုံးသည် သူတို့အိမ်ခေါင်းကလေးထဲတွင် လှဲရင်း ကံကြမ္မာကိုသာ စောင့်ဆိုင်းနေရတော့သည်။


နောက်တစ်နေ့တွင် မိုးပြေးကလေးတစ်ချက် ရွာသွားသည့်အတွက် မျှော်လင့်ချက် ဝင်လာကြပြန်သည်။ သို့ရာတွင် နေ့လယ်ပိုင်းတွင်မူ နတ်အပေါင်းတို့ကို ပူဇော်ပသ,သည့်တိုင် ပြဒါးတိုင်က အပူရှိန်သည် ကြောက်စရာကောင်းလောက်အောင် တက်လာပြန်သည်။ ထိုအထဲတွင် လူနာတွေ တိုးလာသည့်အတွက် ထိုလူနာများကို မက်စ် လိုက်ကြည့်ရပြန်သည်။ 


တစ်နေ့တွင် လူနာများကို လိုက်ကြည့်ရာမှ သူ့အိမ်ခေါင်းကလေးထဲသို့ မက်စ် ပြန်လာခဲ့သည်။ မောမောဖြင့် သူ့အိပ်ရာပေါ်တွင် လှဲနေစဉ် မွှေးကြိုင်အေးမြသော အရာတစ်ခု သူ့နဖူးကို လာထိသဖြင့် မက်စ် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ဗန်ဒိုနာက ရေမွှေးဆွတ်ထားသည် ပဝါကလေးတစ်ထည်ဖြင့် သူ့နဖူးပေါ်မှ ချွေးများကို သုတ်ပေးနေခြင်းဖြစ်သည်။ မက်စ်သည် ဗန်ဒိုနာ၏လက်ကို ဖမ်းဆုပ်လိုက်ပြီးနောက် သူ့နှုတ်ခမ်းများဖြင့် ထိလိုက်သည်။ ဗန်ဒိုနာ၏လက်က မွှေးမြနူးညံ့နေသည်။ သူ့လက်မှ အီသာနံ့နှင့် အရက်ပျံနံ့က ယစ်နေသည်။ မက်စ်သည် ထိုမျှ ညစ်ကျုဖွယ်ကောင်းသော ပတ်ဝန်းကျင်တွင် ထိုမျှနူးညံ့၍ ထိုမျှမွှေးပျံ့သော လက်ကလေးကို နမ်းလိုက်ရသည့်အတွက် အမောပြေသွားသည်။ 


အခန်းဝတွင် ရောက်နေသည့် လူမမာများသည် သူတို့နှစ်ယောက်ကိုကြည့်၍ တအံ့တသြဖြစ်နေကြသည်။ ထိုသို့ လူမြင်ကွင်းတွင် ချစ်ခင်ကြင်နာစွာ ဆက်ဆံခြင်းမျိုးသည် အိန္ဒိယတွင် ထူးဆန်းသောကိစ္စတစ်ခုဖြစ်နေသည်။ မက်စ်သည် ဗန်ဒိုနာ၏လက်ကို လွှတ်လိုက်၏။ သို့ရာတွင် သူ့နဖူးပေါ်တွင် တင်ထားသည့်အဝတ်စကလေးကိုမူ ထိုအတိုင်းထားသည်။


မက်စ်သည် ဗန်ဒိုနာ၏ချစ်ခင်ကြင်နာမှုကြောင့် အားရှိသလိုလို ဖြစ်သွားသည်။ သူသည် အထက်တန်းစားမိန်းမများနှင့် ဆက်ဆံခဲ့ဖူးပြီ။ သို့ရာတွင် ဗန်ဒိုနာ၏ချစ်ခင်ကြင်နာမှုလောက် မည်သူကမျှ နှစ်သိမ့်မှုမပေးနိုင်ခဲ့။ ဗန်ဒိုနာတွင် အိုးအိမ်မရှိ၊ အစေအပါးတွေမရှိ၊ ခမ်းနားသည့် ခုတင်ကြီးမရှိ။ သူ့သကြားလုံးဆိုင်၊ အိမ်ခေါင်းကလေး၊ ချမ်းအေးခြင်းနှင့် ဆာလောင်မွတ်သိပ်ခြင်းတို့ကိုသာ သူသိသည်။ သို့ရာတွင် သူ၏ တောက်ပသောအပြုံး၊ ကြင်နာမှုနှင့် တစ်ဖက်သားကို ကူညီရိုင်းပင်းမှုတို့သည် များစွာသောစည်းစိမ်ဥစ္စာတို့ထက် တန်ဖိုးရှိသည်ဟု သူထင်သည်။ သူ့ဆေးခန်းကလေးထဲသို့ နေ့စဉ်နှင့်အမျှ ရောက်လာသော လူနာများကြောင့် စိတ်ဓာတ်ပျက်ပြားသွားနိုင်သည့်တိုင် မက်စ်သည် ဗန်ဒိုနာ၏အားပေးနှစ်သိမ့်မှုတို့ကြောင့် ကြံ့ကြံ့ခံနိုင်ခဲ့သည်။


* * * 


“ညနေစောင်းလောက်မှာ မိုးတွေသည် သဲသဲမဲမဲ စရွာတော့တာပဲ။ မိုးက တော်တော်များတယ်။ ကတ္တရာလမ်းပေါ်ကို ရွာချလိုက်တော့ ကတ္တရာလမ်းမက အငွေ့ တွေ ပြန်နေတယ်” 


ဟာစရီပါးက ပြောသည်။ လယ်သမား ဟာစရီပါးသည် မိုးခေါင်သဖြင့် သူ့လယ်မြေကို စွန့်ကာ မြို့တော်သို့ ရောက်လာခဲ့ရခြင်းဖြစ်သည်။ သူ့အဖို့ မိုးဦးသည် နတ်ဒေဝတာတို့ပေးသနားသည့် ဆုလာဘ်ကြီးဖြစ်သည်။ သည်အချိန်ဆိုလျှင် မိုးဦးကျသဖြင့် သူတို့ရွာတွင် ပျော်ရွှင်ကခုန်နေကြလိမ့်မည်။ သူ့အဖေနှင့် အစ်ကိုသည် လယ်ကန်သင်းရိုးတွင်ထိုင်ကာ လယ်ပြင်တွင် ရေတွေဖွေးနေသည်ကို ကြည့်၍ ဝမ်းသာအားရ ဖြစ်နေကြပေလိမ့်မည်။ ဟာစရီပါးသည် ထိုရှုခင်းကို သူမြင်ခွင့်ကြုံမှ ကြုံရပါဦးမည်လောဟု တွေးကာ သက်ပြင်းတစ်ချက်ကို ချသည်။


မုတ်သုံရာသီ၏ ပထမဆုံးရွာသော မိုးဦးမှာ တော်တော်သည်းသည်။ မိုးစက်များသည် သန်းပေါင်းများစွာသော လက်ချောင်းများဖြင့် ဗုံများကို တီးလိုက်သလို တဗုန်းဗုန်းမြည်နေတော့သည်။ ဟာစရီပါးသည် လန်ချားအမိုးကို တင်သည်။ သူ့တစ်ကိုယ်လုံး ရေတွေ စိုရွှဲသွားသဖြင့် သူပျော်သွားသည်။


“ခဏနေတော့ ပူနွေးနေတဲ့ မိုးစက်ပေါက်တွေ ကြားက မိုးသက်လေ ပြင်းပြင်းတိုက်လာလို့ တော်တော်အေးသွားတယ်။ မုန်တိုင်းကြောင့် လေပူတွေနဲ့ မွန်းကျပ်နေတဲ့ မြို့ကြီးပေါ်ကို လေအေးကြီးတိုက်လာတော့ ရေခဲသေတ္တာကြီး ကို ဖွင့်လိုက်သလို အေးသွားတာပဲ။ အဲဒီအချိန်ကျတော့ မိုးသံလေသံတွေကိုပဲ ကြားရတော့တယ်။ တခြားဘာသံမှမကြားရတော့ဘူး။ လူတွေဟာ ပျော်လွန်းလို့ မိုးရေထဲထွက်ပြီး ပြေးနေကြတယ်။ ကိုယ်လုံးတီးနဲ့ ကလေးတွေက လမ်းကအမှိုက်တွေထဲမှာ ပြေးလွှားကစားနေကြတယ်။ အမျိုးသမီးတွေကလဲ မိုးရေထဲမှာ မိုးရေစိုခံနေကြတယ်။ သူတို့ကိုယ်ပေါ်က ဆာရီတွေဟာ ရေစိုပြီး ကိုယ်နဲ့ကပ်နေတော့ ထီးရိုးဝါးပင်မှာ ကပ်နေတဲ့ ဝါးအခွံတွေလို ဖြစ်နေတယ်”


“မြို့ပတ်လမ်းမှာရှိတဲ့ လန်ချားဂိတ်မှာဆိုရင် ကျွန်တော်တို့လန်ချားသမားတွေ ပျော်လွန်းလို့ သီချင်းတွေဆိုလို့။ ကျွန်တော်တို့တစ်တွေ သီချင်းဆိုတော့ အနီးအနားတစ်ဝိုက်မှာရှိတဲ့ တခြားအလုပ်သမားတွေလဲ ရောက်လာပြီး ကျွန်တော်တို့နဲ့အတူ ဝိုင်းပြီး သီချင်းဆိုကြတယ်။ မြို့ကြီးတစ်မြို့လုံးဟာ သူ့ကိုယ်သူ သန့်ရှင်းစင်ကြယ်အောင် မြစ်ထဲကို ဆင်းပြီး ရေချိုးနေကြသလိုပဲ။ အဲ...တစ်ခုပဲရှိတယ်။ ခု ကျွန်တော်တို့တစ်တွေ ရေချိုးနေတဲ့ မြစ်က မြေကြီးပေါ်က စီးလာတဲ့မြစ်မဟုတ်ဘူး၊ ကောင်းကင်က စီးလာတဲ့မြစ်ကြီး။ ဒါတစ်ခုပဲ ခြားနားတယ်။ ကျွန်တော်တို့မပြောပါနဲ့လေ၊ ဟာရင်တန်ပန်းခြံထဲမှာရှိတဲ့ အုန်းပင်ကြီးတွေတောင် ပျော်လို့ထင်ရဲ့၊ ယိမ်းထိုးလှုပ်ရှားနေကြတယ်။ အရင် တုန်းက သစ်ဖုန်တွေတက်ပြီး လူအိုကြီးတွေလိုဖြစ်နေတဲ့ သစ်ပင်ကြီးတွေလည်း မိုးရေကြောင့် လန်းဆန်းနုပျိုလာကြတယ်"


“ဒီလိုနဲ့ ကျွန်တော်တို့တစ်တွေ ပျော်ရွှင်နေကြတာဟာ တော်တော်ကြာသွားတယ်။ မိုးရေထဲမှာ အတူရေချိုးကြရင်း ကျွန်တော်တို့တစ်တွေဟာ ညီရင်းအစ်ကိုတွေလို ဖြစ်သွားကြတယ်။ ကူလီတွေနဲ့ သူဌေးတွေ၊ လန်ချားဝါလားတွေနဲ့ ဘာဘူတွေ၊ မာရဝါရီကုန်သည်ကြီးတွေနဲ့ ဘီဟာက လယ်သမားတွေ၊ ဟိန္ဒူနဲ့ မူဆလင်တွေ၊ ဇာတ်နိမ့်သူတွေနဲ့ ဇာတ်မြင့်သူတွေ။ ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ကို အသက်ဆက်ပေးလိုက်တဲ့ မိုးရေထဲမှာ ပူဇော်ပွဲကြီးတစ်ခုကို ကျင်းပနေကြသလိုပဲ"


“ဒီလို မိုးသည်းထန်စွာ ရွာနေရာက ခဏနေတော့ မိုးဟာ ချက်ချင်း တိတ်သွားပြီး နေထွက်လာတယ်။ ကာလကတ္တားမြို့ကြီးဟာ ပြောင်နေအောင် ပွတ်တိုက်ထားတဲ့ ဇလုံကြီးတစ်လုံးလို ပြောင်လက်တောက်ပနေတယ်။ ခဏနေ တော့ နောက်တစ်ကြိမ် မိုးတွေ ရွာလာပြန်တယ်"


ဟာစရီပါးသည် မိုးရွာသဖြင့် ပျော်နေသည်။ သုခမြို့တော် ဆင်းရဲသားရပ်ကွက်ကလေးထဲတွင် ရောက်နေသည့် မက်စ်သည်လည်း ချက်ချင်း ပြောင်းလဲသွားသော ရှုခင်းကိုကြည့်၍ အံ့သြနေသည်။


“ခပ်စောစောက လူတွေဟာ သေလုမျောပါး ဖြစ်နေသလို၊ ဇီဝိန်ချုပ်တော့မလို အပူရှိန်အောက်မှာ တလူးလူး တလှိမ့်လှိမ့်ဖြစ်နေကြတယ်။ ခုတော့လဲ မိုးရေတွေထဲမှာ မြူးလို့ပျော်လို့၊ ကလို့ခုန်လို့၊ တေးဆိုလို့၊ အော်ဟစ်လို့။ အမျိုးသားတွေက အင်္ကျီတွေကိုချွတ်ပြီး မိုးရေထဲကို ထွက်ပြေးကြတယ်။ အမျိုးသမီးတွေက အဝတ်အစားတွေနဲ့ မိုးရေထဲမှာ လျှောက်ပြေးကြတယ်။ သီချင်းတွေဆိုလို့၊ ကိုယ်လုံးတီးဖြစ်နေတဲ့ ကလေးတွေဟာ လမ်းမပေါ်မှာ

လျှောက်ပြေးကြတယ်။ တကယ့် ပွဲတော်ကြီးတစ်ခု၊ အစဉ်အလာရိုးရာပွဲတော်ကြီးတစ်ခု ကျင်းပနေသလိုပဲ” ဟု မက်စ်က ပြောသည်။


လမ်းထိပ်သို့ လှမ်းကြည့်လိုက်သည့်အခါတွင် အင်္ကျီမပါသည့် အရပ်မြင့်မြင့် လူဖြူတစ်ယောက်ကို သူမြင်သည်။ အခြားသူမဟုတ်။ ကိုဗာစကီးဖြစ်လေသည်။ ကိုဗာစကီးသည်လည်း လူအုပ်အလယ်ခေါင်တွင် က,ခုန်နေလေပြီ။

သူ့ရင်ပေါ်တွင် ဆွဲထားသည့် ငွေသားလက်ဝါးကပ်တိုင် ဆွဲကြိုးသည် စည်းချက်လိုက်သည့်နှယ် လှုပ်နေသည်။


* * * 


မိုးသည် သုံးရက်ဆက်၍ ရွာနေသည်။ ဘင်္ဂလားပြည်တွင် သည်လို မိုးမကြီးခဲ့သည်မှာကြာပြီ။ သည်လောက် မိုးကောင်းနေပြန်သည့်အခါတွင်ကား သူတို့ရပ်ကွက်ကလေးကို ရေလျှံဖုံးတော့မည်လောဆိုသည့် စိုးရိမ်စိတ်တွေ ဝင်လာခဲ့ ကြကာ ရေကြီးတော့မည်ဟု တစ်ယောက်တစ်ပေါက် ပြောလာခဲ့ကြသည်။ သူတို့ စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်စရာ။ ဘင်္ဂလားသည် မကြာခဏ ရေကြီးတတ်သည် မဟုတ်လော။ ပထမ မိုးဦး ရွာချသဖြင့် ဝမ်းသာ၍ မဆုံးသေးမီ ထီး၊ ရွက်ဖျင်စ၊ မိုးကာစ၊ ပလတ်စတစ်စ၊ ဂျပ်ထူပြား စသည်တို့ကို ရှာရပြန်သည်။ အိမ်တွေ မိုးမလုံသဖြင့် အမိုးကို ဖာထေးရန်ဖြစ်သည်။ အိမ်တွေထဲသို့ ရေဝင်သဖြင့် ခပ်ထုတ်ရန် ရေပုံး၊ ရေခွက်၊ ရေအိုးစသည်တို့ကို ရှာရပြန်သည်။


သို့ရာတွင် ဘယ်လောက်ပင် ခပ်ထုတ်ထုတ် ရေက ပြန်ဝင်လာမြဲပင်။ သူတို့၏သုခမြို့တော်သည် မြေပျော့ပေါ်တွင် တည်ထားပြီး အနိမ့်ပိုင်းတွင် ရောက်နေသဖြင့် လမ်းမမှ ရေများသည် သုခမြို့တော်သို့ စီးဝင်လာကြတော့သည်။ နောက်ဆုံး ခပ်ထုတ်၍မနိုင်တော့သည်အခါတွင် အုတ်ခဲများကို လိုက်ရှာရသည်။ အုတ်ခဲတွေကို ဆင့်ပြီး ကလေးများ၊ အဖိုးတန်ပစ္စည်းများကို တင်ထားရန်ဖြစ်သည်။ သို့ဖြင့် တတ်နိုင်သမျှ ရေကိုတားသည့်တိုင် မရတော့။ နောက်ဆုံးတွင် ကြောက်စရာကောင်းသည့်အသံကို ကြားလာရသည်။ ထိုအသံမှာ ရေလှိုင်းပုတ်သံဖြစ်သည်။


တစ်ညနေတွင်မူ သူ့ အခန်းချင်း ကပ်လျက်မှ ခပ်သဲ့သဲ့အော်သံတစ်ခုကို မက်စ် ကြားလိုက်ရသဖြင့် အကျိုးအကြောင်းကို စုံစမ်းရန် တစ်ဖက်သို့ ကူးလာခဲ့သည်။ ပထမဆုံး မိုးရွာသည့်နေ့က သူ့ကို ထီးတစ်လက်လာပေးခဲ့သည့် သူငယ်မလေးမှာ အိမ်ထဲသို့ ဝင်လာသည့် ညစ်ပတ်သော ရေထဲတွင် မြုပ်လုမြုပ်ခင်ဖြစ်နေသည်ကို တွေ့ရသည်။ မက်စ်သည် သူ့ကို ဆံပင်မှဆွဲ၍ ဆယ်လိုက်ပြီးနောက် သူ့အခန်းသို့ ပွေ့ခေါ်လာခဲ့သည်။


ယခုအချိန်၌ သူ့အခန်းလေးမှာလည်း ဗွက်အိုင်ကြီးဖြစ်နေလေပြီ။ အညစ်အကြေးမြောင်းများ၊ နွားတင်းကုပ်များမှ လျှံကျလာသော ရေများသည် သူ့အခန်းကလေးကို ဖုံးနေလေပြီ။ ဗန်ဒိုနာက အဝတ်စတစ်ခုကို ယူလာကာ မျက်နှာကြက် ထောင့်လေးထောင့်တွင် ကြိုးဖြင့် သိုင်းကာ ပုခက်လို လုပ်ပေးထားသဖြင့် ထိုအပေါ်မှာ နို့မှုန့်ဘူးများ၊ ဆေးပုလင်းများကို တင်ထားရသည်။ မိုးယိုသည့်နေရာများတွင်မူ ထီးကိုဖွင့်၍ ပက်လက်လှန်ချိတ်ထားသော ထီးရွက်ထဲတွင် ရေပြည့်လာသည်နှင့် အပြင်သို့ ထုတ်၍ သွန်ပစ်ရသည်။


စိုစွတ်ထိုင်းမှိုင်းခြင်း၊ ညစ်ပတ်သောရေတို့ ဖုံးခြင်း စသည်တို့နောက်တွင် ငတ်မွတ်ခြင်း လိုက်လာသည်။ ထင်းဆိုက်သည့် နွားချေးခြောက်များမှာ ရေစို၍ အရည်ပျော်ကုန်သဖြင့် ထမင်းဟင်းချက်စရာ ထင်းမရှိတော့။ မီးခြစ်များကလည်း ရေစိုနေ၍ မီးခြစ်ခြစ်၍ မရတော့။


“ဆရာကြီး၊ မီးခြစ်က ခြစ်လို့မရရင် ချိုင်းအောက်ကို ပူသွားအောင် ပွတ်ပေးရတယ်၊ အဲဒီတော့မှ အပူအငွေ့နဲ့ နည်းနည်းခြောက်သွားပြီး ယမ်းမှာ မီးစွဲတာ” ဟု ကာလီမက ပြောသည်။


ကိုဗာစကီးသည် သူပြောသည့်အတိုင်း မီးခြစ်ခွံကို ချိုင်းကြားထဲသို့ သွင်းကာ နာနာပွတ်သည်။ သို့ရာတွင် သူ့လိုအနောက်နိုင်ငံသားတစ်ဦး၏ချိုင်းသည် မီးခြစ်ခွံကို အပူငွေ့ ပေးရန် မတတ်နိုင်ချေတကား။ သို့ဖြင့် ကိုဗာစကီးသည် မီးခြစ်ခြစ်သည့် အလုပ်ကို လက်လျှော့လိုက်ရသည်။


ကိုဗာစကီးသည် တဲပြင်သို့ ထွက်လာကာ မာဂရီတာ၊ ဆာလာဒင်နှင့် ဗန်ဒိုနာတို့ကို လိုက်ရှာသည်။ ရေက သူ့ရင်ခေါင်းလောက် ရောက်နေပြီ။ သူတို့၏ကူညီရေးအဖွဲ့က လှုပ်ရှားမှဖြစ်မည်။ အခြေအနေသည် တဖြည်းဖြည်း ဆိုးရွားလာနေပြီ။


သူတို့ရပ်ကွက်ကလေးမှာသာမက ကာလကတ္တားတစ်မြို့လုံးသည်လည်း အလားတူ ခြောက်အိပ်မက်မျိုးကို ကြုံတွေ့နေရသည်။ ကာလကတ္တားမြို့ အရှေ့ပိုင်းရှိ မြေနိမ့်ရပ်ကွက်များတွင်ဆိုလျှင် လူထောင်ပေါင်းများစွာတို့သည် အိုးအိမ်များကို စွန့်ပစ်ထွက်သွားကြရသည်။ သို့မဟုတ်လျှင်လည်း အိမ်ခေါင်မိုးများပေါ်တွင် တက်နေကြရသည်။ ကာလကတ္တားတစ်မြို့လုံး မှောင်မည်းလျက်။ ဓာတ်အားပြောင်းစက်များနှင့် မြေအောက်လျှပ်စစ်ကြိုးများသည် ရေအောက်သို့ ရောက်ကုန်ကြသည်။ မီးရထားများလည်း ရေလျှံသဖြင့် ရပ်ကုန်ကြပြီ။ အခြားသောယာဉ်များလည်း ရပ်တန့်ကုန်ကြပြီ။ ဤတွင် ရိက္ခာပြဿနာပေါ်လာသည်။ အာလူးတစ်ပေါင်ကို ငါးကျပ်၊ ကြက်ဥတစ်လုံးကို တစ်ကျပ်ကျော်ကျော်ဖြစ်လာသည်။


မြို့တစ်မြို့လုံးတွင် အခြားသောယာဉ်များ မရှိသည့်အတွက် လန်ချားသမားများ ဝမ်းသာကြသည်။ ဟာစရီပါးမှာမူ သူ့သမီး မင်္ဂလာဆောင်ရန်အတွက် မိုးတွေ ဆက်တိုက်ရွာပြီး လမ်းတွေ ပိတ်ကုန်ပါစေဟုပင် ဆုတောင်းမိသေးသည်။


“ခါတိုင်းဆိုရင် ကာလကတ္တားလမ်းတွေပေါ်မှာ အနီရောင်နှစ်ထပ်ဘတ်စ်ကားကြီးတွေ၊ အဖြူနဲ့အပြာသုတ်ထားတဲ့ ဓာတ်ရထားတွေ၊ ဆာရာဂျီရဲ့ အဝါရောင်သုတ်ထားတဲ့ တက္ကစီတွေ၊ အင်ဘာဆေးဒါးကိုယ်ပိုင်ကားကြီးတွေ မင်းမူနေတာပဲ။ ခုတော့ ဘယ့်နှယ်ရှိစ၊ ဒီကားတွေအားလုံး ရပ်ကုန်ပြီ။ အင်ဂျင်ထဲ ရေဝင်တဲ့ကောင်နဲ့၊ ဘော်ဒီတစ်ဝက်လောက်အထိ ရွှံ့ထဲမြုပ်တဲ့ကောင်နဲ့၊ ခုတော့ မလှုပ်နိုင်တော့ဘူး။ ဝမ်းသာလိုက်တာခင်ဗျာ၊ သူတို့ကို ကြည့်ရတာ ဟူဂလီမြစ်ကမ်းပေါ်မှာ တင်နေတဲ့ လှေပျက်၊ မော်တော်ပျက်၊ သင်္ဘောပျက်တွေ ကျနေတာပဲ။ ကားပေါ်မှာ ခရီးသည်တွေ မရှိတော့ဘူး၊ ဒရိုင်ဘာတွေ စပယ်ယာတွေလည်း မရှိတော့ဘူး၊ ကျွန်တော်တို့အပေါ် အနိုင်ကျင့်ခဲ့သမျှ ဗိုလ်ကျခဲ့သမျှ ခုတော့မှ ပြန်ပြီးလက်စားချေခွင့်ရတော့တယ်။ ခရီးသည်တွေကလည်း တစ်မျိုး၊ အရင်တုန်းကတော့ ကျွန်တော်တို့ကို မတန်တဆ ဈေးဆစ်တယ်၊ အနိုင်ကျင့်တယ်၊ သဟောက်သဟဲ လုပ်ကြတယ်။ ခုတော့ ဘာရမလဲ၊ သူတို့တစ်တွေ ကျွန်တော်တို့တောင်းတဲ့ဈေးကို ပေးရတော့တာပေါ့။ ရေတွေဖုံးနေတဲ့ လမ်းမတွေပေါ်ကို ကျွန်တော်တို့လန်ချားတွေပဲ သွားရတယ် မဟုတ်လား၊ ကျွန်တော်တို့လန်ချားကတော့ ဘီးတွေကလည်း အမြင့်ကြီး၊ ကျွန်တော်တို့ကလည်း ခြေထောက်နဲ့သွားရတာ၊ ဘယ်နေရာဖြစ်ဖြစ် ဝင်လို့ရတာပေါ့။ လန်ချားသမားဆိုရင် ဟိုကခေါ် သည်ကခေါ်၊ လိုက်ပို့ဖို့ တောင်းပန်တဲ့လူက တောင်းပန်၊ ဒီတစ်ခါပဲ ကျွန်တော်တို့ အသာစီးရတယ်။ ကာလကတ္တားမြို့ကြီး ရေလွှမ်းတဲ့ အကြောင်းအတွက်ကြောင့် ကျွန်တော်တို့ဟာ အစော်ကားခံ၊ အငြင်းပယ်ခံ၊ အနှိမ်ခံ မဟုတ်တော့ဘူး။ ခါတိုင်းဆိုရင် မြန်မြန်မသွားရကောင်းလားဆိုပြီး လန်ချားပေါ်က ခြေထောက်နဲ့ လှမ်းကန်ချင်ကြတယ်၊ သူတို့လိုရာခရီးကို ရောက်တာနဲ့ အစတုန်းက ဒီဈေးနဲ့ ပြောထား စီးထားတာ မဟုတ်ဘူး၊ ရော့ မယူချင်နေ ယူချင်ယူဆိုပြီး သူတို့ ပေးချင်သမျှကို လမ်းမပေါ်ပစ်ချပြီး ပေးသွားတာမျိုးတွေ ကြုံဖူးတယ်။ ခုတော့ သင်းတို့တစ်တွေလည်း ဘယ့်နှယ်ရှိစ၊ သူ့ငှားပါ, ငါ့ငှားပါနဲ့ ဝိုင်းအုံပြီး လန်ချားခဆိုရင်လည်း အရင်ကထက် လေးငါးဆပေးပြီး စီးကြရတယ်၊ ကျွန်တော်တို့အတွက်တော့ ရတနာပုံ ဆိုက်တာပေါ့”


ဟာစရီပါးသည် သူ့တွက်ကိန်းနှင့်သူ ကျေနပ်နေသည်။


အတိုဆုံးခရီးကိုပင်လျှင် မိုးမကျမီက တစ်နေ့ဆွဲရသည့်အခထက် ပိုရသည်။ သို့ရာတွင် ပင်ပန်းသည်ကတော့ အမှန်။ ရေတွေဖုံးနေသဖြင့် လမ်းပေါ်တွင် ဘာမျှမမြင်ရ၊ ရေအောက်တွင် ရောက်နေသည့် အတားအဆီးတိုင်းသည် ထောင်ချောက်များသဖွယ် ဖြစ်နေကြသည်။ တခြားမပြောနှင့်။ မြေကြီးပေါ်တွင်ရှိနေသည့် သံပြားစ တစ်ချပ်သည်ပင်လျှင် သူ့ခြေဖဝါးတွင် လာစိုက်နေနိုင်သည်။


“ပေါင်လယ်လောက်ရောက်တဲ့ ရေထဲမှာ လန်ချားဆွဲရတာဆိုတော့ တစ်ခါတလေမှာလည်း ခွေးသေကောင်ပုပ်တို့၊ ကြွက်သေကောင်ပုပ်တို့ကို တက်နင်းမိတာပေါ့၊ ဒါပေမယ့် ဒါ အသေးအဖွဲ့ပါ၊ တစ်ကိုယ်လုံး ချွေးတွေ ပြိုက်ပြိုက်ကျနေတဲ့ ကိုယ်ပေါ်ကို မိုးပေါက်တွေ တရစပ် ပက်နေတာက အဆိုးဆုံးပဲ၊ ဒါတွေကို ဘယ်သုတ်နေနိုင်မှာတုန်း၊ တစ်ခေါက်ဆွဲပြီးတိုင်း အင်္ကျီကိုချွတ်ညှစ်ပြီး သုတ်နေဖို့လည်း အချိန်ရတာ မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ တော်တော်များများမှာ အရေပြားရောဂါတွေ ဖြစ်ကုန်ကြတယ်၊ တချို့ ခြေထောက်တွေဆိုရင် ဖူးရောင်ပြီး ပွတတကြီးတွေ ဖြစ်နေတယ်။ အနာတွေ၊ အပွန်းအပဲ့တွေကလည်း တစ်ကိုယ်လုံး ပြည့်နေတာပဲ၊ ပိုဆိုးတာကတော့ ခန္ဓာကိုယ်က စိုလိုက်ခြောက်လိုက် ဖြစ်နေတာက အဆိုးဆုံးပဲ။ ကျွန်တော့်အတွက်တော့ ပိုဆိုးတာပေါ့၊ ကျွန်တော်တို့လန်ချားသမား တော်တော်များများဟာ အဆုတ်အအေးမိပြီး သေကုန်ကြတယ်၊ အဆုတ်အအေးမိတာက အနီဖျားလို့ ခေါ်တဲ့ ချောင်းဆိုးသွေးပါ ရောဂါလောက်တော့ မဆိုးဘူးထင်တယ်။ သူက တုန်ဖျားပြီး ခဏကြာတော့ ချောင်းတစ်ချက်မှ မဆိုးလိုက်ရဘဲ သေချင် သေသွားတာကိုး။ ကျွန်တော့်လန်ချားကို တစ်လှည့်စီဆွဲတဲ့ ရာမာတူလာကတော့ အဲဒီလို အအေးမိရောဂါဖြစ်တာ ကောင်းတယ်တဲ့၊ အနီဖျားလို တရှောင်ရှောင်ဖြစ်ပြီး သွေးတွေဘာတွေ အန်မနေဘူးတဲ့၊ ချက်ချင်း သေသွားတာပဲတဲ့”


ဟာစရီပါးက မိုးရွာသည့် ပထမနှစ်ရက်အတွင်း ဆွဲ၍ရသည့် လန်ချားခကို သူ့မိတ်ဆွေ တက္ကစီဒရိုင်ဘာကို ပြသည့်အခါတွင် တက္ကစီဒရိုင်ဘာသည် တအံ့တဩဖြစ်နေသည်။


“အလိုလို၊ နင့်အတွက်တော့ မိုးရွာတာမဟုတ်ဘူးဟေ့၊ ရွှေမိုး ငွေမိုးရွာတာ” ဟုဆိုသည်။ 


သို့ရာတွင် လန်ချားသမား ဟာစရီပါး၏ပျော်ရွှင်မှုသည် ကြာရှည်မခံလိုက်။ နောက်တစ်နေ့မနက် မြို့ပတ်လမ်းထိပ်ရှိ လန်ချားမှတ်တိုင်သို့ ရောက်သည့်အခါ လှည်းအိုကြီးတစ်စီးအနီးတွင် ဝိုင်းအုံနေကြသည့် အဖော်လန်ချားသမားများကို မြင်ရသည်။ ဟာစရီပါးသည် သူနှင့် လန်ချားဆွဲဖက် ရာမာတူလာကို ရှာကြည့်၏။ ရှာ၍မတွေ့။ သူတို့လန်ချားဂိတ်တွင် အသက်အကြီးဆုံးဖြစ်သည့် လန်ချားသမားကြီးက ပြောမှ အကျိုးအကြောင်းကို သူသိရသည်။


“ဟေး ဟာစရီပါး၊ နင့်ကောင် ရာမာတူလာ မလကီးယားသွားပြီ။ နင့်ကောင် လန်ချားဆွဲလာရင်း မြောင်းဖုံးမရှိတဲ့ အပေါက်ကြီးထဲကို ကျသွားပါရောလား၊ မနေ့ကပါဆိုရင် မြောင်းဖုံးပေါက်ထဲကျလို့သေတာ သုံးယောက်တောင်ရှိသွားပြီ။ မြူနီစီပယ် ဘာဘူကြီးက ရေတွေမဝပ်ဘဲ မြန်မြန်စီးသွားအောင် မြောင်းဖုံးတွေကို အဖွင့်ခိုင်းထားတာတဲ့”


* * * 


ကိုဗာစကီးသည် နီဇာမူဒင် လမ်းကြားရှိ မိမိ၏အိမ်ဟောင်းကလေးရှေ့ မှ ဖြတ်လာခဲ့သည်။ ထိုစဉ် လက်ကလေးတစ်ဖက်က သူ့ကို လာထိ၏။ သူက လက်ကို လှမ်းဆွဲလိုက်သည်။ သို့ရာတွင် လက်သည် မလှုပ်မယှက်။ ကိုဗာစကီး ရေထဲတွင် မျောနေသည့် ခန္ဓာကိုယ်ကလေးကို ဆယ်ယူကာ ဆူရေးယား၏ လက်ဖက်ရည်ဆိုင်ရှေ့ ရေမမြုပ်သေးသည့် စင်မြင့်ကလေးတစ်ခုပေါ်သို့ တင်လိုက်သည်။ ထိုနောက် ရေတစွက်စွက်ထဲမှ ဖြတ်လာခဲ့ကာ မာဘူ၏အိမ်တံခါးကို လှမ်းဆွဲလိုက်ပြီး သူ့အခန်းဘေးရှိ ဆာဗီးယား၏အမေ့အိမ်တံခါးကို ခေါက်သည်။ အထဲမှ ဘာသံမှ မကြားရ။ လမ်းကြားကလေးတစ်ခုလုံးသည် ရုပ်ရှင်ရိုက်ပြီး၍ ဇာတ်ဆောင်တွေထွက်သွားသော ရိုက်ကွင်းတစ်ခုလို တိတ်ဆိတ်နေသည်။ အသံဗလံဆို၍ မိုးစက်များ၏တဖျန်းဖျန်းကျသံ၊ ရေလှိုင်းတို့ ရိုက်သံနှင့် ကြွက်တွင်းများထဲမှ ထွက်လာကာ ဟိုပြေးသည်ပြေး ပြေးနေကြသော ကြွက်များ၏ တကျွိကျွိမြည်သံတို့ကိုသာ ကြားရသည်။ တစ်ခါတစ်ရံတွင် ကြွက်များသည် ပလုံခနဲမြည်ကာ ရေထဲသို့ ကျသွားကြသည်။ ကိုဗာစကီးသည် ရေအောက်မှ မြောင်းထဲသို့ ကျမည်စိုးသဖြင့် ခြေလှမ်းကို သတိကြီးစွာ လှမ်းရင်း တဖြည်းဖြည်း ရှေ့သို့ တိုးလာခဲ့သည်။ မက်စ်၏အိမ်ရှေ့သို့အရောက် ရေထဲတွင် ဆုတောင်းဝတ်ပြုနေကြသော ကူညီရေးအသင်းဝင်များကို တွေ့ရသည်။


“ဆရာကြီး၊ ကျွန်တော်တို့တော့ ဒုက္ခရောက်ကုန်ကြပြီ။ လူတွေကလည်း ဟိုပြေးဒီပြေး ပြေးကုန်ကြပြီ။ ကျွန်တော်တို့အရပ်ထဲကတော့ အားလုံး ပလီကြီးထဲမှာ ရောက်နေကြပြီ။ စုစုပေါင်း ငါးရာလောက်ရှိမယ် ထင်တယ်”


ဆာလာဒင်က ပြောသည်။ ထိုအရပ်ထဲရှိ မက်စဂျစ်ပလီကြီးမှာ အထပ်ပေါင်းများစွာရှိသဖြင့် တော်သေးသည်ဟု ဆိုရမည်။


“ကျွန်မအထင်တော့ ဂင်္ဂါမြစ်မှာ ရေကြီးတယ်ထင်တာပဲ” ဟု မာဂရီတာက ပြောသည်။ သူ့ဆာရီသည် ရေတွေစိုရွှဲနေသဖြင့် ကိုယ်လုံးတွင် ချပ်ချပ်ရပ်ရပ် ကပ်နေသည်။


“သတင်းကတော့ မကောင်းဘူး ဆရာကြီးရေ၊ ကျွန်တော်တို့တစ်တွေ ရပ်ကြည့်နေလို့ မဖြစ်ဘူး။ တစ်ခုခုတော့ လုပ်မှဖြစ်မယ် ထင်တယ်” ဟု ကပြား ဂျွန်က ပြောသည်။


“ဟုတ်တာပေါ့” ဟု ကိုဗာစကီးက ပြောသည်။


ထို့နောက် အားလုံး တိတ်ဆိတ်နေကြသည်။ သူတို့အားလုံးသည် သူတို့လုပ်ရမည့် လုပ်ငန်းကို တွေး၍ ရင်လေးနေကြသည်။ လုပ်ရမည့်အလုပ်က နည်းသည့်တာဝန်ကြီး မဟုတ်။ သို့ရာတွင် သူတို့မှာ ဘာမှ အင်အားမရှိ။


“လောလောဆယ်ကတော့ လူတွေကို ကာလဝမ်းရောဂါကာကွယ်ဆေး ထိုးဖို့လိုတယ်။ ခဏနေရင် ဝမ်းရောဂါဖြစ်လာနိုင်တယ်”


မက်စ်ကစ၍ ပြောသည်။ 


“ခင်ဗျားမှာ ထိုးဆေး ဘယ်လောက်ရှိလို့လဲ”


ကိုဗာစကီးက မျက်နှာကြက်အောက် အဝတ်ပုခက်ပေါ်တွင် တင်ထားသည့် ဆေးသေတ္တာများကို လှမ်းကြည့်ရင်း မေး၏။


“ဘယ်ရှိမှာလဲ၊ နည်းနည်းလေးပဲ ရှိတာပေါ့၊ ကျန်တာကိုတော့ ဆေးရုံတွေမှာ လှည့်ပြီး အလှူခံရမှာပဲ”


ဆေးရုံတွေလှည့်ပြီး အလှူခံမည်ဆိုသဖြင့် သူ့စကားကို သဘောကျ၍ ပရိသတ်က ပြုံးကြသည်။


“အမေရိကန်ဟာ တော်တော်ခက်တာပဲ။ ဆေးရုံတွေလှည့်ပြီး အလှူခံလို့ ရမှာတဲ့လား။ မီယာမီကို ရောက်နေတာလို့များ ထင်နေသလား မသိဘူး” ဟု ကိုဗာစကီး တွေးနေသည်။


“အရေးကြီးတာက စားသောက်စရာတွေ ရှာရမယ် ခင်ဗျ။ ခုဆိုရင် အစားအသောက်ရော၊ ရေရော ပြတ်တဲ့လူတော်တော်များနေပြီ” ဟု ဆာလာဒင်က ပြောသည်။


“ဟုတ်တယ်၊ အဲဒါက ပိုအရေးကြီးတယ်” ဟု ကိုဗာစကီးက ထောက်ခံ၏။


“ဒါတွေထက် အရေးကြီးတာက အိမ်တွေထဲမှာ ကျန်ရစ်ခဲ့တဲ့ အဘိုးအို, အဘွားအိုတွေကို လိုက်ရှာပြီး ကယ်ဖို့လိုတယ်။ တချို့ဆိုရင် မသွားနိုင်, မလာနိုင်လို့ အိမ်တွေထဲမှာ ဒီအတိုင်း ပစ်ထားခဲ့ရတယ်။ ရေနစ်သေကုန်လိမ့်မယ်”


ဗန်ဒိုနာက ပြောသည်။ သူ့အသံသည် ပျော့ပျောင်းတိုးတိတ်သည့်တိုင် ပြတ်သားခိုင်မာသည်။


“ဟုတ်တယ်၊ ဟုတ်တယ်၊ နေဦးဗျ၊ ကိုယ်ရေပြားရောဂါသည်တွေကော ကျန်ပါသေးလား။ ကဲ...ကြာတယ်ဗျာ။ ခင်ဗျားတို့သုံးယောက်က သက်ကြီးရွယ်အိုတွေကို သွားခေါ်ကြ။ ကျွန်တော်နဲ့ ဂျွန်က ကိုယ်ရေပြားရောဂါသည်တွေကို သွားခေါ်ကြမယ်။ ပလီမှာ ပြန်ဆုံမယ်”


သောကြာနေ့တိုင်း ဝတ်တက်ခဲ့ကြသော ပလီကြီး။ ထိုညတွင်မူ ထိုပလီကြီးသည် ရေလယ်ခေါင်က မီးပြတိုက်ကြီးနှင့် တူနေသည်။ ရာပေါင်းများစွာသော ရေဘေးဒုက္ခသည်များသည် ပလီကြီး၏ပြတင်းပေါက်များကို တွယ်တက်လာခဲ့ကြကာ တစ်ယောက်ကို တစ်ယောက် တိုးဝှေ့ အော်ဟစ်ခေါ် နေကြသည်။ အချို့လည်း ရောက်လာနေကြဆဲ။ အဖေများက ကလေးသုံးလေးယောက်ကို ပခုံးတွင် ထမ်းလျက်၊ အမေများက မရှိမဲ့ ရှိမဲ့ ပစ္စည်းကလေးကို ထုပ်ပိုးကာ ခေါင်းပေါ်တွင် ရွက်လျက်၊ တစ်ခါတစ်ရံတွင်လည်း နို့စို့ကလေးငယ်များကို ချီလျက်၊ ရေထဲတွင် တစွက်စွက်နှင့် လျှောက်လာနေကြသည်။ ပလီကြီးမှာ ဝင်ပေါက်တစ်ပေါက်တည်းသာရှိသည့်အတွက် ထိုတံခါးကို ပြုံတိုးနေကြသည်။ 


အထဲသို့ရောက်သည့်အခါတွင်လည်း ဆူညံ အော်ဟစ်လျက်။ ဒန်တေ၏ငရဲခန်းပျို့ထဲကလို ကြောက်လန့်တကြား အော်ဟစ်သံ၊ ငိုယိုသံ၊ ရန်ဖြစ်သံတို့ဖြင့် ဆူညံနေတော့သည်။ ရေမှာ ပလီအောက်ထပ်ကို စ၍ ဝင်နေပြီဖြစ်သဖြင့် အားလုံးသည် ပထမထပ်ကို လုတက်နေကြသည်။ ထိုစဉ် အပြင်ဘက် လသာဆောင်မှာ မိုးရေတွေ စီးလာပြန်သဖြင့် ပထမထပ်တွင်လည်း ရေဝင်လာပြန်သည်။ အချို့ လူငယ်များက တံခါးများကို ပိတ်ကြသည်။ အချို့ကလည်း ဝင်လာသောရေများကို စားပွဲများ၊ ခုံများဖြင့် ဆို့ကြသည်။ အထဲတွင် မည်းမှောင်လျက်ရှိပြီး လူတွေက ကျိတ်ကျိတ်တိုးနေသဖြင့် အသက်ရှူရကျပ်ကာ အချို့မှာ မူးမေ့လဲကျသွားကြသည်။ ဝမ်းတစစ်စစ် သွားနေသည့် ကလေးများကလည်း ဝမ်းတွေ သွားကြသည်။ ပထမဆုံး သေသွားသည့် ကလေးငယ်များ၏အလောင်းကို ခေါင်းတွေပေါ်မှ ကောက်ပြီး တစ်ယောက်တစ်လက်ဖြင့် လက်ဆင့်ကမ်း အပြင်သို့ ထုတ်ရသည်။ 


သူတို့ ပလီထဲရောက်ပြီး မကြာမီမှာပင် သုခမြို့တော်ရှိ တဲသိုက်များကို ရေတိုက်စားကာ အားလုံး ရေထဲပါသွားပြီဆိုသည့် သတင်းများ ပေါ်ထွက်လာခဲ့သည်။ မီးရထားလမ်း တာရိုးကြီးအောက် အနိမ့်ပိုင်းတွင်ရှိသည့် ကိုယ်ရေပြား ရောဂါသည်တို့၏ ရပ်ကွက်ကလေးမှာ ယခုအချိန်တွင် ရေအောက်သို့ လုံးဝရောက်သွားလေပြီ။ အချို့မှာ အိမ်ခေါင်မိုးများပေါ်တွင် တက်နေကြရသည်။ အချို့မှာလည်း နည်းနည်းသန်စွမ်းသူများက တစ်ယောက်ပေါ်တစ်ယောက် ဆင့်ပြီး အပေါ်သို့ မ,ထားရသည်။ ခြေတစ်ဖက်မရှိတော့သည့် အန်နွာမှာ ထိုတစ်ယောက်ပခုံးကို တစ်ယောက် တက်နင်းကာ မ,ထားသည့်အထဲတွင် ထိပ်ဆုံးမှ ရောက်နေသည်။


“ဗျို့...အန်နွာ၊ ကြည့်စမ်း...ခင်ဗျားကို လိုက်ရှာနေတာ” 


ကိုဗာစကီးက အလန့်တကြား အော်သည်။ 


“ကိစ္စမရှိပါဘူး ဆရာကြီး၊ ကျွန်တော်တို့အဖို့ ဒါမျိုးတွေရိုးနေပြီ” 


သူကမူ ပြုံး၍ပင် နေလိုက်သေးသည်။ သည်လောက် ဒုက္ခသုက္ခတွေကြားထဲမှာပင် ရယ်နိုင်ပြုံးနိုင်သော အန်နွာကို ကြည့်ပြီး ကိုဗာစကီး အံ့သြနေသည်။ “သူတို့တစ်တွေဟာ ဒုက္ခဆင်းရဲကို အဆုံးစွန် ခံစားရပြီးတဲ့နောက်မှာ ဘာကိုမှ မမှုကြတော့ဘူး။ သူတို့ဟာ ဒုက္ခရောက်နေတဲ့ ကမ္ဘာကြီးထဲမှာ အလင်းရောင်တွေပဲ” ဟု ကိုဗာစကီး တွေးမိသေးသည်။


“မိုးက ဆက်ရွာနေတုန်းပဲ၊ တော်တော်ကြာ ခင်ဗျားတို့အားလုံး ရေနစ်ကုန်လိမ့်မယ်” ဟု ကိုဗာစကီးပြောသည်။


ပြောမယ့်သာပြောရသည်။ အားမရှိလှ။ သူတို့ကိုယ်တိုင်ကပင်လျှင် ဒုက္ခသည်များကို ကယ်တင်နိုင်သည့်စွမ်းအား မရှိတော့။ စွမ်းအားတွေ ကုန်ခမ်းစပြုနေပြီ။ ထိုအချိန်၌ အနိမ့်ပိုင်းတစ်ခုလုံးမှာ ညစ်ပတ်မည်းမှောင်သည့် ရေတွေ ဒလဟော စီးဝင်လာကာ ရေအောက်သို့ ရောက်လုနီးပါးဖြစ်နေသည့်အတွက် သူတို့ကယ်ဆယ်ရေးသမားများပင်လျှင် ရေမနစ်အောင် အနိုင်နိုင်ရုန်းရတော့မည့်ပုံ ပေါ်နေသည်။ ထို့ကြောင့် သူတို့အတွက် နောက်ထပ် အားဖြည့်ရန် လူရှာရမည်။ သို့ရာတွင် ရေတွေက တဝေါဝေါတက်ကာ အမှောင်တိုက်ကြီးစိုးနေသည့် ညမျိုးတွင် မည်သည့်နေရာကသွား၍ အကူအညီရမည်နည်း။


ထိုစဉ် မေးရိုးကားကား၊ နားရွက်ကားကား၊ ရက်စက်သည့် မျက်လုံးများရှိသည့် လူတစ်ယောက်၏ပုံသဏ္ဌာန်ကို ကိုဗာစကီး ချက်ချင်း လှမ်းသတိရလိုက်သည်။ ထို့ကြောင့် မာဂရီတာနှင့် ဂျွန်ကို လှမ်း၍ ခေါ်လိုက်သည်။


“ဒီမှာ ကျွန်တော် ဘာဘူကြီးဆီ သွားလိုက်ဦးမယ်၊ ကျွန်တော်တို့ကို ကူညီနိုင်တာ သူတစ်ယောက်ပဲရှိတော့တယ်” ဟု သူတို့ကို အော်ပြောသည်။


ဟုတ်သည်။ ဘာဘူကြီးသည် ထိုရပ်ကွက်ကလေးထဲတွင် လူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်သည့်တိုင် သူ့ထံသို့ပင် သွား၍ အကူအညီတောင်းရတော့မည်။


အိမ်ကြီးက အထပ်လေးထပ်ရှိသည့် အုတ်တိုက်ကြီးဖြစ်သည်။ လှေကားတွေကလည်း အုတ်လှေကားကြီးတွေ ဖြစ်သဖြင့် သူ့တိုက်သည် တော်တော် ခိုင်ခံ့သည့်တိုက်ဟု ဆိုနိုင်သည်။ သူ့တိုက်ကြီးသည် ရေမြုပ်နေသော ရပ်ကွက်ထဲ တွင် ခံတပ်ကြီးတစ်ခုလို မားမားကြီး ထိုးထွက်နေသည်။ သူ့ကိုယ်ပိုင်မီးစက်ဖြင့် အခန်းတိုင်းတွင် မီးတွေ ထိန်လင်းနေသည်။ မီးရောင်များသည် အုတ်တိုက်နံရံကို လာရိုက်နေသော လှိုင်းလုံးများပေါ်သို့ တလက်လက်ဖြာကျနေကြသည်။


နန်းတော်မှ တကယ့်နန်းတော်ကြီး။ သည်မျှ ဒုက္ခတွေရောက်နေသည့်ကြားမှာပင် သူတို့မှာတော့ အနေအထိုင်မပျက်။ ဇိမ်ခံမပျက်။ မိမိအိမ်ကလေးများ ရေမျောသွားသဖြင့် ကယ်ပါယူပါ တစာစာ အော်ဟစ်နေသော အသံများ၊ ကလေးငယ်များ၏ငိုသံများကို မကြားယောင်တကား။


ဘာဘူကြီးသည် သူထိုင်နေကျ ကျောက်မျက်ရတနာတွေစီထားသည့် ကုလားထိုင်ကြီးပေါ်တွင် အမြိုင့်သားထိုင်လျက်။ သူ့သားကခေါ်လာသဖြင့် ညစ်ပတ်သောရေတွေ တစ်စက်စက်ကျနေသည့် ကိုဗာစကီး၏ရုပ်သဏ္ဌာန်ကို မြင်သည့်တိုင် သူ၏ဖားပြုတ်မျက်နှာကြီးပေါ်တွင် အံ့အားသင့်ဟန်ဆို၍ နည်းနည်းကလေးမျှမရှိ။


“မင်္ဂလာညပါ ဆရာကြီး၊ ဒီလောက် မိုးထဲ လေထဲမှာ ဘာတွေများ အရေးကြီးလို့ လာရတာလဲ”


ဘာဘူကြီးက သူ၏ရန်သူဟောင်း ကိုဗာစကီးကို ခပ်စိမ်းစိမ်းကြည့်၍ မေးသည်။ ဘာဘူကြီးက လက်ခုပ်တီးလိုက်သဖြင့် အစေခံတစ်ယောက်က လက်ဖက်ရည်နှင့် အဖျော်ရည်များကို ကြေးလင်ပန်းတစ်ချပ်ပေါ်တွင်တင်၍ ယူလာသည်။


“ကိစ္စကတော့ ကိုယ်ရေပြားရောဂါသည်တွေရဲ့ ကိစ္စပါ” ကိုဗာစကီးက ပြော၏။ 


"ဒီကောင်တွေ ကိစ္စပေါ်ပြန်ပြီလား၊ ဆရာကြီးနဲ့ ကျွန်တော်တွေ့လိုက်ရင် ဒီကောင်တွေကိစ္စချည်းပါလား၊ ဆိုစမ်းပါဦး၊ ခုတစ်ခေါက်ကော ဘာဖြစ်ပြန်ပြီလဲ”


“ရေတွေကြီးနေတယ် ဘာဘူကြီး၊ သူတို့ကိုကယ်ဖို့ လှေနဲ့လူတွေ လိုချင်ပါတယ်၊ နို့မို့ဆိုရင် အားလုံး ရေနစ်သေကုန်ကြမှာ”


သုခမြို့တော်၏ဖခင်ကြီးသည် အခန်းအလယ်ကောင်တွင် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီးနောက် လက်ခုပ်တီးလိုက်၏။ မော်တော်ဆိုင်ကယ် အပိုင်စားရထားသည့် သူ့တပည့်လူမိုက် အရှော့သည် ပြန်လှည့်လာ၏။ သူတို့နှစ်ယောက် (ယင်းတို့မှာ ဖခင်ကြီး၏ လက်သပ်မွေး တပည့်များဖြစ်သည်) လိုက်ပါလာကြသည်။


ကိုဗာစကီးသည် ထိုမျှရက်ရောလှသော ဖခင်ကြီး၏အပြုအမူကို ကြည့်၍ အံ့အားသင့်နေသည်။ သည်လူတွေ ရေနစ်သေကုန်လျှင် မိမိ၏ဝင်ငွေတွေ လျော့သွားတော့မည် စိုးရိမ်သောကြောင့်လော၊ သို့မဟုတ် တကယ်ပင် သနားကရုဏာစိတ်ဝင်သွားသောကြောင့်လော ဆိုသည်ကိုမူ သူမပြောနိုင်ပြီ။ သူတို့လှေကလေး ထွက်လာခဲ့စဉ် အပေါ်ထပ် ပြတင်းပေါက်မှ လှမ်းအော်ပြောနေသော ဖခင်ကြီး၏စကားလုံးများကိုလည်း သူ့တစ်သက်တွင် မေ့နိုင်တော့မည်မထင်။


“ဟေ့ အရှော့၊ ဒီနေ့ညမှာ နေစရာမရှိတဲ့ ကိုယ်ရေရောဂါသည်တွေအားလုံးကို ခေါ်လာခဲ့၊ ဒီနေ့ည ငါ့အိမ်ကိုဖွင့်ပေးထားမယ်၊ ဒုက္ခရောက်နေတဲ့လူတွေအားလုံး ခေါ်ခဲ့”


* * * 


တစ်ကိုယ်လုံးစိုရွှဲနေသော မက်စ်၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည် နို့မှုန့်သေတ္တာပေါ်သို့ ဗိုင်းခနဲ လဲကျသွားသည်။ ထိုညတစ်ညလုံး တစ်မှေးမျှ မအိပ်ခဲ့ရသေး။ သူ့တစ်သက်တွင်မူ ထိုညသည် အပင်ပန်းဆုံး၊ အဆင်းရဲဆုံးည ဟုပင် ထင်သည်။ သူ အိမ်ခေါင်းကလေးထဲသို့ ပြန်ရောက်သည့်အခါတွင် အရှေ့ဘက်ကောင်းကင်မှာ လင်းစပြုနေလေပြီ။ တစ်ညလုံး မိုးသည်းထန်စွာ ရွာခဲ့ပြီးနောက် မနက်လင်းစပြုသည့်အချိန်တွင် မိုးဖွဲကလေးတွေ ဆက်ကျနေတုန်းပင် ဖြစ်၏။ ရေမှာလည်း ညတုန်းကလောက် အတက်မကြမ်းတော့။ မနေ့ည တစ်ညလုံး ဗန်ဒိုနာနှင့်အတူ ရေဘေးဒုက္ခသည်များကို လိုက်လံကယ်ဆယ်ခဲ့ရသည်။ သူ့လက်ထဲက ဆေးသေတ္တာကို ရေစိုမည်စိုးသဖြင့် ခေါင်းအထက်တွင် မြှောက်ကိုင်ထားခဲ့ရ၏။ 


ဗန်ဒိုနာသည် ထိုညက အဆိုးရွားဆုံး ရေလွှမ်းမည့်နေရာများ၊ အရေးကြီးဆုံး လူနာများ၏နေရာများကို ရင်ထဲမှလည်း သိသည်။ ခေါင်းထဲမှလည်း သိသည်။ သူတို့နှစ်ဦးသည် သူတို့အား လာရောက်ကူညီသည့် လူငယ်များနှင့်အတူ အိမ်ခေါင်းကလေးတစ်ပေါက်မှ တစ်ပေါက်သို့ကူးကာ မျက်မမြင်ဒုက္ခိတများ၊ လေဖြတ်သဖြင့် အိပ်ရာထဲမှ မထနိုင်သူများ၊ ချောင်းဆိုးသွေးပါရောဂါကြောင့် အိပ်ရာထဲတွင် လဲနေသည့် လူမမာများ၊ သူတောင်းစားများနှင့်တကွ နို့စို့ကလေးငယ်များကို ရင်ခွင်တွင် ပိုက်ထားသည့် ဆွံ့အနားမကြားဖြစ်နေသည့် အမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြသည်။ တစ်နေရာတွင်သာ သူတို့နောက်ကျသွားခဲ့ကြသည်။ ထိုနေရာမှာ သီတင်းပတ်တိုင်း ကိုဗာစကီး သွားရောက်တရားဟောခဲ့သည့် မျက်မမြင်ကိုယ်ရေရောဂါသည် အမျိုးသမီးတစ်ယောက်၏တဲကလေးဖြစ်ပြီး သူတို့ရောက်သွားသည့်အခါတွင် တဲရှင်မှာ ရေနစ်လျက် အလောင်းပင် ရေပေါ် ပေါလောမျောနေလေပြီ။ အမျိုးသမီး၏လက်ကောက်ဝတ်တွင် ပုတီးကို ပတ်ထားပြီး သူ့မျက်နှာသည် ပကတိတည်ငြိမ်အေးချမ်းလျက်ရှိသည်ကို သူတို့တွေ့ရသည်။ 


ဗန်ဒိုနာက မက်စ်နှင့်အတူ အလောင်းကို ရေလွတ်ရာတစ်နေရာသို့ ရွှေ့ပေးရင်း..

“အင်း ဒုက္ခငြိမ်းသွားတာပေါ့လေ၊ သူကိုးကွယ်နေတဲ့ ဘုရားသခင်က သူ့ခေါ်သံကို ကြားသွားလို့ ကယ်လိုက်တယ်လို့ပဲ အောက်မေ့ရမှာပေါ့”


ထိုမျှ ဒုက္ခသည်တွေရောက်နေသည့်ကြားထဲက ထိုမျှတည်ငြိမ်သော သံဝေဂယူသံကို ကြားရသည့်အခါတွင် မြင်ရသည့် ရှုခင်းကို သူ့တစ်သက်တွင် မမေ့နိုင်တော့။ လူသတ္တဝါတို့ကို မေတ္တာထားတတ်သည့် ကိုဗာစကီးပင်လျှင် ထိုအပြုအမူမျိုးကို စိတ်ကူးခဲ့မိခြင်းမရှိ။ ဖခင်ကြီး၏ လက်သပ်မွေးအရှော့သည် ဒုက္ခသည် အန်နွာကို ပွေ့ချီ၍ကာ သူ့အိပ်ရာပေါ်သို့ တင်ပေးသည်။ ဖခင်ကြီးအိမ်ရှိ အမျိုးသမီးများက သူတို့၏ပါးလွှာသောမျက်နှာဖုံးများကို ချွတ်ကာ ချမ်းသဖြင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေသော ကလေးငယ်များကို ပွတ်တိုက်ပေးကြသည်။ ထိုအချိန်ကား အပူရှိန်မှာ ဆယ်ဒီဂရီလောက် ထိုးကျသွားလေပြီ။ လက်ကောက်တွေက တချွင်ချွင်မြည်နေသည့် ပုပုဝဝ ဇနီးသည် အမျိုးသမီးကြီးက ထမင်းများနှင့် အငွေ့တထောင်းထောင်း ထနေသော အသားဟင်းများကို ယူလာသည်။ “ဖခင်ကြီး” ကိုယ်တိုင် ရွှေလက်စွပ်တွေ ဆင့်ဝတ်ထားသည့် သူ့လက်ချောင်းများဖြင့် ရေဘေးဒုက္ခသည်များကို ဆီးကြိုပုံ၊ ပဲ့ရွဲ့ နေသော ကိုယ်ရေရောဂါသည်တို့၏ ခန္ဓာကိုယ်များကို ဆီးကြိုခေါ်ယူပုံ၊ သူ့တိုက်တွင် ရှိသည့် ပန်းကန်များဖြင့် ဒုက္ခသည်တို့အား အချိုမုန့်များ တည်ခင်းကျွေးမွေးပုံ စသည့် မြင်ကွင်းများသည် တစ်ခါက သူ့ ဆေးတိုက်ကလေးအား အိမ်လုပ်လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခဲ့သောအဖြစ်ကိုပင် မေ့ပျောက်သွားစေသည်။


“အဲဒီရေဘေးကြီးတုန်းက သုခမြို့တော်မှာရှိတဲ့ လူတွေဟာ ညီရင်းအစ်ကိုတွေလို တစ်ယောက်ကိုတစ်ယောက် ကူညီကြတယ်ဗျ၊ မူဆလင်တွေက ဟိန္ဒူတွေကို သူတို့အိမ်တွေထဲကို ခေါ်ကြတယ်။ လူငယ်တွေက ရေနစ်ခံပြီး သက်ကြီးရွယ်အိုတွေကို ပခုံးပေါ်မှာထမ်းပြီး သယ်လာကြတယ်။ လန်ချားသမားတွေက ဘီးတစ်ဝက်ကျော်ကျော်လောက် နစ်နေတဲ့ ရေထဲမှာ လူမမာတွေကို အဖိုးအခ မယူဘဲ လွတ်ရာကျွတ်ရာကို သယ်ပို့ပေးကြတယ်။ စားသောက်ဆိုင်ပိုင်ရှင်တွေက ဆိုင်တွေပိတ်ပြီး ပလီကြီးထဲမှာ စခန်းချနေတဲ့ ဒုက္ခသည်တွေကို စားစရာ သောက်စရာတွေ လာပို့ပေးကြတယ်” ဟု ကိုဗာစကီးက တအံ့တဩပြောသည်။


ထိုမျှ ဒုက္ခရောက်နေသည့်အချိန်တွင် သူတို့သည် ဘုရားတရားကိုလည်း မမေ့ကြ။ သုံးပေလောက် ရေဝင်နေသည့် သူ့အခန်းကလေးသို့ ပြန်ရောက်သည့်အခါတွင် ခရစ်တော်၏ရုပ်ပုံတော်ရှေ့တွင် မီးတောက်လေးတွေ တောက်နေသည့် ဖယောင်းတိုင်နှစ်တိုင်ကို သူတွေ့ရသည်။ အခြားသော ဒုက္ခသည်များနှင့်အတူ သူတို့အိမ်ကလေးကို စွန့်ပစ်မပြေးမီတွင် မိန်းမရှာ ကာလီမာသည် ကိုဗာစကီး၏အခန်းသို့ဝင်ကာ ဖယောင်းတိုင်နှစ်တိုင် ထွန်းညှိပူဇော်ထားခဲ့ခြင်းဖြစ်သည်။ မိုးရွာရပ်ပြီး ရေကျသွားရန် ကိုဗာစကီး၏ဘုရားသခင်ထံ ဝင်၍ ဆုတောင်းပေးခဲ့ခြင်း ဖြစ်လေသည်။


သို့ရာတွင် ဆုသာတောင်းရသော်လည်း မိုးသည် စဲမသွားပါ။ ကာလကတ္တားမြို့သူမြို့သားတို့သည် ရေဘေးကြီးကို ရက်ပေါင်းများစွာ ကြုံတွေ့နေကြရပါသည်။ မက်စ် စိုးရိမ်ခဲ့သည့်အတိုင်း ကာလဝမ်းရောဂါနှင့် အူရောင်ငန်းဖျားရောဂါတွေ ဖြစ်ပွားလာခဲ့သည်။ ထိုအတွက် ဆေးဝါးများမရှိ။ လူနာများကို ပြောင်းရွှေ့ စရာ နေရာမရှိ။ အသေအပျောက်တွေ ရှိလာသည်။ သို့ရာတွင် အလောင်းများကို မမြှုပ်နိုင်။ မီးသင်္ဂြိုဟ်ခြင်း မပြုနိုင်။ အလောင်းများသည် ရေတွေဖုံးနေသည့် လမ်းများပေါ်တွင် ပေါလော မျောနေကြသည်။ နာရီအနည်းငယ်ကလေးအတွင်းတွင် မက်စ်သည် လမ်းမပေါ်တွင် မျောနေသည့်အလောင်းကို မကြာခဏဝင်၍ ခလုတ်တိုက်မိသည်။ အနီးတစ်ဝိုက်တွင် ရေတွေပြည့်လျှံနေသော်လည်း သောက်စရာ ရေမရှိ။ အချို့ကမူ အဝတ်စုတ်များ၊ ထီးများကို ခံ၍ ကျလာသော မိုးရေကို သောက်လိုက်ကြသည်။ စားရေရိက္ခာအခြေအနေမှာ လည်း တော်တော်ဆိုးနေသည်။


ဆာလာဒင်သည် လှေတစ်စီးကို ရှာလာကာ ထိုလှေပေါ်တွင် အိုးကြီး နှစ်လုံးကို တင်ပြီး အိမ်ပေါက်စေ့လိုက်၍ ဆန်များ၊ ဂျုံများကို အလှူခံကာ ပလီကြီးထဲရှိ ရေဘေးဒုက္ခသည်များအတွက် လာပို့သည်။


ဤ ဗရုတ်ဗရက် ကာလများတွင် အထူးဆန်းဆုံးသောအရာမှာ လူ့ဘဝကြီးသည် ခါတိုင်းကဲ့သို့ အသွားအလာမပျက် လှုပ်ရှားနေခြင်းပင်တည်း။ ရေဖုံးနေသည့် လမ်းကြားကလေးတစ်နေရာသို့ အရောက်တွင် မက်စ်သည် သူ့တစ်သက်တွင် မေ့နိုင်ဖွယ်ရာမရှိတော့သော ရှုခင်းတစ်ခုကြောင့် ရပ်တန့်ကြည့်နေမိသည်။ ယင်းမှာ ပခုံးလောက်အထိ နစ်သော ရေထဲတွင် ကလေးတစ်သိုက်သည် တဝုန်းဝုန်းကူးခတ်ပြေးလွှားရင်း စင်ကလေးတစ်ခုပေါ်တွင် အဘိုးကြီးတစ်ယောက် ရောင်းနေသည့် ပလတ်စတစ်ကားကလေးများ၊ အရုပ်ကလေးများကို ဝိုင်းကြည့်နေကြခြင်းဖြစ်သည်။


မိုးနတ်၏ဒေါသမာန်ဟုန်သည် ရှစ်ရက်နှင့် ရှစ်ညတိုင်တိုင် လျော့ပါးခြင်းမရှိသေး။ ထို့နောက်မှသာ တဖြည်းဖြည်း လျော့သွားခဲ့သည်။ သို့ရာတွင် မိုးကြောင့် ကျန်ခဲ့သည့် ရေများမှာ တစ်လလောက်အထိ မကျသေး။ ပျက်စီး

နေသည့် လမ်းများပေါ်တွင် ဘတ်စ်ကားအချို့ အရဲစွန့်ပြီး ထွက်လာကြသည်။ မိုးကြောင့် မိုင်လေးရာကျော်ခန့်ရှိ လမ်းများ ပျက်စီးသွားခဲ့ကြသည်။ လူငါးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ပစ္စည်းဆုံးရှုံးသွားကြသည်။ ပျက်စီးနေသော သို့မဟုတ် ဆောက်လုပ်ဆဲဖြစ်နေသော ထောင်ပေါင်းများစွာသော အဆောက်အအုံများသည် ပြိုလဲကုန်ကြသည်။ ရပ်ကွက်အများအပြား လျှပ်စစ်ကြိုးတွေ ပြတ်ကုန်ကြသည်။ တယ်လီဖုန်းကြိုးတွေ ပြတ်ကုန်ကြသည်။ ရေလှောင်ကန်ကြီး ရာပေါင်းများစွာတို့ ရေတွေ လျှံကုန်ကြသည်။


အထူးသဖြင့် ဆင်းရဲသားရပ်ကွက်များ၏အခြေအနေမှာ ပို၍ဆိုးသည်။ ရေကျသွားသည့်အခါတွင် သုခမြို့တော်သည် ညစ်ညမ်းသော ရွှံ့ဗွက်ရေအိုင်ကြီး ဖြစ်ကျန်ရစ်ခဲ့သည်။ ရွှံ့တွေက စေးကပ်ကာ နံစော်လျက်။ ထိုရွှံ့တွေထဲတွင် ခွေးသေကောင်များ၊ ကြွက်သေကောင်များ၊ အိမ်မြှောင်သေကောင်များနှင့် လူသေအလောင်းများပင် ကျန်ရစ်ခဲ့ကြသည်။ အညစ်အကြေးတွေထဲမှနေ၍ ယင်ကောင်သန်းပေါင်းများစွာတို့သည် ပေါက်ဖွားလာကြကာ ကျန်ရစ်သူတို့ ထံ ဦးတည် ပျံသန်းလာခဲ့ကြသည်။ ကူးစက်သည့်ရောဂါတွေ ပေါ်လာသည်။ နောက်ထပ် ရောဂါပျံ့နှံ့ခြင်းမရှိစေရန် ဂျွန်နှင့် ဗန်ဒိုနာတို့က မြူနီစီပယ်မှ ပေးသော ပိုးသတ်ဆေးတန်ပေါင်းများစွာကို ယူလာပြီး ဖျန်းကြသည်။သို့ရာတွင် ပိုးသတ်ဆေးပက်ဖျန်းပေးရသည့်အတွက် စေတနာ့ဝန်ထမ်းလုပ်သားများတွင် အထိအခိုက်တွေ ပေါ်လာသည်။ ပိုးသတ်ဆေးလောင်ကျွမ်းသဖြင့် အရိုးကို စားမည်စိုးသည့်အတွက် မက်စ်သည် ဒဏ်ရာရသူ၊ လောင်ကျွမ်းသူများ၏လက်များ၊ ခြေများကို ဖြတ်တောက်ပေးခဲ့ရသေးသည်။


ထိုအချိန်လောက်တွင်ကား ကိုဗာစကီးမှာ မုတ်ဆိတ်မရိတ်ရသည်မှာ နှစ်ပတ်ရှိလေပြီ။ သူ့တစ်ကိုယ်လုံးမှာလည်း ညစ်ပတ်နံစော်ကာ သန်းတွေတက်နေလေပြီ။ ထိုအချိန်ကျမှပင် ကိုဗာစကီးသည် သူ့အိမ်ခေါင်းကလေးဆီသို့ ပြန်လာနိုင်တော့သည်။ အခြားသူများလည်း အသီးသီးပြန်ရောက်လာကြသည်။ အိမ်တွေကို ရှင်းကြရသည်။ အညစ်အကြေးတွေကို သုတ်သင်ကြရသည်။ မိန်းမရှာ ကာလီမာတို့တစ်သိုက်လည်း ပြန်ရောက်လာကြကာ ကိုဗာစကီးကို နှုတ်ဆက်ကြသည်။


“ကျွန်တော်တို့လဲ ပြန်လာကြပြီ ဆရာကြီး၊ ဆရာကြီးကို မျှော်နေကြတာ” ဟု ကာလီမာက လှိုက်လှဲစွာ နှုတ်ဆက်၏။


သူမရောက်ခင်တွင် သူ့အခန်းကလေးကို မိန်းမရှာတစ်သိုက်က ပွတ်တိုက် ဆေးကြောပြီး နေသားတကျ ဖြစ်အောင် ပြင်ဆင်ပေးထားသည့်အခါတွင် ကိုဗာစကီး အံ့သြနေသည်။ သူ့ဘုရားစင်ကလေးကိုလည်း ပြည်ဆင်မွမ်းမံထားကြသည်။ ကိုဗာစကီးသည် သူတို့၏စေတနာကို ထုတ်ဖော် ချီးကျူးမိသည်။


ကိုဗာစကီးသည် သူ့တဲကလေးထဲသို့ ပြန်ရောက်ပြီး တရားထိုင်နေစဉ် အသံတစ်သံကြောင့် အာရုံပျက်သွား၏။ အခြားမဟုတ်ပါ။ ဟာစရီပါးဖြစ်ပါသည်။ ဟာစရီပါးမှာ ထိုအတောအတွင်းတွင် များစွာ ပိန်ချုံးသွားခဲ့လေပြီ။ ကိုဗာစကီးသည် သူ့ကို ကောင်းကောင်းပင် မမှတ်မိချင်တော့။


“ဆရာကြီး ကျွန်တော် သေပျော်ပြီခင်ဗျ၊ ကြည့်စမ်း၊ ကျွန်တော် ဒီအတွင်းမှာ ဘယ်လောက်စုမိခဲ့တယ် ထင်သလဲ။ ကျွန်တော့်သမီးကလေးအတွက် ယောက်ျားတစ်ယောက် ကောင်းကောင်း ရှာပေးနိုင်ပြီခင်ဗျ”


ဟာစရီပါးသည် ငွေစက္ကူများကို ဖြန့်ပြနေလေသည်။


အပိုင်း(၁၉)ဆက်ရန်

မြသန်းတင့်


No comments:

Post a Comment