တံလျှပ်မြို့တော်ကြီးထဲတွင် သူတို့ကဲ့သို့ သောင်တင်နေကြသည့် ဒုက္ခသည်ပေါင်း သုံးသိန်းရှိသည်။ အခြားသူများမှာ ဆင်းရဲသားရပ်ကွက် သုံးထောင်မှ တဲကလေးများထဲတွင် ပြွတ်သိပ်နေကြသည်။ ဆင်းရဲသားရပ်ကွက်ဆိုသည်မှာ မြို့သစ်များမဟုတ်။ ကျေးလက်တောရွာများမှ ပြေးလာကြသူများ နေထိုင်သည့် မြို့စွန် စက်ရုံရပ်ကွက်များကို ခေါ် ခြင်းဖြစ်သည်။
ဆင်းရဲသားရပ်ကွက်များတွင် နေရပုံကလည်း စိတ်ပျက်စရာပင်။ အများအားဖြင့် အလုပ်မရှိသူတွေ။ အလုပ်ရသူကလည်း လုပ်ခက နည်းနည်းကလေး။ ထိုအထဲတွင် အရွယ်မရောက်သည့် ကလေးများကလည်း အလုပ်လုပ်ကြရသေးသည်။ အပိုအလျှံ စုဆောင်းဖို့ မပြောနှင့်၊ ဘယ်တော့မှ ပြန်ဆပ်နိုင်မည်မဟုတ်သော ကြွေးတို့ကလည်း လည်ပင်းသို့ရောက်နေပြီ။ ရှိသည့် ပစ္စည်းကလေးများကို ပေါင်နှံသုံးသည့်အခါမျိုးတွင်လည်း ရွေးနိုင်စရာ လမ်းမမြင်ရတော့။
အိမ်များတွင် အစားအသောက် အပိုအလျှံဟူ၍ မထားနိုင်။ ဈေးဝယ်တော့လည်း ဆား ဆယ်ပြားဖိုး၊ ထင်း ပြားနှစ်ဆယ်ဖိုး၊ မီးခြစ်တစ်လုံး၊ သကြားတစ်ဇွန်းလောက်သာ ဝယ်နိုင်သည်။ အိမ်ကလေးတစ်လုံးတွင် လူ ဆယ်ယောက်၊ ဆယ့်နှစ်ယောက် စုပြုံနေကြသဖြင့် လွတ်လပ်မှုလည်း မရှိ။
သို့ရာတွင် သူတို့ဆင်းရဲသားရပ်ကွက်များတွင် မေတ္တာနှင့် ကရုဏာကို တွေ့နိုင်သည်။ သူတို့ကြားထဲတွင် ဇာတ်နိမ့်ဇာတ်မြင့် ရွေးခြင်းမရှိ။ သူစိမ်းတစ်ရံဆံကို ကူညီတတ်သည်။ သူတောင်းစားများ၊ ဒုက္ခိတများ၊ ကိုယ်ရေပြားရောဂါသည်များနှင့် စိတ်မနှံ့သူများကို ပေးကမ်းစွန့်ကြဲကြသည်။ အားနည်းသူကို ကူညီစောင်မကြသည်။ မိဘမဲ့သူများကို မွေးစားကြသည်။ အဘိုးအို၊ အဘွားအိုများကို စောင့်ရှောက်ကြသည်။
ကာလကတ္တားရှိ ဆင်းရဲသားရပ်ကွက်များမှ ပစ္စည်းမဲ့တစ်ဖြစ်လဲ လယ်သမားများသည် ကမ္ဘာတစ်ဝန်းရှိ အခြားသော မြို့ကြီးများမှ မြို့စွန်ရပ်ကွက်သားများနှင့်မတူ။ သူတို့သည် အခြေအနေမဲ့များမဟုတ်။ သူတို့ဆင်းရဲသားရပ်ကွက်ကလေးထဲတွင် သူတို့ကျေးလက်ဘဝကို ပြန်၍ထူထောင်ကြသည်။ သို့ရာတွင် ကျေးလက်ဘဝနှင့်မူ မတူနိုင်တော့။ သို့တိုင်အောင် ဆင်းရဲခြင်းသည် သူတို့ယဉ်ကျေးမှုတစ်ခုဖြစ်နေလေပြီ။ သူတို့သည် ကျေးလက်မှာတုန်းကလိုပင် သူတို့ဓလေ့ထုံးစံများကို လိုက်နာမြဲလိုက်နာသည်။ သူတို့ယုံကြည်မှုကို ဆက်လက် ကိုးကွယ်သည်။ သူတို့ဆင်းရဲခြင်းသည် သူတို့အပြစ်ကြောင့် မဟုတ်ဟု ယုံကြည်ကြသည်။
ကာလကတ္တားမြို့၏ အဓိကျဆုံးနှင့် ရှေးအကျဆုံးသော ဆင်းရဲသားရပ်ကွက်သည် ဟောင်ရာဘူတာကြီးနှင့် ဆယ့်ငါးမိနစ်ခန့် ခြေကျင်ခရီးတွင် ရှိ၏။ ထိုရပ်ကွက်မှာ ဒေလီကာလကတ္တားသွား ရထားလမ်းတာရိုးနှင့် စက်ရုံကြီးနှစ်ရုံကြားတွင်ရှိသည်။ ရာစုနှစ်အစလောက်တုန်းက စက်ရုံပိုင်ရှင်သည် ထိုနေရာတွင်ရှိသည့် ငှက်ဖျားထူသော စိမ့်တောကြီးကို ဖို့ကာ ထိုမြေပေါ် တွင် သူ့အလုပ်သမားများကို နေရာချပေးခဲ့ပြီး ထိုနေရာကို အာနန်နဂရ (သုခမြို့တော်) ဟု အမည်ပေးခဲ့၏။
ထိုစက်ရုံပိတ်သွားသည့်တိုင် အလုပ်သမား သားစဉ်မြေးဆက်များသည် ထိုနေရာတွင် ကျန်ရစ်ကာ ရပ်ကွက်သည်လည်း ကျယ်သည်ထက် ကျယ်လာခဲ့သည်။ ယခုမူ အားကစားကွင်း နှစ်ကွင်းစာလောက်ရှိမည့် ထိုရပ်ကွက်ထဲတွင် လူပေါင်းခုနစ်သောင်း အခြေတကျ နေထိုင်လျက်ရှိလေပြီ။
ထိုအထဲတွင် ဘာသာတူသူများက သူတို့အစုကလေးများနှင့် သူတို့စုနေကြရာက ၇၃ ရာနှုန်းမှာ မူစလင်၊ ၂၇ ရာနှုန်းက ဟိန္ဒူဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ဆစ်ဘာသာ စသည့် ဘာသာဝင်တွေလည်း နည်းနည်းစီရှိကြသည်။
အိမ်ကလေးတွေက ငယ်ငယ်ကလေးတွေ။ အလယ်ကောင် ကွက်လပ်လေးတစ်ခုထားပြီး ပတ်ပတ်လည်တွင် ဆောက်ထားကြခြင်းဖြစ်သည်။ လမ်းကျဉ်းကလေးတွေကလည်း အထဲတွင် ရှုပ်ယှက်ခတ်နေသည်။
သုခမြို့တော်သည် မြို့သစ်တစ်ခုနှင့် မတူဘဲ မြို့စွန်စက်ရုံရပ်ကွက်တစ်ခုနှင့် တူနေသည်။ ထိုနေရာသည် စတုရန်း တစ်မိုင်ပတ်လည်တွင် လူဦးရေ နှစ်သိန်း မှီတင်းနေထိုင်သောကြောင့်ဖြစ်ပါသည်။
ထိုရပ်ကွက်တွင် လူဦးရေသုံးထောင်လျှင် သစ်ပင်တစ်ပင်မျှပင် မရှိ၊ ပန်းတစ်ပွင့်မရှိ၊ လိပ်ပြာတစ်ကောင် မမြင်ရ၊ ငှက်တစ်ကောင် မတွေ့ရ။ ငှက်ဟုခေါ်မည်ဆိုလျှင် ကျီးကန်းနှင့် လင်းတများသာရှိသည်။ ထိုရပ်ကွက်မှ ကလေးများသည် ချုံဆိုသည်ကို နားမလည်ကြ။ သစ်တောကို မမြင်ဖူးကြ။ ရေကန်ကို မတွေ့ဖူးကြ။ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ကန့်နံ့ကြောင့် လေထုသည် ညစ်ညမ်းလျက်ရှိကာ ထိုလေထုကြောင့် တစ်အိမ်ထောင်လျှင် တစ်နှစ်ကို တစ်ယောက် သေနေကြသည်။
မိုးတွင်းမဟုတ်သည့် ရှစ်လတွင် ထိုရပ်ကွက်မှ လူများနှင့် တိရစ္ဆာန်များသည် ပေါင်းဖိုကြီးထဲတွင်ထည့်၍ အပြုတ်ခံရသလိုဖြစ်နေပြီး မိုးတွင်းဆိုလျှင် ရွှံ့အိုင်၊ အညစ်အကြေးအိုင်၊ ရေအိုင်တို့ထဲတွင် လူးနေကြသည်။ ကိုယ်ရေပြားရောဂါ၊ ချောင်းဆိုးသွေးပါရောဂါ၊ ဝမ်းကိုက်ရောဂါတို့ကြောင့် ကမ္ဘာတွင် လူ့သက်တမ်း အတိုဆုံးသောနေရာဖြစ်သည်။
နွားချေးပုံကြီးများအနီးတွင် ချည်ထားသည့် ရှစ်ထောင်သော ကျွဲနွားတို့က ရောဂါပိုးများဖြင့် ပြည့်နှက်နေသော ကျွဲနို့၊ နွားနို့တို့ကို ထုတ်လုပ်ပေးသည်။
သုခမြို့တော်သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနေရာလည်းဖြစ်သည်။ လူဆယ်ယောက်လျှင် ကိုးယောက်သည် တစ်နေ့ကို ငွေတစ်ကျပ်ပင်ပြည့်အောင် မကိုင်နိုင်ကြ။
ထို့ပြင် သုခမြို့တော်မှ လူများသည် အခြားမြို့ကြီးများရှိ ဆင်းရဲသားရပ်ကွက်များမှ လူများကဲ့သို့ပင် အငြင်းပယ်ခံ၊ ဥပေက္ခါအပြုခံရသူများဖြစ်သည်။ ရာဇဝတ်မှုနှင့် သပိတ်မှောက်မှုတို့ ဖြစ်ပွားသည့်အခါကျမှသာ သူတို့တစ်တွေ လူရာသွင်းခံရသည်။
စင်စစ် သုခမြို့တော်သည် သီးခြားကမ္ဘာ၊ ကမ္ဘာလောကကြီးနှင့် အဆက်ပြတ်နေသော ကမ္ဘာ။
မျိုးဆက်ပေါင်းများစွာတို့ လာရောက် သောင်တင်ခဲ့ကြသဖြင့် သုခမြို့ တော်တွင် အိန္ဒိယတိုက်ငယ်တွင်ရှိသည့် လူမျိုးပေါင်းစုံကိုလည်း တွေ့နိုင်သည်။ အာဖဂန်လူမျိုးများ၊ ပန်ချာပီများ၊ နီပေါလူမျိုးများ၊ တိဘက်လူမျိုးများ၊ အာသံလူမျိုးများ၊ ဘင်္ဂါလီများ။
* * *
ကာလကတ္တားသို့ ဟာစရီပါးတို့မိသားစု ရောက်လာပြီးနောက် များမကြာမီတွင် ဟောင်ရာဘူတာကြီးသို့ ဥရောပတိုက်သားတစ်ယောက် ရောက်လာပြန်သည်။ ထိုသူမှာ နှာခေါင်းချွန်ချွန်၊ မုတ်ဆိတ်ပါးပါး၊ ခေါင်းပြောင်ပြောင်နှင့် ဖြစ်သည်။ သူ့လမ်းလျှောက်ပုံမှာ ပေါ့ပါးသွက်လက်ပြီး အမေရိကန် ဇာတ်လိုက်မင်းသား ဂျက်နီကိုလ်ဆန်နှင့် ဆင်သည်။ ထိုလူသည် အိန္ဒိယအမျိုးသားများ ဝတ်လေ့ရှိသော ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် ဘတ်စကက်ဘော ဖိနပ်တို့ကို စီးထား၏။ သူ့တွင် ပစ္စည်းဆို၍ ပခုံးတွင် လွယ်ထားသည့် အဝတ်ကျောပိုးအိတ်တစ်လုံးသာပါသည်။ သူ့လည်ပင်းတွင် ဆွဲထားသည့် အနက်ရောင်သတ္တုလက်ဝါးကပ်တိုင်သည် သူ့အခြေအနေကို ဖော်ပြနေ၏။ ထိုသူမှာ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ရှိ ပိုလန်လူမျိုး ဗရင်ဂျီဘုန်းကြီး ကိုဗာစကီးဖြစ်သည်။
သူ့အဖို့ ကာလကတ္တားသည် ရှည်ဝေးသော ခရီးပန်းတိုင်အဆုံးဖြစ်၏။ ကိုဗာစကီးသည် ပိုလန်ပိုင် ဆိုက်လေးရှားပြည်နယ် ကျောက်မီးသွေးတွင်း မြို့ကလေးတစ်မြို့ဖြစ်သည့် ကရစ်နစ်မြို့ကလေး၌ ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့၏။ သူ့ဘိုးဘွားမိဘများအားလုံးသည် ကျောက်မီးသွေးတွင်း အလုပ်သမားများဖြစ်သည့်အလျောက် ကိုဗာစကီးသည် မည်းမှောင်ညစ်ထေးသော ကျောက်မီးသွေးတွင်းများတစ်ဝိုက်တွင် ကြီးပြင်းလာခဲ့သည်။
သူ့အသက် ငါးနှစ်သို့ ရောက်သည့်အခါတွင် အဖေသည် သူတို့မိသားစုကို ခေါ်ကာ သူ့ညီဝမ်းကွဲတစ်ဦးရှိရာ ပြင်သစ်ပြည်မြောက်ပိုင်းသို့ ပြောင်းလာခဲ့၏။ ပြင်သစ်ပြည်တွင် ကျောက်မီးသွေးတွင်းအလုပ်သမားတို့၏လစာမှာ ပိုလန်ပြည်မှာထက် ခြောက်ဆ ခုနစ်ဆခန့် များသည်။
၁၉၄၆ ခု၊ တစ်ညနေတွင် လူနာတင်ကားတစ်စီး သူတို့အိမ်ရှေ့သို့ ထိုးဆိုက်လာသည်ကို ကိုဗာစကီး မြင်လိုက်ရ၏။ သူ့အဖေကို လူနာတင်ကားထဲမှ ထမ်းထုတ်လာကြသည်။ သူ့အဖေမှာ တစ်ကိုယ်လုံး ပတ်တီးတွေ အဖွေးသားနှင့်။ ထိုနှစ်မှာ ပြင်သစ်ပြည်မြောက်ပိုင်း ကျောက်မီးသွေးချိုင့်ဝှမ်းကြီးတစ်ခုလုံး ရပ်တန့်ငြိမ်သက်သွားစေသည့် ကျောက်မီးသွေးတွင်းတူးသမားများ၏သပိတ်ကြီး ပေါ်ပေါက်သည့်နှစ်ဖြစ်သည်။ ပုလိပ်နှင့် သပိတ်မှောက်အလုပ်သမားများ အဓိကရုဏ်းဖြစ်ကြသည်တွင် ကိုဗာစကီးအဖေသည် မီးလောင်ကာ မျက်လုံးတစ်ဖက် ပျက်သွားခဲ့သည်။
ကိုဗာစကီး အဖေသည် စကားနည်း၍ ဘာသာတရားကိုင်းရှိုင်းသည့် လူတစ်ယောက်ဖြစ်၏ ။ နာကျည်းဖွယ်ကောင်းသော အတွေ့အကြုံကြောင့် သူ့အဖေသည် သူတို့ကျောက်မီးသွေးတွင်းတူးသမား၏ဘဝကို မကျေမနပ်ဖြစ်လာကာ အလုပ်သမားလှုပ်ရှားမှု ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ နောင်တွင် သူသည် လက်ဝဲစွန်းနိုင်ငံရေးအဖွဲ့တစ်ခုတွင် ပါဝင်ကာ အဓိကရုဏ်းများ၊ တိုက်ပွဲများတွင် မကြာခဏ ခေါင်းဆောင်သူတစ်ယောက်ဖြစ်လာခဲ့သည်။ ဤတွင် အဖမ်းခံရ၏။ နောက်ရက်များ မကြာမီတွင် သက်ဆိုင်ရာ အာဏာပိုင်များသည် သူ့ဇနီးထံသို့ ရောက်လာကာ သူ့ယောက်ျားသည် အကျဉ်းတိုက်ထဲတွင် သူ့ကိုယ်သူ ကြိုးဆွဲချ အဆုံးစီရင်သွားပြီဖြစ်ကြောင်းဖြင့် လာရောက် အကြောင်းကြားကြသည်။
ကိုဗာစကီးသည် သူ့အဖေ၏ဖြစ်အင်ကို ထိုအတိုင်းပင် ကြည့်နေခဲ့ရသည်။ သူ့အဖေ အဆုံးစီရင်သွားခြင်းသည် သူ့အဖို့ တုန်လှုပ်ချောက်ချားစရာကြီးတစ်ခုဖြစ်နေ၏။ ကိုဗာစကီးသည် အစားအသောက်ကိုလည်း ကောင်းစွာ မစားတော့။ ဘေးမှလူများကပင် သူ့အတွက် စိုးရိမ်စပြုလာကြ၏။ ကိုဗာစကီးသည် အခန်းထဲတွင်အောင်းကာ သူ့အဖေက ပေးခဲ့သည့် “ကျူရင်မြို့မှ အလောင်းတော်ခြုံလွှာ” အမည်ရှိ ဘုရားကားရှေ့တွင် ထိုင်၍ တရားကျင့်သည်။ သူ့အခန်းထဲတွင် လက်ဝါးကပ်တိုင်မှအဆင်း ခရစ်တော်၏မျက်နှာတော်ကို ရေးထားသည့် ပန်းချီကား၊ ထိုစဉ်က ပြင်သစ်ပြည်တွင် နာမည်အကျော်ဆုံး အမျိုးသမီးအဆိုတော် အီးဒစ်ပီးယက်၏ရုပ်ပုံ၊ ဆာဟာရသဲကန္တာရထဲတွင် သွား၍ သာသနာပြုရန် ဘုန်းကြီးဝတ်သွားသော ပြင်သစ်မှူးမတ်တစ်ဦးဖြစ်သည့် ရှားလ်ဒီဖိုးကော၏ စာအုပ်တချို့ အပါအဝင် စာအုပ်အချို့သာရှိပြီး ထိုအရာများသာလျှင် သူ့အဖော်ဖြစ်နေ၏။
တစ်နေ့ မနက်၌ ကိုဗာစကီးသည် ကျောင်းသွားခါနီးတွင် အမေကို ဖက်ယမ်းနှုတ်ဆက်ကာ “ကျွန်တော်ကြီးရင် သာသနာပြုလုပ်မယ် အမေ” ဟု ပြောသည်။
ကိုဗာစကီးသည် အချိန်အတန်ကြာ စဉ်းစားခဲ့ပြီးမှ ထိုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။ သူ့အဖေမရှိသည့်နောက် သူလည်း အိမ်မှာ မနေချင်တော့ပြီ။ ထို့ပြင် သူ့အဖေက အကြမ်းနည်းဖြင့် ကြိုးစားခဲ့သည့်အရာကို အနုနည်းဖြင့် အောင်မြင်အောင် ကြိုးစားမည်ဟုလည်း သူစိတ်ကူးလာခဲ့သည်။
ထိုစဉ်က ပြင်သစ်ပြည်မြောက်ပိုင်း ကျောက်မီးသွေးတွင်းများသည် နိုင်ငံခြားအလုပ်သမားတွေ အများကြီး ရောက်နေကြသည်။ အာဖရိကန်လူမျိုးတွေ၊ တူရကီလူမျိုးတွေ၊ ဆင်နီဂယ်လူမျိုးတွေ၊ ယူဂိုဆလပ်လူမျိုးတွေလည်း ပါဝင်ကြသည်။
“အဖေက သူ့ကိုယ်သူ တစ်ရပ်တစ်ကျေးက ပြောင်းလာတဲ့သူလို့ မထင်ဘူးလေ။ ဒီတော့ သူတို့နဲ့ တရင်းတနှီးနေတယ်။ သူ့အလုပ်သမားအဖွဲ့တွေထဲကို ပါလာအောင် စည်းရုံးတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့သားတွေဟာ မိသားစုတစ်ခုတည်းလို ဖြစ်လာပြီး အဖေ့ကိုလည်း ဖခင်တစ်ယောက်လို ရိုသေလေးစားကြတယ်။ တချို့ဆိုရင် ကျောက်မီးသွေးတွင်းထဲက တက်လာပြီး အိမ်ကိုတောင် မပြန်ကြသေးဘဲ ကျွန်တော်တို့အိမ်ရောက်လာပြီး အဖေနဲ့ စကားစမြည်ပြောကြ တယ်။ အဲဒီတုန်းက တယ်လီဗီးရှင်းတို့ ဘာတို့လည်း မပေါ်သေးတော့ အိမ်ရောက်တယ်ဆိုရင် ထွေရာလေးပါး ပြောကြတော့တာပဲ။ အများအားဖြင့် တရားမျှတမှု၊ သွေးစည်းမှု၊ ညီရင်းအစ်ကို ချစ်ခင်မှုစတဲ့ နိုင်ငံရေးအကြောင်းအရာ တွေပေါ့လေ။
တစ်နေ့တော့ ဘာဖြစ်လို့မှန်း မသိဘူး။ ဆီနီဂယ် အမျိုးသားတစ်ယောက်က အဖေ့ကို ထ,ပြီး ဝေဖန်တယ်။ ခင်ဗျားက ခင်ဗျားကိုယ်ကိုခင်ဗျား ကျွန်တော်တို့လူမည်းတွေနဲ့ အတူတူပါပဲလို့တော့ ပြောတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ဘဝကို ခင်ဗျား သေသေချာချာ နားမလည်ပါဘူး။ ကျွန်တော်တို့အလုပ်သမားတွေကို တကယ်ချစ်ရင် ခင်ဗျား အာဖရိကန်တွေနေတဲ့ မြို့သစ်တို့၊ ကွက်သစ်တို့ကို သွားနေကြည့်ပါလား။ အဲဒီအခါကျရင် ကျွန်တော်တို့ဘဝမှန်ကို သေသေချာချာ သိလာလိမ့်မယ်လို့ ပြောတယ်။ အဲဒီလူကြီးရဲ့ စကားကို ကျွန်တော် ဘယ်တော့မှ မမေ့တော့ဘူး” ဟု ဗာစကီးက ပြောသည်။
ကိုဗာစကီးသည် သူ့စကားများကို နားထဲတွင် စွဲနေသည်။ ၁၉၄၀ ခု တဝိုက်လောက်တုန်းက သူတို့ကျောက်မီးသွေးတွင်းဝနားက ပေတစ်ရာကြီးပေါ်တွင် နောက်မှ လိုက်လာသော ဂျာမန်စစ်တပ်ကြီးကို လွတ်အောင်ပြေးလွှားနေကြသော ဘယ်လ်ဂျီယံဒုက္ခသည်များကို မြင်ခဲ့ဖူးသည်။ ကျောင်းကဆင်းသည့်အခါတွင် ကိုဗာစကီးသည် ဒုက္ခသည်များကို ဆီး၍ ရေတိုက်သည်။
ထို့နောက် ရေဝတီကလေးငယ်များအား နာဇီတို့က ဝိုင်းဝန်းဖမ်းဆီးသွားသည်ကိုလည်း သူမြင်ခဲ့ဖူးပြီ။ သူ့မိဘများနှင့်အတူ ကိုဗာစကီးသည် ရေ၀တီများကို ချုပ်နှောင်ထားသည့် သံဆူးကြိုးအနီးသို့သွားကာ ပေါင်မုန့်များ၊ ဒိန်ခဲများ၊ ပိုက်ဆံများကို ပစ်ပေးခဲ့ဖူးသည်။ စစ်ကာလတစ်လျှောက်လုံးပင် ကျောက်မီးသွေးအလုပ်သမားများသည် သူတို့တွင်ရှိသည့် မဝရေစာကလေးထဲမှ ဝေကာခြမ်းကာ ရေဝတီအကျဉ်းသားများကို တစ်လျှောက်လုံး ကျွေးမွေးလာခဲ့ကြသည်။ ထိုမတရားမှုတို့ကို မြင်ရာမှ ကိုဗာစကီးသည် တရားမှုကို ချစ်ခင်လာတတ်ခြင်းဖြစ်သည်။ ထိုရက်စက်မှုတို့ကို တွေ့ကြုံရာမှ မေတ္တာနှင့်ကရုဏာ၏ အဓိပ္ပာယ်တို့ကို သူပို၍ သဘောပေါက်လာခဲ့ခြင်းဖြစ်သည်။
ကိုဗာစကီးသည် ကျောက်မီးသွေးတွင်းတူး အလုပ်သမားများ၏မြို့ ကလေးမှ ထွက်လာခဲ့ကာ ဘယ်လ်ဂျီယံရှိ ကျမ်းစာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းတက်သည်။ ခရစ်ဝင်ကျမ်းကိုဖတ်ရင်း ဆင်းရဲသားများထဲတွင် သွား၍ ခရစ်ယာန်သာသနာပြုချင်စိတ်ပေါ်လာခဲ့သည်။ ထို့ကြောင့် ဘယ်လ်ဂျီယံပြည်ရှိ လိုဗိန်းကျမ်းစာသင်ကျောင်းမှ ဆရာတစ်ယောက်နှင့် တွေ့သည်တွင် ဆင်းရဲသားတိုင်းပြည်များသို့ သွား၍ သာသနာပြုလုပ်ငန်းလုပ်ရန် စီစဉ်ပေးသည်။
ကိုဗာစကီးသည် ၁၉၆၀ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သိက္ခာတော်ရ ဘုန်းကြီးအဖြစ် သင်္ကန်းစည်းသည်။ ထိုအချိန်၌ သူသည် ၂၇ နှစ် ရှိလေပြီ။ ထိုနေ့ညနေတွင် သူသည် ရထားဖြင့် အမေ့ထံလိုက်လာခဲ့၏။ အမေမှာ နှလုံးရောဂါကြောင့် ဆေးရုံတက်နေရ၏။ အမေသည် သူ့သားကို နောက်ဆုံးအကြိမ် ပွေ့ဖက်နှုတ်ဆက်ပြီးနောက် စက္ကူဖြင့် ပတ်ထားသည့် သေတ္တာကလေးတစ်လုံးကို ပေးလိုက်၏။ ထိုသေတ္တာကလေးထဲရှိ ဂွမ်းဖတ်ပေါ်တွင် အနက်ရောင်သတ္တုဖြင့် လုပ်ထားသည့် လက်ဝါးကပ်တိုင်ကလေးတစ်ခုပါရှိသည်။ ထိုလက်ဝါးကပ်တိုင်ပေါ်တွင် သူ့မွေးနေ့နှင့် သူရဟန်းခံသည့် နေ့စွဲနှစ်ခုကို ရေးထိုးထား၏။
“ဒီလက်ဝါးကပ်တိုင်ကလေးနဲ့ ဘယ်တော့မှ မခွဲနဲ့နော် ငါ့သား၊ လည်ပင်းမှာ အမြဲဆွဲထား၊ ဘယ်သွားသွား အန္တရာယ်ကင်းတယ်” ဟု အမေက ပြောသည်။
ကမ္ဘာတွင် အဆင်းရဲဆုံးလူမျိုးများမှာ ဥရောပတွင်မရှိ။ တတိယကမ္ဘာနိုင်ငံများတွင် ရှိကြောင်းကို သူသိသည်။ ထို့ကြောင့် တောင်အမေရိကသို့ သွားမည်ဟု စိတ်ကူးကာ ကျမ်းစာသင်ကျောင်း နောက်ဆုံးနှစ်တွင် စပိန်ဘာသာကို သင်သည်။ သို့ရာတွင် သူတို့သာသနာပြုအဖွဲ့က သူ့ကို အိန္ဒိယပြည်သို့ သွားရန် ညွှန်ကြားလိုက်၏။
အိန္ဒိယပြည်ဆိုပါကလား။ သဘာဝပစ္စည်းတို့ အလျှံပယ်ပေါကြွယ်သည့် တိုင်းပြည်ကြီး။ သို့တိုင် အလွန်ဆင်းရဲနုံချာသည့် တိုင်းပြည်ကြီး။ စိတ်တန်ခိုးစွမ်းအင်ကို အလွန်အရေးပေးသည့်တိုင် ပြင်းထန်သည့် လူမျိုးရေး၊ နိုင်ငံရေးနှင့် ဘာသာရေး ပဋိပက္ခတို့ဖြင့် ပြည့်နှက်လျက်ရှိသည့် တိုင်းပြည်ကြီး။ ဂန္ဒီ၊ ရာမာကရစ်သျှဏနှင့် ဆွာမိဝိဝေကနန္ဒာတို့လို သူတော်စင်တွေ ရှိသည့်တိုင် ယုံနိုင်စရာမရှိအောင် အကျင့်ပျက်နေသည့် နိုင်ငံရေးခေါင်းဆောင်တွေ ပေါသည့် တိုင်းပြည်ကြီး။
ဒုံးပျံနှင့် ဂြိုဟ်တုများကို လွှတ်တင်နေသည့်တိုင် လူဆယ်ယောက်လျှင် ရှစ်ယောက်တို့မှာ လှည်းဖြင့်သာ ခရီးသွားဖူးသည့် တိုင်းပြည်ကြီး။ လှပသည့် ရှုခင်း၊ အဆန်းဆန်းအကြယ်ကြယ်တို့ ပေါသည့်တိုင် ဘုံဘေနှင့် ကာလကတ္တားတို့မှာကဲ့သို့ ဆင်းရဲသားရပ်ကွက်များမှ အနိဋ္ဌာရုံတို့ကို မြင်နေရသည့် တိုင်းပြည်ကြီး၊ မြင့်မြတ်မှုသည် ယုတ်နိမ့်မှုနှင့် ဘေးချင်းယှဉ်ရပ်နေသည့် တိုင်းပြည်ကြီး။
ကိုဗာစကီးသည် အိန္ဒိယပြည်တွင် ပဝတ္တိနေထိုင်သူအဖြစ် ဗီဇာလျှောက်သည်။ သို့ရာတွင် တော်တော်နှင့်မရ၊ ငါးနှစ်မျှကြာသည်။ အိန္ဒိယအရာရှိတို့ကမူ သက်ဆိုင်ရာ စာရွက်စာတမ်းများ ရပါစေမည်ဟု ကတိပေးကြ၏။ သို့ရာတွင် သူ့ဗီဇာမျိုးမှာ ကမ္ဘာလှည့်ခရီးသည် ဗီဇာမျိုးမဟုတ်။ ပဝတ္တိအဖြစ် နေထိုင်သူ ဗီဇာမျိုးဆိုလျှင် သံရုံးမှပေး၍မရ။ ဒေလီရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှသာ ထုတ်ပေးနိုင်သည်။ ထိုအထဲတွင် သူ့ဗီဇာတွင် သူ့အလုပ်အကိုင်မှာ သာသနာပြုဟု ရေးထားသည့်အတွက် ပို၍ ခက်သည်။
အိန္ဒိယသည် သာသနာပြုများကို ဝင်ခွင့်မပေးခဲ့သည်မှာ ကြာလှပြီ။ အကြောင်းကိုမူ မသိရ။ သို့ရာတွင် ဟိန္ဒူဘာသာဝင်အများအပြား ခရစ်ယာန်ဖြစ်သွားခြင်းနှင့် ပတ်သက်၍ အိန္ဒိယအစိုးရက အတိအလင်း ရှုတ်ချထားသည်။
သူ ဘုန်းကြီးဖြစ်ပြီး ငါးနှစ်မြောက်နေ့ဖြစ်သည့် ၁၉၆၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင်မူ ကိုဗာစကီး စိတ်မရှည်နိုင်တော့ပြီ။ သာသနာပြုအဖွဲ့မှ အာဏာပိုင်များ၏သဘောတူညီချက်ဖြင့် အိန္ဒိယသို့ သွားရန် ကမ္ဘာလှည့်ခရီးသည် ဗီဇာတစ်ခု လျှောက်လိုက်သည်။ သူ့အလုပ်အကိုင်ကိုလည်း သာသနာပြုဟု ဖော်ပြခြင်းမပြုတော့ဘဲ ကျွမ်းကျင်စက်ရုံအလုပ်သမားဟု ဖော်ပြလိုက်သည်။
နောက်တစ်နေ့တွင်မူ သူ့နိုင်ငံကူးလက်မှတ်နှင့်အတူ အိန္ဒိယနိုင်ငံတော် တံဆိပ်ခတ်နှိပ်ထားသည့် ဗီဇာတစ်ခု သူ့ထံရောက်လာသည်။ ဗီဇာထဲတွင် သုံးလနေခွင့်ပြုသည်ဟု ဆိုထားသည့်တိုင် ကိုဗာစကီး၏စွန့်စားခန်းသည် အစပြုနိုင်လေပြီ။ သူ့ပန်းတိုင်ဖြစ်သည့် ကာလကတ္တားသို့ရောက်လျှင် အိန္ဒိယပြည်တွင် ရာသက်ပန် နေထိုင်ခွင့်ရအောင် ကြိုးစားမည်ဟု သူစိတ်ကူးသည်။
ဘုံဘေသို့ရောက်လျှင် ကာလကတ္တားသို့ တိုက်ရိုက်မသွားသေး။ အိန္ဒိယပြည်နှင့် ကျွမ်းဝင်ရင်းနှီးအောင် အဝေးဆုံးလမ်းမှသွားရန် သူဆုံးဖြတ်သည်။ ထို့ကြောင့် ဘုံဘေမြို့ရှိ ဝိတိုရိယဘူတာရုံကြီးသို့ရောက်လျှင် တတိယတန်း လက်မှတ်တစ်စောင်ကို ဝယ်ကာ တောင်ဘက်ရှိ ထရီဗာဒရမ်သို့ လိုက်လာခဲ့သည်။
မီးရထားသည် ဘူတာတိုင်းတွင် ရပ်၏။ ဘူတာရပ်လျှင် ခရီးသည်တို့က အောက်သို့ဆင်းကာ ချက်ပြုတ်ခြင်း၊ ကိုယ်လက်သန့်စင်ခြင်းတို့ကို လုပ်ကြသည်။ အနားတွင် ခွေးတွေ၊ နွားတွေ၊ ကျီးကန်းတွေ၊ ဈေးသည်တွေ၊ ကူလီတွေထဲမှာပင် သူတို့တစ်တွေ ချက်ပြုတ်စားကြသည်။ သူများတွေ နေသလို သူနေသည်။ သူများတွေ စားသလို သူစားသည်။
တစ်ခါတွင် လိမ္မော်သီးတစ်လုံး ဝယ်သဖြင့် ငွေတစ်ကျပ်ထုတ်ပေးလိုက်၏။ လိမ္မော်သီးသည်က ပြန်မအမ်း။ ပြန်အမ်းဖို့ ပြောသည့်အခါတွင် လိမ္မော်သီးသည်က စိတ်ဆိုးမာန်ဆိုးဖြင့် “သခင်ဆပ်တစ်ယောက် လုပ်နေပြီး ဒီလောက် ဘိုင်ကျရသလား” ဟု ဆောင့်ကြီးအောင့်ကြီးဖြင့် ပြောသည်။
လိမ္မော်သီးကလေးကို နွှာစားမည့်အပြုတွင် သူ့ရှေ့တွင် မျက်လုံး ခိုပြာဆေး ဆိုးထားသည့် ကလေးမတစ်ယောက်လာ၍ တောင်းသဖြင့် တစ်ခြမ်းကို ခွဲဝေပေးလိုက်ရသေးသည်။
“ကျွန်တော်က လိမ္မော်သီး ပေးလိုက်တော့ ကလေးမလေးက ပြန်ပြေးတယ်။ ဒါနဲ့ ကျွန်တော်လိုက်ကြည့်တော့ လိမ္မော်သီးကလေးတစ်ခြမ်းကို သူ့ညီအစ်ကိုမောင်နှမတစ်သိုက် ဝေစားနေတာ တွေ့ရတယ်” ဟု ကိုဗာစကီးက သူ့အမေထံ စာရေးသည်။ ဖိနပ်တိုက်သည့်ကောင်လေးတစ်ယောက် သူ့အနားတွင် ရစ်ဝဲရစ်ဝဲလုပ်နေသဖြင့် သူက ပြုံးပြသည်။ သို့ရာတွင် သူ့အပြုံးသည် ဝမ်းဗိုက်ကို အဆာပြေအောင် မတတ်နိုင်။ ထို့ကြောင့် ဆာလျှင်စားဖို့ သူ့ကျောပိုးအိတ်ထဲတွင် ထည့်ထားသည့် ငှက်ပျောသီးတစ်လုံးကို ပေးလိုက်ရ၏။ “ဒီလိုသာ ပေးနေရရင်တော့ ကြာရင် ကျွန်တော်ပါ ငတ်ပြီးသေလိမ့်မယ်” ဟု ကိုဗာစကီးက ပြောသည်။
ရထားတွဲတွင် လူတွေကလည်း ပြွတ်သိပ်နေသည်။ အပူရှိန်ကလည်း ပြင်းသည်။ ဖုန်ကလည်းထူသည်။ ရထားစီးရင်း သူ့လည်ချောင်းတွေ ကွဲစပြုလာသည်။ စကားပြောသံ၊ ငိုသံ၊ ရယ်သံ၊ လူနံ့တို့ ပြိုးပြွမ်းနေသော မီးရထာခရီးသည် လူထုများဆီသို့သွားမည့် မဟာခရီးဖြစ်သည်။ တောင်ပိုင်းဘူတာရုံတစ်ခုသို့ ရောက်သည့်အခါ ကိုဗာစကီးသည် အိန္ဒိယတိုင်းရင်းသားတို့၏ အစားအသောက်နှင့် ပထမဆုံး ဖူးစာဆုံရတော့သည်။
“ကျွန်တော်လဲ သူတို့လိုထိုင်ပြီး သူတို့ကို အကဲခတ်ကြည့်တယ်။ သူတို့က လက်နဲ့စားတော့ ကျွန်တော်ကလဲ လက်နဲ့စားတယ်။ သူတို့ဟင်းတွေက စပ်လိုက်ပူလိုက်တာ အမေရယ်။ လူတွေကတော့ ကျွန်တော့်ကို အထူးအဆန်းဆိုပြီး ဝိုင်းကြည့်ကြတာပေါ့” ဟု ကိုဗာစကီးက သူ့အမေထံသို့ ရေးသည်။
နောက် ဆယ်ရက် ကြာသောအခါတွင် ကိုဗာစကီးသည် ကာလကတ္တားသို့ ရောက်လာခဲ့လေသတည်း။
* * *
အိန္ဒိယလူမျိုးသည် ကမ္ဘာတွင် အသန့်အကြိုက်ဆုံး လူမျိုးဖြစ်သည်။ မည်မျှ ဆင်းရဲဆင်းရဲ ကာလကတ္တားမြို့ကြီးထဲက ပလက်ဖောင်းပေါ်တွင် မည်သို့နေရ နေရ သူတို့ထုံးစံကိုမူ ပြောင်းလဲခြင်းမပြု။
ဓာတ်ရထားလမ်းမှ မနက်အစောကြီး ဓာတ်ရထားသံကို ကြားသည်နှင့် ဟာစရီပါးသည် အိပ်ရာမှထကာ “သဘာဝကိစ္စ” တို့ကို ဆောင်ရွက်သည်။ သူတို့လမ်းနှင့်မျက်နှာချင်းဆိုင်ရှိ မြောင်းနှုတ်ခမ်းသို့သွားကာ အခြားသူများနည်းတူ ကိုယ်လက်သုတ်သင်သည်။ သို့ရာတွင် အစာရေစာကောင်းစွာ မစားရသည့်အလျောက် သူ့ကိစ္စသည် ဘာမျှမကြာလိုက်။ သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လည်း မကြည့်။ သူတို့သည် ပြုဖွယ်ကိစ္စကို ပြုနေကြခြင်းသာဖြစ်သည် မဟုတ်လော။
အာလောကနှင့် အမျိုးသမီးများသည်လည်း ယောက်ျားများထက်စော၍ အိပ်ရာမှထကာ သူတို့ကိစ္စကို လုပ်ဆောင်ပြီးစီးကြလေပြီ။ ထို့နောက် ဟာစရီပါးသည် ရေချိုးရန် ရေဘုံပိုင်သို့သွား၍ တန်းစီ၏။ အမှန်အားဖြင့် ရေချိုးသည့် ရေဘုံပိုင်မဟုတ်။ မီးသတ်ပိုက်ခေါင်းတစ်ခုသာဖြစ်သည်။ ညစ်ပတ်နောက်ကျိနေသော ရေသည် မီးသတ်ပိုက်ခေါင်းမှ ဒလဟော ထွက်နေ၏။ သူအလှည့်သို့ရောက်သော် ဟာစရီပါးသည် ဆောင့်ကြောင့် ထိုင်ကာ ခေါင်းကို ရေတစ်ခွက်လောင်းသည်။ ထို့နောက် သဲဆပ်ပြာကြမ်းဖြင့် သူ့တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံး ခပ်ကြမ်းကြမ်းပွတ်သည်။ မည်မျှလောက် ချမ်းအေးသည်ဖြစ်စေ၊ မည်မျှလောက် ဆာလောင်သည်ဖြစ်စေ ထိုသန့်စင်ခြင်းကိုကား လူကြီး လူငယ်မရွေး မနက်တိုင်း လုပ်ကြသည်။
ထို့နောက်တွင်မူ ဟာစရီးသည် သူ့ကလေး အကြီးနှစ်ကောင်ကိုခေါ် ၍ ဈေးကြီးသို့ ထွက်လာခဲ့၏။ ဈေးကြီးထဲတွင် ပုပ်စပြုနေသော စားစရာတွေ တစ်ပုံကြီးရှိသည်။ ထိုအပုံကြီးထဲမှ ကောင်းနိုးရာရာကို ရွေး၍ ကောက်သည်။ သူတို့လိုပင် စွန့်ပစ်သည့်ပစ္စည်းပုံထဲတွင် ကောက်နေသူတွေ တစ်ပုံတပင်။
ကာလကတ္တားသို့ သူတို့ရောက်သည်မှာ ခြောက်ရက်ရှိသွားလေပြီ။ ထိုနေ့မနက်၌ ဟာစရီပါးသည် ကလေးနှစ်ယောက်ကို အမှိုက်ပုံတွင် ထားပစ်ခဲ့ကာ သူကိုယ်တိုင်မှာမူ ဈေးကြီးထဲတွင် လျှောက်၍ သူတို့ရွာမှ ကူလီကောင်လေးကိုလိုက်ရှာသည်။ ရှာရင်းလည်း ဆိုင်တကာဆိုင်ဝင်၍ ကူလီလိုသလားဟု စုံစမ်းသည်။
တစ်ခါတစ်ရံတွင် တစ်ခါတုန်းကလို အားပြတ်၍လဲကျသူရှိလျှင် ဝင်၍လုပ်နိုင်ရန် ပစ္စည်းတွေ တနင့်ကြီးတင်သွားသည့် ချယ်ဂါရီကြီးများနောက်သို့ မယောင်မလည်ဖြင့် လိုက်သွားတတ်သည်။ ဝမ်းဗိုက်လည်း ဆာလှပြီ။ ခေါင်းကလည်း မူးလှပြီ။ စိတ်ပျက်အားငယ်မှုကြောင့် သူ့ရင်ထဲတွင်လည်း လေးလံနေပြီ။ ဟာစရီပါးသည် မူးသလိုလိုဖြစ်လာသဖြင့် နံရံတစ်ခုကိုမှီ၍ ထိုင်လိုက်သည်။
“ပိုက်ဆံကလေးဘာလေး ရတဲ့အလုပ် လုပ်မလား” ဟု မေးသံတစ်သံကို ကြားလိုက်ရသဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။
အရပ်ပုပု၊ လူခပ်သေးသေးတစ်ယောက်၊ မျက်မှန်နှင့်။ သူ့ကိုကြည့်ရသည်မှာ ဈေးသည်နှင့် မတူ၊ ရုံးအမှုထမ်းတစ်ယောက်နှင့်တူသည်။ ဟာစရီပါးသည် သူ့ကို တအံ့တဩဖြင့် လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
“ဒါဖြင့် လာ၊ ငါနဲ့လိုက်ခဲ့၊ တစ်နေရာရောက်ရင် မင်းသွေးကို ဖောက်ယူလိမ့်မယ်၊ ပြီးတော့ မင်းကို ငွေသုံးဆယ်ပေးလိုက်လိမ့်မယ်၊ အဲဒီအထဲက မင်းက ဆယ့်ငါးကျပ်ယူ၊ ငါ့ကို ဆယ့်ငါးကျပ်ပေး”
“ဗျာ၊ ကျွန်တော့်သွေးကို ငွေသုံးဆယ်ပေးမယ် ဟုတ်လား၊ ကျွန်တော့်လို့ ဆင်းရဲသားရဲ့ သွေးကို ဘယ်သူက ငွေသုံးဆယ်ပေးမှာလဲဗျ”
“မင်း နားမလည်ပါဘူးကွာ၊ သွေးဟာ သွေးပဲပေါ့။ ပညာရှိဆီကလာလာ၊ သူတောင်းစားဆီကလာလာ၊ ဗိုက်ကြီးရွှဲနေတဲ့ မာရဝါရီ ကုန်သည်ကြီးဆီကပဲ ဖြစ်ဖြစ်၊ မင်းလို လမ်းဘေးက ဆင်းရဲသားဆီကပဲဖြစ်ဖြစ် သွေးဟာ
သွေးပဲပေါ့”
ဟာစရီပါးသည် သူပြောသည့်စကားကို သဘောပေါက်သွား၏။ ထိုင်ရာမှထကာ သူ့နောက်သို့ လိုက်လာခဲ့သည်။
ထိုသူမှာ ကာလကတ္တားမြို့ အနှံ့တွင် တွေ့ရတတ်သည့် သွေးပွဲစား ဖြစ်၏။ ကာလကတ္တားတွင် ဘယ်အလုပ်ဖြစ်ဖြစ် ပွဲစားတွေ ပြည့်နေသည်။ ယခု ထိုသူမှာလည်း ကာလကတ္တားမြို့တွင်ရှိသည့် သွေးဘဏ်များအတွက် သွေးရှင်ကို လိုက်ရှာနေသည့် ပွဲစားဖြစ်သည်။ သွေးပွဲစားသည် စက်ရုံများ၊ ဈေးများ၊ အလုပ်စခန်းများသို့သွားကာ အလုပ်မရှိသူများကို လိုက်ရှာသည်။ အစ္စလာမ်ဘာသာဝင်တို့မှာ သွေးလှူခြင်းကို တားမြစ်ထားသဖြင့် သွေးပွဲစားသည် ဟိန္ဒူဘာသာဝင်များကို အဓိကထား၍ လိုက်ရှာတတ်သည်။
ကြံရာမရဖြစ်နေသူတစ်ယောက်အဖို့ သူ့အသက်ရှင်ရေးအတွက် ဒီနည်းမှလွဲ၍ အခြားနည်း မရှိတော့ပြီ။ ဤတွင် အချောင်သမားတို့ကလည်း ထိုသွေးဖြင့် စီးပွားရှာကြသည်။ ကာလကတ္တားမြို့ကြီးတစ်မြို့မှ ဆေးရုံများ၊ ဆေးခန်းများအတွက် တစ်နှစ်လျှင် သွေးပုလင်း ထောင်ဆယ်ပေါင်းများစွာ လိုသည်။ ဘင်္ဂလားပြည်နယ်အစိုးရသည် သွေးဘဏ်လေးခုလောက် ဖွင့်ထားသည့်တိုင် ထိုဘဏ်များမှ သွေးသည် ဆင့်ပါးစပ်ကို နှမ်းပက်သည့်နှယ်။ ဤတွင် ပုဂ္ဂလိကစီးပွားရေးသမားများက သွေးအရောင်းအဝယ်ဈေးကွက်သို့ ဝင်လာကြသည်။ ဆရာဝန်တစ်ယောက်နှင့် ပေါင်းပြီး ဆေးခန်းလိုင်စင်ရအောင် ကျန်းမာရေးဌာနတွင် လိုင်စင်လျှောက်သည်။ အခန်းကလေးတစ်ခု ငှားသည်။ ရေခဲသေတ္တာတစ်လုံး ဝယ်သည်။ ဆေးထိုးအပ်၊ သွေးပိုက်၊ သွေးပုလင်းတို့ကို ဝယ်ကာ ဆေးခန်းကလေးတစ်ခန်းဖွင့်ပြီး ဆရာဝန်တစ်ယောက်ကို ငှားသည်။ တစ်လလျှင် ဆယ်သန်းလောက် ဝင်ငွေရှိသည်ဆို၏။ အပြိုင်အဆိုင်များလာလျှင်မူ ဝင်ငွေလျော့သွားတတ်သည်။
ဟာစရီပါးသည် သူ့ကို ပိုက်ဆံရှာပေးမည့် မျက်မှန်နှင့်ကျေးဇူးရှင် မောင်မင်းကြီးသားနောက်သို့ လိုက်လာခဲ့သည်။ သူ့ကို လမ်းကွေ့လမ်းကောက်များအတိုင်း ခေါ်သွားပြီး ချောင်ရင်ဂီလမ်းမကြီးသို့ ရောက်သည်။ ထို့နောက် ပျော်ပွဲစားရုံ၊ ကပွဲများ၊ ဇိမ်ခံပစ္စည်း စသည့် ဆိုင်များရှိသည့် ပန်းခြံလမ်းသို့ ခေါ်သွားသည်။ ထို့နောက် အထက်ဆုံး ဘလောက်သို့ ခေါ်သွားပြီး ဆေးခန်းတစ်ခန်းရှေ့တွင် ရပ်လိုက်သည်။ ထို့နေရာမှာ ယခင်က ကားရုံဟောင်းတစ်ခုဖြစ်၏။
မရှေးမနှောင်းပင် ဆေးခန်းဝမှ မျက်နှာချုံးကျလျက် ကွမ်းတွေ ဝါးထားသည့် လူတစ်ယောက်ထွက်လာကာ “ဘာလဲ သွေးရောင်းမလို့လား” ဟု ခပ်တိုးတိုး မေးသည်။ မျက်မှန်နှင့်လူက ခေါင်းညိတ်ပြလိုက်၏။
“ဒါဖြင့်လာ၊ ကျွန်တော်နဲ့လိုက်ခဲ့၊ ဒီဆေးခန်းက သိပ်ဈေးမပေးဘူး။ လေးဆယ်ပေးတဲ့ ဆေးခန်းတစ်ခန်းရှိတယ်၊ ငါးကျပ်ကို ကျွန်တော့်ပေး၊ ကျန်တာတော့ ခင်ဗျားတို့ ယူကြပေါ့”
ထိုလူမှာလည်း ကြားပွဲစားတစ်ယောက်ပင်။ လမ်းနှစ်လမ်းကျော်ရှိ ဆေးခန်းမှ ပွဲစားလည်းဖြစ်၏။
ဆေးခန်းရှေ့တွင် ပိုင်ရှင်သုံးဦး၏အမည် အတိုကောက်ကို ဆိုင်းဘုတ်ချိတ်ထား၏။ ထိုဆေးတိုက်၏အမည်မှာ စီအာစီ ဆေးတိုက်ဖြစ်ပြီး ကာလကတ္တားတွင် ရှေးအကျဆုံးသော ဆေးခန်းတစ်ခန်းလည်းဖြစ်၏။ သူများဆေးခန်းထက် ငွေတစ်ဆယ်ပိုပေးခြင်းမှာ စေတနာကောင်းသောကြောင့်မဟုတ်။ သူများဆေးခန်းက သွေးရှစ်အောင်စထုတ်ယူသည်ကို သူတို့ဆေးခန်းက သွေးဆယ်အောင်စ ထုတ်ယူလိုက်သောကြောင့်ဖြစ်၏။ ထို့ကြောင့် အပိုကြေး အဖြစ် သွေးရောင်းသူအား ငှက်ပျောသီးတစ်လုံး၊ ဂလူးကို ဘီစကွတ် သုံးချပ်လည်း ကျွေးလိုက်သေးသည်။
ထိုဆေးခန်းတွင် အကြီးအကဲမှာ နာမည်ကျော် သွေးပါရဂူတစ်ဦးဖြစ်သည့် ဒေါက်တာရာနာဆိုသူဖြစ်သည်။ ဒေါက်တာရာနာသည်လည်း သွေးအရောင်းဝယ်လုပ်ငန်းတွင် ခွေးသွားဆိပ်ကလေးတစ်ခုဖြစ်၏။ သူသည် အစိုးရသွေးလှူဘဏ်တစ်ခုတွင် ညွှန်ကြားရေးမှူးဖြစ်နေသဖြင့် သူ့ဘဏ်သို့လာ၍ သွေးလှူသူများ၊ သွေးဝယ်သူများကို သူ့ကိုယ်ပိုင်ဆေးခန်းသို့ သွားရန် ညွှန်ကြားလေ့ရှိ၏။
သူ့နေရာမှာနေ၍ ထိုအလုပ်ကိုလုပ်ရသည်မှာ လွယ်ဘိခြင်း။ သွေးလှူလာသူ၊ သွေးရောင်းလာသူကို သူ့ဆေးခန်းသို့ ညွှန်လိုက်ရုံသာရှိ၏။ သွေးဝယ်လာသူကိုလည်း ထိုဆေးခန်းတွင် လိုသည့်သွေးအုပ်စုကို ရနိုင်ကြောင်း ပြောလိုက်ရုံမျှသာ။ သို့ရာတွင် ထိုသို့ သွေးအရောင်းအဝယ်ကိစ္စထက် ဆိုးသည့်ကိစ္စရှိသေး၏။ အချို့ဆေးတိုက်များ၌ သွေးဝယ်သွေးရောင်းကိစ္စများတွင် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ကာကွယ်မှုများကို ပြုလုပ်ခြင်းမရှိကြ။ သွေးမထုတ်မီတွင် မည်သို့ စမ်းသပ်စစ်ဆေးရမည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ထားသည့် စည်းမျဉ်းတွေရှိသည်။ ထိုစည်းမျဉ်းများမှာလည်း ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါ။
အသည်းရောင် ဘီဗိုင်းရပ်စ်ရောဂါပိုး၊ ကာလသားရောဂါပိုး စသည်တို့ ရှိမရှိ စမ်းသပ်ကြည့်ရုံမျှသာဖြစ်သည်။ သို့ရာတွင် စီအာစီအပါအဝင် ပုဂ္ဂလိကသွေးလှူဘဏ်များတွင် ထိုဗိုင်းရပ်စ်ရောဂါပိုးများသည် ဘာမျှ အရေးမကြီး။ သူတို့အဖို့ အရေးကြီးသည်မှာ အမြတ်အစွန်းရရေးသာဖြစ်သည်။
ဆေးခန်းသို့ရောက်သည့်အခါတွင် ဟာစရီပါးအား ခွေးခြေကလေးတစ်လုံးပေါ်တွင် အထိုင်ခိုင်းသည်။ အမျိုးသားသူနာပြုတစ်ဦးက သူ့လက်မောင်းအိုးတွင် ကြက်ပေါင်ကြိုးတစ်ခုကိုပတ်ပြီး ခပ်တင်းတင်း ချည်လိုက်သည်။ အခြားတစ်ယောက်က သူ့လက်မောင်းအကွေး ချိုင့်ထဲတွင် ထင်းထင်းကြီးပေါ်လာသည့် သွေးကြောထဲသို့ အပ်တစ်ချောင်းစိုက်လိုက်၏။ သူတို့နှစ်ယောက်သည် ပုလင်းထဲတွင် တဖြည်းဖြည်းမြင့်တက်လာသော နီရဲရဲအရာဝတ္ထုကို စိုက်ကြည့်နေကြသည်။
သွေးကို မြင်၍လော၊ သို့မဟုတ် ဘာရားဘဇားထဲတွင် တွေ့ရသော ရေရောင်းသူလက်ထဲက ဆိတ်ရေခွံအိတ်ကြီးထဲက ရေတွေလို မိမိသွေးတွေ ထွက်သွားသည်ကို သိလိုက်သောကြောင့်လော အဘယ်ကြောင့်ဟူ၍မသိ။
ဟာစရီပါးသည် အားပျော့နုံးခွေစပြုလာသည်။ အမြင်က မှုန်ဝါးစပြုလာသည်။ ခိုက်ခိုက်တုန်အောင် ချမ်းနေသည့်တိုင် သူ့မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်ကြီးတွေ ကျလာသည်။ သူနာပြုနှစ်ယောက်၏အသံသည် အခြားသော ဂြိုဟ်မှ ပြောနေသည့်နှယ် သဲ့သဲ့မျှသာဖြစ်နေသည်။
မှုန်ဝါးနေသောမျက်လုံးများဖြင့် မျက်မှန်နှင့်ကျေးဇူးရှင်ကို သူလှမ်းကြည့်၏။ ထို့နောက် လက်နှစ်ဖက်သည် သူ့ကိုလာကိုင်ကာ ခွေးခြေကလေးပေါ်သို့ တွဲအထိုင်ခိုင်းလိုက်သည်ကို သူသတိရသည်။ ထို့နောက် ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားကာ သတိလစ်သွားသည်။
သူတို့အဖို့သော် ထိုအဖြစ်မျိုးသည် ရိုးနေလေပြီ။ အလုပ်လုပ်ပင် မပျက်ကြ။ သူ့လို သွေးလာရောင်းရင်း မူးမေ့လဲကျသွားသူတို့ကို တွေ့ရဖန်များနေလေပြီ။ သူတို့သဘောအတိုင်းသာဆိုလျှင် တစ်ကိုယ်လုံး ခန်းခြောက်သွားအောင်
သွေးထုတ်ပစ် ဆိုလျှင်လည်း စုပ်ထုတ်ပစ်ကြမည်သာ။ သူတို့ကိုလည်း သွေးပုလင်းက ထမင်းကျွေးထားသည် မဟုတ်လော။
သတိရ၍ မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ အိပ်မက်ဆန်ဆန်မြင်ကွင်းတစ်ခုကို မြင်ရ၏။ တစ်ကိုယ်လုံး ဝတ်ရုံဖြူဝတ်ထားသူတစ်ဦးက သူ့ ကို ငှက်ပျောသီးတစ်လုံး လှမ်းပေးသည်။
“ကဲကဲ၊ စားလိုက်ဦးကလေးမ၊ ဒီငှက်ပျောသီးကိုစားလိုက်ရင် ဗိမ္ဘိမှာလို အားရှိလာလိမ့်မယ်” ဟု တစ်ယောက်က သူ့ကို လှောင်သည်။ (ဗိမ္ဗိမဟာဘာ ရတ ဇာတ်ထဲမှ ညီနောင်ငါးဦးတွင် ခွန်အားအကောင်းဆုံး ညီထွေးဖြစ်သည်။)
ဝတ်ရုံဖြူနှင့် လူသည် သူ့အိတ်ထဲမှ ပြေစာစာအုပ်တစ်အုပ်ကို ဆွဲထုတ်၏။
“နာမည် ဘယ်လိုခေါ်သလဲ”
ဟာစရီပါးက နာမည်ကို ပြောသည့်အခါ ခပ်သော့သော့ ရေးချပြီး စာရွက်ကို ဆုတ်လိုက်သည်။
“အဲဟိုမှာသွား လက်မှတ်ထိုး”
ဟာစရီပါးသည် လက်အုပ်ချီကာ သူပြောသည့်နေရာသို့သွား၍ ငွေထုတ်၏။ ငွေလေးဆယ်ကို အိတ်ထဲသို့ထည့်လိုက်သည့်အခါတွင် သူ့ကို သည်ဆေးတိုက်သို့ လိုက်ပို့သည့် လင်းတနှစ်ကောင်က အငမ်းမရသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ အပြင်ရောက်လျှင် ပိုက်ဆံကို ခွဲဝေပေးရဦးမည်။
သူလက်မှတ်ထိုးခဲ့သည့် ပြေစာပေါ်တွင် ငွေလေးဆယ် မဟုတ်ဘဲ လေးဆယ့်ငါးကျပ် ရေးထားသည်ကိုမူ ဟာစရီပါးမသိ။ ဆေးတိုက်မှ သူနာပြုက သူတို့အတွက် ကော်မရှင်ကို နှုတ်ယူလိုက်ခြင်းဖြစ်သည်။
ဟာစရီပါးသည် ခေါင်းထဲတွင် မူးရိပ်ရိပ်ဖြစ်ကာ ဒယီးဒယိုင်ဖြင့် လာခဲ့သည်။ သူတို့နေသည့် ပလက်ဖောင်းကို တော်တော်နှင့် ရှာမတွေ့။ ဇနီးသည်နှင့် ကလေးတွေက သူ့ကို မျှော်လှပြီ။ ပွဲစားနှစ်ယောက်ကို ပေးပြီး သူ့အိတ်ထဲတွင် ကျန်သည့် ငွေဆယ့်ခုနစ်ကျပ်ခွဲအနက် ငွေငါးကျပ်ကို သူ့မိသားစုနှင့်အတူ “လူမဆန်သောမြို့ကြီး” ထဲတွင် ပထမဆုံး လုပ်ခအဖြစ် ရသည့်အတွက် အောင်ပွဲခံသည့် အထိမ်းအမှတ်အဖြစ် သုံးရန် ဆုံးဖြတ်သည်။
ဟာစရီပါးသည် ဘာလီတစ်ပေါင် ဝယ်သည်။ ထို့နောက် ဂျုံစေ့ပြုတ် အချိုရည်ဆမ်း နည်းနည်းဝယ်သည်။ ဆန်လှော်စေ့ အထုပ်နှစ်ဆယ် ဝယ်သည်။ ဆန်လှော်စေ့ကို သူ့အိမ်နီးနားချင်းများကိုလည်း ကျွေးရဦးမည် မဟုတ်လော။ ထို့နောက် သူကိုယ်တိုင်အတွက် ကွမ်းယာမွှေးတစ်ရာ ဝယ်သည်။ ကွမ်းယာသည် အားကိုဖြစ်စေသည် မဟုတ်လော၊ ခံတွင်းချဉ်သည်ကိုလည်း ပြေပျောက်စေသည် မဟုတ်လော။
အာလောကသည် သူ့ယောက်ျားကို မြင်လိုက်သည့်အခါတွင် လန့်သွား၏။ သူ့ယောက်ျား သည်ည အရက်တွေသောက်လာပြန်ပြီလား မဆိုနိုင်။ လက်ထဲတွင် ပိုက်လာသည့် အထုပ်တွေကို မြင်သည့်အခါတွင်လည်း သူ့ယောက်ျား အလစ်သုတ်လာပြီဟု ထင်လိုက်မိသည်။
ယောက်ျားထံ အပြေးအလွှား လာ၍ကြိုသော်လည်း ကလေးတွေက သူ့ရှေ့က ရောက်နေကြလေပြီ။ ဒရယ် မိလာသည့် ခြင်္သေ့ကြီးရှေ့တွင် ရောက်နေသည့် ခြင်္သေ့ပေါက်ကလေးများလို လုယူနေကြသည်။
ဟာစရီပါး၏လက်မောင်းကွေးထဲတွင် ယခုတိုင် မြင်နေရသေးသည့် သွေးစို့နေသည့် အပ်ရာကလေးကိုမူ မည်သူမျှ သတိမထားမိကြ။
အပိုင်း(၄)ဆက်ရန်
မြသန်းတင့်
No comments:
Post a Comment