ဆင်းရဲသား ရပ်ကွက်ကလေးပေါ်တွင် မီးပန်းတွေ လွှတ်နေသည့်အတွက် ကောင်းကင်ပြင်တွင် အလျှံတောက်သော မြွေတွေ တွန့်လိမ်နေကြသကဲ့သို့ ရှိသည်။
ဟိန္ဒူဘာသာဝင်တို့၏ ဒေဝါလီ မီးထွန်းပွဲတော်သည် ဆယ့်နှစ်လအနက် အမှောင်ဆုံးညတွင် ထွန်းညှိသည့် ပွဲတော်ဖြစ်ပြီး ဆောင်းကြိုသည့် ပွဲတော်လည်း ဖြစ်သည်။ ဒဏ္ဍာရီများနှင့် သင်္ကေတတို့ ကြီးစိုးရာ တိုင်းပြည်ဖြစ်သည့် အိန္ဒိယပြည်၌ ဒေဝါလီပွဲတော်သည် အလင်းရောင်က အမှောင်ကို အောင်ပွဲခံရာ ပွဲတော်ဟုလည်း ဆိုနိုင်သည်။ ဒဿဂီရိဆောင်ယူရာ သိင်္ဃိုရ်ကျွန်းသို့ပါသွားသော သီတာကို ရာမမင်းသားက ပြန်လည်ခေါ်ဆောင်လာသည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။
ဘင်္ဂလားတွင်မူ သေသူတို့၏ဝိညာဉ်များ ကောင်းရာသုဂတိသို့ သွားနိုင်ရန်အတွက် မီးထွန်းပေးခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ ထို့ပြင် မှောင်မည်းနေသည့် အိမ်တစ်အိမ်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်လေ့မရှိသည့် လက်ချမီးနတ်သမီးကို ပူဇော်သည့်ပွဲဟုလည်း ဆိုကြသေးသည်။ လက်ချမီးနတ်သမီးသည် အလှနှင့် စည်းစိမ်ဥစ္စာကိုပေးသည့် နတ်သမီးဖြစ်ရာ ထိုသို့ မီးထွန်းပူဇော်ခြင်းဖြင့် ဥစ္စာတိုးသည်ဟုလည်း ယူဆကြသည်။
သုခမြို့တော်မှ လူဆင်းရဲရပ်ကွက်ကလေးတွင်လည်း ဟိန္ဒူဘာသာဝင်တို့သည် ဒေဝါလီမီးထွန်းပွဲတော်ကို ဆင်နွှဲရန် အားကြိုးမာန်တက် ပြင်ဆင်နေကြ၏။ အချို့ကလည်း ထိုမီးထွန်းပွဲတော်သည် သျှီဝနတ်သားက သစ္စာမဲ့သည့် ကြင်ယာနတ်သမီး ပါဝတီနှင့် အန်စာလောင်းကစားခြင်း ပြုရာတွင် အနိုင်ရသဖြင့် ယင်းကို ပူဇော်သည့်အနေဖြင့် ကျင်းပသည်ဟု ဆိုကြသေး၏။ ထို့ကြောင့် ဒေဝါလီပွဲတော်သည် လောင်းကစားခြင်းကို ပူဇော်သည့်ပွဲဟုလည်း ဆိုနိုင်သည်။
ထိုနေ့ညတွင် ဟိန္ဒူဘာသာဝင်များသည် ဖဲကစားကြသည်၊ သို့မဟုတ် ကြွေအန်ကစားကြသည်။ ပိုက်ဆံရှိသူတို့က ပိုက်ဆံနှင့် ကစားကြသည်။ ပိုက်ဆံမရှိသူတို့က ငှက်ပျောသီး၊ ဗာဒံစေ့၊ သကြားလုံး စသည်တို့ဖြင့် ကစားကြသည်။ ကိုဗာစကီးလည်း ထိုညတွင် ကစားသည်။ မူဆလင်အမျိုးသားတို့နေသည့် လမ်းကြားလေးထဲမှာပင် မီးတွေ ထိန်ထိန်ဝေနေတော့သည်။ ဟိန္ဒူလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကြီးက ကိုဗာစကီးကို ပိုကာကစားရန် လာခေါ်သည်။ ထိုနေ့ညက လက်ဖက်ရည်ဆိုင်တွင် ပိုကာကစားပြီး ပြန်လာသည့်အခါတွင် ကိုဗာစကီးသည် ထိုသတင်းကို ကြားရခြင်းဖြစ်၏။ သတင်းမှာ အခြားမဟုတ်။ သူ့အိမ်နီးနားချင်းဖြစ်သည့် မာဘူ၏ဇနီးသည် ကိုယ်ဝန် ခုနစ်လနှင့် ဆယ်လီမတစ်ယောက် ပျောက်ဆုံးသွားသည်ဆိုသည့် သတင်းဖြစ်သည်။
လွန်ခဲ့သည့်သုံးရက်လောက်က ဆယ်လီမ ရေဘုံပိုင်တွင် အဝတ်လျှော်နေစဉ် သူ့ဆီသို့ အိမ်နီးနားချင်းတစ်ဦး ရောက်လာသည်။ ထိုအိမ်နီးနားချင်းမှာ ဘီဘီဖြစ်သည်။ ဘီဘီမှာ ငယ်ငယ်က ကျောက်ပေါက်ခဲ့သဖြင့် မျက်နှာတစ်ခုလုံး
ကျောက်ပေါက်မာတွေ ပြည့်လျက်။ သူတို့ရပ်ကွက်ကလေးထဲတွင် လူတိုင်း တစ်ယောက်အကြောင်းကို တစ်ယောက်သိနေကြသည့်တိုင် ဘီဘီအကြောင်းကိုမူ မည်သူမျှ သေသေချာချာမသိကြ။
သူ့ယောက်ျားမှာ သာမန်စက်ရုံအလုပ်သမားတစ်ယောက်ဖြစ်သည့်တိုင် ဘီဘီသည် သုံးနိုင်ဖြုန်းနိုင်သည်။ သူတို့လမ်းထဲတွင် ဘီဘီတို့အိမ်သည် တစ်ခုတည်းသောတိုက်ဖြစ်သည်။ သူတို့တိုက်မျက်နှာကြက်တွင် အံ့သြဖွယ်ကောင်းသည့် ပစ္စည်းတစ်ခု ချိတ်ထားသည်။ ယင်းမှာ အခြားမဟုတ်။ လျှပ်စစ်မီးပွင့်ဖြစ်သည်။ ထို့ပြင် အနီးနားတစ်ဝိုက်ရှိ အိမ်ခန်းများမှာလည်း ဘီဘီတို့ပိုင်သည့် အိမ်ခန်းများဖြစ်သည်ဟု ပြောကြသည်။ သို့ရာတွင် အဘယ်ကြောင့် ထိုမျှ ပိုက်ဆံတွေ ပေါနေရသည်ကို မည်သူမျှ မသိနိုင်ပြီ။ အချို့ကမူ ဘီဘီသည် စုန်းတတ်သည်ဟု ဆိုကြသည်။ သူတို့ရပ်ကွက်က လူမိုက်ဂိုဏ်းခေါင်းဆောင်သည် သူတို့အိမ်သို့ မကြာခဏလာတတ်သည်။ ထို့ပြင် ဆေးခြောက်ရောင်းခြင်း၊ အရက်ပုန်းရောင်းခြင်း၊ ပြည့်တန်ဆာထောင်ခြင်း စသည့်စသည့် ဒုစရိုက်လုပ်ငန်းတို့ကို လုပ်သည်ဟုလည်း နာမည်ကြီးသည်။ ထိုမျှမကသေး မိန်းကလေးများကို ဝယ်၍ ဒေလီနှင့် ဘုံဘေသို့ပို့ကာ လူကုန်ကူးသည်ဟုလည်း နာမည်ကြီးသည်။ သို့ရာတွင် မည်သူမျှ အထောက်အထားမရှိဘဲ မပြောရဲကြ။
“ဘုံပိုင်က ပြန်လာရင် ငါ့အိမ်ကို ခဏဝင်ခဲ့ဦးအေ။ ညည်းကို ပြောစရာရှိတယ်” ဟု ဘီဘီက မှာသည်။
ဆယ်လီမမှာ ထူးဆန်းသည့် သူ့စကားကြောင့် အံ့အားသင့်နေသည်။ သို့ရာတွင် အပြန်တွင် သူမှာသည့်အတိုင်း ဘီဘီအိမ်သို့ ဝင်၏။ ဆယ်လီမ၏ယောက်ျားမှာ အလုပ်မှပြုတ်သဖြင့် ဆယ်လီမသည် အရိုးပေါ် အရေတင်ကာ ပိန်ချုံးနေလေပြီ။ ချောမောလှပသည့် သူ့မျက်နှာသည် ယခုအချိန်၌ မျက်တွင်းဟောက်ပက်နှင့် ဖြစ်နေလေပြီ။ နှာခေါင်းပေါ်တွင် တပ်ထားသည့် ကျောက်ကလေးမှာလည်း အပေါင်ဆိုင်သို့ ရောက်နေလေပြီ။ သူ့ဆာရီမှာ စုတ်ပြတ်နေလေပြီ။ အဝေးကကြည့်လျှင် အဘွားအိုကြီးတစ်ယောက်နှင့် တူနေသည်။ ပြည့်ဖောင်းနေသည့် အရာဆို၍ သူ့ဝမ်းဗိုက်တစ်ခုသာလျှင်ရှိသည်။ ဆယ်လီမသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့ကိုယ်ဝန်ကို ဆောင်သည်။ သူပိုင်ပစ္စည်းဆို၍ သည်တစ်ခုသာရှိတော့သည် မဟုတ်လော။ နောက်နှစ်လဆိုလျှင် သူ့ဗိုက်ထဲတွင် လှုပ်ရှားနေသည့် ကလေးငယ်သည် မွေးဖွားလာပေတော့မည်။ ထိုကလေးသည် သူ၏ငါးယောက်မြောက် ကလေးဖြစ်သည်။
ဘီဘီက လက်ဖက်ရည်တစ်ခွက် ဖျော်ထားကာ သူ့ကို အဆင်သင့် စောင့်နေသည်။ သူရောက်လာသည့်အခါတွင် သစ်သားကွပ်ပျစ်ကလေးပေါ်သို့ အထိုင်ခိုင်း၏။
“ဒီကလေးကို ညည်းမမွေးချင်ဘူးဆိုရင် ငါ့ကို ရောင်းပါလား၊ ငါဝယ်မယ်လေ” ဟု ဘီဘီက ပြောသည်။
“ရှင် ... ကျွန်မကလေးကို ရောင်းမလား ဟုတ်လား”
“ခုရှိနေတဲ့ ကလေးတွေကို ပြောတာ မဟုတ်ပါဘူး၊ ညည်းဗိုက်ထဲက ကလေးကို ပြောတာပါ၊ ဈေးကောင်းကောင်းပေးပါ့မယ်၊ နှစ်ထောင်ပေးမယ်အေ၊ ဘယ့်နှယ်လဲ”
သူတို့ရပ်ကွက်ကလေးထဲက သူဌေးမဘီဘီသည် ကာလကတ္တားတွင် နောက်ဆုံးပေါ်နေသည့် အရောင်းအဝယ်ကိစ္စကို ပြောနေခြင်းဖြစ်သည်။ ကာလကတ္တားတွင် သန္ဓေသားများကို ရောင်းဝယ်နေကြသည်။ ထိုလုပ်ငန်းကို ကြိုးကိုင်လုပ်ကိုင်နေကြသူများမှာ နိုင်ငံခြားသားများဖြစ်သည်။ နိုင်ငံခြားသား အဝယ်တော်များသည် ဂျင်နက်တစ်ခေါ် ဗီဇမျိုးစေ့ပညာရပ် သုတေသနအတွက် ဓာတ်ခွဲခန်းများ၊ ဆေးသုတေသနဌာနများကို ပေးသွင်းရန်အတွက် တတိယနိုင်ငံများတွင် ထိုပစ္စည်းများကို လိုက်လံဝယ်ယူနေကြသည်။ ဝယ်သူများမှာ အများအားဖြင့် ဆွစ်ဇာလန်လူမျိုးများနှင့် အမေရိကန်လူမျိုးများဖြစ်ကြ၏။
ထိုသူများက သန္ဓေသားများကို လိုက်လံဝယ်ယူကာ ဆေးသုတေသနဌာနများသို့ ဖြစ်စေ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ လူချမ်းသာများအတွက် ငယ်မူပြန်အားတိုးဆေး ထုတ်လုပ်ရန်ဖြစ်စေ လိုက်လံဝယ်ယူနေကြသည်။ ထိုစီးပွားရေးလုပ်ငန်းသည် ကမ္ဘာတွင် ခေတ်စားလာနေသည်။ ဤတွင် ကာလကတ္တားမြို့ကြီးသည် ကုန်ကြမ်းဝယ်ယူရာဌာနကြီးတစ်ခုဖြစ်လာခဲ့သည်။
ကာလကတ္တားတွင် ထိုရှားပါးလှသော ကုန်ပစ္စည်းကို ဒိုင်ခံဝယ်ယူနေသူမှာ ဆေးဆိုင်ပိုင်ရှင်ဟောင်းတစ်ဦးဖြစ်သူ ဗိုဗရာဆိုသူဖြစ်သည်။ ဗိုဗရာသည် သားဖျက်ချသည့်ဆေးခန်းများမှ ထိုပစ္စည်းများကို မှန်မှန်ကြီးဝယ်၍ ရနေသည်။ ထိုပစ္စည်းများကို အေရိုဖလုတ်လေကြောင်းဖြင့် မော်စကိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသို့ ပို့ပေးနေသည်။
ဝယ်သူတို့ အကြိုက်ဆုံးပစ္စည်းမှာ ရင့်မာနေသည့် သန္ဓေသားများဖြစ်သည်။ သို့ရာတွင် ထိုသန္ဓေသားကို ဝယ်ရသည်မှာ အလွန်ခက်သည်။ ရှားလည်း ရှားသည်။ နှစ်လ သုံးလသားဆိုလျှင် ပေါက်ဈေး နှစ်ရာလောက်သာရှိပြီး ခုနစ်လ ရှစ်လသားဆိုလျှင် ပေါက်ဈေး နှစ်ထောင်လောက်အထိ ရှိသည်။ မိန်းမတစ်ယောက်အဖို့ သန္ဓေသား ခြောက်လ ခုနှစ်လလောက်ရောက်လာလျှင် ထိုသန္ဓေသားကို ဖျက်ချရန် ဝန်လေးတတ်သည့်အတွက် ထိုသို့ ရှားပါး၍ ဈေးကောင်းနေခြင်းဖြစ်သည်။ မည်မျှဆင်းရဲသည့် အိမ်ထောင်ပင်ဖြစ်စေ သားသမီးတစ်ယောက် ထွန်းကားမွေးဖွားလာသည်ကို ဝမ်းသာအားရရှိကြသည် မဟုတ်လော။ သူတို့အဖို့ သားသမီးများသည် ရတနာများပင် မဟုတ်လော။
ဘီဘီက လူကြီးသူမ လေသံမျိုးဖြင့် ...
“ဒါတော့ အဆိုးအကောင်းကို ညည်းဘာသာ စဉ်းစားပေါ့အေ။ ညည်းမှာက ကလေးကလဲ လေးယောက်၊ ဒီအထဲမှာ ယောက်ျားကလဲ အလုပ်မရှိဆိုတော့ ညည်းတို့မှာ နေ့တိုင်း ထမင်းမစားရဘူးလို့ ကြားရတော့ ငါလဲ စိတ်မကောင်းပါဘူး။ ဒီအထဲမှာ ကျွေးစရာ ပါးစပ်တစ်ပေါက်က တိုးလာဦးမယ်။ ဒီတော့ ငွေနှစ်ထောင်လောက် ရလိုက်ရင် ညည်းတို့မှာ နေ့တိုင်း ထမင်းစားနိုင်တာပေါ့၊ မဟုတ်ဘူးလား”
သည်လောက်ကိုတော့ ဆယ်လီမလည်း ကောင်းကောင်းသိပါသည်။ သူ့အဖို့ ပါးစပ်ပေါက်တွေကို နေ့စဉ် ရှာကျွေးနေရသည်မှာ မည်မျှဆင်းရဲပင်ပန်းလှပြီနည်း။
“ငွေနှစ်ထောင် ပိုက်လာပြီး ဗိုက်ထဲ ဟိုဒင်းပါမလာတော့ ကျွန်မယောက်ျားက ဘယ်လိုပြောမလဲရှင်”
ဆရာမကြီးက ပြုံးလိုက်လျက်...
“ဒါက အကြောင်းမဟုတ်ပါဘူးအေ၊ ငွေနှစ်ထောင်ကို လုံးခနဲ မယူသွားချင်ရင် ညည်းကို လစဉ် နည်းနည်း နည်းနည်း ပေးသွားမှာပေါ့၊ ဒီတော့ ညည်းယောက်ျားက ဘာထူးထူးထွေထွေ ထင်တော့မှာလဲ၊ ဒီလိုဆိုရင် ညည်းတို့
သားအမိတစ်တွေလဲ နေ့တိုင်း ထမင်းနပ်မှန်အောင် စားနိုင်တာပေါ့၊ မဟုတ်ဘူးလား”
ဤတွင် သူတို့နှစ်ယောက် လူချင်းခွဲခဲ့ကြသည်။ ပြန်မည်အပြုတွင် ဘီဘီက လှမ်း၍...
“ဪ...ညည်းကို ပြောဖို့ တစ်ခုမေ့နေတယ်၊ တကယ်လို့ ညည်း သဘောတူတယ်ဆိုရင် ညည်းအတွက် ဘာမှ စိုးရိမ်စရာမလိုဘူး၊ ညည်းကို ကျကျနန ဆေးတိုက်မှာ ခွဲစိတ်ပေးမှာ၊ လိုလေသေးမရှိစေရဘူး၊ ပြီးတော့လည်း ထုတ်တာက ဘာမှ မကြာလိုက်ဘူးတဲ့၊ မိနစ်ပိုင်းကလေးအတွင်းမှာတင် ပြီးသွားတာ၊ အသွားအပြန် အလွန်ဆုံးကြာရင် သုံးနာရီပေါ့အေ”
ထူးတော့ထူးဆန်းသည်။ ဆယ်လီမသည် ထိုကိစ္စကို တွေးစဉ်က သူ သေမည့်ကိစ္စကို နည်းနည်းမျှ ထည့်၍မစဉ်းစားမိ။ သူတို့လို ဆင်းရဲသားရပ်ကွက်တွင် သေခြင်းသည်လည်း အဆန်းမဟုတ်တော့ပြီ။
ဆယ်လီမသည် ထိုနေ့တစ်ညလုံး၊ နောက်တစ်နေ့လုံးလုံး ထိုအကြောင်းကိုပင် စဉ်းစားနေသည်။ တစ်ခါတစ်ရံတွင် ဗိုက်ထဲက ကလေးလှုပ်သည်။ ထိုလှုပ်ရှားမှုတို့သည် ငြင်းဆန်ကန့်ကွက်သော လှုပ်ရှားမှုဟု သူ့စိတ်ထဲတွင် ထင်နေမိသည်။ ထိုကိစ္စသည် လူသတ်မှုဖြစ်သည်။ ထိုကိစ္စကို ငွေလေး နှစ်ထောင်ဖြင့် မလုပ်နိုင်၊ မလုပ်ရဲ။ သို့ရာတွင် ညတွင် အခြားသောအသံများကလည်း သူ့ကို ခြောက်လှန့်နေကြသေးသည်။ ထိုအသံများမှာ ဆာလောင်ငတ်မွတ်သဖြင့် တကျီကျီငိုကြွေးနေကြသော သူ့ကလေးငယ်များ၏အသံဖြစ်သည်။
မနက်လင်းသည့်အခါတွင် ဆယ်လီမသည် ဆုံးဖြတ်ချက် ချလိုက်လေပြီ။ နောက်နှစ်ရက်အကြာတွင် အလုပ်စမည်ဟု အကြောင်းပြန်လိုက်သည်။ ထိုသတင်းကို ကြားသည့်အခါတွင် သန္ဓေသား ကုန်သည်ကြီး ဗိုဗရာသည် ပိုးသတ်ဆေးရည်တို့ကို ပြင်သည်။ ခုနစ်လသားဆိုသည်မှာ မွေးကင်းစကလေး တစ်ယောက်နှင့် အရွယ်ချင်းအတူတူ၊ ပုံသဏ္ဌာန်ချင်း အတူတူ။ ဗိုဗရာသည် သန္ဓေသားထည်မည့် ဖန်ဘူးကလေးကို ခွဲစိတ်မည့်ဆေးခန်းသို့ ယူသွားသည်။ အရေးထဲတွင် ဒေဝါလီပွဲနှင့်ဆုံနေသဖြင့် ဟိန္ဒူဆရာဝန်များက အလုပ်မဆင်းကြ။ ဗိုဗရာသည် ထိုကိစ္စကိုမဆိုင်းနိုင်။ ထို့ကြောင့် အခြားဆရာဝန်တစ်ယောက်ကို ခေါ်သည်။
ဆယ်လီမကို ခေါ်သွားသည့် ဆေးတိုက်မှာ ဆေးတိုက်ဟု အမည်တပ်ထားသော်လည်း ဆေးပေးခန်းသာသာမျှသာ။ အခန်းထဲတွင် လိုက်ကာကလေးတစ်ခု စည်းထားပြီး နှစ်ပိုင်းခွဲထားသည်။ ရှေ့ခန်းမှာ ဆရာဝန်က လက်ခံတွေ့ဆုံ၍ ဆေးကုသပေးသည့် နေရာဖြစ်ပြီး နောက်ပိုင်းမှာ ခွဲစိတ်ခန်းဖြစ်သည်။ ခွဲစိတ်ကုသသည့် ပစ္စည်းများမှာလည်း မရှိလျှင် မဖြစ်သည့် အခြေခံပစ္စည်းမျှလောက်သာရှိသည်။ ယင်းတို့မှာ သတ္တုစားပွဲတစ်လုံး၊ မီးချောင်းတစ်ချောင်း၊ အရက်ပြန်တစ်ပုလင်း၊ စင်ပေါ် တွင် တင်ထားသည့် မေ့ဆေးပုလင်းတစ်ပုလင်းတို့သာဖြစ်သည်။ ပိုးသတ်သည့်ကိရိယာမရှိ၊ အောက်စီဂျင်ဘူးမရှိ၊ သွေးသွင်းရန် သွေးပုလင်းမရှိ၊ ခွဲစိတ်သည့် ပစ္စည်းပင်မရှိ။ သက်ဆိုင်ရာ ဆရာဝန်က သူ့ပစ္စည်းသေတ္တာနှင့် သူလာခြင်း ဖြစ်သည်။
ဆေးခန်းသို့ ဝင်လာသည့်အခါတွင် နံရံနှင့် ကြမ်းပြင်တွင် စွဲနေသည့် အီသာနံ့ကြောင့် ဆယ်လီမ မူးနောက်နောက်ဖြစ်နေသည်။ ဆယ်လီမသည် တစ်ခုတည်းသော ပရိဘောဂဖြစ်သည့် ခွေးခြေကလေးပေါ်တွင် ထိုင်ချလိုက်၏။ လာစဉ်က အကြောက်ကြောက်အရွံ့ရွံ့ဖြင့် လာခဲ့ခြင်းဖြစ်သည့်တိုင် ဆေးခန်းထဲသို့ ရောက်သွားသည့်အခါတွင် အကြောက်ပြေသွားကာ စိတ်အေးသလိုလိုဖြစ်သွားသည်။ “အို ...ညနေကျရင် ငါ့ယောက်ျားနဲ့ ကလေးတွေ ထမင်းဝဝလင်လင် စားရတော့မှာ” ဟု သူ့ကိုယ်သူ အားပေးသည်။ သူ့အင်္ကျီရင်ဘတ်ကြားထဲတွင် ဘီဘီက ပေးလိုက်သည့် စရန်ငွေ သုံးဆယ်ရှိသည်။ ထိုငွေဖြင့် ဆန်လေးပြည်လောက် ဝယ်နိုင်သည်။
သူ့ကို ခွဲစိတ်ပေးဖို့ ခေါ်ထားသည့် ဆရာဝန်မှာ အသက်ငါးဆယ်ခန့် ဦးထိပ်ပြောင်ပြောင်၊ နားရွက်မွေးထူထူနှင့်ဖြစ်သည်။ ဆရာဝန်က ဆယ်လီမကို စားပွဲပေါ်သို့ အလှဲခိုင်းပြီး သေချာစွာ စစ်ဆေးသည်။ သူ့နောက်တွင်မူ သန္ဓေသားကုန်သည် ဗိုဗရာသည် ဂနာမငြိမ်နိုင်အောင် ဖြစ်နေလေပြီ။ အေရိုဖလုတ် လေယာဉ်သည် နောက်လေးနာရီဆိုလျှင် ထွက်တော့မည်။ ယခု ခွဲစိတ်လျှင်ပင် ပစ္စည်းကို လေဆိပ်သို့သွားပို့မှ မီတော့မည်။ ဗိုဗရာသည် နယူးယောက်ရှိ ပစ္စည်းဝယ်သူနှင့် စကားပြောပြီးပြီ။ သူ့အတွက် အသားတင် အမြတ် ပေါင် ၇၅၀ ရမည်။
“ဆရာ ဘာစောင့်နေတာလဲ”
ဆရာဝန်က သူ့ပစ္စည်းသေတ္တာကို ဖွင့်၍ ပစ္စည်းများကို ထုတ်သည်။ အရှည်ကို ဝတ်ပြီးနောက် လက်ဆေးရန် ဆပ်ပြာနှင့် ရေဇလုံတောင်းသည်။ ထို့နောက် ဂွမ်းဖတ်ကြီးတစ်ဖတ်ကိုယူ၍ မေ့ဆေးဆွတ်လိုက်ပြီး ဆယ်လီမ၏နှာဝနှင့် ပါးစပ်ဝသို့ တေ့ပေးလိုက်သည်။ ဆယ်လီမကို မေ့ဆေးပေးထားစဉ် ဆရာဝန်သည် ဂနာမငြိမ်နိုင်အောင်ဖြစ်ကာ သူ့မုတ်ဆိတ်မွေးတွေကို ဆွဲလိမ်နေသည်။ ထို့နောက် ခွဲစိတ်ဓားကို ထုတ်လိုက်၏။
မိနစ်နှစ်ဆယ်ကြာသည့်အခါတွင်ကား ဆရာဝန်သည် သားအိမ်မှ စီးကျလာသည့် သွေးများကို ဂွမ်းဖြင့် သုတ်ပေးကာ ပစ္စည်းကို ဗိုဗရာ ကိုင်ထားသည့် ဗန်းကလေးထဲသို့ ထည့်လိုက်သည်။ သန္ဓေသားက ယောက်ျားကလေး။
ချက်ကြိုးကိုဖြတ်ပြီးသည့်နောက်တွင် ပြဿနာပေါ်လေပြီ။ ဆယ်လီမ၏သားအိမ်ထဲမှ သွေးခဲနီနီကြီးတစ်ခု ကျလာပြီးနောက် သွေးမည်းမည်းတွေ ဆင်းလာသည်။ ထို့နောက် သွေးတွေ ဒလဟောထွက်လာသည်။ ခဏကလေး အတွင်းမှာ တစ်ခန်းလုံး နီရဲနေလေပြီ။ ကြမ်းပြင်တွင် သွေးတွေ အိုင်ထွန်းနေလေပြီ။
ဆရာဝန်သည် ဝမ်းဗိုက်အောက်ပိုင်းကို ပတ်တီးဖြင့် တင်းကျပ်စွာ စည်း၏။ သို့ရာတွင် သွေးတို့သည် ဒီရေတက်သကဲ့သို့ ဒလဟော ဆင်းနေသည်။ ဆရာဝန်သည် ပတ်တီးကိုဖြေ၍ ဝမ်းဗိုက်သွေးကြောမကြီးကို စစ်ကြည့်သည်။ သွေးကြောကို တွေ့သည်နှင့် လက်သီးဖြင့် အတင်းဖိကာ သွေးရပ်အောင် ကြိုးစားကြည့်သည်။ သွေးတိတ်ဆေးများများသုံးနိုင်မှ ပြီးမည့်ကိစ္စမျိုးဖြစ်သည့်တိုင် သူ့တွင် သွေးတိတ်ဆေးဆို၍ တစ်စက်မျှမပါ။ မည်မျှကြိုးစားသည့်တိုင် အဟောသိကံမျှသာ။
ဆရာဝန်သည် ဆယ်လီမ၏လက်ကောက်ဝတ်မှ သွေးကြောကို စမ်းကြည့်၏။ မျှင်းမျှင်းကလေးမျှသာ စမ်းရတော့သည်။ သို့တိုင်အောင် မှန်မှန်မဟုတ်။ ထိုစဉ် တံခါးဖွင့်သံကြားသဖြင့် သူလှည့်ကြည့်လိုက်သည်။ သန္ဓေသားကုန်သည်ကြီး ဗိုဗရာသည် သန္ဓေသားဖန်အိုးကြီးကိုကိုင်၍ ထွက်သွားလေပြီ။
ပွဲစားမကြီး ဘီဘီသည်လည်း ဆယ်လီမ၏ရင်ဘတ်ကြားမှ ငွေသုံးဆယ်ကိုယူပြီး ထွက်သွားလေပြီ။ ဆရာဝန်သည် သေငယ်ဇောဖြင့် မြောနေသည့် ဆယ်လီမ၏ကိုယ်ပေါ်သို့ ဆာရီကို လွှမ်းပေးလိုက်၏။ ထို့နောက် သွေးတွေ စွန်းပေနေသည့် သူ့ဝတ်ရုံအင်္ကျီကိုချွတ်၍ သေချာစွာ ခေါက်သည်။ ထို့နောက် သူ့ခွဲစိတ်ပစ္စည်းများကို အတက်ချီကင်းဗတ်အိတ်ထဲသို့ ထည့်သည်။ ထို့နောက် သူလည်း ထိုနေရာမှ ထွက်ခွာသွားသည်။
ဆယ်လီမသည် ဆေးခန်းမှ အလုပ်သမားတစ်ဦးနှင့်အတူ ကျန်ရစ်ခဲ့၏။ တဝီဝီ မြည်နေသော ပန်ကာသံများအကြားမှ အပြင်ဘက်မှ ပြောနေသော စကားသံများ ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် မေ့ဆေးတွေ စိုရွှဲနေသည့် ဂွမ်းဖတ်ကြီး ဖုံးလျက်။ အလုပ်သမားမှာ ခပ်ပုပု ညှက်ညှက်၊ မျက်ခုံးမွေးထူထူ၊ နှာယောင်ကောက်ကောက်နှင့်ဖြစ်သည်။ သူ့အဖို့မူ စားပွဲပေါ်မှ သွေးမရှိတော့သော အလောင်းသည် ဒေဝါလီပွဲတော်တွင် ဖဲနိုင်ခဲ့သည်ထက် အကျိုးရှိနေသည်။ သူ့အတွက် အသုံးကျသည့် လိပ်စာတစ်ခုကို သူသိသည်။ ထိုနေရာမှာ အမည်မသိသူတို့၏အလောင်းများကို ဖြတ်တောက်ဖျက်ဆီးကာ လူအရိုးကို နိုင်ငံခြားသို့ တင်ပို့သည့်နေရာဖြစ်သတည်း။
* * *
ကာလကတ္တားမြို့တွင်ရှိသည့် လန်ချားအစီး ငါးသောင်းတို့အနက် တစ်စီးစီပေါ် တွင် ဗုံးအလုံး ငါးသောင်းစီ ကြဲချလျှင်ပင် ထိုမျှလောက် အုတ်အော်သောင်းတင်းဖြစ်မည်မထင်။ ကာလကတ္တားမြို့ရှိ လန်ချားပိုင်ရှင်များက လန်ချားအုံနာခကို ဈေးမြှင့်မည်ဟု ကြေညာလိုက်လေပြီ။ နောက်တစ်နေ့ဆိုလျှင် အုံနာခကို တိုးမြှင့်လိုက်လေပြီ။
လန်ချား အုံနာခကို တိုးမြှင့်လိုက်ခြင်းသည် လန်ချာသမားများအဖို့ အပြင်းထန်ဆုံးသော ထိုးနှက်ချက်ကြီးတစ်ခုဖြစ်၏။ ၁၉၄၈ ခုနှစ်တုန်းက အုံနာခကို နေ့ငှားခနှင့် ညငှားခ နှစ်မျိုးပေးရမည်ဟု လန်ချားပိုင်ရှင်များကတောင်းဆိုခဲ့သဖြင့် အိန္ဒိယပြည်ရာဇဝင်တွင် ပထမဆုံးသော လန်ချားသမားသပိတ်ကြီး ပေါ်ခဲ့ဖူးသည်။ ထိုသပိတ်ကြီးသည် ဆယ့်ရှစ်ရက် ကြာခဲ့သည်။ ထိုသပိတ်ကြီးတွင် လန်ချာသမားတို့က အနိုင်ရသွားခဲ့ကာ သပိတ်အပြီးတွင် လန်ချားသမားများသမဂ္ဂကို ဖွဲ့စည်းနိုင်ခဲ့ကြ၏။ ယခု ပြဿနာသည် ထိုသပိတ်ကြီးပေါ်ပေါက်ခဲ့သည့်နောက်တွင် ပထမဆုံး ပေါ်ပေါက်ခဲ့သည့် အပြင်းထန်ဆုံးထိုးနှက်ချက်ဖြစ်၏။
သမဂ္ဂကို စတင် တည်ထောင်ခဲ့သူမှာ ဖြူဖွေးထူထဲသော ဆံပင်များရှိသည့် ဘီဟာနယ်သား လယ်သမားဟောင်းတစ်ဦး ဖြစ်သူ ဂိုလန်ရာဆူးဆိုသူဖြစ်သည်။ ရာဆူးသည် ယခုအချိန်တွင် အသက်ငါးဆယ့်လေးနှစ်ရှိလေပြီ။ လန်ချားသမားများ၏ ပျမ်းမျှသက်တမ်းသည် သုံးဆယ်အောက်ဖြစ်ရာ ရာဆူး၏သက်တမ်းသည် လန်ချားသမားများထဲတွင် စံချိန်ထားရလောက်သည့် သက်တမ်းဖြစ်၏။ ရာဆူး လန်ချားဆွဲခဲ့သည်မှာ ရက်ပေါင်း တစ်သောင်းသုံးထောင်ကျော်ခဲ့လေပြီ။ လန်ချားလှည်းသန်နှစ်ချောင်းကြားတွင် သူဝင်၍ ဆွဲခဲ့သည့် ခရီးအကွာအဝေးကို ဆန့်ထုတ်လိုက်လျှင် ကမ္ဘာမြေပြင်နှင့် လ,၏ အကွာအဝေး လေးခေါက်စာနှင့် ညီမျှနေလေပြီ။
မိုးရာသီ၊ ယာဉ်တိုက်မှု၊ စော်ကားမှုတို့ကို ရာစုနှစ် သုံးပုံတစ်ပုံလောက် ခံခဲ့ရပြီးသည့်နောက်၌ လန်ချားသမားတို့၏အသံကို ကြားအောင်လုပ်ရန် တစ်ခုသောနည်းလမ်းမှာ လန်ချားသမားများ၏ သမဂ္ဂတစ်ခုကို တည်ထောင်ရန်ဖြစ်သည်ဆိုသည့် အချက်ကို ရာဆူး သဘောပေါက်လာခဲ့သည်။ သို့ရာတွင် လန်ချားသမားဆိုသည်မှာ စက်ရုံလုပ်သားကဲ့သို့ စုပေါင်း၍ လုပ်ကြသည်မဟုတ်။ တစ်ဦးစီ တစ်ကွဲစီ လုပ်ရခြင်းမျိုးဖြစ်သည့်ပြင် လန်ချားသမားတွင် မျှော်မှန်းချက်ဟူ၍လည်း ကြီးကြီးမားမားမရှိသဖြင့် သူတို့ကို စည်းရုံးရသည်မှာ မလွယ်လှ။
ရာဆူးသည် အရေးအဖတ် သင်၏။ ကြေညာစာတမ်းစသည်တို့ကို ဖတ်၏။ ထို့နောက် လူထုအစည်းအဝေးများ လှုံ့ဆော်ကျင်းပရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဘင်္ဂလားလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ကွန်မြူနစ်တစ်ဦးဖြစ်သူ အဗ္ဗဒူရာမန်နှင့် အဆက်အသွယ်ရသွားသည်။ “ကာလကတ္တားမှာရှိတဲ့ လူမြင်းတွေကို တိရစ္ဆာန်တွေလို သဘောမထားဘဲ လူတွေလို သဘောထားစေချင်ရင် လန်ချားသမားတွေကို စုရုံးပြီး တိုက်ပွဲဝင်ရမယ်” ဟု ရာမန်က သူ့ကို ပြောသည်။သို့ဖြင့် ကမ္ဘာတွင် ထူးခြားသည့် သမဂ္ဂတစ်ခုဖြစ်သော လန်ချားသမားများသမဂ္ဂ ပေါ်လာခဲ့ခြင်းဖြစ်သည်။
လူမြင်းများသည် ခေါင်းမော့ကာ သူတို့အခွင့်အရေးများကို တောင်းဆိုရန် စည်းရုံးမိကြလေပြီ။ သူတို့လန်ချားသမားများသမဂ္ဂသည် အိန္ဒိယပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဆက်မိကြသည်။ ထိုလန်ချားသမားများသမဂ္ဂ၏ ခေါင်းဆောင်မှာ အဗ္ဗဒူရာမန် ဖြစ်၏ ။ အတွင်းရေးမှူးမှာ ထူထဲဖြူဖွေးသော ဆံပင်များရှိသည့် လန်ချားသမားဟောင်းကြီး ရာဆူးဖြစ်သည်။ အိုမင်းယိုင်နဲ့နေပြီဖြစ်သည့် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တည်ရာအဆောက်အအုံရှိ စတုတ္ထထပ်မှ အခန်းနှစ်ခန်းကို သူတို့လန်ချားသမားများသမဂ္ဂ ဌာနချုပ်ရုံးခန်းအဖြစ် ဖွင့်ထားသည်။
မနက် ၆ နာရီထိုးသည်နှင့် ရာဆူးသည် သူကိုယ်တိုင် လန်ချားလှည်းသန်နှစ်ချောင်းကြားထဲသို့ မဝင်ခင်တွင် သူ့ရဲဘော်များ၏နစ်နာချက်များကို ကြားနာသည်။ ပုလိပ်နှင့်ဖြစ်စေ၊ အုံနာနှင့်ဖြစ်စေ ရင်ဆိုင်ရန်အတွက် သူ့ရဲဘော်များအား လိုအပ်သည့်ညွှန်ကြားချက်များ၊ အကြံဉာဏ်များကို ပေးတတ်သည်။
အစတွင် သူတို့လန်ချားသမားများ အစည်းအဝေးမှာ လူသိပ်မရှိ၊ ကျိုးတိုးကျဲတဲမျှသာ။ နောက်ပိုင်းတွင်မူ တစ်မြို့လုံးရှိ လန်ချားသမားများသည် သူတို့အစည်းအဝေးများသို့ လာကြသည်။ ညနေတိုင်သည်နှင့် ရာဆူးသည် လန်ချားလှည်းသန်ကြားမှထွက်ကာ လန်ချားသမားနှင့် လားလားမှ မအပ်စပ်သော ပစ္စည်းကို ကောက်ကိုင်သည်။ ထိုပစ္စည်းမှာ ဘောပင်တစ်ချောင်းဖြစ်သည်။ ရာဆူးသည် ကာလကတ္တား မြူနီစီပယ်ရုံးကြီးရှိ ယာဉ်ရထားများနှင့် အနှေးယာဉ်များဌာနရှိ ဖုန်တက်နေသော လယ်ဂျာစာအုပ်ပုံကြီးများနောက်တွင် ထိုင်ကာ လန်ချားလိုင်စင်များ အသစ်လဲပေးရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာတို့နှင့် ဆွေးနွေးသည်။ သူတို့ဆွေးနွေးသော အခန်းကလေးထဲတွင် ပင့်ကူအိမ်တွေ ရစ်ဖွဲ့လျက်။ ခေါင်းပေါ်မှ အားကုန်နေသည့် ပန်ကာကလေးက လေးကန်စွာ လည်ပတ်နေသည်။ တစ်ဖက် နံရံပေါ်တွင်မူ ပန်းဝတ်ရုံကို ခြုံထားသည့် လက်လေးဖက်နှင့် ကာလီနတ်သမီး၏ပုံတော်။
စာထဲတွင်မူ လန်ချားလိုင်စင်သည် ဆယ့်နှစ်ပြားသာဖြစ်၏။ ထိုနှုန်းသည် ၁၉၁၁ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သည့်နှုန်းဖြစ်သည်။ လက်တွေ့၌မူ လန်ချားသမားသည် ထိုအဖိုးတန်လက်မှတ်ကလေးကို ရဖို့အတွက် ပုလိပ်ကို ဘောက်ဆူး သုံးဆယ် ပေးရသည်ဟု အဆိုရှိသည်။ သူတို့ကို ကာကွယ်သူ ရာဆူးမပါသည့်အခါမျိုးတွင်ဆိုလျှင် ထိုထက် သုံးဆ ပေးရသည်။
ကာကွယ်သူဆိုသည့် အသုံးအနှုန်းသည် မှန်ကန်သည့် အသုံးအနှုန်း ဖြစ်သည်။ သမဂ္ဂသက်တမ်း အနှစ်သုံးဆယ်အတွင်း၌ ရာဆူးသည် သူတို့အကျိုးအတွက် မမောမပန်း တိုက်ခိုက်ခဲ့၏။ ကန့်ကွက်အစည်းအဝေးများ၊ စီတန်း လှည့်လည်ပွဲများ၊ သပိတ်များကို အခါအားလျော်စွာ ခေါင်းဆောင်ခဲ့၏။ သို့ဖြင့် ရာဆူးသည် ကာလကတ္တားရှိ လူမြင်းများအား သူတို့ကို သွေးစုပ်သူများနှင့် ပုလိပ်ကို ကန့်ကွက်ဆန့်ကျင်ရန် ခေါင်းဆောင်စည်းရုံးခဲ့သည်။ မြို့တော်ရှိ လမ်းများပေါ်တွင် ယာဉ်တွေကျပ်နေသည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် လမ်းသစ်များပေါ်တွင် လန်ချားဆွဲခွင့်မပြုဟူသော မြူနီစီပယ်အာဏာပိုင်တို့၏အမိန့်ကို ကန့်ကွက်ဆန့်ကျင်ခဲ့သည်။
ကာလကတ္တားမြို့ကြီး၏ မြို့ပြဆိုင်ရာ အကျပ်အတည်းကြီးသည် ပုလင်းဝလို ပြွတ်သိပ်ကျဉ်းမြောင်းနေသည့် လမ်းမများပေါ်တွင် ရှာဖွေစားသောက်နေရသူများအတွက် အန္တရာယ်ကြီးတစ်ခုဖြစ်လာခဲ့သည်။ တိမ်းတတ်, ရှောင်တတ်သည့် လန်ချားသမားပင်လျှင် ထိုပိုက်ကွန်ကြီးထဲတွင် အစင်းသား မိနေတတ်သည်။ ပိုက်ကွန်ကြီးနှင့် တားမြစ်ပိတ်ထားသည့်နေရာများကို ကွေ့ပတ်ရှောင်ကွင်း၍ သွားကြရ၏။ သို့ဖြင့် ခပ်နီးနီးခရီးကို အဝေးကြီး ကွေ့ပတ်သွားနေကြရသည်။
ယခုတဖန် အုံနာခတွေကို မြှင့်လိုက်သည့်အခါတွင် သူတို့အဖို့ နောက်ထပ် ပြဿနာတစ်ခု တိုးလာပြန်လေပြီ။ သို့ဖြင့် တစ်လမ်းမှသည် တစ်လမ်း၊ ရပ်ကွက်တစ်ခုမှသည် တစ်ခု၊ ဟူဂလီမြစ်ကမ်းတစ်လျှောက်မှသည် ချောင်ရင်ဂီရပ်ကွက်ရှိ မိုးထိတိုက်ကြီးများအထိ၊ ဟောင်ရာတံတားအနီးရှိ ဆင်းရဲသားရပ်ကွက်များမှသည် သစ်တောလမ်းရှိ ဝင်းကြီး ခြံကြီးများအထိ၊ ကာလကတ္တား မြို့ကြီးတစ်မြို့လုံးသည် ထူးဆန်းသည့် ပြဇာတ်ကြီးတစ်ခုမှ တီးလုံးသံများနှင့် ပဲ့တင်ထပ်လျက်ရှိ၏။ ထိုတီးလုံးသံမှာ အခြားမဟုတ်။ ကန့်ကွက်ဆန္ဒပြသော လန်ချားသမားများက လန်ချားလှည်းသန်ကို ခေါက်နေသည့် ချူသံများ ဖြစ်သတည်း။
* * *
"တချို့လူတွေမှာ သူတို့ကိုယ် သူတို့ ကာကွယ်ဖို့အတွက် ဓားမြှောင်တွေ ရှိတယ်။ သေနတ်တွေရှိတယ်။ တချို့များဆိုရင် ဒီထက် ကြောက်စရာကောင်းတဲ့ လက်နက်တွေတောင်ရှိတယ်။ ကျွန်တော်တို့မှာတော့ ကွမ်းသီးလုံးလောက်ရှိတဲ့ ကြေးနဲ့ လုပ်တဲ့ ချူကလေးပဲရှိတယ်။ ဒါပေမယ့် လန်ချားလှည်းသန်နဲ့ဖြစ်ဖြစ်၊ လမ်းဓာတ်မီးတိုင်နဲ့ဖြစ်ဖြစ် ခေါက်လိုက်ရင် အသံမြည်လာတဲ့ ဒီချူကလေးဟာ တခြားလက်နက်တွေထက် အားကောင်းတယ်။ အဲဒီချူသံဟာ ကျွန်တော်တို့ရဲ့ အသံပဲ။ ကာလကတ္တားမြို့ကြီးက လန်ချားသမားအားလုံးရဲ့ အသံပဲ"
"အဲဒီနေ့ မနက်က ကျွန်တော်တို့ တီးလိုက်တဲ့ခေါင်းလောင်းသံတွေ၊ ချူသံတွေဟာ ပဲ့တင်မြည်ဟည်းသွားတယ်။ လန်ချားသူဌေးတွေရဲ့ ကိုယ်စားလှယ်တွေဟာ ကျွန်တော်တို့ဆီကို အပြေးအလွှားရောက်လာကြပြီး လန်ချားအုံနာခ ဘာကြောင့် မြှင့်ရတယ်ဆိုတာကို လာရှင်းပြကြတယ်။ ခါတိုင်းဆိုရင်တော့ ဒီကိုယ်စားလှယ်တွေဟာ ကျွန်တော်တို့အပေါ်မှာ မာရေကျောရေ ဆက်ဆံပြီး သူတို့ပြောချင်တာကို ပြောသွားတာပဲ။ အေးလေ...ဟုတ်တာပေါ့။ ကျွန်တော်တို့လို လူတွေကို ဘယ်မှာ လေကုန်ခံပြီး စိတ်ရှည်လက်ရှည် ရှင်းပြနေပါ့မလဲ။ ဒါပေမယ့် အဲဒီနေ့မနက်ကတော့ တစ်မြို့လုံး ခေါင်းလောင်းသံတွေ ဆူနေတော့ ကျွန်တော်တို့တစ်တွေဟာ တိရစ္ဆာန်ရုံထဲက ဆိတ်ကလေးတွေလို သူတို့ ကျွေးသမျှကို မျိုချမယ့်သတ္တဝါတွေ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားကြပုံရတယ်။ သူတို့ တိုးတဲ့ အုံနာခကလည်း များလွန်းတာကိုး"
"အဲဒီနေ့က ကျွန်တော့်လန်ချားသူဌေးရဲ့ ကိုယ်စားလှယ် မွတ်စတာဖာက ခေါင်းလောင်းသံတွေကြားထဲက အော်ပြီး ကျွန်တော့်ကို ပြောနေတယ်။ ဒီခေတ်မှာ လန်ချား စပုတ်တိုင်တစ်ချောင်း ကျိုးသွားရင် ဘယ်လောက်ပေးရသလဲဆိုတာ မင်းလဲ သိသားနဲ့ပါလို့ ကျွန်တော့်ကို လှမ်းပြောနေတယ်။ တစ်ယောက်ကလည်း လန်ချားအမိုးစ, ကကောကွာတဲ့။ နောက်တစ်ယောက်က ပုလိပ်ကို ပေးရတဲ့ ဘောက်ဆူးကိုလည်း ကြည့်ပါဦးကွာတဲ့"
“အမှန်ကတော့ ဒီလူတွေဟာ အမြဲတမ်း အပေါ်စီးနဲ့ ပြောလာတဲ့လူတွေ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း သူတို့ပြောတဲ့စကားတွေကို တစ်လုံးမှ နားမဝင်နိုင်ဘူး။ သူတို့ဘာသာသူတို့ စပုတ်တိုင်တစ်ချောင်းကို ဘယ်လောက်ပဲ ပေးရပေးရ၊ ပုလိပ်ကို ဘောက်ဆူးဘယ်လောက်ပဲ ပေးရပေးရ၊ ကျွန်တော်တို့ အလုပ်မဟုတ်ဘူး။ လန်ချားလှည်းသန်နှစ်ချောင်းကြားထဲမှာ ခါးကျိုးမတတ် ကျွန်တော်တို့တစ်တွေ ဆွဲခဲ့ကြတာဟာ အုံနာတွေ ပြဿနာရှိရင်၊ အခက်အခဲရှိရင် ဝိုင်းငိုပေးဖို့ ဆွဲခဲ့ကြတာမဟုတ်ဘူး။ ကျွန်တော်တို့အဖို့ အရေးကြီးတာက လကုန်ရင် လျှောက်လွှာစာရေးဆီသွားပြီး မန်နီအော်ဒါနဲ့ တောကိုပြန်ပို့ရမယ့် ပိုက်ဆံထုပ်ကလေးတွေပဲ။ သူတို့ မဟုတ်ဘူး"
“ဒီမှာတင် ကျွန်တော်နဲ့ လန်ချားသူဌေးရဲ့ ကိုယ်စားလှယ်တို့ ဆွေးနွေးကြတယ်။ ဒါပေမယ့် အသံတွေ ဆူညံနေလို့ ကျွန်တော်တို့နှစ်ယောက် အော်လို့မကြား ဖြစ်နေကြတယ်။ ဒီတုန်းမှာ လန်ချားသမားသမဂ္ဂအတွင်းရေးမှူး ရာဆူးရောက်လာတဲ့အတွက် အသံတွေ တိတ်သွားတယ်။ ရာဆူးဟာ အပြင်ပန်း ကြည့်လိုက်ရင်တော့ ပိန်ပိန်ပါးပါးကလေးရယ်။ အသိုက်ထဲက ပြုတ်ကျနေတဲ့ စာကလေးတစ်ကောင်လိုပဲ။ ဒါပေမယ့် တော်တော်ဩဇာရှိတဲ့လူ။ သူက ကျွန်တော်နဲ့ လာဆွေးနွေးနေတဲ့ လန်ချားသူဌေးရဲ့ ကိုယ်စားလှယ်တွေဘက်ကို လှည့်ပြီး အုံနာခကို မမြှင့်ဖို့ ခင်ဗျားတို့သူဌေးတွေကို သွားပြောပါ။ အုံနာခ မြှင့်လိုက်ရင်တော့ ကာလကတ္တားမြို့လမ်းမတွေပေါ်မှာ လန်ချားတစ်စီးမှ တွေ့ရတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်"
“ရာဆူးက သူ့လက်ထဲမှာ ပါလာတဲ့ ဂျပ်သေတ္တာကလေးကို ဖွင့်ပြီး ကျွန်တော်တို့ကို ကြေညာချက်တွေ ဝေတယ်။ ကျွန်တော်တို့အားလုံး တစ်ယောက်မှ ရေးတတ်ဖတ်တတ်ကြတာ မဟုတ်ပေမယ့် ကြေညာချက်ထဲမှာ ဘာတွေပါသလဲဆိုတာ ကျွန်တော်တို့သိတယ်။ ဘာပါရမှာလဲ၊ သပိတ်မှောက်ဖို့ လှုံ့ဆော်တဲ့စာတွေ ပါတာပေါ့။ လန်ချားသူဌေးရဲ့ ကိုယ်စားလှယ်တွေလည်း သတင်းပို့ဖို့ ပြန်သွားကြတယ်။ သူတို့မှာလည်း လန်ချားပိုင်ရှင်များအသင်းရယ်လို့ ရှိသေးတာကိုး"
“ကျွန်တော်တို့ စုနေတဲ့ စုရပ်ကို ရပ်ကွက်အသီးသီးက လန်ချားသမားတွေ ရောက်လာကြတယ်။ ဟူဂလီမြစ်တစ်ဖက်မှာရှိတဲ့ ရပ်ကွက်တွေ၊ ဘာရက်ပူရိစတဲ့ ရပ်ကွက်တွေမှာရှိတဲ့ ဘေးတွဲလန်ချားတွေလည်းပါတယ်။ ဘေးတွဲလန်ချားကလည်း ကျွန်တော်တို့ ဘဝတူတွေပါပဲ။ သူတို့က ဆိုင်ကယ်နဲ့ နင်းရလို့ တစ်နေ့တစ်နေ့မှာ ကျွန်တော်တို့ထက်တောင် ခရီးရှည်သေးတယ်"
“ခဏနေတော့ ပန်းခြံလမ်း အဝိုင်းကြီးအနီးက ကွက်လပ်မှာ လန်ချားတွေ တင်းကြမ်းပြည့်သွားပြီ။ ဘတ်စ်ကားတို့၊ ယာဉ်တို့ သွားလာလို့မရဘဲ ဖြစ်သွားတယ်။ ပုလိပ်ကားတွေ ပေါက်လာပြီး ယာဉ်တွေ ပိတ်မနေအောင် လမ်းလာရှင်းတယ်။ ဒါပေမယ့် ဒီလောက်များတဲ့ လူအုပ်ကြီးကို ပုလိပ်ကလေး သုံးဆယ်လောက် လာပြီးရှင်းလို့ ဘယ်ရမလဲဗျာ။ ပုလိပ်က နံပါတ်တုတ်နဲ့ ဟိုရိုက် သည်ရိုက် လျှောက်လုပ်သေးတယ်။ မရတော့ သူတို့လဲ နောက်ဆုတ်သွားကြ တယ်။ ကျွန်တော်တို့သမဂ္ဂဝင်တစ်ယောက်က ဝါးလုံးရှည်နှစ်ချောင်းမှာ ပူးလိပ်လာတဲ့ အလံနီကို ဖြေလိုက်တယ်။ နဖူးစည်းအောက်မှာ ကျွန်တော်တို့လန်ချားသမား သမဂ္ဂအမည် ရေးထားတယ်။ ဝါးလုံးတစ်လုံးစီကို လူတစ်ယောက်စီက ကိုင်ပြီး မြှောက်လိုက်တဲ့အခါမှာ စာတန်းနီကြီးဟာ ကျွန်တော်တို့အပေါ်မှာ မုခ်ဦးကြီးတစ်ခုလို မိုးနေတယ်"
“လန်ချားသူဌေးရဲ့ ကိုယ်စားလှယ်တွေ နောက်တစ်ခေါက် ကျွန်တော်တို့ဆီကို ပြန်လာတော့ သူတို့မျက်နှာကို ကြည့်ရတာ တော်တော်ကြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ပုံပဲ။ သူတို့အုံနာတွေကလည်း သူတို့ တိုးမြှင့်တောင်းထားတဲ့ လန်ချားအုံနာခကို တစ်ပြားမှ မလျှော့နိုင်ဘူးလို့ တင်းခံနေတယ်။ ရာဆူးက စင်မြင့်ကလေးပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး အသံချဲ့စက်ခွက်ကို ကိုင်လိုက်တယ်။ ဒီလောက် သေးကွေးတဲ့ ခန္ဓာကိုယ်ထဲက ဒီလောက် အောင်မြင်တဲ့အသံဘယ်လိုလုပ်များ ထွက်လာသလဲလို့ ကျွန်တော် စဉ်းစားမရဘူး။ ရဲဘော်တို့ သင်တို့ရဲ့လန်ချားပိုင်ရှင်များဟာ အမြတ်အစွန်းကိုရသည်ထက် ရအောင် ပိုထုတ်ချင်နေကြတယ်။ သူတို့ရဲ့လောဘဟာ အဆုံးမရှိဘူး။ သူတို့ဟာ နေ့ အုံနာခနဲ့ ညအုံနာခ နှစ်မျိုးပေးရမယ်လို့ မနေ့က တောင်းခဲ့ကြတယ်။ ဒီနေ့ကျတော့ အုံနာခကို ငါးဆယ်ရာနှုန်း တိုးပေးရမယ်လို့ ပြောလာကြပြန်ပြီ။ မနက်ဖြန်ဆိုရင် ငါတို့အပေါ်မှာ ဘယ်လိုနင်းပြီး ဘာတွေကို တောင်းဦးမယ် မပြောနိုင် မသိနိုင်ဘူးလို့ သူကပြောတယ်"
"ရာဆူးဟာ အတော်ကြာကြာ စကားပြောနေတယ်။ သူ့မျက်နှာဟာ အသံချဲ့စက်နောက်မှာ ပျောက်နေတယ်။ ဒီလို အုံနာခတွေ မြှင့်လိုက်ရင် ကျွန်တော်တို့ကလေးတွေ ငတ်ပြတ်သေဖို့သာ ရှိတဲ့အကြောင်း၊ ကျွန်တော်တို့ဟာ မြေယာကို စွန့်လွှတ်ခဲ့ကြရတဲ့အကြောင်း၊ ကာလကတ္တားတောကြီးမျက်မည်းထဲမှာ မသေရုံသာ စားနေကြရတဲ့အကြောင်း၊ ဒီအတိုင်းသာ ငုံ့ခံနေကြလျှင် ကျွန်တော်တို့မှာ သေဖို့မှအပ တခြားလမ်းမရှိတဲ့အကြောင်း၊ လန်ချားပိုင်ရှင်တွေရဲ့ ခြိမ်းခြောက်မှုကို တွန်းလှန်ဖို့လိုတဲ့အကြောင်း၊ သူတို့ နောက်ဆုတ်သွားအောင် လုပ်နိုင်တဲ့အင်အား ကျွန်တော်တို့မှာ ရှိတဲ့အကြောင်း၊ ဒါကြောင့်မို့ အကန့်အသတ်မရှိ လန်ချားသပိတ်မှောက်ဖို့ ဆန္ဒပေးစေလိုတဲ့အကြောင်း ပြောသွားတယ်"
“ကျွန်တော်တို့ကလည်း 'အရေးတော်ပုံ အောင်ရမည်၊ လန်ချားသမား အရေး တို့အရေး' လို့ အော်ကြတယ်"
“ကျွန်တော်တို့တစ်တွေ ကြွေးကြော်သံတွေကို စိတ်အားထက်သန်စွာ အော်ကြတယ်။ ကျွန်တော်တို့မိတ်ဆွေ ရမ်ကျန္ဒကို သတိရလိုက်တာဗျာ။ ကျွန်တော်တို့ထမင်းအိုးကလေး မကွဲအောင် ကျွန်တော်တို့ဘဝတူတွေ ဒီလို သွေးစည်းတာကို မြင်ရင် သူဘယ်လောက် ဝမ်းသာရှာမလဲ မသိဘူး။ ရမ်ကျန္ဒဟာ မကြာခဏဆိုသလို သူ့အခွင့်အရေးကို တစ်ယောက်တည်း တိုက်ခိုက်ရတာ မဟုတ်လား။ ကျွန်တော်တို့ဟာ မိုးသက်မကျခင် ရောက်လာတဲ့ မုန်တိုင်းကြီးထဲမှာ မျောသလို ကျွန်တော်တို့အားမာန်နဲ့ ကျွန်တော်တို့ တက်ကြွနေကြတယ်။ တော်လှန်ရေး အောင်မြင်ရမယ်လို့လည်း အော်ကြတယ်။ အော်လို့သာ အော်ရတယ်။ ဘာမှန်းတော့ ကျွန်တော်တို့လည်း မသိဘူး။ ကျွန်တော် လိုချင်တာကတော့ လစဉ် မန်နီအော်ဒါနဲ့ ငွေကလေး မြိုးမြိုးမြက်မြက် ပို့နိုင်ဖို့နဲ့ မကြာခဏ ကျွန်တော့်မိတ်ဆွေတွေနဲ့ ဓနိရည်ကလေး သောက်နိုင်ဖို့ပဲ"
“ရာဆူးက သပိတ်မှောက်ချင်တဲ့လူ လက်မြှောက်ပြီး ဆန္ဒပေးပါလို့ ပြောတယ်။ ကျွန်တော်တို့အားလုံး ဘာမှမပြောဘဲ တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်နေကြတယ်။ တစ်နေ့စာ အငတ်ခံပြီး ဘယ်သူစ,ပြီး ဆန္ဒပေးမလဲဆိုတဲ့ သဘောနဲ့ တစ်ယောက်ကို တစ်ယောက် အကဲခတ်နေကြတယ်။ ကျွန်တော်တို့လန်ချားတွေ မထွက်ရင် အုံနာတွေကတော့ ဘာအရေးလဲ။ သူတို့ဆန်အိုးထဲမှာ ဆန်အပြည့်။ သူတို့ခါးက အဆီကလေးတစ်ရစ်လောက် မကျခင်မှာ ကျွန်တော်တို့အကုန်လုံး ငတ်ကုန်ကြမှာ။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့မှာ တခြားလမ်းလည်း ရွေးစရာမရှိဘူး"
“ကျွန်တော့်ဘေးက လူတစ်ယောက် လက်ညှိုးထောင်လိုက်တယ်။ သူက ဘီဟာနယ်သား၊ မြင်ရုံနဲ့ ကျွန်တော်သိတာပေါ့၊ သူ့ကို ကျွန်တော်တို့က ပါးမည်းလို့ ခေါ်ကြတယ်။ တစ်ခါတုန်းက ပုလိပ်ရိုက်ခံရလို့ မျက်နှာမှာ အမာရွတ်ကြီးရှိနေလို့ ခေါ်တာ၊ သူလည်း ရမ်ကျန္ဒလို ချောင်းတဟွတ်ဟွတ်နဲ့ပဲ။ ဒါပေမယ့် သူက ကွမ်းတော့မစားဘူး၊ ဒီတော့ သူတံတွေးထွေးလို့ အနီရောင်တွေ ထွေးရင် ဘာတွေလဲဆိုတာ ကောင်းကောင်း သိတာပေါ့၊ သူ့အဖို့ကတော့ သပိတ်မှောက်မှောက်၊ မမှောက်မှောက် ဘာမှ ထူးမှာမဟုတ်ပါဘူး"
“သူလက်မြှောက်တော့ တချို့လည်း လိုက်မြှောက်ကြတယ်၊ နောက်လူတွေလည်း လိုက်မြှောက်ကြတယ်၊ နောက်ဆုံးကျတော့ အားလုံး လက်ထောင်ကြတယ်။ ကျွန်တော်လည်း ပါတာပေါ့၊ ကျွန်တော်တို့အားလုံး လက်ကိုပဲ ထောင်ထားကြတာပါ၊ လက်သီးတွေ ဘာတွေ ဆုပ်မထားဘူး၊ ကျွန်တော်တို့အမူအရာထဲမှာ မုန်းတီးတဲ့အမူအရာ မပါဘူး၊ ဆုတ်ဆိုင်းတဲ့အမူအရာပဲရှိတယ်။ သပိတ်မှောက်တဲ့ နည်းလမ်းမှအပ တခြား မရှိဘူးလို့ ရာဆူးက ဘယ်လောက်ပဲပြောပြော မထူးပါဘူး၊ ကျွန်တော်တို့ လန်ချားသမားအားလုံးဟာ စိတ်မပါ့တပါနဲ့ လက်ထောင်နေကြတာပဲ မဟုတ်လား။ ပိုင်ရှင်ကို ဘယ်မှာ ဆန့်ကျင်ရဲပါ့မလဲဗျာ။ ကျွန်တော်တို့ လန်ချားသမားများသမဂ္ဂဟာ ဒန်းလော့စက်ရုံတို့ ဘာတို့ စ,တဲ့ စက်ရုံတွေက အလုပ်သမားသမဂ္ဂမျိုးတွေမှ မဟုတ်တာ၊ သူတို့စက်ရုံတွေမှာတော့ ဘာအရေးလဲ၊ အလုပ်သမားတွေ သပိတ်မှောက်လို့ ဝင်ငွေမရှိရင် သမဂ္ဂက ရန်ပုံငွေတွေ ထုတ်ပေးတယ်၊ အကြာကြီး သပိတ်မှောက်လို့ ရတာပေါ့"
“ရာဆူးက အသံချဲ့စက်ကို ကောက်ကိုင်လိုက်ပြီး သပိတ်မှောက်ဖို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ကြောင်း ကြေညာတယ်၊ ရဲဘော်တို့ ငါတို့ရဲ့ လေးစားအပ်တဲ့ဥက္ကဋ္ဌကြီး အဗ္ဗဒူရာမန်က ဒီနေ့ညနေ သုံးနာရီမှာ ငါတို့ရှိရာ မိုင်ဒန်ကွင်းကို လာရောက် မိန့်ခွန်းပြောမယ်၊ ငါတို့ဟာ စည်းလုံးညီညွတ်စွာနဲ့ ငါတို့ရဲ့ ဒေါသအမျက်ကို ပြကြရမယ်၊ စည်းလုံးညီညွတ်စွာနဲ့ လန်ချားအုံနာတွေကို တိုက်ဖျက်ကြရမယ်လို့ သူကပြောတယ်။ ပြီးတော့ သူက တော်လှန်ရေး ကြွေးကြော်သံတွေ တိုင်တယ်၊ ကျွန်တော်တို့ကလည်း လိုက်အော်ကြရတာပေါ့၊ ကျွန်တော်တော့ ဘာမှ စဉ်းစားမနေဘူး၊ ကြွေးကြော်သံတွေကို လိုက်အော်တာပဲ။ အော်မှာပေါ့၊ ကျွန်တော်တို့တစ်တွေဟာ အော်ဖို့ ဒီကိုလာပြီး စုဝေးနေကြတာ မဟုတ်လား"
“ဒီတုန်းမှာ အံ့သြစရာကောင်းတဲ့ ခံစားချက်တစ်ခုပေါ်လာတယ်။ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ကာလကတ္တားမြို့ကြီးကို လက်စားစေချင်တဲ့ ဆန္ဒတွေ ပေါ်လာတယ်၊ ကာလကတ္တားမြို့ကြီးကို ကျွန်တော်တို့ပိုင်တယ်။ တက္ကစီ ဒရိုင်ဘာတွေ၊ ဘတ်စ်ကားဒရိုင်ဘာတွေ၊ လော်ရီဒရိုင်ဘာတွေ၊ အစော်ကားခံနေရတဲ့ ကျွန်တော်တို့လန်ချားသမားတွေ ပိုင်တယ်။ ပုလိပ်တွေ ညှဉ်းပန်းနှိပ်စက်သမျှကို ခံနေရတဲ့ ကျွန်တော်တို့တစ်တွေ ပိုင်တယ်။ ပိုက်ဆံကလေးတစ်ပြားကို နှစ်ပြားမှတ်လို့ ခွာပြီး ကျွန်တော်တို့ကို မတရားဈေးဆစ်စီးတဲ့ ခရီးသည်တွေရဲ့ ဗိုလ်ကျတာတွေကို ခံနေရတဲ့ ကျွန်တော်တို့လန်ချားသမားတွေ ပိုင်တယ်။ လန်ချားအုံနာတွေ၊ ငွေရှင်ကြေးရှင်တွေရဲ့ ကျွန်ဖြစ်နေကြရပြီး ချွေးထွက်သံယို လုပ်နေကြတဲ့ ကျွန်တော်တို့တစ်တွေပိုင်တယ်။ ကျွန်တော်တို့လန်ချားသမားတွေဟာ အရှင်သခင်တွေ ဖြစ်လာကြတယ်။ ထောင်သောင်းချီတဲ့ လန်ချားတွေ ပိတ်ဆို့ထားတဲ့အတွက် ကာလကတ္တားမြို့ကြီးထဲမှာ ဘယ်ယာဉ်မှ ဖြတ်သန်းလို့ မရဘူး"
“လန်ချားသမားတွေ ကာလကတ္တားမြို့ လမ်းမကြီးတွေပေါ်မှာ ချီတက်လာနေပုံဟာ မိုးဦးကျ ဒီရေကြီး တက်လာတာနဲ့ တူနေတယ်။ ကျွန်တော်တို့လူတွေ ဘယ်လောက်ရှိမယ်လို့တော့ ကျွန်တော် မပြောနိုင်ဘူး။ ဒါပေမယ့် ငါးသောင်းလောက်တော့ ရှိမယ်ထင်တယ်။ ဂင်္ဂါမြစ်လက်တက်ထဲက ရေတွေ လျှံတက်လာသလို ချောင်ရင်ဂီရပ်ကွက်ထဲမှာရော၊ မိုင်ဒန်ကွင်းထဲမှာရော ကျွန်တော်တို့တစ်တွေချည်းပဲဆိုတော့ ယာဉ်အသွားအလာတွေ အကုန် ပိတ်ဆို့ကုန်တယ်။ တစ်နေ့က ကျွန်တော်တို့ကို ဖမ်းဆီး၊ နံပါတ်တုတ်နဲ့ ရိုက်ခဲ့တဲ့ ပုလိပ်တွေဟာ ဒီနေ့တော့ သံခမောက်အဖြူတွေ ဆောင်းထားပြီး ကျွန်တော်တို့ကို ကြည့်နေကြတယ်။ သူတို့ရဲ့ တောက်ပြောင်နေတဲ့ သားရေခါးပတ်တွေမှာ သေနတ်တွေချိတ်၊ လက်ထဲမှာ နံပါတ်တုတ်တွေကို ကိုင်လို့"
“လမ်းတစ်လျှောက်မှာ ကျွန်တော်တို့ခေါင်းဆောင်တွေက ကြေညာချက်တွေကို ဝေငှသွားကြတယ်။ ကျွန်တော်တို့ ကာလကတ္တားလန်ချားသမားတွေကို အုံနာခ တိုးမြှင့်တောင်းတဲ့အတွက် သပိတ်မှောက်လာကြတဲ့အကြောင်း ကြေညာချက်ထဲမှာ ရေးထားတယ်။ ပုလိပ်တွေက ကျွန်တော်တို့ကို ညှဉ်းပန်းနှိပ်စက်တာကို ကန့်ကွက်ရှုတ်ချပြီး ကျွန်တော်တို့ဟာ အခြားသူများလိုပဲ ကိုယ့်ထမင်းအိုးအတွက် လွတ်လပ်စွာ အလုပ်လုပ်ခွင့်ရှိတဲ့အကြောင်း ဖော်ပြထား တယ်။ လမ်းသွားလမ်းလာတွေက ကျွန်တော်တို့ကို တအံ့တဩနဲ့ ကြည့်နေကြတယ်။ သူတို့တစ်သက်မှာ ဒီလောက်များတဲ့ လန်ချားတွေကို တစ်ခါမှ စုစုဝေးဝေး မမြင်ဖူးသေးပဲကိုး။ ဓာတ်ရထားလက်မှတ်စစ်တွေ သပိတ်မှောက်တာ၊ စာရေးစာချီတွေ သပိတ်မှောက်တာ၊ မီးရထားအလုပ်သမားတွေ သပိတ်မှောက်တာကို သူတို့မြင်ခဲ့ဖူးတယ်။ တစ်နည်းပြောရရင် လခကောင်းကောင်းရပြီး ဇိမ်ကျကျအလုပ်လုပ်ရတဲ့လူတွေ သပိတ်မှောက်တာကို သူတို့ မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့လို ဖွတ်ကျောပြာစုနေတဲ့ အောက်ဆုံးအလွှာက လူတွေ သပိတ်မှောက်တာကို တစ်ခါမှ မမြင်ဖူးဘူး။ ဒီလိုလူတွေက သပိတ်မှောက် ရဲလိမ့်မယ်၊ ဆန္ဒပြရဲလိမ့်မယ်လို့လည်း သူတို့ မမျှော်လင့်ဘူး"
“လမ်းမပေါ်မှာ စီတန်းလှည့်လည်လာရင်း ကြွေးကြော်သံတွေကို အော်ကြတယ်။ လန်ချားမှာ တပ်ထားတဲ့ ချူကလေးတွေကို လှုပ်ကြတယ်။ လင်းဆေးလမ်းထောင့်ရောက်တော့ အုန်းသီးဆိုင်တစ်ဆိုင်က အုန်းရည်တွေကို ဖောက်ပြီးတိုက်တယ်။ နောက် ဂရင်းဟိုတယ်နား ရောက်လာတယ်။ အဲဒီနားမှာ အမှိုက်ပုံကြီးတစ်ခုရှိတယ်။ ကျွန်တော် လန်ချားသမားမဖြစ်ခင်တုန်းက သမီးတွေနဲ့အတူ ဒီအမှိုက်ပုံကြီးနားလာပြီး အစာအကြွင်းအကျန်တွေကို ကောက်ခဲ့ဖူး သေးတယ်။ ဂရင်းဟိုတယ်ရှေ့ရောက်တော့ နိုင်ငံခြားခရီးသည်တွေ ကျွန်တော်တို့ကို ရပ်ကြည့်နေကြတယ်။ တစ်လမ်းလုံး ကျွန်တော်တို့လန်ချားတွေချည်းပဲ ပြည့်နေတော့ သူတို့ကားတွေ ဆိုက်ထားတဲ့နေရာကို သွားလို့မရဘူးလေ။ သူတို့အထဲက တချို့က ကျွန်တော်တို့လန်ချားသမားတွေ ဆန္ဒပြတာကို ဓာတ်ပုံရိုက်သူက ရိုက်ကြတယ်။ ကျွန်တော်တို့ စီတန်းလှည့်လည်ပွဲ ဆုံးမယ့်နေရာက မိုင်ဒန်ကွင်းမှာ၊ အဲဒီမှာ ချီတက်လာတဲ့ လန်ချားသမားတွေနဲ့ ဆုံပြီး လူထုအစည်းအဝေးကြီးလုပ်မှာ"
“လူထုအစည်းအဝေးကြီးလုပ်မယ့် နေရာကို ရောက်ပြီး မကြာခင်မှာ ကျွန်တော်တို့လန်ချားသမားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌကြီး ရောက်လာပြီဆိုပြီး ရာဆူးက အသံချဲ့စက်က ကြေညာတယ်။ ကျွန်တော်တို့ဥက္ကဋ္ဌက ခပ်ဝဝ ဘာဘူကြီးတစ်ယောက်ဗျ။ သူ့ကို ကြည့်ရတာ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့ ဟန်အပြည့်ပဲ။ ကျွန်တော်တို့ လန်ချားသမားတွေရဲ့ ဥက္ကဋ္ဌ လုပ်နေပေမယ့် သူ ဘယ်မှာ လန်ချားဆွဲနိုင်မှာလဲဗျာ။ အရင်ဘဝတုန်းက ဆွဲခဲ့ဖူးရင်တော့ မပြောတတ်ဘူး။ သူ့နောက်မှာလည်း လူ လေးငါးဆယ်ယောက် ပါလာတယ်။ သူတို့က ဥက္ကဋ္ဌကြီးအတွက် လမ်းရှင်းပေးကြတယ်။ တချို့များ အဲဒီဘာဘူရဲ့ ခြေထောက်က ဖုန်တွေကို သုတ်ပေးမတတ်ပဲဗျာ။ ကျွန်တော်တို့ဥက္ကဋ္ဌက လူတွေထဲကို ဖြတ်သွားရင်း လက်ကို ဝှေ့ယမ်းပြသွားတယ်။ သူ့လက်မှာ ဝတ်ထားတဲ့ လက်စွပ်တွေဟာ သာမန် ဥဿဖရားလက်စွပ်တွေ မဟုတ်ဘူးဗျ။ အဖိုးတန်ကျောက်တွေ ခြယ်ထားတဲ့ ရွှေလက်စွပ်ကြီးတွေ။ ကျွန်တော်တို့ဥက္ကဋ္ဌဟာ စင်မြင့်ပေါ်ရောက်သွားပြီး တခြားခေါင်းဆောင်တွေနဲ့အတူ ထိုင်နေတယ်"
“ကျွန်တော်တို့ဥက္ကဋ္ဌက ကျွန်တော်တို့သပိတ်ကို ထောက်ခံဖို့ရောက်လာကြတဲ့ အခြားသမဂ္ဂခေါင်းဆောင်တွေနဲ့ မိတ်ဆက်ပေးမယ်လို့ ရာဆူးကကြေညာတယ်။ ဂုန်လျှော်စက်ရုံ၊ ဟိန္ဒူစတန် မော်တော်ကားစက်ရုံနဲ့ သင်္ဘောကျင်းတွေက ကိုယ်စားလှယ်တွေ၊ တစ်ခြားသမဂ္ဂခေါင်းဆောင်တွေနဲ့ တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးတယ်။ ကျွန်တော်တို့ကလည်း အရေးတော်ပုံအောင်ရမည်လို့ အော်ကြတယ်။ ကျွန်တော်တို့က ကြွေးကြော်သံတွေကို အော်လိုက်တိုင်း အနားမှာရှိတဲ့ သစ်ပင်ပေါ်က ကျီးကန်းတွေ လန့်ပြီး တခြားကို ပျံပျံပြေးကြတယ်။ ကျွန်တော်တို့ကို ထောက်ခံမှုရှိတယ်ဆိုတာကို သိရတော့ ကျွန်တော်တို့ရင်ထဲမှာ နွေးပြီး အားတက်လာတယ်။ နောက်တော့ ကျွန်တော်တို့ဥက္ကဋ္ဌ စကားပြောမယ်လို့ ရာဆူးက ကြေညာတယ်။ လက်စွပ်တွေ အများကြီး ဝတ်ထားတဲ့ ကျွန်တော်တို့ လန်ချားသမားများသမဂ္ဂဥက္ကဋ္ဌကြီးက ထိုင်ရာကထပြီး စကားပြောတယ်"
“ဥက္ကဋ္ဌကြီးဟာ ဒီလိုဟောပြောရာမှာ တော်တော်အတွေ့အကြုံရှိဟန် တူတယ်။ သူ့လက်ဟန်အမူအရာတွေက တော်တော့်ကို ကြည့်လို့ကောင်းတယ်။ ပြီးတော့ သူ တော်တော်လဲ မင်မောင်းကောင်းတယ်"
“ကြည့်လေ၊ ဥက္ကဋ္ဌကြီးဟာ မတ်တတ်ရပ်လိုက်ပြီး တော်တော်နဲ့ စကားမပြောသေးဘဲ အကြာကြီးရပ်ပြီး ကျွန်တော်တို့ကို ခေါင်းတညိတ်ညိတ်နဲ့ လှည့်ကြည့်နေတယ်။ အမူအရာက စပါးတွေ အောင်လို့ စပါးခင်းကြီးကို
ကြည့်ပြီး ပီတိဖြစ်နေတဲ့ လယ်သမားတစ်ယောက်ရဲ့ဟန်မျိုး။ တော်တော်ကြာတော့မှ ဥက္ကဋ္ဌကြီးက ဟင်ဒီဘာသာတစ်ဝက်၊ ဘင်္ဂါလီဘာသာတစ်ဝက်နဲ့ စကားပြောတယ်။ ကျွန်တော်တို့ဘီဟာနယ်သားတွေက သူပြောတာတွေကို ဘယ်မှာအကုန်နားလည်မလဲ။ ဟင်ဒီလို ပြောတာလောက်ကိုပဲ နားလည်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဘာဘူကြီးက သိပ်စကားပြောကောင်းတာပဲဗျာ။ လန်ချားအုံနာတွေဟာ ကျွန်တော်တို့လန်ချားသမားတွေကို ငတ်အောင် လုပ်နေတဲ့အကြောင်း၊ ကျွန်တော်တို့သွေးတွေ၊ ကျွန်တော်တို့ချွေးတွေကို အရင်းတည်ပြီး သူတို့ရဲ့အနာဂတ်ကို တည်ဆောက်နေတဲ့အကြောင်း၊ အရင်းရှင်အစိုးရက သူတို့ပိုင်တဲ့ လန်ချားတွေကို သိမ်းပြီး ကျွန်တော်တို့ကို မပေးသေးသမျှ ကျွန်တော်တို့ဘဝဟာ ဒီလိုပဲဖြစ်နေမယ့်အကြောင်း၊ လန်ချားတွေကို ကိုယ်တိုင်ဆွဲတဲ့ ကျွန်တော်တို့တစ်တွေသာလျှင် ဒီလန်ချားတွေကို ပိုင်သင့်တဲ့အကြောင်း စသဖြင့် ပြောသွားတယ်။ ကျွန်တော်တို့ သိပ်သဘောကျတာပဲဗျာ"
“ကျွန်တော်တို့လန်ချားသမားများသမဂ္ဂ ဥက္ကဋ္ဌ အဗ္ဗဒူရာမန်က ပြောရင်းပြောရင်း အရှိန်ရသထက် ရလာတယ်။ အသံကလည်း ကျယ်သထက် ကျယ်လာတယ်။ သူစကားပြောနေပုံဟာ ရာမယဏကို ရွတ်တာကျနေတာပဲဗျာ။ ဟန်ကလည်းပါ၊ မာန်ကလည်းပါ၊ အသံကလည်းပါ ဆိုတော့ သိပ်နားထောင်ကောင်းတာပဲ။ ဒီအထဲမှာ ခင်ဗျားတို့လန်ချားပိုင်ရှင်တွေဆိုပြီး လေထဲကို လက်ညှိုးထိုးပြီး ပြောတဲ့အခါမျိုးမှာဆိုရင် သူ့လက်ညှိုးတွေဟာ လန်ချားသမားပိုင်ရှင်တွေရဲ့ ရင်ဝကို ထိုးစိုက်ပစ်မယ့် ဓားမြှောင်တွေများလားလို့တောင် ကျွန်တော်ထင်လိုက်မိတယ်။ ကျွန်တော်တို့ကလည်း စိတ်ဓာတ်တွေ တက်ကြွလာပြီး လက်သီးလက်မောင်းတန်း၊ ကြွေးကြော်သံတွေကို အော်ကြတယ်။ ကျွန်တော်တို့ မပြောပါနဲ့လေ၊ ကျွန်တော်တို့လူအုပ်တွေကြား လာပြီး သကြားလုံးတို့၊ ကွမ်းယာတို့၊ ဆေးလိပ်တို့ရောင်းတဲ့ ကောင်လေးတွေတောင် လိုက်ပြီး လက်သီးလက်မောင်းတန်း ကြွေးကြော်နေကြတယ်။ ဒီရှုခင်းကြီးကို လန်ချားအုံနာတွေနဲ့ သူတို့ရဲ့ကိုယ်စားလှယ်တွေ မြင်ရင် ဘယ်လိုများနေကြမလဲ။ ကျွန်တော်တို့ရဲ့ ကြွေးကြော်သံတွေကို သူတို့များကြားရင် ဘယ်လောက်များ ကြောက်ဒူးတုန်ကြမလဲလို့ ကျွန်တော်တွေးပြီး အားတက်နေတယ်"
“ဒီတုန်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ပေါ်လာတယ်။ ကျွန်တော်တို့လန်ချားသမားတစ်ယောက် လူအုပ်ထဲက ပြေးထွက်၊ စင်ပေါ်ကိုတက်သွားပြီး အဗ္ဗဒူရဲ့ ရှေ့မှာထားတဲ့ အသံချဲ့ ခွက်ကို ဆွဲယူလိုက်တယ်။ အားလုံး အံ့အားသင့်ပြီး ကြည့်နေမိကြတော့ သူ့ကို ဘယ်သူကမှ မဆွဲလိုက်မိဘူး"
“သူက...ရဲဘော်တို့၊ ဘာဘူ ပြောသွားတာတွေဟာ ငါတို့ကို ဘိန်းကျွေးနေတာ၊ ငါတို့ရဲ့ဒေါသတွေကို စကားလုံးလှလှတွေထဲမှာ ပျောက်သွားအောင် လုပ်နေတာ။ သူချွေးသိပ်တဲ့ စကားတွေကို နားထောင်နေရင်း တို့တစ်တွေအားလုံး သိုးငယ်ကလေးတွေလို ကျားစာဖြစ်ပြီး အစားခံရလိမ့်မယ်တဲ့"
“စကားပြောတဲ့လူကို သေသေချာချာကြည့်လိုက်တော့ ကျွန်တော်တို့ထဲက လန်ချားသမား ပါးမည်းရယ်ဗျ။ စင်မြင့်ပေါ်မှာရှိတဲ့လူတွေကလည်း သူ့လက်ထဲက အသံချဲ့ခွက်ကို ဘယ်သူကမှ မလုရဲဘဲ ရပ်ကြည့်နေကြတယ်။ ဒီလူက အဆုတ်ရောဂါရှိလို့ စကားကို ကောင်းကောင်း မပြောနိုင်ဘူး။ စကားပြောရင်း မောနေတယ်"
“ရဲဘော်တို့၊ ငါတို့ရဲ့ဒေါသကို ပြဖို့အတွက် ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘူး။ ဒီကွက်လပ်ထဲမှာ ရပ်နေလို့ ဘာမှအကျိုးမရှိဘူး။ ငါတို့အုံနာတွေရဲ့ အိမ်ရှေ့ကိုသွားပြီး ဆန္ဒပြရမယ်။ နာရိန္ဒရာဆိုတဲ့ လန်ချားသူဌေးကြီးအိမ်ကို သိကြတယ် မဟုတ်လား။ သူတစ်ယောက်တည်းမှာတင် လန်ချားအစီး သုံးလေးရာ ပိုင်တယ် ဆိုတာ ရဲဘော်တို့ သိကြတယ် မဟုတ်လား။ ရဲဘော်တို့၊ အဲဒီလန်ချားသူဌေးနဲ့ လန်ချားပိုင်ရှင်များအသင်းတိုက်ရှေ့မှာ သွားပြီး ငါတို့ဆန္ဒပြကြမယ်၊ ချီတက်ကြ”
“ဒီတုန်းမှာ ကာကီယူနီဖောင်းဝတ်တဲ့ လူ လေး ငါးဆယ်လောက် စင်ပေါ် တက်လာပြီး ပါးမည်းကို အောက်ကိုဆွဲချသွားကြတယ်၊ ကျွန်တော်တို့ဥက္ကဋ္ဌ ကြီးက 'ရဲဘော်တို့၊ အဲဒီလူဟာ ရန်သူရဲ့ သူလျှိုဖြစ်တယ်။ တို့အစည်းအဝေးကို ပျက်အောင်လုပ်တာဖြစ်တယ်' လို့ ပြောတယ်"
“ဒီတင် အားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်။ တချို့က သူ့ကို ဆွဲထုတ်သွားကြပြီး တချို့ကလည်း သူ့ကိုလိုက်လုကြတယ်။ အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြတယ်။အစည်းအဝေးကို ဆက်လုပ်ပြီး ကျွန်တော်တို့ဥက္ကဋ္ဌကြီးက စကားပြောတယ်။ သူပြောပြီးတော့ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေ တစ်ယောက်ပြီးတစ်ယောက် ထပြီး စကားပြောကြတယ်။ သူတို့က အားတက်စရာ၊ စိတ်တက်ကြွစရာ စကားတွေ ဘယ်လိုပဲပြောပေမယ့် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့တစ်တွေ စိတ်ထက်သန်တာကလေးတွေ ပျောက်သွားပြီဗျာ။ သူတို့ပြောတာကို နားထောင်နေတာနဲ့ ကျွန်တော်တို့မှာ ဒီနေ့ အလုပ်မလုပ်ရတော့ဘူး၊ ထမင်းဖိုးမရတော့ဘူးလို့ ကျွန်တော့်စိတ်ထဲမှာ ထင်လာတယ်။ ကျွန်တော်တို့ဟာ လန်ချားသပိတ်ကို ဘယ်လောက်ကြာကြာ မှောက်နိုင်မှာလဲ”
* * *
ထိုအချိန်က ကာလကတ္တားတွင် နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်နေသည်။ ကာလကတ္တားမြို့ပေါ်တွင် အဓိကရုဏ်းများ၊ ဆူပူမှုများဖြစ်နေသည်။ နယ်များတွင် နာဇာလိုက်ဟုခေါ်ကာ သူပုန်တို့၏ထကြွမှုများ ပေါ်နေသည်။ ဤတွင် အချို့ကလည်း ကွန်မြူနစ်တို့၏လက်ချက်ဖြစ်သည်ဟု ဆိုကြသည်။ အချို့ ကလည်း စီအိုင်အေလက်ချက်ဟုဆိုကြသည်။ ကာလကတ္တား ပုလိပ်များသည် ကာလကတ္တားတွင် ရောက်နေသည့် နိုင်ငံခြားသားများကို စောင့်ကြည့်ကာ အချို့ကို ခေါ်ယူ စစ်ဆေးနေသည်။ဤတွင် ကိုဗာစကီးလည်း ပုလိပ်တို့၏စစ်ဆေးမှုကို ခံရတော့သည်။
ကိုဗာစကီးသည် ပိုလန်အမျိုးသား သာသနာပြုတစ်ယောက်ဖြစ်ရုံမျှမက ကာလကတ္တားတွင် သူရောက်နေပုံကလည်း ဥပဒေနှင့် မလွတ်မကင်းဖြစ်နေ၏။ ကိုဗာစကီးသည် ကာလကတ္တားသို့ ကမ္ဘာလှည့်ခရီးသည် ပြည်ဝင်ခွင့်လက်မှတ်ဖြင့် ရောက်လာခြင်းဖြစ်ရာ သူ့လက်မှတ်မှာ သက်တမ်းလွန်နေသည်မှာ ကြာနေလေပြီ။ ကိုဗာစကီးသည် ကာလကတ္တားတွင် အမြဲတမ်းနေထိုင်ခွင့်ရရန် လျှောက်ထားခဲ့သော်လည်း အချည်းနှီးမျှသာ။ အိန္ဒိယပြည်တွင် ဗျူရိုကရေစီစနစ် အလုပ်လုပ်ပုံသည် အလွန်နှေးကွေးသည်။ ထို့ကြောင့် သူ့နေထိုင်ခွင့်ကို တရားဝင်ပယ်ချပြီး မပြုသေးသမျှ ကိစ္စမရှိသေး။ သို့ရာတွင် ခက်သည်မှာ အာဏာပိုင်တို့သည် ထိုမျှစုတ်ပြတ်ဆင်းရဲသည့်ရပ်ကွက်ထဲတွင် ကိုဗာစကီးလာ၍ နေထိုင်ခြင်းကို သင်္ကာမကင်းဖြစ်နေခြင်းဖြစ်သည်။ ကိုဗာစကီးသည် ဆင်းရဲသားများလို နေထိုင်ကာ သာသနာပြုနေသည်ဆိုခြင်းကို မယုံနိုင်။ အခြားသောအကြောင်းများရှိမည်ဟု တွက်ကြသည်။
သို့ဖြင့် တစ်မနက် ရှစ်နာရီလောက်တွင် ကာလကတ္တား အထူးထောက်လှမ်းရေးဌာနခွဲမှ အနောက်တိုင်းဝတ်စုံများကို ဝတ်ထားသည့် အရာရှိ လေးဦးတို့သည် ကိုဗာစကီးနေထိုင်ရာ နိုင်ဇမ်မူဒင်လမ်းကြားကလေးထဲသို့ ရောက်လာခဲ့ကြ၏။ သူတို့လမ်းကြားကလေးထဲသို့ ပုလိပ်အရာရှိများ ရောက်လာသည့်အခါတွင် အနီးအနားတစ်ဝိုက်တွင်လည်း အလန့်တကြားဖြစ်ကုန်ကြသည်။ထိုအချိန်၌ ကိုဗာစကီးသည် တရားကျင့်နေချိန်ဖြစ်၏။ ကိုဗာစကီးသည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်၍ အသက်ကို ဖြည်းညင်းစွာ ရှူရင်း ဘုရားကို အာရုံပြုနေသည်။
“ပုလိပ်တွေက ကျွန်တော့်တံခါးကို ထုနေတာကို ကျွန်တော် မကြားမိဘူး၊ မကြားဆို ဘုရားအာရုံပြုနေတာကိုး၊ ဘယ်ကြားပါ့မလဲ” ဟု နောင်တွင် ကိုဗာစကီးက ပြော၏။
ရှေ့ဆုံးမှဝင်လာသည့် ပုလိပ်အရာရှိမှာ အရပ်ပုပု၊ ခပ်ဝဝဖြစ်၏။ သူ့သွားများမှာ ကွမ်းစားထားသဖြင့် နီရဲနေသည်။ သူ့အင်္ကျီအိတ်ကပ်တွင် ဘောပင်သုံးချောင်း ထိုးထား၏။ “ဒါ ခင်ဗျားနေရာလား” ဟု ပုလိပ်အရာရှိက ခပ်ထန်ထန်မေးသည်။
“ဟုတ်ပါတယ်”
ပုလိပ်အရာရှိသည် အခန်းပတ်ပတ်လည်ကို မသင်္ကာသလို လှည့်ကြည့်သည်။ ထိုနောက် သူ့မျက်လုံးများသည် နံရံပေါ်ရှိ ဝတ်ရုံလွှမ်းထားသည့် ခရစ်တော်၏ပုံတော်ပေါ်သို့ ရောက်သွားကြ၏။ ပုလိပ်အရာရှိသည် ရုပ်ပုံအနီးသို့ ကပ်လာ၍ သေသေချာချာကြည့်သည်။
“သူက ဘယ်သူလဲ”
“ကျွန်တော့်ဘုရားပုံတော်”
“ခင်ဗျားအရှင်သခင် ဆိုပါတော့”
“ဟုတ်ကဲ့၊ ပြောလို့ရပါတယ်”
ပုလိပ်အရာရှိသည် သူ့ကို ပျူပျူငှာငှာ စကားပြောခြင်းမရှိ။ ရုပ်ပုံကို သေသေချာချာကြည့်နေပြီးနောက် သက်သေအထောက်အထားတစ်ခု တွေ့သွားဟန်ဖြင့် သူ့နောက်တွင်ပါလာသည့် လက်အောက်အရာရှိတစ်ယောက်ကို လှမ်းခေါ်နေပြီး ပုံတော်ကို ဖြုတ်ယူရန် အမိန့်ပေးလိုက်သည်။
“ခင်ဗျားပစ္စည်းတွေကော”
ကိုဗာစကီးက သံသေတ္တာကလေး တစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။ သမ္မာကျမ်းစာအုပ်၊ ဆေးဝါးအချို့နှင့် သူ့ကိုယ်ပိုင်အဝတ်အစား အနည်းငယ်ကို ထည့်ထားရန် အိမ်နီးချင်းတစ်ဦးက လှူထားသည့် သေတ္တာကလေးဖြစ်သည်။
ပုလိပ်အရာရှိက သေတ္တာကလေးကို ဖွင့်ကာ ပစ္စည်းများကို တစ်ခုချင်း ရှာသည်။ ပိုးဟပ်များသည် သေတ္တာထဲမှ ကြမ်းပေါ်သို့ ခုန်ဆင်း ထွက်ပြေးကြ၏။
“ဒါပဲလား”
ပုလိပ်အရာရှိက တအံ့တသြ မေးသည်။
“ဟုတ်ပါတယ်”
“ခင်ဗျားမှာ ရေဒီယိုတို့ ဘာတို့ မရှိဘူးလား”
“မရှိပါဘူး”
ပုလိပ်အရာရှိသည် အခန်းနံရံများကို လိုက်၍ တီးခေါက်ကြည့်နေပြန်သည်။ ထို့နောက် အိတ်မှ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်၍ အခန်း၏အနေအထားကို ပုံဆွဲနေ၏။ ပုံက တော်တော်နှင့်မပြီး။ ဘောပင်သုံးချောင်းက တစ်ချောင်းမှ ကောင်းကောင်းရေး၍ မရသဖြင့် တစ်လှည့်စီ ထုတ်ရေးနေရသည်။
ထိုစဉ် အခြားသူများထံမှ သတင်းရသဖြင့် ဗန်ဒိုနာသည် ဒေါသအမျက်ခြောင်းခြောင်းဖြင့် တဲထဲသို့ ပြေးဝင်လာခဲ့သည်။ အားသန်သူ ဗန်ဒိုနာသည် ပုလိပ်အရာရှိကို ဆွဲကာ တံခါးမှ တွန်းလွှတ်လိုက်ပြီး...
“ရှင်တို့ ဘာလာအနှောင့်အယှက်ပေးကြတာလဲ၊ ဆင်းရဲသားတွေကို ကူညီရအောင် ဘုရားက လွှတ်လိုက်တဲ့သူရှင့်၊ ရှင်တို့ အပါယ်ငရဲကျကုန်မယ်၊ သိရဲ့လား”
ပုလိပ်အရာရှိမှာ အံ့အားသင့်နေသဖြင့် ဘာမျှမပြောနိုင်။ အပြင်ဘက်တွင်မူ လူတွေ ဝိုင်းအုံနေလေပြီ။
ပုလိပ်အရာရှိသည် ကိုဗာစကီးကို ဆလန်ပေးလိုက်ကာ..
“ဆရာကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါ၊ အထက်လူကြီးတွေနဲ့ တွေ့ပြီး ဆွေးနွေးရုံကလေးပါ” ဟု ဆိုကာ
ဗန်ဒိုနာနှင့် ဝိုင်းအုံနေကြသည့် လူအုပ်များဘက်သို့ လှည့်လိုက်ပြီးလျှင်...
“ဘာမှ စိတ်မပူပါနဲ့၊ ခင်ဗျားတို့ဆရာကြီးကို ကျွန်တော်ပြန်ပို့ပေးမှာပါ။ ခဏကလေးပါ”
ကိုဗာစကီးသည် သူ့မိတ်ဆွေများကို လက်ပြနှုတ်ဆက်ပြီးနောက် လမ်းထိပ်တွင် ရပ်နေသည့် ပုလိပ်ကားပေါ်သို့ တက်၏။ ဆယ်မိနစ်အကြာတွင်မူ ဟောင်ရာဘူတာကြီးအနီးရှိ ဟောင်းနွမ်းအိုမင်းနေသော ပုလိပ်ရုံးအဆောက်အအုံမှ ကွမ်းတံတွေးတို့ပေကျံကာ မည်းမှောင်နေသည့်လှေကားများအတိုင်း လေးထပ်အထိ တက်လာခဲ့ပြီးသည့်အခါတွင် ဖိုင်တွဲတွေ စာရွက်တွေ တင်ထားလျက် ခြစားနေသည့် သစ်သားစင်ကြီးများရှိသည့် အခန်းတစ်ခုထဲသို့ ရောက်သွားသည်။
ပန်ကာလေကြောင့် စာရွက်တွေ လွင့်မသွားရန် အပေါ်တွင် သံတုံးများကို ဖိထားသည်။ ထိုအချိန်မှာ လက်ဖက်ရည်သောက်ချိန်ဖြစ်ပုံရ၏။ အခန်းထဲရှိ အရာရှိများသည် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်သည့် ဖိုင်တွဲများထက် စကားများခြင်း၊ လက်ဖက်ရည်သောက်ခြင်းစသည့် လုပ်ငန်းများဖြင့် အလုပ်များနေကြသည်။ သူတို့အခန်းထဲသို့ ဘတ်စကက်ဘောဖိနပ်စီးထားသည့် ကိုဗာစကီး ရောက်လာသည့်အခါတွင် သူတို့စကားဝိုင်းသည် တိတ်သွား၏။
“ဟောဒါ သုခမြို့တော်မှာနေတဲ့ သင်းအုပ်ဆရာပဲ” ဟု ကိုဗာစကီးကို ခေါ်လာသည့် ပုလိပ်အရာရှိက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သူ့အသံမှာ မဟတ္တမဂန္ဒီအား လုပ်ကြံသတ်ဖြတ်သူကို ဖမ်းဆီးရမိလာသည့် အသံမျိုးဖြစ်၏။
ဆံပင်ဖြူဖြူ၊ ဒိုတီကို သေသပ်စွာ ဝတ်ထားပြီး အထက်အရာရှိနှင့် တူသူတစ်ယောက်က သူ့ရှေ့က ကုလားထိုင်တွင် ထိုင်ရန် ပြော၏။ သူသည် ကိုဗာစကီးကို လက်ဖက်ရည်တစ်ခွက်ပေးပြီး စီးကရက်ကို ဖွာနေသည်။
“ဘယ့်နှယ်လဲ၊ ကျွန်တော်တို့တိုင်းပြည်ကို သဘောကျတယ် မဟုတ်လား”
“သဘောကျပါတယ်”
ပုလိပ်အရာရှိသည် အတန်ကြာ စဉ်းစားနေသည်။ သူစီးကရက်သောက်နေပုံကလည်း ဆန်းသည်။ သူသည် စီးကရက်ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ထားပြီး လက်ညှိုးနှင့် လက်မကွေးထားသည့် အခေါင်းကလေးထဲကြားမှနေ၍ စီးကရက်ကို ဖွာနေ၏။ သူ့ကို ကြည့်ရသည်မှာ ဆေးလိပ်ငွေ့ကို ရှူနေသည်နှင့်မတူ၊ အရည်တစ်ခုခုကို သောက်နေသည်နှင့် တူနေသည်။
“ကျွန်တော်တို့တိုင်းပြည်ကိုလာတဲ့ နိုင်ငံခြားသားတစ်ယောက်အဖို့ သာယာတဲ့နေရာ အများကြီးပါဗျာ။ သုခမြို့တော်လို စုတ်ပြတ်နေတဲ့ ဆင်းရဲသားရပ်ကွက်ထက် ကောင်းတာမရှိတော့ဘူးလား”
“ရှိပါတယ်၊ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် လာတဲ့ရည်ရွယ်ချက်ချင်း ဘယ်တူမလဲ၊ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ပေါ့”
ပုလိပ်အရာရှိက စီးကရက်ကို တစ်ရှိုက်ဖွာလိုက်ပြန်သည်။
“ဒါဖြင့် ဒီဆင်းရဲသားရပ်ကွက်မှာ ခင်ဗျားသွားနေတဲ့ ရည်ရွယ်ချက်က ဘာလဲ”
ကိုဗာစကီးသည် ကြိုးစား၍ ရှင်းပြ၏။ သူကြိုးစား၍ ရှင်းပြလျှင် သူ့ကို စစ်ဆေးနေသူများသည် သူ့အပေါ်တွင် သံသယပျောက်သွားလိမ့်မည်ဟု မျှော်လင့်၏။ သို့ရာတွင် သူ့အထင်သည် တက်တက်စင် လွဲနေလေပြီ။
“နေစမ်းပါဦး၊ ခင်ဗျားက ဘာဖြစ်လို့ အိမ်ထောင်မပြုသလဲ” ဟု မုတ်ဆိတ်မွေးနှင့် အရာရှိတစ်ဦးက မေး၏။
“ကျွန်တော် အိမ်ထောင်ပြုပြီးပြီလေ၊ သာသနာနဲ့ အိမ်ထောင်ပြုထားတာပေါ့”
သူ့အခန်းကို ရှာခဲ့သည့် အရာရှိက ခရစ်တော်၏ပုံကို စားပွဲပေါ်သို့ တင်လိုက်ကာ...
“သူ့အခန်းထဲက တွေ့ခဲ့တဲ့ပုံ ဆရာ”
သူတို့အထဲမှ အကြီးဆုံးအရာရှိက ထိုပုံကို သေသေချာချာကြည့်၏။
“သခင်ယေရှုရဲ့ ပုံပါ၊ ကားတိုင်တင် အသတ်ခံရပြီးနောက် ရေးတဲ့ပုံတော်ပါ” ဟု ကိုဗာစကီးက ရှင်းသည်။
ထိုလူက ခေါင်းတညိတ်ညိတ် လုပ်နေ၏။
“ခင်ဗျားက သူနဲ့ အိမ်ထောင်ပြုတယ်ပေါ့”
ကိုဗာစကီက စကားတွေ မှားကုန်မည်စိုးသဖြင့်...
“ကျွန်တော်က ခရစ်တော်ရဲ့ အစေအပါးပါ”
ဘာသာတရားကိုင်းရှိုင်းသည့် အိန္ဒိယပြည်ဖြစ်၍လောမသိ၊ ထိုသို့ပြောလိုက်သည့်အခါတွင် သူ့ဘေးဝန်းကျင်ရှိ အရာရှိများ၏မျက်နှာသည် အနည်းငယ် ချိုသာလာမည်ဟု သူထင်လိုက်သည်။သို့ရာတွင် သူထင်သလို မဟုတ်ပါ။ ထိုအခါကျမှပင် အရာရှိ၏မျက်နှာသည် ပို၍ တင်းမာလာ၏။
အရာရှိသည် ကုလားထိုင်တွင် ပြန်ထိုင်ချလိုက်ကာ...
“ကဲ...ရှင်းရှင်းပဲ မေးမယ်ဗျာ၊ ခင်ဗျားနဲ့ စီအိုင်အေနဲ့ အဆက်အသွယ်ရှိသလား”
ကိုဗာစကီးသည် သူ့မေးခွန်းကြောင့် အံ့အားသင့်သွားသဖြင့် မည်သို့ဖြေရမည်ကိုပင် မသိ။
“မရှိပါဘူး”
အရာရှိသည် သူ့စကားကို ယုံဟန်မတူ။
“ဒါဖြင့် စီအိုင်အေနဲ့ အဆက်အသွယ်ရှိတဲ့ လူကော ခင်ဗျားနဲ့ အဆက်အသွယ်ရှိသလား”
ကိုဗာစကီးက ခေါင်းယမ်းလိုက်သည်။
“ဒီမှာလာလုပ်နေတဲ့လူ နိုင်ငံခြားသား လူမှုဝန်ထမ်းအလုပ်သမားတွေလို့ ခေါ်တဲ့ လူတွေဟာ အများအားဖြင့်တော့ စီအိုင်အေ ကိုယ်စားလှယ်တွေပဲဗျ။ ဒီတော့ ခင်ဗျားကော ဘယ့်နှယ်လုပ် ခြွင်းချက်ဖြစ်နိုင်မလဲ”
ကိုဗာစကီးသည် စိတ်တိုစပြုလေပြီ။ သို့ရာတွင် သူ့စိတ်ကို အနိုင်နိုင် ချုပ်တီးကာ လေသံအေးအေးဖြင့် ဖြေ၏။
“ဒီမှာရောက်နေတဲ့ လူမှုဝန်ထမ်း အလုပ်သမားဆိုတဲ့ လူတွေဟာ စီအိုင်အေကိုယ်စားလှယ် ဟုတ်တယ်, မဟုတ်ဘူးဆိုတာတော့ ကျွန်တော်မသိဘူးဗျာ၊ ကျွန်တော်ငယ်ငယ်တုန်းကတော့ စပိုင်ဝတ္ထုတွေထဲမှာ ဖတ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် အဲဒီအထဲမှာ နှစ်ဆယ့်လေးနာရီလုံးလုံး၊ ဆင်းရဲသားရပ်ကွက်တွေထဲမှာ သွားနေတဲ့ ဆင်းရဲသားတစ်ယောက်ဟာ စပိုင်တစ်ယောက်ဖြစ်တာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ပြီးတော့ ကျွန်တော့်ဆီလာတဲ့ လူတွေဟာလဲ အဲဒီဆင်းရဲသားရပ်ကွက်က လူတွေချည်းပဲ၊ တခြား ဘယ်သူမှ မလာဘူး။ ခင်ဗျားတို့ပုလိပ်အဖွဲ့ စေ့စေ့စပ်စပ် လုပ်တယ်ဆိုရင်တော့ ဒီလောက်တော့သိမှာပေါ့၊ ဒီတော့ အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောပြီး ခင်ဗျားတို့အချိန်ကိုရော၊ ကျွန်တော့်အချိန်ကိုရော မဖြုန်းတာ ကောင်းမယ်ထင်တယ်”
ဆံပင်ဖြူဖြူနှင့် အရာရှိသည် ငြိမ်သက်စွာ နားထောင်နေ၏။ ထိုအချိန်၌ကား သူတို့နှစ်ယောက်ဘေးတွင် ပုလိပ်အရာရှိတွေ ဝိုင်းနေလေပြီ။
“ရှရီကိုဗာစကီးရာ၊ ခင်ဗျားကို ဒီလိုအနှောင့်အယှက်ပေးရတဲ့အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်၊ ကျွန်တော်တို့ဝတ္တရားမို့လို့ မေးရတာပါ။ ဒီတော့ နာဇာလိုက် သူပုန်တွေနဲ့ ခင်ဗျားနဲ့ ဘယ်လိုအဆက်အသွယ်ရှိသလဲ ဆိုတာကို ပြောပြစေချင်တယ်”
“ဘာ၊ နာဇာလိုက်သူပုန် ဟုတ်လား”
ကိုဗာစကီးသည် အံ့အားသင့်နေသည်။
“ခင်ဗျားကတော့ အံ့အားသင့်ချင် သင့်မှာပေါ့လေ၊ ခင်ဗျားတို့ခရစ်ယာန်တွေနဲ့ နာဇာလိုက်သူပုန်တွေနဲ့ ရည်ရွယ်ချက်ချင်း တူတယ်မဟုတ်လား၊ ခရစ်တော်ရဲ့ရည်ရွယ်ချက်ကလဲ မတရားမှုတွေ ဆန့်ကျင်ဖို့၊ သူတို့ရည်ရွယ်ချက်ကလဲ ဒီအတိုင်းပဲ မဟုတ်လား”
“တူချင်တော့ တူမှာပေါ့ဗျာ၊ ဒါပေမယ့် နည်းလမ်းတော့ ကွာပါတယ်။ ခရစ်တော်က မတရားမှုတွေကို မေတ္တာတရားနဲ့ တိုက်ဖျက်တယ်၊ နာဇာလိုက် သူပုန်တွေကတော့ မတရားမှုကို လူသတ်ပြီး တိုက်ဖျက်တယ်”
“ဒါဖြင့် ခင်ဗျား နာဇာလိုက်သူပုန်တွေကို ဆန့်ကျင်တယ်ပေါ့”
“ဆန့်ကျင်တယ်၊ သူတို့ရည်မှန်းချက်ဟာ မတရားမှုကို တိုက်ဖျက်ဖို့ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် သူတို့နည်းလမ်းတွေကို ကျွန်တော် မကြိုက်ဘူး”
“ဒါဖြင့် ခင်ဗျားဟာ ကွန်မြူနစ်ကိုလည်း ဆန့်ကျင်တယ်ပေါ့”
“သူများခေါင်းကို ဖြတ်ပြီး ပျော်ရွှင်မှုကို ရှာမယ်ဆိုတဲ့ နည်းလမ်းအားလုံးကို ကျွန်တော် ဆန့်ကျင်တယ်”
ထိုနေရာသို့ အရောက်တွင် အရာရှိအကြီးဆုံး၏မျက်နှာသည် အနည်းငယ်ချိုသာစပြုလာ၏။ သူက စီးကရက်အသစ်တစ်လိပ်ကို ကောက်ညှိနေစဉ် တစ်ယောက်က လက်ဖက်ရည်ထပ်ငှဲ့ပေးသည်။ အရာရှိက နောက်ထပ်မေးခွန်းတစ်ခု မေးပြန်သည်။
“ခင်ဗျားဟာ စီအိုင်အေလဲ မဟုတ်ဘူး၊ နာဇာလိုက်သူပုန်လဲ မဟုတ်ဘူး၊ ကွန်မြူနစ်လဲ မဟုတ်ဘူးဆိုတော့ ခရစ်ယာန်သာသနာပြုလား”
ကိုဗာစကီးသည် အတန်ကြာမျှ တိတ်ဆိတ်နေ၏။ ဒေါသလည်း ထွက်၏။ ဝါးလုံးကွဲ ရယ်ပစ်ချင်စိတ်လည်း ပေါ်လာသည်။
“ကျွန်တော်ဟာ သာသနာပြုတစ်ယောက်လို့ ဝန်ခံအောင် အတင်းစစ်နေတယ် ဆိုရင်တော့ ခင်ဗျားတို့ အချိန်ကုန်ရုံပဲရှိမှာပဲ၊ ကျွန်တော်ဟာ စီအိုင်အေကိုယ်စားလှယ်တစ်ယောက်မဟုတ်သလို သာသနာပြုတစ်ယောက်လဲမဟုတ်ဘူး”
“နာဂလူမျိုးစုတွေကြားထဲမှာ သာသနာပြုတွေ ခြေရှုပ်နေတယ်ဗျာ။ ခင်ဗျားလဲ ကြားမှာပေါ့”
“ကျွန်တော် မသိဘူး”
“သာသနာပြုတွေဟာ လူမျိုးစုတွေကြားထဲသွားပြီး ပြည်နယ်တို့ဘာတို့ ခွဲထွက်ရမယ်ဆိုပြီး မြှောက်ပေးနေကြတယ်”
ကိုဗာစကီးမှာ အနည်းငယ် စိတ်တိုလာလေပြီ။
“ဒီမှာ ကျွန်တော်ပြောမယ်၊ အိန္ဒိယပြည်မှာ ရောက်နေတဲ့ သာသနာပြု ပုဂ္ဂိုလ်အများစုကြီးဟာ အများကောင်းကျိုးအတွက် လုပ်နေကြတာဗျ၊ သာသနာပြုစိတ်ဓာတ်ဆိုတာဟာ အခြားသူတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်လိုတဲ့ စိတ်ဓာတ်၊ အိန္ဒိယပြည်မှာရှိတဲ့ ညီနောင်တွေရဲ့ တိုးတက်ရေးကို ဆောင်ရွက်ချင်တဲ့စိတ်ဓာတ်ကို ခေါ်တာ”
အတန်ကြာ တိတ်ဆိတ်နေ၏။ ထို့နောက် အရာရှိသည် ထိုင်ရာမှ ရုတ်တရက် ထ,လိုက်ကာ ကိုဗာစကီးကို ရိုသေစွာ လက်ကမ်းပေးသည်။ အခြားသူများကလည်း သူ့ကို မတ်တတ်ထ၍ လက်ဆွဲနှုတ်ဆက်ကြသည်။ သူ့ကို နားလည်သွားကြဟန်တူ၏။
ကိုဗာစကီးကို လိုက်ပို့မည်ပြုစဉ် အရာရှိက စားပွဲပေါ်တွင် တင်ထားသည့် ခရစ်တော်၏ပုံကို ညွှန်ပြကာ..
“ကျွန်တော်ဟာ ဟိန္ဒူဘာသာဝင်တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ တွေ့ဆုံကြတဲ့ အထိမ်းအမှတ်သဘောနဲ့ အဲဒီပုံတော်ကို ကျွန်တော် သိမ်းထားချင်ပါတယ်”
ကိုဗာစကီးသည် သူ့နားများကို သူမယုံနိုင်အောင်ဖြစ်နေသည်။ ပုလိပ်အရာရှိက ခရစ်တော်ပုံကို လိုချင်သည်ဆိုပါကလား။
“ဒီပုံတော်က ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးလိုက်တာပါ။ လိုချင်တယ်ဆိုရင် ဓာတ်ပုံကူးပြီး ယူပါ”
ထို့နောက် ပုလိပ်အရာရှိသည် တံဆိပ်တွေ ရိုက်ထားသည့် ပုံစံတစ်ခုကို သူ့ရှေ့သို့ ထိုးပေး၏။
“ဒီပုံစံကို ရရင်တော့ ဆရာကြီး သဘောကျမှာပါ၊ ဒီပုံစံက ဆရာကြီးကို ဒီမှာ နေထိုင်ခွင့်ပြုတဲ့ ပါမစ်ပါ။ ဆရာကြီးတို့လို စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့တိုင်းပြည်က အမြဲကြိုဆိုပါတယ်”
အပိုင်း(၁၁)ဆက်ရန်
မြသန်းတင့်
No comments:
Post a Comment